မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label ရိုမ ၃ မှ. Alle posts tonen
Posts tonen met het label ရိုမ ၃ မှ. Alle posts tonen

dinsdag 20 april 2010

အလင်းမဲ့ဘဝအမည်ရှိ ပညာရေးစစ်တမ်း အစီရင်ခံစာထုတ်ဝေ

Tuesday, 20 April 2010 14:41 ရိုးမ ၃
.စစ်အစိုးရအုပ်ချုပ်မှုအောက်တွင်နိမ့်ကျလာသောတအောင်းဒေသရှိပညာရေးအခြေအနေအား စစ်တမ်းကောက်ယူဖော်ပြထားသည့်အလင်းမဲ့ဘဝအမည်ရှိအစီရင်ခံစာကိုတအောင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးကယနေ့ထုတ်ဝေခဲ့သည်။
အဆိုပါအစီရင်ခံစာတွင်ရှမ်းပြည်မြောက်ပိုင်း၊နမ့်ဆမ်၊နမ့်ခမ်း၊မန်တုံမြို့နယ်များမှကျေးရွာပေါင်း၆၁ရွာတွင် လူပေါင်း၁၇၅ဦးအားအသေးစိတ်မေးမြန်းထားမှုကိုအခြေခံရေးသားထားခြင်းဖြစ်ကြောင်း တအောင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံးပညာရေးဌာနတာဝန်ခံမိုင်းမောဝ်ဒါင်းကပြောသည်။

                                    အစီရင်ခံစာထုတ်ဝေမှု သတင်းစာရှင်းလင်းပွဲ (ဓါတ်ပုံ- ရိုးမ ၃)
အစီရင်ခံစာထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍“နအဖရဲ့ဆိုးရွားလှတဲ့ဖိနှိပ်မှုအောက်မှာပညာရေးအခြေအနေ ဆိုးရွားနေမှု၊အဲဒါကြောင့်ပလောင်လူမျိုးတွေရဲ့အနာဂါတ်ဘဝ၊ပညာရေး၊ကျန်းမာရေး၊အဖက်ဖက်က နိမ့်ကျတဲ့လူနေမှုဘဝတွေကိုဘယ်လောက်ထိချိုးနှိမ်ခံရသလဲ၊အဲလိုဘဲတခြားဒေသတွေမှာလဲ ဖြစ်နေတယ်ဆိုတာမီးမောင်းထိုးပြချင်လို့အခုလိုထုတ်ဝေတာဖြစ်တယ်”ဟုပြောသည်။
ယင်းအစီရင်ခံကို၂၀၀၆ခုနှစ်မှစတင်၍သတင်းစုဆောင်းသုတေသနပြုလုပ်ထားခြင်းဖြစ်ပြီး တအောင်းဒေသတွင်းအစိုးရအနေဖြင့်ပညာရေးနှင့်ပတ်သက်၍ထောက်ပံ့မှုနည်းပါးခြင်းကြောင့် ကလေးငယ်များအရွယ်မရောက်ခင်ကျောင်းထွက်၍လုပ်ငန်းခွင်များသို့ရောက်နေခြင်း၊ ကလေးစစ်သားများအဖြစ်စုဆောင်းခံရခြင်း၊လူကုန်ကူးခံရခြင်းများအပါအဝင်အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ခံနေရကြောင်း ဖော်ပြထားသည်။
“ကျနော်တို့စကောက်စဉ်၂၀၀၆တုန်းကသုံးသပ်ထားတာကကျောင်းတက်နိုင်တဲ့ကလေးတွေ၇၅ရာခိုင်နှုန်း လောက်ရှိတယ်။တဖြည်းဖြည်း၂၀၀၉မှာ၅၅ရာခိုင်နှုန်းလောက်ဘဲရှိတော့တယ်၊ကျောင်းသားတွေ ကျောင်းတက်နှုန်းလျော့ကျလာတာက၂၀၀၄လောက်က၂သောင်းလောက်ရှိတယ်၊အဲဒီနောက် လျော့ကျသွားတာ၉ထောင်လောက်ဘဲကျန်တယ်၊၂၀၀၉/၁၀မှာ၇ထောင်လောက်ဘဲကျန်တော့တယ်”ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါစစ်တမ်းကောက်ယူမှုသည်မြို့နယ်သုံးခုအတွင်းလူဦးရေ၇သိန်းကျော်ကိုခြုံငုံမိပြီးအဓိကအားဖြင့် ကျေးလက်များတွင်ကောက်ခံခဲ့ခြင်းဖြစ်သည်။
ပညာရေးစနစ်နိမ့်ကျလာမှုနှင့်ပတ်သက်၍“အဓိကအကြောင်းရင်းက၂ခုရှိတယ်၊လက်ရှိစစ်အစိုးရရဲ့ လွဲမှားနေတဲ့စီမံခန့်ခွဲမှုနဲ့သင်ရိုးညွှန်တန်းအတိုင်းသင်ကြားရခြင်းကြောင့်ဖြစ်တယ်၊နောက်တခုက ကျောင်းသူ ကျောင်းသားတွေကိုအတန်းအောင်ပေးတာတွေရှိတယ်၊အဲလိုဆိုတော့၁၀တန်းရောက်တဲ့အချိန်မှာ အများကြီးအခက်အခဲတွေဖြစ်ကြတယ်၊အခြေခံမရှိတော့အခုလိုဖြစ်ရတာဖြစ်တာတွေကြောင့်”ဟု မိုင်းမောဝ်းဒါးကထောက်ပြပြောဆိုသည်။
ထို့အပြင်တအောဝ်းဒေသတွင်အစိုးရကျောင်းများနှင့်ကျေးရွာကိုယ်ထူကိုယ်ထကျောင်းများ ကွာခြားမှုများရှိနေကြာင်းကျေးရွာကော်မတီခန့်ဆရာမတဦးဖြစ်ခဲ့သူလိုည်းပိုးညှိုဝ်းကပြောသည်။
“ကျောင်းဆိုကိုယ်ထူကိုယ်ထ၊ကျောင်းသုံးပစ္စည်းကိရိယာဆိုလည်းရပ်ရွာထဲက ငွေကြေးကောက်ခံပြီးသုံးရတာ၊အစိုးရကထောက်ပံ့ပေးတာမရှိဘူး၊သူငယ်တန်းကနေလေးတန်းအထိ ကျမတယောက်တည်းသင်ရတာ၊သင်ရိုးညွှန်းတန်းကမြန်မာပြည်မှချမှတ်ထားတဲ့အတိုင်းသုံးရတာဘဲ၊ ကျမတို့ကျတော့အစိမ်းသက်သက်လုပ်ရတော့စာသင်ပုံသင်နည်းကွာခြားချက်ရှိတယ်”ဟုပြောသည်။
စစ်အစိုးရချမှတ်ထားသည့်သင်ရိုးညွှန်းတန်းအတိုင်းသင်ကြားရခြင်းကြောင့်ကလေးငယ်များ၏ ကိုယ်ပိုင်စဉ်းစားတွေခေါ်နိုင်မှုများကျဆင်းလာပြီး၎င်းတို့ရိုက်သွင်းထားသည့်အတိုင်းမှတ်သားရသည့် အတွက် ကလေးငယ်များဉာဏ်ရည်ဖွံ့ဖြိုးမှုပါနည်းပါလာကြောင်း၎င်းကပြောသည်။

စစ်အစိုးရစွပ်စွဲမှုကို ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်

Tuesday, 20 April 2010 18:07 ဖြိုးကြီး
.ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍စစ်အစိုးရကဒီမိုကရေစီအင်အားစုများအပေါ်စွပ်စွဲထားချက်များကို လုံးဝကန့်ကွက်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကယနေ့နေ့စွဲဖြင့် သတင်းထုတ်ပြန်ကြေညာလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)အနေဖြင့်လူမျိုးစုံပြည်သူတရပ်လုံး၏ အခြေခံလူ့အခွင့်အရေးနှင့်စစ်မှန်သောဒီမိုကရေစီရရှိရေးအတွက်အကြမ်းမဖက်သည့်နည်းလမ်းများကို လေးနက်ယုံကြည်စွာကိုင်စွဲထားသည့်အဖွဲ့ဖြစ်ပြီးပြည်သူလူထုကိုဒုက္ခရောက်စေရန် လုံးဝလုပ်ဆောင်ခြင်းမရှိကြောင်းအဆိုပါကြေညာချက်တွင်အလေးအနက်ဖော်ပြထားသည်။
နအဖစစ်အစိုးရလက်ထက်တွင်ဗုံးပေါက်ကွဲမှုများအမြောက်အများဖြစ်ပွားခဲ့သော်လည်းတရားခံကို ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိဘဲအတိုက်အခံဒီမိုကရေစီအင်အားစုများကိုသာစွပ်စွဲပြောဆိုခြင်းများ၊ ဖမ်းဆီးနှိပ်စက်၊ထောင်ချခြင်းများကိုလုပ်ဆောင်ခဲ့ကြောင်းအဆိုပါကြေညာချက်ထွက်ဖော်ပြထားသည်။
အဆိုပါရန်ကုန်သင်္ကြန်ဗုံးပေါက်ကွဲမှုမှာဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေးဖြစ်သူ ဖိုးလပြည့်လာရောက်မည်ဖြစ်သည့်အတွက်ရည်ရွယ်၍ဖောက်ခွဲခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေလျှက်ရှိသည်။
စစ်အစိုးရအနေဖြင့်ယခင်ကဗုံးပေါက်ကွဲမှုများကိုလည်းအတိုက်အခံအင်အားစုများလက်ချက်ဖြစ်ကြောင်း စွပ်စွဲခဲ့ပြီးပြီးခဲ့သည့်ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အတွင်းဗုံးပေါက်ကွဲမှုကိုလည်း ကရင်အမျိုးသားအစည်းအရုံး(KNU)လက်ချက်ဖြစ်ကြောင်းစွပ်စွဲခဲ့သေးသည်။
ယင်းကဲ့သို့စစ်အစိုးရ၏စွပ်စွဲပြောဆိုမှုများသည်အတိုက်အခံအင်အားစုများအပေါ်အစီစဉ်ရှိရှိ နိုင်ငံရေးအမြတ်ထုတ်ရန်ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက်အမြန်ဆုံးရပ်တန့်ရန် အဆိုပါကြေညာချက်တွင်ဆက်လက်ဖော်ပြထားသည်။

donderdag 11 maart 2010

နယ်အဖွဲ့ချုပ်ရုံးများကို စစ်အစိုးရက ပြန်လည်ဖွင့်လှစ်ပေး

Thursday, 11 March 2010 11:52 ကောင်းမြတ်ကျော်
.ရန်ကုန်တိုင်းအပါအဝင် အခြားပြည်နယ်နှင့် တိုင်းများရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးများကို (နအဖ)စစ်အစိုးရက ယမန်နေ့၊ မတ်လ (၁၀) ရက်နေ့ ညနေပိုင်းမှစပြီး ပြန်ဖွင့်ပေးခဲ့သည်။
အဆိုပါရုံးများ ပြန်ဖွင့်ပေးတာဟုတ်မှန်ကြောင်း အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေဦးဉာဏ်ဝင်းက "ကျနော်သိရတာကတော့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတိုင်းမှာ အင်းတော်၊ မုံရွာ၊ ရွှေဘို၊ ရေဦး၊ ရှမ်းပြည်မြောက်ပိုင်းက (၁၁) မြို့နယ်၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ နောက် ပဲခူးတိုင်း၊ ပဲခူးမှာက ပြည်၊ ပေါင်းတည်၊ တောင်ငူ၊ မော်လမြိုင် အဲဒီနယ်တွေမှာ သူတို့ကို ဖွင့်ပေးမှ သူတို့က အကြောင်းကြားလို့ သိတာ" ဟု ပြောသည်။
                                                ခရမ်းမြို့နယ် (NLD) အဖွဲ့ချုပ်ရုံး
ယခုကဲ့သို့ စစ်အစိုးရအနေဖြင့် (NLD) နယ်ရုံးများကို ပြည်လည် ဖွင့်ပေးနေသည်ဆိုသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးသို့ တစုံတရာ အကြောင်းကြားခဲ့ခြင်းမရှိဘဲ နယ်မြို့များမှ အဖွဲ့ဝင်များ ဆက်သွယ်လာမှ သိရခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် (NLD) ရုံး ဖွင့်လှစ်ခြင်းနဲ့ပတ်သက်၍ အဆိုပါမြို့နယ် စည်းအဖွဲ့ဝင်တဦးက "တောင်ဒဂုံမြို့နယ် (NLD) ရုံးကို မနေ့က ည (၉) နာရီမထိုးခင်မှာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဌ ဦးကိုကိုလှိုင်၊ မြို့နယ်မှူး ဦးတင်မောင်အေးနဲ့ အက်စ်ဘီရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖွင့်ပေးခဲ့တာ ဖြစ်တယ်" ဟု ပြောသည်။
စစ်အစိုးရက ဒီပဲယင်းအရေးခင်းပြီး၂၀၀၃ ခုနှစ်၊ မေလ (၃၁) ရက်နေ့မှစ၍ တနိုင်ငံလုံးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများအား ပိတ်ထားခဲ့ခြင်းဖြစ်သည်။ အကြောင်းပြချက်မခိုင်လုံဘဲ (NLD) ရုံးများအား ပိတ်ပစ်ခဲ့ခြင်းသည် အစကတည်းက မဖြစ်သင့်တဲ့ ကိစ္စဖြစ်ကြောင်းနှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် (NLD) ပါတီအား ပါဝင်စေချင်သောကြောင့် လျော့ပေါ့တဲ့ သဘောမျိုးလားဟု စဉ်းစားစရာဖြစ်ကြောင်းလည်း ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေဦဉာဏ်ဝင်းက သုံးသပ်ပြောဆိုသည်။
ရခိုင်ပြည်နယ်အဖွဲ့ချုပ်ရုံးကို ပြည်နယ်အာဏာပိုင်များက ယနေ့ မတ်လ (၁၁) ရက်နေ့၊ မနက် (၈) နာရီတွင် ဖွင့်ပေးမည်ဖြစ်ကြောင်း ယမန်နေ့ ညပိုင်းက ရခိုင်ပြည်နယ်အဖွဲ့ချုပ် ယာယီဥက္ကဌနှင့် ပြည်နယ်စည်းအဖွဲ့ဝင်များအား ဆင့်ခေါ်ပြောဆိုခဲ့ပြီး တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် (NLD) ရုံးကိုလည်း မတ်လ (၁၁) ရက်နေ့တွင် မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ ပုံမှန်ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း မယကဥက္ကဌမှ ကော့သောင်း (NLD) ဥက္ကဌအား ယမန်နေ့တွင် ပြောဆိုခဲ့သည်။
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် (NLD) ရုံးကို ပြန်ဖွင့်ချင်တယ်ဆိုရင် ကော်မရှင်ဥပဒေအတိုင်း ပြန်လည်လျှောက်ထားနိုင်ကြောင်း မတ်လ (၁၀) ရက်နေ့ ညပိုင်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးက မြို့နယ် (NLD) ဥက္ကဌကို ဆင့်ခေါ်ပြောဆိုခဲ့ပြီး ရခိုင်ပြည်နယ် အဖွဲ့ချုပ်ရုံးကိုလည်း ပြည်နယ်အာဏာပိုင်တွေက ယနေ့၊ မတ်လ (၁၁) ရက်နေ့ မနက် (၈) နာရီ ဖွင့်ပေးမည်ဖြစ်ကြောင်း ယမန်နေ့ညပိုင်းက ပြည်နယ်အဖွဲ့ချုပ် ယာယီဥက္ကဌနှင့် ပြည်နယ်စည်းအဖွဲ့ဝင်များအား ပြောဆိုခဲ့သည်။
ထိုသို့ စစ်အစိုးရက (NLD) ရုံးများကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း NLD ပါတီ၏ ရုံးလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိ/မရှိကိုမူ အသေအချာ မသိရသေးကြောင်း (NLD) ပါတီဝင်များက ပြောသည်။

dinsdag 9 maart 2010

လုပ်အားခမပေးသည့်အပြင် ကားဂိတ်တွင် ပစ်ထားခဲ့သည့်အတွက် အလုပ်သမားများ အခက်တွေ့နေရ

Tuesday, 09 March 2010 18:20 ဉာဏ်မောင်
.မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်မှ ပဲခူးအလုပ်သမား (၁၄) ဦးကို အလုပ်သမားခေါင်းက လုပ်အားခရှင်းမပေးဘဲ မတ်လ (၆) ရက်နေ့တွင် သုံးခွမြို့ကားဂိတ်တခုတွင် ထားခဲ့သည့်အတွက် အခက်တွေ့နေရသည်။
အဆိုပါပဲခူးအလုပ်သမား (၁၄) ဦးသည် မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်မှဖြစ်ကာ အမျိုးသမီး (၁၃) ဦးနဲ့ အမျိုးသားတဦးပါဝင်ပြီး အမျိုးသမီးအများစုသည် အသက် ၁၃ နှစ်ကနေ ၁၆ နှစ်အရွယ်များဖြစ်ကြပြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ဒေါင့်ကြီးတပိုးတန်းကျေးရွာမှ ရယကဥက္ကဌ ဦးစိန်သန်းဝင်း၏လယ်တွင် ပဲခူးပဲသိမ်းအလုပ်ကို တလကျော် လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။
ထိုကဲ့သို့ အလုပ်လုပ်ကိုင်ခဲ့ရပြီး လုပ်အားခမရသည့်အတွက်ကြောင့် အလုပ်သမား (၁၄) ဦးစလုံး ဒုက္ခရောက်နေရသည့် အခြေအနေကို အလုပ်သမတဦးက “ဟိုကျမှ ကျနော်တို့ကို ရှင်းပေးမယ်ပြောတယ်၊ ညက ကျနော်တို့က စောင့်လိုက်တာ၊ ဆယ်နာရီလည်း ရှင်းမပေးဘူး။ ဆယ့်တစ်နာရီလည်း ရှင်းမပေးဘူး တစ်နာရီလည်း နှစ်နာရီလည်း ရှင်းမပေးဘူး။ ကျန်တဲ့အဖွဲ့တွေ ကိုယ်စီကိုယ်စီ ရှင်းပြီး ကျနော်တို့ ဒီဘက်အဖွဲ့တွေ လုံးဝ ရှင်းမပေးဘူး။ ပိုက်ဆံရမှ ကျနော်တို့ ထမင်းစားလို့ သောက်လို့ရမှာ။ ပြန်လို့ရမှာ။ ကျနော်တို့ပိုက်ဆံမရရင် နေစရာလည်းမရှိဘူး ထိုင်စရာလည်းမရှိ စားစရာလည်းမရှိဘူး ဒုက္ခရောက်နေပါတယ်ရှင့်” ဟု ပြောသည်။
ပဲခူးအလုပ်သမား (၁၄) ဦး၏ လုပ်အားခငွေကို အလုပ်သမားခေါင်းက ရှင်းမပေးဘဲ မတ်လ (၆) ရက်နေ့တွင် သုံးခွမြို့က ကားဂိတ်မှာ ထားရစ်ခဲ့ပုံနဲ့ပတ်သက်၍ သူတို့အား အကူအညီပေးနေသည့် သုံးခွမြို့ခံတဦးက “တလနဲ့ (၃) ရက်ပေါ့ဗျာ၊ အလုပ်ဆင်းလာပြီးတော့ တစ်သိန်းခုနှစ်သောင်းကိုးထောင်တစ်ရာငါးဆယ် ရစရာရှိတယ်။ ဒေါင့်ကြီးတပိုးတန်းက ပဲခူးခေါင်း သန်းဝင်းကနေပြီးတော့ နင်တို့လိုက်ခဲ့တဲ့ ဟိုရောက်မှ ငါ ပိုက်ဆံပေးမယ်ပေါ့ ဂွန်ဒေါင်းနဲ့ တင်လာပြီးတော့ခေါ်လာတာ၊ သုံးခွမြို့ ဒီရောက်တဲ့အခါ ကားဂိတ်မှာ ထိုးထားပြီးတော့ ပိုက်ဆံတပြားမှ ထုတ်မပေးဘဲနဲ့ နင်တို့ တိုင်ချင်ရာတိုင် ငါမပေးတော့ဘူးဆိုပြီးတော့ အဲလိုမျိုး ထွက်သွားရောဗျာ၊ အဲဒီမှာကလေးမလေးတွေ အားကိုးမရှိတဲ့အခါကြ ငိုယိုနေကြတယ်” ဟု ရှင်းပြသည်။
ဤဆိုပါကိစ္စနှင့် ပတ်သက်၍ မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများထံ တိုင်ကြားခဲ့သော်လည်း တစုံတရာ ရေးယူဆောင်ရွက်ပေးခြင်း မရှိကြောင်း အဆိုပါမြို့ခံက ဆက်ပြောသည်။
“ကျနော်တို့ကို တွေ့တဲ့အခါကျ အကူအညီတောင်းတဲ့အခါကျတော့ ကျနော်က မယကကိုရော သတင်းတပ်ဖွဲ့ အက်စ်ဘီကိုရော သွားတိုင်းတဲ့အခါကျတော့ ဘာမှ အရေးယူဆောင်ရွက်ခြင်းမရှိဘူးဗျာ ဒီကလေးမလေးတွေမှာ ဘယ်မှာအိပ်မလဲ ဘယ်လိုစားကြမလဲ။ အခွင့်အရေးတွေချိုးဖောက်ခံရတာ ဒါကို ကာကွယ်စောင့်ရှောက်ပေးရဖို့ ကျနော်တို့က အားကိုးတကြီးနဲ့ သွားပြောကြတာပေါ့၊ ဘယ်လိုမှ အားကိုးရာမရှိဘူး” ဟု ပြောသည်၊
မိတ္တီလာခရိုင်၊ လှိုင်မြို့နယ်အတွင်းမှ အဆိုပါအလုပ်သမားများကို ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ဒေါင့်ကြီးတပိုးတန်းကျေးရွာမှ ပဲခူးအလုပ်သမားခေါင်း သန်းဝင်ဆိုသူက တနေ့ကို စရိတ်ငြိမ်း ကျပ်ငွေ ၁၅ဝဝ၊ ၁၆ဝဝ ရမယ်ဟုဆိုကာ ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းက ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



ဂေါပက အတွင်းရေးမှူးလုပ်ရပ်ကြောင့် ဥက္ကဌ ဒေါသထွက်

Tuesday, 09 March 2010 17:01 လွန်းဒင်
.ဖိနပ်မစီးရန်တားမြစ်ထားသော ဘုရားရင်ပြင်တွင် ဂေါပက အတွင်းရေးမှုး၏ သမီးက ဖိနပ်စီးပြီး၊ လာရောက်တားမြစ်သူများကို ရိုင်းပြစွာ ဆက်ဆံခဲ့သည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ဥက္ကဌဗိုလ်မှူးမြတ်စိုး (အငြိမ်းစား)သည် ဒေါသထွက်ပြီး ဂေါပကအဖွဲ့ ရုံးထဲမှာကြိမ်းမောင်းနေသည်ဟု ဂေါပကအဖွဲ့နဲ့ နီးစပ်သူအသိုင်းအ၀ိုင်းက ပြောသည်။
“သူက ဒီသတင်း ဟိုးလေးတကြော်ကြော်ဖြစ်သွားမှုဟာ ဂေါပကအဖွဲ့ရဲ့ ဂုဏ်သိက္ခာထိခိုက်စေကြောင်း လူကြီးတွေက ကြီးတဲ့အမှု ငယ်အောင် ဖုံးဖုံးဖိဖိဆောင်ရွက်နေချိန်မှာ ဒီလိုမလုပ်သင့်ကြောင်း သူသံသယရှိတဲ့ ကျိုက်ခေါက်အင်္ဂါအသင်းက အသင်းသားတွေပဲဖြစ်ရမယ်ဆိုပြီး ကြိမ်းမောင်းနေတာပါ” ဟု ပြောသည်။
ဒီကိစ္စသတင်းထဲပါလာလို ဂေါပကအဖွဲ့ဟာ အကြိမ်ကြိမ်အစည်းအဝေးလုပ်နေကြတယ်လိုလည်း ဂေါပကအဖွဲ့က အောက်ခြေ၀န်ထမ်းတစ်ဦးက ပြောသည။်
အကယ်၍ ဒီကိစ္စကို အစပြုပြီး အခြားငွေကြေးကိစ္စတွေ ပါလာပါက သူ့အပြစ် ငါ့အပြစ်နဲ့ အချင်းချင်းကွယ်ရာမှာ ပြောနေကြပြီး ၎င်းဘုရားပွဲသည် ရန်ကုန်ပတ်ဝန်းကျင်ဒေသတွင် အကြီးဆုံးဖြစ်ကြောင်းနှင့် ဘုရားပွဲ အောက်ခြေနေရာ ကျယ်တဲ့အလျှောက် ဆိုင်ခန်းတွေ ထောင်နဲ့ချီ ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
“တနှစ်တနှစ်ဘုရားပွဲမှာ ဆိုင်ခန်းတွေကို သူတိုအချင်းချင်းနားလည်မှုနဲ့ ဂေါပက၀န်ထမ်းတွေက ကိုင်ထားပြီး အမှန်တကယ်ရောင်းချမည့် ဈေးသည်တွေကို ဆိုင်ခန်းခအမြတ်တင်ပြီး ရောင်းချတဲ့ ငွေမပါ တရားဝင်ဆိုင်ခန်းခမှ ရရှိငွေကတောင် အသားတင် ကျပ်သိန်းရာကျော်ထိ ရှိနေတယ်ဆိုတာ နှစ်စဉ်ဈေးလာရောက် ရောင်းချနေတဲ့ မည်သည့်ဈေးသည်မဆိုသိပြီးသားပဲ့” ဟု ပြောသည်။
ဒါပေမယ့်လည်း ဆိုင်ခန်းရရှိရေးအတွက် မိမိတို့ကို ဦးစားမပေးမှာ စိုးတဲ့အတွက်ကြောင့် မည်သူမှ ထိုကိစ္စကို စကားမဟရဲကြပဲ ယခုနှစ် ဘုရားပွဲရှိ ဆိုင်ခန်းခဈေးသည် လမ်းမကြီးပေါ်တွင် ဆယ်ပေကို တစ်သိန်းဈေးပေါက်ပြီး လူစည်ကားမှုအလိုက် လမ်းသွယ်များတွင် ရှစ်သောင်းမှ သုံးသောင်းအထိ အစားစားရှိသည်ဟု ပြောသည်။
ကျိုက်ခေါက်ဘုရား ဂေါပကများ၏ လာဘ်စားမှု၊ မောက်မာမှုတွေသည်လည်း ဘုရားပတ်ဝန်းကျင်ရွာတွေမှာ မထူးဆန်းသော ကိစ္စတခုလို ဖြစ်နေပါပြီဟု ကျိုက်ခေါက်ဘုရားတွင် ငါးရောင်းနေသော ဈေးသည်တဦးကလည်း ပြောသည်။

woensdag 3 maart 2010

သန်လျင်မြို့နယ် ရဲဝန်ထမ်းများ တာဝန်ပေါ့လျော့မှုကို အရေးယူခြင်းမရှိသေး

Wednesday, 03 March 2010 17:39 ရိုးမ ၃
.တာဝန်ပေါ့လျော့သည့် ရဲဝန်ထမ်းများ ဖယ်ရှားပေးရန် အထက်အာဏာပိုင်များထံ တင်ပြတိုင်တန်းထားသော်လည်း ယနေ့ထိ တစုံတရာအရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ဒေသခံတဦးက ပြောသည်။
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မှုခင်းများကို ပေါ်ပေါက်အောင် အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် တရားလို တဦးဖြစ်သူဦးမြအေးက သက်ဆိုင်ရာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုင်းတန်းထားသူ၏ သမီးမဝင်းမင်းသန်းသည် (၂၇-၇-၂၀၀၉) ရက်နေ့တွင် ဆွဲကြိုးဖြတ်လုခြင်း ခံရသဖြင့် ရဲတပ်ဖွဲ့သို့ သွားရောက်အမှုဖွင့်ထားခဲ့သော်လည်း တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိဘဲ တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးမှ ရဲအုပ်မြင့်ဇော်က တရားလိုအား ချိန်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံက ပြောသည်။
တရားလိုဘက်မှ ဆွဲကြိုးလုယူသွားသူစီးနင်းလာသည့် ဆိုင်ကယ်နံပါတ်၊ လူပုံသဏ္ဍာန်တို့ကို အတိအကျ ပြောကြားထားသော်လည်း ယနေ့ထိ တရားခံကို စုံစမ်းဖော်ထုတ်ခြင်းမရှိကြောင်း ဆက်ပြောသည်။
ယင်းကဲ့သို့ တာဝန်ပေါ့လျော့သည့် ရဲဝန်ထမ်းများကို အရေးယူပေးရန် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ (၂၄၊ ၈၊ ၂၀၀၉) ရက်နေ့ကတည်းက စာရေးတင်ပြခဲ့ခြင်းဖြစ်ပြီး တစုံတရာအရေးမယူသေးကြောင်း ဒေသခံက ပြောသည်။
ထို့အပြင် သန်လျင်မြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် ၂၀၀၉ ခုနှစ်အတွင်း လုယက်မှု၊ ဖောက်ထွင်းမှုများကို အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း ဆက်ပြောသည်။
ရန်ကုန်တိုင်း၊ ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့က မှုခင်းများဖော်ထုတ်နိုင်ကြောင်း ဂျာနယ်များတွင် ထုတ်ဖော်ရေးသားခြင်းများ ပြုလုပ်နေသော်လည်း တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ အမှုခင်းများဖော်ထုတ်နိုင်ခြင်း မရှိသည်မှာ ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ပေါ့လျော့မှုဖြစ်ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။
စစ်အစိုးရ အထက်အာဏာပိုင်များအနေဖြင့် အောက်ခြေအဆင့် ဝန်ထမ်းများနှင့် ပတ်သက်၍ တိုင်ကြားချက်များကို အရေးယူဆောင်ရွက်ပေးခြင်း နည်းပါးပြီး ရဲဝန်ထမ်းများအနေဖြင့်လည်း နည်းမျိုးစုံဖြင့် ဒုစရိုက်မှုများကို ဖုံးကွယ်ထားခြင်းများ ဖြစ်ပွားနေလျှက်ရှိသည်။

woensdag 24 februari 2010

မြန်မာ့သတင်းသမဂ္ဂညီလာခံ ကျင်းပ

Wednesday, 24 February 2010 15:54 ရိုးမ ၃
.သတ္တမအကြိမ်မြောက် မြန်မာ့သတင်းသမဂ္ဂညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယနေ့ နံနက်ပိုင်းမှ စတင်ကျင်းပခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြန်မာအပါအဝင် နိုင်ငံပေါင်း (၁၁) နိုင်ငံမှ သတင်းသမားများ၊ စာပေးအနုပညာရှင် ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး မြန်မာ့သတင်းသမဂ္ဂ( BMA) မှ ဦးမောင်မောင်မြင့်က အမှာစကားပြောကြား၍ ဖွင့်လှစ်ခဲ့သည်။
                                 ဂျပန်သတင်းထောက် ကင်ဂျီနာဂါအိ ဆုကို ယူနေစဉ် (ဓါတ်ပုံ- ရိုးမ ၃)
အခမ်းအနားသို့ ဝါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းက မြန်မာ့ဒီမိုကရေစီအရေးအတွက် အမှန်တရားများဖော်ထုတ်ရာတွင် သတင်းမီဒီယာများအနေဖြင့် ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ရန်
တိုက်တွန်းကြောင်းနှင့် ရုပ်ရှင်ဒါရိုက်တာ ဦးဝင်းဖေက သတင်းမီဒီယာများအနေဖြင့် မြန်မာပြည်အတွက် စတုတ္တမဏ္ဍိုင်ကို အဝေးမှ ထောက်ပံ့ပေးရန် တိုက်တွန်းကြောင်း အမှာစကားရုပ်သံများ ပေးပို့ခဲ့ကြသည်။
အခမ်းအနားတွင် ဒုတိယအကြိမ်မြောက် ဂျပန်သတင်းထောက် ကင်ဂျီနာဂါအိ ဆုကို မြန်မာသတင်းထောက် ၂ ဦးအား ချီးမြှင့်ခဲ့ကြပြီး အဆိုပါဆုကို အကျဉ်းကျခံနေရသည့် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)သတင်းထောက်များဖြစ်ကြသည့် ကိုဝင်းမော်နှင့် မလှလှဝင်းတို့ကို ပူးတွဲချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကိုယ်စား (DVB) မှ ဝန်ထမ်းများက လက်ခံရယူခဲ့သည်။
စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲအလွန်ကာလ အနာဂါတ်မြန်မာ့မီဒီယာမြင်ကွင်းနှင့် ရွေးကောက်ပွဲကို သတင်းသမားများအနေဖြင့် တာဝန်သိစွာစောင့်ကြည့်ရန်လိုအပ်ကြောင်းကို ပြည်တွင်းမှ အယ်ဒီတာတဦးနှင့် အလွတ်သတင်းထောက် လာရီဂျာဂန်တို့က ဦးဆောင်၍ အပြန်လှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
မြန်မာ့သတင်းသမဂ္ဂ ညီလာခံကို ယနေ့မှ စတင်ကာ ၃ ရက်အကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

နအဖ)စစ်အုပ်စုရဲ့အခက်အခဲ

Wednesday, 24 February 2010 12:13 တူမောင်ညို


.(နအဖ) စစ်အုပ်စုမှာ ဘာအခက်အခဲတွေ ရှိနေသလဲ။
(နအဖ) စစ်အုပ်စုရဲ့ အခက်အခဲဆိုတာ အာဏာရှိသူရဲ့ အခက်အခဲပါ။
(NLD) နဲ့ရင်ဆိုင်နေရတဲ့အခက်အခဲ
(CFGs) တွေကို (BGFs) ပြောင်းရတဲ့အခက်အခဲ၊ နိုင်ငံတကာနဲ့ရင်ဆိုင်နေရတဲ့အခက်အခဲ စသဖြင့် ပြောကြပါလိမ့်မယ်။ ကျနော့်အထင်တော့ဖြင့် ဒါတွေဟာ အခက်အခဲတွေ ဖြစ်နေလင့်ကစား (နအဖ)စစ်အုပ်စုက သိပ်အလေးဂရုပြုလိမ့်မယ်လို့ မထင်ပါ။

maandag 22 februari 2010

တပ်မတော်ထဲမှာ မကျေနပ်မှုများဖြစ်ပွား

Sunday, 21 February 2010 13:22 ဗထူး
တပ်မတော်ထဲတွင် ဆက်တိုက်ဖြစ်ပွားနေသော မကျေနပ်မှုများနှင့် တပ်မ (၇၇) လက်အောက်ခံတပ်များတွင် ဖြစ်ပွားနေသည့် မကျေနပ်မှုများ ဆက်စပ်လျှက်ရှိသည်။
အဆိုပါ မကျေနပ်မှုသည် တပ်တွင်း ရဲဘော်မိသားစုဝင်များ ကြပ်တည်းမှုများကို ဆွေးနွေးပွဲတွင် တင်ပြခဲ့မှုများကြောင့် ဖြစ်သည်။
“အဓိက အားဖြင့်အမှတ် (၇၀၄) ခြေမြန်တပ်ရင်း (ထူးကြီး) အခြေစိုက်ဖြစ်တာ၊ အလားတူအခြားခြေမြန်တပ်ရင်းများလည်း ဒီလိုတောင်းဆိုမှုတွေ ဖြစ်လာနိုင်ဖွယ်ရှိတယ်” အမည်မဖော်လိုသည့် ဒုရင်းမှူးတဦးက ပြောသည်။
အလားတူဖြစ်စဉ်မျိုးနောက်ထပ်မဖြစ်ရန် တိုင်းတပ်မ အလျောက် ကြပ်မက်ဆောင်ရွက်သွားရန် ညွှန်ကြားချက်များပေးပို့ထားကြောင်း ၎င်းဒုရင်းမှူးက ဆက်ပြောသည်။
အဆိုပါအခြေအနေများနှင့်ပတ်သက်၍ နယ်စပ်အခြေစိုက် တပ်တွင်းစောင့်ကြည့်လေ့လာသူ တဦးအဆိုအရ “ ဒီလိုမျိုးတွေက မကြာခင်ဆက်တိုက်ဖြစ်လာမှာဘဲ” ဟု ပြောသည်။
တပ်မတော်တွင်း အောက်ခြေ အကြပ်တည်းများနှင့်ပတ်သက်၍ ရင်ဆိုင်နေရပြီး အခြေခံရိက္ခာပင် မလုံလောက်တော့ကြောင်း ပြောဆိုသွားခဲ့သည်။

woensdag 17 februari 2010

အင်းစိန်တွင် အလုပ်သမားများဆန္ဒပြ

Wednesday, 17 February 2010 19:38 ရိုးမ ၃
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်နေလျှက်ရှိသည်။
အင်းစိန် ကွက်သစ်ရပ်ကွက် ဖန်ချက်လမ်းရှိ Lion City အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၀၀ ခန့်သည် ယမန်နေ့ ညနေမှ စတင်ကာ တောင်းဆိုချက် သုံးခုရရှိရေးအတွက် ယခုအချိန်ထိ တောင်းဆိုနေခြင်းဖြစ်ကြောင်း အလုပ်သမားများနှင့်နီးစပ်သူတဦးက ပြောသည်။
“မနေ့က ညနေ (၄) နာရီလောက်ကတည်းက စဖြစ်နေတာ၊ အခုချိန်ထိတောင်းဆိုနေတုန်းဘဲ၊ လုံခြုံရေးတွေကတော့ လမ်းထိမ်မှာ ပိတ်ထားတယ်၊ အခုချိန်ထိ လူအယောက် (၈၀) ကျောက်လောက်ရှိနေသေးတယ်” ဟု ပြောသည်။
အလုပ်သမားများအနေဖြင့် (၁)အများပြည်သူရုံးပိတ်ရက်ပိတ်ပေးရန်၊ (၂) အချိန်ပိုကြေး ၁၀၀ တိုးမြှင့်ပေးရန်၊ (၃) အခြေခံလစာများ တိုးမြှင့်ပေးရန်အတွက် တောင်းဆိုဆန္ဒပြခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“အဓိက ကတော့ တခြားအစိုးရဌာနတွေ စက်ရုံတွေလည်း လခတွေ တိုးသွားပြီဆိုတော့ သူတို့ကိုလည်း တိုးပေးဖို့ တောင်းဆိုတာပါ၊ အဲဒီစက်ရုံက အလုပ်သမားသိပ်များများတော့မရှိပါဘူး၊ စက်ရုံကလည်း သေးတယ်” ဟုပြောသည်။
ယင်းကဲ့သို့ အလုပ်သမားဆန္ဒပြတောင်းဆိုမှုကို အာဏာပိုင်များဘက်မှ လုံထိန်းကား (၁၀)စီး၊ မီးသတ်ကား (၁)စီးနှင့် အချုပ်ကား (၁)စီး ရပ်ထား၍ တင်းကြပ်စွာ စောင့်ကြည့်နေလျှက်ရှိသည်။
မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်လာမှုနှင့် စားဝတ်နေရေးကြပ်တည်းမှုများကြောင့် မကြာသေးခင် ရက်ပိုင်းအတွင်းက လှိုင်သာယာစက်မှုဇုံအတွင်းမှ အလုပ်သမားများ ထောင်နှင့်ချီကာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုမှုများ ဆက်တိုက်ဖြစ်ပွားနေလျှက်ရှိသည်။

ကလေးစစ်သားနှင့်ပတ်သက်၍ သင်တန်းများဖွင့်နေသော်လည်း ကလေးငယ်များ စစ်သားအဖြစ် စုဆောင်းခံနေရ

Wednesday, 17 February 2010 13:54 ဖြိုးကြီး
အရွယ်မရောက်သေးသည့် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကြိုတင်ကာကွယ်ရေး အသိပညာပေး နည်းပြသင်တန်းကို ပြုလုပ်နေသော်လည်း အသက်မပြည့်သေးသည့် ကလေးငယ်များ စစ်သားအဖြစ် စုဆောင်းခံနေရလျှက်ရှိသည်။
စစ်အစိုးရက ယခုလ ၁၅ ရက်နေ့မှစ၍ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကြိုတင်ကာကွယ်ရေး အသိပညာပေး နည်းပြသင်တန်းကို ၅ ရက်တာ ပြုလုပ်နေလျှက်ရှိသည်။
ထိုကဲ့သို့ စစ်အစိုးရက လုပ်ဆောင်နေသော်လည်း ၂၀၀၉ ခုနှစ်အတွင်း ကလေးစစ်သားအမှုပေါင်း (၁၂၁) မှုရှိခဲ့ကြောင်း လမ်းပြကြယ် ဦးအေးမြင့်က မကြာသေးခင်က ထုတ်ပြန်ပြောဆိုထားသည်။
အဆိုပါ သင်တန်းသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အကျဉ်းဦးစီးဌာနာ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနနှင့် နိုင်ငံခြားရေးဌာနတို့မှ သင်တန်းသား ၄၀ ဦးတက်ရောက်နေလျှက်ရှိသည်။
ယခုနှစ်ဆန်းပိုင်းတွင်လည်း ကလေးစစ်သားစုဆောင်းမှုများ ဆက်လက်ရှိနေပြီး ပဲခူးမြို့မှ မောင်ဝေချိုဦး၊ ဖျာပုံခရိုင်၊ အမာမြို့နယ်မှ မောင်အောင်ကိုဇင်နှင့် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှ မောင်ကျော်မင်းထွန်းတို့ သုံးဦးကို သက်ဆိုင်ရာက မိဘများထံ ပြန်ပို့ဆောင်ခဲ့သော်လည်း ကျန်ကလေးငယ်များမှာ စစ်အခြေခံသင်တန်းကျောင်းများတွင် ရှိနေဆဲဖြစ်သည်။
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) သို့ ယခုနှစ်တွင်း ကလေးစစ်သားနှင့်ပတ်သက်သည့် အမှုပေါင်း (၇) မှု တိုင်ထားလျှက်ရှိပြီး ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် (ILO) ဦးဆောင်ညွှန်ကြားရေးမှူး မစ္စတာကယ်ရီတာ ပီအိုလာနှင့်အဖွဲ့အား လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့်တို့ တွေ့ဆုံစဉ် ကလေးစစ်သားနှင့် ပတ်သက်သည့်ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ယခုနှစ်ဆန်းပိုင်းအတွင်း မြောက်ဥက္ကလာမြို့နယ်မှ အဖဦးသိန်းထွန်း၏သား မောင်အောင်ကျော်သူအပါဝင် ကလေးစစ်သားအဖြစ် စုဆောင်းခံရသူ (၉) ဦးရှိကြောင်း ဦးအေးမြင့်က ပြောသည်။
စစ်အစိုးရအနေဖြင့် အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီကို ၂၀၀၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် လမ်းညွှန်ချက် (၃) ခုချမှတ်၍ ဖွဲ့စည်းထားခဲ့သော်လည်း နအဖ၏ စစ်သည် အင်အားလိုအပ်ချက်အရ အသက်မပြည့်သည့် ကလေးငယ်များမှာ လစဉ်စစ်သားအဖြစ် စုဆောင်းခံနေရလျှက်ရှိသည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကွမ်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိနေလျှက်ရှိပြီး ရခိုင်ပြည်နယ်သို့ သွားရောက်ကာ လူ့အခွင့်အရေးအခြေအနေများ လေ့လာစုံစမ်းနေလျှက်ရှိသည်။

zaterdag 6 februari 2010

KNU ခေါင်းဆောင်နေအိမ်နှင့် သတင်းစာစောင်အဖွဲ့ရုံးကို ထိုင်းလုံခြုံရေးအဖွဲ့များ ဝင်ရောက်စစ်ဆေး

Thursday, 04 February 2010 16:15 ရိုးမ ၃
.ထိုင်း- မြန်မာနယ်စပ်ရှိ KNU ခေါင်းဆောင်နေအိမ်နှင့် ကရင့်သတင်းစဉ် စာစောင်(KIC) ရုံးကို ထိုင်းအာဏာပိုင်များက ယနေ့နံနက် ၆ နာရီခန့်တွင် ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ထိုင်းစစ်တပ်နှင့် ရဲအင်အား ၂၀ ခန့်က တရားဝင် ရှာဖွေပုံစံ (ဝရမ်း)များဖြင့် လာရောက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကရင့်သတင်းစဉ်စာစောင် တာဝန်ခံကပြောသည်။
“ကေအိုင်စီရုံးနဲ့ ပဒိုဒေးဗစ်သာကဘော နေထိုင်ခဲ့တဲ့ အခန်းကို ဝင်စစ်ဆေးသွားတယ်၊ တရားဝင် ဝရမ်းတွေပါ ယူလာတယ်၊ ကျမတို့ရုံးမှာကျတော့ ဘယ်သူမှမရှိဘူးလေ ဝန်ထမ်းတွေက ညမအိပ်တော့ သော့ခတ်ထားတယ်၊ အဲဒါကို သူတို့နည်း သူတို့ဟန်နဲ့ တံခါးတွေကိုဖွင့်ပြီး ဝင်စစ်သွားတာ” ဟု ပြောသည်။
ယင်းကဲ့သို့ လာရောက်ရှာဖွေရာတွင် အချိန် (၁) နာရီခန့် ကြာမြင့်ခဲ့ပြီး ၎င်းတို့ပါလာသည့် တရားဝင်စာရွက် စာတမ်း(ဝရမ်း)များကို ပြ၍ အဓိက မူးယစ်ဆေးဝါးနှင့် လက်နက်များကို ရှာဖွေခြင်းဖြစ်ကြောင်းပြောဆိုခဲ့သည် ဟု ၎င်းကဆက်ပြောသည်။
“သူတို့က (၁)အချက်က ကေအန်ယူ ခေါင်းဆောင်တွေ ဒီမှာနေ သေးလားဆိုတာကို လာစစ်ဆေးတဲ့ သဘောပါ၊ နောက်တချက်က ကျမတို့ (KIC)ကို စစ်တယ်ဆိုတာက အနေနီးလို့ ကေအန်ယူနဲ့ ဆက်စပ်မှုရှိမရှိဆိုတာကို စစ်ဆေးတဲ့ သဘောဖြစ်မှာပါ၊ တဖက်က နအဖရဲ့ဖိအားပေးမှုတွေလည်း ပါမယ်ထင်တယ်” ဟု ၎င်းတာဝန်ခံက ပြောသည်။
ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ပဒိုဒေးဗစ်သာကဘော၏ မိသားစုဝင်များကို မေးမြန်းခြင်းများပြုလုပ်ကာ (KIC) ရုံးအတွင်းမှ ပစ္စည်းများကို ဓါတ်ပုံရိုက်၍ မှတ်တမ်းများ ယူသွားကြောင်း ၎င်းက ဆက်ပြောသည်။
“ပစ္စည်းတွေ တစုံတရာယူသွားတာမရှိဘူး၊ ရုံးဝန်ထမ်းတဦးကတော့ သူ (ယူအက်စပီ) memory stick တခု ပျောက်သွားတယ်လို့တော့ ပြောတယ်၊ ထူးခြားတဲ့ အချက်အလက်တွေတော့ မရှိဘူးပါဘူး၊ နောက်တခုက ကွန်ပြူတာတွေကို ဖွင့်မကြည့်ပေမဲ့ လက်တော့တွေကို အံဆွဲထဲက ဆွဲထုတ်ကြည့်ထားတဲ့ ပုံစံမျိုးတွေတော့ တွေ့ရတယ်” ဟု ပြောသည်။
နယ်စပ်အခြေစိုက် သတင်းဌာနများအနေဖြင့် လုံခြုံရေးအလွန်စိုးရိမ်နေရပြီး ဝန်ထမ်းများမှာလည်း ထိုင်းအာဏာပိုင်တို့ နှောက်ယှက်မှုများအပြင် မြန်မာဘက်မှနှောက်ယှက်လာမည့် အန္တရယ်ကို အချိန်မရွေးတွေ့ရနိုင်ကြောင်း ၎င်းက ပြောသည်။
ထို့အပြင် ယမန်နေ့ညက ထိုင်းစစ်တပ်နှင့် မြန်မာစစ်တပ်တို့ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့် သတင်းများ ထွက်ပေါ်နေလျှက်ရှိပြီး ထိုင်းအာဏာများပါဝင်သည့် အုပ်စုလိုက်လူသတ်မှုတခုလည်း ဖြစ်ပွားကာ တရားခံများမှာ မြန်မာပြည်ဘက် ထွက်ပြေးသွားကြောင်း ဒေသခံ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။