ဘုန်းခိုင်။ ၄၊ ၆၊ ၂၀၁၀
မယ်လ ဒုက္ခသည်စခန်းတွင်း ဒုက္ခသည် (၁၁)ဦး ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ ၀မ်းရောဂါဖြစ်သည့် လူနာ (၂၀)ဦး စခန်းတွင်းရှိ အေအမ်အိုင်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရသည်။
မယ်လဒုက္ခသည်စခန်းတွင်း ၀မ်းရောဂါဖြင့် တက်ရောက်ခဲ့သည်လူနာ (၅၀)ဦးတွင် ကာလ၀မ်းရောဂါပိုးတွေ့ရှိသည့် လူနာ (၁၁) ဦးရှိခဲ့ပြီး အခုလက်ရှိ ကာလ၀မ်းရောဂါသည်တွေနှင့် ဝမ်းရောဂါသည်တွေ တက်ရောက်ကုသနေမှု အခြေအနေကို မယ်လဒုက္ခသည်စခန်း ဆေးရုံတာဝန်ခံ ဆရာ စောနေဆဲလ်က “မယ်လဒုက္ခသည်စခန်းမှာ ကာလဝမ်းရောဂါ ဖြစ်တဲ့လူနာ (၁၁) ယောက်ရှိပြီ။ ဒါက စဖြစ်တဲ့ ပြီးခဲ့တဲ့လ (၂၇) ရက်နေ့ကနေ ဒီနေ့ထိပေါ့လေ။ အခု လက်ရှိဆေးရုံမှာ ကာလ၀မ်းရောဂါ လူနာ (၃)ဦး ရှိတယ်။ တချို့သက်သာတဲ့သူတွေ ဆေးရုံက ပြန်ဆင်းခိုင်းလိုက်ပြီ၊ ၀မ်းရောဂါနဲ့ လူနာက မနေ့ကနဲ့ ဒီနေ့ထိ အယောက် (၂၀) ဆေးရုံမှာ ထပ်ရောက်လာတယ်။ ကျနော်တို့စခန်းထဲက ဆေးရုံမှာ ကုသရေးနဲ့ ဆေးဝါးအလုံအလောက်ရှိတယ်”ဟု ပြောသည်။
“ကာလ၀မ်းရောဂါ ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းမှာ မသန့်ရှင်းသည့် သောက်သုံးရေနှင့် အစားအသောက်များကြောင့်” ဟု ဆရာ စောနေဆဲလ်က ပြောသည်။
“မယ်လ ဒုက္ခသည် စခန်းမှာက အစားအစာနဲ့ပါတ်သက်လို့ လတ်လတ်ဆက်ဆက် မစားနိုင်ကြဘူး၊ ပြီးတော့ ကောင်းကောင်းမွန်မွန် မချက်ဘူး၊ တကိုယ်ရေ သန့်ရှင်းရေးကိစ္စတွေ မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်၊ ရေမလုံလောက်တာ ပြဿနာတခု၊ သောက်ရေရှားပါးတော့ သူတို့ဟာသူတို့ တူးပြီးသောက်တဲ့ရေကို သန့်ရှင်းအောင်မလုပ်တာတွေလည်း ပါတယ်” ဟု ဆရာ စောနေဆလ်က ဆက်ပြောသည်။
ယင်းကဲ့သို့ အခြေအနေများကြောင့် ကာလဝမ်းရောဂါ စတင်ဖြစ်ပွားခဲ့သည့် ဇုန်စီရှိ၊ စီဝမ်းအေနှင့် စီဝမ်းဘီရပ်ကွက်တွင်းတွင် လူနေထူထပ်သည့်အတွက် ကာလ၀မ်းရောဂါ ကူးစက်မှုများ ဖြစ်ပွားနေကြောင်း ၎င်းကဆက်ပြောသည်။
“ပထဦးဆုံး ကာလဝမ်းရောဂါဖြစ်တဲ့သူရဲ့ အိမ်ဘေးမှာ နှစ်အိမ်သုံးအိမ်က အဲလိုရောဂါတွေ ဖြစ်နေတာ။ ပြီးတော့ ဆေးရုံထဲမှာ လာပြတဲ့အထဲက အဲဒီလူအိမ်ဘေးနားက လူတွေပဲ များတယ်၊ စခန်းတွင်းမှာ solidarity အဖွဲ့က ရေကိုသန့် စင်အောင်လုပ်တာ။ ဆေးထည့်တာတို့လုပ်ထားပေးတယ်” ဟု ပြောသည်။
မယ်လဒုက္ခသည်စခန်းတွင်း ကာလဝမ်းရောဂါဖြစ်ပွားမှုကို စခန်းဆေးရုံသို့ ၀မ်းရောဂါဖြင့် တက်ရောက်ကုသမှု ခံယူနေသည့် အသက် (၃၈) နှစ်အရွယ် အမျိုးသားတဦးကို ဆေးစစ်ကြည့်ရာမှ ပြီးခဲ့သည့်လ (၂၇) ရက်နေ့တွင် ရောဂါပိုး ရှိနေကြောင်းကို သိရှိခဲ့ပြီး အဆိုပါနေ့က စခန်းဆေးရုံတွင် ကာလဝမ်းရောဂါ သံသယရှိသူ လူနာ (၇) ဦးလည်း ရှိနေသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မြောက်ဖက် (၆၅)ကီလိုမီတာအကွာတွင် ရှိသည့် မယ်လဒုက္ခသည်စခန်းသည် မြန်မာပြည်သား ဒုက္ခသည် (၅၀၀၀၀) ငါးသောင်းနေထိုင်လျက်ရှိပြီး ၂၀၀၇ ခုနှစ်၊ သြဂုတ်လအတွင်းကလည်း ကာလ၀မ်းရောဂါပိုးတွေ့သည့် လူနာ (၁၀) ဦး ရှိခဲ့သည်။
Posts tonen met het label ရိုးမ ၃ မှ. Alle posts tonen
Posts tonen met het label ရိုးမ ၃ မှ. Alle posts tonen
vrijdag 4 juni 2010
maandag 15 maart 2010
တဖက်သတ်ဆန်သော၊ ချုပ်ချယ်သော ဥပဒေ (အင်တာဗျူး)
မြင့်မောင်
တနင်္လာနေ့၊ မတ်လ ၁၅ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၅၉ မိနစ် .
နယူးဒေလီ (မဇ္ဈိမ) ။ ။ စစ်အစိုးရ ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေအပေါ် အားရကျေနပ်မှု မရှိဘဲ တဖက်သတ်ဆန်သော၊ အချုပ်အချယ် များလွန်းကြောင်း ရှမ်းတိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးက ယနေ့ ပြောဆိုသည်။
ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ထိုဥပဒေသည် တဖက်သတ်ဆန်ကြောင်းနှင့် ပါတီမှတ်ပုံတင်ရေး မတင်ရေး ဆုံးဖြတ်ရန် အကျဉ်းကျခံ ပါတီခေါင်းဆောင်နှစ်ဦး လွှတ်ပေးစေလိုကြောင်း ပြောသည်။
ဝါရင့် ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုန်းကလည်း ယခု ရွေးကောက်ပွဲ ဥပဒေတွင် အချုပ်အချယ် များလွန်းကြောင်း ပြောဆိုလိုက်ပြီး ရွေးကောက်ပွဲ ဝင်မည်ဆိုပါက ပြည်ထောင်စု ဒီမိုကရေစီပါတီအမည်ဖြင့် ဝင်ရောက်မည်ဟု ဆိုသည်။
၎င်းတို့နှစ်ဦးထံမှ စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေအပေါ် အမြင်၊ တိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့်နှင့် အလားအလာ အခြေအနေများကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် မြင့်မောင်က ဆက်သွယ်မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။
(SNLD သည့် ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရပါတီဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၂၃ ရွေးချယ်ခံရပြီး စစ်အစိုးရက ဖျက်သိမ်းခဲ့သည့် ပါတီဖြစ်သည်။ ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် အတွင်းရေးမှူး စိုင်းညွန့်လွင်ုအပါအဝင် CEC အဖွဲ့ဝင်များသည် အကျဉ်းထောင်များထဲတွင် နှစ်ရှည် ထောင်ဒဏ်များ ကျခံနေရသည်။)
ဦးစိုင်းလိတ်
(ပြောခွင့်ရပုဂ္ဂိုလ်)
ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် - SNLD
မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေအပေါ်မှာ ဘယ်လိုမျိုး သုံးသပ်မိပါသလဲခင်ဗျ။
''၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံပြီး ပေါ်ပေါက်လာမယ့်၊ ပြုလုပ်သွားမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲပေါ့နော်၊ အဲဒီဟာကို ကျနော်တို့က ညီလာခံကို မတက်ခံဘူး။ ဆန္ဒခံယူပွဲတုန်းကလည်း ပြည်သူတွေရဲ့ ဆန္ဒကို တရားနည်းလမ်းတကျ ရယူထားတယ်လို့ မယုံကြည်တဲ့အတွက်မို့လို့ ၂ဝ၁ဝ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို တစုံတရာ ပါဝင်ပတ်သက်မှုကို မစဉ်းစားသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကိုယ်တိုင်က အကျဉ်းထောင်ထဲမှာ ရောက်နေတယ်။ ကျနော်တို့ခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို လွှတ်ပေးပြီးတော့ တွေ့ဆုံဆွေးနွေးရေး လုပ်ရမယ်။ အဲဒီနောက်ပိုင်းကျမှာ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်သင့် မဝင်သင့်၊ ပါတီမှတ်ပုံတင်သင့် မတင်သင့်ကို ဆက်ပြီးတော့ စဉ်းစားမှာ ဖြစ်ပါတယ်။ လောလောဆယ် အဲဒီကိစ္စတွေကို မစဉ်းစားသေးပါဘူး''
မေး။ ၂ဝ၁ဝ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲမှာပါတဲ့ ပုဒ်မတွေထဲက ပုဒ်မ ၆ နဲ့ ပုဒ်မ ၁ဝ မှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ ပါတီအနေနဲ့ ဘယ်လို မြင်ပါသလဲ။
''အဲဒီ ဥပဒေတွေနဲ့ ပတ်သက်ပြီး တဖက်သတ်ဆန်တဲ့ ဥပဒေပြဋ္ဌာန်းချက်တွေဖြစ်တဲ့ အတွက်ကြောင့်မိုလို့ တရားနည်းလမ်း မကျဘူး။ မလွတ်လပ်ဘူးလို့ ကျနော် ပြောချင်ပါတယ်။ နိုင်ငံရေးမှတ်ပုံတင်ခြင်းမှာ နိုင်ငံရေးပါတီ ထူထောင်တယ်ဆိုတာက အဲဒီ ပါတီထူထောင်တဲ့ လူရဲ့ သဘောဆန္ဒနဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိရမယ်။ ဘယ်သူကို ပါတီဝင်အဖြစ် လက်ခံမယ်၊ ဘယ်သူကို ဥက္ကဋ္ဌအဖြစ် လက်ခံမယ်၊ တင်မြှောက်မယ် စသဖြင့် ဒီကိစ္စတွေက ပါတီထူထောင်မယ့် ပုဂ္ဂိုလ်တွေက ဆုံးဖြတ်ရမှာ ဖြစ်တယ်။ တခြား အာဏာပိုင် အဖွဲ့အစည်းသော်လည်းကောင်း၊ တခြား ပုဂ္ဂိုလ်ကသော်လည်းကောင်း၊ အမိန့်ပေး စေခိုင်းသတ်မှတ်လို့ မရဘူး။ ဒါကြောင့်မို့ အဲဒီလိုမျိုး ကန့်သတ်ချက်ပါတဲ့ ဥပဒေမျိုးကို ကျနော်တို့က လက်မခံနိုင်ပါဘူး''
''ဒီဟာကို ကျနော်တို့ လက်မခံနိုင်ပါဘူး။ ၁၉၇၄ ဥပဒေပဲဖြစ်ဖြစ်၊ ၁၉၄၇ ဥပဒေပဲဖြစ်ဖြစ် ရွေးကောက်ခံပိုင်ခွင့် မရှိဘူးဆိုရင်တောင်မှပဲ၊ သူ့အနေနဲ့ မဲထည့်ခွင့်၊ ပါတီဝင်ခွင့် ရှိရမယ်။ အခုကျတော့ ပါတီဝင်ခွင့်လည်း မရှိဘူး၊ ရွေးကောက်ခံပိုင်ခွင့်လည်း မရှိဘူးဆိုတော့ ဒီဟာကို ကျနော်တို့ လက်မခံနိုင်ပါဘူး''
ဦးရွှေအုန်း
ပြည်ထောင်စု ဒီမိုကရေစီပါတီ
မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေမှာ တိုင်းရင်းသားလူမျိုးတွေအနေနဲ့ ဘယ်လို ရပိုင်ခွင့်တွေ ရရှိလာမလဲ၊ ဘယ်လို ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်မလဲ။
''တိုင်းရင်းသားနဲ့ ပတ်သက်ရင် တော်တော်လေးကို နည်းတဲ့ သဘောရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံးကတော့ တိုင်းနဲ့ ပြည်နယ် ပါကတည်းက မကြိုက်တာ။ ပြည်ထောင်စုကို တိုင်းနဲ့ ပြည်နယ် လုပ်ထားတာ။ ပြည်နယ်လွှတ်တော်တွေမှာ ပေးထားတဲ့ အခွင့်အရေးတွေက သိပ်ပြီးတော့ ဘာမှ ရှိတာမှ မဟုတ်တာ။ အကျဉ်းအမြောင်းလေးတွေ၊ အရေးကြီးတဲ့ ဟာတွေက ပြည်ထောင်စု လွှတ်တော်က ကိုင်ထားတာ။ ပြည်ထောင်စု လွှတ်တော်မှာ ပြည်နယ်က ကိုယ်စားပြုတဲ့ လူတွေက ပါသင့်သလောက် ပါတာတော့ ရှိတယ်။ တပ်မတော်က ဘယ်လိုရွေးမယ်၊ ဘယ်လိုလုပ်မယ်ဆိုတာကို ရွေးထုတ်လိုက်တဲ့ အခါကျတော့ ပြည်နယ်ကို ကိုယ်စားပြုမယ့်သူ၊ တကယ့်ကို ဦးဆောင်နိုင်မယ့်သူက တကယ့်ကို နည်းနည်းလေးပဲ ရှိတော့တာ။ ဒီအခြေခံဥပဒေအရ ဆိုလို့ရှိရင် ပြည်နယ်က ကိုယ်စားလှယ်တွေက လုပ်ပိုင်ခွင့် မရှိသလောက်နည်းသွားပြီ''
မေး။ ၂ဝ၁ဝ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၆ နဲ့ ပုဒ်မ ၁ဝ မှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။
''နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေက အပေါက်ကလေး နည်းနည်းလေးပဲ ဖွင့်ပေးထားတယ်။ ဥပဒေတွေက အချုပ်အချယ် များလွန်းတယ်။ သူတို့ ထုတ်ထားတဲ့ ဥပဒေထဲမှာ အကျဉ်းကျနေတဲ့သူတွေ မပါရဘူးဆိုတာက အခုအဖမ်းခံနေရတဲ့ သူတွေထဲမှာ ရာဇဝတ်မှုကို ကျူးလွန်တဲ့သူတွေ ရှိသလို နိုင်ငံရေးကြောင့် အဖမ်းခံရတဲ့သူတွေ ရှိတယ်။ နိုင်ငံရေးလှုပ်ရှားလို့ အဖမ်းခံရသူတွေဆိုရင် ရွေးကောက်ပွဲမှာပါဝင်၊ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိရမယ်''
''အရင်တုန်းက ရွေးကောက်ပွဲတွေကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေချည်းပဲ။ ဒီမိုကရေစီ နည်းလမ်းကျတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်ရှိပြီး မျှမျှတတဖြစ်သွားတဲ့ ရွေးကောက်ပွဲလို့ ယူဆလို့ရတယ်။ ၁၉၉ဝ ရွေးကောက်ပွဲကျတော့ ဒါက ပိုပြီးတော့ လွတ်လပ်တယ်။ မြန်မာပြည်ထဲမှာလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့လည်း ပြောလို့ရသလို၊ ကမ္ဘာကလည်း လွတ်လပ်တဲ့ ရွေးကောက်ပွဲလို့ လက်ခံထားတယ်။ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲက အကောင်အထည်မှ ပေါ်မလာဘူး။ ဟိုအရင်တုန်းက ရွေးကောက်ပွဲတွေက ချို့ယွင်းချက်တွေ နည်းနည်းပါးပါး ရှိခဲ့တယ်။ အဲဒီ ရွေးကောက်ပွဲတွေတောင်မှ ရွေးကောက်ပွဲပြီးရင် ဆက်လက်သွားလို့ ရသေးတယ်။ ၉ဝ ခုနှစ်ကျတော့ ရွေးကောက်ပွဲရလဒ်က တခြား၊ ဖြစ်လာတာက တခြား။ အခုဟာကလည်း ကျနော်တို့ ဘာဖြစ်လာမယ်ဆိုတာ မသိသေးဘူး''
''အင်္ဂလိပ်ခေတ်တုန်းက ရှိတာက ဒီလိုလေ။ ရာဇဝတ်မှုနဲ့ အရေးယူခံထားရတဲ့သူ ဖြစ်ရင်တော့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူး။ ဆိုလိုတာက ရာဇဝတ်မှုနဲ့ အရေးယူခံရတဲ့သူဖြစ်ရင် ရိုသေထိုက်သော ပုဂ္ဂိုလ်မဟုတ်ဘူး။ နိုင်ငံရေး သိက္ခာမရှိတဲ့ အတွက်ဆိုပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လို့ မရဘူးဆိုတဲ့ ပြဋ္ဌာန်းချက်ရှိတယ်။ နိုင်ငံရေးသမားဖြစ်လို့ ရွေးကောက်ပွဲ မဝင်ရဘူးဆိုတာ မရှိပါဘူး။ နိုင်ငံရေး ပုဒ်မအရ အထိန်းသိမ်းခံရတဲ့ ပုဂ္ဂိုလ်က အကျင့်စာရိတ္တပျက်လို့ အဖမ်းခံရတာ မဟုတ်ဘူး။ နိုင်ငံရေးလုပ်ခြင်းနဲ့ အစိုးရက မကြိုက်လို့ အဖမ်းခံရတဲ့ သူတွေကိုတော့ ရွေးကောက်ပွဲ ဝင်ခွင့်ရတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေမှာက ရွေးကောက်ပွဲဝင်ဖို့ မပြောနဲ့ ပါတီဝင်တောင် မဖြစ်ရဘူးဆိုတာတွေ ပါတယ်''
မေး။ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲခင်ဗျ။
''ရွေးကောက်ပွဲ ဥပဒေ ထွက်လာတော့ အရင်တုန်းက ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေတောင်မှ နည်းနည်း တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်လာတယ်။ သူတို့ ဥပဒေတွေက အချုပ်အချယ် များလွန်းတယ်။ ဒီအတိုင်းဆိုရင် ဆက်လုပ်လို့ မရဘူးဖို့ ပြောနေကြတယ်။ အဲဒီပုဂ္ဂိုလ်တွေကို ကျနော် မေးကြည့်တယ်။ ကိုယ်ယူတဲ့ မိန်းမက ကပ္ပလီ မိန်းမကို ယူထားတယ်၊ မွေးလာတော့ ဖြူဖြူချောချောတော့ ဖြစ်မလာနိုင်ဘူး။ ကပ္ပလီမနဲ့ မွေးလာတဲ့ ကလေးကလည်း မည်းမည်းလေးပဲ မွေးလာမယ်။ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေဆိုတာလည်း ပြောရမယ်ဆိုရင်လည် ကမ္ဘာမှာ အလွန်ရှားတဲ့ ဥပဒေပါပဲ။ အဲဒီဥပဒေကို မှီပြီးတော့ ပေါ်လာတဲ့ နောက်ထပ် ရွေးကောက်ပွဲ ဥပဒေကလည်း အဲဒီအတိုင်းပဲ ဖြစ်လာမှာပါပဲ။ ကမ္ဘာက စံနမူနာထားထိုက်တဲ့ ဥပဒေ ဘယ်နည်းနဲ့မှ ဖြစ်မလာနိုင်ဘူး''
''၂ဝဝ၈ ခုနှစ် ဥပဒေက မကောင်းတဲ့ ဥပဒေဆိုရင် နောင်မှာလည်း ကောင်းလာနိုင်မယ့် အနေအထားမရှိဘူး။ မကောင်းလားဆိုပြီးတော့ မလုပ်ဘဲ နေလို့ရှိရင် ဘာမှမလုပ်ဘဲ နေရတော့မှာပဲ။ ကျနော်အမြင်ကတော့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အပေါက်ကလေး နည်းနည်းဖွင့်ရင် ဖွင့်သလောက် တိုးကြည့်ချင်တာပဲ။ မဝင်ဘဲနဲ့၊ မတိုးဘဲနဲ့ နေမယ်ဆိုရင် ဘယ်လိုဖြစ်သွားနိုင်သလဲ။ ဒါကို မကြိုက်ဘူးဆိုပြီးတော့ တဖက်နိုင်ငံကို သွားနေနိုင်တဲ့ အနေအထားမရှိဘူး။ ပြည်တွင်မှာ နေပြီးတော့လည်း လက်နက်ကိုင်လမ်းစဉ် လုပ်ဖို့ဆိုတာလည်း အဲဒီလောက် သတ္တိမရှိဘူး။ ဘယ်လောက် ဖွင့်လာနိုင်မလဲ။ ဖွင့်လာသလောက် ကြိုးစားပြီး လုပ်ကြည့်မယ်။ လုပ်လို့ မရရင်လည်း ထိုင်နေရုံပဲ ရှိမယ်။ ကျနော့်အနေနဲ့ ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် ပြည်ထောင်စု ဒီမိုကရေစီပါတီအနေနဲ့ ဝင်မယ်''
Labels:
ရိုးမ ၃ မှ
ရခိုင်ပြည်နယ်အတွင်း ဆန်စပါးဈေး မြင့်တက်
ငြိမ်းချမ်း
တနင်္လာနေ့၊ မတ်လ ၁၅ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၅ မိနစ် .
ဒါကာ (မဇ္ဈိမ)။ ။ မြန်မာ့ဆန်တန်ချိန် ၂၅ဝဝဝ ကို ဘင်္ဂလားဒေ့ခ်ျက ယခုနှစ်အတွင်း ဝယ်ယူမည့် သတင်းကြောင့် ယခုလ ၁ဝ ရက်နေ့မှ စတင်၍ ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ဆန်/စပါးဈေးများ မြင့်တက်သွားသည်။
မောင်တော၊ ဘူသီးတောင်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း မြို့နယ်များတွင် ဧည့်မထဆန် (ကီလိုဂရမ် ၃ဝ/၂၄ ပြည်ဝင်) တအိတ်လျှင် ကျပ် ၁၉ဝဝဝ မှ ၂၅ဝဝဝ အထိနှင့် စပါးတင်း ၁ဝဝ လျှင် ကျပ် ၁၂ဝဝဝဝ မှ ၁၉ဝဝဝဝ-၂ဝဝဝဝဝ အထိ မြင့်တက်သွားခြင်း ဖြစ်သည်။
“ဘင်္ဂလားဒေ့ခ်ျဘက်က ဝယ်မယ်ဆိုတဲ့ သတင်းကြားလို့ ကုန်သည်တွေက ဈေးမြှင့်ပြီး လိုက်ဝယ်နေလို့ တက်တာပါ” ဟု ရသေ့တောင်မြို့မှ စပါးကုန်သည်တဦးဖြစ်သူ ဦးကြံက မဇ္ဈိမကို ပြောသည်။
မောင်တောနှင့် ဘူးသီးတောင်တွင် ဆန်းဈေးများ မြင့်တက်သွားပြီး၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းတွင် စပါးဈေးများ မြင့်တက်နေခြင်း ဖြစ်သည်။
“ဆန်းဈေးက ဒီတရက်နှစ်ရက်အတွင်းမှ ထိုးတက်သွားတာ တခြားမြို့တွေက ဆန်တွေ ဝင်မလာတာက တကြောင်း ကိုယ့်နယ်ထဲမှာ ရှိနေတဲ့ ဆန်တွေကျတော့လည်း တနိုင်တပိုင် ဘင်္ဂလားဒေ့ခ်ျကို ပို့နေတဲ့အတွက် ဆန်ဈေးက ထိုးတက်သွားပါတယ်” ဟု မောင်တောမှ ဆန်ဆိုင်ပိုင်ရှင် အမျိုးသမီးတဦးက ပြောသည်။
ပြည်ပကို ဆန်တင်သွင်းမည့် သတင်းနှင့်အတူ ဒေသတွင်း ဆန်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများလည်း ပိုမိုတင်းကျပ်သွားကြောင်း သိရသည်။
ဆန်ဆိုင်ပိုင်ရှင် အမျိုးသမီးကပင် “အရင်ကဆို ဆန် ၄-၅ အိတ်လောက်ကို တမြို့ကနေ တမြို့ကို သယ်ယူလို့ ရတယ်။ အခုတော့ တအိတ်လောက်ပဲ သယ်ယူခွင့် ပြုတော့တယ်။ အဲဒီအတွက် စပါးအထွက်နည်းပြီး စားသုံးသူ များနေတဲ့ မောင်တောတို့၊ ဘူးသီးတောင်တို့ဘက်မှ ဆန်ဈေးက ချက်ချင်းဆိုသလို တက်လာတာပါ။ အခုဆို ဧည့်မထ ဆန်တအိတ်ကို ကျပ် ၅ဝဝဝ ကနေ ၆ဝဝဝ လောက်ထိ ခုန်တက်သွားတယ်” ဟု ပြောဆိုသည်။
ဘင်္ဂလားဒေ့ခ်ျ ပြည်တွင်းစားသုံးမှုအတွက် လိုအပ်နေသည့် ဆန်တန်ချိန် ၂၅ဝဝဝ ကို တတန်လျှင် ၃၉၅ ဒေါ်လာဈေးဖြင့် မြန်မာနိုင်ငံမှ ဝယ်ယူရန် ယခုလ ၂ ရက်နေ့တွင် ပြုလုပ်သော ဝန်ကြီးများ အစည်းအဝေးက အတည်ပြုခဲ့ခြင်း ဖြစ်သည်။
မောင်တောသည့် ဘင်္ဂလားဒေ့ခ်ျသို့ နတ်မြစ်သာခြားပြီး၊ နယ်စပ်နေပြည်သူများအနေဖြင့် တပိုင်တနိုင် ဆန်မှောင်ခို စီးပွားရေးကို လုပ်ကိုင်လျက်ရှိရာ နစက (နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲမှု ဌာနချုပ်) တပ်ဖွဲ့ဝင်များကို ဆန်တအိတ်အတွက် ကျပ် ၅ဝဝ စီ ပေးဆောင်ရသော်လည်း ဘင်္ဂလားဒေ့ခ်ျအတွင်း အကောက်ခွန် ကင်းလွတ်ခွင့် ရရှိသည်။
“မြန်မာ နစက တွေတော့ ကျပ် ၅ဝဝ ပေးရတယ်။ BDR (ဘင်္ဂလားဒေ့ရှ် နယ်စပ်စောင့်တပ်) ကိုကျတော့ ပေးစရာ မလိုဘူး။ တပိုင်တနိုင် လုပ်ငန်းတွေ ဖြစ်တဲ့အတွက် ဆန်ခတော့ ပေးစရာမလိုဘူး။ လူတယောက်အတွက် ၂ဝဝ တာကာ (ကျပ် ၃ဝဝဝ) စီပဲ အကောက်ပေးရတယ်” ဟု မောင်တောမြို့မှ အမည်မဖော်လိုသူ ဆန်ကုန်သည် တဦးက ပြောသည်။
Labels:
ရိုးမ ၃ မှ
donderdag 11 maart 2010
ရန်ကုန်တိုင်း မြို့နယ်အချို့တွင် စစ်တပ်က ပေါ်တာဆွဲသလို ဖမ်းဆီးနေ
Thursday, 11 March 2010 19:20 ရိုးမ ၃
.ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ယခုရက်ပိုင်းအတွင်း စစ်တပ်က ကားများဖြင့် လှည့်လည်ပြီး လမ်းသွားလမ်းလာ သာမန်ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးနေသည်။
ဖမ်းဆီးမှုဖြစ်ပွားနေသည့် မြိုနယ်များမှာ ဒဂုံ၊ ဒလ၊ ဒေါပုံနှင့် သာကေတမြို့နယ်များဖြစ်ပြီ အဆိုပါမြို့နယ်များ၌ ည (၁၀) နာရီဝန်းကျင်တွင် လျှပ်စစ်မီး ဖြတ်တောက်ပြီး ခရီးသွားလာနေကြသည့် ပြည်သူများကို စစ်တပ်က ကားဖြင့် တင်ဆောင်ဖမ်းဆီးနေခြင်း ဖြစ်သည်။
ထိုကဲ့သို့ စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးနေခြင်းနှင့်ပတ်သက်၍ သာကေတမြို့ခံ မျက်မြင်သက်သေတဦးက “စစ်တပ်က ပေါ်တာဆွဲသလို ဖမ်းနေတာ လေးရက်ငါးရက်လောက် ရှိနေပြီ။ ကျနော်တို့ရပ်ကွက်ထဲက ဆရာဝန်တယောက်တောင် လူနာသွားကြည့်ရင်း ညပိုင်းမှာ အဖမ်းခံရလို့ တသိန်းနဲ့ လိုက်ရွေးရတယ်ဗျာ။ ဒေါပုံဘက်မှာလည်း ညဆို ဆွဲတယ်။ လက်ဘက်ရည်ဆိုင်တွေမှာပါ ထိုင်လို့ မရဲတော့ဘူး။ အဲဒီမှာလည်း ဝင်ဆွဲတယ်” ဟု ပြောသည်။
ထို့အပြင် ဒဂုံနှင့် ဒလမြို့နယ်များရှိ ကူးတို့ဆိပ်နဲ့ သမ္ဗာန်ဆိပ်များတွင်လည်း ညပိုင်းတွင် စစ်တပ်က စစ်ကားများပေါ်သို့ ဆွဲတင်ပြီး ဖမ်းဆီးခေါ်ဆောင်မှုများရှိကြောင်း သူက ဆက်ပြောသည်။
ယခုကဲ့သို့ ညပိုင်းများတွင် စစ်တပ်က အကြောင်းမဲ့ဖမ်းဆီးနေမှုများကြောင့် ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်များမှ ဆယ်တန်းစာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသားကျောင်းသူများမှာ ညဘက်တွင် လက်ဖက်ရည်ပင် ထွက်မဝယ်ရဲ၊ ထွက်မသောက်ရဲ ဖြစ်နေကြကာ ခရီးသွားလာ လုပ်ကိုင်စားသောက်နေသည့် ပြည်သူများသည်လည်း ညပိုင်း အပြင်မထွက်ရဲကြဘဲ ဖြစ်နေကြသည်ဟု မြို့ခံများက ပြောဆိုသည်။
“ဖမ်းခံရလို့ မိသားစုဝင်တွေ သိသွားပြီးတော့ ချက်ခြင်းလိုက်ရွေးမယ်ဆိုရင် အနည်းဆုံး ငွေသုံးသောင်းလောက် ပေးရမယ်။ သိနောက်ကျသွားလို့ကတော့ ရွေးဖို့တောင် ခက်သွားတယ်။ ဖမ်းထားတဲ့ လူတွေကိုတော့ ရန်ကုန် ကျိုက္ကဆံကွင်းမှာ ထားတယ်” ဟု ဒေါပုံမြို့ခံတဦးက ပြောသည်။
အဆိုပါဖမ်းဆီးမှုများသည် စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲဥပဒေ ကြေညာသည့်ရက်နှင့် တိုက်ဆိုင်နေသဖြင့် နိုင်ငံရေးလှုပ်ရှားမှုများ မဖြစ်ပေါ်အောင် အာဏာပိုင်များဘက်မှ ကြိုတင်ဖမ်းဆီး ရှင်းလင်းနေခြင်း ဖြစ်နိုင်သည်ဟု ရန်ကုန်နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုနေသည်။
Labels:
ရိုးမ ၃ မှ
dinsdag 9 maart 2010
လှိုင်သာယာစက်မှုဇုံအမှတ် (၂) မှ Lucky ရှူးဖိနပ်စက်ရုံ ဆန္ဒပြတောင်းဆိုမှုကို တာဝန်ရှိသူများလိုက်လျော
Tuesday, 09 March 2010 18:36 ဉာဏ်မောင်
.ယမန်နေ့ မတ်လ (၈) နေ့ မနက် (၈) နာရီတွင် လှိုင်သာယာစက်မှုဇုံအမှတ် (၂) မှ Lucky ရှူးဖိနပ်စက်ရုံမှ အလုပ်သမား ၅၀၀ ခန့် လုပ်အားခတိုးမြှင့်ပေးရေးအပါအ၀င် အချိန်ပိုကြေးများ ရရှိဖို့အတွက် ဆန္ဒပြခဲ့ရာ တောင်းဆိုချက်အချို့ကို စက်ရုံတာဝန်ရှိသူများက လိုက်လျောခဲ့သည်။
ဆန္ဒပြအလုပ်သမားများသည် ရန်ကုန်-ပုသိမ်းလမ်းမကြီးတွင် ငြိမ်းချမ်းစွာ ထိုင်ပြီး တောင်းဆိုဆန္ဒပြခဲ့ကြပြီး အဆိုပါအလုပ်သမားများ၏ တောင်းဆိုချက်အချို့ကို အာဏာပိုင်များနှင့် စက်ရုံတာဝန်ရှိသူများ ညှိနှိုင်းဖြေရှင်း လိုက်လျောခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြအလုပ်သမားများနှင့် နီးစပ်သူဒေသခံက “အလုပ်သမားတွေရဲ့ တောင်းချက်တွေကို လုပ်ပေးတယ်။ အဓိကက ရှားပါးစရိတ်နဲ့ လစာတိုးတောင်းတာလေ။ အိုတီကြေးတွေ မလုံလောက်တာတွေ၊ အဲဒါတွေ သဘောတူပေးလိုက်တယ်။ နောက်တော့မှ ဘယ်လိုအခြေအနေဖြစ်မလဲဆိုတာ မသိရဘူးပေါ့လေ” ဟု ပြောသည်။
အလားတူ ဆန္ဒပြမှုများ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုံများတွင် ယခင်လမှစ၍ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။ ယခုလ (၃) ရက်နေ့က ရွှေပြည်သာစက်မှုဇုံ အမှတ် (၃) ဖန်ချက်ဝန် ဦးရွှေအိုးလမ်းမှာရှိတဲ့ Grand Royal ၀ီစကီစက်ရုံက အလုပ်သမားတထောင်ကျော်၊ မတ်လ (၄) ရက်နေ့နှင့် (၅) ရက်နေ့မှာ ရွှေပြည်သာစက်မှုဇုံ (၃)၊ UIB၊ အာရှသမာဓိစက်ရုံနှင့် Yes One အထည်ချုပ်စက်ရုံ။ မတ်လ (၆) ရက်နေ့တွင် လှိုင်သာယာစက်မှုဇုံ (၅) မှ ငွေကံ့ကော် အထည်ချုပ်စက်ရုံ အလုပ်သမားများနှင့် Super၊ ကောင်းချီမင်္ဂလာ အထည်ချုပ်စက်ရုံမှ အလုပ်သမားများ ဆန္ဒပြခဲ့ကြသည်။
ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုံ အလုပ်သမားများ လစာငွေ မလုံလောက်မှုကြောင့် ဖြစ်ပေါ်လာသည့် ဆန္ဒပြတောင်းဆိုချက်များကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် စက်ရုံတာဝန်ရှိသူတွေဘက်မှ မှန်မှန်ကန်ကန် ဖြေးရှင်းပေးခြင်း မရှိဘဲ တချို့စက်ရုံအလုပ်သမားများမှာ နှစ်ခါပြန် ဆန္ဒပြတောင်းဆိုရသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်အလုပ်သမားအသိုင်းအဝိုင်းကြား ပြောဆိုနေကြပါသည်။
Labels:
ရိုးမ ၃ မှ
maandag 15 februari 2010
ပဒိုမန်းရှာ ကျဆုံးခြင်း (၂) နှစ်ပြည့် ဆွမ်းကပ်အလှူပွဲပြုလုပ်
Sunday, 14 February 2010 13:24 ရိုးမ ၃
.ကရင့်အမျိုးသားခေါင်းဆောင် ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ)အဖွဲ့က ဦးဆောင်၍ သံဃာတော်များကို နေ့ဆွမ်းကပ်လှူပြီး မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ ဧည့်သည် (၅၀) ခန့်တက်ရောက်ခဲ့ကြသည်။
ပဒိုမန်းရှာကျဆုံးခြင်း (၂) နှစ်ပြည့် (ဓါတ်ပုံ-ရိုးမ ၃)
ကရင့်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းကို ၂၀၀၈ ခုနှစ် ဖော်ဝါရီလ ၁၄ ရက်နေ့ ညနေတွင် အမည်မသိ သေနတ်သမားနှစ်ဦးက ၎င်းနေထိုင်ရာနေအိမ်တွင် လာရောက်ပစ်ခတ်သဖြင့် ကျဆုံးသွားခဲ့ခြင်းဖြစ်သည်။
ပဒိုမန်းရှာသည် ၁၉၆၂ ခုနှစ် ဇူလိုင်(၇)ရက် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာတန်းကို သမိုင်းဘာသာအဓိကဖြင့် ဘွဲ့ရရှိခဲ့သည်။
၁၉၆၃ ခုနှစ်မှ ၁၉၆၆ ခုနှစ်ထိ ကရင့်အမျိုးသားအစည်းအရုံး (KNU) မြေအောက်လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး ၁၉၆၇ ခုနှစ်မှ စတင်ကာ(KNU)သို့ ဝင်ရောက်ပြီး တာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့၍ ကျဆုံးချိန်တွင် အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်နေဆဲဖြစ်သည်။
ပဒိုမန်းရှာကို ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာတွင် အဖမန်းဘသော်နှင့် အမိ ဂါ့နန်းတင်တို့က ၁၉၄၃ ခုနှစ် ဇူလိုင်လ (၅) ရက်နေ့တွင် မွေးဖွားခဲ့သည်။
ယနေ့ကျရောက်သည့် ပဒိုမန်းရှာ ကျဆုံးခြင်းအထိမ်းအမှတ်အခမ်းအနားကို မြန်မာဒီမိုကရေစီရေးတိုက်ပွဲဝင် အဖွဲ့အစည်းများ၊ နယ်စပ်ဒေသရှိ မြန်မာစာသင်ကျောင်းများတွင် အသီးသီးကျင်းပ ပြုလုပ်ခဲ့ကြသည်။
Labels:
ရိုးမ ၃ မှ
maandag 14 september 2009
တောင်ငူတွင် မီးပုံမှန်မရသည့်အတွက် ခိုးသွယ်မှုများ ပိုများလာ
Monday, 14 September 2009 16:30 ဖြိုးကြီး
တောင်ငူမြို့ပေါ်တွင် ငွေပေးမှ မီးလာပြီး ငွေကြေးချမ်းသာသူများ နေအိမ်များသာ မီးပုံမှန်ရသည့်အတွက် မီးလိုင်းခိုးသွယ်မှုများ ပိုမိုများပြားလာနေလျက်ရှိသည်။
မြို့ပေါ်တွင် လူတိုင်း တန်းတူ မီးရရှိရေးအတွက် အဖွဲ့တဖွဲ့ ဖွဲ့ထားပြီး မီးလိုင်းခိုးသွယ်မှုများကို စနေ၊ တနင်္ဂနွေနေ့များတွင် လိုက်လံစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ငွေပေးနိုင်သည့် အိမ်များမျာမှာ ညစဉ်မီးလင်းနေလျက်ရှိကြောင်း မြို့ခံတဦးက ပြောသည်။
“တောင်ငူမြို့ပေါ်မှာ ကန်လမ်းက သူဌေးတွေက ပိုက်ဆံပေးတော့ လျှပ်စစ်ဌာနက နေ့တိုင်း မီးလင်းအောင် လုပ်ပေးတယ်။ ပိုက်ဆံမပေးတဲ့ လမ်းတွေကျတော့ မီးဖြတ်ထားတယ်။ မီးလိုချင်လို့ ပိုက်ဆံအကုန်ခံပြီး မီးလိုင်းတွေ ဆွဲထားရတယ်” ဟု ပြောသည်။
ယင်းကဲ့သို့ မီးလိုင်းတစ်လိုင်းစာအတွက် တလလျှင် ကျပ်ငွေ ၅၀,၀၀ ပေးရသော်လည်း မီး ပုံမှန်လာခြင်းမရှိကြောင်း အဆိုပါမြို့ခံက ဆက်ပြောသည်။
“မီးလိုချင်လို့ ပိုက်ဆံအကုန်ခံပြီး မီးလိုင်းကျော်ဆွဲပြန်ရင်လည်း မီးပုံမှန်ပေးရမယ့် အချိန်ဆိုလည်း မှန်မှန်မလာပြန်ဘူး။ တခြားလိုင်းက ဆွဲတော့လည်း အဖမ်းခံရတယ်။ အခုဆို မြို့ပေါ်မှာ ကြံ့ဖွံ့နဲ့ပေါင်းပြီး မီးစက်နဲ့ မောင်းပြီးတော့ ဖန်ချောင်းတစ်ချောင်းကို ၁၀၀၊ တီဗွီက ၃၀၀၊ ည (၆) နာရီကနေ (၁၁) နာရီအထိ ပေးတာ။ စဉ်းစားကြည့်ပေါ့ဗျာ၊ မြို့ထဲမှာတောင် ဒီလိုဖြစ်နေတာ” ဟု ပြောသည်။
တောင်ငူမြို့ပေါ်တွင် ယခင်က မိုးရာသီဆိုလျှင် ပုံမှန်မီးလာသော်လည်း ယခုအခါ တရက်လာပြီးလျှင် နှစ်ရက်ပျက်ဖြစ်နေကြောင်း မြို့ခံက ဆက်ပြောသည်။
တောင်ငူမြို့ပေါ်တွင် ငွေပေးမှ မီးလာပြီး ငွေကြေးချမ်းသာသူများ နေအိမ်များသာ မီးပုံမှန်ရသည့်အတွက် မီးလိုင်းခိုးသွယ်မှုများ ပိုမိုများပြားလာနေလျက်ရှိသည်။
မြို့ပေါ်တွင် လူတိုင်း တန်းတူ မီးရရှိရေးအတွက် အဖွဲ့တဖွဲ့ ဖွဲ့ထားပြီး မီးလိုင်းခိုးသွယ်မှုများကို စနေ၊ တနင်္ဂနွေနေ့များတွင် လိုက်လံစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ငွေပေးနိုင်သည့် အိမ်များမျာမှာ ညစဉ်မီးလင်းနေလျက်ရှိကြောင်း မြို့ခံတဦးက ပြောသည်။
“တောင်ငူမြို့ပေါ်မှာ ကန်လမ်းက သူဌေးတွေက ပိုက်ဆံပေးတော့ လျှပ်စစ်ဌာနက နေ့တိုင်း မီးလင်းအောင် လုပ်ပေးတယ်။ ပိုက်ဆံမပေးတဲ့ လမ်းတွေကျတော့ မီးဖြတ်ထားတယ်။ မီးလိုချင်လို့ ပိုက်ဆံအကုန်ခံပြီး မီးလိုင်းတွေ ဆွဲထားရတယ်” ဟု ပြောသည်။
ယင်းကဲ့သို့ မီးလိုင်းတစ်လိုင်းစာအတွက် တလလျှင် ကျပ်ငွေ ၅၀,၀၀ ပေးရသော်လည်း မီး ပုံမှန်လာခြင်းမရှိကြောင်း အဆိုပါမြို့ခံက ဆက်ပြောသည်။
“မီးလိုချင်လို့ ပိုက်ဆံအကုန်ခံပြီး မီးလိုင်းကျော်ဆွဲပြန်ရင်လည်း မီးပုံမှန်ပေးရမယ့် အချိန်ဆိုလည်း မှန်မှန်မလာပြန်ဘူး။ တခြားလိုင်းက ဆွဲတော့လည်း အဖမ်းခံရတယ်။ အခုဆို မြို့ပေါ်မှာ ကြံ့ဖွံ့နဲ့ပေါင်းပြီး မီးစက်နဲ့ မောင်းပြီးတော့ ဖန်ချောင်းတစ်ချောင်းကို ၁၀၀၊ တီဗွီက ၃၀၀၊ ည (၆) နာရီကနေ (၁၁) နာရီအထိ ပေးတာ။ စဉ်းစားကြည့်ပေါ့ဗျာ၊ မြို့ထဲမှာတောင် ဒီလိုဖြစ်နေတာ” ဟု ပြောသည်။
တောင်ငူမြို့ပေါ်တွင် ယခင်က မိုးရာသီဆိုလျှင် ပုံမှန်မီးလာသော်လည်း ယခုအခါ တရက်လာပြီးလျှင် နှစ်ရက်ပျက်ဖြစ်နေကြောင်း မြို့ခံက ဆက်ပြောသည်။
Labels:
ရိုးမ ၃ မှ
zondag 12 juli 2009
အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံနေခြင်းကြောင့် ကျောင်းသားမိဘများ စိတ်ညစ်နေရ
Sunday, 12 July 2009 10:37 ဉာဏ်မောင်
ကျောင်းအုပ်ဆရာမကြီးက ကျောင်းသားများထံ အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေသည့်အတွက် ကျောင်းသားမိဘများ စိတ်ညစ်နေရသည်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အမက (၉) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြီးမြင့်က ကျောင်းသားများထံ လေးလပတ် စာမေးပွဲကြေးအပြင် အဖြေလွှာများအတွက် စာအုပ်ဖိုးများ ထပ်မံတောင်းယူနေခြင်းဖြစ်သည်။
"အခု ကလေးတွေ လပတ်စာမေးပွဲဖြေရမှာကို စာမေးပွဲကြေးဆိုပြီးလည်း ငွေကောက်တယ်၊ နောက်ပြီး ကလေးတွေ စာမေးပွဲဖြေဖို့က စာအုပ်ထဲမှာ ဖြေရမယ်ဆိုပြီး စာအုပ်ဖိုး ၈၀၀ တောင်းတယ်၊ အမှန်က ဒီအဖြေလွှာစာရွက်တွေက ကျောင်းက ပေးရမှာ၊ အထက်က ချပေးပြီးသားပါ၊ အခုဟာက တခါဖြေရင် တခါပေးရတယ်၊ နောက်ပြီး တခြားခေါင်းစဉ်းတတ်ပြီးလည်း ကလေးတွေဆီက တောင်းတာတွေလည်းရှိတယ်" ဟု ကျောင်းသားမိဘတဦးက ပြောသည်။
ယင်းကဲ့သို့ ကျောင်းအုပ်ဆရာမကြီးက ငွေးကြေးကောက်ခိုင်းနေခြင်းကြောင့် အတန်းပိုင်ဆရာမများပင်လျှင် ကျောင်းသားများကို အားနာနေပြီး အခြား အဆင်မပြေသည့် ကျောင်းသားကျောင်းသူများမှာ အခက်ခဲဖြစ်နေရကြောင်း ၎င်းက ဆက်ပြောသည်။
"သူတို့ကျောင်းက တောင်းသမျှခေါင်းစဉ်တွေအတိုင်း ပေးလိုက်တာ ၁,၄၀၀ တောင် ပေးလိုက်ရတာ၊ ဒါကလည်း တနေ့ထဲ အလုပ်မဟုတ်ဘူး၊ နောက်တခါမရိုးအောင် ဘာနာမည်ပေးပြီး ကောက်အုံးမလဲမသိပါဘူး၊ ကျောင်းတက်တာမှ တလကျော်ကျော်လောက်ပဲ ရှိသေးတာ၊ ဟိုဟာတောင်း ဒီဟာတောင်းနဲ့ မပြီးနိုင်တော့ဘူး၊ အိမ်က မိဘမျက်နှာတွေတောင်သေးသေးလေးပဲ ကျန်တော့တယ်" ဟု ဆက်ပြောသည်။
ထိုကဲ့သို့ ငွေကြေးကောက်ခံရာတွင် မပေးသည့်သူများကို စာမေးပွဲဖြေခွင့် ပေးမည့်မဟုတ်ကြောင်း ပြောဆိုနေသည့်အတွက် ကျောင်းသားမိဘများမှာလည်း သားသမီးပညာရေးအတွက် အတော်လေးစိတ်ညစ်နေရသည်ဟု ပြောသည်။
မရမ်းကုန်း အမက (၉) ကျောင်းတွင် ယခင်ကျောင်းအုပ်များ လက်ထက်ကတည်းက နည်းအမျိုးမျိုးဖြင့် ငွေးကြေးကောက်ခံမှုများ ရှိခဲ့သော်လည်း ယခုတွင် ပိုမိုဆိုးရွားလျှက်ရှိကြောင်း ကျောင်းသားမိဘတဦးက ဆက်လက်ပြောသည်။
ကျောင်းအုပ်ဆရာမကြီးက ကျောင်းသားများထံ အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေသည့်အတွက် ကျောင်းသားမိဘများ စိတ်ညစ်နေရသည်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အမက (၉) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြီးမြင့်က ကျောင်းသားများထံ လေးလပတ် စာမေးပွဲကြေးအပြင် အဖြေလွှာများအတွက် စာအုပ်ဖိုးများ ထပ်မံတောင်းယူနေခြင်းဖြစ်သည်။
"အခု ကလေးတွေ လပတ်စာမေးပွဲဖြေရမှာကို စာမေးပွဲကြေးဆိုပြီးလည်း ငွေကောက်တယ်၊ နောက်ပြီး ကလေးတွေ စာမေးပွဲဖြေဖို့က စာအုပ်ထဲမှာ ဖြေရမယ်ဆိုပြီး စာအုပ်ဖိုး ၈၀၀ တောင်းတယ်၊ အမှန်က ဒီအဖြေလွှာစာရွက်တွေက ကျောင်းက ပေးရမှာ၊ အထက်က ချပေးပြီးသားပါ၊ အခုဟာက တခါဖြေရင် တခါပေးရတယ်၊ နောက်ပြီး တခြားခေါင်းစဉ်းတတ်ပြီးလည်း ကလေးတွေဆီက တောင်းတာတွေလည်းရှိတယ်" ဟု ကျောင်းသားမိဘတဦးက ပြောသည်။
ယင်းကဲ့သို့ ကျောင်းအုပ်ဆရာမကြီးက ငွေးကြေးကောက်ခိုင်းနေခြင်းကြောင့် အတန်းပိုင်ဆရာမများပင်လျှင် ကျောင်းသားများကို အားနာနေပြီး အခြား အဆင်မပြေသည့် ကျောင်းသားကျောင်းသူများမှာ အခက်ခဲဖြစ်နေရကြောင်း ၎င်းက ဆက်ပြောသည်။
"သူတို့ကျောင်းက တောင်းသမျှခေါင်းစဉ်တွေအတိုင်း ပေးလိုက်တာ ၁,၄၀၀ တောင် ပေးလိုက်ရတာ၊ ဒါကလည်း တနေ့ထဲ အလုပ်မဟုတ်ဘူး၊ နောက်တခါမရိုးအောင် ဘာနာမည်ပေးပြီး ကောက်အုံးမလဲမသိပါဘူး၊ ကျောင်းတက်တာမှ တလကျော်ကျော်လောက်ပဲ ရှိသေးတာ၊ ဟိုဟာတောင်း ဒီဟာတောင်းနဲ့ မပြီးနိုင်တော့ဘူး၊ အိမ်က မိဘမျက်နှာတွေတောင်သေးသေးလေးပဲ ကျန်တော့တယ်" ဟု ဆက်ပြောသည်။
ထိုကဲ့သို့ ငွေကြေးကောက်ခံရာတွင် မပေးသည့်သူများကို စာမေးပွဲဖြေခွင့် ပေးမည့်မဟုတ်ကြောင်း ပြောဆိုနေသည့်အတွက် ကျောင်းသားမိဘများမှာလည်း သားသမီးပညာရေးအတွက် အတော်လေးစိတ်ညစ်နေရသည်ဟု ပြောသည်။
မရမ်းကုန်း အမက (၉) ကျောင်းတွင် ယခင်ကျောင်းအုပ်များ လက်ထက်ကတည်းက နည်းအမျိုးမျိုးဖြင့် ငွေးကြေးကောက်ခံမှုများ ရှိခဲ့သော်လည်း ယခုတွင် ပိုမိုဆိုးရွားလျှက်ရှိကြောင်း ကျောင်းသားမိဘတဦးက ဆက်လက်ပြောသည်။
Labels:
ရိုးမ ၃ မှ
Abonneren op:
Posts (Atom)

