မဇ္ဈိမသတင်းဌာန စနေနေ့၊ ဇူလိုင်လ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၃၉ မိနစ် .
(အယ်ဒီတာ့အာဘော်)မြန်မာနိုင်ငံသည်၂၀၁၁ခုနှစ်မတ်လ၃၀ရက်နေ့တွင်ကမ္ဘာ့တခုတည်းသောပြောင် ပြောင်တင်းတင်းစစ်အာဏာရှင်စနစ်ကိုစွန့်လွှတ်လိုက်သည်။ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်က သမ္မတကြီးဦးသိန်းစိန်အဖြစ်ပြောင်းလဲတာဝန်ယူခဲ့သည်မှာရက်ပေါင်း၁၀၀ရှိခဲ့ပြီဖြစ်သည်။ ပါလီမန်အမတ်အများစုကြီး၏ပြောကြားချက်များကိုဘာတွေများလုပ်ပေးခဲ့ပြီးပြီလဲဆိုသည်ကို ယခုအချိန်တွင်မေးရတော့မည်ဖြစ်သည်။အသစ်စက်စက်သမ္မတကြီးအကြောင်းကိုလည်း မေးရမည်ဖြစ်သည်။
လွှတ်တော်နှစ်ရပ်ပေါင်းတွင်ရွေးကောက်ခံအမတ်ဦးရေ၄၉၈ဦးရှိသော်လည်းသမ္မတဦးသိန်းစိန်၏ သက်တမ်းတိုတိုလေးမျှသာရှိသေးသောကာလအတွင်းနိုင်ငံတော်မူဝါဒများကိုချမှတ်ခဲ့ကြသူများမှာ မကြာသေးခင်ကမှတပ်မှအငြိမ်းစားယူလာခဲ့ကြသောအရေအတွက်၄၀မျှရှိသည့်ရာထူးကြီးကိုင်ထားသော အတွင်းစည်းမှဝန်ကြီးများသာဖြစ်သည်။ထိုသို့စစ်အရာရှိကြီးတဖြစ်လဲဝန်ကြီးများကအာဏာကို ဗဟိုမှချုပ်ကိုင်ထားမှုကိုပြသလိုက်သည့်ဖြစ်ရပ်မှာမကြာသေးမီကထုတ်ပြန်ခဲ့သောကြေညာချက်တရပ်ပင် ဖြစ်သည်။အဆိုပါကြေညာချက်အရကျန်းမာရေး၊ပညာရေး၊ဘာသာရေးစသည့်ဝန်ကြီးဌာနများမှာ ပြည်နယ်နှင့်ဒေသကြီးများမှလွှတ်တော်များနှင့်အစိုးရများ၌မရှိတော့ဘဲဗဟိုမှသာ တိုက်ရိုက်ချုပ်ကိုင်သွားတော့မည်ဖြစ်သည်။
ပါလီမန်၌ တင်သွင်းခဲ့သော အဆိုများဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး၊ တိုင်းရင်းသား နယ်မြေများ၌ ဖြစ်ပွားနေသော ပဋိပက္ခများအား စစ်ရေးနည်းမဟုတ်သော အခြားနည်းဖြင့် ဖြေရှင်းရေး၊ တည်ဆောက်ဆဲ ရေကာတာ စီမံကိန်းများ၏ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအကြောင်း စသည့် အကြောင်းအရာမျိုးစုံ အဆိုများမှာလည်း မြန်မာ့တပ်မတော်မှ အသွင်ပြောင်းလာသော စစ်အရာရှိကြီးတဖြစ်လဲ ၀န်ကြီးများ၏ ဗီတိုအာဏာကဲ့သို့ ဖြစ်နေသော တချက်လွှတ် အာဏာများဖြင့် ပယ်ချခံခဲ့ကြရသည်။ ဤသို့ဖြင့် လွှတ်တော်ဆိုသည်မှာလည်း အဆိုပါ အတွင်းစည်း ဝန်ကြီးအဖွဲ့က ချမှတ်ပေးမည့် ဆုံးဖြတ်ချက်များကို စောင့်ဆိုင်းနာခံရသည့် အလုပ်မှလွဲ၍ အခြားမရှိတော့ပေ။
ဤကဲ့သို့ ဖြစ်နေခြင်းများအတွက်သမ္မတဦးသိန်းစိန်တွင်သာတာဝန်ရှိသည်ဟုပြော၍ရပါမည်လား။ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် ချမှတ်သည့်လုပ်ငန်းစဉ်များတွင်သူ့အခန်းကဏ္ဍ မည်မျှရှိသည်ဆိုသည်မှာလည်း မရှင်းမလင်းမသဲမကွဲရှိနေဆဲပင်။ထိုအထဲမှ အရေးပါသော ပြဿနာများမှာ ဖြစ်ပွားဆဲရှိသည့် တိုင်းရင်းသား လက်နက်ကိုင်များကိစ္စအားဖြေရှင်းကိုင်တွယ်ခြင်း၊ထင်ရှားသောအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်သူ့ကိုထောက်ခံသူများအားကိုင်တွယ်ခြင်းကဲ့သို့သောကိစ္စရပ်ကြီးများ ဖြစ်သည်။
သမ္မတသစ်ဦးသိန်းစိန်သည်ရုပ်သေးရုပ်ဖြစ်စေ၊ရုပ်သေးကြိုးဆွဲဆရာကြီးပင်ဖြစ်စေတခုရှိသည်မှာ အစိုးရသည်နိုင်ငံတွင်းနိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းများမရှိသည့်အပေါ်အခြေခံကာ ပေါ်ထွက်လာသည့် လူထု၏အထွေထွေမကျေနပ်ချက်များအားဖြေရှင်းနိုင်ရန်အတွက်စီးပွားရေးနှင့် ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအစောတလျင်ဆောင်ရွက်နိုင်ရန် ပြုလုပ်နေသည်ကိုမူ တွေ့နေရသည်။ ထိုလုပ်ငန်းများ၏ မဟာဗျူဟာတွင် အခြေခံကျသော အချက်များမှာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ နိုင်ငံခြားငွေလဲနှုန်းကိစ္စ၊ ငွေကြေးမူဝါဒတို့ပင် ဖြစ်သည်။ အငြိမ်းစား ၀န်ထမ်းများမှာလည်း သူတို့၏ အငြိမ်းစားလစာများကို အစိုးရက တိုးပေးလိုက်ပြီဆိုသော သတင်းကောင်းကိုလည်း ကြားခဲ့ရပြီဖြစ်သည်။ စီးပွားရေး မကျေနပ်မှုကို အခြေခံသည့် ကျယ်ပြန့်သော လူထုအုံကြွမှုများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဟန့်တားလုပ်ဆောင်ခဲ့သော ဘဏ္ဍာရေးမူဝါဒတရပ်လည်း ဖြစ်သည်။ ထို့အပြင် အစိုးရသည် သူ၏ အရန်ငွေကြေးမှ ဒေါ်လာ ၃.၇ ဘီလီယံကိုလည်း စီးပွားရေးလုပ်ငန်းငယ်များ ပျိုးထောင်ပေးရေးအတွက် အသုံးပြုမည်ဆိုသော ခန့်မှန်းပြောဆိုမှုများလည်း ပေါ်ထွက်နေသည်။
မြန်မာနိုင်ငံ၏များရာစုကြီးဖြစ်သောလူထုအတွင်းထိုသို့ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပေးခြင်းဖြင့် ရလဒ်ကောင်းများ ထွက်ပေါ်လာမည်မှာ သံသယဖြစ်စရာပင်မလိုသလို၊ သမ္မတကြီးနှင့် လွှတ်တော်တို့လည်း မျက်နှာကောင်းရကြမည်ဖြစ်သည်။အထူးသဖြင့်ယခင်ဆယ်စုနှစ်များအတွင်းလုပ်နိုင်ခဲ့သော်လည်း မလုပ်ဖြစ်ခဲ့သည့်အလုပ်မျိုး ဖြစ်သည်။ဤအချက်သည်မည်သို့ပင်ဖြစ်စေ၁၅နှစ်ကြာကျင်းပခဲ့သည့် အမျိုးသားညီလာခံတည်းဟူသော လုပ်ငန်းစဉ်မှ ကတိပြုခဲ့သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်၏ အဆုံးသတ်လုပ်ငန်းဖြစ်သော လွှတ်တော်ကိုယ်စားလှယ် ၅၀၀ နီးပါးအား ရွေးချယ်ခဲ့ခြင်းသည် ဘာမျှ အရာမရောက်ခဲ့ဆိုသည်ကို ပြသနေခြင်းလည်း ဖြစ်သည်။
ရင့်ကျက်အသားကျနေပြီးဖြစ်သောဒီမိုကရေစီလူအဖွဲ့အစည်းတွင်စီးပွားရေးကိစ္စများက နိုင်ငံရေးကိစ္စများထ် ပိုမိုနေရာယူလာနေသည့်ယနေ့ကမ္ဘာတွင်နိုင်ငံရေးအတွေးအခေါ်ကသာအဓိက လမ်းညွှန်အမိန့်ပေးနေသည့်မူဝါဒချမှတ်ခြင်းကိုကျင့်သုံးနေဆဲဖြစ်သည့်မြန်မာနိုင်ငံက တဘာသာဖြစ်နေသည်။ အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ခဲ့သည်ဆိုသည်ကို မည်သူမျှ အငြင်းပွားကြမည် မဟုတ်သော်လည်း တံတားများ တည်ဆောက်ခြင်းဖြင့် မြန်မာ့နိုင်ငံရေးကို ခြိမ်းခြောက်နေသည့် ပြဿနာကြီးဖြစ်သော ဆင်းရဲချမ်းသာ ကွာဟမှုကြီးကို ပေါင်းကူးပေးနိုင်ခြင်း မရှိပါ။
ထိုသို့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများမရှိခြင်းကြောင့်အချို့သောသူများကို ယခုနိုင်ငံရေးဖြစ်စဉ်တွင် သူတို့ပါဝင်ရန် ငြင်းဆန်ခဲ့ခြင်း မှန်ကန်ကြောင်း ထောက်ခံပေးနေသည်။ ဘာလို့ပါရမှာလဲ၊ ဘာအကျိုးရှိမှာမို့လဲ။ ထိုသို့အမြင်မျိုးပေါ်ထွက်လာလျှင်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်တွင်ပိုမို ပါဝင်ခွင့်ပေးလိုက်ခြင်းဖြင့်ပါလီမန်လုပ်ငန်းစဉ်ကြီး ပိုမိုအောင်မြင်မသွားနိုင်ပေဘူးလားဟူသောမေးခွန်းလည်းမေးစရာဖြစ်လာပြန်သည်။ဤအဆိုကို ကန့်ကွက်သူများကိုရော နှိမ်နင်းမှာလား။ အဖြေက စားပွဲပေါ်တွင်သာ ရှိပါသည်။
ယခုလိုလွှတ်တော်အမတ်များကလည်းမတက်မကြွငြိမ်ငြိမ်လေးနေ၊သမ္မတကြီးလည်းထိုနည်း၎င်း လုပ်နေကြသည့် ဤ ရက်ပေါင်း၁၀၀ကာလအတွက်ယာယီကောက်ချက်တရပ်ကိုတော့ချနိုင်ပါသည်။ မြန်မာနိုင်ငံ၏အာဏာကိုတကယ်တမ်းချုပ်ကိုင်ထားသူများကမြန်မာလူထုလက်လှမ်းမမီသည့် နေရာတွင်နေကာလူထုကိုတာဝန်ခံစရာလည်းမလိုဘဲမမြင်ကွယ်ရာမှနေ၍တိုင်းပြည်ကို ကြိုးဆွဲအုပ်ချုပ်နေဆဲပင် ရှိသည်ဆိုသည့် အချက်ပင် ဖြစ်ပါသည်။
Geen opmerkingen:
Een reactie posten