မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 28 december 2010

ဒေါ်အောင်ဆန်းစုကြည်နှင့်လူငယ်၃၀၀ကျော်တွေ့ဆုံ

ဧရာဝတီ Tuesday, 28 December 2010 18:43
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်နယ်ပယ်အသီးသီးမှလူငယ်၃၀၀ကျော်တို့ယနေ့ တွေ့ဆုံကြရာလူငယ်၅၂ဦးက၎င်းတို့ကြုံတွေ့နေရသောပညာရေး၊စီးပွားရေး၊နိုင်ငံရေး၊လူမှုရေးနှင့် ဘာသာရေး အခက်အခဲများကို တင်ပြဆွေးနွေး ခဲ့ကြသည်။

NLDအဖွဲ့ချုပ်ရုံး၌ယနေ့လူငယ်များနှင့်တွေ့ဆုံရာတွင်ဒေါ်အောင်ဆန်းစုကြည်ကလူငယ်များ၏ မေးခွန်းများကို ဖြေကြားနေစဉ်(ဓာတ်ပုံ-ဧရာဝတီ)
“အကြောင်းအရာက တော်တော်စုံတယ်။ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေက တက္ကသိုလ်တွေမှာ ပညာရေးနဲ့ ပတ်သက်ပြီး မပြည့်စုံတဲ့ အကြောင်း၊ ပညာရေးစနစ် ချို့ယွင်း နေတဲ့အကြောင်း၊ ကျန်းမာရေးဝန်ထမ်း လူငယ်တွေနဲ့ တရားရုံးမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေက သူတို့အခက်အခဲတွေနဲ့ နိုင်ငံရေး စနစ် ပြောင်းလဲဖို့ လိုအပ်တဲ့ အကြောင်းတွေကို တော်တော် ပြည့်ပြည့်စုံစုံ တင်ပြတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်း ထုတ်ကြတယ်”ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သော လူငယ်တဦးက ဆိုသည်။
လူမှုရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လူငယ်အဖွဲ့အစည်းများ၊ ကျောင်းသားလူငယ်များ၊ ပြည်တွင်း သတင်းမီဒီယာများမှ လူငယ်များ၊ နိုင်ငံ့ ၀န်ထမ်း လူငယ်များ၊ ဥပဒေပညာရှင်လူငယ်များ၊ ကျန်းမာရေးဝန်ထမ်း လူငယ်များ၊ အခြေခံ လုပ်သား လူငယ်များ အပါအ၀င် ၃၀၀ ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး လူမှုကွန်ရက်တခုကို ထူထောင် သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
အဆိုပါ ကွန်ရက်သည် ဆင်းရဲကျပ်တည်းလျက် ရှိသော မြန်မာနိုင်ငံတွင် ပညာရေး၊ လူမှုရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် လူငယ် အဖွဲ့အစည်းများ ချိတ်ဆက်ထားသည့် လူမှုကွန်ရက် တခုဖြစ်ကြောင်း သိရသည်။
“အခုဆွေးနွေးပွဲပြီးတာနဲ့ ကိုယ့်အဖွဲ့အစည်းနဲ့ ဘယ်လို ဆက်သွယ်ရမလဲဆိုတာ စာရင်း ပေးသွင်းပါ။ လက်တွေ့ကျကျ စပြီး အလုပ်လုပ်မယ်။ နောက် တလ၊ ခြောက်ပတ်လောက် အကြာ ဒီလုပ်ငန်းတွေ ဘယ်လောက်ထိရောက်သလဲ ဆိုတာ သုံးသပ်ဖို့ပြန်တွေ့ကြမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် လူငယ်များ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို “အမေ”ဟု ခေါ်ဝေါ် ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်က လူငယ်များနှင့် ထမင်းလက်ဆုံ စားခဲ့သည်။
တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် မီဒီယာသမား လူငယ်များက ဒေါ်အောင်ဆန်းစုကြည် ထူထောင်မည့် လူမှု ကွန်ရက်တွင် မြန်မာ သတင်းသမားများ ကွန်ရက်ဟူသော အမည်ဖြင့် လူမှုရေး၊ ပညာရေးနှင့် အီးမေးလ်၊ အင်တာနက် အပါအဝင် IT နည်းပညာများ ကူညီရန် အဆိုပြုသည်ဟု သိရှိရသည်။
“ဒီကွန်ရက်ကနေလူမှုရေးလုပ်ငန်းတွေ၊အင်္ဂလိပ်စာသင်တန်း၊ကွန်ပျူတာသင်တန်းတွေအားလုံးစုပေါင်းလုပ်ကြမယ်။
ဒေါ်အောင်ဆန်းစုကြည်ပြောတာကမြန်မာလူငယ်တွေအဆင့်မြင့်ပညာရေးတွေ သင်ယူနိုင်ဖို့ အစီအစဉ်တွေ လုပ်သွားမယ်တဲ့။ အားတက်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း တော်တော်အားရတယ်။ တော်တော် အောင်မြင်တဲ့တွေ့ဆုံပွဲပါ”ဟုဆွေးနွေးပွဲတက်ရောက်သူတက္ကသိုလ်ကျောင်းသားလူငယ်တဦးက ပြောသည်။
လူငယ်များက ဒုတိယပင်လုံ ညီလာခံကိစ္စ၊ တိုင်းရင်းသားအရေး၊ NLD ရှေ့ဆက် ရပ်တည်ရေးကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲကိစ္စ ဆိုင်ရာများကိုလည်း မေးမြန်းခဲ့ကြပြီး ဒေါ်အောင်ဆန်း စုကြည်က လူငယ်များ၏ မေးခွန်းများအားလုံးကို ပြန်လည်ဖြေကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ရာ NLDကို အတိုက်အခံ အင်အားစုအဖြစ် မြန်မာ့ နိုင်ငံရေးတွင်၏ ပါဝင်ခွင့် ပေးရမည်ဆိုသော တောင်းဆိုချက်နှင့် ပတ်သက်ပြီး လူငယ်တဦးက မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကNLDကို အသိအမှတ်ပြုတာ ကြိုဆိုရမှာပါ။ မြန်မာ့ဒီမိုကရေစီအရေးမှာ အာဆီယံထောက်ခံမှုက အရေးကြီးပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံတွင်အလုပ်ရှင်ကအလုပ်သမားများအပေါ်ဖိနှိပ်သော ကိစ္စရပ်များ အတွက် ကမ္ဘာ့အလုပ်သမားအဖွဲ့(ILO)နှင့်NLDမှဥပဒေပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လူငယ် ဥပဒေ ပညာရှင်များအား ဥပဒေ ဆိုင်ရာ သင်တန်းများ ပေးသွားရန်ရှိကြောင်း၊ အဆိုပါ လူငယ် ဥပဒေ ပညာရှင်များအနေနှင့် NLD ဥပေဒပြု အဖွဲ့တွင် ပါဝင်ကြရန် ဖိတ်ကြားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က လူမှုရေးနှင့် နိုင်ငံရေးသည် ခွဲခြားမရဘဲ ဒွန်တွဲနေကြောင်း၊ ပြည်သူလူထု၏ လိုအပ်ချက်များကို လူမှုရေးအရ ဖြည့်ဆည်းပေးခြင်းဖြင့် ပြည်သူလူထု၏ ချစ်ခင်မှုကို ရရှိနိုင်ကြောင်း ရှင်းပြသည်။
အစိုးရသည် NLDကို မတရားအသင်းအဖြစ် မကြေညာနိုင်ကြောင်း၊ မှတ်ပုံမတင်သော နိုင်ငံရေးပါတီ တရပ်အဖြစ်သာ ပြောဆိုနိုင်ကြောင်း၊ ပြည်သူလူထု ရပ်တည်နေသမျှ ကာလပတ်လုံး NLDဆက်လက် ရပ်တည်နေမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က NLD ဆက်လက်ရပ်တည်ရေးနှင့် ပတ်သက်သည့် လူငယ်များ၏ မေးမြန်းချက်ကို ဖြေကြားသည်။
ဒုတိယပင်လုံညီလာခံ ကိစ္စကို အလွန်ကြောက်မက်ဖွယ်ကောင်းသော ခြိမ်းခြောက်မှု၊ နိုင်ငံရေးအားစမ်းမှု အဖြစ် ရှုမြင်မှုများရှိကြောင်း၊ အဆိုပါ သုံးသပ်ချက်များသည် လုံးဝ မှန်ကန်မှုမရှိကြောင်း၊ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွင် တိုင်းရင်းသား စည်းလုံညီညွတ်ရေးအတွက် ခေတ်နှင့်လျော်ညီသော ပင်လုံညီလာခံတခု မဖြစ်မနေလိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်တွေ့ဆုံပွဲသို့ လာရောက်သော လူငယ်များကို စစ်အစိုးရ အာဏာပိုင်များက ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းတင်ခြင်းမှအပ တစုံတရာ အနှောင့်အယှက် မပေးခဲ့ပေ။

“ဝ”ညီလာခံအစိုးရသစ်နှင့်ဆက်ဆံရေးဆုံးဖြတ်ချက်များချမှတ်

စိုင်းဇွမ်ဆိုင်း Tuesday, 28 December 2010 17:58
.“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှဦးစီး၍ ၁၀ ရက်ကြာ ကျင်းပနေသည့် ညီလာခံတွင် ဝ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင်လာမည့်အစိုးရသစ်နှင့်ဆက်ဆံရေးကိစ္စများအပေါ်ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း သိရှိရသည်။
                                                                                                    UWSAတပ်ဖွဲ့ဝင်များ
ညီလာခံတက်ရောက်ခဲ့သည့်အမည်မဖော်လိုသူဝတပ်မှူးတဦးက ၎င်းတို့ ကျင်းပနေသည့် ညီလာခံမှတဆင့် ဝပြည်ဖွံ့ဖြိုးတိုးတက်မှုအပေါ်အဓိကထားဆွေးနွေးခဲ့ကြောင်း၊“ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်သည် မည်သို့သော အကြောင်းပြချက်နှင့်မှ လက်နက်ချမည်မဟုတ်ဟုလည်း ဆုံးဖြတ်ခဲ့ကြောင်း ပြောဆိုသည်။
အဆိုပါ ဝ တပ်မှူးက“ရွေးကောက်ပွဲ ပြီးသွားပြီဆိုတော့ အစိုးရအသစ်တဖွဲ့ ပေါ်လာမယ်၊ အများက သိပြီးတဲ့အတိုင်း အစိုးရ အသစ်ဆိုတာလည်း အခုလက်ရှိ အစိုးရအဖွဲ့ပဲ ဖြစ်နေဦးမှာပဲ။ ဒါပေမယ့် ကျနော်တို့ကတော့ ဘယ်သူပဲ တက်တက် ဆက်ပြီး တွေ့ဆုံဆွေးနွေးသွားမယ့် မူဝါဒကို လက်ကိုင်ထားမယ်၊ ပြည်ထောင်စုကနေလည်း ခွဲထွက်ဖို့ အဆိုပြုမှာ မဟုတ်ဘူး”ဟု ဧရာဝတီ သို့ ပြောသည်။
ယခုလ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိ မိုင်းမောမြို့နယ်၌ ကျင်းပနေသည့် ညီလာခံမှတဆင့် ဆုံးဖြတ်ချက် ၆ ချက်ကို ချမှတ်ခဲ့ကြောင်းလည်း သိရှိရသည်။ UWSP သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ငြင်းဆန်ထားသည့် “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖြစ်သည်။
UWSP၏ဒုဥက္ကဋ္ဌရှောက်မင်လျံကညီလာခံကို ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌဖြစ်သူ ဦးပေါက်ယူချန်းမှာ ညီလာခံ သို့ တက်ရောက်နိုင်ခြင်း မရှိကြောင်းလည်း သိရှိရသည်။
ညီလာခံမှတဆင့် ချမှတ်ခဲ့သည့် အချက် ၆ ချက်မှာ “ဝ”တပ်မတော်သည် လက်နက်မချ၊ ပြည်ထောင်စုမှ ခွဲထွက်မည့် အ ဆို မပြု၊ သီးခြား လွတ်လပ်ရေးတောင်းဆိုမည် မဟုတ်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဆက်လက် တောင်းဆို မည်၊ အစိုးရသစ်နှင့် တွေ့ဆုံဆွေးနွေးရေး မူဝါဒကို ဆက်လက်ကျင့်သုံးမည်၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကို အဓိကထား ဆောင်ရွက်သွားမည်၊ စသည်တို့ဖြစ်ကြောင်း အမည်မဖော်လိုသည့် ဝ တပ်မှူးတဦးက ဆိုသည်။
စစ်အစိုးရ၏ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ရဲမြင့်နှင့် UWSAကိုယ်စားလှယ်တချို့တို့ ပြီးခဲ့သည့် သြဂုတ်လက ရှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့၌နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ဝ ခေါင်းဆောင် ပေါက်ယူချန်းနှင့်လည်း ယခုနှစ် ဖေဖော်ဝါရီလ က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကိစ္စအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဝ တပ်ဖွဲ့၏ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဌာနမှ အရာရှိတဦးကလည်း လာမည့် ၂၀၁၁ တွင် ပြည်သူလူထု လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်လည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တော ထိန်း သိမ်းရေး တို့တွင်လည်းကောင်း ပိုမိုလုပ်ဆောင်သွားမည်ဟု မူဝါဒ ချမှတ်ခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းအရာရှိက“ဦးရှောက်မင်လျံကကျနော်တို့ဌာနတွေအနေနဲ့ပြည်သူလူထုတွေပိုပြီးအဆင်ပြေလာအောင်၊ သူတို့ရဲ့နေထိုင်မှုအဆင့်အတန်းမြှင့်တင်ရေးကိုအဓိကထားလုပ်ကိုင်ဖို့ ပြောဆိုပါတယ်၊ ကျနော်တို့ကလည်း ပြည်သူအတွက်ကို ပဲ အဓိကထား ရှေ့ဆက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဝဒေသတွင်ဘိန်းစိုက်ပျိုးမှုအမြင့်ဆုံးဖြစ်သည်ဟုကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးဌာန(UNODC)မှနောက်ဆုံးထုတ်ပြန်ခဲ့သည့်အစီရင်ခံစာတွင် ပါရှိသည့်အချက်ကိုလည်း အဆိုပါ ဝ သစ်တောအရာရှိက ငြင်းဆိုသွားသည်။
၎င်းက“ကျနော်တို့ဆီမှာ ၂၀၀၅ ခုနှစ်တည်းက ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးတွေ လုပ်ဆောင်ခဲ့တာပဲ၊ အခုဆိုရင် ဘိန်းပင် ကို မြင်ချင်တယ်ဆိုတာတောင် ကျနော်တို့ဆီမှာ မြင်ရမှာမဟုတ်ဘူး။ ဘိန်းစိုက်ပျိုးတဲ့ နေရာတွေဆိုတာကို ကြည့်လိုက်မယ် ဆိုရင် နအဖက အုပ်ချုပ်ထားတဲ့ နေရာတွေမှာပဲ ဖြစ်နေတယ်”ဟု ပြောသည်။
သို့သော်ဝတပ်ဖွဲ့ခေါင်းဆောင်ပေါက်ယူချန်းကိုအမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(DEA)က အလိုရှိနေကြောင်း၊UWSA၏တပ်ဖွဲ့ဝင်အင်အားမှာအနည်းဆုံး၂၅၀၀၀ခန့်ရှိကာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနက် အင်အားအတောင့်တင်းဆုံးတပ်ဖွဲ့ဖြစ်ကြောင်း စစ်ရေးအကဲခတ်များက ပြောဆိုကြသည်။

MYANMARPRESSAWARD2010ဆုပေးပွဲစိစစ်ရေးဖိအားပေး

ရန်ပိုင် Tuesday, 28 December 2010 19:36
.MYANMARPRESSAWARD2010ဟုအမည်ပေးထားသောမြန်မာလူငယ်သတင်းသမားများ ဂုဏ်ပြုဆုပေးပွဲကိုစာပေစိစစ်ရေးမှဖိအားပေးမှုကြောင့်လာမည့်ဇန်န၀ါရီလအတွင်းသို့ ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။
ထိုဆုပေးပွဲရက်ရွှေ့ဆိုင်းရခြင်းမှာစာပေစိစစ်ရေးမှညွန်ကြားရေးမှူးဗိုလ်မှူးတင့်ဆွေ၏ခေါ်ယူ ပြောဆိုမှုကြောင့်ဖြစ်ကြောင်း၊စာပေစိစစ်ရေးအဖွဲ့အနေဖြင့်ယခုကဲ့သို့ ဆုချီးမြှင့်ခြင်းကို ကြိုဆိုပါသော်လည်း မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့၏ခွင့်ပြုချက်ကိုရယူစေလိုကြောင်းဆုရွေးချယ်ရေးအဖွဲ့ကို ခေါ်ယူပြောဆိုခြင်းကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကို စစ်အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် နီးစပ်သော စာနယ်ဇင်း သမားများနှင့်ဖွဲ့စည်းထား ခြင်းဖြစ်ပြီး ပါဝင်သည့် အမှုဆောင်တချို့သည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါ တီ မှ ၀င်ရောက် ယှဉ်ပြိုင် အရွေးခံခဲ့သည်။
ပထမဆုံးအကြိမ် မြန်မာလူငယ် သတင်းစာ ဆရာများကို ပေးအပ်မည့် ယခုဆုကို မူလက ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေး အဖွဲ့တွင် ပါဝင်သည့် စာရေးဆရာ ကျော်ရင်မြင့်ကလည်း ပြောဆိုသည်။
“အခက်အခဲကတော့ ထူးထူးထွေထွေတော့ မဟုတ်ပါဘူး၊ ညှိတဲ့နှိုင်းတဲ့ အစီအစဉ်လေးတွေ မပြီးသေးလိုပါ၊ ပွဲလည်း လုပ်ဖြစ်မှာပါ” ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ ရက်ရွှေ့ရခြင်း အကြောင်းအရင်းတချက်မှာ မိမိတို့ အဖွဲ့မှ ကျင်းပမည့် ရက်သည် အစိုးရမှ နှစ်စဉ်ပေးအပ်နေသည့် အမျိုးသား စာပေ ဆုပေးပွဲနှင့် တိုက်ဆိုင်နေသည့် အတွက်လည်း ဖြစ်သည်ဟု ဆရာကျော်ရင်မြင့်က ပြောသည်။
မြန်မာနိုင်ငံ စာနယ်ဇင်း အခြေအနေကို ကြည့်လျှင် သတင်းလောကရှိ လူငယ်ဂျာနယ်လစ်များမှာ ပိုမိုကြိုး စားအားထုတ်လာသည် ကို လေ့လာတွေ့ရသည့်အတွက် အသိအမှတ်ပြု အားပေးရန် ယခုကဲ့သို့ စုပေါင်းပြီး ဆုတခုဖန်တီးကာ ချီးမြှင့်ပေးခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံအတွင်း ယခုနှစ်တွင် ထုတ်ဝေသည့် ဂျာနယ်များမှ သတင်း၊ ဆောင်းပါး၊ သတင်းဓာတ်ပုံ၊ ကာတွန်းနှင့် သဘာဝ ပတ် ၀န်းကျင်နှင့် ပတ်သက်သည့် သတင်းများ စသည့် ကဏ္ဍများကို ဆု အဖြစ် ပေးအပ်ရန် ရည်ရွယ်သည်ဟုလည်း သိရသည်။
ထိုသို့ ဆုပေးနိုင်ရန် အတွက် စာရေးဆရာ အယ်ဒီတာ ရဲနိုင်မိုး၊ စာရေးဆရာ ကျော်ရင်မြင့်၊ ပန်းချီ ဒီဇိုင်း ဆရာ စိုးဝင်းငြိမ်း၊ ကာတွန်း အော်ပီကျယ်၊ စာရေးဆရာ ညီပုလေး တို့မှ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များ၊ GreenHeartဟု အမည်ပေးထားသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့၊ ဆာတိုရီ ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး အနုပညာအဖွဲ့၊ အောင် ဗမာထီး ရွှေဆိုင်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင် စသည့် လုပ်ငန်းရှင်များက ပံ့ပိုးမှုများပေးသည်ဟု ဆရာကျော်ရင်မြင့်က ရှင်းပြ သည်။
လက်ရှိ မြန်မာ စာပေလောကတွင် ၀တ္တုများနှင့် ပတ်သက်လျှင် အရည်အသွေးကျဆင်းသွားသည်ဟု ထင်မြင်သော်လည်း သတင်း ကဏ္ဍတွင် ပိုမိုတိုးတက်လာသည်ဟု ထင်မြင်ကြောင်း၊ စာစောင်ဂျာနယ်များကို ထုတ်လုပ်ခွင့်ပြုခဲ့သည့်အတွက် လူငယ် စာနယ် ဇင်းသမား ပိုမိုရောက်ရှိလာပြီး ပိုမိုကြိုးစားလာကြောင်းလည်း ဆရာကျော်ရင်မြင့်က ပြောဆိုသည်။

မယ်လဒုက္ခသည်စခန်း၌အတုဟုယူဆရသော၅၀၀၀တန်များဖမ်းမိ

ဧရာဝတီ Tuesday, 28 December 2010 17:34
ထိုင်း-မြန်မာနယ်စပ်မယ်လဒုက္ခသည်စခန်း၌မြန်မာနိုင်ငံသားတဦးထံတွင်ကျပ်ငွေသိန်း၃၀ခန့်ရှိအတုဟု ယူဆ ရသော ၅၀၀၀ တန် ငွေစက္ကူများကို စခန်း အာဏာပိုင်များက ယမန်နေ့က ဖမ်းဆီးလိုက်သည်။
                                           အတုဟုယူဆရသော၅၀၀၀ကျပ်တန်ငွေစက္ကူများ(ဓာတ်ပုံ-ဧရာဝတီ)
“မြ၀တီကလာတဲ့စောဖားဝါးကိုမနေ့ညနေကဖမ်းလိုက်တာ။မြန်မာငွေအတုသိန်း၃၀ကိုစခန်းဈေးထဲမှာရှိတဲ့ ငွေလဲတဲ့ဆိုင်မှာလာလဲတာ၊အတုတွေဖြစ်နေတဲ့အတွက်သူ့ကိုဖမ်းဆီးစစ်ဆေးပြီးထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေး လိုက်တယ်”ဟု မယ်လ ဒုက္ခသည် စခန်း ဥက္ကဌ စောထွန်းထွန်းက ဧရာဝတီသို့ ပြောသည်။
မယ်လ ဒုက္ခသည် စခန်းတွင် စခန်း အုပ်ချုပ်ရေး ကော်မတီ အနေနှင့် သာမန်လူမှုရေး ပြဿနာများကို ဖြေရှင်းပေးလေ့ ရှိသော်လည်း လူသတ်မှု၊ မဒိန်းမှု၊ မူးယစ်ဆေးဝါးအမှု အပါအ၀င် ရာဇ၀တ်မှုဆိုင်ရာ များကို ထိုင်း အာဏာပိုင်များထံ လွှဲပြောင်းပေးရကြောင်း ၎င်းက ဆိုသည်။
အဖမ်းခံရသည့်သူစောဖားဝါးက၎င်း၏မြန်မာပြည်တွင်းမှမော်တော်ဆိုင်ကယ်၂စီးရောင်းရသည့်ငွေများကို ထိုင်းဘတ်ငွေများနှင့်လာရောက်လဲလှယ်ခြင်းဖြစ်ပြီးငွေအတုများဖြစ်ကြောင်းမသိရှိဟုထိုင်း အာဏာပိုင်များထံ ထွက်ဆို ထားကြောင်း သိရသည်။ ၎င်းကို မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးပေ။
စခန်း တာဝန်ရှိသူများ ပြောပြချက်အရ အဖမ်းခံရသူနှင့် အတူလိုက်ပါလာသည့် အမျိုးသမီး ၄ ဦးမှာလည်း မဲဆောက်မြို့ သို့ ရောက်ရှိနေကြောင်း သိရသည်။
ယခင်ကဒုက္ခသည်စခန်းထဲတွင်မြန်မာကျပ်ငွေအတုများသန်းနှင့်ချီ၍ဖမ်းဆီးမိခဲ့ကြောင်း၊ထိုင်း-မြန်မာ နယ်စပ်တွင်ကျပ်ငွေအတုနှင့်ပတ်သက်သည့်သတင်းများမကြာခဏပေါ်ပေါက်လေ့ရှိကြောင်းငွေလဲလှယ်မှု ပြုလုပ်သူများက ပြောသည်။
အတုဟုယူဆရသော၅၀၀၀ကျပ်တန်ငွေစက္ကူများနှင့်အတူဖမ်းဆီးခံထားရသည့်စောဖားဝါး(ဓာတ်ပုံ-ဧရာဝတီ)
“မဲဆောက်မှာကတော့ မြန်မာ ကျပ်ငွေ ၅၀၀၀ တန်တွေ မရှိသလောက်ဘဲ အတုတွေ ၀င်နေတာတော့ ကြားတယ်၊ မတွေ့ သေးဘူး မြန်မာတွေကလည်း ဒီ ၅၀၀၀ တန်ကို မလိုချင်ကြဘူး၊ ၁၀၀၀ တန်တွေကိုပဲ ယူကြတယ်”ဟု ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ဈေးထဲတွင် တရားဝင် ငွေလဲလှယ်နေသည့် ဆိုင် ပိုင်ရှင်တဦး က ပြောသည်။
မယ်လဒုက္ခသည်စခန်းတွင်တရားမ၀င်ငွေလွှဲဆိုင်များအများအပြားရှိပြီးတတိယနိုင်ငံ အသီးသီးသို့ရောက်ရှိနေကြ သူများက စခန်းတွင် ကျန်ရှိနေသည့် ဆွေမျိုးသားချင်းများထံ ငွေပို့ပေးရာမှ အစပြု၍ ငွေလဲဆိုင်များဖြစ်ပေါ်လာခြင်း ဖြစ် ကြောင်း စခန်းအတွင်း နေထိုင်သူ တဦးက ရှင်းပြသည်။
“ဒီမတိုင်ခင်ကဒုက္ခသည်တွေမှာလဲစရာဘာငွေမှမရှိဘူး၊အခုတော့မယ်လစခန်း ဈေးကြီးက မဲဆောက်ဈေးနဲ့ နင်လား ငါလားပဲ”ဟု ၎င်းက ဆိုသည်။
စခန်းအတွင်းရှိ ငွေလဲလှယ်သည့်ဆိုင်များမှာနိုင်ငံတကာမှပေးပို့လာသောငွေများကိုအခကြေးငွေယူကာဝန်ဆောင်မှုများပေးသကဲ့သို့မြန်မာနိုင်ငံအရပ်ရပ်သို့လည်း ငွေလွှဲ ငွေပို့ လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
မယ်လဒုက္ခသည်စခန်းတွင်လူဦးရေ၄၀၀၀၀ခန့်နေထိုင်လျက်ရှိပြီးထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ဒုက္ခသည်စခန်း၉ခုရှိသည်။ထိုဒုက္ခသည်စခန်းများရှိဒုက္ခသည်များသည်၁၉၈၃ခုမှစတင်၍ စစ်အစိုးရတပ်များ၏ ထိုးစစ် ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြသူများ ဖြစ်သည်။

maandag 27 december 2010

ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း၂၂နှစ်မြောက်ဘာသာပေါင်းစုံဝတ်ပြုဆုတောင်း

ရန်ပိုင် Monday, 27 December 2010 19:16
ဒေါ်အောင်ဆန်းစုကြည်၏မိခင်ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း၂၂နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ ၀တ်ပြု ဆု တောင်းပွဲ အခမ်းအနားကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ယနေ့နံနက် ၁၀ နာရီခွဲ ခန့်က ပြုလုပ်သည်။
                      မိခင်ဒေါ်ခင်ကြည်၏ဂူဗိမာန်တွင်ဂါရ၀ပြုနေသောဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ-AP)
နံနက်ပိုင်းတွင်ရွှေတောင်ကုန်းသာသနာ့ရိပ်သာမှဆရာတော်ဦးပဏ္ဍိတ၀ံသ၊ချမ်းမြေ့ဆရာတော် ရှင်ဇနကာဘိဝံသအပါအ၀င်သံဃာတော်၁၀ပါးအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင်တဦးဖြစ်သည့် ဦးအုန်းကြိုင် က ပြောသည်။
ထို့နောက် နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး ခရစ်ယာန်ဘာသာမှ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဦးအာသာကိုလေး၊ ဦးခင် မောင်ရွှေ၊ ရိုမန်ကက်သလစ် ဂိုဏ်းမှ သိက္ခာတော်ရ ဆရာကြီး ဦးရယ်ဂျီ စသည့် ခရစ်ယာန် ဘာသာ ဂိုဏ်းပေါင်းစုံမှ ပုဂ္ဂိုလ်များ လည်းကောင်း၊ ညနေပိုင်းတွင် အစ္စလမ် ဓမ္မ ဗိမာန်မှ ဦးအေးလွင် ဦးဆောင်သော အစ္စလမ် ဘာသာရေး အဖွဲ့နှင့် ဦးလှအောင် ခေါင်း ဆောင်သည့် ဟိန္ဒူဘာသာရေး အဖွဲ့ စသည့် ဘာသာရေး အဖွဲ့များက အလှည့်ကျ လာရောက် ဆုတောင်းကြကြောင်း ၎င်းက ဆက်လက်ပြောသည်။
တက်ရောက်လာကြသည့် ဧည့်ပရိသတ်၏ မေတ္တာရပ်ခံချက်အရ မိခင်ကြီး ဒေါ်ခင်ကြည်၏ ကျေးဇူးတရားများကို ဒေါ်အောင်ဆန်း စုကြည် က ပြောကြားပြီးနောက် ညနေ ၄နာရီတွင် ရွှေတိဂုံဘုရားလမ်းရှိ ဒေါ်ခင်ကြည်၏ အုတ်ဂူသို့ သွားရောက်ပြီး ဂါရ၀ပြုသည်။
ဒေါ်ခင်ကြည်အား ရွှေတိဂုံ ခြေတော်ရင်း တောင်ဘက်မုခ် အနီးရှိ သီပေါမင်း ၏ မိဖုရား စုဘုရားလတ်၊ ငြိမ်းချမ်းရေးဗိသုကာ ဆရာ ကြီး သခင်ကိုယ်တော် မှိုင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် စသည့် ပုဂ္ဂိုလ်ကြီးများ၏ ဂူဗိမာန်များအနီးတွင် ဂူသွင်း သဂြိုဟ် ထားသည်။
ဒေါ်ခင်ကြည်ကို၁၉၁၂ ခုနှစ် ဧရာဝတီတိုင်း မြောင်းမြမြို့ အဘ ဦးဖိုးညှင်း၊ အမိ ဒေါ်ဖွားစု တို့မှ မွေးဖွားခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း အစ်မဖြစ်သူ ဒေါ်ခင်ကြီးနှင့် အတူ သူနာပြုဆရာမ တာဝန်ကို ထမ်းဆောင်ခဲ့သည်။
ထိုသို့ တာဝန်ထမ်းနေစဉ်အတွင်း မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် တွေ့ဆုံ၍ ၁၉၄၂ ခုနှစ်စက်တင်ဘာလ(၆)ရက်နေ့တွင်လက်ထပ်ခဲ့သည်။အစ်မဖြစ်သူဒေါ်ခင်ကြီးမှာလည်း မြန်မာ့လွတ်လပ်ရေး သမိုင်းတွင်အရေးပါသောခေါင်း ဆောင်တဦးဖြစ်သည့်သခင် သန်းထွန်းနှင့် လက်ထပ်ခဲ့သည်။
ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် လက်ထပ်ခဲ့ပြီးနောက်ပိုင်း သား (၂)ယောက်၊ သမီး (၁)ယောက်မွေးဖွားခဲ့ပြီး အငယ် ဆုံးသား ဖြစ်သူ အောင်ဆန်းလင်းမှာ ငယ်စဉ်ကပင် ရေနစ်သေဆုံးခဲ့သည်။
ခင်ပွန်း ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး နောက်ပိုင်းတွင် အာဏရ ဖဆပလ အစိုးရအဖွဲ့တွင် ၁၉၄၇ ခုနှစ်မှ ၁၉၅၂ ခုနှစ် အထိ လွှတ်တော်အမတ်၊ ၁၉၆၀ ခုနှစ်တွင် မြန်မာပြည်၏ ပထမဆုံး အိန္ဒိယနိုင်ငံဆိုင်ရာ အမျိုးသမီး သံအမတ်အဖြစ် တာဝန်ယူ ခဲ့ သည်။
ထို့နောက် ဒေါ်ခင်ကြည်သည် ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် လေဖြတ်ဝေဒနာကို ခံစားရပြီး ဒီဇင်ဘာ ၂၇ ရက်နေ့ အသက် ၇၆ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။
သား အကြီးဆုံးဖြစ်သူ ဦးအောင်ဆန်းဦးမှာ ယခုလက်ရှိ အမေရိကန် ပြည်ထောင်စုတွင် နေထိုင်နေပြီး သမီးဖြစ်သူ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်တွင် နေထိုင်လျက်ရှိသည်။

ForeverGroupနှင့်ရွှေသံလွင်စီးပွားရေးပြိုင်

ဧရာဝတီ Monday, 27 December 2010 17:26
အခပေးဖျော်ဖြေရေးရုပ်သံလိုင်းများရောင်းချသောရွှေသံလွင်ကုမ္ပဏီနှင့်ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့်နီးစပ်သူများထူထောင်ထားသောForeverGroupကုမ္ပဏီတို့အပြိုင်အဆိုင်ဈေးလျှော့ ရောင်းချခြင်းဖြင့်အခပေးရုပ်သံလိုင်းကြည့်ရှုမည့်ဖောက်သည်အသစ်များရှာဖွေ၍စီးပွားရေးအားပြိုင်မှု ပြင်းထန်နေကြသည်။
ရန်ကုန်မြို့တပ်မတော်ခန်းမ၌ဒီဇင်ဘာ၂၃ရက်မှ၂၆ရက်နေ့အထိကျင်းပပြုလုပ်သောYANGONEXPO 2010တွင်SKYNETအခပေးရုပ်သံလိုင်းအရောင်းမြှင့်တင်ရေးသရုပ်ဆောင်နေသည့်မြန်မာမော်ဒယ်လှပျိုဖြူ နှစ်ဦးကိုတွေ့ရစဉ်(ဓာတ်ပုံ-ဧရာဝတီ)
၂၀၀၅ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ ဆွေမျိုးသားချင်းတချို့နှင့် ဦးဝင်းမော်၊ ဦးအေးကျော် အပါအ၀င် အပေါင်း အပါ များက မြန်မာ စာတန်းထိုး နိုင်ငံခြားရုပ်ရှင်များ ပြသသည့် ဖျော်ဖြေရေး ရုပ်သံလိုင်းနှင့် အားကစားလိုင်းများကို ရောင်းချခဲ့ပြီး မြန်မာ နိုင်ငံတွင် ပထမ ဆုံးသော အခပေး ရုပ်သံလိုင်း ဈေးကွက်ကို ဦးဆောင်ခဲ့ကြောင်း၊ သို့ရာတွင် ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှစတင်ပြီး ရွှေသံလွင် ကုမ္ပဏီက Sky Net အမည်ဖြင့် အခပေးရုပ်သံလိုင်းများ ဈေးကွက်တွင်း ၀င်ရောက်လာခြင်းကြောင့် အဆိုပါ ကုမ္ပဏီ နှစ်ခု၏ ဈေးကွက်အားပြိုင်မှုမှာ ပြင်းထန်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရွှေသံလွင် SkyNetကသူတို့ရဲ့ အခပေး ရုပ်သံလိုင်းတွေရဲ့ဈေးနှုန်းကို တ၀က်တိတိ လျှော့ပစ်လိုက်တယ်။ ForeverGroupကလည်း အခပေး ရုပ်သံလိုင်းတွေကို ဈေးတွေတ၀က်ကျော်ကျော်လျှော့ပစ်တယ်။ ဒီ ကုမ္ပဏီနှစ်ခုက အပြိုင်အဆိုင်ကို ဈေးတွေလျှော့ရောင်း နေကြတယ်”ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။
ရွှေသံလွင်ကုမ္ပဏီ၏ SkyNetအခပေးရုပ်သံလိုင်း ၃၈ လိုင်းကြည့်ရှုရန် ရုပ်သံလိုင်းဖမ်းစက် တန်ဖိုး၏ ပုံမှန်ကုန်ကျစရိတ်မှာ ၆၈၀၀၀ ကျပ် ဖြစ်သော်လည်း ၅၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ၃၄၀၀၀ ကျပ်၊ ရုပ်သံလိုင်းနှစ်စဉ်ကြေးအတွက် တလလျှင် ၁၈၀၀၀ ကျပ်နှုန်း ဖြင့် တနှစ်စာ ၂၁၆၀၀၀ ကျပ်ကျသင့်မည်ဖြစ်သော်လည်း ၅၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ၁၀၈၀၀၀ ကျပ်အထိ ဈေးနှုန်းများ လျှော့ချ ပေးထားကြောင်း သိရှိရသည်။
ForeverGroupကုမ္ပဏီကလည်းMRTV4နှင့်နိုင်ငံတကာ ရုပ်သံလိုင်းများ ပါဝင်သည့် အခပေးရုပ်သံဖမ်းစက် နှင့် 5Movie၊5Seriesနှင့် StarSportsဖမ်းယူနိုင်သော ရုပ်သံဖမ်းစက် ဟူ၍ နှစ်မျိုးခွဲခြားပြီး ဈေးနှုန်များ လျှော့ချရောင်းခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။
ရန်ကုန်မြို့တပ်မတော်ခန်းမ၌ဒီဇင်ဘာ၂၃ရက်မှ၂၆ရက်နေ့အထိကျင်းပသောYANGONEXPO2010တွင် SKYNETအခပေးရုပ်သံလိုင်းအရောင်းမြှင့်တင်ရေးသရုပ်ဆောင်နေသည့်မြန်မာမော်ဒယ်တဦး(ဓာတ်ပုံ-ဧရာဝတီ)
“MRTV4နဲ့နိုင်ငံတကာလိုင်းတွေဖမ်းနိုင်တဲ့ရုပ်သံဖမ်းစက်နဲ့တနှစ်စာရုပ်သံလိုင်းကြည့်ရှုခွင့်အတွက်၆၀၀၀၀ ကျပ်ပါ။5Movie၊5Seriesနဲ့ 5Sportsရုပ်သံလိုင်းဖမ်းစက်၆၂၀၀၀ ကျပ်။ အဲဒီအထဲမှာ သုံးလ အခပေး ရုပ်သံလိုင်း ကြည့်ခွင့် ပါတယ်”ဟု ForeverGroupကုမ္ပဏီ မှ အရောင်း ကိုယ်စားလှယ် တဦးက ပြောသည်။
ရွှေသံလွင်ကုမ္ပဏီမှ တာဝန်ရှိသူတဦးကမူ လက်ရှိ Sky Net ရုပ်သံလိုင်းများ လျှော့ဈေးဖြင့် ရောင်းချခြင်းမှာ ကုမ္ပဏီအတွက် အရှုံးပေါ်စေကြောင်း၊ သို့သော်လည်း ဈေးကွက်ရရှိရေးကိုသာ အာရုံထားနေသည့်အတွက် အရှုံးခံ ရောင်းချနေခြင်းဖြစ်ကြောင်း ရှင်းပြ သည်။
“Sky Net က အခပေး ရုပ်သံလိုင်း ၀န်ဆောင်မှုအပါအ၀င် ၀န်ဆောင်မှု သုံးမျိုးလုပ်နေတယ်။ ပထမ က DTH လို့ခေါ်တဲ့ Direct To Home စနစ်နဲ့ အခပေးရုပ်သံလိုင်း ရောင်းတာ။ ဒုတိယ က MPS လို့ခေါ်တဲ့ Multi-play Services စနစ်နဲ့ ရုပ်သံလိုင်း၊ အင်တာ နက်၊ ဖုန်းလိုင်း ၀န်ဆောင်မှု ပေးတာ။ တတိယ က FTTX လို့ခေါ်တဲ့ ဖိုက်ဘာဆက်ကြောင်းနဲ့ ရုပ်သံလိုင်း၊ ဖုန်း၊ အင်တာနက် ၀န်ဆောင်မှု ပေးတာပါ။ လောလောဆယ်တော့ ရုပ်သံလိုင်းဝန်ဆောင်မှု တခုပဲ ရောင်းနိုင်သေးတယ်။ ကျန်တဲ့ အင်တာနက်၊ ဖုန်း၊ရုပ်သံလိုင်း သုံးမျိုးပေါင်းဝန်ဆောင်မှုက ၂၀၁၁ ခုနှစ်ထဲမှာ စရောင်းမယ်”ဟု ရွှေသံလွင် ကုမ္ပဏီ တာဝန်ရှိသူက ဆိုသည်။
ရွှေသံလွင်နှင့် ForeverGroup ကုမ္ပဏီတို့က ရောင်းချသော အခပေးရုပ်သံလိုင်းများတွင် CNN ကဲ့သို့သော နိုင်ငံတကာ သတင်း ရုပ်သံ လိုင်းများပါဝင်သော်လည်း သတင်းများမှာ တိုက်ရိုက်ကြည့်ရှုရခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံနှင့် စစ်အစိုးရအကြောင်းပါသောသတင်းများကို ဖြုတ်ပယ် ဆင်ဆာတည်းဖြတ်ပြီးမှ ကြည့်ရှုခွင့်ပြုခြင်းဖြစ်ကြောင်း သိရှိရသည်။
ရုပ်သံလိုင်းဈေးကွက်တွင်ရွှေသံလွင်နှင့်ForeverGroupကုမ္ပဏီတို့အားပြိုင်နေချိန် အမှန်တကယ်ဈေးကွက်ကို ဦးဆောင်နေသူ မှာ အိမ်နီးချင်းထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ၀င်ရောက်နေသော ရှစ်ပေဂြိုဟ်တု ရုပ်သံစလောင်းများဖြစ်ကြောင်း ရန်ကုန်မြို့ရှိအီလက်ထရွန်နစ် ပစ္စည်း အရောင်းဆိုင်များက ပြောသည်။
“အဓိက ဒီမိုကရက်တစ်မြန်မာ့ အသံ DVB ရုပ်သံလိုင်းနဲ့ ပြည်ပမြန်မာသတင်းမီဒီယာတွေကို ကြည့်ချင်လို့ ရှစ်ပေစလောင်း တပ် တာ များတယ်။ အချို့တွေက အယ်ဂျာဇီးယားနဲ့ စင်ကာပူ စီအင်အေလို နိုင်ငံတကာ သတင်းလိုင်း တွေကြည့်ချင်ကြ တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးတဲ့နောက် ရှစ်ပေစလောင်းတပ်တဲ့သူ တော်တော်များလာတယ်”ဟု ရန်ကုန်မြို့မှ ရှစ်ပေ စလောင်း ရောင်းချသူ အီလက်ထရွန်နစ် အရောင်းဆိုင်ပိုင်ရှင် တဦးက ရှင်းပြသည်။
ရှစ်ပေဂြိုဟ်တုရုပ်သံစလောင်းဖမ်းစက်တခုလျှင်မြန်မာငွေကျပ်နှစ်သိန်းနီးပါး ကုန်ကျပြီး ပြည်တွင်းအခပေးရုပ်သံလိုင်းများကဲ့သို့ လစဉ်ကြေး၊ နှစ်စဉ်ကြေးပေးရန် မလိုသောကြောင့် လူကြိုက်များကြောင်း သိရှိရသည်။
“5Movie၊5Series နဲ့ Star Sports ရုပ်သံလိုင်းတွေဆိုရင် တလရုပ်သံလိုင်းကြေး ကျပ် ၁၁၀၀၀ ပေးရတယ်။ ရှစ်ပေစလောင်း က တော့ တခါပဲကုန်တယ်။ နိုင်ငံတကာ သတင်းတွေ လွတ်လွတ်လပ်လပ် ကြည့်ရတယ်။ မြန်မာ့နိုင်ငံရေးသတင်းတွေ စုံစုံလင်လင် သိရ၊ မြင်ရတယ်”ဟု ရန်ကုန် လသာမြို့နယ်မှ ရှစ်ပေစလောင်း တပ်ဆင်ထားသူ တဦးက ပြောသည်။
မြန်မာနိုင်ငံတွင် မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီရုပ်မြင်သံကြား၊ MRTV4၊ International Myanmar ဟူသော စစ်အစိုးရပိုင် ရုပ်သံ လိုင်း လေးခုရှိပြီး အများစုမှာ အစိုးရ၏ ၀ါဒဖြန့်သတင်း နှင့် အာဘော်များကိုသာ ထုတ်လွှင့်လျက်ရှိသည်။

KNPPနအဖတပ်ယာဉ်တန်းကိုတိုက်ခိုက်၊၃ဦးကျဆုံး

သန်းထိုက်ဦး Monday, 27 December 2010 16:39
ကယားပြည်နယ်ဖရှုးဆိုးမြို့နယ်တွင် သံလွင် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအတွက် သွားနေသည့် အစီး၂၀ ခန့်ရှိ နအဖ ယာဉ်တန်းကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် သောကြာနေ့က ခြုံခို တိုက် ခိုက် ခဲ့သောကြောင့် နအဖဘက်မှ ၃ ဦး ကျဆုံးကြောင်း KNPP အတွင်းရေး မှူး (၁) ခူးဦးရယ်က ဧရာဝတီသို့ ပြောသည်။
    စစ်ရေးပြအခမ်းအနားတခုတွင်တွေ့ရသည့် KNPPတပ်ဖွဲ့ဝင်များ(ဓာတ်ပုံ-burmaelection2010.com)
“နိုင်ငံခြားသား အလုပ်သမား အင်ဂျင်နီယာတွေ သယ်ဆောင်နေတဲ့ ယာဉ်တန်းလို့လည်း ပြောလို့ရတယ်၊ စစ်ကားနဲ့ပဲ၊ နအဖ လုံခြုံရေး တပ်တွေလည်း ပါတယ်၊ အဲဒါကို ကျနော်တို့ ရဲဘော်တွေကနေပြီးတော့ လမ်းမှာ ဖြတ်တိုက်တယ်”ဟု ၎င်းက ဆို သည်။
တိုက်ပွဲကြောင့် ၃ ဦး ကျဆုံးသည်ဟု သတင်းရရှိထားပြီး ထိခိုက် ဒဏ်ရာရရှိသူများ စာရင်းကိုမှု သတင်းမရသေးကြောင်း ၎င်း က ဆက်ပြောသည်။
သံလွင်မြစ်ပေါ်တွင် ရေကာတာ တည်ဆောက်ရန် လွိုင်ကော်မြို့နယ်မှ ဖရှုးဆိုးဒေသသို့ အသွား လမ်းခုလပ်တနေရာတွင် ခြုံခို တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
တိုက်ခိုက်ခံရသော နအဖ တပ်ရင်း အမည်နှင့် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအဖွဲ့၏ ကုမ္ပဏီကိုမှု မသိရှိရသေးပေ။ သို့သော် ယင်း ဒေသတ၀ိုက်တွင် နအဖ၏ ခြေမြန်တပ်ရင်း(ခမရ) ၄၂၈နှင့် တပ်ရင်း ၅၃၀ တို့က လှုပ်ရှားနေကြောင်း သိရ သည်။
နအဖစစ်အစိုးရရေကာတာတည်ဆောက်ရေးစီမံကိန်းကိုဘော်လခဲမြို့နယ်ရွာသစ်အနီးရှိ သံလွင်မြစ်ပေါ်တွင် တည် ဆောက်ရန် စီစဉ်ထားသည်ဟု KNPP တပ်ဖွဲ့ဝင်များက သတင်းရရှိထားကြောင်း ခူးဦးရယ်က ဆိုသည်။
ရေကာတာ တည်ဆောက်မှုကြောင့် ဒေသခံများ ရွှေ့ပြောင်းခံရနိုင်ခြင်းရှိသကဲ့သို့ ကျေးရွာ အနီး တ၀ိုက်တွင်လည်း ရေလွှမ်း မိုးမှုများ ကြုံတွေ့ရနိုင်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
“အနီးအနားမှာရှိတဲ့ဒေသတွေမှာလည်းရေလွှမ်းမိုးနိုင်ဖွယ်ရှိတယ်၊ဒါ့အပြင်ကိုကျနော်တို့သားရဲ တိရစ္ဆာန်တွေ သေဆုံး ပျက်စီး နိုင်တဲ့ အခြေအနေတွေရှိတယ် ဆိုတော့ဆုံးရှုံးမှုတွေပိုပြီးများမယ့် အခြေအနေရှိပါတယ်”ဟု ခူးဦးရယ်က ပြောသည်။
အောက်တိုဘာလ နောက်ဆုံးအပတ်ကလည်း လွိုင်ကော်မြို့နှင့် ရှားတောမြို့နယ်ကြားတွင်ရှိသော ပွန်ချောင်းတံတား အနီးတွင် KNPPတပ် နှင့် စစ်အစိုးရ ခြေလျင်တပ်ရင်း (ခလရ)၇၂ တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၎င်း တံတား ပျက်စီးသွားခဲ့ သည်။
KNPP အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပူးပေါင်း၍ စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ကော်မတီ တရပ်ကိုလည်း နိုဝင်ဘာ လဆန်းပိုင်းက ဖွဲ့စည်းခဲ့သည်။
ယင်း မဟာမိတ်အဖွဲ့တွင် အပစ်ရပ် တိုင်းရင်းသား အဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSA- N)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့အပြင် အပစ် မရပ်သေးသည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ တိုးတက်ရေး ပါတီ (KNPP)နှင့် ချင်းအမျိုးသား တပ်ဦး (CNF) တို့ ပါဝင်ကြောင်း သိရှိရသည်။

ဖိလစ်ပိုင်အမတ်နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

ရန်ပိုင် Monday, 27 December 2010 16:27
ဒေါ်အောင်ဆန်းစုကြည်အား ဖိလစ်ပိုင် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော် အမတ် မစ္စလော်ရင်လီဂါးဒါး(LorenLegarda)ယမန့်နေ့ကလာရောက်တွေ့ဆုံကြောင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ပြောသည်။

ဒီဇင်ဘာ၁၀ရက်နေ့ကရန်ကုန်NLDရုံးချုပ်၌ကျင်းပသည့်၆၂နှစ်မြောက်နိုင်ငံတကာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင်မိန့်ခွန်းပြောကြားနေသောဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ-Reuters)
မည်သည့်အကြောင်းအရာများဆွေးနွေးသည်ကိုသတင်းထုတ်ပြန်ခြင်းမရှိသော်လည်း ဖိလစ်ပိုင်နိုင်ငံသည်သမ္မတဘစ်နစ်နိုအကွီနို၏လက်ထက်တွင်မြန်မာ့အရေးနှင့်ပတ်သက်ပြီး ပိုမိုတက်ကြွမှုရှိလာကြောင်း NLD ခေါင်းဆောင်တဦးဖြစ်သည့် ဦးအုန်းကြိုင် က ဧရာဝတီသို့ ပြောပြသည်။
“အခုလိုအာဆီယံနိုင်ငံထဲကအထက်လွှတ်တော် အမတ် လာတွေ့တာ တနည်းအားဖြင့် ဒီမိုကရေစီအရေးမှာ အားတက်စရာပဲ” ဟု ၎င်းက ဆိုသည်။
မစ္စလီဂါးဒါးနှင့်အတူ၎င်း၏သားနှစ်ဦးလည်းလိုက်ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုသို့တွေ့ဆုံနိုင်ရန် ၎င်း၏ အရင်း အနှီးဆုံး မိတ်ဆွေ ဖြစ်သည့် အရှေ့တီမောသမ္မတဂျိုးဇက်ဟိုဆေးရာမို့စ် ဟော်တာ က အကူအညီပေးကြောင်း ဖိလစ်ပိုင် စတား သတင်း တွင် ဖော်ပြထားသည်။
“ပုဂ္ဂိုလ်ရေးရာခင်မင်မှုအဖြစ်သွားလည်တာပါ၊ဒီမိုကရေစီနဲ့ပတ်သက်ပြီးအမြင်ချင်းဖလှယ်မှာပါ၊ အထူးသဖြင့် မြန်မာ့ဒီမိုကရေစီ အရေးနဲ့ ပတ်သက်ပြီးပေါ့”ဟု မစ္စ လီဂါးဒါးက ပြောသည်။
နှစ်ပေါင်း ၂၀ခန့် နေအိမ်အကျယ်ချုပ် ဘ၀ဖြင့် နေထိုင်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသည့် ဒေါ်အောင်ဆန်း စုကြည် ထံမှ သင်ယူစရာများ ရှိနိုင်သည်ဟု မျှော်လင့်ထားကြောင်းလည်း ၎င်းက ဆိုသည်။
ထို့အပြင် လူ့အခွင့်အရေး ကာကွယ်ရာတွင် အမျိုးသမီးခေါင်းဆောင်များ၏ အရေးပါမှု ကဏ္ဍကိုလည်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်က ပြသခဲ့သည်ဟု ၎င်းက ပြောဆိုကြောင်း အဆိုပါ သတင်းတွင် ရေးသားထားသည်။
အာဆီယံ အဖွဲ့အတွင်း စီးပွားရေးနှင့် နိုင်ငံရေး တည်ငြိမ်မှုသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှု ရရှိစေ ရန် အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုအပ်နေသည့်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းကို ကြိုဆိုကြောင်း ဦးအုန်းကြိုင်က ဆက်လက်ပြောသည်။
ဒေသတွင်း အာဆီယံနိုင်ငံများ ဖြစ်သည့် ထိုင်း၊ စင်္ကာပူ၊ မလေးရှား စသည့်နိုင်ငံများမှ သံတမန်များက ဒေါ်အောင်ဆန်းစုကြည် အား လာရောက်တွေ့ဆုံသည့် အပြင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ကလည်း မကြာသေးမီက ဖုံးဆက်၍ မြန်မာ့ ဒီမိုကရေစီ အရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သေးသည်။
ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံအဖွဲ့အတွင်း မြန်မာစစ်အစိုးရကို ပွင့်လင်းစွာပြောဆို ဝေဖန်သည့် နိုင်ငံတနိုင်ငံ ဖြစ်သည်။

zaterdag 25 december 2010

စစ်ပြေးဒုက္ခသည်များကိုဆေးစစ်၊တိုက်ပွဲများဆက်ဖြစ်ဆဲ

ဧရာဝတီ Saturday, 25 December 2010 14:02
.နယ်စပ်တိုက်ပွဲ များကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသော စစ်ပြေး ဒုက္ခသည် ၂၀၀ ကျော်ကို ထိုင်းဒေသခံ ရွာသားများက ကူးစက်ရောဂါပိုးများ ပါရှိနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် မြန်မာဘက်သို့ ပြန်ပို့ရန် တောင်းဆိုကြောင်း သိရသည်။
                  ယာယီဒုက္ခသည်စခန်းတွင်စစ်ပြေးဒုက္ခသည်တဦးကိုဆေးစစ်ပေးနေစဉ်။(ဓာတ်ပုံ-ဧရာဝတီ)
စစ်ပြေးဒုက္ခသည်များသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်းရှိ ဝေါ်လေဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)နှင့် နအဖတပ်များ အကြား ယခင်လ ဆန်းပိုင်းမှ စတင်ဖြစ်ပွားနေသည့် ရက်ရှည်တိုက်ပွဲများကြောင့် ထွက်ပြေးလာသူများ ဖြစ်သည်။
ဒုက္ခသည်များအရေး ကူညီဆောင်ရွက်နေသူ တဦးက “ဝေါ်လေရွာရဲ့ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦးဆီမှာ ဦးနှောက်အမှေးရောင် ရောဂါပိုး စစ်ဆေးတွေ့ရှိတဲ့ အတွက် ဒီကူးစက်ရောဂါပိုးဟာ မြန်မာ ဒုက္ခသည်တွေဆီက ကူးတာဖြစ်နိုင်တယ်ဆိုပြီး ဒီနေ့လယ်မှာ ဒုက္ခသည်တွေကို ထိုင်း ကျန်းမာရေးဌာနက ဆေးလာစစ်နေတယ်။ ထိုင်း ရွာခံတွေကတော့ ဒုက္ခသည်တွေဆီက လာတာဆိုပြီးတော့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ အာဏာပိုင်တွေကို ပြောဆိုနေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် နိုင်ဆူထင်း ဆ၀ါနစင်၏ ညီမဖြစ်သူက “ဘယ်ကစပြီး ကူးတာကိုတော့ စစ်နေတုန်းပဲ။ ဒီစစ်ပြေး ဒုက္ခသည်တွေ ကျမတို့ရွာမှာ လာနေကြတာ ၂ လရှိတော့မယ်။ အဲလိုကာလ ကြာရှည်လာတဲ့ အပေါ်မှာ ရွာသားတွကလည်း သူတို့ကို ပြန်စေချင်တဲ့ ဆန္ဒတွေရှိကြတယ်” ဟု ပြောသည်။
နောက်ဆုံးရရှိသည့် သတင်းများအရ ယမန်နေ့က ဒုက္ခသည်အားလုံးကို ဆေးစစ်ရာတွင် မည်သည့် ရောဂါ လက္ခဏာမျှ မတွေ့ရကြောင်း သိရသည်။
ထိုင်းဘက်ခြမ်းတွင် ဖွင့်လှစ်ပေးထားသည့် ယာယီ ဒုက္ခသည်စခန်းတွင် ခိုလှုံနေသူ ၂၃၃ ဦး ရှိပြီး တင်းကျပ်ထားသည့် စည်းကမ်းချက်များကြောင့် စခန်းထဲသို့ မ၀င်ဘဲ နယ်စပ်တွင် မိမိအစီအစဉ်နှင့် ခိုလှုံနေသူ မြန်မာစစ်ပြေး ဒုက္ခသည် ၃၀၀ ခန့်ရှိသေးကြောင်း NGO အဖွဲ့တခုမှ တာဝန်ရှိသူက ပြောသည်။
ထိုင်း လယ်ပိုင်ရှင်တဦးက “ထိုင်းဘက်ကတော့ မြန်မာဘက်မှာ ဘာတိုက်ပွဲတွေမှ မဖြစ်စေချင်ဘူး။ ထိုင်း စိုက်ပျိုးရေး လုပ်ငန်းရှင် အများစုက ဝေါ်လေမြိုင်ဒေသမှာ လယ်ယာမြေတွေငှားပြီး ကောက်ပဲသီးနှံတွေ သွားစိုက်ပျိုးကြတယ်။ ပြီးရင် အဲဒီထွက်ကုန်တွေကို ထိုင်းဘက် ပြန်တင်သွင်းကြတဲ့လုပ်ငန်းက အကျိုးအမြတ် အတော်လေးရှိတဲ့အတွက် မြန်မာဘက်မှာ အေးအေး ဆေးဆေးဖြစ်ဖို့ ထိုင်းဖက်က ဆန္ဒရှိကြတယ်” ဟု ဆိုသည်။
သို့သော် DKBA နှင့် နအဖတပ်များ ယမန့်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
                        တိုက်ပွဲဖြစ်ပွားရာတကော်ကျိုးတောင်ကုန်းမှDKBAတပ်ဖွဲ့ဝင်တချို့။(ဓာတ်ပုံ-ဧရာဝတီ)
မြ၀တီခရိုင် ဖလူးဒေသတွင် DKBAနှင့် နအဖ ခြေလျင်တပ်ရင်းများ ယမန်နေ့ နံနက် ၆ နာရီကျော်မှ မွန်းလွဲ ၁ နာရီအထိဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ဖလူးရွာသားတဦး လက်နက်ကြီးကျည် ထိမှန်သောကြောင့် မဲဆောက်ဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း၊ ဆေးကုသမှုကိစ္စများကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) က တာဝန်ယူပေးထားကြောင်း သိရသည်။
ဖလူးလေးရွာရှိ စစ်ရေးအရ ဗျူဟာကျသည့် တောင်ကုန်းကို DKBAအဖွဲ့မှ သိမ်းယူရန် တက်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယင်းတိုက်ပွဲတွင် ဖလူးဒေသအခြေစိုက် နအဖ ခြေလျင်တပ်ရင်း (၂၃၀)၊ ခြေမြန်တပ်ရင်း (၅၄၇)၊ (၃၅၆) တို့နှင့် DKBA ကလိုထူးဘော ဗျူဟာ (၁) တပ်ဖွဲ့တို့အကြား ဖြစ်ပွားခြင်းဖြစ်ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ မသိရှိရသေးကြောင်း DKBA မှ ဗိုလ်မှူးကြီး ကျော်သက်က ပြောသည်။
၎င်းက “ဒီနေ့ဖြစ်တာက တကော်ကျိုးတောင်မှာ။ တိုက်ပွဲက ၇ နာရီနီးပါးကြာတယ်။ နအဖဘက်ကနေ လက်နက်ကြီးနဲ့ပစ်တာ အလုံး ၃၀ ဆယ်လောက်ရှိမယ်။ ဖလူးလေးရွာထဲကို ကျတာလည်း မနည်းဘူး။ ရွာသားတချို့ ဒဏ်ရာရတယ် လို့သိရတယ်” ဟု ပြောသည်။
ထိုင်းနယ်ခြားစောင့် တပ်မှူးတဦးက “မြ၀တီ ဖလူးဒေသမှာရှိတဲ့ မဟာဗျူဟာကျတဲ့ တောင်ကုန်းအများစုကို မြန်မာစစ်တပ်က အခိုင်အမာတပ်စွဲပြီး ထိန်းချုပ်ထားတဲ့အတွက် ဒီတောင်ကုန်းတွေကို တက်သိမ်းဖို့ဆိုရင်တော့ သိပ်တော့မလွယ်ဘူးလို့ ထင်တယ်” ဟု ပြောသည်။

ဈေးရွှေ့ပြောင်းမှုနေရာမလုံလောက်၍ဆန္ဒပြသူများကိုဖမ်းဆီး

ခိုင်သွယ် Saturday, 25 December 2010 14:47
ရန်ကုန်တိုင်း ကြည်မြင်တိုင်မြို့နယ် ကမ်းနားလမ်းရှိ သီရိမင်္ဂလာဈေးမှ ဆိုင်များအား လှိုင်မြို့နယ်၊ ပိတောက်ချောင်း ရပ်ကွက်ရှိ ဈေးသစ်သို့ ရွှေ့ပြောင်းခိုင်း သော်လည်း ဆိုင်နေရာ မလုံလောက် သောကြောင့် ဈေးသူဈေးသားများ ယမန်နေ့က ကန့်ကွက်ဆန္ဒပြရာ ၅ ဦးအဖမ်းခံရကြောင်း သတင်းရရှိသည်။
                      ယခုနှစ်နိုဝင်ဘာလအစောပိုင်းကတွေ့ရသောသီရိမင်္ဂလာဈေး။(ဓာတ်ပုံ-PopularNews)
သီရိမင်္ဂလာ ဈေးဟောင်းမှ ဆိုင်ခန်းပေါင်း ၁၀၀၀ ခန့်အား နေရာသစ်တွင် ဆိုင်ခန်းသစ် ချမပေးနိုင်ဘဲ အမိုးအကာ မရှိသည့် ကွင်းပြင်ထဲတွင် ရောင်းချခိုင်း သောကြောင့် ဈေးသူဈေးသားများက မရောင်းချနိုင်ဟု ဆန္ဒပြခြင်း ဖြစ်ကြောင်း ကုန်စိမ်းဒိုင်တဦးက ပြောသည်။
“ဒီအတိုင်း ဆိုရင်တော့ မရောင်းနိုင်ဘူး။ အမိုးအကာမရှိဘူး။ ပိုက်ဆံလည်း သွင်းထားပြီးသား။ အဲဒါကို မတရားလုပ်တာ။ သည်းမခံနိုင်တော့ဘူး။ ဒီနေ့ ဖွင့်ပွဲရှိတော့ လူကြီးလာတဲ့အထိ စောင့်ပြောမယ် ဆိုပြီး ဈေးသားတွေ သွားစောင့်နေတာ” ဟု ဆိုင်ခန်းနေရာ ပြန်လည်မရရှိသူ ကုန်စိမ်းဒိုင်တဦးက ပြောသည်။
လက်ရှိ ဈေးသစ်တွင် ဆိုင်ခန်းပေါင်း ၂၀၀၀ ခန့်အတွက်သာ နေရာရှိပြီး သီရိမင်္ဂလာ ဈေးဟောင်းမှ ပြောင်းရွှေ့ရသော ဈေးဆိုင်ခန်းပေါင်းမှာ ၃၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။
ဆိုင်ခန်းအားလုံး အတွက် နေရာပေးနိုင်ခြင်း မရှိသောကြောင့် ဈေးအနောက်ဘက် အမိုးအကာမရှိသော မြေကွက်လပ်တွင် ဈေးရောင်းခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျမတို့ဒီကွင်းထဲမှာအမိုးအကာမရှိဘဲဘယ်လိုဈေးရောင်းရမလဲ။ ဒါပေမယ့် ကွင်းထဲမှာပဲ ရောင်းခိုင်းတယ်။ ဘယ်တော့ ဆိုင်နေရာ ဆောက်ပေးမယ်ဆိုတာလည်း မပြောနိုင်ဘူး။ မတရားသိပ်လုပ်ကြတယ်”ဟု ကုန်စိမ်းလက်ခွဲဒိုင်တဦးက ပြောသည်။
ဈေးရုံအတွင်း ယနေ့ဖွင့်ပွဲကျင်းပရာသို့ လာရောက်မည့် တာဝန်ရှိသူအား ပြောကြားမည်ဟုဆိုကာ မထတမ်း ဆန္ဒပြနေသူများထဲမှ ၅ ဦးအား လှိုင်မြို့နယ် ရဲများက နေ့လည် ၁ နာရီ ၀န်းကျင်တွင် လာရောက်ခေါ်ထုတ်သွားကြောင်း၊ ထို့နောက် လုံထိန်းများ၊ ရဲများ ထပ်မံရောက်ရှိလာပြီး ဈေးဝန်းအတွင်းမှ ဈေးသူဈေးသားများနှင့် ဈေးဝယ်များကို မောင်းထုတ်ကာ ဈေးအတွင်း လုံခြုံရေးချထားကြောင်း သိရှိရသည်။
သီရိမင်္ဂလာဈေးဟောင်းမှ ဈေးနေရာသစ်သို့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အပြီးပြောင်းရွှေ့ခိုင်းခဲ့ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဈေးသစ်တည်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ညနေ ၃ နာရီဝန်းကျင်တွင် ဈေးဖွင့်ပွဲပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်များနှင့် ကုန်စည်ဒိုင်ကြီး တချို့သာလျှင် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
“၂ နာရီကတည်းက ဈေးထဲကလူတွေ အကုန်မောင်းထုတ်လိုက်တာ။ အားလုံးကိုလည်း ပြောတယ်။ ဒီကိစ္စကိုထပ်ပြောတဲ့သူငွေဒဏ်အပြင်ထောင်ဒဏ်၆လလို့လည်းပြောလိုက်တယ်”ဟု ကုန်စိမ်းဒိုင်ပိုင်ရှင်တဦးက ပြောသည်။
သီရိမင်္ဂလာဈေးသည် အများအားဖြင့် ၂၄ ရီ လည်ပတ်နေသော ဈေးကြီး တခုဖြစ်ပြီး ရန်ကုန်မြို့အတွက် ကုန်စိမ်းများ၊ ရာသီစာ သီးနှံများ၊ ပန်းများ၊ ကုန်ခြောက်များ လက်လီလက်ကား အဓိက ဖြန့်ဖြူးရာ ဈေးကြီးတခုဖြစ်သည်။

သမိုင်းတကွေ့မှသခင်သန်းထွန်း

သန်းဝင်းလှိုင် Saturday, 25 December 2010 13:04 ဆောင်းပါး
သခင်သန်းထွန်းသည်မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုသမိုင်းတွင်လွန်ခဲ့သောနှစ်ပေါင်း၆၀ကျော်က ထင်ရှားခဲ့သည့် နိုင်ငံရေး ခေါင်းဆောင် တဦး ဖြစ်ခဲ့ပေသည်။
အထူးသဖြင့် လွန်ခဲ့သော ၅၃ နှစ် အတွင်း သခင်သန်းထွန်းသည် “ဗမာပြည် ကွန်မြူနစ် ပါတီ”၏ ခေါင်းဆောင်ကြီး တဦး အဖြစ် ထင်ပေါ်ကျော်ကြား ခဲ့လေသည်။ သခင်သန်းထွန်း၏ နာမည်ကို ဗမာပြည်ကွန်မြူနစ် လောကတွင် သာမက ကမ္ဘာ့ ကွန်မြူနစ် လောကတွင်လည်း ကြားသိဖူးကြသည်။
၁၉၅၂ခုနှစ်ပခုက္ကူခရိုင်ပုံတောင်ပုံညာဒေသတွင်သုံးပါတီညီညွတ်ရေးပြုလုပ်ခဲ့စဉ်ကတွေ့ရသည့် ဗိုလ်ထွန်းလင်း(ပြည်သူ့ရဲဘော်)(၀ဲ)၊သခင်သန်းထွန်း(ဗမာပြည်ကွန်မြူနစ်ပါတီ)(အလယ်)၊သခင်စိုး (ကွန်မြူနစ်ပါတီ-ဗမာပြည်)(ယာ)။(ဓာတ်ပုံ-ပြည်သူ့အာဏာဂျာနယ်)
သခင် သန်းထွန်းသည် နိုင်ငံရေး အစဉ်အလာ ကြီးမားခဲ့သူ ဖြစ်သည်။ မြန်မာ့ တော်လှန်ရေး သမိုင်း အဆက်ဆက် တွင်လည်း သခင် သန်းထွန်းသည် ရှေ့တန်းက ပါဝင်ခဲ့သည်သာ များသည်။
တို့ဗမာ အစည်းအရုံး ခေါင်းဆောင် တဦးအဖြစ်သာမက ၁၃၀ဝ ပြည့် ရေနံမြေ အလုပ်သမား အရေးနှင့် ကျောင်းသား အရေးတော်ပုံ တို့တွင် ဦးဆောင်မှုအပိုင်းမှ တက်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့သကဲ့သို့ တောင်သူ လယ်သမားများ၏ အရေး ကို လည်း ရှေ့ဆောင် လုံးပမ်းခဲ့သည်။ ထို့အပြင် ဗမာ့လွတ်လပ်ရေး တိုက်ပွဲတွင် ရှေ့တန်းမှပါဝင်ခဲ့ပြီး ဖက်ဆစ်ဂျပန် တော်လှန်ရေး ပြောက်ကျား စစ်ပွဲတွင်လည်း ဇွဲကောင်းကောင်းဖြင့် ဦးစီးပါဝင်ခဲ့သူ ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီလှုပ်ရှားမှုနှင့် ကွန်မြူနစ် အင်အားစုကို စည်းရုံး ရှေ့ဆောင်ခဲ့သူမှာလည်း သခင်သန်းထွန်းပင် ဖြစ်သည်။
ဆရာကြီးဒဂုန်တာရာက“ရုပ်ပုံလွှာ”စာအုပ်တွင် သခင်သန်းထွန်းအား ဤသို့မှတ်တမ်းတင် ရေးဖွဲ့ထားသည်။
“သခင်သန်းထွန်းကို လူချင်းမသိမီကတည်းက အမည်ကို ကြားဖူးနေ၏။ ကိုဗဟိန်းက သခင်သန်းထွန်း၏ အကြောင်းကို မကြာခဏ ကျနော့်ကို ပြောပြ၏။
ထိုအခါက ကိုဗဟိန်းသည် တက္ကသိုလ်ရိပ်သာရှိ သထုံကျောင်းဆောင်တွင် မရှိဘဲ မြို့ထဲ ၃၈ လမ်းရှိ ဇဝန တို့ စုနေကြ သော အိမ်တွင် ရောက်နေတတ်၏။ ထိုအိမ်တွင် သခင်သန်းထွန်းလည်း နေ၏။
“သခင်သန်းထွန်းဆိုတာတော်တော်စာဖတ်တယ်ဗျ။မာ့က်စ်စာပေကိုလည်းအတော်ဖတ်တယ်။ စာရေးလည်း ကောင်း တယ်”ဟု ကျောင်းဆောင်သို့ ပြန်ရောက်လျှင် ကိုဗဟိန်း ကျနော့်ကို ပြောပြလေ့ရှိ၏။ စိတ်ထဲတွင် သခင်ပေါက်စတဦးပဲ ဟုသာ အောက်မေ့လိုက်၏။
တနေ့တွင် ကိုဗဟိန်းနဲ့အတူ ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ်ဖြန့်ချိရေးဌာနသို့ ရောက်သွားရာ သခင်သန်းထွန်းနှင့် သွားတွေ့၏။ ကိုဗဟိန်းက ကျနော့်ကို သခင်သန်းထွန်းနှင့် အသိဖွဲ့ပေး၏။
“သြ ... သြ ...ခင်ဗျားအကြောင်းကိုလည်း ကိုဗဟိန်းက ခဏခဏ ပြောပါတယ်ဗျာ”ဟု သခင်သန်းထွန်းက ပြုံးကာ ပြောလေသည်။
သူသည် မန္တလေးပိုး အပေါ်ဖုံး၊ ပိုးလုံချည် ဝတ်ထား၏။ မျက်နှာမှာ ခပ်လုံးလုံး၊ အရုပ်ဆိုးသည်ဟု ခေါ်ရပေမည်။ အသား က ဝါလဲ့လဲ့။ ဆံပင်ကောက်၏။ အထူးခြားဆုံးမှာ ခေါင်းကြီးခြင်းဖြစ်၏။ အမူအရာမှာ ပျော့ပျောင်း၏၊ စကားပြောသော အခါလည်း ခပ်အေးအေးနှင့် သိမ်မွေ့စွာပြော၏။
အစက ထင်ထားသကဲ့သို့ အာပေါင်အာရင်းသန်သန် ဟစ်အော်သူမဟုတ်။ ညှင်းညှင်းညံ့ညံ့ လေသံနှင့်။ ကဗျာဆရာ မီလ်တန်၊ လီနင်ဝါဒ၊ ကိုလိုနီတော်လှန်ရေး၊ ဘားနတ်ရှော ပြဇာတ်၊ ချားလ်စ်ဒစ်ကင်း၏ ဝတ္တု၊ ဗြိတိသျှပါလီမန်၊ ဦးကုလား ရာဇဝင်၊ သိပ္ပံ မောင်ဝ ၏ ခေတ်စမ်းစာ၊ နတ်ရှင်နောင်ရတု စသော အကြောင်းအရာများကို ပြော၏။
နောင်မှ သူသည် ဆရာဖြစ်သင် တက္ကသိုလ်ကျောင်းမှ ထွက်ကြောင်း သိရသည်။ ကျောင်းနေစဉ်က စာတော်သူတဦးဖြစ်ခဲ့၏။ တခါက အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ဆောင်းပါးတစောင်ကို တက္ကသိုလ် သမဂ္ဂ မဂ္ဂဇင်းဟောင်းတစောင်တွင် ဖတ်ရဖူး၏။ သူသည် အင်္ဂလိပ်စာကို နိုင်နင်းစွာ ရေးနိုင်သူဖြစ်၏။ ဂျပန်ခေတ် သူဝန်ကြီးဖြစ်စဉ် သူရေးထားသော အင်္ဂလိပ်စာကို ဖတ်၍ နောင် ဖဆပလ ခေတ် ဒုတိယဝန်ကြီးချုပ်ဖြစ်ခဲ့သူ ကိုကျော်ငြိမ်းက 'အင်္ဂလိပ်စာရေးတာ မြန် သလောက် ကောင်းတာပါပဲ' ဟု ချီကျူးသည်ကို ကြားရဖူး၏။ ၁၉၃၉ က တို့ဗမာအစည်းအရုံးမှ ကိုယ်စားလှယ်များအဖွဲ့သည် ကွန်ဂရက်၏ ဖိတ်ကြားချက်အရ အိန္ဒိယပြည် ရမ်းဂါး သွားကြ၏။ သခင်အောင်ဆန်း၊ ကိုဗဟိန်း၊ သခင်သန်းထွန်းတို့ ပါသွားကြ၏၊ တက္ကသိုလ် ကျောင်းသား သမဂ္ဂ များက သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့ကို မကြာခဏဖိတ်၍ စကားပြောစေသည်ဟု သိရ၏။ သခင်သန်းထွန်းကို ပွဲတောင်းလှသည်ဟု ကြားရ၏။
ဂျပန်ခေတ် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဖြစ်စဉ်က သူ့ဌာနတွင်လုပ်သော အတွင်းဝန်များသည် သူ့ကိုလေးစားကြသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် လယ်ယာစိုက်ပျိုးရေးကို လေ့လာနားလည်ပြီး ညာဝါးဖြန်းသန်းကာ မဆိုင်သည်ကို ဝင်ရောက် စွက်ဖက်ခြင်း မလုပ်သောကြောင့်ဖြစ်သည်”ဟူ၍ ရေးသားထားလေသည်။
သခင်သန်းထွန်းသည် မြန်မာလိုရော အင်္ဂလိပ်လိုပါ စာရေးကောင်းသူဖြစ်သည်။ သုပဏ္ဏက ကလောင်အမည်ဖြင့်လည်း ဆောင်းပါးများ။ ဘာသာပြန်စာပေများရေးသားခဲ့သည်။ ၁၉၃၉ ခုနှစ်က အရေးတော်ပုံ အမည်ရှိ ကွန်မြူနစ်ပါတီ ဂျာနယ် ကို လည်း လျှို့ဝှက် ထုတ်ဝေခဲ့သည်။
သို့ကလို ထူးချွန်ထက်မြက်၍ နိုင်ငံရေးသမိုင်းအစဉ်အလာ ကြီးမားခဲ့သော သခင်သန်းထွန်းကို ၁၉၁၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် တောင်ငူခရိုင် ကညွတ်ကွင်းမြို့ အဘ ဦးဘိုးမောင်၊ အမိ ဒေါ်အေးကြူတို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း ၆ ဦး အနက် တတိယမြောက်ဖြစ်သည်။ သူ့အထက် အစ်ကိုတို့မှာ ဦးတင်(သာယာဝတီထောင်မှူးဟောင်း)၊ ဦးညီပုတို့ဖြစ်ပြီး သူ့အောက် ညီနှင့် ညီမတို့မှာ မစိမ်းညို၊ ကိုညီလေး၊ မစိမ်းချို (မမြဝင်း) တို့ဖြစ်ကြသည်၊
သခင်သန်းထွန်းသည် ပျဉ်းမနားမြို့ အင်္ဂလိပ်-မြန်မာ အထက်တန်းကျောင်းမှ ဆယ်တန်း(တက္ကသိုလ်ဝင်တန်း)ကို အင်္ဂလိပ်စာ၊ ရာဇဝင်၊ မြန်မာတို့ ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်ပြီးနောက် ရန်ကုန်မြို့ ဆရာဖြစ်သင် ကောလိပ်တွင် ပညာ ဆက်လက် သင်ကြားခဲ့သည်။ ဆရာအတတ်သင်ကျောင်းမှ ဆင်းပြီးနောက် ရန်ကုန်မြို့ကန်တော်ကလေးရပ်ရှိ ဘားမား မွတ်စလင် အထက်တန်းကျောင်း(ယခု အထက(၆)မင်္ဂလာတောင်ညွန့်မြို့နယ်) တွင် ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့ လေသည်။
ကိုလိုနီခေတ်မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် သခင်သန်းထွန်းသည် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခဲ့ သည်။ ထို့နောက် ၁၉၃၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် သခင်နု၊ ဦးထွန်းအေး၊ ဦးအုန်းခင်တို့နှင့်အတူ နဂါးနီ စာအုပ် အသင်း တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။
ထို့နောက်တို့ဗမာအစည်းအရုံးတွင်လည်းလယ်ယာစိုက်ပျိုးရေးဆိုင်ရာ တာဝန်ခံအမှုဆောင်အဖြစ်လည်းကောင်း၊ အတွင်းရေးမှူး အဖြစ်လည်းကောင်း တာဝန်ယူကာ ဆက်လက်ပါဝင်လှုပ်ရှားခဲ့ပေသည်။ ၁၉၄၀ ပြည့်နှစ်မတ်လ၂၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့(Ramgarh)တွင်ကျင်းပသည့်အိန္ဒိယကွန်ဂရက်ပါတီညီလာခံသို့တို့ဗမာအစည်းအရုံး၏ ကိုယ်စားလှယ်အဖြစ် သခင်အောင်ဆန်း၊ သခင်တင်မောင်၊ သခင်အုန်းမြင့်(တိုးတက်ရေး)၊ ကိုထွန်းရှိန်၊ ကိုဗဟိန်း၊ သခင် ဆင်ဂူပတား တို့နှင့်အတူ တက်ရောက်ခဲ့သည်။ ထိုအချိန်တွင် မြန်မာပြည်သို့ရောက်ရှိလာသော မာ့က်စ်ဝါဒ စာအုပ်များကိုဖတ်ရှုကာ ကွန်မြူနစ် ဝါဒကို စိတ်ဝင်စားခဲ့သည်။ ယင်းနောက် ဗမာပြည်ကွန်မြူနစ်ပါတီတွင် ပါဝင်လှုပ်ရှားခဲ့လေသည်၊
၁၉၄၀ ပြည့်နှစ်မှ ၁၉၄၂ ခုနှစ်အတွင်း သခင်သန်းထွန်းသည် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ထောင်ကျခဲ့လေ သည်။ ၁၉၄၂-၄၄ ဂျပန်ခေတ်တွင် သခင်သန်းထွန်းသည် မြန်မာနိုင်ငံ အုပ်ချုပ်ရေး အဖွဲ့တွင် မြေယာနှင့် လယ်ယာစိုက်ပျိုးရေး တာဝန်ခံအဖြစ် လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေး ပြင်ဆင်မှုကော်မတီတွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံ အစိုးရ အဖွဲ့တွင် မြေယာနှင့် လယ်ယာစိုက်ပျိုးရေးဌာန ဝန်ကြီးအဖြစ် လည်းကောင်း တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဖဆပလ အဖွဲ့ကြီးကို စတင်ဖွဲ့စည်းသောအခါ အဖွဲ့ဝင်အဖြစ် ပါဝင်ကာ ဖက်ဆစ် တော်လှန်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
၁၉၄၅ ခုနှစ် ဇူလိုင်လတွင် သခင်သန်းထွန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဥက္ကဌဖြစ်လာသည်၊ ယင်းနှစ်တွင် မြောင်းမြမြို့နေ ဦးဖိုးညှင်း ဒေါ်ဖွားစုတို့၏ သားသမီးကိုးယောက်အနက် ပဉ္စမမြောက်သမီး မခင်ကြီး(ဗိုလ်ချုပ်အောင်ဆန်း ကတော် ဒေါ်ခင်ကြည် ၏ အစ်မ)နှင့် ထိမ်းမြား၍ သမီး ခင်မမ၊ သား မောင်ထွန်းအောင်၊ မောင်ထွန်းဝင်းတို့ ထွန်းကားခဲ့သည်။ ဒေါ်ခင်ကြီးသည် သခင်သန်းထွန်း ထက် အသက် ၂ နှစ်ကြီးသည်။
ထို့နောက် ၁၉၄၆ ခုနှစ်တွင် သခင်သန်းထွန်းသည် ဖဆပလအဖွဲ့၏ အထွေထွေအတွင်းရေးမှူး အဖြစ် ရွေးချယ်တင်မြှောက် ခြင်း ခံရလေသည်၊ ၁၉၄၆ အောက်တိုဘာလ ၁၀ရက်နေ့တွင် သခင်သန်းထွန်းတို့ ဦးဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ သည် ဖဆပလ အဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်းခံရသည်။ ၁၉၄၈ မတ်လ၂၈ တွင်သခင်သန်းထွန်း ဦးဆောင်သော ဗမာပြည် ကွန်မြူနစ် ပါတီသည် အစိုးရကို တော်လှန်ပုန်ကန်ကာ တောခိုခဲ့သည်၊ ယင်းနောက် မြေအောက်ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဥက္ကဌအဖြစ် နှစ်ပေါင်း ၂၀ ကျော် ဆောင်ရွက်ခဲ့သည်။
၁၉၆၈ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီ မိနစ်၂၀ အချိန်တွင် တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အနောက်ဘက်ခြမ်း ပဲခူးရိုးမ အရှေ့စောင်း ကျောက်ချောင်းကမ်းပါးရှိ တောင်ကြောလေးပေါ်တွင် အခင်းသွားနေစဉ် ကြုံတိတ် ခေါ် လုံတိတ် ခေါ် ရဲဘော် မြကြီး ဆိုသူက ရိုင်ဖယ်သေနတ်ဖြင့် အနီးကပ် ပစ်ခတ် လုပ်ကြံသောကြောင့် သခင်သန်းထွန်း သည် ကျဆုံးသွားခဲ့ရပေသည်။
သခင်သန်းထွန်အား ရဲဘော်မြကြီး သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့ပုံကို ၁၉၆၈ နိုဝင်ဘာ၂၈ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်း မြန်မာ့အသံလွှင့်ရုံ၌ ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီဝင် ပဲခူးရိုးမ တိုင်းဥက္ကဌ ဗိုလ်မှူးမြခေါ် ရဲဘော်မြသည် သတင်းစာဆရာများအား အောက်ပါအတိုင်းပြောပြခဲ့သည်။
“လွန်ခဲ့သည့်စက်တင်ဘာ၂၄ ရက်နေ့က မိမိတို့သည် တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အနောက်ဘက်ရိုးမ တောင်စွယ် တွင် ဗဟိုစခန်းချခဲ့ကြသည်။ ထိုနေ့ညနေ ၅ နာရီကျော်ခန့်တွင် ဥက္ကဌ သခင်သန်းထွန်းသည် အခင်းကြီးစွန့်ရန်တောင်ခြေသို့ဆင်းသွားပြီးမကြာမီတွင်သေနတ်သံတချက်ကြားရသည်။ သေနတ်သံကြားရ၍ မိမိက လှမ်းအကြည့်တွင် လုံချည်ကို လက် နှစ်ဘက်ဖြင့်မကာ တောင်ခြေမှ ဗဟိုစခန်းပေါ်သို့ ပြေးတက်လာပြီး ဘယ်သူက ပစ်လိုက်တယ်မသိဘူးဟု တခွန်းသာပြောနိုင်သည်။ မိမိက သေနတ်သံလာရာကို လိုက်ကြည့်ပြီး ပြန်အလာတွင် သခင်သန်းထွန်း လဲနေသည်ကို တွေ့ရသည်။ ၅ မိနစ် အကြာတွင် သေဆုံးသွားသည်။ ဗကပ ဆေးမှူး ကိုလှမောင်၏ စစ်ဆေးချက်အရ သေနတ်ကျည်ဆန်သည် ဘယ်နံစောင်းမှ ဝင်ကာ ညာဘက်နို့အုံမှ ပေါက်သွားပြီး နှလုံးထက်မှ သွေးကြောမကြီး ပြတ်သွားသည်ဟု သိရသည်။ ဆေးလုံးဝ ကုသချိန်မရဘဲ ၅ မိနစ် အတွင်း သေဆုံးသွားသည်။ ထိုညမှာပင် ဗကပ ဗဟိုစခန်းကို နေရာပြောင်းရွှေ့ကာ တရက်ခရီးသွားအပြီး သခင် သန်းထွန်း၏ အလောင်းကို လျှို့ဝှက်စွာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်း” စသည်ဖြင့် ပြောကြားသွားသည်။
သခင်သန်းထွန်း အလောင်းမြှပ်နှံရာနေရာကို တပ်မတော်ကတွေ့ရှိခဲ့ပုံကို တပ်မတော်ထောက်လှမ်းရေး ဒုတိယ ညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တင်ဦး(နောင် ထောက်လှမ်းရေးညွှန်ချုပ် ဗိုလ်မှူးချုပ် မျက်မှန်တင်ဦး)က ပြောကြား ရာ တွင် “သခင် သန်းထွန်းအား သေနတ်ဖြင့်ပစ်ခဲ့သူ မောင်မြကြီး ပြောကြားချက်ကို မိမိတို့စစ်ဆေးရန်အတွက် မိမိသည် တပ်မတော် ထောက်လှမ်းရေးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တပ်မ ၇၇ မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်အတူ သခင်သန်းထွန်း လုပ်ကြံ ခံရသည့်နေရာသို့ သွားရောက်ခဲ့ကြကြောင်း၊ ထိုနေရာတွင် ဗကပ များသည် စခန်းကို ဗြုန်းစားကြီး ပြောင်းရွှေ့ခဲ့၍ ပလတ်စတစ် အမိုးစများ ဝါးတိုင် များတွင် စုတ်ပြတ်ကျန်ရစ်ခဲ့သည်ကို လည်းကောင်း၊ သခင်သန်းထွန်း အလောင်းသယ်ယူရာတွင် အသုံးပြုရန်အတွက် ခုတ်ယူသွားသည့် ဝါးငုတ်တိုတို့ကိုလည်းကောင်း၊ ထိုးဆေးပုလင်းများ၊ သွေးစသွေးနများ တွေ့ရှိခဲ့ရကြောင်း၊ ထို့အပြင် မောင်မြကြီး၏ သေနတ်ကို စီအိုင်ဒီ(ရဲမှုခင်းတပ်ဖွဲ့)သို့ ပို့၍ စစ်ဆေးခြင်း၊ သခင်သန်းထွန်း လဲကျသည့်နေရာမှ သွေးစများကို ဒေါက်တာ မောင်မောင်တိတ် အား ဓာတ်ခွဲကြည့်စေခြင်းများပြုလုပ်ခဲ့သည်။ သခင်သန်းထွန်း အား မြှပ်နှံထားသည့်နေရာကို နိုဝင်ဘာလ၂၀ ရက် နေ့မှစ၍ နေ့စဉ်ရက်ဆက် ရှာဖွေခဲ့ရာ နိုဝင်ဘာ၂၃ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် ဦးမြ(ရဲဘော်မြ)၏ လမ်းညွှန်မှုဖြင့် တွေ့ရှိခဲ့သည်။ သခင်သန်းထွန်း၏ ရုပ်အလောင်းသည် ပလတ်စတစ်ဖြင့် ဖုံးအုပ်ပြီး မြှပ်နှံခဲ့သည့်အတွက် ညာဘက် လက်မောင်းပင် အသားများယောင်ယမ်းနေသည်ကို တွေ့ရသည်။ ယင်ကောင် များမအုံမီ ဓာတ်ပုံများ ရိုက်ယူပြီး သခင်သန်းထွန်း၏အလောင်းကို တူးဖော်တွေ့ရှိသည့် နေရာမှာပင် ကောင်းမွန်စွာ သင်္ဂြိုဟ် လိုက်ကြောင်း”စသည်ဖြင့် ပြောကြားသွားသည်၊
သခင်သန်းထွန်း ကျဆုံးသွားသောအခါ ဇနီး ဒေါ်ခင်ကြီးနှင့် သမီးတယောက် သားနှစ်ယောက် ကျန်ရစ်ခဲ့လေသည်။ သခင် သန်းထွန်း၏ဇနီး ဒေါ်ခင်ကြီး ၉၂ နှစ်သည် ၂၀ဝ၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တက္ကသိုလ် ရိပ်သာ လမ်း ခြံအမှတ် ၅၄ နေအိမ်တွင် ကွယ်လွန်သွားခဲ့လေသည်၊
စာကိုး -
(က) မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၃။ စာ ၁၃၇-၁၄၈
(ခ) သခင် သန်းထွန်း၏ နောက်ဆုံးနေ့များ
(ဂ) ရှေ့သို့စာစောင် အတွဲ ၁၄ အမှတ်၂ (၁၅-၁၂-၆၈)
(ဃ) Who’s who in Burma, pp193
(င) သခင် သန်းထွန်း၏သမီး ဒေါ်ခင်မမ(ခင်ခင်သန်း) ပြောပြချက် (၁၆-၃-ဝ၉)
(သန်းဝင်းလှိုင်သည် သမိုင်းဆိုင်ရာ စာပေများကို ရေးသားနေသူဖြစ်ပြီး စစ်အစိုးရ ဖိအားပေးမှုများကြောင့် မကြာသေးမီက ပြည်ပသို့ရောက်ရှိလာသူဖြစ်သည်။)

ကြေးမုံသတင်းစာပုံစံပြောင်းထုတ်မည်ဟုဆို

နရီလင်းလက် Saturday, 25 December 2010 12:57
စစ်အစိုးရထိန်းချုပ်ထားသည့်နေ့စဉ်ထုတ် ကြေးမုံ သတင်းစာကို လာမည့် ၂၀၁၁ ခုနှစ်တွင် ယခုထက်ပိုမို၍ စိတ်ဝင်စားဖွယ် ကောင်းသည့် သတင်းစာ တစောင်အဖြစ် ပြောင်းလဲ သွားမည် ဟု သိရသည်။
ယင်းသို့ ပြောင်းလဲရန်အတွက် လုပ်ငန်းလမ်းညွှန်နှင့် အနာဂတ်လမ်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၇ ရက်နေ့က နေပြည်တော် တပ်ကုန်း၊ ခရေပင်လမ်းခွဲရှိ ကြေးမုံ သတင်းစာတိုက်တွင် ကျင်းပခဲ့သည်ဟု နေပြည်တော် အသိုင်းအ၀န်းမှ သိရသည်။
“၂၀၁၁ ထဲမှာ အစိုးရပိုင် သတင်းစာတွေ ထပ်ထွက်လာမှာဆိုတော့ လက်ရှိထုတ်ဝေနေတဲ့ သတင်းစာကို ပုံစံပြောင်းချင်တာလည်း ပါတယ်။ နောက်တချက်က အစိုးရသတင်းစာနဲ့ ပတ်သက်ပြီး အနှစ်သာရ မရှိဘူး၊ ပေါ်လစီတွေ ပါတယ်လို့ ဝေဖန်နေတာတွေကို ပြန်တုံ့ပြန်ချင်တာကြောင့်လည်း ပါတယ်” ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။
အဆိုပါ သတင်းစာကို ခေတ်စနစ်နှင့် ညီသည့် အသွင်သဏ္ဌာန်ရော အနှစ်သာရ ပါဝင်စေရန်၊ သတင်းစာ ပုံစံပြောင်း၍ ရေးသားချက်များ ပြောင်းလဲကာ သတင်းဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ ထုတ်ဝေသွားရန် ဆေးနွေးကြောင်း၊ လာမည့်နှစ်အတွင်း အကောင်အထည် ပေါ်လာမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် သဘာဝ ဘေးအန္တရာယ်များဖြစ်သော ရေဘေး၊ လေဘေး၊ မီးဘေးနှင့် လူမှုရေး သတင်း၊ မှုခင်းသတင်းများကိုလည်း ထည့်သွင်းဖော်ပြရန် စီစဉ်ထားကြောင်း ကြေးမုံ သတင်းစာမှ ၀န်ထမ်းတဦးက ပြောသည်။
“သတင်းစာမှာ အာဏာပိုင်တွေ သွားတဲ့ မှတ်တမ်းတွေပဲ ဖော်ပြတာမျိုးမဟုတ်ဘဲ ပြည်တွင်းထုတ် ဂျာနယ်တွေလို သဘာဝ ဘေးအန္တရာယ်ဆိုလည်း ဖြစ်တာနဲ့ ဖော်ပြနိုင်အောင် လုပ်သွားမယ်လို့ ပြောတယ်။ မီဒီယာနဲ့ပတ်သက်ပြီး အစိုးရထုတ် သတင်းစာအပေါ်မှာ ပြောင်းလဲတဲ့အမြင်တခု၊ နေရာတနေရာ ပေးလာတာမျိုး ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ထားတယ်”ဟု ၎င်းက ဆိုသည်။
စစ်အစိုးရက ကာကွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် “နေပြည်တော် သတင်းစာ”နှင့် “မြ၀တီ သတင်းစာ” ကို ထပ်မံ ထုတ်ဝေသွားရန်လည်း စီစဉ်ထားသည်။
ယခုလက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာနက ကြေးမုံ သတင်းစာ၊ မြန်မာ့အလင်း သတင်းစာနှင့် TheNew LightofMyanmarတို့ကိုထုတ်ဝေနေပြီးအင်တာနက်စာမျက်နှာများတွင်ပါတင်၍နေ့စဉ် ဖော်ပြပေးနေသည်။
အဆိုပါ သတင်းစာများတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်များ၏ ခရီးစဉ်များ၊ အတိုက်အခံ အင်အားစုများကို ဝေဖန် တိုက်ခိုက်ပြီး စစ်အစိုးရ၏ မူဝါဒကို ထင်ဟပ်စေသည့် ဆောင်းပါးများကိုသာ အဓိက ထားဖော်ပြ နေသည်။
ပြည်ပ သတင်းနှင့် ပတ်သက်၍လည်း အီရတ်စစ်ပွဲများ၊ အမေရိကန်နိုင်ငံ၏ ၀င်ရောက်တိုက်ခိုက်မှုကြောင့် အရပ်သားမည်မျှ သေဆုံးသွားရသည်များကို ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ အမြဲမပြတ်ဖော်ပြသည်။
“အာဏာပိုင်တွေ ခရီးသွားတဲ့ အကြောင်း၊ ဘယ်နိုင်ငံက သံအမတ်နဲ့တွေ့တယ်။ နောက် သူတို့ မိသားစုလိုက် အလည်သွားတာကို ဖော်ပြပေးတယ်။ ပြည်သူတွေ တကယ်သိချင်တဲ့ လူမှုရေး၊ စီးပွားရေးအခြေအနေတွေ တခုမှ မပါဘူး” ဟု ပြည်တွင်း ဂျာနယ် အယ်ဒီတာ တဦးက ဆိုသည်။
အာဏာပိုင်များဘက်မှ အနှစ်သာရပြည့်ဝပြီး ခေတ်စနစ်နှင့်အညီ သတင်းစာတစောင်ဖြစ်လာရန် အကောင်အထည်ဖော်မည့် အပိုင်းတွင် သတင်းစာတစောင်၏ ရပ်တည်ချက်ဖြစ်သော မှန်ကန်မှု၊ မြန်ဆန်မှုနှင့် ဘက်လိုက်မှုမရှိသော အရေးအသားများ ထည့်သွင်းဖော်ပြမှုမရှိလျှင် ထူးခြားပြောင်းလဲသော သတင်းစာတစောင် ဖြစ်လာမည်မဟုတ်ဟု လေ့လာသူများက ပြောဆိုကြသည်။
“မူပြောင်းတဲ့ကိစ္စမှာ အားနည်းချက်တွေကတော့ ရှိနိုင်တယ်။ စစ်အစိုးရဲ့ လုပ်ရပ်တွေ၊ ပြောချင်တဲ့ အကြောင်းအရာတွေ တဖက်သတ် တင်ပြမယ်ဆိုရင်တော့ ဘာမှ မထူးဘူး။ အဲဒီလို မဟုတ်ဘဲ တကယ်ပြောင်းလဲ ဖြစ်မယ်ဆိုရင်တော့ မီဒီယာ အနည်းငယ် လွတ်လပ်လာပြီလို့ ပြောရမယ်။ တခြား ပုဂ္ဂလိက ဂျာနယ်တွေကို စာပေစိစစ်ရေးက ဖြတ်တောက်တယ် ဆိုပေမယ့် အစိုးရ မီဒီယာကတော့ အနည်းငယ် လွတ်လပ်လာတယ် ဆိုရင်ပဲ ဟုတ်နေပြီ” ဟု မြ၀တီ စာပေတိုက်မှ ဝန်ထမ်းတဦးက ဆိုသည်။
ထုတ်ဝေနေသည့် သတင်းစာများအနက် ကြေးမုံသတင်းစာ တစောင်သာ ယင်းကဲ့သို့ ပြောင်းလဲရန် စီစဉ်နေခြင်း ဖြစ်သည်။
ကြေးမုံ သတင်းစာကို လက်ရှိ စောင်ရေ တသိန်းကျော် ထုတ်ဝေနေပြီး ဈေးနှုန်း ၁၀၀ ကျပ်ဖြင့် ဖြန့်ချိ ရောင်းချနေကြောင်း သိရသည်။
ကြေးမုံ သတင်းစာကို ၁၉၅၇ ခုနှစ်တွင် စတင် ထုတ်ဝေခဲ့ရာ နှစ်ပေါင်း ၅၀ ကျော် သက်တမ်း ရှိပြီဖြစ်သည်။
ကြေးမုံ သတင်းစာကို ကြေးမုံ ဦးသောင်း၊ ဦးဝင်းတင်၊ ဇ၀န အစရှိသည့် သတင်းစာ ဆရာကြီးများက စတင် တည်ထောင် လုပ်ကိုင်ခဲ့ကြပြီး အရည်အသွေးရှိ သတင်းစာ တစောင်ဖြစ်ခဲ့ သော်လည်း ဗိုလ်ချုပ်ကြီး နေ၀င်း ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး နောက် ကြေမုံ သတင်းစာသည်လည်း ပြည်သူပိုင် အသိမ်းခံခဲ့ရသည်။ ထိုနောက်ပိုင်းမှ စတင်၍ ကြေးမုံ သတင်းစာမှာ အစိုးရသတင်း ဦစားပေး ဖော်ပြရသည့် သတင်းစာ တစာင်၊ ဝါဒဖြန့် သတင်းစာ တစောင်အဖြစ် အသုံးပြုခံခဲ့ရပြီး အရည်သွေးလည်း ကျဆင်းသွားသည်။

vrijdag 24 december 2010

ဒေါ်အောင်ဆန်းစုကြည်ကိုရုရှားသံအမတ်ကြီးတွေ့ဆုံ

ရန်ပိုင် Friday, 24 December 2010 18:24
ဒေါ်အောင်ဆန်းစုကြည်ကိုမြန်မာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီးကယမန်နေ့ နေ့လယ်၌ လာရောက်တွေ့ဆုံကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကပြောသည်။
မည်သည့် အကြောင်းအရာများ ဆွေးနွေးသည်ကိုသတင်းထုတ်ပြန်ခြင်းမရှိသော်လည်းယခုကဲ့သို့ ရုရှားနိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံမှုမှာထူးခြားတိုးတက်မှုတခုဟု ယူဆကြောင်းNLDပါတီ ခေါင်းဆောင်တဦး ဖြစ်သည့် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။
“NLDပါတီမှာအခမ်းအနားလုပ်တိုင်းရုရှားသံရုံးကိုဖိတ်ပါတယ်။တခါမှမတက်ဘူး။အခုလာတာထူးခြားမှုပေါ့” ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် ရုရှားသံအမတ်ကြီး လာရောက်တွေ့ဆုံသည်မှာ နှစ်ကြိမ်ရှိပြီ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးစကလည်း ပထမအကြိမ် လာရောက်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံသည်မြန်မာနိုင်ငံအရေးကိစ္စများကိုကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်ဆွေးနွေးပါက တရုတ်နိုင်ငံနည်းတူ အမြဲတမ်း မြန်မာစစ်အစိုးရဘက်မှ ရပ်တည် အကာအကွယ်ပေးနေသည်။
ထိုသို့သဘောထားရှိသောနိုင်ငံတနိုင်ငံမှစစ်အစိုးရ၏အတိုက်အခံဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားလာရောက်တွေ့ဆုံခြင်းကိုကြည့်လျှင်ဒီမိုကရေစီဘက်သို့ တိမ်းညွှတ်လာသည်ဟု စဉ်းစရာရှိကြောင်း ဦးအုန်းကြိုင်က ဆိုသည်။
ယခင်ဆိုဗီယက်ယူနီယံမပြိုကွဲမီကာလကဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)အစိုးရကို မလိုလားသည့် တိုးတက်သောအယူအဆရှိသည်ဆိုသောလူငယ်တချို့ရန်ကုန်မြို့ရှိဆိုဗီယက်သံရုံးနှင့် အဆက်အသွယ်ရှိခဲ့ကြသည်။ဆိုဗီယက်သံရုံးယဉ်ကျေးမှုဌာနက၎င်းတို့နှင့်ပတ်သက်သည့် စာအုပ်စာတမ်းများစွာကို ထုတ်ဝေခဲ့သည်။
သို့သော်၁၉၉၁ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီး ရုရှားနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံတွင် ဆက်လက်ရပ်တည်ချိန်၌ မြန်မာစစ်အစိုးရနှင့် အနီးကပ်ဆက်ဆံခဲ့ပြီး ဒီမိုကရေစီလိုလားသည့် အတိုက်အခံများနှင့် ဆက်ဆံရေးမှာမူ လုံးဝနီးပါး ရပ်တန့်သွားခဲ့သည်။
စစ်အစိုးရအားMIG-29တိုက်လေယာဉ်များ၊ရဟတ်ယာဉ်များ၊တင့်ကား၊အမြောက်စသည့် စစ်လက်နက်ပစ္စည်းများကိုရောင်းချခြင်း၊နျူကလီးယားနည်းပညာအတွက်စစ်အစိုးရကမြန်မာ အရာရှိများကို ရုရှားနိုင်ငံသို့ ပညာသင်စေလွှတ်ခြင်း စသည့် ဆက်ဆံမှုများ ပြုလုပ်ခဲ့သည်။
ရုရှားနိုင်ငံသည် စစ်အစိုးရအား ၁၀ မီဂါဝပ်ရှိသည့် အသေးစား သုတေသနသုံး နျုကလီးယား ဓာတ်ပေါင်းဖိုတခု တည်ဆောက်ပေးရန် ၂၀၀၁ ခုနှစ်က သဘောတူခဲ့သည်၊ သို့သော် နောက်ပိုင်းတွင် တည်ဆောက်မည့် အစီအစဉ် ပျက်သွားကြောင်းကို စစ်အစိုးရက ထုတ်ဖော်ပြောကြားခဲ့သည်။
နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်လိုခြင်းမှာ ဆေးပညာနှင့် ငြိမ်းချမ်းစွာ အသုံးပြုရန်သာဖြစ်သည်ဟု ယခုနှစ် ဇွန်လအတွင်းက စစ်အစိုးရ သတင်းစာတွင် ကာကွယ်ရေးသားထားသည်။
ရုရှား ရေနံကုမ္ပဏီတခုဖြစ်သည့် NobleOilကုမ္ပဏီနှင့် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ထူးကုမ္ပဏီတို့ပူးပေါင်းပြီးစစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ်အတွင်းရှိ ဥရုချောင်းဖျားတွင် ရေနံရှာဖွေမှုများ ပြုလုပ်နေသည်ဟုပြီးခဲ့သည့် နိုဝင်ဘာလက ဆင်ဟွာသတင်းတပုဒ်တွင် ဖော်ပြထားသည်။
ရုရှားကုမ္ပဏီတခုဖြစ်သည့်JSCZarubezhneftIteraawsကုမ္ပဏီသည် မုတ္တမပင်လယ်ကွေ့ရှိ လုပ်ကွက်အမှတ်M-8တွင်၂၀၀၆ခုနှစ်ကတည်းစတင်လုပ်ကိုင်နေပြီးတခြားသောရုရှားကုမ္ပဏီ၂ ခုသည်လည်း စစ်ကိုင်းတိုင်း ပင်လယ်ဘူးဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်နေသည်။
ထို့အပြင် ရှမ်းပြည်နယ် တောင်ကြီးမြို့အနီးရှိ ပင်းပက်ဒေသတွင် သတ္တုတူးဖော်ရေး လုပ်ငန်းကို လုပ်ကိုင်နေသည့် ရုရှားကုမ္ပဏီတခုလည်း ရှိသေးသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ၁ လကျော်အတွင်း၌ အမေရိကန် အပါအ၀င် အနောက်နိုင်ငံများမှ သံအမတ်ကြီးများ၊ အာရှ၊ အာဖရိက နိုင်ငံများမှ သံအမတ်ကြီးများ လာရောက်တွေ့ဆုံခဲ့ကြပြီး ဗြိတိန်ဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ် အပါအ၀င် နိုင်ငံခေါင်းဆောင်များနှင့် ၎င်းတို့၏ ဇနီးများကလည်း ဖုန်းဖြင့် ဆက်သွယ်ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် အားပေးခဲ့ကြသည်။

မြန်မာ့နျူကလီးယားစီမံကိန်းများကိုစစ်ဆေးရန်IAEAတောင်းဆို

ထက်အောင် Friday, 24 December 2010 17:18
နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)မှထိပ်တန်းနျူကလီယားပညာရှင်ဟောင်းနှစ်ဦးအကြား မြန်မာစစ်အစိုးရရဲ့နျူကလီယားရည်မှန်းချက်များနဲ့ပတ်သက်ပြီးအလွန်ရှုပ်ထွေးနက်နဲတဲ့ နည်းပညာပိုင်ဆိုင်ရာအငြင်းပွားမှုတွေမကြာသေးခင်ကထွက်ပေါ်လာပြီးနောက်ပိုင်းIAEAဟာ အခုနောက်ဆုံးသံသယဖြစ်နေတဲ့နျူကလီးယားစီမံကိန်းနေရာတွေကိုစုံးစမ်းစစ်ဆေးဖို့ နည်းလမ်းရှာဖွေနေပါတယ်။
စစ်အစိုးရလျှို့ဝှက်တည်ဆောက်နေသောစက်ရုံများအနက်တခုရှိစက်ပစ္စည်းထိန်းချုပ်ခုံရှေ့တွင် တွေ့ရသောဗိုလ်မှူးစိုင်းသိန်းဝင်း။(ဓာတ်ပုံ-AP)
အမေရိကန်အခြေစိုက်TheWallStreet Journal သတင်းစာကြီးက IAEA ကို ကိုးကားပြီး “သံသယဖြစ်ဖွယ် နေရာများကို သွားရောက် စစ်ဆေးဖို့ ဘယ်လ်ဂျီယံ နိုင်ငံသား ဟာမန်း နက်ကက်စ် ဦးဆောင်တဲ့ IAEA ရဲ့ အဏုမြူကာကွယ်ရေးဆိုင်ရာဌာနကမြန်မာအစိုးရထံစာတစောင်ရေးသားပေးပို့ခဲ့ပါတယ်”လို့ ရေးသားခဲ့ပါတယ်။
IAEAရဲ့တောင်းဆိုမှုအပေါ် စစ်အစိုးရက ဘယ်လို တုံ့ပြန်မယ် ဆိုတာကတော့ မသိရသေးပါဘူး။
မြောက်ကိုရီးယား မိတ်ဆွေများ အကူအညီနဲ့ နျူကလီယားလက်နက် ပိုင်ဆိုင်ဖို့အတွက် စစ်အစိုးရဟာ အမှန်တကယ်ပဲ အကောင် အထည်ဖော် လုပ်ဆောင် နေခြင်းရှိမရှိ သေချာစေဖို့ အတွက် ဒါဟာ IAEA ဖက်က နောက်ထပ်တဆင့် ခြေလှမ်းလှမ်း လိုက်တာ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရရဲ့ နျူကလီးယား ရည်မှန်ချက်တွေနဲ့ ပတ်သက်ပြီး ၂၀၀၂ ခုနှစ်ဝန်းကျင်ကတည်းက ထင်မြင်ယူဆချက် အမျိုးမျိုး ထွက်ပေါ်နေခဲ့ပေမယ့် ဒီနှစ်လယ်ပိုင်းမှာ မြန်မာ့တပ်မတော်ကနေ ပြည်ပကို ဘက်ပြောင်းခိုလုံလာတဲ့၊ ရုရှားနိုင်ငံမှာ ဒုံးပျံ နည်းပညာကို အထူးပြုလေ့လာခဲ့တဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းက စစ်အစိုးရရဲ့ ဒုံးပျံစီမံကိန်းများနဲ့ နျူကလီးယား စီမံကိန်းနေရာများနဲ့ ပတ်သက်တဲ့ ဓာတ်ပုံ၊ စာရွက်စာတမ်း အထောက်အထားများစွာကို ပြည်ပအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံကတဆင့် ထုတ်ဖော်လိုက်ပါတယ်။
အဲဒီနောက်ပိုင်း အဆိုပါ ထင်မြင်ယူဆချက်များဟာ အလွန် ကြီးထွားလာခဲ့ပါတယ်။ စစ်အစိုးရရဲ့ လျှို့ဝှက်စီမံကိန်း အထောက်အထားတွေကို အယ်လ်ဂျာဇီးယား ရုပ်သံသတင်းဌာနကြီးက ယခုနှစ် ဇွန်လအစောပိုင်းမှာ ထုတ်လွှင့်ခဲ့ပါတယ်။
ရာနဲ့ချီတဲ့ အဲဒီဓာတ်ပုံများနဲ့ အထောက်အထား စာရွက်စာတမ်းများကို အသေအချာ စစ်ဆေးပြီးတဲ့နောက် IAEA ရဲ့ စုံစမ်း စစ်ဆေးရေးမှူးဟောင်တဦးဖြစ်တဲ့ ရောဘတ်ကယ်လီက သူ့ရဲ့အစီရင်ခံစာမှာ “ကျနော်တို့ စစ်ဆေးတွေ့ရှိချက်က ထွက်ပေါ်လာတဲ့ သုံးသပ်ချက်က တခုတည်းပါပဲ။ (အထောက်အထား ဓာတ်ပုံများအရ) ဒီနည်းပညာဟာ နျူကလီးယားလက်နက် အတွက်သာ ဖြစ်ပါတယ်။ အရပ်ဘက်အတွက် အသုံးပြုဖို့ ဒါမှမဟုတ် အဏုမြူစွမ်းအင်အတွက် မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ဇွန်လ ၁၂ ရက်နေ့မှာတော့ စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာကတဆင့် ကြေညာချက်တစောင် ထုတ်ပြန်ပြီး မြန်မာ့နျူကလီယား ရည်မှန်းချက်များနဲ့ ပတ်သက်တဲ့ အစီရင်ခံစာဟာ “မြန်မာနိုင်ငံကို နိုင်ငံရေးအရ တိုက်ခိုက်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်များသာ ဖြစ်တယ်” လို့ တုန့်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် စက်တင်ဘာလမှာ ကျင်းပတဲ့ IAEAရဲ့ ၅၄ ကြိမ်မြောက် နှစ်ပတ်လည် ပုံမှန်အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်သူ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက “ယခုနှစ်အတွင်း မြန်မာနိုင်ငံကနျူကလီယားစီမံကိန်းတခုကိုလုပ်ဆောင်ရန်ကြိုးပမ်းနေသည်ဟု နိုင်ငံတကာသတင်းမီဒီယားများက ရေးသားချက်များသည်အခြေအမြစ်မရှိသော စွပ်စွဲချက်များသာဖြစ်သည် … မြန်မာနိုင်ငံသည် နျူကလီယားလက်နက် ထုပ်လုပ်ခြင်းနှင့် ပြန့်ပွားခြင်းဆိုင်ရာ လုပ်ဆောင်မှုများကို မည်သည့်အခါမျှ လုပ်ဆောင်လိမ့်မည်မဟုတ်ပါ” လို့ ထပ်မံငြင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် မြန်မာစစ်အစိုးရဟာ ဗိုလ်မှူး စိုင်းသိန်းဝင်းက ထုတ်ဖော်ခဲ့တဲ့ ဓာတ်ပုံတွေထဲက အဆင့်မြင့်နည်းပညာသုံး ပစ္စည်း ကိရိယာများရဲ့ တကယ့်ရည်ရွယ်ချက်ကို အထောက်အထားနဲ့ ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်ခဲ့ပါတယ်။
နိုဝင်ဘာလ၁၂ရက်နေ့မှာIAEAရဲ့ နောက်ထပ် အရာရှိဟောင်းတဦးဖြစ်တဲ့ ဒုတိယ ညွှန်ကြားရေးမှူးဟောင်း အိုလီ ဟိန်းနွန်နန်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း ရောဘတ်ကယ်လီကို စိန်ခေါ်လိုက်ပါတယ်။ အမေရိကန်အခြေစိုက် ProPublicaနဲ့ PBSသတင်းဌာနတို့ ပူးပေါင်းတင်ဆက်တဲ့ “NeedtoKnow” အစီအစဉ်မှာ “ဒါဟာ နျူကလီးယား ရည်ရွယ်ချက်အတွက်ပါ၊ တခြား ဘာအတွက်မှ မဟုတ်ပါဘူးလို့ ပြောရလောက်တဲ့ အချက်အလက် တခုတလေမှ မရှိပါဘူး” လို့ ပြောလိုက်ပါတယ်။
“ဓာတ်ပုံတွေထဲက စက်ပစ္စည်း ကရိယာတွေဟာ တခြားဖြစ်နိုင်ခြေရှိတဲ့ အသုံးချမှုတွေ ရှိနိုင်ပါတယ်၊ အခုလို ကြီးမာတဲ့ စွပ်စွဲမှုတွေကို စစ်တပ်က ဘက်ပြောင်းလာတဲ့ သူတယောက်တည်းရဲ့ ထွက်ဆိုချက်အပေါ် အခြေမခံသင့်ပါဘူး” လို့ သူက ဆိုပါတယ်။
ထိပ်တန်း နျူကလီယား ပညာရှင်နှစ်ယောက်ရဲ့ ကွဲလွဲတဲ့အမြင်တွေဟာ ဒီနေရာမှာတင် အဆုံးမသတ်သင့်ပါဘူး။ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာအသိုင်းအ၀န်းက တကယ့်ဖြစ်ရပ်မှန်ကို သိသင့်တဲ့ အခွင့်အရေး ရှိရပါမယ်။ IAEA ဟာ ဒီအရှုပ်အထွေးကြီးကို ရှင်းလင်းအောင် လုပ်ဆောင်ဖို့ တာဝန်ရှိတဲ့ တခုတည်းသော အေဂျင်စီ ဖြစ်ရုံမက အဲဒီလို လုပ်ဆောင်နိုင်တဲ့ နည်းပညာဆိုင်ရာ အရင်းအမြစ်များလည်း ရှိနေပါတယ်။
ဒါ့အပြင် “နျူကလီယားလက်နက် မပြန့်ပွားရေးစာချုပ်နှင့် ဆက်စပ်သော အဏုမြူဆိုင်ရာ လုံခြုံစိတ်ချရမှု ကာကွယ်ရေးသဘောတူညီချက်”ကိုIAEAနဲ့ မြန်မာစစ်အစိုးရတို့အကြားလက်မှတ်ရေးထိုး ချုပ်ဆိုထားချက်အရ သံသယဖြစ်နေတဲ့ နျူကလီယား စီမံကိန်းနေရာများကို သွားရောက်စစ်ဆေးနိုင်တဲ့ အခွင့်အရေးကို ကျင့်သုံးဖို့ IAEA မှာ အခွင့်အာဏာရှိပါတယ်။
အဲဒီစာချုပ်ကို ၁၉၉၅ ခုနှစ် ဧပြီလမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ထိုစဉ်က မြန်မာစစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်နဲ့IAEAရဲ့ညွှန်ကြားရေးမှူးချုပ်ဟောင်း ဟန်းဘလစ်တို့ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ နျူကလီယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) အဖွဲ့ဝင်အဖြစ် ၁၉၉၂ ခုနှစ်ကတည်းက ရှိနေခဲ့သလို အရှေ့တောင် အာရှ နျူကလီယားလက်နက် ကင်းမဲ့ဇုန်စာချုပ်ကိုလည်း ၁၉၉၅ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဏုမြူဆိုင်ရာ လုံခြုံစိတ်ချရမှု ကာကွယ်ရေး သဘောတူညီချက်ရဲ့ ပုဒ်မ ၂ က “ဤသဘောတူညီချက်ပါ စည်းကမ်းချက်များနှင့်အညီ မြန်မာနိုင်ငံ နယ်နမိတ်အတွင်း နိုင်ငံတော်၏ တရားစီရင်ပိုင်ခွင့်အောက်တွင် သို့မဟုတ် နိုင်ငံတော်က ထိန်းချုပ် အကောင်အထည်ဖော်နေသည့် မည်သည့်နေရာတွင်မဆို ငြိမ်းချမ်းရေးအတွက် အသုံးပြုသော နျူကလီးယားလုပ်ငန်း အရင်းအမြစ် အားလုံး သို့မဟုတ် ထူးခြားသည့် ဓာတ်ရောင်ခြည် ပျံ့လွင့်နိုင်သော သတ္တုပစ္စည်းများ၏ အဏုမြူဆိုင်ရာ လုံခြုံစိတ်ချရမှု ကာကွယ်ရေးလုပ်ငန်းကို IAEAက လုပ်ဆောင်ရန် တာဝန်ဝတ္တရားနှင့် အခွင့်အရေးရှိသည်။ ထိုသို့လုပ်ဆောင်ရာတွင် အဆိုပါ ဓာတ်သတ္တုများကို နျူကလီယားလက်နက် သို့မဟုတ် တခြားပေါက်ကွဲစေတတ်သော နျူကလီယားပစ္စည်းများအဖြစ် ပြောင်းလဲခြင်းရှိမရှိ သေချာစေရန် တခုတည်းသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ရန်အတွက် ဖြစ်သည်” လို့ ဖော်ပြထားပါသည်။
ထိုသဘောတူညီချက်ရဲ့ပုဒ်မ၃အရတကယ်လို့IAEAက သံသယဖြစ်နေတဲ့ နေရာတွေကို သွားရောက်စစ်ဆေးချင်ရင် မြန်မာစစ်အစိုးရဟာIAEAနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် ၀တ္တရားရှိပါတယ်။ ဒါပေမယ့်IAEAရဲ့စစ်ဆေးရေးမှူးခန့်အပ်တာနဲ့ စစ်ဆေးရေးလုပ်ငန်း လုပ်ဆောင်တဲ့နေရာတွေမှာ စစ်အစိုးရရဲ့ သဘောတူညီမှုကို ပထမ ရယူရပါလိမ့်မယ်။
တကယ်လို့ စစ်အစိုးရက စစ်ဆေးရေးမှူးခန့်အပ်တာနဲ့ စစ်ဆေးရေးလုပ်ငန်းတွေကို လက်ခံဖို့ အကြိမ်ကြိမ် ငြင်းဆန်နေမယ်ဆိုရင်IAEAအုပ်ချုပ်ရေးအဖွဲ့က အဲဒီကိစ္စကို သင့်လျော်သလို ဆက်လက် အရေးယူဆောင်ရွက်နိုင်ရန်အေဂျင်စီရဲ့ညွှန်ကြားရေးမှူးချုပ်ထံလွှဲပြောင်းပေးနိုင်တာကို သဘောတူညီချက်ရဲ့ ပုဒ်မ ၉ (က) မှာ ဖော်ပြထားပါတယ်။
ဒီလိုအချိန်မှာပဲ မြန်မာစစ်အစိုးရရဲ့ နျူကလီယား ရည်မှန်းချက်များအပေါ် အငြင်းပွားမှုကို ပိုပြီးအားကောင်းစေတဲ့ နောက်ထပ် သတင်းဆောင်းပါတပုဒ်ကိုTheNewRepublicက ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
BurmaBombshellဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါးရှင်ဂျိုရွှာကာလန်ဇစ်(JoshuaKurlantzick)က လွန်ခဲ့တဲ့လကပဲကုလသမဂ္ဂစုံစမ်းစစ်ဆေးမှုတခုက မြောက်ကိုရီယားနိုင်ငံဟာ တားမြစ်ထားတဲ့ နျူကလီယားဆိုင်ရာ ပစ္စည်းကရိယာတွေကို မြန်မာနိုင်ငံကို တင်ပို့ခဲ့တဲ့ နောက်ထပ် အထောက်အထားတွေ တွေ့ရှိခဲ့တယ်” လို့ ရေးသားလိုက်ပါတယ်။
နိုင်ငံတကာအသိုင်းအ၀န်းက မီးခိုးကိုတော့ ရှာဖွေထောက်လှမ်း တွေ့ရှိခဲ့ပါပြီ။ အခုအခါမှာတော့ ဒီမီးခိုးထွက်လာတဲ့ မီးပုံကို ရှာဖွေဖို့ IAEA မှာ တာဝန်ရှိလာပါပြီ။ ထို့အတူ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ အာဆီယံအသင်းကြီးကလည်း IAEAရဲ့ ကြိုးပမ်းအားထုတ်မှုကို ခိုင်ခိုင်မာမာ ထောက်ခံရမှာ ဖြစ်တယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများက လက်မှတ်ရေးထိုးထားတဲ့ အရှေ့တောင်အာရှဒေသအတွင်း နျူကလီယားလက်နက် မပြန့်ပွားရေးဇုန် သဘောတူစာချုပ်ကြောင့် အာဆီယံအသင်းကြီးမှာလည်း တာဝန်ရှိနေလို့ပါပဲ။

ထာဝရနှင်းဆီအငြိမ့်မလေးရှားနှင့်စင်္ကာပူတွင်ဖျော်ဖြေမည်

ဟိန်းသူ Friday,24December 2010 18:06
မလေးရှားနိုင်ငံနှင့်စင်ကာပူနိုင်ငံတို့တွင်ဖျော်ဖြေမည့်ထာဝရနှင်းဆီအငြိမ့်အတွက်ပရိသတ်များအထူးစိတ်ဝင်စားနေပြီး ကြိုတင် လက်မှတ်များ ၀ယ်ယူသူ များပြားနေကြောင်း သိရှိရသည်။
“လက်မှတ်တွေကတော့ရောင်းနေရပြီ။အများဆုံးကတော့အထူးတန်းတွေရောင်းနေရတယ်။ ပရိသတ်တွေကအတော်လေးကိုစိတ်ဝင်စားကြတယ်”ဟုမလေးရှားတွင်ထာဝရနှင်းဆီရုပ်ရှင်၊ ဂီတ ပဒေသာ ကပွဲဖြစ်မြောက်ရေး အတွက် ဦးဆောင်သူ မြန်မာ့ ဥယျာဉ် ကုမ္ပဏီမှ ကိုစိုးသန်းက ပြောသည်။
ယခုဖျော်ဖြေမည့် ထာဝရနှင်းဆီတွင် နိုင်ငံခြားရောက်မြန်မာများအတွက် ရိုးရာယဉ်ကျေးမှုကို အဓိက ပြသမည့် အစီအစဉ်များ ပါဝင် မည်ဖြစ်ကြောင်း၊ ပြက်လုံးများကို အကောင်းဆုံး ကြိုးစားတင်ဆက် သွားမည်ဖြစ်ကြောင်း လူရွှင်တော်အဖြစ် ဖျော်ဖြေမည့် သရုပ်ဆောင် ကျော်ကျော်ဗိုကလည်း ပြောဆိုသည်။
“ပြည်ပက ပရိသတ်တွေ အခုလို စိတ်ဝင်စားကြတဲ့အတွက် ၀မ်းသာပါတယ်။ ရေခြား၊ မြေခြားက ပရိသတ်တွေကို ဖျော်ဖြေခွင့်ရဖို့က မလွယ်ပါဘူး။ အကောင်းဆုံးဖြစ်အောင် ကြိုးစားတင်ဆက်သွားမှာပါ”ဟု ၎င်းက ဆိုသည်။
မလေးရှားရှိ မြန်မာ့ဥယျာဉ်က စီစဉ်သည့် ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)၏ ထာဝရ နှင်းဆီ ရုပ်ရှင်၊ ဂီတ ပဒေသာကပွဲကိုမင်းသမီးအဖြစ် မေကဗျာ၊ ဂျင်းနီနှင့်ဖူးစုံတို့ကလည်းကောင်း၊ လူရွှင်တော်များ အဖြစ် သရုပ်ဆောင်နေတိုး၊ကျော်ကျော်ဗို၊ရဲလေး၊ထွန်းထွန်းနှင့်မိုးမိုးတို့ကလည်းကောင်း ကပြဖျော်ဖြေကြမည်ဖြစ်သည်။
အဆိုပါပွဲများအတွက် လွန်ခဲ့သည့် ၃ လခန့်ကတည်းက ပါဝင်ဖျော်ဖြေမည့် အနုပညာရှင်များနှင့် သဘောတူစာချုပ် ချုပ်ဆိုထားပြီး ဖြစ် ကြောင်းနှင့် ပွဲမကမီ အချိန်အတွင်း မလေးရှားနိုင်ငံအတွင်း မည်သည့်ပွဲကိုမှ လက်ခံကပြမည်မဟုတ်ကြောင်းကိုလည်း သဘော တူ ထားကြောင်း သိရသည်။
မလေးရှားနိုင်ငံ ထာဝရနှင်းဆီ ရုပ်ရှင်၊ ဂီတ ပဒေသာ ကပွဲကို၂၀၁၁ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကွာလာလမ်ပူ၌ လည်းကောင်း၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပီနန်၌ လည်းကောင်း ၂ နေရာ ကျင်းပမည်ဖြစ်သည်။
အနုပညာရှင်များ နှင့် မြန်မာပရိသတ်များ တွေ့ဆုံမိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကွာလာလမ်ပူ မြန်မာ့ ဥယျာဉ် ၌ လည်းကောင်း၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပီနန် မြန်မာ့ ဥယျာဉ် ၌ လည်းကောင်း ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ကိုစိုးသန်း က ရှင်းပြသည်။
ထိုင်ခုံလက်မှတ်များကိုVIPတန်း၊ရိုးရိုးတန်း၊အထပ်တန်း၊ ထိုင်ခုံမပါ အဖြစ် သတ်မှတ်ထားပြီး ဈေးနှုန်းများမှာ ရမ်းဂစ် ၅၀မှ၁၈၀ အထိ အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။
ထို့အတူ စင်္ကာပူနိုင်ငံတွင်လည်း မတ်လ ၆ ရက်နေ့တွင် ချိုင်းနားတောင်း ရပ်ကွက်ရှိ KretaAyerPeople’s Treatreဇာတ်ရုံ တွင် ထာဝရနှင်းဆီ နှစ်ပါးသဘင် ကျင်းပ မည်ဖြစ်သည်။
မြန်မာနှစ်ကူး အတာ သင်္ကြန်ကို ကြိုဆိုသောအားဖြင့် စင်ကာပူရောက် အနုပညာချစ်သူများ စီစဉ်သော ထာဝရနှင်းဆီတွင် သစ္စာ မေတ္တာ ရွှေမန်းသဘင် မှ မင်းသား တင်မောင်ဆန်းမင်းဝင်း က ဧည့်သည် အနုပညာရှင်အဖြစ် ပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး အဆိုပါ ပွဲအတွက် လက်မှတ် ရောင်းဈေးများကို စင်္ကာပူ ဒေါ်လာ ၅၀၊ ၄၀၊ ၃၀ သတ်မှတ်ထားကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက် တန်ဆောင်မုန်း လပြည့်နေ့က သုဝဏ္ဏ အားကစားပြိုင်ပွဲရုံ(၁) ၌ ကျင်းပသည့် ထာဝရနှင်းဆီအငြိမ့် ဖျော်ဖြေပွဲတွင် နေတိုး၏ “မှန်ရာကို သစ္စာဆိုပါမည်။ လမ်းတွေကို အလွယ်ခင်းပါသည်။ ဒါပေမယ့်လည်း တခုတော့ ပြောချင်သည် တခြမ်းပဲ ခင်း ... တော့ သွားရ အလွန်ခက်သည်” ပြက်လုံး၊ ထွန်းထွန်း၏ “ဖုန်းတွေဟာ အလွန် ပေါပါသည်၊ ခေါ်ဆိုသော်လည်း လိုင်းက ကျပ် ပေသည်၊ ဈေးကြီးပေမယ့် ဆက်ရ အလွန်ခက်သည်”စသည့် ပြက်လုံးများမှာ မြန်မာပြည်သူများ၏ နေ့စဉ် ဘ၀ကို ထင်ဟတ် နေသောကြောင့် အကြိုက်တွေ့ခဲ့ကြောင်း ကြည့်ရှုခဲ့သည့် ပရိသတ်များက ပြောဆိုကြသည်။
ထိုဖျော်ဖြေပွဲပြီးနောက် ရန်ပုံငွေပွဲ ကပြတင်ဆက်ပြီး အခွေထွက်ရှိမည်ဆိုပါက ဗီဒီယို ဆင်ဆာအဖွဲ့မှ ခွင့်ပြုထားသည့် အတိုင်းသာ ကပြရတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တရားဝင် ထုတ်ပြန် ခဲ့သည်။

လွှတ်တော်အတွက်မွန်ပါတီပြင်ဆင်

ခင်ဦးသာ Friday, 24 December 2010 18:53
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(AMDP)သည်မကြာမီပေါ်ပေါက်လာမည့်လွှတ်တော်ထဲ၌ ဆွေးနွေးသွားမည့်ကိစ္စများအတွက်အစည်းအဝေးကိုဒီဇင်ဘာလ၂၇ရက်နှင့်၂၈ ရက်များတွင် ပြုလုပ်သွားမည်ဟု ပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်း က ဧရာဝတီကို ပြောသည်။
ယခု ပြုလုပ်မည့်အစည်းအဝေးသည် ရွေးကောက်ပွဲ၌ အနိုင်ရထားသော ကိုယ်စားလှယ်သီးသန့် အစည်းအဝေးဖြစ်ကြောင်း၊ အဓိက ဆွေးနွေးကြမည့် အကြောင်းအရာသည် လွှတ်တော်ထဲ၌ မိမိတို့၏ ရပိုင်ခွင့်အခွင့်အရေးများကိုအပြည့်အ၀ပြောဆိုနိုင်ရေး၊လွှတ်တော်တက်ရောက်မည့် ကိုယ်စားလှယ်များအနေဖြင့် သတ္တိရှိရှိ ပြောရဲဆိုရဲရန် ကြိုတင် ပြင်ဆင်ထားမည့်
အကြောင်းအရာများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ကျနော်တို့ပါတီရဲ့ မူဝါဒတချို့က ဖွဲ့စည်းပုံထဲမှာ မပါဘူးလေ၊ အဓိက ပြည်ထောင်စု စစ်စစ်ဆိုတာမျိုးကို တင်ပြဆွေးနွေးမယ်၊ ကြံ့ဖွံ့ပါတီနဲ့ အတိုက်အခံ ဖြစ်ရင်ဖြစ်မယ်၊ ဖွဲ့စည်းပုံထဲက ပြင်စရာတွေ ပြင်နိုင်တဲ့အထိ ကြိုးစားသွားမယ်”ဟု ဦးနိုင်ငွေသိန်း က ဆိုသည်။
၎င်းတို့ပါတီမှ အနိုင်ရကိုယ်စားလှယ်များအား၂၀၀၈ ဖွဲ့စည်းပုံစာအုပ်ကို မြို့နယ်အလိုက် အခန်းခွဲ၍ ဖတ်ခိုင်းထားပြီး လိုအပ် ချက်များ၊ ပြင်ဆင်ရမည့် အချက်များကို၂၇ ရက် အစည်းအဝေး၌ ဆွေးနွေးကြမည် ဟုလည်း ၎င်းက ဆိုသည်။
AMDPပါတီ၏ပထမအကြိမ်အစည်းအဝေးကိုဒီဇင်ဘာလ၁၇၊၁၈ရက်တို့တွင်ပြုလုပ်ခဲ့ပြီးပါတီကိုယ်စား လှယ်များ၊ ပါတီဝင်များ၆၀၀န်းကျင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ကြံ့ဖွံ့ပါတီသည် လွှတ်တော်သုံးရပ်စလုံး၌ အမတ်နေရာ အများစုကိုရထား၍ ဖွဲ့စည်းပုံပြန်လည် ပြင်ဆင်ရေး ခက်ခဲမည် ဖြစ် သော်လည်း လွှတ်တော်ထဲ၌ ကြံ့ဖွံ့ပါတီ၏ လွှမ်းမိုးမှု မခံရရန် တိုင်းရင်းသားပါတီများ၊ ဒီမိုကရက်တစ် အင်အားစုများ က စည်းလုံး ညီညွတ်ရန် လိုမည်ဟု ဦးနိုင်ငွေသိန်း က ပြောသည်။
AMDPပါတီသည်လွှတ်တော်သုံးရပ်၌ကိုယ်စားလှယ် ၃၄ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၆ ဦး အနိုင်ရခဲ့သည်။
ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရထားသော ကြံ့ဖွံ့ပါတီသည် ယခုရက်အတွင်း တခါးပိတ်အစည်းအဝေးပြုလုပ်၍လာမည့် အစိုးရအဖွဲ့တွင် သမ္မတ၊ ပြည်နယ်၊ တိုင်းဝန်ကြီး ချုပ်ရာထူးများ၊ အစိုးရအဖွဲ့ ၀န်ကြီးများ စသည့်အဓိက နေရာများ အတွက် ၎င်းတို့ ပါတီ၏ ကိုယ်စားလှယ်များကို ရွေးချယ်ခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေး အကဲခတ်များက ဆိုသည်။
“အရေးကြီးတဲ့ရာထူး အားလုံးကို ကြံ့ဖွံ့နဲ့စစ်တပ်က ယူမှာပါ၊ ယူရင်လည်း ခဏပါ၊ အရည်အချင်းမပြည့်ရင် ရေရှည်မခံနိုင်ပါဘူး” ဟု ဦးနိုင်ငွေသိန်းက ဆိုသည်။
အနိုင်ရ ပါတီတချို့သည် လွှတ်တော်အတွက် ကြိုတင်ပြင်ဆင်မှုရှိပြီး ပါတီတချို့က မရှိသေးကြောင်း သိရသည်။
ချင်းတိုးတက်ရေးပါတီအနေဖြင့် မကြာမီပေါ်လာမည့် လွှတ်တော်၌ မည်ကဲ့သို့ ပြောဆိုဆွေးနွေးသွားမည်ကို မသိသေးကြောင်း၊အခြေအနေပေါ်မူတည်၍သာပြောဆိုဆွေးနွေးသွားရန်ရှိကြောင်းပါတီ၏ဥက္ကဋ္ဌဦးလုံစီက ဧရာဝတီ ကို ပြောသည်။
တိုင်းရင်းသားပါတီများအနက် အကြီးဆုံးပါတီ တခုဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)ခေါ်ကျားဖြူပါတီသည်လွှတ်တော်ထဲ၌လိုက်လျောညီထွေဆွေးနွေးသွားမည်ဖြစ်ပြီးယခုအခါ ပါတီရပ်တည်ရေးအတွက်စီးပွားရေးကုမ္ပဏီကြီးတခုကိုကျားဖြူအမည်ဖြင့်တည်ထောင်ရန် ပြင်ဆင်နေကြောင်း ပါတီ၏ တာဝန်ရှိသူက ဆိုသည်။
SNDP ပါတီသည် ကိုယ်စားလှယ် ၁၅၆ ဦးပြိုင်ခဲ့ရာ ၅၇ ဦးအနိုင်ရခဲ့သည်။
ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)သည် ရခိုင်ပြည်နယ်၌ ရာခိုင်နှုန်းအများဆုံး အနိုင်ရခဲ့ပြီး ပါတီရေရှည် ရပ် တည်ရေး အတွက် သီရိဝစ္စ အမည်ရ စီးပွားရေး ကုမ္ပဏီ တခုကို ၂၀၁၁ ဇန်န၀ါရီလတွင် တည်ထောင်သွားမည်ဖြစ်ပြီးလွှတ်တော်၌ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီမိုကရေစီ အရေးကိုဆွေးနွေးသွားမည်ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဆိုသည်။
RNDP ပါတီသည် လွှတ်တော်သုံးရပ်၌ ကိုယ်စားလှယ် ၄၄ ဦး အနက် ၃၅ ဦးအနိုင် ရရှိထားသည်။

ကရင်ပြည်နယ်တွင်ကုန်တင်ကားများချောဆွဲနေ

သန်းထိုက်ဦး Friday, 24 December 2010 17:59
ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်အစိုးရက ကားချောဆွဲမှုများ ရှိသဖြင့် အဝေးပြေးလမ်းမကြီးတွင် ပြေးဆွဲနေသော ကုန်တင်ကား ပိုင်ရှင်နှင့် ကားသမားများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။
နအဖတပ်နှင့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)တပ်မဟာ (၅)မှတပ်ဖွဲ့ဝင်များ ကရင်ပြည်နယ်ရှိ နယ်စပ်ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ယခုကဲ့သို့ ကားချောဆွဲခြင်းကို စိုးရိမ်နေခြင်း ဖြစ်သည်။
“ကားချောဆွဲတာကမလုပ်တာကြာပြီဆိုပေမယ့်အခုတော့ပြန်ပေါ်လာပြီးကရင်ပြည်နယ်ကကုန်တင်ကားတွေ အ၀င်နည်းလာတယ်” ဟု ရန်ကုန်မြို့ ဘုရင့်နောင် အခြေစိုက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းပိုင်ရှင်တဦးက ပြောသည်။
နိုင်ငံတော်က လိုအပ်လာပါက သယ်ယူပို့ဆောင်ပေးရန်ဟူသော အချက်ကို သက်ဆိုင်ရာမြို့နယ် ယာဉ်ကြီး၊ ယာဉ်ငယ် အသင်းနှင့် ကားပိုင်ရှင်များက သဘောတူထားရကြောင်း သိရသည်။
ပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စစ်တပ်အရာရှိများက လမ်းပေါ်တွင် ပြေးဆွဲနေသော ကားများကို လမ်းဆုံများ၊ တံတားများတွင် ရပ်တန့်စေပြီး ချောဆွဲလေ့ရှိကြောင်းလည်း ကားမောင်းသမားများက ဆိုသည်။
ချောအဆွဲခံရဖူးသောကုန်တင် ကားမောင်းသမားတဦးက“စစ်တပ်အတွက် ချောပို့ပေးတယ်ဆိုတာ ဘာမှမရဘူး၊ စစ်တပ်က ကားတန်းနဲ့အတူ သွားလို့ ကံမကောင်းရင် တိုက်ပွဲနဲ့ ရင်ဆိုင်ရတတ်တယ်”ဟု ပြောသည်။
ချောဆွဲရာတွင်လည်းသွားရောက်ရမည့်ခရီးအတွက် စက်သုံးဆီကို အလုံအလောက် ထုတ်မပေးသည့်အပြင် တပ်သားများ၏ ရိုင်းစိုင်းစွာ ဆက်ဆံမှုကိုလည်း ခံရကြောင်း ၎င်းက ဆိုသည်။
ဘားအံနှင့် ရန်ကုန်သို့ ကုန်တင်ကား တစီးသည် တလလျှင် ၅ ခေါက်ခန့် အစုန်အဆန် ပြေးဆွဲနေကြောင်း၊ ကားမောင်းသမားတဦးကို ခရီးစဉ် တခေါက်လျှင် စရိတ်ငြိမ်း ကျပ် ၅ သောင်း၊ ယာဉ်နောက်လိုက်မှာ ၃ သောင်းခန့် ရရှိကြောင်း သိရသည်။
စစ်အစိုးရက ကားများကို ချောဆွဲသည့်အပြင် တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့ ရိက္ခာသယ်ပို့ခိုင်းရန် ဒေသခံပြည်သူများကိုလည်း ပေါ်တာဆွဲနေကြောင်း သိရသည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ၀န်းထော၊ ကြာအင်း၊ ၀ါးခုတ်တော စသည့် ကျေးရွာမှ ဒေသခံများကို စစ်အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် လက်ခံထားသော DKBAပူးပေါင်းတပ်များက မာနယ်ပလောဒေသသို့ ရိက္ခာပို့ရန်ပေါ်တာဆွဲနေကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU)ဘားအံခရိုင်ဥက္ကဋ္ဌဖဒို စောအောင်မော်အေးက မကြာသေး ခင်ရက်ပိုင်းက ဧရာဝတီသို့ ပြောကြားခဲ့သည်။
ပေါ်တာဆွဲနေသောတပ်ရင်းမှာနအဖ၏ခြေမြန်တပ်ရင်း(ခမရ)၆၁နှင့်ဗိုလ်ဘိဦးဆောင်သော နယ်ခြားစောင့်တပ် လက်ခံထားသည့် DKBA တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင်စစ်အစိုးရတပ်နှင့်DKBAတပ်မဟာ(၅)တို့တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

donderdag 23 december 2010

“ အနိုင်းမဲ့ခရစ်တော် ”


ဧဒင်ဥယျာဉ်ကြီးထဲမှာပေါ့ --- --- ---
အာဒံနဲ့ဧ၀တို့က
စာတန်ရဲ့လှည့်ဖျားစကားကိုယုံစား
မစားရဆိုတဲ့အပင်က အသီးကိုစားမိလို့
ကောင်းကင်ဘုံကနှင်ချခံရကာ
ထာဝရအသက်ရှင်ရေးတွေဆုံးရှုံးခဲ့ရတယ် --- ။
မေတ္တာတရားကြီးမားလှတဲ့ အဖဘုရား --- --- ---
တဦးတည်းသောသားတော်
သခင်ရေရှု့ကိုကမ္ဘာမြေပေါ်ကိုစေလွှတ်
ထာဝရအသက်တာတွေပြန်ရစေဖို့အရေး
ခရစ်တော်ကလမ်းပြပေးခဲ့ကာ
လက်ဝါးကပ်တိုင်မှာ
သံမှိုနှက်ခံကာ
အားလုံးရဲ့ကိုယ်စားပေးဆပ်ခဲ့တယ် --- ။
အပြစ်ရှိလို့လူဖြစ်လာကြတဲ့ --- --- ---
လောကသားတွေရဲ့ဒုက္ခတွေကိုကယ်တင်ဖို့
ဒီကမ္ဘာမြေပေါ်ကိုနောက်ထပ်တကြိမ်
ရေရှုခရစ်တော်ပြန်လာလိမ့်ဦးမယ် --- ။

                   ဇာနည်မောင်
( ထာဝရဘုရားသခင်ရဲ့ကောင်းချီးတော် လောကသားတိုင်းအပေါ်ကျရောက်နိုင်ပါစေ --- အာမင် )

ဆင်ဆာထိဒေါ်အောင်ဆန်းစုကြည်အင်တာဗျူးစစ်ဗိုလ်ချုပ်များစိတ်ဝင်စား

ဧရာဝတီ Thursday, 23 December 2010 12:28
စာပေစိစစ်ရေးက ပယ်ချထားသော ပြည်တွင်း သတင်း မီဒီယာများ၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ မေးမြန်းခန်းများကို နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များက စိတ်ဝင်တစား ဖတ်ရှုနေကြကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ကြောင်းသတင်းကိုပြည်တွင်းဂျာနယ်များတွင်အပြိုင်အဆိုင် ဖော်ပြခဲ့ကြသည်။(ဓာတ်ပုံ-မိုးမခ)
ပြည်တွင်း မီဒီယာများ ဖြစ်ကြသည့်Venus၊ ပြည်သူ့ခေတ်၊7DayNews၊ ရန်ကုန်တိုင်းမ်၊TheVoice ဂျာနယ်များက ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံမေးမြန်းပြီး စာပေစိစစ်ရေးသို့ မူကြမ်းတင်ပြရာ ပယ်ချခံရကြောင်း၊ သို့သော် မေးမြန်းခန်း များသည် စာပေစိစစ်ရေးမှ တဆင့် နေပြည်တော် စစ်ဗိုလ်ချုပ်ကြီးများထံသို့ ရောက်ရှိပြီး လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် ဒေါ်အောင်ဆန်း စုကြည်၏ ရပ်တည်ချက် သဘောထားကို လေ့လာနေ ကြကြောင်း သိရှိရသည်။
နေပြည်တော် ပြန်ကြားရေး ၀န်ကြီးဌာနမှ အရာရှိတဦးက “ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အင်တာဗျူးတွေကို ပြည်သူတွေ ဖတ်ခွင့်မရပေမယ့် နေပြည်တော်က လူကြီးတွေ (ဗိုလ်ချုပ်တွေ) သေသေချာချာ ဖတ်တယ်။ အဓိက က အဲဒီတွေ့ဆုံ မေးမြန်းခန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ နိုင်ငံရေးအပေါ် ရှုမြင်ချက်၊ ရှေ့ဆက်သွားမယ့် လမ်းစဉ်တွေ ပါနေတော့ ဒေါ်အောင်ဆန်းစုကြည် ဘာဆက်လုပ်မလဲ ဆိုတာကို လူကြီးတွေက သိချင်နေပုံပဲ” ဟု ပြောသည်။
ပြည်တွင်း သတင်းမီဒီယာများက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ၏ရပ်တည်ချက်၊၂၁ရာစုပင်လုံညီလာခံနှင့်အမျိုးသား ရင်ကြားစေ့ရေး၊ ၂၀၁၀ ရွေးကောက်ပွဲနှင့် ၁၉၉၀ ရွေးကောက်ပွဲအပေါ် သဘောထား အပါအ၀င် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများကို မေးမြန်းခဲ့ကြသည်။
ဂျာနယ်အယ်ဒီတာတဦးက“ဒေါ်အောင်ဆန်းစုကြည်သဘောထားကိုပြည်ပမီဒီယာတွေမှာရေးကြ၊ ပြောကြတာတွေကိုပဲအာဏာပိုင်တွေကဖတ်နေ၊ နားထောင်နေရတာလေ။ အခုလို ပြည်တွင်းမီဒီယာတွေက ကိုယ်တိုင်ကိုယ်ကျသွားမေးပြီးမေးခွန်းပေါင်းစုံကိုမေးထားတော့ အာဏာပိုင်တွေအတွက်အင်မတန်မှတန်ဖိုးရှိတဲ့သတင်းအချက်အလက်တွေတပွေ့တပိုက်ကြီး ရသွားတယ်လို့တောင် ပြောလို့ရတယ်” ဟု ပြောသည်။
ဝါရင့် သတင်းစာဆရာ တဦးကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်း သတင်းမီဒီယာများ၏ တွေ့ဆုံမေးမြန်းခန်းများကို စစ်အစိုးရက ဖတ်ရှုပြီးနောက် ၄င်းတို့ပိုင် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ရပ်တည်ချက်အပေါ် တိုက်ခိုက်ဝေဖန်သော ၀ါဒဖြန့် ဆောင်းပါးများ ထည့်သွင်းလာနိုင်ဖွယ်ရှိသည်ဟု သုံးသပ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ သတင်း၊ စာဖတ် ပရိသတ်အားပေးမှုတို့နှင့် ပတ်သက်၍ ဂျာနယ်ဖြန့်ချိရေး လုပ်ကိုင်သူတဦးက “ဒေါ်အောင်ဆန်းစုကြည် လွတ်တဲ့အချိန်က ဒေါ်အောင်ဆန်းစုကြည် သတင်းနဲ့ ဓာတ်ပုံပါတဲ့ ဂျာနယ်တိုင်းလိုလို ဈေးကွက်မှာ ပြတ်ကုန်တယ်။ တအားရောင်းကောင်းတယ်။ အခုတော့ ဂျာနယ် အရောင်းအ၀ယ်က ပုံမှန်လောက်ပဲ ရှိတော့တယ်” ဟု ရှင်းပြသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းနှင့်ဓာတ်ပုံများ ခွင့်ပြုသည်ထက် ပိုမိုဖော်ပြသည့်အတွက် ပြည်တွင်းဂျာနယ် ၉ စောင်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခဲ့သည်။

နအဖ တပ်က DKBA ကို ထိုင်းမြေပေါ်မှ တိုက်ရန် ကြိုးစား

ဧရာဝတီ Thursday, 23 December 2010 18:49
ကရင်ပြည်နယ် မြ၀တီမြို့နယ် ဖလူးဒေသတွင် တပ်စွဲထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗျူဟာ (၁) နှင့် ဗျူဟာ (၂) တပ်ဖွဲ့ဝင်များကို ချေမှုန်းရန် ထိုင်းနိုင်ငံ တဖက်ကမ်းမှ တဆင့် ၀င်ရောက်လာမည့် နအဖ တပ်ဖွဲ့ဝင် (၅၀)ခန့်ကို ယမန်နေ့ညက လက်ဦးမှုယူ၍ DKBA က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
DKBA ဗျူဟာ(၁)မှူး ဗိုလ်မှူးကြီး ကျော်သက်က"ဖလူးရွာမှာ အခြေစိုက် တပ်က အင်အား(၅၀) မနေ့ည(၈)နာရီမှာ ထိုင်း ဘက်ခြမ်း မဲဆောက်အပိုင် မဲ့ကိုကင်းရွာကနေ ကူးပြီး ကျနော်တို့ကို တိုက်ဖို့ ဆင်းလာတာကို သိလို့ ပြန် တိုက်ထုတ် လိုက်ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းတိုက်ပွဲကြောင့် နအဖ တပ်ဖွဲ့ဝင် တဦး ဒဏ်ရာရရှိသည်ဟု သိရသော်လည်း မည်သည့် တပ်မှ ဖြစ်ကြောင်းကိုမူ အတိ အကျ မသိရှိရသေးပေ။
နအဖ တပ်ဖွဲ့ဝင်များ ထိုင်းနိုင်ငံဘက်မှ ၀င်ရောက်မည့် အစီအစဉ်မှာ ထိုင်းအာဏာပိုင်များ၏ ခွင်ပြုချက် မရဘဲဝင်ရောက်ရန်ဖြစ်နိုင်ခြေ မရှိကြောင်း၊ အလားတူ ၀င်ရောက်မှုမျိုးကို ယခင်က ထိုင်းအာဏာပိုင်များက ခွင့်ပြုခဲ့ဖူးကြောင်း DKBA တပ်မှူး တဦးက ပြောသည်။
မဲဆောက် အခြေစိုက် အမှတ်(၄) ဒေသဆိုင်ရာ ကွပ်ကဲရေး တပ်မှူး ဗိုလ်မှူးကြီး ဆူပါချို့ထ၀ပ်ဖိလာချိုင်းက မြန်မာနိုင်ငံ ဘက်မှ မည်သည့်လူမျိုးစု လက်နက်ကိုင် အဖွဲ့ကိုမဆို ထိုင်းနိုင်ငံအတွင်း အခြေချ လုပ်ရှားခွင့်ပြုမည်မဟုတ်ဘဲ တွေ့ရှိ ပါက ဖမ်းဆီး အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ဒေသခံ သတင်းထောက်များကို ပြောကြားထားသည်။
ထို့အပြင် ထိုင်းပြည်သူများ လေးစားကြည်ညိုသော အရေးကြီး ပုဂ္ဂိုလ်တဦး ထိုင်း-မြန်မာ နယ်စပ် ခရီးစဉ်ရှိသည့် အတွက် DKBA နှင့် ကရင်အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့ဝင်များက နအဖ တပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်ခြင်းများကို ခေတ္တရပ် နားဖွယ်ရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
အတည်မပြုနိုင်သေးသော သတင်းများအရ ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီ သီရိဒုံ မင်းသမီး ထိုင်း-မြန်မာ နယ်စပ် သို့ ယခု လကုန်ပိုင်းတွင် အလည်အပတ် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးကြီး ကျော်သက်က"ဒီခရီးစဉ်ရှိတဲ့ အတွက် ဒီရက်ပိုင်း အတွင်းမှာ ကျနော်တို့ဘက်က ဘာစစ်ရေး လှုပ်ရှားမှုကိုမှ လုပ်မှာ မဟုတ်ဘူး၊ ဒီအရေးကြီး ပုဂ္ဂိုလ်ကို ကျနော်တို့လည်း လေးစားပြီးသားပါ၊ နအဖ ဘက်ကသာ လေးစားအားနာရ ကောင်းမှန်း မသိဘဲ အရင်တိုက်ခိုက်လာမယ်ဆိုရင်တော့ ကျနော်တို့ဘက်က သင့်တင့်တဲ့ နည်းတမျိုးမျိုးနဲ့ ကိုင်တွယ်သွား ရမှာ ဖြစ်တယ်"ဟု ဆိုသည်။
ယနေ့ မြ၀တီနှင့် ကော့ကရိတ်မြို့နယ် အတွင်းရှိ ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း အချိန်မရွှေး ပြန်လည် ဖြစ်ပွားနိုင်ကြောင်း သိရသည်။
ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးကြီး၊ ဖလူလေး၊ မင်းလက်ပံ ရွာမှ ရွာသား ၁၀၀၀ ခန့် ထိုင်းနယ်စပ် အနီးရှိ ကျေးရွာများတွင် ခိုလှုံနေကြောင်း ၎င်းတို့ကိုအကူ အညီပေးနေသည့် မယ်တော်ဆေးခန်း(MTC)အဖွဲ့မှ ဆေးမှူးစောနေဦး က ပြော သည်။
နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBAတပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

စစ်အစိုးရနှင့် ပတ်သက်သည့် ဝက်ဘ်ဆိုဒ်များကို မြန်မာဟက်ကာများ ဆက်တိုက်ခိုက်

ခက်ထန် Thursday, 23 December 2010 14:30
.ရတနာပုံဝက်ဘ်ပေါ်တယ်လ်အပါအဝင်စစ်အစိုးရနှင့်နီးစပ်သည့်စီးပွားရေးလုပ်ငန်းရှင်များ၏ဝက်ဘ်ဆိုဒ်များ ဆက်လက် တိုက်ခိုက်ခြင်း၊ ဟက် (Hack) ခြင်း ခံနေရဆဲ ဖြစ်သည်။
အောက်တိုဘာလနှောင်းပိုင်းမှစ၍DistributedDenialofService(DDoS) ဖြင့် စတင်တိုက်ခိုက်ခံနေရသော ရတနာပုံ တယ်လီပို့သည် ရွေးကောက်ပွဲ မတိုင်မီ အဆိုးဆုံးအဆင့်သို့ ရောက်ရှိလာပြီး ဝက်ဘ်ဆိုဒ် ပိတ်ရသည်အထိ ဖြစ်ခဲ့သည်။
      RedLinkကုမ္ပဏီဆိုဒ်ကို ထိုးဖောက်ဝင်ရောက်မှုအား ဘလင့် ဟက်ကာ အဖွဲ့က မှတ်တမ်းတင်ထားစဉ်။
ရတနာပုံ တယ်လီပို့ကို တိုက်ခိုက်ရာတွင် ပါဝင်ကြောင်း မြန်မာဟက်ကာ အဖွဲ့တခု ဖြစ်သည့် ဘလင့် ဟက်ကာ အဖွဲ့ (BlinkHackerGroup–BGH)က ဒီဇင်ဘာလ အစောပိုင်းတွင် ဘလော့ဂ်မှ တဆင့် ကြေညာခဲ့သည်။
ဖွင့်မရတော့သော ရတနာပုံ ဝက်ဘ်ဆိုဒ်သည် ယမန်နေ့ နေ့လယ်တွင် ပြန်ကောင်း လာကြောင်း တွေ့ရပြီး ရတနာပုံ ဝက်ဘ်ပေါ်တယ်လ်ကို တို့မြှင့် ပြောင်းလဲနေ၍ အဆင် မပြေမှုများကို သည်းခံပါရန် ယခုလ အစောပိုင်း ကတည်းက ကြေညာထားသည်ကို တွေ့ရသည်။
မကြာသေးမီက စစ်အစိုးရနှင့် နီးစပ်သည့် RedLinkဆက်သွယ်ရေး ကုမ္ပဏီ၏ ဝက်ဘ်ဆိုဒ် ကိုလည်း ဘလင့် ဟက်ကာ အဖွဲ့က ထိုးဖောက် တိုက်ခိုက်ခဲ့ရာ ယခုအထိ ဝက်ဘ်ဆိုဒ် ပြန်လည် စတင်နိုင်ခြင်း မရှိသေးပေ။
အင်တာနက် လုံခြုံရေးဆိုင်ရာ လေ့လာနေသည့် မြန်မာ ပညာရှင်တဦးက “သူတို့ တဖွဲ့တည်းတော့ မဖြစ်နိုင်ဘူး။ ၁၄ ဂစ်နဲ့ တိုက်တာ နည်းတာ မဟုတ်ဘူး။ သူတို့က တိုက်ကြတဲ့ အထဲက တဖွဲ့ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
ဟက်ကာ အဖွဲ့များတွင် ပြည်တွင်းမှ ပူးပေါင်းပါဝင်သူများလည်း ရှိနေပြီး ရတနာပုံ ဝက်ဘ်ပေါ်တယ်လ်သည် လာမည့် တလအတွင်း ထပ်မံတိုက်ခိုက်ခံနိုင်ဖွယ်ရှိသည်ဟု ဟက်ကာများထံမှ သိရကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဘလင့် ဟက်ကာ အဖွဲ့က ကြေးမုံ သတင်းစာ ဝက်ဘ်ဆိုဒ်ကို ထိုးဖောက်တိုက်ခိုက်မှုအား သုံးသပ်ပြီးနောက် နောက်ထပ်တိုက်ခိုက်မည့် ပစ်မှတ်များကို ကြေညာမည်ဟု ၎င်းတို့၏ ဘလော့ဂ်မှတဆင့် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပြောဆိုပြီးနောက် ပထမဆုံးအနေဖြင့် RedLinkဆက်သွယ်ရေး ကုမ္ပဏီ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
RedLinkဆက်သွယ်ရေးကုမ္ပဏီသည်ဦးတေဇပိုင်E-Liteကုမ္ပဏီ၏ ဖိုက်ဘာ ဆက်ကြောင်းဖြင့် အင်တာနက်၊ ရုပ်မြင်သံကြားလိုင်း၊ တယ်လီဖုန်းလိုင်း ၃ မျိုး အသုံးပြုနိုင်သော အွန်လိုင်း ၀န်ဆောင်မှုစနစ် (FTTx)ကို ရောင်းချခွင့်ရထားပြီး ချယ်ရီ FM ကိုလည်း ထုတ်လွှင့်နေသည်။
မြေအောက် ဟက်ကာများနှင့် လက်တွဲပြီး DDoSတိုက်ခိုက်မှုများကို ဆက်လုပ်မည်ဟု ဆိုထားသည့် ဘလင့် ဟက်ကာ အဖွဲ့သည် ဝက်ဘ်ဆိုဒ်နှင့် ဘလော့ဂ်ပေါင်း ၇ ခုကို ဝင်ရောက်ထိုးဖောက်ခဲ့ကြောင်း တွေ့ရသည်။ မှတ်တမ်းမှတ်ရာ မကျန်ရှိသော တိုက်ခိုက်မှုပေါင်းများစွာကိုလည်း လုပ်ဆောင်ခဲ့သည်ဟု ၎င်းတို့ ဘလော့ဂ်တွင် ဝန်ခံထားသည်။
ဘလင့် ဟက်ကာ အဖွဲ့၏ တိုက်ခိုက်မှု ကြေညာချက်နှင့် ပတ်သက်၍ အင်တာနက်လိုင်းများ ပိတ်သွားမည်၊ နှေးသွားမည်၊ စစ်အစိုးရက ပိတ်ပစ်မည်ကို စိုးရိမ်ပြီး ပြည်တွင်းမှ အင်တာနက် သုံးစွဲသူများက ကန့်ကွက် ပြောဆိုမှုများရှိကြောင်း သိရသည်။
ပြည်ပအခြေစိုက် ကွန်ပျူတာ ပညာရှင် တဦးကမူ “DDoSနဲ့ တိုက်တာနဲ့ ဝက်ဘ်ဆိုဒ် တခုကို ဟက်တာ မတူပါဘူး၊ ဝက်ဘ်ဆိုဒ်ကို ဟက်ရုံနဲ့ အင်တာနက်တွေ မကျပါဘူး။ အခုက နေပြည်တော်နဲ့ ပြင်ဦးလွင်မှာ ကောင်းကောင်း သုံးလို့ရနေတယ်။ ၁ ဂစ်လောက် သုံးရမယ့် ဖိုင်မျိုးတောင် ပို့နေကြတယ်။ ဖြစ်တာက ရန်ကုန်က အပါအဝင် သာမန် အသုံးပြုသူတွေသာ အင်တာနက်မရတာ” ဟု ပြောသည်။
စစ်အစိုးရနှင့် ဆက်နွှယ်သော ဆိုဒ်များ DDoS ဖြင့် တိုက်ခိုက်ခံရခြင်းမှာ စစ်အစိုးရကိုယ်တိုင်က ဆိုဒ်များနှေးသွား၊ ပိတ်သွားစေရန် တိုက်ခိုက်မှုများကို တမင် ဖွင့်ပေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ယင်းတို့နှင့် နီးစပ်သည့် ကွန်ပျူတာပညာရှင်တဦးက ဧရာဝတီသို့ ပြောခဲ့သည်။
အမေရိကန် အခြေစိုက် အင်တာနက်လုံခြုံရေး ပညာရှင် အဖွဲ့ဖြစ်သော ArborNetworksအဖွဲ့ အင်တာနက်စာမျက်နှာတွင် စစ်အစိုးရ၏ အင်တာနက်ကို တိုက်ခိုက်မှုအား စောင့်ကြည့်လေ့လာကာ 14 Gbps ရှိသည်ဟု အတည်ပြုထားပြီး ၂၀၀၇ ခုနှစ်တွင် ဂျော်ဂျီယာနှင့် အက်စတိုးနီးယား နိုင်ငံများရှိ နိုင်ငံပိုင် အင်တာနက်အား တိုက်ခိုက်ခဲ့မှုထက် မြင့်နေကြောင်း ဖော်ပြထားသည်။
မကြာသေးမီက ဟားဗတ်တက္ကသိုလ် ဘာ့ခ်မန်း စင်တာ (BerkmanCenter)၏ “လွတ်လပ်သော မီဒီယာနှင့် လူ့အခွင့်အရေးဆိုဒ်များကိုDDoSဖြင့်တိုက်ခိုက်ခြင်း”ဟူသောသုတေသနစာတမ်းတွင် ထိုးဖောက်ဝင်ရောက်ကာ ဟက်သည့် နည်းပညာကို တကမ္ဘာလုံးတွင် ပစ်မှတ်အမျိုးမျိုးဖြင့် သုံးနေကြကြောင်း၊ အချို့တိုက်ခိုက်မှုများမှာ နိုင်ငံရေးကိစ္စမျိုးနှင့်လည်း ဆက်စပ်ခြင်း မရှိကြောင်း ဖော်ပြထားသည်။
ဝီကီလိစ်ကို ထောက်ခံသည့် ဟက်ကာများက ဗီဇာနှင့် မာစတာကတ် အွန်လိုင်း ငွေကြေးဝန်ဆောင်မှု ဆိုဒ်များကို ထိုးဖောက်တိုက်ခိုက်ပြီးနောက် ဟားဗတ်တက္ကသိုလ်က ဟက်ကာများအကြောင်း လေ့လာသုတေသနပြုခဲ့ခြင်း ဖြစ်သည်။
ဒေသတွင်း လူ့အခွင့်အရေး ဝက်ဘ်ဆိုဒ်များနှင့် နိုင်ငံရေးဇောင်းပေးသည့် လွတ်လပ်သော မီဒီယာများ အတိုက်ခံနေရသည့် နိုင်ငံ ၉ ခုကို ရွေးကောက်၍ ဘာ့ခ်မန်း စင်တာက သုတေသနပြုရာတွင် မြန်မာ၊ တရုတ်၊ ရုရှ၊ အီရန်၊ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ အီဂျစ်၊ တူနီးရှားနှင့် ဗီယက်နမ်တို့ ပါဝင်သည်။
အင်တာနက် ပုံမှန် တိုက်ခိုက်မှု အမြင့်ဆုံးထဲတွင် မြန်မာ၊ အီရန်၊ ဗီယက်နမ်၊ တူနီးရှား၊ တရုတ်နှင့် ရုရှတို့ပါဝင်သည်ဟု သုတေသနစာတမ်းက ဖော်ပြသည်။
ယခုနှစ်ထဲတွင်ပင် မီဒီယာများက ရေးသားဖော်ပြရသော ပြင်းထန်သည့် DDoSတိုက်ခိုက်မှု ရာကျော်ရှိကြောင်း၊ အစ္စရေး လူ့အခွင့်အရေး အဖွဲ့မှသည် မာလာဝီနိုင်ငံရှိ သတင်းဆိုဒ်များအထိ ပစ်မှတ်ထားခံရကြောင်း၊ လူ့အခွင့်အရေးဆိုဒ်များနှင့် မီဒီယာများကို တိုက်ခိုက်မှုမှာ ပုံမှန်တိုက်ခိုက်မှု သဘောရှိနေပြီး ရွေးကောက်ပွဲလွန်ကာလ၊ ဆန္ဒပြပွဲ၊ စစ်ရေးစစ်ရာ ကိစ္စများမရှိသည့် ကာလများတွင်လည်း တိုက်ခိုက်မှုများရှိနေကြောင်း သိရသည်။
အမေရိကန် ဟက်ကာတဦးဖြစ်ပြီး ဝီကီလိစ် အဖွဲ့ဝင်တဦးလည်း ဖြစ်သည့် ဂျက်ကော့ အက်ပဲလ်ဘမ်း (JacobApplebaum) က ၎င်းရေးသားထားသော ဆော့ဖ်ဝဲလ်ဖြင့် မြန်မာပြည်မှ အိုင်ပီလိပ်စာများကို ဝင်ရောက်ထိုးဖောက်ကြည့်ခဲ့ကြောင်း မကြာသေးမီက ဆောင်းပါးတပုဒ်တွင် ဖော်ပြထားသည်။
မြန်မာပြည် အိုင်ပီလိပ်စာ ၁၂၂၈၄ ခုအနက် ၁၁၈ ခုသာ တုံ့ပြန်မှုရှိသည်ဟု မစ္စတာ အက်ပဲလ်ဘမ်းက ဆိုသည်။ ၎င်းက “ဒါက ဘာကို ဆိုလိုသလဲဆိုတော့ မြန်မာပြည်က ကွန်ရက်တိုင်းဟာ ပြင်ပကမ္ဘာကို မထွက်နိုင်အောင် ပိတ်ဆို့ထားတယ်။ တုံ့ပြန်မှုရှိတဲ့ အိုင်ပီလိပ်စာ ၁၁၈ ခုမှ အပပေါ့” ဟု ပြောထားသည်။
ယခုနှစ်လယ်ပိုင်းအထိ ဧရာဝတီ သတင်းဌာန အပါအဝင် ပြည်ပအခြေစိုက် မြန်မာ မီဒီယာ ဝက်ဘ်ဆိုဒ်များ တောက်လျှောက် တိုက်ခိုက်ခံခဲ့ရပြီး နှစ်လယ်နောက်ပိုင်းမှစ၍ စစ်အစိုးရပိုင်နှင့် စစ်အစိုးရနှင့် ဆက်နွှယ်သော ဝက်ဘ်ဆိုဒ်များ စတင် ထိုးဖောက် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။