မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label ဧရာဝတီ မှ. Alle posts tonen
Posts tonen met het label ဧရာဝတီ မှ. Alle posts tonen

dinsdag 4 mei 2010

နရဲစွမ်ရုပ်ရှင်ဘတ်ဂျက်ခွဲဝေမှုအငြင်းပွား

ဧရာဝတီ Tuesday, May 04, 2010
.ဘုရင့်နောင်ကခေါ်ယူမွေးစားဖူးသည့်ထိုင်းဘုရင်နရဲစွမ်(မြန်မာအခေါ်ဗြနရာဇ်)အကြောင်းရုပ်ရှင်အတွက် ဘတ်ဂျက် ချပေးမှုနှင့် ပတ်သက်၍ ထိုင်းရုပ်ရှင် ထုတ်လုပ်သူများနှင့် ထိုင်းအစိုးရတို့ အငြင်းပွားနေကြောင်း သိရသည်။
           နရဲစွမ် ရုပ်ရှင်ဇာတ်ကား ကြော်ငြာ
ရုပ်ရှင် ထုတ်လုပ်မှု စီးပွားရေး ကဏ္ဍ တိုးတက် လာစေရန် ထိုင်းအစိုးရက ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ ဘတ် သန်း ၂၀၀ ချပေးခဲ့သည်။ ယင်းအနက် ဘတ် သန်း ၁၀၀ ကို နရဲစွမ် ဘုရင်၏ သမိုင်း နောက်ခံ (The Legend of King Naresuan) ရုပ်ရှင် အပိုင်း သုံးနှင့် လေးအတွက် လျာထား ပေးလိုက်ပြီး ကျန်ဘတ် သန်း ၁၀၀ ကို ရုပ်ရှင် စီမံကိန်း ၄၈ ခု ခွဲဝေ ယူကြရန် လျာထား ပေးလိုက်၍ အငြင်း ပွားခြင်း ဖြစ်သည်။
ယင်းသို့ ခွဲဝေမှုကို မကျေနပ်၍ ရုပ်ရှင်ထုတ်လုပ်သူများက ယဉ်ကျေးမှု ဝန်ကြီးနှင့် ယမန်နေ့က ၃ နာရီကြာ သွားရောက် ဆွေးနွေးကြောင်း သိရသည်။
နရဲစွမ်(Neresuan)ရုပ်ရှင်သည် ပထမ ရုပ်ရှင် နှစ်ကားအတွက် ဘတ် သန်း ၃၃၀ ရပြီးဖြစ်ကြောင်း၊ ဘတ်ဂျက်ခွဲဝေမှုကို ပြန်လည် စိစစ်ပေးခြင်း မရှိပါက အုပ်ချုပ်ရေးဆိုင်ရာ တရားရုံး (Administrative Court) နှင့် လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင် သို့ စုံစမ်းစစ်ဆေးပေးရန် တိုင်ကြားမည်ဟု ရုပ်ရှင်ထုတ်လုပ်ရေးသမားများ၏ ကိုယ်စားလှယ် မနစ် စရီဝနစ်ချဖုန်က ဆိုကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
ဘတ်ဂျက်ခွဲဝေမှုနှင့် ပတ်သက်၍ ထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာနသည် ခိုင်မာသော လမ်းညွှန်ချက်နှင့် ပွင့်လင်းမြင်သာမှု မရှိကြောင်း ဘန်ကောက်ပို့စ် အယ်ဒီတာ့အာဘော်တွင်လည်း ထောက်ပြထားသည်။
နရဲစွမ် ရုပ်ရှင်သည် ထိုင်းသမိုင်းနှင့် ရုပ်ရှင်များတွင် ဖော်ပြနေကျဖြစ်သော မြန်မာဘုရင် ဘုရင့်နောင်ကို ဆိုးသွမ်းသော ဘုရင် အဖြစ်ထက် ဘုန်းလက်ရုံး ရှိသော ဘုရင်တပါးအဖြစ် ပုံဖော်ထားသည်။
ဘုရင်နရဲစွမ် အကြောင်း ကိုရေးသားရိုက်ကူးရာတွင် ထိုင်း အမျိုးသားရေး စိတ်ဓာတ်အခံနှင့် ချဉ်းကပ်၍ မဖြစ်ပါကြောင်း၊ အင်မတန် အင်အားကြီးမား၊ ဘုန်းတန်ခိုးကြီးသော မြန်မာဘုရင် ဘုရင့်နောင်သည် မြို့ပြနိုင်ငံတော်(City-state)များကို အောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာများကို ထိုင်းတို့၏ ထာဝရရန်သူအဖြစ် ရိုက်ကူးခြင်း မဟုတ်ကြောင်း ဒါရိုက်တာက အင်တာဗျူးတခုတွင် ပြောထားသည်။
နရဲစွမ် ရုပ်ရှင် ဒါရိုက်တာမှာ မြန်မာများနှင့် ပတ်သက်သည့် သမိုင်းကားဖြစ်သော နာမည်ကျော် ဆူရီယိုထိုင်း ဇာတ်ကားကို ရိုက်ကူးခဲ့သည့် ထိုင်းတော်ဝင်မိသားစုမှ မင်းသား ချတ်ရီချလိမ် ယူကွန် ဖြစ်သည်။
နရဲစွမ်ဇာတ်ကား၏ အဓိက ကျောရိုးမှာ ၁၅ ရာစု ခေတ်လယ်ခန့်က ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်သော မြန်မာနိုင်ငံမှ ဘုရင့်နောင်မင်းတရားကြီး အယုဒ္ဒယကို သိမ်းပိုက်အောင်မြင်စဉ်က အသက် ၉ နှစ်အရွယ် မင်းသား နရဲစွမ်ကို ဟံသာဝတီ ရွှေနန်းတော်သို့ ခေါ်ဆောင်ခဲ့သည်။ ဘုရင့်နောင် နတ်ရွာစံပြီးနောက် နန္ဒဘုရင်လက်ထက်တွင် နရဲစွမ်က ထိုင်းလူမျိုးများကို စုစည်း၍ မြန်မာဘုရင်ကို ပုန်ကန်ခြားနားပြီး အယုဒ္ဒယကို ပြန်လည်ရယူခဲ့သည့် အကြောင်း ဖြစ်သည်။
ရုပ်ရှင် ပထမပိုင်းနှင့် ဒုတိယပိုင်းကို ၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ နှင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့တို့တွင် ထိုင်းနိုင်ငံ တနိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် တပြိုင်နက် ပြသခဲ့သည်။

maandag 13 juli 2009

နယ်ခြားစောင့်တပ်ဖွဲ့ရေး မွန်ပြည်သစ် ပါတီနှင့် စစ်အစိုးရ ဆွေးနွေး

Monday, 13 July 2009 18:25 သန်းထိုက်ဦး
မြန်မာ စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသော မွန်ပြည်သစ်ပါတီ (NMSP) ကို နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင် ပြောင်းရေးအတွက် စစ်အစိုးရ တာဝန်ရှိသူများက ဇွန်လ၂၉ ရက် နေ့တွင် ခေါ်ယူဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကူးပြောင်းရေးကိစ္စနှင့်ပတ်သက်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် စစ်ဖက်ဆိုင်ရာလုံခြုံရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီးရဲမြင့်က မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၀င် ၅ ဦးခန့်ကို ခေါ်ယူတွေ့ဆုံ၍ ဆွေးနွေးခဲ့သည်ဟု မွန်ပြည်သစ်ပါတီဝင်(ဟောင်း) တဦးဖြစ်သူ Nai Hong Zar Kao Rot က ဧရာဝတီသို့ ပြောသည်။

“ဗိုလ်ချုပ်ရဲမြင့်က အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ ခေါ်ပြီးတော့ မွန်ပြည်သစ်ပါတီက ဗဟိုအလုပ်အမှုဆောင် ၅ ဦး သွားတွေ့တယ်။ သွားတွေ့တော့ နယ်ခြားစောင့်တပ်ဖွဲ့ကိစ္စ မွန်ပြည်သစ်ပါတီက အသွင်ပြောင်း မပြောင်း၊ လာမယ့်၂၀၁၀ ရွေးကောက်ပွဲမှာလဲ ယှဉ်ပြိုင်ဖို့ ရှိမရှိ အဲဒီကိစ္စတွေကို အဖြေပေးဖို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်” ဟု သူက ပြောသည်။

မွန်ပြည်သစ်ပါတီက တွေ့ဆုံဆွေးနွေးပွဲတွင် ဗဟိုအစည်းအဝေး ဆုံးဖြတ်ချက်နှင့်အရေးပေါ်အစည်းအဝေး ဆုံး ဖြတ်ချက်တွင်သော်လည်းကောင်း ဆုံးဖြတ်တိုင်ပင်၍ အဖြေပြန်ပေးမည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်းလည်း ၎င်း Nai Kao Rot က ဆိုသည်။

ထို့အပြင် နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေးနှင့် ပတ်သက်၍ စစ်အာဏာပိုင်များ၏ ကမ်းလှမ်းချက်များကို ပြန်လည်သုံးသပ်နိုင်ရန်အတွက် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးတရပ်ကို ယခုလ ၂၅ ရက်နေ့တွင် ပြုလုပ်ရန် ရှိကြောင်း သိရှိရသည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ အမျိုးသားညီလာခံ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ကို သဘောတူခြင်း မရှိခဲ့ပေ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကိုလည်း ပါဝင် ယှဉ်ပြိုင်မည် မဟုတ်ဟု ကြေညာထားသည်။

မွန်ပြည်သစ်ပါတီတွင် လက်နက်ကိုင် အင်အား ၇၀၀ ၀န်းကျင် ရှိကြောင်း ၎င်းအဖွဲ့မှ ဗိုလ်မှူး အဆင့် ရှိသူတဦး၏ ပြောကြားချက်အရသိရသည်။

စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲထားသော တရုတ် - မြန်မာနယ်စပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို လည်း ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းရေးအတွက် အသွင်ကူး ပြောင်း ရေးလုပ်ငန်းကော်မတီ( ၃ )ခု ဖွဲ့စည်းရန် စစ်အစိုးရမှ ကမ်းလှမ်းခဲ့သည်။

ယင်းဖွဲ့စည်းပုံအရ နယ်ခြားစောင့်တပ် တစ်တပ်တွင် အရာရှိ အဆင့် ၁၈ ဦးနှင့် တခြားအဆင့် ၃၀၈ ဦးပါဝင်ကာ အင်အား စုစုပေါင်း (၃၂၆) ဦးတို့ဖြစ်ပြီး အုပ်ချုပ်မှု၊ တပ်ရေး၊ တပ်ထောက် စသည့် အရေးကြီးသည့် နေရာများနှင့် ရုံးတာဝန်များတွင် နအဖ စစ်တပ်မှ အရာရှိ ၃၀ ခန့် ပါဝင်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။

အဆိုပါ တပ်ဖွဲ့များအား တပ်နေရာချထားရေးနှင့် ပတ်သက်ပြီး နောက်ပိုင်းတွင် ညှိနှိုင်းရန်နှင့် နယ်ခြားစောင့်တပ် များအနေဖြင့် ကိုယ့်နယ်မြေ အတွင်း၌သာ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

ထိုအဖွဲ့များက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်မခံနိုင်သေးဟူသော သတင်းများ ထွက်ပေါ် နေသော်လည်း တရားဝင် ထုတ်ပြန်ကြေညာခြင်းများ မရှိသေးပေ။

ဝ နှင့် ကိုးကန့် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ယူ ခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲခဲ့သည့် လက်နက်ကိုင်အဖွဲ့ စုစုပေါင်း၁၇ ဖွဲ့ရှိသည်ဟု စစ် အစိုးရ၏ ထုတ်ပြန်ချက်များက ဆိုသည်။

vrijdag 10 juli 2009

ဒေါ်အောင်ဆန်းစုကြည် ရေဒီယိုနားထောင်ခွင့်မရှိ

Friday, 10 July 2009 16:39 ဧရာဝတီ
နေအိမ်အကျယ်ချုပ် ၆ နှစ် ကျခံရစဉ်က နေ့စဉ် ရေဒီယို နားထောင်နိုင်ခဲ့သော ဒေါ်အောင်ဆန်း စုကြည်သည် ယခုအခါ အင်းစိန်ထောင်သို့ ရောက်နေသဖြင့် ရေဒီယို အသုံးပြုခွင့် မရရှိ ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

“သတင်းစာပဲ ဖတ်ရတယ်၊ ရေဒီယိုတော့ နားထောင်ခွင့် မရှိဘူး” ဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောပြသည်။

ပြီးခဲ့သည့် ၂ လ အတွင်း ဒေါ်အောင်ဆန်းစုကြည် ဖတ်ရှုခွင့်ရသည် ဆိုသော သတင်းစာများမှာ အာဏာပိုင်တို့ ထုတ်ဝေသည့် သတင်းစာများသာ ဖြစ်သည်။ မြန်မာ နှင့် နိုင်ငံတကာမှ အရေးပါသော သတင်း အချက်အလက်များ ပါဝင်ခြင်း မရှိဘဲ အာဏာပိုင် အဆင့်ဆင့်၏ သွားလာ လှုပ်ရှားပုံများကိုသာ ဦးစားပေး ဖော်ပြထားသည်။

ပြင်ပမှ သတင်းများ ဒေါ်အောင်ဆန်းစုကြည် ရရှိရန်မှာ သူ၏ ရှေ့နေများနှင့် ရံဖန်ရံခါ တွေ့ရသည့် အချိန်မှသာ ဖြစ်နိုင်သည်။

ဗုဒ္ဓဟူးနေ့က အင်းစိန်ထောင်သို့ သွားရောက်ခဲ့သော ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ကောင်းမွန်နေသည်ကို တွေ့ရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလက လုံခြုံရေး အတားအဆီးများကို ကျော်ဖြတ်ပြီး နေအိမ်သို့ လျှို့ဝှက် ရောက်သွားသူ အမေရိကန်နိုင်ငံသား တဦးကို အကျယ်ချုပ် ကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်က လက်ခံ တွေ့ဆုံခဲ့သည်။

အာဏာပိုင်တို့က ထိုသို့ တွေ့ဆုံမှုသည် နေအိမ်အကျယ်ချုပ် ချိုးဖောက်မှုဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

ထို့နောက် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ဒဏ်ငွေ ၅ဝဝဝ သို့မဟုတ် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေထိုင်သော ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ၊ နေအိမ်သို့ လျှို့ဝှက် ၀င်ရောက်သွားသူ မစ္စတာ ဂျွန်ဝီလျံယက်ထောတို့သည်လည်း အဆိုပါ ပုဒ်မဖြင့် တရားစွဲခံနေရသည်။

အမှုကို အင်းစိန်ထောင်ရှိ အထူး တရားရုံးတွင် စစ်ဆေးနေသည်မှာ ၂ လကြာပြီ ဖြစ်သည်။ ဤအတောအတွင်း အာဏာပိုင်တို့က ဇူလိုင် ၃ ရက်နေ့ရုံးချိန်းကို တပတ် နောက်ဆုတ်လိုက်သည်။ ဗဟိုတရားရုံးမှ အမှုတွဲ ထောင်တွင်းတရားရုံးသို့ ရောက်လာခြင်းမရှိဟု အာဏာပိုင်တို့က အကြောင်းပြသော်လည်း ထိုနေ့က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည်သို့ ရောက်ရှိချိန်နှင့် တိုက်ဆိုင်နေသောကြောင့် ရုံးချိန်းကို နောက်ဆုတ်လိုက်ခြင်းဖြစ်မည်ဟု အများက ယူဆကြသည်။

မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် တောင်းသော်လည်း အာဏာပိုင်တို့က ခွင့်မပြုခဲ့ပေ။ “လွတ်လပ် မျှတစွာ ဆောင်ရွက်နေသော တရားစီရင်မှုတွင် မိမိတို့ အနေဖြင့် အတွင်းရေးမှူးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပေးနိုင်ခွင့်မရှိပါ” ဟု မစ္စတာ ဘန်ကီမွန်းကို အကြောင်းပြန်ခဲ့သည်။

မစ္စတာ ဘန်ကီမွန်းသည် သူ၏ မြန်မာပြည်ခရီးစဉ်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ အစီရင်ခံဖွယ်ရှိသည်ဟု သိရသည်။

ဗြိတိန်နိုင်ငံက လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူရမည့် သြဂုတ်လတွင် မြန်မာပြည်အရေးသည် လုံခြုံရေး ကောင်စီတွင် ဆွေးနွေးဖွယ်ရှိကြောင်း အကဲခတ်များက သုံးသပ်ကြသည်။ စက်တင်ဘာလအတွက် ဥက္ကဋ္ဌ တာဝန် ယူရမည့် နိုင်ငံမှာ အမေရိကန် ပြည်ထောင်စု ဖြစ်သည်။

လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများ ဖြစ်သော ရုရှားနှင့် တရုတ်နိုင်ငံတို့က စစ်အစိုးရဘက်မှ ရပ်တည်လျက်ရှိသည်။ စစ်အစိုးရအပေါ် ပြင်းထန်သည့် ဆုံးဖြတ်ချက်များ မချနိုင်စေရန်လည်း ဗီတိုအာဏာပိုင်ရှင်များ ဖြစ်သော ထို နိုင်ငံကြီး ၂ ခုက အကာအကွယ် ပေးထားသည်။ သို့သော်လည်း သံတမန် သတင်းရပ်ကွက်များ၏ အဆိုအရ တရုတ်နိုင်ငံသည် စစ်အစိုးရကို မစ္စတာ ဘန်ကီမွန်းအပေါ် ဆက်ဆံရေးနှင့် ပတ်သက်ပြီး စိတ်ပျက်နေသည်ဟု ဆိုသည်။

donderdag 9 juli 2009

ဗိုလ်စံပြုံးကို ဘယ်သူလုပ်ကြံသလဲ






Thursday, 09 July 2009 19:41 သန်းထိုက်ဦး
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တပ်မဟာ ၇ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စံပြုံး လုပ်ကြံခံရမှု နှင့် ပတ်သက်ပြီး ထိုင်းမြန်မာ နယ်စပ်ဒေသတွင် အမျိုးမျိုး ထင်ကြေးပေး မေးခွန်းထုတ်နေကြသည်။

လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသော DKBA တပ်မှူး ဗိုလ်စံပြုံးခေါ် ဗိုလ်ဆန်ပြုတ် (ဓာတ်ပုံ - ခေတ်ပြိုင်)
ပြီးခဲ့သည့်လ၂၆ ရက်နေ့က ဒု ဗိုလ်မှူးကြီး စံပြုံး နှင့် DKBA တပ်ဖွဲ့ဝင်များ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကို ကျေးရွာသို့ သွားနေစဉ် အမည် မသိ လက်နက်ကိုင် တချို့၏ ခြုံခိုတိုက်ခိုက်မှုကို ခံခဲ့ရသည်။

မယ်လရွာအနီး ထိုင်း မြန်မာ နှစ်နိုင်ငံကို နယ်စည်းအဖြစ် ခြားထားသည့် သောင်ရင်းမြစ် အတွင်း ဖြစ်ပွားခဲ့သော အဆိုပါ ပစ်ခတ်မှုတွင် ဒု ဗိုလ်မှူးကြီး စံပြုံး အပါဝင် DKBA တပ်ဖွဲ့ဝင် ၈ ဦးခန့် သေဆုံးခဲ့သည်။

ပစ်ခတ်မှု ဖြစ်ပွားပြီး ၂ ပတ် ကြာမြင့်လာသော်လည်း မည်သူကမျှ ၎င်းတို့၏ လက်ချက် ဖြစ်ကြောင်း ထုတ်ဖော် ကြေညာချက် ထွက်ပေါ်လာခြင်း မရှိဘဲ၊ မည်သူ၏ လက်ချက် ဖြစ်မည် ဆိုသည့် ခန့်မှန်းချက်များသာ နယ်စပ်ဒေသတွင် ပေါ်ပေါက်နေသည်။

DKBA တပ်ရင်းမှူး လုပ်ကြံခံရသည်ဟု ဆိုသဖြင့် ၎င်းတို့၏ ဆန့်ကျင်ဘက်အဖွဲ့ဖြစ်သည့် KNU ခေါ် ကရင် အမျိုးသား အစည်းအရုံး တပ်ဖွဲ့များ၏ လက်ချက်ဖြစ်သည်ဟု အစောပိုင်းတွင် ထင်ကြေးပေးခဲ့ကြသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ပြီးခဲ့သည့် လက မြန်မာ့တပ်မတော် နှင့် DKBA ပူးပေါင်းပြီး KNU တပ်မဟာ ၇ မှ စခန်းများကို အပြင်းအထန် ထိုးစစ်ဆင်ခဲ့သဖြင့် KNU က အဆိုပါစခန်းများကို လက်လွှတ်ပေးလိုက်ရသည်။

ဒု ဗိုလ်မှူးကြီးစံပြုံး ခေါ် ဗိုလ်ဆန်ပြုတ်သည် အဆိုပါထိုးစစ်တွင် ထင်ရှားသည့် DKBA စစ်ခေါင်းဆောင်တဦး ဖြစ်သည်။

အောင်ပွဲခံပြီး ရွှေကုက္ကိုသို့ အပြန်တွင် ဒု ဗိုလ်မှူးကြီးစံပြုံး ခြုံခို တိုက်ခိုက် ခံရသည့် နေရာမှာ KNU စိုးမိုးသည့် ဒေသ မဟုတ်သည့် အတွက် DKBA အချင်းချင်း လုပ်ကြံမှုသာ ဖြစ်နိုင်သည်ဟု သုံးသပ်ချက်များလည်း ပေါ်ထွက်နေသည်။

လုပ်ကြံမှုမှာ DKBA ၉၉၉ တပ်မဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ၏ လက်ချက်ဖြစ်သည် ဟူသော သတင်းလည်း ထွက်ပေါ်နေသည်ဟု DKBA နှင့် နီးစပ်သည့် အမည်မဖော်လိုသူ ကရင်အမျိုးသမီးတဦးက ပြောသည်။

DKBA 999 တပ်မှူး ဗိုလ်ချစ်သူ (ဓာတ်ပုံ - Phil Thornton)
“ဗိုလ်ချစ်သူက နေပြီးတော့ ဒီ ထိုးစစ်ပြီးသွားတော့ စံပြုံးကို သူအားကိုးရမယ့် အခန်းကဏ္ဍပြီးပြီ၊ ကျန်တဲ့အပိုင်း ဆက်ပြီးတော့ အသုံးချစရာ မလိုတော့ဘူး။ သူ ဆက်ရှိနေမယ် ဆိုရင် သူ့ထက် ကျော်သွားနိုင်တယ်၊ ဒါကြောင့် သူ့ကို ရှင်းလိုက်တယ်ဆိုပြီး ပြောနေကြတယ်” ဟု သူက ဧရာဝတီကို ပြောပြသည်။

လုပ်ကြံခံလိုက်ရသော ဗိုလ်စံပြုံးသည် ပညာအရေး အချင်း မြင့်မားသူတဦးဖြစ်ပြီး၊ ဘာသာစကား ကျွမ်းကျင်မှု ရှိသဖြင့် မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေးတွင် အားကိုးရသူတဦးဖြစ်သည်ဟု သိရသည်။

DKBA စစ်ရေး ဦးဆောင်မှုတွင် ဗိုလ်စံပြုံး သာလွန်သွားမည်ကို စိုးရိမ်သောကြောင့် ဗိုလ်ချစ်သူက လုပ်ကြံခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သူတချို့လည်း ရှိနေသည်။

KNU ခေါင်းဆောင် ဖဒိုမန်းရှာကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက မဲဆောက်မြို့တွင် လုပ်ကြံခဲ့သူမှာ ဗိုလ်စံပြုံး ဖြစ်သည်ဟု အများက ခန့်မှန်းထားကြသည်။

ထို့ကြောင့် ဗိုလ်စံပြုံး သတ်ဖြတ်ခံခဲ့ရခြင်းမှာ KNU ၏ လက်စားချေမှုဖြစ်နိုင်သည်ဟူသော ယူဆချက်လည်း ထွက်ပေါ်လာသည်။ KNU တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေက အဆိုပါ အယူအဆကို လက်မခံပေ။

“ပထမ မြှားဦးကတော့ ကျနော်တို့ ဘက်ကို လှည့်တယ်၊ သူတို့ အခင်းဖြစ်တဲ့ နေရာတွေကို သွားကြည့်တော့ KNU ရဲ့ လက်ချက် မဖြစ်နိုင်ဘူးဆိုတာ သူ့တို့တပ် အတွင်းမှာ ဝေဖန်နေကြတယ်။ အခု သူတို့တပ် အတွင်းမှာပဲ တရားခံ လိုက်ရှာနေတဲ့ သဘော ရှိတယ်။ အခုထိတော့ အဖြေကတော့ ပေါ်မလာသေးဘူး” ဟု ဗိုလ်မှူး စောလှငွေက ဧရာဝတီသို့ ပြောသည်။

ဧရာဝတီက ဘားအံမြို့ရှိ DKBA အုပ်ချုပ်ရေးရုံးသို့ ဆက်သွယ်သော်လည်း တာဝန်ယူ ဖြေကြားမည့်သူ မရှိပေ။

KNU မှ ခွဲထွက်သွားပြီး ငြိမ်းချမ်းရေး ကောင်စီ အမည်ဖြင့် ကရင်ပြည်နယ် အတွင်း လှုပ်ရှားနေသော ဗိုလ်မှူးချုပ် ထိန်မောင်၏ အဖွဲ့သည်လည်း သံသယ ဖြစ်ဖွယ် ရှိသည်ဟု ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့မှ အမည် မဖော်လိုသူ နိုင်ငံရေးသမား တဦးက သုံးသပ်သည်။

စစ်ရေးပြအခမ်းအနားတခုတွင် တွေ့ရသည့် DKBA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
“ကျနော် သိသလောက်တော့ အဲဒီနေရာမှာ KNU မရှိဘူးဗျ။ ဗိုလ်မှူးချုပ်ထိန်မောင်တို့အဖွဲ့ရဲ့ လက်ချက်လည်း ဖြစ်နိုင်တယ်။ သူတို့က နယ်မြေ လိုချင်လို့ ဗိုလ်ဆန်ပြုတ်ကို ရှင်းလိုက်တာလို့ ယူဆရတယ်။ သူတို့အဖွဲ့က မှား ပစ်တာလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် တမင်ပစ်တာလည်း ဖြစ်နိုင်တယ်” ဟု နယ်စပ်ဒေသတွင် အနှစ် ၂ဝ ဝန်းကျင် နေထိုင်ခဲ့သော အဆိုပါ နိုင်ငံရေးသမားက ဧရာဝတီကို ပြောပြသည်။

မြန်မာစစ်အစိုးရက DKBA ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်အရ နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းလဲရန် ဆွေးနွေးခဲ့ရာ DKBA က သဘောတူခဲ့သည်။

ထိုသို့ သဘောတူပြီးနောက် မြန်မာ့တပ်မတော်နှင့် DKBA ပူးပေါင်းပြီး KNU ၏ တပ်စခန်းများကို အဆက်မပြတ် ထိုးစစ်ဆင်ခဲ့ကြသည်။

KNU၏ တပ်မဟာ ၇ နယ်မြေကို စိုးမိုးပြီးပါက ဗိုလ်ချစ်သူသည် သူ့အာဏာကို အသုံးချပြီး သောင်ရင်းမြစ် တလျှောက်ရှိ ဒေသများတွင် စီးပွားရေး လုပ်ကိုင်သွားမည် ဖြစ်ကြောင်း DKBA နှင့် နီးစပ်သူ စီးပွားရေး သမားများက သုံးသပ် ပြောဆိုနေကြသည်။

woensdag 8 juli 2009

မြန်မာ စစ်အစိုးရကို အထီးကျန် ဖြစ်မည်ဟု မစ္စတာ ဘန်ကီမွန်း သတိပေး



Tuesday, 07 July 2009 19:22 ဧရာဝတီ
မြန်မာစစ်အစိုးရ အနေနှင့် နိုင်ငံတကာ အသိုင်းအ၀န်းကို အလေးမထားဘဲ မိမိတို့၏ မူဝါဒများကို တရားသေ ဆက်လက် ဆုပ်ကိုင်ထားမည်ဆိုပါက ပိုမို အထီးကျန်လာမည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းအရေးမှူး မစ္စတာဘန်ကီမွန်းက ယမန်နေ့က သတိပေးလိုက်သည်။

လွန်ခဲ့သော ရက်များအတွင်း မြန်မာပြည်သို့ သွားရောက်ခဲ့သည့် မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်နှင့် ပတ်သက်ပြီး သတင်းထောက်များကို ရှင်းလင်းပြောဆိုရာတွင် အထွေထွေအတွင်းရေးမှူး၏ ပြောခွင့်ရပုဂ္ဂိုလ် Michele Montas က ဘန်ကီမွန်းအနေနှင့် မြန်မာ စစ်ခေါင်း ဆောင်များကို အလွန်အမင်း စိတ်ပျက်မိကြောင်း ဖော်ပြခဲ့သည်ဟု ပြောဆိုခဲ့သည်။

မစ္စတာဘန်ကီမွန်း
မစ္စတာဘန်ကီမွန်းအနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပန်ကြားခဲ့ သော်လည်း တွေ့ဆုံခွင့်ကို ပယ်ချခံခဲ့ရသောကြောင့် အလွန်းအမင်း စိတ်ပျက်မိခဲ့ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အခုလို အချိန်မှာ မြန်မာစစ်အစိုးရအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ယုံကြည်ထိုက်တယ် ဆိုတာကို ပြသဖို့အတွက် အရေးပါပြီး အဓိပ္ပာယ် ပြည့်ဝတဲ့ စေ့စပ် ညှိနှိုင်းမှုဆီကို တဆင့် တက်လှမ်းဖို့ လိုလားတဲ့ အကြောင်း ပြသရမှာ ဖြစ်ပါတယ်” ဟု ၎င်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

မြန်မာစစ်အစိုးရသည် ပွင့်လင်းသော နိုင်ငံရေး ခေတ်သစ်ကို လိုလာကြောင်း ပြသရန် အထူးအခွင့်အရေးတရပ် လက်လွတ်ခဲ့ရပြီဟု မစ္စတာ ဘန်ကီမွန်းက ပြောကြားကြောင်း၊ ဆက်လက်၍ ၎င်း၏ မြန်မာ ပြည်ခရီးစဉ်သည် မြန်မာအစိုးရအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းက အာရုံစိုက်နေသည်ကို ဖော်ပြနိုင်ခဲ့ကြောင်း Michele Montas က ပြောသည်။

မစ္စတာ ဘန်ကီမွန်းအနေနှင့် မြန်မာပြည်တွင် ရှိနေစဉ်အတွင်း မြန်မာ့ နိုင်ငံရေး တိုးတက်ရေးအတွက် အဆိုပြုချက်များ ချပြခဲ့သည်။

ယင်းအဆိုပြုချက်များတွင် မြန်မာ အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသမားများ အားလုံးကို နှောင့်နှေးခြင်းမရှိဘဲ ပြန်လွှတ်ပေးရန်နှင့် နိုင်ငံရေးလုပ်ငန်းစဉ်အတွင်း ၎င်းတို့အနေနှင့် လွတ်လပ်စွာ ပါဝင်နိုင်ရန် ခွင့်ပြုရမည်ဟု ပါရှိကြောင်း သိရသည်။

အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများ အဖွဲ့ (USCP) ကမူ မစ္စတာဘန်ကီမွန်း၏ မြန်မာ့အရေး မူဝါဒသည် အခြေခံအားဖြင့် ချို့ယွင်း အားနည်းချက်များရှိနေပြီး လုံခြုံရေးကောင်စီအနေနှင့် အချိန်မဆိုင်းဘဲ အရေးယူမှုများ လုပ်ဆောင်ရန်လိုကြောင်း ပြောကြားသည်။

USCP ၏ အမှုဆောင်အရာရှိတဦးဖြစ်သူ ဦးအောင်ဒင်က “လွန်ခဲ့တဲ့ ၁၀ စုနှစ် ကတည်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာပြည်နိုင်ငံရေး ပြောင်းလဲဖို့ သံ အဖွဲ့တွေကို စေလွှတ်ခဲ့ပါတယ်။
အဲဒီလို သံအဖွဲ့တွေ စေလွှတ်ခြင်းဟာ မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့မှုတွေ မလုပ်နိုင်အောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှား အသုံးပြုခဲ့တဲ့ မူဝါဒပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။

တချိန်တည်းတွင် ဦးအောင်ဒင်က ဤကဲ့သို့သော သံအဖွဲ့များ စေလွှတ်သည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ လုံခြုံရေးကောင်စီတွင် အခြေခံ ချို့ယွင်းအားနည်းချက်များ ရှိပြီး အထွေထွေအတွင်းရေးမှူးချုပ် အနေနှင့်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခုအချိန်သည် မစ္စတာဘန်ကီမွန်းအနေနှင့် ရာဇ၀တ်မှုများ ကျူးလွန်နေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစိုးရအပေါ် စုံစမ်းမှုများ စတင်လုပ်ဆောင်ရမည့် အချိန်ဖြစ်ပြီး တကမ္ဘာလုံးအနေနှင့် စစ်အစိုးရအပေါ် လက်နက်ပိတ်ဆို့ရန် တောင်ဆိုချိန် ရောက်နေပြီဖြစ်ကြောင်းလည်း ဦးအောင်ဒင်က ပြောကြားခဲ့သည်။

dinsdag 7 juli 2009

ဘောလုံးကလပ်အသင်းများ ပြန်ခေတ်စား


Tuesday, 07 July 2009 16:43 အောင်သက်ဝိုင်း
စစ်အစိုးရနှင့် ပေါင်းသင်း စီးပွားရှာသဖြင့် လူထုမနှစ်သက်သော စီးပွားရေး လုပ်ငန်းရှင်ကြီးများကို ယခုအခါ ဘောလုံးကလပ် အသင်းပိုင်ရှင်များ အဖြစ် လူထုက အပြစ်မြင်မှု လျော့ကျလာသည်ဟု ကြားသိရသည်။


“အရင်က ဦးတေဇဆိုရင် လူတွေက သိပ်ပြီးအမြင်မကြည်ကြဘူး။ အခု ရန်ကုန် ယူနိုက်တက် ကလပ် အသင်း ပိုင်ရှင်အနေနဲ့ အတော်လေး အမြင်ကြည်လင် လာတယ်။ ဒီအသင်းက တို့ ရန်ကုန်အသင်း၊ အားပေးရမယ်ဆိုပြီး ပြောလာကြတယ်” ဟု ရန်ကုန်မြို့ခံတဦးကဆိုသည်။

ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံ ယူနိုက်တက်တို့ အကြိတ်အနယ် ဗိုလ်လုနေစဉ် (ဓာတ်ပုံ - Reuters)
ယခု ပြီးစီးသွားသည့် မြန်မာနေရှင်နယ်လိဂ် (MNL CUP GRAND ROYAL CUP 2009) ဘောလုံးပွဲ များကြောင့် ကလပ်ပိုင်ရှင်များနှင့် လူထုအကြား ရင်းနှီးမှု ပိုမို ရရှိလာသည်ကို တွေ့ရကြောင်း မန္တလေး အခြေစိုက် ဂျာနယ်အယ်ဒီတာ တဦးက ပြောသည်။

“မန္တလေးမှာ ရတနာပုံ FC ပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းဆိုရင် လူတိုင်းသိလာတယ်။ မန္တလေးမြို့ခံတွေက သူ့ကို ရင်းနှီးနေကြတယ်” ဟု ထိုအယ်ဒီတာက ဆက်ပြောသည်။

ယခု ပြီးစီးသွားသည့် ဖလားပြိုင်ပွဲတွင် ရန်ကုန် ယူနိုက်တက်က ကျပ်သိန်း ၅၀၀၀ ကျော်၊ ရတနာပုံ ယူနိုက်တက်က သိန်း ၆၀၀၀ ကျော်အသုံးပြုခဲ့ပြီး ကျန်သည့် ကလပ်အသင်းများသည်လည်း သိန်းထောင်ချီ အသုံးပြုခဲ့ကြသည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ၀န်ထမ်းတဦးက ရှင်းပြသည်။

ကျင်းပပြီးစီးသွားသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ကွင်းဝင်ကြေး ငွေကျပ် သိန်း ၂၄၀၀ ရရှိခဲ့ပြီး ဘောလုံးအသင်းများကို ခွဲဝေပေးထားသော်လည်း ကလပ်ပိုင်ရှင်များ အရှုံးပေါ်ကြသည်ဟု သိရှိရသည်။

“ကွင်းဝင်ကြေး ဆိုတာက ကလပ်ပိုင်ရှင်တွေအတွက် ဘာမှ မဖြစ်စလောက်ပါ။ အရင်းတောင် မကာမိကြ ပါဘူး” ဟု သူက ဆိုသည်။

မြန်မာနေရှင်လိဂ် ဘောလုံးပြိုင်ပွဲများတွင် ဘောလုံးကလပ်အသင်း အပိုင်မရှိသေးသော နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်ကြီးများသည်လည်း ပုဂ္ဂလိကဘောလုံး အသင်းများ ထပ်မံ ဖွဲ့စည်းသွားရန်ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ပြောကြားခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် (MNL CUP GRAND ROYAL CUP 2009) အောင်မြင်စွာပြီးဆုံးသည့် အထိမ်းအမှတ် ရန်ကုန်ဆီဒိုနားဟိုတယ်တွင် ဇူလိုင် ၆ ရက်နေ့က ကျင်းပသော အခမ်းအနား၌ ဦးဇော်ဇော်က ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း အားကစား သတင်းရပ်ကွက်မှ ကြားသိရသည်။

“ဦးဇော်ဇော်ပြောတာက ဘောလုံးအသင်း ထောင်နိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို သူစည်းရုံးနေတယ်။ တသင်းကို သိန်း ၁၀၀၀ ရင်းရုံနဲ့ရတယ်၊ နောက်တကြိမ်ကျင်းပမယ့် မြန်မာနေရှင်နယ်လိဂ်မှာ တန်းဆင်း၊ တန်းတက်အသင်းတွေ ရှိလာမှာဖြစ်တဲ့အတွက် ပထမတန်းမှာ အသင်းဖွဲ့ပြီး ပရိုနေရှင်နယ်လိဂ်မှာ ၀င်ပြိုင်လို့ ရမယ်ဆိုပြီး စည်းရုံးတယ်” ဟု အခမ်းအနားသွားရောက်ခဲ့သည် အားကစားဂျာနယ် အယ်ဒီတာတဦးက ဆိုသည်။

ဦးဇော်ဇော်၏အဆိုအရ မြန်မာနေရှင်နယ်လိဂ်တွင် ပုဂ္ဂလိကဘောလုံးအသင်း ၄၊ ၅ သင်း ဖွဲ့စည်းနိုင်သော စီးပွားရေးလုပ်ငန်းရှင်ကြီး များကို စည်းရုံးနေပြီး ထိုစီးပွားရေး လုပ်ငန်းရှင်ကြီးများကလည်း စိတ်ဝင်စားလျက် ရှိကြောင်း၊ သို့ဖြစ်၍ မကြာမီ လက်ရှိ ထူထောင်ထားပြီးသားဖြစ်သော ပုဂ္ဂလိက ဘောလုံးအသင်း ၈ သင်း အပြင် ဘောလုံးအသင်းများ ထပ်မံ ထွက်ပေါ်လာဦးမည်ဖြစ်ကြောင်း သိရှိရသည်။

နောက်တကြိမ်ကျင်းပမည့် မြန်မာနေရှင်လိဂ်ဘောလုံးပြိုင်ပွဲတွင် အသင်းများသည် ငွေအား၊ လူအား ထပ်မံဖြည့်တင်းပြီး ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာတော့မည် ဖြစ်ကြောင်းလည်း ဦးဇော်ဇော်က ပြောဆိုသည်။

“မြန်မာနေရှင်နယ်လိဂ်က အတော့်ကို အောင်မြင်ပါတယ်။ လူတွေ တော်တော်များစိတ်ဝင်စားကြတယ်။ ဒါက မြန်မာ့ဘောလုံးလောက အဆင့်အတန်းမြင့်မားရေးအတွက် အထောက်အကူပြုမှာပါ” ဟု အားကစားဂျာနယ်အယ်ဒီတာ တဦးက ပြောပြသည်။

မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲတွင် ရတနာပုံအသင်းကို ၂ ဂိုး၊ ၂ ဂိုးဖြင့် သရေကျနေရာမှ နောက်ဆုံး ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည့် ရန်ကုန်ယူနိုက်တက် အသင်းဥက္ကဌ ဦးတေဇက နောက်တကြိမ် ကျင်းပမည့် ပွဲတွင် သူ၏အသင်း အနိုင်ရ ဗိုလ်စွဲနိုင်ရေးအတွက် ပြည်ပမှနည်းပြများ၊ အားကစားသမားများ ထပ်မံဖြည့်တင်းပြီး ကြိုးစားမည်ဟု ကြုံးဝါးနေကြောင်း အားကစား လောကမှ ကြားသိရသည်။

“ဒီနှစ်မှာ ဖလားမရတဲ့ လုပ်ငန်းရှင်တွေအကုန်လုံးက သူတို့ရဲ့ ဘောလုံးအသင်းတွေကို နောက်နှစ်မှာ ဖလားရဖို့ ကြိုးစားမယ်လို့ ကြွေးကြော်နေကြတယ်။ ဦးတေဇကလည်း သူ့အသင်းကို ရန်ကုန်ုမှာ အောင်ပွဲခံဖို့အတွက် အနည်းဆုံး ကျပ် သိန်း ၅၀၀၀ ကနေ လိုရင်လိုသလောက် ငွေ သုံးမယ်လို့ ပြောတယ်” ဟု အားကစားဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံ FC အသင်းကို မန္တလေးလူထုက အလွန်အားပေးထောက်ခံနေပြီး ပထမဆုံးအကြိမ် ချန်ပီယံဖြစ်လာသည့်အတွက် မန္တလေးပြည်သူများက ကျေနပ်နေကြသည်ဟု သိရှိရသည်။

“မန္တလေးလူထုက ရတနာပုံမှ ရတနာပုံ။ အားလုံးကအားပေးတယ်။ ဗိုလ်လုပွဲ MRTV ကလွှင့်တော့ မန္တလေးတမြို့လုံး တီဗွီကြည့်ပြီး ခုန်ပေါက်အော်ဟစ် အားပေးတယ်” ဟု မန္တလေးအခြေစိုက် အားကစား အယ်ဒီတာတဦးကရှင်းပြသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲကို အဆင့်အတန်းရှိသည့် ဘောလုံးပြိုင်ပွဲများ ဖြစ်လာအောင်ကြိုးစားနေပြီး ပြိုင်ပွဲများကို ငွေကြေးပေး ၀ယ်ယူကြည့်ရှုရသည့် အခပေးရုပ်မြင်သံကြားလိုင်း တလိုင်းပေါ်ပေါက်အောင် စီစဉ်နေကြောင်းလည်း သတင်း ရရှိသည်။

“အနောက်နိုင်ငံတွေမှာလို Pay TV Channel တခု လုပ်ပြီး ရောင်းဖို့ လုပ်နေတယ်လို့ ဦးဇော်ဇော်က ပြောတယ်” ဟု ရန်ကုန်အားကစား သတင်းထောက်တဦးက ဆိုသည်။

မြန်မာနေရှင်နယ်လိဂ်တွင် အသင်း ၈ သင်းရှိပြီး ထူးကုမ္ပဏီ ပိုင်ရှင် ဦးတေဇက ရန်ကုန်ယူနိုက်တက်၊ လွယ်ဟိန်းကုမ္ပဏီဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်းက ရတနာပုံ၊ ဦးဝင်းမြင့် (ရွှေနဂါးမင်း ကုမ္ပဏီ) က ဇေယျာရွှေမြေ၊ ဦးချစ်ခိုင် (ဧဒင်) က Delta United၊ ဦးအောင်မိုးကျော် (IBTC ကုမ္ပဏီ) က ဥဿာ ယူနိုက်တက်၊ ဦးအောင်ကိုဝင်း (ကမ္ဘောဇကုမ္ပဏီ) က ကမ္ဘောဇယူနိုက်တက်၊ ဦးဌေးမြင့် (ယုဇန) က Southern Myanmar ၊ ဦးထွန်းမြင့်နိုင် (အေးရှားဝေါလ်) က မကွေးယူနိုက်တက် ဘောလုံးအသင်းများ အသီးသီးပိုင်ဆိုင်ကြသည်။

ထို ဘောလုံးအသင်းများ ဖြစ်ပေါ်လာရန် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လမ်းညွှန်ခြင်း ဖြစ်ပြီး သူနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များက ဝိုင်းဝန်း အကောင် အထည်ဖော်ကြခြင်း ဖြစ်ကြောင်း အများက သုံးသပ်ကြသည်။

ဘောလုံးအသင်းများ ပိုင်ဆိုင်ထားသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်ကြီးများမှာ ၂၀၁၀ ပြည့်နှစ်တွင် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဒေသအလိုက် မဲဆွယ်ကြလိမ့်မည်ဟုလည်း နိုင်ငံရေး လေ့လာသူတို့က ယုံကြည်နေကြသည်။

maandag 6 juli 2009

ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သွားမည်


ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ
Monday, 06 July 2009 18:17 သန်းထိုက်ဦး
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် ဇူလိုင်လအကုန်တွင် မြန်မာပြည်သို့ သွားရောက်မည် ဖြစ်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။


ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် ဇူလိုင် ၃ ရက်နှင့် ၄ ရက်နေ့များတွင် မြန်မာပြည်သို့ သွားရောက်ခဲ့ပြီးအပြန် ဘန်ကောက်လေဆိပ်၌ ခေတ္တ ရပ်နားစဉ် ထိုင်းဝန်ကြီးချုပ် အဖိဆစ် နှင့် တွေ့ဆုံသည့်သတင်း၌ ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။

ထိုင်း အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ပါနိတန်ဝါတန်ယာခွန်က ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် ယခုလ ကုန်ပိုင်း တွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး ဤ ခရီးစဉ်သည် ၎င်း၏ ပထမဆုံး မြန်မာပြည် ခရီးစဉ် ဖြစ်ကြောင်း သတင်းစာတွင် ရေးသားထားသည်။

ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်တွင်း အထူးတရားရုံးတွင် အမှုရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက ထပ်မံတောင်းဆို လိုက်သည်ဟု ပါနိတန်ဝါတန်ယာခွန်က ဆိုသည်။

ထိုင်းအစိုးရက မြန်မာစစ်အစိုးရကို အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံ ရေးအကျဉ်းသားများအား လွှတ်ပေးစေလိုသည်ဟု ၀န်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း ရေးသားထားသည်။

ကမ္ဘာ့ ကုလသမဂ္ဂ၏ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးနေမှုကိုလည်း ထိုင်းနိုင်ငံအနေဖြင့် ထောက်ခံသည်ဟု သိရသည်။

လွန်ခဲ့သည့် မေလ ၁၈ ရက်နေ့က လက်ရှိ တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ် ပေးရန် အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားသည့် ထိုင်းနိုင်ငံက ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီး တို့က မြန်မာ စစ်အစိုးရအား ပြစ်တင်ဝေဖန်ခဲ့သည့်အတွက် နှစ်နှိင်ငံ တင်းမာမှုများ ရှိခဲ့သည်။

ယင်း ဝေဖန်မှုကြောင့် မြန်မာစစ်အစိုးရက အာဆီယံ လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပြင် အကြောင်းအရာ အားဖြင့် မှန်ကန်ခြင်း မရှိသောကြောင့် အာဆီယံဥက္ကဌ တာဝန်ယူထားသော ထိုင်းနိုင်ငံ၏ ကြေညာချက်ကို အလေးအနက် ကန့်ကွက်သည်ဟူ၍ တန်ပြန်ကြေညာခဲ့ကြသည်။

မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်တောင်းခဲ့ရာ မြန်မာ စစ်အစိုးရက တွေ့ခွင့်မပြုခဲ့ပေ။

မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့သဖြင့် စစ်အစိုးရကို စိတ်ပျက်မိကြောင်း ထိုင်း ၀န်ကြီးချုပ်ကို ပြောကြားခဲ့သည်ဟုလည်း သတင်းစာတွင် ရေးသားထားသည်။

ဘန်ကီမွန်း၏ ၂ ရက် ကြာ ခရီးစဉ်သည် မြန်မာ့ဒီမိုကရေစီရေးနှင့် ပတ်သက်ပြီး သိသာထင်ရှားသည့် အကျိုးရ လဒ် မရရှိခဲ့ကြောင်း လေ့လာသူများက ဝေဖန်နေကြသည်။

zaterdag 4 juli 2009

ဘန်ကီမွန်း ခရီးစဉ် အကျိုးရလဒ်မရှိဟု လေ့လာသူများပြော


Saturday, 04 July 2009 19:09 ကိုစိုး
မြန်မာနိုင်ငံသို့ လာရောက်သော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ၂ ရက် ကြာ ခရီးစဉ်သည် မြန်မာ့ဒီမိုကရေစီရေးနှင့် ပတ်သက်ပြီး သိသာထင်ရှားသည့် အကျိုးရလဒ်ကို မရရှိခဲ့ကြောင်း လေ့လာသူများက ပြောသည်။

မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံသို့ မလာရောက်မီ တောင်းဆိုထားသည့် အချက်များကို စစ်အစိုးရက လိုက်လျော ခြင်း မရှိနိုင်သည့်အတွက် ၎င်း၏ ခရီးစဉ်သည် ရလဒ်ကောင်းများမရရှိနိုင်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPP) အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

မစ္စတာ ဘန်ကီမွန်းနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နေပြည်တော် ဘုရင့်နောင် ရိပ်သာ၌ ယမန်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ - Getty Images)
“အစကတည်းကလည်း မျှော်လင့်ချက် သိပ်မထားခဲ့ပါဘူး၊ ဘာကြောင့်လည်းဆိုတော့ လက်ရှိအာဏာပိုင်တွေက တိုင်းပြည်မှာ တကယ်လိုအပ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပြီးတော့ အမျိုးသားပြန်လည် သင့်မြတ်ရေး ကို တည်ဆောက်ဖို့ ဆန္ဒကို မရှိဘူး၊ ဒီနေ့ဆို မစ္စတာ ဘန်ကီမွန်း ခရီးစဉ်ပြီးပြီ ၊ ဒါပေမယ့် ကြားရသလောက် ကောင်းတဲ့ ရလဒ်တွေရနိုင်မယ်လို့ မမျှော်လင့်ဘူး”ဟု ဦးအေးသာအောင်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် မစ္စတာ ဘန်ကီမွန်းက ပြောဆို သည့်တိုင် စစ်အစိုးရက ဆောင်ရွက်ပေးမည်ဟု မထင်မြင်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ကာလတွင် မည်သူကပင်ပြောသည်ဖြစ်စေ စစ်အစိုးရက လိုက်နာမည့် သဘောမရှိကြောင်းလည်း ၎င်း ကဆိုသည်။

မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ တိုင်းရင်း သားအဖွဲ့များအပါအဝင် အတိုက်အခံ အဖွဲ့များအားလုံးနှင့် တွေ့ဆုံ ဆွေးနွေးရေး၊ ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးရေး စသည့်အချက် ၃ ချက်ကို စစ်အစိုးရအား အဓိက တောင်းဆိုမည်ဖြစ်ကြောင်း ပြောဆို ထားသည်။

ယခင်ကလည်း မြန်မာ စစ်အစိုးရကို အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန်တို့ကို တောင်းဆိုထားသည်။ ယင်းတောင်း ဆိုချက်များ အကောင်အထည် ဖော်နိုင်မှသာ မြန်မာနိုင်ငံသို့ သွားရောက်လိုကြောင်း မစ္စတာ ဘန်ကီမွန်း က ထုတ်ဖော် ပြောဆိုထားသည်။

ယမန်နေ့က မစ္စတာ ဘန်ကီမွန်းသည် နေပြည်တော်တွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၂ နာရီ ကြာတွေ့ဆုံ ဆွေးနွေးခဲ့သည်။ ယင်းသို့ တွေ့ဆုံစဉ် ၎င်းက ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်တောင်း သည်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ခွင့်မပြုခဲ့ပေ။ မစ္စတာ ဘန်ကီမွန်းသည် ယခုခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၂ ကြိမ်တွေ့ဆုံကြောင်း သိရသည်။

ထိုသို့ တွေ့ခွင့်မပြုသည့် အပေါ်“ကျနော်တို့ အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ မစ္စတာ ဘန်ကီမွန်းကို တွေ့ခွင့်မပေးဘူးဆိုရင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက် စေတနာ နည်းနေသေးလို့ ပေးမတွေ့တာ လို့ပဲ ပြောချင်တယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ကပြောသည်။

သံအမတ်ကြီးဟောင်းနှင့် ဝါရင့်နိုင်ငံရေးသမားကြီး တဦးဖြစ်သူ သခင်ချန်ထွန်းကလည်း မစ္စတာ ဘန်ကီမွန်းကို ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်မပေးခြင်းသည် တွေ့ဆုံဆွေးနွေးရေး အပါအဝင် ၂၀၁၀ ရွေးကောက်ပွဲ တရား မျှတစွာ ကျင်းပရေးတို့ကို မလိုက်လျောနိုင်သော တင်းမာသည့် သဘောထားဟု ယူဆကြောင်း ပြောဆိုသည်။

“သံတမန်ရေးအရတော့ နည်းလမ်းမကုန်သေးပါဘူး၊ သူ တရုတ်တို့ ရုရှားတို့ကို ချဉ်းကပ် ဦးမှာပေါ့၊ လုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့ ချဉ်းကပ်တင်ပြပြီးတော့ တွေ့ဆုံဆွေးနွေးရေးအတွက် တိုက်တွန်းမယ်၊ အထူးသဖြင့် တရုတ်တို့ ရုရှားတို့နဲ့ ဆောင်ရွက်ဖို့အလားအလာရှိတယ်”ဟုလည်း သခင် ချန်ထွန်းက ဆက်လက်ပြောဆိုသည်။

မစ္စတာ ဘန်ကီမွန်း၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြားဝင်ဆောင် ရွက်ရေးအတွက် လာရောက်ခြင်းဖြစ်သောကြောင့် စစ်အစိုးရ တဘက်တည်းက ပြောကြားချက်များကိုသာ နား ထောင်၍ ပြန်သွားပါက ပြည့်စုံသည့် ခရီးစဉ်ဟု မယူဆနိုင်ကြောင်း NLD ပြန်ကြားရေးအဖွဲ့မှ ဦးအုန်းကြိုင်က လည်း ပြောသည်။

“သူက ကျနော်တို့ နိုင်ငံအမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ကြားဝင်ဆောင်ရွက်ပေးတဲ့ ပုံစံနဲ့ လာတာ၊ ၂ ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရမှ ပိုပြီးတော့ ပြည့်စုံမှာပေါ့၊ ဒီလိုတွေ့ခွင့်မရဘဲ တဘက်တည်းနဲ့တွေ့ပြီး တ ဘက် တည်းက ပြောတာကို နားထောင်သွားရင် မြန်မာပြည်ကိစ္စ ပြေလည်ရေးအတွက် သူ့ရဲ့ ကြိုးပမ်းမှုတွေဟာ သိပ်ပြီးတော့ အလုပ်ဖြစ်မယ်မထင်ဘူး၊ သူ့ခရီးစဉ်က ပြည့်စုံတဲ့ ခရီးစဉ်တခု မဖြစ်ဘူး”ဟု ၎င်းက သုံးသပ်သည်။

မစ္စတာ ဘန်ကီမွန်းသည် နေပြည်တော်၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပြင် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း အပါ အဝင် စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ၊ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ၊ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တို့နှင့်လည်း တွေ့ဆုံကြောင်း သိရသည်။

ထို့အပြင် အတိုက်အခံ NLD အပါအဝင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ပြည်ထောင်စု ကရင် အမျိုး သားများအဖွဲ့ချုပ်၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မြို (ခ) ခမီ အမျိုးသား ညီညွတ်ရေး အဖွဲ့၊ ဝ အမျိုး သား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ၊ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ပြည်ထောင်စု ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် စသည့် နိုင်ငံရေး ပါတီ ၁၀ ခု တို့နှင့်လည်း တွေ့ဆုံသည်ဟု ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

မစ္စတာ ဘန်ကီမွန်းသည် ကချင်အထူးဒေသ(၁) NDA-K ၊ ရှမ်း/မြောက် အထူးဒေသ (၅) KDA ၊ ရှမ်း/တောင် အထူးဒေသ(၆) PNO ၊ ကယား အထူးဒေသ(၂) ကလလတ ၊ ဟောင်သရော အထူးဒေသ ငြိမ်းချမ်းရေး အဖွဲ့၊ ဘုရားကုန်း အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့နှင့် DKBA အဖွဲ့ စသည့် တိုင်းရင်းသားအဖွဲ့ ၇ ဖွဲ့တို့နှင့်လည်း တွေ့ဆုံကြောင်း သတင်းစာ၌ ပါရှိသည်။

မစ္စတာ ဘန်ကီမွန်း၏ ဇူလိုင်လ ၃ ရက်နေ့မှ စတင်သည့် မြန်မာနိုင်ငံ ၂ ရက် ခရီးစဉ်သည် စစ်အစိုးရ၏ ဖိတ်ကြား ချက်အရ လာရောက်ခြင်းဖြစ်သည်။

မစ္စတာဘန်ကီမွန်းသည် ၂၀၀၈ခုနှစ် မေလအတွင်း နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး နောက် မြန်မာနိုင်ငံ သို့ပထမအဆုံးအကြိမ်သွားရောက်ခဲ့သည်။ ထိုခရီးစဉ်သည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရန်ဖြစ်ပြီး နိုင်ငံရေးကိစ္စများ ဆွေးနွေးဆောင်ရွက်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံသို့မသွားရောက်ခင် ၎င်းကပြောဆိုခဲ့ပြီး ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

woensdag 1 juli 2009

အနုပညာမူပိုင်ခွင့် ဥပဒေမူကြမ်း စတင်ရေးဆွဲနေ

Wednesday, 01 July 2009 17:57 အေးလဲ့
မြန်မာနိုင်ငံရှိ တေးသီချင်း ထုတ်လုပ်မှု နှင့်ပတ်သက်ပြီး ကမ္ဘာ့ စည်းမျဉ်း ဥပဒေနှင့်ကိုက်ညီရန် မူပိုင်ခွင့် ဆိုင်ရာ ဥပဒေ မူကြမ်းရေးဆွဲခြင်း စတင်နေပြီဖြစ်ရာ ၆ နှစ်အတွင်း အကောင် အထည် ဖော်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတ အစည်းအရုံးမှ သိရသည်။

“လောလောဆယ် ကျနော်တို့ကို ၆ နှစ် အချိန်ပေးထားတယ်။ ဘာမှတော့ မလုပ်ရသေးဘူး။ ကမ္ဘာ့ဥပဒေ အတိုင်းဆိုရင် ကော်ပီဆိုဖို့ မူရင်းပိုင်ရှင်ဆီကို Agent တွေကနေ ဆက်သွယ်ရမယ်၊ ကျေနပ်လို့ ရောင်းပြီးမှ ကော်ပီပေါ်မှာ စာသားထည့်ပြီး ဆိုခွင့်ရမှာပါ” ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဒု - ဥက္ကဌ ပလေးဘွိုင် သန်းနိုင် ကပြောသည်။

ကမ္ဘာ့စည်းမျဉ်း၊ စည်းကမ်း ဥပဒေနှင့် ပတ်သက်၍ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ကမ္ဘာ့ မူပိုင်ခွင့်ဆိုင်ရာ အဖွဲ့ (WIPO) က ချမှတ်ထားသည့် စည်းကမ်း ဥပဒေကို ကိုးကား ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရ သည်။ ထိုလုပ်ငန်း အကောင်အထည်ဖော်နိုင်ရန် စင်္ကာပူနိုင်ငံ အခြေစိုက် မူပိုင်ခွင့်ဌာနနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး မန္တလေး FM က တေးရေး၊ တေးဆိုများနှင့် ထုတ်လုပ်သူ နှင့် အသံဖမ်း စတူဒီယို တို့ကို မူပိုင်ခွင့် အနေနှင့် ခံစားပိုင်ခွင့်များ ပေးနေပြီ ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး တာဝန်ရှိသူက ပြောပြသည်။

မန္တလေး FM က သီချင်းတပုဒ်ကို တကြိမ်ထုတ်လွှင့်လျင် ၁၂၀၀ ကျပ် ပေးမည်ဟု သတ်မှတ်ထားသည်။ ထို ၁၂၀၀ ကျပ်ထဲမှ ဂီတအစည်းအရုံးသို့ ၂၀၀ ကျပ် ပေးရပြီး ကျန်သည့် ၁၀၀၀ ကျပ်ကို အဆိုရှင်၊ တီးခတ်သူ၊ တေးရေး၊ ထုတ်လုပ်သူနှင့် အသံဖမ်းသူတို့က ခွဲဝေယူရသည်ဟု ဂီတအစည်းအရုံးမှ တခြား တာဝန်ရှိသူ တဦးက ရှင်းပြသည်။

“အခုလောလောဆယ် မန္တလေး FM က လွှင့်ထားတဲ့ ၂၀၀၈ ခုနှစ် စက်တင်ဘာ၊ နိုဝင်ဘာ၊ အောက်တိုဘာ၊ ဒီဇင်ဘာ ဒီလေးလအတွက် ထုတ်ပေးနေပါတယ်။ ၂၀၀၉ ခုနှစ် အတွက်ကတော့ မန္တလေး FM က စာရင်းမပို့ပေးသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

ယင်း မူပိုင်ခွင့်နှင့် ပတ်သက်ပြီး အနုပညာဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ(CMC) ဆိုသည့်အဖွဲ့ဖွဲ့ပြီး အနုပညာသည်များအကြား ညှိနှိုင်းခြင်း၊ ဥပဒေ မူကြမ်းးရေးဆွဲခြင်းတို့ကို တာဝန်ယူဆောင်ရွက်နေသည်။

ထို ခံစားပိုင်ခွင့် ထုတ်ပေးသည့် အခွင့်အရေးနှင့် ပတ်သက်ပြီး ယခင်လအတွင်းက ဂီတအသိုင်းအဝန်းရှိ တီးခတ်သူ၊ အဆိုတော်၊ တေးရေးများ၊ ထုတ်လုပ်သူများအကြား ငွေကြေးခွဲဝေမှုကိစ္စ အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ အဆိုတော်တဦးက “အင်တာနေရှင်နယ် ဥပဒေအရ ဆိုရင် ထုတ်လုပ်သူက ၄၀ ရာခိုင်နှုန်း၊ ဆိုတဲ့သူ ၃၀ ရာခိုင်နှုန်း၊ ရေး တဲ့သူက ၃၀ ရာခိုင်နှုန်း ရတယ်၊ အဲဒီဥပဒေအရ ဆိုရင် အတီးသမားတွေက မရလို့ မကျေနပ်ဘူး။ တလလောက် အတီးသမားတွေက တေးရေး တွေကို တိုက်ခိုက်တယ်၊ နောက်တော့ အစည်းအဝေးပြန်ထိုင်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အရ အတီး သမား၊ အဆိုတော်၊ တေးရေး၊ ထုတ်လုပ်သူ တွေကို ၂၅ ရာခိုင်နှုန်းစီ လေးစု ခွဲပေးဖို့ဆုံးဖြတ် လိုက်တယ်” ဟု ပြော သည်။

ရန်ကုန် မြို့တော်စည်ပင်ပိုင် စီးတီး FM စတင်ခဲ့သည့် လွန်ခဲ့သော ၇ နှစ်ကျော်ကာလကလည်း တေးရေး၊ တေးဆို၊ ထုတ်လုပ်သူ စသည့် ဂီတ မူပိုင်ခွင့်ရရှိသင့်သူများကို ငွေကြေးမပေးဘဲ ၎င်းတို့၏ တေးသီချင်းများ အား ထုတ်လွှင့်ခဲ့သောကြောင့် ဂီတသမားများအနေနှင့် မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

၎င်း ရန်ကုန် စီးတီး FM တွင် ကြော်ငြာသည့် စီးပွားရေးလုပ်ငန်းရှင်များ ထံမှ တနှစ်လျှင် ကျပ် သိန်း ၆၀၀၀ ကျော် ရရှိကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အဆိုတော် ကျားပေါက်က FM များတွင်ထုတ်လွှင့်သည့် ၎င်း၏ သီချင်းများအတွက် ပိုင်ဆိုင်ခွင့် ငွေကြေး တစုံတရာ မရရှိဘူးသေးကြောင်း ဧရာဝတီသို့ ပြောသည်။

“တခြားသူတွေတော့ ရတဲ့သူ စ ရနေပြီပြောတယ်။ ဒါပေမယ့် လခထုတ်သလို လကုန်မှ လီပြီး ရတာလို့ ပြောပါတယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ရန်ကုန် စီးတီး FM၊ မန္တလေး စီးတီး FM၊ စစ်တွေ စီးတီး FMရှိပြီး FM ရေဒီယို ၄ ခုကို ထပ်မံ ထုတ်လွှင့်ရန် ပြင်ဆင်လျက်ရှိရာ အများစုမှာ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပိုင်ဆိုင်သည် ဟုကြားသိရသည်။

တေးသီချင်းများကို မူပိုင်ခွင့် ဥပဒေနှင့် ပြုလုပ်မည်ဆိုပါက ဂီတ လောကသားများ အနေနှင့် ၎င်း FM များမှ ငွေကြေးခံစားခွင့်များ ရရှိနိုင်မည်ဟု ရန်ကုန် ဂီတ အသိုင်းအဝန်းက ပြောဆိုသုံးသပ်သည်။

လူသားအစ အာရှက ဖြစ်မည်ဟုဆို

Wednesday, 01 July 2009 19:27 ဇာနည်ဝင်း
မြန်မာနိုင်ငံမှ အသစ် တွေ့ရှိရသော ကျောက်ဖြစ် ရုပ်ကြွင်းများကြောင့် လူသား၊ မျောက်နှင့် လူဝံတို့၏ အစသည် အာဖရိကတိုက်မှ မဟုတ်ဘဲ အာရှတိုက်မှ ဖြစ်သည်ဟု ဗြိတိန်နိုင်ငံ အခြေစိုက် သုတေသန အသင်းတခုက ယနေ့ ထုတ်ပြန်လိုက်သည့် စာတမ်းတွင် ဖော်ပြထားသည်။

Ganlea megacanina ဟု သုတေသနအမည် ပေးထားသော ကျောက်ဖြစ်ရုပ်ကြွင်း ပရိုင်းမိတ်ကို မကွေးတိုင်း ပုံတောင်၊ ပုံညာဒေသမှ ရရှိခြင်းဖြစ်သည်ဟု ဆိုသည်။ သက်တမ်း နှစ်သန်းပေါင်း ၃၈ သန်းရှိသည့် ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်သည်ဟု သိရသည်။

သုတေသန စာတမ်းကို ရေးသား ပြုစုရာတွင် ဦးဆောင်သူဖြစ်သည့် Christopher Beard က ယနေ့ခေတ် လူသား၊ မျောက် နှင့် လူဝံတို့သည် “အာရှတိုက်တွင် နေထိုင်ခဲ့ဖွယ်ရှိသည်” ဟု ပြောလိုက်သည်။

အဆိုပါ စာတမ်းကို ရေးသား ထုတ်ပြန်သည့် Royal Society သည် နှစ်ပေါင်း ၃၅ဝ သက်တမ်းရှိ သုတေသနအသင်းကြီး ဖြစ်သည်။

ယခင်ကလည်း ပုံတောင် ပုံညာ ဒေသတွင် ပရိုင်းမိတ်တို့၏ ကျောက်ဖြစ် ရုပ်ကြွင်းများ ရှာဖွေ တွေ့ရှိခဲ့ဖူးသည်။

မြန်မာပြည်တွင် အဆင့်မြင့် ပရိုင်းမိတ်တို့၏ မေးရိုးနှင့် အံသွားများ ပါဝင်သည့် ကျောက်ဖြစ် ရုပ်ကြွင်းများ တွေ့ရှိမှုနှင့် ပတ်သက်ပြီး မြန်မာပညာရှင်များကလည်း ရေးသားခဲ့ဖူးသည်။

“အဲဒီ သတ္တဝါက တဖြည်းဖြည်း ဆင့်ကဲ ဖြစ်စဉ် အရ တိုးတက် ပြောင်းလဲ လာတော့ အနှစ် ၄ ကုဋေ ၉ သန်း ကြာတဲ့ အခါ လူဖြစ် လာပါတယ်” ဟု ကွယ်လွန်သူ ဒေါက်တာ သန်းထွန်းက သူ၏ 'မြန်မာ့ သမိုင်းပုံ' Myanmar History Told in Picture စာအုပ်တွင် ဖော်ပြထားသည်။

၁၉၂၃ တွင် ဒေါက်တာ ဗာနမ်ဘရောင်း (Barnum Brown) ဆိုသူက မုံရွာ ခရိုင်၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း မိုးကောင်းရွာတွင် ရှေ့အံ နှစ်ချောင်း ပါသည့် အောက်မေးရိုး (mandible) အစ တခုကို လည်းကောင်း၊ ၁၉၂၇ တွင် ဒေါက်တာ ဂျီဒီပီ ကောက်တာ (G.D.P Cotter) က အလားတူ ကျောက်ဖြစ် ရုပ်ကြွင်း တခုကို ထိုဒေသ၌ပင် တွေ့ရှိခဲ့သည်။

ထိုတွေ့ရှိချက်များမှ အစောပိုင်း တွေ့ရှိချက်များ ဖြစ်သည်။

၁၉၇၈ တွင် မန္တလေး တက္ကသိုလ် ဘူမိဗေဒ ကျောင်းသားများ ကွင်းဆင်း လေ့လာကြရာမှ အဆင့်မြင့် ပရိုင်းမိတ် (higher primate) တကောင်၏ ဒုတိယ နှင့် တတိယ အံသွား နှစ်ချောင်း ကပ်လျက် ရှိနေသေးသည့် အောက်မေးရိုးစ တစ ကို ရရှိခဲ့သည်ဟု ဆိုသည်။ ထိုတွေ့ရှိမှုသည် ၁၉၂၃၊ ၁၉၂၇ က တွေ့ရှိခဲ့မှုနှင့် သက်ဆိုင်သည့် သက်သေခံ ပစ္စည်း ဖြစ်သည်ဟု ဒေါက်တာသန်းထွန်းက ဆိုသည်။

သင့်ဘဝမဂ္ဂဇင်းကလည်း ပုံတောင်ပုံညာ ကျောက်ဖြစ်ရုပ်ကြွင်းများသည် အာဖရိကတိုက်တွင် တွေ့ရှိရသည့် ကျောက်ဖြစ်ရုပ်ကြွင်းများထက် ပို၍ ရှေးကျသည်ဟု ရေးသားခဲ့ဖူးသည်။

၁၉၉၇ ခုနှစ်တွင် ဗိုလ်မှူးကြီး သန်းထွန်း ဦးဆောင်သည့် အဖွဲ့က ပုလဲ မြို့နယ် နှင့် မြိုင်မြို့နယ်တို့ရှိ ပုံတောင်ရိုး တလျှောက်တွင် အံသွား အောက်မေးရိုးတို့ ပါဝင်သည့် ပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်းများကို ထပ်မံ ရှာဖွေ တွေ့ရှိကြသည်။

dinsdag 30 juni 2009

ဘန်ကီမွန်း မကြာမီ မြန်မာပြည်သို့သွားမည်


Tuesday, 30 June 2009 16:55 အေးချမ်းမြေ့


ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် ဇူလိုင် ၃ ရက်နှင့် ၄ ရက်နေ့များတွင် မြန်မာပြည်သို့ သွားရောက်မည် ဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်ရုံးက ကြေညာလိုက်သည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (ဓာတ်ပုံ - AFP)
“အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ ဒီတကြိမ် မြန်မာပြည်ကို ထပ်သွားရတဲ့ အကြောင်းရင်းက မြန်မာပြည်ရဲ့ ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ နှစ်ပေါင်းများစွာ စိုးရိမ်ပူပန်ခဲ့တဲ့ အကြောင်းအရာ တော်တော်များများကို ပြောဆို ဆွေးနွေးဖို့ ဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူတဦးက နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသော နေ့စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား လိုက်သည်။

မစ္စတာဘန်ကီမွန်းသည် မြန်မာစစ်အစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက်မည်ဖြစ်ပြီး ယခု ကြေညာချက် ကို ယခင်တပတ်က မြန်မာပြည်သို့ ရှေ့ပြေးသွားရောက်ခဲ့သည့် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ မြန်မာပြည်မှ ပြန်လာခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန်၊ အတိုက်အခံများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် စစ်အစိုးရတွေ့ဆုံဆွေးနွေးပြီး အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး ဆောင်ရွက်နိုင်ရန်၊ ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးရန် စသည့် အချက် ၃ ချက်ကို မစ္စတာ ဘန်ကီမွန်းအနေနှင့် အဓိကထား ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင်ပြောခဲ့သည်။

လေ့လာသူတို့က မြန်မာပြည်အရေးနှင့် ပတ်သက်၍ ရလဒ်ကောင်းများ မဆောင်ကျဉ်းနိုင်ခဲ့သော မစ္စတာဘန်ကီမွန်းအနေနှင့် ယခုကဲ့သို့ မြန်မာပြည်သို့ ပြန်သွားခြင်းမှာ တရုတ်နိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံများက တိုက်တွန်းသောကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

သတင်းစာဆရာကြီး လူထုစိန်ဝင်းက ယခု မစ္စတာဘန်ကီမွန်း၏ မြန်မာပြည်ခရီးစဉ် အောင်မြင်လိမ့်မည် မဟုတ်ဟု ဆိုသည်။

“UN ဆိုတာ သွားမပါတဲ့ ကျားအိုကြီးမှန်း ဒီက ဗိုလ်ချုပ်တွေက သိပြီးသားပါ။ အခုကိစ္စက မြင်းကမလှုပ်ဘဲ ခုံက လှုပ်သလိုဖြစ်နေတယ်။ တရုတ်ကပဲ တိုက်တွန်းတွန်း၊ ရုရှားကပဲ တိုက်တွန်းတွန်း ပြည်တွင်းက စစ်အစိုးရရဲ့ အဓိက အတိုက်အခံပါတီကြီးက ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။ မစ္စတာ ဘန်ကီမွန်းရဲ့ခရီးစဉ်က အောင်မြင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

မစ္စတာဘန်ကီမွန်း၏ မြန်မာပြည်ခရီးစဉ်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်း ဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကလည်း မျှော်လင့်ချက် နည်းပါးသည်ဟု ပြောကြားသည်။

“ရှေ့ပြေးလာတဲ့ မစ္စတာ ဂန်ဘာရီက ခိုးကြောင်ခိုးဝှက် နီးပါး လာခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း တယောက်တည်းနဲ့ တွေ့ခဲ့တယ်။ အဲဒီကတည်းက မစ္စတာဘန်ကီမွန်းလည်း ခါတိုင်းလိုပဲ စစ်အစိုးရ ပြောတာ လုပ်သွားပြီး ပြန်သွားရမှာပဲလို့ ထင်ခဲ့တယ်” ဟု ဦးဝင်းတင်က ဆိုသည်။

မစ္စတာဘန်ကီမွန်း၏ မြန်မာပြည်ခရီးစဉ်နှင့် ပတ်သက်၍ ရလဒ်ကောင်း များ ဆောင်ကျဉ်းနိုင်လိမ့်မည် လောဟူ၍ ဧရာဝတီမဂ္ဂဇင်းက ယခုလအတွင်း စာဖတ်သူများကို မေးခွန်းထုတ်၊ သဘောထား တောင်းခံခဲ့ရာ ၉၀ ရာခိုင်နှုန်းကျော်က မရနိုင်ဟူ၍ အဖြေပေးကြသည်။

သို့ရာတွင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် သဘောထားမှာ ပြောင်းလဲလာသည်ဟု ယူဆ ရပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မြန်မာပြည်သို့ ပြန်လာရန် တိုက်တွန်းခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဦးဝင်းတင်က သုံးသပ်သည်။

“တရုတ်ပြည်က အရင်အခြေအနေမျိုးမဟုတ်တော့ဘူး။ သူလည်း ကမ္ဘာမှာ ဝင်ဆံ့တဲ့ နိုင်ငံကြီး တနိုင်ငံ ဖြစ်လာပြီ။ လူမိုက်မွေးရုံလုပ်မယ့် နိုင်ငံတခုမဟုတ်တော့ဘူး။ ဒါကြောင့် ကျနော်တော့ တရုတ်ကို စိတ်မပျက်ဘူး။ တရုတ်က ဒီမိုကရေစီအင်အားစုတွေကို ကျောခိုင်းပြီး နအဖနဲ့ လက်ဝါးရိုက်မယ့် နိုင်ငံ တခုလို့ မယူဆပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေနှင့် အပြုသဘော ဆောင်သည့် ရလဒ်ကောင်းများ ထွက်ပေါ်သည်အထိ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခြင်း ပြုနိုင်၊ မပြုနိုင် မသေချာသော်လည်း လက်ရှိအနေအထားအရ မြန်မာပြည်သို့သွားကာ ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို ပြသသင့်ကြောင်း နိုင်ငံရေးလေ့လာသူတို့က သုံးသပ်သည်။

မစ္စတာဘန်ကီမွန်းသည် မြန်မာပြည် ခရီးစဉ်အတွင်း နာဂစ် ဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်း လူသားချင်း စာနာ ထောက်ထားသည့် အကူအညီကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးဦးမည်ဖြစ်ပြီး ၎င်းသည် ဂျပန်နိုင်ငံမှ တဆင့် မြန်မာပြည်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေနှင့် စစ်အစိုးရက တရားဆွဲဆိုထားသဖြင့် အမှုရင်ဆိုင်နေရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့၊ မတွေ့ ဆိုသည်ကိုမူ အတိအကျ မပြောနိုင်သေးဟု ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မစ္စတာဘန်ကီမွန်း မြန်မာပြည်သို့ ရောက်ရှိမည့် ဇူလိုင် ၃ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်မည့်နေ့ဖြစ်သည်။

woensdag 24 juni 2009

မြောက်ကိုရီးယား သဘောင်္သတင်း ဖော်ပြခွင့်မပြု


Wednesday, 24 June 2009 18:01 အောင်သက်ဝိုင်း
မြန်မာနိုင်ငံသို့ ဦးတည်သွားနေသည့် မြောက်ကိုရီးယား Kang Nam 1 သင်္ဘောနှင့် ပတ်သက်ပြီး မြန်မာပြည်သူများ အကြား စိတ်ဝင်စားနေ သော်လည်း ယင်းသတင်းကို စာပေစိစစ်ရေးက ပြည်တွင်း သတင်းဂျာနယ်များတွင် ဖော်ပြခွင့်မပြုကြောင်း သိရသည်။

၂၀၀၇ ခုနှစ်က ရန်ကုန်တွင် ဆိုက်ကပ်ထားသည့် မြောက်ကိုရီးယား Kang Nam 1 သင်္ဘော (ဓာတ်ပုံ - AFP)
အပတ်စဉ်ထုတ် သတင်းဂျာနယ်များဖြစ်သည့် Weekly Eleven ၊ 7 days ၊ Yangon Time နှင့် The Voice အပါအ၀င် သတင်းဂျာနယ် အားလုံးနီးပါးတွင် အဆိုပါ မြောက်ကိုရီးယား သင်္ဘောနှင့် ပတ်သက်ပြီး ပြည်ပ အခြေစိုက် သတင်းဌာနများ၏ သတင်းများကို ဘာသာပြန် ဖော်ပြရန် ကြိုးစားကြသော်လည်း ဖော်ပြခွင့် မရခဲ့ကြကြောင်း သတင်းရရှိသည်။

“မြောက်ကိုရီးယားသင်္ဘော မြန်မာပြည်ကို ဦးတည်နေတယ်ဆိုတဲ့ သတင်းကို သတင်းဂျာနယ် အကုန်လုံးက ဖော်ပြနိုင်ဖို့ ကြိုးစားကြတယ်၊ ဒါပေမယ့် စာပေစိစစ်ရေးက လုံးဝ အဲဒီသတင်းကို ပယ်ချတယ်”ဟု သတင်းဂျာနယ် အမှုဆောင် အယ်ဒီတာတဦးက ရှင်းပြသည်။

ပြည်တွင်းသတင်း ဦးစားပေး သတင်းဂျာနယ်များအပြင် နိုင်ငံတကာရေးရာ များကိုသာ ရေးသားဖော်ပြသည့် သတင်းဂျာနယ် များတွင်လည်း မြောက်ကိုရီးယား သင်္ဘောသတင်းကို လုံးဝဖော်ပြခြင်းမပြုရန် တားမြစ်ထားသည်ဟု သိရှိရသည်။

“မြောက်ကိုရီးယား သင်္ဘောကိစ္စက သာမန်သတင်းမျိုး မဟုတ်ဘူး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ တိုက်ရိုက် ကိုင်တွယ်နေတဲ့ သတင်းမျိုးဆိုတော့ ဖော်ပြမိရင် ဂျာနယ်ပိတ်၊ သတင်းသမားတွေကို တရားစွဲ ထောင်ချတာတွေတောင် ဖြစ်လာနိုင်တယ်၊ ပြည်တွင်း သတင်းမီဒီယာ ဆိုတာမျိုးက စာပေစိစစ်ရေး မျက်နှာကြည့်ပြီး လုပ်ရတာလေ၊ နိုင်ငံလုံခြုံရေးနဲ့ ပတ်သက်နေတဲ့ သတင်းကို ဖော်ပြရင် နောက်ဆက်တွဲ ဘာဖြစ်လာမယ် ဆိုတာ မပြောနိုင်ဘူး”ဟု ၀ါရင့်သတင်းထောက် တဦးက ပြောဆိုသည်။

ထိုသို့ ပြည်တွင်းသတင်း မီဒီယာများတွင် စစ်လက်နက်များ သယ်ဆောင်လာသည် ဆိုသော မြောက်ကိုရီးယား သင်္ဘောသတင်း ဖော်ပြခွင့် မရှိသော်လည်း ပြည်ပအခြေစိုက် မြန်မာအသံလွှင့် ဌာနများက ထိပ်တန်းဦးစားပေး သတင်းအဖြစ် ထုတ်လွှင့်နေသည့် အတွက် မြန်မာပြည်သူများ သိရှိနေပြီး စိတ်ဝင်စားမှု မြင့်တက်နေသည်ဟုလည်း သိရှိရသည်။

“ဘီဘီစီ၊ ဗီအိုအေနဲ့ အခြား အသံလွှင့်ဌာနတွေ အားလုံးမှာ ဒီသတင်းက ဦးစားပေးသတင်း ဖြစ်နေတယ်၊ လူတွေကလည်း အရမ်းစိတ်ဝင်စားတယ်၊ ပိုစိတ်ဝင်စားတာက အမေရိကန် စစ်သင်္ဘောက နောက်ယောင်ခံ လိုက်နေတယ် ဆိုတာကိုပဲ”ဟု ရန်ကုန်မြို့ခံတဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး ဖြစ်စဉ်များသည် ပြည်တွင်းရေး သက်သက်သာသာ ဖြစ်ပြီး ဒေသတွင်း လုံခြုံရေး မထိခိုက်ဟု ပြောဆိုခဲ့သော မြန်မာစစ်အစိုးရသည် မြောက်ကိုရီး ယားနှင့်ပူပေါင်းပြီး ကမ္ဘာ့လူသားထု တရပ်လုံးကို သေကြေစေနိုင်သော နျူကလီးယား လက်နက်ပိုင်ဆိုင်ရေး ကြိုးစားလာသည့် အတွက် မြန်မာ့ပြဿနာသည် ကမ္ဘာ့ပြဿနာ ဖြစ်လာသည်ဟု ဆိုနိုင်ကြောင်း ၀ါရင့်သတင်းစာ ဆရာကြီးတဦးက သုံးသပ်သည်။

“မြန်မာ့နိုင်ငံရေးက ပြည်တွင်းရေး မဟုတ်ဘူးဆိုတာ တရုတ်တို့၊ ရုရှတို့ သိဖို့ကောင်းတယ်၊ စစ်အာဏာရှင် အာဏာရနေသမျှ ကာလပတ်လုံး ကမ္ဘာကြီး ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တယ်ဆိုတာ သူတို့သိဖို့ ကောင်းတယ်”ဟု ထိုသတင်းစာ ဆရာကြီးက ပြောသည်။

ယခုလာနေသော မြောက်ကိုရီးယား သင်္ဘောသည် ယခင်ကလည်း မြန်မာနိုင်ငံသို့ လာရောက်ဖူးပြီး ၂၀၀၇ ခုနှစ် အတွင်း လာရောက်ခဲ့စဉ်က ကာကွယ်ရေး ၀န်ကြီးဌာနက အကောက်ခွန် ဦးစီးဌာနသို့ ၁၅ ရက်ခန့်ကြိုတင် အထူးညွှန်ကြားချက် ထုတ်ကာ အကြောင်းကြားခဲ့ပြီး ညွှန်ကြားရေးမှူး အဆင့်ရှိ အကောက်ခွန် အရာရှိကြီးများ ကိုယ်တိုင် သီလ၀ါဆိပ်ကမ်းတွင် လုံခြုံရေးယူပေးခဲ့ရကြောင်း ရန်ကုန်မြို့ အကောက်ခွန် ဦးစီးဌာနရုံးချူပ်မှ ၀န်ထမ်းတဦးက ပြောသည်။

“အရင် မြောက်ကိုရီးယား သင်္ဘောလာတုန်းက ၁၅ ရက်လောက် ကြိုတင်ပြီး အရေးကြီး သင်္ဘောဝင်မယ်၊ အဲဒီအတွက် ဆိပ်ကမ်းရှင်းလင်း လုံခြုံရေးယူဖို့ အကြောင်းကြားတယ်၊ ဒါပေမယ့် ကြိုတင်အကြောင်းတဲ့ အထဲမှာ
မြောက်ကိုရီးယား သင်္ဘောဆိုတာကို လုံးဝမပြောဘူး၊ သင်္ဘောရောက်လာမှ မြောက်ကိုရီးယား သင်္ဘောမှန်း သိရတာ”ဟု ထိုဝန်ထမ်းက ရှင်းပြသည်။

ယခုအကြိမ်တွင်လည်း သင်္ဘောလာရောက်မည် ဆိုသော ညွှန်ကြားချက်များ ရှိနိုင်သော်လည်း ဒုတိယ ညွှန်ကြားရေးမှူး အဆင့်နှင့် အထက်အရာရှိကြီးများသာ ထိုညွှန်ကြားချက်ကို သိရှိနိုင်ကြောင်း အထက်ပါ ၀န်ထမ်းက ဆက်လက် ပြောဆိုသည်။

အဆိုပါ မြောက်ကိုရီးယား သတင်းသာမက အီရန်နိုင်ငံတွင် ရွေးကောက်ပွဲ မသမာမှုကြောင့် လူထုဆန္ဒပြမှုများ ဖြစ်ပေါ်ပြီး အကြမ်းဖက် နှိမ်နင်းနေသည် ဆိုသော သတင်းများကိုလည်း သတင်းဂျာနယ်များတွင် ထည့်သွင်းခြင်း မပြုရန် နေပြည်တော် ပြန်ကြားရေး ၀န်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ပြီး စာပေစိစစ်ရေး ညွှန်မှူး ဗိုလ်မှူး တင့်ဆွေကို အကြောင်းကြား ထားကြောင်း၊ မလိုက်နာသော သတင်းဂျာနယ်များကို အရေးယူရန် ရှိကြောင်း စာပေစိစစ်ရေးရုံးမှ သိရှိရသည်။

“မြောက်ကိုရီးယား သတင်းနဲ့ အီရန် သတင်းတွေကို ညွှန်မှူး မှတ်ချက်နဲ့ ဖြုတ်ခိုင်းတယ်၊ ဂျာနယ် အားလုံးမှာ ဖြုတ်တာ”ဟု သတင်း ဂျာနယ်တခုမှ စာပေစိစစ်ရေး ပုံမှန်သွားရောက်နေသူ အယ်ဒီတာဦးက ဆိုသည်။

vrijdag 12 juni 2009

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲအတွက် မဲဆွယ်ခွင့်ပေးသင့်သည်ဟု ဂိုဂျုတ်တောင်ပြော

Friday, 12 June 2009 13:27 အေးချမ်းမြေ့
မြန်မာစစ်အစိုးရ အနေနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆွယ်ရန် ခွင့်ပြုသင့်ကြောင်း စင်ကာပူ ဝန်ကြီးချုပ်ဟောင်း ဂိုဂျုတ်တောင်က ယမန်နေ့က ပြောကြားလိုက်သည်။

ဇွန်လ ၈ ရက်နေ့က စင်ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာဂိုဂျုတ်တောင် မြန်မာပြည်သို့ ရောက်ရှိစဉ် (ဓာတ်ပုံ - Getty Images)
“သူ (ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင်က မဲဆွယ်စည်းရုံးလို့မရဘူးဆိုရင် တခြား ဘယ်ပါတီပဲ နိုင်သွားနိုင်သွား အဓိက အတိုက်အခံပါတီက မဲမဆွယ်ခဲ့ရလို့ ဒီရွေးကောက်ပွဲ တရားမဝင်ဘူး ဆိုတာမျိုး အငြင်းပွား စရာ ဖြစ်လာနိုင်တယ်” ဟု မစ္စတာ ဂိုဂျုတ်တောင်က Channel News Asia အင်တာနက် စာမျက်နှာတွင် ပြောကြားသွားသည်။

၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတမှုရှိရန်လိုအပ်ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီကိုလည်း ပါဝင်ခွင့်ပြုသင့်သည်ဟု မစ္စတာဂိုဂျုတ်တောင်က ဇွန်လ ၉ ရက်နေ့တွင် နေပြည်တော်၌ ပြောကြားခဲ့ ပြီးသည့်နောက် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ကရင်ချောင်းဆေးရုံဖွင့်ပွဲသို့ အသွား ယခုကဲ့သို့ ထပ်ပြော လိုက်ခြင်းဖြစ်သည်။

NLD ပြန်ကြားရေးဌာနမှ ဦးဟံသာမြင့်ကမူ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း ဂိုဂျုတ်တောင်အနေနှင့် မြန်မာနိုင်ငံ အရေးအတွက် ဝင်ရောက်ပြောဆိုခြင်းကို ကြိုဆိုသော်လည်း ၂၁၁၀ ရွေးကောက်ပွဲအပေါ် NLD ၏ သဘောထားမှာမူ ယခင်က ကြေညာချက် ထုတ်ပြန်ထားသည့်အတိုင်း ပြောင်းလဲရန် မရှိသေးကြောင်း ဧရာဝတီသို့ ပြောသည်။

“စင်ကာပူ ဝန်ကြီးချုပ် ပြောကြားချက်တွေက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အထောက်အကူ အများကြီးပြုနိုင်ပါတယ်။ သူ့ကို လေးလည်း လေးစားပါတယ်။ ဒါပေမယ့် ကျနော်တို့ NLD အနေနဲ့ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားကို ပြောင်းဖို့ အစီအစဉ်မရှိသေးပါဘူး” ဟု သူက ဆိုသည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်ပေးရန်၊ ရွေးကောက်ပွဲတွင် အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့် ခွင့်ပြုရန် စသည့်အချက်များကို စစ်အစိုးရက လိုက်လျော မှသာ NLD အနေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရန် စဉ်းစားမည်ဟူ၍ ဧပြီလ ကတည်းက ကြေညာချက် ထုတ်ပြန် ခဲ့သည်။

“ကျနော်တို့ တောင်းဆိုထားတာတွေ လိုက်လျောမှ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားပါမယ်” ဟု ဦးဟံသာမြင့်က ပြောကြားသည်။

မစ္စတာ ဂိုဂျုတ်တောင်သည် ယမန်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း ဟဲဟိုးမြို့မှ ပြန်ရောက်လာခဲ့ပြီး ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြော်ခဲ့ကာ တွံတေးမြို့နယ် ကရင်ချောင်းတိုက်နယ်ဆေးရုံဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

စင်ကာပူဝန်ကြီးချုပ်ဟောင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အမှုဆင်တရားစွဲဆိုထားသည့် ကာလအတွင်း မြန်မာနိုင်ငံသို့ ၄ ရက် ခရီးစဉ် သွားရောက်ခဲ့ရာ ယမန်နေ့က ခရီးစဉ်ပြီးဆုံး၍ စင်ကာပူသို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။

၎င်းက ဒေါ်အောင်ဆန်းစုကြည်၏ အမှုသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သော်လည်း နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို လျစ်လျူမရှုသင့်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် စစ်ခေါင်းဆောင်များကို ဇွန်လ ၉ ရက်နေ့က နေပြည်တော်၌ ပြောကြားခဲ့သည်။

donderdag 11 juni 2009

နယ်စပ်တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးများသုံး

Thursday, 11 June 2009 19:14 သန်းထိုက်ဦး
မြန်မာစစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ (၇) တပ်စခန်းများကို ဇွန်လဆန်းပိုင်းမှ စတင်၍ လက်နက်ကြီး အလုံးပေါင်း ၂၀၀ ကျော် ပစ်ခတ် အသုံးပြုခဲ့ကြောင်း သိရှိရသည်။

မြန်မာစစ်အစိုးရ နှင့် DKBA ပူးပေါင်းတပ်များက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းမှ KNLA တပ်မဟာ (၇) ဒေသရှိ တပ်ရင်း ၆ ရင်း၏ တပ်စခန်းများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ KNLA တပ်စခန်း များ အနီးတွင်လည်း မြေမြှုပ်မိုင်းများစွာ ထောင်ထားကြောင်း သိရသည်။

ကရင်ဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးနေသူတဦး၏ အဆိုရ နှစ်ဘက် တိုက်ပွဲများကြောင့် မြန်မာအစိုးရ တပ်နှင့် DKBA တပ်သားများအပါဝင် အင်အား ၁၀၀ ခန့် အကျအဆုံးရှိကြောင်းနှင့် အများစုမှာ DKBA တပ်သား များဖြစ်ကြောင်း သိရသည်။ KNLA ဘက်မှ ၂ ဦးဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဖူးကြီးအခြေစိုက် အမှတ်(၄) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ) လက် အောက် ခံ တပ်ရင်း ၁၀ ရင်းမှ တပ်သား ၂၀၀၀ ခန့်ကို မကြာသေးခင်က ကရင်ပြည်နယ် တောင်ပိုင်းသို့ စစ်ကူပို့ထား ကြောင်း မြန်မာစစ်တပ်နှင့် နီးစပ်သူများအဆိုရ သိရသည်။

“ဒီနေ့မနက် နအဖ တပ်ဘက်က လက်နက်ကြီး ၆ လုံးပစ်တယ်၊အင်္ဂါနေ့က အနည်းဆုံး ၁၉ လုံး ၊ ဗုဒ္ဓဟူးနေ့က လည်း အလုံး ၃၀ လောက် ပစ်တယ်”ဟု ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) အဖွဲ့ဝင်တဦးက ပြောသည်။

မြန်မာစစ်အစိုးရတပ်မ (၂၂) လက်အောက်ခံတပ်တချို့နှင့် DKBA ၉၉၉ ၊ ၅၅၅ ၊ ၃၃၃ တပ်ဖွဲ့ဝင်များသည် တပ် မဟာ(၇) ထိန်းချုပ်နယ်မြေရှိ တပ်ရင်း ၆ ခုအနီးမှ တပ်စခန်းများကို လက်နက်ကြီးများဖြင့် သော်လည်းကောင်း၊ လူအင်အား စုစု ပေါင်း ၁၀၀၀ခန့် ဖြင့်သော်လည်းလောင်း ဆက်လက်ထိုးစစ်ဆင်ရန် ကြိုးစားနေကြောင်းလည်း သိရှိရသည်။

၎င်းတိုက်ပွဲများ ကြောင့် ထိုင်း-မြန်မာနယ်စပ်တွင်လည်း ထိုင်းစစ်တပ်မှ လုံခြုံရေးများ တင်းကျပ်ထား ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် နှစ်ပတ်အတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် စုစုပေါင်း ၆၀၀၀ ကျော် ရှိကြောင်း သိရသည်။ အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါနှင့်မဲ့သလေမြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။

၎င်း ဒုက္ခသည်များကို ကရင်ဒုက္ခသည်များ ကော်မတီ (KRC) နှင့် ထိုင်း-မြန်မာနယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေးညွန့်ပေါင်းအသင်း ( TBBC ) တို့က ကူညီဆောင်ရွက်ပေးထားကြောင်းသိရသည်။

ယင်းတိုက်ပွဲများနှင့် ပတ်သက်ပြီး ယနေ့ထုတ် စစ်အစိုးရ သတင်းစာ၌ ကျော်ရဲမင်း ရေးသားထားသည့် ဆောင်းပါး တွင် “လက်ကျန် KNU ကိစ္စ၊ ပြည် ပြေးကိစ္စတွေကို ဒီနည်းဗျူဟာသုံးရပ်နဲ့ ဆောင်ရွက်မယ်ဆိုရင် မအောင်မြင် နိုင်စရာ လုံးဝမရှိပါဘူး၊ အဓိက လိုအပ်ချက်ကတော့ အိမ်နီးချင်း နိုင်ငံရဲ့ မိတ်ဆွေကောင်းပီသပြီး စိတ်ရင်း စေတနာမှန်နဲ့ ပူးပေါင်းဆောင်ရွက်မှုကသာ အရေးအကြီးဆုံး”ဟု ရေးသားထားသည်။

အဆိုပါ နည်းဗျူဟာ ၃ ရပ်သည် ညှိနှိုင်းဆွေးနွေးပြီး ငြိမ်းချမ်းရေးတည်ဆောက်ရန်၊ အိမ်နီးချင်နိုင်ငံများနှင့်ပူး ပေါင်းဆောင်ရွက်မှုရယူရန်နှင့် တည်ငြိမ်အေးချမ်းသွားပြီးဖြစ်တဲ့ နယ်စပ်ဒေသများတွင် နိုင်ငံတော် အစိုးရက နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို စေတနာအရင်းခံပြီး အောင်အောင် မြင်မြင်ဖြစ်ရန် ဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း ဆိုသည်။

နိုင်ငံတော်အစိုးရ အနေနှင့် KNU ပြဿနာအပါဝင် နယ်စပ် ပြဿနာများကို ဖြေရှင်းနိုင်ရန် အစဉ်တစိုက် ကြိုးပမ်း ခဲ့ကြောင်း၊ အောင်မြင်ခြင်း မအောင်မြင်ခြင်းသည် အိမ်နီးချင်း တဖက်နိုင်ငံ၏ စေတနာမှန်သည့် ပူးပေါင်း ဆောင် ရွက်မှုက အခရာကျကြောင်းလည်း စစ်အစိုးရသတင်းစာက ရေးသားထားသည်။

KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါက မှု ယခုကဲ့သို့ မြန်မာစစ်အစိုးရက ရေးသားခြင်းသည် စိတ်ကူးယဉ်နေခြင်း ဖြစ်၍ ဂရုမစိုက်နိုင်ကြောင်း ပြောဆိုသည်။

“နအဖက စိတ်ကူးယဉ်တာပဲ ကိုယ်ကကြီးလို့ ဒူးတောင်မမြင်တဲ့ အခြေအနေရောက်နေတဲ့အခါကျတော့ အဲဒီလို လေသံတွေပြောလာတာ၊ အဲဒီတော့ ကျနော်တို့အနေနဲ့ကတော့ ဂရုစိုက်မနေနိုင်ပါဘူး”ဟု စောဒေးဗစ်တာကပေါ က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခြင်းနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံက အကြီးအကျယ် ဝေဖန်ပြောဆိုသည့် အတွက် မခံမရပ်နိုင်ဖြစ်၍ ယခုကဲ့သို့ သတင်းစာတွင် ရေးသားခြင်းဖြစ်ကြောင်းလည်း ၎င်း က ဆိုသည်။

လွန်ခဲ့သည့် မေလ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်း တရားရင်ဆိုင်နေရသော ဒေါ် အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ် ပေးရန် အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားသည့် ထိုင်းနိုင်ငံ က ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီးတို့က ပြစ်တင်ဝေဖန်ခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာခဲ့ကြသည်။

ယင်းတင်းမာမှုနှင့် ပတ်သက်ပြီး မြန်မာစစ်အစိုးရ သတင်းစာများက ယနေ့အထိ တတိယအကြိမ်မြောက်ရေးသား ဖော်ပြခဲ့သည်။

သို့သော် မြန်မာစစ်အစိုးရက အာဆီယံ လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပြင် အကြောင်းအရာအားဖြင့်မှန်ကန် ခြင်းမရှိသောကြောင့် အာဆီယံဥက္ကဌ တာဝန်ယူထားသော ထိုင်းနိုင်ငံ၏ ကြေညာချက်ကို အလေးအနက် ကန့် ကွက်သည်ဟူ၍ တန်ပြန်ကြေညာခဲ့သည်။

ငရဲခွေးကြီး လွတ်နေပြီ

Wednesday, 10 June 2009 18:13 ရန်ကုန်သားတာတေ
“ဆဝါဒီခရပ် ………………………………………………………. ခေါ့ (ပ်) ခွန်းခရပ်”

(အလယ်မှ အစက်များမှာ ထိုင်းဘာသာဖြင့် ရေးသားထားသော စာလုံးများဖြစ်သည်။ စာရေးသူလည်း နားမလည်၊ စာဖတ်သူလည်း နားလည်မည် မဟုတ်သောကြောင့် အစက်များဖြင့်သာ ဖော်ပြရခြင်းဖြစ်ပါသည်။)

ချိုကုပ်ဒူးကြီးကို လူတယောက်က ထိုင်းသတင်းစာ ဖတ်ပြနေခြင်းဖြစ်သည်။ အလယ်မှ စာလုံးများကို ချိုကုပ် ဒူးကြီး နားမလည်သော်လည်း ရုပ်တည်ဖြင့် နားလည်ချင်ယောင် ဆောင်နေသည်။ ရှေ့ဆုံးနှင့် နောက်ဆုံးတွင် ပါသော နှုတ်ခွန်းဆက် စကားများမှာ ချိုကုပ်ဒူးကြီးသိသည့် ၂ ခုတည်းသော စကားလုံး ဖြစ်သောကြောင့် စာပိုဒ်တွင်မပါဘဲ ခပ်တည်တည် ဖြည့်ထည့်ထားခြင်းဖြစ်သည်။ စာဖတ်နေသူ အသံရပ်သွား သည်နှင့် တပြိုင်နက်

“ဆော်ကြမ်း ဆော်ကြမ်း .. ဟေ့ ဂျပု အမြန်လာစမ်း”
“ခစားလျှက်ပါ ချိုကုပ်ဒူးကြီး .. ။ ဝါးတီးခုတ်နေရသရွေ့ အမိန့်တော်ကို ဦးဆွေးဆံမြေ့ ထမ်းဆောင်ဖို့ အသင့်ပါ” “ဟို ဂိုဒေါင်ချောက်ဆိုတဲ့ စလုံးကောင်က ဘာသဘောလဲကွ၊ ငါ့ကိုလာပြီး ဟောက်လား ဟိန်းလားနဲ့ .. သူတို့ ဘဏ်တွေထဲမှာ ငါနဲ့ ငါ့ ချိုကုပ်တွေပိုင်တဲ့ ပတ္တမြားတွေ ဘယ်လောက်သိမ်းထားတယ်ဆိုတာ မေ့သွားပြီ ထင်တယ်”
“ဒါကတော့ သူလည်း သဘောတရားအရ ကောရတာပါ ချိုကုပ်ကြီးခင်ဗျာ .. မကြောက်ပါနဲ့။ စိတ်ထဲက မပါပေမယ့် နည်းနည်း မျက်နှာချိုသွေးလိုက်ရင် ပြန်သွားမှာပါ”
“မင်းတော်တယ် ဆော်ကြမ်း .. နည်းနည်း လုပ်စရာရှိသေးတယ်။ ဒီမှာ ထိုင်းသတင်းစာတွေ့လား .. ဘာတွေရေးထားလဲ မင်းသိလား”
“ဆဝါဒီခရပ် .. ချိုကုပ်ဒူးကြီးက သိစေချင်ရင် သိပြီး .. မသိစေချင်ရင် မသိပါဘူးခညာ”
“ဟုတ်ပြီ။ မင်းပိုင်နက်ကနေ ထိုင်းကိုချမယ် .. အာဆီယံကိုချမယ်၊ အီးယူကိုအော်မယ် .. အမေရိကန်ကိုကစ်မယ် အသင့်ပြင် ..”
“ဘယ်လိုကစ်ရမှာလဲ ချိုကုပ်ဒူးကြီး”
“ကစ်ချင်သလိုကစ် ..။ သူတို့က ပါးစပ်နဲ့အော်နေတာဆိုတော့ .. မင်းလုပ်ရမှာက ပါးစပ်ကပြန်အော်၊ စာရွက်ထဲမှာ နာရင်းရိုက်၊ အင်တာနက်ပေါ်ကနေ ဆွဲထိုး ကြားလား”
အထက်ပါစကားစုများမှာ ချိုကုပ်ဒူးကြီးက နေပြည်တော်တွင် ပြန်ကြားရေးဆော်ကြမ်းကို အမိန့်ပေး နေခြင်းများဖြစ်သည်။
ဦးရုက္ခစိုး ပျောက်ချက်သားကောင်းနေသဖြင့် ဖိုးရှုပ်နှင့် ကြွက်စုတ် ၂ ဦး သူစံမြန်းရာ ဒွိုင်ဆူထေ့ တောင်ပေါ်သို့ လိုက်သွားကြသည်။ တောင်ပေါ်ရောက်တော့ ညောင်ပင်အောက်တွင် မျက်နှာငယ်လေးနှင့် ငြိမ်နေသော ဦးရုက္ခစိုးကို တွေ့လိုက်ရသည်။

ဖိုးရှုပ်။ ။ ဟာ ဦးရုက္ခစိုးကြီး ဘယ်လိုဖြစ်တာလည်းဗျ .. မျက်နှာလည်း မကောင်းဘူး။

ကြွက်စုတ်။ ။ အေးလေဗျာ .. ခင်ဗျားနဲ့ မတွေ့တာကြာလို့လိုက်လာတာ။ မြို့ထဲလေး ဘာလေးတောင် ထွက်မလာဘူး။

ရုက္ခစိုး။ ။ ထွက်မလာဆို .. ပုန်းနေတာဟ ..။

ဖိုးရှုပ်။ ။ ဘာလို့ပုန်းနေတာလဲ။ တူတူပုန်းတမ်းကစားနေတာလား။ လူတွေတင် ကစားတယ် ထင်တာ နတ်တွေလည်း ကစားတာပဲနော်။

ရုက္ခစိုး။ ။ ပေါက်တတ်ကရက ပြောပြီ။ မကြီးမငယ်နဲ့ တူတူပုန်းတမ်း ကစားရမလားဟ။ ခု ဟို အရူးချီးပန်း ရမ်းချင်ရာ ရမ်းနေတဲ့ ချိုကုပ်ဒူးကြီး ငါ့ဘက်လှည့်လာမှာ စိုးလို့ဟေ့ သိပြီလား။

ကြွက်စုတ်။ ။ သြော် ဒါလည်း ဟုတ်တာပဲ။ သူရမ်းတာကလည်း လွန်လွန်းတယ်ဗျာ။ ဒေါ်စုကို မနိုင်တာနဲ့ပဲ နယ်စပ်က ကရင်တွေကို မောင်းထုတ်စရာလားဗျ။

ဖိုးရှုပ်။ ။ အေးဗျာ ကရင်တိုင်းရင်းသားတွေ ကျတော့ မောင်းထုတ်။ ပေါက်ဖော်ကြီးတွေကျတော့ ကြိုက်သလောက်လာခဲ့တဲ့ .. ဘယ့်နှယ် ချိုကုပ်ဒူးကြီးလည်း မသိပါဘူး။ ခု မန္တလေးဆို တရုတ်ပြည်ရဲ့ ဒုတိယ မြို့တော်ဖြစ်နေပြီ။ ဘယ်သွားသွား ဖြူဖြူ .. ဖြူဖြူ .. မှေးမှေး .. မှေးမှေးတွေနဲ့ကို မလွတ်ဘူး ..။

ရုက္ခစိုး။ ။ အဲဒါကြောင့်ပြောတာကွ .. ခုအတိုင်းက ဘာမှ စိတ်ချရတာမဟုတ်ဘူး။ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကြွယ် တဲ့ .. ကြားဖူးတယ်မဟုတ်လား ..။ မင်းရေးကကြွယ်ရတဲ့ ကြားထဲ ခု မင်း က ရူးနေတာ ဆိုတော့ ရမ်းချင်တိုင်းရမ်းနေတာပေါ့ကွာ .. အချိန်မရွေး ငါတို့ဘက်ကို လှည့်လာနိုင်တယ်လေ။

ကြွက်စုတ်။ ။ ဟာ ရမ်းတာကတော့ ခုတလော ချိုကုပ်ဒူးကြီး ဘောင်းဘီတောင် မကပ်ဘူးကြားတယ်။

ဖိုးရှုပ်။ ။ ထွီ .. ရွံစရာကြီးကွာ မင်းကလည်း။ ဒါနဲ့ ဦးရုက္ခစိုး .. ကရင်တွေကို ဘာလို့ မောင်းထုတ်တာ တဲ့လဲဗျ။

ရုက္ခစိုး။ ။ ဘာလို့မောင်းထုတ်ရမှာလဲကွာ .. ကရင်ဒုက္ခသည်တွေ ထိုင်းနိုင်ငံကို ပြေးတော့ ထိုင်းအစိုးရ အလုပ်တွေ ရှုပ်ပြီပေါ့ ..။ သူတို့ ပြည်တွင်းရေးလည်း ရှင်းရ .. ဒုက္ခသည်ကိစ္စတွေလည်း ရှင်းမရ၊ ဒီကြားထဲ မင်းကြီးတော် ချိုကုတ်ဒူးကြီးက မြဝတီတံတားပိတ်တာလိုမျိုး ကုန်သည်တွေ အခက်တွေ့အောင် ကလိဦးမှာ .. အဲဒါဆို ထိုင်းစီးပွားရေး ပြဿနာတက် .. လက်ရှိ အစိုးရပြုတ်ကျ .. အဲလိုဖြစ်အောင် လုပ်နေတာ။

ကြွက်စုတ်။ ။ သတင်းစာထဲမှာတော့ ငမန်းကြီးတရုတ်ပြည်သွားတယ်တဲ့နော် ..။

ဖိုးရှုပ်။ ။ ကြည့်ရတာ တရုတ်ပြည်မှာ နိုင်ငံရေးခိုလှုံခွင့်သွားတောင်းတာဖြစ်မယ် ..။

ရုက္ခစိုး။ ။ ကြည့်ကျက်လည်း ရွှီးပါ ဖိုးရှုပ်ရာ။ ဒါလည်း ချိုကုပ်ဒူးကြီးလက်ချက်ကွ .. ပေါက်ဖော်ကြီးက ပါမလို .. မပါမလို လုပ်နေလို့ အသည်းယားပြီး အဲဒီအထိ ပါလား၊ မပါလား သွားကြည့်ခိုင်းတာ။

ကြွက်စုတ်။ ။ ဟာ .. ဦးရုက္ခစိုးကလည်း တော်တော်ညစ်ပတ်တယ်။ ပါစေချင်ရင် ဝမ်းချူခိုင်းလိုက်ပေါ့ဗျ .. ဘာလုပ်မလို့လဲ .. ပေါက်ဖော်ကြီးပါတဲ့ အီးကို ချိုကုပ်ဒူးကြီးက ဆောင်ထားမလို့လား။

ဖိုးရှုပ်။ ။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့ .. အမေကွိုင်က အင်း၊ အိုင်၊ ခလှဲ့၊ လက်ဖွဲ့တွေ .. ယတြာတွေ ဝါသနာ ပါတယ်ဆိုတော့ ပေါက်ဖော်ကြီးအီးကို ဆောင်ထားဖို့ ဖြစ်မယ်။

ကြွက်စုတ်နှင့် ဖိုးရှုပ် ထင်ရာစွတ်ပြောနေသောကြောင့် ဦးရုက္ခစိုးမျက်နှာ အီးမှန်ထားသကဲ့သို့ ရှုံ့မဲ့သွားသည်။

ရုက္ခစိုး။ ။ မင်းတို့နဲ့ စကားပြောရတာ ကြာရင် ငါတော့ ချိုကုပ်ဒူးကြီးနဲ့ တဂိုဏ်းတည်းဖြစ်ပြီး ရွာသာကြီး ရောက်တော့မယ် .. ပေါက်ကရ တော်တော်ပြောတယ် ..၊ ပါမလို မပါမလိုဆိုတာ နအဖ ဘက်ကို ပြောတာကွ။ ခုတော့ကွာ မင်းတို့စကားတွေကလည်း ပွန်းဆိုက်တွေထက်တောင် ညစ်ပတ်သေးတယ်။

ဖိုးရှုပ်။ ။ ဟာ ပွန်းဆိုက်ဆိုလို့ .. ချိုကုပ်ဒူးကြီးက ဒေါ်စုပွန်းဆိုက်တခု ဖန်တီးခိုင်းထားတယ်နော်။

ရုက္ခစိုး။ ။ အေးလေ .. အဲဒါပြောတာပေါ့ .. ချိုကုပ်ဒူးကြီးက .. သူလုပ်ခိုင်းထားတဲ့ ဒေါ်စု ပွန်းဆိုက် ဘယ်လိုရှိလဲစုံစမ်းရ၊ ထိုင်း အစိုးရ ပြုတ်အောင် အသံပြုရ၊ ပေါက်ဖော်ကြီးရဲ့အီး ပြေးရှူရ၊ သူ့ကိုလာဆူတဲ့ ဂိုဒေါင်ချုပ်ကြီးကို မျက်နှာချို သွေးရ၊ ကရင်တွေကို မောင်းထုတ်ရ၊ FM တွေကနေ ကလော်ဆဲရ .. အမယ်လေး ပြောရတာတောင် မောပါရဲ့။ တောင်ပြေးလိုက် မြောက်ပြေးလိုက်နဲ့ ထင်ရာတွေ လျှောက်လုပ် လျှောက်ရမ်း နေတော့ အချိန်မရွေး ငါ့ဘက် လှည့်လာနိုင်လို့ ဒီတောင်ပေါ်က မောင်မဆင်းရဲ ဖြစ်နေတာဟေ့ ..။

ကြွက်စုတ်။ ။ အင်း ချိုကုပ်ဒူးကြီး ဒေါ်စုကိစ္စ အစထောင်လိုက်တာ .. မရဲဘဲနဲ့ ကျွဲပြဲစီး သလိုဖြစ်နေပြီ။

ဖိုးရှုပ်။ ။ မဟုတ်ဘူး .. ပျားအုံကို တုတ်နဲ့ ထိုးတာကွ။ ခုတော့ ပျားတုတ်ပြီး ပြေးချင်ရာလျှောက်ပြေးရင်း မည်းမည်း မြင်သမျှ ကန်သွားသလို ဖြစ်နေတာ။

ထိုစဉ် သစ်ပင်ကွယ်မှနေ၍ “ငရဲခွေးကြီး လွတ်သလိုဆို ပိုမှန်မယ်ဗျ .. ဟောဟဲ ဟောဟဲ” ဟူသော အမောတကော ပြောသံထွက်ပေါ်လာသည်။ လူကိုတွေ့လိုက်တော့ သူတို့အားလုံး အံ့သြကာ ထိုသူ့နာမည်ကို တပြိုင်နက်တည်း ရေရွတ်လိုက်မိသည်။

အားလုံး။ ။ ဟာ .. ကိုဟန်လေး ..။

မှန်၏ .. ဒေဝါလီမဂ္ဂဇင်းမှ ပင်တိုင်ကာတွန်းဆြာကြီး ကိုဟန်လေးပင်တည်း။

ရုက္ခစိုး။ ။ ကိုဟန်လေး ချွေးတွေလည်း ရွှဲလို့ .. အမောတကောနဲ့ ဘယ်လိုဖြစ်တာလဲဗျ။

ကိုဟန်လေး။ ။ နောက်မှာ .. နောက်မှာဗျ .. လိုက်လာပြီ။

ဖိုးရှုပ်။ ။ ဘယ်သူလဲဗျ။

ကိုဟန်လေး။ ။ ငရဲခွေးကြီးလွတ်လာပြီ .. ။ သူ့ကို ကာတွန်းတွေနဲ့ နှိပ်ကွပ်လို့ ကျုပ်ကို အစိမ်း လိုက်ဝါးစားမယ်၊ ဦးရုက္ခစိုးကိုလည်း ဖဲ့တော့မယ် .. ဖိုးရှုပ်နဲ့ ကြွက်စုတ်ကိုလည်း အရှင်မထားဘူးတဲ့ ..။

ကြွက်စုတ်။ ။ ဟာ .. ဦးရုက္ခစိုးကြီး ပြောသလို တကယ်ဖြစ်နေပြီ .. ဘယ်လိုလုပ်ကြမလဲ။

“ရေနဲ့ပက် ..” “ကြိုးကွင်းစွပ်ဖမ်း..” “ပိုက်ကွန်နဲ့ အုပ် ..” “မေ့ဆေးသေနတ်နဲ့ ပစ်”
တယောက်တပေါက် ထင်ရာစွတ်ပြောနေစဉ် တောတိုးလာသည့် တဝေါဝေါအသံကြီး ကြားလိုက်ရသည်။

ဦးရုက္ခစိုး။ ။ ကြာတယ်ကွာ .. ပြေးတာပဲကောင်းပါတယ်။ ကိုဟန်လေးရေ၊ ဖိုးရှုပ်နဲ့ ကြွက်စုတ်ရေ ပြေးကြဟေ့.. ပြေး ပြေး .. ငရဲခွေးကြီး လွတ်လာပြီတဲ့ .. ပြေးနိုင်မှ လွတ်မယ်ဗျို့ ………… ။ ။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချပြီးနောက်

Wednesday, 10 June 2009 15:59 ရဲနည်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံး လျှောက်လဲချက် ပေးခြင်းနှင့် တရားရုံးမှ အမိန့်ချ မှတ်ခြင်းကို နောက်ထပ် ရက်ရွှေ့ဆိုင်း လိုက်ပါသည်။ မည်သို့ပင်ဖြစ်စေ ထွက်ပေါ်လာမည့် ရလဒ်က ပြောင်းလဲမည် မဟုတ်ပါ။

နိုင်ငံတကာ၏ အမျက်ဒေါသနှင့် သံတမန်ရေးဆိုင်ရာ ဖိအားတို့ကို လျစ်လျူရှု၍ အင်းလျားကန်ကို ရေကူးပြီး ရောက်ရှိ လာသော အမေရိကန်ခရီးသွားကို လက်ခံခဲ့မှုဖြင့် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်အား အင်းစိန်ထောင်တွင်း တရားရုံးက အပြစ်ရှိကြောင်း ဆိုပါလိမ့်မည်။ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်ပါသည်။

အင်းစိန်ထောင်ထဲတွင် လူတဦးဦးကို အကျဉ်းချထားခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ်မရှိဟု ယူဆမည် ဆိုပါက အသက် ၆၃ နှစ်အရွယ် အားအင်ချိနဲ့နေသော အမျိုးသမီးတဦး ထိုငရဲခန်းထဲတွင် မည်မျှ ကြာကြာ အသက်ဆက်ရှင် နိုင်မလဲ ဆိုသည်ကို မစဉ်းစားဘဲ မနေနိုင်ကြပါ။

သိမ်မွေ့နူးညံ့သော အသိုင်းအ၀န်းတွင် ကြီးပြင်းခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ရက်စက်ကြမ်း တမ်းသော အကျဉ်းထောင် အာဏာပိုင်များလက်ထဲ ရောက်ရှိတော့မှာ ဖြစ်ပါသည်။ သူမ၏ နေထိုင်ရေးမှာ အဆင်ပြေနိုင်သေး သော်လည်း လူ့ဂုဏ်သိက္ခာနှင့် အညီနေရချင်မှ နေရပါလိမ့်မည်။ အစားအသောက်နှင့် ကျန်းမာရေး ဆိုင်ရာပိုင်းတွင်လည်း သိသိသာသာ လျော့ပါးသွားပါလိမ့်မည်။

တခြားသော နိုင်ငံရေးအကျဉ်းသားများကို ဆက်ဆံခြင်းမျိုးဖြင့် နေပြည်တော်ရှိ လူမဆန်သော စစ်ဗိုလ်ချုပ်များက သူမ၏ ကျန်းမာရေးနှင့် စိတ်ဓာတ်ကို ရိုက်ချိုးပစ်ရန် မျှော်လင့်ထားပုံလည်း ရပါသည်။

သွေးအားနည်းခြင်း၊ ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်ခြင်းနှင့် အစာခြေနိုင်မှုအားနည်းခြင်းတို့ကို ခံစားနေရသော ဒေါ်အောင်ဆန်းစုကြည်သည် အကျဉ်းထောင်ထဲတွင် ကျန်းမာရေးချို့တဲ့မှုကို ပိုပြီးခံစားရလိမ့်မည်ဟု လူအများက ယုံကြည်နေကြပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို အကြီးအကျယ် စိုးရိမ်နေသည်ဟု ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါသည်။ ခြေထောက်ကြွက်တက်သော ဝေဒနာကြောင့် ညဘက်တွင် မအိပ်နိုင် ဖြစ်နေသည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားပါသည်။

“အမျိုးသမီးတယောက်အနေနဲ့ ကျမ သူ့ကိုစိုးရိမ်မိပါတယ်”ဟု ပြည်ပရောက် အတိုက်အခံ ခေါင်းဆောင်တဦးဖြစ်သော ဒေါ်ခင်ဥမ္မာက မကြာသေးခင်က ပြုလုပ်သည့် ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်ခန်းတွင် ပြောပါသည်။

“သူ့အသက် ၆၄ နှစ်ထဲရောက်နေပါပြီ၊ အမျိုးသမီးတယောက်မှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာမျိုး သူဖြစ်နေချိန် မှာ သူလက်ခံရရှိနိုင်တဲ့ ဆေးဝါးကုသမှုမျိုးကို ကျမတွေးကြည့်လို့ရပါတယ်၊ စစ်အစိုးရရဲ့ ရက်စက်တဲ့အပြုအမူတွေ အောက်မှာ သူရရှိနေတဲ့ အမုန်းတရားကို ကျမ ခံစားကြည့်လို့ရပါတယ်”ဟု လည်း ဒေါ်ခင်ဥမ္မာက ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည် အားနည်းခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အားနည်းခြင်း ဖြစ်သည် ဆိုသည်ကို သံသယရှိစရာမလိုပါ။ ထိုအခြေအနေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အဖွဲ့က လိုချင်နေသည်မှာ အသေအချာပင် ဖြစ်ပါသည်။

အသေးအဖွဲ လုံခြုံရေးဆိုင်ရာပုဒ်မတခုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခြင်းသည် ၂၀၁၀ ခုနှစ်တွင်ကျင်းပ မည့် ရွေးကောက်ပွဲပြီးသည်အထိ သူမကို ဆက်လက် ထိန်းသိမ်းထားရန် အကြောင်းပြချက်တခုကို စစ်အစိုးရ ရှာတွေ့သွားခြင်း ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ပြောဆိုကြပါသည်။ ထိုအခါ နိုင်ငံရေးအရ ဖြေရှင်းမရဘဲ ပိတ်ဆို့ နေမှုများကို ဖယ်ရှားနိုင်ရေးအတွက် ခပ်ရေးရေး မျှော်လင့်ချက်များသည်လည်း အဆုံးသတ်သွားပါလိမ့်မည်။

မေလအစောပိုင်းက ထုတ်ပြန်ခဲ့သည့် `ရွှေဂုံတိုင်ကြေညာချက်´ ဟုအမည်ပေးထားသော မူဝါဒသဘောထား ကြေညာ ချက်တွင် စစ်အစိုးရက အခြေခံအချက် (၃) ချက်ကို လိုက်လျောခဲ့လျင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဖော်ပြခဲ့ပါသည်။ ထိုအချက် (၃)ချက်မှာ နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရေစီနှင့် မကိုက်ညီသောအချက် များကို ပြင်ဆင်ပေးရေးနှင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာမှု အောက်တွင် အားလုံးပါဝင်သော လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး တို့ဖြစ်ပါသည်။

ယခုအခါတွင် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် မဲအများစုဖြင့် အနိုင်ရခဲ့သောပါတီသည် စစ်အစိုးရက စီစဉ်ထားသော ရွေးကောက်ပွဲကို သပိတ်မှောက်ရုံမှအပ အခြားနည်းလမ်းမရှိတော့ပါ။

“တကယ်လို့ စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို အပစ်ရှိတယ်လို့ မမျှမတ စီရင်လိုက်ရင်၂၀၁၀ ခုနှစ် ရွေး ကောက်ပွဲကို ၀င်ရောက်ဆင်နွှဲမယ့်ပြည်သူတွေနဲ့ နိုင်ငံရေးပါတီများရဲ့ ဖြစ်နိုင်ခြေနည်းလမ်းအားလုံးဟာ ပျက်စီးသွားပါလိမ့်မယ်”ဟု ထင်ရှားသော သတင်းစာဆရာနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်က ဧရာဝတီမဂ္ဂဇင်းကို ပြောပါသည်။

သို့သော်လည်း ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကဲ့သို့ နိုင်ငံရေးပါတီများ အတွက် လွယ်ကူသော ကိစ္စတရပ်မဟုတ်ဘဲ အန္တရာယ်ကြီးပါသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် သုံးဦး စာရင်းမတင်သွင်းနိုင်သော နိုင်ငံရေးပါတီ သည် ဖျက်သိမ်းခြင်း ခံရပါမည်။ ထိုသို့ဖျက်သိမ်းပြီးပါက စစ်အစိုးရသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သို့မဟုတ် အခြား နိုင်ငံတကာတုံ့ပြန်မှုတို့ကို ဂရုမစိုက်ဘဲ ပါတီဝင်များကို မတွန့်မဆုတ် နှိမ်နင်းသွားပါလိမ့်မည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စစ်အစိုးရက ဖျက်သိမ်းလိုက်လျှင် ပါတီတွင်းရှိ အသက်အရွယ်ကြီးရင့်သော ခေါင်း ဆောင်များမှာ အဖမ်းမခံဘဲ ပါတီမှ အနားယူသွားကြပါလိမ့်မည်။ လူငယ်အဖွဲ့ဝင်များသည် ပြည်ပသို့ ထွက်ပြေးသူရှိ သလို အဖမ်းခံရသူများလည်း ရှိပါလိမ့်မည်။

မကြာမီအချိန်အတွင်း ပါတီဌာနချုပ်ကို လုံခြုံရေးတပ်ဖွဲ့များ ၀င်ရောက်စီးနင်းလိမ့်မည်ဟု စိုးရိမ်စိတ်ကြောင့် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ပါတီရန်ပုံငွေများကို ဆိုင်ကလုန်း နာဂစ်ဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်း ကဲ့သို့ သော နေရာများတွင် မြန်မြန်သုံးစွဲချင်နေကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နီးစပ်သောအသိုင်းအ၀န်း က ပြောဆိုပါသည်။

ယခုအချိန်တွင် မြန်မာပြည်တွင်းရှိ ဒီမိုကရေစီထောက်ခံလိုလားသူများသည် အကူအညီမဲ့၊ မျှော်လင့်ချက်မဲ့နေကြပါ သည်။ ပြည်သူများသည် သူတို့အလွန်ချစ်ခင်လေးစားသော အမျိုးသမီးတဦးကို မတရားသဖြင့်လုပ်နေခြင်းကို အာခံပြီး လမ်းမပေါ်ထွက်ခြင်းမျိုး ပြုလုပ်ရန် ကြောက်ရွံ့နေကြပါသည်။

နှိပ်စက်ညှဉ်းပန်းမှုနှင့် အကြမ်းဖက်မှုကို အုပ်ချုပ်သူ အာဏာပိုင်များကိုယ်တိုင် စံနစ်တကျကျူးလွန်နေသောနိုင်ငံတခု ၌ ၂၀၀၇ ခုနှစ်က ဗုဒ္ဓဘာသာရဟန်းတော်များဦးဆောင်သည့် လူထုဆန္ဒပြပွဲများကို သွေးထွက်သံယိုနှိမ်နှင်းခဲ့သော ဖြစ်ရပ်များကို ပြည်သူအများအပြားသည် မမေ့နိုင်ကြသေးဘဲ အကြောက်တရားအောက်တွင် နေထိုင်နေကြရပါသည်။

ရန်ကုန်မြို့တွင်နေထိုင်သော စီးပွားရေးသမားတဦးက ပြည်သူတွေ စစ်အစိုးရကို ကြောက်ရွံ့ပုံအား ယခုကဲ့သို့ ပြောပြ ပါသည်။

“ရန်ကုန်မြို့ကြီးဟာ ကားဟွန်းသံတွေနဲ့ ဆူညံနေခဲ့တာ အသားကျနေပါပြီ၊ ဒါပေမယ့် ရန်ကုန်မြူနီစီပယ် အာဏာပိုင် တွေက ကားဟွန်းတီးသူကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့ ကြေညာလိုက်တဲ့ အခါမှာတော့ ရန်ကုန်မြို့ကြီးဟာ ရုတ်တရက် တိတ်ဆိတ်သွားပါတယ်”ဟု သူ၏အတွေ့အကြုံကို ပြောပါသည်။ ။

ဂိုဂျုတ်တောင်ခရီးစဉ် နိုင်ငံရေးတိုးတက်မှုအတွက် သံသယရှိဟု သုံးသပ်

Wednesday, 10 June 2009 20:28 ကိုထွေး
စင်ကာပူ ၀န်ကြီးချုပ်ဟောင်း မစ္စတာ ဂိုဂျုတ်တောင်၏ မြန်မာပြည် ခရီးစဉ်ကို ကြိုဆိုသော်လည်း နိုင်ငံရေး ပြောင်းလဲ တိုးတက်ရေး အတွက်မူ သံသယရှိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးဝင်းတင် အပါအ၀င် နိုင်ငံရေးသမားများနှင့် သုံးသပ်သူများက ပြောသည်။

နေပြည်တော်တွင် မစ္စတာ ဂိုဂျုတ်တောင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - Straits Times)
ဦးဝင်းတင်က “မြန်မာပြည်နဲ့ ပတ်သက်လို့ ပွင့်လင်းတဲ့ သူ့ရဲ့ပြောဆိုမှုတွေကို တန်ဖိုးထားပါတယ်၊ စစ်အစိုးရဲ့ မှားယွင်းတဲ့လုပ်ရပ်ကို ထောက်ပြပြီး လမ်းကြောင်းမှန်ရောက်အောင် အကြံပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စင်ကာပူသည် မြန်မာနိုင်ငံကို နိုင်ငံတကာနှင့်ထိတွေ့ခွင့် ရစေရန် ဆွဲသွင်းပေးသည့် နိုင်ငံဖြစ်သကဲ့သို့ အာဆီယံသို့ ၀င်ရောက်ရေးထောက်ခံပေးသောနိုင်ငံတခုဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

မြန်မာ့အရေးလေ့လာသူတဦးဖြစ်သူ လယ်ရီဂျေဂင်က “၀န်ကြီးချုပ်ဟောင်းတဦးအနေနဲ့ မစ္စတာဂိုဂျုတ်တောင် မြန်မာပြည်လာတာဟာ ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စရယ်၊ မြန်မာ့နိုင်ငံရေး နဲ့ပတ်သက်ပြီး အာဆီယံရဲ့ သဘောထားရယ်ကို သံတမန်တဦးအဖြစ် လာပြောရုံပါပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လေးစားမှုကို ရထားတဲ့သူ အနေနဲ့ မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်းလာပြောတာပါ ” ဟု ပြောသည်။

မစ္စတာဂိုဂျုတ်တောင်သည် မြန်မာစစ်ခေါင်းဆောင်များနှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်တွင်တွေ့ ဆုံ ဆွေးနွေးခဲ့ကြောင်း အစိုးရသတင်းစာများတွင်ထည့်သွင်း ဖော်ပြထားသည်။

မစ္စတာဂိုဂျုတ်တောင် အနေဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အာဆီယံ၏သဘောထားထက် သူ၏သဘောထား ကိုသာပြောဆိုနိုင်ဖွယ်ရှိကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် မြန်မာ နိုင်ငံရေး အခြေအနေအပေါ် အာဆီယံခေါင်းဆောင်များ၏ သဘောထားကိုမူ ရှင်းပြသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ထိခိုက် နစ်နာစေသဖြင့် ထိုအမှုကို ဆက်လက် ခွင့်ပြုရန်မသင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အစိုးရထိပ်တန်း ခေါင်းဆောင်များကို ပြောခဲ့သည်ဟု စင်ကာပူနိုင်ငံထုတ် Straits Times သတင်းစာ တွင် ပါရှိသည်။

“ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်အစိုးရက စွဲဆိုထားသောအမှုသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ဖြစ်သော် လည်း နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို လျစ်လျူမရှုသင့်” ဟု မစ္စတာ ဂိုဂျုတ်တောင်က ပြောကြောင်း အဆိုပါ သတင်းစာတွင် ထည့်သွင်းရေးသားထားသည်။

ထို့အပြင် မစ္စတာဂိုဂျုတ်တောင်က ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိရန် လိုအပ်ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုလည်း ပါဝင်ခွင့်ပြုရန် တိုက်တွန်းပြောကြားခဲ့ရာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တို့ကသဘောတူလက်ခံခဲ့ကြောင်း ယင်းသတင်းစာတွင် ဖော်ပြပါရှိသည်။

ယခုအခါ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြန်မာ့နိုင်ငံရေး အခြေအနေကို သံတမန်နည်းလမ်းဖြင့် ချဉ်းကပ် ဖြေရှင်းနိုင်ရေး အထူးကြိုးပမ်းလျက်ရှိသည်။

ယနေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကဆစ်ဖိရုန်းသည် တရုတ်ျနိုင်ငံသို့သွားရောက်ကာ မြန်မာ ပြည်၏ လက်ရှိနိုင်ငံရေး အခြေအနေကို ဆွေးနွေးမည် ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် အဖိ ဆစ်ဝေ့ချာချီဝသည်လည်း ယခုလအတွင်းတွင် ထပ်မံသွားရောက်မည် ဖြစ်သည်။

မြန်မာနိုင်ငံကို စောင့်ကြည့် လေ့လာ နေသော စင်ပြိုင်အာဆီယံအဖွဲ့မှ ဒက်ဘီ စတူးဟတ်က “အာဆီယံရဲ့ သံတမန်ရေးဆောင်ရွက်ချက်တွေဟာ ကောင်းပါတယ် ဒါပေမယ့် အောင်မြင်မှုမရဘူး ဆိုရင်တော့ နောက်အစီစဉ် တခုကို တွေးထားသင့်တယ်။ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှု ထပ်လုပ်ဖို့လိုပါတယ်။ စစ်အစိုးရက အာဆီယံကို ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်မှာ မဟုတ်ဘူးလို့ ထင်ထားတဲ့အတွက် လေးစားမှုမရှိဘူး” ဟု ပြောသည်။

မစ္စတာဂိုဂျုတ်တောင်၏ ခရီးစဉ်သည် မြန်မာ့နိုင်ငံရေး အခြေအနေ တိုးတက်ရန်အတွက် အာဆီယံ၏ နောက်ဆုံး ကြိုးပမ်း အားထုတ်မှုတခုဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အစဉ်အလာအားဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက် လေ့မရှိပေ။

လွန်ခဲ့သောရက်ပိုင်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် အင်ဒိုနီးရှားနိုင်ငံခြား ရေးဝန်ကြီး နိုရာ ဟာဆန်ဝီရာယုဒတို့က ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုလိုက် သည်။