မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label မဇ္စိုမ သတင်းမှ. Alle posts tonen
Posts tonen met het label မဇ္စိုမ သတင်းမှ. Alle posts tonen

dinsdag 26 januari 2010

နယ်မြေနှင့် ရွေးကောက်ပွဲအတွက် ရွာများ ဖျက်ဆီးခံရဟု KNU ပြော

ကျော်ခ

အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၇ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ကရင်ရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသားတွေကို သတ်ဖြတ်နေခြင်းသည် နယ်မြေ စိုးမိုးလိုခြင်းနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို အာရုံမစိုက်နိုင်အောင် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ပြောသည်။
ယခုလ ၁၇ ရက်နေ့က ပဲခူးတိုင်းအရှေ့ပိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင်းရှိ ခဲဒဲကျေးရွာတွင် စစ်ကြောင်း ကွပ်ကဲရေးဌာနချုပ် (စကခ) လက်အောက်ခံတပ်ရင်း ခမရ ၃၆၇ မှ နေအိမ် ၁၃ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၂ ဦးကို ပစ်သတ်ခဲ့သည့်လုပ်ရပ်ကို KNU က သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။
“KNU ကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ထားတယ်။ မဖြစ်အောင်လည်း ကြိုးစားလုပ်ဆောင်ဖို့အတွက် ကျနော်တို့မှာ တာဝန်ရှိတယ်။ သူတို့ (နအဖ) ကလည်း အဲလိုမျိုး မလုပ်နိုင်အောင် လူထုပြဿနာတွေနဲ့ပဲ အလုပ်ရှုပ်နေအောင် လုပ်တဲ့သဘောပဲ” ဟု KNU အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက မဇ္ဈိမကို ပြောသည်။
ခဲဒဲရွာ အပါအဝင် ခေါ်တော့ခီး၊ တီကော့ဒဲ၊ သောဝါးဒဲ၊ ခေါ်ထာ့၊ လယ်တော်လု၊ ဒေးဘော်ခီး၊ မူခီး၊ ထီးကော်ခီး၊ ခိုးလု စသည့် ကျေးရွာ ၁ဝ ရွာမှ ကရင်ရွာသား တထောင်ကျော်သည် တောထဲ၌ ပုန်းအောင်းနေရသည်ဟု သူက ပြောဆိုသည်။
ညောင်လေးပင်ခရိုင်တွင်းမှ ကရင်ဒုက္ခသည်များမှာ တောတောင်များထဲတွင် ပြန့်ကျဲပုန်းအောင်းနေပြီး ထွက်ပြေးကြစဉ်က အဝတ်တထည် ကိုယ်တခုနှင့်သာ ဖြစ်သောကြောင့် အခက်အခဲများရှိကြောင်း ယင်းနယ်မြေအတွင်း လှုပ်ရှားကူညီနေသော Free Burma Ranger (FBR) အဖွဲ့က ပြောသည်။
“နေရေး၊ စားရေးနဲ့ ကျန်းမာရေးကတော့ တော်တော်ဆိုးတယ်။ အခု FBR (Free Burma Ranger) က ကူညီတာလောက်ပဲ ရှိတယ်။ ဒါပေမဲ့ အဲဒီလောက်အရေအတွက်နဲ့ဆိုတော့ အကူအညီက ဆင့်ပါးစပ်နဲ့ နှမ်းစေ့လောက်ပဲ ရမှာပေါ့” ဟု FBR မှ အဖွဲ့ဝင် ကိုဘောဖိုးက မဇ္ဈိမကို ပြောသည်။
ယခု ရွာပုန်းရွာရှောင် ကရင်ဒုက္ခသည်များကို FBR နှင့်အတူ ပူးပေါင်းကူညီသွားမည်ဖြစ်ပြီး အိမ်မီးရှို့ခံရသူများကို ဦးစားပေးသွားမည်ဟု ကရင်ဒုက္ခသည်များအရေး ဆောင်ရွက်ပေးသည့် THE COMMITTEE FOR INTERNALLY DISPLACED KAREN PEOPLE (CIDKP) မှ အဖွဲ့ဝင် စောစတိဗ်က မဇ္ဈိမကို ပြောသည်။
ညောင်လေးပင်ခရိုင်အတွင်းရှိ ယင်းဒေသများတွင် စစ်အစိုးရတပ်များ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် - DKBA နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA တပ်များ လှုပ်ရှားနေပြီး စစ်အစိုးတပ်များက ကျေးရွာများသို့ မကြာခဏ ဝင်ရောက်ကာ အနိုင်ကျင့်လေ့ရှိကြောင်း KNU က ပြောသည်။
ယခုကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားရာ အဆိုပါ ခရိုင်အတွင်းမှ ကျောက်ကြီးမြို့နယ်၌ ခမရ ၃၆၃ နှင့် ၃၆၇ တို့ လှုပ်ရှားနေပြီး၊ မုန်းမြို့နယ်တဝိုက်တွင် ခမရ ၃၇ဝ နှင့် ၃၆၅ တို့ လှုပ်ရှားနေကြကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ဇွန်လပိုင်းကလည်း နအဖနှင့် DKBA တို့၏ ပူးတွဲထိုးစစ်ကြောင့် KNU တပ်မဟာ ၇ နယ်မြေ ဘားအံခရိုင်အတွင်းမှ စစ်ပြေးဒုက္ခသည် ၄ဝဝဝ ခန့် ထွက်ပြေးလာပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မဲ့သရီ၊ သလေထာ့၊ အူသူးထ၊ နို့ဘိုး စသည့် ယာယီစခန်းများ၌ ခိုလှုံနေကြရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

ဖိနပ်စက်ရုံ ဆန္ဒပြမှုကြောင့် ခေါင်းဆောင်များ အလုပ်ထုတ်ခံရ


 
စိုင်းဇွမ်ဆိုင်း

အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၀၆ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းပြည်အရှေ့ခြမ်း တာချီလိတ် တဖက်ကမ်းရှိ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ Osaka ဖိနပ်ချုပ် စက်ရုံတွင် လုပ်ခတိုးမြှင့်ပေးရန် ဆန္ဒပြပွဲကို ဦးဆောင်သူ အလုပ်သမား ၄ ဦး ယနေ့ အလုပ်ထုတ်ခံရသည်။
အလုပ်လုပ်ခွင့် လက်မှတ် (ဘတ်) ရှိသော်လည်း ထိုင်းအလုပ်သမားများနှင့် လုပ်ခ တန်းတူမရသဖြင့် စက်ရုံရှိ မြန်မာအလုပ်သမား ၇၂ ဦးစလုံးက တရက်လျှင် လုပ်ခ ၁၀ ဘတ် တိုးမြှင့်ပေးရန် ယခုလ ၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် အလုပ်မဆင်းဘဲ ဆန္ဒပြရာမှ ခေါင်းဆောင် ၄ ဦး အလုပ်ဖြုတ်ခံရခြင်း ဖြစ်သည်။
ထိုင်းများကို တရက်လျှင် ဘတ် ၁၃ဝ အထိ ပေးသော်လည်း မြန်မာများမှာမူ အနည်းဆုံး ၈ဝ ဘတ်မှ အများဆုံး ၁၁ဝ ဘတ် အထိသာရသဖြင့် ဆန္ဒပြခဲ့ကြသည်။
အလုပ်မှ ထိုသို့ထုတ်ပယ်လျှင် လျော်ကြေးအနေဖြင့် လုပ်ခ ၃ လစာ အပိုရရှိနိုင်သည်ဟု အလုပ်သမား-အလုပ်ရှင် သဘောတူခဲ့သော်လည်း ထိုလျော်ကြေး မပေးသည့်အပြင် ဆန္ဒပြခဲ့သဖြင့် စက်ရုံဝင်ငွေ ဘတ် ၁ သိန်း ၆ သောင်း နစ်နာသည်ဟုဆိုကာ အလုပ်ရှင်ဘက်က အလုပ်ထုတ်ခံခဲ့ရသူများထံမှပင် နစ်နာကြေး ပြန်တောင်းနေခြင်းလည်း ဖြစ်သည်။
“ကျမတို့ ၃ လစာ လျော်ကြေးယူမှာလား၊ ၃ လစာ လျော်ကြေးယူမယ်ဆိုလို့ရှိရင် ဒီ ၁၆ဝဝဝဝ ကို လျော်ရမယ်။ ၃ လစာ လျော်ကြေး မယူရင် ဒီ ၁၆၀၀၀၀ ကိုလည်း မလျော်နဲ့တဲ့။ အခုလစာလည်း မပေးဘူးဆိုပြီးမှ ကျမတို့ကို မောင်းထုတ်လိုက်တယ်” ဟု အလုပ်ထုတ်ခံရသူထဲမှ အလုပ်သမတဦးက မဇ္ဈိမကို ပြောသည်။
အကြောင်းစုံ သိနိုင်ရန် Osaka ဖိနပ်ချုပ်စက်ရုံသို့ ကြိုးစားဆက်သွယ်သော်လည်း ဖုံးကိုင်ခြင်း မရှိခဲ့ပါ။
မန္တလေးတိုင်း မိတ္တီလာ၊ မလှိုင်ဘက်မှ မြန်မာအမျိုးသမီး အများစု ဖြစ်သည့် ယင်းစက်ရုံ အလုပ်သမားများ ထဲတွင် စက်ရုံ၌ ၉ နှစ်ခန့် လုပ်ကိုင်နေသူများလည်း ပါဝင်သည်။
အလုပ်သမားများ၏ အချိန်ပိုကြေးကိုလည်း တနာရီလျှင် ၁၀ ဘတ်မှ ၁၅ ဘတ်အထိသာ လုပ်သက်ပေါ် မူတည်၍ပေးသည်။ လုပ်သက်ရင့် မြန်မာအလုပ်သမားတဦး၏ လစာမှာ ၃၂၀၀ ဘတ်ခန့် ဖြစ်သည်။
ယခုကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းပေးနိုင်ရန် ရွှေ့ပြောင်းလုပ်သားများအရေး ကူညီနေသော ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့အခြေစိုက် MAP Foundation မှ တာဝန်ရှိသူအချို့သည် မယ်ဆိုင်မြို့သို့ ယနေ့ ထွက်သွားပြီဖြစ်သည်။
“ကျနော်တို့ မယ်ဆိုင်ကို ဒီနေ့ ညဘက်ရောက်မယ်။ ထိုင်းနိုင်ငံမှာ ဘီအီး 2541 ရက် ဥပဒေဆိုတာ ရှိတယ်။ ဥပဒေမှာ ရှိတာက အလုပ်သမားဟာ လက်မှတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ထိုင်းလူမျိုးဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ အားလုံးက တန်းတူပဲ ဆိုပြီးတော့မှ ပြောထားတာရှိတယ်” ဟု MAP Foundation မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် စက်ရုံများ အများအပြား မရှိသော်လည်း ယခုဖိနပ်ချုပ်စက်ရုံသည် မယ်ဆိုင်မြို့တွင် အကြီးဆုံး စက်ရုံတရုံဖြစ်ကြောင်း သိရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

maandag 25 januari 2010

ကြိုမပြောဘဲ အလုပ်ရပ်ဆိုင်းရာမှ အလုပ်သမားများ နစ်နာ

ခိုင်စု

တနင်္လာနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၀၁ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Han Thai သိုးမွှေးစက်ရုံက ကြိုတင်၍ အကြောင်း မကြားဘဲ ယခုလ ၂ဝ ရက်နေ့တွင် လုပ်ငန်းကို ၃ လကြာ ရပ်ဆိုင်းခဲ့သော်လည်း နစ်နာကြေးမရသဖြင့် မြန်မာလုပ်သားများ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေကြရကြောင်း မဲဆောက် အလုပ်သမားအရေး လှုပ်ရှားသည့် ကော်မတီက ပြောသည်။
ကြိုတင်အသိမပေးဘဲ အလုပ်ရပ်ဆိုင်းပါက အလုပ်သမားများကို သတ်မှတ်ထားသော နစ်နာကြေးများ ပေးဆောင်ရန် ထိုင်းဥပဒေက ဆိုထားသော်လည်း ထိုအခွင့်အရေး မရရှိသဖြင့် ထိုင်းရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန၏ ကွန်ယက်တခုဖြစ်သော မြန်မာနိုင်ငံသားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီက ယခုလို ပြောဆိုခြင်း ဖြစ်သည်။
“စက်ရုံက နှစ်သစ်ကူးကတည်းက အလုပ်မရှိတာ။ အလုပ်သမားတွေက အလုပ်ယာယီ ရပ်ဆိုင်းခံရရင် လက်ရှိ တနေ့ လုပ်အားခရဲ့ ထက်ဝက်ကို အလုပ် ရှိရှိ၊ မရှိရှိ ခံစားခွင့်ရှိတယ်။ ဒီလိုအခွင့်အရေးတွေ ဆုံးရှုံးရင် အလုပ်ရှင်ကို တိုင်လို့ရတယ်” ဟု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက မဇ္ဈိမကို ပြောသည်။
မြန်မာဦးရေ ၁၅ဝဝ ခန့် အလုပ်လုပ်ကိုင်နေသည့် ယခုစက်ရုံသည် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်မှ စတင်၍ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခဲ့ပြီး ယခုလ ၂ဝ ရက်နေ့တွင်မူ အလုပ်လည်ပတ်မှု ယာယီရပ်ဆိုင်းကြောင်း စက်ရုံမန်နေဂျာက အလုပ်သမားများအား ခေါ်ယူအသိပေးခဲ့ခြင်း ဖြစ်သည်။
နေရပ်မပြန်ဘဲ စက်ရုံတွင် ကျန်ရှိနေသော အလုပ်သမားများကိုမူ တနေ့လျှင် ဟင်းဖိုး ၂ဝ ဘတ်နှင့် ထမင်းသာ ကျွေးထားသည်ဟု ဦးမိုးကြိုးက ဆိုသည်။
ထိုင်းအလုပ်သမား ဥပဒေအရ အလုပ်ရှင်များသည် ယာယီအလုပ်ရပ်ဆိုင်းလိုလျှင် အလုပ်သမားများနှင့် အလုပ်သမား စစ်ဆေးရေး အရာရှိကို တလကြိုတင်၍သော်လည်းကောင်း၊ အမြဲတမ်း ရပ်ဆိုင်းမည်ဆိုပါက ၂ လ ကြိုတင်၍သော်လည်းကောင်း အကြောင်းကြားရန် လိုအပ်သည်ဟု ပြဋ္ဌာန်းထားသည်။
ယာယီရပ်ဆိုင်းမှုမျိုးဖြစ်ပါက အလုပ်ရပ်ဆိုင်းနေမည့် ကာလတလျှောက် အလုပ်သမားက တခြားလုပ်ငန်းသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်း မရှိဘဲ အလုပ်ပြန်ဝင်ရန် လက်ရှိစက်ရုံ၌ပင် ဆက်လက်၍ စောင့်ဆိုင်းနေပါက နေ့စဉ် ပေးရသည့် လုပ်ခငွေ ထက်ဝက်ကို အလုပ်ရှင်ဘက်က ပေးနေရမည်ဖြစ်သည်။
မြန်မာအလုပ်သမားများသည် ယခုစက်ရုံတွင် တနေ့လျှင် လုပ်အားခအဖြစ် ၁၅၁ ဘတ် ရရှိခဲ့သူများ ဖြစ်သည်။
အလုပ်ရပ်ဆိုင်းမှုကြောင့် အလုပ်သမား အများအပြားသည် အခြားစက်ရုံများသို့ ပြောင်းရွှေ့သွားသလို၊ အချို့မှာ နေရပ်ရင်း မြန်မာနိုင်ငံသို့ပင် ပြန်သွားကြသည်များ ရှိသည်။
ယခုကဲ့သို့ အလုပ်သမားအခွင့်အရေး ချိုးနှိမ်ခံနေရသော်လည်း အများစုမှာ ၎င်းတို့ အခွင့်အရေးများကို မသိရှိခြင်းနှင့် သိသူအချို့မှာလည်း အလုပ်ရှင် ကျေးဇူးများကို ထောက်ရှု၍ တိုင်ကြားခြင်း မရှိကြောင်း ဦးမိုးကြိုးက ပြောသည်။
အလားတူ စက်ရုံရပ်ဆိုင်းမှု ဖြစ်ရပ်မျိုးကို ပြီးခဲ့သည့်နှစ် မေလခန့်က မဲဆောက်ရှိ PAN TONG သိုးမွှေးစက်ရုံမှ အလုပ်သမားများလည်း ကြုံတွေ့ခဲ့ကြရသေးသည်။
ကော်မတီ ဥက္ကဋ္ဌက “အဲဒီတုန်းကလည်း ဒီလိုပဲ ယာယီရပ်ဆိုင်းတယ်ဆိုပြီး အခုထိကို ပြန်မဖွင့်ဘူး။ ဘာလျော်ကြေး၊ နစ်နာကြေးမှ မရခဲ့ဘူး” ဟု သူက ဆိုသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် တရားဝင် မှတ်ပုံတင်ထားသော စက်ရုံပေါင်း ၂ဝဝ ကျော်နှင့် တရားမဝင် စက်ရုံပေါင်း ၄ဝဝ ကျော် တည်ရှိသည်။
မဲဆောက်တွင် မြန်မာလုပ်သား ၂ သိန်းခန့်ရှိပြီး အများစုမှာ စက်ရုံအလုပ်ရုံများတွင် ဝင်ရောက် လုပ်ကိုင်ကြပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ကြသည်ဟု ဦးမိုးကြိုးက ပြောသည်။

နာရေးအသင်းက နိဗ္ဗာန်ယာဉ် ထိန်းသိမ်းရေးဌာန တည်ဆောက်မည်ဟု သိရသည်

ကျော်ခ

တနင်္လာနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၅၃ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ရုပ်ရှင်မင်းသား ကျော်သူ ဦးဆောင်သော နာရေးကူညီမှုအသင်းက အသင်းပိုင် နိဗ္ဗာန်ယာဉ်များအတွက် ပြုပြင်ထိန်းသိမ်းရေးဌာန (Car Service Centre) တခု တည်ဆောက်မည်ဟု ဆိုသည်။
အသင်း စတင်တည်ထောင်စဉ် ၂၀၀၁ ခုနှစ်မှ စတင်၍ နိဗ္ဗာန်ယာဉ်များ၏ ပြုပြင်ရေးအတွက် ပြင်ပ ဆိုင်များတွင်သာ အပ်နှံခဲ့သော်လည်း နိဗ္ဗာန်ယာဉ်များ လာပြင်သည့် ကားပြင်ဆိုင်များကို အခြားကားများ လာရောက်အပ်နှံခြင်း မပြုကြသဖြင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း အသင်း ဥက္ကဋ္ဌက ပြောဆိုခြင်း ဖြစ်သည်။

“နိဗ္ဗာန်ယာဉ်တွေ လာပြင်တဲ့ ဝပ်ရှော့ကို တချို့ကားပိုင်ရှင်တွေက မကြိုက်ဘူး။ ကျနော်တို့က လမ်းကြောင်းတခု သွားပြီးတိုင်း ဒီအနံ့အသက်တွေကို ပိုးသတ်ဆေးနဲ့သွားပြီး နေ့တိုင်း ဆေးရမှာကိုး။ အဲဒီလို ဖြစ်တော့ ကားရေးဆေးဆိုင်တွေ၊ ပြင်ဆိုင်တွေကို ငဲ့ပြီးတော့ ကိုယ့်ဘာသာကိုယ် လုပ်လိုက်တဲ့ သဘောပါ” ဟု အသင်းဥက္ကဋ္ဌ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။
အသင်းပိုင် နိဗ္ဗာန်ယာဉ် ၁၇ စီးအတွက်သာ ရည်ရွယ်သည့် ဌာနအသစ် အဆောက်အဦး ဆောက်လုပ်ခွင့် ရရှိပြီဖြစ်ပြီး မြောက်ဒဂုံရှိ နာရေးကူညီမှုအသင်း ခြံဝင်းအတွင်း၌ပင် တည်ဆောက်မည်ဖြစ်သည်။
နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ် နှစ်ဆန်းပိုင်းက တည်ထောင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလလယ်အထိ သံဃာတော်နှင့် လူပုဂ္ဂိုလ်တို့၏ ရုပ်အလောင်းများအား အခမဲ့ သဂြိင်္ုဟ်ပေးခဲ့သည်မှာ ရုပ်ကလာပ်ပေါင်း ၈၃၁၃၆ ရှိခဲ့ပြီ ဖြစ်သည်။
တိုးချဲ့ဖွင့်လှစ်ခဲ့သည့် သုခကုသိုလ်ဖြစ် ဆေးခန်းတွင် စေတနာ့ဝန်ထမ်း ဆရာဝန် ၄၀ ဦးဖြင့် တနေ့လျှင် လူနာ ၂၀၀ ဦးခန့် ကုသပေးနေလျက်ရှိသည်။ သုခ သွေးလှူရှင်အသင်းကိုလည်း နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သည်။ နိဗ္ဗာန်ယာဉ် ၁၇ စီးအနက် ၁၅ စီးမှာ ပုံစံတူများဖြစ်ပြီး သံဃာတော်များနှင့် ကလေးငယ်များ အတွက်မူ ယာဉ် ၂ စီး သီးသန့်ထားရှိကြောင်း ဦးကျော်သူက ပြောသည်။
ကားပြုပြင်ထိန်းသိမ်းရေး အဆောက်အဦး အပါအဝင် သုခဆေးခန်းမှ လူနာနားနေဆောင်၊ နာရေး ကူညီမှုရုံးခန်းနှင့် ဓာတ်မှန်ရိုက်ခန်းများကိုပါ မြောက်ဒဂုံခြံဝန်းထဲ၌ ဆောက်လုပ်သွားမည်ဖြစ်သည်။
အသစ်ဆောက်မည့် ဓာတ်မှန်ရိုက်ခန်းအတွက် မကြာသေးမီက ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်း SSC ၌ ဆေးလွဲမှား ကုသမှုကြောင့် ကွယ်လွန်သွားရသည့် မခိုင်ရွှန်းလဲ့ရည်၏ မိဘများက ကျပ်သိန်း ၁၅၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နာရေးကူညီမှုအသင်းပေါင်း ၈၀ ကျော်ရှိပြီး ကိုယ်တိုင် သွားရောက်ဖွင့်လှစ်ပေးခဲ့သည့် အသင်းပေါင်း ၅၀ ခန့် ရှိသည်ဟု ဦးကျော်သူက ဆိုသည်။ တနေ့လျှင် ရုပ်အလောင်း ၅၀ ခန့် အခမဲ့ သဂြိင်္ုဟ်ပေးနေသည့် နာရေးကူညီမှုအသင်းနှင့် ကုသိုလ်ဖြစ် သုခဆေးခန်းတွင် ရေနှင့် လျှပ်စစ်မီး လုံလောက်မှု မရှိကြောင်း သိရသည်။
“အစိုးရရေ မရဘူး။ အဝီစိရေပဲ သုံးနေရတယ်။ မီးကလည်း တလိုင်းပဲ ရတယ်။ ပုံမှန်မလာတော့ လူနာတွေ အရေးပေါ် Operation (ခွဲစိတ်ကုသ) ဝင်တဲ့အခါ အခက်အခဲဖြစ်တာပေါ့နော” ဟု ဦးကျော်သူက ပြောသည်။
နာရေးကူညီမှုအသင်းအား ယခင်က သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မာ့ဝိဟာရ ဘုန်းကြီးကျောင်းဝင်းအတွင်း ရုံးခန်းဖွင့်လှစ်ခဲ့ရာမှ ယခုနှစ် ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့) တွင် မြောက်ဒဂုံသို့ ပြောင်းရွှေ့ခဲ့ရသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် မေတ္တာသုတ်ရွတ် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များကို ဟာသသရုပ်ဆောင် ကိုဇာဂနာနှင့်အတူ ဆွမ်းကပ်လှူဒါန်းခဲ့ပြီးနောက်ပိုင်း သရုပ်ဆောင်မှု အပါအဝင် ဦးကျော်သူနှင့် ဆက်စပ်သော အနုပညာ လုပ်ငန်းများကို စစ်အစိုးရက ပိတ်ပင်ခဲ့သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

ဦးအောင်ဆန်းဥကို သံဃာတော်များ သတိပေး

ကျော်ခ

တနင်္လာနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၅၃ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ အိမ်အမွေကိစ္စကို အကြောင်းပြု၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုရန် ကြိုးစားနေသော အကိုဖြစ်သူ ဦးအောင်ဆန်းဦးကို ပြည်တွင်း၊ ပြည်ပရှိ သံဃာတော်များက ဗုဒ္ဓဘာသာဝင် အဖြစ်မှ ဖယ်ကြဉ်မည်ဟု သတိပေးလိုက်သည်။
နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ညီမဖြစ်သူကို အကြောင်းမဲ့ နှောင့်ယှက်တရားစွဲဆိုရန် ကြိုးစားနေခြင်းများကို ယခုလကုန် ၃၁ ရက်နေ့ နောက်ဆုံးထား၍ ရုတ်သိမ်းပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီး အပါအဝင် ပြည်တွင်း၊ ပြည်ပ သံဃာတော်များက တောင်းဆိုလိုက်ကာ၊ မလိုက်နာပါက ပတ္တနိက္ကုဇ္ဇန ကံဆောင်မည်ဟု ဆရာတော်များက မိန့်ကြားသည်။


“တိုင်းပြည်အရေး ဒီမိုကရေစီအရေးတွေကို ဘဝတွေ၊ အသက်တွေနဲ့ ရင်းပြီးလုပ်နေတဲ့ အချိန်မှာ ဒေါ်စု ဒီမိုကရေစီအရေး နှောင့်နှေးသွားအောင်၊ ကြန့်ကြာ သွားအောင် စိတ်ဓါတ်တွေ ပျက်ပြားသွားအောင် လုပ်တယ်။ ဒါတွေ မရုတ်သိမ်းဘူးဆိုရင် ဗုဒ္ဓဘာသာဝင်အဖြစ်က ကြဉ်ဖို့ ပတ္တနိက္ကုဇ္ဇန ကံဆောင်မယ်ပေါ့” ဟု ပခုက္ကူမှ ဆရာတော်ကြီးတပါးက မဇ္ဈိမကို မိန့်သည်။
ဦးအောင်ဆန်းဦးအနေဖြင့် တောင်းဆိုချက်များကို မလိုက်လျောပါက ဘာသာ သာသနာနှင့် လူမျိုးများကို နိမ့်ပါး ကွယ်ပျောက်အောင် လုပ်ဆောင်ရာ ရောက်သဖြင့် စစ်ဗိုလ်ချုပ်များနည်းတူ ပတ္တနိက္ကုဇ္ဇန ကံဆောင် စာရင်းတွင် ထည့်သွင်းရလိမ့်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ် ပေါင်းစုအဖွဲ့ကြီးက ယမန်နေ့တွင် အိပ်ဖွင့်ပေးစာ ထုတ်ပြန်ခဲ့သည်။
၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် ပြည်သူများကိုယ်စား ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည့် ဆရာတော် သံဃာတော်များအား စစ်အစိုးရက အကြမ်းဖက် နှိမ်နှင်းခဲ့သဖြင့် ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ၏ မိသားစုအပါအဝင် စစ်တပ်ခေါင်းဆောင်များနှင့် နောက်လိုက် အကြမ်းဖက်သူများအား ပြည်တွင်း၊ ပြည်ပသံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် မှောက်ခဲ့ကြသည်။
ဒီမိုကရေစီ အရေးကြောင့် နေအိမ်အကျယ်ချုပ်ကျခံနေရသည့် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား အကိုအရင်းဖြစ်သူက ယခုကဲ့သို့ နှောင့်ယှက်နေခြင်းကြောင့် စစ်အစိုးရ အာဏာပိုင်များကို အားရကျေနပ်စေသဖြင့် အပြစ်ရှိကြောင်း သံဃာတော်များက မိန့်သည်။
“ပြည်သူတွေဘက်ကရော၊ သံဃာတော်တွေဘက်ကပါ မားမားမတ်မတ် ရပ်တည်နေတဲ့ လူထုခေါင်းဆောင် ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ကို အားပေးရမယ့်အပြင် နှောင့်ယှက်ဖျက်ဆီးနေခြင်း၊ တနည်းအားဖြင့် သံဃာတော်တွေကို သတ်ဖျက်နေတဲ့ စစ်အစိုးရကို ဒေါက်တိုင်သွားလုပ်ပေးသူ မှန်သမျှမှာ အပြစ် ရှိတယ်ပေါ့” ဟု သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေး တာဝန်ခံ ဆရာတော် ဦးဣဿရိယ က မဇ္ဈိမကို မိန့်သည်။
ရန်ကုန်မြို့တွင် သီတင်းသုံးနေသည့် ဆရာတော်ကြီးတပါးကလည်း ဦးအောင်ဆန်းဦးသည် လွတ်လပ်ရေး ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ သားဖြစ်သောကြောင့် ဖခင်ခြေရာကိုနင်း၍ တိုင်းကျိုး ပြည်ကျိုး ဆောင်ရွက်မည့်သူဟု မျှော်လင့်ခဲ့ကြောင်း ပြောသည်။
“ဗိုလ်ချုပ်လို တိကျပြတ်သားပြီးတော့ နိုင်ငံ့ရဲ့ ဂုဏ်ကို စွမ်းစွမ်းတမံလုပ်မယ်ဆိုတဲ့ ဟာမျိုးကို။ အခု အနေအထားကတော့ သူဇနီးက ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေနဲ့ ပတ်သက်ရာဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ သဟဇာတ တည့်လို့လား၊ ဖိအားပေးလို့ မလွှဲမရှောင်သာ သဘောလား။ ဘယ်လိုပဲဖြစ်ဖြစ် ဆက်မိုက် နေဦးမယ်ဆိုရင် သံဃာတော်တွေ ကြဉ်ဖယ်ခြင်းကို သူခံရတော့မယ်” ဟု ဆရာတော်ကြီးက မဇ္ဈိမကို မိန့်ကြားသည်။
မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သံအမတ်ဟောင်း မိခင် ဒေါ်ခင်ကြည်တို့မှ သားသမီး ၃ ဦး ဖွားမြင်ရာတွင် ဦးအောင်ဆန်းဦးသည် အကြီးဆုံးသားဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် အငယ်ဆုံး ဖြစ်သည်။ အကိုလတ်ဖြစ်သူ အောင်ဆန်းလင်းသည် ငယ်စဉ်ကပင် ဆုံးပါးသွားခဲ့သည်။



(ကိုဝိုင်း တည်းဖြတ်သည်။)

zondag 3 januari 2010

တယ်လီဖုန်း ခေါ်ဆိုခ တိုးမြှင့် ကောက်ခံမည်

ဆလိုင်းဟံသာစန်း

ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၃၁ ရက် ၂၀၀၉ ခုနှစ် ၂၃ နာရီ ၄၅ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ တယ်လီဖုန်း ခေါ်ဆိုခကို လာမည့်နှစ်ဆန်း ၁ ရက်နေ့မှ စတင်ကာ တနိုင်ငံလုံးတွင် တိုးမြှင့် ကောက်ခံသွားမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ယနေ့ ပြောသည်။
လက်ရှိ ဈေးနှုန်းသည် ကြိုးဖုန်းဆိုလျှင် မြို့တွင်း တမိနစ်ခေါ်ဆိုမှာ ၁၅ ကျပ်၊ နယ်ဝေးဆိုပါက တမိနစ်လျှင် ၂၅ ကျပ်နှင့် မိုဘိုင်းဖုန်းမှာ (မြို့တွင်း တမိနစ်) ၂၅ ကျပ်၊ နယ်ဝေး ၃၅ ကျပ်ဟု သတ်မှတ်ထားရာမှ အဆိုပါ ဖုန်းနှစ်မျိုးလုံး မြို့တွင်း (သို့မဟုတ်) နယ်ဝေး မည်သည့်နေရာသို့ ခေါ်ဆိုသည်ဖြစ်စေ တမိနစ်လျှင် ကျပ် ၅၀ သို့ တိုးမြှင့် ကောက်ခံသွားမည်ဟု ပြောဆိုခြင်းဖြစ်သည်။
“ဖုန်းခတွေ တိုးမြှင့် ကောက်ခံသွားမယ် ဆိုတာ ဟုတ်ပါတယ်။ မြို့တွင်း၊ နယ်ဝေး ဘယ်ကိုခေါ်ခေါ် တမိနစ်ကို ၅၀ (ကျပ်) ပါ။ ဒါနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေး လုပ်ငန်းက ၁ ရက်၊ ၂ ရက်အတွင်း အားလုံးသိအောင် ထုတ်ပြန်ပေးသွားမှာပါ” ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (ငွေစာရင်း) ဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
ပြည်တွင်း ဖုန်းခေါ်ဆိုခများကို ယခုလို တိုးမြှင့် လိုက်သော်လည်း ပြည်ပသို့ ခေါ်ဆိုခများကိုမူ ပြောင်းလဲခြင်း မရှိဘဲ သက်ဆိုင်ရာ နိုင်ငံအလိုက် မူလသတ်မှတ်နှုန်းများအတိုင်း ဆက်လက်ထားရှိသွားမည်။
“အခုတောင် ဖုန်းဘီလ် (ကျသင့်ငွေ) က တလကို သောင်းဂဏန်း ရှိနေတာ။ တမိနစ် ၅၀ (ကျပ်) ဆိုရင်တော့ ပြဿနာပဲဗျာ။ ဘယ်တတ်နိုင်မလဲ၊ ဖုန်းကို လျှော့ပြောရတော့မှာပေါ့” ဟု ကျောက်တံတားမြို့နယ်မှ လက်ကိုင်ဖုန်း သုံးစွဲသူ တဦးက ပြောသည်။
ဖုန်းခေါ်ဆိုခများကို ယခုလို တိုးမြှင့်လိုက်သဖြင့် လမ်းဘေး ဖုန်းဆိုင်များတွင်ပါ ခေါ်ဆိုခနှုန်းများ ပိုမို မြင့်တက်လာဖွယ်ရှိကြောင်း ပဲခူးမြို့ခံတဦးက ပြောသည်။
“မြို့တွင်း တမိနစ် ၁၅ ကျပ်၊ နယ်ဝေး ၂၅ ကျပ်ဆိုတာက ရုံးမှာသွင်းရတဲ့ ဈေးနှုန်းပါ။ တကယ်က လမ်းဘေးဆိုင်တွေမှာ မြို့တွင်း ၅၀ (ကျပ်) ၊ နယ်ဝေး ၁၀၀ (ကျပ်)။ ဒီပုံဆိုရင်တော့ မြို့တွင်း ၁၀၀ (ကျပ်)၊ နယ်ဝေး ၁၅၀၊ ၂၀၀ တွေ ဖြစ်ကုန်တော့မှာပေါ့” ဟု ပြောသည်။
သူက ဆက်ပြီး “တကယ်ဆို အစိုးရက ပြည်သူတွေကို ငဲ့သင့်ပါတယ်။ ဒီလို ချက်ချင်းကြီး တက်သွားတာတော့ မကောင်းဘူးဗျာ။ အားလုံးက စီးပွားရေးတွေ ကြပ်တည်းနေကြတဲ့အချိန်မှာ ထပ်ဖိသလို ဖြစ်နေပြီ” ဟု ပြောသည်။
၂၀၀၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်း ကြိုးဖုန်းများ ပြည်တွင်းခေါ်ဆိုခကို တမိနစ်လျှင် ၃ ကျပ်မှ ၁၅ ကျပ်သို့ တိုးမြှင့်ခဲ့သေးသည်။
မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ကြိုးဖုန်းမှာ အလုံးရေ ၄ သိန်းခန့်ရှိကြောင်း ၂၀၀၆ ခုနှစ် အောက်တိုဘာတွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်က နေပြည်တော်၌ ကျင်းပသော အစည်းအဝေး တခုတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။
မဇ္ဈိမ၏ သုတေသန မှတ်တမ်းတခုအရ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၂၀၀၈ ခုနှစ်တွင် တယ်လီဖုန်း တပ်ဆင်မှုမှာ အလုံးရေ တသန်းနီးပါးအထိ ရှိလာကြောင်း သိရသည်။ လက်ရှိ အမျိုးအစားစုံ မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်မှာမူ ၅ သိန်းနီးပါး ရှိသည်။
၂၀၀၇ ခုနှစ်တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ UNIAP အဆိုအရ မြန်မာနိုင်ငံရှိ လူဦးရေမှာ ၅၇ ဒဿမ ၅ သန်းရှိကြောင်းနှင့် ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်နေ ပြည်သူများဖြစ်ကြောင်း သိရသည်။

woensdag 30 december 2009

ဝ အရေး နောက်ဆုံးရက် နီးကပ်လာ၊ ဆွေးနွေးမှု မရှိသေး

ဖနိဒါ

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၃၀ ရက် ၂၀၀၉ ခုနှစ် ၁၈ နာရီ ၀၉ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရက အပစ်ရပ် ဝ အဖွဲ့ UWSA အား နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို ယခုလကုန် နောက်ဆုံးထား ဆုံးဖြတ်ရန် ပြောထားသော်လည်း ယနေ့ထိ နှစ်ဖက် ဆွေးနွေးပွဲများ ထပ်မံပြုလုပ်ခြင်း မရှိသေးကြောင်း နီးစပ်သူများထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီး ခိုင်ဇော်နှင့် စရဖ ဒု ဗိုလ်မှူးကြီး ထွန်းထွန်းရီတို့က ဝ နယ်မြေကို ဖြတ်၍ တရုတ်နယ်စပ် လန်ချန်းမြို့တွင် နှစ်နိုင်ငံ နယ်စပ်ကိစ္စများ ဆွေးနွေးရန် ထွက်ခွာမှုသာရှိသည်ဟု တရုတ်နယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော်က မဇ္ဈိမကို ပြောသည်။
ယခင်လ ၁၄ ရက်နေ့တွင် နအဖ စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ကစထမှူး မင်းအောင်လှိုင်တို့ ပါဝင်သောအဖွဲ့နှင့် ဝ တပ် နိုင်ငံရေး ဦးဆောင်မှု ပါတီဖြစ်သော ဝ ပြည် သွေးစည်း ညီညွတ်ရေးပါတီ UWSP မှ ဒု- ဥက္ကဌ ပေါဝ်းယျိုလျှန်၊ ဒု-စစ်ဦးချုပ် တာ့အိုက်လွန်း ပါဝင်သောအဖွဲ့တို့ ဆွေးနွေးခဲ့ရာမှ သဘောတူညီချက်မရသဖြင့် တပ်တွင်း ထပ်မံ ဆွေးနွေးနိုင်ရန် ယခုလကုန်အထိ အချိန်ပေးခဲ့ခြင်း ဖြစ်သည်။
နအဖ ဖက်က လိုလားသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံတွင် တပ်ရင်းတရင်းအတွက် တပ်သားဦးရေ ၃၂၆ သာ ထားရှိစေလိုပြီး ထိုအထဲတွင် မြန်မာစစ်တပ်မှ စစ်သား ၃၀ ဦးကို ထည့်သွင်းမည် ဖြစ်သည်။
သို့သော် ဝ တပ်ဖွဲ့ကမူ အချက် ၉ ချက်တင်ပြထားပြီး နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံပါ “ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း” အတွင်း ရှမ်းပြည်တောင်ပိုင်း မိုင်းပေါက်၊ မိုင်းဖျင်၊ ဝမ်ဟုန် ဒေသများကို ထည့်သွင်းပေးရန်လည်း ပါဝင်သည်။
တပ်အသွင် ကူးပြောင်းရေးနှင့် ပတ်သက်၍ တပ်ရင်းကို အခြေခံသည့် ဝမ်ဟုန်နှင့် ပန်ခမ်း စစ်ဒေသခွဲ ၂ ခုဖွဲ့ရန် တင်ပြထားသည်။ ယင်းစစ်ဒေသခွဲများတွင် စစ်ဒေသတပ်မှူး အပါအဝင် ထိပ်ပိုင်းတပ်မှူးနေရာ ၁၄ နေရာအနက် ဝ တပ်ဖွဲ့က ၁၀ နေရာ တောင်းထားပြီး နအဖ အတွက် ၄ နေရာသာ သတ်မှတ်ထားသည်။
စစ်ဒေသခွဲများ၏ “ထောက်ပံ့ရေး၊ ကျန်းမာရေး အာမခံခြင်းနှင့် လေ့ကျင့်ရေး နည်းပြများကို အဓိကအားဖြင့် တပ်မတော်မှ တာဝန်ယူရန်နှင့် ဝ တပ်ဖွဲ့မှ ပေါင်းစပ်သွားရန်” တင်ပြထားသည်။ ထို့အပြင် တပ်ရင်းအဆင့်နှင့် လက်အောက် ကေဒါအရာရှိများ၊ တပ်သားများအား ဝ တပ်ဖွဲ့မှသာ တာဝန်ယူသွားမည် ဖြစ်ပြီး “တပ်မတော်မှ စေလွှတ် ခန့်အပ်ခြင်း မလိုတော့ကြောင်း” လည်းပါရှိသည်။
အသွင်ပြောင်း ဖွဲ့စည်းပြီးနောက်တွင်လည်း တပ်ဖွဲ့ဝင်အင်အား ၃၀၀၀ ခန့် ကျန်ရှိဦးမည် ဖြစ်ကြောင်း၊ ဌာန အသီးသီးမှ ကျန်မည့် အင်အား ၅၀၀၀ ကျော်လည်း ရှိမည်ဖြစ်သောကြောင့် ၎င်းတို့အား ၅ နှစ်စာ ပင်စင် စားရိတ်များကို တကြိမ်တည်းဖြင့် ပံ့ပိုးပေးရန် အချက် ၉ ချက်အတွင်း ထည့်သွင်းထားသည်။
ဝ တပ်ဖွဲ့တွင် လက်နက်ကိုင်ပြည်သူ့စစ် အင်အား ၂ဝဝဝဝ ကျော်ရှိသဖြင့် ၎င်းတို့အား စိစစ်ပြီး “ပြည်သူ့စစ်တပ်ဖွဲ့” တဖွဲ့ဆက်လက်ထားရှိရန် ဖော်ပြသည်။ အသွင်ကူးပြောင်းပြီးနောက် ဝ နယ်ဒေသ အတွင်းရှိ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို ဥပဒေကျူးလွန်မှု နောက်ထပ်မရှိလျင် ၎င်းတို့၏ လုံခြုံမှုကို စစ်အစိုးရက အပြည့်အဝ အာမခံပေးရမည်ဖြစ်ကြောင်း တင်ပြထားသည်။
နအဖ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းမှုအဆင်မပြေသည့်နောက်ပိုင်း ဝ တပ်ဖွဲ့များ စစ်ရေးတိုးချဲ့ပြင် ဆင်သည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
နအဖ ဘက်ကမူ မကြာသေးမီက လာလည်သော တရုတ် ဒုသမ္မတ ရှီကျင်းဖျင် (Xi Jinping) အား နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် မြန်မာနိုင်ငံအတွင်း ဖြတ်သွားမည့် အရှည် ၇၇၁ ကီလိုမီတာရှိ ရေနံ ပိုက်လိုင်းတလျှောက် လုံခြုံရေး ယူပေးမည်ဟု မြန်မာအာဏာပိုင်များက အာမခံခဲ့သည်။
UWSA သည် ဗမာပြည် ကွန်မြူနစ်ပါတီ - ဗကပ မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်၍ ထိုနှစ်အတွင်း စစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည်။
စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယခုနှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်၍ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။


(ကိုဝိုင်းတည်းဖြတ်သည်)

maandag 28 december 2009

အမေရိကန် သံရုံးက ကိုညီညီအောင်ကို ထောင်ဝင်စာတွေ့


မြင့်မောင်

တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၉ ခုနှစ် ၂၀ နာရီ ၀၁ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ ထောင်တွင်းမှ တရားဆိုင်နေရသူ အမေရိကန် နိုင်ငံသားဖြစ်သူ ကိုညီညီအောင်ကို ယနေ့တွင် အမေရိကန် သံရုံးမှ အရာရှိများက သွားရောက် တွေ့ဆုံခဲ့သည်။
အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြမှုအပြီး ပထမဆုံး အကြိမ်အဖြစ် ရန်ကုန်ရှိ သံရုံးမှ ဒုတိယ ကောင်စစ်ဝန်က တွေ့ဆုံပြီး အစားအသောက်များ ပေးပို့ခဲ့သည်။
“ နေ့လည် ၁နာရီ ခွဲမှာ သံရုံးက ဆက်သွယ်လာတယ်။ ဒု ကောင်စစ်ဝင်နဲ့ တွေ့ရတယ်လို့ ပြောတယ်။ သံရုံးက နေကောင်းတယ်လို့ ပြောတယ်။ ”ဟု ကိုညီညီအောင်၏ အဒေါ် ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ပြောသည်။
“သူအနေ့နဲ့ ရှေ့နေတွေနဲ့ အရမ်းတွေ့ ချင်တယ်လို့ သံရုံးကတဆင့် ပြောခိုင်းတယ်လို့ သံရုံးက ပြန်ပြောတယ်။ သံရုံးက စားစရာ သောက်စရာတွေ သွားပေးတယ်။အဓိက သူနေကောင်းတယ်။ သူ့ရှေ့နေတွေနဲ့ တွေ့ချင်တယ် လိုပြောတယ်။ ရုံးချိန် မတိုင်မှီ တွေ့ချင်တယ်လို့ ပြောတယ်”ဟု သူမက ထပ်ပြောသည်။
ကိုညီညီအောင်ကို တွေ့ခွင့်ပြုရန်အတွက် အင်းစိန်ထောင်တွင် သူ၏ ရှေ့နေများက လွန်ခဲ့သည် ၂၅ ရက်နေ့က စာတင် လျှောက်ထားခဲ့သည်။
မနက်ဖြန်တွင် ကိုညီညီအောင် အမှုနဲ့ပတ်သက်ပြီး အမှုတင်သင့်၊ မတင်သင့်ကို လျှောက်လဲချက် ပေးရန်အတွက် သွားရောက် တွေ့ဆုံမည်ဟု ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။
စက်တင်ဘာလ ၃ ရက်နေ့က တောခိုကျောင်းသား ကိုညီညီအောင်သည် ဘန်ကောက်မြို့မှတဆင့် ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်သို့ ဝင်ရောက်လာစဉ် ထောက်လှမ်းရေးများက ဖမ်းဆီးခဲ့သည်။
၁၉၈၈ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းနယ်စပ်သို့ ထွက်ပြေး ခိုလှုံခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ အခြေချခဲ့သော သူသည် မြန်မာနိုင်ငံသို့ ၈ ကြိမ် ဝင်ရောက်ခဲ့သည်။
သူ့ကို လိမ်လည်မှု - ပုဒ်မ ၄၂၀၊ မှတ်ပုံတင်အတု ကိုင်ဆောင်မှု - ပုဒ်မ ၄၆၈၊ နိုင်ငံခြား ငွေလဲလည်မှု - ပုဒ်မ ၂၄ တို့ဖြင့် စွဲဆိုထားသည်။

donderdag 24 december 2009

နိုင်ငံရေး အကျဉ်းသူ ထောင်တွင်း၌ ကွယ်လွန်

ခိုင်စု

ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၀၉ ခုနှစ် ၁၅ နာရီ ၅၄ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ၂၀၀၇ ခုနှစ် သံဃာများ လမ်းလျှောက် မေတ္တာပို့ပွဲတွင် ပါဝင်ခဲ့သဖြင့် အကျဉ်းကျခံရသည့် နိုင်ငံရေး အကျဉ်းသူ မတင်တင်ထွေးသည် ယမန်နေ့က နှလုံး သွေးကြောပေါက်ပြီး အင်းစိန်ထောင် ဆေးရုံ၌ ကွယ်လွန်သွားကြောင်း သိရသည်။
ကွယ်လွန်သွားကြောင်းကို ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း - AAPP (B) က အတည်ပြု ထုတ်ပြန်သည်။
မတင်တင်ထွေး (၃၈ နှစ်) သေဆုံးမှုနှင့် ပတ်သက်၍ အင်းစိန် ဗဟို အကျဉ်းထောင်သို့ ဆက်သွယ် မေးမြန်းကြည့်ရာ တာဝန်ကျအရာရှိက ဖြေဆိုခြင်းမရှိဘဲ မိသားစုထံ မေးမြန်းရန်သာ ပြောဆိုခဲ့သည်။
သူမကို အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ပြောင်းရွှေ့ခဲ့သည်။
သာယာဝတီထောင် ဆေးရုံမှ အင်းစိန်သို့ မကြာသေးခင်ကမှ ပြန်လည် ပြောင်းရွှေ့ခဲ့ပြီးနောက် ယမန်နေ့ နံနက် အစောပိုင်းတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။
သူမသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်ရှိ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်သဖြင့် အခြားနိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၄ ဦးနှင့် အတူ အဖမ်းခံခဲ့ရပြီးနောက် သူမကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။
သို့သော် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အာမခံကို ပြန်ရုတ်သိမ်းပြီး နိုဝင်ဘာလ ၂၄ ရက်နေ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဝတ္တရား နှောင့်ယှက်သည်ဟု စွပ်စွဲကာ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၃၂ အရ လည်းကောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကို အများမကြားဝံ့ မနာသာအောင် ဆဲဆိုမှုဖြင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၄ အရ လည်ကောင်း အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ၃လ အမိန့် ချမှတ်ခံခဲ့ရသည်။
အလောင်းအား ယမန်နေ့ နေ့လည် ၁၂ နာရီခန့်တွင် အင်းစိန်ထောင်မှ သွားထုတ်ယူခဲ့ပြီး ရေဝေးသုဿန်တွင် ထားရှိ ပြီး မနက်ဖြန် မွန်းလွဲ ၂ နာရီ၌ သင်္ဂြိုလ်မည်ဖြစ်သည်။ ထောင်အာဏာပိုင်များ၏ ကူညီမှုလည်းရရှိခဲ့ပြီး ဈာပနကိစ္စ အဝဝကိုမူ ကျန်ရစ်သူ မိသားစုက တာဝန်ယူလုပ်ဆောင်ရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ဗဟန်းမြို့နယ် အုတ်လမ်းတွင် နေထိုင်သူ မတင်တင်ထွေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ဝင်တဦး မဟုတ်သော်လည်း NLD နှင့် နီးစပ်မှုရှိပြီး နိုင်ငံရေး ကိစ္စများတွင် စိတ်ပါဝင်စားသူတဦး ဖြစ်ကြောင်း ဗဟန်းမြို့နယ် NLD ဥက္ကဋ္ဌ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။
သူမတွင် နှလုံးရောဂါနှင့် သွေးတိုး ရောဂါအခံ ရှိသည်။ သေဆုံးချိန်တွင် သူမ၏ မိခင် အပါအဝင် သားတဦးနှင့် သမီးနှစ်ဦး ကျန်ခဲ့သည်။
ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု ကောင်းစွာမရရှိသဖြင့် ယခုနှစ်အတွင်း သေဆုံးခဲ့ရသူ သူမ အပါအဝင် နိုင်ငံရေး အကျဉ်းသူ/သား ၃ ဦး ရှိသွားပြီ ဖြစ်ကြောင်း AAPP (B) က ထုတ်ပြန်သည်။
AAPP မှတ်တမ်းအရ ၁၉၈၈ ခုနှစ်မှ စတင်၍ ယနေ့ထိ ထောင်တွင်း သေဆုံးခဲ့ရသော နိုင်ငံရေး အကျဉ်းသူ/ သားပေါင်း ၁၄၃ ဦးရှိပြီ ဖြစ်သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

ခရစ်စမတ် အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ ကျင်းပမည်

နန်းဒေဝီ

ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၀၉ ခုနှစ် ၂၀ နာရီ ၅၁ မိနစ် .
နယူးဒေလီ (မဇ္စျိမ)။ ။ ခရစ်စမတ်နေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ရှိ ယုဇနဂါးဒင်း ဟိုတယ်က လူငယ်ထုအကြား ရေပန်းစားသည့် အဆိုတော် ၃ ဦး ဦးဆောင်ဖျော်ဖြေမည့် ဂီတပွဲတရပ် ကျင်းပ သွားမည်ဟု သိရသည်။
R ဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်နှင့် ရဲလေးတို့က မနက်ဖြန် ကျရောက်မည့် ခရစ်စမတ်နေ့ အထူး အစီအစဉ်အဖြစ် ကျင်းပသည့် ဂီတပွဲသို့ လာရောက် ဖျော်ဖြေမည်ဟု အလံပြ ဘုရားလမ်းရှိ ယုဇနဂါးဒင်း ဟိုတယ်မှ တာဝန်ရှိသူတဦးက ပြောပြခြင်း ဖြစ်သည်။
“ခရစ်စမတ် သီချင်းရယ်လို့တော့ မဟုတ်ပါဘူး။ သူတို့သီချင်းတွေနဲ့ ဖျော်ဖြေသွားကြမှာ ဖြစ်ပါတယ်။ အမျိုးသမီး အဆိုတော်တွေကတော့ ကြိုကြား ကြိုကြားတော့ ပါမယ်။ ကြော်ငြာတဲ့ အထဲတော့ မပါဘူးခင်ဗျ” ဟု သူက မဇ္ဈိမကို ပြောဆိုသည်။
တစောင်လျှင် ကျပ် ၅၀၀၀ ဖြင့် ကြိုတင် လက်မှတ်များ ရောင်းချနေသည့်အပြင် လူဦးရေ ၃၀၀၀ အထိ ဆန့်သည့် ဟိုတယ်ဝင်းရှိ Parking တွင် ညနေ ၅ နာရီမှ စတင်၍ ည ၁၀ နာရီအထိ ကျင်းပသွားမည် ဖြစ်သည်။
“လာတဲ့သူတွေ အားလုံးက မတ်တပ်ရပ် အားပေးဖို့ ဖြစ်ပါတယ်။ ကြိုက်တဲ့နေရာမှာ မတ်တပ်ရပ်လို့ ရပါတယ်။ အားရပါးရ အားပေးလို့ ရပါတယ်” ဟု ဟိုတယ် ဝန်ထမ်းက ပြောသည်။
စိုင်းစိုင်းခမ်းလှိုင်သည် သီဆိုမည့် သီချင်းများ လေ့ကျင့်ရန် ပြင်ပသို့ သွားနေသဖြင့် ဆက်သွယ်၍ မရပါ။ R ဇာနည်မှာမူ ခရီးထွက်နေသော်လည်း မနက်ဖြန်ပွဲသို့ အမီပြန်လာမည့်အကြောင်း ညီမဖြစ်သူက ပြောသည်။
“အကိုက မနက်ဖြန် အဲဒီပွဲကို အမီပြန်လာမယ်လို့ ပြောပါတယ်။ သူတို့ကတော့ ပွဲအမီ သွားလေ့ရှိကြတာပဲ” ဟု သူက ပြောသည်။
ယုဇနဂါးဒင်း ဟိုတယ်အနေဖြင့် ဘာသာရေး အထိမ်းအမှတ် ပွဲများဖြစ်သည့် တန်ဆောင်တိုင်၊ ခရစ်စမတ်နှင့် နှစ်သစ်ကူး ပွဲတော်များတွင် ယခုလို ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်လေ့ရှိသည်။

vrijdag 27 november 2009

ရွေးကောက်ပွဲဝင်မည့် စစ်အစိုးရအဖွဲ့ဝင်များ၊ စစ်အရာရှိကြီးများ

  

သုတေသန

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ နိုဝင်ဘာလ 03 ရက် 2009 ခုနှစ် 18 နာရီ 37 မိနစ်
၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ စစ်အစိုးရ အဖွဲ့ဝင်များစာရင်းကို မဇ္ဈိမက ရနိုင်သမျှ စုံစမ်းဖော်ထုတ်ကာ စုစည်းတင်ပြထားခြင်း ဖြစ်ပါသည်။ (လျှို့ဝှက်လွန်းပြီး အာဏာကို အလုံးစုံ ချုပ်ကိုင်ထားမှု သဘောသဘာဝကြောင့် ရွေးကောက်ပွဲဝင်ရန် သတ်မှတ်ထားသူ စာရင်းတွင်လည်း အပြောင်းအလဲ ရှိနိုင်ပါသေးသည်။) စာဖတ်သူများအနေဖြင့်လည်း စုံစမ်းရရှိသော ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို editor@mizzima.com This e-mail address is being protected from spambots. You need JavaScript enabled to view it သို့ ပေးပို့ပါရန် မေတ္တာရပ်ခံပါသည်။
၁။ ဗိုလ်မှူးချုပ် အုန်းမြင့် (သတ္တုတွင်းဝန်ကြီးဌာန)
ပေါင်မြို့နယ်၊ မွန်ပြည်နယ်
၂။ ဗိုလ်မှူးချုပ် သန်းဌေး
မိတ္ထီလာ၊ သာစည်၊ မန္တလေးတိုင်း
၃။ ဗိုလ်ချုပ် သိန်းဆွေ
စစ်တွေမြို့၊ ရခိုင်ပြည်နယ်
၎။ ဒုတိယဗိုလ်မှူးကြီး ဥာဏ်ထွန်းအောင်
နွားထိုးကြီးမြို့နယ်၊ မန္တလေးတိုင်း
၅။ ဗိုလ်မှူးကြီး သိန်းညွန့်
မအူပင်မြို့နယ်၊ ဧရာဝတီတိုင်း
၆။ ဗိုလ်ချုပ် သိန်းဇော် (ဆက်သွယ်ရေးဝန်ကြီး)
မြစ်ကြီးနား၊ ကချင်ပြည်နယ်
၇။ ဗိုလ်မှူးချုပ် ကျော်ဆန်း (ပြန်ကြားရေးဝန်ကြီး)
ပုလဲမြို့နယ်၊ စစ်ကိုင်းတိုင်း
၈။ ဦးအောင်သောင်း (စက်မှု ၁ ဝန်ကြီး)
မန္တလေးမြို့၊ မန္တလေးတိုင်း
၉။ ဦးစိုးသာ (စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး)
တွံတေးမြို့နယ်၊ ရန်ကုန်တိုင်း
၁ဝ။ ဗိုလ်ချုပ် တင်နိုင်သိန်း (ကုန်သွယ်ရေးဝန်ကြီး)
(မသိရသေးပါ။)
၁ဝ။ ဦးမောင်မောင်သိမ်း (ခရမ်းမြို့နယ် အသင်းနာယက) ဗိုလ်မှူးချုပ်
ခရမ်းမြို့နယ်၊ ရန်ကုန်တိုင်း
၁၁။ ဗိုလ်မှူးချုပ် အေးမြင့် (အားကစားဝန်ကြီး)
ဟားခါးမြို့နယ်၊ ချင်းပြည်နယ်
၁၂။ ဒေါက်တာ ချမ်းငြိမ်း (ပညာရေးဝန်ကြီး)
ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းတိုင်း
၁၃။ ဗိုလ်ချုပ် အောင်မင်း (ရထားပို့ဆောင်ရေးဝန်ကြီး)
ကဝမြို့၊ ပဲခူးတိုင်း
၁၄။ ဗိုလ်မှူးကြီး ဇော်မင်း (လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)
မကွေးမြို့၊ မကွေးတိုင်း
၁၅။ ဗိုလ်မှူးချုပ် သိန်းအောင် (သစ်တောဝန်ကြီး)
အင်္ဂပူမြို့နယ်၊ ဧရာဝတီတိုင်း
၁၆။ ဗိုလ်ချုပ် ဌေးဦး (စိုက်ပျိုးရေးဝန်ကြီးဌာန)
ပျော်ဘွယ်၊ရမည်းသင်း မန္တလေးတိုင်း
၁၇။ ဗိုလ်မှူးချုပ် အောင်သိန်းလင်း (ရန်ကုန်မြို့တော်ဝန်)
ရန်ကုန်
၁၈။ ဗိုလ်ချုပ် စိုးနိုင် (ခရီးသွားလာရေးဝန်ကြီးဌာန)
ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း
၁၉။ဗိုလ်မှူးချုပ် လွန်းသီ (စွမ်းအင်ဝန်ကြီးဌာန)
ကွမ်းခြံကုန်း ရန်ကုန်တိုင်း

dinsdag 23 juni 2009

ဆံပင် လှူဒါန်းပြီး ရရှိသည့်ငွေဖြင့် လမ်း-တံတားများ ပြုပြင်နေ

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 23 2009 22:02 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ မန္တလေးမြို့မှ စေတနာရှင် ၆ သောင်းကျော်က ဆံပင်ဖြတ်၍ လှူဒါန်းသည့် ပိဿာချိန် ၁၂၃၁ ကို ရောင်းချ၍ ရရှိငွေဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ အလောင်းတော်ကဿဖ ဘုရားကြီးသို့ သွားရာလမ်းနှင့် လမ်းတလျှောက် ပျက်စီးနေသော တံတားများ ပြုပြင်ရန် ယခုလ ၇ ရက်နေ့က လှူဒါန်းခဲ့သည်။

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်ရှိ နဂါး ပရိယတ္တိစာသင်တိုက်မှ ရွှေဆံနွယ် အကျိုးတော်ဆောင် ဆရာတော် အရှင်ဝါယမ နန္ဒ (B.A Buddhism) ၏ ဦးဆောင်မှုဖြင့် မြို့သူမြို့သားများ လှူဒါန်းသည့် ဆံပင်များကို ဘုရားကြီးသို့ သွားရောက်ရာ ယင်းမာပင်နှင့် ပုလဲမြို့နယ်ကြား လယ်ငေါက်-ချင်ပင်လမ်းနှင့် ၎င်းလမ်းတွင် ပျက်စီးယိုယွင်းနေသည့် တံတားများကို ပြုပြင်ရန် လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

''အလှူခံလိုက်တာ ငွေသားလည်း လှူကြတယ်။ အများစုက ဆံပင်ကို အဓိကထား လှူကြတယ်။ ငွေသားချည်းပဲ သိန်းပေါင်း ၂၅ဝ ကျော်လောက် အလှူခံရရှိခဲ့ပြီး လူပေါင်း ၆ သောင်းကျော်က ဆံပင်ပိဿာချိန်ပေါင်း ၁၂၃၁ ပိဿာ လှူဒါန်းခဲ့ကြပါတယ်'' ဟု ဓမ္မဓရ ဆံပင်အလှူခံအဖွဲ့မှ စေတနာ့ဝန်ထမ်း ကိုမင်းထက်ငြိမ်းချမ်းက မဇ္ဈိမကို ပြောသည်။

ဆံပင် အလှူခံဌာနကို ပြီးခဲ့သည့် မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ နဂါးကျောင်းတိုက်ရှိ သိမ်တော်ကြီး၌ ဖွင့်လှစ်ခဲ့ပြီး၊ တလအတွင်း ကောက်ခံရရှိသည့် ဆံပင်များနှင့် ငွေသားများကို စာရင်းအင်းနှင့်တကွ သက်ဆိုင်ရာ ဒေသတွင်းရှိ သံဃာတော်များ ဦးဆောင်သည့် လမ်းပြုပြင်ရေး အကျိုးတော်ဆောင်များထံ အပ်နှံခဲ့သည်။

တရုတ်ဈေးကွက်၌ ဆံပင်များကို ရသမျှ ဝယ်ယူနေရာတွင် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့၌ပင် အရည်အသွေး ရှိသည့် ဆံပင်တပိဿာလျှင် ကျပ်ငွေ ၂ သိန်းခန့်ဖြင့် ပေါက်ဈေးရှိရာ ယခု ရရှိခဲ့သည့် ဆံပင် ပိဿာချိန် ၁၂၃၁ အတွက် ကျပ်သိန်းပေါင်း ၁၈ဝဝ ကျော် ရရှိနိုင်ကြောင်း ကိုမင်းထက်ငြိမ်းချမ်းက ခန့်မှန်းပြောဆိုသည်။

အနည်းဆုံး ၁၀ လက္မ ခန့် ရှည်လျားသည့် ဆံပင်များကိုသာ အဓိကထား အလှူခံသော်လည်း လှူဒါန်းသူများက ရှိစုမဲ့စု ဆံပင်များကိုပါ ပေးလှူခဲ့ကြပြီး အလှူခံအဖွဲ့က ဂုဏ်ပြုမှတ်တမ်းများ၊ တရားတိပ်ခွေနှင့် စီဒီချပ်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း မြို့ခံတဦးက ပြောဆိုသည်။

ထို့အပြင် မန္တလေးမြို့ခံ ဆရာတော်တပါးကလည်း ''ဆံပင်ကို ရောင်းလိုက်တဲ့အခါ ငွေဖြစ်မယ်ဆိုတာကို သိလို့ လှူကြတာကိုး။ ကောင်းမှုကုသိုလ် ရပါတယ်။ လမ်းလုပ်ဖို့အတွက် ရည်မှန်းပြီး လှူဒါန်းကြတာဆိုတော့လေ'' ဟု မဇ္ဈိမကို မိန့်ကြားသည်။

အဆိုပါ လမ်း-တံတား အပျက်အစီးများကိုပင် မှီခိုနေရသည့် ဒေသတွင်း ကျေးရွာပေါင်း ၆ဝ ကျော်မှ လူပေါင်း ၅ သောင်းကျော်၏ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုဘဝ နိမ့်ကျခဲ့ကြောင်းနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် မသေဆုံးသင့်ဘဲ သေဆုံးရသူများပင် ရှိခဲ့ဖူးကြောင်း ဒေသခံ ဦးဇင်းတဦး၏ အတွေ့အကြုံကို စေတနာ့ဝန်ထမ်း ကိုမင်းထက်ငြိမ်းချမ်းက ယခုလို ပြန်ပြောပြသည်။

''အခု လမ်းပြုပြင်ရေးမှာ ပါဝင်ဦးစီးနေတဲ့ ဆရာတော် ဦးဝေပုလ္လ ပြောတာပေါ့နော်။ မီးဖွားဖို့ အခက်အခဲဖြစ်နေတဲ့ အမျိုးသမီးတဦး သူစီးလာတဲ့ လိုင်းကားနဲ့ ဆေးရုံပို့တော့ လမ်းက မောင်းရတာ ခက်ခဲတဲ့အတွက် ၁ နာရီခွဲလောက် ကြာသွားတဲ့အခါမှာ အဲဒီအမျိုးသမီး မီးမဖွားနိုင်ဘဲ အသက်ဆုံးရှုံးသွားရတာကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ်တဲ့'' ဟု သူက ပြောသည်။

ထိုဖြစ်ရပ်အပြီး ပျက်စီးနေသော လမ်း-တံတားများအား ပြန်လည်ပြုပြင်ရန်အတွက် နယ်ခံဆရာတော်များ စုဝေးတိုင်ပင်ကာ ဒေသခံများနှင့်အတူ အလှူငွေများ ထည့်ဝင်ကြရာ ကျပ်သိန်း ၇ဝဝ ကျော် ရရှိခဲ့ပြီး ကိုယ်ထူကိုယ်ထ နည်းဖြင့် စတင်ပြုပြင်ခဲ့ကြသည်။

ပြုပြင်ဆဲကာလအတွင်း ငွေကြေး မလုံလောက်သဖြင့် ပြုပြင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန် ခက်ခဲနေချိန်တွင် ပုထိုးသာနှင့် ရွာနောင် ကျေးရွာများမှ အမျိုးသမီးများက ငွေကြေးလှူဒါန်းရန် မတတ်နိုင်သောကြောင့် ငွေပေါ်နိုင်သည့် ဆံပင်များကို ဖြတ်၍ လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဆံလှူသည့် အောင်ပွဲကို ကျင်းပရာ မန္တလေးရှိ နဂါး ပရိယတ္တိစာသင်တိုက်၌ နည်းပြစာချနေသည့် ဒေသခံ ဆရာတော်ဖြစ်သူ အရှင်ဝါယမ နန္ဒကိုလည်း ဖိတ်ကြားကာ ရေစက်ချတရားပွဲ ကျင်းပခဲ့ပြီးနောက်၊ ဆရာတော်က မန္တလေးမြို့တွင် ပြီးခဲ့သည့် မေလ တလလုံး နဂါးကျောင်းတိုက်၌ ဆံပင်အလှူခံဌာနခွဲ ဖွင့်လှစ်ကာ အကျိုးဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

မန္တလေးမှ အလှူရှင် အမျိုးသမီးတဦးက ''ဘုရားကို သွားတဲ့လမ်းမှာ တံတားဆောက်ဖို့အတွက် အလုပ်အကိုင်က အဆင်မပြေတော့ လက်ထဲမှာ လှူစရာငွေ မရှိဘူးလေ။ အဲဒါနဲ့ ငွေသားအစား ဆံပင်ကို ဖြတ်လှူလိုက်တာ'' ဟု မဇ္ဈိမကို ပြောသည်။

ယခုအခါ ပျက်စီးလျက်ရှိသော လမ်းပိုင်း ၁၈ မိုင်အနက် ၉ မိုင်ခန့်ကို မြေသားလမ်းအဖြစ် ပြုပြင်နိုင်ခဲ့ပြီး တံတားပေါင်း ၁၈ စင်းအနက် ၈ စင်းခန့်ကို ကွန်ကရစ်တံတားအဖြစ် ပြုပြင်ခဲ့ပြီးဖြစ်သည်။

ကျန်ရှိနေသေးသည့် လမ်း-တံတားများအား ယခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု သိရသည်။

အလောင်းတော် ကဿဖဘုရားသည် စစ်ကိုင်းတိုင်း မုံရွာမြို့အနောက်ဘက်ကမ်းရှိ ညောင်ပင်ကြီး ကျေးရွာမှ ၄၅ မိုင်အကွာတွင် တည်ရှိပြီး ဘုရားသို့ သွားရောက်ရန် မြေသားလမ်း ၂ လမ်း ရှိသော်လည်း ယခင်က နွေရာသီ၌သာ အသုံးပြုနိုင်ခဲ့သည်။

(သတင်းအချက်အလက်များကို ဇမ်းသယ်က ပေးပို့ပြီး၊ ရဲရင့်အောင် တည်းဖြတ်သည်။)