မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label ရိုးမ ၃ မှ. Alle posts tonen
Posts tonen met het label ရိုးမ ၃ မှ. Alle posts tonen

zaterdag 23 januari 2010

ဖွဲ့စည်းပုံအသစ်အတိုင်း ဆက်လုပ်မည်ဟု ဝန်ကြီးက ပြောခဲ့

Saturday, 23 January 2010 19:06 ဖြိုးကြီး
.စစ်အစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုခဲ့သည်အတိုင်း ဆက်လုပ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးက ပြောကြားသွားခဲ့သည်။

ယခုလ ၂၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး မောင်ဦး မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့သို့ သွားရောက်၍ ဒေသအာဏာပိုင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဝန်ထမ်းတဦးက “အဓိက ပြောသွားတာက နိုင်ငံတော်က ၀န်ထမ်းတွေကို လစာတိုးပေးခဲ့တာ သဘောပေါက်ဖို့လိုကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝန်ထမ်းတွေအနေနဲ့ အစိုးရအလိုရှိတဲ့အတိုင်း မဲထည့်ကြဖို့၊ ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်စွာ ဖော်ဆောင်သွားမယ်ဆိုတာ ပြောသွားတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲကို စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာအလိုက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုခဲ့သည့်အတိုင်း လုပ်ဆောင်သွားကာ ဝန်ထမ်းများထံမှ ကြိုတင်မဲများ ရယူသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု တက်ရောက်ခဲ့သည့် ဝန်ထမ်းက ဆက်ပြောသည်။
“အဲဒီအခမ်းအနားမှာ ဝန်ကြီးပြောသွားတာတွေကို မေးမြန်းတာရှိတယ်၊ ဝန်ထမ်းတယောက်က ဈေးကွက်စီးပွားရေးစနစ်လုပ်နေတာ နှစ် ၄၀ ရှိနေပြီ ဘာမှမဖြစ်သေးဘူးဆိုတဲ့အကြောင်းကို မေးတယ်၊ ညပိုင်းရောက်တော့ အဲဒီဝန်ထမ်းကို ခေါ်ယူစစ်ဆေးတာတွေလုပ်တယ်” ဟု ပြောသည်။
ဝန်ကြီးလာရောက်သည့် ခရီးစဉ်အတွင်း တက်ရောက်ခဲ့သူများကို ကြံ့ဖွံ့ဝတ်စုံများကို ဝတ်ဆင်ခိုင်းပြီး ဝန်ထမ်းများအနေဖြင့် အထွေအထူး စဉ်းစားရန်မလိုအပ်ဘဲ ယခင်အတိုင်း ဆက်လက်လုပ်ကိုင်သွားရန် ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောခဲ့သည်။
စစ်အစိုးရအနေဖြင့် ၎င်းတို့ ရေးဆွဲထားသည့် အခြေခံဥပဒေကို ၂၀၀၈ ခုနှစ်အတွင်း တဖက်သက်အတည်ပြုခဲ့ပြီး ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်အတွင်း ပြုလုပ်သွားမည်ဟု စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မကြာသေးခင်က ပြောခဲ့သည်။

zondag 5 juli 2009

ကလေးငယ်နှစ်ဦး စစ်တပ်ထဲရောက်နေကြောင်း ရပ်ကွက်လူကြီးကပြောမှ မိဘများသိရ

Saturday, 04 July 2009 17:37 ဖြိုးကြီး
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းသုံးခွမြို့မှ ကလေးငယ်နှစ်ဦး စစ်တပ်ထဲရောက်နေကြောင်း ရပ်ကွက်လူကြီးက အကြောင်းကြားလာမှ မိဘများသိရှိရပြီး သွားရောက်တွေ့ဆုံခဲ့သော်လည်း ထွက်ခွင့်မရဟု ဆိုသည်။

၂၀၀၈ ခုနှစ်၊ (၁၀) လပိုင်း (၉) ရက်နေ့က မောင်ဟိန်းထက်နှင့် သူငယ်ချင်းဖြစ်သူ ဗလ (ခ) မောင်နိုင်ဝင်းတို့သည် ရန်ကုန်ရှိ ဦးလေးထံ အလည်သွားရင်း ပျောက်ဆုံးသွားခြင်းဖြစ်ကာ ပြီးခဲ့သည့်လ (၁၁) ရက်နေ့တွင် ရပ်ကွက်လူကြီးများက လာရောက်အကြောင်းကြားမှ မိဘများက စစ်တပ်ထဲရောက်နေကြောင်း သိရခြင်းဖြစ်သည်။

"ကလေးတွေက ရန်ကုန်က ဦးလေးဆီသွားမယ်ဆိုပြီး ပျောက်သွားတာ၊ မနှစ်က နှစ်ကုန်ပိုင်းမှာ ပျောက်တာ၊ ပြီးခဲ့တဲ့ (၆) လပိုင်း (၁၁) ရက်န့မှာ ရယကတွေ လာအကြောင်းကြားမှ ကလေးတွေ တပ်ထဲရောက်တာသိရတာ၊ အဲဒါနဲ့ မိဘတွေက ဇွန်လ (၂၇) ရက်နေ့လောက်က လိုက်သွားတွေ့ရတာ" ဟု အဆိုပါကလေးများကိစ္စကို လိုက်လံကူညီပေးနေသူတဦးက ပြောသည်။

မောင်ဟိန်းထက်၏ မိဘများက ၎င်းရောက်ရှိနေသည့် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ လားရှိုးအခြေစိုက် ထောက်ပို့တပ် (၆၂၆) သို့ သွားရောက်တွေ့ဆုံခဲ့ပြီး အသက်မပြည့်သေးသဖြင့် ပြန်ခေါ်သွားမည်ဟု ပြောဆိုရာတွင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး တင့်ဆွေက ကလေးအား တပ်မတော်လက်ဖက်စက်ရုံတွင် ထားရှိကြောင်းနှင့် ပြန်ထည့်ပေးရန် မဖြစ်နိုင်ကြောင်း ပြောဆိုလိုက်သည်ဟု ၎င်းက ဆက်ပြောသည်။

"မိဘတွေက ပြောတာပေါ့၊ ကလေးကို ပြန်ခေါ်ချင်တယ်ဆိုတော့ တပ်ရင်းမှူးက အသက်မပြည့်လဲ ပြန်ခေါ်လို့မရတော့ဘူး၊ ကိုယ်ပိုင်နံပါတ်လဲ ကျပြီးသွားပြီဆိုပြီး ပြောတယ်၊၊ ဟိန်းထက်နဲ့အတူပါသွားတဲ့ နိုင်ဝင်းကတော့ အမြောက်တပ်မှာ ရောက်နေတယ်လို့ ပြောတယ်" ဟု လိုက်လံကူညီပေးနေသူက ဆက်ပြောသည်။

ယခုကဲ့သို့ ကလေးငယ်များကို ပြန်ခေါ်ခွင့်မရသဖြင့် မောင်နိုင်ဝင်း၏ မိဘများမှာ သားစိတ်ကြောင့် ကျန်းမာရေးထိခိုက်ကာ လေဖြတ်သည့်ဝေဒနာကို ခံစားနေရသည်ဟု ဆိုသည်။

မောင်ဟိန်းထက်၏ မွေးသက္ကရာဇ်မှာ (၂၂၊ ၄၊ ၁၉၉၄) ဖြစ်ပြီး မိဘများမှာ ဦးအေးမင်းနှင့် ဒေါ်ခင်မာဆွေတို့ဖြစ်ကာ (၈) တန်း ကျောင်းတက်နေသူဖြစ်သည်။ ၎င်းနှင့်အတူ စစ်သားအဖြစ်စုဆောင်းခံရသူ ဗလ (ခ) မောင်နိုင်ဝင်းမှာ (၁၆) နှစ်သာရှိပြီး ဥာဏ်ရည်ဥာဏ်သွေး မမှီသူဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

၎င်းတို့နှစ်ဦးစလုံးသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရပ်သုံးခွမြို့၊ အမှတ် (၁) ရပ်ကွက်တွင် နေထိုင်ကြသူများဖြစ်ပြီး မိဘများအနေဖြင့် ယခုကဲ့သို့ အသက်မပြည့်သေးသည့် ကလေးများကို အတင်းအကြပ် စစ်သားလုပ်ခိုင်းနေခြင်းကို သက်ဆိုင်ရာ အာဏာပိုင်များထံ တိုင်ကြားသွားမည်ဟု ပြောသည်။