မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 17 december 2010

မာနယ်ပလောတိုက်ပွဲကြောင့်ရွာသားများတိမ်းရှောင်

သန်းထိုက်ဦး Friday, 17 December 2010 17:55
.ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်မာနယ်ပလော ဒေသတွင် စစ်အစိုးရတပ်နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်ဖွဲ့ဝင် များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသား ၃၀၀ ခန့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်ရှိ ထိုင်း ကျေးရွာများသို့ ယခု ရက်ပိုင်း အတွင်း ထွက်ပြေး တိမ်းရှောင်နေကြရသည်။
မာနယ်ပလောဒေသ၀န်းကျင်မှထိုင်းနိုင်ငံဘက်တိမ်းရှောင်လာသောစစ်ပြေးဒုက္ခသည်များကိုတွေ့ရစဉ်(ဓာတ်ပုံ-BPHWT)
တိမ်းရှောင်လာသော စစ်ပြေး ဒုက္ခသည်များကို မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း(MTC)အဖွဲ့၊ ကရင် လူ့အခွင့်အရေးလှုပ် ရှားနေသော အဖွဲ့များ အပါအ၀င် ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီစောင့် ရှောက်ရေး ညွန့်ပေါင်းအဖွဲ့(TBBC)တို့ကကူညီ ပေးကြောင်း နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ်သား အဖွဲ့(BPHWT) မှ တာဝန်ခံ တဦးဖြစ်သူ ဦးမန်းမန်းက ဧရာဝတီ သို့ ပြောသည်။
“ထွက်ပြေးလာတဲ့ လူတွေထဲမှာ ကိုယ်ဝန်ဆောင် မွေးခါနီးလည်း ပါလာတယ်၊ အဲဒီ အပေါ်မှာ ကျနော်တို့ တချို့မွေးဖို့ ကိစ္စတွေ ကိုပါ ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်”ဟု ၎င်းက ဆိုသည်။
ဒုက္ခသည် အများစုမှာ မာနယ်ပလော အထက်ပိုင်းတွင် နေထိုင်သော ကျေးရွာများမှ ဖြစ်ကြောင်း ယင်း ဒုက္ခသည်များကို ထိုင်း ကျေးရွာများတွင် ရှိသော တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ နေထိုင်ခွင့် ပေးထားကြောင်း ဦးမန်းမန်းက ဆက်ပြောသည်။
“ကျနော်တို့က စခန်းရယ်လို့ မဖွင့်ထားဘူး၊ အဲဒီလိုမျိုး ဖွင့်ထားရင် အကန့်အသတ် အနှောင့် အယှက်တွေ ဖြစ်မယ်၊ လူမှုအဖွဲ့ အစည်းတွေနဲ့ပဲ ပူးပေါင်းပြီးတော့ အဲဒီ ကျေးရွာမှာရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ထိုင်းဘက်မှာရှိတဲ့ ကျေးရွာခေါင်းဆောင်တွေနဲ့ညှိနှိုင်းပြီးတော့ထားပေးတယ်၊ လိုအပ်တဲ့ ရိက္ခာတွေကိုလည်း ပံ့ပိုး ပေးတယ်”ဟု ၎င်းက ရှင်းပြသည်။
ထိုင်း အစိုးရက မြန်မာနိုင်ငံ ဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို နယ်စပ် ဖြတ်ကျော်ခွင့် ပေးထားသော်လည်း တိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် မြန်မာနိုင်ငံ ဘက်သို့ ပြန်ခိုင်းလေ့ရှိသည်။
ရွေးကောက်ပွဲကျင်းပနေစဉ်နိုဝင်ဘာလ၇ရက်နှင့်၈ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင်စစ်အစိုးရတပ်နှင့်DKBA(တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော်)တပ်မဟာ၅တို့တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက်နေ့စဉ်နီးပါးတိုက်ပွဲများဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်ရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင် စသည့် ကျေးရွာ ဒေသများ ကဲ့သို့ ယခုအခါ မာနယ်ပလော ဒေသများတွင်လည်း ဖြစ်ပွားနေခြင်း ဖြစ်သည်။
KNU ၏ ဌာနချုပ်ဖြစ်သည့် မာနယ်ပလောကို ၁၉၉၄ ခုနှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ခွဲထွက် DKBA နှင့် နအဖ ပူးပေါင်း တပ်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ၁၉၉၅ ခုနှစ် ဖေဖေါ်ဝါရီလတွင် နအဖ လက်အောက်သို့ ကျရောက်ခဲ့သည်။
လွန်ခဲ့သည် ၁၅ နှစ်တာ ကာလအတွင်း နအဖ လက်အောက် ကျရောက်ခဲ့ရသည့် မာနယ်ပလော ဌာနချုပ်ကို ယခုအခါ KNU တပ်ဖွဲ့ ၀င်များက ယခင်ကထက် ပို၍ ပြန်လည် လှုပ်ရှားခွင့်ရထားကြောင်း KNUမှ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ဧရာဝတီသို့ ပြောကြားခဲ့ဖူးသည်။
“မာနယ်ပလော ဌာနချုပ်နဲ့ ပတ်သက်တဲ့ အဲဒီ သောင်ရင်းကနေ မြစ်ဆုံအထိ ဒီအတော အတွင်းမှာ KNU ရဲ့လှုပ်ရှားမှုဟာ ပြန်ပြီးတော့ အားကောင်း လာတယ်”ဟု ဗိုလ်မှူး စောလှငွေ က ပြောသည်။
သို့သော် KNUဘက်က တဆင့်တက်ပြီး ပြောက်ကျား အခြေချမှုနှင့် နေရာယူမှုက မာနယ်ပလောခွင်ကို တောက်လျှောက် ပြန် လည် စိုးမိုးနိုင်ထားကြောင်း ဗိုလ်မှူး စောလှငွေက ဆိုသည်။
ဒီဇင်ဘာလ ၅ ရက်နေ့က မာနယ်ပလော ဒေသတွင်လည်း နအဖ စစ်တပ်နှင့်KNUတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖတပ် ဘက်မှ ၄ ဦးကျဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။ နအဖ တပ်များက ယင်းဒေသတွင် စစ်ရေး လှုပ်ရှားနေစဉ် KNUတပ်က ပြောက်ကျား စနစ်ဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မာနယ်ပလောဒေသတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)တပ်မဟာ ၅ နှင့် တပ်မဟာ ၇ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လှုပ်ရှားနေ သကဲ့သို့ နအဖ ၏ ခြေမြန်တပ်ရင်း(ခမရ) ၃၃၈ မှ တပ်ဖွဲ့ဝင်များနှင့် ကြယ်ပြောင်ကုန်း အခြေစိုက် နအဖ စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ အမှတ်(၉၁၃)တပ်ဖွဲ့ဝင်များ လှုပ်ရှားနေကြောင်း သိရသည်။

Geen opmerkingen: