မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 30 september 2011

မြစ်ဆုံစီမံကိန်းရပ်တံ့သည့်သတင်းဒေါ်အောင်ဆန်းစုကြည် ကြိုဆို

ဧရာဝတီ Friday, 30 September 2011 17:33
.မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကအစိုးရကိုယ်စားလှယ်ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့်ယနေ့ တွေ့ဆုံအပြီးတွင်ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းလိုက်ပြီဆိုသောသတင်းအား ကြိုဆိုကြောင်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်တို့ယနေ့တွေ့ဆုံဆွေးနွေးပွဲအပြီးတွေ့ရစဉ်(ဓာတ်ပုံ-ဧရာဝတီ)
“ပြည်သူတွေရဲ့စိုးရိမ်မှုတွေကိုထောက်ထားပြီးတော့ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းဖို့ သမ္မတက လွှတ်တော်ကိုသ၀ဏ်လွှာ ပေးပို့တယ်လို့ ကြားတယ်။ပြည်သူ့အသံနားထောင်တာကောင်းပါတယ်။ဒီဟာက အစိုးရတိုင်းလုပ်ရမယ့်အလုပ်ပါ။ပြည်သူ့အသံနားထောင်ရမယ်၊ပြည်သူရဲ့စိုးရိမ်မှုတွေကိုတကယ်ပဲ လေးလေးနက်နက် နားထောင်ပြီးတော့ ဖြေရှင်းပေးရမယ်။ ကျမအနေနဲ့ ကြိုဆိုပါတယ်” ဟု သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်တို့တတိယအကြိမ်မြောက်တွေ့ဆုံရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ၊ ဧရာဝတီ မြစ် ထိန်းသိမ်းရန် နှစ်ဦးနှစ်ဘက် ပူးပေါင်းမည့် အရေးကိစ္စ၊ ပြည်တွင်း တည်ငြိမ်းအေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး၊ဥပဒေဘောင်ပြင်ပတွင်ရောက်ရှိနေသော လက်နက်ကိုင်များဥပဒေဘောင်အတွင်းရောက်ရှိရေးနှင့်ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရေး စသည့်အချက် လေးချက်ကို အဓိက အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အကြောင်းအရာ များနှင့် စပ်လျဉ်းပြီး တွေ့ဆုံဆွေးနွေးပွဲများ ထပ်မံပြုလုပ်သွားရန် နှစ်ဦးနှစ်ဘက် သဘော တူညီထားကြောင်း ဦးအောင်ကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုရွေးကောက်ပွဲဝင်၊မ၀င်သိရှိလိုကြောင်းသတင်းထောက်တဦးကမေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်ကရွေးကောက်ပွဲများကို မူအရ မဆန့်ကျင်ပါကြောင်း၊ရွေးကောက်ပွဲ အခြေအနေနှင့် ပုံစံကို ကြည့်ပြီး ဆုံးဖြတ်မည် ဖြစ်ကြောင်း ဖြေကြားသည်၊
“ကျမတို့ကရွေးကောက်ပွဲကိုမူအရမဆန့်ကျင်ဘူး။ဒီမိုကရေစီစနစ်ရဲ့တစိတ်တပိုင်းအဖြစ်လက်ခံတယ်။ဒီလို ရွေးကောက်ပွဲဝင်ပုံဝင်နည်းအခြေအနေ၊အခင်းအကျင်းတွေကိုပဲကျမတို့ကြည့်မှာဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
ဝန်ကြီးဦးအောင်ကြည်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေဖြင့် ဥပဒေအရ မှတ်ပုံတင်ပြီးလျှင် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကတိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် အစိုးရနှင့် တတ်နိုင်သမျှ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ကတိပြု ပြောဆိုခဲ့သည်။





ဒေါ်စုတို့ဆွေးနွေးပွဲတွင်လွတ်ငြိမ်းချမ်းသာခွင့်နှင့်ငြိမ်းချမ်းရေးပါရှိ

မဇ္ဈိမသတင်းဌာန သောကြာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၄ မိနစ် .
ရန်ကုန်(မဇ္ဈိမ)။ ။လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနှင့်အစိုးရမှလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေး ဆောင်ရွက်နေသည့်ကိစ္စများကိုအတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်အစိုးရကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ သောကြာနေ့က ဆွေးနွေးခဲ့ကြသည်။
ဦးသိန်းစိန်အစိုးရတက်လာပြီးသည့်နောက်ပိုင်းတတိယအကြိမ်မြောက်ဆွေးနွေးမှုဖြစ်သောရန်ကုန်မြို့ စိမ်းလဲ့ကန်သာအစိုးရဧည့်ရိပ်သာတွင်၇၇မိနစ်ကြာတွေ့ဆုံဆွေးနွေးအပြီးနှစ်ဦးအတူတကွ သတင်းစာရှင်းလင်းပွဲလုပ်ရာတွင် ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။
ထို့အပြင်ဧရာဝတီမြစ်ကြောင်းထိန်းသိမ်းရေးကိုနှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့်ပြည်တွင်းတည်ငြိမ်
အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးတို့အတွက်လည်းဆွေးနွေးခဲ့သည်ဟုပါရှိသည်။နှစ်ဘက်ဆက်လက်၍ လည်း ဆွေးနွေးမှုပြုလုပ်သွားမည်ဟု ကြေညာသွားသည်။
ဆွေးနွေးမှုအပြီးသတင်းထောက်များ၏မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည့်ဖြေကြားနေသည်ကိုတွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)
မြစ်ဆုံဆည်စီမံကိန်းကိုသူ၏အစိုးရသက်တမ်းအတွင်းရပ်ဆိုင်းထားမည်ဆိုသောသမ္မတဦးသိန်းစိန်၏ လုပ်ရပ်ကို ကြိုဆိုကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
"ပြည်သူရဲ့အသံကိုနားထောင်တယ်ဆိုတာအင်မတန်မှကောင်းပါတယ်။ဒီဟာအစိုးရတိုင်းလုပ်ရမယ့် ကိစ္စပါ။
ပြည်သူရဲ့အသံကိုနားထောင်ရမယ်။ပြည်သူရဲ့စိုးရိမ်ကြောင့်ကြမှုတွေကိုတကယ်ပဲလေးလေးနက်နက် ထားပြီးတော့ဖြေရှင်းပေးရမယ်။အဲဒါကြောင့်မို့ကျမဒါကိုကြိုဆိုပါတယ်”ဟုသတင်းစာဆရာများကို ပြောသွားသည်။
ယနေ့အစောပိုင်းကနေပြည်တော်တွင်ပြုလုပ်နေသောလွှတ်တော်နှစ်ရပ်သို့သမ္မတဦးသိန်းစိန်က သဝဏ်လွှာတစောင်ပေးပို့ရာတွင်ပြည်သူအများ၏သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်ပျက်စီးမည့် စိုးရိမ်နေမှုရှိသည်ကိုထောက်ပြပြီးမြစ်ဆုံဆည်တည်ဆောက်ခြင်းကိုမပြုလုပ်စေဘဲရပ်ဆိုင်းထားမည်ဟု ပါရှိသည်။
တရုတ်နိုင်ငံနှင့်ချုပ်ဆိုထားသောစက်တပ်ဆင်အင်အားမဂ္ဂါဝပ်၆,ဝဝဝရှိ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းပေါ် မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံညှိနှိုင်းဆောင်ရွက်သွားမည်ဟုလည်း ပါရှိသည်။
သမ္မတ၏ဆုံးဖြတ်ချက်အပေါ်ကြိုဆိုမှုများလည်းအင်တာနက်တွင်တပါတည်းပေါ်ထွက်လာခဲ့သည်။ လွှတ်တော်အပြင်ဘက်အဓိကအတိုက်အခံဖြစ်နေသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပါတီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်တို့ကြားဖြတ်ရွေးကောက်ပွဲဝင်လိုမှုရှိ၊မရှိဆိုသောအမေးကို လူမှုဝန်ထမ်းဝန်ကြီးလည်း ဖြစ်သော ဦးအောင်ကြည်က အန်အယ်ဒီအနေဖြင့် နိုင်ငံရေးပါတီမှတ်ပုံတင်လျှင် အတူတကွ ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ဖြေကြားသည်။
၁၄နှစ်ကျော်နေအိမ်အကျယ်ချုပ်သို့မဟုတ်အချုပ်အနှောင်ဖြင့်နေခဲ့ရသောဒေါ်အောင်ဆန်းစုကြည်ကတော့ ပါတီထိပ်တန်းခေါင်းဆောင်များကို တင်ပြပြီးမှသာ အဖြေပေးနိုင်မည်ဟု ဖြေကြားသွားသည်။
"ကျမတို့ကရွေးကောက်ပွဲကိုမူအရဆန့်ကျင်တာမဟုတ်ပါဘူး။ရွေးကောက်ပွဲဆိုတာဒီမိုကရေစီစနစ်အတွက် တစိတ်တပိုင်းဖြစ်တယ်ဆိုတာ ကျမတို့ လက်ခံပြီးသားပါ။” ဟု ဆက်လက်ပြောဆိုသွားသည်။



နိုင်ငံရေးအကျဉ်းသားအဓိပ္ပါယ်သတ်မှတ်ချက်AAPPထုတ်ပြန်

ကိုပေါက် သောကြာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၇ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။မည်သည့် အကျဉ်းသားသည် ‘နိုင်ငံရေးအကျဉ်းသား’ ဖြစ်သည်ကို ပြည်ပအခြေစိုက်
နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)AAPP-Bကကြေညာချက် ထုတ်ပြန်၍သောကြာနေ့ကရှင်းလင်းဖွင့်ဆို လိုက်သည်။
အစိုးရနှင့်အတိုက်အခံများအကြားအဆက်မပြတ်အငြင်းပွားခဲ့ရသည့်‘နိုင်ငံရေးအကျဉ်းသား’ဆိုသည်မှာ “ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြခြင်းဖြင့်လည်းကောင်းလက်နက်ကိုင်လမ်းစဉ်ဖြင့်လည်းကောင်းနိုင်ငံရေးလှုပ်ရှား မှုများတွင်တက်ကြွစွာပါဝင်လှုပ်ရှားခြင်း၊(သို့)အားပေးထောက်ပံ့ကူညီခြင်း သို့မဟုတ် ထိုသို့ ပါဝင်သည်၊ ထောက်ပံ့ကူညီသည်ဟုစွပ်စွဲခံရခြင်းတို့ကြောင့်”ထောင်များ၊ရဲဘက်စခန်းများနှင့်စစ်ကြောရေး စခန်းတို့တွင်ချုပ်နှောင်ခံထားရသောမည်သူမဆို ပါဝင်သည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
“ဦးသိန်းစိန်အစိုးရကမြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာခုချိန်ထိဝန်မခံသေးပါဘူး။ဒါကြောင့် နိုင်ငံရေးအကျဉ်းသားရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပြန်ဖို့လိုတယ်။လောလောဆယ် ကျနော်တို့ရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုသူတို့သိအောင်ရယ်၊နိုင်ငံတကာကလည်းဒီလူတွေဟာ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်တယ်ဆိုတာ ပြောဆိုချင်လို့ ထုတ်ပြန်လိုက်တာပါ” ဟု AAPP-B တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က မဇ္ဈိမကို ပြောသည်။
လက်နက်ကိုင်လှုပ်ရှားမှုများနှင့် ဆက်စပ်နေ၍ ဖမ်းဆီးခံထားရသူများလည်းထည့်သွင်းထားရသည်မှာ မြန်မာနိုင်ငံ၏ ထူးခြားသောအခြေအနေအရ ဖြစ်ကြောင်း “ဒါက ပကတိရှိနေတဲ့ အနေအထား ဖြစ်ပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ကိစ္စပါ။အင်မတန်မှအရေးကြီးပါတယ်။ အစိုးရ အဆက်ဆက်နဲ့တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ကလက်နက်ကိုင်တိုက်ပွဲတွေထိပ်တိုက် ရင်ဆိုင်နေရတာတွေကိုပြေလည်အောင်ဆိုရင်ဒီလက်နက်ကိုင်အင်အားစုတွေထဲက အဖမ်းခံထားရသူတွေကို လွှတ်ပေးဖို့ဆိုတာလည်း စဉ်းစားရမှာဖြစ်ပါတယ်” ဟု ကိုဘိုကြည်က ပြောသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်နိုင်ငံတော်ကောင်စီက၁၉၈၀အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေညာ စဉ်က နိုင်ငံရေးပြစ်မှု ဆိုသည်များကို သတ်မှတ် ဖော်ပြခဲ့ဖူးသည်။
ယခုအချိန်တွင်နိုင်ငံရေးလှုပ်ရှားသူများအားသိက္ခာချရန်အတွက်အခြားရာဇဝတ်မှုများဖြင့်စွပ်စွဲဖမ်းဆီးလေ့ ရှိကြောင်းကိုဘိုကြည်က“အဲလိုနိုင်ငံရေးပြစ်မှုတွေနဲ့မချဘဲနဲ့တခြားရာဇဝတ်မှုတွေနဲ့ချနေတာတွေရှိတော့ တဦးချင်းရဲ့လှုပ်ရှားမှုအပေါ်မှာ ကြည့်ပြီးတော့ သတ်မှတ်ပါတယ်။ဥပမာဆိုရင်တလောက ဒီမိုကရေစီနေ့မှာ အဖမ်းခံရတဲ့သူဆိုရင်လုပ်တာကဒီမိုကရေစီဟောပြောပွဲလုပ်တာ။ဖမ်းတော့မူးယစ်ရမ်းကားမှုနဲ့ ရုံးတင်တယ်”ဟုစက်တင်္ဘာ၁၅ရက်နေ့ကအဖမ်းခံခဲ့ရသည့်ကိုနေလင်းဦး အမှုအား ကိုးကား ပြောသွားသည်။
AAPP-Bစုဆောင်းရရှိထားသည့်စာရင်းများအရ မြန်မာနိုင်ငံရှိ အကျဉ်းထောင်ပေါင်း ၄၂ ခုနှင့် ရဲဘက်စခန်း ၁၀၉ ခုတွင်နိုင်ငံရေးအကျဉ်းသားပေါင်း၁၉၉၈ယောက်ရှိပြီး အဆိုပါစာရင်းအား ပိုမိုတိကျနိုင်ရန် စီစစ်နေဆဲ ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်၏ပြောကြားချက်အပေါ်အခြေခံ၍နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာဖွယ်ရှိကြောင်းခန့်မှန်းပြောဆိုချက်များနှင့် ပတ်သက်၍ “အဲဒါကတော့ ဦးသိန်းစိန် အစိုးရရဲ့တကယ့်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်မှာလား/မဖော်ဆောင်ဘူးလား ဆိုတာမှာပဲ မူတည်ပါတယ်။ကျန်တဲ့သူတွေအပေါ်မှာမူမတည်ပါဘူး။နိုင်ငံရေးအကျဉ်းသားတွေဟာနိုင်ငံတော် တည်ငြိမ်ရေးကိုနှောက်ယှက်ဖျက်ဆီးမယ့်သူတွေမဟုတ်ဘူး။အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့တိုင်းပြည် တည်ငြိမ်ရေး၊ တိုးတက်ရေး အတွက်ကို ကူညီပံ့ပိုးမယ့်သူတွေပဲ ဖြစ်ပါတယ်” ဟု ကိုဘိုကြည်က ပြောသည်။
အဆိုပါ ကြေညာချက်တွင် ‘နိုင်ငံရေး အကျဉ်းသားများအားသိက္ခာချရာတွင်(သို့)နိုင်ငံရေး လှုပ်ရှားသူများကို
ဖမ်းဆီးထိန်းသိမ်းရာတွင်အသုံးများသည့်ဥပဒေများ’ဟူ၍ဥပဒေနှင့်ပုဒ်မပေါင်း ၃၀ကျော်ကိုလည်း စုဆောင်း
ဖော်ပြထားသည်။



မြစ်ဆုံစီမံကိန်း ဆိုင်းထားရန် သမ္မတ ဆုံးဖြတ်

ခင်ဦးသာ Friday, 30 September 2011 16:47 .
ဧရာဝတီမြစ်ဆုံတည်ဆောက်ရေးစီမံကိန်းအားလက်ရှိအစိုးရသက်တမ်းတွင်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ယနေ့ သ၀ဏ်လွှာပေးပို့ ပြောဆိုလိုက်သည်။
                              ၂၀၁၁သြဂုတ်လကနေပြည်တော်တွင်တွေ့ရသောသမ္မတဦးသိန်းစိန်(ဓာတ်ပုံ-AP)
မြစ်ဆုံစီမံကိန်းသည်ပြည်သူလူထု၏ဆန္ဒနှင့်လွှတ်တော်ကိုယ်စားလှယ်များ၏ဆန္ဒကိုသွေဖီနေသည်ဟု ဦးသိန်းစိန်က ဆိုသည်။
ဦးသိန်းစိန်၏ ပြောဆိုချက်အား မြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်နေကြသူများက ကြိုဆိုလိုက်သည်။
သမ္မတဦးသိန်းစိန်သည်ပြည်သူလူထု၏အသံကိုအလေးထားမည်ဟုပြောဆိုခဲ့သည့်အတိုင်း လုပ်ဆောင်ခြင်းဖြစ်သည့်အပြင်ဤဆုံးဖြတ်ချက်သည်ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးသိန်းစိန်တို့တွေ့ဆုံမှု၏ ရလဒ်တခုဟုလည်းယူဆနိုင်ကြောင်းဧရာဝတီရှင်သန်ရေးအဖွဲ့ကိုဦးဆောင်သူတဦးဖြစ်သောကိုမြတ်သူက ဧရာဝတီသတင်းဌာနကို ပြောသည်။
စီမံကိန်းကြောင့်သဘာဝပတ်ဝန်းကျင်ပျက်စီးကာဧရာဝတီမြစ်ကြီးတိမ်ကောပပျောက်သွားမည်ဟု ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ထောက်ပြ ကန့်ကွက်နေကြပြီးလူထုလှုပ်ရှားမှု တချို့ပင် ဖြစ်ပေါ်ခဲ့သည်။
ဒေါ်လာ၃ဒသမ၆ဘီလီယံကုန်ကျမည့်မြစ်ဆုံစီမံကိန်းအား၂၀၀၆ခုနှစ်တွင်စာချုပ် ချုပ်ဆိုခဲ့ပြီး တရုတ်နိုင်ငံက ဦးဆောင်တည်ဆောက်နေခြင်းဖြစ်သည်။စီမံကိန်းပြီးစီးပါကလျှပ်စစ်မဂ္ဂါဝပ်၆၀၀၀ပမာဏ ထုတ်လုပ်နိုင်မည်ဖြစ်ကာ ထိုအထဲမှ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် သဘောတူထားသည်။
ဒေသခံပြည်သူ၁၂၀၀၀၀န်းကျင်အထိပြောင်းရွှေ့ပေးရသည့်စီမံကိန်းများရပ်တန့်ရန်တောင်းဆိုခဲ့သည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ရာ ဒေသများတွင်ယခုနှစ်ဇွန်လအတွင်းမှ စတင်၍ တိုက်ပွဲများ အဆက်မပြတ်နေသည်။
သမ္မတဦးသိန်းစိန်၏ယနေ့ပြောဆိုချက်နှင့်ပတ်သက်၍ကချင်လက်နက်ကိုင်အဖွဲ့၏ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က“ရပ်ဆိုင်းထားမယ်ဆိုတာကိုကြိုဆိုပါတယ်၊ဒါပေမယ့်တနှစ်ရပ်တာလား၊ဘယ်လောက် ရပ်ဆိုင်းတာလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ၊ကျနော်တို့ကအပြီးအပိုင်ရပ်ဆိုင်းတာကိုပဲ လိုလားပါတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။
“အလွှာအသီးသီးကပြင်းပြင်းထန်ထန်ကန့်ကွက် ဖိအားပေးနေကြတဲ့အတွက် သမ္မတက အလျော့ပေးတာလဲ ဖြစ်နိုင်ပါတယ်” ဟု ဦးလနန်က ဆိုသည်။
မြစ်ဆုံဆည်စီမံကိန်းရပ်တန့်ရေးဆောင်ရွက်နေသည့်သူများကလည်း၎င်းတို့၏Facebook စာမျက်နှာများတွင်သမ္မတ၏ပြောဆိုချက်အားကြိုဆိုကြောင်းရေးသားထားကြရာထိုအထဲတွင် ကာတွန်းဆရာအော်ပီကျယ်၊ ကချင် ခေါင်းဆောင်ဟောင်း ဒေါက်တာ မနန်တူးဂျာ၊ စာရေးဆရာ မောင်ဝံသ စသည့် ပုဂ္ဂိုလ်များ ပါဝင်သည်။

မြန်မာဘောလုံးအဖွဲ့ချုပ်ကို FIFA အရေးယူ

ရန်ပိုင် Friday, 30 September 2011 18:24
.ကမ္ဘာ့ဖလားခြေစစ်ပွဲမြန်မာ-အိုမန်ပွဲစဉ်တွင်မြန်မာပရိသတ်တချို့၏ရမ်းကားမှုကြောင့်ပွဲဖျက်သိမ်းလိုက်ရ ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ကိုကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က အရေးယူလိုက်ပြီ ဖြစ်သည်။
မြန်မာပရိသတ်တချို့၏ပစ်ခတ်တိုက်ခိုက်မှုကိုကွင်းအတွင်းရှိအိုမန်အသင်းအရံကစားသမားများ တိမ်းရှောင်နေရပုံ (ဓာတ်ပုံ-ဧရာဝတီ)
ထိုဖြစ်ရပ်အတွက်FIFAကမြန်မာဘောလုံးအသင်းကိုရုရှားနိုင်ငံတွင်ပြုလုပ်မည့်၂၀၁၈ခုနှစ်ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်လိုက်ပြီးဒဏ်ငွေအဖြစ်ဆွစ်ဖရန့်၂၅၀၀၀ (ဒေါ်လာသုံးသောင်းခန့်)ချမှတ်ခဲ့သည့်အပြင်ကြားနာမှုအတွက်တရားစရိတ်ဆွစ်ဖရန့်၂၀၀၀ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း ယနေ့ထုတ် AFP သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည်ဇူလိုင်လအတွင်းက၂၀၁၄ကမ္ဘာဖလား ခြေစစ်ပွဲတွင် အိမ်ရှင် မြန်မာအသင်းက အိုမန်အသင်းအား ၂ ဂိုးပြတ်ရှုံးနိမ့်စဉ်မြန်မာပရိသတ်တချို့ကကွင်းအတွင်းခဲများ၊ရေဗူးများ၊သံချွန်များ၊ထီး၊ဖိနပ် အစရှိသည့်တို့နှင်ပစ်ပေါက်ခဲ့သည့်အတွက်ပွဲဖျက်သိမ်း ခဲ့ရသော အဖြစ်အပျက်နှင့် ပတ်သက်၍ FIFAက အရေးယူလိုက်ခြင်းဖြစ်သည်။
ထိုသို့ ပရိသတ်တချို့၏ ရမ်းကားမှုကြောင့် အိုမန်ဘောလုံးသမားများနှင့် နည်းပြတချို့ ထိခိုက် ဒဏ်ရာရကာ ပွဲကို ရပ်ဆိုင်းခဲ့ရပြီး FIFA မှ တာဝန်ရှိသူများက အိုမန်အသင်းအား အနိုင်ပေးခဲ့သည်။
အရေးယူမှုနှင့် ပတ်သက်၍ ဧရာဝတီမှ MFF သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

KIAနှင့်အစိုးရတိုက်ပွဲပိုမိုတိုးပွားလာ

သန်းထိုက်ဦး Friday, 30 September 2011 18:37
.အစိုးရတပ်နှင့်ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အကြားတိုက်ခိုက်မှုများရှမ်းနှင့်ကချင်ဒေသတွင်ပိုမို တိုးပွားလာကြောင်းKIAကပြောသည်။
တိုက်ပွဲများကကချင်ပြည်နယ်မိုးညှင်းမြို့ရှိငှက်ပျောတောကျေးရွာ၊မံစီမြို့အနီးအနားအထိ ဖြစ်ပွားလာနေကြောင်းကချင်လွတ်လပ်ရေးအဖွဲ့(KIO)တွဲဖက်အထွေထွေအတွင်းရေးမှူးဦးလနန်ကဧရာဝတီကို ပြောသည်။
ဇွန်လ၃၀ရက်နေ့တွင်သေဆုံးသွားသောစစ်ပြေးဒုက္ခသည်ကလေးတဦးကိုသဂြိုင်္လ်ရန်ဇူလိုင်၁ရက်နေ့က လိုင်ဇာဒေသတွင်ပြင်ဆင်နေသောမြင်ကွင်းတခု(ဓာတ်ပုံ-ဧရာဝတီ)
KIA၏အမှတ်၎တပ်မဟာလှုပ်ရှားခွင်ဖြစ်သည့်ရှမ်းပြည်နယ်၊မူဆယ်မြို့နယ်ရှိပန်ဆိုင်း၊တာမိုးညဲစသည့်ဒေသ များတွင်လည်းတိုက်ပွဲများဖြစ်ပွားနေကြောင်းဦးလနန်ကပြောသည်။
“တပ်မဟာ၎ဘက်မှာတော့တိုက်ပွဲဟာလုံးဝကျယ်ပြန့်သွားပြီးအစိုးရတပ်ဖွဲ့တွေရှိတဲ့နေရာတွေကိုကျနော်တို့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေကပြန်တိုက်နေကြတယ်” ဟုဦးလနန်ကဧရာဝတီကို ပြောသည်။
တပ်မဟာ၎ဒေသသည်စက်တင်ဘာလ ၂၃ ရက်နေ့မှစတင်၍ အပြင်းအထန်ထိုးစစ်ဆင်ခံရခြင်း ဖြစ်သည်။
ယမန်နေ့ကကချင်ပြည်နယ်လိုင်ဇာဒေသသို့ ဦးတည်လာသောအစိုးရတပ်တို့နှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ KIA ဒေသသီးသီးကို စစ်ရေးပြင်ဆင်မှု တိုးလာသည်ဟု ဆိုသည်။
“မြစ်ကြီးနားကနေပြီတော့ရွှေညောင်ပင်ဘက်ကိုသူတို့တပ်အင်အားဖြည့်တာရှိတယ်၊နောက်ပြီးတော့ မြစ်ကြီးနားကနေဧရာဝတီမြစ်လမ်းကြောင်းဆင်းပြီးတာလောကြီးဘက်က၀င်လာဖို့ရှိတယ်၊ဗန်းမော်မြို့ အနောက်ဘက်ခြမ်အဲဒီကနေလည်းတက်လာဖို့အစီအစဉ်ရှိတယ်၊ဒါကိုကြည့်ခြင်းအားဖြင့်သူတို့တပ် ဦးတည်လာတာကို စုလိုက်ရင် ကျနော်တို့ဘက်ကို ဖြစ်နေတယ်” ဟု ဦးလနန်က ရှင်းပြသည်။
KIA ဘက်ကလည်း ကြိုတင် ပြင်ဆင်ထားကြောင်း သူက ပြောသည်။
“လိုင်ဇာဒေသကိုဝင်လာမယ်ဆိုရင်ဒီဒေသတော့သူတို့အတွက်သတ်ကွင်းဖြစ်သွားပါလိမ့်မယ်၊သူတို့ သိမှာပါ။ ဒါကြောင့်မို့သူတို့ကအဝေးကနေလက်နက်ကြီးတွေကိုအားကိုးပြီးတော့ပစ်ကြမယ်လို့ထင်တယ်”ဟု ဦးလနန်က ဆိုသည်။
KIAကတိုက်ပွဲအခြေအနေများ၊၎င်းတို့၏သဘောထားများကိုသတင်းဌာနများသို့ပြောဆိုနေချိန်တွင်အစိုး ရက စစ်သတင်းကို အမှောင်ချထားသည်။
နှစ်ဖက် အကျအဆုံး စာရင်း၊ ထွက်ပြေးနေရသည့် ဒေသခံ အရေအတွက်တို့ကို မသိရှိရသေးပေ။

donderdag 29 september 2011

ပါတီမှတ်ပုံတင်ရေးထည့်သွင်းစဉ်းစားကြောင်းNLDပြော

ထွန်းထွန်း ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၃၅ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။အစိုးရအနေဖြင့်အပြောင်းအလဲများပြုလုပ်လာမည်ဆိုပါကပါတီတရားဝင်ရပ်တည်ရေး အတွက်မှတ်ပုံတင်သွားရန်ထည့်သွင်းစဉ်းစားထားကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပြောခွင့်ရ
ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
“အစိုးရရဲ့အပြောင်းအလဲကိုစောင့်နေပါတယ်။မှတ်ပုံတင်ရေး၊မတင်ရေးကကြိုတင်ဆုံးဖြတ်ချက်မရှိပါဘူး။ ကျနော်တို့အခြေအနေတခုပေါ်လာရင်တော့ဆုံးဖြတ်ဖို့အကြောင်းရှိပါတယ်။ဘယ်လိုအခြေအနေဆိုတာ
လောလောဆယ် ကျနော် မပြောနိုင်သေးပါဘူး” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
နိုဝင်ဘာရွေးကောက်ပွဲအပြီးလွှတ်တော်ရှိလာချိန်မှစ၍ ပါတီပြန်လည် မှတ်ပုံတင်ရေးနှင့် ပတ်သက်၍ ပါတီ
ခေါင်းဆောင်များအကြားဆွေးနွေးတိုင်ပင်မှုများရှိနေပြီးမည်သည့်ကိစ္စများပါဝင်သည်ကိုမူထုတ်ဖော် ပြောဆိုခြင်း မရှိပေ။
အစိုးရအနေဖြင့်အပြောင်းအလဲများပြုလုပ်လာမည်ဆိုပါကတရားဝင်ပါတီရပ်တည်ရေးအတွက် မှတ်ပုံတင်သွားရန်ထည့်သွင်းစဉ်းစားထားကြောင်းရှေ့နေကြီးဦးဉာဏ်ဝင်းပြော(မဇ္ဈိမ)
လက်ရှိ အစိုးရအနေဖြင့်ပြောင်းလဲမှုများပြုလုပ်နေပြီကိုလက်ခံထားကြောင်းနှင့်အရေးကြီးသည့် ပြုပြင်ပြောင်းလဲမှု များကိုမူ ဆောင်ရွက်ခြင်း မရှိသေးဟုNLDက ရှုမြင်ထားသည်။
“ဒါထူးခြားမှုပါပဲ။ဘာထူးခြားလဲဆိုတာကျနော်တို့မပြောနိုင်သေးပါဘူးဗျာ။ပြောနိုင်တဲ့အချိန် ပြောပေးပါမယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
NLDမှာ၁၉၉ဝရွေးကောက်ပွဲတွင်အမတ်နေရာ၈၂ရာခိုင်နှုန်းဖြင့်အနိုင်ရရှိခဲ့သော်လည်းအာဏာသိမ်းစစ်အ စိုးရမှလွှတ်တော်ခေါ်ယူခြင်း မရှိသည့်အပြင် ပါတီဝင်များအား ဖိနှိပ်ချုပ်ခြယ်မှုများ၊ ဖမ်းဆီးမှုများ ပြုလုပ်
ခဲ့သည်။
စစ်ဗိုလ်ချုပ်များစိတ်ကြိုက်ရေးဆွဲခဲ့သည်ဟုဆိုကြသည့်၂ဝဝ၈အခြေခံဥပဒေနှင့်၂ဝ၁ဝရွေးကောက်ပွဲ ဥပဒေများကိုမျှတမှုမရှိဟုဆိုကာNLDပါတီက၂ဝ၁ဝရွေးကောက်ပွဲဝင်ရန် ပါတီမှတ်ပုံတင်ခြင်းမပြုလုပ်ခဲ့ဘဲ တရားဝင် ပါတီဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သို့သော်NLDမှာပြန်လည်လျှောက်ထားခြင်းမရှိသည့်အတွက်တရားဝင်မှုပျက်ပြယ်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၄ ရက် နေ့တွင် ကြေညာခဲ့သည်။
ယင်းသို့ကြေညာအပြီးပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကဆက်လက်၍တရားဝင် ရပ်တည်ခွင့်ရှိကြောင်းအယူခံတင်သွင်းမှုများကိုယ်တိုင်လက်မှတ်ရေးထိုးကာတရားရုံးမှအဆင့်ဆင့် လျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။
“နိုင်ငံရေးဟာသူ့အချိန်အခါ၊အခြေအနေနဲ့လက်တွေ့ကျကျသုံးသပ်ဖို့လိုပါတယ်။ကျနော်တို့ မဆုံးဖြတ်ရသေး
ပါဘူး။ ကျနော်တို့ လက်တွေ့ကျကျ သုံးသပ်ပြီး ဆုံးဖြတ်သွားမှာပါ” ဟု ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဆိုသည်။
ယခုကဲ့သို့စဉ်းစားမှုနှင့်ပတ်သက်၍ပါတီထောက်ခံသူများအကြားသဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာနိုင်သော်လည်းပြည်သူ့အကျိုးအားလက်တွေ့ကျကျဆောင်ရွက်မည်ဖြစ်ကြောင်းနှင့်ပါတီ မှတ်ပုံတင် ဖြစ်ပါက အခြားသော ပါတီများနှင့်လည်း ပူးပေါင်း လုပ်ကိုင်သွားမည် ဖြစ်သည်။
မည်သည့်အချိန်တွင်ဆုံးဖြတ်ချက်ချနိုင်မည်ကိုမူမပြောဆိုနိုင်သေးသော်လည်း “ကျနော်တို့ကဆုံးဖြတ်ချက် ချပြီးရင် ချက်ချင်းလုပ်မှာပဲ” ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။
တိုက်ဆိုင်စွာပင် စက်တင်ဘာလ ၃ဝ ရက်နေ့ (သောကြာနေ့) တွင်လည်း ပါတီ အထွေထွေ အတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည်မှာ အစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
အစိုးရသစ်တက်လာပြီးတတိယကြိမ်မြောက်တွေ့ဆုံမှုကိုရန်ကုန်မြို့စိမ်းလဲ့ကန်သာဧည့်ဂေဟာတွင် နေ့လယ် ၁ နာရီ၌ ပြုလုပ်မည်ဖြစ်ကာ မည်သည့်ကိစ္စများ ဆွေးနွေးသွားမည်ကိုမူ မသိရသေးပေ။
“အရင်တွေ့ဆုံပွဲတွေရဲ့အဆက်ပဲဖြစ်ပါလိမ့်မယ်။ကျနော်တို့အမျိုးသားရင်ကြားစေ့ရေးအတွက်ခြေလှမ်းလှမ်း နိုင် မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။
သြဂုတ်လ ၁၂ ရက်နေ့ နောက်ဆုံးတွေ့ဆုံခဲ့ရာတွင်မူ “တိုင်းပြည်တည်ငြိမ်ရေးအတွက် အစိုးရနှင့် ပူးပေါင်း
ဆောင်ရွက်ရေး”၊ “ဒီမိုကရေစီထွန်းကားရေးနှင့် စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ဖွံ့ဖြိုးစေရန် အပြုသဘော ပူးပေါင်းရေး”များ ဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် “အပြန်အလှန်ကူညီသောပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရန်”နှင့် “တွေ့ဆုံမှုများ ဆက်လက်ပြုလုပ်သွားရန်”ကိစ္စများကိုပါ ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံမှုအပြီး ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေငြာချက်၌ ပါရှိသည်။
ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးအဖြစ်၂ဝဝ၇အောက်တိုဘာတွင်းက ခန့်အပ်ခဲ့ခြင်းဖြစ်ကာယနေ့ အချိန်အထိ ၁၁ ကြိမ်မြောက် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။





လက်နက်မှောင်ခိုမဟုတ် ဟု ဦးတေဇပြောပြီ

ရန်ပိုင် Thursday, 29 September 2011 18:50
.လက်နက်မှောင်ခိုရောင်းဝယ်မှုကြောင့်ချမ်းသာလာခြင်းမဟုတ်ကြောင်းမြန်မာပြည်၏အချမ်းသာဆုံး စီးပွား ရေးလုပ်ငန်းရှင်ဦးတေဇကအမေရိကန်နိုင်ငံနယူးယောက်အခြေစိုက်FORBESASIAမဂ္ဂဇင်းနှင့် တွေဆုံမေး မြန်းခန်းတွင်ပြောဆိုလိုက်သည်။

                    မြန်မာပြည်၏အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်ဦးတေဇ(ဓာတ်ပုံ-FORBESASIAမဂ္ဂဇင်း)
လက်ရှိစင်ကာပူနိုင်ငံတွင်နေထိုင်နေသည့် ဦးတေဇကForbesမဂ္ဂဇင်း သတင်းထောက် SimonMontlake ကိုကြယ်ငါးပွင့်အဆင့်ရှိမရီနာဘေးလ်ဟိုတယ်တွင်လက်ခံတွေဆုံကာ အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ် သည်။
အဆိုပါ တွေ့ဆုံခန်းတွင် ဦးတေဇကအနောက်နိုင်ငံအစိုးရများပြောဆိုနေသကဲ့သို့လက်နက်ကုန်သည် တဦး မဟုတ်ကြောင်း၊ လူအများက၎င်းကိုဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သားမက်အဖြစ်ပြောဆိုနေမှုသည်လည်းကော လာဟလများသာဖြစ်၍ မမှန်ကန်ကြောင်း ငြင်းဆိုသွားသည်။
“လက်နက်ကုန်သည်မဟုတ်ဘူး။ဟယ်လီကော့ပတာတမျိုးပဲစစ်တပ်ကိုရောင်းတာ။ ကျည်ဆန်တွေ သေနတ် တွေဘယ်တော့မှ အရောင်း အ၀ယ်မလုပ်ဘူး။ ဗိုလ်ချုပ်မှူးကြီး သားမက်လည်း မဟုတ်ခဲ့ဘူး” ဟု ဦးတေဇက အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။
ယခင်စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက် ရှမ်းကြီးမြင့်ဆွေဟု လူသိများသည့် ဒု ဗိုလ်မှူး ကြီးမြင့်ဆွေ၏ ဒုတိယ သားဖြစ်သည်။
ဒဿမတန်းအောင်မြင်ပြီးနောက် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သော်လည်း တတိယနှစ်တွင် ပြည်ခရိုင် ကြို့ပင်ကောက်မြို့ ထူး ဆန်စက်ပိုင်ရှင် ဒေါ်ထူး၏ သမီး ဒေါ်သီတာမြင့်နှင့် လက်ထပ်ခဲ့သည်အတွက်စစ်တ က္ကသိုလ်မှထွက်ခဲ့ရသည်။
ဦးတေဇသည် ကျောင်းမှ ထွက်ပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ကာ စီးပွားရေးလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ၎င်းလည်းပါဝင် ဆန္ဒပြခဲ့ကြောင်း အဆိုပါ မဂ္ဂဇင်း တွင် ဖော်ပြထားသည်။
“၈၈ ဆိုတာ ကျနော်တို့ မျိုးဆက်လေ။ အဲဒီတုန်းက လမ်းပေါ်ထွက်ဆန္ဒပြခဲ့တာပေါ့” ဟု သူက ဆိုသည်။
၁၉၈၉ခုနှစ်မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်အချ မခံရမီက သွားရောက်ခဲ့သည့် နယ်ခရီးစဉ်များတွင် ၎င်းပိုင် မော်တော်ကားကို ပေးအပ် အသုံးပြုစေခဲ့ကြောင်းလည်း ဦးတေဇက ပြောသည်။
၁၉၉၄-၉၅ ခုနှစ်ခန့်တွင် ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက်၌ ထူးကုမ္ပဏီကို တည်ထောင်ကာ ထိုင်း- မြန်မာ နယ်စပ် မြိတ်- ထားဝယ် ဒေသ၌ သစ်ကွက်များကို လေလံဆွဲ၍ သစ်ထုတ်လုပ်ရေးလုပ်ငန်း စတင် လုပ်ဆောင်ခဲ့သည်။
၂၀၀၇ ခုနှစ်တွင်မူ သစ်ထုတ်လုပ်ခြင်း လုပ်ငန်းကို ရပ်ဆိုင်းခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှု များပြားလာသည့်အတွက် ထိန်းသိမ်းရန် လိုအပ်လာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယခုအခါ ဦးတေဇသည်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်များတွင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
စင်ကာပူနိုင်ငံတွင်သာအနေများသည့်ဦးတေဇသည်ထူးကုမ္ပဏီကိုတဦးတည်းပိုင်အဖြစ်မှ ကုမ္ပဏီအရာရှိ ကြီးများကိုပါရှယ်ယာပိုင်ဆိုင်စေသည့်ကော်ပိုရေးရှင်း သဘော ဖွဲ့စည်းကာ လုပ်ငန်းများကို စိတ်ချရသည့် ၀န်ထမ်းများဖြင့် လွှဲအပ်ထားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနားယူပြီးနောက်ပိုင်းကာလသမ္မတဦးသိန်းစိန်လက်ထက်တွင် ဦးတေဇတဦးတည်း ကိုလုပ်ပိုင်ခွင့်များချထားပေးခြင်းမရှိတော့ဘဲ၊တခြားသောစီးပွားရေးလုပ်ငန်းရှင်ကြီးများဖြစ်သည့် အေးရှားဝေါလ်ကုမ္ပဏီပိုင်ရှင်ဦးထွန်းမြင့်နိုင်၊မက်စ်မြန်မာဦးဇော်ဇော်၊ဦးအောင်ကိုဝင်း၊ဒေါက်တာကိုကိုကြီး၊ ဒဂုံအုပ်စုမှ ဦးဝင်းအောင် စသည့်လုပ်ငန်းရှင်များကိုပါ လုပ်ငန်းများ ခွဲဝေလုပ်ကိုင်ခွင့်ပြုထားသည်။
“ကျနော်တို့က စီးပွားရေးမှာ တရားသဖြင့် ပြိုင်ဆိုင်ရတာကို သဘောကျတယ်။ အဲဒီလိုမျိုးပဲ ပြိုင်ချင်တယ်” ဟု ဦးတေဇက သတင်းထောက်ကို ဆက်လက်ပြောဆိုသည်။
Forbesမဂ္ဂဇင်းသတင်းထောက်ကထူးကုမ္ပဏီ၏ တနှစ်ဝင်ငွေ၊အကျိုးအမြတ်၊ရှယ်ယာအများဆုံး ပိုင်ဆိုင် သည့် ဥက္ကဋ္ဌတဦး၏တနှစ်ဝင်ငွေစသည့် အသေးစိတ်မေးမြန်းချက်များကိုမူဦးတေဇကဖြေဆိုရန် ငြင်းဆန် ခဲ့သည်။
ထိုကြောင့်မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းကြီးအများစုသည်ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့်ပတ်သက်၍ ထုတ်ပြန် ကြေညာခြင်း မရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ မည်မျှ ချမ်းသာကြွယ်သည်ကိုလည်း ထုတ်ဖော် ပြောဆိုလေ့မရှိကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ကောက်ချက်ချ ရေးသားထားသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက ရန်ကုန်မြို့၌အီတလီသတင်းထောက်တဦးနှင့်တွေဆုံမေးမြန်းခန်းတွင်မူ ၎င်းပိုင် ဆိုင်သည့် ထူး ကုမ္ပဏီသည်တနှစ်လျှင်အမေရိကန်ဒေါ်လာသန်း ၅၀၀ခန့်ဝင်ငွေရှိသည်ဟုပြောဆိုခဲ့ဖူး သည်။
မကြာသေးမီကWallStreetဂျာနယ်၏အင်တာနက်စာမျက်နှာတွင်လည်း အရှေ့တောင်အာရှရှိ အချမ်းသာ ဆုံး ပုဂ္ဂိုလ် ၃၀ ဦး၌ ဦးတေဇသည် အဆင့် ၁၂ တွင်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော် ပြီးခဲ့သည့် မေလအတွင်း ပြည်ပမှ စားအုန်းဆီ တင်သွင်းဖြန့်ဖြူးခွင့်နှင့် ပတ်သက်၍ ဦးတေဇ တဦးတည်းသာ တင်သွင်းခွင့် ပေးထားသည်ကို အစိုးရက ရုတ်သိမ်းခဲ့သည့်နောက်ပိုင်း ဦးတေဇ၏ ဥစ္စာဓန ကြွယ်ဝ ချမ်းသာမှုသည် တဖြည်းဖြည်း ကျဆင်း လာကြောင်း၊ ထိုအတွက် ၎င်းပိုင်ဆိုင်သည့် ဟိုတယ်များကို ရောင်းချနေကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။
လက်ရှိ ဦးတေဇပိုင်ထူးကုမ္ပဏီ၌၀န်ထမ်းပေါင်း၎သောင်းဖြင့် လည်ပတ်နေပြီး ဦးတေဇသည် ၀န်ထမ်းများ၏ အကျိုးခံစားခွင့်ကိုအပြည့်အ၀ပေးထားကြောင်း၊ပထမဆုံး မြန်မာအမျိုးသမီးလေယာဉ်မောင်း တဦးအပါအ၀င် ရာနှင့်ချီသည့်ဝန်ထမ်းကောင်းများကိုနိုင်ငံခြားပညာတော်သင်အပါအ၀င်ခရီးစဉ်များကိုလည်း စီစဉ်ပေး သည့်အတွက် ၀န်ထမ်းများ အကြား နာမည်ကောင်း ရရှိနေကြောင်း သိရသည်။
မူရင်းအင်တာဗျူးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
http://www.bur.irrawaddy.org/index.php/news/7452-2011-09-29-11-54-20

ရန်ကုန်ရေဘေးကြောင့်မြွေပူရာကင်းမှောင့်

ခိုင်သွယ် Thursday, 29 September 2011 17:24
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ယမန်နေ့ကရန်ကုန်မြို့တွင်းမြို့နယ်အများစုတွင်ရေကြီးရေလျှံခဲ့ပြီးနေအိမ် များအတွင်းရေနှင့်အတူအဆိပ်ရှိသတ္တဝါများမျောပါလာသောကြောင့်လူအများသတိထားနေရကြောင်း ဒေသခံများထံမှ သိရသည်။

ရန်ကုန်တာမွေအဝိုင်းလေးတွင်ယမန်နေ့ကရေကြီးနေသည့်မြင်ကွင်း(ဓာတ်ပုံ-ဧရာဝတီ)
ရန်ကုန်မြို့ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊လှိုင်သာယာမြို့နယ်၊ရွှေပြည်သာမြို့နယ်၊မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊သာကေတမြို့နယ်၊မြောက်ဥက္ကလာပမြို့နယ်နှင့်တောင်ဥက္ကာလာပမြို့နယ်များရှိ လူနေရပ်ကွက်တချို့တွင်ရေကြီးရေလျှံခဲ့ပြီးကျောင်းတချို့ပိတ်လိုက်ရကြောင်း၊နေအိမ်များထဲသို့ ရေနှင့်အတူမြွေများ၊ကင်းများစသည့်အဆိပ်ရှိသတ္တ၀ါများဝင်လာသောကြောင့်နေအိမ်ထဲများထဲတွင် သဲအိတ်များခင်းပြီးသတိဖြင့်သွားလာနေထိုင်နေရကြောင်း အရှေ့ဒဂုံမြို့နယ်ရပ်ကွက် ၁၀၈ တွင် နေထိုင်သူ ဦးဖုန်းမြင့်က ပြောသည်။
“ဘေးအိမ်က အဘွားနဲ့ ကလေးတွေကို ကုတင်ပေါ်မှာပဲ တနေကုန် ထိုင်ခိုင်းထားရတယ်။ မီးဖိုဆောင်ရော၊ အိပ်ခန်းတွေထဲပါ ရေ၀င်တော့ လူတွေ နေစရာမရှိဘူး။ ဆိုးတာက ရေနဲ့အတူ မြွှေတို့ ကင်းတို့ပါလာတာပဲ” ဟု သူက ဆိုသည်။
ဒဂုံမြို့သစ်တောင်ပိုင်း၁၉ရပ်ကွက်၊အမှတ်၅၀၂ နံ့သာမြိုင်လမ်းတွင်နေထိုင်သောမီးသတ်တပ်ဖွဲ့ဝင် မောင်ဝေယံဇော်ဆိုသူမှာရေမြောင်းများအားရှင်းလင်းရင်း ရေစီးဖြင့်မျောပါသွားခဲ့ကြောင်း၊၎င်းကို ဒဂုံမြို့သစ်တောင်ပိုင်း ၂၆ ရပ်ကွက်တွင်နေထိုင်သူအသက်၁၇ နှစ်အရွယ် အရန်မီးသတ်တပ်ဖွဲ့ဝင် တဦးက ကယ်တင်လိုက်သောကြောင့် အသက်အန္တရာယ်မှ လွတ်ကင်းခဲ့ကြောင်း ကြားသိရသည်။
“မိုးရွာပြီးရေလျှံတော့ကျနော်တို့အရန်မီးသတ်တပ်ဖွဲ့ဝင်တွေကရေမြောင်းတွေထဲကအမှိုက်တွေကိုလိုက် ဆယ်ပေးရင်းမြောင်းထဲကျသွားတာပါ။ကယ်ဆယ်တဲ့သူရှိလို့အသက်မသေဆုံးရတာ”ဟုတာဝန်ခံ မီးသတ်ရဲဘော်က ဆိုသည်။
မိုးစရွာသည်နှင့်ဒဂုံမြို့သစ်မြောက်ပိုင်း၊တောင်ပိုင်းနှင့်အရှေ့ဒဂုံမြို့နယ်အတွင်းရှိလူနေရပ်ကွက်များ၊ လမ်းများအားလုံးနီးပါးမှာရေမြုပ်ပြီး နေအိမ်များအတွင်းသို့ ရေ၀င်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ဒဂုံမြို့သစ်မြောက်ပိုင်း၊ဒဂုံမြို့သစ်အရှေ့ပိုင်း စသည့်ဒေသများသည် ငမိုးရိပ်ချောင်းနှင့် နီးသော်လည်း ရေထုတ်မြောင်းများပိတ်နေသောကြောင့် ရေစီးဆင်းနိုင်ခြင်းမရှိဘဲ လူနေရပ်ကွက်များအတွင်းသို့ ရေများ ၀င်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ ရေထုတ်မြောင်းတွေ ပိတ်ပြီး မိုးရွာတဲ့အချိန် ရေတွေက လမ်းတွေမှာလျှံတက်လာတာ။ အိမ်ဝန်းတွေထဲ ရေတွေဝပ်ပြီး ခြင်တွေကလည်း ပေါတော့ ကလေးတွေလည်း ခဏခဏ ဖျားကြတယ်” ဟု ဒေသခံ တဦးဖြစ်သူ ကိုသားထွေးက ပြောပြသည်။
ရန်ကုန်မြို့လယ်တွင်လည်းမိုးရွာသွန်းချိန်အနည်းငယ်ကြာမြင့်ရုံဖြင့်လမ်းများရေလျှံခြင်း၊ နေအိမ်များအတွင်း ရေ၀င်ခြင်း ဖြစ်ပေါ်နေသောကြောင့် အစိုးရအနေဖြင့် ဖြေရှင်းပေးရန် လူအများက မျှော်လင့်နေကြသည်ဟု သူက ဆိုသည်။
“မနေ့ကမိုးရွာတော့ရေတွေကဒူးခေါင်းလောက်အထိဝင်လာတယ်။တနေကုန်ပဲရေတွေ တက်တက်လာတာ။ ရေတွေ ခပ်ထုတ်နေရတော့ ရုံးမတက်နိုင်ဘဲ ခွင့်ယူလိုက်ရတယ်” ဟု ကိုသားထွေးက ဆက်ပြောသည်။
တချို့အိမ်များမှာလမ်းများ၊ရေမြောင်းများထက်အမြင့်တွင်ဆောက်လုပ်ထားကြသော်လည်း မိုးရွာသည့်အခါ မိုးရေများမှာရေမြောင်းများနှင့် အပြည့်ဖြစ်လာပြီး လမ်းများမှတဆင့် နေအိမ်ထဲအထိ စီးဝင်လာသည်ကို တွေ့မြင်ရသည်။
“လမ်းပေါ်မှာ ရေတွေကဒူးလောက်ရောက်ပြီဆိုရင်ကျနော်တို့အိမ်ထဲရေ၀င်ပြီ”ဟု ကိုသားထွေးက ဆိုသည်။
၎င်းအိမ်ရှေ့တွင် ရေမြောင်းရှိနေသောကြောင့် ရေမြုပ်သည့်အချိန်တွင်ရေမြောင်းနေရာကို မှတ်သားကာ သတိဖြင့် သွားလာနေရကြောင်း၊ မိုးရွာသည့်အခါ ရေမြောင်းတွင်းသို့ မကြာခဏ ပြုတ်ကျကြသူများ ရှိကြောင်း သူကပြောပြသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာအနေဖြင့် ရေထုတ်မြောင်းများအား ပြန်လည်ပြင်ဆင်ခြင်း၊ အမှိုက်များ ရှင်းလင်း ဖယ်ရှားခြင်းတို့ကို မိုးတွင်းမတိုင်မီ ကတည်းက ပြုလုပ်ပေးထားသင့်သည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုနေကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်ထပ်တွေ့ကြမည်

ကိုထွေး Thursday, 29 September 2011 16:21 .
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ကိုယ်စားလှယ် အလုပ်သမားရေးရရာနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဦးအောင်ကြည်တို့သောကြာနေ့ နေ့လယ်ပိုင်းတွင် တွေ့ဆုံကြမည် ဖြစ်သည်။
ရွှေဝါရောင်လှုပ်ရှားမှုအပြီး၂၀၀၈ဇန်နဝါရီလအတွင်းဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - Getty Images)
ရန်ကုန်မြို့ရှိစိမ်းလဲ့ကန်သာနိုင်ငံတော်ဧည့်ဂေဟာ၌တတိယအကြိမ်တွေ့ဆုံဆွေးမည်ဟုအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောသည်။
ဆွေးနွေးမည့်အကြောင်းအရာကိုမသိရသေးသော်လည်းယခင်ကဆွေးနွေးသည့်ကိစ္စရပ်များကို ဆက်လက် ဆွေးနွေး နိုင်ကြောင်း သူက ခန့်မှန်းပြောဆိုသည်။
သို့သော်လည်းလေ့လာသူများကနိုင်ငံရေးအကျဉ်းသားကိစ္စ၊ပါတီမှတ်ပုံတင်ရေးကိစ္စများ ဆွေးနွေးနိုင်ကြောင်း သုံးသပ်ကြသည်။
ယမန်နှစ်နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာပြီးနောက်ဒေါ်အောင်ဆန်းစုကြည်သည် ဦးအောင်ကြည်နှင့် ၂ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပူးတွဲ ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
၎င်းတို့ ဆွေးနွေးပွဲရလဒ် တိုးတက်မှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးသည်။
တချိန်တည်းတွင် ယခု သီတင်းပတ်အတွင်း ကျင်းပသည့် ကုလသမဂ္ဂ ညီလာခံတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏ မောင်လွင်ကလည်း အကျဉ်းသားများကို မကြာမီ လွှတ်ပေးရန် ရှိသည်ဟု ပြောကြားခဲ့သည်။
ယင်းအတွက်နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များကလွတ်မြောက်ရန်မျှော်လင့်လျက်ရှိပြီး၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၊လူရွှင်တော်ကိုဇာဂနာတို့အားလွှတ်ပေးလိုက်ပြီဆိုသော ကောလာဟလများ ပျံ့နှံနေသည်။
“မနေ့ကတည်းကအဲဒီသတင်းတွေကပျံ့နေတာ။အဲဒါနဲ့မြစ်ကြီးနားအကျဉ်းထောင်ကိုဖုန်းဆက်တော့ ဟိုမှာရှိနေတုန်းပဲလို့ ပြောတယ်” ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မထွေးထွေးက ဧရာဝတီသို့ ပြောသည်။

ဇာဂနာထောင်ထဲမှာပင်ရှိနေသေး

မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၅ မိနစ် .
ရန်ကုန်(မဇ္ဈိမ)။ ။နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်ကနယူးယောက်မြို့တွင်ကျင်းပနေသည့်၆၆ကြိမ် မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတွင်မကြာခင်အကျဉ်းသားများလွတ်ပေးရန်ရှိသည်ဟုပြောကြားခဲ့
နောက်နိုင်ငံရေးအကျဉ်းသားများလည်းလွတ်လာဖွယ်ရှိသည်ဟုနိုင်ငံရေးပါတီများကလည်း မျှော်လင့်နေကြသည်။
လူပြောများနေသောကောလဟတခုကတော့ကိုသူရခေါ်ဇာဂနာသည်လည်းလွတ်လာပြီဆိုခြင်း ဖြစ်သည်။
နာဂစ်မုန်တိုင်းတိုက်ပြီးနောက်ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ရင်းထောင်ဒဏ်၃၅နှစ် ကျခံနေရသူမြစ်ကြီးနားထောင်ကြိုးတိုက်တွင်ရှိနေသောဇာဂနာ၏ခယ်မမငြိမ်းခေါ်မစန္ဒာနှင့်မဇ္ဈိမ သတင်းထောက်ကမေးမြန်း ခဲ့သည်ကို တင်ပြလိုက်ပါသည်။
-------------------------------------------------------------------------------------------------------------------------------------
ကိုဇာဂနာသာလွတ်မယ်ဆိုရင်မိသားစုအနေနဲ့ဘယ်လိုဝမ်းသာခံစားမှုမျိုးရမလဲအမ။
“အမတို့အနေနဲ့မိသားစုအနေနဲ့တော့လွတ်တယ်ဆိုရင်ပျော်ရမှာပါဒါပေမယ့်အခုသတင်းကပျံ့နေတာ နေ့တိုင်းလည်းဖုန်းတွေဖြေနေရတာပေါ့နော်။မြစ်ကြီးထောင်ကိုမေးပြီးပြီကိုသူရကထောင်မှာပဲ ရှိနေပါတယ်တဲ့။အမကတော့ကိုသူရကို၂၀၀၈ကဖမ်းကတည်းကပဲ၂၀၀၉ကစပြီးတော့စက်တင်ဘာကို ရောက်တိုင်း လွတ်လာပြီဆိုတဲ့သတင်းထွက်နေတာအခုဆိုရင်၃နှစ်ရှိနေပြီဆိုတော့ဒီစက်တင်ဘာမှ ထွက်တဲ့ သတင်းအပေါ်တော့ဘာမှမဖြစ်တော့ဘူး။ဒါပေမယ့်ကိုသူရကိုလွတ်စေချင်တယ်။မျှော်လည်း မျှော်လင့်ပါတယ်”
မိသားစုဝင်တယောက်အနေနဲ့ကိုဇာဂနာလွတ်လာပြီးနောက်ပိုင်းမှာနိုင်ငံရေးဆက်လုပ်စေချင်လား။ ဒါမှမဟုတ်အမတ်အရွေးခံစေချင်လား။
“ကိုသူရကနိုင်ငံရေးကိုဆက်လုပ်မယ်လို့အမတို့ကိုပြောဖူးတယ်။အဲဒီတော့သူကနိုင်ငံရေးကိုဆက်လုပ်မယ် လို့ပဲယူဆရတာပေါ့။”
ပါတီတခုခုကိုကော ဝင်စေချင်တာမျိုး ရှိလား။
“ကိုသူရကအရင်ကပဲပါတီနိုင်ငံရေးကိုမကြိုက်ဘူး။အဲဒီအတွက်ပါတီတခုခုမှာသူဝင်မှာမဟုတ်ဘူး။အခုအဖမ်း ခံရတာကိုကလည်းလူမှုရေးလုပ်ရင်းအဖမ်းခံရတာလေသူကလူမှုရေးကိုတောက်လျှောက်လုပ်မယ့် သဘောရှိပါတယ်။”
တကယ်လို့နောက်ထပ်ထောင်ကျတဲ့အဖြစ်မျိုးရှိခဲ့မယ် ဆိုရင် မိသားစုအနေနဲ့ ရင်ဆိုင်နိုင်ပါ့မလား။
“နောက်ထပ်ထောင်ကျတာမျိုးကိုတော့မလိုချင်တော့ဘူးပေါ့။ဒါပေမယ့်တကယ်တမ်းရင်ဆိုင်ရပြီ ဆိုရင်လည်း အမတို့ မိသားစုအနေနဲ့ ကြံ့ကြံ့ခံနိုင်စွမ်း ရှိပါတယ်။ မဖြစ်တော့ မဖြစ်စေချင်တော့ဘူးပေါ့။”
အခုထောင်ကျနေလို့ ဘာတွေထိခိုက်နစ်နာမှုတွေ ဘာတွေဖြစ်ခဲ့လဲ။
“ထိခိုက်နစ်နာမှုဆိုတော့ဒါကကိုယ်တယောက်တည်းမဟုတ်ဘူး။အကျဉ်းကျခံရတဲ့နိုင်ငံရေးအကျဉ်းသား မိသားစုတိုင်းသောကတွေဒုက္ခတွေရှိမှာပဲဒါကိုနစ်နာတယ်လို့လည်းပြောလို့မရဘူးပေါ့။နစ်နာတယ်လို့ မသုံးရက်ဘူး နိုင်ငံရေး အကျဉ်းသား မိသားစုတိုင်း အတွက်ပါ”
ကိုသူရလွတ်လာတယ်ဆိုရင်သူ့မိသားစုတွေရှိတဲ့ပြည်ပနိုင်ငံကိုသွားလို့ရနိုင်မယ့်အနေအထား ရှိလား။
“အရင်ကအစိုးရလက်ထက်ကတော့ နိုင်ငံကူးလက်မှတ် မရခဲ့ဘူး။ တကယ်လို့သာ လွတ်လာရင်တော့လည်း
ကိုသူရမှာဇနီး၊သား၊သမီးတွေကပြည်ပမှာဆိုတော့အလည်သွားရင်လည်းသွားနိုင်အောင် နိုင်ငံကူးလက်မှတ် လုပ်ကြည့်ရမှာပေါ့။ ရမယ်၊ မရဘူးတော့ မသိဘူးပေါ့နော်။”
အခု မြစ်ကြီးနားထောင်က ကိုဇာဂနာရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။
“အရင်ကအင်းစိန်အကျဉ်းထောင်မှာဆိုရင်မိသားစုနဲ့တွေ့ရင်ဆန်ခါ(ဇကာ)အပေါက်လောက်ပဲရှိတဲ့ သံဇကာ အပေါက်လေးတွေကနေလက်ထိပ်လေးတွေထိရတာမျိုးရှိခဲ့တာရယ်။ကိုသူရကိုမိသားစုနဲ့ပေးတွေ့ဖို့ ခေါ်လာရင်အိတ်နက်ကြီးကိုခေါင်းမှာစွပ်ပြီးတော့ခေါ်လာတာတွေကိုအမရဲ့အမဖြစ်တဲ့ကိုသူရဇနီးက ပြောခဲ့ဖူးတယ်။အခုတော့မြစ်ကြီးနားထောင်မှာကိုသူရနေရတာကြိုးတိုက်လို့ခေါ်တဲ့နေရာမှာ ကြိုးပေးပြီးသတ်မယ့် သူတွေကို ထားတဲ့နေရာမှာ ထားတယ်လို့ သိရပါတယ်။ နေကောင်းပါတယ်။ ခုနကပဲ မြစ်ကြီးနားထောင်နဲ့ အဆက်အသွယ်ရ တယ်။ ထောင်ထဲမှာပဲ ကိုသူရ ရှိနေပါတယ်တဲ့။ အရင်က အစားအစာတွေ ပို့တာနဲ့ စာရင်တော့ အဆင်ပြေတယ်ပဲပြောရမှာပါ။ အရင်က အစားအစာ။ ပစ္စည်းတွေကို လအလိုက်နဲ့ကန့်သက်ပြီးတော့ပို့ရတာမျိုးရှိခဲ့တယ်လေ။အခုတော့များများပို့လို့ရတာပေါ့နော် ဥပမာ တလကိုကော်ဖီမစ် အထုပ် ၃ဝ ပဲ ပို့ ရတာမျိုး ရှိခဲ့တာကနေ အခုကျတော့ အများကြီးပေါ့ အမတို့ကတော့ အရင်ထက်ပို့ပေးတယ်ပေါ့။ အဲဒါမျိုးလေးတွေတော့ ရှိတယ်။



ခရီးသွားဂျပန်အမျိုးသမီးကျောက်ပန်းတောင်းအနီးအသတ်ခံရ

ဇွဲခန့် ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၀ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။မကွေးတိုင်းကျောက်ပန်းတောင်းမြို့နယ်အနီးဂျပန်နိုင်ငံသူအမျိုးသမီးတဦးအား အဓမ္မပြုကျင့်၍သတ်ဖြတ်ခဲ့သည်ဆိုသောသံသယဖြင့်ဆိုင်ကယ်တက္ကစီသမားတဦးကိုဖမ်းဆီးထားသည်ဟု ရဲကပြောသည်။
“ဂျပန်အမျိုးသမီးကညောင်ဦးသွားချင်လို့ဆိုပြီးတော့လိုက်ပို့ရင်းနဲ့ဆိုင်ကယ်တက္ကစီသမားကနေပြီးတော့သန့်စင် ခန်းထဲမှာမုဒိမ်းကျင့်တာပေါ့နော်။ဖြစ်တဲ့နေရာကညောင်ဦးနဲ့ကျောက်ပန်းတောင်းအစပ်ပေါ့” ဟုကျောက်ပန်း တောင်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
ဗုဒ္ဒဟူးနေ့နေ့လယ်၃နာရီခွဲခန့်ကဂျပန်နိုင်ငံသူမှာညောင်ဦးမြို့သို့လှည့်လည် ကြည့်ရှုရန်အတွက်ဆိုင်ကယ် ငှားစီးလာစဉ်ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့ကြား အင်းမရွာအနီး၌ အခင်းဖြစ်ပွားခဲ့သည်ဟုဆိုသည်။
အင်းမရွာသားများမှယင်းသံသယရှိသူဆိုင်ကယ်တက္ကစီမောင်းသမားကိုမင်းသိုက်ကိုဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ရွာသားတွေကဖမ်းပြီးတော့ကြိုးနဲ့တုတ်ထားတာ။ကြိုးနဲ့တုတ်ပြီးမှပဲရဲစခန်းကိုလှမ်းအကြောင်းကြားတာ။ ရဲစခန်းကလာပြီးတော့နယ်ထိန်းတယောက်နဲ့သူနဲ့ကိုလက်ထိပ်တွဲချည်ပြီးတော့ရဲစခန်းကို ပို့တာ။ ရဲတွေ အဲဒီ အခင်းဖြစ်တဲ့နေရာကိုရောက်တဲ့အချိန်မှာအဲဒီအမျိုးသမီးကသေနေပြီ။ဓါးနဲ့ထိုးသတ်တာ”ဟုအင်းမရွာမှ ထမင်းဆိုင်ပိုင်ရှင် တဦးက မဇ္ဈိမကို ပြောသည်။
ကိုမင်းသိုက်ကိုကျောက်ပန်းတောင်းမြို့နယ်ရဲစခန်းတွင်ပုဒ်မ၃ဝ၂၊လူသတ်မှုဖြင့်အမှုဖွင့်ထားပြီး သေဆုံးသူ၏နောက်ကြောင်းနှင့် ပတ်သက်၍ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။
သေဆုံးသွားသူဂျပန်အမျိုးသမီးနှင့်ပတ်သက်၍မည်သူမည်ဝါ ဖြစ်ကြောင်းကို ရဲစခန်းမှ အတည်မပြုနိုင်သေး
သော်လည်း AFPသတင်းတရပ်တွင်မူ မစ္စစ် ChiharuShiramatsu ဖြစ်သည်ဟုဖော်ပြထားပြီးအသက်၃၁ နှစ်အရွယ် ရှိသည်။





woensdag 28 september 2011

ဘုရားသုံးဆူတွင်အခမဲ့ဆေးစစ်

ဧရာဝတီ Wednesday, 28 September 2011 12:06
.ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်၊ဘုရားသုံးဆူဒေသမှအလုပ်သမား၃၀၀၀ခန့်ကိုထိုင်းနယ်စပ်အာဏာပိုင် တို့နှင့်နိုင်ငံတကာကူညီကယ်ဆယ်ရေးအသင်းများကတနင်္လာနေ့မှ စတင်ပြီး ရောဂါရှာဖွေ စမ်းသပ်မှု အခမဲ့ ပြုလုပ်ပေးလျက်ရှိသည်။

“ဒီအစီအစဉ်ကတပတ်ကြာပါလိမ့်မယ်။တရက်ကိုအလုပ်သမား၆၀၀နှုန်းစစ်ဆေးပေးမှာပါ။ကူးစက်ရော ဂါတွေထိုင်းနိုင်ငံထဲပြန့်ပွားမှာကိုကာကွယ်တဲ့အနေနဲ့ဒီအစီအစဉ်ကိုလုပ်နေတာပါ”ဟု ရောဂါရှာဖွေ စမ်းသပ်သည့် အစီအစဉ်တွင် ပါဝင်သူ အရာရှိတဦးဖြစ်သည့် Mr. Chuit Nakthongkham က ပြောသည်။
“တကယ်လို့အလုပ်သမားတယောက်မှာကူးစက်ရောဂါရှိတယ်ဆိုပါစို့။အဲဒါဆိုရင်သူ့ကို အလုပ်ခဏနားခိုင်းဖို့ အလုပ်ရှင်ကိုပြောမယ်။ပြီးတော့ကုသမှုခံယူရမယ်”ဟု Mr.ChuitNakthongkhamက ဧရာဝတီကို ပြောသည်။
American Refugee Committee (ARC) က အခမဲ့ ကုသပေးမည်ဟု သူက ရှင်းပြသည်။
“တနေ့တုန်းကကျန်းမာရေးဆေးစစ်တဲ့အခါမှာအဆုတ်ရောဂါဖြစ်တာ၎ယောက်ရှိတာတွေ့ရတယ်”ဟု ရောဂါရှာဖွေစမ်းသပ်သည့်အစီအစဉ်တွင်ပါဝင်ကူညီသည့်ဘုရားသုံးဆူမှရပ်မိရပ်ဖတဦးဖြစ်သူ နိုင်လရီရတ်က ပြောသည်။
ယမန်နေ့နေ့လယ်ပိုင်းအထိစစ်ဆေးချက်အရကူးစက်ရောဂါထပ်မံတွေ့ရှိခြင်းမရှိကြောင်းသူက ဆက်ပြောသည်။
“အလုပ်သမားတွေကူးစက်ရောဂါရှိလို့မဖြစ်ဘူး။အဲဒါ သူတို့ (ထိုင်းအစိုးရ) ရဲ့ မူဝါဒလေ” ဟု သူက ဆိုသည်။
ဘုရားသုံးဆူတွင် နေထိုင်သော ထိုအလုပ်သမားများသည် နေ့ခင်းပိုင်းတွင် ထိုင်းနိုင်ငံအတွင်း ၀င်ရောက် အလုပ်လုပ်ကိုင်ပြီး ညပိုင်းတွင် မြန်မာပြည်ဘက်သို့ ပြန်သူများ ဖြစ်သည်။
လွန်ခဲ့သည့်၂နှစ်ကလည်းအလုပ်သမားများအတွက်ကျန်းမာရေးအခမဲ့ စမ်းသပ်စစ်ဆေးမှုများ ဤဒေသတွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
“ဒီနှစ်တော့ အလုပ်သမားအရေအတွက် ပိုများလာတယ်။ မနှစ်ကဆိုရင် အလုပ်သမားက ၂၀၀၀ လောက်ပဲ ရှိတာ” ဟု ARC မှ ကျန်းမာရေးဝန်ထမ်းတဦးဖြစ်သည့် ကိုမင်းမင်းက ရှင်းပြသည်။
ကျန်းမာရေးစမ်းသပ်စစ်ဆေးမှုပြုသည့်နေရာကိုနံနက်၉နာရီမတိုင်မီကပင်မြန်မာပြည်သား အလုပ်သမားများ စုဝေး ရောက်ရှိနေကြသည်။
အလုပ်သမားများ လျှောက်လွှာပုံစံရေးသွင်းခြင်း၊ လက်ဗွေနှိပ်ခြင်းများ ပြီးစီးပါက ကျန်းမာရေးဝန်ထမ်းတို့က ၎င်းတို့ကို စစ်ဆေးပေးကြသည်။
အလုပ်သမားအများအပြားမှာ ဆယ်ကျော်သက်များ ဖြစ်ပြီး အမျိုးသမီးများက သနပ်ခါး လိမ်းထားကြသည်။
စမ်းသပ်မှုအစီအစဉ်တွင် ပါဝင်ရန် တွန်းအားပေးသည့် အနေဖြင့် အလုပ်ရှင်တို့ကလည်း လုပ်ငန်းခွင်မ၀င်ဘဲ ရောဂါရှာဖွေရေးစခန်းသို့သွားသော အလုပ်သမားများကို နေ့စားခ ပေးသည်ဟု ဆိုသည်။
“ဒီနေ့ကျနော်တို့အလုပ်လုပ်စရာမလိုဘူး။အလုပ်မလုပ်ပေမယ့်ဒီနေ့အတွက် အလုပ်ရှင်က ပိုက်ဆံပေးတယ်” ဟု အလုပ်သမားတဦးက ပြောပြသည်။
ထိုင်းနိုင်ငံ စံခလပူရီမြို့WorldVisionအဖွဲ့ ၀န်ထမ်းများက ဆေးစစ်ရန်ရောက်လာသော အလုပ်သမားတို့ကို နေ့လယ်စာကျွေးပြီးကျန်းမာရေးပညာပေးနေကြသည်။ကူးစက်ရောဂါကာကွယ်နည်း လက်ကမ်းစာစောင်များ၊ ကွန်ဒွန်များ ဖြန့်ဝေနေသည်။
နေ့လယ်စာစောင့်ဆိုင်းနေသည့်အလုပ်သမားတို့ကWorldVisionအဖွဲ့ကစီစဉ်သည့်ဘောလုံးပစ်ပြီး လက်ဆောင်ပစ္စည်းရယူသော ကစားနည်းတွင် ပျော်ရွှင်စွာ ပါဝင်နေကြသည်။

ရှမ်းပြည်ဌာနချုပ်မှKIAဆုတ်ခွာ

သန်းထိုက်ဦး Wednesday, 28 September 2011 16:48
.အစိုးရတပ်များ၏ထိုးစစ်ကြောင့်ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကရှမ်းပြည်နယ်ကွတ်ခိုင်မြို့နယ်ရှိ ၎င်း၏အမှတ်၎တပ်မဟာဌာနချုပ်နှင့်စခန်းတချို့မှယခုရက်ပိုင်းအတွင်းဆုတ်ပေးလိုက်ရကြောင်း သိရသည်။
KIAတပ်ဖွဲ့ဝင်များသည်ကချင်ပြည်နယ်၊ရှမ်းပြည်နယ်တို့တွင်အခြေစိုက်လှုပ်ရှားနေကြသည်(ဓာတ်ပုံ-KIA)
အစိုးရတပ်၏၁၂၀၊၁၀၅မမအမြောက်များနှင့်၅ရက်ကြာပစ်ခတ်သည့်ဒဏ်ကိုမခံနိုင်သောကြောင့် ဆုတ်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။
သို့သော်လည်းထိုနေရာသည်စစ်ရေးအရဗျူဟာမကျကြောင်း၊အစိုးရတပ်ကယင်းနေရာကို သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း KIA တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောက ပြောသည်။
“အစိုးရတပ်ကတဖြည်းဖြည်းနဲ့ချဉ်းကပ်လာနေတယ်၊တပ်ရင်းပေါင်း၂၀ကျော်သွားပြီးအားလုံးပေါင်းလိုက်ရင် အင်အား၂၀၀၀နီးပါးလောက်ရှိမယ်၊ကျနော်တို့ကပြောက်ကျားစနစ်နဲ့ပြန်လည်ခုခံတိုက်ခိုက်နေတယ်”ဟု ဗိုလ်မှူးကြီး ဇော်ရောက ဆိုသည်။
အစိုးရတပ်များကို ခုခံတိုက်ခိုက်နေသည့် တပ်ရင်းများမှာKIAတပ်ရင်း ၁၇ နှင့် ၂၉ တပ်ဖွဲ့ဝင်များ ဖြစ်သည်။ KIAဘက်မှရှမ်းပြည်တပ်မတော်(SSA)မြောက်ပိုင်း တပ်ဖွဲ့ဝင် တချို့ကူညီ တိုက်ခိုက်နေသည်ဟု သိရသည်။
“ကျနော်တို့ဖယ်ပေးလိုက်ရတဲ့နေရာဝန်းကျင်နဲ့တခြားနေရာတွေပါတန်ပြန်ပြောက်ကျားစနစ်နဲ့ပြန်တိုက်နေ တယ်” ဟုဗိုလ်မှူး ဇော်ရောက ဆက်ပြောသည်။
ယခုရက်ပိုင်း မူဆယ် ၁၀၅ မိုင်ကားလမ်းမ၏အနောက်ဘက်ရှိKIAတပ်ရင်း ၈ လှုပ်ရှားနေသော ဒေသ၊ KIA တပ်ရင်း ၂ ဒေသများတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။
လတ်တလောဖြစ်ပွားနေသည့်တိုက်ပွဲတွင်နှစ်ဖက်အကျအဆုံးစာရင်းများကိုမူမသိရှိရသေးပေ။ တိုက်ပွဲများကြောင့်ဒေသခံကချင်၊ရှမ်း၊ပလောင်တိုင်းရင်းသားများကတရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်သို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။စစ်ပြေးဒုက္ခသည်အများစုမှာကွတ်ခိုင်မြို့နယ် အတွင်းရှိ ကျေးရွာများမှဖြစ်သည်။
ထိုဒေသမှတိုက်ပွဲများရက်အတန်ကြာလာပြီဖြစ်သော်လည်းမြန်မာအစိုးရကသတင်းထုတ် ခြင်း မရှိသေးပေ။
စစ်အစိုးရသည် မိုးမောက်မြို့နယ်အတွင်း တာပိန်ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIAတပ်များအား လုံခြုံရေးအရစိတ်မချဟုအကြောင်းပြ၍ထွက်ခွာရန် ပြောဆိုခဲ့ကြပြီးနောက်နှစ်ဖက်တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် စတင်ခဲ့သည့် အစိုးရတပ်နှင့်KIAအကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး ရသူပေါင်း ၂၀၀၀၀ ကျော်ရှိပြီး တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ KIAထိန်းချုပ်ရာ ဒေသများ၊ မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့တို့ရှိ ဘာသာရေး အဆောက်အအုံများ၊ ဆွေမျိုးများထံတွင် ဒုက္ခသည်များ ခိုလှုံနေကြဆဲ ဖြစ်သည်။

မြစ်ဆုံအရေးNDFပြောပြီ

ခင်ဦးသာ Wednesday, 28 September 2011 16:32
.ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍စဉ်းစားဆုံးဖြတ်ရာတွင်လွှတ်တော်တွင်သာမက ပြည်သူတရပ်လုံးပါဝင်နိုင်သည့်ဆန္ဒခံယူသောနည်းလမ်းဖြင့်ဆောင်ရွက်သင့်ကြောင်းအမျိုးသားဒီမိုကရေစီ အင်အားစု (NDF ပါတီ) က အစိုးရကို အင်္ဂါနေ့တွင် တိုက်တွန်းလိုက်သည်။
ယမန်နှစ်ကဆွေးနွေးပွဲတခုတွင်စကားပြောနေသောNDFခေါင်းဆောင်ဦးခင်မောင်ဆွေ(ဓာတ်ပုံ-AP)
စက်တင်ဘာလ၂၇ရက်နေ့စွဲဖြင့်ထုတ်ပြန်သည့်ကြေညာချက်တွင်ထိုစီမံကိန်းသည် တမျိုးသားလုံးနှင့်သက်ဆိုင်သဖြင့်လွှတ်တော်၏အဆုံးအဖြတ်နှင့်လုံလောက်မည်မဟုတ်ဟုNDF၏ ကြေညာချက်က ဆိုသည်။
“မြစ်ဆုံစီမံကိန်းကိစ္စကို ပြည်သူ တရပ်လုံးရဲ့ ဆန္ဒ တိုက်ရိုက်ခံယူသောနည်းနဲ့ ဆန္ဒခံယူပွဲ ပြုလုပ်သင့်တယ်၊ အဲဒီလို မလုပ်နိုင်သေးဘူး ဆိုရင် စီမံကိန်းကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားသင့်တယ်” ဟု NDF ပါတီ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ဧရာဝတီသတင်းဌာနကို ပြောသည်။
စီမံကိန်းအားရပ်တန့်ရန် ပညာရှင်များ၊ ပြည်သူများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းအသီးသီး၏ ကန့်ကွက်မှု ကျယ်ပြန့်လာပြီးနောက်လွှတ်တော်၏အဆုံးအဖြတ်ခံယူရန်ဆုံးဖြတ်ခဲ့သောကိစ္စအပေါ်NDFပါတီက အလွန်အမင်း စိုးရိမ်နေသည်ဟု ဦးခင်မောင်ဆွေက ပြောသည်။
“ပြည်သူ့ဆန္ဒမပါဘဲလွှတ်တော်မှာမဲခွဲဆုံးဖြတ်ပြီးတော့ဆက်လုပ်ပါဆိုရင်တားဆီးမရတော့ပါဘူး၊ဒါကြောင့် ပြည်သူ့တွေရဲ့ဆန္ဒကိုတိုက်ရိုက်ခံယူဖို့NDFကကြေညာချက်ထုတ်တောင်းဆိုရတာပါ”ဟု ဦးခင်မောင်ဆွေက ရှင်းပြသည်။
အာဏာရပါတီဖြစ်သောပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ကိုယ်စားလှယ်အများစုက လွှတ်တော်တွင်လွှမ်းမိုးနေသည့်အပြင်ထိုပါတီခေါင်းဆောင်အများစုသည်လည်းအစိုးရအဖွဲ့ဝင်များ ဖြစ်နေခြင်းကြောင့် မဲခွဲဆုံးဖြတ်လိုက်ပါက ပြည်သူ့ဆန္ဒမပါသော အနေအထားမျိုး ဖြစ်နိုင်သဖြင့် ဒီမိုကရေစီ နည်းကျကျ ပြည်သူ့ ဆန္ဒခံယူရန် လိုအပ်သည်ဟု ၎င်းက ဆက်ပြောသည်။
NDFသည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှခွဲထွက်သွားသူများနှင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီး၂၀၁၀ရွေးကောက်ပွဲဝင်ခဲ့သည့် ပါတီကြီးဖြစ်သည်။
တခြားသော နိုင်ငံရေးအင်အားစုများ၏ မြစ်ဆုံဆည်အရေး ဝေဖန်မှုများထွက်ပေါ်ပြီး ကာလအတန်ကြာတွင် NDF ၏ ကြေညာချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
NDFကြေညာချက်တွင်မြစ်ဆုံအရေးသည်တမျိုးသားလုံးနှင့်သက်ဆိုင်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်လည်းအရေးကြီး၍တဖွဲ့တသင်း၏လွှမ်းမိုးမှုဖြင့် ဆုံးဖြတ်သင့်အရာမဟုတ်ဟု ရေးသားထားသည်။
ကချင်ပြည်နယ်ရှိမေခနှင့်မလိခမြစ် ပေါင်းဆုံရာ နေရာ၌ တည်ဆောက်နေသော ဧရာဝတီ မြစ်ဆုံစီမံကိန်းမှ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ်၆၀၀၀အထိထုတ်လုပ်နိုင်မည်ဖြစ်ပြီးအများစုကိုတရုတ်နိုင်ငံသို့ ပို့လွှတ်မည်ဖြစ်သည်။
စီမံကိန်းအားရပ်တန့်ပေးရန်ကျယ်လောင်စွာတောင်းဆိုကန့်ကွက်နေကြသည့်တိုင်စီမံကိန်းကို ဦးဆောင်စီမံနေသည့်အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဦးဇော်မင်းကစီမံကိန်းဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ဆိုခဲ့သေးသည်။
အစိုးရ၏ပြောရေးဆိုခွင့်ရှိသူပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းကလည်း မြစ်ဆုံစီမံကိန်းအား နိုင်ငံတော်အကျိုးအတွက်ဆက်လက်ဆောင်ရွက်သွားမည်ဟုလွှတ်တော်ကိုယ်စားလှယ်တချို့၏ မေးခွန်းများကို တုန့်ပြန်ဖြေဆိုခဲ့သည်။
ယင်းကဲ့သို့ပြည်သူနှင့်အစိုးရခေါင်းဆောင်များသဘောထားကွဲလွဲနေမှုတို့ကြောင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊အမှတ်(၁)နှင့်အမှတ်(၂)စက်မှုဝန်ကြီး ဖြစ်သူဦးစိုးသိန်းက ထိုကိစ္စကြောင့် စည်းလုံးညီညွတ်မှုအား ချည့်နဲ့ မသွားစေသင့်ကြောင်း ယခုလ ၁၇ ရက်နေ့က ပြုလုပ်သည့် မြစ်ဆုံနှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောဆိုသွားခဲ့သည်။
လက်ရှိအစိုးရသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော အစိုးရဖြစ်၍ ပြည်သူတို့၏ သဘောထားဆန္ဒကို အလေးထားနားထောင်မည် ဟုလည်း ဦးစိုးသိန်းက ပြောဆိုခဲ့သည်။

မြစ်ဆုံစီမံကိန်း၊ဒဂုန်တာရာလေးနက်စွာကန့်ကွက်

ကိုပေါက် ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၃၂ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ဧရာဝတီမြစ်ဖျားခံရာအရပ်ရှိမြစ်ဆုံဆည်စီမံကိန်းအား‘လေးနက်စွာ ကန့်ကွက်ကြောင်း’အသက် ၉၄ နှစ်ရှိပြီဖြစ်သည့် စာရေးဆရာကြီး ဒဂုန်တာရာက ငြိမ်းချမ်းရေး ပန်ကြားလွှာ အမှတ် ၃ ကို ထုတ်ပြန် လိုက်သည်။
တနင်္လာနေ့က ထုတ်ပြန်လိုက်သည့်အဆိုပါပန်ကြားလွှာတွင်ဧရာဝတီမြစ်ကြီးမှာလူ့ပယောဂများကြောင့် များစွာပျက်စီးနေပြီး မြစ်ဆုံဆည်စီမံကိန်းကြောင့်“မြန်မာ့ရဋ္ဌမြန်မာ့သဘာဝ မြန်မာ့ဘဝကို ဖျက်ဆီးနိုင်သည် သာမကမြန်မာနှင့် အာရှဒေသ ငြိမ်းချမ်းရေးကိုပါ ထိခိုက် ပျက်စီးစေနိုင်သည်” ဟု ဖော်ပြပါရှိသည်။
ရှေးဦးမြန်မာများလက်ထက်ကတည်းကဧရာဝတီမှာပထဝီသဘာဝအရတည်ရှိနေခဲ့ခြင်းဖြစ်ပြီး မြန်မာတပြည်လုံးကပိုင်ဆိုင်ကြောင်း“ဧရာဝတီမြစ်ဆိုတာမြန်မာပြည်လို့ပေါ်တဲ့အချိန်ကစပြီးရှိတာ။ ရှည်လည်းရှည်တယ်။သိပ်ကြီးကျယ်တယ်လေ။တပြည်လုံးနဲ့ဆိုင်တယ်။တရုတ်နဲ့ဆိုင်တာမဟုတ်ဘူး”ဟု ဒဂုန်တာရာက မဇ္ဈိမကိုပြောသည်။
ယင်းအပြင်မြစ်ဆုံဆည်အရေးသည်ပြည်တွင်းစစ်အထိဦးတည်သွားနိုင်သဖြင့်စီမံကိန်းကို ရပ်ဆိုင်းထားပါရန် ကချင်လွတ်မြောက်ရေးအဖွဲ့KIOကတရုတ်သမ္မတဟူကျင်းတောင်ထံမတ်လ၁၆ရက်နေ့စွဲဖြင့် အိတ်ဖွင့်ပေးစာရေးသားပေးပို့ခဲ့ဖူးပြီး အစိုးရနှင့်KIOအကြားတိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်းသြဂုတ်လ၁၁ရက်နေ့ကပန်ကြားချက်တစောင်ထုတ်ပြန်ပြီး ဧရာဝတီမြစ်ကြီး တွင် ပြဿနာပေါင်းစုံ ဖြစ်ပေါ်နေကြောင်း “ငြိမ်းချမ်းရေးတရားနှင့် သဟဇာတ ဖြစ်ခြင်းကို မြတ်နိုးသူများအားလုံးတို့အားအာရှတိုက်၏အရေးအပါဆုံးမြစ်တခုဖြစ်သည့်ဧရာဝတီကို ခြိမ်းခြောက်နေသည့်အန္တရာယ်များအားကမ္ဘာတဝှမ်းမှသိရှိနားလည်ကြစေရန်ကျွန်ုပ်တို့နှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ကြပါရန်” ဟု ဖော်ပြပါရှိသည်။
ထို့ပြင်“သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊စီးပွားရေးဆိုင်ရာ၊အတတ်ပညာဆိုင်ရာနှင့်နိုင်ငံရေးဆိုင်ရာ ပြဿနာအားလုံးကိုကျွန်ုပ်တို့အားလုံးပူးပေါင်းခြင်းဖြင့်အောင်မြင်စွာဖြေရှင်းနိုင်ကြပါမည်”ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ပန်ကြားထားသည်။
ဤမြစ်ဆုံစီမံကိန်းကြီးအားဆက်လုပ်မည်ဟု ပြောဆိုခဲ့သူ လျှပ်စစ် ၁ ဝန်ကြီး ဦးဇော်မင်းကမူ လွှတ်တော်နှင့် အစိုးရအဖွဲ့၏မူဝါဒအဆုံးအဖြတ်အတိုင်းဆက်လက်ဆောင်ရွက်သွားမည်ဟုစက်တင်ဘာလ၁၇ ရက်နေ့ကကျင်းပခဲ့သော“ဧရာဝတီမြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆိုင်ရာ” အလုပ်ရုံ ဆွေးနွေးပွဲ၌ ပြောဆိုသွားခဲ့သည်။
သို့သော်ဤစီမံကိန်းအားဆက်လက်ဆောင်ရွက်ရန်သင့်မသင့်ကို လွှတ်တော်တခုတည်းဖြင့် ဆုံးဖြတ်မည်ဆိုပါကမျှတသည့်ဆုံးဖြတ်ချက်ဖြစ်မည်မဟုတ်ကြောင်း၂ဝ၁ဝရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီRNDPမှအထွေထွေအတွင်းတေရးမှူးဦးလှစောက “လွှတ်တော်တခုတည်းနဲ့ဆုံးဖြတ်မယ်ဆိုရင်မျှတမယ်လို့မထင်ဘူး။လွှတ်တော်မှာကြီးစိုးထားတာက ပါတီကြီး ဆိုတော့ အဲဒီပါတီကြီးမှာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တဦးချင်း လွတ်လပ်မှု အနေအထားကို ဘယ်လိုမှ အာမခံနိုင်တဲ့ အနေအထားမရှိဘူး”ဟုမဇ္ဈိမနှင့် တွေ့ဆုံမေးမြန်းခန်း တခုတွင် ပြောဆိုထားသည်။
ဧရာဝတီ၏မြစ်ဆုံရေကာတာစီမံကိန်းကြီးကို‘အပြီးအပိုင်အနိုင်အထက်’ဆောက်လုပ်နေခြင်းအား ကန့်ကွက်မှုများအားဖြေရှင်းရန်မှာဝန်ကြီးတဦးတယောက်၏စကားဖြင့်ဆုံးဖြတ်၍မရကြောင်းလည်း ဒဂုန်တာရာက ဆိုသည်။
“စတည်တာကလည်း အရေးကြီးတယ်လေ။ ဘယ်သူ စတည်တာလဲ” ဟု ထောက်ပြ ပြောဆိုသွားသည်။
မြစ်ဆုံရေကာတာ စီမံကိန်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် နအဖ စစ်အစိုးရလက်ထက် ၂ဝဝ၉ ဒီဇင်ဘာလမှ စ၍ အကောင်အထည် ဖော်လာခြင်း ဖြစ်သည်။ ထွက်ရှိမည့် ရေအားလျှပ်စစ် မီဂါဝပ် ၆,ဝဝဝ မှ၉ဝရာခိုင်နှုန်းကိုတရုတ်နိုင်ငံက ရရှိမည်ဖြစ်ပြီး အမှတ် ၁လျှပ်စစ် စွမ်းအင်ဝန်ကြီး ဌာနနှင့် တရုတ် China Power Investment Corporation –CPI တို့ အကျိုးတူ ဆောင်ရွက်နေခြင်း ဖြစ်သည်။



KIOနယ်မြေတွင်းအစိုးရတပ်များတိုးမြှင့်ချ၊တိုက်ပွဲဆက်ဖြစ်

ဖနိဒါ ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၄၆ မိနစ် .
ချင်းမိုင်(မဇ္စျိမ)။ ။ရှမ်းပြည်နယ်အတွင်းရှိရဲဘက်စခန်းတခုကိုKIOကချင်လွတ်မြောက်ရေးအဖွဲ့မှ ဖွင့်ပေးလိုက်ပြီးနောက်KIOတပ်မဟာ၎ထိန်းချုပ်နယ်မြေသို့အစိုးရမှတပ်အင်အား၂,၀၀၀ခန့် တိုးမြှင့်ချထားလိုက်ပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟုတပ်မဟာ၎တာဝန်ခံဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။
ယခုလ၂၁ရက်နေ့ကရှမ်းပြည်နယ်မူဆယ်မြို့နယ်အတွင်းမှရွှေပြည်သစ်ရဲဘက်အကျဉ်းစခန်းတခုကို KIO တပ်ဖွဲ့များဖွင့်ပေးလိုက်သည့်နောက်အစိုးရတပ်အင်အား၂,၀၀၀ ကျော်သည် ရှမ်းပြည်နယ် ကုတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်၊ ပန်တုံမြို့နယ်အတွင်း ရောက်ရှိလာကာ တိုက်ပွဲများ ယခုထိ ဖြစ်ပွားနေဆဲဖြစ်သည်။
“သူတို့ဘက်ကလူအင်အား၊လက်နက်ကြီးတွေတိုးလာတဲ့အခါကျတော့စစ်ပွဲကရပ်သွားမယ်လို့မမျှော်လင့် တော့ဘူး။ စစ်ပွဲကတော့ ဆက်ဖြစ်မဲ့ အခြေအနေပါ”ဟု ဗိုလ်မှူးကြီး ဇော်ရော်က ဆိုသည်။
ရှမ်းပြည်နယ်သိန္နီမြို့အခြေစိုက်အစိုးရတပ်မှစစ်ဆင်ရေးနှင့်ကွပ်ကဲရေးဌာန-စကခ၁၆ လက်အောက်ခံတပ်ရင်း အများစုနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း အင်အားများ တိုးချဲ့တိုက်ခိုက်လာသဖြင့်KIO၏တပ်မဟာ၎ဗဟိုဌာနချုပ်တွင်တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများ ရှောင်တိမ်းနေရသည်။တပ်ရင်း၂ နှင့်တပ်ရင်း၉တို့မှာလည်းနေရာပြောင်းကာပြောက်ကျားစနစ်ဖြင့် ခုခံနေရသည်ဟု ဗိုလ်မှူးကြီးဇော်ရော်က ဆိုသည်။
တိုက်ပွဲများအတွင်းKIOဘက်မှ ဗိုလ်အဆင့် တဦး အပါအဝင် တပ်သား ငါး ဦး ကျဆုံးခဲ့ပြီး အစိုးရတပ်ဘက်မှ ယနေ့ထိဆိုလျှင်၂၀၀ ခန့် ကျဆုံးမှု ရှိနေပြီဟု သိရသည်။ သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။
ဆက်စပ်သတင်းတရပ်မှာမူဆယ်မြို့နယ်မန်ဂျေကျေးရွာအနီးရွာသစ်ကုန်းရွာမှအသက်၂၀ နှစ်ဝန်းကျင်အရွယ် မရိစ်ကော့ အမည်ရှိ ကချင်အမျိုးသမီး တဦးကို အစိုးရတပ်ဖွဲ့များကတပ်စခန်းအတွင်း ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခဲ့သည်ဟုကချင်အမျိုးသမီးအစည်းရုံးKWATအဖွဲ့ဝင်ဒေါ်မိုင်းဂျာက ပြောသည်။
“သူကိုကျောင်းဆရာမတဦးကအာမခံပြီးတော့ခေါ်ထားတယ်။ညညအိပ်ရင်လန့်လန့်နိုးပြီးငိုတာတို့ဖြစ်တယ် လို့ပြောတယ်၊ရှမ်းပြည်မှာလည်းပလောင်အမျိုးသမီးတွေကိုလည်း အဓမ္မပြုကျင့်ခံရတယ်ဆိုတာ ကြားနေရတယ်။ ဖြစ်တယ်ဆိုလို့ ဘယ်ကိုရောက်သွားတယ်ဆိုတာလိုက် စုံစမ်းနေတယ်”ဟုသူကမဇ္စျိမကို ပြောသည်။
လက်ရှိမူဆယ်မြို့နယ်အတွင်းမှပန်ဆိုင်းကျေးရွာအနီးစစ်ပြေးဒုက္ခသည်၂၀၀ခန့်က ယင်းတို့၏ ဆွေးမျိုးများနေအိမ်တွင်နေထိုင်နေသော်လည်းသက်ဆိုင်ရာရဲများကဧည့်စားရင်း စစ်ဆေးခြင်းနှင့် ခြိမ်းခြောက်မှုများ ရှိနေသည်ဟု တရုတ်မြန်မာနယ်စပ်မှ စစ်ပြေးဒုက္ခသည်များကို ကူညီနေသူလည်း ဖြစ်သူ ဒေါ်မိုင်းဂျာက ဆက်ပြောသည်။
ကချင်ပြည်နယ်အစိုးရကိုယ်စားလှယ်များနှင့်KIOတို့သည်အပစ်အခတ်ရပ်ဆိုင်းရေးအတွက်ပဏာမ တွေ့ဆုံခဲ့သော်လည်း အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုမရခဲ့ဘဲယနေ့ထိတိုက်ပွဲများဆက်လက် ဖြစ်ပွားနေသည်။
တပြည်လုံးအတိုင်းအတာအပစ်အခတ်ရပ်ဆိုင်းရန်အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ကဗုဒ္ဓဟူးနေ့တွင် ကြေညာချက် ထုတ်ပြန်ကာ တိုက်တွန်းလိုက်သည်။

မြန်မာဝေါဟာရသုံးစွဲခြင်းကိုကန့်သတ်ရန်လွှတ်တော်တွင်းကြိုးစား

မျိုးသန့် ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၉ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။တပ်မတော်သားလွှတ်တော်အမတ်တဦးကမြန်မာဟူသည့် ဝေါဟာရကိုအကန့်အသတ်ဖြင့် သုံးစွဲရန် ဥပဒေပြုနိုင်ရေး အဆိုကို ဗုဒ္ဓဟူးနေ့ အောက်လွှတ်တော်တွင် တင်သွင်းခဲ့ရာ မဲအရေအတွက် ၁ဝဝ
ကျော် အကွာဖြင့် ရှုံးနိမ့်ခဲ့သည်ဟု လွှတ်တော်အမတ်များက ပြောသည်။
ဗိုလ်မှူးကြီးဌေးနိုင်မှ'မြန်မာကာရာအိုကေ၊ မြန်မာအနှိပ်ခန်း၊ မြန်မာပျော်တော်ဆက်'စသည့်နေရာများတွင် မြန်မာဟူသည့်အသုံးနှုန်းသုံးစွဲလာကြမည်မှာမသင့်တော်ဟူသည့်အကြောင်းပြချက်ဖြင့်မြန်မာဟူသည့် စကားရပ်ကိုအကန့်အသတ်ဖြင့်သုံးစွဲရန်အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်ဟုလွှတ်တော်အမတ်များကမဇ္ဈိမကို ပြောသည်။
ဗိုလ်မှူးကြီးဌေးနိုင်(ကြည်း၁၆၄ဝ၂)၏အဆိုတွင်"မြန်မာဆိုသည့်စကားရပ်ကိုမြန်မာတမျိုးသားလုံး၏ အမျိုးဂုဏ်ဇာတိဂုဏ်၊မြင့်မားစေရန်အလို့ငှာရည်ရွယ်ဖေါ်ညွှန်းသည့်ရေးသားထုတ်ဝေခြင်းဆိုင်ရာ ကိစ္စရပ်များ၊နိုင်ငံနှင့်တိုင်းရင်းသားများအားလုံးနှင့်သက်ဆိုင်သောမြင့်မြတ်သည့်နေရာ အသုံးအနှုန်းများတွင်သာသုံးစွဲခွင့်ပြုရေးနှင့်အမှတ်တံဆိပ်အပါအဝင်အခြားမသင့်လျော်သောနေရာ အသုံးအနှုန်းများတွင် သုံးစွဲခွင့် မပြုစေရေး ဥပဒေ တရပ် ပြဋ္ဌာန်းရန်" ဟူ၍ ပါရှိသည်။
တပ်မတော်သားအမတ်တဦးကမြန်မာဟူသည့်ဝေါဟာရကိုအကန့်အသတ်ဖြင့်သုံးစွဲရန်ဥပဒေပြုနိုင်ရေး အဆိုကို အောက်လွှတ်တော်တွင် တင်သွင်းခဲ့ရာ မဲအရေအတွက်၁ဝဝကျော်အကွာဖြင့်ရှုံးနိမ့် (ဓါတ်ပုံ မဇ္ဈိမ)
အဆိုကိုလွှတ်တော်အမတ်ခုနှစ်ဦးမှဆွေးနွေးရာနှစ်ဦးမှကန့်ကွက်ပြီးငါးဦးကထောက်ခံခဲ့သည်။ ယင်းအဆိုကို
နှစ်ပိုင်းခွဲသင့်ကြောင်းလွှတ်တော်အမတ်များမှတင်ပြကြခြင်းကြောင့်လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်းမှ "မြန်မာဟူ
သည့်အသုံးအနှုန်းကိုမြင့်မြတ်သည့် နေရာများတွင်သာသုံးရန် အဆို"နှင့် "မသင့်တော်သော နေရာများတွင်
သုံးစွဲခွင့် မပြုရေးအဆို" ဟူ၍ အဆိုနှစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။
"မြန်မာဟူသည့် ဝေါဟာရကို အခြားမသင့်လျော်သော နေရာများတွင်သုံးစွဲခွင့်မပြုစေရေး"ကို လွှတ်တော်မှ မဲခွဲဆုံးဖြတ်ရာကန့်ကွက်မဲ၂၅ဝ၊ထောက်ခံမဲ၁၃၃ နှင့်ကြားနေမဲ၁၃မဲဖြင့်ရှုံးနိမ့်ကာလွှတ်တော်မှဆွေးနွေးရန် မသင့်သည့် အဆိုအဖြစ် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
နောက်တခုဖြစ်သော "မြန်မာဟူသည့် အသုံးအနှုန်းကို မြင့်မြတ်သည့် နေရာများတွင်သာ သုံးရန်"အဆိုကို လွှတ်တော်မှဆက်လက်ဆွေးနွေးရန်သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။ မြင့်မြတ်သည့် နေရာဆိုသည်မှာ မည်သည့် နေရာကို သတ်မှတ်သည်ကို လွှတ်တော်တွင် ထပ်မံ ဆွေးနွေးကြဦးမည် ဖြစ်သည်။



အာဆီယံညီလာခံတွင်အမေရိကန်နှင့်ရုရှသမ္မတတို့တက်မည်

ညီသစ် ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၄ မိနစ် .
ရန်ကုန်(မဇ္ဈိမ)။ ။လာမည့်နိုဝင်ဘာ၁၄မှ၁၉ရက်အထိအင်ဒိုနီးရှားနိုင်ငံ၊ဘာလီမြို့တွင်ကျင်းပမည့်၁၉ကြိမ် မြောက်၊အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ထိပ်သီးအစည်းအဝေးပွဲသို့အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့်ရုရှသမ္မတဒီမီထရီမက်ဗီဒက်တို့တက်ရောက်မည်ဖြစ်ကြောင်းအာဆီယံ အတွင်းရေးမှူးချုပ်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းကပြောသည်။
ပြီးခဲ့သည့်ဇူလိုင်လအတွင်းကဘာလီတွင်ပင်ပြုလုပ်ခဲ့သည့်အာဆီယံဒေသတွင်းဖိုရမ်တွင်အမေရိကန်၏နိုင်ငံ ခြားရေးဝန်ကြီးဟီလာရီကလင်တန်တက်ရောက်ခဲ့ကာ၊ယခုထိပ်သီးအစည်းအဝေးတွင်မူသမ္မတအိုဘားမား ကိုယ်တိုင်လာရောက်မည် ဖြစ်သည်ဟုဆိုသည်။
မြန်မာနိုင်ငံမှလည်းအဆိုပါထိပ်သီးညီလာခံသို့သမ္မတဦးသိန်းစိန်တက်ရောက်မည်ဟုနေပြည်တော်ရှိ သတင်းရပ်ကွက်များကပြောသည်။
မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရန် အသင့်ဖြစ်နေရာ အဆိုပါ ထိပ်သီးညီလာခံတွင် အလှည့်ကျ ဥက္ကဋ္ဌရာထူးနှင့် ပတ်သတ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက် အပြီးသတ် ချမည် ဟုလည်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြီးခဲ့သည့် သြဂုတ်လ အတွင်းက တရားဝင် ပြောကြားခဲ့သည်။
ထိုထိပ်သီးအစည်းအဝေးမတိုင်ခင်လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူနေသည့် အင်ဒိုနီးရှားနိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီးဒေါက်တာမာတီနာတာလီဂါဝါခေါင်းဆောင်သည့်သံအဖွဲ့ အောက်တိုဘာလ အတွင်းမြန်မာနိင်ငံသို့ လာရောက် လည်ပတ်ရန်လည်း ရှိနေသည်။





dinsdag 27 september 2011

ကလဲ့စားချေလိုစိတ်နှင့်အနစ်နာခံလုပ်ဆောင်ရန်မသင့်ဟုဒေါ်စုပြော

ကိုဝိုင်း အင်္ဂါနေ့၊ စက်တင်ဘာလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၂ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ကလဲ့စားချေလိုစိတ်ဖြင့်အနစ်နာခံလုပ်ဆောင်နေသည့်စိတ်ဓာတ်မျိုးဖြင့်ပြည်သူ့အကျိုးကို မဆောင်ရွက်ဘဲယုံကြည်ချက်အတွက်ပေးဆပ်လိုစိတ်ဖြင့်ဆောင်ရွက်ကြရန်အတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

“အနစ်နာခံရတယ်ဆိုတဲ့စိတ်ကပေါ်လာလို့ရှိရင်တခါတလေဒီစိတ်နဲ့ဒွန်တွဲပြီးတော့ကလဲ့စားချေချင်တဲ့စိတ်တွေ၊ မကျေနပ်တဲ့စိတ်တွေကတခါတည်းပေါ်လာပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ထဲမှာကိုယ့်ရဲ့ကိုယ့်ယုံကြည် ချက်အရ လုပ်နေတာပဲ ဖြစ်တယ်။ ကိုယ်လုပ်နေတဲ့ အလုပ်အတွက် ကိုယ့်ကိုကိုယ် ပေးဆပ်ရမယ်။ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ အင်အားတွေကို ကိုယ်ယုံကြည်တဲ့ အရေးအတွက်သုံးကြပါလို့ကျမကဆော်သြချင်ပါတယ်” ဟုဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တည်ထောင်ခြင်း၂၃ နှစ်ပြည့် အခမ်းအနား တွင် ပြောသွားခြင်းဖြစ်သည်။
ရန်ကုန်မြို့ရွှေဂုံတိုင်လမ်းအန်အယ်ဒီဗဟိုဌာနချုပ်တွင်ကျင်းပသည့်အဆိုပါ အခမ်းအနားအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ဗဟိုကော်မတီဝင်ဦးဝင်တင်တို့ကလည်းဒေါ်အောင်ဆန်းစုကြည်၏ဦးဆောင်မှုအောက်တွင် ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် မှာကြားပြောဆိုသွားသည်။
ကလဲ့စားချေလိုစိတ်ဖြင့်အနစ်နာခံလုပ်ဆောင်နေသည့် စိတ်ဓာတ်မျိုးဖြင့် ပြည်သူ့အကျိုးကို မဆောင်ရွက်ဘဲ ယုံကြည်ချက်အတွက်ပေးဆပ်လိုစိတ်ဖြင့်ဆောင်ရွက်ကြရန်NLD၂၃နှစ်ပြည့်အခမ်းအနားတွင်အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား (ဓါတ်ပုံ မဇ္ဈိမ)
မနက်၁၁နာရီမှစတင်ပြီး၁နာရီကြာသည့်အခမ်းအနားသို့ကျောင်းသားခေါင်းဆောင်များ၊NLD ပါတီဝင်များနှင့်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီCRPP နှင့် တိုင်းရင်းသားပါတီ ခေါင်းဆောင်များ တက်ရောက်ကြသည်။
အဖွဲ့ချုပ်၏ဥက္ကဋ္ဌဦးအောင်ရွှေ၊အတွင်းရေးမှူးဦးလွင်၊ဗဟိုအလုပ်အမှုဆောင်ဦးလွန်းတင်၊ဦးညွန့်ဝေတို့မှာ ကျန်းမာရေး မကောင်းသဖြင့် မတက် ရောက်နိုင်ကြောင်း သိရသည်။
“ကျမတို့အနေနဲ့တကယ်အဓိကကျတဲ့အရေးကြီးတဲ့ခြေလှမ်းတွေ ကျမတို့ လှမ်းပြီဆိုရင် ကျမတို့ အဖွဲ့ချုပ်ဝင်
တွေနဲ့ပြည်သူလူထုကိုမရှင်းပြဘဲနဲ့ဘယ်တော့မှမလုပ်ပါဘူး”ဟုဒေါ်အောင်ဆန်းစုကြည်က ထဲ့သွင်းပြောကြား သွားသည်။
ပါတီဒုဥက္ကဋ္ဌဦးတင်ဦးကအန်အယ်ဒီအဖွဲ့ဝင်များအနေဖြင့်ဒီမိုကရေစီနှင့်လူ့အခွင့်အရေးရရှိရေးအတွက် ကြိုးပမ်းနေမှုနှင့်စည်းလုံးညီညွတ်မှုကိုလျော့ပါးထိခိုက်စေမည့်အပြောအဆိုအပြုအမှုများ မပြုလုပ်ကြရန်လည်း သတိပေး စကား ဆိုသည်။
ဦးဝင်းတင်ကမူ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအောက်၌ညီညွတ်ရေး စိတ်ဓာတ်ဖြင့် ရပ်တည် သွားကြရန်ပြောဆိုလိုက်ပြီးနိုင်ငံရေးအပြောင်းအလဲများနှင့်ပတ်သက်၍“ဘယ်လောက်ပြောင်းသလဲ၊ ဘယ်လိုပြောင်းသလဲ၊ဘာကြောင့်ပြောင်းသလဲ၊ဘာအတွက်ပြောင်းသလဲဆိုတဲ့မေးခွန်းတွေကို ကိုယ့်ကိုကိုယ်လည်းဖြေရမယ် ကိုယ့်ပတ်ဝန်းကျင်ကိုလည်းဖြေရမယ်၊ကိုယ့်အဖွဲ့ဝင်တွေကိုလည်း ဖြေရမယ်” ဟု ဆိုသည်။
ပါတီ၏ကြေညာချက်တွင်မူ “ကျွန်ုပ်တို့ အပေးအယူသဘောမျိုးဖြင့်လျော့ပေါ့ တောင်းဆိုခြင်းသည် ကျွန်ုပ်တို့ စိတ်ဓာတ်ညံ့ဖျင်း၍မဟုတ်၊ယခုအခါ၌ကျွန်ုပ်တို့နိုင်ငံနှင့်ကျွန်ုပ်တို့လူမျိုးအကျိုးကိုမြန်မြန်ထက်ထက် သယ်ပိုးချင်သော ဆန္ဒအတွက်ဖြစ် ပေသည်”ဟု အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခု ဇန်နာဝါရီ ၂ဝ ရက် တွင် ရွှေတိဂုံအလယ်ပစ္စယံ လူထုအစည်းအဝေး၌ မိန့်ကြားခဲ့သော လမ်းညွန်ချက်ကို ထည့်သွင်း ဖော်ပြထားသည်။
အန်အယ်ဒီ စမ်းချောင်းမြို့နယ်လူငယ်များက အန်အယ်ဒီ ၂၃ နှစ်ပြည့် အထိမ်းအမှတ် တေးသီချင်း များဖြင့်
ဖျော်ဖြေခဲ့ပြီး အခမ်းအနား ရုပ်သိမ်းခဲ့သည်။



"နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာဝန်ခံစမ်းပါ"

သဲသဲ အင်္ဂါနေ့၊ စက်တင်ဘာလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၅၀ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။အာဆီယံပါလီမန်အမတ်များညီလာခံ(APIA)တွင်မြန်မာနိုင်ငံကိုအထူးလေ့လာသည့် နိုင်ငံအဖြစ်မှအမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ်ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်မြို့တွင်ကျင်းပသည့် ၃၂ ကြိမ် မြောက်  ညီလာခံက သဘောတူ လက်ခံခဲ့သည်။
တပတ်ကြာကျင်းပခဲ့ပြီးစက်တင်ဘာလ၂၄ရက်နေ့တွင် ပြီးဆုံးသွားခဲ့သည့် AIPAညီလာခံတွင် မြန်မာအမတ်
၁၄ ဦး တက်ရောက်ခဲ့ရာ ကြံ့ခိုင်ရေး ပါတီအမတ် ထက်ဝက်ကျော် ပါဝင်ခဲ့သည်။
ညီလာခံတွင်နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊အသင်းအဖွဲ့များဖွဲ့စည်းရေး၊အမျိုးသမီးရေးရာ၊ဒေသတွင်း မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှု၊ရွှေ့ပြောင်းအလုပ်သမားများအရေးတို့ကိုမြန်မာကပါဝင် ဆွေးနွေးခဲ့သည်။

AIPAညီလာခံနှင့်ပတ်သတ်၍အသေးစိတ်သိရှိရန်ကိုယ်တိုင်တက်ရောက်ခဲ့သူရခိုင်တိုင်းရင်းသားများတိုး တက်ရေးပါတီ RNDPမှစစ်တွေအထက်လွှတ်တော်အမတ်ဒေါက်တာအေးမောင်ကိုမဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ၂ဝ၁၄တွင်အာဆီယံဥက္ကဋ္ဌရာထူးမျှော်မှန်းထားပါက မြန်မာအစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားရှိသည်ကို ဝန်ခံသင့်သည်ဟု ဆိုခဲ့သည်။
ဦးအေးမောင်၏မြန်မာအပေါ်အာဆီယံသဘောထား၊အာဆီယံ၏ဥက္ကဋ္ဌရာထူးနှင့် မြန်မာသင့်တော် မတော်၊ ထိုရာထူးအတွက် လုပ်ဆောင်သင့်သည်များကို မဇ္ဈိမသတင်းထောက် သဲသဲ မေးမြန်းထားခြင်း ဖြစ်သည်။
AIPAမှာဘာတွေဆွေးနွေးခဲ့တယ်ဆိုတာလေးအကျဉ်းချုံးပြောပြပေးပါဦး။
“AIPAမှာကဆွေးနွေးတာလေးခုရှိတယ်.၊ကျနော်ကအဖွဲ့အစည်းနဲ့ပတ်သတ်တဲ့ကော်မတီမှာ တက်ခဲ့တယ်။
မြန်မာပြည် အကြောင်းကို မမေးဘူး ဒါပေမယ့် တခုရှိတယ်။ ဖွင့်ပွဲမှာပဲ စတိတ်မန့်တွေ AIPA ကဖတ်သလို
လေ့လာသူနိုင်ငံတွေကဖတ်ပါတယ်။ကျနော်တို့ကိုကြိုဆိုတဲ့နိုင်ငံကများပါတယ်။ကနေဒါကပြောတာက နည်းနည်းပြင်းပြင်းထန်ထန်သုံးတာပေါ့။သူကနိုင်ငံရေးအကျဉ်းသားတွေကိုသုံးတယ်။Senction(စီးပွားရေး ပိတ်ဆို့မှု)လည်းပါတယ်ပေါ့၊ဆောင်ရန်လေးတွေနှစ်ဘက်ကိုမျှပြောတာတော့ကနေဒါနိုင်ငံပေါ့။ လူ့အခွင့်အရေးကိစ္စတွေနဲ့နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဖို့ကိစ္စတွေကိုသူတို့ဘက်ကအမြင်ကို စတိတ်မန့်ထဲမှာတင်ပြသွားတာပေါ့။သူ့အမြင်ကိုတင်ပြတာကိုဒါကောင်းတယ်မကောင်းဘူး ပြောရခက်ပါတယ်။ကျနော့အနေနဲ့တော့လက်ခံပါတယ်။ဘာလို့ဆိုတော့နိုင်ငံရေးအကျဉ်းသား ဆိုတာကလည်း ကာလံဒေသံ အခြေအနေအရ ပြန်သုံးသပ်ရမှာကိုး။”
တခြားနိုင်ငံတွေကကောဘာတွေများ ပြောသွားသေးလဲရှင့်။
“ပါလီမန်တွေရဲ့ကဏ္ဍနဲ့ပတ်သတ်ပြီးပြည်သူရဲ့အသံပြည့်ပြည့်ဝဝရရှိဖို့တွေ၊နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဖို့၊
နှိပ်ကွပ်တာတွေ ဘာတွေလဲပါတာပေါ့။ သူတို့ဘက်က အမြင်တွေကို ကျနော်မှတ်မိသလောက်ပါ။”
တခြားနိုင်ငံက ပါလီမန်အမတ်တွေဆီက ဘာတွေလေ့လာခဲ့လဲ။
“AIPA မှာလုပ်တဲ့အခါ ထဲထဲဝင်ဝင် တဦးချင်းသီးသန့် အမြင်တွေကိုတော့ ဆွေးနွေးခွင့်မရကြဘူး။”
၂ဝ၁၄မှာမြန်မာကိုအာဆီယံရာထူးလွှဲပေးဖို့ ကိစ္စတွေကိုရော ပြောဆို ဆွေးနွေးခဲ့သေးလားရှင့်။
“ကျနော်တော့ သီးသန့်လို့ထင်တယ်။ ဘာမှမတော့မမေးကြဘူးဗျ။ ဘာမှ ဆွေးနွေးမခံခဲ့ရဘူး။”
AIPA မှာတင်းပြည့်အဖွဲ့ဝင်ဖြစ်သွားပြီလို့ သိရပါတယ်။ ဒီတော့လာမယ့်၂ဝ၁၄အာဆီယံမှာဥက္ကဋ္ဌ ဖြစ်ရေးအ ပေါ် အကျိုးသက်ရောက်မှု တစုံတရာရှိမယ်လို့ ယူဆသလား။
“ကျနော်တော့မထင်ဘူး။ကျနော်တို့ပွင့်ပွင့်လင်းလင်းပြောကြမယ်လေ။အစကအာဆီယံမှာမြန်မာက သူ့နိုင်ငံအခြေအနေကြောင့်မယူရဲဘူး။အခုယူရဲပြီလေယူရဲတဲ့အခါပေးရဲရမှာပေါ့။ အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ အခါဥပမာ-အာဆီယံနိုင်ငံရဲ့လူ့အခွင့်အရေးတို့၊ဘာတို့စံကလေးတွေကိုနိုင်ငံတကာသတင်းထောက်တွေ လာတော့မယ်လေ။ကျနော်တို့လွှတ်တော်ကိုလည်းကြည့်ကြတော့မယ်လေ။အစိုးရချင်းကိုလည်း လာကြည့်ကြ အသုံးသပ် ခံကြတော့မယ်။ အပြင်ကကြားတဲ့ အသံထက်တကယ်တမ်းဟုတ်ရဲ့လားဆိုတာ လာရင်တွေ့ကြမယ်။ကျနော်ထင်ပါတယ်။နိုင်ငံအတွက်အမြတ်ပဲရှိတယ်။မလုပ်တတ်ရင်ဒီအစိုးရ ရှုံးမှာပဲလေ။”
AIPAကလည်းအာဆီယံအဆက်အစပ်အဖွဲ့အစည်းတခုဆိုတော့အဲဒီမှာတင်းပြည့်အဖွဲ့ဝင်ဖြစ်ပြီး နောက်မှာဒါကအာဆီယံဥက္ကဋ္ဌရာထူးရယူဖို့အတွက်အားမပြုနိုင်ဘူးလား။
“ဘယ်လိုမှတော့အားမဖြစ်နိုင်ဘူး။အာဆီယံဆိုတာဒီမိုကရေစီကျတဲ့ နိုင်ငံတွေချည်းပဲလေသူ့နိုင်ငံနဲ့သူလာ
ကြတာကိုး။ဒါကအာဆီယံရဲ့memberတခုဆိုတာသေချာထားပြီ။ ဒီအတိုင်းဆို အာဆီယံကလည်း ပေးမှာပဲ။ ဒီရာထူးဆိုတာကကိုယ်နဲ့ထိုက်တန်မှယူသင့်တာပေါ့။ကိုယ့်မှာဘယ်လောက်ထိဖွင့်ပေးနိုင်တဲ့အင်အား ရှိသလဲ။ အဲဒါတွေက စကားပြောမှာပါ။”
မြန်မာကိုဥက္ကဋ္ဌရာထူးကောပေးသင့်တယ်လို့ထင်လား၊ကနေဒါကလည်းနိုင်ငံရေးအကျဉ်းသားကိစ္စ ထပ်ပြောသွားတယ် ဆိုတော့လေ။
“ကျနော့်သဘောကတော့ပေးသင့်တယ်။ပြီးရင်လာကြည့်သင့်တယ်။တခြားနိုင်ငံတွေကလည်းသူများသွား ချင်တဲ့လမ်းကြောင်းကိုဒီအစိုးရကဘယ်လောက်လျှောက်သလဲဆိုတာကိုဘေးကနေကြည့်နေသင့်တယ်။ မြန်မြန်လေးသွားစေချင်တဲ့လမ်းကြောင်းကိုရောက်သွားအောင်ပေါ့ဗျာ။နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သတ်ပြီး ပြောချင်တာကနိုင်ငံရေးအကျဉ်းသားရှိတယ်လို့လက်ခံတယ်။ကျနော်တို့ပါတီရဲ့သဘောထားကို ပြောတာပါ။ နိုင်ငံရေး အကျဉ်းသား ရှိတယ် ဝန်ခံပါ။ ကိုယ့်ဘက်က တိုင်းပြည် ဖွံ့ဖြိုးဖို့အတွက်။”
နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့အစိုးရလည်းငြင်းပါတယ်၊ဆိုတော့ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
“နိုင်ငံရေးအကျဉ်းသားရှိတာဝန်ခံရမယ်။တိုင်းပြည်ဟာနောက်ကြောင်းပြန်မသွားသင့်တော့ဘူး။ ဘာပြုပြင်ဖို့
လိုသလဲ၊အစိုးရအဖွဲ့ဟာဘာလုပ်ဖို့လိုသလဲ၊ပါလီမန်ဟာဘာလုပ်ဖို့လိုသလဲကျနော်တို့သိရမယ်။sanctions
ရုတ်ပါလို့အော်နေရုံနဲ့မပြီးဘူး။အစိုးရဟာသူပြုပြင်သင့်တဲ့ဟာပြုပြင်ရမယ်။ကိုယ့်ဘက်ကဘာပြုပြင်ဘို့ လိုမလဲဆိုတာကိုသိရမယ်။နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဘို့လိုမယ်ဝန်ခံဘို့လိုမယ်ဒါကျနော်တို့အမြင်ပဲ။ လူသားအခွင့်အရေးတွေဆုံးရှုံးတာရှိရင်လူ့အခွင့်အရေးရအောင်လုပ်ပေးရမယ်ပါလီမန်ကရော အစိုးရကရောပေါ့”
အာဆီယံဥက္ကဋ္ဌရာထူးကိုယူဖို့မြန်မာနိုင်ငံကနေထိုက်တန်တဲ့လုပ်ဆောင်သင့်တဲ့အချက်တခုက ဘာဖြစ်မလဲ။
“၂ဝ၁၄အတွက်အာဆီယံဥက္ကဋ္ဌဖြစ်ဖို့ရည်မှန်းရင်အာဆီယံကအကြိုက်ကမ္ဘာကအကြိုက်လုပ်ပေးရမယ့် တာဝန်ဟာရာထူးကိုယူမယ့်ပုဂ္ဂိုလ်မှာတာဝန်ရှိသွားပြီ။နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာဝန်ခံစမ်းပါ။ အဲဒါကျနော်တို့ရဲ့ ဆန္ဒပါ။”
အခုအန်ကယ်တို့သွားလေ့လာခဲ့တဲ့ကမ္ဘောဒီးယားနိုင်ငံနဲ့မြန်မာနိုင်ငံအခြေအနေကိုနည်းနည်း ယှဉ်ပြပေးပါလား။
“ကမ္ဘောဒီးယားဆိုရင်ရှေ့ကိုရောက်သွားပြီ။ကျနော်တို့မှာresources(အရင်းအမြစ်)တွေအများကြီးရှိတာ၊
လူဦးရေငါးဆလောက်သူတို့ထက်များတယ်။သူတို့ကcivilwar(ပြည်တွင်းစစ်)အကြီးကြီးဖြစ်တာလူနှစ်သန်း
ကျော်သေခဲ့တဲ့နိုင်ငံတောင်မှအမျိုးသားရင်ကြားစေ့ရေးကိုလုပ်နိုင်ရင်ကျုပ်တို့ဘာကြောင့် မလုပ်နိုင်ရမှာလဲ။တိုင်းရင်းသားတွေဒီလောက်ရှိတာနှစ်ပေါင်း၆ဝကျော်ပြီးတိုင်းပြည်ဟာဒီအတိုင်းပဲ ဖြစ်နေတာ။”



ပြည်ထဲရေး၏ဆန္ဒပြခွင့်ဥပဒေမူကြမ်း၊ကော်မတီကဖယ်ရှား

မျိုးသန့် အင်္ဂါနေ့၊ စက်တင်ဘာလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၄၅ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ပြည်ထဲရေးဝန်ကြီးဌာနမှတင်သွင်းသည့်'ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်း လှည့်လှည်ခွင့်'ဥပဒေမူကြမ်းတွင်ပါရှိသည့်ဆန္ဒထုတ်ဖေါ်ခွင့်နေရာကန့်သတ်ထားချက်ကို အောက်လွှတ်တော်ဥပဒေမူကြမ်းကော်မတီမှဖြုတ်ပစ်လိုက်သည်ဟုလွှတ်တော်အမတ်များက ပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှဒုတိယဗိုလ်ချုပ်ကြီးကိုကိုတင်သွင်းသည့်အဆိုပါဥပဒေမူကြမ်း၏ အခန်း(၅)အပိုဒ်
(က)တွင်'အစိုးရဌာနအစိုးရအဖွဲ့အစည်းရုံး၊အလုပ်ရုံ၊စက်ရုံ၊အလုပ်ဌာနဘာသာရေးနှင့်သက်ဆိုင်သော
နေရာများ၊စာသင်ကျောင်း၊ဘူတာရုံ၊လေဆိပ်၊သင်္ဘောဆိပ်ကမ်း၊ကားဂိတ်၊ဆေးရုံတို့နှင့် အဆိုပါ နေရာတို့ကို အနှောက်အယှက်ဖြစ်စေသည့်နေရာများတွင်စီတန်းခွင့်နှင့်စုဝေးခွင့်မရှိ'ဟူသည့် ကန့်သတ်ချက် ပါရှိသည်။
သို့သော်ယင်းဥပဒေမူကြမ်းကိုအောက်လွှတ်တော်ဥပဒေမူကြမ်းကော်မတီမှစိစစ်အပြီး ကော်မတီဝင်
ဦးငွန်မောင်းမှတနင်္လာနေ့တွင်လွှတ်တော်သို့ပြန်လည်တင်ပြရာတွင်မပါဝင်တော့ဟုအမတ်များကမဇ္ဈိမကို
ပြောသည်။
'ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လှည်ခွင့်'ဥပဒေမူကြမ်းတွင်ပါရှိသည့်ဆန္ဒထုတ်ဖေါ်ခွင့်နေ ရာကန့်သတ်ထားချက်ကိုအောက်လွှတ်တော်ဥပဒေမူကြမ်းကော်မတီမှဖြုတ်ဟုလွှတ်တော်တက် အမတ်များကပြော(ဓါတ်ပုံ မဇ္ဈိမ)
ဥပဒေမူကြမ်းတွင်ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လှည်ခွင့်တို့အတွက်သက်ဆိုင်ရာ အထွေအထွေအုပ်ချုပ်ရေးမှူးထံတွင်ခုနှစ်ရက်ကြိုတင်အကြောင်းကြားကာခွင့်ပြုချက်ရယူရမည်ဟုပါရှိပြီး စီတန်းလှည့်လှည်ခွင့်ပြုမပြုဆုံးဖြတ်ချက်ကို မြို့နယ်ရဲတပ်ဖွဲ့မှူးမှဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟုလည်း ပါရှိသည်။
ဥပဒေမူကြမ်းပါအထက်ပါအချက်နှင့်ပတ်သက်၍မြို့နယ်ရဲတပ်ဖွဲ့မှူးမှခွင့်ပြုချက်မပေးပါက၊တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ရဲတပ်ဖွဲ့မှူးထံသို့ ထပ်မံတင်ပြနိုင်သည်ဟုလည်း ဥပဒေကြမ်း ကော်မတီက ပြင်ဆင်လိုက်
သည်။
ဥပဒေမူကြမ်းနှင့်ပတ်သက်၍ဆွေးနွေးလိုသည့်လွှတ်တော်အမတ်များအနေဖြင့်စက်တင်ဘာ၂၉ ရက်နေ့နောက်ဆုံးထားကာ လွှတ်တော်ရုံးသို့ စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။
အင်္ဂါနေ့အထက်လွှတ်တော်ဆွေးနွေးပွဲတွင်လွှတ်တော်အမတ်ဦးမောင်စောဖြူမှရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းလယ်ယာမြေဧက၁၅ဝကိုဒေသခံစစ်တပ်နှင့်ကုမ္ပဏီများမှသိမ်းယူမှုနှင့်ပတ်သက်ပြီး မေးမြန်းရာတွင်လယ်ယာမြေနှင့်ဆည်မြောင်းဝန်ကြီးဦးမြင့်လှိုင်မှတောင်သူလယ်သမားများအကျိုးကိုရှေ့ရှု လုပ်ဆောင်မည် ဖြစ်ကြောင်း ဖြေကြားသွားသည်။
အထက်လွှတ်တော်၏ဆွေးနွေးပွဲတွင်လွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်မှလွှတ်တော်အမတ်များ လွှတ်တော်အတွင်းသုံးနှုန်းပြောဆိုသည့်အသုံးအနှုန်းနှင့်ပတ်သက်၍မသင့်တော်သည်များကို မိမိတဦးတည်းကဝင်ရောက်ဟန့်တားနေရပြီးလွှတ်တော်အမတ်များမှလည်းမသင့်တော်ဟုယူဆသည့် အသုံးအနှုန်းများကို ကိုယ်တိုင် ကန့်ကွက်နိုင်ကြောင်း ပြောသွားသည်ဟု သိရသည်။
အထက်လွှတ်တော်တွင်ဆွေးနွေးနေသည့်မေးခွန်းများနှင့်အဆိုများသည်ကုန်သလောက်ရှိနေပြီဟု အမတ်များကခန့်မှန်းနေကြပြီးအထက်လွှတ်တော်စည်းဝေးပွဲကိုဗုဒ္ဓဟူးနေ့တွင်တရက်ရပ်နားမည် ဖြစ်သည်။



donderdag 22 september 2011

မြန်မာအစိုးရကိုထောက်ခံရန် ICG တိုက်တွန်း

ခင်ဦးသာ Thursday, 22 September 2011 17:50
.အပြောင်းအလဲများစတင်လုပ်ဆောင်ပြနေသောမြန်မာအစိုးရအားကူညီထောက်ပံ့ပေးကြရန်နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့(ICG)ကကမ္ဘာ့နိုင်ငံများကိုယနေ့တိုက်တွန်းလိုက်သည်။
၂၀၁၁သြဂုတ်၁၉ရက်နေ့ကနေပြည်တော်တွင်သမ္မတဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲ့သည် (ဓာတ်ပုံ - ဧရာဝတီ)
သမ္မတဦးသိန်းစိန်သည်အပြောင်းအလဲတချို့ကိုလက်တွေ့လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက်မကြုံစဖူး အပြောင်းအလဲဖြစ်နေသောကြောင့် ကူညီသင့်ကြောင်းICG၏ စာမျက်နှာ ၂၁ မျက်နှာပါ ထုတ်ပြန်ချက်၌ ရေးသားထားသည်။
ဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အုပ်ချုပ်ရေးပုံစံမှ ခွဲထွက်၍ အရပ်သားအစိုးရအုပ်ချုပ်မှု ပုံစံသစ်ကို ကျင့်သုံးကာ အပြောင်းအလဲ အမှန်တကယ် ပြုလုပ်လိုသူ တဦးဖြစ်ပြီး ထောက်ခံအားပေးမှု မရှိလျှင် လုပ်ဆောင်ချက်များ တုံ့နှေးသွားလိမ့်မည်ဟု အစီရင်ခံစာက ဆိုသည်။
သမ္မတဦးသိန်းစိန်သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ၏ အပြောင်းအလဲကို ကြိုဆို ထောက်ခံထားသည်။
သမ္မတတာဝန်ယူပြီးများမကြာမီမေလ၁၆ရက်နေ့တွင်အကျဉ်းသား အများအပြားအတွက် ပြစ်ဒဏ် တနှစ်လျှော့ပေးပြီး လွတ်ငြိမ်းသက်သာခွင့် ကြေညာခဲ့ကြောင်း၊ထိုသို့ လွှတ်ပေးရန် အစိုးရအဖွဲ့ဝင်များနှင့် ၃ ရက်တိုင် ဆွေးနွေးမှုတွင်သူ၏ အစီအစဉ်ကိုမလိုလားသူတချို့ရှိခဲ့ကြောင်း အာဆီယံ သံတမန် တဦးကို ကိုးကား၍ ICG က ရေးသားထားသည်။
ဦးသိန်းစိန်၏သြဂုတ်လ၁၉ ရက်နေ့မိန့်ခွန်း၌ ဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနိုင်ငံတည်ဆောက်မည်ဟု ပြောဆိုခဲ့ရာအာဏာရှင်စနစ်ထက်စာလျှင်လုံးဝခြားနားသောအုပ်ချုပ်မှုပုံစံသစ်ကို စတင်နေခြင်းဖြစ်သည်ဟု ICG က ဆိုသည်။
မည်မျှပြောင်းလဲနေသည်ဆိုသည်ကိုစောင့်ကြည့်သူတချို့ကအာရုံမပြုဘဲမပြောင်းမလဲ ကျန်နေသည်များကိုသာ လက်ညှိးထိုးနေကြသည်ဟုလည်း ဝေဖန်ထားသည်။
အစိုးရသစ်သည် အပြောင်းအလဲများ ပြုလုပ်နေသကဲ့သို့ တိုင်းရင်းသားဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်နေမှုများ ရှိနေဆဲဖြစ်ကြောင်းကိုလည်း ထောက်ပြထားသေးသည်။
လက်ရှိအစိုးရအပေါ်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သြဇာလွှမ်းမိုးမှု မရှိတော့ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အပြုသဘောမဆောင်သည့် ပြုမူမှုများလုပ်ဆောင်ခဲ့သူ ဒုသမ္မတသီဟသူရဦးတင်အောင်မြင့်ဦးကိုပင် ဇူလိုင်လအတွင်း ခေါ်ယူတွေ့ဆုံပြီးအနှောင့်အယှက်မပြုရန် သတိပေးခဲ့ကြောင်း အာဆီယံ သံတမန်တဦးကို ကိုးကာ၍ ICG က ဆိုထားသည်။
အနောက်နိုင်ငံများသည်မြန်မာနိုင်ငံ၏အပေါင်းလက္ခဏာဆောင်သောတိုးတက်မှုကိုတုံ့ပြန်ရန် အသင့်ရှိသည်ကိုအချက်ပြထားပြီးဖြစ်ကြောင်း၊ထို့ကြောင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်တို့ကလုပ်ပိုင်ခွင့်များ အတွင်းမှပင် နည်းပညာအကူအညီ၊ အကြံဉာဏ်များ ဖြစ်နိုင်သမျှ ပေးအပ်ကူညီကြရန်လည်း တိုက်တွန်း ရေးသားထားသည်။
ဦးသိန်းစိန်အစိုးရလက်ထက်လွှတ်တော်အစည်းအဝေးများ၌အဆိုပြုတင်သွင်းခဲ့သော အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကို စစ်တပ် ကိုယ်စားလှယ်များကပါ ထောက်ခံ ဆွေးနွေးနေမှုမှာ အံ့သြဖွယ် ပြောင်းလဲမှု ဖြစ်သည်ဟု ICG က ချီးကျူးလိုက်သည်။
လွှတ်တော်တက်ရောက်နေသည့် ကိုယ်စားလှယ်တချို့သည် သေးငယ်သော ကိစ္စရပ်များကို တင်ပြဆွေးနွေးနေခြင်းမှာ အတွေ့အကြုံမရှိသေးခြင်းကြောင့် ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အရည်အချင်းပြည့်ဝရေးအတွက်တခြားနိုင်ငံလွှတ်တော်များကကူညီပေးသင့်ကြောင်းလည်း ဖော်ပြထားသည်။
သမ္မတ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကိစ္စများ၊ ဆွေးနွေးပွဲများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တော်ပြန်လာရေး ဖိတ်ခေါ်မှု စသည်တို့ကို အပြုသဘောအပြောင်းအလဲအဖြစ်ICGက ရှုမြင်ထားသည်။
ပြုပြင်ပြောင်းလဲမှုများ နိုင်ငံတကာ၏ ထောက်ခံမှု မရှိလျှင် ဦးသိန်းစိန်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များ အားလျော့သွားစေပြီးအစိုးရအဖွဲ့ အတွင်းရှိ သဘောထား တင်းမာသူတချို့ အားကောင်းသွားစေနိုင်ကြောင်း ICG က သုံးသပ်ထားသည်။
ICG အဖွဲ့သည် အစိုးရနှင့် မသက်ဆိုင်သည့် လွတ်လပ်သော အဖွဲ့အစည်း တခုဖြစ်ပြီး ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အခြေစိုက်သည်။
၂၀၀၉ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ ICG ၏ ထုတ်ပြန်ချက်တစောင်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရန် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံကိုကမ္ဘာမှဆက်လက်စောင့်ကြည့်ရန်ဒေါ်စုပြော

မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၂ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။မြန်မာ့အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကClintonGlobalInitiative
(CGI)ညီလာခံပရိသတ်အားလွတ်လပ်ရေးအတွက်ကြိုးပမ်းနေသည့်သူ၏နိုင်ငံအရေးကိုမျက်နှာလွှဲဖယ်ခြင်း
မပြုရန် ပန်ကြားခဲ့သည်။
နယူးယောက်မြို့တွင်ကျင်းပCGIညီလာခံပရိသတ်သို့ဒေါ်အောင်ဆန်းစုကြည်ပေးပို့ခဲ့သည့်ဗွီဒီယိုတွင်မြန်မာ့ နိုင်ငံရေးပျော့ပြောင်းလာသည့် အခြေအနေကို ပြောခဲ့ပြီး ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည့်
ရွေးကောက်ပွဲသည်အပြစ်အနာအဆာများရှိကာမြန်မာ့နိုင်ငံရေး အခြေအနေကို ဂရုတစိုက် စောင့်ကြည့်ရန် လိုအပ်သည်ဟုလည်း ပြောခဲ့သည်။
“ကျမတို့တကယ်လိုအပ်နေတာကကျမတို့နိုင်ငံမှာဘာတွေဖြစ်ပျက်နေလဲဆိုတာကိုသတိထားစောင့်ကြည့် မှုပါပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်ကပရိသတ်ဖြစ်သည့်နိုင်ငံရေးနှင့်စီးပွါးရေးခေါင်းဆောင်များအား ပြောကြားခဲ့ကြောင်း Agence France-Presse သတင်းဌာနက ဖော်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကClintonGlobalInitiative(CGI)ညီလာခံပရိသတ်အားလွတ်လပ်ရေးအတွက် ကြိုးပမ်းနေသည့်သူ၏နိုင်ငံအရေးကိုမျက်နှာလွှဲဖယ်ခြင်းမပြုရန်ပန်ကြား
ဒေါ်အောင်ဆန်းစုကြည်က အခြေအနေသည်ပြောင်းလဲနေခဲ့ကြောင်းပြောကြားခဲ့ပြီး“အပြောင်းအလဲဆိုတာအမြဲတမ်းတော့ အကောင်းဘက်ကိုပြောင်းလဲတာဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။အကောင်းဘက်ကိုပြောင်းလဲခဲ့ရင်တောင် အပြောင်းအလဲတွေဟာ အမြဲကြံ့ကြံ့ခံ တည်မြဲဖို့က မသေချာပါဘူး” ဟု ဗွီဒီယိုထဲတွင် ပြောခဲ့သည်။
“ဘာတွေဖြစ်ပျက်နေသလဲဆိုတာကိုကမ္ဘာကြီးက ဆက်လက် စောင့်ကြည့်ပေးဖို့ကို ကျမတို့ အလိုရှိပါတယ်”
ဟုလည်း ဆိုခဲ့သည်။
“တကယ်လို့ကမ္ဘာကြီးအနေနဲ့မြန်မာနိုင်ငံကိုကူညီချင်တယ်ဆိုရင်မြန်မာနိုင်ငံမှာဘာတွေ ဖြစ်ပျက်နေသလဲ
ဆိုတာကိုသိနေဖို့လိုပါတယ်။ဒီနိုင်ငံမှာဘာတွေဖြစ်ပေါ်နေလဲဆိုတာကိုမျက်ခြေမပြတ်လေ့လာနေဖို့ လိုပါတယ်” ဟု ဒေါ်စုက ပြောခဲ့သည်။
မြန်မာ့အတိုက်အခံခေါင်းဆောင်ကအိန္ဒိယနိုင်ငံနှင့်တရုတ်နိုင်ငံတို့၏အရေးပါမှုကိုလည်းအလေးထား ပြောကြား ခဲ့သလို ထိုနိုင်ငံများ အနေဖြင့်မြန်မာပြည်သူများနှင့်ဆက်ဆံရေးကိုမြန်မာအစိုးရနှင့် ဆက်ဆံရေး နည်းတူ အလေးထားလိမ့်မည် ဟု မျှော်လင့်ကြောင်းလည်း ပြောခဲ့သည်။
ဒေါ်စုကပြောကြားရာတွင်ထိုနိုင်ငံများအနေဖြင့် အိမ်နီးချင်းကောင်းများ အမြဲတမ်း ဖြစ်ခဲ့ကြသော်လည်း အချိန်ပြောင်းလဲလာသည်နှင့်အမျှအခြေအနေများလည်းပြောင်းလဲ လာတတ်သဖြင့် အိမ်နီးချင်းကောင်းများ ဆက်လက်ဖြစ်နေစေရန် တချို့မူဝါဒများကို ပြုပြင်ရန် လိုအပ်သည်ဟု ဆိုသည်။
“ဘယ်ခရီးကိုမဆို ခြေလှမ်းတွေ တလှမ်းပြီးတလှမ်း လှမ်းရင်း လုပ်ရတာပါ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင်
ဒီမိုကရေစီ လှုပ်ရှားမှုထဲကို ကျမ စတင် ဝင်ရောက်တုန်းက ကျမရဲ့ ဘဝတခုလုံးကို မြှုပ်နှံထားရလိမ့်မယ်လို့ မထင်မိခဲ့ပါဘူး” ဟု ဒေါ်စုက ပြောခဲ့သည်။
မြန်မာနိုင်ငံတွင် တိုးတက်မှုတချို့ကို မြင်တွေ့နိုင်သည်ဟု သူမက ပြောဆိုခဲ့သော်လည်း ၎င်းတို့သည် “အစခရီး၏ အစ” သာ ရှိသေးသည်ဟု သူမက ဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကမြန်မာနိုင်ငံအခြေအနေနှင့်အရှေ့အလယ်ပိုင်းနှင့်မြောက်အာဖရိကရှိ အာရပ်နိုင်ငံများ တွင် ဖြစ်ပွါးခဲ့သည့်တော်လှန်ရေးများနှင့်နှိုင်းယှဉ်ရန်ခက်ခဲကြောင်းဆိုခဲ့ပြီး အင်တာနက်နှင့် လူမှုရေး မီဒီယာများ တည်ရှိနေမှုမှာ မြန်မာနိုင်ငံနှင့် ခြားနားကြောင်း ထောက်ပြခဲ့သည်။
ရန်စောင်မှု ခုနှစ်သက္ကရာဇ်များကို ကျော်လွှားရန်မှာလည်း ခက်ခဲကြောင်း သူက ဆိုခဲ့သေးသည်။
“နှစ်ဘက်စလုံးက အပေးအယူ ပြုလုပ် ညှိနှိုင်းဖို့ အတွက် ပြင်ဆင်ရမှာမို့ အမျိုးသား ပြန်လည်စည်းလုံးရေး လုပ်ငန်းဟာ တခါတရံမှာ အားလုံးထက် ပိုပြီး ခက်ခဲနိုင်ပါတယ်” ဟု ပြောခဲ့သည်။



နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ရှိကြောင်း အစိုးရပြော

လင်းသန့် Thursday, 22 September 2011 18:08
.မြန်မာအစိုးရကနိုင်ငံရေးအကျဉ်းသားမရှိဟုအစဉ်တစိုက်ပြောဆိုနေခဲ့သော်လည်း နိုင်ငံခြားသံတမန်များနှင့်တွေ့ဆုံစဉ်တွင်နိုင်ငံရေးအကျဉ်းသားအနည်းငယ်ရှိသည်ဟုပြောဆိုခဲ့ကြောင်း သိရသည်။
အများလက်ခံထားသည့်နိုင်ငံရေးအကျဉ်းသား၂၀၀၀ခန့်ရှိသည်ဆိုခြင်းကိုမူအစိုးရကမဟုတ်မှန်ကြောင်း ငြင်းဆိုသည်။
ထိုင်းနိုင်ငံအခြေစိုက်နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ တွဲဖက်အတွင်းရေးမှူးကိုဘိုကြည်ကအစိုးရသည်နိုင်ငံရေးအကျဉ်းသားအများစုကိုရာဇ၀တ်ပုဒ်မများတပ်၍ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း၊နိုင်ငံရေးအကျဉ်းသားအရေအတွက်နည်းနေရန်ရည်ရွယ်ချက်ရှိရှိထိုသို့ ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောသည်။
“ကျနော်တို့မှာအခုရှိတဲ့စာရင်းက၁၉၉၈ဦးရှိတယ်။ဒီစာရင်းကလက်လှမ်းမီသလောက်ကြိုးစားပြုစုထားတဲ့ စာရင်းပါ။လက်လှမ်းမမီတဲ့သူတွေလည်းရှိနေမှာပါ။နောက်ထပ်အသေးစိပ်ကျနော်တို့ထပ်ထုတ်ပြန်ဖို့ ရှိတယ်” ဟု ၎င်းကဆိုသည်။
၁၉၈၀ပြည့်နှစ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့စဉ်နိုင်ငံရေးအရဖမ်းဆီးထားသူများကိစ္စကွဲကွဲပြားပြားဖြစ်စေရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကနိုင်ငံတော်ကောင်စီသို့တင်ပြမေးမြန်းခဲ့ရာနိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသူများကိုတရားဝင်ထုတ်ပြန်ခဲ့ကြောင်း၊၎င်းတို့မှာပုဒ်မ၅၊မတရားသင်းဆိုင်ရာပုဒ်မ၁၇၊ နိုင်ငံတော်ပုန်ကန်မှုဆိုင်ရာပုဒ်မ၁၂၂ မှ၁၃၀ စသည်တို့ ဖြစ်ကြောင်း ကိုဘိုကြည်က ပြောသည်။
ရန်ကုန်မြို့ကနိုင်ငံရေးအကျဉ်းသားဟောင်းတဦးက“ဥပမာ-ဒလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လူငယ်ကိုနေလင်းဦးဆိုရင်ဒီမိုကရေစီနေ့ကငြိမ်းချမ်းရေးသ၀ဏ်လွှာဖတ်တာကိုမူးယစ်ရမ်းကားမှုနဲ့ ဖမ်းတယ်၊နောက်တော့ညောင်တုန်းကကိုထွန်းထွန်းဆိုရင်စိတ္တဇဆေးရုံပို့ပြီးစိတ်ဝေဒနာသည်ပုံစံနဲ့ ဖမ်းတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို အဲဒီလို ပုံဖျက်တာမျိုးတွေ အများကြီး ရှိတယ်” ဟု ဆိုသည်။
မကြာသေးခင်ကမြန်မာနိုင်ငံကိုလာရောက်ခဲ့သည့်ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်အိုဟေးကင်တာနားကမြန်မာအစိုးရအားနိုင်ငံရေးအကျဉ်းသား၂၀၀၀ကျော်ကို အမြန်ဆုံးပြန်လွှတ်ပေးရန်ပြောဆိုရာမစ္စတာကင်တာနားဆိုလိုသည့်အရေအတွက်မဟုတ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသား အနည်းငယ်မျှသာရှိပြီးတည်ဆဲဥပဒေချိုးဖောက်သူများသာရှိကြောင်း မြန်မာအစိုးရဘက်က ပြောဆိုခဲ့သည်။
ယခုနောက်ပိုင်းတွင်လည်းအီလက်ထရွန်းနစ်အက်ဥပဒေပုဒ်များဖြင့်ဖမ်းဆီးထောင်ချမှုများရှိကြောင်း၊ မကြာမီကသွေးလှူဒါန်းရေးအတွက်ကူညီပေးသူဗိုလ်ကြီးဟောင်းနေမျိုးဇင်ကိုအဆိုပါပုဒ်မဖြင့်ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးအရေးယူခဲ့ကြောင်း၊အကျဉ်းထောင်၊ရဲဘက်စခန်းများတွင်ဖမ်းဆီးချုပ်နှောင် ခံထားရသည့် နိုင်ငံရေးအကျဉ်းသားစာရင်း ပြုစု ရာတွင်လည်း အဖက်ဖက်မှ ပိတ်ဆို့ထားမှုများကြောင့် AAPPအနေဖြင့် အလွန်ခက်ခဲကြောင်း ကိုဘိုကြည်က ဆိုသည်။
နိုင်ငံရေးအကျဉ်းသားဟောင်း တဦးကလည်း “သူတို့က ဖမ်းတုန်းကလည်း လူမသိ သူမသိဖမ်းတယ်။ လွတ်လာရင်တော့ ကိန်းဂဏန်း ထုတ်ပြောပြီးသာ အသားယူတာ၊ ဘယ်သူဘယ်ဝါ ဆိုတာလည်း ပြောလေ့မရှိဘူး။ ထောင်တွေထဲမှာ ကလည်း နိုင်ငံရေး အကျဉ်းသားတွေကို ကန့်သတ်တာများတော့ စာရင်းလုပ်ရတာ အခက်အခဲရှိတယ်။ နောက်ပြီး အဝေးကြီးတွေကို ပြောင်းပစ်တော့ မိသားစုက မသွားနိုင်ဘူး။ အဆက်အသွယ်ပြတ်တော့ ပိုဆိုးတယ်” ဟု ပြောပြသည်။
မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC)အနေဖြင့် အကျဉ်းထောင်များသို့ ၀င်ရောက်ခွင့် ရခဲ့စဉ် နိုင်ငံရေးအကျဉ်းသားများကိုမှတ်ပုံတင်ခဲ့ပြီး မိသားစုနှင့် ဆက်သွယ်ဆောင်ရွက်ခွင့်များ ပေးခဲ့ကြောင်း၊ထိုစဉ်ကအကျဉ်းထောင်များတွင်အရေးအကြီးဆုံးအချက်၃ချက်ဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှု၊အစာအာဟာရကျွေးမွေးမှု၊နေရာထိုင်ခင်းတို့အထိုက်အလျောက် တိုးတက်မှုရှိခဲ့ကြောင်း သူက ဆိုသည်။
နိုင်ငံရေးအကျဉ်းသား စာရင်းနှင့် ပတ်သက်၍ ၂၀၀၅ ခုနှစ်အထိ AAPP ဖော်ပြထားသည့် စာရင်းနှင့် ICRC စာရင်းတို့မှာ ကွာဟမှုမရှိခဲ့ကြောင်း၊ သို့ရာတွင်ICRCအကျဉ်းထောင်တွင်း ၀င်ခွင့်မရတော့သည့် နောက်ပိုင်း AAPPအနေဖြင့်နိုင်ငံရေးအကျဉ်းသားစာရင်းများပြုစုတင်ပြရာတွင်ချိန်ညှိရန်အတွက်အခက်အခဲဖြစ်ခဲ့ ကြောင်း ကိုဘိုကြည်က ပြောသည်။
“ICRCကထောင်တွင်းဝင်ခွင့်မရတဲ့အချိန်ကစပြီးတချို့တိုးတက်မှုတွေကိုတာဝန်ခံပြောမယ့်သူ မရှိတော့ဘူး။ နိုင်ငံရေး အကျဉ်းသားမိသားစုတွေအနေနဲ့ မီဒီယာအင်တာဗျူးတွေကတဆင့် သိလို့ ပြုစုတာမျိုးလည်း လုပ်ရတယ်။နီးစပ်ရာနဲ့ပြုစုကြရတယ်၊အခက်အခဲတွေ အများကြီးရှိပါတယ်။ ဘယ်နှယောက်ဖမ်းတယ်ဆိုတာ အစိုးရက အသိဆုံးပဲဖြစ်လိမ့်မယ်။ နယ်မှာ ဖမ်းသွားတာတွေဆို သိတောင် မသိလိုက်ရတာတွေရှိတယ်” ဟု သူက ဆိုသည်။