မြတ်ခိုင်ဦး/ ၆ မေ ၂ဝ၁ဝ
ထိုင်းနိုင်ငံတွင်ထိန်းသိမ်းထားသောလူကုန်ကူးခံရသူများအားယာယီနေထိုင်ခွင့်ပေးပြီး အလုပ်လုပ်ကိုင်ခွင့်ပြုရန် ထိုင်းအစိုးရက မေ (၄) ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။
အဆိုပါညွှန်ကြားချက်ကိုမေ(၄)ရက်တွင်ပြုလုပ်သည့်ထိုင်းအစိုးရ၀န်ကြီးများအစည်းအဝေးတွင် အတည်ပြုကာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သွားရန် သဘောတူခဲ့ခြင်းဖြစ်သည်။
ယာယီထိန်းသိမ်းရေးစခန်းများတွင်ထိန်းသိမ်းထားသည့်လူကုန်ကူးခံရသူများအား အမှုရင်ဆိုင်နေရစဉ်အတွင်းအမှုအတွက်အကျိုးရှိစေရန်၊ဆေးဝါးကုသခွင့်ရရှိနိုင်စေရန်၊ ပြန်လည်ထူထောင်ရေးလုပ်ဆောင်နိုင်စေရန်နှင့်မိမိတို့အခွင့်အရေးများတောင်းဆိုနိုင်စေရန်ရည်ရွယ်၍ အထူးသတ်မှတ်ချက်အနေဖြင့်ထိုင်းနိုင်ငံတွင်ယာယီနေထိုင်ခွင့်နှင့်အလုပ်လုပ်ခွင့်အခွင့်အရေးပေးအပ်ရန် ထိုင်းအစိုးရကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလူကုန်ကူးခံရသူများအားထိုင်းနိုင်ငံအတွင်းယာယီနေထိုင်ခွင့်ပြုခြင်းနှင့် ဥပဒေနှင့်အညီ အလုပ်လုပ်ကိုင်ခွင့်ပြုရန်ပြည်ထဲရေးဝန်ကြီးဌာန၊လူမှုဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် လုံခြုံရေးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့ပူးပေါင်း၍ စည်းမျဉ်းစည်းကမ်း၊လုပ်ထုံးလုပ်နည်းများကို ရေးဆွဲအတည်ပြုရန်အတွက်လည်းအခွင့်အာဏာအပ်နှင်းကြောင်းထိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာဌာနတာဝန်ခံဦးသက်ခိုင်က“အခုလိုခွင့်ပြုတယ်ဆိုတာအလွန်ကို ၀မ်းသာစရာပါ။မဟုတ်ရင်သူတို့ဟာအချိန်အတော်ကြာစခန်းထဲမှာအမှုပြီးတဲ့အထိ အဓိပ္ပာယ်မဲ့နေထိုင်ရမှာဖြစ်ပါတယ်။ ဒီအမှု မဖြစ်ခင်ကတည်းကိုက လူကုန်ကူးမှုသားကောင်အဖြစ် ခံခဲ့ရတဲ့ သူတို့ရဲ့ ခါးသည်းတဲ့ အတွေ့အကြုံတွေအတွက် ဒါဟာ ဆေးကောင်းတလက် ဖြစ်နိုင်ပါတယ်။ လိုအပ်တဲ့ အသေးစိတ် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကိုတော့ ကျနော်တို့ စောင့်ရဦးမှာပေါ့ဗျာ” ဟု ဆိုသည်။
အိမ်နီးချင်းနိုင်ငံများဖြစ်သော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံသားတို့သည် လူမှောင်ခိုဂိုဏ်းများ၊ မာဖီးယားဆန်သော လူမိုက်အုပ်စုများနှင့် အချို့သော ဒေသဆိုင်ရာ အာဏာပိုင်များကြောင့် နေ့စဉ်နှင့်အမျှ ထိုင်းနိုင်ငံအတွင်းသို့ လူကုန်ကူးခံကြရပြီး အချို့ဖြစ်စဉ်များတွင် လူကုန်ကူးခံရသူများသည် သတ်ဖြတ်ညှဉ်းဆဲခံကြရသည်။
၂၀၀၈ ခုနှစ် ဧပြီလအတွင်း လူမှောင်ခိုကူးဂိုဏ်းများ၏ သယ်ဆောင်လာမှုကြောင့် မြန်မာအလုပ်သမား (၅၄)ဦးသည်အလုံပိတ်ငါးသယ်သည့်အအေးခန်းကားအတွင်းအောက်စီဂျင်မလုံလောက်မှုကြောင့် သေဆုံးခဲ့ရပြီးယခုနှစ်ဦးပိုင်းဇန်န၀ါရီလအတွင်းကလည်းမြန်မာအလုပ်သမား(၉)ဦးသည် တောင်းဆိုသော ငွေကြေးမပေးနိုင်သောကြောင့် မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရာဒေသရှိ တောနက်တနေရာတွင် ဒေသဆိုင်ရာ အာဏာပိုင်ရဲအရာရှိ၏ သတ်ဖြတ်ခြင်းခံခဲ့ကြရသည်။
Geen opmerkingen:
Een reactie posten