မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label ခေတ်ပြိုင် မှ. Alle posts tonen
Posts tonen met het label ခေတ်ပြိုင် မှ. Alle posts tonen

vrijdag 29 oktober 2010

CoI ဖွဲ့စည်းရေး အမေရိကန် ဖိအား ထပ်ပေးမည်

ဧရာဝတီ Friday, 29 October 2010 16:48
.မြန်မာ စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်(CoI)ဖွဲ့စည်းရေးအတွက် အမေရိကန် အစိုးရက ဆက်လက် ဖိအားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အမေရိကန်နိုင်ငံဟာဝိုင်ယီကျွန်း၊ဟိုနိုလူလူမြို့တွင်အမေရိကန်-အာရှပစိဖိတ်ဆက်ဆံရေးဆိုင်ရာ နိုင်ငံခြားရေး မူဝါဒကိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ပြောနေစဉ်(ဓာတ်ပုံ-Reuters)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က “မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို CoIဖွဲ့စည်းပြီး စစ်ဆေးဖို့အတွက် ကျမတို့ရဲ့ မဟာမိတ် နိုင်ငံတွေနဲ့ရော၊ ကုလသမဂ္ဂနဲ့ရော ပူးပေါင်းပြီး လုပ်ဆောင်နေတယ်ဆိုတာကို ကျမ ပြောချင်ပါတယ်”ဟု ယမန်နေ့က ပြောဆိုသည်။
အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်း၊ ဟိုနိုလူလူမြို့တွင် အမေရိကန်-အာရှ ပစိဖိတ် ဆက်ဆံရေးဆိုင်ရာ နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်၍ ဟောပြောစဉ် ထိုသို့ ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။
“မကြာခင်မှာပဲ အပြစ်အနာအဆာများတဲ့ ရွေးကောက်ပွဲတခုကို မြန်မာပြည်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ကျမတို့ သိသလောက်ကတော့ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲဆိုတာထက် အများကြီး ပိုပါတယ်။ မြန်မာ့ ခေါင်းဆောင်တွေကို သူတို့ရဲ့ မူဝါဒဟောင်းကြီးတွေကနေ လမ်းခွဲထွက်ရမယ်လို့ ကျမ ပြောချင်ပါတယ်” ဟု မစ္စ ကလင်တန်က ပြောသည်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပနေသည့် အာဆီယံ အစည်းအဝေးတွင်လည်း မစ္စ ကလင်တန်က အာဆီယံ ထိပ်သီးခေါင်းဆောင်များနှင့် မြန်မာ့အရေးကို ဆွေးနွေးမည်ဟု သိရှိရသည်။
အာဆီယံ အစည်းအဝေးကို ယမန်နေ့က စတင်ခဲ့ပြီး ယခုလ ၃၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။
စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု ယမန်နေ့က ပြောဆိုခဲ့ကြောင်း သိရသည်။
ယင်းပြောဆိုချက်အပြီးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ပီဂျေ ခရော်လေက စစ်အစိုးရ၏ ယင်းလုပ်ရပ်သည် သူရဲဘောကြောင်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်ဖျားလိုက်ခြင်းဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုသည်။
ယမန်နေ့တွင် အာဆီယံ ထိပ်သီးခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ရွေးကောက်ပွဲ မတိုင်မီလွှတ်ပေးရန် ဦးဉာဏ်ဝင်းကို ဖိအားပေးပြောဆိုကြကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကဆစ်ပီရုမ်းကTheNationသတင်းစာသို့ ပြောဆိုထားသည်။
ယင်းသို့ ဖိအားပေးပြောဆိုသည့် အပေါ်တွင်လည်း ဦးဉာဏ်ဝင်းက တစုံတရာ တုံ့ပြန်ခြင်း မရှိကြောင်းလည်း သိရသည်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမူလို၊ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်စဝမ် တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အချိန်ကျရောက် နေပြီဖြစ်ကြောင်း၊ ဆက်လက် ဖမ်းဆီးထားရန်အကြောင်း မရှိကြောင်း ပြောသည်ဟု အေပီသတင်းဌာနတွင် ဖော်ပြထားသည်။

donderdag 28 oktober 2010

လမ်းခင်းတာ ကြံ့ဖွံ့မဟုတ်ပါဟု ဦးဌေးဦး ငြင်းဆို

မျိုးချစ်သူ / ၂၈ အောက်တိုဘာ ၂၀၁၀
ရန်ကုန်လမ်းများကို ကြံ့ဖွံပါတီမှ ခင်းခြင်းမဟုတ်ဘဲ ရန်ကုန်စည်ပင်မှ ခင်းခြင်းသာဖြစ်ကြောင်း ကြံ့ဖွံ့ပါတီအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။
၎င်းက “လမ်းတွေကို စည်ပင်က ခင်းတာလေ” ဟု ပြောသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဆရာစံပလာဇာအနီးရှိ ကြံ့ဖွံ့ပါတီရုံးချုပ်တွင် အောက်တိုဘာ (၂၇)ရက်၊ ယမန်နေ့ မွန်းလွဲ (၂)နာရီကျော်တွင် ကြံ့ဖွံ့ပါတီမှ အထွေထွေအတွင်းရေးမှူး၊ လယ်ယာနှင့်ဆည်မြောင်းဝန်ကြီး ဦးဌေးဦးနှင့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းတို့က ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် တွေ့ဆုံစဉ်ပြောကြားခြင်းဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)က သတင်းမီဒီယာများနှင့် တွေ့ဆုံမှုကို ယမန်နေ့ မွန်းလွဲပိုင်း၌ ပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့တွေ့ဆုံမှုတွင် မီဒီယာများက ရန်ကုန်တွင် ခင်းနေသောလမ်းများကို ရန်ကုန်စည်ပင်မှ ခင်းခြင်းလော၊ ကြံ့ဖွံပါတီမှ ခင်းခြင်းလောဆိုသည်ကို ကွဲကွဲပြားပြား သိလိုသောကြောင့် မေးမြန်းရာတွင် မြို့တော်ဝန်က မဖြေလိုကြောင်း ပြောသောကြောင့် ဦးဌေးဦးက မြို့တော်ဝန်အစား ပြောကြားလိုက်ခြင်း ဖြစ်သည်။
ရန်ကုန်မြို့နေရာအနှံ့ လမ်းများကို ကြံ့ဖွံပါတီက ရန်ကုန်စည်ပင်နှင့်ပေါင်းကာ ခင်းပေးလျက်ရှိပြီး လမ်းခင်းပြီးပါက လမ်းထိပ်တို့တွင် ကြံ့ဖွံ့ပါတီမှခင်းပေးကြောင်း ကမ္ဗည်းထိုးထားသည်ကိုလည်း တွေ့ရကြောင်း ရန်ကုန်မြို့ခံတို့က ပြောသည်။
“လမ်းထိပ်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အခမဲ့ခင်းပေးတယ် ဆိုတာပါတယ်၊ ကျမတို့မြို့နယ်မှာ အများကြီးပဲတွေ့တယ်၊ ပါတီအမှတ်အသားနဲ့ သေသေချာချာ လုပ်ထားတာလေ၊ သူတို့က အဲဒါ မဲဆွယ်တာပေါ့” ဟု စမ်းချောင်းမြို့နယ် ဗဟိုလမ်းနေသူ တဦးက ပြောသည်။
ရန်ကုန်လမ်းများကို ရန်ကုန်စည်ပင်က ခင်းရမည့်အစား ကြံ့ဖွံပါတီက ခင်းပေးနေခြင်းသည် ပါတီအနေဖြင့် ပြည်သူများအား မဲဆွယ်လို၍သာ ခင်းပေးနေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံတို့က ပြောဆိုကြသည်။
“သူတို့က စေတနာနဲ့လုပ်တာမှ မဟုတ်တာ၊ အကျိုးလိုလို့ ညောင်ရေလောင်းတာပဲလေ၊ အမှန်ဆိုရင် ရန်ကုန်လမ်းတွေက ပျက်နေတာ ကြာပေါ့၊ စည်ပင်အလုပ်ကို စည်ပင်လုပ်ပေါ့၊ တသက်လုံးက မလုပ်ခဲ့တဲ့လမ်းတွေကို အခုမှလာပြီးတော့ ကြံ့ဖွံ့က လုပ်နေတယ်ဆိုတာ အဖြေက ရှင်းနေတာပဲ”ဟု ပုစွန်တောင်မြို့နယ် ရေကျော်လမ်းမတွင်နေသူ ပြည်သူတဦးက ပြောသည်။
ပြည်တွင်းထုတ် သတင်းဂျာနယ်တစောင်ဖြစ်သော မော်နီတာ သတင်းဂျာနယ်တွင် ပြီးခဲ့သည့် (၃) ပတ်ခန့်က ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက ရန်ကုန်ရှိလမ်းများကို ပြည်ခိုင်ဖြိုး(ကြံ့ဖွံ့ပါတီ) ပါတီက ခင်းနေခြင်းဖြစ်ကြောင်း၊ ပါတီဝင်များက လုပ်အားပေးကြကြောင်း၊ အခကြေးငွေပေးရန် မလိုကြောင်း၊ လမ်းခင်းရန် လိုအပ်သောပစ္စည်းများကို ရန်ကုန်စည်ပင်က ကူညီကြောင်း ပြောဆိုထားမှုကို ဝေေ၀ဆာဆာ ဖော်ပြခဲ့သည်။

အန်ဒီအက်ဖ်၏ မဲဆွယ်ဆိုင်းဘုတ် ကြံ့ဖွံ့ဖြုတ်

ခိုင်လင်း / ၂၈ အောက်တိုဘာ ၂၀၁၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(အန်ဒီအက်ဖ်)မှကိုယ်စားလှယ်လောင်းဦးမာခါး၏ မဲဆွယ်ဆိုင်းဘုတ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)က ဖြုတ်ယူကြောင်း သက်သေများ ရရှိထားသဖြင့် ဦးမာခါးက ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်သို့ ယမန်နေ့က တိုင်ကြားလိုက်သည်။
မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စု၊ (၁ဝ)မိုင်ကျေးရွာတွင် ချိတ်ဆွဲထားသည့် ဦးမာခါး၏မဲဆွယ် ဆိုင်းဘုတ်ကို ကြံ့ဖွံ့ပါတီ နောင်နန်းတိုက်နယ်တွဲဖက်စည်းရုံးရေးမှူးဖြစ်သည့် ဦးလှမြင့်နှင့် ဦးမျိုးဇော်ထွန်းတို့က အောက်တိုဘာ(၂၅)ရက်နေ့တွင် ဖြုတ်ယူသွားကြောင်း သက်သေများ ရရှိထားသဖြင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံသို့ စာတင်ထားသည်ဟု ဦးမာခါးက ပြောသည်။
၎င်းက “မနေ့ကပဲ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ကို စာတင်လိုက်ပါတယ်၊ မိတ္တူကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဌာနချုပ်၊ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ မြစ်ကြီးနားမြို့နယ်ရုံးနဲ့ ဦးလှမြင့်ဆိုတဲ့ ကျနော်ရဲ့ဆိုင်းဘုတ်ကို ပြုမူတဲ့သူ၊ သူတို့ကိုလည်း ပို့ထားတာပါ။
မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနဲ့ စကားပြောတဲ့ခါမှာ သူက “ခင်ဗျား အထက်ကို စာတင်ထားတဲ့အတွက် အထက်က ညွန်ကြားမှုလာရင်တော့ ညွန်ကြားချက်တိုင်း ဆောင်ရွက်ပေးပါမယ်ဆိုပြီး ပြောခဲ့ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
အောက်တိုဘာ (၉) ရက်နေ့တွင် အန်ဒီအက်ဖ်ပါတီ ရုံးခွဲကို မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းမှစ၍ မဲဆွယ်ဆိုင်းဘုတ်များကို မြစ်ကြီးနားမြို့နယ်အတွင်း အရေအတွက် (၆ဝ)ခုခန့် ကပ်ထားခဲ့ရာ ပျောက်ဆုံးမှုနှင့် ဖျက်ဆီးခံရမှုများ ရှိနေကြောင်း ဦးမာခါးက ပြောသည်။
၎င်းက “ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲတွေကို စာတင်ပြီး ခွင့်ပြုချက်နဲ့ ဆိုင်းဘုတ်တွေကို ကပ်ခဲ့တာပါ။ ဆိုင်းဘုတ် (၅ဝ) ကျော် (၆ဝ) လောက် ကပ်ထားတယ်။ လူတွေ မြင်တွေ့နိုင်တဲ့ နေရာတွေ၊ သစ်ပင်ပေါ်မှာ ခိုင်ခိုင်မာမာ လုပ်ထားတဲ့ ဟာတွေပါ။ အဲဒီထဲက (၂) ခု ဖျက်ဆီးခံရတယ်။ အားလုံး (၁ဝ) ခု ပျောက်ဆုံးနေတာပါ။ အမှန်ကတော့ မလုပ်ကောင်းတဲ့အရာတွေပါ။ ပါတီ အနေနဲ့၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အနေနဲ့ နည်းဥပဒေအတိုင်း ဆောင်ရွက်နေတဲ့အတွက် ဒီလိုလုပ်ဆောင်တယ်ဆိုတာက လုံးဝမဖြစ်သင့်တဲ့ အရာပဲလို့ မြင်ပါတယ်” ဟု ပြောသည်။
မဲဆွယ်ဆိုင်းဘုတ်ပေါ်တွင် မြစ်ကြီးနားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမာခါးဆိုသည့် ခေါင်းစီးစာသား၊ ၎င်း၏ဓာတ်ပုံနှင့်အတူ “တခါသေဖူး ပျဉ်ဖိုးနားလည် ဆိုသလို အတိတ်ကသင်ခန်းစာယူပြီး အနာဂတ်အတွက် အကောင်းဆုံး ရွေးချယ်သင့်ပါတယ်”၊ “မင်းသားခေါင်းဆောင်းထားပြီး ကိုယ်ပိုင်ဦးနှောက်နဲ့ အလုပ် မလုပ်တဲ့ ဒီပုတ်ထဲက ဒီပဲ မဖြစ်အောင် ကျွန်တော်ကြိုးစားသွားမယ်လို့ အာမခံပါရစေ” ဟု ရေးသားဖော်ပြထားသည်။
ဦးမာခါးသည် အသက်(၂၇)နှစ်ရှိ လူငယ်ရှေ့နေတဦးဖြစ်ပြီး မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ကြံ့ဖွံ့ပါတီမှ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဦးသိန်းဇော်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)မှ ဦးလနန်ဘောက်နှင့် ရှမ်းအမျိုးသားဒီမိုကရေစီပါတီ (ကျားဖြူပါတီ) မှ ဦးစိုင်းအောင်ကျော်ဦး တို့နှင့်အတူ ယှဉ်ပြိုင်အရွေးခံမည်ဖြစ်သည်။

ကရင်ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်ကြံ့ဖွံ့ပါတီမှဝင်ရောက်အရွေးခံမည်

ရဲရင့် / ၂၈ အောက်တိုဘာ ၂၀၁၀
ကရင်ငြိမ်းချမ်းရေးအဖွဲ့ (ဘုရားကုန်း)၏ ခေါင်းဆောင် ပဒိုအောင်ဆန်းသည် နအဖ ပြုလုပ်မည့် ၂၀၁၀ ရွေးးကောက်ပွဲတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဖြစ်ကြောင်း ၎င်း၏ဆွေမျိုးတော်စပ်သူ တဦးက ပြောသည်။
ဘန်ကောက်နှင့်ရန်ကုန် သွင်းကုန်ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်နေသည့် အဆိုပါပုဂ္ဂိုလ်က “ဒီ လာမယ့်ရွေးကောက်ပွဲမှာ ကျနော်တို့အဖိုးကြီး ပြည်ခိုင်ဖြိုးပါတီကနေ ၀င်ရမယ်။ သူ့ကို အထက်ကလည်း ၀င်ဖို့တိုက်တွန်းထားတော့ ဘယ်လိုမှငြင်းလို့မရဘူး။ အခု မဲစည်းရုံးရေးတွေ စလုပ်နေပြီ၊ ပိုက်ဆံကတော့ သိန်းထောင်ချီပြီး ကုန်ဖို့ရှိတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းတဦးသည် မဲစည်ရုံးရေးအတွက် ကျပ်သိန်း (၁၀၀)သာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားသော်လည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပဒိုအောင်ဆန်း အသုံးပြုနေသည့် ငွေကြေးပမာဏမှာ ယခုလ ရက်ပိုင်းအတွင်း ကျပ်သိန်း (၄၀၀) ကျော်သွားပြီ ဟုလည်း ၎င်းက ပြောသည်။
ကရင်ငြိမ်းချမ်းရေး အဖွဲ့အစည်းများကလည်း ပဒိုအောင်ဆန်း၏ လုပ်ရပ်နှင့်ပတ်သက်၍ ကျေနပ်မှုမရှိကြကြောင်း သိရသည်။
ဒီကေဘီအေအဖွဲ့မှ အသွင်ပြောင်းပြီးနောက် ဖွဲ့စည်းလိုက်သော ဦးသာထူးကျော် ဦးဆောင်သည့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP) မှ ပါတီဝင်တဦးက “ပဒိုအောင်ဆန်းအနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကရင်ပါတီတခုခုမှာ ၀င်လို့ရပါတယ်။ ကျနော်တို့ပါတီ အပါအ၀င်သူ့ကို တခြားကရင်ပါတီတွေက ခေါ်ပါတယ်၊ သူလက်မခံဘူး။ သူ့လုပ်ရပ်နဲ့ ပတ်သက်ပြီးအားလုံး စိတ်ပျက်နေကြပေမယ့် ဘာတတ်နိုင်ကြမှာလဲ။ သူက အစိုးရပါတီကိုပဲ အထင်ကြီးတာကိုး” ဟု ပြောသည်။
ဒီကေဘီအေ ဥက္ကဌ ဦးသာထူးကျော်သည် ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ်အဖြစ် ကရင်ပြည်နယ်၊လှိုင်းဘွဲမြို့နယ်အမှတ်(၁)တွင်ပြည်နယ်လွတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် အရွေးခံမည်ဖြစ်သည်။
စောဌေးမောင် ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ တဦးက “ ဒီကေဘီအေက ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ့် သာထူးကျော်အဖွဲ့ပဲ ဖြစ်ဖြစ် ပဒိုအောင်ဆန်းပဲဖြစ်ဖြစ် အားလုံး အခွင့်အရေးသမားတွေကြီးပဲ။ အမျိုးသားအကျိုး လုံးဝမပါဘူး၊ ငါတို့အဖွဲ့ကတော့ ဒီရွေးကောက်ပွဲကို အရင်ထဲကကို လက်မခံခဲ့ဘူး၊ နယ်ခြားစောင့်တပ်လည်း မလုပ်ဘူး၊ ဌာနေပြည်သူ့စစ်လည်း မလုပ်ဘူးဆိုတာ အစထဲက ပြောထားပြီးသား” ဟု ခေတ်ပြိုင်သို့ ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပဒိုအောင်ဆန်းထံသို့ မေးမြန်းရန် ဖုံးဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုံးလိုင်းများပိတ်ထားသဖြင့် ခေါ်ဆို၍မရပေ။
ပဒိုအောင်ဆန်းနှင့်အတူ ယခင်က ကေအန်ယူ ဗဟိုသစ်တောတွင် ပူးတွဲတာဝန်ယူခဲ့သည့် ကေအန်ယူမှ ပဒိုစောအားတိုးက “ကရင်အမျိုးသားအတွက် သူလုပ်နေတာမဟုတ်ဘူး။ သူ့ကိုယ်ကျိုးအတွက် သူလုပ်နေတာ ဆိုတော့ ဒီလို လူမျိုးနဲ့ပတ်သက်ပြီး ဘာမှအထွေအထူး ပြောဖို့ မရှိဘူး” ဟု ဆိုသည်။
ကရင်ပြည်နယ် ဖားအံ၊ ကော့ကရိတ်၊ မြ၀တီ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ စသည့် မြို့နယ်များတွင် ကြံ့ဖွံ့ပါတီ၊ တစညပါတီ၊ ဖလုံစဝေါ်ကရင်ပါတီနှင့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီများ အဓိက ယှဉ်ပြိုင်ကြမည်ဟု ဖလုံစဝေါ်ကရင်ပါတီဝင်တဦးက ပြောသည်။

ပဒိုအောင်ဆန်းသည် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တွင် သစ်တောရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၁၉၉၈ခုနှစ်တွင်တပ်သား(၂၈)ဦးနှင့်အတူကေအန်ယူမှခွဲထွက်ကာ နအဖနှင့်သွားရောက်ပူးပေါင်းခဲ့သည်။ ဒီကေဘီအေအဖွဲ့၏ နာယကဆရာတော် ဖြစ်သည့် ဦးသုဇနမှာ ပဒိုအောင်ဆန်းနှင့် ညီအကိုဝမ်းကွဲ တော်စပ်သူလည်း ဖြစ်သည်။
ကရင်ပြည်နယ်အတွင်း ပဒိုအောင်ဆန်း ကြံ့ဖွံ့ပါတီမှ ၀င်ရောက်အရွေးခံမည်ဆိုသည်မှာ ဟုတ်မှန်ကြောင်း ထိုပါတီ၏ တာဝန်ရှိသူတဦးက ပြည်တွင်းမီဒီယာများ မှတဆင့် သတင်းထုတ်ပြန်ခဲ့သည်။

မဲပြားနှင့်အလံများသယ်လာသည့်နအဖစစ်ကြောင်းအတိုက်ခံရ

မြတ်ခိုင်ဦး / ၂၈ အောက်တိုဘာ ၂၀၁၀
ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပြားများနှင့် အလံသစ်များ ဘုရားသုံးဆူသို့ လာရောက်ပို့ဆောင်သည့် နအဖစစ်ကြောင်းအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)ကနှစ်ကြိမ်တိုင်တိုင် ချုံခိုတိုက်ခိုက်ခဲ့သည့်အတွက် သေဆုံးထိခိုက်မှု ရှိသည်ဟု သိရသည်။
“ကျနော်တို့တပ်ရင်း(၁၆)၊ခွဲ(၂)ကအောက်တိုဘာ (၂၆) ရက်၊ မနက် (၁၀း၄၅) မှာ အနန်းကွင်းကနေလာတဲ့ ဗိုလ်မှူး မျိုးမြင့်အောင် ဦးစီးတဲ့ ခမရ (၄၀၅) စစ်ကြောင်းကို အဖလုံနဲ့ မြိင်သာယာရွာကြားမှာ ပထမအကြိမ် တိုက်ပွဲဖြစ်တော့ သူတို့ဘက်က (၂) ယောက်သေ၊ (၃) ယောက်ဒဏ်ရာရပါတယ်” ဟု တပ်မဟာ (၆) မှ ဗိုလ်ကြီးအဆင့်ရှိသူ တဦးက ပြောကြားသည်။ ကရင်အမျိုးသားတပ်မတော်မှ အထိအခိုက် အကျအဆုံး မရှိဟု ၎င်းက ပြောသည်။
ယမန်နေ့ နံနက် (၈)နာရီခန့်ကလည်း အဆိုပါ စစ်ကြောင်းကိုပင် ချောင်းဆုံနှင့် တိုက်ဒိန်အကြား၊ ဇီးဖြူတောင်အတက်တွင်(KNU)တပ်ရင်း(၁၆)မှထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊တိုက်ပွဲ အသေအပျောက်စာရင်းကိုမူ မသိရှိရသေးကြောင်း တပ်မဟာ (၆) မှ ဗိုလ်ကြီးဖြစ်သူက ပြောသည်။
ထိုစစ်ကြောင်းသည် ဘုရားသုံးဆူမြို့နယ်အတွက် မဲပြားနှင့် အလံသစ်များ သယ်ဆောင်လာသည့် ရွေးကောက်ပွဲ ကော်မရှင် လူကြီး(၂)ဦးပါလာသော ကော်မရှင်အဖွဲ့ကို လုံခြုံရေးယူပေးလာသည့် စစ်ကြောင်းအမှတ် (၁) ဖြစ်သည်ဟု သိရသည်။ အဆိုပါကော်မရှင် အဖွဲ့ဝင် လူကြီး(၂)ဦးမှာ ကြာအင်းဆိပ်ကြီး မြို့နယ်မှ ကျောင်းဆရာဟောင်း (၁)ဦးနှင့် လက်ရှိကျောင်းဆရာ (၁)ဦး ဖြစ်သည်ဟု ဘုရားသုံးဆူဒေသ မွန်ပြည်သစ်မှ အရာရှိတဦးက ပြောသည်။
ထို့အပြင် ယမန်နေ့ နံနက်ပိုင်း (၈)နာရီခန့်ကလည်း ဘုရားသုံးဆူမြို့အနီး ဇီးဖြူတောင်ထိပ်တဝိုက်တွင် ကြုံမိပြင်ရွာမှ အသက် (၃၅) နှစ်အရွယ် မွန်အမျိုးသား နိုင်ရောက်နှင့် အသက်(၃၀) အရွယ် မွန်အမျိုးသမီး မိဟကမ်းတို့ နှစ်ဦးသည် မည်သူ့လက်ချက်မှန်း မသိသည့် လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့သည့်အတွက် ယနေ့ မီးသဂြိုလ်သည်ဟု အဆိုပါ မွန်ပြည်သစ် အရာရှိက ပြောကြားသည်။
ဘုရားသုံးဆူ၌ လက်ရှိအထိုင်ကျနေသောတပ်သည်ခလရ(၂၈၃)ဖြစ်ပြီးချုံခိုအတိုက်ခံရသည့် စစ်ကြောင်းသည်အင်အား(၆၀)ခန့်ရှိကာကော်မရှင်အဖွဲ့အားလုံခြုံရေးအတွက် လိုက်ပါပို့ဆောင်ပေးခြင်းသာဖြစ်ပြီး သုံးဆူအခြေစိုက် ခလရ (၂၈၃) နှင့် မတွေ့ဆုံသေးဟု သိရသည်။

woensdag 27 oktober 2010

တန်ခိုး

ယမထာ / ၂၇ အောက်တိုဘာ ၂၀၁၀
အစွမ်းတို့ တန်ခိုးတို့ဆိုတာ အလိုလိုရောက်လာ ရလာတာမျိုးမှမဟုတ်ဘဲ။ သင့်တော်တဲ့ စနစ်ကျတဲ့ နည်းနာတွေ၊ ထောက်ကူပစ္စည်းတွေ၊ နေရာဒေသတွေ၊ အချိန်ကာလတွေ၊ ဂါထာမန္တာန်တွေ၊ ဆေးဝါး အင်းအိုင်တွေ၊ ဟိုဟာ ဒီဟာတွေ မျိုးပေါင်းစုံနဲ့ မနေမနား ဇွဲကြီးကြီးအားထုတ်ကြိုးစားပါမှ ရနိုင်တာမျိုး။ လွယ်မှတ်လို့။
သင်္ချိုင်းကိုးသင်္ချိုင်း၊(၁၈)သင်္ချိုင်း၊(၂၇)သင်္ချိုင်းမှာညပေါင်း(၉၉)ညတိတိတညမပျက် ဆက်တိုက်ကြိုးစားအားထုတ်ရတာ ရှိတယ်။
အုန်းပွဲ၊ ငှက်ပျောပွဲ၊ လက်ဖက်ပွဲ၊ ထန်းလျက်ပွဲ၊ ဆေးဖယောင်းတိုင်၊ အင်း-စမ ဖယောင်းတိုင်တွေ သက်စေ့ထွန်းပြီး လူသူမနီးတဲ့ ကွင်းခေါင်ခေါင်ကြီးမှာ စည်းတွေတား၊ ဆန်မန်းပေါက်ပေါက်တွေကြဲ၊ ဇွဲနပဲနဲ့ လုံးပန်းလုပ်ကိုင်ရတာမျိုးလည်းရှိတယ်။
လပြည့်လကွယ် ညတွေရဲ့ သန်းခေါင်ယံအချိန်ရောက်ရင် ထမီစောက်ထိုးခြုံ၊ ဆံပင်ဖားလျားချ၊ ခွေးတိုးပေါက်ကနေ ဦးခေါင်းချည်းပြေးထွက်သွားပြီး လမ်းဘေးအမှိုက်ပုံ၊ ချေးအမှိုက်ပုံ၊ သားသတ်ရုံအမှိုက်ပုံတွေကအစ ယင်မလုံအိမ်သာတွေအဆုံး အနှံ့အပြားခြေဆန့် (အဲ…ခေါင်းဆန့်) ရင်း အယုတ်အပတ်၊ အပုပ်အစပ်၊ အနံအဟောင်တွေကို တ၀တပြဲ ပလုပ်ပလောင်းဝါးပြီး တန်ခိုးအစွမ်းတွေ ရရှိတိုးများအောင် လုပ်ရတာတွေလည်း ရှိပြန်တယ်။
တချို့ကျတော့ ကြက်သွေး၊ ၀က်သွေး၊ ဘဲသွေး၊ ဆိတ်သွေး၊ ခွေးလေခွေးလွင့်သွေးကအစ လူသွေးအဆုံး မျှော့တွေကျွတ်တွေလို မတရားသဖြင့် စုပ်ယူသောက်မျိုတဲ့အပြင် သွေးနဲ့မျက်နှာသစ်၊ သွေးနဲ့ခြေလက်ဆေးကြော၊ သွေးကို ခြေဆုံးခေါင်းဆုံးလိမ်းကျံပြီး ဧရာမတန်ခိုးအစွမ်းတွေရအောင် လုပ်ကြပါသတဲ့။ အသုံးပြုတဲ့ သွေးက လတ်ဆတ်လေ အောင်မြင်လေဆိုပဲ။
“အတုမြင်-အတတ်သင်”ဆိုတဲ့စကားအတိုင်းပေါ့။ရှေးရှေးသွားလေသူအောက်လမ်းက အယုတ်တမာတန်ခိုးရှင်ကြီးတွေလို အံ့မခန်းတန်ခိုးဣိဒ္ဓိပတ်တွေ ငမ်းငမ်းတက်လိုချင်နေတဲ့ ဠင်းတအိုကြီးတကောင်ရှိတယ်။ အရပ်အခေါ်နဲ့တော့ “လဒအိုကြီး” ပေါ့လေ။
အဲဒီလဒအိုကြီးမှာ နောက်လိုက်ကောင်းတွေလည်း ရှိတာမို့ တပည့်မိုက်တွေ အားကိုးပြီး ဘယ်သတ္တ၀ါမှ လိုက်မမီနိုင်တဲ့ မဟာအစွမ်းတန်ခိုးတွေရအောင် မနေမနား ကျင့်ကြံအားထုတ်ပါတော့တယ်။
ဒီလဒအိုကြီး အသုံးပြုတဲ့နည်းက နှစ်နည်းပါ။ ပထမနည်းက လပြည့်လကွယ် ညသန်းခေါင်တွေမှာ စံရာနန်းကနေ ဦးခေါင်းချည်းပဲ ပျံထွက်ပြီး အပုပ်အစပ်-အယုတ်အပတ်တွေကို တ၀တပြဲစားသောက်တဲ့နည်း။
ဒုတိယနည်းက အရှင်လတ်လတ်တိရစ္ဆာန်တွေရဲ့ သွေးပေါင်းစုံအပါအ၀င် လူသားသွေး၊ ကျောင်းသားသွေး၊ တိုင်းရင်းသားသွေး၊ သံဃာသွေးတွေကို အားရပါးရသောက်မျို၊ ခြေအစ ခေါင်းအဆုံး တဗွမ်းဗွမ်းလောင်းချိုးတဲ့ နည်းပဲဖြစ်ပါတယ်။
ဟုတ်ကဲ့၊ ဒီလိုနဲ့ နောက်ဆုံးမှာ သာမန်လဒအိုကြီးဟာ ပြိုင်ဘက်ကင်းတဲ့ အစွမ်းတန်ခိုးတွေကို လက်ဝယ်ပိုင်ပိုင် ရရှိသွားပါတော့တယ်။
မဟာတန်ခိုးရှင်ဖြစ်လာချိန်ကစလို့ နောက်လိုက်လဒတသိုက်ဟာ လဒအိုကြီးကို အရင်ကခေါ်သလို “ဘလဒ”လို့ မခေါ်ကြတော့ဘဲ အထွတ်အမြတ်ပြုပြီး “လဒမှူးကြီး” လို့ ဂုဏ်တင်ခေါ်ဝေါ်ခဲ့ကြပါရောလား။
တန်ခိုးရှင်စစ်စစ်ဖြစ်လာတဲ့ “လဒမှူးကြီး”ရဲ့ တန်ခိုးအစွမ်းကလည်း တကယ့်အံ့မခန်းပါဘဲ။ စောစောလေးတင် ခွေးသေကောင်ပုပ်ပေါ်ခွထိုင်ပြီး ပွဲတော်တည်နေတဲ့ “လဒမှူးကြီး”ဟာ ချက်ချင်းလက်ငင်း ဖြုန်းခနဲပျောက်သွားပြီး အနံ့အသက်တောင်မကျန်ခဲ့ဘူး။ နောက်မြီးဆွဲ လဒတသိုက်ခမျာ ဘယ်လိုက်ရှာလို့ ရှာရမှန်းမသိဖြစ်ကုန်ကြတာပေါ့။ ဒီတော့…
“လဒမှူးကြီးခင်ဗျာ… သားတော်တို့ကို မကျီစားပါနဲ့၊ ကိုယ်ထင်ပြတော်မူပါ။”
ဒီမှာတင် မလှမ်းမကမ်း လယ်ပြင်ပတ်ကြားအက်ဆီက အသံလေးတသံ ကြားလိုက်ကြရပါတယ်။
“ငါ ဒီမှာဟေ့… အခုနွားချေးပိုးဖြစ်နေပြီကွ…” တဲ့။ ဟုတ်လိုက်လေ။ အပေါ်ရေတင်းနေတဲ့ နွားချေးပုံပေါ်မှာ မဲမဲလုံးလုံး နွားချေးပိုးတကောင် ပါးစပ်အဖြဲသားနဲ့။
တပည့်တသိုက်က အားရ၀မ်းသာဝိုင်းအော်လိုက်ကြတယ်။
“ဟေး… ဒို့ နွားချေးပိုးမှူးကြီးကွ…”
အော်သံတောင် မဆုံးလိုက်ဘူး။ နွားချေးပုံပေါ်မှာ ဟာလာဟင်းလင်း။
မောင်မင်းကြီးသားက ထပ်ပြီးတန်ခိုးအစွမ်းပြလိုက်ပြန်ပြီလေ။
အကြောင်းသိသွားတဲ့ တပည့်တွေက ပြုံးပြုံး ပြုံးပြုံးနဲ့ ထပ်အော်လိုက်ကြပြန်တယ်။
“နွားချေးပိုးမှူးကြီးခင်ဗျာ… အသွင်သစ်ယူထားတဲ့ ဘ၀ကနေ အသံပေးတော်မူပါဦး”
“ဟား ဟား ငါအခု ခွေးသေကောင်ပုပ်ရဲ့ စအိုဝမှာ ဖြူဖြူဖွေးဖွေးလောက်ပဂေးကြီးဖြစ်နေပြီဟေ့”
တကယ့်ကိုစွမ်းတဲ့“လဒမှူးကြီး”ပါပဲလားလို့ရင်သပ်ရှုမောအံ့သြ၀မ်းမြောက်စွာ ကောင်းချီးပေးလိုက်ကြတာက…
“လောက်မှူးကြီး သက်တော်ရာကျော်ရှည်ပါစေ…”
တန်ခိုးအစွမ်းတွေ တပုံတပင်ရထားပြီဖြစ်တဲ့ လဒမှူးကြီးခေါ် နွားချေးပိုးမှူးကြီးခေါ် လောက်မှူးကြီးဟာ အခါအခွင့်သင့်တိုင်း ဘ၀မျိုးစုံကို အသွင်ယူဖန်ဆင်းရင်း ပျော်မဆုံးမော်မဆုံး။
တမနက်မှာတော့ လဒမှူးကြီးခေါ်….လောက်မှူးကြီးဟာ ထုံးစံအတိုင်း ပျောက်သွားခဲ့ပြန်လေပြီ။ ထုံးစံအတိုင်းပျောက်သွားတော့ တပည့်တွေကလည်း ထုံးစံအတိုင်း အော်ကြပြန်တာပေါ့။
“တန်ခိုးရှင်ကြီးခင်ဗျား…ရောက်ရာဘ၀ကနေအသံပြုတော်မူပါ”လို့သုံးကြိမ်သုံးလီ လက်အုပ်ချီအသနားခံကြတဲ့အခါ
ဟိုး… မြေကြီးအောက်ဘက် အတော်နက်နက် ဝေးဝေးလံလံဆီက ပဲ့တင်ထပ်လာတဲ့ အသံညှင်းညှင်းတသံကို ကြားရပါတယ်။
“ဟေး…ငါအခု အ၀ီစိက ငရဲအိုးကြီးအောက်ခြေမှာ ငရဲချိုးကပ်ကောင်ဖြစ်နေပြီ… အောင်မယ်လေး…ကယ်တော်မူကြပါဗျို့။”

အန်အယ်လ်ဒီ လူငယ်များ မဲမပေးရေး ကန်ပိန်း ပြုလုပ်

အောင်ထက် / ၂၇ အောက်တိုဘာ ၂၀၁၀
လာမည့် ရွေးကောက်ပွဲတွင် ပြည်သူတို့က မဲမပေးရေး ကန်ပိန်း တရပ်ကို ယနေ့ အောက်တိုဘာ (၂၇) ရက် နံနက် (၈) နာရီခွဲခန့်၌ ပြုလုပ်ခဲ့ကြသည်ဟု ကန်ပိန်းတွင် ပါဝင်သူ လူငယ်တဦးက ပြောသည်။
“သင်္ကန်းကျွန်းမြို့နယ်၊စံပြဈေးအတွင်းနဲ့ဈေးဝန်းကျင်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ပို့စ်ကတ်လေးတွေနဲ့ သြဂုတ် (၂၅)ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ ကိုယ်ကြိုက်တဲ့ ပါတီ မပါရင် မဲမပေးဘဲ နေလိုက်ပါ။ ရွေးကောက်ပွဲ ဥပဒေနှင့် ဆန့်ကျင်ပြီး မသမာမှု တွေ့ရှိရင် ပြည်သူတွေအနေနဲ့ ရဲစခန်းကို တိုင်ရမယ်ဆိုတဲ့ မိန့်ဟ စကားတွေပါတဲ့ လက်ကမ်းစာစောင်တွေ လိုက်ဝေတယ်”ဟု အန်အယ်လ်ဒီ လူငယ်တဦးက ပြောသည်။
သက်ဆိုင်ရာ ဒေသအာဏာပိုင်များ လိုက်လံ စောင့်ကြည့်နေသည့်ကြားမှပင် အန်အယ်လ်ဒီ လူငယ် (၃၀) ခန့်က ထင်သာမြင်သာစွာ၊ ရိုးရှင်း ပွင့်လင်းစွာပင် လက်ကမ်းစာစောင်များ ဝေငှခဲ့ကြသည်ဟု သိရသည်။
“တချို့က လိုလိုလားလား တောင်းယူကြတယ်။ တချို့က ကြောက်လို့ မယူရဲကြဘူး။ အခု နံနက် (၁၁) နာရီမှာ တောင်ဥက္ကလာပမြို့နယ်၊ ဟေမ၀န်ဈေးအတွင်းနဲ့ အပြင်က ဈေးဆိုင်တန်းတွေ၊ ဈေးဝယ်တွေကို လက်ကမ်းစာစောင်တွေ လိုက်ဝေနေတယ်” ဟု အဆိုပါအန်အယ်လ်ဒီ လူငယ်တဦးက ပြောသည်။
ယခု လိုက်လံဝေငှနေသည့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပို့စ်ကတ်ပေါ်တွင် `မဲပေးပိုင်ခွင့် ရှိသလို မဲမပေးဘဲ နေပိုင်ခွင့် ရှိတယ်´ ဟု ဖော်ပြထားသည်။
လက်ကမ်းစာစောင်ပေါ်တွင်မူ `ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေး ဆိုသည်မှာ မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေးကို ဆိုလိုသည်´ဟု လည်းကောင်း၊ `အတင်းအကြပ် ခြိမ်းခြောက် မဲပေးခိုင်းသူသည်သာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု ကျူးလွန်သူ ဖြစ်သည်´ဟု လည်းကောင်း၊ `ခြိမ်းခြောက်ပြီး မဲပေးခိုင်းခြင်းသည် ရဲ အရေးယူပိုင်ခွင့်ရှိသော ပြစ်မှုဖြစ်သည်´ဟု လည်းကောင်း၊ `ကြိုတင်မဲကို အတင်းပေးခိုင်း၍ မရ၊ လျှို့ဝှက်စွာ ပေးရမည်၊ မပေးဘဲလည်း နေနိုင်သည်´ဟု လည်းကောင်း ဖော်ပြထားပြီး၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ နည်းဥပဒေများပါ ပုဒ်မများနှင့် ဖော်ပြပုံနှိပ်ထားသည်ဟု သိရသည်။

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ဘန်ကီမွန်း ထပ်မံပြောဆို

မြတ်ခိုင်ဦး / ၂၇ အောက်တိုဘာ ၂၀၁၀
မြန်မာနိုင်ငံ၌ အနှစ် နှစ်ဆယ်အတွင်း ပထမဆုံးဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးပြီး ၎င်းတို့ကိုယ်တိုင်ပါဝင်ခွင့်ရှိသည့် လွတ်လပ်သန့်ရှင်း တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် မစ္စတာ ဘန်ကီမွန်းက တိုက်တွန်းပြောကြားလိုက်သည်။
အာရှ (၄) နိုင်ငံခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ အောက်တိုဘာ (၂၆) ရက်တွင် ရောက်ရှိခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် မြန်မာ့အရေးကို ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။ “နိုင်ငံတကာနဲ့ ကျနော်ရဲ့အရိုးသားဆုံး မျှော်လင့်ချက်ကတော့ အခုလာမယ့်ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အားလုံးပါဝင်နိုင်ပြီး အားထားရလောက်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ကို မျှော်လင့်ပါတယ်”ဟု ၎င်းက ပြောကြားသွားသည်။
ထို့အပြင် “အချိန် မနှောင်းသေးပါဘူး။ အခုချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးမယ်ဆိုရင် ဒီရွေးကောက်ပွဲဟာ ပိုပြီး အားလုံးပါဝင်လာနိုင်တဲ့၊ ပူးပေါင်းဆောင်ရွက်မှု ရှိလာနိုင်တဲ့ ရွေးကောက်ပွဲတခု ဖြစ်လာမှာပါ” ဟုလည်း ၎င်းက ပြောသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် တရုတ်၊ အာရှ (၄) နိုင်ငံခရီးစဉ်အတွင်း ထိုင်းသို့ တရက်ကြာခရီး ယမန်နေ့က ရောက်ရှိခဲ့ခြင်းဖြစ်သည်။
၎င်း၏ထိုင်းခရီးစဉ်အတွင်း ထိုင်းရှပ်နီအဖွဲ့ဝင်များ၊ အလုပ်သမားရေးရာအဖွဲ့များနှင့် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
လာမည့်နိုဝင်ဘာ (၇)ရက်၊ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် စစ်အစိုးရကျောထောက်နောက်ခံ ပါတီဖြစ်သည့် ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်လောင်း (၁,၆၀၀) ကျော်၊ ယခင် တစညပါတီမှ ကိုယ်စားလှယ်လောင်း (၁,၀၀၀)နီးပါး အပါအဝင် ပါတီပေါင်း (၃၇)ပါတီမှ ကိုယ်စားလှယ်ပေါင်း (၃,၀၀၀) ကျော်ခန့် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
၁၉၉၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် နိုင်ငံတဝှမ်းလုံးတွင်(၈၀)ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)က လာမည့် နိုဝင်ဘာ(၇)ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ထားကာ မြန်မာ့သမိုင်းတွင် အရေးပါသည့် ပင်လုံညီလာခံကဲ့သို့သော ညီလာခံကြီးတရပ်ခေါ်ယူရန် တိုင်းရင်းသားခေါင်းဆောင်များနှင့် မကြာမီက သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။

အန်ဒီအက်ဖ်၏ ဝါဒဖြန့်မှု အန်အယ်လ်ဒီ ရှင်းချက်ထုတ်

ဝီရ / ၂၇ အောက်တိုဘာ ၂၀၁၀
အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်)ပါတီ၏ ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည် မဟုတ်ကြောင်းနှင့်ယင်းပါတီသည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)၏ အသက်ကယ်ပါတီလည်း မဟုတ်ကြောင်း အန်အယ်လ်ဒီက ယမန်နေ့က ကြေညာချက်ထုတ်ပြန်လိုက်သည်။
အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “အန်ဒီအက်ဖ်ပါတီက အဖွဲ့ချုပ်ရဲ့ ကိုယ်ပွားလိုလို၊ အဖွဲ့ချုပ်နဲ့ အတူတူပဲဆိုတဲ့ အဓိပ္ပာယ် သက်ရောက်စေတဲ့ မဲဆွယ်စည်းရုံးနေတဲ့အပေါ် မဟုတ်မှန်ကြောင်း ပြည်သူတွေ နားလည်အောင် အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြီး ရှင်းပြတာ ဖြစ်ပါတယ်။ ပြီးတော့ ခမောက် ဆိုတိုင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဟုတ်ဘူးဆိုတာ ထုတ်ပြန်တာလည်း ဖြစ်တယ်”ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
အန်အယ်လ်ဒီအပါအ၀င် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ရွေးကောက်ပွဲဝင် အန်ဒီအက်ဖ်ပါတီက ၎င်းတို့၏ စည်းရုံးရေးခရီးစဉ်အတွင်း ထင်ယောင်ထင်မှား ဖြစ်စေသော ဝါဒဖြန့် ပြောဆိုနေမှုများသည် အန်အယ်လ်ဒီနှင့် မည်သို့မျှမသက်ဆိုင်ကြောင်း ရှင်းလင်းချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရက ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝ မရှိ၍ နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံတင်ခြင်း ပြုမည်မဟုတ်ကြောင်း အန်အယ်လ်ဒီ၏ ဆုံးဖြတ်ချက်ကို ဒီမိုကရေစီကျင့်စဉ်အရ လိုက်နာခြင်း မရှိဘဲ အန်အယ်လ်ဒီ ပါတီဝင်အချို့က အန်ဒီအက်ဖ်ပါတီကို တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
“၂၀၁၀ ခု၊ မတ်လ (၂၉) ရက်နေ့က အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာဘဲ ပါတီအသစ်ထောင်တာ ဖြစ်တယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်လည်း သူတို့ပါတီရဲ့ ခေါင်းဆောင်လိုလို ပြောနေတဲ့အပေါ် မဟုတ်မှန်ကြောင်း ဒီကြေညာချက်ထဲမှာ အတိအလင်း ဖော်ပြထားပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။
အန်ဒီအက်ဖ်မှ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေကမူ ဒေါ်အောင်ဆန်းစုကြည်သည် အများပြည်သူအားလုံးနှင့် သက်ဆိုင်သော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်တဦး ဖြစ်သည်ဟု ဆိုသည်။
၎င်းက “ဒေါ်အောင်ဆန်းစုကြည်ဟာ အဖွဲ့တဖွဲ့တည်းနဲ့ ဆိုင်တဲ့ ခေါင်းဆောင် မဟုတ်ပါဘူး။ ပြည်သူအများက ရွေးချယ်တင်မြောက်ထားတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ပါ။ သူ့ကို အန်အယ်လ်ဒီ ခေါင်းဆောင်တွေက အပိုင်စီးထားလို့ မရပါဘူး။ ကျနော်တို့ကလည်း သူ့ကို ပြည်သူ့ခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်တဦးအဖြစ် အသိအမှတ်ပြုတာ ဖြစ်တယ်။ ဒီလို သတ်မှတ်တာ မလွန်ဘူးလို့ပဲ ကျနော် ယူဆတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
အန်အယ်လ်ဒီမှ စွပ်စွဲသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား အန်ဒီအက်ဖ်ပါတီ၏ ခေါင်းဆောင်အဖြစ် မဲဆွယ်စည်းရုံးနေသည်ဟု ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းလည်း ဦးခင်မောင်ဆွေက ဆက်လက် ရှင်းပြသည်။
အန်အယ်လ်ဒီပါတီကမူ တိုင်းပြည်နှင့် ပြည်သူလူထု၏ ပစ္စုပ္ပန်နှင့် အနာဂတ်အကျိုးစီးပွားများကို ရှေးရှု၍ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဥဿုံ သပိတ်မှောက်လိုက်ကြောင်း ကြေညာသည့် ကြေညာချက်တစောင်ကိုလည်း ယမန်နေ့က သီးခြား ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်တွင် နိုင်ငံသားများအနေဖြင့် မဲပေးရန် အခွင့်အရေး ရှိသကဲ့သို့ မဲမပေးခြင်းသည်လည်း ဥပဒေအရ အခွင့်အရေး ဖြစ်ကြောင်း၊ အတင်းအဓမ္မ မဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ အန်အယ်လ်ဒီ မပါ၍ မည်သူ့ကို မဲထည့်ရမည်ဆိုလျှင် မိမိကြိုက်သည့် ပါတီ မပါလျှင် မဲမထည့်ပဲ နေနိုင်ကြောင်းဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကိုလည်း ဖော်ပြထားသည်။
အောက်တိုဘာ (၂၆)ရက်၊ ယမန်နေ့က ထုတ်ပြန်လိုက်သည့် အန်အယ်လ်ဒီ၏ ကြေညာချက် (၂) စောင်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူလက်ခံကြောင်း၊ ကြေညာချက်များကို အဖွဲ့ချုပ်ဝင်များသာမက ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနိုင်စေရန် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောကြားသည်။
၎င်းက “ကိုယ်ဖြတ်သန်းရမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုရွေးကောက်ပွဲမျိုးလဲ၊ ဘာအတွက် မဲထည့်မှာလဲ ဆိုတဲ့ မေးခွန်းတွေကိုလည်း မဲဆန္ဒရှင်တွေအနေနဲ့ ကိုယ့်ကိုယ်ကို ပြန်မေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်မှာကြားလိုက်ပါတယ်”ဟု ပြောသည်။
လာမည့် အောက်တိုဘာ (၂၉)ရက်နေ့တွင် နေပြည်တော် ဗဟိုတရားရုံးသို့ လျှောက်လဲရန်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်နှင့် ပတ်သက်သည့် အထူးအယူခံဝင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် ၎င်း၏ ရှေ့နေများဖြစ်သော ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က သွားရောက်တွေ့ဆုံခဲ့ကြသည်။

ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ မနက်ဖြန်မှစ၍ ပိတ်မည်

ရဲရင့် / ၂၇ အောက်တိုဘာ ၂၀၁၀
လာမည့်နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲလုံခြုံရေး ကြိုတင်ပြင်ဆင်မှု အဖြစ် မနက်ဖြန်မှ စတင်ကာ မြန်မာနှင့်ထိစပ်နေသည့် ထိုင်း-မြန်မာ နယ်စပ်ဂိတ်များအား လုံးကို ရွေးကောက်ပွဲပြီးချိန်အထိ ပိတ်ထားရန် နေပြည်တော်မှ အမိန့်ပေးထားသည်ဟု မြ၀တီခရိုင် တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “ဒီလ (၂၈)ရက်နေ့ကစပြီး ထိုင်းနဲ့ဆက်စပ်တဲ့ ဂိတ်တွေအားလုံးပိတ်ဖို့ နေပြည်တော်က အမိန့်ရရှိထားပြီးဖြစ်တယ်၊ ထိုင်းနဲ့မြန်မာ ကုန်သွယ်နေတဲ့ နယ်စပ်ဂိတ်အားလုံး (၁၀) နေရာကျော် ရှိတယ်။ ထိုင်းဖက်ကနေ ဆန့်ကျင်ဘက်အဖွဲ့တွေရဲ့ လှုပ်ရှားမှုကို အဓိက ထိန်းချုပ်ဖို့ဖြစ်တယ်”ဟု ခေတ်ပြိုင်သို့ ပြောသည်။
ယခုကဲ့သို့ ထိုင်းနှင့် ဆက်စပ်သည့်ဂိတ်များကို ပိတ်ရခြင်းမှာ မဲဆောက်၌ အခြေစိုက်သည့် စစ်အစိုးရ ဆန့်ကျင်သည့်အဖွဲ့တခုက ရွေးကောက်ပွဲကာလအတွင်း ပြည်တွင်း၌ ဖောက်ခွဲမှုပြုလုပ်ရန် ပေးပို့သည့် ဖောက်ခွဲရေးပစ္စည်းများကို ယခုလလယ်ပိုင်း၌ ပဲခူးမြို့တွင် ဖမ်းဆီးရရှိမှုနှင့် ဆက်စပ်သည်ဟုလည်း ၎င်းက ပြောသည်။
“ပြည်တွင်းမှာဖမ်းမိတဲ့ လက်နက်ခဲယမ်းအားလုံး နီးပါးက ထိုင်းနယ်စပ်ကနေ ၀င်လာတာများတယ်။ အထူးသဖြင့် မဲဆောက်-မြ၀တီနယ်စပ်က ဖြစ်တယ်၊ ဒီဂိတ်တွေအားလုံး ရွေးကောက်ပွဲပြီးရင်တော့ ပြန်ဖွင့်နိုင်ချေရှိပါတယ်” ဟုလည်း အဆိုပါ ခရိုင်တာဝန်ရှိသူက ပြောသည်။
အဆိုပါ ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိသည့်သတင်းကို ယမန်နေ့ညက မြန်မာ့ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)မှကိုဝေလင်းဇင်နှင့် ကိုခင်ကျော်တို့က စေလွတ်လိုက်သည့် လူများဖြစ်သည်ဟု သတင်းထုတ်လွှင့်ခဲ့သည်။
နအဖ၏စွပ်စွဲခြင်းခံရသူ(ABSDF)အဖွဲ့မှကိုခင်ကျော်က“ဒီလိုကိစ္စတွေဖြစ်တိုင်း စွပ်စွဲတာတွေက ထူးခြားဖြစ်စဉ်တော့ မဟုတ်ပါဘူး၊ ကျနော်တို့နဲ့ကတော့ လုံးဝဆက်စပ် ပတ်သက်မှု မရှိဘူး။ ဒီလိုဖြစ်ရပ်တွေမှာ နအဖကိုယ်တိုင်က ပွင့်လင်းမြင်သာမှု မရှိဘူး။ အခုအဖမ်းခံရတဲ့လူတွေ အထဲက မင်းမင်းထွန်းဆိုရင် လက်ရှိ စရဖက တပ်ကြပ်တဦး ဖြစ်တယ်။ အောင်မျိုးသူဆိုရင်လည်း လက်ရှိ အင်းတိုင်ပင်မ စစ်လက်နက်ပစ္စည်းစက်ရုံက တပ်ကြပ်ကြီးဖြစ်တယ်။ ဒီကိစ္စမှာ သူတို့လူတွေကိုယ်၌က ပါတယ်ဆိုတော့ တပ်နဲ့ပြည်သူပေါင်းပြီး လုပ်တဲ့ကိစ္စလို့တောင် သုံးသပ်လို့ရတယ်” ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ် တခုတည်းကိုသာ ပိတ်ရန် နေပြည်တော်က အမိန့်ပေးခြင်းဖြစ်ပြီး အခြား နယ်စပ်ဂိတ်များဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျ နယ်စပ်များ ပါရှိခြင်း မရှိကြောင်း မြန်မာကုန်သည်များက ပြောသည်။
မြန်မာကုန်သည်ကြီး တဦးဖြစ်သူ ဦးဟာမက်က “ထိုင်းဖက်ကိုတော့ မနက်ဖြန်ကစပြီး အကုန်ပိတ်မယ်လို့ သိရတယ်။ ကျန်တဲ့နယ်စပ်တွေတော့ မပိတ်ဘူးလို့ သိရတယ်။ ဒါပေမယ့် ပိတ်ပိတ် မပိတ်ပိတ် ဒီရွေးကောက်ပွဲ ကာလမှာကတော့ ဘာမှလုပ်လို့မရဘူးဆိုတာ ကုန်သည်တွေသိကြပါတယ်”ဟု ပြောသည်။
ထိုင်းနယ်စပ်ဂိတ်များ အားလုံး မနက်ဖြန်တွင် ပိတ်မည်ဟုသိရသော်လည်း ထိုင်း-မြန်မာ အဓိက ကုန်သွယ်ရေး လမ်းကြောဖြစ်သည့် မဲဆောက်-မြ၀တီ နယ်စပ်ဂိတ်ကိုမူ မြန်မာဘက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိတ်ထားသည်မှာ (၃) လခန့်ရှိပြီ ဖြစ်သည်။
ယခုလ (၂၈) ရက်နေ့တွင် စတင်ပိတ်မည့် ထိုင်း-မြန်မာနယ်စပ် ဂိတ်များမှာ မယ်ဆိုင်-တာချီလိပ်၊ ရနောင်း-ကော့သောင်း၊ မဲဆောက်-မြ၀တီ၊ မဲဟောင်ဆောင်ဂိတ်၊ ဘုရားသုံးဆူဂိတ်များ အပါအ၀င် ဂိတ်အကြီးအသေး (၁၀) ခုခန့်ရှိသည်ဟု သိရသည်။

dinsdag 26 oktober 2010

မွန်ပြည်သစ်ရုံး ဆိုင်းဘုတ်များကို အာဏာပိုင်တို့ ဖြုတ်ခိုင်း

ဝီရ / ၂၆ အောက်တိုဘာ ၂၀၁၀
ပါတီ တရားဝင်ခြင်း မရှိတော့ဟု အကြောင်းပြ၍ မြို့များ၌ ချိတ်ဆွဲထားသော မွန်ပြည်သစ်ပါတီရုံး ဆိုင်းဘုတ်များကို သက်ဆိုင်ရာ အာဏာပိုင်တို့က ဖြုတ်ခိုင်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။
မွန်ပြည်သစ် ဗဟိုကော်မတီဝင်တဦးက “မွန်ပြည်သစ်ဟာ တရားဝင်ပါတီ၊ တရားဝင် လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်တော့ဘူး။ ဒါကြောင့် ရုံးတွေကို သာမန်နေအိမ်တွေလိုပဲ အာဏာပိုင်တွေက သဘောထားတယ်တဲ့။ မြို့ပေါ်က ရုံးဆိုင်းဘုတ်တွေ ဖြုတ်ပေးပါလို့ လာပြောတယ်။ ရုံးစောင့်တွေကလည်း အဲဒါကို ဖြုတ်ပေးလိုက်တယ်။ ဒါက မွန်ပြည်သစ်ရဲ့ မြို့ပေါ်ရုံးတွေ၊ လုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေကို အသိအမှတ်မပြုတော့ဘူးဆိုတာ ပြလိုက်တာပါပဲ” ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်ရှိ မွန်ပြည်သစ်၏ ဆက်ဆံရေးရုံးနှင့် စီးပွားရေးရုံး ဆိုင်းဘုတ်များမှလွဲ၍ ပြည်တွင်း မော်လမြိုင်၊ သံဖြူဇရပ်၊ ရေးမြို့တို့ရှိ ပါတီရုံးဆိုင်းဘုတ်များကို စစ်အစိုးရ အာဏာပိုင်တို့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင် ဖြုတ်ခိုင်းခဲ့ခြင်း ဖြစ်သည်။
လာမည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုမည် မဟုတ်ကြောင်းနှင့် ပြည်သူများအနေဖြင့် မတရားသော ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြရန် မွန်ပြည်သစ်ပါတီက ပြီးခဲ့သည့် အောက်တိုဘာ (၁၈) ရက်နေ့၌ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးသည့်နောက် ပါတီအပေါ် ယခုကဲ့သို့ ဖိအားပေးလာခြင်း ဖြစ်သည်။
“မွန်ပြည်သစ်ကို မတရားအသင်းလို့ အတိအလင်း ကြေညာတာ မရှိသေးပါဘူး။ ကျန်ခဲ့တဲ့ ရုံးတွေကို သိမ်းတာလည်း မရှိသေးပါဘူး။ စစ်ရေးအရ နှစ်ဖက်အခြေအနေ တင်းမာလာတာမျိုးလည်း မရှိသေးပါဘူး။ ဒါပေမယ့် ကျနော်တို့ရုံးတွေရဲ့ ဆိုင်းဘုတ်တွေကို အခုလို ဖြုတ်ဖို့ ပြောလာတော့ အခြေအနေက အဆိုးဘက်ကို ဦးတည်သွားတယ်လို့ မြင်ပါတယ်”ဟု အထက်ပါ ဗဟိုကော်မတီဝင်က ခေတ်ပြိုင်သို့ ပြောသည်။
မြို့ပေါ်ရုံးများကို စောင့်ရှောက်နေသူများအား ခြိမ်းခြောက်ခြင်း၊ နှင်ထုတ်ခြင်း မရှိသော်လည်း အဆိုပါ ရုံးများသို့ လာရောက်တည်းခိုသူများအား ဧည့်စာရင်းတိုင်ကြားရန် သက်ဆိုင်ရာ အာဏာပိုင်တို့က ပြောကြားထားကြောင်းလည်း သိရသည်။
မွန်ပြည်သစ် ခရိုင်ကော်မတီဝင်တဦးက “တိုက်ဆိုင်တာ တခုက မဲရုံကိုမသွားဘဲ သပိတ်မှောက်ဖို့၊ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း ပယ်မဲတွေ ဖြစ်အောင် လုပ်ပြီး ဒီရွေးကောက်ပွဲကို ဆန့်ကျင်သွားဖို့ ပါတီက ကြေညာချက် ထုတ်ခဲ့တယ်။ အဲဒီနောက်ပိုင်း အာဏာပိုင်တွေက ဒီလိုလုပ်လာတာပဲ”ဟု ပြောသည်။
မွန်ပြည်သစ် ထိန်းချုပ်နယ်မြေရှိ ပြည်သူများသည် လာမည့် နိုဝင်ဘာ(၃)ရက်နေ့မှစ၍ ကြိုတင်မဲထည့်နိုင်ကြောင်း၊ မဲထည့်နိုင်ရန် စီစဉ်ပေးမည် ဖြစ်ကြောင်း စစ်အစိုးရ အာဏာပိုင်တို့၏ ကမ်းလှမ်းမှုကို ပါတီက အဆိုပါ ကြေညာချက်ဖြင့် တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ယင်း ခရိုင်ကော်မတီဝင်က ပြောသည်။
ကြေညာချက်တွင် “မိမိတို့အခွင့်အရေးဟု ယူဆ၍ မိမိတို့စိတ်ကြိုက် မဲပေးခြင်းကိုမူ မွန်ပြည်သစ်ပါတီအနေဖြင့် ဟန့်တားခြင်း ပြုမည်မဟုတ်ကြောင်း” ပါရှိသည်။
မွန်ပြည်သစ်ပါတီအနေဖြင့် ဌာနေပြည်သူ့စစ် လက်ခံ မခံဆိုသည်ကို စက်တင်ဘာ (၁)ရက်နေ့ နောက်ဆုံးထား၍ အကြောင်းပြန်ရန်၊ ထိုသို့လက်မခံပါက နဂိုမူလအတိုင်း လက်နက်ကိုင်သောင်းကျန်းသူအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ဥပဒေအရ တရားဝင် ဆက်ဆံမှု ပြုလုပ်တော့မည် မဟုတ်ကြောင်း စစ်အစိုးရဘက်က သတိပေးခဲ့သည်။
ထို့နောက် မွန်ပြည်သစ်ပါတီက ၎င်းတို့၏ မြို့ပေါ်ရုံးတာဝန်ခံများကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ထိန်းချုပ်နယ်မြေအတွင်း၌သာ နေထိုင်ကြရန် ၎င်းတို့၏ ပါတီဝင်များကို အမိန့်ထုတ်ထားသည်။ ရန်ကုန်မြို့ရှိ မွန်ပြည်သစ်ရုံးများကိုမူ နှစ်ဖက်အခြေအနေ တင်းမာခဲ့သည့် ယခုနှစ် ဧပြီလကုန်ပိုင်းကတည်းက ရုပ်သိမ်းခဲ့ပြီးဖြစ်သည်။
နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်နေသည့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက်မှ တခုဖြစ်သည့် ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ကိုလည်း ယခုလ (၁၃) ရက်နေ့၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အစိုးရသတင်းစာများက သတင်းဖော်ပြရာတွင် “ကေအိုင်အေ သောင်းကျန်းသူ” ဟု သုံးနှုန်းရေးသားခဲ့သည်။

မလေးရှားမှ မြန်မာအလုပ်သမားများအရေး ကုမ္ပဏီက ညှိနှိုင်းဆွေးနွေး

မြတ်ခိုင်ဦး / ၂၆ အောက်တိုဘာ ၂၀၁၀
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်သော JVCကုမ္ပဏီ၏ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်မှုကို မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၃)ဦးက တိုင်တန်းလိုက်သောကြောင့် အမည်ပျက်စာရင်း မဝင်ရန် ကုမ္ပဏီက အလုပ်သမားရေးအဖွဲ့များနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။
အလုပ်သမားအခွင့်အရေးများ ချိုးဖောက်မှုဖြင့် မပပအေး ဦးဆောင်သော မြန်မာရွှေ့ပြောင်းအလုပ်သမားများက ဆူဘန်းဂျာယား အလုပ်သမားရုံးသို့ ပြီးခဲ့သည့် ဇူလိုင် (၂၁) ရက်တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ယင်းတိုင်ကြားချက်တွင် လုပ်ငန်းရှင်မှ ပေးဆောင်ရမည့် နိုင်ငံခြားသားလုပ်သား ငှားရမ်းခအခွန်ကို အလုပ်သမားများ လစာငွေမှ နုတ်ယူခြင်း၊ အလုပ်လွှဲပြောင်းခကြေး၊ ရင်းဂစ် (၃,၅၀၀)ခန့်ရှိ စုငွေနှင့် အလုပ်သမားတို့၏ နိုင်ငံကူးလက်မှတ်များ သိမ်းဆည်းထားခြင်း၊ အလုပ်သမားတိုင်း နေ့စဉ်အနည်းဆုံး (၅၀) ရင်းဂစ် ရရှိရမည့် လုပ်အားခကို (၂၃) ရင်းဂစ်သာပေးအပ်ခြင်း စသည့်အချက်များ ပါဝင်သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဝိုင်းဝန်းကူညီပေးနေသည့် ဘားမားကန်မ်ပိန်း (မလေးရှား) မှ ကိုထွန်းထွန်းက “ကျနော်တို့အနေနဲ့ ဒီပြဿနာကို နှစ်ဖက်ညှိနှိုင်းတဲ့အဆင့်မှာ ရောက်နေပါပြီ။ ပြီးခဲ့တဲ့ လကစပြီး နှစ်ဖက် ညှိနှိုင်းနေတာပါ။ ကျနော်တို့ ဆွေးနွေးတာကတော့ လဲဗီးငွေ အပြည့်အ၀ပြန်ရရေး၊ တချို့အလုပ်သမားတွေ ဆီကနေ အကြောင်းအမျိုးမျိုးပြပြီး ဖြတ်ထားတဲ့ ငွေပြန်ပေးရေး၊ ကုန်ဆုံးတော့မယ့် အလုပ်လုပ်ခွင့် ပါမစ်သက်တန်းတွေ တိုးပေးရေးတို့ ပါပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ထိုသို့ဆွေးနွေးရာတွင် အလုပ်သမားများ၊ မလေးရှားအလုပ်သမားများကွန်ကရက် (MTUC)၊ FastLink Transဟုခေါ်သည့်အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ၊ဘားမားကန်မ်ပိန်း(မလေးရှား)နှင့်JVCလျှပ်စစ်ကုမ္ပဏီတို့ ပါဝင်ဆွေးနွေးကြခြင်း ဖြစ်သည်။
ဆွေးနွေးမှုအခြေအနေနှင့်ပတ်သက်၍ “လျော်ကြေးပေးဖို့ ကျနော်တို့က အထောက်အထားနဲ့JVC နဲ့ Fast Link Trans ကို တင်ပြတယ်။ ပြီးတော့ ဒီလ (၈) ရက်နေ့ကလည်း ဒီကိစ္စကို good electronic ဆိုတဲ့ အလုပ်သမား အခွင့်အရေးအဖွဲ့က ကြေညာချက်ထုတ်တဲ့အပေါ်မှာ လန့်ပြီး အခုလို လေးလေးစားစား လုပ်လာတာဖြစ်တယ်” ဟု ကိုထွန်းထွန်းက ရှင်းပြသည်။
ထိုသို့ ဆွေးနွေးညှိနှိုင်းမှုများ မအောင်မြင်ပါက တရားရုံးသို့ လျှောက်ထား တိုင်တန်းမည်ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
အကယ်၍ တရားရုံးတင်ကာ အမှုရှုံးပါက အဆိုပါကုမ္ပဏီသည် လျှော်ကြေးငွေအဖြစ် အလုပ်သမားတဦးလျှင် ရင်းဂစ်ငွေ (၁၀,၀၀၀)စီ ပေးရမည်ဖြစ်ကာ၊ မတရားပြန်ပို့ခံရသော အလုပ်သမားတဦးအတွက် ကန်ထရိုက် စာချုပ်တွင် ကျန်ရှိနေသေးသည့် တနှစ်စာ လစာအား ထပ်ဆောင်း ပေးရမည်ဖြစ်သဖြင့် အလုပ်သမားတဦးအနေဖြင့် လစာ ရင်းဂစ် (၆၀၀)ရလျှင်၊ တနှစ်စာ (၇,၂၀၀) ရင်းဂစ်ကို လျော်ကြေးအဖြစ် ရရှိမည်ဖြစ်သည်။

တနိုင်ငံလုံး မဲရုံဝန်ထမ်း သန်းနှင့်ချီ ရှိမည်

မျိုးဝင်းဇော် / ၂၆ အောက်တိုဘာ ၂၀၁၀
ရွေးကောက်ပွဲကော်မရှင်က မဲရုံ အများအပြား ဆောက်လုပ်ရန် စီစဉ်နေသည့်အတွက် တနိုင်ငံလုံးအတိုင်းအတာနှင့်ဆိုလျှင် မဲရုံဝန်ထမ်းပေါင်း သန်းနဲ့ချီ ရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ရုံးမှ အဖွဲ့ဝင်တဦးက ပြောကြားသည်။
၎င်းက “ဖွဲ့စည်းပုံအရ အငယ်ဆုံးဆိုတဲ့ မဲရုံမှာ အနည်းဆုံး မဲပုံး (၃)ပုံးကနေ (၄)ပုံး ရှိမယ်။ မဲပုံး(၁) ပုံးစီအတွက် ကြီးကြပ်သူ တဦး၊ မဲစာရင်း စစ်ဆေးသူတဦး၊ မဲကဒ်ပြား ထုတ်ပေးသူ တဦး ရှိမယ်။ အဲဒီ မဲရုံမှာ မဲရုံမှူး တဦးရှိမယ်။ နောက် လုံခြုံရေးယူတဲ့ အရံမီးသတ်တို့ ကြက်ခြေနီတို့လည်း ရှိဦးမယ် ဆိုတော့ စုစုပေါင်း အနည်းဆုံး (၁၅) ယောက်လောက် ရှိမယ်။ မဲရုံ (၂ဝဝ) လောက်ရှိတဲ့ မြို့နယ် တခုဆို မဲရုံဝန်ထမ်း စုစုပေါင်း (၃ဝဝဝ) အထက်ရှိမယ်။ ရန်ကုန်တိုင်းမှာ မြို့နယ် (၄၅) မြို့နယ်၊ မဲရုံ စုစုပေါင်း (၆၆ဝဝ) ဆောက်မှာ ဆိုတော့ မဲရုံဝန်ထမ်းချည်းပဲ လူ (၁) သိန်းကျော် ရှိမယ်၊ တနိုင်ငံလုံးဆို သန်းချီရှိနေမယ်” ဟု ရှင်းပြသည်။
ရန်ကုန်မြို့မှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ တဦးကမူ အဆိုပါ မဲရုံဝန်ထမ်းဆိုသူများသည် အစိုးရ၀န်ထမ်းများဖြစ်ရန် သေချာသလောက်ရှိနေကြောင်း၊ အစိုးရ၀န်ထမ်း မဲရုံတာဝန်ယူထားသူများ၊ အရံမီးသတ်များ၊ ကြက်ခြေနီများသည် ၂၀၀၈ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ လုပ်ခဲ့စဉ်ကလည်း အစိုးရစိတ်ကြိုက် အကောင်အထည်ဖော် လုပ်ကိုင်ပေးခဲ့ရသူများဖြစ်ကြောင်း ပြောဆိုသည်။
၎င်းက “ဒါကြောင့် အခု ရွေးကောက်ပွဲမှာလည်း အစိုးရ ကြောထောက်နောက်ခံ ကြံ့ဖွံ့ပါတီအတွက် အစိုးရက ခိုင်းတာလုပ်မယ့် အနေအထားမျိုး ဖြစ်လို့ ရွေးကောက်ပွဲ တရားမျှတမှု ရှိဖို့ဆိုတာ ဖြစ်နိုင်မှာ မဟုတ်ဘူး” ဟု ရှင်းပြသည်။
ယခုကဲ့သို့ အစိုးရရွေးကောက်ပွဲကော်မရှင်က မဲရုံအများအပြား ဆောက်လုပ်သည့်စနစ် ကျင့်သုံးမှုကြောင့် ကြံ့ဖွံ့နှင့် တစည ကလွဲပြီး ကျန်ပါတီအားလုံးလိုလိုသည် မဲရုံတရုံ၌ လူနှစ်ဦးစီ စောင့်ကြည့်ရန် ဥပဒေက ခွင့်ပြုထားသော်လည်း လက်တွေ့တွင် မဲရုံကိုယ်စားလှယ် အပြည့်အဝ ထားနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့်မဲရုံကိုယ်စားလှယ် မထားနိုင်သည့် မဲရုံများကို စောင့်ကြပ်ကြည့်ရန် မဖြစ်နိုင်ကြောင်း ပြည်တွင်းဂျာနယ်တခုမှ နိုင်ငံရေးသတင်း အယ်ဒီတာတဦးက ပြောသည်။
၎င်းက “အခုအချိန်အထိ ပြည်သူတွေက ရပ်ကွက်ကော်မရှင်ရုံးကို မဲစာရင်းသွားမကြည့်သူတွေက များနေတော့ ဘယ်ပုံစံမဲပေးရမယ်ဆိုတာတောင် မသိကြဘူး။ ဒါကြောင့် မဲရုံကိုသွားခဲ့ရင် မဲရုံဝန်ထမ်းတွေက ဒီနေရာမှာ ဒီလိုဖြည့်ရတယ် ဆိုတဲ့ ပြောဆို လမ်းကြောင်းမှု အောက်မှာပဲ မဲပေးဖြစ်ကြဖို့ များတယ်” ဟု ပြောဆိုသည်။

မေခမြစ် အနောက်ဖက်ကမ်း ကျေးရွာများ စားနပ်ရိက္ခာနှင့် ဆေးဝါး ပြတ်လပ်

ခိုင်လင်း / ၂၆ အောက်တိုဘာ ၂၀၁၀
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် အထက်ပိုင်း၊ မေခမြစ် အနောက်ဖက်တလျှောက်ရှိ ကျေးရွာများတွင် အစားအစာ ရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့နေရသကဲ့သို့ ဆေးဝါးမရှိ၍ ဖျားနာသေဆုံးမှုများ ရှိနေသည်။
အင်ဂျန်းယန်မြို့နယ် အထက်ပိုင်းရှိ ရှရွယ်၊ ထွယ်ဒါယန်၊ ဇမ်နောင်၊ လာခွမ်း ရွာများအပါအဝင် မေခမြစ် အနောက်ဘက်ကမ်းတလျှောက်ရှိ ကျေးရွာများသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)၏ တပ်ရင်း (၁ဝ)ထိန်းချုပ်ထားရာ ဒေသလည်းဖြစ်ပြီး ချီဗွေမြို့မှ တင်သွင်းလာသည့် အစားအစာနှင့် ဆေးဝါးများကို မှီခိုနေခဲ့ရာမှ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းမှစ၍ ချီဗွေမြို့အထွက် စစ်ဆေးရေးဂိတ်က ပိတ်ပင်လိုက်သဖြင့် အစားအစာနှင့် ဆေးဝါး အခက်အခဲ ရှိနေသည်ဟု အဆိုပါဒေသမှ ပြန်လာသူ ရွှေလုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “အဲဒီရွာတွေက နဂိုတည်းက ကျပ်တည်းကြတယ်။ တောင်ယာကထွက်တဲ့ ငရုတ်သီးတို့၊ ပိန်းဥတို့ ဈေးနေ့ တက်ရောင်း၊ ပြန်လာရင် လိုအပ်တဲ့ ဆန်၊ ဆားနဲ့ ဓာတ်မီး၊ ဓာတ်ခဲ အသုံးအဆောင်တွေ၊ ဆေးဝါးတွေ ဝယ်ကြရတယ်။ အခုက အဲဒီဘက်ကို ဆေးဝါးတွေ၊ ဆန်တွေ၊ ဆားတွေ ပေးမသယ်ဘူး။ ချီဗွေဂိတ်က တားထားလို့ အနောက်ဘက်ကမ်းကလူတွေ အတော်အခက်ခဲ ဖြစ်နေကြတယ်။ တပ်ရင်း (၁ဝ) က ကချင်ရဲဘော် ဆေးဆရာတွေလည်း ဆေးဝါးတွေပြတ်လို့ ရွာသားတွေကို သွားမကုပေးနိုင်ကြဘူး။ ကလေးတွေ သက်ကြီးရွယ်အိုတွေ အသေများနေတယ်။ ကချင်ရွာသားတွေလည်း အခုဆို ဆန်တွေမရှိလို့ ဖရုံတို့ ပိန်းဥတို့နဲ့ ရောစားနေရတယ်” ဟု ပြောသည်။
မေခမြစ် အရှေ့ဘက်ကမ်း ချီဗွေမြို့မှ ကုန်ပစ္စည်းများကို မေခမြစ်ကူးတံတားမှ ဖြတ်ကျော်ကာ ကားများဖြင့် တင်သွင်းနေမှုကို ချီဗွေမြို့အထွက် ရှေ့တန်းစစ်တပ်စခန်းဂိတ်က တားမြစ်ထားပြီး တင်းကျပ်သည့် စစ်ဆေးမှုများလည်း ရှိနေကြောင်း အဆိုပါ ရွှေလုပ်ငန်းရှင်က ပြောသည်။
၎င်းက “မြစ်ကြီးနားကနေ ရေကြောင်းလမ်းက ဆန်တက်တာကို အရင် စပိတ်တာ။ နောက်ကျတော့ ချီဗွေဘက်ကလည်း ဖမ်းတာတွေလုပ်လာတော့ ရွှေလုပ်နေတဲ့လူတွေပါ လုပ်လို့ မရတော့ဘူးဖြစ်သွားတယ်။ ဆန်တွေ၊ ဆီတွေ အရင်က များများလှောင်ထားတဲ့သူတွေလည်း ဝေမျှစားနေရတော့ စောစောကုန်တာပဲ။ ဒါကြောင့် ရွှေကျင်းတွေ အားလုံးသိမ်းလိုက်ရတယ်။ ချီဗွေမှာ တက်ဝယ်လို့လည်း မရတော့ဘူး။ ဘာမှ အသယ်မခံဘူး။ လူကိုလည်း ကချင်ရဲဘော်တွေနဲ့ ပတ်သက်မှု ရှိမရှိ အတော်စစ်တာ” ဟု ပြောသည်။
စက်တင်ဘာ (၁)ရက်နေ့ နောက်ဆုံးထားပြီး လက်နက်စွန့်ရန် နအဖက ရာဇသံပေးမှုကို ကေအိုင်အိုအဖွဲ့က ငြင်းဆန်ပြီးနောက်ပိုင်း ကေအိုင်အို ထိန်းချုပ်ဒေသအတွင်းသို့ ဆန်၊ ဆီ၊ ဆားနှင့် ဆေးဝါးသယ်ယူခွင့်များ ပိတ်ပင်ဖမ်းဆီးမှုများ လုပ်နေခြင်း ဖြစ်သည်။

maandag 25 oktober 2010

ဒုတိယပင်လုံညီလာခံ ခေါ်ရန် အတိုက်အခံခေါင်းဆောင်များ သဘောတူ

ဝီရ / ၂၅ အောက်တိုဘာ ၂၀၁၀
စစ်အစိုးရ ကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီရေးအတွက် တိုးတက်ဖြစ်ထွန်းမည့် အပြောင်းအလဲ ဖြစ်လာမည် မဟုတ်၍ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်မည့် ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ခေါင်းဆောင်များ၊ ဝါရင့် နိုင်ငံရေးသမားများ၊ တိုင်းရင်းသားခေါင်းဆောင်များက သဘောတူညီမှု ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံကို တစ်ပြည်ထောင်စနစ်လည်း မဟုတ်၊ ခွဲထွက်ရေးစနစ်လည်း မဟုတ်၊ ဒီမိုကရေစီနှင့် လူမျိုးတိုင်း တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ရန်အတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူကျင်းပသွားရန် အတိုက်အခံ ခေါင်းဆောင်တို့က ယခုကဲ့သို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က “ကြေညာစာတမ်းရဲ့ အဓိက ရည်ရွယ်ချက်က ပြည်သူလူထုတရပ်လုံး လိုလားတောင့်တနေတဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ လူ့အခွင့်အရေး ရရှိရေး၊ တန်းတူရေးတို့အတွက် အခု ရွေးကောက်ပွဲက ဖန်တီးပေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ လိုလားသူတွေ အားလုံး ပါဝင်မည့် ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ဖို့ ကျနော်တို့က လက်မှတ်ရေးထိုးတာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
“ကလေးမြို့ဆုံးဖြတ်ချက်ကြေညာစာတမ်း”ဟုအမည်ပေးထားသောအဆိုပါကြေညာချက်ကို အောက်တိုဘာ (၂၄) ရက်၌ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ကျင်းပခဲ့သည့် ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ၏ (၂၂)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကြေညာချက်ကိုအန်အယ်လ်ဒီဒုဥက္ကဋ္ဌဦးတင်ဦး၊ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်၊ ဝါရင့်နိုင်ငံရေးသမားကြီးများ ဖြစ်ကြသော ဦးအုန်းမောင်၊ သခင်သိန်းမောင်၊ ဦးညွန့်သိန်း၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(အမ်အန်ဒီအက်ဖ်)ဥက္ကဋ္ဌနိုင်ထွန်းသိန်း၊ အမ်အန်ဒီအက်ဖ် ဒုဥက္ကဋ္ဌ နိုင်ငွေသိမ်း၊ ကရင်အမျိုးသားကွန်ဂရက်မှ စောဟာရီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းရွှေကြူး၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးထောင်ခိုထန်း၊ ဒေါက်တာ အောင်တင်ဦး စသည့် တိုင်းရင်းသားခေါင်းဆောင်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
ဦးဝင်းတင်က “ဒီအချိန်မှာ အမျိုးသားပြန်လည်သင့်မြတ်ဖို့၊ ဒီမိုကရေစီအရေးအတွက် ဆောင်ရွက်ဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် အတိုက်အခံ အင်အားစုတွေဘက်က နိုင်ငံရေးအရ စုစည်းမှုအင်အားတွေ ဖြစ်ပေါ်လာတဲ့အဆင့် ရောက်နေပါပြီ။ ဒီညီညွတ်မှုကို အခြေခံပြီး ဆွေးနွေးအဖြေရှာသွားဖို့နဲ့ အားလုံး တန်းတူညီမျှ ရှိစေမယ့် ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ အတူတကွ ပေါင်းစည်းနေထိုင်သွားနိုင်ဖို့ တူညီတဲ့ သံန္နိဋ္ဌာန် ချမှတ်ပြီး ဒုတိယပင်လုံ ခေါ်ယူဖို့ သဘောတူခဲ့ကြတာ ဖြစ်တယ်။ ဒါဟာ နှစ်ပေါင်းများစွာက တညီတညွတ်တည်း အားလုံး အတူတူ ချမှတ်နိုင်ခဲ့တဲ့ မှတ်တိုင်လည်း ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ကြေညာချက်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ရည်မှန်းချက်များကို မှန်ကန်သော ဦးဆောင်မှု၊ ညီညွတ်သော အင်အားဖြင့် ဆက်လက် ဆောင်ရွက်သွားရန်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုဖြင့် ဒီမိုကရေစီ လိုလားသော တိုင်းရင်းသားပြည်သူအားလုံး ညီညွတ်ရေးမှ အမျိုးသားပြန်လည်သင့်မြတ်ရေးသို့ ဦးတည်သော တွေ့ဆုံဆွေးနွေးရေးကို ဆက်လက် ဆောင်ရွက်သွားရန်နှင့် ဒုတိယ ပင်လုံညီလာခံတရပ် အမြန်ဆုံး ကျင်းပသွားရန် စသည့် သဘောတူညီချက် (၃) ချက်ပါဝင်သည်။
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ နိုင်ငွေသိမ်းက “တိုင်းရင်းသားတွေရဲ့ ပြဿနာက တနေ့တခြား အခြေအနေတွေ တဖြည်းဖြည်း ဆိုးဝါးလာနေတယ်။ ရွေးကောက်ပွဲ နောက်ပိုင်းမှာလည်း ဒီပြဿနာကို ပိုကြီးထွားလာမယ့် အလားအလာ ရှိနေတဲ့အတွက် ဒါကို ကိုယ်တွယ်ဖြေရှင်းသွားနိုင်ဖို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူနေထိုင်သွားနိုင်ဖို့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်တရပ်အတွက် ညီလာခံခေါ်ဖို့ လိုအပ်လာပြီ ဖြစ်တဲ့အတွက် ဒါကို သဘောတူတယ်။ ဒါကြောင့် ကျနော်လည်း လက်မှတ်ထိုးခဲ့တယ်။ အခြားသော တိုင်းရင်းသားခေါင်းဆောင်တွေကလည်း သဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့ကြတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေအတွက် ဖြေရှင်းသွားနိုင်မယ့် တခုတည်းသော နည်းလမ်းလည်း ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
အဆိုပါ သဘောတူညီချက်အတွက် ကြိုတင်ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီး လူဦးရေ (၁၀၀၀) ကျော် တက်ရောက်ခဲ့သည့် ကလေးမြို့ ဇိုမီးအမျိုးသားကွန်ဂရက် နှစ်ပတ်လည်နေ့ အခမ်းအနား၌ ဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။
ညီလာခံတရပ် အမြန်ဆုံး ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ ညီလာခံသည် နိုဝင်ဘာ (၇) ရက်နေ့ ရွေးကောက်ပွဲ နောက်ပိုင်းကာလ၌ ဖြစ်နိုင်ကြောင်း ဦးပူကျင့်ရှင်းထန်က ပြောသည်။
 


နိုဝင်ဘာတွင် မုန်တိုင်း လာရန်ရှိသေးဟု ဒေါက်တာထွန်းလွင် ပြော

တက်လူ / ၂၅ အောက်တိုဘာ ၂၀၁၀
ရွေးကောက်ပွဲ ပြုလုပ်မည့် နိုဝင်ဘာလတွင် မုန်တိုင်းတခု ထပ်ဖြစ်ရန်ရှိနေကြောင်း မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
၂၀၁၀ ပြည့်နှစ်နှင့် သဏ္ဍာန်တူနှစ်များ (analogueyears) ရွေးချယ်လေ့လာမှုအရ နိုဝင်ဘာလအတွင်း မုန်တိုင်းဖြစ်ရန် အလားအလာတွေ့ရှိချက်မှာ (၆၀)ရာခိုင်နှုန်း ရှိနေကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။
၎င်းက “နှစ်တွေအားလုံးက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း (၆) ကြိမ်ဖြစ်ခဲ့တယ်လို့ ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့ ဂီရိ အပါအ၀င်မှာ ဒီနှစ်ထဲမုန်တိုင်းက (၄) ကြိမ်သာဖြစ်ပါသေးတယ်” ဟု ပြောသည်။
လတ်တလော ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ လေထုမငြိမ်သက်မှုများဖြစ်နေကာ ပင်လယ်ရေအပူချိန် ပြန်လည်မြင့်တက်နေကြောင်း၊ ကပ္ပလီကျွန်းစုဧ။်တောင်ဖက်အစွယ်တွင် ပင်လယ်ရေအပူချိန်များ တက်နေသည်ကို အထူးဂရုပြု စောင့်ကြည့်ရန်လိုနေကြောင်းလည်း ၎င်းကပြောသည်။
“မိုးလေ၀သ သတင်းတွေကို အမှန်အတိုင်း ပြည်သူတွေသိနိုင်ဖို့ ကျနော်ထွန်းလွင်ကလည်း အင်တာနက်မှာ သတင်းတွေကို အချိန်နဲ့တပြေးညီ တင်ပြနေပါတယ်” ဟု ဒေါက်တာထွန်းလွင်က ပြောသည်။
နိုဝင်ဘာလသည် မြန်မာ့မုန်တိုင်းသမိုင်းတွင် မုန်တိုင်းများဖြစ်တတ်သောလ ဖြစ်ပြီး ထိုလတွင် မြန်မာနိုင်ငံကိုလည်း မုန်တိုင်းဝင်တတ်သောလ ဖြစ်ကြောင်း၊ ထို့ကြောင့် အရေးကြီးကြောင်း ၎င်းကဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်ကစကာ နှစ်စဉ်ဆက်တိုက် မုန်တိုင်းဖြတ်နေပြီး အောက်တိုဘာ (၂၂) ရက်နေ့က ရခိုင်ပြည်နယ်ကိုဝင်ခဲ့သော မုန်တိုင်းနှင့်ဆိုပါက မုန်တိုင်း (၅) လုံးရှိကြောင်း သိရသည်။
၂၀၀၈ခု နှစ်ကတိုက်ခဲ့သော ဆိုင်ကလုန်းနာဂစ်ကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း လူပေါင်းများစွာ သေဆုံးခဲ့ရသည်။
ပြီးခဲ့သည့် အောက်တိုဘာ (၂၂)ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးမှဖြတ်သွားသော ဆိုင်ကလုန်းဂီရိကြောင့် ကျောက်ဖြူ၊ မြေပုံမြို့များ အပျက်စီးများကာ ယင်းမုန်တိုင်းနှင့်ပတ်သက်ပြီး နအဖက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဘန်ကီမွန်း၏ ထိုင်းခရီးစဉ်အတွင်း အလုပ်သမားရေးအဖွဲ့များ စာပို့မည်

မြတ်ခိုင်ဦး / ၂၅ အောက်တိုဘာ ၂၀၁၀
မနက်ဖြန် အောက်တိုဘာ (၂၆)ရက်တွင် ထိုင်းနိုင်ငံသို့ရောက်ရှိလာမည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ အလုပ်သမားရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းကြီး(၃)ခုတို့ စုပေါင်း၍ ထိုင်းနိုင်ငံအတွင်းမှ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးပို့ဆောင်မှုတွင် ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်း၊ တားဆီးပေးသွားရန် စာရေးသားပေးပို့မည်ဟု သိရှိရသည်။
ယနေ့ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ နိုင်ငံတော် လုပ်ငန်းကုမ္ပဏီများမှ လုပ်သားများ ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့ (SERC)၊ ထိုင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (TLSC)နှင့် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF)တို့က မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ပြန်လည်ပို့ဆောင်ရေး အစီအစဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီအား လိုအပ်သော စစ်ဆေးစုံစမ်းမှုများ စတင်ဖို့ညွှန်ကြားရန်နှင့် ထိုင်းတော်ဝင်အစိုးရအား ရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးကို တိုးမြှင့်လက်ခံလာရေး တိုက်တွန်းရန်နှင့် အနာဂတ်ကာလ ရွှေ့ပြောင်းအလုပ်သမားအရေး မူဝါဒများတွင် တိုးတက်မှုများရှိလာစေရန်တို့ ပါဝင်သော တောင်းဆိုချက်များ ပါဝင်သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင်ပင် တိုးတက်သောဒီမိုကရက်တစ် ဗုဒ္ဓဘာသာ ကရင်အစည်းအရုံး (DKBA) မှ ရွှေ့ပြောင်းအလုပ်သမားများအား စခန်းများအတွင်းထားရှိကာ ၎င်းတို့လွတ်မြောက်ရေးအတွက် ငွေတောင်းခံသည်ကို အယ်ဂျာဇီးယား ရုပ်မြင်သံကြားမှ သတင်းမှတ်တမ်း ထုတ်လွှင့်ခဲ့ပုံ၊ ရွှေ့ပြောင်း အလုပ်သမားများအား ပြန်လည်ပို့ဆောင်ရာတွင် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မြန်မာပြည် တောင်ဘက်စွန်း ကော့သောင်းမြို့အကြား ပင်လယ်ပြင်တွင် လူကုန်ကူးသူများလက်သို့ ရောင်းစားခံရမှုများကို တောင်တရုတ်နံနက်ခင်း သတင်းစာတွင် ဖော်ပြပါရှိပုံတို့ကိုလည်း ရည်ညွှန်းဖော်ပြကာ အဆိုပါ ချိုးဖောက်မှုများအတွက် လူ့အခွင့်အရေးအဖွဲ့များမှ ပြီးခဲ့သည့် ဇူလိုင်လကတည်းက တောင်းဆိုထားခဲ့သော်လည်း မည်သို့သော တုံ့ပြန်စုံစမ်း စစ်ဆေးမှုများမှ မရှိဘဲ ဆက်လက်ကျူးလွန်နေဆဲဖြစ်သည် ဟု ထုတ်ပြန်ပါရှိသည်။
တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများအား နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင်ရေးအတွက် ကော်မတီတရပ်ဖွဲ့စည်းကာ ရှာဖွေ၊ ဖမ်းဆီး၊တရားစွဲဆိုရန် ပြီးခဲ့သည့်ဇွန်လ(၂)ရက် တွင် ထိုင်းဝန်ကြီးချုပ်က လက်မှတ်ရေးထိုးကာ အမိန့်ထုတ်ပြန်ခဲ့သည်။
အဆိုပါအမိန့်အရ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများအပေါ် လူ့အခွင့်အရေးချိုးဖောက်သည့် ဖမ်းဆီးထိန်းသိမ်းမှုများ ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် လူ့အခွင့်အရေးအဖွဲ့များက ယခုကဲ့သို့ တောင်းဆိုနေမှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင်တရားဝင်မှတ်ပုံတင်ထားသော မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို ရွှေ့ပြောင်း အလုပ်သမားဦးရေ (၁)သန်းကျော်ခန့်ရှိပြီးတရားဝင်နှင့်တရားမဝင်အလုပ်သမားစုစုပေါင်း(၂)သန်းကျော်ခန့်ရှိမည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများက ခန့်မှန်းသည်။
မြန်မာနိုင်ငံအတွင်း ထုတ်ဝေသော အောက်တိုဘာ (၇)ရက်ထုတ် ဆဲဗင်းဒေးနယူးစ် ဂျာနယ်တွင် နယ်စပ်ဖြတ်ကျော် မှုခင်းဌာနမှ ဒုတိယရဲမှူးကြီး ရာလျန်မုန်းက ထိုင်းနိုင်ငံအတွင်းတရားမဝင် မြန်မာအလုပ်သမား (၂.၄)သန်း ရှိသည်ဟုဆိုကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူကုန်ကူးမှုလုပ်ငန်းများကို (၃)နှစ် စီမံကိန်းဖြင့် လုပ်ဆောင်ခဲ့ရာ လာမည့် ၂၀၁၁ ခုနှစ်တွင် အဆုံးသတ်မည်ဟု ဆိုသည်။ စီမံကိန်းကာလအတွင်း လုပ်ငန်းအကောင်အထည်ဖော်မှု (၆၀%) ပြီးစီးခဲ့ကာ၊ (၂၀%) ကိုဆက်လက် အကောင်အထည် ဖော်နေပြီး၊ (၂၀%) မှာ ဆက်လက် ကျန်ရှိသေးသည်ဟုလည်း ပြောဆိုသည်။

မုံးကိုးပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရ

ပေါက်ပေါက် / ၂၅ အောက်တိုဘာ ၂၀၁၀
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ၊ မုံးကိုးမြို့ရှိ ပြည်သူ့စစ်စခန်းတခုကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ယမန်နေ့ နံနက်ပိုင်းတွင် လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၁) ဦး သေဆုံးသွားကြောင်း သိရသည်။
မုံးကိုးမြို့၊ နအဖစစ်တပ် ရှေ့တန်းစခန်းရုံးအား အကာအကွယ်ပေးထားသည့် ပြည်သူ့စစ်စခန်း၌ တပ်ဖွဲ့ဝင်အနည်းငယ်သာ ရှိနေခိုက် လက်နက်ကိုင်အဖွဲ့တခုက လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မုံးကိုးပြည်သူ့စစ်အဖွဲ့နှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။
၎င်းက “မနက်ပိုင်း ခပ်စောစောမှာ အတိုက်ခံလိုက်ရတယ်။ အဲဒီစခန်းက နအဖတပ် ရှေ့တန်းရုံးကို ကာထားတဲ့ စခန်း။ တပ်စိတ်တစိတ်လောက် ရှိနေတဲ့အချိန်မှာ အလစ်အငိုက် လာတိုက်သွားတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဒေသခံ ကချင်ကောင်လေး တယောက် သေတယ်။ တရုတ်လုပ် မောင်းပြန်ရိုင်ဖယ် (၃) လက် ပါသွားတယ်” ဟု ပြောသည်။
အခင်းဖြစ်သည့်နေ့တွင် မုံးကိုးမြို့၌ ဒေသခံလူထုကို ဆင့်ခေါ်ပြီး မဲဆွယ်စည်းရုံး ဟောပြောပွဲတခု ပြုလုပ်ရန်ရှိနေရာ မနက်ပိုင်း တိုက်ခိုက်မှုကြောင့် လူထုစည်းဝေးပွဲလည်း ပျက်သွားကြောင်း အဆိုပါ ဒေသခံက ပြောသည်။
၎င်းက “မုံးပေါ်ပြည်သူ့စစ်ခေါင်းဆောင် ကိန်းမိန် က ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးကနေ ဝင်အရွေးခံဖို့ရှိတယ်။ အဲဒီအတွက် မုံးကိုးမှာ လူထုကိုခေါ်ပြီး စည်းဝေးဟောပြောဖို့ လုပ်ထားတဲ့ အစီစဉ်လည်း ပျက်သွားတယ်” ဟု ပြောသည်။
သံလွင်မြစ်အနောက်ဘက်ကမ်းရှိ မုံးကိုး၊ မုံးယား၊ ဖောင်းဆိုင်၊ မုံးလုံ နှင့် မုံးပေါ် စသည့်ကျေးရွာများသည် ယခင်က မုံးကိုးကာကွယ်ရေးတပ်မတော် (MDA)တပ်ဖွဲ့ထိန်းချုပ်ရာ ဒေသများဖြစ်ခဲ့ပြီး ၂ဝဝဝ ခုနှစ်၊ အောက်တို ဘာ(၂၄)ရက်တွင် စတင်ခဲ့သည့် အချင်းချင်းအာဏာသိမ်းသည့် အရေးအခင်းအတွင်း အာဏာသိမ်းရန် ကြိုးစားသည့် လီနင်မင် ဦးဆောင်သည့်အဖွဲ့ကို နအဖ စစ်တပ်က နှိမ်နင်းသတ်ဖြတ်ကာ မုံးကိုးတပ်ဖွဲ့ကိုလည်း ဖျက်သိမ်းခဲ့သည်။
အာဏာအသိမ်းခံရသဖြင့် နအဖနှင့် သွားရောက်ပူးပေါင်းခဲ့သူ ဥက္ကဌ မုံဆာလလည်း မူးယစ်ဆေးဝါး အမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရကာ ထောင်အတွင်း သေဆုံးသွားသကဲ့သို့ ၎င်း၏ နောက်လိုက်ငယ်သားများကို နအဖ စစ်တပ်က ကျေးရွာ ပြည်သူ့စစ်တပ်ဖွဲ့များအဖြစ် ဖွဲ့စည်းပေးထားခဲ့သည်။
နအဖစစ်တပ် သိမ်းပိုက်ထိန်းချုပ်ထားရာ မုံးကိုးဒေသအတွင်း (၁ဝ) နှစ်ကြာ သေနတ်သံငြိမ်သက်နေရာမှ ပထမဆုံးအကြိမ် သေနတ် စပေါက်ခြင်းဖြစ်သကဲ့သို့ ရွေးကောက်ပွဲအတွက် မဲဆွယ်လှုပ်ရှားမှုကို လက်မခံကြောင်း ပြသသည့်သဘောမျိုးလည်း သက်ရောက်ကာ ယခုတိုက်ခိုက်မှုသည် သာမန်တိုက်ခိုက်မှုမျိုးမဟုတ်ဘဲ နိုင်ငံရေးလက္ခဏာ အသွင်ဆောင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။
၎င်းက “တိုက်တိုက်ဆိုင်ဆိုင် လီနင်မင်တို့ မုံးကိုးတပ်ဖွဲ့ဥက္ကဋ္ဌ မုံဆာလကို အာဏာသိမ်းတဲ့ (၁ဝ) နှစ်တင်းတင်း ပြည်တဲ့နေ့မှာ ဖြစ်တယ်။ ပြီးတော့ မုံးပေါ်ပြည်သူ့စစ် ခေါင်းဆောင်က မဲဆွယ်စည်းရုံး ဟောပြောပွဲ လုပ်မယ့်နေ့လည်း ဖြစ်လို့ အခုတိုက်ခိုက်မှုဟာ နိုင်ငံရေး အသွင်ဆောင်တဲ့သဘောလို့ ယူဆလို့ရတယ်။ လီနင်မင်တို့ကို ထောက်ခံတဲ့ ကိုးကန့်တွေလည်း ဖြစ်နိုင်သလို အမျိုးသားရေး လက်နက်ကိုင် အင်အားစုတွေလည်း ဖြစ်နိုင်တာပဲ။ အဲဒီမှာက လက်နက်ကိုင်အဖွဲ့တွေလည်း များတယ်။ ဘယ်သူ့လက်ချက် ဆိုတာကိုတော့ ပြောဖို့ ခက်လိမ့်မယ် ” ဟု ပြောသည်။
ယခင်က မုံးကိုးကာကွယ်ရေးတပ်မတော် (MDA) တပ်ဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ၁၉၈၉ ခုနှစ်တွင် ပထမဆုံးခွဲထွက်ခဲ့သည့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့မှ ထပ်မံခွဲထွက်လာသည့်အဖွဲ့ဖြစ်ပြီး အဖွဲ့အတွင်း ကိုးကန့် (တရုတ်)နှင့် ကချင်လူမျိုးစုကြီး(၂)ခုအကြား လူမျိုးရေးအခြေခံပြီး ၂ဝဝဝ ခုနှစ်၊ အောက်တိုဘာလတွင် အာဏာသိမ်းအရေးအခင်းဖြစ်ခဲ့ရာ မုံဆာလ ဦးဆောင်သည့် ကချင်အမျိုးသားအုပ်စုက အရေးနိမ့်ကာ နအဖနှင့် ပူးပေါင်းခဲ့ပြီး ကိုးကန့်နှင့် ဝတပ်ဖွဲ့တို့ ထောက်ခံကူညီခဲ့သည့် လီနင်မင်ဦးဆောင်သည့်အဖွဲ့မှာ နအဖစစ်တပ်၏ ဝိုင်းဝန်း ချေမှုန်းသတ်ဖြတ်ခြင်း ခံခဲ့ရသည်။

လိုင်ဇာဈေးမီးလောင်၍ သိန်းထောင်နှင့်ချီ ဆုံးရှုံး

ခိုင်လင်း / ၂၅ အောက်တိုဘာ ၂၀၁၀
ယနေ့ မနက်ပိုင်းက ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဗဟိုဌာနချုပ်ရှိရာ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ရှိ ဈေးအတွင်းမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းများနှင့် နေအိမ်အချို့ မီးထဲပါသွားပြီး ကျပ်သိန်း (၉ဝဝဝ) ဝန်းကျင် ဆုံးရှုံးသွားသည်ဟု သိရသည်။
နံနက် (၁) နာရီကျော်မှ စတင်လောင်ခဲ့သည့် မီးကြောင့် လိုင်ဇာဈေးရှိ ဆိုင်ခန်း (၁၁၉) ခန်းနှင့် အိမ် (၉) လုံး မီးလောင်ပြာကျခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုးအား ပဏာမ ခန့်မှန်းတွက်ချက်ထားမှုအရ ကျပ်သိန်း (၉ဝဝဝ) ရှိခဲ့သည်ဟု ကေအိုင်အို အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “တရုတ်ငွေနဲ့ ဗမာငွေ လဲတဲ့ဆိုင်တို့၊ ငွေလွှဲဌာနတွေပါ ပါသွားတယ်။ တရုတ်ငွေချည်းပဲ ယွမ် (၃၅) သိန်း ကျော်တယ်။ ဗမာငွေနဲ့တွက်ရင် သိန်း (၅ဝဝဝ) ကျော်ရှိတယ်။ ဆိုင်ခန်းနဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးက ကျပ်သိန်း (၃၄ဝဝ) ကျော်ရှိတယ်၊ အားလုံးစုစုပေါင်း သိန်း (၉ဝဝဝ) လောက်ရှိသွားတယ်” ဟု ပြောသည်။
လိုင်ဇာမြို့သည်တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်၍ တရုတ်ကုန်ပစ္စည်းများဖြစ်သည့် အထည်အလိပ်၊ စားသောက်ကုန်၊ စက်ပစ္စည်း၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းမျိုးစုံ၊ စားသောက် ကုန်ပစ္စည်းဆိုင်များ၊ ရွှေဆိုင်များ ပါဝင်ခဲ့ပြီး ဈေးဆိုင်ခန်းများအားလုံး မီးလောင်ကျွမ်းကာ အနီးရှိနေအိမ်များပါ မီးကူးစက် လောင်ခဲ့သည်ဟု လိုင်ဇာဒေသခံတဦးက ပြောသည်။
၎င်းက “ညသန်းခေါင်ကျော်လောက်က စလောင်တာ၊ မနက်မိုးလင်းပိုင်းမှ မီးညွှန့် ကျိုးသွားတယ်။ (၃) (၄) နာရီလောက် ကြာတယ်။ ကေအိုင်အိုက မီးသတ်ကားတစီးပဲ ရှိတယ်။ တရုတ် ကမ်းဘက်မှာလည်း မီးသတ်ကား မရှိဘူး။ မီးလောင်တော့ ဘာမှ မတတ်နိုင်ဘူး။ တဈေးလုံး ပြောင်သွားတယ်” ဟု ပြောသည်။
ယခု မီးလောင်မှုသည် လိုင်ဇာဒေသတွင် အကြီးမားဆုံးနှင့် ဆုံးရှုံးမှုအများဆုံးဖြစ်ပြီး ယခုလို မီးလောင်မှုကြောင့် ကုန်သွယ်ရေးလုပ်ငန်းပါ ထိခိုက်နိုင်ပြီး တနည်းအားဖြင့် ကေအိုင်အို၏ စီးပွားရေးကို ထိုးနှက်လိုက်တာ လည်းဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ်တဦးက ပြောသည်၊
၎င်းက“လိုင်ဇာမြို့ ဖွံ့ဖြိုးစည်ကားနေတယ်ဆိုတာက(၂)နိုင်ငံ ကုန်ပစ္စည်းအပြန်အလှန် ဖလှယ်ရောင်းဝယ်တဲ့ ဈေးရှိနေလို့လေ။ အထူးသဖြင့် မြစ်ကြီးနားနဲ့ ဗန်းမော်ဘက်က ကုန်သည်တွေ တက်လာကြတယ်။ ကေအိုင်အိုကလည်း တဖက်တလမ်းက အခွန်အကောက်ရတယ်။ အခုလိုဖြစ်တာက ကေအိုင်အိုရဲ့ စီးပွားရေးကိုလည်း ထိုးနှက်လိုက်သလို ဖြစ်တယ်” ဟု ပြောသည်။
မီးစတင်လောင်ကျွမ်းခဲ့သည့် အကြောင်းရင်းကို ကေအိုင်အိုက စစ်ဆေးလျက်ရှိပြီး မီးဘေးဒုက္ခသည်များအတွက် ကေအိုင်အိုအနေဖြင့် ကျပ်သိန်း(၁ဝဝဝ) အကူအညီပေးသွားမည်ဖြစ်ကြောင်း ကေအိုင်အို အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

donderdag 21 oktober 2010

စစ်အစိုးရက နိုင်ငံတော်အလံအသစ် ပြောင်းလဲအသုံးပြု

NEJ / ၂၁ အောက်တိုဘာ ၂၀၁၀
နိုင်ငံတော်အလံသစ်ကို အစိုးရဌာနများနှင့် အခြားအဖွဲ့အစည်းများတွင် ယနေ့ ပြောင်းလဲတပ်ဆင်ကြပြီ ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အတည်ပြုထားသော နိုင်ငံတော်အလံသစ် လွှင့်တင်ပွဲကို မြို့တော်ဝန် ဦးအောင်သိန်းလင်း ကိုယ်တိုင် တက်ရောက်၍ စစ်တီးဝိုင်း ဘင်ခရာအဖွဲ့များဖြင့် နိုင်ငံတော်သီချင်း တီးမှုတ်ကာ အခမ်းအနားဖြင့် ယနေ့ ညနေ (၃)နာရီကျော်တွင် ကျင်းပခဲ့ကြောင်း စည်ပင်သာယာ ဝန်ထမ်းတဦးက ပြောသည်။
မြို့တော်ခန်းမရှေ့တွင် အလံသစ်ကို လာရောက်ကြည့်ရှုသူတဦးက “အလံတော် အသစ်တင်တာတဲ့၊ မမြင်ဖူးလို့ ကြည့်တာပါ” ဟု ပြောသည်။
ပြောင်းလဲ အသုံးပြုသည့် နိုင်ငံတော်အလံသစ်တွင် သုံးရောင်ခြယ် အ၀ါ၊ အစိမ်းရင့်၊ အနီရောင် အလယ်၌ ကြယ်ဖြူတစ်လုံး ပါရှိသည်။
နိုဝင်ဘာ (၇)ရက် ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင် အသက်သွင်းရန် ကြိုတင်ပြင်ဆင်မှုတရပ်အနေဖြင့် နိုင်ငံတော်အလံ အပြင် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်နှင့် နိုင်ငံတော်သီချင်းတို့ကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဖော်ပြချက်အတိုင်း စတင်အသုံးပြုသွားမည် ဖြစ်ကြောင်း ယနေ့ မွန်းလွဲပိုင်း စစ်အစိုးရရေဒီယိုမှ ကြေညာသွားသည်။
တံဆိပ်အသစ်နှင့် နိုင်ငံတော်သီချင်းကို မည်သည့်နေ့ရက်တွင် စတင် အသုံးပြုမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးချေ။
၂၀၀၈ခု ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ပေါ်ပေါက်လာမည့် ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ် အစည်းအဝေး ကျင်းပချိန်မှသာ စတင်၍ အသက်ဝင်မည်ဖြစ်ရာ ယခုလုပ်ရပ်သည် လုပ်ပိုင်ခွင့် ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း ပြည်တွင်းမှ ဥပဒေဆိုင်ရာ ပညာပေးရေးသားနေသူ စာရေးဆရာကြီးတဦးက ဝေဖန်သည်။
“၂၀၀၈ အခြေခံဥပဒေက အာဏာစတည်တဲ့နေ့မှ စသုံးလို့ရမှာပေါ့။ အခုလုပ်ရပ်က တရားဥပဒေကို အာဏာနဲ့ မတရားမှု ကျူးလွန်လိုက်တာ၊ လုပ်ပိုင်ခွင့် ချိုးဖောက်လိုက်တာ ဖြစ်တယ်။ အသက်မဝင်သေးတဲ့ ဥပဒေပါ ဖော်ပြချက်တွေကို အသုံးပြုတာ ကြားလို့လည်း မကောင်းပါဘူး။ ဒါက လဲလိုက်လည်း တရားမဝင်ဘူး။ နိုင်ငံတော်အလံဆိုတာ ဥပဒေအတိုင်း မလုပ်ဘဲ အာဏာနဲ့ အတင်းပြောင်းခိုင်းလို့ရတဲ့ အလုပ်လည်း မဟုတ်ဘူးလေ” ဟု အဆိုပါ စာရေးဆရာက ပြောကြားသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်က ၁၉၇၄ ခုနှစ် ဇန်နဝါရီ (၃)ရက်နေ့၌ စတင် အသုံးပြုလာခဲ့သော အနီအောက်ခံ၊ ညာဘက်ထိပ် အပြာရောင်လေးထောင့်တွင်းမှ ကြယ်ဖြူ (၁၄)လုံး ဝိုင်းရံထားသော စပါးနှံ ပါရှိသည့် နိုင်ငံတော်အလံအစား အသစ်ပြောင်းလဲ အသုံးပြုလိုက်ခြင်း ဖြစ်သည်။
အဆိုပါ နိုင်ငံတော်အလံအသစ်ကို နိုင်ငံတဝန်းလုံးရှိ အစိုးရဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာနေရာအားလုံး အောက်တိုဘာ (၂၁)ရက်နေ့ မွန်းလွဲပိုင်း(၃)နာရီအချိန်တွင် လဲလှယ်အသုံးပြုသွားရန် ညွှန်ကြားထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဝန်ထမ်းတဦးက ပြောသည်။
၎င်းက “ဟိုတယ်တွေ၊ အစိုးရအဆောက်အဦတွေ အားလုံး ကိုယ့်ရဲ့ဌာနဆိုင်ရာ ရုံးတွေမှာ အလံသွားထုတ်ယူဖို့နဲ့ ဒီနေ့ ညနေ (၃)နာရီနောက်ပိုင်း အလံသစ်ကို လဲဖို့ ဒီမနက်ကပဲ ညွှန်ကြားချက် ထွက်လာတာ။ အခု ကျမ သိသလောက်က အားလုံး လဲပြီးနေပါပြီ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
မြဝတီနှင့် ဘုရားသုံးဆူကဲ့သို့ ထိုင်း-မြန်မာနယ်စပ်မြို့များရှိ အစိုးရအဆောက်အဦများတွင်လည်း နိုင်ငံတော်အလံသစ်ကို လဲလှယ်လွှင့်တင်ထားပြီ ဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့သည့် ၁၉၄၈ ခု ဇန်နဝါရီ (၄)ရက်နေ့မှစ၍ ယနေ့လဲလိုက်သည့် နိုင်ငံတော်အလံ အပါအဝင် အလံ (၃) မျိုးရှိပြီဖြစ်သည်။
ယနေ့ စတင် အသုံးပြုလိုက်သည့် နိုင်ငံတော်အလံသစ်ကို နယ်ခြားစောင့် အသွင်ပြောင်းခဲ့သော တပ်ဖွဲ့တို့၏ စစ်ဝတ်စုံ လက်မောင်းတံဆိပ်၌လည်း မြန်မာ စစ်အစိုးရက ထပ်တူ အသုံးပြုခဲ့ပြီး ဖြစ်သည်။