မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label ဧရာဝတီ မှ. Alle posts tonen
Posts tonen met het label ဧရာဝတီ မှ. Alle posts tonen

donderdag 31 maart 2011

လူကုန်ကူးခံရမှု နှစ်စဉ် တိုးလာ

ဟိန်းဇော် Thursday, 31 March 2011 16:37
.မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှု ပပျောက်ရေးကို ၅ နှစ် စီမံကိန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေ သော်လည်း မြန်မာ အမျိုးသမီးများ လူကုန်ကူးခံရမှု ပမာဏသည် တနှစ်ထက် တနှစ် ပိုမိုများပြား နေကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။
ရန်ကုန်မြို့ရှိကာရာအိုကေဆိုင်တခုတွင်အလုပ်လုပ်နေသည့်မိန်းကလေးများ(ဓာတ်ပုံ-allmyanmar.com)
“အဓိက စားဝတ်နေရေး အခက်အခဲကြောင့် လူကုန်ကူးခံရတာ များနေတာ”ဟု ၎င်းက ဆိုသည်။
လူကုန်ကူးခံရမှုသည် ၂၀၀၆ခုနှစ်မှ စတင်ပြီး တနှစ်ထက် တနှစ်များပြားလာကြောင်း၊ ပြီးခဲ့သည့် ၂၀၁၀ပြည့်နှစ်အတွင်း မြန်မာနိုင်ငံ မှ တရုတ်နိုင်ငံသို့ လူကုန်ကူးမှုအများဆုံး ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အများဆုံးလူကုန်ကူးမှုဖြစ်ပွားခဲ့ကြောင်း အထက်ပါ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။
၂၀၁၀ပြည့်နှစ်အတွင်းဖမ်းဆီးရမိသော လူကုန်ကူးမှု အမှုပေါင်း ၁၇၃မှုအနက်၁၃၃မှု(၇၆.၈ ရာနှုန်း)မှာ တရုတ်နိုင်ငံ၊၁၉မှု(၁၀.၉ ရာနှုန်း)မှာထိုင်းနိုင်ငံ၊ ၆ မှု(၃.၄ ရာနှုန်း)မှာ မလေးရှားနိုင်ငံနှင့် ၁၅ မှု(၈.၆ ရာနှုန်း) ပြည်တွင်း လူကုန်ကူးမှုတို့ ဖြစ်သည်ဟု သိရှိရ သည်။
“လူကုန်ကူးမှုဖြစ်တာကရှမ်းပြည်မြောက်ပိုင်း၊ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ အဖြစ်များတာ။ အဲဒီအထဲမှာမှ ရှမ်းပြည်မြောက်ပိုင်းက ၄၁ ရာခိုင်နှုန်းရှိတယ်”ဟု လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူတဦးကပြော သည်။
မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၀ပြည့်နှစ် ဒီဇင်ဘာလအထိ လူကုန်ကူးမှုပေါင်း ၆၄၁ မှု ဖမ်းဆီးနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ၁၄၇၇ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ဌာန စာရင်းဇယားများအရ သိရသည်။
“ကျမတို့အနေနဲ့လူကုန်ကူးမှုကိုလေ့လာကြည့်တဲ့အခါမှာတရုတ်နိုင်ငံကိုအဓိကထားပြီးလူကုန်ကူးတာတွေ့ရပြီး လူကုန်ကူးခံရ တဲ့ သူတွေကို ကယ်တင်ဖို့ အခက်အခဲတွေ အများကြီးရှိတာတွေ့ရတယ်။ ဒီနှစ်ထဲမှာတော့ ကြိုတင်ကာကွယ်ရေး စီမံချက်တွေလုပ်သွားပါမယ်”ဟု လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ကြိုတင်ကာကွယ်ရေး စီမံချက်လုပ်ငန်းစဉ်များတွင် ယာဉ်ရပ်နားစခန်းများ၌ ကြော်ငြာ ဆိုင်းဘုတ်ကြီးများ ထောင်ခြင်း၊ ယာဉ်ရပ်နားစခန်းများရှိ နားနေဆောင်များတွင် လူကုန်ကူးမှုပညာပေး စာရွက်များကပ်ခြင်း၊ ခရီးသည်ပို့ဆောင်ရေး ယာဉ် လုပ်သား များကို အုပ်စုငယ်ပုံစံဖြင့် လူကုန်ကူးမှု ဆိုင်ရာ ပညာပေးခြင်းများ စသည်တို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လူကုန်မှုများတွင် အဓမ္မထိမ်းမြားခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ လိင်အလုပ်သမ အဖြစ်ရောင်းစားခြင်း၊ အဓမ္မ တောင်းရမ်းခိုင်းခြင်းနှင့် ကလေး သူငယ် လူကုန်ကူးမှု စသည့် အမျိုးအစားများ ပါဝင်ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူတဦး က ပြောပြသည်။
ယမန်နှစ်အတွင်းက မြန်မာနိုင်ငံရှိ အနှိပ်ခန်း၊ ကာရာအိုကေ ကေတီဗီ၊ အဖျော် ယမကာနှင့် စင်တင်တေးဂီ စသော နေရာများတွင် လုပ်ကိုင်နေသော မိန်းကလေးများကို ချစ်သူရည်းစားအဖြစ် ဟန်ဆောင်၍ လိမ်လည်လှည့်ဖျားကာ ပြည်ပနိုင်ငံများသို့ ရောင်းစား သော လူကုန်ကူးမှုပုံစံမျိုး ဖြစ်ပွားခြင်းများလည်း ရှိခဲ့သည်။
မြန်မာနိုင်ငံတွင်လူကုန်ကူးမှုဆိုင်ရာ၅နှစ်စီမံကိန်း(၂၀၀၇-၂၀၁၁)ကိုပြဌာန်းခဲ့ပြီး စီမံချက်များရေးဆွဲဆောင်ရွက် နေသော်လည်း လူကုန်ကူးမှု ဖမ်းဆီးရမိမှုမှာ၂၀၀၆ ခုနှစ်တွင် ၅၂ မှု၊ ၂၀၀၇ တွင်၁၂၇ မှု၊၂၀၀၈ တွင်၁၃၄ မှု၊၂၀၀၉ တွင်၁၅၅ မှု၊၂၀၁၀တွင်၁၇၃မှု ဖမ်းဆီးရမိ၍ လူကုန်ကူးမှု ပမာဏမှာ နှစ်စဉ် တိုးပွားလျက် ရှိကြောင်း သိရသည်။
၂၀၀၄ ခုနှစ် အောက်တိုဘာ အတွင်းက မဲခေါင်ဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့် ၆ နိုင်ငံမှ ၀န်ကြီးများက ရန်ကုန်မြို့တွင် လက်မှတ် ရေး ထိုးထားသည်။

ဧရာဝတီ မဂ္ဂဇင်း အသွင်သစ်ဖြင့် ဆက်ထုတ်မည်

ဧရာဝတီ Thursday, 31 March 2011 19:18
.အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေနေသော ဧရာဝတီ မဂ္ဂဇင်းကို အသွင်သစ်၊ ဒီဇိုင်းသစ်၊ အတွေးအမြင်သစ်ဖြင့် တနှစ်လျှင် လေးကြိမ် ဆက်လက် ထုတ်ဝေမည် ဖြစ်သည်။
ယမန်နှစ် ဒီဇင်ဘာလမှ စတင်ပြီး ယာယီရပ်ဆိုင်းထားသော ဧရာဝတီမဂ္ဂဇင်းကို ယခုနှစ် ဧပြီလမှ စတင်၍ အင်တာနက်ပေါ်မှ အလွယ်တကူ ဒေါင်းလုဒ်ဆွဲယူနိုင်မည့် အပြင် မဂ္ဂဇင်းစာအုပ်အနေဖြင့်လည်း မှာယူဖတ်ရှုနိုင်မည်ဖြစ်သည်။
၁၉၉၃ ခုနှစ်က စတင်ထုတ်ဝေခဲ့သော ဧရာဝတီ မဂ္ဂဇင်းနှင့် ယခု အသစ်ပြန်လည်ထွက်မည့် မဂ္ဂဇင်း၏ ခြားနားချက်မှာ မျက်နှာဖုံးနှင့် အတွင်းဆောင်းပါးများကို ပို၍ အသေးစိတ်၊ လေ့လာ၊ စုဆောင်းပြီး ရေးသားတင်ပြထားသည့်အပြင် ယခင်ကထက်လည်း ဆောင်းပါးများကို အရောင်အသွေးစုံ တွေ့ရမည်ဖြစ်သည်။
ထိုဆောင်းပါးများတွင် မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ဖြစ်ပေါ်တိုးတက်မှု အစုံစုံကို ခြုံငုံသုံးသပ် တင်ပြထားသည်။
ထို့အပြင် Profileနှင့် Travelကဏ္ဍများလည်း တိုးချဲ့ထားသည်။ မြန်မာပြည်ရှိ နာမည်ကျော်ကြားသော လူပုဂ္ဂိုလ်များအကြောင်းကို Profileကဏ္ဍတွင် ဖတ်ရှုနိုင်ပြီး Thravelကဏ္ဍတွင်မူ မြန်မာပြည်တလွှား သဘာဝအလှအပများ၊ တိုင်းရင်းသားဒေသများရှိ ဓလေ့ထုံးတမ်း၊ ယဉ်ကျေမှုများကို ဖော်ပြသည့် လျှပ်တပြက် မြင်ကွင်းများ တင်ပြထားသည်။ ယခင်ထုတ်ဝေခဲ့သည့် ဧရာဝတီ ပုံနှိပ် မဂ္ဂဇင်းမှ ကာတွန်း၊ ဓာတ်ပုံ အက်ဆေးကဏ္ဍများ ဆက်လက်ပါဝင်မည်ဖြစ်သည်။
အသွင်သစ်နှင့် ထွက်ရှိလာမည့် ဧရာဝတီ မဂ္ဂဇင်းအပေါ် ဝေဖန်အကြံပြုချက်များ ပေးပို့နိုင်ပါသည်။

ရန်ကုန်တွင်ရေကစားမဏ္ဍပ်ကြီး၃၁ခုသာဆောက်ခွင့်ပြု

မိုးယံ Thursday, 31 March 2011 18:03
.ရန်ကုန်မြို့တခုလုံး၌ ယခုနှစ် မဟာသင်္ကြန် အတွက် ရေကစား မဏ္ဍပ်ကြီး ၃၁ ခုသာ ဆောက်လုပ်ခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်လိုက်သည်။
ဗုံးပေါက်ကွဲပြီးနောက်တရက်သင်္ကြန်အတက်နေ့တွင်ခြောက်သွေ့စွာရေကစားနေသည့်X2Oမဏ္ဍပ်ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
“နေရာ၃၁နေရာမှာမဏ္ဍပ်ကြီး၃၁ခုဆောက်ဖို့လျာထားတယ်”ဟုရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။
၂၀၁၀ ပြည့်နှစ် သင်္ကြန်တွင် ရန်ကုန်မြို့တော်၌် ရေကစားမဏ္ဍပ်ကြီး ၄၀ ကျော် ခွင့်ပြုခဲ့ကြောင်း ယခင်နှစ်တွင် ရေကစားမဏ္ဍပ် တာဝန်ယူတည်ဆောက်ခဲ့သူတဦးက ပြောသည်။
၎င်းက “လုံခြုံရေး ပေးနိုင်သလောက်ပဲ ခွင့်ပြုပေးတာလို့ ကြားတယ်” ဟု ဆိုသည်။
အဆိုပါ ရေကစားမဏ္ဍပ်ကြီး ၃၁ ခုအတွက် မင်္ဂလာတောင်ညွှန်မြို့နယ် ကန်ပတ်လမ်းတွင် ၇ နေရာ၊ ပြည်လမ်းမပေါ်တွင်၅နေရာ၊ပါရမီလမ်းပေါ်တွင်၂နေရာ၊ကမ္ဘာအေးဘုရားလမ်းတွင် ၅ နေရာ၊ ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ၃ နေရာ၊ စက်မှု(၁)လမ်း ၁ နေရာ၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းတွင် ၁ နေရာ၊ ဝေဇယန္တာလမ်းတွင် ၁ နေရာ၊ ဘုရင့်နောင်လမ်းတွင် ၃ နေရာ၊ ဒဂုံမြို့နယ်ရှိ အလုံလမ်းတွင် ၂ နေရာနှင့် ကြည်မြင့်တိုင်မြို့နယ် ကမ်းနားလမ်းတွင် ၁ နေရာ တည်ဆောက်ခွင့်ပြုထားကြောင်း ၎င်းက ဆိုသည်။
ယမန်နှစ်က ဗုံးပေါက်ကွဲခဲ့သည့် မင်္ဂတောင်ညွှန်မြို့နယ် ကန်ပတ်လမ်းတွင် ရေကစားမဏ္ဍပ်ကြီးများ ၁၆ ခု ခွင့်ပြုခဲ့ပြီး ယခုနှစ်တွင် ဆောက်လုပ်ခွင့် ပေးမည်မဟုတ်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အဆိုပါနေရာဝန်းကျင်တွင် ရေကစားမဏ္ဍပ် ၅ နေရာ တည်ဆောက်ခွင့်ပြုထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
X2O ရေကစားမဏ္ဍပ်ကို လုပ်ဆောင်မည့်အဖွဲ့မှ တာဝန်ရှိသူတဦးက “ကျနော်တို့ X2O ရေကစားမဏ္ဍပ် ဒီနှစ်ပြန်ဆောက်မှာပါ။ အရင်နေရာမှာပဲ ပြန်ဆောက်ဖြစ်မှာပါ” ဟု ဆိုသည်။
ယမန်နှစ်က မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု သုံးခု ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦး သေဆုံးကာ ၁၇၀ ကျော်ဒဏ်ရာရခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။
“မဏ္ဍပ်တွေကို တနေရာတည်း အများကြီး ဆောက်ခွင့်မပေးတော့ဘဲ မဏ္ဍပ်တွေကို နေရာခွဲပြီး ဆောက်ခိုင်းထားတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်မှ ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့် တာဝန်ခံတဦးက ပြောသည်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအ၀င် မြို့ကြီးများတွင် ဆောက်လုပ်မည့် ပုဂ္ဂလိက သင်္ကြန်မဏ္ဍပ်အားလုံး လိုက်နာရမည်ဖြစ်သော လုံခြုံရေးဆိုင်ရာ စည်းကမ်းချက် ၂၅ ချက်အား စည်းကမ်းထိန်းသိမ်းရေးနှင့် လုံခြုံရေးကော်မတီက မတ်လ ဒုတိယ ပတ်အတွင်း စတင် ထုတ်ပြန်ကြေညာထားသည်။

လေဘေးသင့်ရေလုပ်သားတသောင်းကျော်ကယ်ဆယ်ပြီး၊၇၀၀ကျော်ပျောက်ဆုံးဆဲ

နရီလင်းလက် Thursday, 31 March 2011 13:38
ဧရာဝတီတိုင်းဖျာပုံခရိုင်အတွင်းရှိလေဘေးသင့်ရေလုပ်သား၁၁၀၀၀ ကျော်ကို ကယ်ဆယ်ရရှိ ထားသည်ဟု ဖျာပုံမြို့နယ် ကျားပိုက် လုပ်ငန်းရှင်များအဖွဲ့က ယနေ့ ပြောကြား လိုက်သည်။
ကော့သောင်းမြို့သို့ရောက်ရှိလာသည့်ရေလုပ်သားဒုက္ခသည်များကိုမတ်လ၂၁ရက်နေ့ကတွေ့ရစဉ်။ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့်ပင်လယ်ထဲတွင်မျောနေသောမြန်မာရေလုပ်သားများကို မြန်မာ့ရေတပ်နှင့်ငါးဖမ်းသင်္ဘာကြီးများကကယ်တင်ခဲ့ပြီးတနင်္သာရီတိုင်းကော့သောင်းမြို့နှင့်ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့သည်။(ဓာတ်ပုံ-http://burmese.nldburma.org)
အဆိုပါအရေအတွက်သည်ဖျာပုံမြို့နယ်တွင်ဖွင့်လှစ်ထားသည့်ကယ်ဆယ်ရေးစခန်း၂ ခုသို့ ဒေသအသီးသီးမှ ကယ်ဆယ် ရရှိလာပြီးသည့် လူစာရင်းဖြစ်သည်ဟု ဖျာပုံမြို့နယ် ကျားပိုက်လုပ်ငန်းရှင်များအဖွဲ့ တာဝန်ရှိသူ တဦးက ဧရာဝတီ သို့ ပြောသည်။
“ကျနော်တို့ဆီမှာရှိတဲ့ ရေလုပ်သားစာရင်းနဲ့ ပြန်ကယ်ဆယ်လို့ ရောက်လာတဲ့ လူစာရင်းကို နုတ်လိုက်တော့ ပျောက်ဆုံးနေတဲ့ရေလုပ်သား၇၀၀ကျော်လောက်ရှိနေသေးတယ်။ပင်လယ်ထဲမျောသွားတဲ့ ရေလုပ်သားအများစုက ဖျာပုံမြို့ထဲက များတယ်”ဟု ၎င်း က ဆိုသည်။
မတ်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဖျာပုံ ၊ ဒေးဒရဲ ၊ လပွတ္တာ ၊ မြောင်းမြ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး စသည့် မြို့နယ်များရှိ ရေလုပ်သားများ ပင်လယ်တွင်း မျောပါသွားခဲ့သည်။
မတ်လ ၁၄ ရက်နေ့ မှ မတ်လ ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့ ၊ မွန်ပြည်နယ်နှင့် တနင်္သာရီ ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံအရှေ့ဘက်မှ လေပြင်းများကျရောက်ပြီး လှိုင်းအသင့် အတင့် မှ လှိုင်းကြီးနိုင်ကြောင်း၊ လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တနာရီ ၃၅ မိုင် တိုက်ခတ်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ သည်။
သို့သော် လေပြင်းတိုက်ခတ်မှုနှုန်းမှာ ၁ နာရီ မိုင် ၆၀ မှ ၇၀ နှုန်း ရှိခဲ့သောကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ရေလုပ်သားများသည် ကော့သောင်း ၊ ကျိုက္ခမီ ၊ ကိုကိုးကျွန်း ၊ ဟိုင်းကြီးကျွန်းနှင့် ရန်ကုန်မြို့ စသည့် ဒေသအနှံ့သို့ ရောက်ရှိ သွားခဲ့ကြောင်း သိရသည်။
“ဖျာပုံမြို့နယ်မှာတင်ကျေးရွာအုပ်စုတွေကအများကြီး၊ အဲဒီမှာ ရေလုပ်သားတွေကလည်း အများကြီးဆိုတော့ ဧရာဝတီတိုင်း တခု လုံးအနေနဲ့ တွက်ရင် ရေလုပ်သား ၁ သောင်းခွဲနဲ့ ၂ သောင်းကြားမှာ ရှိနေတယ်”ဟု ဖျာပုံမြို့နယ် ကျားပိုက်လုပ်ငန်းရှင်များအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ဖျာပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်သွယ်ရေး ဦးစီးဌာနမှ စာရင်းအရ ခန့်မှန်းခြေ ကျေးရွာအုပ်စု ၄၃ အုပ်စု ၊ ကျေးရွာပေါင်း ၁၄၀ ၊ ကျေးရွာ ခွဲပေါင်း ၉၇ ခု ရှိကြောင်း စုံစမ်း သိရှိရသည်။
ဖျာပုံမြို့နယ်၌ အင်္ဂလန်ကျားဖောင် လုပ်ငန်း လုပ်ကိုင်သူ ၂၅၀၀ ရှိပြီး အဆိုပါ ကျားဖောင်တစီးလျှင် လူ ၃ ဦးမှ ၄ ဦး ပျမ်းမျှ လိုက် ပါလေ့သည်ဟု ဖျာပုံမြို့နယ် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းက ဆိုသည်။
“ဒေသအခေါ်အရ အင်္ဂလန် ကျားဖောင် ဆိုတာ ၀ါးဖောင်အကြီးကြီးတွေဖွဲ့ပြီး ကမ်းစပ်မှာ စိုက်ပြီး ပုစွန် ၊ ငါးနုတ် ၊ ငါးသေး လေး တွေ အဓိက ဖမ်းပြီး အသက်မွေးဝမ်းကျောင်းတဲ့ သူတွေပေါ့။ ၀ါးဖောင်ပေါ်မှာ တဲအိမ်လေးတွေဆောက်ပြီး မိသားစုပါ ချက်ပြုတ်စားပြီး နေကြတာပေါ့”ဟု ဖျာပုံမြို့နယ်ရှိ မြန်မာနိုင်ငံငါးလုပ်ငန်း မှ တာဝန်ရှိသူတဦးက ပြောသည်။
အဆိုပါ အင်္ဂလန် ကျားဖောင် လုပ်ငန်း လုပ်ကိုင်လိုပါက သက်ဆိုင်ရာ ဒေသရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ကျပ် ၄၀၀၀ မှ ၅၀၀၀ ကြား ပေးဆောင်ကာ လိုင်စင်ထုတ်ယူနိုင်ကြောင်း၊ ငွေကြေးချို့တဲ့သည့် ဒေသခံအများစုမှာ ယင်း ကျားဖောင် လုပ်ငန်းဖြင့် သာ အသက်မွေးကြကြောင်း သိရသည်။
“ဒေသခံ ရေလုပ်သားအများစုကတော့ ဘာငါးဖမ်းစက်လှေမှ မပိုင်သလို ၊ ငါးဖမ်းလှေလည်း မရှိဘူး။ အားလုံးကချို့တဲ့တော့ ကျားဖောင်နဲ့ပဲ ငါးဖမ်းတာများတယ်။ ငါးဖမ်း စက်လှေက မြင်းကောင်ရေပေါ်မူတည်ပြီး ကျပ် ၁ သိန်းကနေ ၄ သိန်း ပေးရတယ် ဆိုတော့ ဘယ်သူမှလည်း မ၀ယ်နိုင်ဘူး။ အများစုကတော့ စီးပွားရေးလုပ်ငန်းရှင်တွေပဲ ပိုင်တာ များတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းတာဝန် ရှိ သူက ဆက်ပြောသည်။
ယမန်နေ့အထိ ပင်လယ်ငါးဖမ်းစက်လှေများမှ ရန်ကုန်မြို့ နန်းသီတာ ဆိပ်ကမ်းသို့ ကယ်ဆယ်ရရှိလာသည့် ရေလုပ်သား အရေ အတွက်မှာ ၄၀၀၀ ကျော်ရှိပြီး ယနေ့ အထိ ထပ်မံ ကယ်ဆယ်ရလာခြင်းမရှိသေးဟု ၎င်းက ဆိုသည်။
“ပထမ ခန့်မှန်းခြေ ပင်လယ်ထဲမှာ မျောနေတာ ၇၀၀၀ လောက်ရှိမယ် ထင်တာ၊ ဖျာပုံတမြို့တည်းတင် ကျားစီး ဖောင်လိုင်စင်ရှိတဲ့ အရေအတွက် ၊ ဖောင်ပေါ်ပါတဲ့ ရေလုပ်သား အပါအ၀င် သူတို့တွေက အိမ်ဆောက်နေတာဆိုတော့ မိသားစုတွေ အပါအ၀င် ခန့်မှန်းခြေ ၁၁၀၀၀ ကျော်လောက်ရှိတယ်”ဟု အထက်ပါ ငါးလုပ်ငန်းတာဝန်ရှိသူက ပြောသည်။
မတ်လ ၂၂ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် လေဘေးသင့် ရေလုပ်သားများကို ပင်လယ်ပြင်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယနေ့အထိ တပ်မတော်(ရေ)စစ် ရေယာဉ်များ၊ ပင်လယ်ပြင်အတွင်း ငါးဖမ်းရေယာဉ်များနှင့် ဒေသခံ ငါးဖမ်းစက်လှေများကရေလုပ်သား ၃၃၇၄ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊၎င်းရေလုပ်သားများအနက်၃၁၅၂ ဦးကိုသက်ဆိုင်ရာ နေရပ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျန်ရှိနေသော ရေလုပ်သား၂၂၂ ဦးကိုမူ တာဝန်ရှိသူများက လိုအပ်သော ဆေးဝါး ကုသမှု များ၊ အ၀တ် အထည်များ၊ စားသောက်ဖွယ်ရာများဖြင့် ထောက်ပံ့ကူညီ စောင့်ရှောက်ပေးထားကြောင်း ရေးသားထားသည်။
“ကျားဖောင်တွေက များသောအားဖြင့် ကမ်းနဲ့ ၁၅ မိုင် နဲ့ မိုင် ၃၀ လောက် အကွာ မုတ္တမ ပင်လယ်ဝ ၊ ကပ္ပလီ ပင်လယ် တွေမှာ ဆိုက်ထားပြီး ငါးဖမ်း၊ ပုစွန်ဖမ်းလုပ်ကြတာ။ ကြေညာထားတဲ့ လေတိုက်နှုန်းက ၃၅ မိုင် လောက်ပဲ ရှိမယ်ဆိုတော့ ကျားဖောင် တွေက မိုင် ၅၀ လောက် အထိ လေတိုက်နှုန်းကို ခံနိုင်တယ်။ ဒီတော့ ပုံမှန်ပဲ နေနေကြတာ”ဟု ငါးဖမ်း လုပ်ငန်း လုပ်ကိုင်သူတဦးက ပြောသည်။
၎င်းက ဆက်၍ “ငါးဖမ်းစက်လှေကြီးတွေ ၊ ငါးဖမ်းသဘောင်္ကြီးတွေ အများစုက အင်တာနက် က သတင်းတွေ ဖတ်တယ်။ နောက် ယိုးဒယား လိုင်းက မိုးလေ၀သ သတင်းတွေနားထောင်ဖြစ်တော့ အချိန်မီ ကမ်းကပ်နိုင်သွားတယ်။ ဒါကြောင့်လည်း ဘာမှ မဖြစ် တာ”ဟု ပြောဆိုသည်။
ရန်ကုန်အခြေစိုက် ဂျာနယ်သတင်းထောက် တဦးကလည်း“တနေ့ကအထိတော့ နန်းသီတာ သဘောင်္ဆိပ်ကို ရောက်လာတဲ့ ရေ လုပ်သားတွေကို ငါးလုပ်ငန်းက စီစဉ်ပေးထားတဲ့ ကားနဲ့ နေရပ်ကို ချက်ချင်း ပြန်လွှတ်တာ”ဟု ပြောသည်။
လေပြင်း တိုက်ခတ်မှုများကြောင့် ရန်ကုန်တိုင်းအတွင်း နေအိမ် အလုံး ၁၁၀၊ တဲ ၃၈ လုံးနှင့် ဧရာဝတီတိုင်းအတွင်း အိမ်ခြေ ၂၀ ခန့် ပြိုကျပျက်စီးသွားခဲ့ကြောင်း မတ်လ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ယမန်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နေပြီး အဆိုပါ လေ ဖိ အားနည်း ရပ်ဝန်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ် ၊ မုတ္တမကွေ့၊ မွန်ပြည်နယ်နှင့် တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ၊ မိုးသက်လေပြင်းကျ ရောက် စဉ် ရေပြင် မြေပြင်လေသည် တနာရီ ၃၅ မိုင်မှ မိုင် ၄၀ ထိ တိုက်ခတ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

woensdag 30 maart 2011

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနောက်ကွယ်မှအာဏာဆက်လက်ချုပ်ကိုင်နိုင်

လင်းသန့် Wednesday, 30 March 2011 19:25
.ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်ယနေ့မတ်လ၃၀ရက်နေ့တွင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို တရားဝင် ဖျက်သိမ်းလိုက်ကြောင်း ကြေညာသွား သော်လည်း နောက်ကွယ်မှ အာဏာအရပ်ရပ်ကို ဆက်လက်ချုပ်ကိုင်သွားမည်သာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ၀ါရင့် နိုင်ငံရေးသမားကြီးများက ပြောကြားလိုက်သည်။
ယခုနှစ်မတ်လ၂၇ရက်နေ့ညတပ်မတော်နေ့အထိမ်းအမှတ်ညစာစားပွဲတွင်သံတမန်များကို နှုတ်ဆက်နေသောဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ဓာတ်ပုံ-AP)
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သူယူထားသော ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပေးလိုက်သည်။
သံတမန်ဟောင်း၊၀ါရင့်နိုင်ငံရေးသမားကြီးသခင်ချန်ထွန်းက“သူတို့ကဒီမိုကရေစီစနစ်ကို ကျင့်သုံးတော့မယ်ဆိုတဲ့ သဘောမျိုးနဲ့ နိုင်ငံရေးရာထူးတွေ ယူထားတာ မတွေ့ရတော့ဘူး။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးက ဂုဏ်ထူးဆောင်အနေနဲ့ ဆက်နေမယ်ထင်တယ်။ နာမည်ရှေ့က ‘ဗိုလ်ချုပ်’ တွေ ဖြုတ်ပြီး ‘ဦး’ တွေ တပ်၊ အရပ်သားအစိုးရပုံနဲ့ လုပ်လိုက်တော့ မသိတဲ့သူတွေ မျက်စိလည်စရာပဲ။ သူ့သြဇာခံမယ့် သူတွေကိုရွေးပြီး အစိုးရသစ်ကို ဖန်တီးထားတာ။ ဦးသန်းရွှေတို့ကတော့ ဘေးကနေ မတော်မတရား မလုပ်အောင် ၀င်ပြောမယ်လို့ ကြားတာပဲ။ တိုက်ရိုက်အုပ်ချုပ်တာ မဟုတ်ပေမယ့် သွယ်ဝိုက်အုပ်ချုပ်မှာပါပဲ။ သူတို့က ရာထူးသြဇာ အကုန်စွန့်လိုက်တဲ့ပုံစံ လုပ်ပြလိုက်တာပါပဲ။ တကယ်တော့သူတို့ လုပ်ချင်သလိုလုပ်လို့ ရနေတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့မှာ အာဏာမျက်နှာစာတွင် ရာထူးတစုံတရာ ယူထားခြင်းမရှိသော်လည်း နောက်ကွယ်မှ အာဏာအရပ်ရပ်ကို ဆက်လက်ချုပ်ကိုင်သွားမည်ဟု အများက သံသယ ရှိကြသည်။ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေ၀င်း၏ သင်ခန်းစာ ရှိသည့်အတွက် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် အာဏာအရှိဆုံးအဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်ဟု အကဲခတ်များက သုံးသပ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP)အတွင်းရေးမှူး ဦးအေးသာအောင် က “အစိုးရသစ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့ အစိုးရဆိုတော့ အစိုးရသစ်ဆိုပေမယ့် ပုလင်းအဟောင်းနဲ့အသစ် ပြောင်းလိုက်ရုံပဲ။ ဘာမှ ပြည်သူတွေအတွက် အကျိုးပြုမယ့်အစိုးရသစ် ဖြစ်လာမှာမဟုတ်ဘူး။ ဒီဖွဲ့စည်းပုံက တိုင်းရင်းသားတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေ ဘာမှ ဖော်ဆောင်ထားတာ မရှိဘူး။ အစိုးရသစ်လို့ ပေါ်လာပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ဟာ နောက်ကွယ်က အာဏာကို ဆက်လက်ကိုင်စွဲသွားမှာပဲ ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အတင်း အတည်ပြုလိုက်ကတည်းက ဒီလိုလုပ်လာမယ်ဆိုတာ အားလုံးကြိုသိပြီးသား။ အခုက နအဖ က ပုံဖေါ်နေတဲ့ ရုပ်သေးပြဇာတ်တပုဒ်လို့ပဲ ထင်တယ်” ဟု ပြောသည်။
ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်မည်ဟု သမ္မတသစ် ဦးသိန်းစိန်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအပြီး မိန့်ခွန်းရှည်တွင် ဒီမိုကရေစီကူးပြောင်းရေး လုပ်ငန်းစဉ်ကို အကောင်းဆုံး အကောင်အထည်အဖော်ရန် အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု ပြောဆိုသွားသည်။
သခင်ချန်ထွန်းက “အရင်က ဗိုလ်ချုပ်နေ၀င်းက ဦးနေ၀င်းကို အာဏာလွှဲပေးတာ လုပ်ခဲ့တယ်။ အခုကျတော့ သူက ဦးသိန်းစိန်ကို လွှဲပေးပြီး အာဏာစွန့်တဲ့ပုံ။ သူက သမိုင်းရေးနေတာလေ။ သူဘာလုပ်ခဲ့တယ်ဆိုတာကို ရေးနေတာ။ ထွင်တာပေါ့။ ဟိုတုန်းက ဖဆပလ က လုပ်တဲ့ပုံစံမျိုးလည်း မဟုတ်ဘူး။ ဦးနေ၀င်းလုပ်ခဲ့တဲ့ပုံစံလည်း မဟုတ်ဘူး။ တမျိုးထွင်တာပေါ့။ လုပ်နေတာက သမိုင်းမှတ်တမ်းမှာ သူအာဏာအားလုံး စွန့်တဲ့ပုံပေါ့” ဟု ပြောသည်။
သမ္မတသစ်၏ပထမဆုံးမိန့်ခွန်းတွင်အစိုးရသစ်ကိုအသိအမှတ်ပြုရန်တိုက်တွန်းကြောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက်လည်း အစွမ်းကုန်ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
ဦးအေးသာအောင်က “မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေး အဖြေရှာမှ ရမှာ။ အခုလွှတ်တော်ကလည်း ဘာမှ ပြောင်းလဲအောင် မလုပ်နိုင်ဘူး။ အဲဒီ လွှတ်တော်ကနေပြီး ထွက်ပေါ်လာတဲ့ အစိုးရသစ်က အရင်အစိုးရက လူတွေပဲ၊ ဘာမှ မပြောင်းလဲဘူး။ ဒီတော့ အစိုးရသစ်အနေနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာကို လုပ်မယ်လို့ မထင်ဘူး” ဟု ပြောသည်။
၂၀၁၀ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်းကမူ “ဒီနေ့ ကြေညာတယ်ဆိုတာပဲ သိရတယ်။ အပြည့်အစုံတော့ ကျနော်တို့က မသိသေးဘူးဗျ။ ဘယ်လိုပဲဖြစ်ဖြစ် အပြောင်းအလဲတခု ဖြစ်တယ်ဆိုရင်တော့ ကြိုဆိုရမယ်။ ဒါပေမယ့် သတိနဲ့တော့ ကြိုဆိုတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ စောင့်ကြည့်သွားရမှာပါပဲ”ဟု ဆိုသည်။
ဦးသိန်းစိန်ခေါင်းဆောင်သောအစိုးရသစ်တွင်ဝန်ကြီး၃၄ဦးတို့ကဝန်ကြီးဌာန၃၀ကို ကိုင်တွယ်သွားကြမည်ဖြစ်သည်။

ချိုကုပ်ဒူးကြီးနှင့် ၀ိုင်ပုလင်း

ရန်ကုန်သားတာတေ Wednesday, 30 March 2011 20:12 ထွေရာလေးပါး
.ကနေ့ နေပြည်တော်၌ အစိုးရသစ်၊ သမ္မတသစ် ကျမ်းကျိန်ပွဲ အပါအ၀င် အပြောင်းအလဲများရှိသည်ဟု ယမန်နေ့ကတည်းက ကြားသိထားသောကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ နှစ်ဦးလည်း သတင်းယူရန် ရောက်ရှိနေကြသည်။ ထိုပွဲသို့ ချိုကုပ်ဒူးကြီး တက် မတက်၊ စစ်ဝတ်နှင့် တက်မည်လား၊ အရပ်ဝတ် ချိတ်လုံချည်ဖြင့် တက်မည်လားဟူ၍ အငြင်းအခုံပင် ဖြစ်ခဲ့ရသေးသည်။
ကြွက်စုတ်မှာ ဖိုးရှုပ် ခေါ်လာ၍သာ မလိုက်ချင် လိုက်ချင်ဖြင့် လိုက်ခဲ့ရပြီး စားသောက်ဆိုင် တဆိုင်ရှိ တီဗီ တလုံးရှေ့၌ ရှိနေသည်။ အပြင်မထွက်ဘဲ နေချင်သည်က တကြောင်း၊ မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ဂျပန် ဆူနာမီ ကြောင့် နျူကလီးယား ဓာတ်ပေါင်း ဖိုတွေ ပေါက်ကွဲပြီး ရေဒီယို ဓာတ်သတ္တိကြွမှုတွေဖြစ်၊ မြန်မာပြည်အထိ လေထဲမှာ ဓာတ်ရောင်ခြည်တွေ ပျံ့မည်၊ အက်ဆစ်မိုးတွေ ရွာမည် ဆိုသည့် ဘာဘာ ညာညာ ကောလာဟလတွေလည်း ပျံနေမဟုတ်လား၊ ဒီကြားထဲ ငလျင်တွေကလည်း လှုပ်ဆိုတော့ ကြွက်စုတ် ကြောက်သွေးဖျန်းနေခြင်းလည်း ဖြစ်သည်။
တကယ်ဆို ယခုရောက်ရှိနေသည့် စားသောက်ဆိုင်အစား မာဆတ် ဌာနီ အဲ...ရာဇ ဌာနီ လမ်းမကြီးပေါ်ရှိ မာဆတ် အနှိပ်ခန်း တခုခုတွင် နှပ်နေရရင် အကောင်းသား...ဟု ကြွက်စုတ်က အလိုမကျစွာ တွေးတောနေမိသည်။
အတွေးကောင်းနေဆဲရှိစဉ် ယခင် အစိုးရဟောင်းကို ဖျက်သိမ်းပြီး အစိုးရသစ်ကို ချိုကုပ်ဒူးကြီးက အာဏာလွှဲလိုက်သည်ဟု မြန်မာ့ ရုပ်သံက ကြေညာလိုက်ရာတွင် ကြွက်စုတ် က တီဗီ ကြည့်နေရာမှ ချက်ချင်း ထပြောလိုက်သည်။
ကြွက်စုတ်။ ။ ဟ ချိုကုပ်ဒူးကြီးက အစိုးရသစ်ကို အာဏာလွှဲတယ် ဆိုပါလား...၊ ဖိုးရှုပ် မင်းတို့ မီဒီယာတွေမှာ ပြောပြောနေတာ ချိုကုပ်ဒူးကြီးက အသက်သာ သေရင် အသေခံမယ်၊ အာဏာကို တစိတ် တခြမ်းတောင် ခွဲပေးမှာ မှုတ်ဘူးဆို...။
ဖိုးရှုပ်။ ။ ဟေ့ကောင်...ဟေ့ကောင်...အခုမှ အစပဲ ရှိသေးတာ၊ မင်းပါးစပ် မဟရင် ကောင်းမယ်...။
ထိုကြေညာချက်အပြီး မြန်မာ့ ရုပ်သံ၌ “အဆင်ပြေပါစေ မြန်မာပြည်..”စာသား ပါသည့် သီချင်းသံနှင့် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပုံကိုပြရင်း ကျန်ရှိ ကြေညာချက်များကို ဆက်လက် ထုတ်ပြန်မည်ဖြစ်ကြောင်း စာတန်း တခုက ပြေးနေသည်။
တီဗီ ကြည့်နေရင်း ရုတ်တရက် ကြွက်စုတ်က ဖိုးရှုပ်ဘက်လှည့်၍ ပြောလိုက်သည်။
ကြွက်စုတ်။ ။ မင်း ဒီလိုတော့ သူတပါးပြောဆိုခွင့်ကို မပိတ်ပင်နဲ့လေ...ဖိုးရှုပ်၊ အခု မင်းအမြင်၊ တီဗီမှာ ကြေညာသွားတာ၊ အရပ် သား သမ္မတ အစိုးရသစ် ပေါ်လာပြီလေ...။
ဖိုးရှုပ်က ပြန်ပြောမည် ဟန်ပြင်လိုက်စဉ် တီဗီတွင် ကြေညာချက် အသစ် ကြေညာလာပြန်၍ ငြိမ် နားထောင်လိုက်ရသည်။
ယခု ကြေညာချက်မှာ သမ္မတ ဦးသိန်းဂိန် အစိုးရသစ်အဖွဲ့ဝင် ၀န်ကြီးများ၏ စာရင်းဖြစ်သည်။ ၀န်ကြီးများ၏ စာရင်းတွေ ရွတ်ပြပြီး ချိန်တွင် ဖိုးရှုပ်က နှုတ်ခမ်းမဲ့ မျက်ခုံးပင့်ပြီး ကြွက်စုတ်ကို မေးငေါ့ လိုက်သည်။
ဖိုးရှုပ်။ ။ဟေ့ကောင် မင်းကြားလား...၊ အစိုးရသစ် အဖွဲ့မှာ သမ္မတက စပြီး အများစုက လူ အဟောင်းတွေနဲ့ သူတို့ စစ်အုပ်စု လူတွေချည်းပဲ၊ အဲဒါကို အစိုးရသစ်လို့ ဘယ်လို ခေါ်ရမှာလဲ...
ကြွက်စုတ်။ ။ဒါကတော့ကွာ...လုပ်နေကြအသားကျပြီးသားလူတွေဆိုတော့ လုပ်ငန်း ပိုကျွမ်းကျင်တယ်ဆိုပြီး ပြန်ထည့်တာ လည်း ဖြစ်နိုင်တာပေါ့။
ဖိုးရှုပ်။ ။ မင်းကြားဘူးမလားတော့ မသိဘူး ကြွက်စုတ်၊ ဟို ၀ိုင် အဟောင်းနဲ့ ပုလင်း အသစ်ဆိုလား...၊ ပုလင်း အဟောင်းနဲ့ ၀ိုင် အသစ် ဆိုလား...၊ အဲဒီလိုမျိုးလေ...။
ကြွက်စုတ်။ ။ တကမ္ဘာလုံး အရေး အရမ်းအရမ်းကို ကျွမ်းကျင်သူတွေ လေမျိုးနဲ့ ပြောမနေနဲ့၊ မင့် ၀ိုင်နဲ့ ပုလင်း ဘယ်လိုပဲ ဖြစ်ဖြစ်၊ တို့ တိုင်းပြည်မှာ နှစ် ၂၀ ကျော်လောက် ခေါ်စရာမဲ့နေတဲ့ သမ္မတ ဆိုတာတော့ ခေါ်စရာ ရှိလာတာ အသေအချာပဲ...။
ဖိုးရှုပ်။ ။ သြော် လက်စသတ် မင်းက သမ္မတကြီး...သမ္မတကြီးလို့ ခေါ်ရတဲ့ လျှာ အရသာ ခံချင်နေတာကိုး...၊ ချိုကုပ်ဒူးကြီး သာ ကြားလို့ကတော့ ငါးခူပြုံး၊ ငါးသလောက်ပြုံး အပြုံးမျိုးစုံ ပြုံးပြီး မင့်ကို မိန့်မိန့်ကြီး ကြည့်နေမှာ မြင်ယောင်သေး...၊ သူရွှေ့လိုက်တဲ့ ဇယားထဲ မင်းက အကောင်လိုက်ကြီး ၀င်လာလို့ လေ...။
ဖိုးရှုပ်အပြောကြောင့်ကြွက်စုတ်ဒေါကန်သွားပြီးပြန်ပက်မည်ပြင်လိုက်စဉ်ဦးရုက္ခစိုး ရုတ်တရက်ရောက်လာပြီး ကြားဖြတ်ဝင်ပြော လိုက်သည်။
ရုက္ခစိုး။ ။ဟေ့ကောင်တွေ မင်းတို့ နှစ်ကောင်က ထုံးစံလို ဖြစ်နေပြီ၊ တွေ့ရင် ကိုက်ကြ၊ မတွေ့ရင်လိုက်ရှာနဲ့၊ အခု ဘာဖြစ်နေပြန် ပြီလဲ...။
ဦးရုက္ခစိုး အမေးကို ဖိုးရှုပ်က ဦးစွာ ပြန်ဖြေလိုက်သည်။
ဖိုးရှုပ်။ ။ ဒီမှာ ဦးရုက္ခစိုးကောင် ငကြွက်၊ သူ့ဘာသူ ငတ်တာ ကျပြီး လျှာ အရသာခံချင်တာနဲ့ ကျနော့်ကို ဘုတောနေတာ...။
ရုက္ခစိုး။ ။ ဘာငတ်လို့လဲ...ဒီကောင်က...။
ဖိုးရှုပ်။ ။ သမ္မတ...
ဖိုးရှုပ်က တုံးတိတိ ဖြေလိုက်၍ ဦးရုက္ခစိုး ရုတ်တရက် ကြောင်သွားသည်။
ရုက္ခစိုး။ ။ ဘာ သမ္မတ လဲ...၊ ပေါင်မုန့်လား...ရုပ်ရှင်ရုံ လား...။
ဖိုးရှုပ်။ ။ ဟာ ဦးရုက္ခစိုး ပြောမှ ပိုရှုပ်ကုန်တော့မှာပဲ...၊ တီဗီ မှာ စောစောကတင် အစိုးရဟောင်း ဖျက်ပြီး အစိုးရသစ်ကို အာဏာ လွှဲတယ်လို့ ကြေညာသွားတယ်...။
ရုက္ခစိုး။ ။ ဟေ ဟုတ်လား...ငါတောင် မသိလိုက်ဘူး...။
ဦးရုက္ခစိုးအူကြောင်ကြောင်ဖြင့်စကားစပြတ်သွားသည်ကိုအခွင့်ကောင်းယူ၍ကြွက်စုတ်က၀င်ပြောလိုက်သည်။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးက နေ့လယ်နေ့ခင်းဆို တရေးတမော မှေးရင်း နတ်စည်းစိမ် ယဇ် နေတာကိုး ဘယ်သိမလဲ...၊ ကျနော်က အဆိုးထဲ က အကောင်းကို မြင်ကြည့်တာပါ၊ အခုဆို အရပ်သား အစိုးရ ပေါ်လာပြီလေ...ဟုတ်တယ် ဟုတ်၊ ဒီကောင် ဖိုးရှုပ် ဆိုတဲ့ ကောင်က အဆိုးပဲ မြင်နေတာ...။
ဖိုးရှုပ်။ ။ ဟေ့ကောင် ပြောပြန်ပြီ...၊ မင်းတော့ ငါ လုပ်လိုက်ရ...။
ဦးရုက္ခစိုးက ဖိုးရှုပ်တို့ နှစ်ဦး၏ တင်းမာလာသည့် အခြေအနေကို ကြားဝင်လိုက်သည်။
ရုက္ခစိုး။ ။ ဖိုးရှုပ်ကလည်း ဖြည်းဖြည်းပြောလေ...၊ မင်းတို့ ဟာက...။
ကြွက်စုတ်။ ။ဦးရုက္ခစိုးပဲစဉ်းစားကြည့်ဒီကောင်ကကြီးကြီးကျယ်ကျယ်နဲ့ပြောတယ်လေ...၊အစိုးရ အဟောင်းနဲ့ အသစ်က ဘာမှ မထူးတဲ့ ပုံမျိုး...၊ ၀ိုင် အဟောင်းနဲ့ ပုလင်း အသစ်၊ ပုလင်း အဟောင်းနဲ့ ၀ိုင် အသစ် ဘာညာနဲ့လေ...။
ဤတွင် ဦးရုက္ခစိုး ဇာတ်ရည်လည်စ ပြုလာသည်။
ရုက္ခစိုး။ ။သြော်မင်းတို့ပြဿနာကိုငါသိသွားပြီ၊အေး..ကွတကယ်တော့ကြွက်စုတ်ရ ရွေးဂေါက်ပွဲ အဖြေကနေ လွှတ်တော်အစည်းအဝေးတွေကိုပဲ ကြည့်ရင်စစ်အုပ်စုနဲ့သူတို့လူတွေချည်းပဲ...၊ အမတ်တွေမှာဘာမှ မယ်မယ်ရရပြောဆိုလုပ်ပိုင်ခွင့်မရှိလို့ခမျာများ စိတ်ပျက်နေကြတာ၊ အခုဆို သူတို့ အိမ်ပြန်ရမှာမို့ ပျော်နေကြတယ်လို့တောင် ကြားတယ်...။
ပြောရင်း ဆိုရင်းနှင့် ဦးရုက္ခစိုးနှင့် ဖိုးရှုပ်တို့ သဘောထား နီးစပ်လာသည်ကို သတိထားမိလိုက်၍ ကြွက်စုတ် ကမန်းကတန်း ၀င်ဖြတ်ပြောသည်။
ကြွက်စုတ်။ ။ ဒီလိုပါ ၊ ကျနော် ပြောတာက အပြုသဘောပါ၊ ဦးရုက္ခစိုးပဲ စဉ်းစားကြည့် စစ်တပ်ရာနှုန်းပြည့်၊ နေရာပြည့် ၊ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် စိမ်းစိမ်း စိမ်းစိမ်း ဖြစ်နေရာကနေ အခု အရပ်သား ပုံစံ လုပ်လာနေရပြီလေ...။
ဖိုးရှုပ်။ ။ အဲဒါဟန်ပြ ၊အယောင်ဆောင်၊ချွတ်စွပ်အစိုးရလုပ်ထားတာဆိုတာလူတိုင်းသိတယ်...၊မင်းသာငတုံး မို့လို့...။
ရုက္ခစိုး။ ။ ဟေ့ကောင် ဖိုးရှုပ်...ရှင်းရှင်း ပြောစမ်း မင့်ဟာက၊ ဘာ ချွတ်စွပ် လဲ...။
ကြွက်စုတ်။။သူပြာတာကစစ်ယူနီဖောင်းချွတ်အရပ်သားဝတ်စုံစွပ်ပြီး အယောင်ဆောင်တယ်လို့ပြောချင်တာ...၊ဒီကောင်ကသတင်းလေးဘာလေးမတောက်တခေါက် ရေးတတ်တာနဲ့ လေကြီး လေကျယ်တွေ လုပ်နေတာ...။
ထိုအချိန်ကျမှ ဦးရုက္ခစိုးက သူ၏ အမြင်ကိုပြောချလိုက်သည်။
ရုက္ခစိုး။ ။ မင်းတို့ နှစ်ယောက်စလုံးနဲ့ကို ငါ သဘောထား ကွဲလွဲနေတယ်...၊ ချွတ်စွပ်လည်း မဟုတ်ဘူး...၊ ၀ိုင် အဟောင်းနဲ့ ပုလင်း အသစ်လည်း မဟုတ်၊ ပုလင်း အဟောင်းနဲ့ ၀ိုင် အသစ်လည်း မဟုတ်ဘူး...၊ ချိုကုပ်ဒူးကြီးက ၀ိုင် ပုလင်းကို တံဆိပ် အသစ်နဲ့ အဟောင်း ပြောင်းကပ် ပေးလိုက်တာပါ ကွာ...။
ဤတွင် ၎င်းတို့ ၃ ဦးမှာ ဟိုအရေး ဒီအရေး ကျွမ်းကျင်သူများ ပြောသည့် ၂ ဦးရှိက ၃ စုကွဲ၊ ၃ ဦးရှိက ၄ စုကွဲ ဆိုသကဲ့သို့ အဖြစ်ကို ရောက်ရှိ သွားလေတော့သည်။
ထွေရာလေးပါးကဏ္ဍသည်Satireခေါ်သရော်စာကဏ္ဍဖြစ်ပါသည်။သတင်းအချက်အလက်အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

dinsdag 29 maart 2011

ငလျင်ကြောင့်တပ်တွင်းသေပျောက်သတင်းအမှောင်ချ

လင်းသန့် Tuesday, 29 March 2011 16:40
ရှမ်းပြည်နယ်ငလျင်ကြောင့် သေဆုံးသူ ၃၀၀ ကျော်ရှိသွားပြီဖြစ်ပြီး စစ်တပ်အတွင်း လူအသေ အပျောက်နှင့် ပတ်သက်၍ သတင်း ပေါက်ကြားမှု မရှိစေရန် လမ်းပန်း ဆက်သွယ်ရေးနှင့် ကူးသန်းသွားလာမှုများကို စစ်တပ်က တင်းကျပ်စွာကန့်သတ် ထားသည်ဟု သိရသည်။
ငလျင်ဒဏ်ခံတာလေမြို့ကူညီရေးလုပ်ငန်းခွင်တွင်မတ်လ၂၆ရက်ကတွေ့ရသည့်နအဖတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-Reuters)
မိုင်းဖြတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)၁၈တွင်သေဆုံးသူ၂၀ကျော်နှင့်တာလေ အခြေစိုက်ခြေမြန်တပ်ရင်း(ခမရ)၃၁၆တွင်ဘန်ကာများ၊ အဆောက်အအုံများ ပြိုကျ ပျက်စီးပြီး စစ်သားနှင့်မိသားစုဝင်၃၀ကျော် သေဆုံး သွားခဲ့သည့် တပ်တွင်း သတင်း ပေါက်ကြားမှု မရှိစေရေးအတွက် ထိုသို့ တင်းကျပ်ခြင်းဖြစ်သည်ဟု ဒေသခံများကပြော ဆို သည်။
“ဗိုလ်ချုပ်အောင်သန်းထွဋ်၊ကယ်ဆယ်ရေးဝန်ကြီးနဲ့တိုင်းမှူးရောက်လာတယ်၊တပ်ထဲက အသေအပျောက်စာရင်းနဲ့ပတ်သက်ပြီးသူတို့အထက်ကလူကြီးတွေကိုမသိစေချင်လို့ တပ်ရင်းအာဏာပိုင်တွေကိုသေချာပြောသွားတယ်ကြားတယ်၊နောက်နှစ်ရက်သူတို့ဆီမှာ ခေါင်း မလောက်လို့ လာယူသွားတာက၂၀လေ၊ကြည့်ရတာ တပ်တွင်းက သေဆုံးသူဒီ ထက် များတယ် ထင်တယ်”ဟု အဆိုပါ တပ်များသို့ လူသေအလောင်း ထည့်ရန် ခေါင်းပို့ပေးခဲ့ရသည့် ဒေသခံတဦးက ဧရာဝတီ ကိုပြောသည်။
တပ်တွင်းမှ သေဆုံးသူစာရင်းနှင့် ထိခိုက်ဒဏ်ရာ ရသူများနှင့် ပတ်သက်ပြီး ဧရာဝတီ က စစ်တပ် တာဝန်ရှိသူများကို ကြိုးစား ဆက်သွယ်သော်လည်း ယခုအထိ ဆက်သွယ်၍မရသေးပေ။
“မိုင်းဖြတ်တပ်ထဲက သေဆုံးသူက တော်တော်များတယ်ထင်တယ်၊ ဒီသတင်းကို အတော်ဖုံးဖိနေတယ်၊ သေဆုံးသူ အနည်းဆုံးတော့ အဲဒီမှာ ၂၀၊ ၃၀ ပဲ၊ ကြိတ်လုပ်နေကြတယ်”ဟု နယ်မြေခံ စစ်တပ်နှင့် နီးစပ်သူ တဦးက ဆိုသည်။
ထို့အပြင် လုံခြုံရေးစိုးရိမ်မှုများနှင့် လမ်းပျက်စီးမှုများကြောင့် သွားလာရေးခက်ခဲနေသော မိုင်းကိုင်ရွာသည် ငလျင်ဒဏ်ကို တရွာလုံး ခံစားလိုက်ရပြီး ယခုအချိန်အထိ ကယ်ဆယ်ရေးများ မရောက်ရှိသေးဟု သိရှိရသည်။
“မိုင်းကိုင်ရွာက အိမ်ခြေ ၇၀ ကျော် ၈၀ လောက်ရှိတယ်၊ အဲဒီက သွားရေးလာရေးခက်ခဲတယ်၊ တရွာလုံး သေသွားတယ် လို့ အဲဒီကပြန်လာတဲ့သူကပြောတယ်၊ တကယ် ဦးတည်လှုပ်တာက အဲဒီကိုဦးတည်တာ၊ တာလေက အရောက်အပေါက် လွယ်တော့ တာလေ သတင်းပဲ လူသိများသွားတာပေါ့”ဟု ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူ တဦးက ပြောပြသည်။
မတ်လ ၂၆ ရက်ထုတ် အစိုးရသတင်းစာများ၌ တာချီလိတ်မြို့၊ တာလေ မြို့၊ နားယောင်းရွာ၊ မိုင်းလင်းရွာနှင့် မိုင်းကိုးကျေးရွာအုပ်စု၊ ကျကူနီရွာတို့တွင် အိမ်ခြေ ၂၂၄ လုံး၊ ၆ ခန်းတွဲ လူနေ တိုက်ခန်းတွဲတခု၊ သာသနိက အဆောက်အအုံ ၁၁ ခုနှင့် ဌာနဆိုင်ရာ အဆောက်အအုံ ၉ လုံး ပြိုကျ ပျက်စီးခဲ့ပြီး သေဆုံးသူပေါင်း ၇၃ ဦး နှင့် ထိခိုက် ဒဏ်ရာရသူ ၁၂၅ ဦးရှိသည် ဟု ဖော်ပြထားသည်။
ယခုအခါ ဒဏ်ရာရ အရပ်သားလူနာများကိုပါ သတင်းထောက်များနှင့် မတွေ့စေလိုသောကြောင့် တပ်တွင်းစခန်းများသို့ ပြောင်းရွှေ့ထား၍ ငလျင် ဒုက္ခသည်များနှင့် ကူညီကယ်ဆယ်ရေး အစီအစဉ်များလဲ အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း ဒေသခံများက ပြောသည်။
“အခုထိ နိုင်ငံတော်ဆိုတဲ့သူတွေဆီက ဘာမှထိရောက်တဲ့အကူအညီတွေ မလာသေးပါဘူး၊ အခုပိုဆိုးတာက လူနာ အား လုံး လိုလိုကို တာလေအခြေစိုက် ၃၁၆ တပ်ရင်းနဲ့ မိုင်းလင်း အခြေစိုက် တပ်ရင်း ၅၇၁ တို့ကို ပြောင်းပစ်လိုက်တယ်၊ ပြော တာတော့ ပြည်ပ သတင်းထောက်တွေ လာကြလို့ သတင်းပေါက်ကြားမှာ စိုးလို့ ကြားတာပဲ” ဟု တာလေ ဒေသခံ တစ်ဦး က ပြောပြသည်။
ငလျင်ကယ်ဆယ်ရေး လုပ်ဆောင်နေကြသော အလှူရှင်များသည်လည်း ကယ်ဆယ်ရေး ပစ္စည်းများ ဒုက္ခသည်များထံ ရောက်ရှိရေးအတွက် အခက်အခက်များစွာရှိနေကြောင်း သိရသည်။
“တတ်နိုင်တဲ့သူတွေကအထုပ်တွေအများကြီးနဲ့လာလှူတာမျိုးတွေရှိတယ်၊ဒုက္ခသည်တွေဆီကို တိုက်ရိုက်ပေးခွင့် မရှိဘူး၊ နည်းနည်းလောက် တခါစား၊ နှစ်ခါစားမျိုးလောက်ဆိုရင်တော့ သူတို့က ခွင့်ပြုတယ်”ဟု ဒေသခံ အမျိုးသမီး တဦးက ပြောသည်။
အစိုးရ သတင်းစာများ၌မူ ငလျင်ဒေသ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဓာတ်ပုံများနှင့် တကွ ဝေေ၀ ဆာ ဆာ ဖော်ပြနေသည်။
နေပြည်တော်မှဗိုလ်ချုပ်တဦးနှင့်တိုင်းမှူးတို့လာပြီးနောက်ပျက်စီးလမ်းများကို ယာယီသွားလာနိုင်ရေးအတွက် အရေးပေါ် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်ဟု အမည်မဖော်လိုသူ ဒေသ အာဏာပိုင်တဦးက ပြောသည်။
“စစ်သားတချို့ကယ်ဆယ်ရေး လာလုပ်ပေးတာတော့ရှိတယ်၊ သူတို့က အဆောက်အအုံပျက်တွေမှာ ရွှေငွေနဲ့ အဖိုးတန် ပစ္စည်းတွေကိုပဲရှာကြတာ၊ လူကိုလာကယ်တာမဟုတ်ဘူး၊ နောက် အဆောက်အအုံ ရှင်းတဲ့ ကားကြီး ၂ စီးပဲ လာတယ်၊ အဲဒါကလဲ ပိုက်ဆံရှိတဲ့၊ ရာထူးရှိတဲ့အိမ်ကိုပဲ အရင်လုပ်ပေးတာ”ဟု ငလျင်ဒဏ်ခံ ဒုက္ခသည်တဦးက ပြောသည်။
အစိုးရ၏ ထိရောက်သည့် အကူအညီမျိုး မရကြောင်းနှင့် ဒေသ ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်မိရပ်ဘများ၏ လာ ရောက် ပေးပို့သော အကူအညီမျိုးသာ ရနေကြောင်း ဒေသခံများက ပြောဆိုသည်။
ရပ်မိရပ်ဘများဦးစီးပြီး ကူညီကယ်ဆယ်ရေးများ ဆက်လုပ်နေကြောင်း၊ ဒေသခံ တချို့မှာမူ ငလျင်ငယ်ကလေးများ ယခု အချိန် အထိဆက်လှုပ် နေသေးသည့်အတွက် လမ်းဘေး၌ အိပ်နေကြရကြောင်း၊ ကယ်ဆယ်ရေးစခန်းကို အစိုးရ အာဏာ ပိုင်များက ဖွင့်လှစ်ထားသော်လည်း ကူညီကယ်ဆယ်ရေး ပစ္စည်းများကို တိုက်ရိုက်ပေး၍မရဘဲ စစ်တပ်ကို ပေးခဲ့ရကြောင်း အလှူရှင်တဦးကလည်း ပြောသည်။
“စစ်တပ်က သူတို့ကို ပေးခဲ့ရတဲ့ ဒီပစ္စည်းတွေကို ငလျင်ဒုက္ခသည်တွေ လက်ထဲပေးမယ်လို့ ကံသေကံမ မပြောနိုင်ဘူး၊ ဒါပေမယ့် ရေတို့၊ ခေါက်ဆွဲခြောက်တို့က တကယ်ဒုက္ခသည်တွေ အခုလက်ငင်းလိုနေတာ၊ သူတို့လက်ထဲ တိုက်ရိုက် ပေးချင် ခဲ့ပေမယ့်မရဘူး၊ ကိုယ်ကစေတနာ ပြတ်ထားပြီးသားမို့ရောက်ပါစေ ဆုတောင်းပြီးပေးခဲ့တယ်”ဟု ၎င်းက ဆိုသည်။
ဒေသအာဏာပိုင်တချို့နှင့်စစ်တပ်အရာရှိတချို့က ဒုက္ခရောက်နေသူများကို ကယ်ဆယ်ရေးလုပ်သည်ထက် ကယ်ဆယ် ရေး ပစ္စည်းများကို အလွဲသုံးစားလုပ်မှုများရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။
“အစိုးရကဘာမှ မကူတဲ့အပြင် ကျမတို့ကို လာလှူတဲ့ဟာတွေကိုသူတို့စခန်းမှာ သိမ်းထားလိုက်တယ်။ သူတို့ကလာ ကြည့် သွားပြီး ဓာတ်ပုံအရိုက်ခံတာလေ၊ လာဝေတဲ့ ရေသန့်ဘူး၂လုံးနဲ့ ခေါက်ဆွဲခြောက်၂ ထုပ် ကျမ ဒီနေ့ရတယ်”ဟု ဒေသခံ ဒုက္ခသည် အမျိုးသမီးတဦးက ပြောသည်။
ယခုအချိန်အထိ ငလျင်ဘေးသင့်ဒေသ တခုဖြစ်သော ကျကူနီကျေးရွာ သို့ ကူညီကယ်ဆယ်ရေး အဖွဲ့များ မရောက်ရှိသေး ကြောင်း သိရသည်။
အဆိုပါငလျင်ဒဏ်ခံ ဒေသသည် ရှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA-S)၊ “၀”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၊လားဟူနယ်ခြားစောင့်တပ်ဖွဲ့များအခြေစိုက်လှုပ်ရှားရာဒေသဖြစ်နေသဖြင့် အစိုးရစစ်တပ်ကကူညီကယ်ဆယ်ရေးအဖွဲ့များအားလုံခြုံရေးအရသွားရောက်ခြင်းမပြုရန် တားမြစ်ထားသည်။
နောက်ဆုံးရ သတင်းများအရ တာချီလိတ်၊ တာလေ၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းဆတ် ကားလမ်းများကို ယာယီပြင်ဆင်မှုများပြုလုပ်ပြီးနောက် ယာဉ်ငယ်များကို အစိုးရ လုံခြုံရေးတပ်ဖွဲ့များက စတင်သွားလာခွင့်ပြုလိုက်သည်ဟု သိရသည်။
ထိုင်းနိုင်ငံဘက်မှ အကူအညီပေးရေးကမ်းလှမ်းမှုများလည်း ရှိကြောင်း၊ ရန်ကုန်မှ ပြည်တွင်း သတင်းထောက်များလည်း ရောက်ရှိနေကြပြီး တချို့နေရာများကို သွားလာခွင့်မပြုသေးကြောင်း သိရသည်။
“မယ်ဆိုင်ကထိုင်းအရာရှိတွေက သူတို့ကို နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးခွင့်ပြုဖို့ မြန်မာစစ်အစိုးရကို တောင်းဆို ထားတယ်လို့ သိရတယ်။ ရမယ် မရဘူးမသိဘူး၊ အခုထိတော့ ထိုင်းဘက်က နားလည်မှုနဲ့ဝင်လာတဲ့ အကူ အညီတချို့ပဲ ရတယ်”ဟု ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ မြန်မာ လူမျိုး တဦးက ပြောသည်။
သဘာဝ ဘေးဒဏ်နှင့်ပတ်သက်၍ စစ်အစိုးရအနေဖြင့် ယခုအချိန်အထိ ထိရောက်မြန်ဆန်စွာ ကူညီကယ်ဆယ်ရေးအတွက် လေ့ကျင့်သင်ကြားပေးမှုများမရှိသကဲ့သို့ ကြိုတင်ပြင်ဆင်ထားသည့် အစီအစဉ်များလည်း မရှိသေးပေ။
၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူး တိုင်း၊ တနင်္သာရီတိုင်း၊ မွန် ပြည်နယ် တို့တွင် အနည်းဆုံးလူပေါင်း ၁၃၄,၀၀၀ ကျော် သေကြေပျက်စီးခဲ့ပြီး အိုးအိမ်၊ လယ်ယာ၊ ရေလုပ်ငန်းသုံး လှေ၊ သမ္ဗန် ၊ သင်္ဘောများစွာလည်း ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။
အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန် စသည့်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်ရိုက်ဝင်ရောက်ကူညီပေးရန် ကမ်း လှမ်းချက်များကိုလည်း စစ်အစိုးရက ငြင်းဆန်ခဲ့သောကြောင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင် လာရောက်ပြီး အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအကူအညီများ လက်ခံရန် တိုက်တွန်းပြောကြား ခဲ့ရသည်။
ထို့အပြင် ကယ်ဆယ်ရေးပစ္စည်းများကို ဒုက္ခသည်များထံသို့ တိုက်ရိုက်ပေးသည်ကိုလက်မခံဘဲ အစိုးရ အာဏာပိုင်များမှတဆင့်သာ လက်ခံခဲ့သည်။ ယခုအချိန် အထိ နာဂစ်ဒေသ ပြန်လည် ထူထောင်ရေးလုပ်ငန်းများမှာ လွတ်လပ်စွာလုပ်ဆောင်ခွင့် မရရှိသေးပေ။

အစိုးရသစ် ကျမ်းသစ္စာ ကျိန်မည်

ခင်ဦးသာ Tuesday, 29 March 2011 18:01
.စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်သည် မတ်လ ၃၀ ရက်တွင် တနိုင်ငံလုံး၌ တပြိုင်တည်း ကျမ်းသစ္စာ ကျိန်ဆိုပွဲပြုလုပ်မည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းကရန်ကုန်မြို့လမ်းဖွင့်ပွဲတခုတွင်မိန့်ခွန်းပြောနေသော အစိုးရသစ်ခေါင်းဆောင်ဝန်ကြီးချုပ်ဦးသိန်းစိန်ကိုတွေ့ရစဉ်(ဓာတ်ပုံ-အေပီ)
“မနက်ဖြန် ၁၀ နာရီအရောက်လို့ ဖိတ်စာပေးထားပါတယ်၊ ဒါပေမယ့် ကျမ်းကျိန်ပွဲ လုပ်မယ်ဆိုတာက လွဲပြီး ဘယ်အချိန်၊ ဘယ်လို ဆိုတာကို ဘာမှသေချာ မသိရသေးပါဘူး”ဟု ချင်းအမျိုးသား ပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီကို ပြောသည်။
ပြည်နယ် ကိုယ်စားလှယ်များအား ဖိတ်ကြားစာ၌ မည်သည့် အကြောင်းအရာမှ ရေးမထားဘဲ နံနက် ၁၀ နာရီ အရောက် အစည်းအဝေး တက်ရောက်ရန်ဟုသာ ရေးသားထားကြောင်း သိရသည်။
“ကျမ်းကျိန်မယ်ဆိုတာသေချာပြောတာမဟုတ်ပေမယ့်နောက်နေ့အစည်းအဝေးလုပ်မယ်ဆိုရင် ကြိုပြောတယ်၊ကြံ့ခိုင်ရေးအမတ်တွေအပြောအရကျမ်းကျိန် မယ်ဆိုတာ သိရတာပါ”ဟု နေပြည်တော်ရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး က ဧရာဝတီ ကိုပြောသည်။
မနက်ဖြန်ပြုလုပ်မည့် ကျမ်းကျိန်ပွဲ၌ အစိုးရသစ်တွင် တာဝန်ထမ်းဆောင်ကြမည့် ၀န်ကြီးဌာနနှင့်ဝန်ကြီးများ၏ အမည်စာရင်း ကိုပါ ပူးတွဲ ကြေညာသွားမည်ဟု သိရကြောင်း ကိုယ်စားလှယ်များက ပြောသည်။
ဝန်ကြီးအမည်နှင့်ဌာနကို တွဲဖက်မသိရသေးသော်လည်း ပြန်ကြားရေးဝန်ကြီးဌာနကို လက်ရှိဝန်ကြီး ဦးကျော်ဆန်း၊ ကျန်းမာ ရေး ၀န်ကြီးဌာနကို ဒေါက်တာ ဖေသက်ခင်၊ ဌာနအသစ်ဖြစ်သော စက်မှုနှင့်ဖွံ့ဖြိုးရေးဌာနကို UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က တာဝန်ယူမည်ဟု သတင်းများထွက်နေကြောင်း နေပြည်တော်ရှိ ကိုယ်စားလှယ်များက ပြောသည်။
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနကို ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင် က တာဝန်ယူမည်ဟု သိရပြီင်္း လက်ရှိ တာဝန်ယူထားသော ၀န်ကြီးအများစု က ၎င်းတို့၏ လက်ရှိဝန်ကြီး ဌာန၌ပင် ဆက်လက်တာဝန်ယူသွားကြမည်ဟု သိရသည်။
“လုပ်လက်စတွေ ဖြစ်နေတာရယ်၊ အတွေ့အကြုံရှိတာတွေကြောင့် သူ့တို့နေရာ သူတို့ပဲ ပြန်ခန့်ထားမယ်လို့ သိရတယ်”ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ ကိုယ်စားလှယ်တဦးက ပြောသည်။
အစိုးရသစ်သည် ဧပြီ လဆန်း ၁ ရက်မှ စတင်၍ တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အစိုးရသစ်ကျမ်းကျိန်မည့် အကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များအား အသိမပေးခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)၏ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်က“အခုကာလက တပ်မတော်ကနေ သမ္မတ စနစ်ကိုပြောင်းတဲ့ကာလဆိုတော့ ဝေဖန်လို့ မရသေးဘူးပေါ့၊ နောင်လာမည့် အစည်းအဝေးတွေမှာတော့ ဒီလိုကိစ္စမျိုးကို ပွင့်ပွင့် လင်းလင်းထောက်ပြလို့ ရမှာပါ”ဟု ဆိုသည်။
အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုမည့်အကြောင်းအား ကိုယ်စားလှယ်များကို အသိမပေးခြင်းပေါ် နားမလည်နိုင်ဟု ကိုယ်စားလှယ်များက ဆိုသည်။
“ဒု ၀န်ကြီးခန့်ထားမယ့် အငြိမ်းစား ဗိုလ်မှူးတွေ၊ ဗိုလ်မှူးကြီးတွေလည်း လွှတ်တော်ထဲမှာ ဧည့်သည်အဖြစ် တက်ရောက် လာနေကြတာ တွေ့ရတယ်၊ မနက်ဖြန် အသေးစိတ် ကြေညာသွားမယ် ထင်တယ်”ဟု RNDP ကိုယ်စားလှယ်က ပြောသည်။
မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တပ်မတော်နေ့အား ခမ်းနားစွာ မကျင်းပခြင်းကို ငွေကုန်ကျမှု သက်သာ သည်ဟု သာ လွှတ်တော်ကိုယ်စားလှယ်များက ယူဆပြီး စိတ်ဝင်စားမှု မရှိကြကြောင်း၊ စစ်တပ်ကို ခမ်းနားစွာ ထုတ်မသုံးသော်လည်း စစ်တပ်ကသာ ဆက်လက် အုပ်ချုပ်နေသည့် သဘောကို လွှတ်တော် အစည်းအဝေးများက သက်သေပြသွားကြောင်း ကိုယ်စားလှယ်များက ဝေဖန်ကြသည်။
လွှတ်တော်ကိုယ်စားလှယ်များသည် အစိုးသစ်၏ ကျမ်းကျိန်ပြီးသည်နှင့်မိမိတို့ အိမ်ကိုပြန်ရန် အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ် သည်ဟု ကိုယ်စားလှယ်များက ပြောသည်။ ၎င်းတို့၏ အပြန်ခရီးစရိတ်နှင့် ခရီးစဉ်အတွက် အဆင်သင့် စီစဉ်ထားပြီး ဖြစ်သည် ဟုလည်း ပြောဆိုကြသည်။
အစိုးသစ်တာဝန်ယူတော့မည်ဖြစ်၍ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဟူသော ဆိုင်းဘုတ်များကို ရန်ကုန် နှင့် တခြားသော ဒေသများ၌ ယနေ့တွင်ဖြုတ်ချခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟု ဆိုင်းဘုတ်သစ်များကို ပြောင်းလဲ တပ်ဆင် လိုက် ကြောင်း သိရသည်။
အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို နိုင်ငံတကာ၌ ခမ်းနားစွာကျင်းပပြီး ပြည်တွင်းပြည်ပ မီဒီယာများ၊ ရုပ်သံများကို ဖိတ်ကြား၍ ထုတ်လွှင့်ပြသလေ့ ရှိသော်လည်း စစ်တပ်မှ သမ္မတ စနစ်သို့ကူးပြောင်း၍ ဒီမိုကရေစီ လမ်းကြောင်းကို သွားမည်ဟု ကြွေးကြော်နေသော မြန်မာစစ်အစိုးသည် သတင်းမီဒီယာကို အမှောင်ချထားဦးမည်ဟု ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းဌာန သတင်းထောက် တဦးက ဆိုသည်။
မီဒီယာကို ထိန်းချုပ်ထားသော စစ်အစိုးရ၏ စာပေစိစစ်ရေး ညွန်ကြားရေးမှူး ဖြစ်ခဲ့သူ ဦးတင့်ဆွေကမူ အနုပညာ ရသ သုတ၊ အားကစား၊ ကလေးစာပေ၊ ဂမ္ဘီရ၊ ကျန်းမာရေး၊ နည်းပညာ စသည့် အမျိုးအစားများကို စာပေစိစစ်ရေးသို့ တင်ပြစရာ မလို တော့ ဘဲ ထုတ်ဝေခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ သတင်းစာ၏ လွတ်လပ်ခွင့်သည် အစိုးရသစ် အပေါ်မူတည်ကြောင်း ပြည်တွင်း မီဒီယာများကို ပြောဆိုထားသည်။
“တင်ပြစရာ မလိုတော့ဘူး ဆိုတဲ့စာတွေက ကလေးစာပေတွေ၊ နိုင်ငံရေး မဟုတ်တဲ့ စာပေတွေပါ၊ ဒါကို စိစစ်ရေး မတင်ရတာ သတင်းစာ လွတ်လပ်ခွင့်ပေးတာမှ မဟုတ်ဘဲ”ဟု အထက်ပါ သတင်းထောက်က ပြောသည်။

စိစစ်ရေး ကင်းလွတ်ခွင့် သတင်းဂျာနယ်များ မပါ

ဟိန်းသူ Tuesday, 29 March 2011 19:08
“အရပ်သား”အစိုးရသစ်ပေါ်ပေါက်လာပါကအခြေခံဥပဒေသစ်အရမီဒီယာများအပေါ်ထိန်းချုပ်မှု လျှော့ပေါ့ပေးသည့်အနေဖြင့်စာပေအမျိုးအစား၆မျိုး ကို စာပေစိစစ်ရေး ကင်းလွတ်ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်ယမန်နှစ်ရွေးကောက်ပွဲကာလအတွင်းကတွေ့ရသောဂျာနယ်အရောင်းဆိုင်တခု(ဓာတ်ပုံ-AP)
အနုပညာ သုတရသ၊ အားကစား၊ ကျန်းမာရေး၊ ကလေး၊ ဂမ္ဘီရ၊ နည်းပညာ စသည့် စာပေ အမျိုးအစား ၆ မျိုး နှင့် အကျုံးဝင်သော ဂျာနယ်၊ မဂ္ဂဇင်း၊ လုံးချင်းဝထ္ထုများနှင့် ရုပ်ပြများကို စာပေစိစစ်ရေး မတင်ရဘဲ ထုတ်ဝေခွင့် ရတော့မည်ဖြစ်ကြောင်း ဂျာနယ် ကိုယ်စားပြု ကော်မတီ ဥက္ကဋ္ဌ ဦးကိုကို(စက်မှုတက္ကသိုလ်) က ပြောသည်။
“ထုတ်ခွင့်ရမယ့် ရက်ကိုတော့ အတိအကျမသိရသေးပါဘူး။ အစိုးရသစ်က စပြီး ညွှန်ကြားတဲ့ နေ့မှာ လုပ်ခွင့်ရမယ်လို့ သိထားပါတယ်။ ကျန်ပိတ်ပင်ထားတဲ့ စာပေအမျိုးအစားတွေကိုလည်း တဆင့်ပြီးတဆင့်ဖွင့်ပေးမယ်လို့ ပြောထားပါတယ်”ဟု ဦးကိုကိုကပြော သည်။
ယခု အစီအစဉ်အရ ကင်းလွတ်ခွင့် ပေးမည်ဆိုပါက လက်ရှိ မြန်မာနိုင်ငံတွင် ထုတ်ဝေလျက်ရှိသော ဂျာနယ် ၁၇၂စောင်၌၈၄စောင်၊မဂ္ဂဇင်း ၁၈၄ စောင်၌ ၁၁၃ စောင်တို့မှာ စာပေစိစစ်ရေး တင်စရာမလိုတော့ကြောင်း ပြည်တွင်း မီဒီယာသမားများက ခန့်မှန်း နေကြသည်။
စာပေစိစစ်ရေးသို့ ကြိုတင်ရန် မလိုဟု ဆိုသော်လည်း ပုံနှိပ်ပြီး အချော ဂျာနယ်များ၊ စာအုပ်များကိုမူ စာပေစိစစ်ရေးသို့ တင်ပြရ မည်ဖြစ်သည်။
နိုင်ငံရေး၊စီးပွားရေးနှင့်အစိုးရမူဝါဒများကိုဝေဖန်သောအကြောင်းအရာများ ပါဝင်လေ့ရှိသည့် စာပေများမှာမူ ကင်းလွတ်ခွင့် ပေး မည့် စာရင်းထဲ မပါဝင်သေးပေ။
ကြိုတင် စိစစ်ရေး မတင်သည့်အတွက် “မိမိဘာသာ ဆင်ဆာဖြတ်မှု”လုပ်ရတော့မည် ဖြစ်ကြောင်း၊ သတင်းများ မှားယွင်းဖော်ပြ လျှင် စာပေစိစစ်ရေး ဥပဒေများ၊ အသရေဖျက်မှု ဥပဒေများ၊ ဌာနဆိုင်ရာကို အကြည်ညိုပျက်အောင် လုပ်မှု၊ မှားယွင်းသည့် သတင်း ဖော်ပြမှု စသည့် ဥပဒေကြောင်းအရ အရေးယူခံရဖွယ်ရှိကြောင်း ဦးကိုကိုက ပြောသည်။
“စာပေစိစစ်ရေး မရှိတဲ့အတွက်ကြောင့် ပြဿနာတွေဖြစ်လာရင်ကိုယ့်ဟာကိုယ် ရင်ဆိုင်ကြရမှာပဲ။ ရေးသားတဲ့သူတွေရော၊ အယ်ဒီတာတွေရော၊ ထုတ်ဝေသူတွေရော တာဝန်ကြီးလာတယ်။ အရင်က စာပေစိစစ်ရေးက ဖြုတ်မလား၊ မဖြုတ်ဘူးလား စဉ်းစားရတယ်။ အခုတော့ ကိုယ်တရားစွဲခံရနိုင်လား၊ မစွဲခံရနိုင်ဘူးလား စဉ်းစားရမယ်။ ဒါကြောင့် ကိုယ့်ဘက်က ကျင့်ဝတ်နဲ့ ဥပဒေကို နားလည်ပြီး လိုက်နာနိုင်မှ တော်ရာကျမယ်”ဟု ဦးကိုကိုက ရှင်းပြသည်။
ဥပဒေပညာရှင်များကို ဂျာနယ်တိုက်များတွင် ထားရှိရန် လိုအပ်ကြောင်းလည်း သူက ပြောသည်။
စိစစ်ရေး တင်ပြရမည့် သတင်းဂျာနယ်တစောင်မှ အမှုဆောင်အယ်ဒီတာ တဦးက“ဘာဘဲ ပြောပြော ကျမတို့ မရနိုင်ရင်တောင်မှ တခြား ကင်းလွတ်တဲ့ မဂ္ဂဇင်းတွေ ဂျာနယ်တွေ လုပ်ရ ကိုင်ရတာ ပိုအဆင်ပြေသွား နိုင်တာပေါ့။ ဒါဟာ ကောင်းတဲ့ ခြေလှမ်း တရပ်ပဲလို့ ထင်ပါတယ်”ဟု ပြောသည်။
အားကစားဂျာနယ် အယ်ဒီတာ တဦးကလည်း“အခုလို ကျနော်တို့ အားကစားဂျာနယ်တွေ စိစစ်ရေးလွတ်မယ်လို့ သိရလို့ တော် တော်လေး ၀မ်းသာပါတယ်။ အစောကြီး ကတည်းက လုပ်ပေးသင့်တာပါ”ဟု ပြောသည်။
ပြည်ပအခြေစိုက်မြန်မာ့သတင်းသမဂ္ဂဒုတိယဥက္ကဋ္ဌဦးဇင်လင်းကမူယခုကဲ့သို့ပြုလုပ်ပေးခြင်းမှာ နိုင်ငံရေးအပြောင်းအလဲမလုပ်ချင်သည့်အတွက်ကျန်အပေါ်ယံအခြေအနေများကို အလှည့်အပြောင်းဖြစ်စေရန် လုပ်ပြခြင်းသာဖြစ်သည်ဟု ပြောဆိုသည်။
“တကယ့်အနှစ်သာရအပြောင်းအလဲမဟုတ်ဘူး။လှည့်ကွက်တကွက်လို့ပဲမြင်တယ်။ဒီလို လွတ်လပ်ခွင့်ပေးတယ်ဆိုပေမယ့်ဖဆပလ ခေတ်လောက် ကတောင် မလွတ်လပ်ဘူး။ ဒီခေတ် က အီးမေးလ် လေးတခုနဲ့တောင်၆၅ နှစ်ချချင် ချနေတာကိုး။ပုံနှိပ်ပြီးရင်သူတို့ဆီ တင်ရဦးမှာပဲ။ တင်ပြီးရင် ဘာပြဿနာဖြစ်မယ်ပြောလို့မရဘူး။ လွတ်လပ်တယ်ဆိုပေမယ့် စိတ်တထင့်ထင့်နဲ့ လွတ် လပ်တာလေ၊ အနှစ်သာရရှိတဲ့ စာပေလွတ်လပ်ခွင့် မဟုတ်ဘူး။ လွတ်တော်ထဲမှာ ဘာလို့ သတင်းယူခွင့်မပေးလဲ။ ဒါကိုကြည့်ရင် လူတွေကိုလှည့်စားတာ ဆိုတာ ပေါ်လွင်ပါတယ်”ဟု ဦးဇင်လင်းက ပြောသည်။
ကင်းလွတ်ခွင့်ရသည့် စာပေအမျိုးအစားများကို ထုတ်ဝေရာတွင် ထုတ်ဝေသူ အနေဖြင့် ၁၉၆၂ ပုံနှိပ်သူနှင့် ထုတ်ဝေသူများ ဥပဒေ အရ မှတ်ပုံတင်ရရှိရန် လိုသည့်အပြင် ထုတ်ဝေသူနှင့် စာရေးဆရာများ အကြား သဘောတူညီချက်များကိုလည်း စာပေစိစစ်ရေးသို့တင်ပြရန် လိုသေးကြောင်း သိရသည်။

ရော့စ် ဒန်ကလေ သိန်း ၁၀၀ ဖြင့် အာမခံရ

သင်းအောင် Tuesday, 29 March 2011 18:10
.မြန်မာတိုင်းမ်ဂျာနယ်ကိုပူးတွဲတည်ထောင်သူမစ္စတာရော့စ်ဒန်ကလေ၏ရှေ့နေများအာမခံ လျှောက်ထားမှုကိုယနေ့နေ့လယ်၃နာရီ၁၅ မိနစ်တွင်ကမာရွတ်မြို့နယ်တရားရုံးမှခွင့်ပြုလိုက်ပြီး အာမခံပေးလိုက်ပြီ ဖြစ်သည်။
       အာမခံရပြီးနောက်တွေ့ရသောမစ္စတာရော့စ်ဒန်ကလေနှင့်ဒေါက်တာတင်ထွန်းဦး(ဓာတ်ပုံ-ဧရာဝတီ)
နှစ်ဖက် လျှောက်လဲချက်များကို ရုံးတော်မှ အပြန်ပြန်အလှန်လှန် သုံးသပ်ခဲ့ပြီး မစ္စတာ ဒန်ကလေသည် နှလုံးရောဂါကြောင့် ဆေးဝါးကုသ ခံနေရသူဖြစ်ကြောင်း ဒေါက်တာ စောဝင်း၏ ထွက်ဆိုချက်နှင့် မြန်မာတိုင်းမ် ဂျာနယ်၏ အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူဟူသော ဂုဏ်သိက္ခာများအရ ယခုကဲ့သို့ အာမခံပေးလိုက်ခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ် တရားသူကြီးမှ ဖတ်ကြားသွားသည်။
ယခုလက်ရှိ မြန်မာတိုင်းမ် ဂျာနယ်၏ အမှုဆောင်အရာရှိချုပ်အဖြစ် လွှဲပြောင်း တာဝန်ယူလိုက်သူ ဒေါက်တာ တင်ထွန်းဦးနှင့် မြန်မာတိုင်းမ် ဂျာနယ် မန်နေဂျာ ဦးဝေလင်းတို့က ကျပ်ငွေ သိန်း ၅၀ စီဖြင့် စုစုပေါင်း သိန်း ၁၀၀ ကို အာမခံတင်ပေးကြသည်။
ယနေ့ တရားခွင် ကြားနာမှုကို နေ့လယ် ၁ နာရီခွဲတွင် စတင်ရာ မစ္စတာ ဒန်ကလေ၏ ရှေ့နေများ ဖြစ်ကြသော ဦးအောင်သန်းစိုးနှင့် ဦးအောင်ဝင်းနိုင်တို့က လျှောက်လဲချက်များ တင်ပြခဲ့ကြသည်။
ရှေ့နေကြီး ဦးအောင်သန်းစိုးက လျှောက်လဲရာတွင် တရားလို မခိုင်ဇာလင်းသည် ၁၆-၁-၂၀၁၁ တွင် မစ္စတာ ရော့စ် ဒန်ကလေမှ ခေါ်ဆောင်သွားခဲ့သည်ဟု တရားရုံးတော်တွင် ထွက်ဆိုခဲ့သော်လည်း ကမာရွတ် ရဲစခန်း၏ ပထမသတင်းပေး တိုင်ကြားချက်(FIR)တွင် ၁၇-၁-၂၀၁၁ နံနက် ၁ နာရီတွင် အခင်းဖြစ်ပွားခဲ့သည်ဟုဖော်ပြပါရှိခြင်း၊သူမအားဆေးဝါးများ တိုက်ကျွေးခဲ့ပါသည်ဟု ထွက်ဆိုသွားသော်လည်း တိကျခိုင်လုံသော အထောက်အထားများ မတွေ့ရခြင်း၊ ထို့အပြင် ဆေးစာများအရ တရားလိုသည် အရက်စွဲနေသူတဦးဟု ဖော်ပြထားခြင်း၊ ထိုသို့ အရက်စွဲနေသူ၊ နိုက်ကလပ်၌ ညစဉ် ကျင်လည်ခဲ့သူ၊ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်၏ အပြင်ရောက်ရှိနေသူ အမျိုးသမီးတဦး၏ ထွက်ဆိုချက်များအပေါ် အမှန်ဟု ရုံးတော်မှ မယူဆသင့်ကြောင်း ပြောသွားသည်။
ထို့အပြင် အမှုဖြစ်စဉ်များကို သေချာစွာထောက်ရှု၍ တရားလို မခိုင်ဇာလင်းသည် မစ္စတာ ဒန်ကလေ၏ နေအိမ်အတွင်း ရောက်ရှိနေသည်ဟု စွပ်စွဲချက်မှာ ခိုင်မာမှု မရှိကြောင်း၊ တရားလို မခိုင်ဇာလင်းအား အထောက်အပံ့ ဖြစ်စေမည့် လူသက်သေ၊ ပစ္စည်းသက်သေ ခိုင်မာစွာ မတွေ့ရှိရကြောင်း၊ မစ္စတာ ဒန်ကလေက သူမအား နှုတ်ခမ်းနီ ဆိုးခိုင်းခြင်း၊ ဆေးကျွေး၊ အရက်တိုက်ခြင်းဟုဆိုရာတွင် တရားလို၏ လီဆယ် ထွက်ဆိုချက်များသာ ဖြစ်ကြောင်းနှင့် ထို့ကြောင့် ဤအမှုနှင့် ပတ်သက်၍ တရားခံအားစွဲချက် တင်သင့် မတင်သင့် ရှေ့နေကြီး ဦးအောင်သန်းစိုးက လျှောက်လဲချက်ပေးသည်။
ထို့နောက် မစ္စတာ ဒန်ကလေ၏ ရှေ့နေကြီး ဦးအောင်ဝင်းနိုင်ကလည်း ကမာရွတ် လ၀က ဦးစီးမှူး တရားလို ဒေါ်စ၀်လွင်လွင်မြင့်၏ လ၀က အက်ဥပဒေ၁၃(၁)ကို မစ္စတာ ရော့စ်ဒန်ကလေသည် ကျူးလွန်မှု မရှိကြောင်း တင်ပြ၍ ထပ်မံ လျှောက်လဲချက်ပေးသည်။ တရားခွင်အား နေ့လယ် ၂ နာရီ ၁၅ တွင် ခေတ္တရပ်နားပြီး ညနေ ၃ နာရီတွင် တရားခံအား အာမခံ ပေး၊ မပေး ဆုံးဖြတ်မည်ဟု ရုံးတော်က ကြေညာသည်။ ထို့နောက် တရားခံ၏ ကျန်းမာရေးနှင့် ဂုဏ်သိက္ခာကို စာနာ နားလည်စွာဖြင့် ပုဒ်မ ၄၉၇ (၁) ခြွင်းချက်အရ အာမခံ ပေးလိုက်ကြောင်း ကမာရွတ်မြို့နယ် တရားသူကြီးက ဖတ်ကြားသည်။
မြန်မာတိုင်းမ်ဂျာနယ် ၀န်ထမ်းများ၊ ဒေါက်တာ တင်ထွန်းဦး၊ တာဝန်ခံ အယ်ဒီတာ ဦးဇော်မြင့်၊ မြန်မာတိုင်းမ် (အင်္ဂလိပ်ပိုင်း) အမှုဆောင်အရာရှိချုပ် မစ္စတာ ဘီကလောက်တို့လည်း တရားခွင်သို့ တက်ရောက်သည်။ ဆဋ္ဌမအကြိမ် ရုံးချိန်းကို ဧပြီလ ၄ ရက်နေ့သို့ ထပ်မံ ချိန်းဆိုထားသည်။

ကော့ကရိတ် စစ်ဆေးရေးဂိတ်ကို DKBA တိုက်ခိုက်

ဧရာဝတီ Tuesday, 29 March 2011 18:37
.ကရင်ပြည်နယ် ကော့ကရိတ်မြို့အ၀င် စစ်ဆေးရေးဂိတ်ကို ယနေ့မွန်းလွဲပိုင်းက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)တပ်မဟာ၅ကလက်နက်ကြီးများဖြင့် တိုက်ခိုက်သောကြောင့် ခရီးသွား ယာဉ်တန်း ရပ်ဆိုင်း မှုဖြစ်ပွားခဲ့သည်ဟု ကုန်သည်များက ပြောသည်။
                      မြ၀တီ-ကော့ကရိတ်-ဘားအံ တရက်ခြား ပြေးဆွဲသည့် ယာဉ်တန်း (ဓာတ်ပုံ - ဧရာဝတီ)
မြ၀တီမြို့ခံကုန်သည်တဦးက“ဒီနေ့ကကားတန်းအဆင်းရက်၊ဖြစ်တာကကော့ကရိတ်အ၀င် အဖွဲ့စုံစစ်ဆေးရေး ဂိတ်မှာဖြစ်တာDKBAအဖွဲ့က အဲဒီဂိတ်ကိုလက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ ကားသမားနဲ့ ခရီးသည်တွေလည်း ကားရပ်ပြီး အားလုံး ဆင်းပြေးကြရတယ်၊ မွန်းလွဲ ၁၂ နာရီကျော်မှာဖြစ်တာ၊ သေနတ်သံကတော့ အကြီးအသေး အတိုင်းသားကြားနေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပစ်ခတ်မှုကြောင့်ခရီးသည်များထိခိုက်မှုမရှိသော်လည်းစစ်ဆေးရေးဂိတ်အတွင်းရှိဝန်ထမ်းတချို့ဒဏ်ရာရရှိကြောင်း၊ ယာဉ်တန်းထဲမှကားတချို့ ဒေါနတောင်တန်းပေါ်တွင် နာရီအတော်ကြာ ပိတ်မိနေကြောင်းလည်း ၎င်းက ဆိုသည်။
ယနေ့ပစ်ခတ်မှုကိုကော့ကရိတ်ခရိုင်အာဏာပိုင်များကတောတွင်းကရင်သူပုန်များက ရပ်ရွာတည်ငြိမ်မှုကိုမလိုလား၍ လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ တပ်မတော်ကလိုက်လံတိုက်ခိုက်၍ သူပုန်များထွက်ပြေးသွားကြကြောင်း သတင်းဖြန့်ခဲ့သည်ဟု မြို့ခံများက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ရေးလမ်းကြောဖြစ်သည့် မြ၀တီ-ကော့ကရိတ်-ဘားအံ လမ်းကြောတွင် တည်ရှိသော နအဖ ၏ စီးပွားရေးလမ်းကြောင်းကို ပိတ်ဆို့မှုပြုလုပ်နိုင်ရန်အတွက် ယင်းလမ်းကြောင်းပေါ်တွင် ယခု နှစ်ဆန်းမှစတင်ကာ အကြိမ် ၃၀ ခန့် တိုက်ခိုက်မှုများပြူလုပ်ခဲ့သည်ဟု DKBA တပ်မဟာ ၅ က ပြောဆိုသည်။
ယနေ့တိုက်ခိုက်မှုကို DKBAနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ ၆ မှ ပူးတွဲတပ်ဖွဲ့များဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်သည် KNLA တပ်မှူးတဦးက ပြောသည်။
KNLAတပ်ရင်း၂၀၁၏ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင်က“ဒီနေ့မွန်းလွဲပိုင်းက ကော့ကရိတ်အ၀င်မှာဖြစ်တဲ့ စစ်ဆင် ရေးကို ပူးတွဲစစ်ဆင်ရေးအဖွဲ့က ပြုလုပ်တာဖြစ်တယ်၊ အဲဒီနယ်မှာကKNLAတပ်မဟာ ၆ က တပ်မဟာ လုံခြုံရေးတပ်နဲ့DKBAတပ်မဟာ၅ကဗိုလ်ကျော်သက်တို့လှုပ်ရှားတဲ့စစ်ဆင်ရေး နယ်မြေဖြစ်တယ်”ဟု ပြောပြသည်။
အဆိုပါပူးပေါင်းအဖွဲ့သည် မြ၀တီခရိုင်နှင့် ကော့ကရိတ်ခရိုင် အတွင်းရှိ နအဖ တပ်စခန်းများကို ပြောက်ကျားစနစ်အသုံးပြုကာ တိုက်ခိုက်ကြ ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်ရှိ ကျောက်တလုံးစခန်းကိုDKBAအဖွဲ့၏ တိုက်ခိုက်မှုကြောင့် မြ၀တီမှကော့ကရိတ်သို့ထွက်ခွာသည့် ယာဉ်တန်းများ၏ ထက်ဝက်ခန့် မြ၀တီသို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။

maandag 28 maart 2011

ထိုင်းက နိုင်ငံခြားသား အလုပ်သမား ထပ်ခေါ်ရန် စီစဉ်နေ

ဘစောတင် Monday, 28 March 2011 20:08 .
နိုင်ငံတွင်း တရားဝင် လာရောက် လုပ်ကိုင်နေသော မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယား နိုင်ငံများမှ အလုပ်သမားများနှင့် မလုံ လောက်၍ ဘင်္ဂလားဒေ့ရှ် နှင့် အင်ဒိုနီးရှား နိုင်ငံများမှ အလုပ်သမားများခေါ်ယူရန် ထိုင်းနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနက စီစဉ် နေသည်။
အလုပ်သမားဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် စုမ်ကိယတ် ချာရာစီရိဝုန်(Somkiat Chayasriwong) က နိုင်ငံခြားသား အလုပ်သမားရေးရာ ကော်မတီအနေနှင့် အလုပ်သမား မှတ်ပုံတင် ပြုလုပ်ရန်ပျက်ကွက်သည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား အလုပ်သမားများ၏ နေရာ၌ ဘင်္ဂလားဒေ့ရှ် အလုပ်သမားများကို အစားထိုး ခေါ်ယူလိုသည်ဟု ပြောကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။ နိုင်ငံတကာသို့ အလုပ်သမား ၁၀ သန်းခန့် သွားရောက် လုပ်ကိုင် နေ သော ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် ထိုင်းသို့လည်း လာရောက်လုပ်ကိုင်ရန် အသင့်ရှိနေကြောင်း သိရသည်။
ယင်းသို့ ဘင်္ဂလားဒေ့ရှ်မှ အလုပ်သမားများကို ခေါ်ယူလိုက်ခြင်းအားဖြင့် လုပ်ငန်းရှင်များအတွက် အလုပ်သမား လိုအပ်ချက် များ ဖြည့်ဆည်းပြီး ဖြစ်သကဲ့သို့ တရားမ၀င် အလုပ်သမား လျှော့ချနိုင်သည့်အတွက် ပြည်တွင်းလုံခြုံရေးအတွက်လည်း အထောက်အကူဖြစ်နိုင်သည်ဟု အာဏာပိုင်များက မျှော်လင့်ထားကြောင်း သတင်းစာက ရေးသားထားသည်။
ထို့အပြင် အင်ဒိုနီးရှား နိုင်ငံမှ အလုပ်သမားများကို ခေါ်ယူသွားသည်ဟုလည်း ဆိုသည်။
ယခုခေါ်ယူမည့် နိုင်ငံခြားသား အလုပ်သမားများကို ဆောက်လုပ်ရေး လုပ်ငန်းခွင် နှင့် အိမ်ဖော် လုပ်ငန်းများအတွက် ရည်ရွယ်ကြောင်း သတင်းစာက ရေးသည်။
ရွှေ့ပြောင်းအလုပ်သမား လှုပ်ရှားမှု ကွန်ရက်(ActionNetworkforMigrants)မှ အဒိစွန် ကေ့မုန်ကွန်လ် က ယခုရည်ရွယ် သည့် လုပ်ငန်ခွင်များ၌ ဘင်္ဂလားဒေ့ရှ် အလုပ်သမားများက နှစ်သက်နိုင်မည်မဟုတ်ကြောင်း၊ ၎င်းတို့သည် ငါးလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများ၌သာ လုပ်ကိုင်လိုကြကြောင်း ဆိုသည်။
နိုင်ငံခြားသား အလုပ်သမား တင်သွင်းမှုနှင့်ပတ်သက်ပြီး ထိုင်းအစိုးရက မြန်မာအစိုးရထံသို့ တရားဝင် အလုပ်သမား တသိန်း လိုအပ်သည်ဟု အကြောင်းကြားခဲ့သော်လည်း မြန်မာဘက်မှ ၁၈၀၃ ဦးသာ ပို့နိုင်ခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမား ပို့ဆောင်သည့် လုပ်ငန်းစဉ် စည်းမျဉ်း စည်းကမ်းများ၌ ရှုပ်ထွေးမှု များ စွာရှိသည်ဟု စုမ်ကိယတ် ချာရာစီရိဝုန် က ဆိုသည်။
သတင်းစာ ၌ အလုပ်သမား ၀န်ကြီးဌာနတွင် မှတ်ပုံတင်၍ အလုပ်လုပ်နေသည့် နိုင်ငံခြားသား အလုပ်သမားများထဲမှ ရွှေ့ပြောင်း အလုပ်သမား၂ သိန်းခန့်သည် သတ်မှတ်ချိန်အတွင်း မှတ်ပုံတင် သက်တမ်းတိုးခြင်းမရှိခဲ့၍ ၎င်းတို့အား သက်ဆိုင်ရာ က အရေးယူရန် ညွှန်ကြားထားပြီးဖြစ်သည်ဟုလည်း ပါရှိသည်။
မြန်မာ အလုပ်သမား အရေး ဆောင်ရွက်နေသူ Thai Action Committee for Democracy in Burma(TACDB)မှလက် ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ထိုင်းရှိ မြန်မာအလုပ်သမားများ အလုပ်လုပ်ခွင့် သက်တမ်းတိုးမှု ပျက်ကွက်ရခြင်းမှာ ထိုင်း အစိုးရ မူဝါဒ အားနည်းချက်များလည်း ပါဝင်သည်ဟု ပြောဆိုသည်။
“မြန်မာအလုပ်သမား၂ သိန်းလောက် မှတ်ပုံတင်ဖို့ ပျက်ကွက်ရတာဟာ ထိုင်းအစိုးရရဲ့ အလုပ်သမားရေးရာ ပေါ်လစီ အားနည်းချက်နဲ့ အလုပ်သမားရေးရာတွေကို ဆောင်ရွက်ရာမှာ ခက်ခဲရှုပ်ထွေးအောင် ဆောင်ရွက်ထားတာတွေကြောင့်လို့ ကျနော် ပြောချင်တယ်။ အခု ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှား အလုပ်သမားတွေကို ခေါ်ယူတင်သွင်းမယ်လို့ စီစဉ်တယ် ဆိုတာ ကတော့ ဒီမှာရှိနေတဲ့အလုပ်သမားတွေရဲ့တောင်းဆိုချက် လိုအပ်ချက်တွေကို မဖြေရှင်းပေးဘဲ ထိုင်းလုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားတခုတည်းကိုပဲ ကြည့်ပြီးဆောင်ရွက်တဲ့ စီမံချက် သက်သက်သာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်း အလုပ်သမား ၀န်ကြီးဌာနတွင် မှတ်ပုံတင်ကာ အလုပ်လုပ်နေသူ မြန်မာ အလုပ်သမား တသန်း သုံးသိန်းခန့်ထဲမှ တသန်းနှင့် တသိန်းခန့်သာ မှတ်ပုံတင် သက်တမ်းတိုးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ၂၈ ရက်နေ့ သည် အလုပ်သမား လက်မှတ် သက်တမ်းတိုးရန် နောက်ဆုံး သတ်မှတ်ရက်ဖြစ်သည်။
ထိုင်းနိုင်ငံ စမွန်စခွန် ခရိုင်ရှိ ထိုင်းယူနီယံ ရေလုပ်ငန်းကုမ္ပဏီတွင် အလုပ်လုပ်နေသူ ကိုမျိုးကလည်း“ အခုအချိန်မှာ အလုပ် လျှောက်မယ်ဆိုရင် ယာယီနိုင်ငံကူးလက်မှတ် တောင်းတာ များတယ်လေ။ မရှိရင် အလုပ်လျှောက်ရတာ မလွယ်ဘူး။ ရဖို့ ခဲယဉ်းတယ်။ ဒါကြောင့် အလုပ်သမားလက်မှတ်တို့ ယာယီနိုင်ငံကူးလက်မှတ်တို့ကို လူအများက လုပ်နေကြပါတယ်။မလုပ် ဘူး ဆိုတဲ့လူတွေကတော့ အဓိကက ပိုက်ဆံ မတတ်နိုင်လို့။ အခြားအကြောင်းလည်း ရှိတော့ ရှိမပေါ့”ဟု ပြောဆိုသည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသော မြန်မာအလုပ်သမား၂ သန်းခွဲမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့ အစည်းများက ခန့်မှန်းထားကြသည်။

CDMA800ဖုန်းငွေဖြည့်သွင်းကတ်သက်တမ်း၁၀ နှစ်မှ ၆ လသို့ လျှော့

နရီလင်းလက် Monday, 28 March 2011 18:00
.၅သိန်းတန်CDMA800MHzဖုန်းများ၏ငွေဖြည့်သွင်းကတ်များသက်တမ်းအား၁၀ နှစ် မှ ၆ လ သက်တမ်းသို့ လျှော့ချမည်ဟု သိရသည်။
၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းက ချပေးခဲ့သော အဆိုပါဖုန်းများကို ယင်းသို့ ပြောင်းလဲ လျှော့ချသွားမည်ဖြစ်ကြောင်း မတ်လ ၂၅ ရက်နေ့ MRTV 4 ရုပ်သံတွင် ကြေညာသွားသည်။
ယခုနှစ်အစောပိုင်းကဆက်သွယ်ရေးရုံးရှေ့တွင်၅သိန်းတန်ဖုန်းလျှောက်မည့်သူများကိုတွေ့ရစဉ်(ဓာတ်ပုံ - ဧရာဝတီ)
ယခုနှစ် ဖေဖော်ဝါရီလမှ စတင်၍CDMA800ဖုန်းများ၏ ကုတ်နံပါတ်ကို ၀၁ မှ ၀၉ သို့ ပြောင်းလဲပြီးနောက်တွင် Mobile System စနစ်သို့ ကူးပြောင်းသွားပြီဖြစ်၍ ၅ သိန်းဖုန်းများ၏ ငွေဖြည့်ကတ် သက်တမ်းမှာ GSM ငွေဖြည့်ကတ်များ၏ သက်တမ်းနှင့် တူညီသွားမည်ဟု နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ဆက်သွယ်ရေးဝန်ထမ်းတဦးက ဧရာဝတီသို့ အတည်ပြုပြောကြားသည်။
၎င်းက “နဂိုကတည်းက သက်တမ်းလျှော့ချင်တာမျိုး ရှိနေတော့ အရင်ဆုံး မိုဘိုင်းစနစ်နဲ့ ကုတ်နံပါတ်ကို ပြောင်းလိုက်တယ်။ ခဏ ခဏ Update ဖြစ်စေချင်တော့ အခုလို ၆ လ တခါ ပြောင်းလိုက်တာလဲ ပါတယ်” ဟု ပြောသည်။
“စီးပွားရေး အနေနဲ့ ကြည့်ရင်လည်း ဥပမာ- ကိုယ်က ၅ သောင်းတန် ကတ်ဝယ်ပြီး ထည့်ထားမယ်ဆိုရင် ၆ လ သက်တမ်းပဲ ရှိတော့ ကိုယ်ပြောစရာမရှိရင်တောင် သက်တမ်းမကုန်ခင် ၆ လ အတွင်းမှာ ၅ သောင်းဖိုး ကုန်အောင် ဆက်ရမယ့်သဘော ဖြစ်သွားတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
၆ လ ကျော်လွန်သွားပါက ငွေဖြည့်ကတ် ပြန်လည်ထည့်သွင်းသည့်ဆိုင်က သုံးစွဲသူ၏အမည်နှင့် လက်ရှိ သုံးစွဲနေသည့် ဖုန်းနံပတ်ကို ပြန်လည်မေးမြန်းထားမည်ဖြစ်ပြီး အဆိုပါ အချက်အလက်များအား ဆက်သွယ်ရေး ၀န်ကြီးဌာနမှ မှတ်တမ်းအနေနှင့် သိမ်းဆည်းသွားမည်ဟု ပန်းဆိုးတန်းမြို့နယ်မှ ဆက်သွယ်ရေးဝန်ထမ်းတဦးက ပြောသည်။
“ငွေဖြည့်ကတ်နဲ့အတူ လက်ရှိ ဘယ်သူသုံးနေလဲဆိုတာ Updateလုပ်တာပေါ့။ CDMA850MHzဖုန်း ပိုင်တဲ့သူတွေကို အာဏာပိုင်တွေကနေ ငှားရမ်းသုံးစွဲခွင့်အနေနဲ့ ထုတ်ပေးထားတာ စာရွက်ပဲရှိတယ်။ အဲဒီအတွက် ဖုန်းတလုံးချင်းစီကို စာအုပ် တအုပ်စီ ထုတ်ပေးသွားဖို့လည်း ရှိတယ်။ GSMတယ်လီဖုန်းနဲ့ လိုင်းဖုန်းတွေကို စာအုပ်ထုတ်ပေးသလိုပေါ့” ဟု အဆိုပါဝန်ထမ်းက ရှင်းပြသည်။
၅ သိန်းတန် CDMA 800 MHz ဖုန်းများသည် ကုတ်နံပါတ် ၀၁ မှ ၀၉ သို့ ပြောင်းလဲပြီးနောက်တွင် တမိနစ် ကျပ် ၅၀ သို့ ပြောင်းလဲလိုက်ပြီး တခါသုံး ငွေဖြည့်ကတ်များ၏ တန်ဖိုးမှာ ကျပ် ၁ သောင်း၊ ၂ သောင်းနှင့် ၅ သောင်း တန်ကတ်များ၊ ပြည်ပ ခေါ်ဆိုရန် FEC၂၀ နှင့် ၅၀ တန်ကတ်များအဖြစ် အမျိုးအစား အမျိုးမျိုးရှိသည်။
ယင်းကဲ့သို့ သက်တမ်း ၆ လ လျှော့ချလိုက်ခြင်းသည် ကုမ္ပဏီနှင့် လုပ်ငန်းဆိုင်ရာများကဲ့သို့သော အသုံးပြု ခေါ်ဆိုမှု အရေအတွက် များသူများအနေဖြင့် အဆင်ပြေနိုင်သော်လည်း တဦးချင်းစီ အသုံးပြုသူများအတွက်မူ အဆင်မပြေနိုင်ကြောင်း သိရသည်။
CDMA 800 MHz ဖုန်းသုံးစွဲသူ တဦးက “သူတို့ သတ်မှတ်ပေးထားတဲ့ ရက်အတွင်းမှာ ပိုက်ဆံကုန်အောင် ဆက်ခိုင်းတာကတော့ ဘယ်နိုင်ငံမှာမှ မရှိဘူး။ ကိုယ်လိုအပ်ရင် ဆက်မယ်၊ မလိုအပ်ရင် မဆက်ဘဲနေမယ်။ ထည့်ထားတဲ့ ပိုက်ဆံ ဆုံးမှာစိုးလို့ ကုန်အောင်ဆက်ရတာမျိုးက မြန်မာပြည်တခုပဲ ရှိမယ်ထင်တယ်။ ဖုန်းစနစ်နဲ့ ပတ်သက်ပြီး အမျိုးမျိုး မကြားဖူးတာတွေပဲ ကြားနေရတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ဖုန်းလိုင်းအရေအတွက် ၂ သန်းကျော် ရှိနေပြီး ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်း လိုင်း ၂၅၀၀၀၀၊GSMဖုန်းလိုင်း ၄၈၅၁၀၀ အပါအ၀င် မိုဘိုင်းဖုန်း အရေအတွက် ၁၄၃၅၂၅၀ ရှိကြောင်း စစ်အစိုးရက ထုတ်ပြန်ထားသည်။
စစ်အစိုးရနှင့် နီးစပ်သည့် အေးရှားဝေါလ်ကုမ္ပဏီနှင့် ထူးကုမ္ပဏီ အုပ်စုတို့မှ CDMA450 MHz, CDMA 800 MHzနှင့်မိုဘိုင်းဖုန်းထုတ်လုပ်မှုလုပ်ငန်းများ၊SimCard,UIDCard(အင်တာနက်သုံးစွဲနိုင်ရန် ထည့်သွင်းရသည့် ကတ်)၊ Prepaid ကတ်များကို ထုတ်လုပ်ရောင်းချခွင့် ရရှိနေသည်။

လှိုင်သာယာ စက်မှုဇုန် ကျူးကျော်နေထိုင်သူ များလာ

သင်းအောင် Monday, 28 March 2011 15:53
.ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်ရှိ စက်ရုံ အလုပ်သမားမိသားစု အများဆုံးနေထိုင်ရာ စက်မှုဇုန် အမှတ် (၃)နှင့် (၄) တွင် ဒေသခံ အာဏာပိုင်များက ငွေကြေးယူ၍ လက်ခံမှုဖြင့် ပျံကျကျူးကျော်နေထိုင်သူ များပြား လာလျက်ရှိကြောင်း သိရသည်။
                                 လှိုင်သာယာစက်မှုဇုန်အတွင်းမှပျံကျကျူးကျော်တဲများ (ဓာတ်ပုံ-ဧရာဝတီ)
စက်ရုံကြီးများ၏ အုတ်နံရံဘေး ကပ်လျက်လည်းကောင်း၊ ကွက်လပ်ကျယ်များ၌လည်းကောင်း ပျံကျကျူးကျော်နေအိမ်များ စုဖွဲ့ နေထိုင်လျက်ရှိရာ စက်မှုဇုန်အမှတ်(၄) ဆိပ်ကမ်းသာ လမ်းတလျှောက်မှ ညောင်တုန်း တံတား အခြေအထိ၊ ကျန်စစ်သား အိမ်ရာ များ အနီး၊ ဗိုလ်အောင်ကျော် လမ်းနံဘေး၊ ၀က်မစွပ် ၀န်ထောက်လမ်း၊ ဦးတရုတ်ကြီး လမ်း၊ မြသဇင်လမ်း နှင့် လှိုင်မြစ်ကမ်းနံဘေး သဲကွင်းများ၌ ထောင်ချီ ရှိနိုင်သည်ဟု စက်မှုဇုန် ၀န်ထမ်းများက ပြောသည်။
“၁၀ ပေ ပတ်လည် အခန်းကျဉ်းလေးတွေပါပဲ။ နောက်တော့ ကွက်လပ်ရှိသလောက် အဖီဆွဲ၊ ချဲ့ဆောက်နဲ့ တဖြည်းဖြည်း ကျယ်ပြန့် လာကြတယ်။ မြေယာနဲ့ ပတ်သက်တဲ့ ဥပဒေကလည်းမရှိတော့ ကျူးကျော်ပျံကျနေအိမ်တွေ တနှစ်ထက် တနှစ် ပိုများလာ ပါ တယ်”ဟု လှိုင်သာယာ ရေဥက္ကံ ကျေးရွာ ဒေသခံ တဦးက ဆိုသည်။
ထိုသို့တည်ဆောက် နေထိုင်ခွင့်ရရန် ရေဥက္ကံ ရပ်ကွက် အေးချမ်း သာာယာရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့(ရယက)ရုံးသို့ လစဉ်အခွန်ငွေ ၄၀၀၀ ကျပ် ပေးသွင်းရကြောင်း၊ သတ်မှတ်ရက် အတွင်း ရယက အဖွဲ့ဝင်များက လာရောက်တောင်းခံကြောင်း၊ အဆိုပါ ပျံကျကျူးကျော်နေအိမ်များအား မြို့နယ် စည်ပင်သာယာရေး ကော်မတီ(စည်ပင်)မှ လာရောက် ဖျက်သိမ်းမည်ဆိုက ဆိုင်ရာ ရယက များက ကြိုတင် အသိပေးကြောင်း ကျူးကျော်ပျံကျ နေအိမ်တအိမ်ကလည်း ပြောပြသည်။
ပြီးခဲ့သည့်နှစ်က ရယက ရာအိမ်မှူးတဦးသည် ၎င်းကောက်ခံနယ်မြေ မဟုတ်ဘဲ လစဉ်ကြေး ၀င်ရောက်ကောက်ခံခြင်းကြောင့် ပြဿနာဖြစ်ကာ တာဝန်မှ ဖယ်ရှားခံခဲ့ရကြောင်း သိရသည်။
ယင်းစက်မှုဇုန်များအတွင်း အဆောင်နေသူ တဦးက“ဇုန်၃ -၄ အတွင်း လူနေဆောင်တွေမှာ လူတဦးကျောတခင်းစာ ၃၀၀၀ ကျပ်၊ လူ ၄ ယောက်စာ ဖွဲ့ထားတဲ့ အခန်းတခန်း ၁၈၀၀၀ ကျပ်၊ ကျန်စစ်သား အိမ်ရာ၊ န၀ဒေး အိမ်ရာတွေမှာ လူတဦး ၁၀၀၀၀ ကျပ်ခန့် အခန်းခ ပေးရတယ်။ ဒီတော့ တလ ၄၀၀၀ ကျပ်သာပေးသွင်းပြီး မိသားစုနေလို့ရတဲ့ ကျူးကျော်နေအိမ်တွေ တနှစ်ထက် တနှစ် သိပ်သည်းလာခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။
ထို့အပြင် နေအိမ်များ၌ အဖီဆွဲခြင်း၊ သီးပင်စားပင် စိုက်ပျိုးခြင်း၊ ကြက် ဘဲ ၀က် မွေးမြူခြင်း၊ ဈေးဆိုင်များ ဖွင့်လှစ်ခြင်းနှင့် တချို့မှာ လိုင်းခန်း ငှားစားခြင်းများ ပြုလုပ်နိုင်သောကြောင့် ယခုကဲ့သို့ များပြားလာခြင်းလည်း ဖြစ်နိုင်သည်ဟု ဒေသခံများအကြား ပြောဆိုမှုများလည်း ရှိနေသည်။
ရာဘာ၊ ပလတ်စတစ် အပါအ၀င် စက်ရုံ၏ စွန့်ပစ် ပစ္စည်းများကို အခြေခံ၍ လည်းကောင်း၊ လှိုင်မြစ်ကမ်းတလျှောက်ရှိ ကျောက်၊ သဲ လုပ်ငန်းများမှ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ပေါများခြင်း တို့ကြောင့်လည်းကောင်း ဤသို့ ပျံကျနေထိုင်သူများလာခြင်း လည်း ဖြစ်နိုင်သည်ဟု သိရသည်။
“စက်မှုဇုန်ရဲ့အဆောင်တွေ၊ ကျူးကျော် နေထိုင်သူတွေဟာ တပတ်တကြိမ် ဧည့်စာရင်းတိုင်ကြရတယ်၊ ၄ ပတ်ပြည့်ရင် စာရွက် စာ တမ်းဖိုး ၁၀၀ ကျပ် ပေးသွင်းကြရတယ်”ဟု ရေဥက္ကံကျေးရွာ အဆောင်နေသူ တဦးက ဆိုသည်။
ပေ ၂၀ x ပေ ၆၀ အကျယ်ရှိ အဆောင်တခုတွင် အိမ်ထောင်စု၂၀ ခန့် အခန်းဖွဲ့ နေထိုင်ကြသည့်အတွက် ထောင်နှင့်ချီသော နေ အိမ၊် အဆောင်များအတွက် တလ ဧည့်စာရင်းကြေး ကျပ် သိန်း ၃၀ နှင့်အထက် ရှိနိုင်သည်ဟု ဒေသခံများက ခန့်မှန်းကြသည်။
စက်မှုဇုန်များအတွင်း ကျူးကျော်ပျံကျနေအိမ်များ သိပ်သည်း ထူထပ်လာခြင်းမှာ နယ်မြို့ ကျေးလက်ဒေသများရှိ တောင်သူများ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ရှားပါးလာခြင်း၊ စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံး၍ ကြွေးသံသရာ လည်ခြင်း၊ လယ်မြေများ အဓမ္မ အသိမ်းခံရခြင်း၊ ထို့အတွက် တရားဥပဒေ၏ အကာအကွယ်ကို မရရှိခြင်း၊ ဒေသ သဘာဝအရ ဖြစ်ထွန်းသော သီးနှံထက် အာဏာပိုင်တို့အလိုကျ ကန့်သတ်သီးနှံကိုသာ စိုက်ပျိုးနေရခြင်း၊ တနှစ်ထက်တနှစ် ကျဆင်းလာသည့် သီးနှံအထွက်နှုန်းများအပေါ် မိသားစု ဆက်လက်ရပ်တည်ရန်ခက်ခဲလာခြင်းများသည် အဓိကကျသည့်အချက်များ၌ ပါဝင်သည်ဟု လေ့လာသူများက ပြောဆိုသည်။

zaterdag 26 maart 2011

ရှမ်းပြည်အရှေ့ပိုင်းငလျင်သေဆုံးသူ၁၅၀အထိမြင့်တက်နိုင်

E-mailPrint
ရှမ်းပြည်အရှေ့ပိုင်းတွင် မတ်လ ၂၄ ရက်နေ့၌ လှုပ်ခတ်သွားသော အားပြင်းငလျင်နှင့် နောက်ဆက်တွဲ ငလျင်များကြောင့် သေဆုံးသူ အနည်းဆုံး ၁၅၀ အထိ မြင့်တက်နိုင်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများပိုမိုလုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း သိရသည်။

ပြင်းအားအဆင့် ၇ ရှိ ငလျင်ကြောင့် သေဆုံးသူ ၇၃ ဦးရှိကြောင်း စစ်အစိုးရ မီဒီယာများက ဖော်ပြထားသော်လည်း မတ်လ ၂၅ ရက်နေ့အထိ နောက်ဆက်တွဲ လှုပ်ခတ်နေသော ငလျင်ငယ်များကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသော ဒေသခံများက ပြောသည်။
shanQuak01
သေဆုံးသွားသူများအတွက် တာလေသို့ ခေါင်းတလားများ သယ်ပို့နေကြစဉ် (ဓာတ်ပုံ - Sai Ngaotai/Facebook)
“ကြာသပတေးနေ့ ငလျင်နဲ့ သောကြာနေ့တွေမှာ ဆက်ဖြစ်နေတဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် တာလေနဲ့ မိုင်းလင်းလို ငလျင်ဒဏ် အဆိုးဆုံးထိတဲ့ နေရာတွေမှာ အနည်းဆုံး လူ ၁၅၀ လောက် သေနိုင်တယ်” ဟု တာချီလိတ်မြို့မှ ဒေသခံ ကြက်ခြေနီ အဖွဲ့ဝင်တဦးက ပြောသည်။

“ပြိုကျ ပျက်စီးနေတဲ့ နေရာတွေမှာ ကူညီကယ်ဆယ်ရေး အလုပ်သမားတွေနဲ့ ဒေသခံတွေက ဆက်ရှာနေတုန်းပါ။ လေ့ကျင့်ပေးထားတဲ့ အနံ့ခံခွေးတွေလို အပါအဝင် ကိရိယာစုံစုံလင်လင် မရှိတာနဲ့ အတွေ့အကြုံ မရှိကြတာရယ်ကြောင့် အခက်အခဲတွေ အများကြီးတွေ့ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်မှ ဒေသခံများနှင့် ထိုင်းနယ်စပ်မြို့ မယ်ဆိုင်မှ ဒေသခံများက ငလျင်ဒဏ်ခံရသူများအတွက် အစားအသောက်နှင့် အထောက်အပံ့ပစ္စည်းများ စုဆောင်းပေးပို့နေကြောင်း၊ ရှမ်းပြည်နယ်ရှိ တခြားမြို့နယ်များမှလည်း အလှူငွေများနှင့် ကူညီကယ်ဆယ်ရေးသမားများ ပေးပို့စေလွှတ်နေကြောင်း သိရသည်။

တာချီလိတ် မြို့ခံတဦးက “ငလျင်ဒဏ်ခံရသူတွေအတွက် ကျနော်တို့ ဆန်၊ သောက်ရေနဲ့ စောင်တွေကို စုဆောင်းတယ်။ တာလေနဲ့ မိုင်းလင်းကို ပို့တယ်” ဟု ပြောသည်။

ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးသမားများက သေဆုံးသူ ၁၅၀ အထိ ရှိနိုင်သည်ဟု ဆိုသော်လည်း စစ်အစိုးရ မီဒီယာများက ယမန်နေ့က ကြေညာချက်အတိုင်း ယနေ့ နေ့လည်အထိ သေဆုံးသူ ၇၃ ဦးနှင့် ဒဏ်ရာရသူ ၁၂၅ ဦးဟု ထုတ်လွှင့်ဆဲ ဖြစ်သည်။

စစ်အစိုးရ သတင်းစာများတွင်လည်း ငလျင်ဘေးနှင့် ကူညီကယ်ဆယ်ရေး သတင်းထက် မနက်ဖြန် ကျရောက်မည့် တော်လှန်ရေးနေ့ဆိုင်ရာ ဝါဒဖြန့်ကိစ္စများကိုသာ ဦးစားပေး ဖော်ပြထားသည်။ 

သတင်းစာ ကျောဖုံးနှင့် အတွင်းပိုင်းတွင် တာချီလိတ်မြို့၊ တာလေမြို့၊ နားယောင်းရွာ၊ မိုင်းလင်းရွာနှင့် မိုင်းကိုး ကျေးရွာအုပ်စု၊ ကျကူနီရွာတို့တွင် စုစုပေါင်း အိမ်ခြေ ၂၂၄ လုံးနှင့် ခြောက်ခန်းတွဲ လူနေလိုင်းခန်း ၁ ခု၊ သာသနိက အဆောက်အအုံ ၁၁ ခုနှင့် ဌာနဆိုင်ရာ အဆောက်အအုံ ၉ လုံး ပြိုကျပျက်စီးကြောင်း၊ ငလျင်ဒဏ်ခံဒေသသို့ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ် အောင်သန်းထွဋ်နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးတို့ သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း ဖော်ပြထားသည်။
shanQuak02
တာလေရှိ နေအိမ်အပျက်အစီးများဘေးတွင် ထိုင်နေသော သားအမိ (ဓာတ်ပုံ - Sai Ngaotai/Facebook)


စစ်အစိုးရ၏ ကူညီကယ်ဆယ်ရေး တုံ့ပြန်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာ NGO တခုမှ မြန်မာဝန်ထမ်းတဦးက “ရှမ်းပြည်မှာ အခု ငလျင်လှုပ်တဲ့ ကိစ္စအပေါ် အစိုးရတဲ့ တုံ့ပြန်ပုံကိုမြင်တော့ နာဂစ် ဆိုင်ကလုန်းတုန်းက အခြေအနေကို သွားသတိရတယ်။ လူတွေဒုက္ခရောက်နေတုန်း စစ်ဗိုလ်ချုပ်တွေက ဓာတ်ပုံလာအရိုက်ခံပြီး ဝါဒဖြန့်နေတယ်” ဟု ပြောသည်။

နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် လွှတ်တော်မှ ဝမ်းနည်းကြောင်း အဆိုကို ယမန်နေ့က အတည်ပြုကြသည်။ သို့သော် ယင်းဝမ်းနည်းကြောင်းအဆိုကို လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်းကြေညာရာ လွှတ်တော်ကိုယ်စားလှယ်များက လက်ခုပ်တီးကြသဖြင့် စစ်အစိုးရရုပ်သံမှ စောင့်ကြည့်နေသူများနှင့် မီဒီယာတချို့က ဝေဖန်ခဲ့ကြသည်။

လွှတ်တော်သို့ တက်ရောက်နေသော ကိုယ်စားလှယ်တဦးက “ပုံမှန်ကတော့ လွှတ်တော်မှာ အတည်ပြုလိုက်တယ်၊ မှတ်တမ်းတင်လိုက်တယ်လို့ ကြေညာရင် လက်ခုပ် ထတီးလိုက်ကြတာပါပဲ။ အခုက ငလျင်အတွက် ဝမ်းနည်းကြောင်း အတည်ပြုတာကိုလည်း လက်ခုပ်တီးရမယ်ထင်ပြီး တီးလိုက်မိတာပဲ” ဟု ပြောသည်။

တရုတ်သမ္မတ ဟူကျင်တောင်က သမ္မတလောင်း ဦးသိန်းစိန်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။ 

ရှမ်းပြည်အရှေ့ပိုင်း ငလျင်ကြောင့် တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင်လည်း လူပေါင်း ၆၅၀၀ ကျော် ထိခိုက်ခံစားရမှု ရှိခဲ့ကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ မြန်မာစစ်အစိုးရကမူ ငလျင်ဒဏ်ခံရမှုများနှင့် ပတ်သက်၍ ဒေသအတွင်း လူမည်မျှ ထိခိုက်ခဲ့မှုရှိကြောင်း မကြေညာနိုင်သေးပေ။

ထိုင်းနယ်စပ်မှမြန်မာဘက်သို့ဓာတ်ဆီတင်ပို့မှု၂ဆမြင့်တက်

E-mailPrint
မြန်မာနိုင်ငံတွင် ဓာတ်ဆီဈေးနှုန်းများ အဆမတန် မြင့်တက်မှုကြောင့် ထိုင်းနယ်စပ်မှတဆင့် တရားမ၀င် ဓာတ်ဆီတင်ပို့မှုမှာ ယခင်ကထက် ၂ ဆ တိုးလာကြောင်း သိရသည်။ 
Gas_Inpot
မြ၀တီဘက်သို့ ပို့မည့် ဓာတ်ဆီများ တင်ဆောင်လာသည့်ကားများကို ယနေ့မွန်းလွဲပိုင်းက ထိုင်းဘက်အခြမ်း နယ်စပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ဓာတ်ဆီကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှတဆင့် တင်ပို့ခြင်းဖြစ်ပြီး မြန်မာဘက်ခြမ်း မြ၀တီမြို့သို့ တရက်ခြား ဓာတ်ဆီလီတာ ၄ သိန်းကျော်ကို ဒေသခံအာဏာပိုင်များနှင့် နားလည်မှုယူကာ တင်သွင်းနေကြသည်ဟု မြန်မာကုန်သည်များက ပြောသည်။

မြန်မာကုန်သည်ကြီးတဦးက “မဲဆောက်ကနေတဆင့် မြ၀တီဘက်ကို အရင်က ဓာတ်ဆီသွင်းတာ တရက်ခြား လီတာ ၂ သိန်းကျော်ကနေ ဒီလဆန်းကစပြီး တရက်ခြား လီတာ ၄ သိန်းကျော် သွင်းနေရတယ်။ ဒီလိုအချိန်က ဆီကုန်သည်တွေ အလုပ်ဖြစ်သလို ဆီတင်သွင်းခွင့်ရထားတဲ့ မြန်မာဘက်က အဖွဲ့အစည်းတွေလည်း အရင်ထက်ကို အလုပ်ပိုဖြစ်ကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာဘက်မှ ဓာတ်ဆီအပါအ၀င် စက်သုံးဆီများကို နားလည်မှုဖြင့် တင်သွင်းခွင့်ရရှိသည့်အဖွဲ့များမှာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၉၉၉ တပ်မှ ဗိုလ်ချစ်သူအဖွဲ့၊ မြန်မာစစ်တပ် အပါအ၀င် တခြားအာဏာပိုင် အဖွဲ့အစည်းများ၏ သက်သာချောင်ချိရေး ရံပုံငွေအတွက် အမည်ခံ ဆောင်ရွက်ပေးသည့် လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများဖြစ်သည်ဟု သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတဆင့် တစီးလျှင် ဓာတ်ဆီလီတာ ၄ သောင်း ပါရှိသည့် ၂၂ ဘီးတပ် ဆီတင်ကားများဖြင့် မဲဆောက်-မြ၀တီနယ်စပ်မျဉ်းအထိ ထိုင်းလောင်စာဆီ ကုမ္ပဏီများက လာရောက် ပို့ဆောင်ပေးခြင်းဖြစ်သည်ဟု ကုန်သည်တဦးက ပြောသည်။
ထိုင်းဘက်အခြမ်း နယ်စပ်မျဉ်းအနီး ရောက်ရှိလာသည့် ဓာတ်ဆီများကို နှစ်နိုင်ငံချစ်ကြည်ရေး တံတား မြောက်ဘက် ထာ့အာရွာရှိ လှေဆိပ်ကြီး ၃ ခုမှတဆင့် နယ်ခြားသောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ယာယီသွယ်တန်းထားသည့် ဆီပိုက်များကို အသုံးပြု၍ မြန်မာဘက်ခြမ်းရှိ ဆီလှောင်ကန်များသို့ တင်ပို့ကြခြင်းဖြစ်သည်။
ဘန်ကောက်မှတဆင့် မြ၀တီဘက်သို့ ဓာတ်ဆီလာရောက်ပို့ဆောင်သည့် ဆီလီတာ ၄ သောင်းဆံ့ ဆီတင်ကားများမှာ တရက်ခြားပုံမှန် အစီးရေ ၁၀ စီးမှ ၁၂ စီးအထိရှိကြောင်း၊ ချစ်ကြည်ရေးတံတား တောင်ဘက်ရှိ အမှတ် ၆ လှေဆိပ်မှတဆင့် မြန်မာဘက်သို့ တင်ပို့မှုများလည်း ရှိကြောင်း သိရသည်။
လက်ရှိ မဲဆောက်နယ်စပ်မှတဆင့် မြ၀တီသို့တင်ပို့နေသည့် ဓာတ်ဆီများမှာ ထိုင်းကုမ္ပဏီများက ပြည်ပမှတဆင့် တင်သွင်းလာသည့် အဆင့်မြင့်ဓာတ်ဆီများဖြစ်ပြီး ၎င်းဆီများကို မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်း တလီတာလျှင် ယနေ့ပေါက်ဈေး ၄၂.၉၅ ဘတ်ဖြင့် ရောင်းချလျှက်ရှိသည်။ ယမန်နေ့က မဲဆောက်နယ်စပ်ရှိ မြန်မာငွေ ပေါက်ဈေးမှာ ကျပ် ၁၀၀ လျှင် ထိုင်း ငွေ ၃.၄၂ ဘတ် ဖြစ်သည်။
မဲဆောက်တွင် ဓာတ်ဆီဆိုင်ဖွင့်ထားသည့် ကိုမင်းမင်းက ဓာတ်ဆီ ၁ ဂါလံလျှင် ၅  လီတာ ရှိပြီး ယနေ့ ရန်ကုန်မြို့၏ ပြင်ပဓာတ်ဆီဈေးနှုန်းမှာ တဂါလံလျှင် ကျပ် ၄၆၀၀ ရှိပြီး ယခင်လဆန်းက ပြင်ပပေါက်ဈေးမှာ ကျပ် ၄၀၀၀ ခန့်သာရှိသည်ဟု ပြောသည်။
မြ၀တီဘက်သို့ တင်သွင်းရန် ဘန်ကောက်ရှိ ဓာတ်ဆီကုမ္ပဏီများမှ နယ်စပ်အထိ လာရောက် ပို့ဆောင်ပေးသည့် ဓာတ်ဆီဈေးနှုန်းများမှာ ထိုင်းနိုင်ငံအတွင်း တရားဝင်ရောင်းချနေသည့် ဈေးနှုန်းထက် သက်သာကြောင်းလည်း မြန်မာဆီကုန်သည်များက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်၏ အကြီးဆုံး ကုန်သွယ်ရေးစခန်းဖြစ်သည့် မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေးကို မြန်မာဘက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ယမန်နှစ် ဇူလိုင်လမှစတင်၍ ပိတ်ထားခဲ့သည်။
ထိုသို့ ပိတ်ပင်ထားသော်လည်း ဒေသခံအာဏာပိုင်များနှင့် နားလည်မှုယူကာ ကုန်သည်များက ထိုင်းကုန်ပစ္စည်းများကို ညဘက်တွင် မြ၀တီဘက်သို့ တင်ပို့လျှက်ရှိရာ ထိုင်းနိုင်ငံမှ တရားမ၀င် တင်သွင်းသည့် ဓာတ်ဆီနှင့် ဂျပန်နိုင်ငံမှတဆင့် တင်သွင်းသည့် တပတ်ရစ်ကားများမှာ အရေအတွက် အများဆုံး ဖြစ်သည်။

vrijdag 25 maart 2011

ရှမ်းပြည်အရှေ့ပိုင်းအားပြင်းငလျင်လူ၁၀၀ကျော်သေ

ရန်ပိုင် Friday, 25 March 2011 16:04
.ရှမ်းပြည်အရှေ့ပိုင်း လွယ်မွေဒေသကို ဗဟိုပြု၍ ယမန်နေ့ညက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ရစ်ချတ်တာ စကေးရှိ ငလျင်ကြောင့် လူ ၁၀၀ ကျော် သေဆုံးနိုင်ကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။
                                                                     ငလျင် ဗဟိုချက်ပြုရာ ဒေသမြေပုံ (AP)
ငလျင်သည် မြန်မာစံတော်ချိန် ည ၈ နာရီ ခွဲခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အနီးအနားတ၀ိုက်ရှိ တာချီလိတ်၊ တာလေ၊ မိုင်းလင်း စသည့် မြို့များတွင် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်သည်။
စစ်အစိုးရ မီဒီယာများကမူ ယနေ့ မွန်းလွဲအထိ သေဆုံးသူစုစုပေါင်း ၇၄ ဦး၊ ဒဏ်ရာရသူ ၁၁၁ ဦး၊ အိမ်ခြေပေါင်း ၃၉၀၊ ဘုန်ကြီးကျောင်း ၁၄ ကျောင်းနှင့် ဌာနဆိုင်ရာ အဆောက်အဦး ၉ လုံးလည်း ပျက်စီးကြောင်း ကြေညာသည်။
သို့သော် အတည်မပြုနိုင်သေးသော ဒေသသတင်းများအရ တာလေမြို့နယ် တမြို့နယ်တည်းတွင်ပင် သေဆုံးသူ ၁၂၀ ခန့်ရှိနိုင်ကြောင်း သိရသည်။
တာလေမြို့ခံတဦး၏က အိမ်များမှာ ရှေးအိမ်အို အိမ်ဟောင်းဖြစ်သည့်အတွက် သေဆုံးသူ အများအပြားရှိခြင်း ဖြစ်ကြောင်း တာလေမြို့နယ် ဆေးရုံလည်း ပျက်စီးသွားပြီး တာလေ အခြေစိုက် ခြေမြန်တပ်ရင်း ၃၁၆ တွင်မူ စစ်တန်းလျား ပြိုကျ၍ ၁၇ ဦးသေဆုံးကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
တာလေနှင့် တာချီလိတ်အကြား ဆက်သွယ်ထားသည် တံတားတစင်းလည်း ကျွံကျ ပျက်စီးသွားကာ ကားအသွားအလာ ရပ်ဆိုင်းသွားသည့်အတွက် ဒဏ်ရရှိသည့် လူနာများကို တဖြည်ဖြည်းချင်း တာချီလိတ် ဆေးရုံသို့ ပို့နေကြောင်း ဒေသခံတဦးက ဆိုသည်။
ထိုဒေသမှ ပြည်သူများမှာ ငလျင် နောက်ဆက်တွဲ လှုပ်ခတ်မည်ကို စိုးရိမ်နေကြကြောင်း၊ ကျိုင်းတုံ၊ တာလေ၊ တာချီလိတ်သွား ကားလမ်းကို စစ်တပ်က လုံခြုံရေး အပြည့်ယူထားလိုက်ပြီး ခရီးသွားလာမှုများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ထရန်စဖော်မာ နှစ်လုံးပျက်စီးသွားသည့်အတွက် တချို့သောရပ်ကွက်များတွင် လျှပ်စစ်မီး ပြတ်တောက်သွားကြောင်း၊ ပျက်စီးမှု အနည်းငယ်ရှိသော်လည်း နောက်ဆက်တွဲ ငလျင်အသေးစားများကြောင့် လူအများမှာ အဆောက်အဦးများ၊ မီးကြိုးများနှင့် လွတ်ကင်းရာ လမ်းမများပေါ်နှင့် ဘောလုံးကွင်းအတွင်း၌ ညအိပ်ခဲ့ရကြောင်း တာချီလိတ်မြို့ခံတဦးက ပြောသည်။
စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်နှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင်ပါ ငလျင်ဒဏ် ရိုက်ခတ်မှုရှိခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံရှိ ငလျင်လေ့လာရေး ဌာနကလည်း ထိုင်းနိုင်ငံ ချင်းရိုင်မြို့ မြောက်ဖက် ၆၉ မိုင်အကွာရှိ ဒေသကို ဗဟိုပြုကာ အားပြင်းသည့် ငလျင် ၂ ခု လှုပ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး မြို့တော် ဘန်ကောက်နှင့် ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းရှိ ပြည်သူများ လမ်းမများပေါ်သို့ ထွက်ပြေးကြကြောင်း သတင်းများက ဖော်ပြသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ဂျပန်နိုင်ငံ အရှေ့မြောက်ဒေသတွင် ပြင်းအား ၈.၉ မဂ္ဂနီကျု အဆင့်ရှိ တိုဟိုကု(Tohoku)ငလျင်ကြီးကြောင့်၎ ထပ်အဆောက်အအုံအမြင့်ခန့် မြင့်မားသည့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ပြီး အရှေ့ဘက် ကမ်းရိုးတန်းတလျှောက်တွင် ကြီးမားလှသော ပျက်ဆီးဆုံးရှုံးမှုများ၊ အသေအပျောက်များ ဖြစ်ခဲ့သည်။
ဆူနာမီ ရေလှိုင်းကြီးများကြောင့် ရှင်ဒိုင်းမြို့တွင် လူပေါင်း သောင်းချီသေဆုံးခဲ့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုများပါ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။
ဂျပန်ငလျင် မတိုင်မီတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်တို့၌ ပြင်းအား ၅.၄ ရှိ ငလျင်ကြောင့် စူပါမားကတ်၊ ဟိုတယ်နှင့် အိမ်များပြိုကျရာမှ ၁၄ ဦးသေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ နယူးဇီလန်နိုင်ငံမှ ဒုတိယ အကြီးဆုံးမြို့တော် ခရစ္စချာ့ခ်ျတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်ကြောင့် ၇၅ ဦးသေဆုံးကာ အမေရိကန် ဒေါ်လာ ၁၂ ဘီလျံဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်ကိုင်း ငလျင်ကြော၊ ဂွေးချို ငလျင်ကြော၊ မိုးမိတ် ငလျင်ကြော၊ ကဘော် ငလျင်ကြော၊ မြောက်ဦး ငလျင်ကြော၊ ကျောက်ကြမ်း ငလျင်ကြော၊ ဖာပွန် ငလျင်ကြောနှင့် ဘုရားသုံးဆူ ငလျင်ကြော တို့ရှိပြီး အကြီးအကျယ်ဆုံး လှုပ်ခတ်ခဲ့သည့် ငလျင်များမှာ ၁၈၃၉ ခုနှစ်တွင် လှုပ်ခတ်သည့် အင်းဝငလျင်၊ ၁၉၂၇ ခုနှစ်တွင် လှုပ်ခတ်သည့် ပဲခူးငလျင်၊ ၁၉၃၀ ခုနှစ်တွင် ဒုတိယ အကြိမ် လှုပ်ခတ်သည့် ပဲခူးငလျင်၊ ၁၉၇၅ ခုနှစ်တွင် လှုပ်ခတ်သည့် ပုဂံငလျင်တို့သည် အပျက်အစီး အကြီးမားဆုံး ဖြစ်သည်။





တာလေကို သွားရောက်ကူညီခဲ့သူတဦးရဲ့ ပြန်လည်ပြောပြချက်





စစ်တပ်လူ့အခွင့်အရေးချိုးဖောက်မှုများရပ်ရန်HRWပြော

နရီလင်းလက် Friday, 25 March 2011 18:59
.နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများနှင့် လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေများကို လေးစားရန် တိုက်တွန်း တောင်းဆို ထားသည့် စာတစောင်ကို အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (HRW) က မြန်မာ စစ် အစိုးရသို့ ယမန်နေ့က ပေးပို့လိုက်သည်။
တိုက်ပွဲကြောင့်၂၀၁၀နိုဝင်ဘာလကုန်ပိုင်းကထိုင်းနိုင်ငံဘက်သို့ထွက်ပြေးလာရသောစစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ - ဧရာဝတီ)
အဆိုပါ စာကို လာမည့် မတ်လ ၂၇ ရက်တွင် ကျရောက်မည့် ၆၆ နှစ်မြောက် တပ်မတော်နေ့ အတွက် ရည်ရွယ်ပြီး ဗိုလ်ချုပ်ရာပြည့် ၊ စစ်ဥပဒေချုပ် ၊ ကာကွယ်ရေး ၀န်ကြီးဌာန (နေပြည်တော်) ပြည်ထောင်စု မြန်မာနိုင်ငံတော် ဟု လိပ်မူတပ်ကာ ပေးပို့ ခဲ့ခြင်းဖြစ်သည်။
HRWသည်အစိုးရမဟုတ်သည့်အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံပေါင်း ၈၀ ကျော်တွင် အစိုးရနှင့် အစိုးရမဟုတ်သည့် လက်နက်ကိုင် အဖွဲ့များမှ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများအား ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စောင့်ကြည့် လေ့လာနေသော အဖွဲ့ဖြစ်သည်။
HRW က စစ်အစိုးရသို့ ပေးပို့သည့် စာ နှင့် တချိန်တည်း မြန်မာစစ်ခေါင်းဆောင်များက လူ့အခွင့်အရေး ချိုးဖောက်နေမှုများနှင့် လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေ(စစ်ဥပဒေ)ချိုးဖောက်နေမှုများကို ရပ်တန့်ရန်၊ ယင်း ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး တာ ၀န် ရှိသူများကို တရားမျှတစွာ အပြစ်ပေး ဆောင်ရွက်ရန် အစီရင်ခံစာ အကျဉ်းတစောင်ကိုလည်း အားချင်း ထုတ်ပြန်ထား သည်။
မြန်မာစစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပေါ် စစ်ဆင်ရာတွင် အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ မုဒိန်းကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့ သတ်ဖြတ်မှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျုးလွန်နေသည်ဟုလည်း HRW က ပြောဆိုသည်။
“အစိုးရ အနေနဲ့ မဟုတ်ရင်တောင် စစ်တပ်ကနေ ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုးတက်ရာ တိုးတက်ကြောင်းကို ဟန်ဆောင် ပန်ဆောင် လုပ်တာမျိုးတောင် မရှိဘူး။ ဒီလို အချက်တွေကပဲ စစ်တပ်ရဲ့ဆိုးရွားတဲ့ အခြေအနေကို ပြနေတာပဲ”ဟု HRW ၏ ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။
HRWမှဥပဒေရေးရာနှင့်ပေါ်လစီဒါရိုက်တာJamesRossက“စစ်တပ်ခေါင်းဆောင်တွေဒီလို ဥပဒေချိုးဖောက်နေတာကို ရပ် အောင် အသိပေးအကြောင်းကြားဖို့ လိုပြီ။ ဒီလို အသိပေးတာကို ထပ်ချိုးဖောက်သူတွေကိုလည်း ဥပဒေအရ အရေးယူခြင်း နဲ့ အတည်ပြု အကောင်အထည် ဖော်ရမယ်”ဟု ပြောသည်။
ပြီးခဲ့သည့်၂၀၁၀ရွေးကောက်ပွဲတွင်စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က အမတ် နေရာအများဆုံး ရရှိခဲ့ပြီး လွှတ်တော်တွင်းအရေးကြီးသည့် နေရာများတွင် စစ်တပ် အရာရှိများကရယူထားကြောင်း၊ ဥပဒေပြုလွှတ်တော်၏ ၄ ပုံ ၁ ပုံခန့်မှာ စစ်တပ်က ရရှိထားပြီး ကျန်ရှိသည့် စစ်မှန်သော အတိုက်အခံ သို့ လွတ်လပ်သည့် ပါလီမန် အဖွဲ့ဝင် လူနည်းစု မှာ ဘေးဖယ်ခံထားရကြောင်းလည်း HRWက ရေးသားထားသည်။
“ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာရှိတဲ့ စစ်အာဏာရှင်စနစ်တွေကို မပြောင်းလဲသွားစေသလို ၊ စစ်တပ်ကနေ စစ်မက်ဆိုင်ရာ အရ ချိုးဖောက် နေတာတွေကိုလည်း မပြောင်းလဲသွားစေပါဘူး”ဟု James Ross က ပြောသည်။
၎င်းက“ မြန်မာစစ်တပ်က ပြည်သူတွေအပေါ်မှာ နေ့စဉ်ချိုးဖောက်နေမှုတွေကို ရပ်စေမယ့် လုပ်ဆောင်မှုတွေလုပ်ပြီး လုံးဝ ပြောင်းလဲရမယ်”ဟုလည်း ဆက်လက် ပြောဆိုထားသည်။
ယင်းကဲ့သို့ စစ်အစိုးရအရာရှိများနှင့် စစ်သည်များ လူ့အခွင့်အရေး ချိုးဖောက်နေမှုများ ရပ်တန့်ရန် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးကော်မရှင် ထားရှိရန်နှင့် အဆိုပါ ကော်မရှင်က တရားမျှတမှုနှင့် တာဝန်ယူဖြေရှင်းမှုများ ဆိုင်ရာ လေး နက် သော ဆွေးနွေး ဖလှယ်မှုများအတွက်လည်း တံခါးဖွင့်သွားစေမှာဖြစ်သည်ဟု James Rossက ပြောသည်။
တပ်မတော်၏ ဥပဒေအရာရှိ တဦးအနေဖြင့် ဗိုလ်ချုပ် ရာပြည့် သည် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်နှင့် ပူးတွဲလုပ်ဆောင် သွားရန် လိုလားမှုကို ဖော်ထုတ်မည်ဆိုပါက စစ်ဥပဒေများချိုးဖောက်နေမှုများကို ရပ်ဆိုင်းသွားရန်နှင့် လုပ်ဆောင်ရန် ရည်ရွယ်ချက်ရှိသည်ကို ပြသရာ ရောက်မည်။ မြန်မာ နိုင်ငံ၏ လူ့အခွင့်အရေးများနှင့် ဆက်စပ်နေသည့် အရာများကို ၎င်းနှင့် အတူ ဆက်သွယ်လုပ်ကိုင်သွားရန် အဆင်သင့်ရှိကြောင်း HRWက ရေးသားထားသည်။
မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနာ ၏ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရန်တိုက်တွန်းချက်နှင့် ပတ်သက်ပြီး ဖော်ပြရာတွင် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်နေ သူများအား ရပ်တန့်စေရန်တာဝန်ရှိပြီး ယင်းကဲ့သို့လုပ်ဆောင်ရာတွင် နိုင်ငံအရဖြစ်စေ၊ အုပ်စုအရဖြစ်စေ၊ ကျုးလွန်သူတဦးချင်း ဖြစ်စေ ၊ စစ်တပ် အဖွဲ့ သို့မဟုတ် အစိုးရ အပေါ်တွင်ဖြစ်စေ ပိတ်ဆို့မှုများ ပြုလုပ်နိုင်သည်ဟု HRW က ဆိုထားသည်။