မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 7 december 2010

အကြမ်းမဖက်နည်းဖြင့်နိုင်ငံရေးအဖြေရှာမည်ဟုဒေါ်အောင်ဆန်းစုကြည်ပြော

ဧရာဝတီ Tuesday, 07 December 2010 17:30
.မြန်မာ့ နိုင်ငံရေး ပြဿနာများကို အဖြေရှာရာတွင် အကြမ်းမဖက်သော နည်းလမ်းဖြင့်သာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်သာမက နောင်တက်လာမည့် ဆုံးဖြတ်ချက်ပေးနိုင်သော နိုင်ငံ့ခေါင်းဆောင်များနှင့်ပါ ငြိမ်းချမ်းသော နည်းလမ်း ဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။
 ဒေါ်အောင်ဆန်းစုကြည်နှင့်တသီးပုဂ္ဂလလွှတ်တော်အမတ်လောင်းများယနေ့တွေ့ဆုံစဉ်(ဓာတ်ပုံ-ဧရာဝတီ)
ရန်ကုန်ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးချုပ်တွင် တသီးပုဂ္ဂလ လွှတ်တော် အမတ်လောင်းများ ဖြစ်ကြသည့် တောင်ဥက္ကလာပ မြို့နယ်မှ ဦးကောင်းမြင့်ထွဋ်၊ ဒေါက်တာစောနိုင်၊ လေးမျက်နှာ မြို့နယ်မှ ဦးဇော်မင်းသိန်းတို့နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်သော နည်းလမ်းများဖြင့် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းပါက တိုင်းပြည် အနာအရ ဖြစ်ကာ အနာကျက်ရန်လည်း မလွယ်ကူကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။
“နိုင်ငံရေး ပြဿနာတွေကို အကြမ်းဖက်တဲ့ နည်းသုံးပြီး ဖြေရှင်းတဲ့ အခါမှာ အပြောင်းအလဲ မြန်တယ်လို့ ထင်ရပေမယ့် အကြမ်းဖက်မှုကြောင့် ထိခိုက်ရတဲ့ အနာတွေ ပြန်ကျက်ဖို့ အချိန် တော်တော် ကြာကြာယူရတယ်။ အကြမ်းမဖက်တဲ့ နည်းလမ်း သုံးတော့ အချိန်ကြာတယ်၊ လူတွေက အားမရကြဘူး။ မပြောင်းလဲ သေးဘူးလား ဆိုပြီး အားမလို အားမရ ဖြစ်ကြတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ အကြမ်းဖက်သော နည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် မြန်မာ့ နိုင်ငံရေးတွင် အစဉ်အလာတခုသဖွယ် ဖြစ်နေကြောင်း၊ မြန်မာ့နိုင်ငံရေးအတွက် အကြမ်းမဖက်သော နည်းလမ်းဖြင့် အဖြေရှာသည့် အလေ့အကျင့်ကောင်းများ ဖြစ်ထွန်း ပေါ်ပေါက်ရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တသီးပုဂ္ဂလ လွှတ်တော် အမတ်လောင်းများကို ပြောခဲ့သည်။
မြန်မာပြည်သူများ အနေနှင့် မြန်မာ့ဒီမိုကရေစီ အရေးကိစ္စများ ဆောင်ရွက်ရာတွင် အိန္ဒိယနိုင်ငံ၏ ဥပမာကို ယူသင့်ကြောင်း၊ အိန္ဒိယနိုင်ငံသည် လူမျိုးရေး၊ ဘာသာစကား အပါအ၀င် ကွဲပြားမှုများ ရှိနေသော်လည်း မဟတ္တမ ဂန္ဒီ အပါအ၀င် အိန္ဒိယ နိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင်ကြီးများက အကြမ်းမဖက်သော နည်းလမ်းဖြင့် ဒီမိုကရေစီရရှိအောင် ဆောင်ရွက်ခဲ့သည့် အတွက် ယခုအချိန်အထိ အိန္ဒိယနိုင်ငံသည် ဒီမိုကရေစီနိုင်ငံကြီးအဖြစ် ရပ်တည်နေနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟု သိရသည်။
ယနေ့ ၂၁ ရာစု၏ နိုင်ငံရေးပုံစံသည် ယခင်တော်လှန်ရေး ခေတ်များကဲ့သို့ မဟုတ်တော့ဘဲ လူထုအကျိုးကို မည်မျှ လုပ်ဆောင် ပေးနိုင်သည် ဆိုသည့်အပေါ် အခြေခံလာကြောင်း၊ ပြည်သူအများစုကလည်း မိမိတို့ အကျိုးကို မည်မျှ ဆောင်ရွက် ပေးနိုင်မည် နည်း ဆိုသည့် မေးခွန်းကို အခြေပြုကာ နိုင်ငံရေး သမားများကို ထောက်ခံကြကြောင်း၊ ပြည်သူကို လှည့်စားသော နိုင်ငံရေး သမားများသည် ကျဆုံးခန်းရောက်ရှိမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သော တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း တဦးက “လူမှုရေးလုပ်ငန်းတွေကိုအရှိန်အဟုန်မြှင့်ဖို့၊ကွန်ရက်တွေဖွဲ့စည်းဖို့၊ပြည်သူ့အကျိုးအတွက် ကိုယ်တတ်နိုင်တဲ့ဘက်က အရှိန်အဟုန်မြှင့်လုပ်ဖို့၊ အဓိက လူငယ် တွေက နိုင်ငံရေးပါတီထက် ပြည်သူ့အကျိုးပြုတဲ့သူ၊ ပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်တဲ့သူကို ထောက်ခံကြတယ် ဆိုတာ မမေ့ဖို့၊ လူမှုရေး လုပ်ငန်းတွေကို ပို တိုးတိုးပြီး ဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်တယ်” ဟု ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ၂၀၁၀ ရွေးကောက်ပွဲ မဲမသမာမှု များနှင့်ပတ်သက်သော အစီအရင်ခံစာ ထုတ်ပြန်ရန် ရှိပြီး ရှုံးနိမ်ခဲ့သော အမတ်လောင်းများနှင့် နိုင်ငံရေးပါတီများ အနေနှင့် စိတ်ဓာတ်မကျဘဲ ဒီမိုကရေစီ ပန်းတိုင်ရောက်ရှိသည်အထိ ပူးပေါင်း အကောင်အထည် ဖော်သွားကြရန် ပြောဆိုခဲ့သည်ဟု သိရသည်။
တသီးပုဂ္ဂလ လွှတ်တော်အမတ်လောင်း ဒေါက်တာစောနိုင်က လူမှုရေး လုပ်ငန်းများအတွက် အခမဲ့ ဆေးခန်းဖွင့်လှစ်ခြင်း၊ အခမဲ့ ဆေးကုသပေးခြင်း လုပ်ငန်းများအပါအ၀င် လူထုဖွံ့ဖြိုးရေး လုပ်ငန်းများကို NLD နှင့်အတူ ပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဟု ပြောသည်။
ဒေါက်တာစောနိုင်သည် ရွေးကောက်ပွဲတွင် အနိုင်ရသည်ဟု တောင်ဥက္ကလာပ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူ၍ သိရှိကြောင်း လက်မှတ်ထိုးခိုင်းခဲ့သော်လည်း အနိုင်ရစာရင်း ထွက်လာသည့်အခါတွင် ၎င်း၏ အမည် ပါမလာခဲ့ဘဲ ရှုံးနိမ့်ခဲ့ရသူ ဖြစ်သည်။

Geen opmerkingen: