မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 23 december 2010

ဂီရိမုန်တိုင်း၂လပြည့်သည့်တိုင်ထူထောင်ရေးများမစတင်နိုင်သေး

ခင်ဦးသာ Thursday, 23 December 2010 16:28
.ရခိုင်ပြည်နယ် အတွင်းရှိ ဂီရိဆိုင်ကလုန်း ဒဏ်ခံခဲ့ရသော မြို့နယ်များမှ လေဘေးသင့် ဒုက္ခသည်များသည် မုန်တိုင်း တိုက်ခတ်ပြီး ၂ လ ပြည့်မြောက် သည့်တိုင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုံးဝ မစတင်နိုင်သေးကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းဂီရိမုန်တိုင်းဝင်ရောက်တိုက်ခတ်သွားသည်မှာ၂လကြာမြင့်ပြီဖြစ်သော်လည်းယခုထိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများမစတင်နိုင်သေးပေ(ဓာတ်ပုံ-AP)
လေဘေး ဒုက္ခသည်များသည် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် တနိုင်တပိုင် ပြန်လည် ထူထောင်ရေး လုပ်လိုသော်လည်း စားရေရိက္ခာ မလုံလောက်သည့် အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း ဒေသခံများက ပြောသည်။
“အဓိကလိုနေတာကစားဖို့ဆန်ပါ။စပါးခင်းတွေကပျက်စီးသွားပြီ။ငါးဖမ်းလုပ်ငန်းကိုပြန်လုပ်ဖို့ ကျပြန်တော့လည်း ပိုက်ကွန်တို့၊ လှေတို့က မရှိတော့ ဘာမှ လုပ်စရာမရှိသေးဘူး”ဟု မြေပုံဒေသခံ တဦးက ဧရာဝတီကို ရှင်းပြသည်။
ထိုဒေသရှိ ပြည်သူအများစုသည် လယ်ယာ လုပ်ငန်းနှင့် ရေလုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင် စားသောက် ကြသည်ဟု ၎င်းက ဆက်ပြောသည်။
“ဒီနှစ်တော့လယ်တွေ ပြန်လုပ်လို့ရမယ့် အနေအထားမှာ မရှိတော့ဘူး။ ကျိုးသွားတဲ့ တာတမံတွေက ပြန်ပြုပြင်ဖို့ကုန်ကျမှုစရိတ်များတဲ့အတွက်ပါ။တာတမံတခုကိုပြုပြင်ဖို့သိန်းရာချီကုန်ကျမယ်”ဟု ဂီရိဒေသများသို့ သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသူ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)၏အတွင်းရေးမှူး၊ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။
ဦးအေးသာအောင်နှင့် NLDအဖွဲ့ဝင် တချို့သည် ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော မြို့နယ်များ၏ ပျက်စီးမှုများသော ကျေးရွာများကို သွားရောက်ကာ ဆန်၊ အ၀တ်အထည်နှင့်ဆေးဝါးများ လှူဒါန်းပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ပြည်တွင်းပြည်ပ NGOအဖွဲ့များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များ၊ စေတနာရှင်များက ကူညီထောက်ပံ့မှု၊ လှူဒါန်းမှုများ လုပ်ဆောင်ပေးနေသော်လည်း စားဝတ်နေရေးအတွက် မလုံလောက်သေးဟု ရန်ကုန်အခြေစိုက် NGO အဖွဲ့၏ တာဝန်ရှိသူ တဦးက ပြောသည်။
“ကျနော်တို့ ပေးနိုင်တာက လေးငါးရက်စာ စားဖို့ဆန်နဲ့ တခြားလိုတာလေးတွေပါ။ လိုအပ်ချက်ကို ပြည့်မီဖို့ ရာခိုင်နှုန်းနဲ့တွက်ရင် ၁၀ ရာခိုင်နှုန်းတောင် မရှိသေးပါဘူး” ဟု ၎င်းက ဆိုသည်။
ရန်ကုန်အခြေစိုက်ကုလသမဂ္ဂရုံး၏ ဒီဇင်ဘာလ ၂၀ ရက်နေ့ထုတ် အစီရင်ခံစာကမူ ကုလသမဂ္ဂ (UN) လက်အောက်ခံအဖွဲ့များ၊NGOများက၅၆ ရာခိုင်နှုန်းကျော် ပျက်စီးသွာသည့် စာသင်ကျောင်းများမှ ယာယီကျောင်းဆောင် ၁၀၀ ကျော် ဆောက်လုပ်ပေးထားပြီး စားဝတ်နေရေး ကိစ္စများလည်း အသင့်အတင့် ပြေလည်နေပြီဟု ရေးသားထားသည်။
ရန်ကုန်ရှိ ကုလသမဂ္ဂလူသားချင်း ဆိုင်ရာ ညှိနှိုင်းရေးမှူး ဘီရှော ပါရာဂျူလီ (BishowParajuli)ကလည်း “သူတို့ဘ၀ရေရှည်ရပ်တည်ဖို့အတွက်အရေးတကြီးလိုနေတာကအမိုးအကာရရှိရေးဖြစ်တယ်”ဟု ပြောဆိုကြောင်း အစီရင်ခံ၌ ဖော်ပြထားသည်။
လယ်ယာလုပ်ငန်းများ၊ ရေလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် အထောက်အကူပြုမည့် အကူအညီများ အရေးတကြီး လိုအပ်ကြောင်း အစီရင်ခံစာ က ဆိုသည်။
ဥရောပကော်မရှင်ကလည်း ဂီရိလေဘေးသင့် ပြည်သူများအတွက် ယူရိုငွေ ၃ သန်းကို ရန်ကုန်အခြေစိုက် ဥရောပ ကော်မရှင် ရုံးခွဲနှင့်UN လက်အောက်ခံအဖွဲ့များမှ တဆင့်ကူညီပေးသွားမည်ဟု ထုတ်ပြန်ခဲ့ကြောင်း VOA အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။ ကူညီထောက်ပံ့မှုများ ထိရောက်မှု ရှိ မရှိကိုလည်း စောင့်ကြည့်သွားမည်ဟု ကော်မရှင်ကဆိုသည်။
ဂီရိလေဘေးဒေသတခုလုံး၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၅၇ သန်းကျော်လိုအပ်ပြီး လက်ရှိ၌ ၂၁ သန်းသာ ရရှိသေးကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ကွပ်ကဲမှုရုံး (UNOCHA ) ၏ ဒီဇင်ဘာလ ၂၀ ရက်နေ့ထုတ် အစီရင်ခံစာ၌ ဖော်ပြထားသည်။
ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ NGOအဖွဲ့များက စားဝတ်နေရေးပြဿနာနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုတတ်နိုင်သလောက် လုပ်ဆောင်ပေးနေသော်လည်း စစ်အစိုးရကမူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စိတ်ဝင်စားမှု မရှိကြောင်း ဒေသခံများက ဆိုသည်။
စစ်အစိုးရအဖွဲ့၏ ခေါင်းဆောင်တချို့သည် စားသောက်ရန် ရိက္ခာများကို ကူညီခဲ့သော်လည်း ဒုက္ခသည်များထံ တိုက်ရိုက် မပေးဘဲ ဒေသဆိုင်ရာ အာဏာပိုင်များမှ တဆင့်ပေးသောကြောင့် ထိရောက်မှု မရှိဟု ဒေသခံများက ပြောသည်။
“လူတယောက်အတွက်တထောင်ဖိုးပေးရင်ဒုက္ခသည်တွေကတရာဖိုးပဲရတယ်။ကျန်တာကို ဒေသအာဏာပိုင်တွေက ပြန်ရောင်းစားတယ်။ ဒေသအာဏာပိုင် အများစုက ကြံ့ဖွံ့တွေပါ။ သူတို့ပဲ အပိုင်စီးသွားတယ်” ဟု ကျောက်ဖြူ ဒေသခံတဦးက ပြောသည်။
ဂီရိဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာလ ၂၂ ရက်နေ့က တနာရီလျှင် မိုင် ၁၂၀ ၀န်းကျင်ဖြင့် ရခိုင်ကမ်းရိုးတန်း ဒေသ တလျှောက် တိုက်ခတ်ခဲ့ရာ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ မာန်အောင်၊ ပေါက်တော၊ ပုဏ္ဏကျွန်း၊ စစ်တွေ စသည့်မြို့နယ်များ၌ ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ပြီး လူ ၂ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

Geen opmerkingen: