မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label မိုးမခ မှ. Alle posts tonen
Posts tonen met het label မိုးမခ မှ. Alle posts tonen

zaterdag 27 november 2010

ဒေါ်အောင်ဆန်းစုကြည်နဲ့အဖြေများ

မိုးမခ အင်တာဗျူး
နိုဝင်ဘာ ၂၆၊ ၂၀၁၀
ယနေ့ညနေမှာ မိုးမခက အင်န်အယ်ဒီပါတီ ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေတ္တခဏ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ မိုးမခက လက်ခံရရှိထားတဲ့ ပြည်တွင်း ပြည်ပက မြန်မာများရဲ့ မေးမြန်းချက်တွေ၊ သဘောထားတွေကို တင်ပြပြီး ဒေါ်စုရဲ့ တုန့်ပြန်ချက်ကို ကောက်နုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ပထမဦးဆုံး မြန်မာပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြတယ်။ အားတက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ လုံခြုံရေး၊ အမျိုးသားရေးလုပ်ငန်းတွေ အစီအစဉ်တွေကို အားလုံးက အဆင်ပြေ ချောမွေ့ အောင်မြင်စေဖို့ ဆုမွန်ကောင်းတွေ တောင်းနေကြတယ်၊ မေတ္တာပို့နေကြတယ်၊ ထောက်ခံ အားပေးလျက် ရှိတယ် ဆိုတဲ့ အကြောင်းကို အရင်ဆုံး တင်ပြလိုပါတယ်။
ကျေးဇူးတင်ပါတယ်။ ကျမတို့ အခုလို ကြားသိရတဲ့အတွက်လည်း ၀မ်းသာပါတယ်။
နောက်တခုကတော့ ပြည်ပမှာ မြန်မာအမျိုးသားတွေကလည်း လူမှုရေးကွန်ယက်တွေအဖြစ် တယောက်တလက် ကိုယ်ထူကိုယ်ထ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတာတွေ ရှိတယ်။ ပြည်တွင်းက လူမှုရေးစွမ်းဆောင်သူတွေကို အားပေး ဂုဏ်ပြုကြတာတွေ လုပ်နေကြတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ပြည်သူ့ဂုဏ်ရည် လှုပ်ရှားမှုတွေ စသည်ဖြင့် အဲသည်အတွက်ကို ဘာများ ပြောလိုပါသလဲ။
ကျမဒီအကြောင်းကိုကြားရသိရပါတယ်။ဝမ်းသာပါတယ်။ဒါမျိုးတွေကိုဆက်ပြီးတော့လုပ်သွားကြပါ။ သားတို့အနေနဲ့ ညီညီညွတ်ညွတ်လုပ်ကြရမယ်နော်။အပြင်ကအဖွဲ့တွေက အကွဲကွဲအပြားပြားဖြစ်နေတယ်လို့ ခဏခဏ အပြောခံရတာ မကောင်းဘူးနော်။ တခါတလေမှာ နိုင်ငံရေးအရ နဲနဲ ကွဲပြားနေကြတာတွေကို လူမှုရေးလုပ်ငန်းတွေ အတူတူလုပ်ရင်းနဲ့ ရင်ကြားစေ့ကြလို့ ရှိရင် အခြေအနေတွေ ကောင်းလာလိမ့်မယ် လို့ ထင်ပါတယ်။
ဟုတ်ကဲ့ပါ။ ပြည်ပက မြန်မာအမျိုးသားတွေ၊ တိုင်းရင်းသားတွေက မြန်မာပြည်ပြင်ပမှာ၊ နယ်စပ်ဒေသတွေမှာ ရွှေ့ပြောင်းနေထိုင်ကြနေကြရတယ်။ အခုဆိုရင် နှစ်ပေါင်း ၂၀ လောက် ရှိပြီ။ သို့သော် တိုင်းပြည်ရဲ့ အမျိုးသားရေးနဲ့ ပတ်သက်ရင်တော့ အမြဲတန်း စိတ်ဝင်တစား၊ တက်တက်ကြွကြွနဲ့ ရောက်ရာ ကျရာနေရာတွေကနေ လှုပ်ရှားမှုတွေ၊ တောင်းဆိုမှုတွေ၊ ရပ်တည်မှုတွေကို နှုတ်ပိတ်ခံထားရတဲ့ ပြည်တွင်းက ပြည်သူတွေကိုယ်စား ဆောင်ရွက်နေကြတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ၂၀၀၈ အခြေခံဥပဒေတို့၊ ၂၀၁၀ ရွေးကောက်ပွဲတွေကို လက်မခံဘူး၊ ကန့်ကွက် ဆန့်ကျင်ခဲ့ကြတယ်။ အဲသည်အတွက်ကို ဘာပြောချင်ပါသလဲ။
အခုလိုမျိုး လုပ်ကိုင် ဆောင်ရွက်တာတွေဟာ ခုချိန်မှာ အရေးကြီးတယ် လို့ ပြောချင်ပါတယ်။ တိုင်းရင်းသားတွေနဲ့ လက်တွဲလုပ်ကြဖို့ကိုလည်း မမေ့ကြစေချင်ဘူးနော်။ အခုချိန်ဟာ တကယ်တော့ ကျမတို့အတွက် အလွန်အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ အခုချိန်မှာ အားလုံးက စုပေါင်းအင်အားနဲ့ လှုပ်ရှားရမယ့် အချိန်ဖြစ်ပါတယ်။ ဒါကို သားတို့က သိမှာပါ။
အခုအချိန်မှာ အဖွဲ့ချုပ်အနေနဲ့ ပြည်တွင်းမှာ အရင်တုန်းကနဲ့ မတူတဲ့ ထောက်ခံမှုတွေ ရနေတယ်။ ဒါပေမယ့် တချိန်တည်းမှာလည်း အဖွဲ့ချူပ်ကို မှတ်ပုံတင်ထားတဲ့ အဖွဲ့ချူပ်မဟုတ်ဘူးဆိုတာမျိုး ဖြစ်အောင်လို့ လုပ်နေတာတွေလည်း ရှိနေတဲ့ အချိန်လည်း ဖြစ်နေတော့။ ဒါတွေက အများကြီး လုပ်ရမယ့် အချိန်ပဲ။
ဟုတ်ကဲ့ပါ။ ကျနော်တို့ ကြားသိ တွေ့မြင်ရသလောက်ကတော့ မြန်မာပြည်သူတွေ အားလုံးလိုလိုက အင်န်အယ်ဒီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဟာ နိုင်ငံရေးပါတီတခုအနေနဲ့တင်သာမကဘူး၊ မြန်မာပြည်သားတွေရဲ့ လူမှုအဖွဲ့အစည်း၊ နိုင်ငံပြု အဖွဲ့အစည်းလို မှတ်ယူထားပြီးသား ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။ နိုင်ငံတကာဖက်ကအနေနဲ့ကော ဘယ်လိုမျိုး မြင်ချင် တွေ့ချင်တာ ရှိပါသလဲ။
ဟုတ်ကဲ့။ နောက်တခုကလည်းလေ ဥပဒေကြောင်းအရ တတ်နိုင်သမျှ ၀န်းရံပြီးတော့ ပြောပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့ချူပ်ကို မှတ်ပုံတင်ထားတာကို ဖျက်မယ်ဆိုတာဟာ ဥပဒေနဲ့ မညီဘူး။ ကျမတို့ ရှေ့နေတွေနဲ့ သေသေချာချာ တင်ထားတယ်။ ဥပဒေကြောင်းအရသာ ဖြစ်ရမယ်ဆိုရင်တော့ အဖွဲ့ချူပ်ကို မှတ်ပုံတင် ရုပ်သိမ်းလို့ မရဘူး။ အဲဒါကို ကမ္ဘာတလွှားက ပညာရှင်တွေကနေပြီးတော့ ဒီဟာကို ထောက်ပြပြီးတော့ ဥပဒေအမြင်ကနေပြီးတော့ ထောက်ခံပေးတာကိုလည်း လုပ်ပေးစေချင်တယ်။ သားတို့လည်း လုပ်ပေးစေချင်တယ်။
ဟုတ်ကဲ့ပါ။ မြန်မာပြည်တွင်းက ဒေါ်စုတို့လို နိုင်ငံရေးခေါင်းဆောင်တွေ၊ အမျိုးသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအင်အားစုတွေရဲ့ ဆောင်ရွက်မှုတွေ၊ ချမှတ်ဖော်ဆောင်မှုတွေကိုလည်း အားလုံးက နားစွင့်ပြီး၊ စောင့်ပြီး နားထောင်ပြီး လိုက်ပါဆောင်ရွက်နေကြတယ်ဆိုတဲ့အကြောင်းကိုလည်း ပြောနေကြပါတယ် ခင်ဗျာ။
ကျေးဇူးတင်ပါတယ် သားရယ်။
နောက်တချက်ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး အလုပ်တွေ၊ လှုပ်ရှားမှုတွေမှာ အင်န်အယ်ဒီပါတီဘက်က ရပ်တည်ပေးနေကြတဲ့ ပြည်သူလူထုတွေ ရှိတယ်၊ တိုင်းရင်းသားတွေ နိုင်ငံရေး အစုအဖွဲ့တွေ ရှိနေတယ်။ ဒ့ါအပြင် တဖက်ကကြည့်ရင်လည်း တပ်မတော်တို့၊ မကြာခင်မှာ ပေါ်ထွန်းလာနိုင်တဲ့ လွှတ်တော်တို့ အခြားနိုင်ငံရေးအင်အားစုတွေနဲ့ကော ဘယ်လိုမျိုး လက်တွဲပြီး လုပ်သွားမယ်ဆိုပြီး မျှော်လင့်ထားသလဲဆိုတာကိုလည်း သိချင်ကြပါတယ်။
အန်တီတို့က ကြိုးစားနေတာပဲ။ အခုဆိုရင်လည်း ရွေးကောက်ပွဲဝင်ခဲ့တဲ့ ပါတီ ၁ ခု ၂ ခု နဲ့၊ တသီးပုဂ္ဂလတွေနဲ့လည်း တွေ့ပြီးပါပြီ။ အများကောင်းကျိုးကို တတ်နိုင်သမျှ လက်တွဲပြီး လုပ်ကြမယ်ဆိုတဲ့ သဘောတူညီချက် ရခဲ့ပါတယ်။ ဒီထက်ပိုပြီး ထပ် ထပ် ပြီးတော့ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေတွေ ဖြစ်အောင်လို့ ကြိုးစားသွားမှာပါ။ အဲသည်တော့ သားတို့တွေ အနေနဲ့ကလည်း သည်လိုကြိုးစားမှုတွေကို ထောက်ခံမယ် ပံ့ပိုးမယ်လို့ ဆိုတာကို ယုံကြည်ထားပြီးသားပါ။
အဲသည်မှာ မေးခွန်းတခုကတော့လေ …ဒီမိုကရေစီရေး လှုပ်ရှားမှုတွေထဲမှာ အင်န်အယ်ဒီရဲ့ ရပ်တည်မှုတွေထဲက အခြေခံအချက်တခုဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရမယ်၊ ဒီမိုကရေစီရေးကို အခြေခံတဲ့ အာမခံတဲ့ အခြေခံဥပဒေတရပ် ပေါ်ထွန်းလာရေးကို ထောက်ခံပြီး ဦးတည်ပြီး ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို ရည်မှန်းကြတယ်။ ဒီလိုမျိုး ဆောင်ရွက်နိုင်အောင်လို့ အခြားအင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေကို အားလုံးက ဘယ်လို စည်းရုံးကြမယ်လို့ မျှော်လင့်ပါသလဲ ခင်ဗျာ။
ဒါကတော့ ရွေးကောက်ပွဲဝင်ပြီးတဲ့သူတွေလည်း တော်တော် အခြေအနေတွေကို သိလာကြပါပြီ။ ဒီအတိုင်းဆက်သွားမယ်ဆိုရင် အစတုန်းကတော့PoliticalSpaceရဖို့လုပ်ခဲ့ကြတာ လို့ ဆိုတယ်။ တကယ်တန်းကျတော့ PoliticalSpaceရှိရဲ့လား၊ မရှိဘူးလား ဆိုတာကို လက်တွေ့ကျကျ သုံးသပ်ကြဖို့ လိုတယ်ဆိုတာကိုတော့ သားတို့က ထောက်ပြကြရလိမ့်မယ် ထင်တယ်။
အဲဒါကတော့ ဆောင်ရွက်ကြရတဲ့နေရာမှလည်းပဲ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေပေါ်မှာ မူတည်ပါတယ်။ ဒီကိစ္စတွေက ဘာနဲ့ စရမှာလဲ ဆိုတော့ နှစ်ဦး နှစ်ဖက် တွေ့ဆုံဆွေးနွေးတာနဲ့ စရမယ်။ အခုသုံးနေကြတဲ့ စကားကတော့ Exchange ပေါ့။ Engagement ပေါ့။Exchangeရှိရမယ်။Engagementရှိရမယ်။ Exchange ofIdeasရှိရမယ်။အပြန်အလှန်ဆွေးနွေးကြပြီးတော့မှကိုယ်ကနေပြီးတော့ဘယ်လိုပုံစံနဲ့ပြောရင် သူတို့နားလည်သဘောပေါက်မယ် ဆိုတာ အဲလိုဆုံးဖြတ်ရမှာပေါ့။
အဖွဲ့ချုပ်ကို လက်ရှိစစ်အစိုးရနဲ့ အခြားနိုင်ငံရေးအင်အားစုတွေက အနှောက်အယှက်ပေးတယ်။ မတရားမှုတွေ လုပ်လာတာမျိုးတွေ ရှိလာရင်၊ ဖြစ်လာရင် ပြည်သူလူထုအားလုံး ပါဝင်နိုင်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ ဘယ်လိုမျိုး ၀ိုင်းဝန်းပြီး လုပ်ကြရင် ကောင်းမှာလဲ ဆိုတာ ဘယ်လိုပြောချင်ပါသလဲ ခင်ဗျာ။
ပထမဦးဆုံးအဓိကအချက်ကတော့ Awarenessပိုပြီးရှိလာအောင် လုပ်ကြဖို့ ဖြစ်တယ် လို့ ပြောချင်ပါတယ်။ နိုင်ငံတကာအဆင့်နဲ့ကို Awarenessရှိလာအောင်လို့၊ ရှိနေအောင်လို၊့ အခြေအနေကို အများကနေပြီးတော့ ပိုပြီး သိလာအောင်လို့၊ ထောက်ခံလာအောင်လို့ လုပ်ကြတဲ့နေရာမှာ အပြင်က လုပ်ပေးနိုင်တာက အထဲမှာ အန်တီတို့ မလုပ်ပေးနိုင်တာ အများကြီး ရှိတယ်။ အထဲမှာ အန်တီတို့လုပ်မယ့် လှုပ်ရှားမှုတွေကို အပြင်ကလည်း သိမှာပဲ။ သိကြလို့ရှိရင် ကိုယ့်အထိုက်အလျောက် ၀ိုင်းကြဖို့၊ ၀န်းကြဖို့ပါပဲ။ ဒါတွေက အန်တီတောင် ပြောဖို့ မလိုဘူး ထင်ပါတယ်။ အခု သားတို့ လုပ်နေကြပဲ။ လုပ်ပေးနေကြပဲ။
ဟုတ်ကဲ့ပါ။ အဲသည် လုပ်ပေးနေကြပဲ ဆိုတဲ့နေရာမှာ တခုကတော့ နိုင်ငံတကာက စစ်အစိုးရကို ပိတ်ဆို့အရေးယူထားတဲ့ Sanction ဆိုတဲ့အပေါ် ဒီဘက်ကသဘောထားတွေ အနေနဲ့ ပြောချင်ပါတယ်။ ဒီ နိုင်ငံတကာက ဒီမိုကရေစီလိုလားတဲ့ နိုင်ငံတွေက မြန်မာစစ်အစိုးရကို ပိတ်ဆို့အရေးယူထားတယ်ဆိုတာက မြန်မာပြည်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ထောက်ခံတဲ့ သဘောကို ပြတဲ့အနေနဲ့ အရေးယူမှုဖြစ်တယ်။ ထောက်ခံမှုကို ပြသတဲ့ သဘောအဖြစ် မှတ်ယူထားကြတာဖြစ်ပါတယ်။ ဒါတွေဟာ မြန်မာပြည်ဒီမိုကရေစီရေးမှာ မြင်သာတဲ့ တိုးတက်ပြောင်းလဲမှုတွေ မဖြစ်မချင်းမှာ ဆက်လက်ကိုင်စွဲသွားရမယ့် အရေးယူမှုတခုဖြစ်တယ်လို့ ဒီမိုကရေစီရေးလိုလားသူ မြန်မာကွန်မြူနီတီတွေရဲ့ သဘောထားလို့ ပြောပြချင်ပါတယ် ခင်ဗျာ။
ဒါလဲ အန်တီတို့က သဘောတူပါတယ်။ အန်တီတို့အနေနဲ့က အခြေအနေတွေကို ပြန်ပြီး Review လုပ်မယ်လို့ပဲ ပြောတာပါ။ အခုလို ပြောပြတာတွေနဲ့ ပတ်သက်လို့ သဘောမတူစရာအကြောင်း အန်တီတို့ဖက်က ဘာမှ မရှိဘူး။ Sanction တွေကြောင့်မို့လို ဒီမှာ စီးပွားရေးအခြေအနေတွေ မကောင်းတာပါ လို့ပြောနေကြတာကလဲ မဟုတ်ဘူး ဆိုတာကို ယုံတယ်။ ဒါကိုလည်း ထင်ထင်ရှားရှားပေါ်လွင်အောင်လည်း အန်တီတို့အနေနဲ့က လုပ်မယ်။ လူထုကို ထိခိုက်နေတာတွေ ရှိတယ် ဆိုရင်လည်း ကြည့်ပြီးတော့ ပြန်စဉ်းစားရမှာပေါ့။ ဒါပေမယ့် ခုနက သားပြောသွားတာတွေကလည်း အန်တီတို့ရဲ့ အခြေခံမူပါပဲ။
နောက်တဆင့်ထပ်ပြောချင်တာကတော့ ဒီလိုမျိုး နိုင်ငံတကာက စစ်အစိုးရကို ပိတ်ဆို့အရေးယူထားတာတွေ ရှိတဲ့ကြားထဲကပဲ နောက်ပိုင်းတွေမှာ ၂၀၀၃ မေလ ဒီပဲယင်းလုပ်ကြံမှုလိုမျိုး ဒေါ်စုနဲ့ အင်န်အယ်ဒီကို အကြမ်းဖက်မှုတွေ လုပ်တယ်။ နောက်ပိုင်း ထင်ရှားတာတွေက ၂၀၀၇ သံဃာ့အရေးအခင်းတွေ၊ ၂၀၀၈ နာဂစ်အရေးအခင်းတွေမှာ လက်နက်မဲ့တဲ့ အပြစ်မဲ့တဲ့ ပြည်သူလူထုအပေါ်မှာ စစ်အစိုးရနဲ့ အပေါင်းအပါတွေက မတရားမှုတွေ လုပ်တယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဖမ်းဆီး သတ်ဖြတ် နှိပ်စက် ထောင်ချတာတွေကို လုပ်တယ်။ ဒါတွေကို နောင်ဆက်မဖြစ်အောင် ဟန့်တားနိုင်အောင်လို့၊ ဖြစ်ခဲ့တာတွေကိုလည်း အမှန်တရားအတိုင်း ပေါ်ပေါက်ဖော်ထုတ်နိုင်အောင်လို့ ကုလသမဂ္ဂလိုမျိုး အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာဥပဒေအရ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ပေါ်လာအောင် အရေးယူနိုင်အောင် လုပ်လာကြတာတွေ ဖြစ်တယ် ဆိုတာကလည်း ဒီမှာရှိနေတဲ့ မြန်မာကွန်မြူနီတီတွေကိုယ်တိုင်ရဲ့ သဘောထားဖြစ်တယ်လို့ ပြောချင်ပါတယ်။
ဒါလဲ အန်တီတို့ သဘောတူပါတယ်။ သဘောမတူစရာ အကြောင်းမရှိပါဘူး။ ဒီမူတွေဟာ မှန်တယ်လို့ အန်တီတို့ ယုံကြည်တယ်။ ဒါပေမယ့်လည်း အချိန်ကာလအလျောက် ပြန်ပြီးတော့ Reviewလုပ်မယ် ဆိုတာကလည်း တာဝန်အရ Reviewလုပ်မှာပေါ့နော်။ Reviewလုပ်တယ် ဆိုတာကလည်း အန်တီတို့ တွေ့တိုင်းအတိုင်းပဲ ထုတ်ဖော် ပြောဆိုမှာ ဖြစ်ပါတယ်။ အန်တီအနေနဲ့ကလည်း စီးပွားရေးဒုက္ခတွေ ဖြစ်နေတာဟာ Sanction တွေကြောင့် မဟုတ်ဘူးဆိုတာလည်း ပေါ်လွင်အောင် ဆွေးနွေးပြီးတော့ ဖော်ထုတ်ပေးရမှာပေါ့။ အဲဒါကိုလည်း အန်တီတို့ကလည်း တန်ဖိုးထားပါတယ်။
နောက်ဆုံးတခုအနေနဲ့ကတော့ ပင်လုံညီလာခံကြီးကို ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ကို အားလုံးက မျှော်လင့်နေတယ်။ မြန်မာပြည်သူတွေကိုယ်တိုင်ကလည်း ရောက်ရာ၊ ရာရာနေရာတွေကနေပြီး ဘယ်လို အခမ်းကဏ္ဍတွေကနေပြီး ဘယ်လို ၀ိုင်းဝန်းကြရမလဲဆိုတာကို ကြိုဆိုနေကြတယ် လို့ ပြောကြားနေကြတဲ့အကြောင်း၊ စိတ်အားထက်သန်နေကြတဲ့အကြောင်းကို ပြောပြလိုပါတယ်။
ကျေးဇူးတင်တယ် သားရယ်။ ဒါနဲ့ ပတ်သက်လို့လဲ အန်တီတို့က အကူအညီလိုမှာပါ။ အကူအညီလိုတဲ့အခါကျရင် အန်တီတို့ ဆက်သွယ်မယ်လေ။ ဆက်သွယ်လို့ရအောင်ကိုလည်း အဖွဲ့ချုပ်က တာဝန်ရှိသူတွေကို ပြောပြထားကြရင် ကောင်းမယ် ထင်တယ်နော်။ အခုလို ပြောကြတာတွေဟာ တန်ဖိုးရှိပါတယ်။ ဒီလိုပြောတဲ့အခါကျတော့လည်း အတွင်းမှာရှိတဲ့ အန်တီတို့ သဘောထားတွေနဲ့ အပြင်က သဘောထားတွေနဲ့က ကွာခြားမှုမရှိဘူး။ ကွာဟမှု မရှိဘူး ဆိုတာ သိရတော့လည်း အန်တီတို့အတွက် အားတက်စရာပေါ့။
သားတို့အားလုံး ကျန်းကျန်းမာမာရှိအောင် နေကြနော်။ ကျန်တဲ့သူတွေကိုလည်း အန်တီက နှုတ်ဆက်လိုက်တယ်။ မေတ္တာပို့လိုက်ပါတယ်လို့ ပြောလိုက်ပါနော်။
ဒါတွေကတော့ ၂၆ ရက် နိုဝင်ဘာ ညနေခင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ခေတ္တ ဆုံတွေ့ခွင့်ရချိန်မှာ မိုးမခ၀ိုင်းတော်သားများရဲ့ တင်ပြဆွေးနွေးမှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေများပဲ ဖြစ်ပါတယ်။
အဲသည်လို တွေ့ဆုံချိန်လေးအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ မြန်မာပြည်ရဲ့ ကဗျာဆရာကြီး ဦးတင်မိုးအကြောင်းကို အမှတ်တရ စကားပြောပါတယ်။ ဆရာ့အစီအစဉ်တွေကို လေလှိုင်းများကတဆင့် အမြဲတမ်း နားထောင်နေခဲ့တဲ့အကြောင်း ဆရာဦးတင်မိုးရဲ့ သမီးငယ် မိုးချိုသင်းကိုလည်း နှုတ်ဆက်စကားပြောပါတယ်။ အခုတော့ ဆရာဦးတင်မိုးအသံတွေ မကြားရတော့ပေမယ့် ဆရာ့ဦးတင်မိုးရဲ့ မိတ်ဆွေ ဆရာမောင်စွမ်းရည်ရဲ့ အသံတွေကတော့ ဆက်ကြားနေဆဲ ဖြစ်ကြောင်းနဲ့ ဆရာမောင်စွမ်းရည်နဲ့ စာပေမိတ်ဆွေများကို နှုတ်ဆက်လိုက်ကြောင်းကိုလည်း စကားလက်ဆောင် ပေးခဲ့ပါတယ်။

vrijdag 26 november 2010

သတင်းစာဆရာတဦးနဲ့မိုးမခစကားလက်ဆုံ ဒေါ်စုနဲ့အင်န်အယ်ဒီဟာပြည်ထောင်စုဖြိုခွဲသူလား

မိုးမခ
နိုဝင်ဘာ ၂၆၊ ၂၀၁၀
ဒီတပတ်မှာ သတင်းစာဆရာတဦးနဲ့ စကားလက်ဆုံမှာတော့ ၂၀၀၇ နောက်ပိုင်း အခြေအနေတွေကို တွေ့မိမြင်မိသလောက် ပြောဆိုဖြစ်တာတွေ ဖြစ်ပါတယ်။
အယင်က စကားဆက်ကို ပြန်ကောက်ရရင်တော့ ၂၀၀၇ သံဃာ့အရေးအခင်းနောက်ပိုင်းမှာ နိုင်ငံတကာဖိအားတွေအရ ပြည်တွင်းက လူထုရဲ့ နိုင်ငံရေးအရ တင်းမာမှုတွေ ဖြစ်လာတာကြောင့် စစ်အစိုးရက ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးတာတွေ၊ ကုလကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်ပေးတာတွေ လုပ်လာတယ်။ အဲသည်မှာလည်း ဒေါ်စုနဲ့လည်း အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးတယ်လို့ သိရပါတယ်။ အဲသည်မှာလည်းပဲ လူထုက ဘာမှ မသိရှိရတဲ့ လျို့ဝှက်ဆွေးနွေးပွဲတွေပဲ ဖြစ်တာပဲ မဟုတ်လား။
ဟုတ်ပါတယ်။ ၂၀၀၇ သံဃာ့အရေးအခင်းကြောင့် နိုင်ငံတကာဖိအားတွေ၊ ပြည်တွင်းနိုင်ငံရေး တင်းမာမှုတွေကို ဖြေရှင်းနိုင်တဲ့သူ၊ မျှော်လင့်ချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ဖြစ်လာတယ်။ စစ်အစိုးရကိုယ်တိုင်ကလည်း တွေ့ဆုံတယ်။ ဒါပေမယ့်လည်း တွေ့ဆုံဆွေးနွေးနေတာတွေက ဘာမှ သတင်းထုတ်ပြန်မှုတွေ ၂ ဖက်စလုံးဆီက လူထုက မကြားသိရဘူး။ နောက်တော့ ဗိုလ်သန်းရွှေက ဒေါ်စုနဲ့ တွေ့ဖို့ကို ကြိုတင်သတ်မှတ်ချက်တွေ ချလိုက်တာက တွေ့ဆုံရေးကို ပျက်ပြားသွားစေတယ်။
ဟုတ်ကဲ့။ ၂၀၀၇ အောက်တိုဘာမှာ ဗိုလ်သန်းရွှေက ဒေါ်စုသည် တိုင်းပြည်ကို ပျက်စီးစေတဲ့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး၊ နောက် ထိပ်တိုက်ရင်ဆိုင်ရေးသဘောထားတွေကို စွန့်လွှတ်ကြောင်း ကြေငြာမှသာလျင် သူက ဒေါ်စုနဲ့ တွေ့ဆုံမယ်လို့ ပြောလိုက်တာ မဟုတ်လား ဆရာ။
ဟုတ်တယ်။ အဲသည်နောက်မှာ စစ်အစိုးရက အမျိုးသားညီလာခံရဲ့ ရလဒ် အခြေခံဥပဒေဥပဒေကို လူထုဆန္ဒမဲခံယူပြီးတော့ အတည်ပြုချက် ခံယူတော့မယ်ဆိုပြီး လုပ်လာတယ်။ အဲသည်မှာ ပြည်တွင်း ပြည်ပမှာ သဘောထားတွေ မျိုးစုံပေါ်ပေါက်လာတယ်။ အဲသည်မှာ အင်န်အယ်ဒီပါတီက ထူးခြားတဲ့ ထုတ်ဖော်ပြောဆိုမှု မလုပ်နိုင်ဘူး။ ဒေါ်စုကိုယ်တိုင်ကလည်း အင်န်အယ်ဒီပါတီကနေပြီး တဆင့် ထုတ်ဖော်ပြောဆိုမှုတွေ လုပ်နေတာထက် တကိုယ်တော်နိုင်ငံရေးအလုပ်တွေ၊ ထုတ်ဖော်ပြောဆိုမှုတွေ လုပ်လာတယ်လို့ထင်တယ်။ဥပမာ-ကုလကိုယ်စားလှယ်ဂမ်ဘာရီကနေတဆင့်စာရေးသားပြီး ခုနင်ကပြောသလို ပြည်သူတွေ၊ တိုင်းရင်းသားတွေကသာ လက်ခံတယ်ဆိုရင် ကျမက ဆောင်ရွက်ပါ့မယ် ဆိုတာမျိုး ပြောလာတာ။ ခြံရှေ့က တံခါးထိပ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေ ချိတ်ဆွဲထားတာတွေ။
ဟုတ်ကဲ့။ အဲသည်အချိန်တုန်းက ပြည်တွင်းက တယောက်တလက်နိုင်ငံရေး အင်အားစုတွေကြားမှာ မဲပေးရေး၊ မပေးရေး လှုပ်ရှားမှုတွေ၊ ဆွေးနွေးချက်တွေ ပေါ်လာတယ်။ ကိုဇာဂနာကလည်း အဲသည်တုန်းက အပြင်မှာ ရှိနေသေးတယ်။ တချို့က ကန့်ကွက်မဲပေးမယ်။ တချို့က မဲမပေးဘူး။ ဒါမျိုး ကွဲလွဲကြတယ် မဟုတ်လား ဆရာ။ ပြည်တွင်းမှာ ကန့်ကွက်မဲပေးဖို့ လှုပ်ရှားကြတယ် ထင်တယ်။ Vote No လှုပ်ရှားမှု …

ဟုတ်ပါတယ်။ ဒေါ်စုက ကန့်ကွက်မဲပေးမယ်လို့ ပြောတယ်ဆိုပြီး သတင်းထွက်လာတယ်။ ၂၀၀၈ အခြေခံဥပဒေဆိုတာက အမျိုးသားညီလာခံကနေ ပြည်သူတွေဆန္ဒမပါဘဲ စစ်အာဏာရှင်အလိုကျ ရေးဆွဲတာ ဖြစ်တဲ့အတွက်သူ့အနေနဲ့ကန့်ကွက်မဲထည့်မယ်။VoteNoလို့ ပြောတယ် ဆိုပြီး သတင်းဖြစ်တယ်။ အပြင်မှာ အခု၂၀၁၀ရွေးကောက်ပွဲကို လက်ခံသင့် မခံသင့် အင်န်အယ်ဒီက ဆုံးဖြတ်ချိန် ဒေါ်စုက ဗူးသီးကြီးပေးလိုက်တယ် ဆိုသလိုမျိုး ဟိုးလေးတကျော် မဖြစ်ခဲ့ဘူး။ အဲသည်တုန်းကလည်း တယောက်တလက် နိုင်ငံရေးလှုပ်ရှားမှုပဲ။ ဒေါ်စုကိုယ်တိုင်ကလည်း သူတဦးတည်း သဘောအဖြစ် ကန့်ကွက်မဲပေးတယ်လို့ ပဲ လူတွေက နားလည်တယ်။ အားလုံးကို လုပ်ခိုင်းတယ်လို့ သိပ်မမြင်ခဲ့ကြဘူး ထင်ပါတယ်။
ဟုတ်ကဲ့။ အဲသည်တုန်းက ပြန်ကြည့်မယ်ဆိုရင် ၂၀၀၇ မှ သံဃာအရေးအခင်းဖြစ်တယ်။ ဒေါ်စုကို စစ်အစိုးရက ဟန်ပြ ပွဲထုတ်တယ်။ ၂၀၀၈ အခြေခံဥပဒေ ပြဋ္ဌာန်းမယ်ဆိုပြီးတော့ သူတို့စိတ်ကြိုက် ရှေ့တိုးလာတယ်လို့ ပြောရင် ရမှာလား။ အဲသည်အချိန်မှာတုန်းက တချို့က ပြောတာကတော့ ၂၀၀၇ သံဃာ့အရေးအခင်းအကြောင်းပြုပြီး ၂၀၀၈ အခြေခံဥပဒေ အတည်ပြုခွင့်ရသွားတယ်။ စစ်အစိုးရဖက်က နိုင်ငံရေး လုပ်ငန်းစဉ်တွေ ပိုမို လျင်မြန်လာတယ် ဆိုပြီး အကောင်းမြင်ကြတဲ့ သူတွေလည်း ရှိလာတယ် မဟုတ်လား။
ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေတွေဖြစ်တဲ့ ဦးဉာဏ်ဝင်းတို့၊ ဦးကြည်ဝင်းတို့နဲ့ တွေ့ဆုံဆွေးနွေးခွင့်တွေ ရပါတယ်။ ဒါပေမယ့် သူတို့တွေက အင်န်အယ်ဒီခေါင်းဆောင်ပိုင်းတွေက မဟုတ်တော့ ပြည်သူတွေ သိရှိနိုင်တဲ့ သတင်းစကားတွေကို ထုတ်ပြန်နိုင်ဖို့က အရမ်းမဖြစ်နိုင်ဘူး ထင်တယ်လေ။ ဘာပဲပြောပြော ၂၀၀၈ မှာ အခြေခံဥပဒေအတည်ပြုဖို့ ဆန္ဒခံယူပွဲ ကျင်းပလိုက်တယ်။ အဲသည်မှာလည်းပဲ နာဂစ်မုန်တိုင်းကြီး ကျတယ်။ ပြည်သူတွေကလည်း လက်ရှိသူတို့ရှိနေတဲ့ အနေအထားအတိုင်း တယောက်တလက်၊ ကိုယ်ထူကိုယ်ထ လူမှုရေးလုပ်ငန်းတွေနဲ့ ဒုက္ခသည်တွေကို ကူညီဖို့ ကြိုးစားတယ်။ အဲသည်မှာ လူတွေရဲ့ ကြားထဲမှာ ထင်ရှားတာက ကိုကျော်သူတို့၊ ကိုဇာဂနာတို့ရဲ့ ဦးဆောင်တဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ဒေသအလိုက် နယ်ပယ်အလိုက် ဆရာတော်တွေ ဦးဆောင်မှုတွေနောက်လိုက်ပြီး လှုပ်ရှားကြတယ်လို့ ထင်ပါတယ်။
ဟုတ်ကဲ့။ အဲသည်မှာ ဖြည့်ပြီးပြောချင်တာတခုက ဒေါ်စုနဲ့ ၂၀၀၇ နှောင်းပိုင်းမှာ စစ်အစိုးရက ခေါ်ယူတွေ့ဆုံဖို့ ဆောင်ရွက်ခဲ့သလိုပဲ ကိုဇာဂနာကိုလည်း စစ်အစိုးရက ခေါ်ယူတွေ့ဆုံတာတွေ ရှိပါတယ်။ ကိုဇာဂနာကိုယ်တိုင်ကလည်း တွေ့ဆုံဆွေးနွေးမှုတွေရဲ့ ဖြစ်ထွန်းမှုတွေကို ထုတ်မပြောခဲ့ဘူး။ ဒေါ်စုနဲ့တောင် ကိုဇာဂနာကိုယ်တိုင် စစ်အစိုးရတွေရဲ့ တွေ့ဆုံမှုတခုမှာ အ၀င်အထွက် တွေ့ခဲ့ကြသေးတယ်လို့ ပြောတယ်။ ကိုဇာဂနာကို ဒေါ်စုက အမှာစကားတခုပြောခဲ့တဲ့နေရာမှာ ကိုဇာဂနာက အမျိုးသားရေးကို လုပ်ကိုင်လာတဲ့ဆီမှာ ပြည်သူတွေရဲ့ အသံနဲ့ ခံစားချက်ကို ကိုယ်စားပြုသူတဦးအဖြစ် ရပ်တည်သွားပါလို့ မှာသွားခဲ့တယ်လို့ ကျနော်တို့ ကြားသိခဲ့ရပါတယ်။ သို့သော်လည်း ကိုဇာဂနာနဲ့ စစ်အစိုးရလူတွေ ဘယ်လိုပဲ အ၀င်အထွက် ရှိရှိ နောက်ဆုံးမှာ နာဂစ်အရေးအခင်းနဲ့ ပတ်သက်ပြီး ကိုဇာဂနာက စစ်အစိုးရကို ဝေဖန်ပြစ်တင်တာတွေ လုပ်လာလို့ဆိုပြီးတော့ ကိုဇာဂနာကို ထောင်ဒဏ် အနှစ် ၆၀ ကျော်ချပြီး အရေးယူပစ်လိုက်တယ် မဟုတ်လား ဆရာ။
ဟုတ်ပါတယ်။ ဗိုလ်သန်းရွှေက ဒေါ်စုဟာ စီးပွားရေးပိတ်ဆို့မှုတွေ၊ ထိပ်တိုက်ရင်ဆိုင်ရေးတွေကို စွန့်လွှတ်မယ့်သူ မဟုတ်ဘူး၊ ဒါကြောင့် တွေ့ဆုံဆွေးနွေးခြင်း မဖြစ်မြောက်ဘူး။ ဒီလိုအချက်တွေကြောင့် စစ်အစိုးရအနေနဲ့ တိုင်းပြည်ကြီး ပြည်ထောင်စုကြီးရဲ့ အကျိုးစီးပွားအတွက်က ၂၀၀၈ အခြေခံဥပဒေကို ၀ိုင်းပြီး အတည်ပြုကြပြီးတော့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ကြဖို့ ဆိုပြီးတော့ ခြေလှမ်းလိုက်တာ ဖြစ်တယ်။ ဒေါ်စုတို့ အင်န်အယ်ဒီတို့ရဲ့ အခမ်းကဏ္ဍကို ဖယ်ရှားလိုက်သလိုမျိုးတောင် ပြောချင် ရတယ်။ နာဂစ်မုန်တိုင်းဖြစ်လာတာက သူတို့အတွက် တဖက်က နိုင်ငံတကာမှာ အရှက်ရတာတွေ ရှိသော်လည်းပဲ သူတို့အတည်ပြုချင်တဲ့ ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့တယ်။ ပြည်တွင်း ပြည်ပက မဲဆန္ဒခံယူတာတွေဟာ မှန်ကန်မှုမရှိဘူးလို့ ပြောတဲ့ကြားကပဲ အတည်ပြုခဲ့တာ ဖြစ်တယ်။
ဟုတ်ကဲ့ပါဆရာ။ ဒါပေမယ့် နာဂစ်အရေးအခင်းအလွန်မှာ ဒေါ်စုကိုယ်တိုင်ကလည်း ကုလကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံနေတာတွေကို ၂၀၀၈ သြဂုတ်လမှာ ငြင်းပယ်လိုက်တယ်။ ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲ ကျင်းပတော့မယ့် အလားအလာက ပြည်တွင်းမှာ ပေါ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကလည်းပဲ ပြည်သူတွေက မည်သို့ပင် မျှော်လင့်နေစေကာမူ စစ်အစိုးရဘက်က အရေးယူပိတ်ဆို့မှုတွေကြောင့် ပြန်လည် မှေးမှိန်သွားတယ်လို့ ပြောရင် ရမယ်ထင်ပါတယ် ဆရာ။ ပြည်သူတွေထဲက တယောက်တလက်၊ ကိုယ်ထူကိုယ်ထနိုင်ငံရေးလှုပ်ရှားမှုတွေကိုယ်တိုင်လည်း စစ်အစိုးရရဲ့ စိန်ခေါ်မှု၊ ကန့်သတ်မှုတွေကြောင့် အေးစက်မှုတွေ ပြန်ဖြစ်လာတယ်လို့ ပြောရမလားပဲ။
ဟုတ်တယ်။ ဒါပေမယ့် ၂၀၀၈ စက်တင်ဘာမှာ ထောင်ဒဏ်အနှစ် ၂၀ နီးပါးကျခံနေရတဲ့ ဦးဝင်းတင် ပြန်လည် လွတ်မြောက်လာတယ်။ အဲသည်မှာ မြန်မာပြည်သူတွေ မျှော်လင့်နေသလိုပဲ ဆရာဦးဝင်းတင်ကိုယ်တိုင်က မီဒီယာတွေက တဆင့် သူ့သဘောထားတွေ အတွေ့အကြုံတွေကို ပွင့်ပွင့်လင်းလင်း ပြောလာတယ်။ အင်န်အယ်ဒီနဲ့တကွ နိုင်ငံရေး၊ စာပေစာနယ်ဇင်း အသိုင်းအ၀ိုင်းကြားမှာ သွားလာ လှုပ်ရှားပြီးတော့ ပြန်လည် နိုးထမှုတွေ ဖြစ်ပေါ်လာစေတယ်လို့ ပြောရင် ရမယ် ထင်ပါတယ်။ ဦးဝင်းတင် လွတ်မြောက်လာတဲ့အခါ အလုပ်လမ်းညွှန်တွေ၊ တွေးခေါ်မှုတွေ၊ လုပ်ငန်းစဉ်တွေ ပေးလာတယ် လို့ မြင်ပါတယ်။ ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ အလားအလာကို ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ဆရာဦးဝင်းတင်တို့က ၂၀၀၉ ဧပြီမှာ ရွှေဂုံတိုင်ကြေငြာစာတမ်း ထုတ်ပြန်လိုက်တယ်လေ။ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့၊ ဒေါ်စုနဲ့ တကွ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ကိုင်ဖို့ ဆိုတာတွေ ထုတ်ဖော်ပြောဆိုတဲ့ ရပ်တည်ချက်တွေလေ။
ဟုတ်ကဲ့ပါ ဆရာ။ ၂၀၀၉ မေမှာ ဒေါ်စုကို နိုင်ငံခြားသား ယက်တော နေအိမ်ထဲ ၀င်ရောက်တာနဲ့ စစ်အစိုးရက အင်းစိန်ထောင်ကို ဖမ်းဆီးအရေးယူခဲ့တယ်။ ဦးဝင်းတင်နဲ့ အယ်န်အယ်ဒီပါတီဝင်တွေက အင်းစိန်ထောင်ရှေ့မှာ လူထုဆန္ဒကို ထုတ်ဖော်ပြသဖို့ ကြိုးစားတယ်။ ဒေါ်စုကိုယ်တိုင်ကလည်း ပါတီက ဥပဒေပညာရှင်တွေနဲ့ တွဲပြီးတော့ စစ်အစိုးရကို တရားဥပဒေကြောင်းထဲက ရင်ဆိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါတွေဟာ ၂၀၀၉ ရဲ့ ထင်ရှားမှုတွေပဲ။ နိုင်ငံတကာနဲ့ ပြည်တွင်းက သဘောထားတွေ၊ လှုပ်ရှားမှုတွေက ဒေါ်စုရဲ့ အမှုကိစ္စမှာ တသားတည်း၊ တသံတည်း ရပ်တည်မှုတွေက ထင်ရှားနေတာကြောင့် နောက်တော့ ဒေါ်စုကို အကျယ်ချုပ် ၁၈ လ ချမှတ်ပြီး အရေးယူလိုက်တယ် မဟုတ်လား ဆရာ။ ဒီအကျယ်ချုပ် ချမှတ်မှုဟာ စစ်အစိုးကျင်းပလိုတဲ့ ရွေးကောက်ပွဲအတွက် ဒေါ်စုနဲ့ အင်န်အယ်ဒီရဲ့ အခမ်းကဏ္ဍကို ကြိုတင်ကန့်သတ်မှုတခု မဟုတ်လားဆရာ။
အဲသလို ပြောမယ်ဆိုရင် ပြောလို့ ရမယ် ထင်ပါတယ်။ အဲသည်နောက်မှာ ၂၀၁၀ နှစ်ဆန်းမှာ ရွေးကောက်ပွဲ ကျင်းပတော့မယ်လို့ စစ်အစိုးရ ကြေညာလိုက်တာတွေ၊ အင်န်အယ်ဒီထဲကနေ တချို့က ပဲ့ထွက်လာပြီးတော့ ရွေးကောက်ပွဲ ၀င်လာကြတာတွေ့၊ ဒါတွေကို ဒေါ်စုကော၊ အင်န်အယ်ဒီပါတီဝင်တွေကော၊ ဦးဝင်းတင်တို့၊ ဦးတင်ဦးတို့တွေက ဘယ်လို ရင်ဆိုင်ခဲ့ကြတယ် ဆိုတာကတော့ ခင်ဗျားတို့ရဲ့ အင်တာဗျူးတွေမှာ ဆရာဦးဝင်းတင်က အသေးစိတ်ပြောခဲ့ပြီပဲလေ။ အခုလက်ငင်းအခြေအနေတွေကိုလည်း စာဖတ်ပရိသတ်က သိနေပြီ ဖြစ်မှတော့ ဒါကို ဒီမှာပဲ တခန်းရပ်လိုက်ရင် ကောင်းမယ် ထင်ပါတယ်။
ဟုတ်ကဲ့ပါဆရာ။ အခုအချိန်မှာတော့ဖြင့် စစ်အစိုးရနဲ့ အပေါင်းအပါတွေက ၂၀၀၈ အခြေခံဥပဒေတွေ၊ ၂၀၁၀ ရွေးကောက်ပွဲတွေနဲ့ စစ်အာဏာရှင်အလိုကျ ပြည်ထောင်စုကြီး ထူထောင်ဖို့ အရေးကနေပြီး အခုအချိန်မှာ ဒေါ်စုနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေ၊ နိုင်ငံရေး အင်အားစုတွေရဲ့ နိုင်ငံရေးပေါင်းစည်းမှုနဲ့ ဖယ်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ဖို့အရေးက ပြန်လည်နိုးထလာပြီလို့ ပြောရင်းနဲ့ တခန်းရပ်လိုက်ပါမယ် ဆရာရေ။

zondag 5 september 2010

အိန္ဒြာကျော်ဇင်နှင့် မကြာခင် လက်ထပ်မည်ဟု ပြေတီဦး ကြေညာပြီ

ဓာတ်ပုံသတင်း
စက်တင်ဘာ ၅၊ ၂၀၁၀
        ဇန်နဝါရီတွင် အိန္ဒြာကျော်ဇင်နှင့် လက်ထပ်မည်ဟု ပြေတီဦးက ယခုတပတ်ထုတ် TRUE NEWS ဂျာနယ်ကို ပြောလိုက်သည်။ စက်တင်ဘာ ၁ ရက် နေ့စွဲဖြင့် ရေးထားသော မျက်နှာဖုံး သတင်းတွင် "ပရိသတ်တွေ ကြားထဲမှာ ထွက်ပေါ်နေတဲ့ သတင်းက အမှန်တကယ် ဖြစ်ပါတယ်။ ကျွန်တော် ဇန်န၀ါရီလထဲမှာ မင်္ဂလာ ဧည့်ခံပွဲ ကျင်းပမှာပါ" ဟူသော ပြေတီဦး၏ စကားကို တွေ့ရသည်။ ရက် အတိအကျ မသတ်မှတ်ရသေးဟု မင်းသားက ဆိုသည်။
ဗီဒီယို ရုပ်ရှင် မင်းသား မင်းသမီး ချစ်သူ နှစ်ဦး အကြောင်း မိုးမခ သတင်းဟောင်း

iTunes မှာ လေးဖြူရဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတွေ ရောင်းပြီ

မိုးမခအထောက်တော် အမှတ် ၅
   စက်တင်ဘာ ၅၊ ၂၀၁၀

http://itunes.apple.com/us/album/than-yaw-zin/id387819567?i=387819809သို့သွားလျှင် လေးဖြူသီချင်း အရောင်းဌာနကို တွေ့ရမည်။
လေးဖြူ၏ “ဘင်္ဂလားပင်လယ်အော်” စီးရီးမှ သီချင်းများကို iTune အကောင့် ရှိသူတို့ ဒေါင်းလုတ် လုပ်နိုင်ကြပေပြီ။ သို့သော်လည်း တပုဒ် ဒေါင်းလုတ် လုပ်လျှင် ၁ ဒေါ်လာ ($ 0.99) ကုန်ကျမည်ဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်တွင် သီချင်း ၁၃ ပုဒ် ပါဝင်သည်။ iTune လေးဖြူ၏ သီချင်းများကို စက္ကန့် ၃၀ စီ အခမဲ့ မြည်းစမ်းနိုင်ကြောင်း တွေ့ရသည်။။
iTunes က မြန်မာအဆိုတော် မြန်မာသီချင်းကို ပထမဦးဆုံး ရောင်းချခြင်း ဖြစ်သည်ဟု ယနေ့ထုတ် အလင်းတန်းဂျာနယ် သတင်းတပုဒ်တွင် ရေးထားသည်။
သီချင်းရောင်းရငွေ မည်သို့ ခွဲဝေမည်ကို မသိရသေးပေ။
ထို iTunes အင်တာနက် စာမျက်နှာကို နာမည်ကျော် Apple ကုမဏီက ပိုင်ဆိုင်သည်။ သီချင်းများ အပြင် ရုပ်ရှင်၊ ဂိမ်း၊ အသံထွက်စာအုပ်၊ တယ်လီဖုန်းမြည်သံ စသဖြင့်တို့ကိုလည်း ဒေါင်းလုတ် လုပ်နိုင်သည်။
iTunes ရှိ သီချင်းဈေးနှုန်းကို အနည်းဆုံး $0.69 မှ အများဆုံး $1.29 အထိ တွေ့ရသည်။
Apple က iTunes ကို လွန်ခဲ့သည့် ၉ နှစ်ကျော်က ဖန်တီးခဲ့ခြင်းဖြစ်သည်။
Apple ၏ ထုတ်ကုန်များ ဖြစ်သော iPod, iPod Touch တို့မှလည်း လေးဖြူသီချင်းတွေ ဒေါင်းလုတ် လုပ်ပြီး ၀ယ်နိုင်ပြီ
BurmeseActivistsCommunitystagedprotestBurmesePwe

zondag 29 augustus 2010

ဦးဝင်းတင်နဲ့ မေးခွန်းများ

တပ်မတော်ကိုယ်တိုင်က တိုင်းပြည်နဲ့ ထပ်တူ မတည်ငြိမ်တော့တဲ့ အခြေအနေဖြစ်လာတယ်
မိုးမခ
သြဂုတ် ၂၉ ၊ ၂၀၁၀
သြဂုတ်လ ၂၇ ညနေခင်း မှာ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ ပြောင်းလဲလိုက်တယ်။ စစ်ခေါင်းဆောင် ၃ ဦးဖြစ်တဲ့ သန်းရွှေ၊ မောင်အေးနဲ့ ရွှေမန်း တို့နဲ့အတူ ဒုတိယတန်း စစ်ခေါင်းဆောင်တွေ အပါအ၀င် အနားပေးလိုက်ပြီး အသက် ၆၀ အောက်တန်းက စစ်ခေါင်းဆောင်ငယ်တွေက နေရာဝင်ယူလိုက်ပါတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲသည်အခြေအနေနဲ့ ပတ်သက်ပြီး အင်န်အယ်ဒီပါတီ ခေါင်းဆောင်၊ ဟံသာဝတီ ဦးဝင်းတင်ကို သဘောထားကို မေးမြန်းခဲ့ပါတယ်။
ဆရာကို မေးမြန်းတဲ့ အချိန်မှာ စနေနေ့ ၂၈ ရက် နေ့ခင်းအချိန်ဖြစ်တဲ့အတွက် ပြည်တွင်းမှာ အထက်ပါသတင်းနဲ့ ပတ်သက်ပြီး ပြောဆိုလှုပ်ရှားမှု သိပ်မရှိသေးပါဘူး။ ပြည်ပက သတင်းဌာနတွေကို ကိုးကားပြီးတော့သာ လူတွေ လက်တို့ပြောဆိုနေကြဆဲပဲ ဖြစ်ပါတယ်။
စစ်အစိုးရရဲ့ ၂၈ ရက်နေ့ သတင်းစာတွေမှာလည်း အဆိုပါ ကြေညာချက်ကို တင်ဆက်ထားခြင်း မရှိပါဘူး။ အဲသည် ၂၈ မတိုင်ခင် ၂၇ မနက်ခင်းသတင်းစာများမှာ သြဂုတ် ၃၀၊ လာမယ့် တနလာင်္နေ့ကို နောက်ဆုံးထားပြီး လွှ့တ်တော်ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းဖို့ ရက်သတ်ထားလို့ ဒီစနေနဲ့ တနင်္ဂနွေတွေမှာ ရုံးတွေ၊ ဘဏ်တွေက အချိန်ပို ဖွင့်လှစ်ထားပေးမယ်လို့ ကြေညာထားတာပဲ ရှိပါတယ်။
အဲသည်တော့ စစ်အစိုးရဟာ သောကြာနေ့ တရားဝင်ရုံးချိန် နောက်ဆုံးအထိကို ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းရေးကိုသာ အာရုံပြုထားတယ်။ လာမည့် ၃၀ သြဂုတ်ထက် ကျော်လွန်ပြီးတော့ ကိုယ်စားလှယ်အမည်စာရင်းတွေ သွင်းနိုင်ဖို့ ရက်ရွှေ့ဆိုင်းဖို့ ဆန္ဒမရှိဘူး ဆိုတာပဲ ထင်ရှားတဲ့ အခြေအနေပဲ ရှိနေပါတယ်။
ပထမအနေနဲ့ ဆရာက ပြောဆိုရာမှာ …
“အခု စစ်ခေါင်းဆောင်ကြီးတွေ ဖြစ်တဲ့ ဗိုလ်ချူပ်မှူးကြီး သန်းရွှေတို့ အဖွဲ့ဟာ သူတို့ချမှတ်ထားတဲ့၊ ဦးဆောင်နေတဲ့ လမ်းစဉ်အတိုင်း နယ်စပ်က တိုင်းရင်းသားအဖွဲ့တွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကိစ္စ ၀င်ရေး မ၀င်ရေးကို ပြေလည်အောင် မရှင်းလင်းရသေးဘူး။ အောက်ခြေက စစ်သားတွေ၊ အရာရှိငယ်တွေရဲ့ လစာ၊ ဆုကြေး အကြပ်အတည်း အခက်အခဲတွေနဲ့ ပတ်သက်ပြီးလည်း ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ဖြေရှင်းပေးစရာတွေ မလုပ်ရသေးဘူး။ သူတို့ရဲ့ နိုင်ငံရေးပါတီ၊ တပ်မတော်ပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံဖြိုးရေးအဖွဲ့ အနေနဲ့ ကိုယ်စားလှယ်တွေ သတ်မှတ်ပြီး ရွေးကောက်ပွဲဝင်ဖို့ နောက်ဆုံးရက်မှာ စာရင်းတင်သွင်း ထုတ်ပြန်နိုင်ဖို့၊ စီမံစရာတွေလည်း ပြီးပြတ်အောင် မလုပ်ရသေးဘူး။ တပ်မတော်ရဲ့ စစ်ရေးအာဏာတွေနဲ့ တိုင်းပြည်ရဲ့ လွှတ်တော်ကနေ လုပ်ကိုင်မယ့် နိုင်ငံရေးအာဏာတွေကိုလည်း ရွေးကောက်ပွဲ ပြီးပြတ်သွားတဲ့ အချိန်အထိ အဆင့်အဆင့် ခွဲခြမ်းတာ၊ လွှဲပြောင်းတာတွေလည်း စောင့်ပြီး စိတ်တိုင်းကျ သြဇာသုံး လုပ်ကိုင်ဖို့တွေလည်း မလုပ်ရသေးဘူး …။ ဒီလိုမျိုး အခြေအနေမျိုးတွေမှာ ဒီစစ်ဗိုလ်ချုပ်ကြီးတွေ အနားယူလိုက်ရတယ်ဆိုတာ မျှော်လင့်မထားတဲ့ အချိန်အခါမျိုး ဖြစ်နေတယ်လို့ ပထမဦးဆုံး ပြောချင်ပါတယ်။ ဒီအချိန်က အေးအေးဆေးဆေးနေလို့ရတဲ့ အချိန်မဟုတ်ဘူး ”
သည်တော့ နောက်တက်လာတဲ့ စစ်ခေါင်းဆောင်အသစ်တွေအပေါ်မှာ တင်ရှိလာတဲ့ မပြီးပြတ်သေးတဲ့ ဖြေရှင်းရမယ့် အရေးအခင်းတွေကို သူတို့တတွေက ဘယ်လို ဆောင်ရွက်ကြမှာလဲ။
“ပထမဦး ရှင်းရမယ့်ကိစ္စက နယ်စပ်ကိစ္စတွေ ဖြစ်တယ်။ ရွေးကောက်ပွဲကာလ မတိုင်ခင်မှာ - ရွေးကောက်ပွဲဝင်မယ့် တိုင်းရင်းသားပါတီတွေ၊ လက်နက်ကိုင်ထားမယ့် နယ်ခြားစောင့်တပ် ဖွဲ့စည်းတဲ့ ကိစ္စတွေ၊ ကရင်ပြည်နယ်၊ ၀ပြည်နယ်၊ တရုပ်ပြည်နယ်စပ်၊ မွန်တို့၊ စသည်ဖြင့်တွေ ရှိနေတယ်။ လာမည့် စက်တင်ဘာလလည်မှာတင်ကို နယ်ခြားစောင့်တပ်ကိစ္စက နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုတယ်။ ဒါတွေက နိုင်ငံရေးအားဖြင့် ရှင်းရမှာလား၊ စစ်ရေးအားဖြင့် ရှင်းရမှာလား။ အဲဒီအလုပ်တွေ ရှိနေတယ်။ ဒါကို စောင့်ကြည့်ရတော့မယ်။
နောက်ပြီးတော့ မြန်မာပြည်တွင်းမှာရှိနေတဲ့ အောက်ခြေက လက်နက်ကိုင်ထားတဲ့ တပ်ဖွဲ့ တပ်ရင်းတွေမှာ လစာငွေတွေ၊ ဆုကြေးငွေတွေ စသည်ဖြင့် အကြပ်အတည်းတွေကို ဖြေရှင်းပေးရဖို့ ရှိတယ်။ အခုဟာက ဘယ်လိုပဲ သတင်းကို ပိတ်ဆို့ထားထား အားလုံးက သိရှိနေကြတယ်။ တပ်တွေက အချင်းချင်း အတွင်းမှာ သွားရောက်ပြီး ဖြေရှင်းနေကြတယ်။ ဖြေရှင်းဖို့ ကြိုးစားနေကြတယ်။ ဒါတွေကိုလည်း အခုကာလမှာ ဖြေရှင်းပေးရမှာ ဖြစ်တယ်။ အချိန်ဆွဲထားနေလို့ မရဘူး။
နိုင်ငံရေး ပြသနာတခုအနေနဲ့ ရှောင်လွှဲလို့ မရတဲ့ အရေးအခင်းကတော့ ရွေးကောက်ပွဲဝင်ကြရမယ့် ကိစ္စ။ လွှတ်တော်မှာ နေရယူကြရမယ့် ကိစ္စတွေ ဖြစ်တယ်။ သြဂုတ် ၃၀ နောက်ဆုံးထားပြီး တပ်မတော်ရဲ့ ပါတီ ဦးသိန်းစိန်က စလို့ ကိုယ်စားလှယ်စာရင်း အပြီး တင်သွင်းရတော့မယ်။ လက်ရှိ ရာထူးယူထားတဲ့ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေကလည်း ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ ပြင်ဆင် လုပ်ကိုင်ကြရတော့မယ်။ ဒါတွေကို တပ်မတော်က ခေါင်းဆောင်သစ်တွေက ဘယ်လို စီစဉ်ပေးမှာလဲ။ အခု အနားယူတဲ့ ဗိုလ်ချုပ်ကြီးတွေကို သြဂုတ် ၃၀ အမီ ရွေးကောက်ပွဲ ၀င်နိုင်အောင် လုပ်ပေးကြဖို့ ရှိသလား။
သူတို့ကိုယ်တိုင်ကလည်း လွှတ်တော်ရဲ့ ၂၅ %မှာ ၀င်ရောက် နေရာယူကြရမှာ ဖြစ်လို့ တပ်မတော်က ဦးရေ ၁၁၁ ဦးကို ရွေးချယ်ပေးရမယ်။ နောင်မှာ ပေါ်လာမယ့် အစိုးရအဖွဲ့တွေ ဘာတွေမှာလည်း ၀င်ပြီး ပတ်သက်ဖို့ ဘယ်လို လာမှာလဲ။ တပ်မတော်က အနားယူသွားတဲ့ ခေါင်းဆောင်ကြီးတွေကို ဘယ်လိုမျိုး သဘောထားမှာလဲ။ ဒါတွေကိုလည်း အခုကတည်းက ဆက်ပြီး လုပ်ကြရတော့မယ်။
အဲသည်လိုမျိုး အခု တက်လာတဲ့ စစ်ခေါင်းဆောင်သစ်တွေက ရှေ့က စစ်ဗိုလ်ချုပ်ကြီးတွေ ချမှတ်သွားတဲ့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းကြဖို့ အရေးကြီးတဲ့ အချိန်အခါနေရာမှာ ရောက်ရှိနေတယ်လို့ ပြောချင်ပါတယ်။”
အဲသည်လို အခြေအနေဟာအပေါ်ပိုင်း စစ်ခေါင်းဆောင်တွေရဲ့ အတွင်းရေး အရေးအခင်းသက်သက်ပဲလား။ သာမန်ပြည်သူတွေနဲ့ တိုင်းပြည်တခုလုံးနဲ့ကော သက်ဆိုင်တယ်လို့ ဆိုနိုင်မလား။
အခုအချိန်မှာရှေ့က ချမှတ်ပေးထားတဲ့ စစ်ခေါင်းဆောင်ဟောင်းကြီးတွေရဲ့ လမ်းညွှန်ချက်တွေ၊ မူဝါဒတွေကို အကောင်အထည် ဆက်လက် ဖော်ဆောင်ကြတယ်ပဲ ဖြစ်ဖြစ်၊ အခုနေရာယူလာတဲ့ စစ်ခေါင်းဆောင်တွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ သီးခြား လမ်းစဉ်တွေ သဘောထားတွေ ချမှတ်ပြီး လုပ်ကိုင်ကြတယ်ပဲ ဖြစ်ဖြစ် … တိုင်းပြည်ရဲ့ လက်ရှိအခြေအနေဟာ နဂိုကတည်းက ၂၀၁၀ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးအကြပ်အတည်းကို ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ နယ်စပ်ဒေသမှာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အဖြေရှာရတော့မယ့် အခြေအနေလည်း ဖြစ်နေတယ်။
လက်ရှိမှာတိုင်းပြည်ရဲ့အခြေအနေတွေအားလုံးကမရေရာ၊မသေချာတဲ့အခြေအနေဖြစ်နေတယ်။ဒါက တိုင်းပြည်ရဲ့မတည်ငြိမ်မှုကတောက်လျောက်ဖြစ်နေခဲ့တာပဲ။သို့သော် တပ်မတော်ခေါင်းဆောင်တွေကိုယ်တိုင်က အခုလို လွှဲပြောင်းမှုတွေကို ဗြုံးစားကြီး လုပ်လိုက်တဲ့ အခါကျတော့ တိုင်းပြည်တင်သာမကဘူး၊ တပ်မတော်ကိုယ်တိုင်ကလည်း မတည်ငြိမ်တော့တဲ့ အခြေအနေဖြစ်နေတယ်ဆိုတာ ထင်ရှားသွားတယ်။ ဒါကို ပြနေတယ် လို့ ဆိုချင်တယ်။
ဒါကြောင့် အခုဖြစ်ရပ်ဟာ စစ်ခေါင်းဆောင်တွေအချင်းချင်း အပေါ်ပိုင်းမှာ သီးသန့်ဖြစ်ပျက်ကြတဲ့ အတွင်းရေး အရေးအခင်းသက်သက်လို့ မဆိုနိုင်ပါဘူး။ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေ မတည်ငြိမ်ဘူး၊ တပ်မတော်ကိုယ်တိုင်ကလည်း မတည်ငြိမ်တော့ဘူး ဖြစ်လာတယ်။
နယ်စပ်ဒေသမှာ နယ်ခြားစောင့်တပ်ပြသနာတွေ၊ တိုင်းရင်းသားပါတီအဖြစ် ရွေးကောက်ပွဲဝင်ရောက်မယ့် အရေးကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ စစ်ရေးအရ ဖြေရှင်းမယ် ဆိုရင် ပြည်တွင်းစစ်တွေ ဖြစ်လာမယ်။ တပ်မတော်အတွင်းမှာလည်း အောက်ခြေက လက်နက်ကိုင်တပ်တွေရဲ့ စားဝတ်နေရေး အကြပ်အတည်းတွေ၊ လစာ၊ ဆုငွေကိစ္စတွေကို အင်အားသုံးပြီး ပစ်ခတ်နှိမ်နှင်းပြီး ဖြေရှင်းရင်လည်း ပြည်တွင်းမှာ အကြမ်းဖက်မှုတွေ အရေးအခင်းတွေ ဖြစ်လာမယ်။ ဒါဆိုရင် မတည်ငြိမ်မှုတွေ တတိုင်းပြည်လုံးမှာ ဖြစ်ပွားတော့မှာ ဖြစ်တယ်လို့ မြင်တယ်။
ရွေးကောက်ပွဲပြီးမှ ဖြေရှင်းမယ်လို့ အချိန်ဆွဲနေလို့ ရတာ မဟုတ်ဘူး။”
လက်ရှိ ရွေးကောက်ပွဲ ကာလနဲ့ လွှတ်တော်ထဲ ၀င်ရောက်တဲ့အချိန်အထိ တပ်မတော် စစ်ခေါင်းဆောင်တွေ၊ ၂၅ % အဖြစ်ပါဝင်လာမယ့် တပ်မတော်ကိုယ်စားလှယ်တွေ၊ အနားယူသွားတဲ့ စစ်ခေါင်းဆောင်ကြီးတွေ နဲ့ တပ်မတော်ရဲ့ နိုင်ငံရေးပါတီ ကြံ့ဖွံ့ပါတီရဲ့ အခမ်းကဏ္ဍတွေက ဘယ်လို ဖြစ်လာနိုင်သလဲ။ တိုင်းပြည် ကောင်းဖို့၊ သာယာဝပြောဖို့ဖက်ကို မျှော်လင့်နိုင်ပါသလား။
အခုတက်လာတဲ့ စစ်ခေါင်းဆောင်တွေလက်ထဲမှာက ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်နည်းနဲ့ ဖြစ်ဖြစ် ပြီးအောင်လုပ်ကြရဖို့ တာဝန်ရှိနေတယ်။ ရွေးကောက်ပွဲကို တပ်မတော်ရဲ့ ပါတီဖြစ်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ ၀န်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့ပါတီအနေနဲ့ နေရာအသီးသီး ရယူနိုင်ဖို့ လုပ်နေကြတယ်။ အဲသည်ထဲမှာ အနားယူသွားတဲ့ စစ်ခေါင်းဆောင်ကြီးတွေလည်း ပါချင် ပါနိုင်သေးတာပေါ့ကွာ။ သြဂုတ် ၃၀ ရက်နေ့မှ မရောက်သေးဘဲ။ ရွေးကောက်ပွဲပြီးသွားလို့ လွှတ်တော် ဖြစ်လာရင် စစ်ခေါင်းဆောင်ကြီးတွေကို အနားယူနေတဲ့ဆီကနေ ဆွဲပြီးတော့ တင်ချင်လည်း တင်လို့ ရနိုင်သေးတယ်။ တပ်မတော်ရဲ့ ၂၅ % သော ကိုယ်စားလှယ်တွေကလည်း လွှတ်တော်ထဲမှာ အဆင်သင့် နေရာယူလာမှာတွေလည်း ရှိလာမှာ ဖြစ်တယ်။ အဲသည်လိုမျိုး အကြမ်းအားဖြင့် တွက်ချက်ကြည့်လို့ရတဲ့ အခမ်းကဏ္ဍတွေ ဖြစ်ပါတယ်။
ဒါပေမယ့် ဒါတွေအားလုံးက ပြောသလိုလည်း ဖြစ်လာနိုင်လို၊ အခုလိုမျိုး စစ်ခေါင်းဆောင် အပြောင်းအလဲတွေ နောက် တခုပြီး တခု ပေါ်လာနိုင်တဲ့ အတွက် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် အကောင်းဖက်ကို ဦးတည်နိုင်ဖို့ မမျှော်လင့်နိုင်ပါဘူး။ မသေချာ၊ မရေရာမှုတွေနဲ့ ဆက်လက် ကြုံတွေ့နေရတယ် လို့ ပြောချင်တယ်။
ကုလားအုပ်ရဲ့ ကျောကုန်းပေါ်ကို ကောက်ရိုးတွေ တမျှင်ချင်း တင်ရင်း တင်ရင်းနဲ့ တဖြေးဖြေး ၀န်က များများလာရင်၊ နောက်ဆုံး ခံနိုင်ရည်အမှတ်ကို ကျော်သွားရင် ကုလားအုပ်က ခါးကျိုးသွားတာမျိုး ဖြစ်သလို၊ တိုင်းပြည်ရဲ့ အခြေအနေကလည်း အဲလိုမျိုး ယိုင်လဲသွားနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ပြောချင်ပါတယ်။

dinsdag 24 augustus 2010

ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ

ဟေမန်သဇင်
သြဂုတ် ၂၄၊ ၂၀၁၀
အသက် လေးဆယ်ရဲ့ ဒီဖက်ကို ကျော်လာတော့ ဟိုးဖက်မှာ ကျန်ခဲ့တဲ့ ဘ၀ရဲ့ အစိတ်အပိုင်းတွေကို ပြန်ပြောင်းပြီး တွေးမိတယ်။ တချို့ဖြစ်ရပ်တွေက မှုန်ဝါးဝါးနဲ့ ကျန်ခဲ့ပေမယ့် တချို့ဖြစ်ရပ်တွေကိုတော့ မှတ်မှတ်ထင်ထင် သတိရမိတယ်။ အဲဒီအထဲက တချို့ဆိုရင် ကမောက်ကမ တလွဲတချော်တွေ ဖြစ်လွန်းလို့ ကို အမှတ်ရမိတာ ဖြစ်တယ်။
ကိုယ့်ရဲ့ အလုပ်ကံကတမျိုး။အလုပ်တခုခုမှာစွဲစွဲမြဲမြဲ ကြာကြာနေရတဲ့ ဇာတာမပါဘူး၊ အကြောင်းတခုမဟုတ် တခုကြောင့် ပြောင်းပြောင်းနေခဲ့ရတယ်။အာရ်အိုင်တီ(RIT)မှာ ဆရာမလုပ်နေတုန်း တပည့်တွေနဲ့ အတူ ဘီယာချက်စက်ရုံကို လေ့လာရေး ထွက်ခဲ့တယ်။ စက်ရုံထဲ ရောက်တော့ အတော့်ကို အံ့သြမိသည်ပါ့။ စက်ရုံသာ ဆိုတယ်၊ သန့်ရှင်းတောက်ပြောင်လို့၊ ဓာတ်ခွဲခန်းဆိုရင်လည်း မှန်အပြည့်ကာလို့၊ မှန်အပြင်ကနေ အထဲမှာ အလုပ်လုပ်နေပုံကို ကြည့်ရင်း အားကျမိတယ်။ ဒီအထဲမှာ ဓာတ်ခွဲခန်းမှာ လုပ်တဲ့ အရာရှိတယောက်က ကိုယ်တို့နဲ့ မေဂျာအတူ စီနီယာအမကြီး ဖြစ်နေတယ်။ စကားစပ်မိတော့ သူ့ဌာနမှာ အလုပ် လိုနေသတဲ့။ ဒါနဲ့ ကိုယ်လည်း စမ်းတဲ့ အနေနဲ့ လျှောက်လွှာတင်ခဲ့တာ အလုပ်ရသွားပါလေရော။
အလုပ်သစ်မှာ ကိုယ့်အတွက် လေ့လာမှတ်သားစရာ အတုယူစရာတွေ အများကြီပေါ့။ ကိုယ့်ဌာနမှာတင် မဟုတ်ဘဲ ဌာနနဲ့ဆက်စပ်နေတဲ့ ကုန်ထုတ်ဌာနတို့၊ ထုပ်ပိုးဌာနတို့မှာလည်း ဗဟုသုတ ရှိဖို့ဆိုပြီး လေ့လာရေး အနေနဲ့ တလစီ လေ့လာပြီး အလုပ်သင်ခဲ့ရတယ်။ ဒါ့အပြင် ကိုယ့်လက်အောက်က ၀န်ထမ်းတွေကို အုပ်ချုပ်နိုင်ဖို့ သူတို့လုပ်တာတွေ သိဖို့လိုတယ် ဆိုပြီး ဓာတ်ခွဲအတတ်ပညာတွေကို တက်ခနီရှင် တယောက်လို သင်လည်း သင်၊ လုပ်လည်း လုပ်၊ ဒီကြားထဲ ပြည်ပကနေ လာပြီးပေးတဲ့ မွန်းမံသင်တန်းတွေ တက်နဲ့ ၆ လ လုံးလုံး လုံးလည် ချာလည်နဲ့ပေါ့။ ဒီလိုနဲ့ သင်တန်းတွေ အပြီး နေ့စဉ်အလုပ်တွေနဲ့ ကိုယ်လည်း တဖြေးဖြေး နေသားတကျဖြစ်လာတယ်။
အဲ …တနေ့မှာပေါ့။ TrainingDepartmentကနေ အရာရှိငယ် ၅ ယောက်ကို ရွေးချယ်တဲ့အထဲ ကိုယ်လည်း ပါသွားတယ်။ ဦးတည်ချက်က အလုပ်ရုံဆွေးနွေးပွဲလေးတခုမှာ တင်ပြ ဆွေးနွေးသူတွေအနေနဲ့ ပါဝင်ပေးဖို့တဲ့။ အဓိကအကြောင်းအရာကတော့ အလုပ်လုပ်ကြတဲ့အခါ တက်တက်ကြွကြွ အားသွန်ခွန်စိုက် လုပ်နိုင်ဖို့ အထောက်အကူ ဖြစ်နိုင်မယ့် ဆွေးနွေးအကြံပေးချက်တွေ လိုချင်လို့တဲ့။ ရည်ရွယ်ချက်က သိပ်ကောင်းသကိုး။ ဒီတော့ ကိုယ်လည်း တက်တက်ကြွကြွ ဆွေးနွေးဖို့ ပြင်ဆင်ရတော့တာပါပဲ။ အဲဒီဌာနက သင့်တော်မယ်ထင်တဲ့ စာတမ်း ၅ စောင်ကို ရွေးချယ်ထားတယ်။ ကိုယ်တို့ ၅ ယောက်ကို စာတမ်း တစောင်စီ ပေးပြီး ဖတ်စေတယ်။ ဆွေးနွေးစေတယ်။ ပြီးရင် အလုပ်ရုံဆွေးနွေးပွဲလေးတွေ စမယ်။
စ စ ချင်းမှာ ဌာနဆိုင်ရာက သက်ဆိုင်တဲ့ မန်နေဂျာတွေနဲ့ အရာရှိငယ်တွေနဲ့ အရင်စပြီး ဆွေးနွေးကြမယ်။ အဲဒီက ရလာတဲ့ အကြံပေးချက်တွေ၊ ဆွေးနွေးချက်တွေကို ၀န်ထမ်းတွေ အားလုံးဆီ လက်ဆင့်ကမ်း ဖြန့်ဝေမယ်ပေါ့။
ဒီလိုနဲ့ ကိုယ်လည်း ကိုယ်ကို တာဝန်ပေးထားတဲ့ စာတမ်းငယ်လေးကို သေသေချာချာ ဖတ်ရတော့ တာပါပဲ။ ခေါင်းစဉ်ကလေးကို ဖတ်လိုက်ရတာနဲ့တင် ကိုယ်အကြီးအကျယ် စိတ်ဝင်စားသွားတယ်။ ခေါင်းစဉ်နံမယ်က Inequality Theory တဲ့။ ခွဲခြားဆက်ဆံမှု သီအိုရီပေါ့လေ။ ဒါနဲ့ အကြောင်းအရာကို ဆက်ပြီး ဖတ်ဖြစ်တယ်။
တက္ကသိုလ်က ဘွဲ့ရခါစ ကျောင်းသားလေးဟာ ကုမ္ဗဏီတခုမှာ အလုပ်ရခဲ့တယ်။ အလုပ်အတွက် သူ့ကိုပေးတဲ့ လစာဟာ တက္ကသိုလ်ထွက်စ ကျောင်းသားတယောက်အတွက် မမျှော်လင့်ထားတဲ့ လစာ ဖြစ်နေတယ်။ သူ အင်မတန် ပျော်တာပေါ့။ သူ့ရဲ့လစာကိုလည်း သူကျေနပ်တ်ာလေ။ သူပျော်နေတော့ အလုပ်လုပ်ရတာလည်း တက်ကြွနေတာပဲ။ ဘယ်တော့ ကြည့်ကြည့် ကျောင်းသားလေးဟာ အားသွန်ခွန်စိုက် လုပ်နိုင်တယ်။ သတ်မှတ်ချိန်အတွင်း လုပ်ငန်းတွေ ပြီးခဲ့တယ်။ ဥိးဆောင်မှုတွေလည်း ပေးနိုင်ခဲ့တယ် တဲ့။ ဒါပေမယ့်တနေ့မှာပေါ့…သူနဲ့ တချိန်နီးပါး အလုပ်ဝင်လာတဲ့ သူ့လိုပဲ တက္ကသိုလ်ဘွဲ့ရခါစ လုပ်ဖော်ကိုင်ဖက်ရဲ့ လစာကို သိခွင့်ရလိုက်တယ်။ သြော် ပြောရဦးမယ် … နိုင်ငံခြားတွေမှာ လစာတွေဟာ confidential ခေါ် လျို့ဝှက်ပေါ့။ ကိုယ့်လစာကို ဘယ်သူမှ မပြောရဘူးတဲ့။ ဒါပေမယ့် လူပဲလေ … သိတယ် မဟုတ်လား။ လူဆိုတာ အင်မတန်မှ စပ်စုတာ အဲလေ သိချင်နေတာ.။ ဒါနဲ့ တယောက်အကြော်ငး တယောက် စပ်စုရင်း သိလာခဲ့ရတယ်။ သူ့ထက် လစာ အပုံကြီး များနေတယ်တဲ့။
အဲဒီအချိန်ကစပြီး သူဟာ အလုပ်မှာ မပျော်နိုင်တော့ဘူးတဲ့။ သူ့စိတ်ကိုယ်လည်း သူ အကြိမ်ကြိမ် ဆုံးမသတဲ့။ လက်ရှိ သူရတဲ့ လစာဟာ သူ့ဖာသာသူ ကျေနပ်စရာပါလို့။ ဒါပေမယ့် ခဏပါပဲ။ မပျော်နိုင်တဲ့ စိတ်က ပြန်ပြီး ဖိစီးပြန်ပါလေရော။ တကယ်တော့ သူဟာ သူနဲ့ အတွေ့အကြုံ၊ ပညာအရည်အချင်း၊ လုပ်ရည်ကိုင်ရည် မကွာသူနဲ့ ယှဉ်ပြီး ခွဲခြား ဆက်ဆံခံနေတဲ့ အဖြစ်ကိုသာ လက်မခံနိုင်တာပါ။ အဲဒီအဖြစ်ကသာ သူ့ကို မပျော်ရွှင်စေတာပါ။ ဒီလိုနဲ့ပဲ အင်မတန် လုပ်ရည်ကိုင်ရည် ကောင်းပြီး ရိုးသားတဲ့ ၀န်ထမ်းတယောက်ကို ကုမ္ဗဏီဟာ ဆုံးရှုံးခဲ့ရတယ်။
အဲဒီစာတမ်းငယ်က ဆက်ပြီး ဆွေးနွေးထားပါတယ်။ ဒီခွဲခြားဆက်ဆံမှု ပေါ်လစီဟာ ကုမ္ဗဏီတွေအတွက် ရေရှည်မှာ အကျိုးအမြတ်ကို မရစေနိုင်ပါဘူး။ ၀န်ထမ်းကောင်းတွေကို ဆုံးရှုံးလက်လွှတ်ရတဲ့အတွက် ကုမ္ဗဏီဟာ ဆုံးရှုံးမှုတွေသာ ဖြစ်စေတယ်တဲ့။ ဒါကြောင့် ရေရှည်အကျိုးစီးပွားကို ကြည့်တဲ့ ကုမ္ဗဏီတွေဆိုရင် ဒီခွဲခြားဆက်ဆံမှု ပေါ်လစီကို မကျင့်သုံးဖို့၊ မသုံးမိဖို့ လိုတယ် ၊ ဒါမှ ပျော်ရွှင်တက်ကြွ မခိုကပ်တဲ့ ၀န်ထမ်းကောင်းတွေ ရလာမှာ ဖြစ်တယ် ဆိုပြီး ထောက်ပြ ဆွေးနွေးထားလိုက်တာ …။ ကဲ ဘယ်လောက်ကောင်းလိုက်သလဲ …။ ကိုယ့်မှာ ဒီစာတမ်းကို တင်ပြဖို့ ထပ်တလဲလဲ ဖတ်လေလေ ကိုယ့်အဖြစ်ကို ရေးနေသလို ခံစားနေရလေပဲ ဖြစ်နေတော့တယ်။
သြော် ကြားဖြတ်ပြောရဦးမယ်။ ကိုယ်ရဲ့ အဲဒီကုမ္ဗဏီက နိုင်ငံခြားနဲ့ ဦးပိုင်ဖက်စပ် ဆိုတော့ လစာပေးတာတွေလည်း Confidential လျို့ဝှက် ပဲလေ။ ပြီးတော့ … အဲသည်အချိန်တုန်းက လစာပေးပုံက ၂ မျိုးကွဲနေတယ်။ ကုမ္ဗဏီ တည်စ ၀န်ထမ်းတွေက ဒေါ်လာနဲ့ ရပြီး နောက်မှ ၀င်တဲ့ ၀န်ထမ်းတွေက ဗမာကျပ်ငွေ နဲ့ပေါ့။ ဒါပေမယ့် ကိုယ်က ကျေနပ်ပါတယ်။ ကိုယ်ရတဲ့ လစာက တက္ကသိုလ်မှာ ဆရာမလုပ်တုန်းက ရတဲ့ လစာထက် အဆ ၂၀ တောင် ကျော်နေသကိုး။
ပြောရဦးမယ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက် တယောက်က သတိမေ့တတ်တယ်။ တနေ့မှာ သူ့ရဲ့လစာစာရွက်ဖြတ်ပိုင်းလေး ကိုယ့်စာပွဲပေါ်မှာ မေ့ပြီး ကျန်ခဲ့တယ်။ အမှတ်မထင် တွေ့လိုက်ရတဲ့ လစာကို မြင်တော့ ကိုယ်ဟာ မိုက်ခနဲ ဖြစ်တော့မလို့ စာပွဲကို ကိုင်ပြီး အတော်ကြာ ရပ်နေရတယ်။ ဒီအဖြစ်အပျက်ကလေးဟာ စာတမ်းမဖတ်ခင် ၁ လ လောက်က ဖြစ်ခဲ့တာပေါ့။
ကိုယ်တို့ အလုပ်ရုံဆွေးနွေးပွဲဟာ အတော့်ကို လှုပ်သွားစေတယ်။ အဲဒီစာတမ်း ၅ စောင် ထဲက ကိုယ့်စာတမ်းက အတော်ကို လှုပ်သွားစေတယ်။ တင်ပြဆွေးနွေးသူ ကိုယ်က သရုပ်မှန်လွန်းလို့နဲ့ တူပါရဲ့။ ဆွေးနွေးတင်ပြချိန်မှာ ကိုယ်ဟာ ကိုယ် မဟုတ်တော့ဘဲ စာတမ်းထဲက တက္ကသိုလ်ကျောင်းသားလေးလို ဖြစ်နေတယ်။ အရာရှိငယ်တွေ ကြားမှာ ကိုယ့်စာတမ်းဟာ အရမ်းကို ပေါက်သွားခဲ့တယ်။
ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက် လေး …ဆိုသလို တက်ကြွပျော်ရွှင်မှုနဲ့ လုပ်ငန်းခွင် ၀င်နိုင်ဖို့ စီစဉ် ဆွေးနွေးကာမှ ဒီခွဲခြားဆက်ဆံမှု ပေါ်လစီဟာ ဟိန်းထလာတယ်။ စာတမ်းဖတ်သူ ကိုယ်တိုင်လည်း TrainingDepartmentရဲ့အကြီးအကဲတွေကိုမေးခွန်းထုတ်ခဲ့ပါတယ်။တကယ်လို့ ခွဲခြားဆက်ဆံမှုပေါ်လစီတွေ ကျင့်သုံးဆဲ ဖြစ်နေရင် ၀န်ထမ်းကောင်းတွေ ဆက်ပြီး လက်တွဲမဖြုတ်နိုင်ဖို့ လက်တွဲနိုင်ဖို့ ပေါ်လစီ ပြင်ဆင်ကြဖို့ ရှိပါသလားပေါ့။ သူတို့မှာ အဖြေ မရှိခဲ့ပါဘူး။
နောက်ဆုံးတော့ ထိုင်နေရင် အကောင်းသား၊ ထမှ ကျိုးမှန်းသိ … ဆိုတဲ့ စကားလိုပါပဲ။ တက်ကြွဆွေးနွေး တင်ပြတဲ့ ကိုယ်လည်း လုပ်သင့်တယ် ထင်တဲ့ အဖြေတခု ကိုယ့်ဖာသာ ရှာဖွေ ထုတ်လိုက်ရတော့တယ်။ တရားဝင်နှုတ်ထွက်စာ တင်လိုက်တာပါပဲ။ ကိုယ့်နှုတ်ထွက်စာမှာ လက်မှတ်ထိုးဖို့ ကိုယ့်ရဲ့ အကြီးအကဲ Brew Master နဲ့ တွေ့ခဲ့ရပါတယ်။
လက်တွေ့ဘ၀မှာ အပျံသင်စ မနူးမနပ် အရွယ် ကိုယ့်ကို တားပါသေးတယ်။ လောကကြီးရဲ့ မညီမျှခြင်းတွေကို ရဲရဲကြီဒး တွန်းလှန်ပစ်မယ် ဆိုတဲ့ မာန်တွေ တောက်လောင်နေတဲ့ ကိုယ့်ကို တားမရတဲ့ အဆုံး စင်္ကာပူနိုင်ငံသား Brew Master က စကားလက်ဆောင် တခွန်း ပေးလိုက်ပါတယ်။
“Equality ဆိုတာ လောကကြီးမှာ ရှိခဲလှပါတယ်။ ကံကောင်းပါစေကွယ် …” တဲ့။
အဲဒီအချိန်မှာ အတွေ့အကြုံတွေ ရင့်ကျက်နေပြီဖြစ်တဲ့ အဖိုးအိုပေါက်စ သူ့မျက်နှာမှာ အရိပ်တချို့ ဖြတ်သွားတာ တွေ့လိုက်ရတယ်။ ကိုယ်လည်း လှစ်ခနဲ့ဝဲလာတဲ့ မျက်ရည်ကို ဖြတ်ခနဲ့ သုတ်ပစ်လိုက်ပြီးချိန်မှာ သူလည်း ကိုယ့်ရဲ့ နှုတ်ထွက်စာမှာ လက်မှတ်ထိုးပြီး ချိန်ပါပဲ။
ပြန်တွေးတိုင်း သတိရမိတဲ့ ကိုယ့်ရဲ့ အမှတ်တရ ဘ၀စာမျက်နှာ တရွက်ပေါ့ …။

maandag 23 augustus 2010

ဦးဝင်းတင်နဲ့ မေးခွန်းများ ၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ

မိုးမခ
သြဂုတ် ၂၃၊ ၂၀၁၀
ဆရာနဲ့ ယခင်အပတ်က တွေ့ဆုံမေးမြန်းခဲ့ရာမှာ အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲကို ပါတီတရပ်အနေနဲ့ သပိတ်မှောက်တယ်လို့ ကြေညာခဲ့ရာကနေ မဲဆန္ဒရှင်ပြည်သူတွေကပါ စစ်အာဏာရှင်စနစ် သက်ဇိုးရှည်စေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ထပ်မံပြီး ကြေညာလိုက်ပါတယ်။ ပြည်သူလူထုကို အတိအလင်း တိုက်တွန်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီတရပ်လုံးက လွန်ခဲ့တဲ့ မတ် ၂၉ ကတည်းက ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပြီးပြီ၊ ရပ်တည်ခဲ့ပြီးပြီ။ အဲသည်လောက် ထင်ရှားတဲ့ သဘောထားတရပ်ကို ရပ်တည်ပြီး ရှေ့က ဦးဆောင်ချီတက်နေတဲ့ နိုင်ငံရေးပါတီကြီးအနေနဲ့ အခုလိုမျိုး လူထုကို အခုလို သြဂုတ် ၁၉ ရက်နေ့မှာ တိုက်ရိုက်တိုက်တွန်းမှုကို ပြုလုပ်ရတာလဲ ဆိုတာကို မေးမြန်းတာ ဖြစ်ပါတယ်။
ဆရာက ပြန်လည် ဖြေကြားချက်များထဲက ပြန်လည် ကောက်နုတ်ဖော်ပြရမယ် ဆိုရင် …
ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တယ် ဆိုတာကတော့ အားလုံးရဲ့ မျက်မှောက်မှာ ထင်ရှားပြီးသား ဖြစ်တယ်။ သို့သော် ဒီကြားထဲမှာ ဘယ်လိုဖြစ်လာသလဲ ဆိုတော့ … အခြားသူတွေဆီမှာ ချွင်းချက်တွေ ပေါ်လာတယ်။ ဘယ်လိုမျိုး သပိတ်မှောက်ကြရမှာလဲ ဆိုတဲ့ အသေးစိတ် မေးခွန်းတွေ ပေါ်လာတယ်။ ဒီလို …
ကျေးလက်တွေ နယ်တွေမှာ လူထုကို အတင်းမဲရုံတွေ တွန်းပို့ပြီး သူတို့ရဲ့ ပါတီတွေဖြစ်တဲ့ ကြံ့ဖွံ့တွေ၊ ဘာတွေကို အတင်းမဲပေးခိုင်းမှာပဲ။ ဒါဆိုရင် အဲသည်လို ပါတီမျိုးတွေကို သပိတ်မှောက်ကြရမှာလား ဆိုတဲ့ မေးခွန်းက တခု။
နောက်ပြီးတော့ ၁၉၉ ၀ ရွေးကောက်ပွဲတုန်းကလည်း ၀င်ပြီး အရွေးခံခဲ့တယ်။ ပြည်သူလူထုရဲ့ မဲဆန္ဒကို ပစ်ပယ်ပြီးတော့ အခု ၂၀၁၀ မှာလည်း ရွေးကောက်ပွဲ ၀င်ကြဖို့ လုပ်ပြန်တဲ့ ပါတီတွေ အမတ်လောင်းတွေ ပေါ်လာပြန်တယ်။ အဲသည်လို လူမျိုးတွေ ပါတီတွေကို သပိတ်မှောက်ကြရမှာလား ဆိုတဲ့ မေးခွန်း။
တိုင်းရင်းသားအင်အားစုတွေကလည်း သူတို့ နယ်မြေဒေသတွေမှာ အရွေးခံကြတဲ့အခါမှာ သူတို့တွေရဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ပြောရေးဆိုခွင့် နေရာရစေချင်တယ်။ အခြားသူတွေ အဓမ္မ ၀င်ရောက် နေရာယူမှာကို စိုးရိမ်ကြတယ်။ ဒါဆိုရင် အဲသည် တိုင်းရင်းသားဒေသတွေမှာ ကြံ့ဖွံ့လို အင်အားစုတွေကို သပိတ်မှောက်ကြဖို့ တိုက်တွန်းကြရမှလား ဆိုတဲ့ မေးခွန်းကလည်း ပေါ်လာတယ်။
ဒီမေးခွန်းတွေနဲ့ အင်န်အယ်ဒီရဲ့ သဘောထားကို မေးကြ စုံစမ်းကြ၊ သဘောထားတောင်းကြတာတွေ ပေါ်လာတဲ့ အချိန်မှာ လာမယ့် ၂၀၁၀ နိုဝင်ဘာမှာ ရွေးကောက်ပွဲလုပ်တော့မယ်ဆိုတဲ့ သတင်းကြေညာချက်က စစ်အစိုးရဖက်က ထုတ်ပြန်လာတယ်။ အဲသည်အခါကျတော့ အင်န်အယ်ဒီအနေနဲ့ အားလုံးရဲ့ အခြေအနေတွေ အားလုံးကို ခြုံငုံပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ ပြတ်ပြတ်သားသား ရှင်းလင်းတဲ့ သဘောထားကို လူထုကို ထုတ်ဖော် ပြောပြရတော့မယ်လို့ ဖြစ်လာတယ်။
ဒါကြောင့် သြဂုတ်လ ၁၉ ရက်နေ့မှာ အစည်းအဝေး ထိုင်တယ်၊ ဆုံးဖြတ်ချက်ချတယ်။ ပါတီအနေနဲ့ သပိတ်မှောက်တယ်။ သပိတ်မှောက်တယ် ဆိုတဲ့ စကားလုံးကို သုံးစွဲလိုက်တယ်။ ရွေးကောက်ပွဲကို မဲဆန္ဒရှင်ပြည်သူတွေကလည်း သပိတ်မှောက်ကြဖို့ တိုက်တွန်းတယ်။ သပိတ်မှောက်တယ် ဆိုတာက ဥပဒေနဲ့လည်း မငြိစွန်းဘူး။ သဘောကတော့ မဲပေးခွင့် ရှိသလို၊ မဲမပေးဘဲလည်း နေခွင့်ရှိတယ်။ ဒါကို ထပ်လောင်းပြီး ပြောလိုက်တယ်။
မတ်လ ၂၉ ရက်နေ့က စပြီး ပြောခဲ့တာက ၂၀၀၈ အခြေခံဥပဒေကို လက်မခံတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီ မှတ်ပုံထပ်မတင်ဘူး လို့ ပြောခဲ့တယ်။ ဆင့်ပွားပြီးပြောရင် ဒါဟာလည်း ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တာ ဖြစ်တယ်။ ဒါပေမယ့် အခုအချိန်မှာ တိတိကျကျအနေနဲ့ ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်တယ်။ မဲဆန္ဒရှင်တွေကိုလည်း သပိတ်မှောက်ဖို့ တိုက်တွန်းတယ်လို့ သြဂုတ်လ ၁၉ ရက်နေ့မှာ ပါတီက ထပ်မံ အတည်ပြု ဆုံးဖြတ် ကြေညာလိုက်ရတာ ဖြစ်ပါတယ်။
အဲသည်မှာ မေးမြန်းမိတာက ၂၀၁၀ ရွေးကောက်ပွဲကို အင်န်အယ်ဒီပါတီက သပိတ်မှောက်တယ်၊ ပါတီဝင်တွေက သပိတ်မှောက်တယ်။ ဒါ့အပြင် ပြည်သူ့လူထုတရပ်လုံးကို သပိတ်မှောက်ကြဖို့ တိုက်တွန်းတဲ့ သဘောကို အတည်ပြု ပြောကြားတဲ့ သဘောဆိုရင် ဘယ်လိုမျိုး ပြည်သူလူထုကို နားလည်အောင်၊ လိုက်ပါလာအောင် စည်းရုံးမှာလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဆရာကပြောကြားရာမှာ …
ကျနော်တို့အနေနဲ့ ပြောရမှာကတော့ ကူးတို့ဆိပ်မှာ နတ်ပြည်ကို သွားတဲ့ လမ်းကို ပိတ်ထားပြီ၊ ငရဲကို သွားတဲ့လမ်းကိုပဲ ဖွင့်ပေးထားတယ်။ စစ်အာဏာရှင်ငရဲလမ်းကိုတော့ ဖွင့်ထားတယ်။ အဲသည်လမ်းကိုတော့ မသွားကြပါနဲ့လို့ ပြောရမှာပဲ။ နတ်ပြည်ကိုသွားတဲ့ လမ်းပိတ်ထားတာနဲ့ ငရဲသွားတဲ့ လမ်းကို အတင်းကြိတ်မှိတ်ပြီး မသွားကြနဲ့။ သွားစရာမလိုဘူး။ ကျနော်တို့က ငရဲရောက်မယ့် လမ်း သိသိကြီးနဲ့ ကျနော်တို့တော့ မသွားဘူး၊ ခင်ဗျားတို့ သွားချင်သွားလို့လည်း မပြောနိုင်ဘူး။ ကျနော်တို့နဲ့ နတ်လမ်းကို သွားဖို့ ဆောင်ရွက်ကြပါလို့ ပြောရမှာ ဖြစ်တယ် လို့ ပြောချင်တယ်။
အဲသည်မှာ နိုင်ငံရေးအကျဉ်းထောင်ကြီးနဲ့တူတဲ့ စစ်အစိုးရရဲ့ အာဏာရှင်စိတ်တိုင်းကျ လွှတ်တော်ကြီးကို ၀င်ရောက်ဖို့ တာစူနေကြတဲ့ နိုင်ငံရေးပါတီတွေကလည်း မေးခွန်းတွေ ထုတ်ကြပြန်တယ်။ ဒီမိုကရေစီသွားချင်တဲ့ ပြည်သူလူထုကြီးကို လမ်းပိတ်တဲ့ သဘောပဲလို့ သူတို့က ပြောလာပြန်တယ်။ ဒီလမ်းကြောင်းကို သွားလို့ ဒီမိုကရေစီရမယ့်လို့ ဘယ်သူမှလည်း အာမခံထားတဲ့ လမ်းကြောင်းလည်း မဟုတ်ဘူး။ ၂၀၀၈ အခြေခံဥပဒေကို ဒူးထောက်အညံ့ခံတဲ့ နိုင်ငံရေးပါတီတွေ ကိုယ်တိုင်ကလည်း သူတို့ကိုယ်တိုင်က မသေချာ မရေရာဘဲ ဒီအာဏာရှင်တွေရဲ့ ငရဲလမ်းကြောင်းကို သွားနေကြတာ ဖြစ်တယ်လို့ ကျနော်တို့က ပြန်ပြီး ထောက်ပြရတယ်။
သေချာတာကတော့ အင်န်အယ်ဒီက ပြည်သူတွေ ရှေ့ကနေ ကြိုတင်ပြီး ရပ်တည်ပြီးတော့ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုရင် ပြည်သူတွေကိုလည်း သပိတ်မှောက်ကြဖို့ကို ပြောဆို တိုက်တွန်းရမှာပဲ။ ရအောင် စည်းရုံးရမှာပဲ၊ ရှင်းလင်း ပြောပြရမှာပဲ။ လူထုကို ရွေးကောက်ပွဲ သပိတ်မှောက်ကြဖို့ကို ပြောရမှာပဲ။ ဥပဒေအရလည်း မဲ ဆန္ဒရှင်တွေအနေနဲ့ မဲမပေးဘဲ နေခွင့် ရှိတယ် ဆိုတာကို ထောက်ပြရမှာပဲ။ စကားတွေ ဘယ်လို ရှုပ်အောင် ပြောလာပါစေ ကျနော်တို့ကတော့ ရှင်းအောင် ပြောနေရမှာပဲ ဖြစ်ပါတယ်။
ပြည်သူလူထုတွေက ၂၀၁၀ မှာ ရွေးကောက်ပွဲကို မဲမပေးဘဲ နေကြမယ်ဆိုရင် ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်ခြင်းကနေ စစ်အုပ်စုကို ဘယ်လိုမျိုး ရွေးချယ်စရာ လမ်းကြောင်းကို ဆွဲခေါ်နိုင်မှာလဲ။
ငရဲသွားမယ့် လမ်းကြောင်းကို ကျနော်တို့တတွေက မသွားနိုင်ဘူးလို့ တညီတညွတ်တည်း ပြောလိုက်နိုင်မယ် ဆိုရင်၊ ဒီအတိုင်းကြီး ဆက်ရပ်နေလို့ မဖြစ်တော့ဘူး။ ကျနော်တို့တတွေက နတ်ပြည်သွားမယ့်လမ်းကို ရွေးကြရမယ်။ အဲသည်လမ်းကို သွားကြရမယ်။ အဲသည်လမ်းကြောင်းဆိုတာကလည်း အင်န်အယ်ဒီနဲ့ အတိုက်အခံနိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာမိသားစုတွေက အစဉ်တစိုက် ပြောဆို တိုက်တွန်းနေတဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ပဲ။
ဒီမိုကရေစီလမ်းကြောင်းကို သွားနိုင်ဖို့က ဒီ ရွေးကောက်ပွဲလမ်းကြောင်းမဟုတ်ဘူး၊ စစ်အာဏာရှင်ကို အတည်ပြုမယ့် ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ရွေးကောက်ပွဲလမ်းကြောင်းကို သွားမယ့်အစား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ပါပဲ။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း တံခါးကို တွန်းဖွင့်ဖို့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။
အဲသည်အချိန်နဲ့ တပြိုင်နက်တည်းမှာပဲ အနောက်နိုင်ငံတွေက ကုလသမဂ္ဂနဲ့အတူ မြန်မာပြည်စစ်အာဏာရှင်တွေရဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်း စစ်ဆေး အရေးယူဖို့၊ တရားစီရင်ဖို့ တိုက်တွန်းလာတယ်။ ဒါဟာ နိုင်ငံတကာက စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ ထွက်ပေါက်လို့ မယုံကြည်ဘူးလို့ ထုတ်ဖော်ပြလိုက်တာ ဖြစ်တယ်လို့ မြင်ပါတယ်။ အဲသည်အချက်နဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေက ဘာတွေ ဆောင်ရွက်လို့ ရနိုင်သလဲ။ မဲဆန္̔ဒရှင်ပြည်သူတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုလဲ။
ကျနော်တို့ အင်န်အယ်ဒီက ဒီလိုမျိုးဆောင်ရွက်လာတာကို ထောက်ခံတယ် ဆိုတဲ့အကြောင်း နိုင်ငံတကာက အစိုးရအဖွဲ့အစည်းတွေကို ထုတ်ဖော် ပြောဆိုပါတယ်။ မြန်မာပြည်မှာလည်း လူ့အခွင့်အရေးအခြေအနေတွေက အတော်ကို ဆိုးဝါးနေပြီ။ ဒါကို အရေးယူဖို့ မပြောနဲ့ဦး၊ စုံစမ်းစစ်ဆေးဖို့ကို အခုကတည်းက မလုပ်နိုင်ရင် နောက်ကို ပိုပြီး ဆိုးဝါးတော့မှာ ဖြစ်တယ်။
ပြည်သူတွေက တဦးချင်း တယောက်ချင်း အနေနဲ့သာမက၊ နယ်စပ်ဒေသ နယ်တွေက မိသားစုတွေကလည်း မတရားအလုပ်ခံထားရတွေကို ရှေ့တိုးပြီး ထုတ်ဖော်ပြောဆိုလာမယ်။ ဒါဟာ ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်အထိ၊ ရွေးကောက်ပွဲ ပြီးတဲ့အချိန်ထိ စောင့်နေစရာ မလိုဘူး။ အင်န်အယ်ဒီပါတီကလည်း အောက်ခြေအထိ အဆင့်ဆင့်ဆင်းပြီး ရှင်းလင်းပြောပြရင်းကနေ စစ်အာဏာရှင်တွေရဲ့ မတရားမှုတွေ အဓမ္မမှုတွေကို မှတ်တမ်း တင်ရမှာပဲ။ ထုတ်ဖော် ပြောဆိုပေးရမှာပဲ။ ဒါတွေကိုလည်း ကျနော်တို့က ဆက်လက် ဆောင်ရွက်နေမယ်ဆိုတာကို ပြောချင်ပါတယ်။
ဒီလိုမျိုး စုံစမ်းစစ်ဆေးရေးတွေ လုပ်လာတယ်ဆိုတာဟာ အရေးယူဖို့ လုပ်လာတာဟာ ကျနော့်သဘောအရ ပြောရရင်တော့ တွေ့ဆုံဆွေးနွေးရေးတံခါးကို ဖွင့်နိုင်ဖို့၊ အင်ဂိတ်ဂ်ျ လုပ်နိုင်ဖို့အတွက် ဖွင့်ထားတာပဲလို့ မြင်ပါတယ်။ နိုင်ငံတကာရဲ့ မျက်နှာစာမှာ ဒီအချက်အလက်တွေ ရောက်ရှိလာရင်၊ တင်ပြလာနိုင်မယ် ဆိုရင် စစ်အစိုးရဲ့ ရွေးကောက်ပွဲဟာ ဘယ်သူ့အတွက်မှ အဖြေမဟုတ်ဘူးဆိုတာ ထင်ရှားလာမယ် ဖြစ်ပါတယ်။
ဒါမျိုးတွေနဲ့ ပြည်တွင်းမှကော ပြည်ပမှာပါ နိုင်ငံရေး အကြပ်အတည်းတွေ၊ ဖိအားတွေနဲ့ ရင်ဆိုင်လာရတဲ့ စစ်အာဏာရှင်လူတစုဟာ ဘယ်လိုမျိုး ပြန်လည် တုံပြန်မှုတွေနဲ့ တိုက်ခိုက်လာနိုင်သလဲ၊ ဖိနှိပ်မှုတွေ အကြမ်းဖက်မှုတွေကော လုပ်မလာနိုင်ဘူးလား။
ဒါကတော့ ကျနော်တို့တတွေ ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားရမှာ ဖြစ်ပါတယ်။ လူမျိုးရေး အဓိကရုဏ်းတွေ၊ ဘာသာရေး သွေးထိုးလှုံဆော်တာတွေကို ကျနော်တို့က သတိနဲ့ စောင့်ကြည့်ရမယ်။ နယ်တွေမှာလည်း အကြမ်းဖက်ခံရတာတွေ၊ အဖိနှိပ်ခံရတာတွေ ရှိလာနိုင်ပါတယ်။ နိုင်ငံတကာမိသားစုတွေအနေနဲ့ကလည်း အခုလို စောင့်ကြည့်နေတဲ့ အချိန်မှာ စစ်ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ရာဇ၀တ်မှုတွေ ပိုမို ဆိုးဝါးလာတယ် ဆိုရင် နိုင်ငံတကာက အနောက်နိုင်ငံတွေသာမက၊ အာရှနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေမှာပါ မြန်မာပြည်က အပြစ်မဲ့တဲ့ လက်နက်မဲ့တဲ့ ပြည်သူလူထုတွေ၊ နိုင်ငံရေးအင်အားစုတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်ဆိုတာကလည်း ပိုပြီး ထင်ရှားလာမယ် ဖြစ်တယ်။ အဲလိုမျိုး ပြောချင်ပါတယ်။
ဆရာဦးဝင်းတင်နဲ့ မေးခွန်းများ ဖြစ်ပါတယ်။ သြဂုတ်လ ၂၀ ရက်နေ့က မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ထွန်းကြည် (မုံရွာ) ၏ အနှစ် ငါးဆယ်ကျော် ကိုယ်တွေ့များ










ခင်နှင်းလွင်
သြဂုတ် ၂၃၊ ၂၀၁၀

 
 ၁၉၈၈ အာဏာသိမ်း စစ်အစိုးရ အဖွဲ့တွင် ပါဝင်သည့် ဗိုလ်ချုပ် ထွန်းကြည်၏ မှတ်တမ်းစာအုပ် အဖုံး။ ၁၉၉၇ တွင် ရာထူးမှ ရုတ်တရက် ဖယ်ရှားခံရသော စစ်ခေါင်းဆောင်များထဲတွင် သူလည်း တဦး အပါအ၀င် ဖြစ်သည်။
(လွန်ခဲ့သည့် ဇွန်လက ထွက်ရှိရာ အချိန်အနည်းငယ်အတွင်း ရောင်းကုန်သွားပြီး ၃လအတွင်း တတိယ အကြိမ်အထိ ပြန်လည် ရိုက်နှိပ်ရသည့် စာအုပ် ဖြစ်သည်။ ဆိုက်ကြီးနှင့် စာမျက်နှာ ၄၂၀ ကျော် ရှိကာ ပထမဆုံး ထွက်ရှိစဉ်က တန်ဖိုး ၅၀၀၀ ကျပ်၊ နောက်ရိုက်နှိပ်ခြင်းများတွင် ၆၀၀၀ ကျပ်သို့ ပြောင်းလဲခဲ့သည်။ ဒု ဗိုလ်ချုပ်ကြီးဟောင်း ထွန်းကြည်၏ စာအုပ်ကို သားမက်ဖြစ်သူ စာရေးဆရာ ကိုတာ၏ မုံရွေးစာပေက ထုတ်ဝေ ဖြန့်ချိခဲ့သည်)
                                                                 (၁)
မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်) ဗိုလ်ချုပ်များ၊ န၀တငြိမ်ပိ ခေတ်မှီဗိုလ်ချုပ်များ ရေးသည့်ကိုယ်တွေ့ ဖြစ်ရပ် စာအုပ်များထဲမှ နောက်ဆုံး ထွက်ရှိလာသော စာအုပ် ဖြစ်သည်။ သူ့မတိုင်ခင် မဆလခေတ် ဗိုလ်မှူးချုပ် သန်းတင်၊ ဗိုလ်မှူးချုပ် တင့်ဆွေ၊ န၀တခေတ် ဒုဗိုလ်ချုပ်ကြီး ချစ်ဆွေတို့ ရေးသား ထုတ်ဝေခဲ့ကြသည်။
စာရေးသူမှာ တချိန်က စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ထုံးစံအတိုင်း လာဘ်စားမှုနှင့် တာဝန်မှ အနား ပေးခံရသူ ဖြစ်ပါသည်။ စာရေးသူက ဒီစာအုပ်ကို ရည်ရွယ်ချက် နှစ်ခုနဲ့ ရေးသားခဲ့ကြောင်း အမှာစာတွင် ရေးထားသည်။ သူ့ဘ၀ အကြောင်းနှင့် သူလျှောက်လှမ်းခဲ့ရသည့် ခရီးကြမ်းကို ယနေ့ လူငယ် ကျောင်းသားများနှင့် တပ်မတော်မှ အရာရှိငယ်များ သိရှိ အတုယူပြီး ရှောင်ကြဉ်ရန်များကို ရှောင်ကြဉ် နိုင်ရေးမှာ ပထမ ရည်ရွယ်ချက် ဖြစ်သည်ဟု ဆိုသည်။
ဒုတိယ ရည်ရွယ်ချက်မှာ သူ၏ သားသမီး မြေး မြစ်များက သူ့သမိုင်းကြောင်းကို ကောင်းစွာ သိရှိ နားလည် လာပြီး တိုင်းကျိုး ပြည်ကျိုး သာသနာကျိုးကို ဆထက် ထမ်းပိုး တိုးပြီး ထမ်းဆောင် နိုင်စေရေးဟု ဖော်ပြထားသည်။
ထို့အပြင် အမှာစာတွင် ၈ လေးလုံး အရေးတော်ပုံ ကာလ တာဝန်ယူခဲ့စဉ်က မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ် တို့ကို ပြဿနာ အနည်းဆုံး နည်းဖြင့် ကိုင်တွယ် ထိန်းသိမ်းခဲ့သူ ဖြစ်ကြောင်း ရေးသားထားသည်။ သို့သော် ယခုစာအုပ်သည် ပထမတွဲဖြစ်ပြီး ၁၉၄၈ မှ ၁၉၇၈ အထိ အတွေ့အကြုံများသာ ဖြစ်သောကြောင့် ၁၉၈၈ ကာလတွင် မည်သို့ ကိုင်တွယ်ခဲ့ကြောင်း ယခုစာအုပ်တွင် ပါဝင်ခြင်း မရှိပေ။
                                                                    (၂)

ဇာတ်အိမ်ကို ငယ်စဉ် ကလေးဘ၀ အစပိုင်းဖြင့် ထုံးစံ အတိုင်း ရိုးစင်းစွာ တည်ထားပြီး စာရေးသူ ငယ်စဉ် ဒုတိယကမ္ဘာစစ် မတိုင်မီနှင့် စစ်အတွင်း ပုံရိပ်များကို မှတ်မိသမျှ တိုတို တုတ်တုတ် ဒိုင်ယာရီ ပုံစံဖြင့် ရေးသားထားကြောင်း တွေ့ရသည်။ စစ်တွင်း ဓားပြများ သောင်းကျန်းပုံ၊ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး လွတ်လပ်ရေး ရရှိခဲ့ပုံများကို ခေါင်းစဉ်ငယ်များ၊ သူ၏ ကိုယ်ပိုင်အမြင်များဖြင့် ရေးထားသည်။
ကွန်မြူနစ်ခေတ် ကွန်မြူနစ်များ ဆိုးပုံနှင့် ခေတ်ဆိုးကြောင့် စစ်တက္ကသိုလ် တက်ရောက်လိုသူများကို သတင်းစာမှ ခေါ်သောအခါ စစ်ထဲဝင်တာ သေလမ်းသွားသည်ဟု ယူဆသူများအကြောင်း၊ သူပုန်နှင့်သာ အနေနီးသဖြင့် စစ်သားနည်းသော ဒေသ ဖြစ်ကြောင်းတို့ကို DSAစစ်တက္ကသိုလ်သို့ ၀င်ရောက်သည့် အပိုင်းတွင် ရေးထားသည်။
စာရေးသူတို့ ဗိုလ်လောင်းဖြေသည့် ၁၉၅၅ခုနှစ်တွင် ဗိုလ်လှမြင့် နောက်ပိုင်း နိုင်ငံကျော် ရုပ်ရှင် မင်းသား ၀င်းဦး အဖြစ် ထင်ရှားလာသူလည်း တပ်မတော်တွင် တာဝန် ထမ်းဆောင်နေပုံကို ထည့်သွင်း ရေးသားထားကာ အခါအား လျော်စွာ တပတ်စဉ်တည်း တက်ခဲ့သူ ဗိုလ်ချုပ်မောင်အေး အကြောင်းကို မင်းဖြစ်မယ့်သူ သျှောင်ကလေးနဲ့ ဟူသော အသုံးအနှုန်းဖြင့် ဖော်ပြထားသည်။
စစ်တက္ကသိုလ် ဗိုလ်လောင်းဘ၀ကို အခန်း(၈)တွင် တွေ့ရပြီး ဗိုလ်လောင်းဘ၀ ကြုံတွေ့ခဲ့ရသည့် အခက်အခဲနှင့် ဆရာများ အကြောင်းတွင် တပ်စု(၂)တပ်မှူး ၊ အင်္ဂလန်နိုင်ငံ ဘုရင့် စစ်တက္ကသိုလ် အပတ်စဉ်ဆင်း ဗိုလ်သောင်းထိုက် (နောင်-ဒုဗိုလ်မှူးကြီး ရာထူးဖြင့် အငြိမ်းစား ယူခဲ့ပြီးသူ) အကြောင်းလည်း ပါဝင်သည်။ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် တာဝန် ထမ်းဆောင်စဉ် မဟုတ်မခံ စိတ်ကြောင့် အနားယူခဲ့ရရှာသည်ဟု ဆိုထားသည်။
ဖဆပလခေတ် စစ်တက္ကသိုလ် တက်ရပုံကို ရေးခြယ်ပြထားရာ ယခုခေတ် စစ်တက္ကသိုလ်တွင် နေထိုင် စားသောက်ရသည့် ဘ၀နှင့် အကွာကြီး ကွာခြားနေပုံမှာ သတိပြုစရာ ဖြစ်နေသည်။ ယခုခေတ် စစ်တက္ကသိုလ် တက်နေသည့် ဗိုလ်လောင်းများကို မိဘများက လစဉ် ကျပ် သိန်းနှင့်ချီ ထောက်ပံ့နေကြရသည်ဟု ကြားသိနေရသည်။ လွတ်လပ်ရေးရပြီး ခါစ စစ်တက္ကသိုလ်၏ အဆင့် အတန်းကို ယခုခေတ်နှင့် ယှဉ်ထိုးကြည့်စရာ ဖြစ်နေသည်။
စာရေးသူ ဗိုလ်ထွန်းကြည်၏ ဗိုလ်လောင်းဘ၀နှင့် ကျောင်းပိတ်ချိန် အိမ်အပြန် မိသားစု ဘ၀များကို အစဉ်လိုက် ဖော်ပြထားသည်။ ထို့အပြင် ၁၉၆၀ ရွေးကောက်ပွဲ ကာလအတွင်း ရွေးကောက်ပွဲ အပေါ် သူတို့ အမြင် ဟူသော ခေါင်းစဉ်နှင့် သန့်ရှင်း နှင့် တည်မြဲ ဖဆပလတို့ အကွဲအပြဲ၊ ဗိုလ်ချုပ် နေ၀င်းကို တိုင်တန်းချက်နှင့် တည်မြဲ ဖဆပလ အဖွဲ့ အပေါ် စာရေးသူ လိုလားခဲ့ကြောင်း ကိုပါ ထည့်သွင်း ရေးသားထားသည်။
စာရေးသူက ၁၉၆၁ ခုနှစ် အမေရိကန်သို့ ပညာသင် သွားရောက်စဉ် ဘန်ကောက်နှင့် ရန်ကုန် လေယာဉ်ကွင်း နှိုင်းယာဉ်ပုံကို “ဘန်ကောက်လေယာဉ်ကွင်း တွေ့ရတော့ တို့နိုင်ငံ မဆိုးလှပါလား လို့ တွေးမိသည်။ ထိုအချိန်က ဘန်ကောက် လေယာဉ်ကွင်းမှာ နုံချာလှသည်။ လေယာဉ်ကွင်း ထဲတွင် ၀ါးကပ်မိုး ထရံကာတဲများပင် ရှိနေသည်။ ပျံကျ ကျူးကျော်နေသော အဆောက်အဦးများ မဟုတ် လေယာဉ်ကွင်းမှ အသုံးပြုနေသော အဆောက်အဦးများ ဖြစ်သည်။ ကျွန်တော်တို့ မင်္ဂလာဒုံ လေယာဉ်ကွင်းနှင့် ဘာမှမဆိုင်” ဟု ဖော်ပြထားသည်။
အမေရိကန် အမြောက် အရာရှိငယ် သင်တန်းနှင့် အမြောက် ဆက်သွယ်ရေး အရာရှိ သင်တန်း တက်ရောက်နေစဉ် အတွင်း မြန်မာနိုင်ငံတွင် အာဏာသိမ်းခြင်း သတင်း ကြားသိရပုံကို သွေးထွက်သံယို မဖြစ်ဘဲ အခြေအနေ ပုံမှန်ဖြစ်သောကြောင့် မိသားစု အတွက် စိတ်အေးရသည်ဟု ရေးထားသည်။
၁၉၆၂ခုနှစ် ဇူလိုင်လတွင် ဖြစ်ပွားခဲ့တဲ့ ဆဲလ်ဗင်း ဇူလိုင် အရေးအခင်းနှင့် ပတ်သက်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ၏ သြဇာခံ ကေဒါများက ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)၊ရန်ကုန် ခရိုင်လုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ရကသ) များဖြင့် ဖွဲ့စည်း ထားသော ကျောင်းသား ညီညွှတ်ရေး တပ်ဦး ကို အသုံးပြု၍ ဆူပူမှု ဖြစ်အောင် လှုံ့ဆော်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုထားသည်။
(က) စာသင်ချိန် ကိုက်ညီရေး အတွက် အောက်တိုဘာလ တစ်လ ကျောင်းပိတ်ခြင်း အစား ၁၅ ရက်သာ ပိတ်ရမည် ဟု ကြေညာခြင်း ကိစ္စ၊
(ခ) ၁၉၆၂ ခုနှစ် ဟံသာဝတီ ခရိုင် တန်းမြင့် ကျောင်းထွက် လက်မှတ်ရ စာမေးပွဲ မေးခွန်း ပေါက်ကြားခြင်း ကိစ္စ၊
(ဂ) နှစ်ခါကျ ကျောင်းသားများ အဆောင် နေခွင့် မရှိခြင်းနှင့် နေ့ကျောင်း တက်ခွင့် မရှိခြင်း များကို ဖော်ပြထားသော ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဦးကာ၏ တက္ကသိုလ် ကျောင်းဆောင် စည်းကမ်း အသစ် ကိစ္စဟု ရေးသားထားသည်ကို တွေ့ရသည်။
သူ မိတ္ထီလာ ရောက်တော့မှ တက္ကသိုလ် သမဂ္ဂ အဆောက်အဦးကိုလည်း ဖောက်ခွဲပြီး ဖြိုချလိုက်ကြောင်း ကြားရသည်ဟု ဖော်ပြထားသည်။
၁၉၆၄ ခုနှစ် သာစည်မြို့ ပြည်သူပိုင် သိမ်းဆည်းရေး ကော်မတီကို ဦးဆောင်ကြီးကြပ် ခဲ့စဉ်က အတွေ့အကြုံကိုလည်း ရေးသား ဖော်ပြထားသည်။
တော်လှန်ရေးကောင်စီ၏ ညွှန်ကြားချက်အရ လက်လီဆိုင်များ၊ စားသောက်ဆိုင်များ၊ ကုန်စိမ်း ဆိုင်များ၊ သစ်သီးဝလံ ဆိုင်များ၊ ဆေးရွက်ဆေးရိုး ဆေးလိပ်ဖက်ဆိုင်များ၊ သားငါးနှင့် ဥများ ရောင်းသည့် ဆိုင်များ၊ ဘာသာရေး ပစ္စည်း၊ ထီး၊ ဖိနပ်၊ ဦးထုပ် ရောင်းချသည့် ဆိုင်များ၊ စက်ချုပ် ဆိုင်များ မပါဟု ဖော်ပြထားသော်လည်း လက်တွေ့ ၀င်ရောက် သိမ်းသောအခါ တချို့ နာမည်သာ ရှိပြီး လုပ်ငန်းမရှိ၊ လုပ်ငန်းရှိသော်လည်း သိမ်းရလောက်အောင် မကြီးကျယ်၊ တောမြို့လေး ဖြစ်သဖြင့် လုပ်ငန်း ကြီးကြီး ကျယ်ကျယ် တစ်ခုမှ မရှိသော်လည်း ညွှန်ကြားချက် အရ သိမ်းဆည်းရသည်ဟု ရေးသားထားသည်။
ထို့အပြင် ပြည်သူပိုင် အသိမ်းခံရသော ပြည်သူများ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိအောင် ဖြစ်ပြီး ကုန်စည် ၀ယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူးသော လုပ်ငန်းများကို မကျွမ်းကျင်သော လူများက လုပ်ဆောင်ရသဖြင့် အခက်အခဲများနှင့် တွေ့ကြုံခဲ့ရသည်ဟု ဆိုထားသည်။
၁၉၆၄ ခုနှစ် မေလ ၁၇ ရက်နေ့ ၁၀၀ တန်နှင့် ၅၀ တန်များ တရားဝင်ငွေ အဖြစ်မှ ရပ်စဲခဲ့သည့် အစိုးရ၏ လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး ပြည်သူပိုင် ပြုလုပ် လိုက်သည့် အတွက် ရောင်းရေးဝယ်တာ ကိစ္စများတွင် အဆင်မပြေမှုများ တပြည်လုံးတွင် ဖြစ်ပေါ်ပြီး တပူပေါ် နှစ်ပူ ဆင့် ဒုက္ခရောက် ကြသည်ဟု ဆိုသည်။ ချိန်တာကတော့ အရင်းရှင်ကြီးများနှင့် ၀ိသမ လောဘသား စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ မှန်တော့ ဆင်းရဲသားများ တောင်သူလယ်သမားများ ဟူသော ဝေဖန်ချက်ကို တွေ့ရသည်။
ထို့အပြင် အစိုးရ၏ စီးပွားရေး သဘောတရား မကျွမ်းကျင် အားနည်းမှုနှင့် ပတ်သက်ပြီး ဆန်ရှားသော ဒေသများ သွားရေး လာရေး ဝေးလံ ခေါင်းပါးသော နေရာများအထိ ဆန်ဈေး တစ်ပြေးထဲ ဖြစ်စေရန် ဆန်တစ်အိတ် ၂၁ ကျပ် သတ်မှတ် ရောင်းချစေခဲ့ကြောင်း၊ ထိုသို့ လုပ်သဖြင့် တောင်ပေါ် ဒေသမှ တိုင်းရင်းသားများ တောင်ယာ မခုတ် လယ်မလုပ်ဘဲ ၀ယ်စားသောကြောင့် စပါးအထွက် လျော့နည်း သွားကြောင်း ဖော်ပြထားသည်။ ထိုသို့ စိုက်ပျိုး ဧရိယာက လျော့ပါး၊ စားသုံးသူ ဦးရေက များသောကြောင့် ဆန်စပါး မလုံလောက် ဖြစ်ပြီး ဆန်ပြတ်လပ်မှုကို ကိုယ်တိုင် ခံစားခဲ့ရကြောင်း ဖော်ပြထားသည်။
နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီး နေ၀င်း ပုဂံသို့ လာရောက်စဉ် စစ်ဗျူဟာ အနေဖြင့် လုံခြုံရေး တာဝန်ယူစဉ် စစ်ထောက်လှမ်းရေးများ အသုံး မကျပုံ၊ အလုပ် မဖြစ်ပုံတို့ကို ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။ ၇၄၊ ၇၅ ခုနှစ် ထိုစဉ်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦး (ယခု NLD ဦးတင်ဦး) ပုဂံသို့ လာသည့် အကြောင်းလည်း ဖော်ပြထားသည်ကို ဖတ်ရှုရသည်။ မြောက်ပိုင်းတိုင်းတွင် တာဝန်ကျစဉ် KIAနှင့် တိုက်ခိုက်ရသည့် တိုက်ပွဲ အပြီး ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောမောင် လာရောက်စစ်ဆေးသည့် အကြောင်းလည်း ဖော်ပြထားသည်ကို ဖတ်ရှုရသည်။
                                                                     (၃)
စာအုပ်ကို ရွှေကူတိုက်ပွဲတွင် စစ်ဦးစီးမှူး (ပထမတန်း)အဖြစ်နှင့် မြစ်ကြီးနား မြောက်ပိုင်း စစ်ဌာနချုပ်သို့ ရာထူးတက် ပြောင်းခဲ့ရပုံ နှင့် အဆုံးသတ် ထားသည်။
ယခု စာအုပ်၏ အားကောင်းချက်မှာ နေ့စွဲနှင့် အကျိုးအကြောင်း မှတ်တမ်း မှတ်ရာများ အတော်အသင့် စုံလင်သည့် အချက် ဖြစ်သည်။
အားနည်းချက်မှာ သမိုင်းအဖြစ်အပျက်တို့ကို ရှုထောင့်တခုမှသာ ရှုမြင် ကောက်ချက်ချ ပြောဆိုသည့် အချက် ဖြစ်သည်။ နိုင်ငံရေးသမားတို့၏ အားနည်းချက်များကို မကွယ်မ၀ှက် ဖော်ပြလေ့ရှိပြီး စစ်အရာရှိများ၊ စစ်ခေါင်းဆောင်များ၏ အားနည်းချက်တို့ကို ဖော့ပြီး ရေးသားလေ့ ရှိသည်ကိုလည်း သတိပြုမိသည်။
ခြုံပြောရလျှင် စစ်တပ်က ပြည်သူပိုင်သိမ်းသည့် ကိစ္စမှ စပြီး ငလျင်ဒဏ်ခံ ပုဂံဘုရား ထိန်းသိမ်း စောင့်ရှောက်ရေး အထိ ကိစ္စပေါင်းစုံမှာ ၀င်ရောက် စီမံခန့်ခွဲနေသည်များကို ဖော်ပြပြီး အတွေ့အကြုံ မရှိသဖြင့် အဆင်မပြေဖြစ်ရသည်ကို ရေးခြယ်ပြသော်လည်း စစ်တပ်ထက် ပိုသင့်တော်သည့် သက်ဆိုင်ရာ ကျွမ်းကျင်သည့် ဌာန အသီးသီးက လုပ်ဆောင်သင့်သည့် ဟူသော သဘောမျိုး ကိုမူ ရေးသားထားခြင်း မရှိပေ။
ဤစာအုပ်ဖတ်သည့်အခါ စစ်တပ်သည်သာ တိုင်းပြည်၏ အရေးကိစ္စ အ၀၀ကို စီမံ ခန့်ခွဲပိုင်ခွင့် ရှိသည် ဆိုသည့် အမြင်မျိုး စာရေးသူတွင် ရှိနေကြောင်း ပေါ်လွင်နေသည်။
သမိုင်းနှင့် သက်ဆိုင်သည့် ဖြစ်ရပ်များအား ပုံဖော်ရာတွင် အရေးပါသည့် တထောင့် တနေရာမှ ပါဝင်ခဲ့သူတဦး ရေးသားထားသည့် မှတ်တမ်းဖြစ်၍ မြန်မာ့သမိုင်း အဖြစ်အပျက်များကို စိတ်ဝင်စားသူတိုင်း ဖတ်ရှု သင့်သည့် စာအုပ် တအုပ် ဖြစ်သည်။
သို့သော် အချက်အလက် မှန်ခြင်း မမှန်ခြင်း၊ သူ့အမြင် မည်မျှ ယထာဘူတ ကျသည် မကျသည် ကိုတော့ စာဖတ်သူများက အခြားသော ခေတ်ပြိုင် မှတ်တမ်းများနှင့် တိုက်ဆိုင် အကဲဖြတ်သင့်သည်သာ။