မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label မဇ္စျိမ မှ. Alle posts tonen
Posts tonen met het label မဇ္စျိမ မှ. Alle posts tonen

zaterdag 25 september 2010

မြေအောက် လူငယ်များ မဟာမိတ်ဖွဲ့

ဆလိုင်း ဟံသာစန်း
စနေနေ့၊ စက်တင်ဘာလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၅၀ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲကို ဝိုင်းသပိတ်မှောက်ရန် ၂ဝဝ၇ ဗကသ အဖွဲ့ချုပ် အပါအဝင် မြေအောက် ကျောင်းသားလူငယ် အဖွဲ့ ၅ ဖွဲ့ ရန်ကုန်တွင် မဟာမိတ် ဖွဲ့ခဲ့ကြသည်။
၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်နေသည့် ၂ဝဝ၇ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ NewGeneration၊ SaffronGeneration၊ မြေလတ် ကျောင်းသားများအဖွဲ့နှင့် ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသူ ကျောင်းသားလူငယ်များ အဖွဲ့တို့ ယခင်လ ၈ ရက် ရှစ်လေးလုံး ၂၂ နှစ်မြောက်နေ့တွင် လျှို့ဝှက် မဟာမိတ် ဖွဲ့ခဲ့သည် ဆိုသည်။
“အဓိက ဖွဲ့ရတဲ့ ရည်ရွယ်ချက်က ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အရှိန်မြှင့် လုပ်သွားဖို့ပါ။ ရွေးကောက်ပွဲကာလ မတိုင်မီကနေ ပြီးတဲ့အထိ ဘယ်အချိန်မှာ ဘာတွေလုပ်မယ်ဆိုတာ အစီအစဉ်တွေ ဆွဲပြီးသွားပြီ” ဟု လူငယ် မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကို ပြောသည်။
၎င်းတို့အစုအပေါင်းတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မြစ်ကြီးနား၊ မိုးကုတ်၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ ကျောင်းသား လူငယ် ၂ဝဝ ကျော် ပါသည် ဆိုသည်။
အရင်အပတ်က ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်လည်အဖြစ် ရွေးကောက်ပွဲမဲမပေးရန် လှုံ့ဆော်သည့် ကြွေးကြော်သံ ပို့စကဒ် ၁,ဝဝဝ ကျော်ကို ရန်ကုန် စာတိုက်ပုံးများမှတဆင့် မြို့နယ်အသီးသီးရှိ အစိုးရရုံးများ၊ လုပ်ငန်းရှင်များထံသို့ ပို့ခဲ့သေးသည်ဟု ပြောသည်။
“နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီရွေးကောက်ပွဲကို မထောက်ခံကြပါနဲ့။ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေ အားလုံးဟာ ရုပ်သေးပါတီတွေ ဖြစ်လာပြီ။ ပြည်တွင်းပြည်ပ ပြည်သူတွေ၊ တပ်မတော်သားတွေ၊ ရဟန်းရှင်လူတွေ ဒီပါတီတွေကို မထောက်ခံကြဖို့ တောင်းဆိုချင်ပါတယ်”ဟု အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။



နယ်ကျော်ရင် ပစ်မည့် မွန်ပြည်သစ်

ကိုဝိုင်း
စနေနေ့၊ စက်တင်ဘာလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၄၆ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဒေသတွင်း နအဖတပ်များ ဝင်လာလျှင် ပစ်ခတ်ရန် အမိန့်ပေးထားကြောင်း မွန်စစ်ရေး အကြံပေး ဗိုလ်မှူးကြီး ကောင်းရွတ် (ငြိမ်း)က ပြောသည်။
အပစ်ရပ် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ သုံးရက်ကြာ အစည်းအဝေးအပြီး ပစ်မိန့် ထုတ်ခဲ့သည်။
“သတ်မှတ်ထားတဲ့ အခြေချ ဧရိယာ ၅ မိုင် ပတ်လည်ထဲကို အကြောင်းမကြားပဲ ဝင်လာရင်တော့ ပစ်လို့ အမိန့်ပေးထားတယ်” ဟု ဗိုလ်မှူးကြီး ကောင်းရွတ်က ဆိုသည်။
“လက်ဦးမှု ယူတဲ့သဘောနဲ့ အထက်ကို ပြန်မမေးနဲ့၊ သတင်းမပေးပဲ ဝင်လာရင် ကိုယ့်ကို ရန်ရှာတဲ့ သဘောဆိုတော့ ပစ်မိန့်ပေးတဲ့ သဘောပါ” ဟုလည်း ဆိုသည်။
အပစ်အခတ် ရပ်ရေး ဆွေးနွေးစဉ်က မွန်ပြည်နယ် ဂျိုင်းမြစ်ဘေး ကော့ဘိန်းရွာအနီးမှ မင်းရွာ၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အင်းခွရွာ၊ ထားဝယ်ခရိုင် ထိုင်းနယ်စပ်အနီး ပင်းချောင်းဖျားရွာ စသည့် အခြေချဧရိယာ ၁၄ နေရာခန့် သတ်မှတ်ခဲ့သည်။ ယင်းရွာများအနီး ၅ မိုင် ပတ်လည်ကို မွန်ပြည်သစ် အပိုင်အဖြစ် ယေဘုယျ နယ်စပ်သတ်ထားသည်။
အင်အား ၇,ဝဝဝ ကျော်ရှိ မွန်ပြည်သစ်ပါတီနှင့် ၁၉၉၅ တွင် အပစ်ရပ်စဲရေးဆွေးနွေးစဉ်က မပါသည့် နယ်ခြားစောင့်တပ်၊ ဌာနေပြည်သူ့စစ်အဖြစ် ပြောင်းလဲရန် စစ်အစိုးရ အဆင့်ဆင့် ဖိအားပေးမှုကို အာခံသဖြင့် အရှေ့တောင်တိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်သက်နိုင်ဝင်းက လက်နက်မစွန့်လျှင် သောင်းကျန်းသူအဖြစ် သတ်မှတ်မည်ဟု ယခုလဆန်းက ခြိမ်းခြောက်ခဲ့သည်။
မွန်ပြည်သစ်က နအဖ၏ ဖိအားပေးမှုများကို တခုမှလက်မခံပဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းလိုပြီး နောင်တက်လာမည့် အစိုးရနှင့်ဆက်စကားပြောသွားမည်ဟု တုံ့ပြန်ထားသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲကိုလည်း လက်မခံပေ။
ယင်းနောက်ပိုင်း စစ်အစိုးရဘက်မှ မွန်ပြည်သစ်ဘက်က ခရီးသွားလိုလျင် အကြောင်းကြားရမည်ဟု တင်းကျပ်လာသောကြောင့် စစ်ရေးသံသယဖြင့် ယခုကဲ့သို့ ပစ်မိန့်ပေးရကြောင်း အငြိမ်းစား မွန်ဗိုလ်မှူးကြီးက ပြောသည်။
မွန်ပြည်သစ်ပါတီ မော်လမြိုင်ရုံးများ၌ ခရိုင် ကော်မတီဝင်နှင့် ရုံးအကူ အချို့သာရှိပြီး ကျန်ရုံး အဖွဲ့သားများကို “ပြန်ရုပ်” ထားပြီး ဖြစ်သည်။
မွန်ပြည်သစ် နယ်မြေတွင် ‘ရေး’ အခြေစိုက် စကခ ၁၉ လက်အောက်ခံ တပ်ရင်း ၁ဝ ရင်း၊ သထုံ အခြေစိုက် အမြောက်တပ်မ ၆ဝ၆ လက်အောက်ခံတပ်ရင်း ၅ ရင်းရှိသော်လည်း ထူးခြားသည့် လှုပ်ရှားမှု မရှိသေးဟု သိရသည်။
စစ်အစိုးရက အပစ်ရပ် အဖွဲ့များကို ၂ဝဝ၈ ဧပြီမှစ၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးခဲ့သော်လည်း အပစ်ရပ် ၁၇ ဖွဲ့မှ ကချင်ပြည်နယ် အထူးဒေသ (၁)-NDAK၊ ကယားပြည်နယ်အထူးဒေသ (၁)-ကလလတ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၁)-ကိုးကန့် ကဲ့သို့ အဖွဲ့ငယ်များသာ ပြောင်းသွားခဲ့သည်။
KNUခွဲထွက်DKBAမကြာမီကအသွင်ပြောင်းသွားသော်လည်းအင်အားကောင်းသည့်ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ် UWSA၊ ကချင် လွတ်မြောက်ရေးအဖွဲ့ KIOနှင့် မွန်ပြည်သစ် ပါတီတို့ကို မပြောင်းလဲနိုင်သေးပေ။
နအဖက KIO အဖွဲ့ဝင်များ ခရီးသွားလိုလျှင် ခွင့်ပြုချက် ကြိုတင်ယူရမည်ဟု ကန့်သတ်လိုက်သကဲ့သို့ KIO ကလည်း နအဖတပ်များ ၎င်းတို့ နယ်မြေတွင်း ကြိုတင် အကြောင်းမကြားပဲ ဖြတ်ပါက ပစ်ခတ်ရန် အမိန့်ပေးထားသည်။



donderdag 23 september 2010

ချင်းသမ္မတ ဖြစ်ချင်လို့ ကြံ့ဖွံ့က ၀င်ပြိုင်မယ့်ဒေါက်တာ

ဆလိုင်းထွန်း
ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၀၅ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲနိုင်လျှင် ချင်းအမျိုးသားများ သမ္မတဖြစ်လာရန် အခွင့်သာ၍ ယင်းပါတီအမတ်လောင်းအဖြစ် အရွေးခံရကြောင်း ဒေါက်တာမှုထန်က ပြောသည်။
အမတ်လောင်း ဦးရေ ၁,၁၀၀ ကျော်ဖြင့် တနိုင်ငံလုံးပြိုင်မည့် ပါတီမှာ ကြံ့ဖွံ့ပါတီဖြစ်သောကြောင့် ချင်းအမျိုးသားအရေး ပိုလုပ်နိုင်မည့်အပြင် သမ္မတအထိ တက်လှမ်းနိုင်သဖြင့် ချင်းပြည်နယ်လွှတ်တော်အတွက် ထန်တလန်မှ ကြံ့ဖွံ့ ကိုယ်စားပြု ၀င်ပြိုင်မည် ဆိုသည်။
ဒေါက်တာမှုထန်သည် ၁၉၇၃ တွင် မန္တလေး ဆေးတက္ကသိုလ်မှ ဘွဲ့ရကာ ၁၉၇၆-၈၆ တွင် ထန်တလန်ဆေးရုံတွင် အမှုထမ်းခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအနေဖြင့် ထန်တလန်မှပင် ရွေးကောက်ပွဲဝင်ရာ အနိုင်ရခဲ့သည်။ စစ်အစိုးရကျင်းပသည့် အမျိုးသားညီလာခံတွင် ပြုပြင်ပြောင်းလဲရေးအဆိုပြုချက်များ တင်သွင်းခဲ့သေးသည်။
“ချင်းတွေအတွက် အိပ်မက်မက်ချင်လို့။ ချင်းအမျိုးသားတယောက် ပါတီကြီးမှာ နိုင်ရင် တချိန်ချိန်မှာ ပြည်ထောင်စု အစိုးရထဲ ပါနိုင်မယ်။ သမ္မတတောင်မှ ချင်းလူမျိုးတွေ တက်ဖြစ်လောက်တယ်ဆိုတဲ့ ဆန္ဒရှိတယ်။ ဒါကြောင့် နောင်လာနောက်သားတွေအတွက် အကောင်းဆုံးပါတီ ထင်လို့ ၀င်ရတာပါ” ဟု ဒေါက်တာမှုထန်က မဇ္ဈိမကို ပြောသည်။
ချင်းတိုးတက်ရေးပါတီ CPP (၃၉ နေရာ) ၊ ချင်းအမျိုးသားပါတီ CNP (အရေအတွက် မသိရသေး) စသော ချင်း ပါတီ ၃ ခုအပြင် နေရာ ၉၈၀ ပြိုင်မည့် တစညတို့လည်း ချင်းပြည်နယ်တွင် ဝင်ပြိုင်ကြမည်။
CPP နှင့် CNP ပါတီ ခေါင်းဆောင်များကမူ ကြံ့ဖွံ့တွင် ပါဝင်ခြင်းထက် ချင်းပါတီ သီးသန့်ထောင်၍ ပြိုင်မှသာ သမ္မတဖြစ်နိုင်သည် ဟုဆိုသည်။
“ညွန့်ပေါင်းအစိုးရမှာ ကျနော်တို့လည်း သမ္မလောင်းဝင်မယ်၊ ကြိုက်လို့ မဲပေးရင် ပိုဖြစ်နိုင်တယ်။ ကြံ့ဖွံ့မှာဆိုရင် အများစုက ဗမာတွေဖြစ်တော့ ချင်းလူမျိုး ဘယ်တော့မှ သမ္မတလောင်း ဖြစ်မှာမဟုတ်ဘူး။ ကြံ့ဖွံ့ထက်တော့ ကျနော်တို့က ချင်းသမ္မတဖြစ်ဖို့အခွင့်အရေး ပိုရှိတယ်”ဟု CPP အထွေထွေအတွင်းရေးမှူး ဦးဇုမ်လှဲထန်း (ZungHleiThang) က မဇ္ဈိမကို ပြောသည်။
သူကဆက်ပြီး “စစ်တပ်နဲ့ ကြံ့ဖွံ့ပေါင်းပြီး ပြည်ထောင်စု လွှတ်တော်ထဲမှာ ထက်ဝက်ကျော်ရရင်တော့ သူပြောတာ မှန်နိုင်တယ်။ ဒါပေမဲ့ ကြံ့ဖွံ့က မဲရမယ် မထင်ဘူး။ ကျနော်တို့လို တခြားပါတီတွေ မဟာမိတ်လုပ်ပြီး နိုင်ရင်တော့ သမ္မတလည်း ကျနော်တို့ပဲ ဖြစ်မယ်။ အလိုအလျောက် ပြည်နယ်ဝန်ကြီးချုပ် ဖြစ်မယ်ဆိုတော့ ကိုယ်လူမျိုး၊ ကိုယ့်ပြည်နယ်အတွက် ပိုလုပ်နိုင်မယ်” ဟု ပြောသည်။
CNPပါတီဒုဥက္ကဋ္ဌ ဦးချမ်ဟရဲ(ChenHre) ကမူ “ကျနော်တို့ကတော့ တကယ့်ဒီမိုကရေစီစနစ်ပဲ လိုချင်တယ်။ အခွင့်အရေးသမား ဖြစ်ရင်တော့ အခွင့်အရေးရနိုင်တဲ့ အဖွဲ့မှာပဲ နေမှာပဲ။ CNPပါတီအနေနဲ့ သမ္မတမရနိုင်ရင်လည်း ဒီမိုကရေစီအရေးတွက် ရပ်တည်တယ်။ ချင်းတိုင်းရင်းသားအနေနဲ့ သမ္မတလုပ်နိုင်ရင်တော့ သိပ်ကောင်းပါတယ်” ဟု ပြောသည်။





ငါးကြင်းဆီနဲ့ ငါးကြင်းကြော်မယ့် လယ်ဝေး ဦးတင်အေး

မျိုးသိဏ်း
ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၀၂ မိနစ် .
ရန်ကုန် (မဇ္ဈိမ)။ ။ လယ်သိမ်းခံရရာမှ ရရှိခဲ့သည့် လျော်ကြေးငွေ ကျပ် ၄၆ သိန်းကို ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့် အနေဖြင့် ရွေးကောက်ပွဲဝင်ရာ၌ အသုံးပြုသွားမည်ဟု ၆၇ နှစ်အရွယ် အငြိမ်းစား အလယ်တန်း ကျောင်းအုပ်ဆရာ ဦးတင်အေးက ဆိုသည်။
သူသည် လယ်ဝေးမြို့နယ်ကို ကိုယ်စားပြု၍ တသီးပုဂ္ဂလအဖြစ် ပြည်သူ့လွှတ်တော်တွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည့်သူ ဖြစ်သည်။
ကျောင်းဆရာဘဝမှ အငြိမ်းစားယူပြီးနောက် လယ်သမားအဖြစ် လုပ်ကိုင်ခဲ့သူ ဦးတင်အေးက စစ်အစိုးရ၏ နေပြည်တော် တည်ဆောက်ရေး စီမံကိန်းများတွင် သူပိုင်လယ်မြေ ဧကအများအပြား အသိမ်းခံခဲ့ရကာ၊ အချို့လယ်မြေများအတွက် လျော်ကြေး မရခဲ့ကြောင်း ပြောသည်။
ထိုသို့ ”ငါကြင်းဆီနဲ့ ငါကြင်းပြန်ကြော်” ခဲ့သော် အရွေးခံရလျှင် အမတ်၊ အရွေးမခံရလျှင် ကျန်ရှိသော လယ် ၂ ဧကနှင့် လယ်ပြန်လုပ်မည်ဟုဆိုသည့် လယ်ဝေးမြို့နယ်တွင် ၃၈ နှစ်ကျော် ကျောင်းဆရာ လုပ်ခဲ့သူလည်းဖြစ်၊ အနိုင်ရရန် အခွင့်အရေး ရှိနေသည်ဟု ယုံကြည်နေသူ ဦးတင်အေးကို မဇ္ဈိမက တွေ့ဆုံမေးမြန်းထားသည်။
                                         လယ်မသိမ်းခင်ကတည်းက ဦးတင်အေး ကိုယ်ရေးအကျဉ်း
အမည်ရင်း ဦးတင်အေး
မွေးသက္ကရာဇ် ၁၈-၉-၁၉၄၃
အဘအမည် ဦးထွန်းဖေ
ပညာအရည်အချင်း ၁၉၆ဝ-၆၃ ရန်ကုန် ဝိဇ္ဖာသိပ္ပံ ISCA အောင်၊ B.A (JAT)
အလုပ်အကိုင် အငြိမ်းစားကျောင်းဆရာ၊လယ်လုပ်သူ။ လယ်အုပ်အဖြစ် လုပ်ကိုင်ခဲ့ဖူး။ ၁၉၈၈ ခုနှစ်တွင် ပျဉ်းမနားအချုပ်၊ လယ်ဝေး အချုပ်တို့တွင် ၁၈ လအချုပ်ခံခဲ့ရ။ တသီးပုဂ္ဂလ အမှတ်တံဆိပ် LOGO မျက်မှန် (သာမန်မျက်စိဖြင့် ကြည့်ရာ၌ ဝေဝါးပါက အနီးအဝေးဖြင့် ကြည့်နိုင်သည့် မျက်မှန်ကို ရွေးချယ်ခြင်း ဖြစ်)
ရွေးကောက်ပွဲဖြစ်ရင် ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာလား။ ဒီဖြစ်စဉ်ကြောင့် ရွေးကောက်ပွဲဝင်ဖို့ ဖြစ်လာတာလား။
’’မဟုတ်ပါဘူး။ နဂိုကတည်းက လယ်မြေကိုရောင်းပြီး ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ထားတာပါ။ ၁၉၉ဝ တုန်းက အချုပ်ခံနေရတယ်။ မပြိုင်ခဲ့ရဘူး။ အခု ၂ဝ၁ဝ မှာ အပြင်ရောက်ပါပြီ။ အဲ့တာကြောင့် ဝင်ပြိုင်တာပါ’’
တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ မဟာမိတ် ကွန်ယက်ဖွဲ့တဲ့အထဲ ဘယ်လိုပါလာတာလဲ။
’’ဂျာနယ်ထဲမှာ ဦးရန်ကျော်တို့အကြောင်း သိရလို့ ဂျာနယ်တိုက်ကတဆင့် ဆက်သွယ်တယ်။ နောက် စကားပြောကြည့်ပြီး မဟာမိတ်သဘောမျိုး ဖွဲ့လိုက်တာပါ။ ဘယ်သူနဲ့မှ မတွဲချင်တဲ့သူ အချင်းချင်း ကွန်ယက်ကလေး သဘောမျိုး စုစည်းလိုက်တာပါ။ ခေါင်းဆောင်၊ ဥက္ကဋ္ဌ သဘောမျိုး မထားဘူးဆိုတာလည်း သဘောကျတယ်။ ဒီအဖွဲ့ထဲကပဲ ၈ ယောက်က ဦးသုဝေတို့နဲ့ လက်တွဲဖြစ်သွားတယ်။ အခု ၁၄ ယောက်ပဲ ကျန်တယ်’’

ကိုယ်တိုင် လယ်အသိမ်းခံခဲ့ရတော့ လွှတ်တော်အမတ်တွေအဖြစ် အရွေးခံခဲ့ရရင် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်မယ် စဉ်းစားထားလဲ။
’’တကယ်တော့ ဒီကိစ္စတွေက လယ်လုပ်သူ လယ်ပိုင်ခွင့် မရှိတဲ့အတွက် ခံရတာပဲ။ လယ်မပိုင်ဘူး။ လုပ်ပိုင်ခွင့်ပဲ ရှိကြတယ်။ ကွန်မြူနစ်စနစ်မှာတောင် လယ်လုပ်သူ လယ်ပိုင်ခွင့် ရှိသေးတယ်။ ဆိုရှယ်လစ်စနစ်မှာ ပြောင်းလိုက်တဲ့ ဥပဒေကို ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လယ်သမားများ လယ်ပိုင်ခွင့်ကိစ္စတွေကို နောင်မှ ဆက်လက်ဆွေးနွေးမည်လို့ ရေးထားတယ်။ အဲဒီတော့ တောင်သူလယ်သမားတွေအတွက် ဒီကိစ္စတွေကို လွှတ်တော်ထဲ ရောက်ခဲ့ရင် ပြောကို ပြောမှာပါ။ စိတ်ချပါ’’
မြန်မာပြည် ပညာရေးစနစ်က ဝေဖန်စရာတွေ ဖြစ်နေတာကို ကျောင်းဆရာဟောင်း တယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
’’ပညာရေးဝန်ကြီး ဦးသန်းအောင် သူလည်း လယ်ဝေးသားပါပဲ။ သူ့လက်ထက်မှာ မအောင်မရှိ ငါ့တပည့်ဆိုပြီး လုပ်လိုက်တာ ပညာရေးစနစ်ကြီး ပျက်သွားတယ်။ ပထမအစမ်း၊ ဒုတိယအစမ်း၊ ဖိုင်နယ်စာမေးပွဲတွေ မရှိတော့ဘူး။ နောက်တခါ စာမေးပွဲမှာ အမှတ်ကောင်းမှ၊ ဂုဏ်ထူးရမှ ကောင်းတဲ့ လိုင်းတွေကို ရမှာဖြစ်တဲ့အတွက် ကျောင်းသားတွေက တရားသော နည်းနဲ့ဖြစ်ဖြစ်၊ မတရားသော နည်းနဲ့ဖြစ်ဖြစ် အောင်ဖို့ ကြိုးစားလာကြတယ်။ ခိုးချပြီး ဒီလိုရသွားတဲ့သူက နောင်မှာလည်း သူခိုးစိတ်ပဲ ဝင်သွားမှာပဲ’’
’’အခုက ဘာဖြစ်သွားလဲဆိုတော့ ပညာရွှေအိုး ဖြစ်နေတယ်။ လူမခိုးတာကို ပြောတာမဟုတ်ဘူးနော်။ ပညာက ရွှေအိုးနဲ့ ဆက်ပြီး ယူရတယ်။ အဲဒီတော့ ပညာရေးစနစ်ကတော့ လုံးဝမှားယွင်းသွားပြီ။ မိဘတွေကလည်း ဆရာဝန် ဆရာဝန်၊ အင်ဂျင်နီယာ အင်ဂျင်နီယာ။ ဆရာ ပြောနေကျစကား ရှိတယ်။ အင်ဂျင်နီယာက သူခိုး။ ကျောက် ခိုးတယ်၊ သံ ခိုးတယ်၊ ဘိလပ်မြေ ခိုးတယ်။ ဆရာဝန်က ဓားပြ။ ဓားပြပြီးတော့ ခွဲပေးတယ်။ အဲတာက ဘာလို့ဖြစ်တာလဲ။ စောစောကပြောသလို ပညာရေးအတွက် ဆုံးရှုံးခဲ့တဲ့ ငွေကြေးကို သူတို့ပြန်ရှာသလိုပဲ။ ပညာရေးစနစ်က ငွေနဲ့ဝယ်နေရတဲ့ စနစ်ကြီးဖြစ်နေတာ လုံးဝ မှားနေတယ်’’
၁ဝ တန်း အောင်ရင် ကျောင်းပြီးပြီလို့ လူတွေ နောက်ပြောင်ပြီး ပြောနေတာကိုရောခင်ဗျ။
’’ဒါကလည်းဟာသအနေနဲ့ပြောကြတာပေါ့နော်။ ဟုတ်ပြီ၊ ဘွဲ့ရလို့တောင် အလုပ်ရကြလို့လား။ ပိုက်ဆံမရှိလို့ အလုပ်လုပ်ပါလားလို့ ပြောရင် အလုပ်လုပ်ဖို့တောင် ပိုက်ဆံမရှိဘူးလို့ ပြောကြတယ်။ ပိုက်ဆံပေးမှ အလုပ်ရတဲ့ ခေတ်၊ ပိုက်ဆံပေးမှ ပညာရတဲ့ ခေတ်မှာ ၁ဝ တန်းအောင်ရင် ပြီးပြီဆိုတာ ဟာသတခု ဖြစ်လာတဲ့သဘောပါ’’
လယ်ဝေး မဲဆန္ဒနယ်ထဲမှာ ကြံ့ဖွံ့ရှိမယ်၊ တစညပါမယ်။ အဲဒီပါတီတွေရဲ့ အနေအထားကရော။ ဒါတွေကို ကြိုတင်လေ့လာ ပြင်ဆင်ထားပြီးပြီလားခင်ဗျ။
’’ဒီနေရာမှာ ဆရာကြီးပြောချင်တာက မဆလပါတီကို ဖြိုခဲ့တာ မဆလပါတီဝင်တွေပဲ။ ပြည်ခိုင်ဖြိုးကို ဖြိုမှာက ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင်တွေပဲ။ ဆိုလိုတာက နောက်မှ အတွင်းရေးမှူး ဖြစ်ပြီးတော့ ငွေရတယ်။ အရင်ကတည်းက လုပ်နေတဲ့ ကိုယ်စားလှယ်တွေက လုံးဝမကျေနပ်ဘူး။ အဲဒီလိုတွေနဲ့ သူတို့ထဲမှာကို မကျေနပ်ချက်တွေ ဖြစ်နေတယ်။ တစညကိုတော့ ပြည်သူတွေက မဲပေးလိမ့်မယ် မထင်ပါဘူး’’
ကြံ့ဖွံ့ကို ဖြိုမှာ ကြံ့ဖွံ့ပဲ ဆိုတာ လယ်ဝေးနယ်ထဲက အခြေအနေလား။ တခြားနေရာတွေကိုကော ရည်ညွှန်းပါသလား။
’’တပြည်လုံးပါပဲ။ လယ်ဝေးတင် မကပါဘူး၊ တပြည်လုံး အနေအထားပါပဲ’’
အခု တသီးပုဂ္ဂလ ပြိုင်မယ်ဆိုတော့ သူတို့ဘက်က လာစည်းရုံးတာ၊ အနှောင့်အယှက်ပေးတာမျိုး ရှိလား။
’’မရှိပါဘူး။ မရှိဘူးဆိုတာက ဆရာက ဆရာဖြစ်နေလို့ပါ။ အဲတာ သဘောပေါက်လား မသိဘူး။ ဆရာက ဆရာဖြစ်နေလို့ပါ။ သူတို့ရဲ့ စာသင်တဲ့ ဆရာဖြစ်နေလို့ပါ။ ဥပမာတခုပြောပြမယ်-လယ်ဝေးမှာ မဲရုံ ၁၂ဝ ရှိမယ်။ ဆရာ့ရဲ့ မဲစောင့် ကိုယ်စားလှယ် မထားဘူးလားလို့ မေးကြတယ်။ မထားပါဘူး။ ဘာလို့လဲဆိုတော့ ရယကရော၊ ကော်မရှင်ဝင်တွေရော ဆရာ့တပည့်ဖြစ်ဖူးတဲ့ သူတွေချည်းပါပဲ။ အဲဒီတော့ ဆရာဖြစ်တဲ့အတွက် သူတို့က လုံးဝမနှောင့်ယှက်ပါဘူး’’
လွှတ်တော်အမတ်ဖြစ်ခဲ့ရင် လယ်ဝေးနယ်သားတွေအတွက် ဆရာကြီး ပထမဆုံးလုပ်ပေးမယ့် အလုပ်က ဘာဖြစ်မလဲ။
’’၃ ချက် ရှိတယ်။ ငွေစက္ကူ အဟောင်းအနွမ်းတွေကိစ္စ ပြောပါမယ်။ နောက် စိတ်ဆင်းရဲစရာကောင်းတဲ့ ငွေပမာဏရနေတဲ့ ပင်စင်စားတွေနဲ့ ပတ်သက်ပြီး ပြောပါမယ်။ ဆရာကိုယ်တိုင် ၃၂ဝ၂ ကျပ်နဲ့ ၅၈ ပြား ရပါတယ်။ တတိယကတော့ လယ်သမားတွေ အရေးကိစ္စပါ။ ဒါတွေလက်ခံရင် တခြားဟာတွေ တဖြည်းဖြည်း တောင်းဆိုသွားဖို့ အစီအစဉ်ရှိပါတယ်’’
အဲလိုတောင်းဆိုချက်တွေ တကယ်ဖြစ်လာနိုင်တဲ့ အနေအထားတွေ ရှိတယ်လို့ ထင်ပါသလား။
’’သိပ်ရှိတာပေါ့။ ဘာလို့လဲဆိုတော့ ဟိုဘက်က ၁၂ဝ သော တပ်က တပ်မှူးတွေက တောင်သူလယ်သမား သားသမီးတွေ၊ ကျောင်းဆရာ သားသမီးတွေ အများကြီး ပါမှာပဲ။ သူတို့ကိုယ်တိုင်လည်း ခံစားချက်ရှိမှာပဲ။ သူတို့အဖေတွေ၊ အမေတွေ၊ သူတို့ဆရာသမားတွေ ပင်စင်လေး ၅ဝဝ၊ ၁ဝဝဝ နဲ့ နေရတဲ့ ဘဝကို သူတို့မြင်မှာပဲ။ ဆိုလိုတာက သူတို့ မပြောရဲဘူး။ ဒါပေမဲ့ ပြောရဲတဲ့သူရှိရင် ထောက်ခံမှာပဲ။ အဲဒီလို ယုံကြည်ပါတယ်’’
ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး သဘောထား ကွဲလွဲမှုတွေနဲ့ ပတ်သက်ပြီးတော့ ဆရာကြီး အမြင်က။
’’၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဖို့ ပြောနေကြတယ်။ ကိုယ်ဘာမှ မဟုတ်သေးခင်မှာ ပြင်ဖို့ မကြိုးစားသေးတာက ဆရာ့ဝါဒပဲ။ ဆရာတို့ ၉ဝ တုန်းက မပါနိုင်အောင် အထဲမှာ ထည့်ခံထားခဲ့ရတယ်။ အခုဆိုရင် လွတ်လွတ်လပ်လပ် ဝင်ခွင့်ရပြီ။ နှောင့်လည်း နှောင့်ယှက်မှာ မဟုတ်ဘူး။ အဲဒီတော့ တခြားပုဂ္ဂိုလ်တွေက သူတို့အမြင်နဲ့ ရွေးကောက်ပွဲ မဝင်သင့်ဘူး၊ ရွေးကောက်ပွဲဝင်လည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး၊ လွှတ်တော်ထဲရောက်လည်း လက်ညှိုးထောင် ခေါင်းညိတ်ပဲ ဖြစ်လာမှာပဲလို့ ပြောတာက စစ်မရောက်ခင် မြားကုန်တဲ့ သဘောမျိုး ဖြစ်နေမယ်ထင်တယ်’’

ဆင်ဖြူမတစီး ထပ်ပေါ်ပြန်

ခိုင်စု
ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၂၆ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ဖက်တွင် ဆင်ဖြူမတစီး ထပ်တွေ့သဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်းနှင့် စစ်ဘက်အရပ်ဘက် အာဏာပိုင်များ ယနေ့ပူးပေါင်းဖမ်းဆီးကြသည်။
ယခုလ ၂ဝ ရက်က ဆင်ဖြူမ ပါသော ဆင် ၅ ကောင်အုပ်ကို မောင်တောမြောက်ဘက် ၂၇ မိုင်ကွာ မင်္ဂလာညွန့်နှင့် ကြိမ်ချောင်းရွာအကြား တွေ့ရှိပြီးနောက် နယ်စပ်ဒေသ ကွပ်ကဲရေးနှင့် စစ်ဆေးရေးဌာန (နစက) ၊ ဒေသခံ စစ်တပ်၊ မြို့နယ် သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။
“ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ ဖမ်းမိပြီ။ မနေ့က နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးကိုကို ရဟတ်ယာဉ်နဲ့ လာတယ်။ တိုင်းမှူးကတော့ ကြိုပြီး ရောက်နေတာပေါ့။ စစ်တပ်နဲ့ ဝိုင်းတယ်။ မနေ့ညကတော့ ဆင်ယဉ် ၄ ကောင် ပို့ခဲ့တယ်။ သူတို့နဲ့ ဝိုင်းညှပ်ဖမ်းဖို့ပေါ့” ဟု မောင်တော မယကရုံးနှင့် နီးစပ်သူက မဇ္ဈိမကို ပြောသည်။ သစ်တောဦးစီးဌာန ခန့်မှန်းချက်အရ ဆင်ဖြူမမှာ အသက် ၂၉ နှစ်ခန့် ရှိသည်ဟု ဆိုသည်။
မောင်တောခရိုင် ခယကရုံး တာဝန်ရှိသူတဦးကမူ ကြိမ်ချောင်းရွာ အထက်ပိုင်းတွင် ဆင်ဖြူတော် တွေ့ထားသည်ဟုသာ ဆိုပြီး အသေးစိတ် ပြောရန် ငြင်းဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က မောင်တောမြို့နယ် ဖားဝပ်ချောင်းရွာမှ ၃၈ နှစ်အရွယ် ဆင်ဖြူမ တစီး နောက်ဆုံး ဖမ်းမိခဲ့သေးသည်။ ယင်းဆင်ဖြူမကို ဘဒ္ဒဝတီ အမည်ပေးကာ နေပြည်တော် ဥပ္ပါတသန္တိ စေတီ ဝတ္တကမြေမှ အဆောင်၌ ထားသည်။
ထို့ပြင် ရသေ့တောင်မြို့နယ် စေတီပြင်ရွာအနီး ၂ဝဝဝ ပြည့်နှစ်က ဆင်ဖြူအထီး တစီး၊ မောင်တောမြို့နယ်အတွင်း ၂ဝဝ၂ က ဆင်ဖြူမကြီး တစီးနှင့် ဆင်ဖြူမငယ် တစီး ဖမ်းမိခဲ့ဖူးသည်။
မယူတောင်တန်းမှ ဖမ်းမိသည့် ဆင်ဖြူကို ဖြုတ်ချခံလိုက်ရသော ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်က အင်းစိန်မင်းဓမ္မကုန်းတော်တွင် ရတနာဆင်ဖြူတော် အမည်ရှိ ဥယျာဉ်တခု ဆောက်ပေးကာ ထားခဲ့သည်။
ကွယ်လွန်သူ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကမူ ဆင်ကို ဖြူသည်ဖြစ်စေ၊ မည်းသည်ဖြစ်စေ တိရစ္ဆာန်ပင်ဖြစ်သဖြင့် မရှိခိုးအပ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

ပရဟိတသမား ကဗျာဆရာ မိုးဟိန်း (သား-ဂျာနယ်ကျော်) ကွယ်လွန်

ကိုဝိုင်း
ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၄၃ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ ဂျာနယ်ကျော် ဦးချစ်မောင်နှင့် ဂျာနယ်ကျော်မမလေးတို့၏ သားငယ် ဆရာမိုးဟိန်း (သားဂျာနယ်ကျော်)(၆၇ နှစ်) လည်ချောင်း ကင်ဆာရောဂါဖြင့် ရွှေဂုံတိုင်အထူးကု ဆေးရုံတွင် ယနေ့နံနက် ၉ နာရီက ကွယ်လွန်သွားသည်။
လည်ချောင်းကင်ဆာ စဖြစ်ခဲ့ပုံကို “၂ဝဝ၈-ခုနှစ် နှောင်းပိုင်းမှာ မိတ်ဆွေကြီး (မရဏမင်း) ရဲ့လက်ရုံးတော် ဦးဗျာဓိ ပစ်လွှတ်လိုက်တဲ့ ကင်ဆာမြားဟာ ကျွန်တော့်လည်ပင်း လာမှန်တယ်လေ” ဟု သူ၏ “မရဏမင်းသို့ အိတ်ဖွင့် ပေးစာ” ဆောင်းပါး၌ ထည့်သွင်းရေးခဲ့သည်။
ဇီဝိန်ခြွေသည့် ပါးကွက်အာဏာသားအဖြစ် အများက မြင်ကြသည့်
                                                                                   ဆရာမိုးဟိန်း ( သား-ဂျာနယ်ကျော် )
မရဏမင်းသည် တဖက်တွင်လည်း သတိသံဝေဂ ရစေပြီး တရားပေါက်နိုင်မည့် အနုဿတိ ဓမ္မစွမ်းအားကြီးလည်းဖြစ်သည်ဟု ယုံကြည်ကြောင်း သူ့ဆောင်းပါးက ဖော်ပြနေသည်။
ဘာသာရေး၊ စာပေနှင့် လူမှုရေးလုပ်ငန်းများကို ဆန္ဒအတိုင်း ဆောင်ရွက်နိုင်ခဲ့သဖြင့် သေမင်းနှင့် ရင်ဆိုင်ရန် စိတ်ချလက်ချ ရှိပုံပေါ်သည်။
“မိဘ၏ စာပေအမွေကို ဆက်ခံဖို့ ကလောင်ကို စွဲကိုင်၊ ဆရာသမားတွေ၏ ပညာအမွေကို ဖြန့်ဖို့ မြေဖြူကို စွဲကိုင်၊ တယောက်တစု အကျိုးထက် အများအကျိုးကို သယ်ဖို့ ယုံကြည်ချက်ကို စွဲကိုင်ရင်း စာရေး၊ စာပြ၊ ပရဟိတ အလုပ်တွေနှင့် လှုပ်ရှားခဲ့ပါသည်။ ဘဝကို အတ္တနှင့် မချုပ်လို၊ ပရဟိတနှင့်သာ ချုပ်လို။ စာပေ-စာပြနှင့်သာ မပြီးလို။ ပရဟိတနှင့်သာပြီးလို”သည်ဟု ခံယူခဲ့သည့်အတိုင်း ရန်ကုန် ပရိယတ္တိ သာသနာ့ တက္ကသိုလ်တွင် အင်္ဂလိပ်စာ၊ ဗုဒ္ဓအဘိဓမ္မာနှင့် ကျင့်ဝတ်တို့ကို ပို့ချပေးရုံမက ပရဟိတ သင်တန်းများတွင်လည်း အင်္ဂလိပ်စာ ပို့ချခဲ့သည်။
၂ဝဝ၇ ကစ၍ ပန်းချီဦးမျိုးခင် တည်ထောင်သည့် မေမြို့  စည်သာရွာ “ဒဟတ်စံပြ ပရဟိတပျိုးခင်း” တွင် မြှုပ်နှံပြီး ပညာသင်ကြားပေးခဲ့သည်။
ဆရာသည် နွားထိုးကြီးနှင့် မြင်းခြံကြား၊ လျှော်ဖြူနှင့် သာယာကုန်းရွာကြားရှိ ရွှေကူကြီးတောရ ကျောင်းဝင်းအတွင်း အကျယ် ၃၆-ပေ၊ အမြင့် ၃၆ ပေခန့်ရှိ “မဟာပရိတ္တစေတီတော်ကြီး”ကိုလည်း ကမကထပြု တည်နေသည်။
“ပန္နက်ချပွဲပြီးလို့ အုတ်ခုံပုံ ဖော်နေပါပြီ။ ပြီးလျှင် မုခ်ဝလေးခု၊ လိုဏ်ဂူ၊ အဲဒီအပေါ် စေတီတည်သွားဖို့ပါပဲ။ ကျွန်တော် ဝမ်းသာကြည်နူးရဆုံး ကိစ္စပါ။ ဒီမြင်ကွင်းကို အာရုံပြုမိတိုင်း ကင်ဆာ ကလပ်စည်းတွေ ကျုံ့သွားသလို ခံစားရပါတယ်။ သေပျော်ပါပြီလို့တောင် ပြောမိပါတယ်”သူ၏ ဆောင်းပါး၌ ပုံဖော်ရေးသားခဲ့သည်။
ဘုရားတည်လိုသည်မှာ ၁၁ နှစ်ကျော်ပြီဖြစ်သည့် ဆရာမိုးဟိန်းနှင့် ရွှေကူကြီး တောရဆရာတော်တို့ မြင်းခြံပရဟိတ လူငယ်များမှ တဆင့် ဆုံကြရာမှ စေတီတော်ကြီး တည်ဖြစ်သွားသည်ဟု ကျောင်းထိုင်ဆရာတော် အရှင်ဝေပုလ္လထံမှ သိရသည်။
လုပ်ဖော်ကိုင်ဘက် ကဗျာဆရာ ဇော်နောင်ကလည်း ဆရာမိုးဟိန်းသည် ဘာသာရေးသမား ဖြစ်သဖြင့် ပြဿနာများကို ဗုဒ္ဓဘာသာအမြင်ဖြင့် ချဉ်းကပ်တတ်ကြောင်း ၁၉၉၉ က HarmonyofHeadandHeart အမည်ဖြင့် ထုတ်ခဲ့သည့် ပင်ကိုရေး အင်္ဂလိပ်ကဗျာ စာအုပ်ကို ထောက်ပြသည်။
“ သူ့ကဗျာစာအုပ်ကို ဖတ်ရင် သူ့ဖလော်ဆော်ဖီကို သိမှာပဲ။ ဘာသာရေးကို တောက်လျှောက်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ” ဟုပြောသည်။
ငယ်စဉ်က အိန္ဒိယနိုင်ငံ ဒါဂျီလင်မြို့ တွင် သူတို့ ညီအကို ပညာသင်ကြားခဲ့သည်။ အကိုမှာ ကွယ်လွန်သူ ရုပ်ရှင်မင်းသား မောင်သိန်းတန် (နှမလက်လျှော့ နေလေတော့) ဖြစ်သည်။ ၂ဝဝ၇က ကွယ်လွန်သူအမ ဒေါက်တာ ခင်လေးမြင့်မှာ ထင်ရှားသော ပြင်သစ်ဘာသာ ပါရဂူဖြစ်ပြီး ဂျာနယ်ကျော် မမလေး၏ မုန်း၍မဟူနှင့် သွေး ဝတ္ထုများကို ပြင်သစ်လို ပြန်ဆိုခဲ့သလို မင်းသားလေး၊ နှစ်ဆယ်ရာစု ပြင်သစ်ခေတ်ပေါ် ဝတ္ထုတိုများစသည့် ဘာသာပြန် လက်ရာများကြောင့်လည်း လူသိများသည်။
တော်လှန်ရေး ကောင်စီနှင့် တောတွင်းပါတီများ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြီးနောက် အခြားမြေပေါ် နိုင်ငံရေး စာနယ်ဇင်းသမားများ နည်းတူ ဦးမိုးဟိန်း၊ သူ့မိခင်နှင့် ပထွေးတို့လည်း နှစ်ရှည် ထိန်းသိမ်းခံရသည်။ ထို့နောက် နန္ဒာသိန်းဇံ၏ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း (ThroughLife’sPerils) (1983)၊ SweetOdourofPadaukandDokchampa(2002)ကဗျာများကို အင်္ဂလိပ်လို ပြန်ဆိုခဲ့သည်။
“ပထမတစ်ဆစ်ချိုး” ဆောင်းပါးနှင့် ကဗျာပေါင်းချုပ်ကို မြန်မာလို ထုတ်ဝေခဲ့သည်။ ဝေဒနာကြားမှ ပြုစုသော အမေရိကန် အိုင်အိုဝါ တက္ကသိုလ် နိုင်ငံတကာ စာပေခရီးအခြေခံ “ပြင်ပအိပ်မက် တခု” ခရီးသွားမှတ်တမ်း ဤနှစ်ဆန်းက ထွက်လာသည်။ ပဲခူး ၁ဝ-မိုင်ကုန်း ဓမ္မဒူတ ဒေါက်တာ အရှင်ပညိဿရ၏ လိုရင်းတိုရှင်း ဝိပဿနာကို အင်္ဂလိပ်လို“MINDANDCONCISEVIPASSANA”အမည်ဖြင့် ပြန်ဆိုခဲ့သည်မှာ မကြာသေး။ “သန်းခေါင်ယံသက်တန့်”MidnightRainbowအမည်ရှိ ပင်ကိုယ်ရေး ဒုတိယ အင်္ဂလိပ် ကဗျာစာအုပ်မှာ စီစဉ်ဆဲဟု ဆရာဇော်နောင်က ပြောသည်။
ရန်ကုန် အင်ဒိုနီးရှားသံရုံး စီးပွားရေးဌာနတွင် အရာရှိအဖြစ် ၁ဝ နှစ်ကျော်လုပ်ခဲ့သည့် ဆရာမိုးဟိန်းသည် ပြီးခဲ့သည့် ၁ဝ နှစ်ခန့်က အလုပ်မှထွက်၍ ‘စာပေလောက’ သို့ အပြီးတိုင် ခြေချခဲ့သည်။ အမေရိကန်နိုင်ငံမှ ချီးမြှင့်သော ကဗျာဆု တဆုလည်း ရခဲ့သည်။
သူနှင့်အတူ ဓာတ်ကင်နေရသော ပထွေး ဦးအောင်ဇေယျ (၈၂ နှစ်) မှာလည်း လည်ချောင်းကင်ဆာနှင့်ပင် မနှစ်က ကွယ်လွန်ခဲ့သည်။



woensdag 22 september 2010

စုံစမ်းစစ်ဆေးရေး ဆွေးနွေးရန် ဦးဝင်းတင် တိုက်တွန်း

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၅၂ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်ဖွဲ့ရန်ထောက်ခံဆွေးနွေးသင့်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင် ဦးဝင်းတင်က တိုက်တွန်းလိုက်သည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်သော အဖွဲ့ဝင် ၁ဝ နိုင်ပါ အာဆီယံ ခေါင်းဆောင်များနှင့် မစ္စတာအိုဘားမား လာမည့် သောကြာနေ့တွင် ၂ နာရီခန့်ကြာ သီးသန့်တွေ့ဆုံမည်ဖြစ်ပြီး လုံခြုံရေး၊ သံတမန်ဆက်ဆံရေး တိုးမြှင့်ရေး၊ ကုန်သွယ်စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ရာသီဥတုပြောင်းလဲမှု ကိစ္စတို့ကို ထည့်သွင်းဆွေးနွေးမှာဖြစ်ကြောင်း သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။ ဤအစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းလည်း တက်ရောက်ဖွယ်ရှိသည်။
“၁၉၉ဝ မှာ လူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့ဆန္ဒသဘောထားကို ဖျက်သိမ်းလိုက်တယ်။ ဒါ လူ့အခွင့်အရေး ချိုးဖောက်မှုကြီးတခု ဖြစ်တယ်။ လူ့အခွင့်အရေး ပြဿနာတွေကို ပါဝင်ဖြေရှင်းပေးရမယ်လို့ ရပ်တည်ပြီး ICCမှာ တင်ဖို့အတွက် စုံစမ်းရေးကော်မရှင် ဖွဲ့သင့်တယ်ဆိုတာ ထောက်ခံမှု ပေးသင့်တယ်လို့ ထင်ပါတယ်” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။
၁၉၉ဝခုရွေးကောက်ပွဲရလဒ်အလိုအလျောက်”ပျက်ပြယ်”သွားပြီဟုနအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။ NLDကမူ ပြည်သူ့လွှတ်တော်ကို ခေါ်ယူဖွဲ့စည်းပေးခြင်း မရှိသေးသောကြောင့် ရွေးကောက်ပွဲရလဒ်သည် မပျက်ပြယ်ဟု ဆိုသည်။
စစ်အစိုးရ၏ ရာဇဝတ်မှုများနှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင်ဖွဲ့ရန် တောင်းဆိုသည့် နိုင်ငံများ တိုးပွားလာနေရာ ယခုနောက်ဆုံး နယူးဇီလန်နိုင်ငံကလည်း ထောက်ခံသကဲ့သို့၊ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီး MaximeVerhagenကလည်း သဘောတူကြောင်း မဇ္ဈိမကို ယမန်နေ့က အတည်ပြုပြောသည်။ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ဗြိတိန်၊ ချက်သမ္မတနိုင်ငံ၊ စလိုဗေးကီးယား၊ ဟန်ဂေရီတို့ကလည်း တောင်းဆိုထားသည်။
အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေသည့် USCampaignforBurma(USCB)မှ မူဝါဒရေးရာဒါရိုက်တာ ဦးအောင်ဒင်က သမ္မတ အိုဘားမားအနေဖြင့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သပိတ်မှောက်ထားသော ရွေးကောက်ပွဲကို မထောက်ခံကြောင်း ထုတ်ပြောရန် မျှော်လင့်ထားသည်။ သို့သော်လည်း စုံစမ်းရေးကော်မရှင်ဖွဲ့ရန် တောင်းဆိုမှု အာဆီယံအတွင်း တသံတည်းထွက်ရန် ခဲယဉ်းလိမ့်မည်ဟု သူက ထင်သည်။
အာဆီယံကို အလေးထားကြောင်း ပြသသည့်အနေဖြင့် သမ္မတအိုဘားမားက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အာဆီယံခေါင်းဆောင်များနှင့် စင်္ကာပူနိုင်ငံ၌ တွေ့ဆုံခဲ့သည်။ မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်လည်း ထိုအစည်းအဝေးခန်း၌ ရှိနေခဲ့သည်။
ယခုအစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာများအနက် တောင်တရုတ်ပင်လယ်ရှိ စပရက်လီကျွန်း ပိုင်နက်အငြင်းပွားမှု ကိစ္စလည်း ပါဝင်မည်။
တောင်တရုတ်ပင်လယ် တခုလုံးကို ပိုင်ဆိုင်သည်ဟု တရုတ်က ကြေညာထားသလို ဗီယက်နမ်၊ တိုင်ဝမ်၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်တို့ကလည်း နယ်မြေပိုင်ဆိုင်မှုရှိသည်ဟု ပြောဆိုထားကြသည်။
ပင်လယ်ကူးသင်္ဘောများ ဖြတ်သန်းသွားလာမှု များပြားလွန်းသော အငြင်းပွားဒေသသည် ငါးဖမ်းလုပ်ငန်းအတွက် ကောင်းမွန်ရုံမက ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်ကြီးများကြောင့် နိုင်ငံများက အာရုံပိုမိုစိုက်လာကြသည်။



ဟူးကောင်းမြေမှုတွင် ဦးဌေးမြင့်နာမည်ကို ဖျက်ခိုင်း

ဖနိဒါ
ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၀၀ နာရီ ၀၀ မိနစ် .
ချင်းမိုင်(မဇ္စျိမ)။ ။ ဟူးကောင်းတောင်ကြား ခြံမြေများ အဓမ္မသိမ်းမှုတွင် ယုဇန ကုမ္ပဏီ ဥက္ကဋ္ဌကို ထည့်သွင်းစွဲဆိုထားခြင်းကို ဖျက်ပေးရန် တရားပြိုင်ဘက်မှ လျှောက်ထားခဲ့ကြောင်း အကျိုးဆောင်ရှေ့နေ ဦးရွှေလှက ပြောသည်။
မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဝါရာဇွပ်၊ အောင်ရာ၊ ရှရူဇွပ်၊ ဘန်ကောက်၊ နမ်ဆန် စသည့် ကျေးရွာများမှ တောင်သူ ၁၇ ဦးက ဘိုးဘွားပိုင် စိုက်ပျိုးမြေများ အဓမ္မသိမ်းယူမှုနှင့် ယုဇန ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့်ကို ထည့်သွင်းတရားစွဲခြင်းကို ပယ်ဖျက်ပေးရန် တရားပြိုင် ရှေ့နေများက ယခုလ ၂၀ ရက် ရုံးချိန်း၌ လျှောက်လဲခဲ့သည်။
“ကျနော်တို့က ယုဇန ကုမ္ပဏီ မူရင်းဥက္ကဋ္ဌ နာမည်နဲ့ အောက်ကနေပြီးတော့ တာဝန်ခံ ဒါရိုက်တာ ဖားကန့်မြို့နယ် ယုဇနကုမ္ပဏီ ရုံးခွဲဆိုပြီး ထည့်ထားတာ၊ အဲဒီလို လိပ်စာ နှစ်ခုထည့်ထားတာ ပယ်ပေးဖို့ ရုံးကို လျှောက်တယ်”ဟု ရှေ့နေ ဦးရွှေလှက ပြောသည်။
“သူတို့ဘက်က သူတို့ ဥက္ကဋ္ဌကို တရားစွဲမခံစေချင်လို့ နေမှာပေါ့၊ နှစ်ယောက်ထည့်ထားတဲ့အတွက် ကျန်တယောက် အမှုနဲ့ မဆိုင်ဘူးဆိုတဲ့သဘောပေါ့။ ကျနော်တို့ကလည်း မဖျက်ပေးပါဘူး။ ပြန်ပြီးတော့ ကန့်ကွက်မှာပါ၊ ကျနော်တို့က ကုမ္ပဏီကို အဓိကထားစွဲတာလေ” ဟု သူက ဆက်ပြောသည်။
ထို့ပြင် စစ်အစိုးရနှင့် နီးစပ်သူ ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီကို အဆိုပါ ကျေးရွာများမှ တောင်သူ ၂၀ ဦးက တရားမ နစ်နာမှုဖြင့် ထပ်မံ တရားစွဲခဲ့ရာ တရားရုံးက လာမည့် ၂၇ ရက်နေ့ တရားလိုများကို စစ်ဆေးကာ လက်ခံအမှုဖွင့်ပေးမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။
အဆိုပါ တောင်သူများ ရုံးချိန်းပြီးအပြန် မြစ်ကြီးနားမြို့မှ ၆ မိုင်အကွာ ရှဒေါင်ကျေးရွာ စစ်ဆေးရေးဂိတ်မှ စ သုံးလုံးအဖွဲ့က တောင်သူ ၃ ဦးကို ဓါတ်ပုံရိုက်ယူကာ အခန်း တခန်းစီထား၍ ၅ နာရီကြာ ခေါ်စစ်ကြောင်း အစစ်ခံခဲ့ရသူ ရွာသားတဦးက ပြောသည်။
“ကျနော်က လယ်လည်းမရှိဘူး။ ဒီခြံလုပ်ငန်းနဲ့ အသက်မွေးနေတာ၊ ကျနော့ခြံမြေ ပြန်ရချင်တယ်။ ကျနော်စိုက်ထားတဲ့ သီးနှံကြေးတွေရချင်တယ်”ဟု သူက ဆက်ပြောသည်။
ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ဦးအောင်မင်းက ယခုလဆန်းပိုင်းက တောင်သူအချို့ကို ခေါ်၍ ကြိမ်းမောင်းပြောဆိုကြောင်း၊ ယခင်လကုန်ပိုင်းကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၂၉၇ က တောင်သူများကို ယုဇန ကုမ္ပဏီသို့ ခေါ်၍ လက်မှတ်ထိုးရန် ခြိမ်းခြောက်ကြောင်းလည်း တောင်သူ တဦးထံမှ သိရသည်။
ယုဇန ကုမ္ပဏီက တောင်သူများပိုင် လယ်ယာမြေများ သိမ်းယူခဲ့ပြီး ၃ နှစ်အကြာ သြဂုတ်လ ၁၆ ရက်က တရားစွဲရန် ပြင်ဆင်ခဲ့သည်ကို ပြည်နယ် တရားသူကြီး ဦးတူးဂျာက သူ့အနေဖြင့် ပယက နှင့် ညှိနှိုင်းဖြေရှင်းပေးမည်၊ တလစောင့်ပါဟု ကမ်းလှမ်းခဲ့သဖြင့် တောင်သူများ စောင့်ဆိုင်းခဲ့ရသေးသည်။
၂ဝဝ၆ က ယုဇနကုမ္ပဏီက မိုးညှင်းခရိုင် ဖားကန့်မြို့နယ်နှင့် မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ် ဟူးကောင်းတောင်ကြားတွင် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာသည့် ဥယျာဉ်ခြံနှင့် လယ်ယာမြေ ဧက ၄ သိန်းခန့်ကို ပီလောပီနံနှင့် ကြံစိုက်ရန် သိမ်းခဲ့သည်။
ဦးဌေးမြင့်၏ အစ်ကိုဆိုသူ ဦးပုကြည်က ဦးဆောင်လုပ်ကိုင်ကာ တောင်သူများအား တဧက ၈ သောင်းနှုန်းဖြင့် အတင်း အဓမ္မပေးခဲ့သည်ကို တောင်သူအချို့က လက်မခံဘဲ တရားစွဲဆိုခြင်း ဖြစ်သည်။
မန္တလေး ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးလှရွှေနှင့် ဦးမြင့်သွင်တို့က အမှုအကျိုးဆောင်ပေးနေပြီး အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ ကိုယ်စားပြု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ဘောက်ဂျာ လိုက်ပါကူညီနေသည်။
လာမည့် အောက်တိုဘာလ ၄ ရက်နေ့တွင် ရုံးချိန်းရှိသည်။



dinsdag 21 september 2010

လက်ညှိုးထောင် ခေါင်းညိမ့်သူများကို မဲမပေးနဲ့

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ စက်တင်ဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၀ မိနစ် .
ရန်ကုန် (မဇ္ဈိမ)။ ။ လက်ညိုးထောင် ခေါင်းညိမ့်သာ လုပ်တတ်မည့် ကိုယ်စားလှယ်လောင်းများကို မဲမပေးမိစေဖို့ လိုအပ်သည်ဟု တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ကျော်က ယနေ့ ပြောကြား သွားသည်။
ရွေးကောက်ပွဲဝင်မည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၄ ဦးက ယင်းတို့ရွေးကောက်ပွဲ ဝင်ရသည့်အကြောင်း ရန်ကုန်မြို့ကုန်သည်ကြီးများ ဟိုတယ်တွင် အင်္ဂါနေ့မွန်းလွဲ ၂ နာရီက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော်အတွက် ပုဇွန်တောင်မြို့နယ်မှ ဝင်ပြိုင်မည့် တသီးပုဂ္ဂလ ဦးရန်ကျော်က ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ကျားသေကိုအသက်သွင်းမည့်၊ရာဇဝင်ဘီးကိုနောက်ပြန်လှည့်မည့်လက်ညှိုးထောင်ခေါင်းညိမ့်သာ လုပ်တတ်သည့်ကိုယ်စားလှယ်လောင်းများကိုလုံးဝမဲမပေးရန်တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် ဦးရန်ကျော်က ပြောကြား
မဲပေးရာတွင် ကျားသေကို အသက်သွင်းမည့်၊ ရာဇဝင်ဘီးကို နောက်ပြန်လှည့်မည့် ကိုယ်စားလှယ်လောင်းများ၊ လက်ညှိုးထောင် ခေါင်းညိမ့်သာ လုပ်တတ်မည့် ကိုယ်စားလှယ်လောင်းများ၊ ငါးသိန်းတန် ဝင်ခွင့်လက်မှတ်များ ကိုင်ပြီး ရွေးကောက်ပွဲ ဝင်မည့် ခါတော်မှီ ဝေလေလေ ကိုယ်စားလှယ်လောင်းများကို လုံးဝမဲမပေးရေး ” ဟု ဦးရန်ကျော်က ပြောသွားသည်။
ပြိုင်ဘက် ကိုယ်စားလှယ်လောင်းများကို ဝေဖန်ပြောဆိုခြင်း မပြုရဟု ရွေးကောက်ပွဲ ကော်မရှင်က ကန့်သတ်ထားစဉ်တွင် သူ၏ပြောစကားမှာ စစ်အစိုးရ၏ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များနှင့် မဟာမိတ်များကို ရည်ညွန်းနေသည်ဟု အများက ယူဆကြပြီး လက်ခုတ်သံများ ညံစီသွားသည်။
ရွေးကောက်ပွဲဝင်ရခြင်းမှာအနာဂတ် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် ဆက်လက် မပေါ်ပေါက်ရေးအတွက် ဖြစ်သည်ဟု ပြောသည်။
နေပြည်တော်လယ်ဝေးတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အလယ်တန်း ကျောင်းအုပ်ဆရာ ဦးတင်အေးက လယ်ယာမြေ သိမ်းခံရစဉ် စစ်အစိုးရက ပေးလျော်သော ကြေးငွေဖြင့် ရွေးကောက်ပွဲဝင်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ကိုယ်စားလှယ်လောင်း ၁၄ဦးမှာ ဦးရန်ကျော်(ပုစွန်တောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးဘတင့်ဆွေ (မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးကြည်သိန်းဦး (မြောက်ဥက္ကလာပ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်၂)၊ ဦးသိန်းဌေး (သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁)၊ ဦးဇော်မင်းသိန်း (လေးမျက်နှာမြို့နယ် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ )၊ ဦးတင်အေး(လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးကောင်းမြင့်ထွဋ် (တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဒေါက်တာသန်းမြင့် (အမရပူရမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁)၊ ဒေါက်တာစိုးလွင် (လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဝင်းကိုကို (ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်၁၊ သန်လျင်မြို့နယ် ကိုယ်စားလှယ်)၊ ဒေါက်တာစောနိုင်(တောင်ဥကလာပမြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁)၊ ဦးသန်းဇော်ဦး (ဒလမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးလှရှိန် (မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁)၊ ဦးဝင်းချို (ဒလမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁) တို့ဖြစ်ကြသည်။
နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းလွှတ်တော်များအတွက် ရွေးကောက်ပွဲကို မဲထည့်ခွင့် ရသူစာရင်းများ ယမန်နေ့က စတင် ထုတ်ပြန်သည်။
အချို့ရပ်ကွက်များတွင်တော့ ထုတ်ပြန်နိုင်ခြင်း မရှိသေးသည်ကိုလည်း တွေ့ရသည်။
မဲပေးခွင့်ရစေရန် မှတ်ပုံတင် မရှိသူများကိုလည်း ယာယီမှတ်ပုံတင် ထုတ်ပေးမည်ဟု ရပ်ကွက်အာဏာပိုင်များက လိုက်လံ ကြေညာမှုများလည်း ရှိနေသည်။
ဝင်ပြိုင်မည့် ပါတီ ၃၇ ပါတီအနက် ကြံ့ဖွံ့က လွှတ်တော်သုံးရပ်လုံးတွင် ၁၁၃၄ နေရာတွင် ဝင်ပြိုင်မှာဖြစ်ပြီး အာဏာရှင်ဟောင်း ဦးနေဝင်း၏ အမွေဆက်ခံသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၉၈ဝ ဖြင့် ဒုတိယ၊ အမျိုးသား ဒီမိုကရေစီအင်အားစု ၁၆၄ ဖြင့် တတိယ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၁၅၆ ဖြင့် စတုတ္ထ လိုက်သည်။



စစ်ကိုမလို ငြိမ်းချမ်းရေးလိုသည်ဟု ကချင်အမျိုးသမီးများ ပြော

ကိုဝိုင်း
အင်္ဂါနေ့၊ စက်တင်ဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၈ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်ပြည်နယ်အတွင်း စစ်ငွေ့သမ်းနေချိန်တွင် စစ်ဖြစ်မှာကို မလိုလားကြောင်း ပြသကာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ကချင်အမျိုးသမီးများက ကျင်းပခဲ့ကြသည်။
“ကျမတို့ ကချင်အမျိုးသမီး လူငယ်တွေကလည်း စစ်ကို မလိုချင်ဘူးလေ။ အခုလောလောဆယ်က စစ်ပွဲဖြစ်မလို ဖြစ်နေတယ်လေ။ အနိုင်ကျင့်တာ ဖိနှိပ်တာတွေ မလိုချင်ဘူး”ဟု အခမ်းအနားကို ဦးဆောင်ကျင်းပသူ အမျိုးသမီးတဦးက ပြောသည်။
သူမအပါအဝင် လူငယ် ၂ဝ ကျော်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲနှင့် ဆုတောင်းခြင်း အခမ်းအနားလေး တခုကို လုပ်ခဲ့ကြသည်ဟုဆိုသည်။ အလားတူပင် မိုးမောက်မြို့နယ်တွင် လုပ်သော အခမ်းအနားကို လူ ၃ဝ ကျော် တက်ရောက်ခဲ့ကြသည်။
“ဥပမာ ကိုယ့်သူငယ်ချင်းတယောက်ကို ခေါ်ပြီးမှ သူ့သူငယ်ချင်းတွေကို ပြန်ခေါ်ခိုင်း အဲဒီလိုမျိုးပေါ့။ လာတဲ့လူ အားလုံးကိုတော့ မသိဘူး”ဟု စစ်အစိုးရက အတိုက်အခံ လှုပ်ရှားမှုကို ဒေါက်ထောက် ကြည့်နေသော ကာလတွင် လူစုရပုံကို သူမက ပြောပြသည်။
နေပြည်တော်က ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)၏ တပ်များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခိုင်းခြင်းကို လက်မခံဘဲ တင်းမာမှုများကြောင့် ဒေသရှိ ရွှေမှော်များတွင် လုပ်ကိုင်နေသူများ စွန့်ခွာသွားကြပြီ ဖြစ်သည်။
ရန်ကုန်တိုင်းတွင်လည်း နီးစပ်ရာ လူငယ်အမျိုးသမီးများက ဦးဆောင်၍ အစုအဖွဲ့လိုက် ဆွေးနွေးပွဲ ဆုတောင်းပွဲများ ကျင်းပခဲ့သည်ဟု သတင်းပေးပို့ကြသည်။
မြေအောက် အစုအဖွဲ့တခုဖြစ်သော “သဲတပွင့်နှင့် သူငယ်ချင်းတစု”ကွန်ယက်မှ အမျိုးသမီး ၃ဝ ဦး (စစ်တပ်မှ အမျိုးသမီးများ အပါအဝင်) သည် မရမ်းကုန်းမြို့နယ်အတွင်း၌ ဝါယာလက်ဈေး၊ မင်္ဂလာဒုံဈေး၊ ထောက်ကြံ့ဈေးနှင့် လှည်းတန်း ဇေယျာသီရိလမ်းတို့တွင် ပို့စ်ကဒ်များ ဖြန့်ဝေခဲ့ကြသည်ဟု မဇ္ဈိမက ဆက်သွယ်ရရှိသော အဖွဲ့ဝင်တဦးက ပြောသည်။
“ကျမအမျိုးသားက တပ်ထဲက အရာရှိတယောက်ပဲ။ ဒီကွန်ယက်က အမျိုးသမီးလူငယ်တွေ လူမှုရေးတွေ နိုင်ငံရေးတွေ တက်ကြွတာ အားရပြီး တပ်မတော်ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်လာဖို့ ဖိတ်ခေါ်ချင်တယ်ဆိုလို့ ကျမလည်း စိတ်အားတက်ကြွပြီး ဒီလှုပ်ရှားမှုမှာ ပါဝင်လာတာ” ဟု သူမက မဇ္ဈိမကို ပြောသည်။
ပို့စ်ကဒ်လေးမျိုး ၂,ဝဝဝ ခန့် ဖြန့်ဝေခဲ့ပြီး ထိုပို့စ်ကဒ်များထဲတွင် ဒေါင်းအလံ၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ သင်္ကေတ ဂျိုးငှက်ပုံ၊ တပ်နဲ့ပြည်သူ လက်တွဲကူ၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်စို့စာသား၊ ရွေးကောက် ပွဲဆန့်ကျင်ရေး၊ မဝင်းမော်ဦးကို ရည်စူး၍ ဒေါင်းပျိုမလေးအတွက် တမ်းခြင်း တို့ပါဝင်သည်။
၁၉၈၁ ခု ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှ စက်တင်ဘာ တတိယပတ်၏ အင်္ဂါနေ့ကို ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ဟု သတ်မှတ်ခဲ့သည်။ နောက်ပိုင်းတွင် စက်တင်ဘာ ၂၁ ရက်ကိုသာ အတည်ပြုပြီး ယင်းနေ့တွင် ကမ္ဘာတလွှား အပစ်အခတ်နှင့် အကြမ်းဖက်မှုများ ရပ်ဆဲထားကြလေ့ရှိပြီး အခမ်းအနားများလည်း ကျင်းပကြသည်။
ကုလအထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းကလည်း “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် လူငယ်များ” ဟူသည့် ယခုနှစ်ဆောင်ပုဒ်နှင့် အညီ ကမ္ဘာတလွှားရှိလူငယ်များအား ငြိမ်းချမ်းရေးအတွက် ရပ်တည်ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
မြောက်ဥက္ကလာပမြို့နယ်မှ လူငယ်အမျိုးသမီး ၂၂ ဦးကလည်း တပ်နှင့်ပြည်သူလက်တွဲ၍ စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် ရည်ရွယ်ပြီး သူငယ်ချင်း အိမ်တအိမ်တွင် ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ကြသည်။
“စစ်မှန်သော ငြိမ်းချမ်းရေးကို ရယူဖို့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်စို့” စာတန်းပါ ဂျိုးငှက်ပျံနေသောပုံ ၅ဝဝ ကိုလည်း ဆူးလေဘုရား၊ ကျောက်တံတား၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ ရွှေပေါက်ကံ၊ သာကေတ မြို့နယ်များတွင် ဝေခဲ့သည်ဟု ဆိုသည်။
ယင်းအစုအဖွဲ့ ပြောခွင့်ရ အမျိုးသမီးက “ငြိမ်းချမ်းရေးအတွက် ဆုတောင်းကြတယ်။ မဲပေးတာဟာ တကယ် ဟုတ်ပါ့မလားဆိုတာ ပြောဆိုကြတယ်။ သူငယ်ချင်း တယောက်အိမ်မှာ မွေးနေ့ဆုတောင်း ပွဲပုံစံမျိုးလိုလို လုပ်ခဲ့ရတာပါ” ဟု ပြောသည်။
ယနေ့ကျရောက်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကလည်း ဂျိုးငှက် ၅ ကောင်လွှတ်၍ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။ ဒုဥက္ကဌ ဦးတင်ဦးအပါအဝင် NLD ပါတီဝင်များ၊ အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့ဝင်များ၊ မဝင်းမော်ဦး (၈၈ ကျဆုံး) ၏ အဖွား ဒေါ်နီနှင့် မိသားစုဝင်များနှင့် အခြားသော ဒီမိုကရေစီအင်အားစုများ တက်ရောက်ခဲ့ကြသည်။



ကုလစုံစမ်းရေးကော်မရှင်ဖွဲ့ရေး ဒတ်ခ်ျနိုင်ငံခြားရေး ဝန်ကြီး ထောက်ခံ

သောမတ်စ်မောင်ရွှေ
အင်္ဂါနေ့၊ စက်တင်ဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၀၉ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်နေမှုများအား ကုလသမဂ္ဂစုံစမ်းရေး ကော်မရှင်ဖွဲ့၍ စုံစမ်းစစ်ဆေးရေး တောင်းဆိုနေမှုများကို ဒတ်ခ်ျနိုင်ငံခြားရေးဝန်ကြီး MaximeVerhagen က "အမှန်တကယ်ထောက်ခံကြောင်း” ဒတ်ခ်ျ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
အာရှနှင့်ကျွန်းနိုင်ငံများဆိုင်ရာ အကြီးတန်းမူဝါဒရေးရာအရာရှိ JettyKouwenက မဇ္ဈိမသို့ အီးမေးလ် ပေးပို့ပြောကြားရာတွင် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးကိစ္စအတွက် နယ်သာလန်နိုင်ငံသည် “ဥရောပ သမဂ္ဂအတွင်းနှင့် ပြင်ပရှိနိုင်ငံများအားလုံးနှင့်နီးနီးကပ် ကပ်လက်တွဲဆောက်ရွက်သွားမည်” ဟုဆိုသည်။
                                                                                         နယ်သာလန် နိုင်ငံခြားရေးဝန်ကြီး
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းရန် မြန်မာစစ်အစိုးရက မကြာသေးခင်က အမိန့်ထုတ်ခဲ့ကြောင်း သိရှိရသည့်အတွက် နိုင်ငံခြားရေးဝန် ကြီး Verhagenသည် အလွန်အမင်း အံ့သြ တုန်လှုပ်ခဲ့ရကြောင်းဖြင့်လည်း Kouwen က မဇ္ဈိမကို ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထိုသို့ အရေးယူ ဆောင်ရွက်လိုက်ခြင်းက “လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်မျှတမည် မဟုတ်ကြောင်း ပြသနေခြင်းပင် ဖြစ်သည်”ဟု နိုင်ငံခြားရေးဝန်ကြီးက ယုံကြည်နေကြောင်းဖြင့်လည်း သူကဆက်လက် ပြောဆိုခဲ့သည်။
ဖေဖော်ဝါရီလအတွင်းက ကျင်းပခဲ့သော JanPeterBalkenende ခေါင်းဆောင်သည့် ညွန့်ပေါင်းအစိုးရ လက်ထက်တွင် Verhagenသည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ယခုလည်း ကွန်ဆာဗေးတစ် လူနည်းစု ညွန့်ပေါင်းအစိုးရ မဖွဲ့စည်းနိုင်သေးမီ ကြားဖြတ်အစိုးရ လက်ထက်တွင် ဆက်လက် တာဝန်ယူ ဆောင်ရွက်နေသည်။
၂ဝဝ၇ ခုနှစ်မှ စတင်၍ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လာခဲ့သူ Verhagenသည် ဒတ်ခ်ျအစိုးရသစ် လက်ထက်တွင်လည်း ဤမူဝါဒအတိုင်း ဆက်လက် ရပ်တည်သွားလိမ့်မည်ဟု မျှော်လင့်ရသည်။
ဒတ်ခ်ျအစိုးရသစ် မည်သည့်အချိန် ဖွဲ့နိုင်မည် မသေချာသေး နယ်သာလန်နိုင်ငံ အစိုးရသစ် ဖွဲ့စည်းရေး ဆွေးနွေးနေမှုများ မည်သည့်အချိန် ပြီးဆုံးမည် ဆိုသည်ကို မသိရသေးပါ။
MarkRutteခေါင်းဆောင်သည့် လွတ်လပ်သောဈေးကွက် လစ်ဘရယ်ဝါဒီ VVD ပါတီသည် ဇွန်လအတွင်းက ကျင်းပခဲ့သော အမျိုးသား ရွေးကောက်ပွဲများတွင် အမတ်နေရာ ၃၁ နေရာသာ အနိုင်ရရှိခဲ့ပြီး ဒတ်ခ်ျနိုင်ငံ သမိုင်းတွင် `အင်အားအနည်းဆုံး အနိုင်ရပါတီ´ ဖြစ်လာခဲ့သည်။
VVD ပါတီ၊ ဝန်ကြီး Verhagen ခေါင်းဆောင်သည့် ဒတ်ခ်ျခရစ်ယန် ဒီမိုကရက်တစ် အက်ရှင်ပါတီ CDA တို့သည် အစိုးရသစ် ဖွဲ့နိုင်ရေးအတွက် အကြိတ်အနယ် ဆွေးနွေးနေရဆဲဖြစ်ပြီး ပါလီမန်တွင်း တတိယအကြီးဆုံး ပါတီဖြစ်သည့် လွတ်လပ်ရေးပါတီ (PVV)ပါတီကို ထည့်သွင်း ဖွဲ့စည်းရေးနှင့် ပတ်သက်၍ အငြင်းပွားနေကြခြင်း ဖြစ်သည်။
GeertWildersခေါင်းဆောင်သည့်PPVပါတီကို အစ္စလမ် ဆန့်ကျင်ရေး ပါတီဟု အများက သိရှိထားကြသည်။ အစ္စလမ်ဘာသာကို ပုတ်ခတ် စော်ကားသည့် စကားများ Wilders ပြောကြားခဲ့သည့်အတွက် ကမ္ဘာတလွှား ဟိုးလေးတကျော် ဖော်ပြခြင်းခံခဲ့ရသည်။ Wildersနှင့် သူ့ပါတီ လုပ်ဖော်ကိုင်ဖက်များက လူ့အခွင့်အရေး အကြောင်းပြပြီး ကိုရမ်ကျမ်းကို ပိတ်ပင်လိုကြသည်။ ဒတ်ခ်ျလူမျိုး မူဆလင် ဘာသာဝင်များ၏ ဘာသာရေး အခွင့်အရေးများကို ကန့်သတ်သည့် ဥပဒေများလည်း ပြဠာန်းလိုကြသည်။



ပြည်ပရောက် မြန်မာများအတွက် မဲပေးခွင့်စာရင်း မကြေညာသေး

ခိုင်စု
အင်္ဂါနေ့၊ စက်တင်ဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၁၀ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ ရွေးကောက်ပွဲ ကော်မရှင်က မြန်မာနိုင်ငံတဝန်းတွင် မဲပေးနိုင်သော လူဦးရေ စာရင်းများကို ကြေညာနေသော်လည်း ပြည်ပရောက် မြန်မာအလုပ်သမားများအတွက် ထုတ်ပြန် ကြေညာခြင်း မရှိသေးကြောင်း သိရသည်။
“ကျနော်တို့ကို သံရုံးက ခုထိရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာမှမပြောသေးဘူးဗျ” မလေးရှားနိုင်ငံ Joho Baru မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတဦးက မဇ္ဈိမကိုပြောသည်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ မြန်မာပြည်ပြန်ပြီး မဲထည့်နိုင်အောင် သံရုံးကတဆင့် စီစဉ်နေသည်ဟု နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အမည်မဖော်လိုသည့် အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံမှ အလုပ်သမားအများစု သွားရောက်လုပ်ကိုင်နေကြသော ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား အချို့မှာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိသဖြင့် မဲပေးလိုစိတ်မရှိဟုဆိုသည်။
“နယ်စပ်ထိလည်း သွားဖြစ်မယ်မထင်ဘူး။ သွားရေးလာရေးလည်း ခက်တယ်၊ မသွားဖြစ်တာများမယ်”ဟု ချင်းမိုင်မြို့ ညဈေးမှ ရွှေ့ပြောင်း အလုပ်သမား ကိုရာဂျားက မဇ္ဈိမကို ပြောသည်။
မလေးရှားရောက်ရောက် မြန်မာအလုပ်သမား အချို့ကလည်း ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိတ်ဝင်စားမှုမရှိကြောင်း၊ မဲပေးရန်လည်း ဆန္ဒမရှိကြောင်း ပြောဆိုသည်။
ပြည်ပရောက် အလုပ်သမားများ ယခုကဲ့သို့ မဲပေးရန်စိတ်မဝင်စား ဖြစ်နေကြသော်လည်း ပြည်ပရောက် အလုပ်သမားများကို မဲပေးစေလိုကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ပြန်ကြားရေး ဗဟို ကော်မတီဝင် ဦးကြည်မြင့်က ပြောသည်။
“တချို့ကပျင်းလို့ တချို့ကမှိုင်းတိုက်ခံရလို့၊ တချို့ကအပျော်မက်လို့ လာမပေးချင်ကြဘူးပေါ့ဗျာ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မဲပေးကြဖို့ပြောချင်ပါတယ်” ဦးကြည်မြင့်က မဇ္ဈိမကို ပြောသည်။
“ကျနော်တို့က စီးပွားလာရှာတာ၊ နိုင်ငံရေးကို စိတ်မဝင်စားဘူးဗျာ။ မဲထည့်ဖို့ သံရုံးက အကြောင်းမကြားရင် မထည့်ဘူး၊ အကြောင်းကြားရင် ထည့်လိုက်မယ်”မလေးရှားနိုင်ငံ JohoBaruရှိ လုပ်သားတဦးက ပြောသည်။ အခြား အလုပ်သမားတဦးကလည်း မဲသွားထည့်ရန် ဆန္ဒမရှိကြောင်း မဇ္ဈိမကို ပြောပြသည်။
မဲပေးနိုင်သော လူဦးရေ စာရင်းများကို ကြေညာနေသော်လည်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ကြေညာခြင်းမရှိသေးကြောင်း သိရသည်။
“ဦးလေးတို့ မကြေညာသေးဘူး၊ ရပ်ကွက်ရုံးမှာလည်း စာရွက်မကပ်သေးဘူး” ဟုလှိုင်မြို့နယ်တွင် နေထိုင်သူ အမျိုးသား တဦးက မဇ္ဈိမကို ပြောသည်။
မဲပေးခွင့်ရှိသူများစာရင်းများကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်ရုံးများတွင် ယခုလ တတိယပတ်ကတည်းက ကြေညာခဲ့ပြီး ၂ဝ ရက်နေ့တွင်မှ ရပ်ကွက် ကျေးရွာအဆင့်ထိ လိုက်လံထုတ်ပြန်ကြေညာခြင်း ဖြစ်သည်ဟု သိရသည်။
“အသံချဲ့စက်နဲ့ အော်တယ်။ ကိုယ့်မဲစာရင်းကို ရပ်ကွက်ရုံးမှာ လာကြည့်ဖို့ မဲစာရင်းမှာ နာမည်မပါရင်လည်း အကြောင်းကြားဖို့ ပြီးတော့ မဲစာရင်းမှာပါပြီးမဲပေးခွင့်မရှိသူလို့ ယူဆရင်လည်း ကော်မရှင်ရုံးကို အကြောင်းကြား ဖို့ပေါ့” ဟု ဦးကြည်မြင့်က မဇ္ဈိမကို ပြောသည်။
မဲပေးရန်စိတ်ဝင်စားသည့် မဲပေးခွင့် ရှိသူများအတွက် နစ်နာမှုကို ဦးကြည်မြင့်က ယခုလို ဆက်ပြောသည် “လူတွေကနိုင်ငံရေးကိုကြောက်နေတဲ့ အချိန်မှာမဲစာရင်း ကြေညာတာ တခုနဲ့တခု မညီအောင်လုပ်ထားတာ ကြိုတင်ပြင်ဆင်ထားတာလား၊ ဒါမှမဟုတ် မတော်တဆလားဆိုတာ အတိအကျ မပြောတတ်တော့ဘူး။ သူတို့ကတော့ ပြောထားတာပေါ့ မဲစာရင်းမှာ မပါလာတဲ့ လူတွေ အကြောင်းကြားလို့တယ် နောက်တိုး အနေနဲ့ ထည့်ပေးမယ်လို့၊ ဒါပေမယ့် နိုင်ငံရေးကိုလည်း စိတ်ဝင်စားတယ် မဲစာရင်းမှာလည်း မပါလာရင် နစ်နာတာပေါ့”
ဆက်လက်၍ ပြည်ပမှထည့်တဲ့ မဲတွေ စိတ်မချရပုံကို ခုလိုဆက်ပြောပါတယ်။ “ပြည်ပရောက်နေတဲ့မဲက မြန်မာပြည်ဘက်မှာလိုမျိုး ရွေးကောက်ပွဲကော်မရှင်ရှေ့မှာ ရေတွက်ရတာတွေ ဘာတွေမဟုတ်ဘူးလေဗျာ၊ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေကို မဲထည့်သွားရင်တောင်မှ ကျနော်တို့ဆီကို ရောက်တဲ့အခါမှာ ဒီမဲတွေက ဘယ်လိုဖြစ်သွားမလဲ။ နောက်ပြီး ပြည်ပရောက် အဖွဲ့အစည်းတွေကလည် မဲမထည့်ဖို့ လမ်းကြောင်းတွေ ပြောထားတော့ မဲလျော့သွားနိုင်တယ်လေ” ဦးလှမြင့်က မဇ္ဈိမကို ပြောသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် မြန်မာ အလုပ်သမား ၂ သန်းခန့် နှင့် မလေးရှားနိုင်ငံတွင် တရားဝင် မြန်မာလုပ်သား ၂ သိန်းကျော်နှင့် တရားမဝင် လုပ်သား ၃ သိန်းကျော်ခန့် ရှိသည်ဟု အလုပ်သမား အဖွဲ့များက ခန့်မှန်းထားကြသည်။
ပြည်ပတွင် သွားရောက်လုပ်ကိုင်နေကြသူများ မဲထည့်နိုင်ငံခွင့်နှင့်ပတ်သက်၍ ရွေးကောက်ပွဲဥပေဒတွင် သက်ဆိုင်ရာ သံရုံးများတွင် မဲထည့်နိုင်ကြောင်း ယေဘုယျ ဖော်ပြထားသော်လည်း အသေးစိတ်ကို ရွေးကောက်ပွဲ ကော်မရှင်မှ ထပ်မံကြေညာမည်ဟု မျှော်လင့်ရကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ပြန်ကြားရေး ဗဟိုကော်မတီဝင် ဦးကြည်မြင့် (လသာ)က ဆိုသည်။



maandag 20 september 2010

ကြံ့ဖွံ့ အမတ်လောင်း အနီးကပ်သင်တန်း

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၅၈ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲ စည်းရုံးရေးအတွက် ကိုယ်စားလှယ်လောင်း ရက်တိုသင်တန်းတခု ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် ကြံ့ဖွံ့ခေါင်းဆောင်များက နေပြည်တော်တွင် ပေးခဲ့ကြောင်း ကြံ့ဖွံ့သတင်းရပ်ကွက်များက ဆိုသည်။
ကြံ့ဖွံ့ရုံးချုပ်တွင် ပြုလုပ်ပြီး စစ်ဘက်မှအနားယူကာ ဝင်အရွေးခံမည့် ၃ဝဝ ကျော်အပါအဝင် ကြံ့ဖွံ့အမတ်လောင်း ၄၀၀ နီးပါးတက်ရောက်၍ လူထုစည်းရုံးရေးတွင် ပြောကြားသင့်သည်များ၊ ဥပဒေရေးရာများကို ပို့ချမည် ဖြစ်သည်။
” နိုင်မယ်လို့ ထင်နေကြတယ်။ ဒါပေမယ့် စိုးရိမ်တာက အမတ်တွေ ဥပဒေချိုးဖောက်တာ၊ အလွဲသုံးစား လုပ်တာတွေဖြစ်ရင် တခြားပါတီတွေက ကန့်ကွက်လာမှာကိုပဲ၊ အဲဒါကြောင့် ဥပဒေကိုပါ ပို့ချတာ”ဟု သတင်းရပ်ကွက်က ပြောသည်။
စက်တင်ဘာ ၁၃ မှ ၁၅ ရက်အထိ နံနက် ၇ နာရီမှ ညဥ့်နက်သည့်တိုင် သင်တန်းလာတက်သူများမှာ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး တိုင်း၊ ကရင်နှင့် မွန်ပြည်နယ်တို့မှ အမတ်လောင်းများ ဖြစ်သည်။
ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်အတွက် ကြံ့ဖွံ့မှ ဝင်အရွေးခံမည့် ဇေကမ္ဘာဦးခင်ရွှေ၊ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း၊ ဖဒိုအောင်ဆန်း၊ တက္ကသိုလ်မြတ်သူ၊ တက္ကသိုလ်တင်ခတို့လည်း တက်ရသည်။
ကျန် တိုင်းနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်လောင်းများ နောက်သင်တန်းများတွင် တက်ရမည် ဖြစ်သည်။
သင်တန်းတက်ရမည့် စာရင်းတွင် ပါသော်လည်း ကားတိုက်မှုကြောင့် အနားယူနေရသော စစ်ဆင်ရေး အထူးအဖွဲ့ (၅) ဟောင်း အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ ပျက်ကွက်ခဲ့သည်ဟု သိရ၏။ ဦးမြင့်ဆွေသည် နေပြည်တော်-ရန်ကုန် အဝေးပြေးလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား၍ ဦးခေါင်းဒဏ်ရာရခဲ့သည်ဟု သင်တန်း တက်ရောက်ခဲ့သူတဦးက မဇ္ဈိမသို့ ပြောပြသည်။



zondag 19 september 2010

သခင်အုန်းမြင့်နာရေး လုပ်ဖော်ကိုင်ဘက်တွေ ပို့ဆောင်

မြင့်မောင်
တနင်္ဂနွေနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၅၀ မိနစ် .
နယူးဒေလီ (မဇ္စျိမ) ။ ။ ယခုလ ၁၇ ရက်က ကွယ်လွန်သူ ဝါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် (၉၃ နှစ်)ကို ယနေ့ ညနေ ၄ နာရီက ရန်ကုန် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။
“လိုက်ပို့ကြတဲ့သူတွေ အများကြီးပဲ။ ၀ါရင့်နိုင်ငံရေးအဖွဲ့က လူတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ အဖွဲ့ချုပ်က လူငယ်တွေရော၊ လူကြီးတွေရော လာပို့ကြပါတယ်။ အဖေရဲ့ လုပ်ဖော်ကိုင်ဘက်တွေ တော်တော်များများ လာကြပါတယ်” ဟု သားဖြစ်သူ ဦးဌေးအောင်က မဇ္ဈိမကို ပြောသည်။
NLD ဒုဥက္ကဋ္ဌဦးတင်ဦး၊ဦးဝင်းတင်၊ဦးလှဖေ၊ဦးသန်းထွန်း၊ဦးအုန်းကြိုင် အပါအ၀င် ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင်များ၊ အဖွဲ့ချုပ် အမျိုးသမီးများ၊ ကျောင်းသားလူငယ်များ၊ ၀ါရင့်နိုင်ငံရေးသမားများအပြင် လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP)အတွင်းရေးမှူး ဦးအေးသာအောင်၊ ပူးကျင့်ရှင်းထန် အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ စာပေသမားများ လိုက်ပါပို့ဆောင်ကြသည်။
နေအိမ်တွင် အထိန်းသိမ်းခံနေရသည့် NLDအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ သုံးရောင်ခြယ်နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့စသည့် နိုင်ငံရေးအသိုင်းအဝိုင်းက လွမ်းသူ့ပန်းခွေများ ပေးပို့ကြသည်။
ဝါရင့်အဖွဲ့သ၀ဏ်လွှာတွင်သခင်အုန်းမြင့်သည်နယ်ချဲ့ဖက်ဆစ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူတော်လှန်သူ၊ သတင်းစာပညာ၊ စာပေပညာဖြင့် လူထုကို နားမျက်စိ ဖွင့်ပေးသူ၊ မျိုးဆက်သစ်များကို နိုင်ငံရေးနှင့် စာပေအမွေ လက်ဆင့်ကမ်းသူ၊ ခံယူချက်ပြင်းကာ အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်မှ ရပ်တည်သူဟု ပါရှိသည်။ မြန်မာနိုင်ငံတွင် မရှိမဖြစ် လိုအပ်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးအတွက် ကျန်းမာရေး မကောင်းသည့်ကြားမှ လုပ်ကိုင်ခဲ့သဖြင့် မိသားစု လုပ်ဖော်ကိုင်ဘက်များနည်းတူ ၀မ်းနည်းကြေကွဲကြောင်း ဖော်ပြထားသည်။
“လွတ်လပ်ရေး ကြိုးပမ်းတဲ့ ခေတ်တုန်းက သခင်အဖွဲ့မှာ ပါခဲ့ပြီး ဒီဘက်ခေတ်ရောက်တော့ စာအုပ်တိုက်ထောင်ပြီး စာအုပ်ထုတ်တယ်။ ခေတ်သဘောအရ မာ့က်စ်ဝါဒ စာအုပ်တွေကို အဓိကထား ဖြန့်ခဲ့တယ်။ အဲဒီနောက် ၀ါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ အစိုးရကို တိုက်တွန်းနှိုးဆော်စာရေးတဲ့အထဲမှာ သူပါခဲ့တယ်” ဟု ၀ါရင့်အဖွဲ့ဝင် သခင်ချန်ထွန်းက မဇ္ဈိမကို ပြောသည်။
ရန်ကုန်တွင် လက်ကျန်သခင်ဟူ၍ သခင်သိန်းဖေ၊ သခင်ချန်ထွန်း၊ သခင်သိန်းမောင်၊ သခင်တင်ဦး(ဗိုလ်သခင်ဆရာ)၊ သခင်တင်မြ၊ သခင်လှကွန်းတို့သာ ရှိပြီး အသက်အားဖြင့် ၈၀-၉၀ ကျော်နေကြပြီး နိုင်ငံရေး ရေးသားပြောဆိုကြဆဲဖြစ်သည်။
သခင်အုန်းမြင့် ကွယ်လွန်ချိန်တွင် သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။

သခင်အုန်းမြင့်

ပဲခူးတိုင်း လက်ပံတန်းမြို့၌ ၁၉၁၈ ဧပြီ ၂၈ တွင် တရုတ်ကပြားမိသားစုမှ မွေးဖွားပြီး ၁၅ နှစ်သား ကျောင်းသားဘဝတွင် တို့ဗမာအစည်းအရုံးဝင်ဖြစ်ခဲ့သည်။
ကြီးပွားရေးမဂ္ဂဇင်း၊ တိုးတက်ရေးသတင်းစာ၊ မြန်မာ့အလင်းသတင်းစာ၊ ဂျာနယ်ကျော် စသည်တို့တွင် ပါဝင်ရေးသားခဲ့ပြီး ကိုလိုနီခေတ်နှောင်း မြန်မာနိုင်ငံရေးနှင့်စာပေလောကမှ ထင်ရှားသောပုဂ္ဂိုလ်များစွာ၏ မိတ်ဆွေရောင်းရင်းလည်းဖြစ်သည်။ စစ်ြပီးခေတ် ရန်ကျော်ဂျာနယ်၊ ကျော်လင်းစာပေများကို ဦးစီးပြီး လက်ဝဲစာပေများ ထုတ်ဝေခဲ့သည်။
၁၉၅၈-၆ဝ ၊ ၁၉၆၀ကျော်၊ ၁၉၈၉၊ ၁၉၉၈ စသဖြင့် စစ်အစိုးရအဆက်ဆက်ခေတ်တွင် နိုင်ငံရေးကြောင့် အကြိမ်ကြိမ်ထောင်ချညှဉ်းပန်းခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးနယ်သို့ ခေါ်ယူခဲ့သူ တဦးဖြစ်ပြီး NLDလူမှုအထောက်အကူပြု ဒုတိယဥက္ကဋ္ဌအဖြစ် နိုင်ငံရေးအကျဉ်းသားများကူညီထောက်ပံ့ရေးတွင် အထူးတက်ကြွခဲ့သည်။
ဘီဘီစီရုပ်မြင်သံကြား၏ WhoReallyKilledAungSan? မော်ကွန်းတင် ရုပ်သံဇာတ်လမ်းတွဲ၊ ကိုအောင်ထွန်း၏ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်းစသည့် နိုင်ငံရေးသမိုင်းမှတ်တမ်းများအတွက် ကူညီခဲ့သည်။ ကျောင်းသားလှုပ်ရှားမှုစာအုပ်အတွက် အသက် ၈၀ မှာ ထောင်ကျခဲ့သေးသည်။
“ထောင်အရသာ”စာအုပ်ကို သခင်သန်းထွန်း၊ သခင်တင်မြ၊ သခင်မျိုးညွန့်၊ သခင်အေးကြူတို့နှင့် ပူးတွဲရေးခဲ့သည်။



ဝင်းမော်ဦးနေ့ သတ်မှတ်

မဇ္ဈိမသတင်းဌာန
တနင်္ဂနွေနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၀၈ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ၁၉၈၈ စစ်အာဏာသိမ်းစဉ်က ၁၆ နှစ်သမီး ဆန္ဒပြကျောင်းသူ မဝင်းမော်ဦးကို စစ်တပ်က ပစ်ခတ်သဖြင့် သေဆုံးခဲ့ရသည့် ယနေ့ကို ဝင်းမော်ဦးနေ့ သို့မဟုတ် မြန်မာနိုင်ငံ သူရဲကောင်းများနေ့ဟု နယူးဒေလီရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက သတ်မှတ်လိုက်ကြသည်။
၁၉၈၈ စက်တင်ဘာ ၁၉ က ရန်ကုန်၌ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ကိုင်ရင်း ဒီမိုကရေစီရေး ဆန္ဒပြစဉ် စစ်တပ် ပစ်ခတ်သဖြင့် မဝင်းမော်ဦး သေဆုံးခဲ့သည့် ၂၂ နှစ်မြောက် ဂုဏ်ပြုဆန္ဒပြပွဲ နယူးဒေလီ၌ ကျင်းပစဉ် သတ်မှတ်ခဲ့သည်။
’’ဝင်းမော်ဦးလိုပဲ ခွပ်ဒေါင်းစိတ်ဓာတ်နဲ့ စစ်အာဏာရှင်ဝါဒကို လက်နက်မဲ့တိုက်ရင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေကို အောက်မေ့တဲ့အနေနဲ့ ဒီနေ့ ဆန္ဒပြတာ ဖြစ်တယ်။ အဲဒီလိုပဲ ဝင်းမော်ဦးဆိုတဲ့ ကျောင်းသူလေးကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီကနေ့ကိုလည်း ကျမတို့က ဝင်းမော်ဦးနေ့ သို့မဟုတ် မြန်မာနိုင်ငံရဲ့ သူရဲကောင်းများနေ့လို့ သတ်မှတ်ကျင်းပတဲ့ ပွဲလည်း ဖြစ်ပါတယ်’’ဟု WLBသဘာပတိအဖွဲ့ဝင် မသင်းသင်းအောင်က ပြောသည်။
ယနေ့ ကျင်းပသည့် ဆန္ဒပြပွဲတွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူ ၃ဝ နီးပါးက မိုးရွာထဲတွင် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
စစ်တပ်အာဏာသိမ်းပြီး နောက်တရက် တောင်းဆိုဆန္ဒပြပွဲများ ပြုလုပ်စဉ် ၈ တန်းကျောင်းသူ မဝင်းမော်ဦး ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်တွင် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ် ခံခဲ့ရသည်။

“စပြီး ပစ်တယ်ဆိုတာနဲ့ ကျောင်းသားတွေ ဖရိုဖရဲဖြစ်ပြီးတော့ ကျတဲ့သူက ကျ။ အဲဒီအချိန် မဝင်းမော်ဦးက ဗိုလ်ချုပ် အောင်ဆန်းဓာတ်ပုံကို ကိုင်ပြီးတော့ လုံးဝ ဒူးထောက်ပြီး နေတယ်။ ဘယ်ဘက်ပေါင်ကို မှန်တယ်၊ ခြေသလုံးကို မှန်တယ်။ ခွေကျသွားတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ရဲ့ ဓာတ်ပုံကို မလွှတ်ဘဲနဲ့ ဆက်ကိုင်ထားတယ်။ ကုန်းရုန်းပြီး ထဖို့ သူကြိုးစားခဲ့သေးတယ်”ဟု ထိုစဉ်က အတူ ဆန္ဒပြခဲ့သူ မသင်းသင်းအောင်က ရှင်းပြသည်။
ဒဏ်ရာရနေသည့် မဝင်းမော်ဦးကို ဆရာဝန်လောင်း ကိုမင်းသိန်းနှင့် ကိုစောလွင်တို့က နေ့လည် ၁ နာရီခန့်တွင် ချီမကာ ရန်ကုန်ဆေးရုံကြီး ပို့ပေးခဲ့သော်လည်း ညနေ ၅ နာရီခွဲခန့်တွင် ကွယ်လွန်သွားခဲ့သည်။ ဆန္ဒပြသူများကို နိုင်ငံတဝှမ်း ပစ်ခတ်ဖြိုခွဲသဖြင့် ၃,ဝဝဝ ကျော် သေဆုံးခဲ့ရသည်။
မဝင်းမော်ဦးကို ဦးဝင်းကြူ-ဒေါ်ခင်ဌေးဝင်းတို့က ၁၉၇၂ နိုဝင်ဘာလ ၁၉ ရက်တွင် မွေးပြီး မွေးချင်း ၆ ယောက်အနက် အကြီးဆုံး ဖြစ်သည်။ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် နေခဲ့သည်။ ကြည့်မြင်တိုင် အမှတ် (၄)အလယ်တန်းကျောင်းသူဘဝ ၁၉၈၈ တွင် ဖွဲ့သည့် ကျောင်းသားသမဂ္ဂတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။
ယနေ့ မဝင်းမော်ဦး၏ ကျန်ရစ်သူ မိသားစုက လှိုင်သာယာမြို့သစ်နေအိမ်၌ သံဃာတော်များကို ဆွမ်းကပ်လှူခဲ့သည်။
၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲမပေး၊ နိုင်ငံရေး အကျဉ်းသား ၂,၁ဝဝ ကျော်ကို မလွှတ်ဘဲနှင့် နိုဝင်ဘာ ၇ တွင် စစ်အစိုးရက ရွေးကောက်ပွဲ ထပ်ကျင်းပဦးမည်ဟု နယူးဒေလီ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ၏ ကြေညာချက်က ဆိုသည်။
လွှတ်တော်နေရာများ၌ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါမည့်အပြင် နအဖ အစိုးရဝန်ကြီးများ၊ စစ်တပ်နောက်ခံပြု စီးပွားရေးသမားများ၊ အငြိမ်းစား စစ်အရာရှိများ အမတ်လောင်းအဖြစ် ပါဝင်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရရန် မတရားသည့် ရွေးကောက်ပွဲ ဥပဒေများ ကြေညာထားသည်ဟုလည်း ဆိုသည်။
ထို့ကြောင့် ရွေးကောက်ပွဲ မဟုတ်သည့် စစ်တပ်ရွေးချယ်ပွဲသာ ဖြစ်ကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်း လွှတ်ပေးပြီး တိုင်းရင်းသားခေါင်းဆောင်များ အပါအဝင် နယ်ပယ်စုံမှ ပုဂ္ဂိုလ်အားလုံးကို ဒီမိုကရက်တစ် နိုင်ငံရေးဖြစ်စဉ်တွင်း ပူးပေါင်းပါဝင်ခွင့် ပြုရမည်ဟု တောင်းဆိုထားသည်။



woensdag 15 september 2010

ဦးတင်ဦး စင်္ကာပူတွင် မျက်စိခွဲရန်ရှိ

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၄၅ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး မျက်စိ ခွဲစိတ်ရန် ဤလကုန်ပိုင်း စင်္ကာပူ သွားစရာ ရှိသည်ဟု ဗဟိုဦးစီးအဖွဲ့ဝင် မဖြူဖြူသင်းက ပြောသည်။
“စင်္ကာပူမှာ ၄ ရက်ပဲ ကြာမယ် ပြောတယ်။ ခရီးကိစ္စ ပန်းလှိုင်က တာဝန်ယူ ဆောင်ရွက်နေတယ်။ ပန်းလှိုင်က ဆရာဝန်ပဲ ခွဲမယ်။ ကျန်တဲ့ အခြေအနေတော့ မသိဘူးပေါ့။ လက်ရှိ အခြေအနေအရ သွားဖြစ်၊ မသွားဖြစ် မသိရသေးဘူး” ဟု မဖြူဖြူသင်းက ဆိုသည်။
လက်ရှိကြည့်ရှုပေးနေသည့် ရန်ကုန် ပန်းလှိုင်ဆေးရုံမှ ဆရာဝန်များ အကြံပြုချက်အရ စင်္ကာပူတွင် ကုသနိုင်ရေး လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပြီး ဖြစ်သည်။
သို့သော် လာမည့် ရွေးကောက်ပွဲ သပိတ်မှောက်ထားသော ယခင် ရွေးကောက်ပွဲအနိုင်ရ အဓိက အတိုက်အခံ အဖွဲ့ကြီး၏ အရေးပါသော ခေါင်းဆောင်ကို ပြည်ပြန်ဝင်ခွင့် မပြုဘဲ စစ်အစိုးရက ညစ်ထားမှာကိုလည်း ဖျက်သိမ်းခံရသော ပါတီဝင်အများ စိုးရိမ်နေကြသည်။
ရင်ကျပ်ရောဂါကြောင့် ယခုလ ၁၂ ရက်နေ့ကစ၍ ရန်ကုန် အာရှတော်ဝင် ဆေးရုံတက်နေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် ဦးဝင်းတင်၏ ကျန်းမာရေးမှာကား သက်သာလာပြီဟု သိရသည်။
“တဖြည်းဖြည်း သက်သာလာတယ်။ လုံးဝတော့ မပျောက်သေးဘူး။ အဓိက အဆုတ်က ဖြစ်တယ်။ ချောင်းဆိုးလွန်းတော့ ရင်ဘတ်ရော၊ ဗိုက်ကြောတွေရော နာတယ်။ အရင်ကဆို ကောင်းကောင်း စားလို့မဝင်ဘူး။ အခု အစား နည်းနည်း စားနေပါပြီ။ အမောတော့ ရှိသေးတယ်။ ဆေးရုံပေါ် နောက် ၃-၄ ရက်လောက် နေရဦးမယ်လို့ ဆရာဝန်က ပြောတယ်” ဟု မဖြူဖြူသင်းက ပြောသည်။
၈၁ နှစ်အရွယ် ဦးဝင်းတင်သည် နှလုံးခုန်နှုန်း ပုံမှန်မရှိသဖြင့် အာရှတော်ဝင်တွင်ပင် မနှစ် သြဂုတ်လက ကုသခဲ့ရသေးသည်။

ငြိမ်းချမ်းရေးနေ့ KNU တဖက်သတ် အပစ်ရပ်မည်

ခိုင်စု
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၅ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ယခုလ ၂၁ ရက် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် ခုခံစစ်အသင့်ဖြင့် တနေ့တာ အပစ်ရပ်စဲမည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ယနေ့ ကြေညာလိုက်သည်။
“ကျနော်တို့က ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့အစည်းဆိုတာကို ပြချင်တယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာတယ်ဆိုတာ လည်း တချိန်တည်းမှာ ပြချင်သလို နအဖကိုလည်း ငြိမ်းချမ်းရေးဆိုတာ လိုအပ်တယ်လို့ သတိပေးလိုတယ်”ဟု KNU ပြောခွင့်ရ စောဒေးဗစ် သကဘောက မဇ္ဈိမကို ပြောသည်။
KNU ထိန်းချုပ် နယ်မြေများရှိ တပ်ရင်းတပ်ဖွဲ့များသို့လည်း အပစ်ရပ်မည့်အကြောင်းကို လွန်ခဲ့သည့် ၃ ရက်ကတည်းက အကြောင်းကြားထားသော်လည်း စစ်အစိုးရကိုမူ တရားဝင် အကြောင်းကြားခြင်း မရှိဘဲ သိစေလို၍ သတင်းထုတ်ပြန်သည်ဟု ဆိုသည်။
ထိုနေ့တွင် စစ်အစိုးရက ထိုးစစ်ဆင်လာလျှင် ပြန်လည်ခုခံသွားမည်ဟု စောဒေးဗစ်သကဘောက ဆိုသည်။ “တိုက်ခိုက်ရင်တော့ ပြန်ပြီး တိုက်ရမှာပဲ။ ကိုယ့်ကို တိုက်ခိုက်ရင် မကာကွယ်ရဘူးလို့ မရှိပါဘူး” ဟု သူက ပြောသည်။
နှစ် ၆၀ ကျော် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေစဉ် စစ်ဒဏ်ကြောင့် သေဆုံးသော ပြည်သူများမပါ KNU အဖွဲ့ဝင်ပင် တသောင်းနီးပါး ကျဆုံးခဲ့သည်ဟု ဒေးဗစ်သကဘောက ခန့်မှန်းထားသည်။
နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ အဖြေရှာလိုခြင်းနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတိုက်တွန်းမှုကို လေးစားလိုက်နာသောအားဖြင့် အပစ်ခတ်ရပ်စဲရေးခေါ်ရသည်ဟု ဆိုသည်။
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် တောင်းဆိုချက်များနှင့် စက်မှုထိပ်သီး ၈ နိုင်ငံ ဇွန်လ စည်းဝေးပွဲက မြန်မာ့နိုင်ငံရေးကို ဆွေးနွေးခြင်းဖြင့် ဖြေရှင်းသင့်သည့်ဟူသော ဆုံးဖြတ်ချက်ကြောင့်ဟု သူက ရှင်းပြသည်။
ယခုလ ၁၃ ရက်နေ့က KNU နှင့် စစ်အစိုးရတပ်များအကြား နောက်ဆုံးတကြိမ် တိုက်ပွဲဖြစ်ခဲ့သေးသည်။
KNU ၏ တနေ့တာ ယာယီ အပစ်အခတ်ရပ်စဲမှုနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်များ သွေးစည်းညီညွတ်ရေးအဖွဲ့ (CSW) က ကြိုဆိုကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။
’’KNU ရဲ့ တဖက်သတ် ကြေညာချက်အပေါ် ကျနော်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒါဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို တလေးတစား ရှိကြောင်း အရေးတကြီး ပြလိုက်တဲ့ လက္ခဏာဖြစ်တယ်။ ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေးကို လိုလားတဲ့ ကရင်ပြည်သူတွေရဲ့ ဆန္ဒသင်္ကေတလည်းဖြစ်တယ်’’ ဟု CSW အရှေ့အာရှအဖွဲ့ခေါင်းဆောင် Benedict Rogers က ကြေညာပြောဆိုသည်။
နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်နှင့် မဲဟောင်ဆောင်၌ ငြိမ်းချမ်းရေး ဆုတောင်းပွဲနှင့် ကလေးပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများ ပြုလုပ်သွားမည်ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB တွဲဘက် အထွေထွေ အတွင်းရေးမှူး (၂) စောစံငြိမ်းသူ ကပြောသည်။ WLB က အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အခမ်းအနားများ ကျင်းပသွားမည်ဖြစ်သည်။
ကုလ အထွေထွေ ညီလာခံက စက်တင်ဘာလ ၂၁ ရက်နေ့ကို နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့အဖြစ် ၂၀၀၁ ခုနှစ်မှစ၍ သတ်မှတ်ခဲ့သည်။



ကြံ့ခိုင်ရေးကို မမှုတဲ့ ဦးသုဝေ

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၄ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ဦးသုဝေ ဦးဆောင်သော ဒီမိုကရက်တစ်ပါတီ (မြန်မာ)သည် ပြည်သူ့လွှတ်တော်တွင် အများဆုံး ဝင်ပြိုင်မည်ဖြစ်ပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတို့၌ စုစုပေါင်း ၄၇ ဦးဝင်ပြိုင်မည်။
၂ဝ၁ဝ ကော်မရှင်တွင်“စစ်ဗိုလ်လူထွက်”များနေသဖြင့် အထက်အမိန့်နှင့် အာဏာကို ကြောက်နေရသည်ဟု ရန်ကုန် မင်္ဂလာတောင်ညွန့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ဝင်ပြိုင်မည့် ဦးသုဝေက ပြောသည်။
စိစစ်ရေးအောင်တဲ့ အမတ်လောင်း ဘယ်နှစ်ဦး ရှိလဲခင်ဗျ။
“၃ ယောက်က ပထမတုန်းကတည်းက လျော့သွားတယ်။ အခု ဦးလှမြင့်က မရဘူးဆိုတော့ ၄၇ ယောက်ထင်တယ်။ စိစစ်ရေး မတင်မီ ၂ ယောက်က ထွက်သွားတာ။ မိသားစုတွေက ကန့်ကွက်လို့ ဆိုပြီးတော့။ အဲဒါ ပုသိမ်က တယောက်၊ ရွှေပြည်သာက နှစ်ယောက်။ ပထမ ၅၁ ယောက် ရှိတာလေ”
အန်ကယ်တို့ပါတီက ရွေးကောက်ပွဲမှာ ဘယ်လွှတ်တော်ကို အများဆုံး ဝင်ပြိုင်တာလဲ။ ဘာဖြစ်လို့လဲ။
                                                                                            ကြံ့ခိုင်ရေး မမှုတဲ့ ဦးသုဝေ
ပြည်သူ့လွှတ်တော်ပါပဲ။ ကျနော်တို့ ထည့်ချင်တာက နေရာတိုင်းလေ။ အခုဟာကတော့ ကိုယ်ပြိုင်လို့ရတဲ့နေရာ ပြိုင်တာကိုး။ ဒါပေမဲ့ အများကတော့ ပြည်သူ့လွှတ်တော်က နေရာလည်း ပိုများတာကိုး အမျိုးသားလွှတ်တော်နဲ့စာရင်။ အဲဒီတော့ ပြည်သူ့လွှတ်တော်မှာ အများစု ဝင်ပြိုင်တာပေါ့။ နောက်ပြီးတော့လည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝင်ပြိုင်ရတာလေ ကျနော်တို့လူတွေက။ ပြည်သူ့လွှတ်တော်က အမျိုးသားလွှတ်တော်ထက်စာရင် နယ်လည်းပိုကျဉ်းတယ်။ အမျိုးသားလွှတ်တော်ဆို တချို့က ၄ မြို့နယ် ၅ မြို့နယ်လောက်ပါတော့ စည်းရုံးရေးလုပ်တဲ့အခါ ပိုက်ဆံပိုကုန်တာပေါ့ဗျာ။ အဲဒါကြောင့်မို့လို့ ပြည်သူ့လွှတ်တော်ကို ပိုရွေးတာပေါ့”
အန်ကယ်တို့ပါတီက အခု တသီးပုဂ္ဂလ ၈ ယောက်နဲ့ ပူးတွဲပြီး စည်းအဝေးလုပ်ဖြစ်လား။
“အဲဒါတွေကဒီလောက်မရှိပါဘူး။ တသီးပုဂ္ဂလကလည်း ရွေးကောက်ပွဲ ဝင်ဖို့အတွက် သူ့ဟာသူလုပ်ပေါ့နော်။ ကျနော်တို့က ပါတီလိုက် ကိုယ့်ပါတီနဲ့ကိုယ်ပါပဲ။ ဒါပေမယ့် သူ့ရဲ့ ရွေးကောက်ပွဲနယ်မှာ ကျနော်တို့မရှိတဲ့အခါကျတော့ ကျနော်တို့ပါတီကလူတွေက သူတို့ကို ဝင်ကူပေါ့နော်။ ကျနော်တို့ပါတီမှာလည်း သူတို့ဝင်မပြိုင်တဲ့နေရာ သူတို့မိတ်ဆွေတွေကို ကူပေးပေါ့။ တယောက်နဲ့ တယောက် နားလည်မှုပါပဲ။ တခြားတော့ ဘာမှ ထူးထူးခြားခြားမရှိပါဘူး”
မဲဆန္ဒနယ် တူနေတယ်လို့ တသီးပုဂ္ဂလ ၈ ဦးထဲက ဒေါက်တာဖုန်းဝင်းက ပြောတယ်။ ရှင်းပြပေးပါလား ခင်ဗျာ။
ကိုဖုန်းဝင်းနဲ့ ကျနော်တို့ပါတီက ဦးအောင်သန်းမြင့်ဆိုတာနဲ့ သွားတူတယ်။ ကျနော်တို့ပါတီ အီးစီပါ။ အဲဒီတခုပဲ တူပါတယ်။ ဒါကတော့ တသီးပုဂ္ဂလလည်း သူ့ဟာသူ ဝင်တာပဲ။ ကျနော်တို့က ကျနော်တို့ဝင်တာပဲ။ အခု ဝင်ပြီးမှ ကျနော်တို့က ညှိနှိုင်းမိတာကိုး။
NDF နဲ့ရော ဆက်စပ်ပြီးလုပ်ကိုင်တာရှိလားခင်ဗျ။
“အခုတော့ မရှိဘူးခင်ဗျ။ လူချင်းကတော့ တယောက်နဲ့တယောက် ရင်းနှီးပြီးသားလေ”
ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ “ဟောပြောတင်ပြခွင့်”ရမယ်ဆိုတဲ့ ကော်မရှင်ရဲ့ ကြေညာချက် အပေါ် ဘယ်လိုသုံးသပ်ပါသလဲ။
“၁၅ မိနစ်လည်း မဆိုးပါဘူး။ အရင် ၁၉၉ဝ က ၁ဝ မိနစ်ပဲရတယ်။ စည်းကမ်းသတ်မှတ်တာပဲ တော်တော်လေး ကွာတယ်။ ၉ဝ တုန်းက ဘာကန့်သတ်ချက်မှ မရှိပဲ။ ကိုယ်ပြောချင်တဲ့ မိန့်ခွန်းကို ကြိုတင်ပြီးတော့ တင်ရတယ်။ သူတို့ ဖြတ်တယ် တောက်တယ် ဒါပဲရှိတယ်။ အခုဟာက ကြိုတင် ကန့်သတ်ချက်တွေက အများကြီးပဲ။ ဘာမိန့်ခွန်း ပေးရမှန်းတောင် မသိတော့ဘူး”
နံပတ် ၆ မှာပါတဲ့ တားမြစ်ချက် ၉ချက်ကို ဘယ်လို ကျော်လွှားကြမလဲ။
“ကန့်သတ်ချက်အကုန်လုံးကလည်းသူတို့အစိုးရရဲ့သဘော၊ ကော်မရှင်ရဲ့သဘောလို ဖြစ်နေတယ်လေနော်။ အရေးယူချင်လည်း ရတယ်။ မယူချင်လည်းရတာပေါ့။ ဆိုကြပါစို့ အစိုးရကို မဝေဖန်ရဘူး ဆိုရင် ကျနော်တို့က တိုင်းပြည်မှာ ချို့ယွင်းချက်လေး ဘာလေးပြောရင်တောင် ဒါ ဝေဖန်တယ်ဆိုပြီး အရေးယူလို့ ရတာပဲလေ။ သူတို့ပေါ်မှာတည်တာပဲ”
အဲဒါဆိုရင် အန်ကယ်တို့ ဘယ်လိုလုပ်ကြမလဲ။
“အခွင့်အရေးကိုတော့ ယူမှာပဲလေ။ လိမ်လိမ်မာမာတော့ ပြောရမှာပေါ့ဗျာ။ ကိုယ့်ရဲ့ ရည်မှန်းချက် အတိုင်းတော့ တိုင်းပြည်မှာ ဘာတွေ ချို့ယွင်းနေတယ်။ အဲဒါတွေကို ကျနော်တို့ကတော့ ဘယ်လိုပြင်မယ် ဒါမျိုးတွေကတော့ ပြောရမှာပေါ့နော်။ သို့သော်လည်းပဲ တိုက်ရိုက်ကြီး ဒီအစိုးရ မကောင်းဘူးဘာဘူး ဒီလိုတော့ ပြောလို့ ဘယ်ရမလဲ”
၁၉၉ဝ ကော်မရှင်နဲ့ အခု ကော်မရှင် ဘာကွာခြားတယ်လို့ သတိပြုမိပါသလဲ။
“ကော်မရှင်ချင်း အများကြီးကွာတယ်။ ဟိုတုန်းက ကော်မရှင်က လူကြီးတွေလည်းဖြစ်ပြန်၊ အတွေ့အကြုံလည်း ရှိပေါ့နော်။ နောက်ပြီးတော့လည်း အစိုးရနဲ့ ရင်းနှီးတယ် ပြောလို့လည်းရတယ်။ သို့သော်လည်း အစိုးရရဲ့ အမိန့်အာဏာအတိုင်း သူတို့က ရမ်းမလုပ်ဘူးလေဗျာ။ အခုကော်မရှင်ကတော့ စစ်ဗိုလ်လူထွက်တွေများတာကိုးနော်။ စစ်ဗိုလ်ဆိုတာကတော့ အမိန့်အာဏာကိုပဲ ကြောက်နေရတာကိုး။ သူတို့ ကိုယ်တိုင်က ကော်မရှင် Rule တွေ နားမလည်တော့ အထက်က အမိန့်ရမှပဲ လုပ်ရသလို ဖြစ်နေတယ်”
မဲဆန္ဒနယ်တွေလည်း သိပြီ။ လူတွေလည်း သိပြီဆိုတော့ အန်ကယ်တို့ပါတီအနေနဲ့ ဘယ်နေရာတွေမှာ အနိုင်ရမယ်လို့ ခန့်မှန်းထားလဲ။
“အများအားဖြင့်တော့ အနိုင်ရမယ် ယူဆတယ်ပေါ့နော်။ တခုရှိတာက အကယ်၍ ကြံ့ခိုင်ရေးတို့ တစညတို့နဲ့ ပြိုင်ရရင် ကြောက်စရာမရှိဘူး။ ဒါပေမယ့် ဒီမိုကရေစီအင်အားစုခေါ်မလား အတိုက်အခံခေါ်မလား အဲဒါတွေကိုလည်း ကျနော်တို့ ပြိုင်ရမလို ဖြစ်နေတာတွေရှိတယ်လေ။ အဲဒီတော့ နည်းနည်း ရှုပ်သွားတာပေါ့ဗျာ။ အတိအကျပြောလို့မရဘူး ဖြစ်သွားတာပေါ့”

maandag 13 september 2010

ဦးတင်ဦး မျက်စိခွဲရမည်

မြင့်မောင်
တနင်္လာနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၁၁ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ မျက်စိဝေဒနာ ခွဲစိတ်ကုသရန် လိုနေကြောင်း သိရသည်။
ရန်ကုန် ပန်းလှိုင် ဆေးရုံ၌ ပြသနေရာမှ ယခု ခွဲစိတ်ရေးအတွက် ဆရာဝန်များနှင့် ညှိနှိုင်းနေသည်။
“မျက်စိခွဲဖို့ အစီအစဉ် လုပ်နေတယ်။ မနက်ဖြန်မှာ ဆရာဝန်နဲ့ ချိန်းထားတယ်။ အသက်အရွယ် ကြီးပြီဆိုတော့ အရင်ကလို မကြည့်နိုင်တော့ဘူးပေါ့။ အခုလက်ရှိထက် နည်းနည်း ကြည်အောင် ခွဲစိတ်ဖို့ လုပ်တဲ့ သဘောပါပဲ”ဟု ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီက သူ့နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်ကာ ပြန်လွတ်လာခဲ့သည်။
NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်လည်း ရင်ကျပ်ရောဂါကြောင့် ရန်ကုန် အာရှတော်ဝင် ဆေးရုံ၌ မနေ့ကစ၍ တက်ရောက်နေရာ ၃-၄ ရက်ခန့် ဆက်နားရဦးမည်ဟု ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
သီးခြား NLDသတင်းရပ်ကွက်တခုကမူ ပြည်ပတွင် သွားကုရမည့် အခြေအနေရှိ၍ စဉ်းစားနေသည် ဆိုသည်။
စင်္ကာပူ သွားကုရန် ဆရာဝန်များက ညွှန်းသော်လည်း နိုင်ငံတွင်း ပြန်ဝင်ခွင့်မပြုမည်ကို စိတ်ဓာတ်မာသော NLD ခေါင်းဆောင်က စိုးရိမ်နေသည် ကြားရသည်။
ကာယကံရှင်နှင့် ဆေးရုံဘက်က အတည်ပြုချက် မရပါ။





အန်အယ်ဒီ ရွေးကောက်ပွဲသပိတ် ၃၁ မြို့နယ် ထောက်ခံ

ဆလိုင်း ဟံသာစန်း
တနင်္လာနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၁၄ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲ သပိတ်မှောက်ရေးကို လက်ရှိ ခရီးစဉ်အတွင်း မြို့နယ်ပေါင်း ၃၁ မြို့နယ်မှ ပါတီဝင်များက ထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ပြောဆိုသည်။
ဗဟို အလုပ်အမှုဆောင်ဝင် ဦးအုန်းကြိုင်နှင့် အဖွဲ့က ယခုလ ၉-၁၂ ရက်နေ့အတွင်း မန္တလေးတိုင်း ၂၅ မြို့နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း လားရှိုး အပါအဝင် အခြား ၆ မြို့နယ်တို့မှ အောက်ခြေပါတီဝင်များနှင့် တွေ့ဆုံရာ ဗဟိုဆုံးဖြတ်ချက်ဖြစ်သည့် ၂ဝ၁ဝ ရွေးကောက်ပွဲ သပိတ်မှောက်ရေးကို ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။
“သပိတ်မှောက်မယ်လို့ ဆုံးဖြတ်တဲ့အပေါ် ပါတီဝင်ထုရော၊ အန်အယ်ဒီရဲ့ မဲဆန္ဒရှင်အဖြစ် တသမတ်တည်း ရှိနေတဲ့ သူတွေကရော ထောက်ခံပါတယ်လို့ ပြောကြပါတယ်” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
ဦးအုန်းကြိုင်နှင့်အတူ ဗဟိုအလုပ်အမှုဆောင်ဝင် ဒေါ်ခင်ဋ္ဌေးကြွယ်နှင့် ဗဟိုဦးစီးအဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်၊ ဦးကြည်ဝင်းနှင့် လူငယ်တာဝန်ခံ ဦးမျိုးညွန့်တို့ လိုက်ပါလျက်ရှိသည်။ ပြီးခဲ့သည့် သောကြာနေ့က မန္တလေးမြို့ရှိ ပါတီဝင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် မန္တလေး အဖွဲ့ချုပ်ဝင်များ ထပ်မံဖြည့်တင်းကာ လားရှိုးမြို့ရှိ ပါတီဝင်များနှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။
ယခု ခရီးစဉ်တွင် အဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ သပိတ်မှောက်ရသည့် အကြောင်းရင်းများ၊ ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်များ၊ ရွေးကောက်ပွဲတွင် မဲပေးခြင်းဆိုင်ရာ အခွင့်အရေးအရ မဲမပေးဘဲ နေနိုင်သည့် အကြောင်းများကို ဥပဒေ အထောက်အထားများနှင့်တကွ ပါတီဝင်များကို ဗဟိုခေါင်းဆောင်များက ရှင်းလင်းတင်ပြခဲ့ကြသည်။
“ရှင်းလင်းချက်တွေကို မြို့နယ်ခေါင်းဆောင်တွေနဲ့ အကြေအလည် ဆွေးနွေးပြီးတဲ့အခါကျတော့ သူတို့က ပါတီဝင်ထုကို ဆက်လက်ရှင်းပြမယ်။ ပါတီဝင်ထုကနေ ပြည်သူလူထုကို ဆက်လက်ရှင်းပြမယ်လို့ ပြောကြပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေများသည် မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေးအတွက် ဦးမတည်စေသည့်အတွက် ၂ဝ၁ဝ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် -အန်အယ်ဒီက သပိတ်မှောက်ရန် ပြီးခဲ့သည့်လ ၁၉ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။
ထို့နောက်တွင် ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် အဖွဲ့သည် ဧရာဝတီတိုင်းရှိ မြို့နယ် ၆ မြို့နယ်သို့ သွားရောက်ခဲ့ရာတွင်လည်း ပါတီဝင်များနှင့် ဒေသခံလူထုက ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းကို ထောက်ခံခဲ့ကြသေးသည်။
ယခု ခရီးစဉ်သည် ရွေးကောက်ပွဲ သပိတ်မှောက်ပြီးနောက် အန်အယ်ဒီ၏ ဒုတိယမြောက် ခရီးစဉ်ဖြစ်သည်။
ရွေးကောက်ပွဲ မဝင်ရောက်သည့် အကြောင်းကို ယခုနှစ် ဇွန်လ ၁၂ ရက်နေ့မှ သြဂုတ်လဆန်းပိုင်းအထိ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း စသည့် တိုင်းနှင့် ပြည်နယ်များရှိ မြို့နယ်ပေါင်း ၂ဝဝ ခန့်တွင် ပါတီဝင်များနှင့် တွေ့ဆုံကာ ရှင်းလင်း တင်ပြခဲ့ကြသေးသည်။
“အခုလို ဗဟိုကနေ မြို့နယ်တွေအထိ၊ အောက်ခြေအထိ လိုက်ဆင်းပြီး တကူးတက တွေ့တာဟာ အင်မတန်မှ ကောင်းပါတယ်။ အဖွဲ့ချုပ်က နိုင်ငံရေးအရ ရပ်တည်မှု မဟုတ်ဘဲနဲ့ လူမှုရေးအရ ရပ်တည်မှု ပုံစံနဲ့ သွားမယ်ဆိုပြီး နောက်ပိုင်းမှာ အခုက နိုင်ငံရေးပုံသဏ္ဍာန်နဲ့ ဆောင်ရွက်လာတဲ့အပိုင်းမှာ ကျနော်တို့နဲ့ ထိတွေ့နေတဲ့ မြို့နယ်အဖွဲ့ဝင်တွေက တော်တော်များများ သဘောကျတယ်ဗျ” ဟု မန္တလေးတိုင်းစည်း အဖွဲ့ဝင်ဖြစ်သူ ကိုမျိုးနိုင်က ပြောသည်။
မနက်ဖြန်တွင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့သို့ သွားရောက်ပြီး အနီးနားမြို့နယ်များမှ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံကာ ရှင်းလင်းတင်ပြကြမည်။ ထို့နောက် ယခုခရီးစဉ် ပြီးဆုံးမည်ဖြစ်ကာ ရန်ကုန်သို့ ပြန်ကြမည် ဖြစ်သည်။
ဗဟိုအလုပ်အမှုဆောင်ဝင် ဒေါက်တာ ဒေါ်မေဝင်းမြင့် ဦးဆောင်သည့် အဖွဲ့လည်း ရခိုင်ပြည်နယ်သို့ ခရီးထွက်မည်ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။