မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 30 juli 2011

ခုံရုံးကြောင့်NLDအာဏာနှင့်လွဲဟုကော်မရှင်ပြော

လင်းသန့် Friday, 29 July 2011 18:02
.အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည်၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သော်လည်းစစ်ခေါင်း ဆောင်များကိုနိုင်ငံတကာနျူရင်ဘတ်ခုံရုံးတင်ကာအရေးယူရန်ပြောဆိုခဲ့သဖြင့်အာဏာအလွှဲမခံရခြင်း ဖြစ်သည်ဟုနေပြည်တော်အစိုးရ၏ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌသစ် ဦးတင်အေးက ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးကြည်မောင်ကို၁၉၉၅ခုနှစ်ကတွေ့ရပုံ။“နျူရင်ဘတ်လိုခုံရုံးမျိုးမလိုပါ”ဟူသော ဦးကြည်မောင်၏ပြောဆိုချက်ကိုအာဏာပိုင်တို့ကခြိမ်းခြောက်မှုတခုအဖြစ်သဘောထားခဲ့ကြသည်။ (ဓာတ်ပုံ - Nic Dunlop)
ဗုဒ္ဓဟူးနေ့ကနေပြည်တော်တွင်ရွေးကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေးပါတီ၃၇ခု၏ခေါင်းဆောင်များ တွေ့ဆုံစဉ် ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
“သူတို့အာဏာလွှဲမပေးခဲ့တာအဲဒါကြောင့်လို့ကော်မရှင်ဥက္ကဋ္ဌက မိန့်ခွန်းမှာ ထည့်ပြောတာ” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီကို ပြောပြသည်။
နျူရင်ဘတ် ခုံရုံးဟူသောအသုံးအနှုန်းကို ၁၉၉၀ရွေးကောက်ပွဲကာလNLDကို ခေါင်းဆောင်ခဲ့သူ တဦး ဖြစ်သည့် ဦးကြည်မောင်က သုံးစွဲခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ဟောင်ကောင်အခြေစိုက်Asiaweekမဂ္ဂဇင်းမှ နိုင်ငံခြား သတင်းထောက်တဦး၏ “စစ်တပ်က စစ်ရာဇ၀တ်မှုတွေကျူးလွန်ခဲ့တာတွေကိုNLDက တရားစွဲဖို့လိုအပ်သလား”ဟူသော မေးမြန်းချက်ကို ဦးကြည်မောင်က “တို့ မြန်မာပြည်မှာ နျူရင်ဘတ်လို ခုံရုံးမျိုး မလိုပါဘူးကွာ”(“Here in Burma We do not need any Nuremberg-style tribunal”) ဟု ပြန်လည်ပြောဆိုခဲ့သည်။ ထိုအကြောင်း ၁၉၉၀ ဇူလိုင်လက Asiaweek တွင် ဖော်ပြခဲ့သည်။
နောက်ပိုင်းတွင်စစ်ထောက်လှမ်းရေးဒုတိယဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကလည်း သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်စဉ် ဦးကြည်မောင်၏ ပြောဆိုချက်ကို မှားယွင်းကိုးကားခဲ့သည်ဟု ဦးသုဝေက ထောက်ပြသည်။
“အဲဒီတုန်းကဦးကြည်မောင်ပြောတာလည်းအဲဒီလိုမဟုတ်ဘဲနဲ့ဗိုလ်ချုပ်ခင်ညွန့်ကသတင်းစာရှင်းလင်းပွဲမှာ ဦးကြည်မောင်ကအဲဒီလိုပြောခဲ့တယ်ဆိုပြီးအဓိကပြောခဲ့တာ။မဟုတ်မှမဟုတ်တာ”ဟု ဦးသုဝေက ဆိုသည်။
ဦးကြည်မောင်သည်၂၀၀၄ခုနှစ်က ကွယ်လွန်ခဲ့သည်။
သူ၏ပြောဆိုချက်တွင်ပါဝင်သောနျူရင်ဘတ်သည်ဒုတိယကမ္ဘာစစ်ကာလ အတွင်း စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သော ဂျာမန်တို့ကို အပြစ်ပေး အရေးယူသည့် နိုင်ငံတကာ ခုံရုံးတခု ဖြစ်သည်။
မြန်မာဗိုလ်ချုပ်ကြီးများက ဦးကြည်မောင်၏ပြောဆိုချက်ကို နားလည်မှုလွဲခြင်း ဖြစ်သည်ဟု လက်ရှိ NLD ခေါင်းဆောင်များက ဆိုသည်။
“ကျနော်တို့NLDမှာ အဲဒီလိုသဘောထားလုံးဝမရှိဘူး”ဟုNLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ရှင်းပြသည်။
NLD ခေါင်းဆောင်တဦးဖြစ်သူ ရှေ့နေ ဦးဥာဏ်ဝင်းကလည်း“NLDဟာ ဒီလိုမျိုး သဘောထား မရှိခဲ့ဘူး။ ဦးကြည်မောင်ကလည်း အဲဒီလို ပြောခဲ့တာ မဟုတ်ဘူး” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းရေးကိုNLDကထောက်ခံကြောင်း၊ထိုကော်မရှင်သည်ခုံရုံး မဟုတ်ကြောင်း၊ အချက်အလက် ပြည့်စုံအောင် စုံစမ်းမည့် အဖွဲ့သာ ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
သို့သော်လည်းလူ့အခွင့်အရေးချိုးဖောက်သူများဖြစ်သည်ဟုနှစ်ပေါင်းများစွာဝေဖန်ခံခဲ့ရသည့် ဗိုလ်ချုပ်ကြီးများက နိုင်ငံတကာခုံရုံးနှင့် ပတ်သက်ပြီး လိုလားခြင်း မရှိကြောင်း ထင်ထင်ရှားရှား ပြသခဲ့ပြီး ဖြစ်သည်။
၁၉၉၀ပြည့်နှစ်ကဦးကြည်မောင်၏“နျူရင်ဘတ်လိုခုံရုံးမျိုးမလိုပါ”ဟူသောပြောဆိုချက်အပြီးတွင် အာဏာပိုင်တို့ကသူ့ကို ထိန်းသိမ်းလိုက်သည်။
ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ကလည်းဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက နေပြည်တော်တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ၎င်းတို့၏ စိုးရိမ်မှုနှင့် ပတ်သက်ပြီး ထပ်မံ ပြောကြားလိုက်ပြန်သည်။
ထိုစိုးရိမ်ချက်ကြောင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီNLDကို စစ်တပ်က အာဏာမလွှဲရခြင်း ဖြစ်ကြောင်း အရပ်သား အစိုးရ ထိပ်တန်းခေါင်းဆောင်ပိုင်းက ပထမဆုံး အကြိမ် တရားဝင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဦးတင်အေးကဆက်လက်ပြောသည်မှာတပ်မတော်အစိုးရကလွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲတွင် NLD အနိုင်ရခဲ့သည်ဟူ၍ ဖြစ်သည်။
အာဏာကိုဆက်လက်ချုပ်ကိုင်ခဲ့သည့်ဗိုလ်ချုပ်ကြီးတို့ကထိုရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကိုအမျိုးသားညီလာခံ(၁၉၉၃-၂၀၀၇)သို့တက်စေပြီးအခြေခံဥပဒေရေးဆွဲရန် စီစဉ်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က၁၉၉၀ရွေးကောက်ပွဲရလဒ်ကိုဖျက်သိမ်းကြောင်းအာဏာပိုင်တို့ကကြေညာပြီး ရွေးကောက်ပွဲတခုကို ထပ်မံကျင်းပခဲ့သည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်ပြည်ထောင်စု

ထွန်းထွန်း သောကြာနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၂၆ မိနစ် .
(UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနှင့် အင်တာဗျူး)
နယူးဒေလီ(မဇ္ဈိမ)။ ။အရပ်သားအစိုးရသစ်တွင်သမ္မတနှင့်စစ်တပ်အကြားအားပြိုင်နေသည့်အတွက်အစိုးရ အဖွဲ့တွင်းဦးစွာညှိနှိုင်းမှသာလျှင်အများလိုချင်သည့်ငြိမ်းချမ်းရေးအတွက်ပြုလုပ်နိုင်မည်ဟုညီညွတ်သော တိုင်းရင်သားလူမျိုးများဖက်ဒရယ်ကောင်စီ-UNFCအထွေထွေအတွင်းရေးမှူးနိုင်ဟံသာကပြောသည်။
UNFCတွင်ကရင်လွတ်မြောက်ရေးအဖွဲ့KIO၊ကရင်အမျိုးသားအစည်းအရုံးKNU၊မွန်ပြည်သစ်ပါတီNMS၊ ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော်SSPP/SSA၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPPနှင့် ချင်းအမျိုးသားတပ်ဦးCNFတို့မှာ အခြေခံအဖွဲ့ဝင်များအဖြစ် ပါဝင်သည်။
UNFCအထွေထွေအတွင်းရေးမှူးနိုင်ဟံသာကိုမဇ္ဈိမသတင်းထောက်ထွန်းထွန်းကဆက်သွယ်မေးမြန်းထား သည်။
--------------------------------------------------------------------------------
UNFC အဖွဲ့ဝင်တွေရဲ့ အဓိက တောင်းဆိုချက်ကကော ဘာများလဲဗျ။

                                                   UNFCအထွေထွေအတွင်းရေးမှူးနိုင်ဟံသာPhoto:kaowaw.org
“ကျနော်တို့ရဲ့အဓိကတောင်းဆိုချက်ကတော့ကျနော်တို့နိုင်ငံကလူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်တဲ့ အပေါ်မှာစစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ဖို့။လူမျိုးတိုင်း၊လူမျိုးတိုင်းမှာအမျိုးသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့အမျိုးသားတန်းတူရေးတွေရှိဖို့။အဲဒီလိုစစ်မှန်တဲ့ပြည်ထောင်စုမျိုးကိုပြန်လည်ဖွဲ့စည်း နိုင်ဖို့ပေါ့ဗျာ။နောက်လွယ်လွယ်နဲ့ပြောရမယ်ဆိုရင်တချိန်က၁၉၄၇ခုမှာစတင်ပြီးတော့ အခြေ တည်လာခဲ့တဲ့ ပင်လုံစာချုပ်အပေါ်မှာ ပြန်လည်ပြီးတော့မှ အကောင်အထည်ဖော်နိုင်ဖို့ပေါ့လေ။
အဲဒီအပေါ်မှာ”အခုအစိုးရကပြည်ထောင်စုစနစ်ကိုလုပ်ဆောင်နေတယ်ဆိုတော့ အန်ကယ်တို့ကလည်းပင်လုံစာချုပ်ပါပြည်ထောင်စုစနစ်ကိုလိုလားတယ်ဆိုတော့ ဘယ်လိုများကွာဟနေသလဲ။
“ကျနော်တို့ကကျနော်တို့ကိုကျနော်တို့မြင်တာကတော့ပင်လုံစာချုပ်အခြေခံအရပေါ့နော်။စစ်မှန်တဲ့ပြည်ထောင် စုကိုတည်ဆောက်ဖို့လမ်းကြောင်းကသွားပြီးတော့မှတိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ချင်တာ။ဒါပေမဲ့အာဏာရထားတဲ့အစိုးရအသစ်ကအဲဒီလိုမမြင်ဘူး။ကျနော်တို့ဘက်က ခံယူချက်ကတော့သူတို့ကတော့ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေကိုလက်အောက်ခံလူမျိုးတွေအနေနဲ့ ပေါ့ဗျာ။အဲဒီလိုထားပြီးတော့မှကျနော်တို့ကိုနှိမ့်ချထားပြီးတော့မှသူတို့ရဲ့ဦးဆောင်မှုအပေါ်မှာ လိုက်နာစေချင်တဲ့ ပုံစံမျိုးနဲ့ချုပ်ကိုင်ပြီးတော့မှတပြည်ထောင်စနစ်ပုံစံပေါ့ဗျာ။ အဲဒီလိုပုံစံနဲ့ သွားချင်နေတဲ့ပုံစံ ရတယ်။အဲဒါကိုကျနော်တို့ခံစားမိတယ်။အဲဒီအပေါ်မှာကျနော်တို့လက်မခံနိုင်ဘူးဗျ။အဲဒါကြောင့် ကွာခြားနေတာပါ”
“တနေ့လက်ရှိအစိုးရသည်ပင်လျှင်ဒီကနေ့မြန်မာပြည်နယ်တွေဖွဲ့စည်းထားတယ်။ဒါပေမဲ့ပြည်နယ်တွေမှာပြည် နယ်အခွင့်အရေးတွေကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိဘူး။ အနိမ့်ဆုံးပေါ့ဗျာ။ပြည်နယ်ထဲမှာသက်ဆိုင်ရာလူမျိုးရဲ့ ဘာသာစကား၊စာပေကိုယ်တောင်တရားဝင်သင်ကြားခွင့်မရှိဘူးဗျာ။အဲဒီလိုဘာမှအခွင့်အရေးမရှိတဲ့ ပြည်နယ်မျိုး ကိုလည်း ကျနော်တို့က လက်ခံလို့ မဖြစ်နိုင်ဘူး။ ကျနော်တို့က မခံယူနိုင်ဘူး”
အခုမြန်မာအစိုးရသစ်ကငြိမ်းချမ်းရေးအတွက်ပါလီမန်ထဲကနေလုပ်ဆောင်ဖို့ ပြောထားတာ ရှိတယ်။ ဒီတော့ UNFC ကကော လုပ်ကိုင်ဖို့ အစီအစဉ် ရှိသလား။
“သူတို့ရဲ့လွှတ်တော်ထဲမှာပြောဖို့ဆိုတာကျနော်တို့မှာအစီအစဉ်လည်းမရှိဘူး။ပြောလို့လည်းရနိုင်မယ်လို့လည်း မထင်ဘူး။ကျနော်တို့ကလွှတ်တော်ကိုယ်စားလှယ်တွေလည်းမဟုတ်ဘူးလေ။ကျနော်တို့ ပါဝင်နိုင်ခြင်းလည်း မရှိဘူး။နောက်သူတို့ထဲမှာကန့်သတ်နေတဲ့၂ဝဝ၈ဖွဲ့စည်းပုံအရပေါ့ဗျာ။အဲဒီထဲကိုကျနော်တို့ကဝင်ပြီး တော့မှ လှုပ်ရှားရမယ်ဆိုရင် ကျနော်တို့ လွတ်လပ်ခွင့်မရှိဘူးလေ”
အခုလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကတိုက်ပွဲကြောင့်လူတွေနစ်နာတဲ့အတွက်အစိုးရ အပါအဝင်အားလုံးကိုအပစ်ရပ်ဖို့နဲ့ကြားဝင်စေ့စပ်ဖို့ကမ်းလှမ်းမှုကကော အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ထားလား။
“ကျနော်တို့ဘက်ကတော့ အဲဒါကို ကြိုဆိုတယ်၊ထောက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လုပ်သင့် လုပ်ထိုက်လို့လုပ်တဲ့လုပ်ငန်းဖြစ်တယ်။ဒါက အလုပ်ဖြစ်မယ်၊ မလုပ်ဖြစ်ဘူးဆိုတာကတော့ အာဏာရထားတဲ့ အစိုးရအပေါ်မှာ အဓိက မူတည်တယ်လို့ မြင်တယ်လေ”
သမ္မတကငြိမ်းချမ်းရေးအတွက်ပြောနေပေမယ့်စစ်တပ်ကတိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်တာဟာ သမ္မတနဲ့စစ်တပ်ကြားအာဏာခွဲဝေမှုပြဿနာလို့သုံးသပ်မှုတွေရှိနေတယ်။ဒီတော့UNFCကကော ဘယ်လိုမြင်ပါသလဲ။
“ကျနော်တို့လည်းအဲဒီကိစ္စမှာခန့်မှန်းမိတယ်။၂ဝ၁ဝရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းဖြစ်ပေါ်လာတဲ့ အစိုးရမှာ တဖက်ကအစိုးရကအာဏာအားလုံးသူ့လက်ထဲမှာမရှိဘူးဗျ။စစ်တပ်ကသီးခြားလိုဖြစ်နေတယ်။ လွှတ်တော်ကလည်းသီးခြားလိုဖြစ်နေတယ်။ဒါကဗိုလ်ချုပ်သန်းရွှေကနေပြီးတော့မှ အစီအစဉ် ချထားတဲ့အပေါ်မှာ အာဏာတွေခွဲပြီးတော့ လုပ်ထားတဲ့ပုံစံ ဖြစ်နေတယ်”
“အဲဒီတော့သူတို့က တခုခုလုပ်မယ်ဆိုရင်တော့ ကျနော်တို့ အများကြီး စဉ်းစားရတယ်ဗျ။ သူတို့မှာ လုပ်ပိုင် ခွင့်ရှိရဲ့လား၊အားလုံးရဲ့သဘောတူညီမှုရှိရဲ့လားဆိုတာအဲဒါခက်နေတယ်။ အဲဒီအနေအထားမျိုး ရှိနေတော့ ကျနော်တို့လည်း အစစအရာရာ ချင့်ချိန်နေရတယ်”
ဒါဆိုရင်ပြည်တွင်းငြိမ်းချမ်းရေးတကယ်လိုချင်ရင်သမ္မတနဲ့စစ်တပ်ကြားအရင်ညှိနှိုင်းရမယ့် သဘောလားဗျ။
“ဟုတ်တယ်။ ဒါလည်း လိုအပ်တယ်။ သူတို့ဘက်မှာ အဓိက ပိုလိုအပ်တယ်လို့ မြင်တယ်။ ဘယ်လိုမျိုး ညှိနှိုင်း သင့်သလဲဆိုတော့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးအရဖြေရှင်းဖို့ဆန္ဒရှိဖို့ လိုတယ်။ တချို့ကတော့ အဲဒီလိုဆန္ဒ
မရှိဘူး။ စစ်ရေးနည်းနဲ့ပဲဖြေရှင်းချင်တယ်။အဲဒီလို ညှိနှိုင်းတဲ့နေရာမှာလည်း တိုင်းရင်းသားတွေ အပေါ်မှာ မှန်ကန်တဲ့သဘောထားသူတို့အတွင်းမှာညီဖို့လိုတယ်ဗျ။ဥပမာတချို့ကဘယ်လိုအခွင့်အရေးမျိုး ပေးချင်တယ်၊တချို့ကဘယ်လိုအခွင့်အရေးမျိုးပဲ…ဥပမာမပေးချင်ဘူးဆိုတဲ့အနေအထားမျိုးပေါ့ဗျာ။ သူတို့ထဲမှာ အမြင်မတူရင် အဲဒီကိစ္စက ပုံစံချဖို့က တော်တော်လေး ခဲယဉ်းမယ်လို့ ကျနော် ထင်တယ်”
UNFC ရဲ့တောင်းဆိုခွင့်ရမယ်ဆိုရင် အစိုးရဘက်က ဦးဆုံး လိုက်လျောရမှာက ဘာဖြစ်မလဲ။
“သဘောကတော့ကနေ့ထိုးစစ်ကိုမလုပ်ဖို့။တဖက်က ထိုးစစ်မလုပ်ဘူး။ ကျနော်တို့ဘက်ကလည်း ထိုးစစ်
မလုပ်ဘူး။အဲဒီလိုနားလည်မှုယူပြီးတော့မှယာယီမပစ်အခတ်ရပ်စဲရေးလုပ်ကြမယ်။အဲဒီကာလမှာ ကျနော်တို့
ဟာနိုင်ငံရေးအရဘယ်လိုတွေ့ဆုံ ညှိနှိုင်းဖြေရှင်းနိုင်မလဲဆိုတာကိုလည်း တဖက်က နည်းလမ်း ရှာသွားမယ်။ အဲဒီလိုပုံစံနဲ့ဆိုရင် ညှိနှိုင်းလို့ရပါတယ်”
“ကျနော်တို့အနေနဲ့ကစစ်အစိုးရကထိုးစစ်ဆင်နေတဲ့အဓိကအားဖြင့်ကချင်တို့၊ရှမ်းတို့၊ကရင်တို့ဧရိယာမှာပေါ့ ဗျာ။ အဲဒါအားလုံးကို ရပ်ဆိုင်းပြီးတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာစေချင်တယ်။ ကျနော်
တို့ဘက်ကလည်း ကျနော်တို့ လိုက်နာမယ်”
စစ်တပ်က အပစ်မရပ်ဘူးဆိုရင်ကော။
“ကျနော်တို့ကကိုယ့်ကိုကိုယ်ခုခံကာကွယ်တဲ့အနေနဲ့အားလုံးစုပေါင်းပြီးခုခံသွားရမှာပေါ့။ဒါကမလွဲမရှောင် သာ လုပ်ရတဲ့ လုပ်ငန်းဖြစ်တယ်လို့ ခံယူထားတယ်”
ဖြည့်စွက်ပြောချင်တာများ ရှိသေးလား။
“ကျနော်တို့နိုင်ငံမှာကပြည်တွင်းစစ်ဖြစ်နေတာနှစ်ပေါင်း၆ဝကျော်ပြီ။ကျနော်တို့နိုင်ငံကတဖက်ကကြည့်မယ် ဆိုရင်သဘာဝသယံဇာတတွေကတော်တော်လေးကိုကြွယ်ဝတယ်၊ပြည့်စုံကောင်းမွန်တယ်။ဒါပေမဲ့ ပြည်တွင်းစစ်ဖြစ်နေလို့ကျနော်တို့နိုင်ငံဟာအဲဒီသဘာဝသယံဇာတတွေရဲ့အကျိုးကျေးဇူးတွေကိုလည်း မခံစားနိုင်ဘူး။တဖြည်းဖြည်းချင်းနဲ့ ခေတ်နောက်ကျပြီးဆင်းရဲမွဲတေနေတယ်။ ပြည်သူလူထုတွေ လည်း ဒုက္ခ ဖြစ်နေတယ်”
“ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားတွေ အမျိုးမျိုးနစ်နာနေရသလို ဗမာလူမျိုးတွေလည်း လွတ်လပ်ရေးရဲ့ အခွင့်အရေးကို ခံစားခွင့်မရှိကြဘူးလို့ မြင်တယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့အတွက် ဘယ်လူမျိုးမှာမှ အကျိုး မရှိဘူး။ နိုင်ငံအတွက်လည်းအကျိုးမရှိဘူး။အဲဒါကိုကျနော်တို့ကစစ်ရေးနည်းနဲ့ထပ်ပြီးရှင်းနေရင်လည်း ပြေလည်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် နိုင်ငံရေးအရ ဖြေရှင်းနိုင်တဲ့နည်းကို ရှာပြီးတော့မှ အမြန် ဖြေရှင်း
နိုင်တာက အကောင်းဆုံးပဲ”





donderdag 28 juli 2011

တိုင်းရင်းသားများနှင့်အစိုးရပဋိပက္ခညှိနှိုင်းပေးရန်ဒေါ်အောင်ဆန်းစုကြည်ကမ်းလှမ်း

လင်းသန့် Thursday, 28 July 2011 18:46
.မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကယခုလတ်တလောတိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်စဲရေးအတွက် ကြားဝင်ညှိနှိုင်းပေးရန် အသင့်ရှိကြောင်း ယနေ့ထုတ်ပြန်သည့် အိတ်ဖွင့်ပေးစာဖြင့် ကမ်းလှမ်းလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ကျင်းပသည့်အခမ်းအနားတခု၌ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပံ့ပိုးရန်အတွက် ကျမအနေဖြင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းပေးရန်အသင့်ရှိပါသည်”ဟု ဒေါ်အောင်ဆန်းစုကြည်က အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီပြောခွင့်ရပုဂ္ဂိုလ်ဦးအုန်းကြိုင်က“ဒီကနေ့ထုတ်ပြန်လိုက်တဲ့ အိတ်ဖွင့်ပေးစာကိုနိုင်ငံတော်သမ္မတဦးသိန်းစိန်ဆီကိုတော့တရားဝင် လမ်းကြောင်းက ပေးပို့ပြီး ဖြစ်ပါတယ်” ဟု ဧရာဝတီ ကိုပြောသည်။
အဆိုပါအိတ်ဖွင့်ပေးစာတွင်နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊မွန်ပြည်သစ်ပါတီ(NMSP)၊ရှမ်းပြည်တပ်မတော်(SSA)ဟူ၍ လိပ်မူကာ ပေးပို့ထားသည်။
KIO တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က “ဒေါ်အောင်ဆန်းစုကြည်က အခုလို ကြားဝင်ဖို့ အဆင်သင့် ဆိုတော့ ကျနော်တို့ အတွက်တင် မကဘူး၊ တိုင်းရင်းသားအားလုံးအတွက် သိပ်ကောင်းပါတယ်။ ကျနော်တို့ကတော့ ကြိုဆိုပါတယ်” ဟု ဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တွဲဘက်အထွေထွေအတွင်းရေးမှူး ၁ ဗိုလ်မှူးစောလှငွေ ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် လေးစားယုံကြည်ရသူ တဦးဖြစ်သောကြောင့် ယခုကဲ့သို့ ပြည်တွင်းစစ် ရပ်စဲရေး အတွက် ကြားဝင်လုပ်ဆောင်ပေးရန် ကမ်းလှမ်းသည်ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း ဧရာဝတီကို ပြောသည်။
ပြည်တွင်းစစ်၏ကျယ်ပြန့်လာမှုသည်ယခုနှစ်တွင်အလွန်သိသာလာသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းမှုကို ကျန်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေနှင့်လည်း KNUကဲ့သို့ အလေးအနက် စဉ်းစား လုပ်ဆောင် သွားကြမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။
မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ဟံသာက “ကျနော်တို့ကလည်း ငြိမ်းချမ်းရေး လိုချင်နေတာပဲ။ အခုလို ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ကူညီပေးမယ်ဆိုတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်” ဟု ဆိုသည်။
ငြိမ်းချမ်းရေးရရှိစေရန် ဒေါ်အောင်ဆန်းစုကြည်၏ ကြားဝင် စေ့စပ်ဆွေးနွေးရေး အဆင်သင့် ဖြစ်နေသည်ဟု သိရသည့်အတွက် ၀မ်းသာ ကြိုဆိုကြောင်း၊ ကျေးဇူးတင်သည့်အပြင် ထောက်ခံကြောင်း SSA ၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးစိုင်းထူးက ဧရာဝတီကို ပြောသည်။
နိုင်ငံရေးနည်းနှင့်မည်သို့မှဖြေရှင်းမရဖြစ်နေသောကြောင့်ယခုကဲ့သို့စစ်ပွဲများ ဆက်တိုက် ဖြစ်လာရကြောင်း၊ ၎င်းတို့ အနေဖြင့် တနိုင်ငံလုံး အတိုင်းအတာနှင့် စစ်မှန်သည့်ပြည်တွင်းစစ် ရပ်စဲရန် လိုလားသည့် အဖွဲ့ဖြစ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး အစစ်အမှန် ပေါ်ပေါက်ရေးသည် ဦးသိန်းစိန် အစိုးရအပေါ် မူတည်ကြောင်း၊ နိုင်ငံတကာတွင် ထင်ရှား သည့် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပုဂ္ဂိုလ်မျိုးက ကြားဝင် ဆောင်ရွက်မည် ဆိုသည့်အတွက် အခြေအနေ ပိုကောင်းသည်ဟု ထင်မြင်မိကြောင်း သူက ဆိုသည်။
မြန်မာနိုင်ငံသည်တိုင်းရင်းသားလူမျိုးပေါင်းစုံပေါင်းစပ်စုစည်းထားသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ အချင်းချင်းချစ်ကြည်ရင်းနှီးသွေးစည်းညီညွတ်ရေးသည်အလွန်အရေးကြီးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့် ပေးစာတွင် ဖော်ပြထားသည်။
တိုင်းရင်းသားဒေသများတွင်ယခုဖြစ်ပေါ်နေသည့်လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသခံတိုင်းရင်းသားများ အတိဒုက္ခ ရောက်နေကြရပြီး ယင်းပြဿနာများမှာ အိမ်နီးချင်း နိုင်ငံများအထိပါ ကူးစက်ပျံ့နှံ့မည့် အန္တရာယ် ရှိနေကြောင်းလည်း အဆိုပါ အိတ်ဖွင့်ပေးစာက ဆိုသည်။
မကြာသေးမီက KIO နှင့် မြန်မာအစိုးရကြား ငြိမ်းချမ်းရေး စကားပြောဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ယခုထိ ပြေလည်သည့် သတင်းများ ပေါ်ထွက်လာခြင်း မရှိသေးပေ။ အလားတူ ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့်လည်း အစိုးရက ငြိမ်းချမ်းရေးစကားနှင့် ပတ်သက်၍ ခိုင်မာသည့် သဘောတူညီမှုမျိုး ယခုထိ ပေါ်ထွက်လာခြင်း မရှိသေးပေ။
ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို အင်အားသုံးဖြေရှင်းကြလျှင် နှစ်ဦး နှစ်ဖက် အကျိုး ဆုတ်ယုတ်နိုင်ပြီး အမျိုးသား ရင်ကြားစေ့ရေး တည်ဆောက်၍ မရနိုင်ကြောင်း၊ နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်း ဖြေရှင်းမှသာ တည်ဆောက်၍ ရနိုင်မည်ဖြစ်ကြောင်း၊ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ပြေလည်မှု မရရှိလျှင် ပြည်တွင်းစစ်မီး ကျယ်ပြန့်သွားမည့် အန္တရာယ်ရှိနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ပေးစာတွင် ထောက်ပြထားသည်။
သို့အတွက်အမြန်ဆုံးအပစ်အခတ်ရပ်စဲကြရန်ဒေါ်အောင်ဆန်းစုကြည်ကအလေးအနက် မေတ္တာရပ်ခံပန်ကြား ကြောင်း ဖော်ပြထားသည်။
အိတ်ဖွင့်ပေးစာပါ ရည်ညွှန်းထားသည် သက်ဆိုင်ရာအဖွဲ့တချို့သို့ ဒေါ်အောင်ဆန်းစုကြည်၏ အိပ်ဖွင့်ပေးစာ မရောက်ရှိ သေးကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ အိပ်ဖွင့်ပေးစာ ပေးပို့လိုက်ခြင်းသည် မြန်မာအစိုးရ ၀န်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံအပြီး တပတ်အတွင်း ပေါ်ထွက်လာခြင်း ဖြစ်သည်။
မူရင်းပေးစာအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

NLD နိုင်ငံရေးသိပ္ပံသင်တန်း အောင်မြင်စွာပြီး

ကိုပေါက် ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၃ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ရက်သတ္တ တပါတ်ကြာ သင်ကြားပို့ချခဲ့သည့် ပထမဆုံးအကြိမ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်NLDနိုင်ငံရေး သိပ္ပံသင်တန်းကို ကြာသပတေးနေ့က အောင်မြင်စွာ ပို့ချပြီးစီးခဲ့ကြောင်း သိရသည်။
ဇူလိုင်လ၂၂ရက်နေ့မှ၂၈ရက်နေ့ထိဆက်တိုက်သင်ကြားပို့ချခဲ့သောအဆိုပါသင်တန်းတွင် အနှောက်အယှက် တစုံတရာ မရှိခဲ့ကြောင်း NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
“ကြိုတင်စီစဉ်ထားတဲ့အတိုင်းလုံးဝ အောင်အောင်မြင်မြင် ပြီးဆုံးပါတယ်။ လုံးဝ အနှောက်အယှက် မရှိပါဘူး။ ” ဟု သူက ပြောသည်။
သင်တန်းဆရာ ၂ ဦးအဖြစ် တောင်ကိုးရီးယားနိုင်ငံ Ewhaအမျိုးသမီး တက္ကသိုလ်မှ ပါမောက္ခ Dr Brendam Howeနှင့် ပါမောက္ခ Dr Mathias Maas တို့က ပို့ချခဲ့ရာ သင်တန်းသား ၇၀ ကျော် တက်ရောက်ခဲ့ကြသည်။
သင်တန်းပို့ချမှု ပုံစံနှင့် ပတ်သက်၍ ဦးအုန်းကြိုင်က “အလုပ်ရုံ ဆွေးနွေးပွဲပုံစံ ကျင်းပတာဖြစ်တဲ့ အတွက် ကျောင်းသူ/သားများ အရမ်း စိတ်ဝင်စားမှု ရှိပါတယ်။ ပြဿနာတွေကို ဖြေရှင်းကြပါတယ်။ စာတမ်းတွေ ပြုစုပါတယ်” ဟု ပြောသည်။
နေ့စဉ်နံက်၉နာရီမှညနေ၅နာရီအထိပို့ချသည့်သင်တန်းတွင်HumanSecurityandHuman Development,
State Security and State Development and other prospects, Art of Negotiation, Negotiation Processနှင့် Introduction to International Relations ဘာသာရပ်များ ပါဝင်ပြီး သင်တန်း တာဝန်ခံ ဦးဝင်းထိန်၊ ဒေါက်တာ မျိုးအောင်နှင့် ကိုမျိုးရန်နောင်သိန်းတို့က ဘာသာပြန်ဆိုပေးခဲ့ကြသည်။
ကြာသတေးနေ့ ညနေက ပြုလုပ်ခဲ့သည့် သင်တန်းဆင်းပွဲတွင် သင်တန်းဆရာ DrMathiasMaasက သင်တန်းဆင်းနှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း “အချိန်တိုတိုပဲ ပြောခွင့်ရတဲ့အတွက်အားနာတယ်တဲ့၊ ဒါပေမယ့် သူပြောတာတွေဟာ စပြီး လေ့လာစရာ၊စဉ်းစားစရာတွေ၊ရှေ့ဆက်ပြီးတော့ ဆောင်ရွက်စရာတွေ လမ်းကြောင်းပွင့်သွားမယ်လို့မျှော်လင့်ကြောင်းပြောသွားပါတယ်”ဟု ဦးအုန်းကြိုင်ကမဇ္ဈိမကို ပြန်ပြောပြသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင်သဘာပတိအဖြစ်NLDဒု-ဥက္ကဋ္ဌဦးတင်ဦးက ဆောင်ရွက်ပြီး ဦးသန်းထွန်း၊ ဦးလှဖေ၊ဦးအုန်းကြိုင်၊ဦးဝင်းမြင့်၊ဒေါ်မေဝင်းမြင့်စသည့်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များလည်း တက်ရောက်ကြသည်။
အင်္ဂါနေ့ကလည်းဒေါ်အောင်ဆန်းစုကြည်ကသင်တန်းဆရာနှစ်ဦးအား နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ပြီး တနာရီကြာ စကားလက်ဆုံ ပြောဆိုဖြစ်ခဲ့သေးသည်။
သင်တန်းသို့ ပြည်နယ်နှင့်တိုင်း အသီးသီးမှ ပါတီဝင်များနှင့် ဗေဒါအင်စတီကျုမှ သင်တန်းသား ၃၃ ယောက်လည်း လာရောက် လေ့လာခဲ့ကြသည်။
ယခင်ကမြန်မာတိုင်းရင်းသား ဆရာများ ပါဝင်သည့် နိုင်ငံရေး သိပ္ပံသင်တန်းများ၊ ဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်ခဲ့ဖူးသော်လည်း အကြောင်း မညီညွတ်၍ အစီအစဉ် ပျက်ခဲ့ရကြောင်း ဦးအုန်းကြိုင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် အထူးသဖြင့် လူငယ်များအား ရည်ရွယ်၍လယ်သမားသင်တန်း၊ကွန်ပြူတာသင်တန်း၊အင်္ဂလိပ်စာသင်တန်းများကိုNLDမှ စီစဉ်ပြုလုပ်လာခဲ့ရာမှ ပြည်ပ တက္ကသိုလ်များမှ ပညာရှင်များအား ဖိတ်ခေါ်၍ ဤကဲ့သို့ နိုင်ငံရေး သိပ္ပံသင်တန်း ပို့ချနိုင်ခဲ့ခြင်း ဖြစ်သည်။
ဆက်လက်ပြီးလည်း နိုင်ငံရေး သိပ္ပံသင်တန်းများ ပြုလုပ်ဦးမည်ဟု သိရှိရသည်။



ကလေးများစစ်တပ်ထဲရောင်းစားသူတရားစွဲခံရ

ရန်ပိုင် Thursday, 28 July 2011 18:42
.အသက်မပြည့်သေးသည့်ကလေး၂ယောက်ကိုလိမ်လည်ခေါ်ဆောင်ပြီးစစ်တပ်သို့ရောင်းစားသည့်အမျိုး သမီးတဦးကိုကလေးမိဘများကပြည်မြို့နယ်တရားရုံးတွင် လူကုန်ကူးမှုဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်။
                                      မြန်မာ့တပ်မတော်မှကလေးစစ်သားတဦး(ဓာတ်ပုံ-Yuzo/TheIrrawaddy)
ပြီးခဲ့သည့် ဇူလိုင်လ၁၀နေ့ကခေတ္တရာမြို့သစ်ရွှေတံခါးရပ်ကွက်ရှိကုလသမဂ္ဂကလေးသူငယ်ဖွံဖြိုးရေး အစီအစဉ် (Unicef)မှဖွင့်လှစ်သည့်ကျောင်းရှိမောင်ချစ်သဲကို(အသက်၁၅နှစ်)နှင့်သူငယ်ချင်းဖြစ်သူ မမိုးမိုးခိုင်(အသက်၁၄ နှစ်)တို့အား အိမ်နီးချင်းဖြစ်သည့်ဒေါ်မြင့်မြင်ချိုကနေပြည်တော်၌ အလုပ်ရမည်ဆိုကာ ခေါ်ဆောင်၍ ရန်ကုန်တိုင်းလှည်းကူးမြို့နယ်ရှိအမှတ်(၆၀၅)အမြောက်တပ်ရင်းသို့ ပို့ဆောင် ရောင်းစားခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်သန်းသန်းချိုက ပြောသည်။
“သားကအလုပ်ရမယ်ဆိုလိုလိုက်သွားတာ။စစ်တပ်ထဲဆိုတော့မနေနိုင်ဘူးဆိုပြီးမိဘကိုအတင်းပြန်ခေါ် ခိုင်းလို့ သွားခေါ်တော့မှ ဒီအမျိုးသမီးက လိမ်ခေါ်ပြီး ရောင်းစားတာကို သိရတာ” ဟု ၎င်းက ပြောသည်။
အမှတ်(၆၀၅)တပ်ရင်းကဒေါ်မြင့်မြင်ချိုအားတပ်သားသစ်ပို့ဆောင်သည့်အတွက်ငွေကျပ်၁သိန်း ပေးသည်ဟုသိရကြောင်း၊သို့သော်တပ်ရင်းတာဝန်ရှိသူများကကလေးကိုမိဘများလက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်သန်းသန်းချိုက ပြောသည်။
အလားတူပြည်မြို့ရွာဘဲနယ်မြေမင်္ဂလာဦးရပ်ကွက်အတွင်းနေထိုင်သည့် မောင်ကောင်းထက်မောင်ကိုလည်း အဆိုပါတပ်သို့ပင် ဒေါ်မြင့်မြင့်ချိုက သွားရောက် ပို့ဆောင်ခဲ့သေးကြောင်း သိရသည်။
အဆိုပါအဖြစ်အပျက်နှင့်ပတ်သက်၍လှည်းကူးမြို့နယ်ရှိအမြောက်တပ်ရင်း(၆၀၅)သို့ ဧရာဝတီက ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပေ။
အသက်၁၄ နှစ်အရွယ်ရှိမမိုးမိုးခိုင်ကိုမူ ဒေါ်မြင့်မြင့်ချိုက တပ်ကြပ်ကြီးတဦး၏ ဇနီးဖြစ်သူ မစိုးစိုးဦး မှတဆင့် ရန်ကုန်မြို့မြောက်ဥက္ကလာပရှိဝါ၀ါဝင်းစားသောက်ဆိုင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါကလေးနှစ်ဦးမှာUnicefနှင့်မြန်မာနိုင်ငံခရစ်ယာန်များကောင်စီတို့ပူးပေါင်းကာ ကျောင်းမနေနိုင်သည့်ကလေးသူငယ်များအားအသက်မွေးဝမ်းကျောင်းပညာကိုပါ တွဲဖက်သင်ကြားပေးနေသည့် ကျောင်းဖြစ်သည်။
အဆိုပါအမှုကိုUnicef၏အကူအညီဖြင့်ပင်ပြည်မြို့တွင်ဖွင့်လှစ်ထားသည့်ပြစ်မှုကျူးလွန် အစော်ကားခံရသည့် ကလေးသူငယ်များအား တရားဥပဒေအရ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ဖြစ်သည့် Legal Aid ဆိုသည့်အဖွဲ့က လိုက်ပါ ဆောင်ရွက်ပေးနေသည်ဟု သိရသည်။
စစ်သားအဖြစ် ရောင်းစားခံရသည့် မောင်ချစ်သဲကို၏ မိခင် ဒေါ်သန်းသန်းချိုက နောင်တွင် ကလေးများ လူကုန်ကူးခြင်း မခံရစေရန် တရားဥပဒေအရ အရေးယူပေးစေရေး ယခုကဲ့သို့ အမှုဖွင့်ရခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ အမှုတွင်လိုက်ပါဆောင်ရွက်ပေးနေသည့်လူအခွင့်အရေးလှုပ်ရှားသူတဦးကလည်း ယခုအခါ ပြည်မြို့တွင် စီးပွားရေးအခြေအနေအရ ကျောင်းမနေနိုင်သည့်လက်လုပ်လက်စားကလေးသူငယ်များကို စစ်တပ်အတွင်းသို့ ရောင်းစားမှုများ ပိုမို များပြားလာကြောင်း၊ ယခုအမှုများနှင့် ပတ်သက်၍ နေပြည်တော်ရှိ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့သို့လည်း တိုင်ကြားထားကြောင်း သိရသည်။

ထိုးစစ်ရုပ်ရန်နှင့်တနိုင်ငံလုံးအပစ်ရပ်ရန်KIOထပ်မံတောင်းဆို

ဖနိဒါ ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၃၃ မိနစ် .
ချင်းမိုင်(မဇ္စျိမ)။ ။ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်အတွင်းထိုးစစ်ဆင်ထားမှုများ ရုပ်သိမ်းရန်နှင့် တနိုင်ငံလုံး အပစ်ခတ်ရပ်ဆိုင်းပေးရေးတို့ပါဝင်သည့်တောင်းဆိုထားသော အကြောင်းပြန်စာကို ကချင်လွတ်မြောက်ရေး အဖွဲ့က မြန်မာအစိုးရထံ ကြာသပတေးနေ့တွင် ပေးပို့လိုက်သည်။
ဗဟိုအစိုးရကဇူလိုင်လ၂၆ ရက်နေ့တွင်ကေအိုင်အိုသို့ကမ်းလှမ်းခဲ့သောကချင်ပြည်နယ်တွင်း အပစ်ခတ် ရပ်ရေးအတွက်စာကိုကြားဝင်စေ့စပ်ရေးအဖွဲ့ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့ဝင် နယ်စပ်လုံခြုံရေး ဝန်ကြီး ဦးသန်းအောင်ထံသို့ အီးမေလ်ဖြင့် ပြန်ကြားလိုက်သည်ဟု ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်၊
       ကင်းလှည့်နေသောကချင်စစ်သားများကိုတွေ့ရစဉ်(ဓါတ်ပုံ::http://jinghpawkasa.blogspot.com/)
KIOစာထဲတွင်နှစ်ဘက်အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူ လက်မှတ်ရေးထိုးပြီးနောက် ၄၈ နာရီအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင်းသို့ ထိုးစစ်ဆင်ထားသည့် မြန်မာ အစိုးရတပ်များကို ရုပ်သိမ်းပေးရန်
ညွှန်ကြားချက် ထုတ်ပြန်ပေးရန်နှင့် ၁၅ ရက်အတွင်း တနိုင်ငံလုံး အပစ်အခတ် ရပ်ဆိုင်းပေးရေး နိုင်ငံရေး
ဆွေးနွေးရေးဖော်ဆောင်မည်ဆိုသောအချက်များကိုမြန်မာအစိုးကထုတ်ပြန် ကြေငြာပေးရန်တို့ တောင်းဆို ထားသည်ဟု သိရသည်။
“သူတို့ကလက်မှတ်ထိုးတယ်ဆိုတာဘယ်လိုလက်မှတ်ပဲဖြစ်ဖြစ်ထိုးမယ်ဆိုပြီးပြောတဲ့ပုံစံဖြစ်လာတယ်။ကျနော် တို့က ၉၄ ခုနှစ်ကလို မဖြစ်ချင်ဘူး။ အခုတော့ သေချာတဲ့ နိုင်ငံရေး စေ့စပ်သေချာမှု ဖြစ်ရမှု ဖြစ်ရမယ်။
ခိုင်မာတဲ့အချက်အလက်မျိုးတွေပြည့်စုံမှလက်မှတ်ထိုးမယ်”ဟုတွဲဘက်အတွင်းရေးမှူးဦးလနန်က ပြောသည်။
၁၉၉၄ ခုနှစ်ကKIOနှင့်ယခင်စစ်အစိုးအရအကြားအပစ်ခတ်ရပ်ရန်သာဦးစားပေးခဲ့ကြပြီး နောင်အရပ်ဘက်အစိုးရတက်လာမှနိုင်ငံရေးဆွေးနွေးမှုလုပ်ရန်သဘောတူခဲ့ကြခြင်းကို သူက ရည်ညွှန်းခြင်း ဖြစ်သည်။
တချိန်တည်းမှာပင်မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကအစိုးရတပ်များနှင့် တိုင်းရင်းသား တပ်များအကြား အပစ်ခတ်ရပ်ရန် ငြိမ်းချမ်းစွာဖြေရှင်းရန် ကြာသပတေးနေ့က ပန်ကြားမှုကို "ကောင်းသော လက္ခဏာ"အဖြစ်ကြိုဆိုလိုက်ပြီးKIOဗဟို ကော်မတီအနေဖြင့် အသေးစိတ် ဆွေးနွေးမည်ဟု ဦးလနန်က ပြောသည်။
အစိုးရနှင့်KIOသဘောတူညီချက်ရရှိရင်လက်မှတ်ရေးထိုးထားသောစာချုပ်ကိုမြန်မာ၊အင်္ဂလိပ် နှစ်ဘာသာဖြင့်ရေးသားထားစေလိုပြီး၁၉၄၇ခုနှစ်ပင်လုံစာချုပ်အပေါ်သမ္မတဦးသိန်းစိန်အစိုးရ၏ သဘောထားကိုလည်း ရှင်းလင်းပါစေလိုကြောင်း KIO ၏ စာတွင် ပါရှိသည်ဟု ဆိုသည်။
KIO ပေးပို့သော စာကို လက်ခံရရှိကြောင်း အစိုးရဘက်က ကိုယ်စားလှယ်ဖြစ်သူ ဦးဆင်ဝါးနော်က ပြောသည်။
“သူတို့(KIO)တောင်းဆိုတဲ့စာကပြန်ပြင်လိုက်တယ်။ကျနော်တို့စာချုပ်ကိုအင်္ဂလိပ်လိုရေးရအောင်ဆိုတာ တွေ၊ပင်လုံကတိ ကဝတ်တွေကို မေးတာတွေက နောက်မှပြန် ဆွေးနွေးလို့ရတယ်လို့ ပြန်ပြောလိုက်တယ်” ဦးဆင်ဝါးနော်က မဇ္ဈိမသို့ ပြောသည်။
ထို့ပြင်KIOဘက်မှယာယီအပစ်အခတ်ရပ်ဆိုင်းရေးသဘောတူလက်မှတ်ထိုးမည် ဆိုပါက အစိုးရ ကိုယ်စားလှယ်များနှင့်အတူကချင်ပြည်နယ်ခရစ်ယာန်ဘာသာရေးအသင်း ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ ကချင်ရိုးရာစာပေယဉ်ကျေးမှုအဖွဲ့များစုစုပေါင်းလူ၆ဝခန့်မှာKIOဘက်မှ ချိန်းဆိုလိုက်သော နေရာသို့ သွား၍ လက်မှတ်ထိုးပွဲ အခမ်းအနား ကျင်းပရန် ပြင်ဆင်ထားသည်ဟု သူက ပြောသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးလဂျွန်ငံဆိုင်းကထိုအခမ်းအနားအစီအစဉ်သို့သတင်းယူရေးအတွက် ပြည်တွင်း ဂျာနယ်အချို့နှင့် နိုင်ငံပိုင် သတင်းဌာနများကိုလည်း ဖိတ်ကြားသွားရန် စီစဉ်ထားသည်။
ထို့အပြင် အကယ်၍ အပစ်ခတ်ရပ်စဲရေးကို KIOက လက်မှတ်ရေးထိုးမှုမပြုလုပ်လျှင် မြစ်ကြီးနားမြို့တွင် စစ်ဆန့်ကျင်ရေးလူထုဆန္ဒပြမှုတခုလုပ်ရန်စီစဉ်ထားသည်ဟုအာဏာရကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ် ဦးသိန်းဇော်က ပြောကြားသည်ဟု ကချင်နိုင်ငံရေး သတင်းရပ်ကွက်က ပြောသည်။
ဦးသိန်းဇော်၏ အကြံအစည်နှင့်ပတ်သက်၍သီးခြားအတည်ပြုချက်မရနိုင်သော်လည်းအစိုးရ ကိုယ်စားလှယ်ဦးဆင်ဝါးနော်ကKIOအနေဖြင့်လက်မှတ်ထိုးရေး ငြင်းဆန်ပါက လူထုဆူပူမှု ဖြစ်ပေါ်လာနိုင်သည်ဟု သတိပေးလိုက်သည်။
“ကေအိုင်အိုက လက်မှတ်ထိုးရအောင်လို့ ပြောတာ မဖြစ်လာရင်တော့ လုပ်ရမှာပေါ့။ ပြည်သူလူထုက ကေအိုင်အိုကို အပြစ်တင်လာမှာဘဲ။KIOဘက်ကနေ လက်မှတ်ထိုးမယ်ဆိုတဲ့ အဖြေပဲ စောင့်နေတာ။ ကေအိုင်အိုဘက်က
လက်မှတ်မထူးဘူးဆိုပြီးပြောလာတဲ့အချိန်တော့ပြည်သူလူထုကလည်းဆူပူလာမှာပေါ့”ဟု ဦးဆင်ဝါးနော်ကပြောသည်။
ယခင် စစ်အစိုးရ လက်ထက်တွင် KIOဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများကိုအစိုးရ ကျောထောက် နောက်ခံပေး ကြံ့ခိုင်ဖွံ့ဖြိုးရေးတို့က စီစဉ်ခဲ့ဖူးသည်။ ဒေသခံ အများအပြားကမလွန်ဆန်သာ၍ ဆန္ဒပြမှုကို တက်ရောက်ခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။







လာဘ်စားမှုဖြင့်သင်္ကာမကင်းခံရသူထိပ်တန်းစစ်ဗိုလ်ချုပ်၅ဦးကိုစစ်ဆေး

ဧရာဝတီ Thursday, 28 July 2011 12:00
.လာဘ်ပေးလာဘ်ယူနှင့်အာဏာအလွဲသုံးစားမှုများပြုလုပ်ခဲ့သည်ဆိုသောထိပ်တန်းစစ်ဗိုလ်ချုပ်၅ဦးကို ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကစုံစမ်းခေါ်ယူစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
                                   ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်(ဓာတ်ပုံ-Getty Images)
အဆိုပါ၅ဦးမှာလက်ရှိစစ်တပ်တွင်တပ်မတော်စစ်ရေးအရာရှိချုပ်အဖြစ်တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကျော်ဖြိုး (DSA–၂၂)၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ဥက္ကဋ္ဌနှင့်စစ်ရေးချုပ်ဗိုလ်ချုပ်ခင်ဇော်ဦး (OTS-၅၆)၊ကစထမှူးဗိုလ်ချုပ်မြင့်စိုး(OTS-၆၀)၊တြိဂံဒေသတိုင်းမှူးဗိုလ်မှူးချုပ်သန်းထွန်းဦး(DSA-၂၄)၊ ကမ်းရိုးတန်းတိုင်းမှူးဗိုလ်မှူးချုပ်ခင်မောင်ဌေး(OTS-၆၃)တို့ ပါဝင်ကြောင်း စစ်ဘက်အသိုင်းအ၀န်းမှ သတင်းရရှိသည်။
“ဗိုလ်ချုပ်ကျော်ဖြိုးဆိုရင်အရင်တြိဂံဒေသတိုင်းမှူးလုပ်ခဲ့တယ်။လက်ရှိတိုင်းမှူးရော၊အရင်တိုင်းမှူးရောခေါ်အစစ် ခံရတာ။ ဗိုလ်ချုပ်မြင့်စိုး ဆိုရင်လည်း အရင်တုန်းက စစ်ကိုင်းတိုင်း တိုင်းမှူးလုပ်တုန်းက မုံရွာဘက်က မြေကွက်တွေ ရောင်းစားခဲ့ တာတွေ ရှိတယ်။ အဲဒါတွေ အခု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း)ကသမ္မတဦးသိန်းစိန်ဆီတိုင်တယ်။ကမ်းရိုးတန်းတိုင်းမှူးလုပ်ခဲ့တဲ့ဗိုလ်ချုပ်ခင် ဇော်ဦးနဲ့လက်ရှိတိုင်းမှူးရောအဲဒီလို အတိုင်ခံရတာလို့ ကြားတယ်”ဟုနေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။
လက်ရှိခေါ်ယူ စစ်ဆေးခံနေရသူများအား ပြစ်မှုကျူးလွန်မှု ရှိ၊ မရှိစစ်ဆေးခြင်းသာဖြစ်ပြီး လက်ရှိရာထူး တာဝန်များကို ဆက်လက် ထမ်းဆောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။
“အတိုင်ခံရတာဆိုပေမယ့်လက်ဆုပ်လက်ကိုင်သက်သေနဲ့တကွအပြစ်ကျူးလွန်ခဲ့တာမပြနိုင်ရင်တော့ ရာထူး ကအနားပေးခံရတာတို့၊နုတ်ထွက်ခိုင်းတာတို့ဖြစ်မှာမဟုတ်ဘူး။သက်သေမပြနိုင်ရင်တော့ သတိပေးတဲ့အဆင့်နဲ့ပဲ ပြီးသွားမယ်” ဟု အဆိုပါနီးစပ်သူက ဆိုသည်။
ယခုလအတွင်းရာထူးမှအနားပေးခြင်းခံလိုက်ရသောဗိုလ်ချုပ်တင်ငွေသည်မန္တလေးမြို့ရှိ သိန်းထောင်သောင်းချီ တန်သောမြေကွက် အရောင်းအ၀ယ်များပြုလုပ်ခဲ့ပြီးလက်ရှိမန္တလေးတိုင်း ၀န်ကြီးချုပ်ဦးရဲမြင့်(ဒုတိယဗိုလ်ချုပ်ကြီးဟောင်း)ကသမ္မတနှင့်ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက်တိုင်ကြားခဲ့ကြောင်း၊ယင်းနောက်သက်သေသာဓကနှင့်တကွအာဏာ အလွဲသုံးစားပြု မြေကွက်ရောင်းစားခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ရာထူးမှ အနားပေးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းတိုင်းမှူးဗိုလ်မှူးချုပ်ထွန်းသန်းသည်လည်းဇွန်လတွင်ရာထူးမှအနားပေးခံလိုက်ရပြီး အစိုးရသစ်တက်ပြီး ပထမဦးဆုံး ရာထူးမှ အနားပေးခြင်းခံလိုက်ရသောထိပ်တန်း စစ်တပ် အဆင့်မြင့်အရာရှိ တဦးဖြစ်ခဲ့သည်။
နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတချို့က ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် လက်ရှိ တပ်မတော်တွင် အရေးကြီးသော ထိပ်တန်းတာဝန်များ ထမ်းဆောင်နေသည့် စစ်အရာရှိများကို ဖြုတ်ပယ်ပြီးနောက် သူနှင့်နီးစပ်သူ စစ်အရာရှိများကို အရေးကြီးသော ရာထူးတာဝန်များ ခန့်အပ် အစားထိုးမှု ပြုလုပ်လာနိုင်သည်ဟု သုံးသပ်ကြ သည်။
“ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာပြီဆိုတာနဲ့ဦးစီးချုပ်ကသူယုံကြည်တဲ့၊ စိတ်ချရတဲ့ သူတွေကို ဆွဲတင်ချင်တော့ ရှေ့မှာ ရှိနေတဲ့သူတွေကို လာဘ်ပေးလာဘ်ယူ အကြောင်းပြပြီး ဖြုတ်ထုတ်တာတွေ လုပ်တယ်။ သူ့အာဏာ တည်ဆောက်တာပေါ့။ဒါကတပ်မတော်မှာအစဉ်အလာလိုဖြစ်နေပြီ”ဟုနေပြည်တော် စစ်တပ်အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဆိုသည်။
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည်တပ်တွင်းအခြေအနေများ၊ရာထူးအပြောင်းအလဲလုပ်မှုများနှင့် ပတ်သက်ပြီးဗိုလ်ချုပ်မှူးကြီးသန်းရွှေထံတိုက်ရိုက်တင်ပြ၍ညွှန်ကြားမှုခံယူသည်ဟု စစ်ဘက်သတင်းရပ်ကွက်များ၏ အဆိုအရ သိရသည်။

မြေသိမ်းမှုကြောင့်ရှမ်းတိုက်ပွဲများဖြစ်ရ

ကိုပေါက် ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၂ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်အတွင်းအစိုးရနှင့်ရှမ်းလက်နက်ကိုင်တပ်များအကြားတိုက်ပွဲများ ဖြစ်ပွားနေရခြင်းမှာအာဏာပိုင်များကဒေသခံများ၏လယ်မြေမတရားသိမ်းပိုက်မှုများကြောင့်သာ ဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားသား ဒီမိုကရက်တစ်ပါတီ SNDP မှ ဦးစောယွန်းပိုင်က ပြောသည်။
“မကျေနပ်မှုတွေကတော့ရှိနေကြမှာပဲလေ။အဲဒီကနေပေါက်ကွဲတာပေါ့။နယ်မြေအသိမ်းခံရတယ်ဆို တော့လည်းဘယ်သူကျေနပ်မလဲဗျာ။ပိုင်ရှင်ကတောဘက်ကအဖွဲ့အစည်းတွေကိုသွားတိုင်မှာပေါ့ဗျာ။ ရန်ငြိုးရန်စကတော့အဲဒီကစတာဖြစ်မှာပါ။အလကားနေရင်းသက်သက်တော့ဒီကိစ္စ မဖြစ်ပါဘူးဗျ။ အဲတော့ ကြုံရင်ကြုံသလို ချကြတာပေါ့” SNDP တောင်ပိုင်း ဥက္ကဋ္ဌ ဦးစောယွန်းပိုင်က ပြောသည်။
၂ဝ၁ဝရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် ရှမ်းပြည်နယ်အတွင်း မတရားမှုများ ဖြစ်ပေါ်ပါက SNDP ပါတီအား တိုင်ကြားနိုင်ကြောင်း မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များမှတဆင့် ဆောင်ရွက်လာခဲ့ရာ မိုင်းကိုင်၊ ကျေးသီး၊ နမ့်ဆန်နှင့် ခိုလမ်မြို့နယ်များမှ တိုင်ကြားစာများအား စီစစ်လက်ခံရရှိထားသည်။
တိုင်ကြားစာအများစုမှာအစိုးရတပ်မှလယ်မြေများမတရားသိမ်းပိုက်ထားမှုများဖြစ်ကြောင်း ဦးစောယွန်းပိုင်က“ခိုလမ်ဘက်မှာမီးရထားလမ်းဖြတ်မှာမလွတ်လို့ဆိုပြီးလိုတာကနည်းနည်း သိမ်းလိုက်တာက အများကြီးပေါ့။ပေ၁ဝဝလောက်လိုတာကိုပေ၅ဝဝလောက်အလွန်အကျွံ သိမ်းပစ်တာပေါ့။ လယ်စိုက်တဲ့နေရာတွေကို လိုက်သိမ်းတာမျိုး ရှိတယ်” ဟု ဥပမာတခု ထုတ်ပြ ပြောဆိုသည်။
ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေးတွင်း အတွက် လယ်တဧကလျှင် လျော်ကြေး ၂၄ဝ၁၈ ကျပ်ဖြင့် လယ်မြေများ သိမ်းယူမှုနှင့် နမ်ဆန်မြို့နယ်တွင်လည်း အလားတူ မြေသိမ်းမှုများ ဖြစ်ခဲ့ပြီး မိုင်းကိုင်မြို့နယ်မှ ထော်လာဂျီတစီးအား တပ်မှ ချောစွဲထားစဉ် တောထဲ၌ မီးလောင်ကျွမ်းပြီး ယာဉ်မောင်း သေဆုံးခဲ့ရမှု စသည့် မတရားမှုများအား စီစစ် လက်ခံ ရရှိထားကြောင်း သိရသည်။
အဆိုပါတိုင်ကြားစာများနှင့် ပတ်သက်၍ “တချို့ကိစ္စကို ပြည်နယ်လွှတ်တော်မှာ တယ်ပြမယ်၊ တချို့ကိစ္စကျ
ပြည်ထောင်စု လွှတ်တော်မှာတင်ပြမယ်၊တချို့ကိုILOနဲ့ညှိနှိုင်းမယ်။တချို့ကိစ္စလေးတွေNGOနဲ့ ညှိနှိုင်းမယ်” ဟု SNDP ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က မဇ္ဈိမကို ပြောသည်။
ပြည်နယ်ဝန်ကြီးချုပ်အားလည်းတပါတည်းတိုင်ကြားခြင်း ဖြစ်သည်။ အနယ်နယ်မှ တိုင်ကြားမှုများ များပြားသော်လည်း ခိုင်လုံသည့် သက်သေ အထောက်အထား ရှိသည့် တိုင်ကြားစာများကိုသာ တောင်ကြီး SNDP ရုံးက လက်ခံထားကြောင်း သိရသည်။
၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၅၇ နေရာ အနိုင်ရရှိထားသောSNDPပါတီသည် ရှမ်းပြည်နယ် အစိုးရ
တွင်လည်း ဝန်ကြီး ၂ နေရာ ရရှိထားသည်။
ရှမ်းပြည်နယ်အတွင်း ဇူလိုင်လ ဒုတိယအပတ် အတွင်းမှ ပြန်လည် ဖြစ်ပွားနေသော တိုက်ပွဲများမှာ မြေယာများ အဓမ္မသိမ်းယူရာမှ ဖြစ်ပွားရသည့် အလျောက် နှစ်ရှည် အထိန်းသိမ်းခံနေရသော ဦးခွန်ထွန်းဦး၊ စဝ်ဆေထင်တို့ အပါအဝင် ရှမ်းခေါင်းဆောင်များ လွတ်မြောက်ရေးနှင့် မဆိုင်ကြောင်း ဦးစောယွန်းပိုင်က ပြောသည်။
“ရှမ်းခေါင်းဆောင်တွေလွှတ်ပေးလိုက်လို့အပစ်အခတ်တွေရပ်သွားမယ်ဆိုတာသိပ်မဖြစ်နိုင်ဘူးဗျ။ခုတိုက် နေတာတွေကခွန်ထွန်းဦးတို့၊စဝ်ဆေထင်နဲ့သိပ်မဆိုင်ဘူးဗျ။သူတို့ကိုလွှတ်လိုက်လို့အပစ်အခတ်တွေ ရပ်သွားမယ်လို့ သိပ်မထင်ဘူးဗျ” ဟု သူက ပြောသည်။
ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး၌ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအတွက် SNDPမှတင်ပြခဲ့ပြီးမကြာမီ‘လွတ်ငြိမ်းချမ်းသာခွင့်’ဖြင့် တနှစ် လျှော့ချလာသော်လည်း နောက်ထပ် ထူးခြားမှု မရှိခဲ့ကြောင်း ဦးစောယွန်းပိုင်က ပြောသည်။
ဒုတိယအကြိမ်ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများကို စက်တင်္ဘာလတွင် ပြန်လည် ကျင်းပနိုင်ဖွယ်
ရှိသည်ဟု ယူဆရကြောင်း ဦးစောသန်းမြင့်က ပြောသည်။
SNLD ပါတီအာဘော် အပတ်စဉ် ဂျာနယ်ကို မြန်မာ-ရှမ်း နှစ်ဘာသာဖြင့် ဇူလိုင်လတွင် စတင်ထုတ်ဝေရန် စီစဉ်ထားသော်လည်း ပါတီအကြောင်းမှ လွဲ၍ အခြားအကြောင်းအရာများ မဖော်ပြရဟု စာပေစီစစ်ရေးမှ ဆိုသဖြင့် မထုတ်ဝေနိုင်သေးကြောင်းလည်း ကြားသိရသည်။





woensdag 27 juli 2011

NLD နှင့် အစိုးရ ကွာဟချက် ကြီးမားနေသေး

လင်းသန့် Wednesday, 27 July 2011 19:26
.ဒေါ်အောင်ဆန်းစုကြည်နှင့်မြန်မာအစိုးရသစ်ဝန်ကြီးဦးအောင်ကြည်တို့၏ ဆွေးနွေးပွဲအပြီး နှစ်ဘက်စလုံးက အကောင်းမြင်ကြောင်းနှင့်ဆွေးနွေးပွဲကိုကျေနပ်ကြောင်းပြောဆိုခဲ့သော်လည်းအစိုးရသစ်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ကွာဟချက် ကြီးမားနေဆဲ ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမှုအပြီးပူးတွဲကြေညာချက်ကိုဦးအောင်ကြည်ကဖတ်ပြနေစဉ်(ဓာတ်ပုံ-ဧရာဝတီ)
ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကျခံနေရချိန်က၉ကြိမ်တိုင်တွေ့ဆုံခဲ့သော်လည်းသိသာသည့် ရလဒ်တစုံတရာပေါ်ထွက်လာခြင်းမရှိခဲ့ပေ။
နောက်ဆုံးဆွေးနွေးပွဲနှင့်နီးစပ်သည့်အသိုင်းအ၀န်းမှရရှိသောသတင်းများအရ ဆွေးနွေးပွဲတွင် အစိုးရ၀န်ကြီး ဦးအောင်ကြည်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီတရားဝင်ရပ်တည်ရေးအတွက်ပြန်လည် မှတ်ပုံတင်ရေးအပါအ၀င်လူမှုရေးလုပ်မည်ဆိုပါကပြည်ထဲရေးဝန်ကြီးဌာနတွင်လူမှုရေးအသင်းအဖြစ် မှတ်ပုံတင်ရန် ဒေါ်အောင်ဆန်း စုကြည်အား ကမ်းလှမ်းခဲ့သည်ဟု သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထဲရေး ၀န်ကြီးဌာနကNLDဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး တို့ထံသို့ အကြောင်း ကြားစာ ပို့ထားကြောင်း ဇွန်လ ၂၉ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
ဦးအောင်ကြည်က ထပ်မံကမ်းလှမ်းရာတွင် ဒေါ်အောင်ဆန်းစုကြည်ကNLDပါတီသည် တရားဝင်ပါတီ တရပ်အဖြစ် တည်ရှိကြောင်း၊ တရားဝင်မှုဆိုင်ရာ မတူကွဲလွဲမှုများကို ဆက်လက်ဆွေးနွေးလိုကြောင်း ပြန်ပြောသည်ဟု ဆွေးနွေးပွဲနှင့် နီးစပ်သည့် အသိုင်းအဝန်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်းNLDပါတီသည်တရားဝင်ပါတီဖြစ်ပြီးတရားဝင်မှုဆိုင်ရာ မတူကွဲပြားမှုများကို ဆွေးနွေးကြရန်အကြောင်းပြန်စာပေးပို့ခဲ့ပြီးဖြစ်သည်။ထို့အပြင်NLDပါတီတရားဝင်မှုဆိုင်ရာ မတူကွဲပြားမှုနှင့် ပတ်သက်၍ တရားရုံးအဆင့်ဆင့်သို့ တင်ပြတောင်းခံခဲ့သော်လည်း နောက်ထပ် ဥပဒေကြောင်းအရ ဆက်လက်တင်ပြရန် အဆင့် မရှိတော့ပေ။
သို့အတွက်NLDကပါတီ တရားဝင်ရပ်တည်ရေးကိစ္စကို ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီသို့ မကြာမီ တင်ပြသွားရန် ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
“NLDပါတီတရားဝင်ရေး ကိစ္စက တရားရုံး အဆင့်ဆင့်တက်ခဲ့တာ ဒီပြည်တွင်းမှာ ဥပဒေကြောင်း အရတော့ အဆင့်ကုန်ပြီ။ဒါကြောင့်လူ့အခွင့်အရေးကောင်စီကိုမကြာခင်တင်ပြဖို့ရှိတယ်”ဟုNLDပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။
NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို ကိုင်ဆွဲပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား လက်မခံခဲ့ပေ။ ထို့ကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ခဲ့ပြီး ပါတီ အနေဖြင့် ထပ်မံ မှတ်ပုံတင်စရာ မလိုသည့်အတွက် မှတ်ပုံမတင်ခြင်းဖြစ်ကြောင်း တရားဝင်ကြေညာချက် ထုတ်ခဲ့သည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ တွင်ကျင်းပခဲ့သော ရွေးကောက်ပွဲကို စစ်အစိုးရက ကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်အစိုးရ ကျောထောက် နောက်ခံ ပေးထားသည့် ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က အပြတ်အသတ်အနိုင်ရခဲ့သည်။ ၂၀၁၀ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုမရှိဘဲ မဲမသမာမှု များစွာရှိကြောင်း NLD က ပြောဆိုခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲကျင်းပပြီး ရက်ပိုင်းအကြာတွင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရတို့ကြား ယခုကဲ့သို့ ကွာဟမှုများ ရှိသော်လည်း မကြာသေးမီက မိသားစု ပုဂံ ဘုရားဖူး ခရီးစဉ်တွင် အစိုးရကို ကြိုတင် အကြောင်းကြားခဲ့ခြင်း၊ ခရီးစဉ်အတွင်း မည်သည့် နိုင်ငံရေးလှုံ့ဆော်မှုမျိုးမှ မပြုလုပ်ခြင်း စသည်ဖြင့် အစိုးရ ယုံကြည်မှုရစေရန် ပြသခဲ့သည်။
အလားတူအာဇာနည်နေ့ကလည်းအစိုးရဘက်ကတရားဝင်ဖိတ်ကြားမှုကိုလက်ခံတက်ရောက်ပြီး ဒီမိုကရေစီ အင်အားစုများနှင့်အတူ အာဇာနည်ကြီးများအားသွားရောက်ဂါရ၀ပြုရာတွင် မလိုလားအပ်သည့် ပဋိပက္ခများ မရှိဘဲ ထိမ်းသိမ်းမှုများနှင့် နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့သည်။
အာဇာနည်နေ့တွင်ချောမွေ့ခဲ့ခြင်းသည်နှစ်ဦးနှစ်ဘက်ညှိနှိုင်းဆောင်ရွက်မှု၏အကျိုးဖြစ်ထွန်းမှု ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ထုတ်ဖော် ပြောဆိုခဲ့သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်အလုပ်သမားဝန်ကြီးဌာန၊လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနတို့၏၀န်ကြီးဦးအောင်ကြည်တို့၏ တနင်္လာနေ့က ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကမေးမြန်းရာဦးအောင်ကြည်က ယခင်တွေ့ဆုံမှုများနှင့် နှိုင်းယှဉ်၍ယခုတွေ့ဆုံမှုသည်ယခင်ရလဒ်များထက်ပိုမိုကောင်းမွန်သည့်ရလဒ်ဖြစ်မည်ဟု မျှော်လင့်ကြောင်းနှင့်နှစ်ဘက်စလုံးကဆွေးနွေးပွဲများဆက်လုပ်ရန်အတွက်သဘောတူခဲ့ကြောင်း ထုတ်ဖော်ဖြေကြားသည်။
“ဒီဥစ္စာကကျနော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေ၊ ရှေ့လျှောက်လုပ်သွားစရာ ကိစ္စတွေက အများကြီးရဲ့ အစ ခြေလှမ်း တခုလို့ ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်”ဟု ဦးအောင်ကြည်က ပြောခဲ့သည်။ ထို့အပြင် ဆွေးနွေးပွဲတွင်“တရားဥပဒေစိုးမိုးရေး၊စိတ်ဝမ်းကွဲပြားမှုပပျောက်ရေး၊အများပြည်သူ အကျိုးဖြစ်ထွန်းရေး”ကိစ္စများအား ပြောဆိုခဲ့သည်ဟုပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ကာ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင်ဒေါ်အောင်ဆန်းစုကြည်ကလည်းတိုင်းပြည်အကျိုးဖြစ်ထွန်းစေမည့် ရလဒ်များကိုသာ မျှော်လင့် ကြောင်း ပြောဆိုခဲ့သည်။
“ဘာပဲလုပ်လုပ်၊ဘာစကားပဲပြောပြော၊ဘယ်သူနဲ့ပဲတွဲတွဲ၊ကျမတို့ရဲ့ရည်ရွယ်ချက်ကတော့နိုင်ငံနဲ့တိုင်းပြည် အတွက်ပြည်သူပြည်သားတွေကိုအကျိုးပြုဖို့ပါပဲ။ဒါကိုပဲကျမတို့မျှော်လင့်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။
ယခင်ကနှင့်မတူဘဲပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ဆောင်ပြီးဆက်လက်ဆွေးနွေးညှိနှိုင်းရန် သဘောတူခဲ့မှုများအား နှစ်ဘက်စလုံးက ထုတ်ဖော်ပြောဆိုခဲ့ခြင်းကြောင့်NLDပါတီအနေဖြင့် အကောင်းဘက်က ရှုမြင်ကာ ဆက်လက် တွေ့ဆုံ ဆွေးနွေးမှုများမှ တဆင့် မြန်မာနိုင်ငံတွင်းမှ လူမှုဒုက္ခများ အမြန်ဆုံး ကင်းဝေးရေးကို မျှော်လင့်နေကြကြောင်း သိရသည်။
“ပြည်သူလူထုအတွက် ဒုက္ခသုက္ခတွေ၊ ဖြစ်ပျက်နေတာတွေ မြန်မြန်လွတ်မြောက်သွားအောင် ကြိုးစား လုပ်ဆောင်သွားမှာဖြစ်သလို၊ဟိုဘက်ကလည်းဒီလိုဆန္ဒရှိတာ တူတယ်ပေါ့ဗျာ။ဒီဘက်ကလည်း ကောင်းအောင်လုပ်နေတာပဲ၊ဟိုဘက်ကလည်းကောင်းချင်တဲ့စေတနာရှိတယ်လို့ပြောတာပဲ”ဟု ဦးတင်ဦးက ဆိုသည်။

ကြိုတင်မဲအကြောင်း ရှင်းပြီ

ခင်ဦးသာ Wednesday, 27 July 2011 18:25
ပြီးခဲ့သည့်ရွေးကောက်ပွဲအတွင်းမဲမသမာမှုများ၊ကြိုတင်မဲနှင့်ပတ်သက်သည့်အငြင်းပွားဖွယ်ဖြစ်ရပ်များပေါ်ပေါက် လာရခြင်းမှာရွေးကောက်ပွဲအတွေ့အကြုံနည်းပါးခြင်းကြောင့်ဖြစ်သည်ဟုပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ် ဦးတင်အေးက ယနေ့ ပြောလိုက်ကြောင်း သိရသည်။
                                ၂၀၁၀ရွေးကောက်ပွဲနေ့ကရန်ကုန်မြို့ရှိမဲရုံတခုတွင်မဲရေတွက်နေပုံ(ဓာတ်ပုံ-AP)
နေပြည်တော်၌ပြုလုပ်သောရွေးကောက်ပွဲဝင်ပါတီ၃၇ ခုမှခေါင်းဆောင်များ၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၏အစည်းအဝေးတွင်ထိုသို့ပြောဆိုခြင်းဖြစ်ကြောင်းအစည်းအဝေးတက်ခဲ့သည့်နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောသည်။
“ပါတီတခုကို၂မိနစ်စီတင်ပြဆွေးနွေးဖို့အချိန်ရတော့အများစုကမဲမသမာမှုတွေကိုတင်ပြကြတယ်၊ဒီတော့ပြန် ပြီးတော့သုံးသပ်သွားမယ်၊နောင်ဒီလိုမဖြစ်အောင်လုပ်သွားမယ်ပေါ့၊ဒီလောက်ပါပဲ”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)ဥက္ကဋ္ဌဦးသုဝေကဧရာဝတီကိုပြောပြသည်။
နိုင်ငံတကာက၂၀၁၀ရွေးကောက်ပွဲသို့ အကဲခတ်အဖွဲ့စေလွှတ်ရန်ကမ်းလှမ်းစဉ်ကမူအာဏာပိုင်တို့က မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအတွေ့အကြုံ အလုံအလောက်ရှိသဖြင့်အကဲခတ်သူများမလိုအပ်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့ဖူးသည်။
ကြံ့ဖွံ့ပါတီဟုလူသိများသည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှအပအစည်းအဝေး တက်ရောက်ကြသောပါတီ အများစုက ၂၀၁၀ရွေးကောက်ပွဲအတွင်း ကြံ့ဖွံပါတီ၏မဲ မသမာမှု၊ ဒေသဆိုင်ရာ အာဏာပိုင်တို့၏ ချယ်လှယ်မှုများကို တင်ပြကြကြောင်း၊ သို့သော်လည်း ကော်မရှင်ထံမှ တိကျသော အဖြေ မရခဲ့ကြောင်း သိရသည်။
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က“ကျနော်တို့အနေနဲ့ ဖွဲ့စည်းပုံမှာ ပါတဲ့ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကိုလက်ခံနိုင်ပေမယ့်ဒီဥပဒေကို ပါတီတချို့က လက်တွေ့ မကျင့်သုံးတဲ့ ကိစ္စတွေကို တင်ပြခဲ့ပါတယ်” ဟု ပြောပြသည်။
အစိုးရသစ်လက်ထက်တွင်ပေါ်ပေါက်လာသောလွှတ်တော်အရဖွဲ့စည်းထားသောကော်မရှင်သည် ဆုံးဖြတ်ချက်များချမှတ်ရာ၌လွတ်လပ်မှုရှိပြီးဘက်လိုက်မှုကင်းရှင်းရန်လိုအပ်ကြောင်း၊အစည်းအဝေးများတွင်ပြောဆိုနေမှုထက်လက်တွေ့ကျင့်သုံးရန်အရေးကြီးကြောင်း၊ကော်မရှင်အဖွဲ့ဝင်အများစုသည် ကြံ့ဖွံ့ပါတီဝင်များ ဟု သိရကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဋ္ဌဦးနိုင်ငွေသိန်းက ပြောသည်။
တိုက်ပွဲဖြစ်နေသော တိုင်းရင်းသားဒေသများ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတခုကို နိုင်ငံရေးပါတီများက တာဝန်ယူ ကျင်းပသင့်ကြောင်း ပါတီခေါင်းဆောင်တချို့က အစည်းအဝေးတွင် တင်ပြခဲ့ကြသည်ဟု ဆိုသည်။
“(ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသစ်)ဦးတင်အေးကဒီကိစ္စကိုလွှတ်တော်မှာပဲတင်ပြဆွေးနွေးပါ၊ ကျနော်    လည်း ငြိမ်းချမ်းရေး လိုချင်ပါတယ်လို့ ပြန်ဖြေပါတယ်”ဟု ဒေါက်တာအေးမောင်က ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် ကြံ့ဖွံ့ပါတီတွင် ထိပ်တန်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဖူးသည်။ လက်ရှိအချိန်တွင် ဦးတင်အေးက ကြံ့ဖွံ့ပါတီတွင် တာဝန်ယူထားခြင်း မရှိတော့ကြောင်း အစည်းအဝေး တက်ရောက်သူများကို ရှင်းပြခဲ့သည်ဟု သိရသည်။
လွှတ်တော်အစည်းအဝေးများမည်သည့်အချိန်တွင်ပြန်လည်ကျင်းပမည်ကိုမသိရသေးကြောင်း ပါတီခေါင်းဆောင်များက ဆိုသည်။

ဒေါ်စု ပဲခူးရှိ “ အောင်ဆန်းဂျာမွန်း ” စာကြည့်တိုက် ဖွင့်ပွဲသွားမည်

မျိုးသန့် ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၄ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ပဲခူးတိုင်းအတွင်းရှိ“အောင်ဆန်းဂျာမွန်း”ဟုအမည်ပေးထားသောစာကြည့်တိုက်နှစ်ခုကို ဩဂုတ်လဒုတိယပတ်တွင်းဒေါ်အောင်ဆန်းစုကြည်သွားရောက်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ပဲခူးမြို့နယ် စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်လှက ပြောသည်။
၁၉၉၇ခုနှစ်အတွင်းကဒေါ်အောင်ဆန်းစုကြည်ကချင်ပြည်နယ်သို့ခရီးထွက်စဉ်ကြားသိခဲ့ရသည့် ကချင် ဝေါဟာရတခုကိုဒေါ်အောင်ဆန်းစုကြည်မှကြိုက်နှစ်သက်သည့်အတွက်စာကြည်တိုက်အမည်ကို အောင်ဆန်းဂျာမွန်းဟု ပေးဖြစ်ကြောင်းလည်း ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။
“ကချင်ပြည်နယ်ကိုရောက်တော့ကချင်မလေးတွေကအော်တယ်ဒေါ်အောင်ဆန်းစုကြည်သည်ပဲခူးတိုင်းအ တွင်းရှိ “အောင်ဆန်းဂျာမွန်း ”ဟု အမည်ပေးထားသေစာကြည့်တိုက်နှစ်ခုကို သွားရောက် ဖွင့်လှစ်ပေးမည်
တဲ့။အောင်ဆန်းဂျာမွန်း၊ အောင်ဆန်းဂျာမွန်း ဆိုပြီးတော့ အော်တဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်က သိပ်ပြီးတော့ သဘောကျလာတယ်” ဟု ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။
ဂျိန်းဖော ကချင်ဘာသာစကားတွင် ဂျာမွန်းဆိုသည်မှာ ရွှေဝတ်မှုန်ဟု အဓိပ္ပါယ်ရပြီး သမီးကြီးများကိုလည်း မျိုးရိုးအမည် နောက်တွင်တွဲ၍ တင်စား အမည်မှည့်ခေါ်လေ့ ရှိသည်။
ပဲခူးမြို့ပေါ်ရှိပန်းလှိုင်၂၃ လမ်းနှင့်သနပ်ပင်မြို့မင်းလမ်းတို့တွင်ဖွင့်လှစ်မည့်အောင်ဆန်းဂျာမွန်း စာကြည့်တိုက် များတွင် စာအုပ်ပေါင်း ၄,၀၀၀ ကျော်ရှိကြကာ ပဲခူးဒေသခံများမှ လှူဒါန်းသည့် စာအုပ်များ ဖြစ်သည်ဟု ဦးမြတ်လှကပြောသည်။စာကြည့်တိုက်တခုစီအတွက်ကုန်ကျစရိတ်မှာ ကျပ်ငွေ ၁ဝ သိန်းကျော် ဖြစ်သည်။
စာအုပ်များတွင် NLDဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ရေးသည့် “ဘာလဲဟဲ့ လူ့ငရဲ” ကဲ့သို့သော စာအုပ်အများ အပါအဝင် နိုင်ငံရေး၊ ဘာသာရေးနှင့် ဝတ္ထုစာအုပ်များလည်း စာကြည့်တိုက်တွင် ထားရှိမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ပဲခူးတိုင်းစာကြည့်တိုက်ဖွင့်ပွဲအတွင်းလုံခြုံရေးနှင့်ပတ်သက်၍ဦးမြတ်လှမှ ဦးစီးကာ ပဲခူးတိုင်း NLD လူငယ်များမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဟုလည်း ဦးမြတ်လှက ဆိုသည်။
“လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ပဲခူးလူငယ်တွေနဲ့ကျနော်တို့ဒီမှာအကုန်လုံးစီစဉ်ထားပြီးပြီလုံခြုံရေးကသူတို့ဆီ ကလည်းပါလာမယ်ကျနော်တို့ဆီကလဲတထပ်ထပ်ဝိုင်းမယ်လုံခြုံရေးကလည်းကျနော်တို့အားလုံး စီစဉ်ထားပြီးပြီ ဘယ်တော့ လာမယ်ဆိုတာသာ မသိသေးတာ ” ဟု ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည်၂ဝ၁ဝခုနှစ်နိုဝင်ဘာ၁၃ရက်နေအိမ်အကျယ်ချုပ်မှလွတ်လာအပြီး နေအိမ်ပြင်ပခရီးစဉ်များအဖြစ်ယခုလ ၄ ရက်နေ့ကလည်းပုဂံရှေးဟောင်းမြို့တော်သို့၎ရက်ကြာမိသားစု ဘုရားဖူးခရီး သွားခဲ့သေးသည်။
ခရီးစဉ်၏ နောက်ဆုံးနေ့ ဖြစ်သည့် ဇူလိုင် ၇ ရက်နေ့ ညောင်ဦးဈေးသို့ သွားရောက်ရာတွင် ညောင်ဦး
ဈေးသူဈေးသားများနှင့်ဒေသခံ၃,၀၀၀ကျော်တို့မှဒေါ်အောင်ဆန်းစုကြည်ကိုလှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။
ယခု ဒုတိယအကြိမ် ပဲခူးခရီးစဉ်တွင်လည်း ပဲခူးဒေသခံများမှ စိတ်ဝင်စားမှု များပြားကြောင်း ဦးမြတ်လှက မဇ္ဈိမကို ဆက်ပြောခဲ့သည်။
“အခုလည်းကျနော့်ကိုလာမလားလာမလားနဲ့ တော်တော်လာမေးနေကြတယ်ဗျ၊ စည်းရုံးရေး သဘောလည်း ပါမှာပေါ့ဗျာအခုတည်းကကျနော့်ကိုလာမေးနေကြတာအဲဒီနေ့လည်းဘယ်လောက်လာမလဲမှမသိတာ၊ အခုတည်းက သူတို့က ရွစိရွစိနဲ့ ဖြစ်နေကြပြီ” ဟု ဦးမြတ်လှက ဆိုသည်။



ဗိုလ်ချုပ်တင်ငွေ“သန့်ရှင်းသောအစိုးရ”သားကောင်ဖြစ်သွား

ကိုပေါက် ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၁၇ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။အစိုးရသစ်လက်ထက်တွင်စစ်ဘက်ဆိုင်ရာအကြီးဆုံးရာထူးမှဖယ်ရှားမှုဖြစ်သည့် စစ်ဆင်ရေးအထူးအဖွဲ့မှူးဗိုလ်ချုပ်တင်ငွေအားရာထူးမှအနားပေးလိုက်ခြင်းမှာအစိုးရသစ်၏‘သန့်ရှင်းသော အစိုးရ’ဖော်ဆောင်ရေးတွင်သားကောင်ဖြစ်သွားသည်ဟုစစ်ရေးလေ့လာသူဦးအောင်ကျော်ဇောက ပြောသည်။
“ငါတို့ကလင်းဂါးဗားမန့်လုပ်နေတယ်ဆိုပြီး။(ဗိုလ်ချုပ်)တင်ငွေတော့သိပ်စားတာမတွေ့ဘူး”ဟုဦးအောင် ကျော် ဇောကပြောသည်။
နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ရန်အလားအလာကောင်းသည်ဟုစစ်တပ်ထိပ်ပိုင်းအတွင်း ခန့်မှန်းခဲ့ကြသောဗိုလ်ချုပ်တင်ငွေဖြုတ်ပစ်မှုကိုရှင်းရှင်းလင်းလင်းမသိရသော်လည်းတပ်တွင်း ခန့်မှန်းပြောဆိုမှုများတွင်အလယ်ပိုင်းတိုင်းမှူးဖြစ်စဉ်ကာလမန္တလေးအောင်ပင်လယ်မြေယာကိစ္စ အရှုတ်တော်ပုံတွင်ပါဝင်ပတ်သက်မှုကြောင့်ဟုဆိုသည်။
ဗိုလ်ချုပ်တင်ငွေမှာယခင်စစ်အစိုးရခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ဒုဗိုလ်ချုပ်ကြီးမောင်အေးတို့ နှစ်ဦးလုံး၏လူယုံဟုတပ်တွင်းသိကြသည်။
“သူတို့လူဖြစ်သော်လည်းအထောက်အထားတွေတွေ့နေရရင်အဖြုတ်ခံရတာပဲ။ဘိန်းစားချင်းတမူးပိုအရှူခံ ရတာပေါ့ဗျာ။အနည်းနဲ့အများစားကြတဲ့သူတွေချည်းပဲ။သူ့အမှုကသိပ်ထင်ရှားနေလို့၊ရန်ကုန်မှာလည်း အုတ်အော်သောင်းနင်း ဖြစ်နေလို့ဆိုရင်လည်း ချမှာပေါ့” ဟု ဦးအောင်ကျော်ဇောက ပြောသည်။
အောင်ပင်လယ်မြေရိုင်းဖော်ထုတ်မှုတွင်ဗိုလ်ချုပ်တင်ငွေမည်သို့ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သည်ကို အခိုင်အမာမသိကြရသော်လည်းပြည်ကြီးတံခွန်နှင့်ချမ်းမြသာစည်အရှေ့ဘက်ထိပ်မှမြေများအား ပေးဝေခဲ့ရာတွင်ပြဿနာအရှုတ်အထွေးများဖြစ်ခဲ့ကြောင်းမန္တလေးမှစာရေးဆရာတဦးကမဇ္ဈိမကို ပြောသည်။
“သူတိုင်းမှူးကနားရတော့မယ့်အချိန်မှာမြေကွက်တွေတော်တော်များများကိုအလှူပွဲကြီးလိုကိုပေးပစ်လိုက်တာ
ပေါ့ဗျာ။သူနဲ့ပတ်သက်တဲ့လူတွေကိုပေါ့။နောက်တိုင်းမှူးတက်တဲ့အချိန်မှာအဲဒီမြေတွေက တော်တော်များများ
ပြဿနာတွေတက်ကုန်တယ်။တချို့မြေတွေကို၂ယောက်၃ယောက်ပေးတာ၊ထပ်ကုန်တာတွေဖြစ်တယ်”ဟု သူက ပြောသည်။
အောင်ပင်လယ် တောင်ဖျားရှိ ၄၈ လမ်း၊ ၄၉ လမ်း တဝိုက်တွင်လည်း အားကစားကွင်း၊ ကျောင်း၊ ပန်းခြံများ
အတွက်လျာထားသည့်မြေရိုင်းများအား အကွက်ချ၍ ရောင်းစားမှုများ ရှိခဲ့ကြောင်း အောင်ပင်လယ် ဒေသခံ တဦးကလည်း“မြေကွက်တွေပိုင်းရောင်းတာတွေရှိတယ်။၃၅လမ်း မြောင်းဘေးကိုလည်း မြေဖို့လိုက်ပြီးတော့ အကွက် ယူလိုက်တယ်ပေါ့။ ဘောလုံးကွင်းတို့၊ ကျောင်းတို့၊ ပန်းခြံတို့အတွက် လျာထားတာတွေ ရောင်းသွား
တယ်ပေါ့၊ မြို့ကွက်သစ်တွေပဲ” ဟု ပြောသည်။
ဤသို့မြေရိုင်းများအားရောင်းချပုံမှာအာဏာပိုင်များကကိုယ်တိုင်ရောင်းချခြင်းမဟုတ်ဘဲ ကုန်သည်ကြီးများကတဆင့်ခံရောင်းချပေးခြင်းဖြစ်ကြောင်း“အဲဒါကိုရောင်းချပေးတာကမြို့ပေါ်က ကုန်သည်ကြီးတချို့ပေါ့။သိန်းထောင်ချီပေးရတယ်။အဲလိုအရောင်းအဝယ်တွေဖြစ်ကြတယ်။ ဝယ်ထားပြီးရင်ကို ရာကြီးပိုင်းတွေ၊ထောင်ကြီးပိုင်းတွေဈေးဖြစ်တာကိုးဗျ။ ပိုက်ဆံ ရတာကတော့ မူလပိုင်ရင် သက်ဆိုင်ရာ အာဏာပိုင်တွေက ရတာပေါ့” ဟု အောင်ပင်လယ် ဒေသခံက ဆက်ပြောသည်။
သို့သော်ဗိုလ်ချုပ်တင်ငွေအလယ်ပိုင်းတိုင်းမှူးအဖြစ်မန္တလေး၌ရှိနေစဉ်လာဘ်စားမှုဖြင့်နာမည်ပျက် သိပ်မရှိခဲ့ကြောင်း မန္တလေး စာရေးဆရာက ဆိုသည်။
“လုပ်ငန်းရှင်တွေပြောကြတာကသူရှိတဲ့ကာလတုန်းကတည်တည်ငြိမ်ငြိမ်နဲ့ဘာမှပြဿနာမရှိဘူးပေါ့။လာဘ် ပေးလာဘ်ယူမှုသိပ်မရှိဘူးလို့တောင် ကြားဖူးပါတယ်” ဟု သူက ပြောသည်။
နဝတ၊နအဖစစ်အစိုးရများလက်ထက်တွင်စစ်တိုင်းမှူးဆိုသည်မှာ နယ်ဘုရင်များဖြစ်ကြပြီး ခြစားမှု မကင်းကြ ကြောင်းလည်း ဦးအောင်ကျော်ဇောက ပြောသည်။
ကစထ၆ခုရှိရာဗိုလ်ချုပ်တင်ငွေ အနားယူသွားသည့်အတွက် ကစထ နေရာ ၃ ခု လစ်လပ်သွားပြီ ဖြစ်သည်။
ဗိုလ်ချုပ်တင်ငွေအပြင်ကာကွယ်ရေးဝန်ကြီးဖြစ်သွားသည့်ဗိုလ်ချုပ်လှမင်းနှင့် ဒု-ကာချုပ် ဗိုလ်ချုပ်စိုးဝင်းတို့၏
နေရာများလည်း လစ်လပ်နေခြင်း ဖြစ်သည်။





dinsdag 26 juli 2011

ဒေါ်အောင်ဆန်းစုကြည်နှင့်အစိုးရဆွေးနွေးပွဲများမှရလဒ်ကောင်းများရရန်လိုအပ်ဟုဆို

လင်းသန့် Tuesday, 26 July 2011 18:11
.မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်မြန်မာအစိုးရသစ်ဝန်ကြီးတဦးဖြစ်သူ ဦးအောင်ကြည်တို့၏ယမန်နေ့ကတွေ့ဆုံခဲ့မှုအပေါ်မြန်မာ့နိုင်ငံရေးအသိုင်းအ၀န်းကကြိုဆိုကြပြီး နောက်ဆက်တွဲဆွေးနွေးပွဲများတွင်အချိန်ကာလသတ်မှတ်ချက်ရှိရှိနှင့်ရလဒ်ကောင်းများဖြစ်ပေါ်ရန် လိုအပ်ကြောင်း ထောက်ပြကြသည်။
ယမန်နေ့ကဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်တို့ကဆွေးနွေးပွဲအပြီးပြုလုပ်သည့်သတင်းစာ ရှင်းလင်းပွဲတွင်တွေ့ဆုံမှုအတွက်၂ဦးစလုံးကကျေနပ်ကြောင်းပြောကြားခဲ့ပြီးဆက်လက် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟု ထည့်သွင်း ပြောသွားကြသည်။
“တရားဝင်သတင်းထုတ်ပြန်တာနဲ့နှစ်ဘက်ပူးတွဲကြေညာချက်ထုတ်တာဟာအရင်နဲ့ မတူလို့ ထူးခြားပါတယ်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟန်ပြတွေ့ဆုံတယ်ဆိုရင်တော့ မကောင်းဘူး” ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP)၏ အတွင်းရေးမှူး ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။
အရပ်သားအစိုးရသစ်ဟုဆိုသော်လည်း၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် ချုပ်ကိုင်မှုများ ရှိနေခြင်း၊ နောက်ကွယ်တွင်ယခင်စစ်ခေါင်းဆောင်များကြိုးကိုင်မှုများရှိနိုင်ခြင်းတို့ကြောင့်ယခုဆွေးနွေးပွဲနှင့် ပတ်သက်၍များစွာမျှော်လင့်မထားကြောင်း၊ယမန်နေ့ကတွေ့ဆုံစကားပြောမှုကိုကြိုဆိုသော်လည်း အချိန်ကာလ သတ်မှတ်ပြီး ဆက်လက် ဆွေးနွေးသွားရန်လိုကြောင်း ၎င်းက ဆက်ပြောသည်။
ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ခွဲထွက်ခဲ့ပြီး ယခု အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့၏ ယခင်က တွေ့ဆုံမှုများသည် ဟန်ပြမျှသာ ဖြစ်ခဲ့သော်လည်း ယခုကိစ္စသည် တမူထူးခြားနိုင်ပြီး ဆက်လက်တွေ့ဆုံ ဆွေးနွေး ကြမည်ဆိုလျင် ကောင်းမွန်ကြောင်း၊ အားပြိုင်နိုင်ငံရေးမှတဆင့် ပူးပေါင်းနိုင်ငံရေးဆီသို့ ပြောင်းလဲကာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်နိုင်ခြေ များစွာ ပေါ်လာနိုင်ကြောင်း ပြောဆိုခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်လို လူထုခေါင်းဆောင် တယောက်က တရားဥပဒေနဲ့ ယှဉ်ပြီး ပြည်သူလူထုနဲ့ တိုင်းပြည် အတွက် ကောင်းရာကောင်းကျိုးတွေကို ဖန်တီးမယ်ဆိုတဲ့ အမြင်နဲ့ နိုင်ငံရေးရေစီးထဲ ပြန်ဝင်လာတာကို ကျနော်တို့က ကြိုဆိုရုံတင်မကပါဘူး၊ ၀မ်းသာ ၀မ်းမြောက်ဖြစ်ပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။
မြန်မာအနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးအတွက် ထိုက်တန်ကြောင်း၊ နိုင်ငံရေး အကျဉ်းသား များပါ လွှတ်ပေးပြီး ပိုမိုကျယ်ပြန့်သည့် ဆွေးနွေးပွဲများ လုပ်ဆောင်လျှင် ပို၍သင့်တော် ကောင်းမွန်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်၏ နယ်ခရီးထွက်မည့် ကိစ္စများအပေါ် မလိုလား အပ်သည့် တိုက်ခိုက်မှုများ ရှိလာနိုင်သည်ဟုနိုင်ငံပိုင်သတင်းစာများတွင်သတိပေးရေးသားခြင်း၊NLDပါတီ၏ လုပ်ဆောင်ချက်များသည်တရားမ၀င်ကြောင်းနှင့်ပါတီအားပြန်လည်မှတ်ပုံတင်ရန်လိုကြောင်း ဖိအားပေးခြင်း စသည်ဖြင့် အစိုးရဘက်က လုပ်ဆောင်မှုများ ရှိခဲ့သည်။
ထို့ကြောင့်NLDပါတီကိုယ်စားဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့ပါတီသည် တရားဝင်ကြောင်း၊ မတူကွဲပြားမှုများကို တွေ့ဆုံဆွေးနွေး အဖြေရှာကြရန်လိုကြောင်း ပြန်ကြားစာပေးပို့ခဲ့သည်။
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံချိန်သည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် အစရှိသည့် ဒေသများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်နေချိန်နှင့် တိုက်ဆိုင်နေပြီး အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ မြန်မာအစိုးရဘက်က ငြိမ်းချမ်းစွာဖြေရှင်းလိုသည့် အရိပ် အယောင် မတွေ့ရသေးပေ။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ပထမဆုံး တွေ့ဆုံသည့် အချိန်သည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အပြီးကာလ နိုင်ငံရေး တင်းမာမှုများ ဖြစ်ပွားနေချိန် ဖြစ်သည်။ ၎င်းတို့ ၉ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့သော်လည်း သိသာ ထင်ရှားသည့် ရလဒ်ကောင်းများ မဖြစ်ထွန်းခဲ့သောကြောင့် ယခု တွေ့ဆုံမှုကို သံသယ ဖြစ်သူ များလည်း ရှိသည်။
“တရားဥပဒေ စိုးမိုးရေး ဆွေးနွေးကြတယ် ဆိုပေမယ့် တကယ်ကတော့ တရားဥပဒေစိုးမိုးရေး မရှိပါဘူး။ စစ်ဗိုလ်ချုပ် တွေဘက်က အလျှော့အတင်းတွေ လုပ်မှာလား၊ ဒေါ်အောင်ဆန်းစုကြည် ကရော ပူးပေါင်းဆောင်ရွက်မှုမှာလား၊ အလျှော့ အတင်းတွေလုပ်မှာလား၊ ကစားကြတာလား၊ ဒါတော့မသိဘူး” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) အတွင်းရေးမှူး ဦးလှစိုးက ပြောသည်။
ရန်ကုန်မြို့ရှိဝါရင့် စာနယ်ဇင်းသမား တဦးကမူ ၂ ဘက်ပူးတွဲ ကြေညာချက်ထုတ်ပြန်ပြီး ဆက်လက်တွေ့ဆုံ ဆွေးနွေးမည်ဟု ပြောဆိုခြင်းသည် အပေါင်းလက္ခဏာ ဆောင်သည်ဟု သုံးသပ်ပြောဆိုသည်။
တနှစ်လျှင် ၁ ကြိမ်၊ ၂ ကြိမ် တွေ့ရုံမျှနှင့် တိုးတက်ခြင်းဟု မပြောနိုင်ကြောင်း၊ အကယ်၍ ၁ နှစ်လျှင် ၄ ကြိမ်၊ ၅ ကြိမ် တွေ့ဆုံသည်ဆိုလျှင် နိုင်ငံရေးပြဿနာများ ဆွေးနွေးလာနိုင်သည့် အခြေအနေဖြစ်၍ အမှန်တကယ် တိုးတက်သည့် လက္ခဏာ ရှိလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
သို့ရာတွင် ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု၏ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ တာဝန်ရှိသူတဦး တွေ့ဆုံခြင်းကို မရိုးသားမှုဟု မြင်ကြောင်း၊ စစ်အစိုးရ အဆက်ဆက် နိုင်ငံတကာ ဖိအားများကို ရှောင်လွှဲရန်နှင့် အာဆီယံ ဥက္ကဋ္ဌ နေရာရရေးအတွက် ဟန်ပြလုပ်ဆောင်ခြင်းဟုသာ ထင်မြင်ယူဆကြောင်း ပြောသည်။
“သူတို့ကနိုင်ငံရေးအရတရားဝင်မှုကိုအရမ်းလိုချင်နေလို့အခုလိုဟန်ပြဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြ တာပဲ။နောက်ရွေးကောက်ပွဲမတိုင်ခင်၂၀၁၄ ခုနှစ်မှာအာဆီယံဥက္ကဋ္ဌလုပ်လိုက်ခြင်းအားဖြင့် နိုင်ငံတကာရဲ့အသိအမှတ်ပြုခံရတဲ့တရားဝင်နိုင်ငံရေးအခြေအနေကိုရသွားမှာ”ဟု ဒေါ်ခင်ဥမ္မာက ဆိုသည်။
ယမန်နေ့က တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အကျဉ်းကျခံရစဉ်၊ အကျယ်ချုပ် ကျခံနေရစဉ် အနေအထား မဟုတ်ဘဲ နိုင်ငံပိုင် သတင်းစာများနှင့် သတင်းမီဒီယာများတွင် မျက်နှာဖုံး သတင်းများအဖြစ် ဓာတ်ပုံများနှင့် တကွ ဝေေ၀ဆာဆာ ဖော်ပြပါရှိသည်ကို တွေ့ရသည်။

မြို့ပတ်ရထားပုဂ္ဂလိကပိုင်ဖြစ်ရေးနေပြည်တော်တွင်ဆွေးနွေး

စည်သူ Tuesday, 26 July 2011 19:14
.ရန်ကုန်မြို့ရှိမြို့ပတ်ရထားလုပ်ငန်းကိုပြည်တွင်းရှိပုဂ္ဂလိကလုပ်ငန်းရှင်များအားလုပ်ကိုင်ခွင့်ပေးရေးအတွက် စိတ်ဝင်စားသည့်လုပ်ငန်းရှင်များကိုဖိတ်ခေါ်၍ဆွေးနွေးပွဲတရပ်ကိုနေပြည်တော်ရှိရထားပို့ဆောင်ရေး ၀န်ကြီးဌာနတွင် ယနေ့ ကျင်ပသွားသည်။
တကြိမ်တည်းခရီးသည်နှင့်ကုန်များစွာတင်ဆောင်နိုင်ပြီးဈေးနှုန်းချိုသာသော်လည်းနှစ်ပေါင်းများစွာ အရှုံးပေါ်နေသည့်အပြင်ညံ့ဖျင်းသောဝန်ဆောင်မှု၊သန့်ရှင်းမှုမရှိခြင်းတို့ကြောင့်အဝေဖန်ခံနေရသဖြင့် ယခုကဲ့သို့ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းဖြစ်ကြောင်းရထားပို့ဆောင်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယနေ့အစည်းအဝေးတွင် ပြောကြားသည်။
“အဓိကကတော့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမြတ်ဉာဏစိုးကလွှတ်တော်မှာရန်ကုန် မြို့ပတ်ရထားတွေနဲ့ပတ်သတ်ပြီးတင်ပြလာလို့အခုလိုပုဂ္ဂလိကပိုင် ပြုလုပ်ရေးဖြစ်သွားတာပါ”ဟုဝန်ကြီးက ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)မှကိုယ်စားလှယ်၁ ဦး၊ ဦးအောင်သောင်၏သား ဦးနေအောင်ပိုင်အိုင်ဂျီအီးလုပ်ငန်း၊ရွှေတောင်ဖွံ့ဖြိုးရေး စသည်တို့မှလုပ်ငန်းရှင်များအပါအ၀င် လုပ်ငန်းရှင်ပေါင်း၉၀ခန့်တက်ရောက်သည့်ယင်းအစည်းအဝေးတွင်တိကျသည့်ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ခြင်း မရှိကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။
“အခုတကြိမ်ကဆွေးနွေးတယ်ဆိုရုံပါပဲ။နောက်တကြိမ်အစည်းအဝေး ထပ်ခေါ်ရင်တော့ ဒီထက်ပြတ်သားတဲ့ ဆုံးဖြတ်ချက် တွေ ထွက်ပေါ်လာမယ် ထင်ပါတယ်” ဟု အစည်းအဝေး တက်ရောက်လာသည့် လုပ်ငန်းရှင် တဦးက ပြောကြားသည်။
ယင်းအစည်းအဝေးတွင် ရန်ကုန်မြို့ပတ်ရထား လုပ်ငန်းတခုလုံးအား ပုဂ္ဂလိကပိုင်လွှဲမည်လော၊ အပိုင်းလိုက် ခွဲကာ လွှဲမည် စသည်ဖြင့် မဆုံးဖြတ်နိုင်သကဲ့သို့ နှစ်မည်မျှကြာ ငှားရမ်းမည်၊ ငွေကြေးပမာဏ မည်မျှရှိမည် ဆိုသည်ကိုလည်း မဆုံးဖြတ် နိုင်သေးကြောင်း သိရသည်။
တရက်လျှင်ခရီးသည်၁သိန်းခန့်ကို၁၅မိုင်အထိ၁၀ကျပ်၊၁၅မိုင်ကျော်လျှင်၂၀ကျပ်ဖြင့် ပို့ဆောင် ပေးနေသည့် ရန်ကုန်မြို့ပတ်ရထားလုပ်ငန်း၏တလ၀င်ငွေမှာကျပ်၄၂ သန်းကျော်သာရှိပြီးအသုံးစရိတ်သန်း၂၆၀ ကျော်ရှိသဖြင့် များစွာ အရှုံးပေါ်လျက် ရှိသည်။
“ကျနော်တို့ကအောင်မြင်တဲ့လုပ်ငန်းတခု၊လူတိုင်းလိုချင်တဲ့လုပ်ငန်းတခုကိုယူရမှာမဟုတ်ဘူး။ဒါကြောင့် အရှုံးကာမိအောင်ဘူတာကနေတက္ကစီ၊ဘတ်စ်ကားဝန်ဆောင်မှုလုပ်ငန်း၊ဘူတာနယ်မြေအတွင်း စားသောက်ဆိုင်၊ဟိုတယ်စတဲ့ အပိုဝင်ငွေရစေမယ့်လုပ်ငန်းမျိုးနဲ့တွဲဖက်လုပ်ကိုင်ခွင့် ရချင်ပါတယ်”ဟု စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။
တခြား စီးပွားရေး လုပ်ငန်းရှင် တဦးကလည်း မြို့ပတ်ရထားကို ပုဂ္ဂလိက စလုပ်သည့် ၄၊ ၅ နှစ်တွင် အရှုံးပေါ်နိုင်ကြောင်း၊နှစ်ကြာလာလျှင် မြတ်လာမယ် ထင်ကြောင်း၊ ခရီးသည်လည်း မထိခိုက် လုပ်ငန်းရှင်လည်း အမြတ်ရမည့် ဈေးနှုန်းဖြစ်ရန် လိုကြောင်း ပြောသည်။
“အခုရထားခက၁၀၊၂၀ကျပ်ကနေခင်ဗျားတို့မကိုက်ရင်ဘယ်လောက်တိုးယူမလဲစဉ်းစားထားပါ။ ၇၀ကျပ်ဆို ကိုက် မလား၊ ၁၀၀ ကိုက်မလား စသဖြင့်ပေါ့။ ခင်ဗျားတို့ အဆင်ပြေနိုင်မယ့် ဈေးနှုန်းကိုပဲ အဆိုပြုပါ” ဟု ၀န်ကြီး ဦးအောင်မင်းက ဆိုသည်။
ဆက်လက်၍ ၎င်းက အဝေးပြေးရထားခအား ၁ မိုင် အတွက် ၄ ကျပ်ယူထားကြောင်း၊ နေပြည်တော် - ရန်ကုန်ခရီးကို ကျပ် ၉၀၀ သာ ရှိကြောင်း ဆက်ပြောသည်။
“ဘူတာကနေအိမ်ကိုတက္ကစီငှားခ၃ထောင်၊၄ထောင် တောင် မမြင်ကြတာ၊ ရထားခ နည်းနည်းတက်တာကို မြင်ကြဖို့မကောင်းပါဘူး” ဟု ၀န်ကြီး ဦးအောင်မင်းက ဆိုသည်။
မြို့ပတ်ရထားအား ပုဂ္ဂလိကပေးလိုက်ပါက အစိုးရပိုင်ထက် ၀န်ဆောင်မှုပိုကောင်းလာမည်ဟု ထင်ကြောင်း၊ ယခု လက်ရှိတွင် မြို့ပတ် ရထားများ တနေကုန်ထွက်မလာသည့် နေ့များ ရှိကြောင်း ရန်ကုန် ကြည့်မြင့်တိုင် မြို့နယ်မှ ဒေသခံတဦးက ပြောသည်။
မြို့ပတ်ရထားပုဂ္ဂလိကပိုင်ပြုရေးနှင့်ပတ်သတ်၍၂ပတ်မှ၁ လအတွင်း အစည်းအဝေး ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။



ရန်ကုန် မြို့ပတ်ရထားလမ်းသည် မိုင် ၇၀ ခန့် ရှည်လျားပြီး နေ့စဉ်ခေါက်ရေ ၂၀၀ ကို ၅ မိနစ်ခြား ပြေးဆွဲနေကာ အဆိုပါ လုပ်ငန်းတွင် ဘူတာနှင့် ရပ်စခန်း ၇၇ ခု၊ ရထား ခေါင်းတွဲ ၂၅ တွဲ၊ လူစီးတွဲ ၉၀ တို့ ပါဝင်ကြောင်း သိရသည်။

၁ဒေါ်လာ၆ကျပ်သာရှိသောငွေလဲနှုန်းပြင်မည်

ဧရာဝတီ Tuesday, 26 July 2011 17:59
.အမေရိကန်၁ဒေါ်လာလျှင်မြန်မာငွေ၆ကျပ်နှုန်းသတ်မှတ်ထားသောငွေလဲနှုန်းကိုတရားဝင်ပြင်ဆင်သတ် မှတ်ပြောင်းလဲသွားမည်ဟုမြန်မာအစိုးရသစ်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၀န်ကြီးဦးလှထွန်းက ပြောဆိုလိုက်သည်။
နေပြည်တော်တွင်ဇူလိုင်လ၂၂ရက်နေ့ကကျင်းပပြုလုပ်သောဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနဘဏ်များ ကြီးကြပ်ရေးကော်မတီနှင့်မြန်မာနိုင်ငံဘဏ်များအသင်းအမှုဆောင်အဖွဲ့၏အကြိမ်၁၃၀မြောက် အစည်းအဝေးတွင်ဦးလှထွန်းကထိုသို့ပြောဆိုခြင်းဖြစ်ကြောင်းဇူလိုင်လ၂၃ ရက်နေ့ထုတ်အစိုးရသတင်းစာများတွင် ဖော်ပြပါရှိသည်။
“နိုင်ငံခြားငွေကြေးလဲလှယ်ရောင်းဝယ်ရာမှာမိမိနိုင်ငံအတွက်အကျိုးရှိပြီးတည်ငြိမ်တဲ့ငွေလဲလှယ်နှုန်းသတ် မှတ်  ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်”ဟု ဦးလှထွန်းက ပြောသည်။
ငွေလဲလှယ်နှုန်းပြောင်းလဲပြင်ဆင်သတ်မှတ်ရေးနှင့်ပတ်သက်ပြီးအစိုးရကကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏အမြင်များတောင်းခံခဲ့သည်ဟုပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ်အမှုဆောင် တဦးကဆိုသည်။
“အခုနောက်ပိုင်းအစိုးရဘက်ကတခုခုလုပ်တော့မယ်ဆိုရင်စီးပွားရေးသမားတွေနဲ့ကုန်သည်တွေကိုအစည်းအ ဝေးခေါ်ပြီးအကြံဥာဏ်တောင်းတာတွေလုပ်တယ်။အခွန်ကိစ္စ၊ငွေလဲနှုန်းကိစ္စနဲ့တခြားမူဝါဒဆိုင်ရာ ကိစ္စတွေမှာကုန်သည်တွေရဲ့အမြင်ဘယ်လိုရှိသလဲဆိုတာတွေထည့်တွက်လာတယ်။ ဒါပေမယ့် အမြင်တောင်းနေရုံ၊အကြံဉာဏ်တောင်းရုံနဲ့တော့မပြီးဘူး။ဒီအမြင်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့လည်း လိုပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ လုပ်ငန်းရှင်တဦးကလည်း အစိုးရက ငွေလဲနှုန်း ပြင်ဆင်သတ်မှတ်မည် ဆိုပါက အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၉၀၀ နှင့် ၁၀၀၀ ကြားတွင် ပြောင်းလဲပြင်ဆင် သတ်မှတ်သင့်သည်ဟု သက်ဆိုင်ရာအစိုးရ အာဏာပိုင်များထံ တင်ပြထားကြောင်း ပြောသည်။
“အစိုးရဘက်ကဘယ်လိုသတ်မှတ်မလဲတော့မသိဘူး။ရေထွက်လုပ်ငန်းရှင်တွေ ဘက်ကတော့ ငွေလဲနှုန်းက ၁ ဒေါ်လာကို၉၀၀နဲ့၁၀၀၀ကြားမှာရှိသင့်တယ်လို့ အစည်းအဝေးတိုင်း၊ အလုပ်ရုံဆွေးနွေးပွဲတိုင်းမှာ ထည့်ပြောတယ်။ဈေးကွက်ပေါက်ဈေးအတိုင်းသတ်မှတ်ရုံနဲ့တော့ ရေထွက်လုပ်ငန်းတွေ ဘယ်လိုမှ နာလန်ထူနိုင်ဦးမယ် မထင်ဘူး” ဟု ပြည်ပသို့ ရေထွက်ပစ္စည်း တင်ပို့နေသူ လုပ်ငန်းရှင်တဦးက ဆိုသည်။
ငွေလဲနှုန်း ပြင်ဆင်သတ်မှတ်မည် ဖြစ်သော်လည်းFECဖျက်သိမ်းမည့် အလားအလာရှိ၊ မရှိ၊ လူတိုင်း နိုင်ငံခြားငွေကိုင်ဆောင်ခွင့်ပြု၊မပြုဆိုသော အချက်များကိုမူ ရေရာစွာ မသိရှိရသေးကြောင်း UMFCCI အမှုဆောင်တဦးက ဆိုသည်။
“အခုကြားနေရတဲ့သတင်းတွေအရတော့ငွေလဲနှုန်းတရားဝင်ပြောင်းလဲသတ်မှတ်ပြီးရင် နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်ခွင့်ကို ပုဂ္ဂလိက ဘဏ်တွေကို လုပ်ပိုင်ခွင့်ပေးမယ် လို့တော့ ကြားတယ်” ဟု ၎င်းက ပြောသည်။
ပြည်တွင်းစီးပွားရေးပညာရှင်တဦးကမူအစိုးရအနေဖြင့်ငွေလဲနှုန်းကိုတရားဝင်ပြောင်းလဲသတ်မှတ်ပြီးပါက ပို့ကုန်၊သွင်းကုန်ခွန်များယာယီကင်းလွတ်ခွင့်ပေးခြင်း၊ဘဏ်တိုးနှုန်းများလျှော့ချခြင်းနှင့် မူဝါဒပိုင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများပိုမိုလျှင်မြန် သွက်လက်စေရန် ဆောင်ရွက်ပေးခြင်းများ လုပ်ဆောင်မှသာလျှင် နိုင်ငံစီးပွားရေး ပြန်လည် လည်ပတ်နိုင်မည် ဖြစ်ကြောင်း ပြောသည်။
“ငွေလဲနှုန်းတရားဝင်ပြောင်းလဲသတ်မှတ်ပြီးရင် အခွန်ကင်းလွတ်ခွင့်၊ဘဏ်တိုးနှုန်းလျှော့တာတွေ လုပ်ရမယ့်အပြင် မူးယစ်ဆေးဝါးရောင်းလို့ရရာက ၀င်လာနိုင်မယ့် ငွေမည်းတွေကို ထိန်းချုပ်ဖို့လည်း လုပ်ရမယ်။ ဆိုလိုတာကတရားဥပဒေစိုးမိုးရေး ဆက်လုပ်ရမယ်၊ မူးယစ်ဆေးဝါး ရောင်းတဲ့သူတွေ၊ မူးယစ် ဆေးဝါးရောင်းဝယ်ရာမှာကိုယ်တိုင်မဟုတ်ပေမယ့်လာဘ်ငွေယူပြီးမသိချင်ယောင်ဆောင်နေတဲ့ အာဏာပိုင်တွေကိုအရေးယူတာမျိုးတွေလုပ်ရမယ်။ဒါမှပြည်တွင်းငွေကြေးဈေးကွက်ငြိမ်မယ်”ဟု ထိုပညာရှင်က ဆိုသည်။
အစိုးရသည် ဇူလိုင်လ ၁ ရက်နေ့မှစပြီး ပို့ကုန်များအပေါ် ကောက်ခံလျက်ရှိသော အခွန် ၁၀ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့သော်လည်း ယနေ့အချိန်အထိ မြန်မာ့ပို့ကုန်တင်ပို့မှု တိုးတက်မလာဘဲ ဆက်လက်လျှော့ကျကာ ရုန်းကန်နေရဆဲ ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ပြောဆိုကြသည်။
အစိုးရက တရားဝင်သတ်မှတ်ထားသော ငွေလဲနှုန်းသည် တဒေါ်လာ မြန်မာငွေ ၆ ကျပ်နှုန်းဖြစ်ပြီး ဈေးကွက်တွင် ဖြစ်ပေါ်နေသော ငွေလဲနှုန်းမှာ ၁ ဒေါ်လာလျှင် မြန်မာငွေ ၇၉၀ ကျပ် ၀န်းကျင်ရှိသည်။

သမ္မတနိုင်ငံရေးအကြံပေးဦးရဲတင့်ဦးခေါင်းခွဲစိတ်ကုသမှုခံယူရ

မဇ္ဈိမသတင်းဌာန အင်္ဂါနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၀ မိနစ် .
မဇ္ဈိမသတင်းဌာန။ ။သမ္မတဦးသိန်းစိန်၏နိုင်ငံရေးအကြံပေးအဖွဲ့ဝင်တဦးဖြစ်သူ ဦးရဲတင့်သည်နေအိမ်တွင်
ချော်လဲခဲ့သောဒဏ်ရာကြောင့်ဦးနှောက်တွင်းသွေးခဲကာရန်ကုန်ဆေးရုံကြီးဦးနှောက်နှင့် အာရုံကြောဌာနတွင် တက်ရောက် ကုသမှု ခံယူနေရသည်။
အသက်၆၉နှစ်ရှိ ဦးရဲတင့်သည်အကြံပေးအဖြစ်ရွေးချယ်ခံရပြီးနေပြည်တော်တွင်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံအပြီးပြန်လာချိန်တွင်နေအိမ်တွင်းလှေကားမှပြုတ်ကျကာဦးခေါင်းတွင်ပြင်းထန်သည့် ဒဏ်ရာရရှိခဲ့သည်။
ယခုအခါရန်ကုန်ဆေးရုံကြီးဦးနှောက်နှင့်အာရုံကြောဌာနတွင်ခွဲစိတ်ကုသမှုခံယူပြီးဖြစ်ကာကျန်းမာရေးမှာ အတော်ပင် ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။

                                                ဦးရဲတင့်ရေးသားထားသော၂၁ရာစုပထဝီနိုင်ငံရေးစာ အုပ်
“သမ္မတအကြံပေးဖြစ်တယ်ဆိုပြီးသိရတဲ့နောက်မှာသမီးနေထိုင်နေတဲ့သြစတြေးလျကနေပြန်လာခဲ့တယ်နေပြည်တော်အစည်းအဝေးကိုဦးနေဇင်လတ်၊ ဦးကိုကိုလှိုင်တို့နဲ့ အတူ တကြိမ်သွားဖြစ်ခဲ့တယ်။ ဒီက ပြန်အလာမှာ နေအိမ် လှေကားပေါ်ကနေ ပြုတ်ကျပြီး
ခေါင်းမှာ သွေးခဲသွားတယ်။ အဲဒီကစပြီး နောက်ပိုင်းနေပြည်တော် အစည်းအဝေးလည်း မသွားဖြစ်တော့ဘူး ကျန်းမာရေးကြောင့် နားနေရတယ်” ဟု သူ၏ မိသားစုဝင်များနှင့် နီးစပ်သူတဦးက မဇ္ဈိမသို့ ပြောသည်။
ဆေးရုံတွင် မျက်မြင် တွေ့ခဲ့ရသူတဦးကဦးရဲတင့်ကျန်းမာရေးမှာ“၉ဝရာခိုင်နှုန်းကောင်းနေပါပြီ”ဟု ဆိုသည်။
အဆိုပါကုသမှုအားနိုင်ငံတော်သမ္မတရုံးသို့ဦးရဲတင့်မှ အကြောင်းကြားခြင်း မပြုလုပ်ခဲ့သဖြင့် အထူးရဲတပ်ဖွဲ့မှ ရဲအရာရှိများက ဆေးရုံရှိ ဆရာဝန်၊သူနာပြုများထံမှ လူနာမှတ်တမ်းအား လာရောက်ယူငင်ကြောင်း အဆိုပါ ဆေးရုံမှ သူနာပြုတဦး၏ ပြောကြားချက်အရ သိရသည်။
“ဦးရဲတင့်ရဲ့ဖိုင်တွေကိုလာတောင်းကြည့်တယ်ကာယကံရှင်မိသားစုရဲ့ခွင့်ပြုချက်မရသေးတော့ကျမ တို့လည်းမပြနိုင်ဘူးလို့ပြောပစ်လိုက်ပါတယ်။ဒါပေမယ့်သူတို့လိုအပ်တဲ့အချက်တွေကို ရအောင်ယူသွားပါတယ်။ကာယကံရှင်နဲ့တော့တွေ့မသွားရဘူး”ဟုဆေးရုံမှသူနာပြု ဆရာမတဦးက ဆိုသည်။
ဦးရဲတင့်သည်ကြေးမုံသတင်းစာအယ်ဒီတာချုပ်ဟောင်းတဦးဖြစ်ပြီးလက်ရှိတတွင်ဘာသာပြန် စာအုပ်များရေးသားလျက်ရှိကာမကြာသေးမီကအမျိုးသားစာပေဘာသာပြန်ဆုကိုသွေးနှင့် ရေနံ စာအုပ်ဖြင့် ရရှိခဲ့သည်။
သမ္မတအကြံပေးအဖွဲ့ကို နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေအကြံပေးအဖွဲ့ဟူ၍ သုံးဦးစီဖြင့် သုံးဖွဲ့ဖွဲ့ထားပြီး နိုင်ငံရေး အဖွဲ့တွင် ဦးကိုကိုလှိုင်၊ ဦးနေဇင်လတ်နှင့် ဦးရဲတင့်တို့ ပါဝင်သည်။





အတိုက်အခံအားဖြည့်ဖို့NDFဝင်ပြိုင်

ထွန်းထွန်း အင်္ဂါနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၅ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။လွှတ်တော်တွင်းကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်အမတ်မဟုတ်သည့်အင်အားစုက အရေအတွက်နည်းနေသည့်အတွက်ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီNDFကပြောဆိုသည်။
ပြီးခဲ့သည့်၂ဝ၁ဝရွေးကောက်ပွဲတွင်ကြံ့ခိုင်ရေးပါတီကမဲဆန္ဒနယ်၁၁၅၄တွင်၈၈၂နေရာအနိုင်ရရှိခဲ့ကာ အခြားပါတီများက၂၇၂နေရာသာအနိုင်ရရှိခဲ့သည့်အရေအတွက်ကိုရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
လွှတ်တော်အတွင်းဒီမိုကရေစီအင်အားစုနည်းသောကြောင့်ကြားဖြတ်ရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်၍ထပ်မံအင်အားဖြည့်သည့်သဘောဟုNDFပါတီဥက္ကဋ္ဌဒေါက်တာသန်းငြိမ်းကပြော(ဓါတ်ပုံ မဇ္ဈိမ)
“ဝင်ပြိုင်မယ့်သူကတော့ရှိတဲ့နေရာလောက်ပဲဝင်ပြိုင်လို့ရမှာပေါ့ဗျာ။ကြားဖြတ်ရွေးကောက်ပွဲဆိုတာထုံးစံ အတိုင်းလူနည်းနည်းပါးပါးပဲရှိတာပဲလေ။ဟိုမှာကရထားတာကဒီမိုကရေစီအင်အားစုကတော်တော် နည်းနေတယ်ဗျ။နည်းနေတော့သူတို့အနေနဲ့ထပ်ပြီးတော့အားဖြည့်တဲ့သဘောပေါ့နော်”ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက မဇ္ဈိမကို ပြောသည်။
ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ၄ဝ ရှိသော်လည်း အရေအတွက် မည်မျှဝင်ပြိုင်မည်ကို NDF က မဆုံးဖြတ်ရသေးပေ။
ဒီမိုကရက်တစ်ပါတီ(မြန်မာ)အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းကတော့ ပါတီအနေဖြင့် နှစ်နေရာ ဝင်ပြိုင်ရန် ရည်ရွယ်ထားပြီး ဦးသုဝေနှင့် ဒေါ်နေရီဗဆွေတို့ ဖြစ်မည်ဟု ဆိုသည်။
အစိုးရအဖွဲ့ထဲရောက်သွား၍လစ်လပ်သွားသည့်နေရာများအတွက် ရွေးချယ်သော ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအင်အားစုများNDF၊ဒီမိုကရက်တစ်ပါတီ(မြန်မာ)DPM၊ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ပြည်ထောင်စု ဒီမိုကရေစီပါတီနှင့် ကရင်၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် စသည့် တိုင်းရင်းသားပါတီ ၁ဝ ပါတီမှမဲဆန္ဒနယ်၎ဝတွင်ဝင်ပြိုင်ရန်ဇူလိုင်၁၈ ရက်တွင် စာရင်းသွင်းခဲ့ကြောင်း “ဒီမိုကရေစီ မိတ်ဆွေများ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းကော်မတီ” ထံမှ သိရသည်။
ရှမ်းတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီကတော့၁၅နေရာခန့် ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်းနှင့် နေရာမထပ်အောင်NDFနှင့်ညှိနှိုင်းသွားမည်ဟုပါတီ အထွေထွေ အတွင်းရေးမှူး စိုင်းလှကျော်က ပြောသည်။
၂ဝ၁ဝရွေးကောက်ပွဲတွင်မဲမသမာမှုများရှိသည့်အတွက်ယခုအကြိမ်တွင်မိမိဝင်မပြိုင်သည့် ဒေသများတွင်လည်းအခြားပါတီများအတွက်မဲရုံကိုယ်စားလှယ်ထားခြင်း၊စောင့်ကြည့်ခြင်းများ ပြုလုပ်သွားမည် မိတ်ဆွေများပါတီ အဖွဲ့က ဆိုသည်။
“ကိုယ့်အင်အားကော၊သူ့အင်အားကောစုပေါင်းပြီးတော့နီးလာတဲ့အခါအသေးစိတ်တွက်ချက်ပြီးလုပ်ကြရ မှာပေါ့”ဟုဒေါက်တာသန်းငြိမ်းကပြောသည်။
နေပြည်တော်တွင်ဇူလိုင်လ၂၇နေ့၌ပြုလုပ်မည့် ရွေးကောက်ပွဲကော်မရှင်နှင့် ပါတီများ ဆွေးနွေးပွဲတွင်လည်း ယခုကိစ္စကို တင်ပြသွားရန် ရှိသည်။
၂ဝ၁ဝရွေးကောက်ပွဲများ၌မဲခိုးမဲလိမ်မှုများနေရာအနှံ့အပြားတွင်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်းရွေးကောက်ပွဲကော်မရှင်သို့တိုင်ကြားသည့်အမှုပေါင်းမှာ၃ဝသာရှိခဲ့သည်။ ၎င်းတို့အနက်အာဏာရကြံ့ခိုင်ရေးပါတီကတိုင်ကြားခဲ့သည့် အမှုမှာ၂၇မှုဖြစ်သည်။
“အန်တီကတော့လုံးဝမဝင်တော့ဘူး။လုံးဝအယုံအကြည်မရှိလို့။လုံးဝအယုံအကြည်မရှိဘူး။ပြည်သူနဲ့ တိုင်းပြည်အတွက်ကို လူတွေထဲ ဝင်မှလုပ်လို့ရမယ်ဆိုပြီးတော့အန်တီကဝင်တာ။ပက်ပက်စက်စက် ခံလိုက်ရတယ်။ အဲဒါကြောင့် အယုံအကြည်မရှိဘူး။ မဝင်တော့ဘူး။” ဟု ဒေါ်ချိုချိုကျော်ငြိမ်းက ဆိုသည်။
သို့သော်လည်း ဒေါက်တာသန်းငြိမ်းကတော့ “၂ဝ၁ဝ ရွေးကောက်ပွဲတုန်းတို့က ကျနော်တို့ တော်တော့်ကို မဆီလျော်တာတွေ ကြုံရတယ်လေ။ ကျနော်တို့ ထဲမှာ မဖြစ်သင့်တာတွေ ဖြစ်ကြရတယ်။ ဆိုတာက မရှုံးသင့်ဘဲ ရှုံးနိမ့်တဲ့နေရာတွေ ရှိတယ်လို့တောင် ပြောလို့ရတဲ့ နေရာတွေ ရှိပါတယ်။ ဆိုတော့ ဒါတွေက ပြီးသွားပြီဆိုတော့ ထားပေါ့ဗျာ။ သို့သော်လည်းပဲ လာမယ့် ရွေးကောက်ပွဲဆိုရင်တော့ အခုက အစိုးရကလည်း အစိုးရသစ်ဗျာ” ဟု ပြောဆိုသည်။
ရှမ်းပါတီမှ စိုင်းအုန်းကျော်က “ကျနော်တို့ကတော့ သန့်သန့်ရှင်းရှင်းနဲ့ အားလုံး လက်ခံတဲ့ ရွေးကောက်ပွဲ ပုံစံမျိုးဖြစ်ရင်တော့ အားလုံးအတွက်လည်း ကောင်းတာပေါ့ဗျာ။ ပြောစရာ၊ ဆိုစရာလည်း မရှိဘူးဆိုတော့ ပိုပြီးတော့မှ အဆင်ပြေတာပေါ့။ ကျနော် အဲဒီလိုပဲ လိုလားပါတယ်” ဟု ပြောသည်။





နေပြည်တော်ကကချင်အတွက်သာဆွေးနွေးလို

ဖနိဒါ အင်္ဂါနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၀၅ မိနစ် .
ချင်းမိုင်(မဇ္စျိမ)။ ။တိုင်းရင်းသားများစုစည်းမှုကိုကိုယ်စားပြုကာမြန်မာနိုင်င်ငံတဝှမ်းအပစ်ခတ်ရပ်စဲရေး လုပ်ရန်ကချင်လွတ်မြောက်ရေးအဖွဲ့ကတောင်းဆိုထားချိန်တွင်နေပြည်တော်ကကချင်ပြည်နယ်တခုတည်း အတွက်သာဆွေးနွေးလိုကြောင်းအီးမေလ်းဖြင့်တနင်္လာနေ့ညတွင်အကြောင်းပြန်လိုက်သည်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့ဝင်ဖြစ်သည့်ကေအိုင်အိုကတနိုင်ငံလုံး အတိုင်းအတာအပစ်ခတ်ရပ်ဆိုင်းရေးကိုဗဟိုအစိုးရဘက်မှသဘောတူပါကအပစ်ခတ်ရပ်ဆိုင်းသွားမည်ဟုဇူလိုင် ၈ရက်နေ့ကတင်ပြခဲ့သည့်အပေါ်အာဏာရကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၏တုံ့ပြန်ချက်တွင်ကချင်ပြည်နယ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးရေးအတွက်သာဇောင်းပေး ထားသည်ဟုကေအိုင်အိုပြောရေးဆိုခွင့်ရှိသူဦးလနန်ကပြောသည်။
     ကင်းလှည့်နေသောကချင်စစ်သားများကိုတွေ့ရစဉ်(ဓါတ်ပုံ::http://jinghpawkasa.blogspot.com/)
“သူတို့ပြောတာကကချင်ပြည်နယ်ကိုအရင်ရပ်ပြီးစံနမူနာယူပြီးတော့တခြားနေရာတွေရပ်မယ်ဆိုတာကအာမခံ ချက်မရှိတဲ့အလုပ်ဘဲ”ဟုဦးလနန်ကဆိုသည်။
ညီညွတ်သောတိုင်းရင်သားလူမျိုးများဖက်ဒရယ်ကောင်စီ-UNFCတွင်ကရင်အမျိုးသားအစည်းအရုံး၊မွန်ပြည် သစ်ပါတီ၊ချင်းအမျိုးသားတပ်ဦး၊ကချင်လွတ်မြောက်ရေးအဖွဲ့၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့်ရှမ်း ပြည်တိုးတက်ရေးပါတီတို့ပါဝင်သည်။
နေပြည်တော်မှလာသောသတင်းများအရကချင်ဒေသတိုက်ပွဲများ အပါအဝင် ရှမ်း၊ ကရင်ဒေသ စစ်ပွဲများ
အကြောင်းအစိုးရအဖွဲ့ဝင်များနှင့် အရာရှိကြီးများအကြား ပြောဆို ဆွေးနွေးခြင်းလုံးဝမရှိဟုဆိုသည်။
အစိုးရသစ်အနေဖြင့်KIOကိုတိုက်ခိုက်ရန်မှာလွယ်ကူသော်လည်းနိုင်ငံရေးအရဆုံးရှုံးမည်ကိုစိုးရိမ်သဖြင့်သာ
ဆွေးနွေးနေရခြင်း ဖြစ်သည်ဟုလည်း အစိုးရ သတင်းရပ်ကွက် တခုက ပြောသည်။
အပစ်အခတ်ရပ်ဆိုင်းရေးအတွက်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့်စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီUDPKSမှဦးခက်ထိန်နန်၊ကြံ့ဖွံ့ပါတီမှလွှတ်တော်အမတ်ဦးခမိုင်တန်တို့ကတဆင့် ကချင်ပြည်နယ်အတွင်းရှိကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ခေါင်ဆောင်များကိုစည်းရုံးကာKIOနှင့် နားလည်မှုရယူရေးဆောင်ရွက်နေကြသည်ဟုသတင်းများထွက်ပေါ်နေသော်လည်းထိုသတင်းကို ဦးခက်ထိန်နန်မှ ငြင်းဆိုသည်။
                 စစ်ဘေးရှောင်ဒုက္ခသည်များကိုတွေ့ရစဉ်(ဓါတ်ပုံ:: http://jinghpawkasa.blogspot.com/)
“အဲဒါမဟုတ်ဘူးနော်ဦးခမိုင်တန်နဲ့တလောက၃၊၄ခါတော့တွေ့ဖြစ်တယ်။လက်ဆောင်ပစ္စည်းတွေလိုက်ပေး တာလောက်ပဲ”ဟုဦးခက်ထိန်နန်က ဆိုသည်။
ဝိုင်းမော်မြို့နယ်အတွင်းရှိစစ်ပြေးဒုက္ခသည်များကိုအစားအသောက်များလှူဒါန်းရန် အင်္ဂါနေ့တွင်သွားရောက် ကြည့်ရှုနေသည်ဟု ဦးခက်ထိန်နန်က ပြောသည်။
ယင်းတို့ပါတီအနေဖြင့်ဆန်၊ဆီ၊ဆား၊ခြင်ထောင်နှင့်စာအုပ်၊ခဲတံများကိုသွားရောက်လှူဒါန်းခဲ့ရာ ကာလတန်ဖိုး
ကျပ် ၂၅ သိန်းရှိသွားပြီဟု သူက ဆိုသည်။





zaterdag 23 juli 2011

ဦးဝင်းတင်ကိုဒေါ်အောင်ဆန်းစုကြည်အားပေး

မျိုးသိဏ်း စနေနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၁၉ မိနစ် .
(ရန်ကုန်၊မဇ္ဈိမ)။။ရန်ကုန်မြို့အာရှတော်ဝင်ဆေးရုံတွင်တက်ရောက်ဆေးကုသမှုခံယူနေသည့်အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဦးဝင်းတင်ထံသို့အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ယမန်နေ့ညနေ ၅ နာရီအချိန်ကလာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ဇူလိုင်လ၁၆ရက်တည်းကခြေထောက်နာကျင်ကိုက်ခဲမှုဝေဒနာကြောင့်အာရှတော်ဝင်ဆေးရုံတွင်ကုသမှု ခံယူနေခဲ့ရသည့်ဦးဝင်းတင်ကဒေါ်အောင်ဆန်းစုကြည်အနေဖြင့်အလုပ်တာဝန်များပြားနေသည့်ကြားမှ ယခုကဲ့သို့ လာရောက်အားပေးကြည့်ရှုသဖြင့် အားတက်မိသည်ဟု မဇ္ဈိမကို ပြောသည်။
                                     အာရှတော်ဝင်ဆေးရုံတွင်ကုသမှုခံယူနေခဲ့ရသည့်ဦးဝင်းတင်။ဓာတ်ပုံ-မဇ္ဈိမ
"လာကြည့်တဲ့အတွက်တော့အများကြီးအားတက်တာပေါ့။အားတက်တယ်ဆိုတာကအလုပ်အလွန်များတဲ့ အနေအထားမှာကနေပြီးတော့အခုလိုကျန်းမာရေးအတွက်လာပြီးအားပေးတယ်ဆိုတာကတော့ တို့ဆိုတာကတော့အားတက်တာပေါ့။သို့သော်တခုရှိတာကသူ့အတွက်လဲနိုင်ငံရေးလုပ်ငန်းတွေက၊ အလုပ်တွေကအများကြီးရှိတဲ့အခါကြတော့အဲ့တာတွေအတွက်လဲအနှောင့်အယှက်မဖြစ်စေချင်ဘူး။တို့က သူ့ကိုအကူအညီသာပေးချင်တယ်အနှောင့်အယှက်တော့ဘာမှမဖြစ်စေချင်ဘူး။သူ့အတွက်လဲ အဟန့်အတား အပိတ်အဆို့ မဖြစ်စေချင်ဘူး" ဟု ဦးဝင်းတင်ကပြောသည်။
ဦးဝင်းတင်အားမိနစ်နှစ်ဆယ်ခန့်စကားပြောဆိုအားပေးခဲ့ပြီးနောက်ဒေါ်အောင်ဆန်းစုကြည်သည် ဦးဝင်းတင်အားကုသပေးနေသည့်ဆရာဝန်ကြီးနှင့်လည်းတွေ့ဆုံခဲ့ကြောင်းသိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ဇူလိုင်လ၁၉ရက်ကပြုလုပ်ခဲ့သည့်၆၄နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ဆေးရုံမှခေတ္တခွင့်ပန်ကာသွားရောက်ခဲ့သူဦးဝင်းတင်သည် ခြေထောက်နာကျင်ကိုက်ခဲမှုဝေဒနာအတွက်ခါးရိုးအတွင်းသို့ဆေးထိုးသွင်းကုသနေရဆဲဖြစ်ပြီးနောက်ထပ် ၅ရက်၆ရက်ခန့် ဆေးရုံတွင် ဆက်လက် ကုသမှုခံယူရဦးမည်ဟု သိရသည်။
အသက်အရွယ်အရကျန်းမာရေးပြဿနာမှာရှောင်လွှဲမရနိုင်သည့်အနေအထားဖြစ်သော်လည်း ဒီမိုကရေစီရေးလှုပ်ရှားမှုများအတွက်အဟန့်အတားဟုမထင်ကြောင်းနိုင်ငံရေးသမား ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က မဇ္ဈိမကိုပြောသည်။
"ကျန်းမာရေးနဲ့ပတ်သတ်တဲ့ချို့ယွင်းချက်ကတော့တို့မှာတော့ပေါ်နေပြီ။အသက်ကလဲ၈၂နှစ်ဆိုတော့ ရှောင်လွှဲလို့လဲမရတော့ဘူး။ဒီဟာကပေါ်ကိုနေတော့တာ။အဲ့တော့အခုဒီကျန်းမာရေးကိစ္စ ပေါ်လာတဲ့အတွက်တော့ဒီမိုကရေစီရေးလှုပ်ရှားမှုလုပ်ငန်းတွေအတွက်ဘာမှထူးထူးခြားခြားအဟန့်အတား အနှောက်အယှက်ဖြစ်တယ်လို့မယူဆတော့ပါဘူး။ဘာလို့လဲဆိုတော့ရှေ့လျှောက်လဲဒါတွေ ဖြစ်နေတော့မှာပဲအသက်အရွယ်ကိုလိုက်လို့လေ။အဲ့တော့ဒီဟာအတွက်အရေးမကြီးတော့ဘူးလို့တို့က ယူဆပါတယ်"
ယခုကဲ့သို့ကျန်းမာရေးချို့တဲ့သည့်အနေအထားအပေါ်စိတ်ပူပန်ခြင်းမရှိစေလိုကြောင်း၊ လူတဦးတယောက်အနေဖြင့်အို၊နာ၊သေကိစ္စများရှောင်လွှဲမရသော်လည်းဒီမိုကရေစီရေး ကြိုးပမ်းမှုများတွင်မူမည်သည့်အကြောင်းနှင့်မှအားထုတ်မှုလျော့မသွားရန်လိုကြောင်းသူ့အား စိုးရိမ်ပူပန်နေသူများနှင့်မိတ်ဆွေများအားဦးဝင်းတင်ကမဇ္ဈိမမေးမြန်းခန်းတွင်ဖြည့်စွက် ပြောဆိုသွားခဲ့သည်။



vrijdag 22 juli 2011

နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်ဟီလာရီကလင်တန်တောင်းဆို

ဧရာဝတီ Friday, 22 July 2011 17:53
.မြန်မာနိုင်ငံတွင်အတိုက်အခံများနှင့်တွေ့ဆုံဆွေးနွေးခြင်းနှင့်နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းမရှိလျှင်နိုင်ငံတကာအသိုင်းအ၀ိုင်း၏ယုံကြည်မှုဆုံးရှုံးနေမည်ဟုအမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ယနေ့ ပြောကြားလိုက်သည်။
“ကျမတို့အလေးအနက်ထားတာကအကျဉ်းထောင်တွေထဲမှာဆိုးဆိုးရွားရွားခံစားနေရတဲ့နိုင်ငံရေးအကျဉ်းသား ၂၀၀၀ကျော်ကိုခြွင်းချက်မရှိအစိုးရကလွှတ်ပေးဖို့ပဲ”ဟုဟီလာရီကလင်တန်ကအင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ-အမေရိကန် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွင် ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့်လူနည်းစုတိုင်းရင်းသားများ၊နိုင်ငံရေးအတိုက်အခံများနှင့်အဓိပ္ပာယ်ရှိပြီးအားလုံးပါဝင်သည့်တွေ့ဆုံဆွေးနွေးရေးကိုအကောင်အထည်ဖော်သင့်ကြောင်းလည်းဟီလာရီကလင်တန်က ပြောသည်။
ဟီလာရီကလင်တန်ကစစ်လက်နက်ထိမ်းချုပ်ရေးနှင့်ပတ်သက်ပြီးစိုးရိမ်မှုမြင့်မားလာကြောင်းလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
ယမန်နှစ်ကဒုံးကျည်ထိပ်ဖူးများ၊စစ်လက်နက်ခဲယမ်းများတင်ဆောင်လာသည်ဟုယူဆရသည့် မြောက်ကိုးရီးယားသင်္ဘောမြန်မာနိုင်ငံသို့ဦးတည်ခုတ်မောင်းလာသည်ကိုတားဆီးခဲ့သည်ဟုအမေရိကန် အရာရှိများက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍မြန်မာနိုင်ငံကအနုမြူလက်နက်ပိုင်ဆိုင်လိုသည့်ရည်ရွယ်ချက်ရှိသည်ဟု စိုးရိမ်ဖွယ်များ တိုးလာစေခဲ့သည်။
နျူကလီးယားမပြန့်ပွားရေးနှင့်ပတ်သက်ပြီးစိုးရိမ်မကင်းဖြစ်ခြင်းခံနေရသည့်မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်များကိုလေးစားလိုက်နာရန်ဟီလာရီကလင်တန်က သတိပေးသည်။
“နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ယုံကြည်မှုနဲ့မြန်မာနိုင်ငံသားတွေရဲ့ယုံကြည်မှုပြန်ရဖို့ကိုသူတို့လှမ်းမလား၊ တလျှောက်လုံး သွားနေတဲ့ လမ်းဟောင်းပဲ ဆက်လျှောက်မလား၊ ရွေးချယ်စရာက ရှင်းပါတယ်”ဟု ဟီလာရီ ကလင်တန်က ပြောသည်။
ယမန်နှစ်ကရွေးကောက်ပွဲကျင်းပခဲ့ပြီးစစ်အုပ်ချုပ်ရေးမှအရပ်သားအစိုးရသို့အာဏာလွှဲပြောင်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်အကျယ်ချုပ်မှပြန်လွှတ်ပေးခဲ့ခြင်းများရှိသော်လည်း ဟန်ပြပြောင်းလဲခြင်းသာဖြစ်ပြီးစစ်တပ်မှအာဏာကိုတဖက်လှည့်နှင့်ထိမ်းချုပ်ထားဆဲဟုအများက ယုံကြည်နေကြသည်။
ယခုဆွေးနွေးနေဆဲဖြစ်သည့်မြန်မာကို၂၀၁၄ခုနှစ်အတွက်အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူးပေးရေး မဖြစ်သင့်ကြောင်းကိုလည်း ဟီလာရီ ကလင်တန်က အရိပ်အမြွက် ထည့်သွင်းပြောဆိုခဲ့သည်။
“အာဆီယံအဖွဲ့ဝင်တွေဟာဒေသတွင်းမှာဦးဆောင်နိုင်တဲ့နိုင်ငံ၊အဖွဲ့အစည်းတွေရဲ့ယုံကြည်မူရှိတဲ့၊ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ ဥက္ကဋ္ဌ နိုင်ငံကို ရွေးချယ်နိုင်မယ်လို့ ကျမတို့ ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။
အမေရိကန်သမ္မတအိုဘားမားအစိုးရသည်မြန်မာနိုင်ငံတွင်အခြေအနေတိုးတက်လာစေရန် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်ခဲ့သော်လည်း သိသာမြင်သာသည့် တိုးတက်ပြောင်းလဲခြင်း မရှိပေ။
ဘာလီကျွန်းဆွေးနွေးပွဲမတိုင်မီဇူလိုင်လ၂၀ရက်နေ့တွင်မြန်မာနိုင်ငံအတွင်းကလေးစစ်သားကိစ္စ၊ အဓမ္မ အလုပ်ခိုင်းစေမှု၊မတရားဖမ်းဆီးနှိပ်စက်ထောင်ချခြင်းများ၊စစ်တပ်ကလက်နက်တခုသဖွယ် အမျိုးသမီးများအားမုဒိန်းပြုကျင့်သည့်ကိစ္စများအပါအ၀င်ပြည်သူများ၏အခွင့်အရေးများကိုကျူးလွန် ချိုးဖောက်နေခြင်းများအတွက် အမေရိကန် အောက်လွှတ်တော်ကမြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းကို နောက်ထပ် တနှစ်တိုးခဲ့သည်။

ကချင်ဒေသတွင်စစ်ရေးအရှိန်မြှင့်

သန်းထိုက်ဦး Friday, 22 July 2011 18:31
.အစိုးရတပ်များစစ်အင်အားတိုးချဲ့နေစဉ်တွင်ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်းရှိပူမွေခချောင်းကူး တံတားကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်ဖွဲ့ဝင်များကဇူလိုင်၂၀ရက်နေ့တွင် ဗုံးခွဲဖျက်ဆီးလိုက်သည်။
ဝိုင်းမော်မြို့နယ်အတွင်းရှိဂါးယာယန်ကျေးရွာနှင့်ကဇူးကျေးရွာကြားဆက်သွယ်ထားသည့်ပေ၆၀ခန့် အရှည်ရှိသော သံကူကွန်ကရစ် တံတားကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဌာနချုပ်လိုင်ဇာဒေသသို့အစိုးရတပ်များရောက်မလာနိုင်အောင် ရည်ရွယ်ဖောက်ခွဲခြင်းဖြစ်ကြောင်း၊ယခုရက်ပိုင်းအတွင်းမြစ်ကြီးနားမြို့နှင့်တခြားသောမြို့များတွင် အစိုးရတပ်များကစစ်ရေးလှုပ်ရှားမှုများပိုလုပ်လာကြောင်းKIOတွဲဖက်အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။
အစိုးရတပ်များသည်စစ်အကူအဖြစ်စစ်သင်္ဘောသုံးစင်းခန့် ဗန်းမော်မြို့သို့ ရောက်ရှိလာကြောင်း၊ သံချပ်ကာ ကားများ မိုးမောက်မြို့နယ်ဘက်သို့ ဦးတည်သွားနေကြောင်း ၎င်းက ပြောသည်။
တခြားဒေသများတွင်KIA၏လှုပ်ရှားမှုနှင့်ပတ်သက်၍ဦးလနန်က“ကျန်တဲ့နေရာတွေမှာလည်း အသေးဖွဲလေးတွေလုပ်တယ်လို့ကြားတယ်။ဒါပေမယ့်ဘယ်နေရာမှာဆိုတာအတိအကျမသိ ရသေးဘူး။ တံတား တစင်း နှစ်စင်းတော့ ဖြစ်ပါလိမ့်မယ်” ဟု ဆက်ပြောသည်။
ဇွန်၉ရက်နေ့မှစတင်၍မိုးမောက်မြို့နယ်ရှိKIAတပ်မဟာ(၃)လက်အောက်ခံတပ်ရင်း(၁၅)နှင့် အစိုးရတပ်များအကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ယနေ့အထိ တံတား အစင်းပေါင်းခန့်မှန်ခြေ၃၀နီးပါးခန့် KIA က ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယမန်နေ့ညနေကမြန်မာအစိုးရခြေလျင်တပ်ရင်း(၁၄၂)တပ်ဖွဲ့ဝင်များကလိုင်ဇာဒေသရှိတပ်မဟာ(၅) လက်အောက်ခံတပ်ရင်း(၂၄)ကို၈၁မမလက်နက်အမျိုးအစားနှင့်အလုံး၂၀ခန့်လှမ်းပစ်ခဲ့ကြောင်း သိရှိရသည်။
စစ်အစိုးရသည်မိုးမောက်မြို့နယ်အတွင်းရှိတာပိန်ရေအားလျှပ်စစ်စီမံကိန်းအနီးရှိKIAတပ်များအား လုံခြုံရေးအရစိတ်မချရဟုအကြောင်းပြကာ ထွက်ခွာရန် ပြောဆိုခဲ့ပြီးKIAဘက်ကလည်း ကချင်ဒေသတွင်းရှိ အစိုးရတပ်များအားထွက်ခွာရန်ပြန်လည်တောင်းဆိုကြရာမှမပြေလည်ဘဲတင်းမာမှုများစတင်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲများဖြစ်ပွားမှုကြောင့်လိုင်ဇာမြို့၊မိုးမောက်မြို့စသည့်ဒေသများတွင်စစ်ပြေးဒုက္ခသည်၁၆၀၀၀ခန့် ရှိနေပြီး အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
ဒုက္ခသည်များကိုKIAအပါအ၀င်ဒေသခံဘုရားကျောင်းတချို့နှင့်အဖွဲ့အစည်းတချို့တို့က ကူညီနေသော်လည်း လုံလောက်မှု မရှိဟု ဆိုသည်။
ကချင်စစ်ပြေးဒုက္ခသည်များကိုတရုတ်နိုင်ငံယူနန်ပြည်နယ်ရှိအာဏာပိုင်တချို့ကလည်းဆေးဝါးများ ကူညီထောက်ပံ့ပေးခဲ့ကြောင်းကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌဆလန်ကဘာဒွဲပီဆာအားကိုးကား၍ ကချင်သတင်းဌာန (KNG) အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။
၁၉၆၁ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည့်KIAသည်၁၉၉၄ တွင်အစိုးရနှင့်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။
အပစ်ရပ်ပြီးနောက်ပိုင်းကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်အတွင်းရှိKIAထိန်းချုပ်သည့်ဒေသများတွင် ပဋိပက္ခတချို့ဖြစ်ပွားခဲ့သော်လည်းငြိမ်းချမ်းရေးသဘောတူညီချက်ကို၁၇နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။

အကျယ်ချုပ်ကျဦးခင်ညွန့်၏နောက်ဆုံးအခြေအနေ

ဧရာဝတီ Friday, 22 July 2011 16:45
.ဆိုင်းငံ့ပြစ်ဒဏ်နှင့်နေအိမ်အကျယ်ချုပ်ကျနေသော စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း၊ ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်ကစားဝတ်နေရေးအခက်အခဲကြောင့်ဇနီးနှင့်သမီးအားစီးပွားလုပ်ကိုင်နိုင်ရေး လွတ်လပ်စွာသွားလာခွင့်ပြုရန်မေတ္တာရပ်ခံခဲ့ကြောင်းနေပြည်တော်နှင့်နီးစပ်သည့်အသိုင်းအ၀န်းမှ သိရသည်။
နိုင်ငံတော်အကြီးအကဲများအနေဖြင့်၎င်းအားတချိန်ကလုပ်ဖော်ကိုင်ဖက်၊ရဲဘော်ရဲဘက် တယောက်အနေဖြင့်သဘောထားကာလက်ရှိစားဝတ်နေရေးအခက်အခဲကိုစဉ်းစားပေးစေလိုကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှတဆင့် ဦးခင်ညွန့်က မေတ္တာရပ်ခံခြင်း ဖြစ်သည်။
အသက်၇၀နှစ်ရှိပြီဖြစ်သောဦးခင်ညွန့်သည်မိသားစုစားဝတ်နေရေးနှင့်မြေးများ၏ပညာသင်စရိတ်အတွက် သစ်ခွပန်းတနိုင်တပိုင်စိုက်ပျိုးကာဗိုလ်ချုပ်အောင်ဆန်းဈေးသို့သွင်းပြီးဖြေရှင်းနေရကြောင်း၊ထို့ကြောင့် ဇနီးဖြစ်သူဒေါက်တာဒေါ်ခင်ဝင်းရွှေနှင့်သမီးဖြစ်သူမသင်းမြတ်မြတ်ဝင်းတို့အားလွတ်လပ်စွာ စီးပွားရှာခွင့်ပြုရန် မေတ္တာရပ်ခံခြင်း ဖြစ်ကြောင်း သိရသည်။
ဦးခင်ညွန့်ကမိမိမှာကျန်းမာရေးလည်းချို့ယွင်းနေပြီးဘာသာရေးလုပ်ရင်းနှင့်ဘ၀နေ၀င်ချိန်ကို ဖြတ်ကျော်နေရကြောင်း၊ဇနီးဖြစ်သူမှာလည်းကျောက်တန်းမြို့တွင်နေထိုင်သည့်၎င်း၏အသက်၉၅ နှစ်အရွယ် မိခင်ကြီးကို ပြုစုစောင့်ရှောက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
သားနှစ်ဦးဖြစ်သည့်ဒုဗိုလ်မှူးကြီးဇော်နိုင်ဦး၊ဒေါက်တာရဲနိုင်ဝင်းနှင့်သားမက်ဖြစ်သူဦးတင်ထွဋ်တို့မှာလည်း ယခုအချိန်အထိ ထောင်ဒဏ်ကျခံနေရဆဲဖြစ်ပြီး ၎င်းတို့ သုံးဦးအတွက်ပါ သက်ညှာစွာ စဉ်းစားပေးရန်လည်း တင်ပြထားသည်။
ဦးခင်ညွန့်မိသားစု၏လက်ရှိကျန်းမာရေး၊စီးပွားရေးအခြေအနေနှင့်ပတ်သက်၍ယောက်ဖတော်စပ်ပြီး အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ၏ခေါင်းဆောင်တဦးဖြစ်သည့်ဒေါက်တာသန်းငြိမ်းကိုဧရာဝတီကဆက်သွယ်မေးမြန်းရာ၎င်းအနေဖြင့်နိုင်ငံရေးနယ်ပယ်တွင်ရောက်ရှိနေသည့်အတွက်မသိရှိကြောင်း၊ သို့သော် နှမဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေမှာ သစ်ခွပန်းစိုက်ပျိုးရာတွင်ဝါသနာပါကြောင်းပြောသည်။
ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလအတွင်းကလည်းဦးခင်ညွန့်နှင့်ပတ်သက်သည့်ဗီဒီယိုမှတ်တမ်းတခု ထွက်ပေါ်လာရာထိုမှတ်တမ်းထဲ၌ရဲချုပ်ဟောင်းဦးခင်ရီကတခြားတနေရာသို့ပြောင်းရွေ့ရန်ညအချိန်တွင် လာရောက်ခေါ်ခြင်းဖြစ်ပြီး၊ဦးခင်ညွန့်ကပထမပိုင်းတွင်စိတ်ဆိုးဒေါသထွက်နေသည့်ပုံသဏ္ဍန်ရှိသော်လည်း နောက်ပိုင်းတွင် စိတ်ကိုလျှော့ကာ စကားလက်ခံပြောဆိုနေသည်ကိုလည်း မြင်တွေ့ရသည်။
ထိုဗီဒီယိုမှတ်တမ်းတွင်ဦးခင်ညွန့်ကစီးပွားရေးလုပ်ငန်းလုပ်ကိုင်ခွင့်မရှိသဖြင့်ဝင်ငွေမရှိကြောင်း၊မြေးများမှာ ကျောင်းနေရန်ပင်အခက်အခဲရှိကြောင်း၊ပိုက်ဆံမရှိသဖြင့်အိမ်၏ဧည်ခန်းမီးပျက်နေသည်ကိုပင် မပြင်နိုင်သေးကြောင်း ပြောဆိုသည်ကိုလည်း တွေ့ရသည်။
ဦးခင်ညွန့်ကို၂၀၀၄ခုနှစ်အောက်တိုဘာ၁၈ရက်နေ့ကအဂတိလိုက်စားမှုအကြောင်းပြချက်ဖြင့် တရားစွဲဆိုကာ ဆိုင်ငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်ချမှတ်ပြီး နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။
မကြာသေးမီကလည်းဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်၏ထောင်ကျနေသည့်ထောက်လှမ်းရေးအဖွဲ့ဝင် အရာရှိကြီးတချို့ ပြန်လည်လွတ်မြောက်လာသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
မင်္ဂလာမြန်မာ NGOအဖွဲ့မှ ဒေါက်တာဖုန်းဝင်းကဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးတို့အကြားကြီးမားသောပြဿနာမရှိနိုင်ကြောင်း၊ထောက်လှမ်းရေးအဖွဲ့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းမှာလည်းတချို့သောစစ်တပ်ခေါင်းဆောင်များနှင့်ထောက်လှမ်းရေး အရာရှိများအကြားဖြစ်ပွားခဲ့သည့်ပြဿနာသာဖြစ်၍ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်မှာမကြာခင် ပြန်လည်လွတ်မြောက်လာနိုင်ကြောင်း ပြောသည်။
နေပြည်တော်သတင်းရပ်ကွက်၏ အဆိုအရလည်း ဦးခင်ညွန့်နှင့် မိသားစုကို မကြာမီ လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ဦးသိန်းစိန်အစိုးရ မတက်မီ မတ်လအတွင်းက ဦးခင်ညွန့်အား လွှတ်ပေးရန် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက အကြံပြုဆွေးနွေးခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပယ်ချခဲ့သည်ဟု သိရသည်။