မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label ခေတ်ပြိုင် မှ. Alle posts tonen
Posts tonen met het label ခေတ်ပြိုင် မှ. Alle posts tonen

maandag 25 oktober 2010

ထိပ်တိုက်တွေ့နေတဲ့ တွေးခေါ်မှုနှစ်ရပ်

ရဲဘော်ဖိုးသံချောင်း / ၂၂ အောက်တိုဘာ ၂၀၁၀
ဒီနေ့ မြန်မာပြည်နိုင်ငံရေးဇာတ်ခုံမှာ တွေးခေါ်မှုနှစ်ရပ်နဲ့ ပဋိပက္ခကို အထင်ရှား တွေ့နေရပါတယ်။
လူ့အဖွဲ့အစည်းထဲမှာ ပဋိပက္ခဆိုတာ အများကြီးရှိတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် အချိန်အခါလိုက်လို့ တခုသော ပဋိပက္ခဟာ အဓိက ရှေ့တန်းရောက်နေတတ်ပါတယ်။ ဒါဟာ တရားပါ။ အခုလည်း မြန်မာပြည်နိုင်ငံရေး တွေးခေါ်မှုတွေထဲမှာ အဓိက ရှေ့တန်းရောက်နေတဲ့ ပဋိပက္ခတွေထဲမှာ စစ်အုပ်စုအုပ်စိုးမှုအောက်မှာ ဆက်လက်လုပ်ကိုင်သွားရင်း တိုင်းပြည်ကို တိုးတက်ကောင်းမွန်အောင် လုပ်လို့ရတယ်ဆိုတဲ့ တွေးခေါ်မှုနဲ့ စစ်အုပ်စုအုပ်စိုးမှုအောက်မှာ ဆက်ပြီး သွားနေလို့ကတော့ တိုင်းပြည်ဟာ တိုးတက်ကောင်းမွန်လာမှာ မဟုတ်ဘူးဆိုတဲ့ တွေးခေါ်မှုတို့ရဲ့ ပဋိပက္ခဟာ အဓိက ဆုံချက်ဖြစ်ပါတယ်။
မှန်ပါတယ်။ ဒီနေ့တည်ရှိနေတဲ့ ပါတီအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ အထက်မှာပြောဆိုခဲ့တဲ့ စကားလုံးတွေအတိုင်း ဒီအတွေးအခေါ်တွေကို ဖော်ပြတာ၊ ပြောဆိုတာ မဟုတ်ပါဘူး။ ကိုယ့်နည်းနဲ့ကိုယ် ဖော်ပြကြတာဖြစ်ပါတယ်။ တချို့က ဒီအတိုင်း တိုက်ရိုက်ပြောမယ်၊ တချို့က ကွေ့ပတ်ပြောမယ်၊ တချို့က သကာလူးပြီးပြောမယ်၊ တချို့က စောင်းပါးရိပ်ခြေပြောမယ်။ အလားတူပဲ နအဖစစ်အစိုးရရဲ့ ဒီမိုကရေစီအောက်မှာ ဒုတိယအမျိုးအစား အတွေးအခေါ် ရှိသူတွေကတော့ ကိုယ့်အနေအထားနဲ့ကိုယ် သတိထားပြောကြရပါတယ်။ သဘာဝကျစွာပဲ ပြည်တွင်းမှာနေသူနဲ့ ပြည်ပမှာနေသူတို့ဟာလည်း ပြောကြားပုံ၊ တင်ပြပုံတွေ ခြားနားကြပါတယ်။
စစ်အစိုးရလက်အောက်မှာ ဆက်လက်လုပ်ကိုင်သွားရင်း တိုင်းပြည်ကို တိုးတက်ကောင်းမွန်အောင် လုပ်သွားနိုင်မယ်ဆိုတဲ့ တွေးခေါ်နည်းကို ကိုင်စွဲထားသူတွေထဲမှာ “အမျိုးသားနိုင်ငံရေးမှာ တပ်မတော်၏ဦးဆောင်မှုအခန်း”ဆိုတာကို တင်နေကြသူတွေ၊ “၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဒီမိုကရေစီအတွက် အာမခံချက်တွေ အပြည့်အစုံ မပါပေမယ့် တဖြည်းဖြည်းချင်း ပြုပြင်ယူသွားမယ်” လို့ဆိုသူတွေ၊ “ခြေတလှမ်းရရ၊ နှစ်လှမ်းရရ ယူထားရမယ်” လို့ ဆိုသူတွေ၊ “ဒီအချိန်မှာ လူထုတိုက်ပွဲစကားပြောသူတွေဟာ မိုက်ရူးရဲတွေ၊ နိုင်ငံရေးသူငယ်နာ မစင်သူတွေ”လို့ ပြောနေသူတွေ၊ “အခြားအစားထိုးစရာနည်းလမ်းတွေမရှိဘဲရွေးကောက်ပွဲကိုဆန့်ကျင်ခြင်းသည် လေလုံးထွားခြင်းသာဖြစ်သည်” လို့ဆိုသူတွေ၊ လေမတူသော်လည်း အခြေခံစိတ်သဘောထားတူသူတွေ အားလုံးပါဝင်ပါတယ်။ ဒီနေရာမှာ စိတ်သဘောထားဆိုတာက လာတော့မယ့်ရွေးကောက်ပွဲကို ထောက်ခံတာကို ဆိုလာတာဖြစ်ပါတယ်။
တဖက်မှာကတော့ နအဖ ဒီလိုလုပ်နေပုံမျိုးကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာရဲ့ အောက်မှာဖြစ်စေ၊ ရွေးကောက်ပွဲကတဆင့်ပဲဖြစ်စေ၊ တခြားဘယ်နည်းနဲ့ပဲဖြစ်စေ ဆက်လက်လုပ်ဆောင်သွားတာကို ဆန့်ကျင်သူတွေ ဖြစ်ပါတယ်။ မြန်မာပြည်ကို စစ်အုပ်စုရဲ့ အရိပ်သြဇာအောက်က လုံးဝလွတ်ကင်းတဲ့ အစိုးရတရပ် ပေါ်ထွက်ရေးအတွက် လုံးပန်းရမယ်လို့ဆိုသူတွေ ပါဝင်ပါတယ်။ ဒါပေမယ့် ဒါကို ပြည်ပမှာ နေထိုင်သူတွေသာ ဒီအတိုင်းတိုက်ရိုက် ပြောဆိုနိုင်ကြပါတယ်။ ပြည်တွင်းမှာနေတဲ့လူတွေကတော့ အမြီးရှိတဲ့လူတွေ ရိပ်မိကြနော်ဆိုတာမျိုးလောက်ပဲ အလွန်ဆုံးပြောနိုင်ပါတယ်။
အခုတင်ပြနေတာဟာ တွေးခေါ်မှုပြဿနာဖြစ်ပါတယ်။ သာမန်အယူအဆတခုကိစ္စကို ပြောတာမဟုတ်ပါဘူး။ ပိုမိုနက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ဟာ ဖြစ်ပါတယ်။ နောက်ပြီး အယူအဆအားလုံးတို့ရဲ့ အခြေခံ အစပြုရာလည်း ဖြစ်ပါတယ်။ လူရဲ့ တွေးခေါ်မှုဆိုတာ သူချည်းသီးခြား တည်ရှိနေတာမဟုတ်ပါဘူး။ နောက်ခံသမိုင်း၊ မြစ်ဖျားခံရာ စသဖြင့် ရှိပါတယ်။ ဒီနေရာမှာတော့ အဲဒီအထိ တင်ပြဆွေးနွေးဖို့ မသင့်သေးဘူးထင်ပါတယ်။ ဒါကြောင့် ဖြစ်ပေါ်နေတာတွေကိုပဲ တင်ပြသွားပါမယ်။
ဒီတွေးခေါ်မှုနှစ်မျိုးရဲ့ ဆုံချက်နေရာဟာ နအဖရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဖြစ်ပြီး အယူအဆအရ အခြေခံအားဖြင့် ညှိမရတာဟာ မြန်မာပြည်နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍဆိုတာ ဖြစ်ပါတယ်။ ဒါတွေဟာ ဒီနေ့ နိုင်ငံရေးရဲ့စံ၊ မှတ်ကျောက်လို့ ဆိုရင် မမှားဘူးထင်ပါတယ်။
အခုအခါမှာ အဖွဲ့အစည်းဖြစ်စေ၊ လူပုဂ္ဂိုလ်တဦးချင်းဖြစ်စေ နိုင်ငံရေးစကားတွေ ဝေအောင်ပြောနေကြပါတယ်။ လူကြားကောင်းမယ့် ဝေါဟာရမှန်သမျှလိုလိုကို အသုံးပြုနေကြတာပါ။ “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဈေးကွက်စီးပွားရေး၊ဒီမိုကရေစီရေး”စတာတွေကို လိုလားထောက်ခံပါကြောင်း အဖွဲ့အစည်းတိုင်း၊ လူတိုင်းလိုလိုပဲ ပြောကြရေးကြပါတယ်။ ဒါပေမယ့် အဲဒီအသံရှင်တွေကို အထက်က စံ-မှတ်ကျောက်နဲ့ တင်ကြည့်လိုက်ရင် ဘီလူးစည်း လူ့စည်း ကွဲသွားတာ တွေ့ရပါမယ်။ အဲဒီကိစ္စတွေအပေါ် ဘယ်လိုသဘောထားသလဲလို့ ဖြေခိုင်းလိုက်ရင် ရပ်တည်ချက်အမှန်ဟာ ပေါ်ထွက်လာမှာပါ။
မြန်မာပြည်နိုင်ငံရေးမှာက နိုင်ငံရေးဝေါဟာရတွေကို လက်တလုံးခြားအသုံးချကြတဲ့ အစဉ်အလာသာမက လူနာမည်၊ အမှတ်အသားစတာတွေကိုလည်း ကိုယ့်အတွက်၊ ကိုယ့်ပါတီအတွက် အသုံးချလေ့ရှိတာဟာ လွတ်လပ်ရေးရပြီးကတည်းကလို့ ဆိုရမလိုပါပဲ။ ဖဆပလတွေဟာ ရွေးကောက်ပွဲဝင်တဲ့အခါမှာ မဲပုံးပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို တင်ထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို အသုံးချပြီး မဲတောင်းတာပါ။ ဒါကြောင့်မို့ အဲဒီတုန်းက သင်္ကြန်တခုမှာ သံချပ်ထိုးကြတော့ “ဗိုလ်ချုပ်အောင်ဆန်း သနားစရာ-သူ့ခမျာ မဲပုံးတံဆိပ်”လို့ အော်တာ ကြားခဲ့ရဖူးပါတယ်။ အလားတူပဲ ဒီတခါ နအဖရဲ့ ရွေးကောက်ပွဲမှာလည်း ခမောက်တံဆိပ်ကို မောင်ပိုင်စီးချင်တာ၊ မြန်မာတမျိုးသားလုံးက ပိုင်ဆိုင်တဲ့ ခွပ်ဒေါင်းအလံကိုတောင်မှ ကိုယ်မဲရရေးအတွက် မဲပုံးတံဆိပ်အဖြစ် အသုံးချချင်တာ စတဲ့ မရိုးသားတဲ့ ကြံစည်မှုတွေကို တွေ့ရတယ်မဟုတ်ပါလား။ ဒါတင်မက တချို့ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လမ်းခွဲခဲ့ပြီးတာတောင်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်နဲ့ဂုဏ်ကို အသုံးချနိုင်အောင် ပြောဆိုနေတာလည်း ကြားရပါတယ်။ ဒီတော့ သူတို့ဘာသာသူတို့ ဘာခမောက်ပဲဆောင်းဆောင်း၊ ဘာအလံပဲထူထူ အထက်ကကိစ္စတွေအပေါ် ဘယ်လိုသဘောထားသလဲလို့ မေးလိုက်ရင် သဲကွဲသွားမှာပါ။
ထပ်ပြောပါမယ်။ ပထမအမျိုးအစားတွေးခေါ်မှုကို နအဖစစ်အုပ်စုထိပ်သီးတွေက လက်ခံသဘောကျပါတယ်။ ဒါပေမယ့် ဒုတိယအမျိုးအစားတွေးခေါ်မှုကိုတော့ သူတို့က အကြီးအကျယ် မုန်းတီးဆန့်ကျင်ပါတယ်။ ဒီလို နအဖထိပ်သီးတွေရဲ့ သဘောထားကိုက ဒီ စံ၊ မှတ်ကျောက်ကို အတည်ပြုနေတာလို့ပြောရင် ရမယ်ထင်ပါတယ်။
စိတ်ပျက်စရာကောင်းတာက ပထမအမျိုးအစား တွေးခေါ်မှုရှိသူတချို့က ဒီနေ့နိုင်ငံရေးမှာ ပြည်သူလူထုကို လိမ်လို့ရနိုင်မယ်လို့ ထင်နေကြတာပါပဲ။ လိမ်လို့မရမှန်း သူတို့သိတဲ့အခါကျတော့ ကိစ္စတွေက နောက်ကျကုန်ပြီဆိုတာကို တွေ့ကြရပါလိမ့်မယ်။

ရခိုင်လေဘေး အရေးပေါ် ကယ်ဆယ်ရေးလိုအပ်

မျိုးချစ်သူ / ၂၅ အောက်တိုဘာ ၂၀၁၀
ရခိုင်ပြည်နယ်ကျောက်ဖြူမြို့အနီးမှ ပြီးခဲ့သည့်အောက်တိုဘာ(၂၂)ရက်နေ့တွင်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းဂီရိကြောင့် မုန်တိုင်းဖြတ်သွားသော ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေးများ အမြန်လိုအပ်နေသည်။
မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ တမြို့လုံး ပျက်စီးကာ မြေပုံမြို့နှင့် ယင်းမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၀) ခန့် ပျက်စီးသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ လူဦးရေပေါင်း သောင်းနှင့်ချီ ရှိနေကြောင်း သိရသည်။
“ကျောက်ဖြူမှာ မြို့ပေါ်ရပ်ကွက်တွေတောင် ရေကမကျသေးဘူး။ သေတာလည်းရှိတယ်။ စာရင်းအရတော့ တိတိကျကျ မသိရသေးဘူး။ အစိုးရကတော့ သေတာလည်း မထုတ်ပြန်ရဘူး ပြောနေတယ်။ ကျနော် သိသလောက်က လောလောဆယ် သေသူစာရင်းက (၃၀) လောက် ရှိပါပြီ။ မြို့ပေါ်နဲ့ ရွာတွေက စာရင်းအရပါ” ဟု ကျောက်ဖြူမြို့ စေတီကွင်းရပ်ကွက်သား တဦးက ပြောသည်။
ဆိုင်ကလုန်းမုန်တိုင်း ဂီရိသည် ကျောက်ဖြူမြို့၊ မြေပုံမြို့တို့ကို အများဆုံး တိုက်ခတ်ခဲ့သောကြောင့် ယင်းမြို့နယ်များမှ ကျေးရွာပေါင်း ရာဂဏန်းခန့် ပျက်စီးကာ သေကျေမှုများလည်း ရှိကြောင်း စစ်တွေမြို့မှ လူမှုဝန်ထမ်း အရာထမ်းတဦးက ပြောသည်။
ကျောက်ဖြူမြို့ အာဏာပိုင်များက ကယ်ဆယ်ရေး စတင်ပြုလုပ်နေကြောင်း၊ ကယ်ဆယ်ရေးအတွက် အန်ဂျီအို၊ အိုင်အန်ဂျီအိုများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်ရှိ ရခိုင်အဖွဲ့အစည်းတခုဖြစ်သော ရခိုင်သဟာရအသင်းမှ အတွင်းရေးမှူး ဦးထွန်းနိုင်က “ကျနော်တို့ ရခိုင်သဟာရအသင်းက ကျောက်ဖြူမြို့ကို ဆန်အိတ်တွေ ပို့တော့မယ်။ ကျောက်တော်မြို့က ၀ယ်တာလည်း ပါတာပေါ့။ ငွေကိုတော့ ရန်ကုန်က အသင်းတွေက လှူကြတာ ရှိတယ်။ လိုတာတော့ လိုတာပေါ့ဗျာ။ အများကြီး ပျက်စီးသွားတာလေ” ဟု ပြောသည်။
မုန်တိုင်းကြောင့် မြေပုံမြို့နယ်အတွင်းမှ ကျေးရွာများတွင်သုံးသော သောက်ရေကန်များအားလုံး ပင်လယ်ရေ၀င်သွားသည့်အတွက် သောက်သုံးရေများ ပြတ်လပ်နေပြီး ၀မ်းပျက်ရောဂါများပါ ဖြစ်နေကြောင်း၊ ယင်းအတွက် ဆေးဝါးများလိုအပ်ကြောင်း၊ ကျောက်ဖြူမြို့သို့ သွားရောက်ကာ ဆန်များလှူဒါန်းနေသော စစ်တွေမြို့မှ လူမှုရေးလုပ်ငန်း လုပ်နေသူတဦးက ပြောသည်။
“ကျနော်တို့က မြေပုံကိုရောက်ပြီးပြီ။ အခြေအနေဆိုးတယ်လို့ ပြောရမှာပါ၊ အာဏာပိုင်တွေကလည်း သေသေချာချာကယ်ဆယ်ရေး လုပ်တာမရှိသေးဘူး” ဟု ၎င်းက ပြောသည်။
ရန်ကုန်တွင် ရွှေပန်းထိမ်လုပ်နေသော မြေပုံမြို့နယ်ရှိ အမြင့်ချောင်းရွာသားတဦးက “အိမ်တွေအားလုံး ကုန်တယ်။ ကျနော့်အိမ်လည်း အားလုံးပျက်တာတဲ့။ ဘာမှ မကျန်လိုက်ဘူးတဲ့။ ကျနော် ဆက်သွယ်လို့ရတာပေါ့လေ သေတာကတော့ အခုအယောက် (၂၀) ကျော်ပြီတဲ့၊ ပျောက်နေတာတွေကတော့ အများကြီးပဲတဲ့၊ ပျောက်နေတယ်ဆိုတာ သေစာရင်းပဲလေ၊ ကန်တွေကိုလည်း ဆားငန်ဝင်တာ ဘာမှသုံးမရတော့ဘူးတဲ့” ဟု ပြောသည်။
ရန်ကုန်တွင်ပြီးခဲ့သည့် အောက်တိုဘာ (၂၄) ရက်နေ့က ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ရခိုင်လေဘေးအတွက် ပြုလုပ်သော အစည်းအဝေးမှ ကောက်ခံရရှိသော ငွေကြေးများကို ငွေသားသော်လည်းကောင်း၊ အိမ်များဆောက်လုပ်နိုင်ရန် သော်လည်းကောင်း၊ မုန်တိုင်းသင့်သူများလက်ကိုသာ အပ်မည်ဖြစ်ကြောင်း ရခိုင်သားကြီးစာပေမှ ဦးဦးလှမြင့်က ပြောသည်။
“အသင်းက ဆန်တွေလှူနေတယ်။ ငွေကိုလည်း လိုအပ်သလို လုပ်ဆောင်မယ်။ အဲဒီအခါ တကယ်ကို မုန်တိုင်းသင့်ခံရတဲ့ပြည်သူတွေ လက်ကိုပဲ တိုက်ရိုက်အပ်မှာပါ” ဟု ၎င်းက ပြောသည်။
ယခုအခါမုန်တိုင်းတိုက်ပြီးသည်မှာ(၃)ရက်မြောက်နေ့ဖြစ်သော်လည်းမုန်တိုင်းဒဏ် ပိုမိုခံခဲ့ရသောမြေပုံမြို့နယ်တွင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် မည်သူမျှ မရောက်လာသေးကြောင်း ဒေသခံတဦးက ပြောကြားသည်။

donderdag 21 oktober 2010

ရန်ကုန်တိုင်းတွင် လုံခြုံရေး ပိုချထား

တက်လူ / ၂၁ အောက်တိုဘာ ၂၀၁၀
ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် လုံခြုံရေး အတွင်းစည်း အပြင်စည်းများ ချထားကြောင်း ပြည်ထဲရေး (ရန်ကုန်ရုံး) မှ ရဲအရာထမ်းတဦးက ပြောသည်။
“အပြင်စည်း အတွင်းစည်း ဆိုတာကတော့ စစ်တပ်သုံးစကားပဲ။ အခုချတဲ့လုံခြုံရေးက ရဲရော၊ စစ်သားရော ချတာ။ အရင်ကဆို နေ့ဘက်မှာ ရဲလုံခြုံရေးချတာ။ အခုက ရွေးကောက်ပွဲမတိုင်ခင် ပြဿနာတွေဖြစ်မှာစိုးလို့ ရဲရော၊ စစ်သားရော လုံခြုံရေးချတာ။ တပ်မ(၇၇) ကလည်းပါတယ်” ဟု ၎င်းက ပြောသည်။
ညဘက်ထွက်သူများအား ယခင်ထက်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ မြောက်ဥက္ကလာပမြို့နယ်တွင် ညမထွက်ရ အမိန့်များထုတ်ပြန်ထားပြီး ဧည့်စာရင်းကို တင်းကျပ်စွာစစ်ဆေးကြောင်း မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းနေ ပြည်သူတဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေပေါက္ကံမြို့နယ်၌ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရွေးကောက်ပွဲဆန့်ကျင်ရေး စာရွက်စာတမ်းများ ဖြန့်ဝေသည့်ကျောင်းသားများ အဖမ်းခံရပြီးသည့်နောက် မြောက်ဥက္ကလာပမြို့နယ်ကို ညမထွက်ရအမိန့် ထုတ်ခဲ့ခြင်း ဖြစ်သည်။
“ရွှေပေါက္ကံက မြောက်ဥက္ကလာပ အပိုင်ဖြစ်တယ်လေ၊ အဲဒါကြောင့် ဆက်စပ်ပြီးတော့ ညမထွက်ရဆိုတာ လုပ်လိုက်တာဖြစ်မယ်၊ ကျန်တဲ့ မြို့နယ်တွေတော့ ညမထွက်ရဘူးဆိုတာ မကြားမိဘူး” ဟု မြောက်ဥက္ကလာ (ည)ရပ်ကွက်သားတဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် အဓိက လမ်းမကြီးများတွင် နေ့ဘက်၌ ရဲ အနည်းဆုံး (၂) ဦး မှ (၅) ဦးအထိ အစောင့်ချထားပြီး ညပိုင်း၌ လမ်းဆုံလမ်းခွများ၊ မီးပွိင့်များတွင် ယာဉ်အသွားအလာမှအစ လုံခြုံရေးအရ စစ်ဆေးမှုများ တင်းကျပ်စွာ လုပ်နေကြောင်း တက္ကစီယာဉ်မောင်းတဦးက ပြောသည်။
“ စီးပွားရှာရတာ မလွယ်ပါဘူးဗျာ။ မောင်းမကောင်းရတဲ့ကြားထဲ စစ်ဆေးရေးတွေက တမှောင့်ဖြစ်နေတယ်။ လမ်းတွေမှာသံဆူးကြိုးတွေချပြီးတော့(၄)လမ်းသွားဆိုရင် ဟိုဘက်တလမ်းပိတ် ဒီဘက်တလမ်းပိတ်ပြီးတော့ စစ်တယ်။ ဒါကြောင့် ယာဉ်ကြောကြပ်တယ်၊ ကြာတာပေါ့။ ခရီးမတွင်ဘူးလေဗျာ။ စစ်တာတွေကတော့ မီးသတ်ပါတယ်၊ အရပ်ဝတ်နဲ့ ရယက တွေပါတယ်၊ ရဲပါတယ်။ အခုတလော များလာတယ်ဗျ”ဟု တောင်ဥက္ကလာပမှ အငှားယာဉ်မောင်းတဦးက ပြောသည်။
နအဖ သည် ယခုနှစ်ရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာထားပြီး ရွေးကောက်ပွဲ မတိုင်မီ ဆူပူမှုများဖြစ်ပေါ်မည်ကို အလွန်စိုးရိမ်နေကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အရာထမ်းတဦးထံမှ သိရသည်။
၎င်းက “အစိုးရအနေနဲ့ ၂၀၀၈ တုန်းကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုတဲ့အခါ မဖြစ်မနေလုပ်သွားခဲ့တယ်။ အခုလည်း သူတို့ကရွေးကောက်ပွဲကို မဖြစ်မနေလုပ်မှာဖြစ်တဲ့အတွက် သူတို့အတွက် အပျက်ဖြစ်သွားမှာကို မလိုလားဘူး။ ဒါ့ကြောင့် အစစအရာရာ လုံခြုံရေးချထားတာဖြစ်တယ်။ ဒီလဆန်းက စပြီးတော့ အရင်ထက် လုံခြုံရေး တိုးလိုက်တယ်” ဟု ပြောသည်။

တပ်တွင်းစစ်ရာထူး လျှို့ဝှက်ထား

မျိုးဝင်းဇော် / ၂၁ အောက်တိုဘာ ၂၀၁၀
မကြာသေးမီက စစ်တပ်အတွင်း ထိပ်ပိုင်းရာထူးရှိသူများကို အနားပေးခြင်း၊ ရာထူးအသစ် ခန့်အပ်ခဲ့ခြင်းများ ရှိခဲ့သော်လည်း အချို့စစ်ရာထူးများကို တပ်တွင်းလျှို့ဝှက်ထားဆဲ ဖြစ်ကြောင်း နေပြည်တော် စစ်ဌာနချုပ်မှ စစ်အရာရှိတဦးက ပြောကြားသည်။
“မူလက ထိပ်ပိုင်း စစ်ကောင်စီ အစည်းအဝေးလုပ်တယ်။ အဲဒီမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအဝင် အသက် (၅၅) နှစ်အထက် ထိပ်ပိုင်းတာဝန် ယူထားတဲ့ စစ်ခေါင်းဆောင်တွေကို စစ်ဘက်ရာထူးကနေ အနားယူပါ၊ သူနဲ့ ဒုဗိုလ်ချုပ်ကြီး မောင်အေးကတော့ တပ်မတော်ကို ထိန်းဖို့ စစ်ဘက်ရာထူးတွေကို ဆက်ပြီး ယူထားမှာ ဖြစ်ပေမယ့် ကာကွယ်ရေးဦးစီးချုပ်၊ ဒုချုပ်ရာထူးတွေကိုတော့ လွှဲပေးလိုက်မှာ ဖြစ်တယ်ဆိုပြီး ပြောဆိုညှိနှိုင်း အကောင်အထည် ဖော်ခဲ့ကြတယ်။ တရားဝင် ပြန်တမ်းတွေလည်း ထွက်ထားတယ်” ဟု အမည်မဖော်လိုသူ ယင်း စစ်အရာရှိက ပြောသည်။
၎င်းက “အဲဒီ ပြန်တမ်းတွေထဲမှာ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီး ကိုကို ကို ဒုကာကွယ်ရေး ဦးစီးချုပ် ဆိုပြီး အဲလို ပြန်တမ်း ထုတ်ထားတယ်။ ဒါပေမယ့် နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး တရုတ်ပြည်က ပြန်လာတဲ့အခါ စိတ်ပြောင်းသွားပြီး ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နဲ့ ဗိုလ်ချုပ်ကြီးကိုကို တို့ကို အရံအင်အား (စစ်ရာထူးဆက်ခံမယ့်သူ)အဖြစ် ပြန်တမ်း ပြန်ထုတ်ပြီး နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှာပဲ ရုံးထိုင် ထားခိုင်းလိုက်တယ်။ ဒါကြောင့် အဲဒီ နှစ်ယောက်ရဲ့ ရာထူးအမှန်ကို ထုတ်ပြန်ခြင်း မရှိတော့ဘဲ လျှို့ဝှက်ထားလိုက်တာ ဖြစ်တယ်” ဟု ရှင်းပြသည်။
အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ဗိုလ်ချုပ်မောင်အေးတို့က စစ်ရာထူး တပ်ရာထူးများမှ အနားမယူဘဲ ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် အခြား ဗိုလ်ချုပ်ကြီးများကို အနားပေးလိုက်ခြင်းကြောင့် အနားပေးခံရသည့် ကာယကံရှင်များကရော၊ မိသားစုဝင်များကပါ အတော်လေး မကျေမနပ် ဖြစ်နေကြကြောင်း၊ နောက်မျိုးဆက်များကို ကာကွယ်ရေးဦးစီးချုပ်၊ ဒုချုပ် ရာထူးကိုပါ လွှဲပေးမည် ဆိုခြင်းကြောင့် မကြိုက်သော်လည်း လက်သင့်ခံခဲ့ကြခြင်း ဖြစ်ကြောင်း ယခုကဲ့သို့ ဗိုလ်ချုပ်မှူးကြီးတို့က ကာကွယ်ရေး ဦးစီးချုပ်ရာထူးများကို ပြန်လည် ရယူထားလိုက်သည့် အပေါ် မကျေမနပ် ဖြစ်နေကြောင်း အခြားသော တပ်မတော်အရာရှိ အချို့ထံမှလည်း စုံစမ်း သိရှိရသည်။
ရွေးကောက်ပွဲအပြီး မကြာမီ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်လုပ်မည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ၏ ကိုယ်ရေးအရာရှိ အဖွဲ့ဝင်တဦးကမူ ယခုနောက်ဆုံး အစီအစဉ်အရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံတော် သမ္မတ ရာထူးကို လက်ခံပြီးမှသာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကိုရော ဗိုလ်ချုပ်မှူးကြီး ရာထူးမှပါ အငြိမ်းစားယူမည် ဖြစ်ကြောင်း၊ အကြောင်းမှာ ဖွဲ့စည်းပုံအရ လာမည့် လွှတ်တော်နှင့် အစိုးရဖွဲ့စည်းရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အခန်းကဏ္ဍ အလွန်အရေးပါသည့်အတွက် ယခုအချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို စွန့်လွှတ်ထားရန် မဖြစ်နိုင်ကြောင်း ရှင်းလင်းပြောဆိုသည်။
ဖွဲ့စည်းပုံအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် လာမည့် လွှတ်တော် အသီးသီးတွင် (၂၅) ရာခိုင်နှုန်း အရေအတွက်ရှိသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းတင်သွင်းခြင်းအပြင် ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး နေရာများအတွက် တပ်မတော်သား ဝန်ကြီးများကိုလည်း အမည်စာရင်း တင်သွင်းရမည် ဖြစ်သည်။
အဆိုပါ တပ်မတော်သား ကိုယ်စားလှယ်များသည် လွှတ်တော်တွင် ကာကွယ်ရေးဦးစီးချုပ်ကို ဒု-သမ္မတ လောင်းတဦးအဖြစ် အမည်စာရင်း တင်သွင်းနိုင်ပြီး သမ္မတ ဖြစ်လာသည့်အခါ တပ်တွင်းမှ မိမိစိတ်ချရသည့်သူကို ကာကွယ်ရေးဦးစီးချုပ် အဖြစ် ခန့်ထားနိုင်မည် ဖြစ်သည်။
ခေတ်ပြိုင်မှ လက်လှမ်းမီသမျှ တပ်မတော် အရာရှိများထံ စုံစမ်းကြည့်ရာတွင် ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဗိုလ်ချုပ်ကြီး ကိုကိုတို့ မည်သည့်တာဝန်များ ထမ်းဆောင်နေသည်ကို မည်သူမှ မသိရှိကြောင်း တုန့်ပြန် ဖြေကြားကြသည်။

donderdag 14 oktober 2010

မွန်ငြိမ်းချမ်းရေးအဖွဲ့နှင့် နအဖ သဘောတူညီမှု မရရှိသေး

ဝီရ / ၁၄ အောက်တိုဘာ ၂၀၁၀
ဌာနေပြည်သူ့စစ်ဖွဲ့စည်းရန် နအဖစစ်အစိုးရ၏ ဖိအားပေးခံနေရသော မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သည် ၎င်းတို့၏တောင်းဆိုချက်များကိုနအဖဘက်မှလိုက်လျောမှုမရှိသေး၍နှစ်ဖက် သဘောတူညီမှုမရကြသေးကြောင်း သိရသည်။
မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူ စီးပွားရေးသမားတဦးက “ဒီအဖွဲ့ကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ကော့ယက္ခကျေးရွာမှာပဲ တစုတည်းနေဖို့ ပြောတယ်။ ဒီအဖွဲ့က အခြေချနယ်မြေ (၃) နေရာနဲ့ အထူးစည်းရုံးရေး (၃) နေရာ တောင်းတယ်။ ဒါကြောင့် ဌာနေပြည်သူ့စစ် ဖွဲ့ဖို့ မလုပ်နိုင်သေးတာပါ” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ဌာနေပြည်သူ့စစ် ဖွဲ့ရန်အတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ)က ချမှတ်ပေးထားသော ကော့ယက္ခ အထူးဒေသအပြင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကော့ဒူး၊ ကော့မနော့နယ်မြေ၊ ရေးမြို့နယ် သောင်ပြင်၊ ကဗျာဝ၊ မကျီးကျွန်းနယ်မြေနှင့် အထူးစည်းရုံးရေးနယ်မြေအဖြစ် စီးပွားရေးအတွက် အချက်အခြာကျသော သံဖြူဇရပ် ရသေ့တောင်နယ်မြေ၊ မုဒုံမြို့ပေါ်နှင့် သထုံခရိုင် ဒေသတို့ကိုလည်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က တောင်းဆိုထားကြောင်း ၎င်းက ပြောသည်။
စစ်အစိုးရ၏ ပံ့ပိုးမှုဖြင့် ဆက်လက်ရပ်တည်နေသော အဖွဲ့ဖြစ်သည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကို မွန်ပြည်သစ်၏ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် နိုင်အောင်နိုင်က စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၎င်းသေဆုံးသွားသည့် ၂၀၁၀ ခု သြဂုတ်လ (၁၀) ရက်နေ့မှစ၍ မွန်ပြည်သစ် ဗိုလ်မှူးဟောင်းတဦးဖြစ်သူ နိုင်ရှောင်က ဦးဆောင်နေခြင်းဖြစ်သည်။
မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင် အားလုံးသည် အောက်တိုဘာ (၁၁)ရက်နေ့ နောက်ဆုံးထား၍ ကရင်ပြည်နယ် ကော့ယက္ခဒေသသို့ ပြောင်းရွှေ့နေထိုင်ပေးရန် စစ်ဘက်ရေးရာလုံခြုံရေးဌာနက တပ်ဖွဲ့ခေါင်းဆောင်အား ရတခ တပ်ဖွဲ့ရုံး၌ ခေါ်ယူပြောကြားခဲ့ကြောင်း တပ်ဖွဲ့ခေါင်းဆောင်နှင့် နီးစပ်သူတဦးက ပြောသည်။
လက်ရှိ တပ်ဖွဲ့ခေါင်းဆောင် နိုင်ရှောင်က ၎င်းတို့တပ်ဖွဲ့ကို ဌာနေပြည်သူ့စစ်အစား မွန်လုံခြုံရေးတပ်ဖွဲ့ (သို့မဟုတ်) မွန်ဒေသလုံးဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့အဖြစ် ပြောင်းလဲပေးရန် ပြီးခဲ့သည့်ရက်ပိုင်းက စစ်အစိုးရအား တောင်းဆိုထားကြောင်း သိရသည်။
“သူတို့အဖွဲ့ကိုမွန်ပြည်နယ်မှာမထားဘဲ ကရင်ပြည်နယ်ထဲက တနေရာတည်းမှာပဲ ထားတယ်ဆိုကတည်းက ညှိလို့ မဖြစ်နိုင်တော့ဘူးလေ။ ဒါပေမယ့် ရွေးကောက်ပွဲမလုပ်ခင် သူတို့အဖွဲ့ကိစ္စ အပြီးသတ် ဖွဲ့စည်းရမယ်ဆိုတော့ ဒီထက်ပိုတဲ့ ဖိအားပေးမှုတွေနဲ့ ဒီအဖွဲ့ ကြုံရနိုင်တယ်။ ဒါပေမယ့် သူတို့အဖွဲ့က မွန်ပြည်သစ်တို့လို လက်နက်ကိုင်အဖွဲ့ကြီးတွေကို ရင်ဆိုင်ဖို့ စစ်အစိုးရအတွက် အသုံးချစရာ မရှိမဖြစ် လိုအပ်နေတဲ့အဖွဲ့ ဖြစ်နေတော့ တောင်းဆိုထားတဲ့အတိုင်း လိုက်လျောမလားဆိုတာ စစ်အစိုးရအပေါ်မှာပဲ မူတည်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
အင်အား (၁၀၀)ပင် မပြည့်သော ထိုတပ်ဖွဲ့သည် ဌာနေပြည်သူ့စစ် ဖွဲ့စည်းနိုင်ရန် ပြီးခဲ့သည့်လများက စီးပွားရေးဆိုင်ရာ အခွင့်အရေးများ ပေး၍ တပ်ဖွဲ့ဝင်အသစ်များကို စည်းရုံးပြီး စစ်သင်တန်း ပေးခဲ့သေးကြောင်း နီးစပ်သူများ၏ အဆိုအရ သိရသည်။

maandag 5 april 2010

ရခိုင်ရိုးရာသင်္ကြန် စည်ကားရန် စီစဉ်နေ

တက်လူ/ ၅ ဧပြီ ၂ဝ၁ဝ
ရန်ကုန်ရောက်ရခိုင်ပြည်သူပြည်သားများ၏သင်္ကြန်ပွဲကိုရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူယာဉ်မောင်းကွင်းတွင်စည်ကားစွာပြုလုပ်သွားမည်ဟုရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)က သိရသည်။
ရခိုင်ရိုးရာသင်္ကြန်အားရှေးမူမပျက်ရခိုင်မျိုးဆက်သစ်များကဆက်လက်ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တွင်၂၀၀၄ခုနှစ်ကတည်းကကျင်းပနေခြင်းဖြစ်ကြောင်းအဆိုပါအဖွဲ့မှတာဝန်ရှိသူဦးသန်းမောင်က ပြောသည်။
ရခိုင်ပြည်နယ်ရှိမြို့နယ်ပေါင်း(၁၇)မြို့နယ်တွင်မြို့နယ်အားလုံးကိုယ်စားပြုမဏ္ဍပ်များမပါဝင်နိုင်သော်လည်း မြို့နယ်ကိုယ်စားပြုမဏ္ဍပ်ပေါင်း(၁၄)ခုပါဝင်မည်ဖြစ်ကြောင်း၊ယမန်နှစ်ကမဏ္ဍပ်ပေါင်း(၁၁)ခုပါဝင်ခဲ့ကြကြောင်း သိရသည်။
“ဒီနှစ်မှာတော့မဏ္ဍပ်ကလည်းပိုပြီးတော့များလာတယ်။မြို့တော်ဝန်မဏ္ဍပ်မှာလည်းယိမ်းအဖွဲ့ကသွားရောက် ပါဝင်ယှဉ်ပြိုင်မယ်။ပြီးတော့ရိုးရာအစားအစာရောင်းတဲ့ဆိုင်တွေကိုလည်းရောင်းချပေးသွားမယ်။ နာမည်ကြီး ရခိုင်အဆိုတော်တွေနဲ့သရုပ်ဆောင်တွေလည်းပါဝင်ကြမယ်ဆိုတော့အရင်နှစ်ကထက်ပိုပြီးတော့ စည်ကားမှာသေချာပါတယ်။နေ့စဉ်လူဦးရေ(၁)သောင်းခန့်ထိပါဝင်ရေကစားနိုင်အောင်လုပ်သွားမယ်”ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
ရိုးရာအစဉ်လာအတိုင်းရခိုင်သင်္ကြန်ပွဲတော်ကိုဧပြီလ(၁၂)ရက်ညနေပိုင်းတွင်နံ့သာသွေးပွဲ ဦးစွာပြုလုပ်မည်ဖြစ်ပြီးဧပြီလ(၁၃)ရက်တွင်နံ့သာရေများဖြင့်ဘုရားရေသပ္ပယ်ပူဇော်ကန်တော့ကာ သင်္ကြန်ကိုရခိုင်ရိုးရာအကပဒေသာများဖြင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
“သင်္ကြန်ပွဲမှာတော့ရခိုင်လေးဝတီတေးဂီတအဖွဲ့နှင့်အတူရခိုင်တိုင်းရင်းသားသရုပ်ဆောင်တွေဖြစ်တဲ့ ဘုန်းလျှံတို့၊ ရိုတတို့လည်း ပါဝင်ဖျော်ဖြေလိမ့်မယ်။ ဒီနှစ်မှာ မနှစ်ကထက် ရေကစားသူတွေ များလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။မနှစ်ကတော့တနေ့ကိုလူ(၅,၀၀၀)အထက်လာပြီးတော့ ကစားကြပါတယ်”ဟု ရခိုင်ရိုးရာသင်္ကြန်ဖြစ်မြောက်ရေးအဖွဲ့မှတာဝန်ရှိသူ တဦးက ပြောသည်။
သင်္ကြန်ပွဲကျင်းပမည့်သိမ်ဖြူကွင်းတွင်အလျား(၅၀)ပေနှင့်အနံ(၂၅)ပေအကျယ်ရှိရေကစားမဏ္ဍပ်များကို ဆောက်လုပ်နေပြီဖြစ်ပြီးမဏ္ဍပ်တွင်းရခိုင်ရိုးရာရေပက်မည့်ပေ(၄၀)အရှည်ရှိလောင်းလှေများကိုလည်း ဆောက်လုပ်နေပြီဖြစ်သည်။
မနှစ်က ရခိုင်သင်္ကြန်သို့ သွားရောက်ခဲ့သည့် မြန်မာလူငယ်တဦးက “၀င်ကြေးက (၅၀၀) ကျပ်ပဲရှိတယ်လေ။ ရေပက်တဲ့အခါမှာလည်းငွေ(၂,၀၀၀)ကျပ်လောက်ပါရင်ရပြီဆိုတော့ရေပက်ကစားမယ့် သူတွေအတွက်တော့အဆင်ပြေတယ်။ပြီးတော့ရခိုင်ရိုးရာရေပက်တာကတခြားလူမျိုးတွေအတွက် အတွေ့အကြုံသစ်တခုကို ရစေတယ်” ဟု ပြောသည်။
လက်ရှိရန်ကုန်မြို့အခြေအနေမှာမီးပျက်ရေပျက်ဖြစ်နေသည့်အတွက်သင်္ကြန်တွင်စည်ကားနိုင်ရန်မှာ ရေရရှိမှုအပေါ်မူတည်သည်ဟု မြို့ခံတဦးက ပြောသည်။
ယခုနှစ်သင်္ကြန်အတွက် ရေပေးဝေရေးအစီအစဉ်ကို(၂၄)နာရီ ရေပေးဝေမည့်မြို့နယ်၊နံနက်ပိုင်း ပေးဝေမည့်မြို့နယ်နှင့်တနေ့လျှင်(၂)ကြိမ်ပေးဝေမည့်မြို့နယ်ဟူ၍အုပ်စု(၃)ခုခွဲကာပေးဝေမည်ဖြစ်ပြီး ယင်းမြို့နယ်များကို စာရင်းထုတ်ပြန် ပေးသွားမည်ဟု ရန်ကုန်စည်ပင်မှ အရာထမ်းတဦးက ပြောသည်။
ရန်ကုန်မြို့ခံများကမူ စည်ပင်နဲ့ ရယကတို့က တနေ့နှင့်တနေ့၊ နေ့နှင့်ညပင်လျှင် မတူအောင် ဥပဒေအမျိုးမျိုး စည်းကမ်းအမျိုးမျိုး ထုတ်ပြန်လေ့ရှိသဖြင့် ယခုလောလောဆယ် အရေးကြီးသည်မှာ ပြည်သူများ ရေမှန်မှန်ရရှိရေးပင်ဖြစ်ကြောင်း ပြောဆိုနေကြသည်။





vrijdag 26 februari 2010

နအဖ တူးမြောင်းဖောက်ပုံမမှန်၍ ရေနက်ကွင်းပိုတိုး

အောင်ထက်/၂၆ ဖေဖော်ဝါရီ ၂ဝ၁ဝ
ရေနက်ကွင်းလယ်မြေများ ကင်းပျောက်စေရန်အတွက် အစိုးရက ဖောက်လုပ်သော တူးမြောင်းမှာ နည်းစနစ် မမှန်ကန် သောကြောင့် ရေနက်ကွင်းဧရိယာ နည်းမသွားဘဲ ပိုမိုတိုးပွားလာနေသည်ဟု ဒေသခံ တောင်သူများက ပြောကြားသည်။
“ဒယ်အိုးကြီး (၃) လုံးလို့ ခေါ်ဆိုကြတဲ့ ကြာကန်၊ အဖျောက်၊ လက်ခိုက် ကျေးရွာ ရေနက်ကွင်းလယ်မြေတွေ ကင်းပျောက်ဖို့ နအဖက ပေ (၇၀) တူးမြောင်း ဖောက်လိုက်တယ်။ ဒါပေမယ့် လုပ်ထုံးလုပ်နည်း မမှန်တော့ အဲဒီ တူးမြောင်းကြောင့်ကို ရေနက်ကွင်းတွေ ပိုများလာတယ်” ဟု တွံတေးမြို့နယ် စမ်းရွာဒေသခံတို့က ပြောသည်။
နအဖ၏ “ဒယ်အိုးကြီး (၃) လုံး ဖော်ထုတ်ရေး” စီမံချက်အပေါ် ရေနက်ကွင်းဆိုးကျိုးကို နှစ်စဉ်ရင်ဆိုင်နေရသည့် ဒေသခံတို့က ယင်းကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
ညောင်ငူကျေးရွာ တောင်သူတဦးကလည်း “နွေပိုင်းမှာ ပြဿနာမရှိဘူး။ ဒီဒေသက မိုးကာလမှာ ရေများတယ်။ အဲဒီရေတွေက ကွမ်းခြံကုန်း၊ ထန်းတော ရေတံခါးကပဲ ထွက်ပေါက်ရှိတယ်။ ရေတံခါးက (၉) ပေအကျယ် (၈) ပေါက်ရှိတယ်။ ကွင်းတွေထဲက လာတဲ့ မိုးရေပမာဏနဲ့ ရေထွက်ပေါက်ကျဉ်းကျဉ်းက အင်အားမမျှဘူး။ အဲလို မိုးရေကို ချောင်းရေက မနုတ်နိုင်တော့ ဒီနယ်တကြော လယ်မြေတွေဟာ ရေပြန့်ကျယ်တွေ ဖြစ်နေတယ်” ဟု ရှင်းပြသည်။
ကွမ်းခြံကုန်းမြစ်ပေါက်မှ စီးဆင်းလာသော (သဘာဝ) ချောင်းမကြီးနှင့် (၂) ဖာလုံခန့်အကွာ၌ ပေ (၇၀) တူးမြောင်းကို လွန်ခဲ့သော (၁၀) နှစ်ခန့်ကတည်းက တည်ဆောက်ခဲ့သည်။
“တာရိုး ဘောင် (၂) ဖက်အထိ ပေ (၇၀) ရှိတယ်။ ရေစီးမြောင်းကတော့ ပေ (၅၀) လောက်ပဲ ရှိပါတယ်။ တူးမြောင်း ၀ဲယာမှာ (၁၀) ပေ ရေသွယ်မြောင်းလေးတွေလည်း ဖောက်လုပ်ထားတယ်” ဟု ဒေးဒနော ကျေးရွာတောင်သူတို့က ပြောသည်။
အဆိုပါ တူးမြောင်းသည် ချောင်းမကြီးနှင့် ယှဉ်လျက် ဆင်းလာပြီး အင်းဂလုံးကျေးရွာအနောက်ဘက်၌ ပေါင်းဆုံလျက် ကွမ်းခြံကုန်းမြို့အ၀င် ထန်းတောကျေးရွာ ရေထိန်းတံခါးမှတဆင့် ကွမ်းခြံကုန်းမြစ်အတွင်း စီးဝင်သည်ဟု သိရသည်။
တွံတေးမြို့နယ်၊ ဘုရားကြီးတောင်သူတို့ကမူ “ဒီလယ်တွေက နိမ့်လို့နစ်တာမဟုတ်ဘူး။ ရေထွက်ပေါက်မရှိလို့ နစ်နေတာ။ ဒီစိန်ခေါ်မှုကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းတခုရှိတယ်။ ဒါက တူးမြောင်းနဲ့ ချောင်းမကြီးဆုံတဲ့ အင်းဂလုံး ရေရိုးကွေ့ကနေ ကွမ်းခြံကုန်းမြစ်ပေါက်အထိ တူးမြောင်းကို တောက်လျှောက် ဆက်ဖောက်ဖို့ပဲ။ (၃) မိုင်လောက် ဖောက်ရမယ်။ အဲလို ရေရိုး (၂) ခု ပြိုင်စီးရင် ကွင်းရေနုတ်အား ကောင်းသွားမယ်။ လယ်ကွက်တွေထဲ ဘယ်ရေက ကျန်တော့မှာလဲ။ ဒါပေမယ့် မြစ်ရေ (ရေငန်) မထိုးအောင်တော့ တူးမြောင်းတနေရာမှာ ရေထိန်းတံခါး တည်ဆောက်ရမယ်” ဟု ပြောဆိုသည်။
အဆိုပါ လယ်မြေတို့သည် မိုးကာလ၌ အမြဲ ရေလျှံနေတတ်သည့်အတွက် မိုးစပါးစိုက်ပျိုးရာတွင် မြေဆီသြဇာ သုံးစွဲ၍ အကျိုးမရှိခြင်းကြောင့် (၁) ဧက ပျမ်းမျှ (၁၅-၂၀) တင်းခန့်သာ ထွက်ရှိပြီး ဒေသဖွံ့ဖြိုးမှု လွန်စွာအားနည်းခဲ့ကြောင်း၊ နွေစပါးအနေဖြင့်လည်း ရန်ကုန် တောင်ပိုင်းခရိုင်ရှိ စိုက်ပျိုးမြေဧရိယာ၏ (၂) ရာခိုင်နှုန်းခန့်သာ အကျိုးဖြစ်ထွန်းသည်ဟု စိုက်ပျိုးရေး ပညာရှင်တဦးက သုံးသပ်သည်။





vrijdag 4 december 2009

ဒေါ်အောင်ဆန်းစုကြည်အယူခံပြင်ဆင်ခွင့် လျှောက်လဲချက်အတွက် ရုံးချိန်းပေး

  

မင်းနိုင်သူ / ၄ ဒီဇင်ဘာ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံပြင်ဆင်ခွင့်အတွက် လျှောက်လဲချက်ကြားနာမည့် ရုံးချိန်ကို ယနေ့ ဗဟိုတရားရုံးက ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
“ကျနော်တို့အယူခံပြင်ဆင်ခွင့်အတွက်ဒီလ(၂၁)ရက်နေ့ဗဟိုတရားရုံးမှာလျှောက်လဲချက်
ပေးရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
နေအိမ်အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား ၀င်ရောက်ခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် အင်းစိန်ခရိုင်အထူးတရားရုံးက ပြစ်ဒဏ်များချမှတ်ခဲ့မှုအပေါ် ရန်ကုန်တိုင်းတရားရုံးသို့ အယူခံတင်ခဲ့ရာ တိုင်းတရားရုံးက အောက်တိုဘာ (၂) ရက်တွင် အယူခံအမှုကို ပယ်ချခဲ့သည်။
ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ဗဟိုတရားရုံးသို့ အယူခံပြင်ဆင်ခွင့်ကို နိုဝင်ဘာ (၁၃)ရက်တွင်တင်သွင်းခဲ့ရာရက်သတ္တ(၂)ပတ်ကျော်ကြာပြီးနောက်ဗဟိုတရားရုံးက
လျှောက်လဲချက်ပေးရမည့် ရုံးချိန်း ထုတ်ပြန်ပေးလိုက်ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ဒေါ်အောင်ဆန်းစုကြည်အပေါ် ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အသုံးပြု၍ ကန့်သတ်တားဆီးမိန့်များ ချမှတ်ခဲ့ခြင်းသည် သက်ဝင်မှုမရှိတော့သည့် ဥပဒေကို အသုံးပြုထားခြင်းဖြစ်ကြောင်း အမှုတလျှောက်လုံး ခုခံချေပ တင်ပြလျှောက်လဲခဲ့ကြသည်။
အဆိုပါ တင်ပြလျှောက်လဲချက်ကို ရန်ကုန်တိုင်းတရားရုံးက လက်ခံခဲ့ပြီး ၁၉၇၄ ခုနှစ် အခြေခံဥပဒေမရှိတော့ဟု စီရင်ချက်တွင် ဖော်ပြခဲ့သော်လည်း ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေအရ အောက်ရုံးအမိန့်ကို အတည်ပြုသည်ဟုဆိုကာ အယူခံကို ပယ်ချခဲ့သည်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရသက်တမ်း နှစ်ပေါင်း (၂၀) ကျော်အတွင်း (၁၄) နှစ် ကျော်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် နေနေရသည်။

dinsdag 3 november 2009

သတိထားရမယ့် အမေရိကန်-မြန်မာဆက်ဆံရေး

  

ဗိုလ်ထက်မင်း

၃ နိုဝင်ဘာ ၂၀၀၉
မြန်မာနိုင်ငံကို အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ် (Kurt Campbell) နဲ့ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာစီယယ်လ် (Scot Marciel) တို့ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေကြပြီဖြစ်ပါတယ်။ အဲဒီကိုယ်စားလှယ်အဖွဲ့အနေနဲ့ လာရောက်တွေ့ဆုံဆွေးနွေးတဲ့ ခရီးစဉ်အတွင်းမှာ လေ့လာသုံးသပ်ပြီး စဉ်းစားချင့်ချိန်နိုင်အောင် အတွင်းရေးဖြစ်စဉ်တွေကို ရေးသားတင်ပြသွားပါမယ်။ အမေရိကန်ရဲ့  စီးပွားရေးပိတ်ဆို့မှုဟာ ထိရောက်မှုမရှိဘူး ဆိုထားပေမယ့် အတော်အတန် ထိရောက်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
အမေရိကန်က စီးပွားရေးပိတ်ဆို့မှု စတင်ခဲ့တဲ့၊ စောစောပိုင်း သိပ်ပြီးမတင်းကျပ်လှတဲ့ အချိန်ကာလ ၂၀၀၀ ပြည့်နှစ်မှာပဲ အမှတ် (၁) စက်မှုဝန်ကြီးဌာနက တင်ပို့တဲ့ အထည်အလိပ်တွေ အပါအ၀င် ကုန်ပစ္စည်းတွေဟာ အမေရိကန် အကောက်ခွန် ဂိုဒေါင်မှာ တားဆီးခံနေရလို့ လိုအပ်တာတွေ အကူအညီပေးနိုင်ဖို့ ဦးဆောင်ညွှန်ကြားရေးမှူးအဆင့်က အမေရိကန်ရှိ မြန်မာသံရုံးကို စာရေးသားပို့ဆောင်လာခဲ့ပါတယ်။
ထိုအချိန်က သံအမတ်ကြီးဖြစ်တဲ့ ဦးတင်ဝင်းက “ငြိမ်နေတဲ့ မြွေပွေးကို သွားထိရင် အန္တရာယ်ရှိနိုင်တဲ့အတွက် လက်နဲ့သွားပြီး မတို့မိအောင် ဆင်ခြင်ဖို့ လိုတယ်လို့” မှတ်ချက်ပြုပြီး အဲဒီကိစ္စကို အသာလေး ခေါက်ထားခဲ့ပါတယ်။ အဲဒီတုန်းက ဦးတင်ဝင်းက ၀န်ကြီးချုပ် ဗိုလ်ခင်ညွန့်ရဲ့ တပည့်ရင်းဖြစ်တာကြောင့်လည်း ၀န်ကြီး ဦးအောင်သောင်း ကြောက်ပြီး ဆက်မတိုးရဲခဲ့တာ ဖြစ်ပါတယ်။
၂၀၀၁ ခုနှစ် မေလမှာ ဦးတင်ဝင်းကို သံအမတ်ကြီး ဦးလင်းမြိုင်နဲ့ ချိန်းပြီးတဲ့နောက် ၀န်ကြီး ဦးအောင်သောင်း ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ထပ်မံတောင်းဆိုလာခဲ့လို့ သံအမတ်ကြီး ဦးလင်းမြိုင်လည်း မနေသာတော့ဘဲ သံရုံးအဖွဲ့ဝင်တွေကို အမေရိကန်ရှိ ရုံး Staff တွေထံ လိုက်ခိုင်းပါတော့တယ်။ အဲဒီအခါကျမှ Made in Myanmar ဆိုတဲ့ မြန်မာနိုင်ငံက ပစ္စည်းများ တောင်လိုရာလို ပုံနေတာကို အမေရိကန်အစိုးရ တာဝန်ရှိသူတွေကိုယ်တိုင် အံ့သြသတိပြုမိသွားပြီး (ဦးတင်ဝင်း ပြောခဲ့တဲ့အတိုင်း ပိုဆိုးသွားကာ) လုံးဝထုတ်လို့မရတော့ကြောင်း သိရှိခဲ့ရပါတယ်။
၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်း ဖြစ်ပြီးနောက်ပိုင်း အမေရိကန်က ပိုမိုတင်းကျပ်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လုပ်လာတဲ့အတွက် မြန်မာသံရုံးဝန်ထမ်းတွေဟာ တလ၊ နှစ်လလောက် စင်ကာပူက လစာငွေတွေကို ဒေါ်လာငွေနဲ့ လွှဲမရတဲ့အထိ အခြေအနေဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ နောက်မှ အမေရိကန်က ခြွင်းချက်နဲ့ ပြန်လျှော့ပေးလိုက်ပါတယ်။
ဒါ့အပြင် ရုရှားနဲ့ ယူကရိန်းတို့ကနေ လေကြောင်းကာကွယ်ရေး တိုးချဲ့ဖွဲ့စည်းဖို့ မှာယူထားတဲ့ (၁၂၂) မမ အမြောက်တွေ၊ ဒုံးပျံတွေ၊ ရေဒါတွေကို သယ်ယူရေးနဲ့ ငွေပေးချေရေးတို့မှာ ပြဿနာတက်ပါတော့တယ်။ ဦးပိုင်နဲ့ MEC အကြီးအကဲတွေ၊ စစ်ထောက်ချုပ်၊ ကက၀ယ် ညွှန်ကြားရေးမှူးနဲ့ ဗဟိုဘဏ်က ပုဂ္ဂိုလ်တွေဟာ စစ်ရုံးမှာ အရေးပေါ် အစည်းအဝေးထိုင်ပြီး ငွေလဲလှယ်ရေးအတွက် ယူရိုငွေပြောင်းသုံးဖို့ ဗိုလ်သန်းရွှေထံ ခွင့်ပြုချက်တောင်းကာ အပူတပြင်း လမ်းကြောင်းရှာကြရပါတော့တယ်။
ပွဲစားအဆင့်ဆင့်နဲ့ တင်သွင်းရတဲ့အတွက် စစ်လက်နက်ပစ္စည်းတွေ ၀ယ်ယူရေးဟာ နှောင့်နှေးကြန့်ကြာပြီး ငွေကြေးလည်း ပိုမိုသုံးစွဲခဲ့ရပါတယ်။ Target Sanction ရဲ့ အကျိုးသက်ရောက်မှုက စစ်အာဏာရှင် မိသားစုတွေ၊ အမျိုးအနွယ်တွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်း ကုမ္ပဏီပိုင်ရှင်တွေကို တိုက်ရိုက်ထိမှန်ခဲ့ပါတယ်။ ကုန်သည်လုပ်ငန်းရှင်တွေဟာ ကိုယ်တိုင်ထိမှ နာတတ်ကာ စစ်အာဏာရှင်တွေကြောင့် ဖြစ်ရတယ်ဆိုတာကို သိလာကြပါတယ်။ စစ်အာဏာရှင် မိသားစုရဲ့ စင်ကာပူက ငွေတွေကိုလည်း ဒူဘိုင်းကို အမြန်ရွှေ့ပြောင်းခဲ့ရပါတယ်။
နအဖ အဓိက အထိနာဆုံးကတော့ ကူးလူးဆက်သွယ်မှုလုပ်ထားတဲ့ ဥရောပတိုက်နိုင်ငံတွေဆီ ခရီးသွားလာရာမှာ အဆင့်မြင့် ဗိုလ်မှူးကြီးနဲ့အထက် အရာရှိကြီးတွေဟာ ဗီဇာမရတော့တဲ့အတွက် ခြေချုပ်မိပြီး ဖရိုဖရဲ ဖြစ်ကုန်တာပါပဲ။ ဗီဇာတွေ ပိတ်ဆို့ခံရမှုဟာ သူတို့အတွက် ခံရအခက်ဆုံးပါ။ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားနဲ့ ဈေးဝယ်ဖို့လောက်တောင် လုပ်လို့မရတော့လို့ မခံချည့်မခံသာ ဖြစ်ကုန်ကြပါတယ်။
အဲဒီအခါကျမှ ဒီလိုဖြစ်ရတာဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဆိုတဲ့ ဗဟာဗျူဟာကို ဗိုလ်သန်းရွှေက ချမှတ်ပြီး အဲဒီမဟာဗျူဟာကို လက်နက်သဖွယ် သုံးလာပါတော့တယ်။ ယခင်က ကကကြည်း လေးလပတ် အစည်းအဝေးတိုင်း မှာ ဗိုလ်သန်းရွှေက အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကို ဂရုစိုက်ရန်မလိုကြောင်း၊ လွတ်နေတဲ့ ဂယ်ပေါက်ကို ရှာဖွေရန် လိုကြောင်း၊ အာဆီယံဝင်ပြီးဖြစ်လို့ တရုတ်၊ အာဆီယံနိုင်ငံတွေနဲ့ အိန္ဒိယနိုင်ငံကို (စီးပွားရေးမက်လုံးပေး စည်းရုံးပြီး) နယ်စပ်ဂိတ်တွေကတဆင့် အသုံးချရန်လိုကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၃ ခုနှစ်နောက်ပိုင်း ကကကြည်း လေးလပတ် အစည်းအဝေးတွေမှာတော့ ဗိုလ်သန်းရွှေ လေသံပြောင်းသွားခဲ့ပါတယ်။
သူ့ရဲ့ Strategy က “ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ အသုံးချခံ လက်ပါးစေသဖွယ်ဖြစ်အောင် ဖန်တီးဖို့လိုကြောင်း၊ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများ ဈေးကွက်ပျက်ပြီး ပိတ်လိုက်ရကာ အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်သွားရပုံတွေကို ဆင်းရဲဒုက္ခရောက်တယ်လို့ ပုံကြီးချဲ့ပြီး သတင်းနဲ့ မီဒီယာတွေမှာ ၀ါဒဖြန့်ဖို့လိုကြောင်း၊ အမေရိကန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အား ပြည်သူလူထုက မုန်းတီးလာအောင် စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ ၀ါဒဖြန့်ဖို့လိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေထဲမှာ အနောက်နိုင်ငံများရဲ့ စီးပွားရေးပိတ်ဆို့မှုကို ကန့်ကွက်တဲ့ လေသံတခါမှ မကြားရတာကိုကြည့်ရင် ကြိတ်ပြီး ၀မ်းသာနေတဲ့ သဘောရှိတာတွေ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို အလိုတူ အလိုပါ အားပေးအားမြှောက် လုပ်တဲ့သူအဖြစ် ဖန်တီးရမှာဖြစ်ကြောင်း” စသဖြင့် ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ ကြေးမုံ၊ မြန်မာ့အလင်းနဲ့ အသံလွှင့်ရုံ၊ ရုပ်မြင်သံကြားတွေကတဆင့် ဆောင်းပါးတွေ၊ သတင်းဓာတ်ပုံတွေနဲ့ ဆက်လက်ပြီး ၀ါဒဖြန့်ပါတော့တယ်။ သိသာထင်ရှားတဲ့ မဟာဗျူဟာတိုက်ကွက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြုလုပ်ချင်တယ်ဆိုရင် အမေရိကန် Sanction ရုပ်သိမ်းခိုင်းဖို့ဆိုတဲ့ အချက်ကို ပြည်သူလူထု အထင်မှားအောင် ဗိုလ်သန်းရွှေက တဖက်သတ် တောင်းဆိုခဲ့ခြင်းပဲဖြစ်ပါတယ်။
အမှန်တကယ်က နိုင်ငံရဲ့စီးပွားရေးကျဆင်းလာပြီး စားဝတ်နေရေး ကျပ်တည်းလာတာဟာ နအဖ စစ်အာဏာရှင်တွေရဲ့ စီမံခန့်ခွဲရေးညံ့ဖျင်းမှု၊ မတရားကိုယ်ကျိုးရှာမှု၊ လက်ဝါးကြီးအုပ် ခြယ်လှယ်ချုပ်ကိုင်ထားမှု၊ လယ်ယာလုပ်ငန်းနဲ့ စက်မှုလယ်ယာစီမံကိန်းတွေ မအောင်မြင်မှု၊ GDP တွက်ချက်ပုံ မှားယွင်းမှု၊ အဂတိလိုက်စားမှု၊ စစ်တပ်အင်အား အဆမတန်တိုးချဲ့မှု၊ ဦးပိုင်နဲ့ MEC စတဲ့ စစ်တပ်က စီးပွားရေးမှာ ချုပ်ကိုင်လွှမ်းမိုးမှုတွေကြောင့်သာ ဖြစ်ပါတယ်။
အဆိုးဆုံးကတော့ အခုတလော အမေရိကန်က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လေ့လာနေချိန်မှာ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လူထုအတွက် Sanction ကို တစိတ်တဒေသ ရုပ်သိမ်းဖို့ ပြောဆိုခဲ့လို့ အမေရိကန်က ရုပ်သိမ်းခဲ့ရင်တောင် အမေရိကန်ရဲ့လက်ပါးစေ၊ လက်ကိုင်တုတ်အဖြစ် သူတို့ ခေါင်းစဉ်တပ်နေကျ ပြည်ပအားကိုး ပုဆိန်ရိုးဆိုတဲ့ စကားလုံးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အလိုလို နိုင်ငံရေးသေပြီးသား ဖြစ်သွားအောင်လုပ်ဖို့ နအဖက ယုတ်မာတဲ့အကွက် (Strategy) ကို ဆင်ထားပြီးသားဖြစ်ပါတယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတိုင်းလည်း အမေရိကန်က ပိတ်ဆို့တာကို လုပ်ချင်မှ လုပ်မှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ပြောတိုင်းလည်း နအဖရဲ့ အခြေအနေပေါ် မူတည်ပြီး ရုပ်သိမ်းချင်မှ ရုပ်သိမ်းမှာ ဖြစ်ပါတယ်။ နှစ် (၂၀) စီးပွားရေးစီမံကိန်း မအောင်မြင်ဖြစ်ရခြင်းနဲ့ စားဝတ်နေရေး ကျပ်တည်းနေတာတွေဟာ နအဖရဲ့အပြစ်ကြောင့်ဆိုတာကို ဖုံးကွယ်ချင်လို့ ဗိုလ်သန်းရွှေက အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ အစားထိုးပြီး လမ်းကြောင်းလွှဲခြင်းဖြစ်ပါတယ်။
ဒါ့အပြင် နအဖဟာ UWSA ကြောင့် Strategy အရ တရုတ်နဲ့ Power Playing လုပ်ချင်လို့ အမေရိကန်ကို ချဉ်းကပ်တာလည်း ဖြစ်ပါတယ်။ အခုအခါမှာ အမေရိကန်အစိုးရက မြန်မာနိုင်ငံစစ်အစိုးရကို မြောက်ကိုရီးယားနဲ့ မတူဘဲ သတိထားကိုင်တွယ်ရမယ် လို့ ပြောသွားတာလည်း ကြားသိရပါတယ်။ ဒါကြောင့် အခုသွားနေတဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အနေနဲ့ ဉာဏ်နီဉာဏ်နက်များလှတဲ့ နအဖကို သတိပြုချင့်ချိန်နိုင်ဖို့ ဘယ်လိုမဟာဗျူဟာအခင်းအကျင်း ချမှတ်ပြီး ကိုင်တွယ်ဆက်ဆံသွားမယ်ဆိုတာကို ကြိုတင်စဉ်းစားထားဖို့ အထူးလိုအပ်လှကြောင်း တိုက်တွန်းတင်ပြလိုက်ရပါတယ်။

maandag 2 november 2009

မစ္စတာ ကမ်ဘဲလ်နှင့် တွေ့ဆုံပါက ဖွဲ့စည်းပုံပြင်ဆင်ရေး အဓိကထား ဆွေးနွေးမည်ဟု တိုင်းရင်းသားခေါင်းဆောင်များပြော

မင်းနိုင်သူ / ၂ နိုဝင်ဘာ ၂၀၀၉

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့်တွေ့ဆုံဖြစ်ပါက ဒီမိုကရေစီစံနှုန်းများဖြင့် သွေဖည်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အလက်များကို ထောက်ပြကာ အနာဂတ်မြန်မာ့နိုင်ငံရေးကို အလေးထားဆွေးနွေးသွားမည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) အဖွဲ့ဝင် တိုင်းရင်းသားပါတီများက ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က “အဓိကကတော့ ဖွဲ့စည်းပုံ ပြင်ဖို့ပါ။ အခုနအဖဘက်က တဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား ပါတီတွေက လက်မခံနိုင်သလို၊ နယ်စပ်မှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခိုင်းတာတွေလည်း အဆင်မပြေဘူးဆိုတော့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရေရှည်မှာ ဖော်ဆောင်နိုင်မယ်မဟုတ်ဘူး။ ဒါ့ကြောင့် တိုင်းရင်းသားအားလုံး လက်ခံနိုင်အောင် ဖွဲ့စည်းပုံကို ပြင်ဖို့လိုတယ်။ မပြင်ဘူးဆိုရင်တော့ ၂၀၁၀ ရွေးကောက်ပွဲပြီးသွားတဲ့ ဟိုဘက်မှာလည်း တိုင်းပြည်အခြေအနေက ကောင်းနိုင်ဖွယ် မရှိဘူးဆိုတာကို ပြောပြသွားမယ်” ဟု ပြောသည်။
အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒသစ်အရ မစ္စတာကာ့တ်ကမ်ဘဲလ် ဦးဆောင်သည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ယနေ့သွားရောက်ကာ စစ်အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဖြစ်သကဲ့သို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
မစ္စတာကာ့တ်ကမ်ဘဲလ်၏ ခရီးစဉ်အတွင်း နိုဝင်ဘာ (၄) ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် များနှင့်လည်း တွေ့ဆုံမည်ဖြစ်ကာ တိုင်းရင်းသားပါတီများနှင့်လည်း တွေ့ဆုံလိမ့်မည်ဟု ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။
“အကြောင်းကြားမှုတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဘယ်နေရာ၊ ဘယ်မှာတွေ့ကြမယ်ဆိုတဲ့ အသေးစိတ်ကိုတော့ သူတို့ဘက်က မပြောသေးပါဘူး။ အရင်တခါတုန်းက ကျနော်တို့အဖွဲ့တွေနဲ့တွေ့လို့ မဖြစ်ဘူးဆိုတဲ့ အစိုးရဘက်က ကန့်သတ်မှုတွေလည်း ရှိခဲ့ဖူးတယ်ဆိုတော့ အခုတွေ့ဆုံမှုကလည်း ဖြစ်မဖြစ် မပြောတတ်သေးဘူး” ဟု ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး စစ်အစိုးရ၏ ဖျက်သိမ်းခြင်းခံခဲ့ရသည့် ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က ပြောသည်။
အကယ်၍ တွေ့ဆုံနိုင်ခဲ့ပါက ၎င်းတို့ ချင်းတိုင်းရင်းသားပါတီအနေဖြင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စရပ်ကိုသာ အဓိကထား ဆွေးနွေးသွားမည်ဟု ပူကျင့်ရှင်းထန်က ပြောသည်။
မစ္စတာကာ့ကမ်ဘဲလ်နှင့် သူ၏ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့၏ ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့်စပ်လျဉ်းသည့် အချက်အလက်များကို စုဆောင်းသွားမည်ဖြစ်ကာ စစ်အစိုးရနှင့် အတိုက်အခံအကြား တွေ့ဆုံဆွေးနွေးရေးများ ဖြစ်ပေါ်လာစေရေးကိုလည်း တွန်းအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မစ္စတာကာ့တ်ကမ်ဘဲလ် ခရီးစဉ်အပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲမှုများ ရှိလာမည်ဟု မိမိတို့ ယူဆမထားကြောင်း ဦးအေးသာအောင်နှင့် ပူကျင့်ရှင်းထန်တို့က ပြောဆိုကြသည်။
“သိပ်အများကြီး မျှော်လင့်ထားလို့တော့မရပါဘူး။ အစိုးရနဲ့ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေအကြား စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် နအဖအစိုးရက အမေရိကန်နဲ့ တွေ့ဆုံရေးကို အားသန်တယ်။ ပိတ်ဆို့မှု ရုပ်သိမ်းပေးရေးကို အားသန်တယ်။ ကျန်တဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲဖို့ ဆန္ဒမရှိဘူး။ တိုင်းရင်းသားတွေ ဒီမိုကရေစီရေးဆောင်ရွက်နေသူတွေနဲ့ တွေ့ဆုံဆွေးနွေးလိုစိတ် မရှိဘူးလို့ ထင်တယ်။ ဒါကြောင့် အမေရိကန်ရဲ့ ဆောင်ရွက်ချက်တွေဟာ အောင်မြင်မယ်လို့ မျှော်လင့်မထားဘူး” ဟု ဦးအေးသာအောင်က ပြောသည်။
ပိတ်ဆို့အရေးယူမှုများနှင့်အတူ စစ်အစိုးရကို တိုက်ရိုက်ထိတွေ့ဆက်ဆံသွားမည်ဆိုသည့် အမေရိကန်မူဝါဒသစ် ပေါ်ထွက်လာပြီးနောက် မစ္စတာကာ့တ်ကမ်ဘဲလ်က စက်တင်ဘာ (၂၉) ရက်တွင် နယူးယောက်မြို့၌ မြန်မာစစ်အစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းနှင့်တွေ့ဆုံခဲ့ဖူးသည်။
မစ္စတာကာ့တ်ကမ်ဘဲလ်၏ ပထမအကြိမ် မြန်မာနိုင်ငံခရီးစဉ်အတွင်း နအဖစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံနိုင်ခြင်း ရှိမရှိဆိုသည်မှာ မသေချာသေးကြောင်း သိရသည်။

အဝေးသင်စာမေးပွဲ စာကူးဖြေသူ များပြား

အောင်ကျော်မိုး / ၂ နိုဝင်ဘာ ၂၀၀၉
လက်ရှိ ဖြေဆိုနေသည့် အဝေးသင်တက္ကသိုလ် စာမေးပွဲများတွင် စာကူးဖြေသူ အလွန်များကြောင်း ရန်ကုန်၊ မန္တလေး တက္ကသိုလ်တို့၌် ဖြေဆိုနေသည့် ကျောင်းသူကျောင်းသားများထံမှ စုံစမ်းသိရသည်။
ဒဂုံတက္ကသိုလ်တွင် ဥပဒေ ပထမနှစ် ဖြေဆိုနေသည့် ကျောင်းသူတဦးက “သမီးတို့ စာမေးပွဲခန်းမှာ ကျောင်းသား (၅ဝ) နီးပါးလောက်ရှိတယ်။ အဲဒီမှာ ကူးချတဲ့သူက တဝက်နီးနီးလောက်ရှိတယ်။ စာမေးပွဲ ဒုတိယနေ့မှာ အခန်းစောင့်က စာကူးဖြေတဲ့သူတွေကို သူတို့ကူးတဲ့ စက္ကူတွေ၊ စတစ်ကာတွေ အားလုံးကို သိမ်းသွားပြီး ခုံနံပါတ်တွေကိုလည်း မှတ်သွားတယ်။ စုစုပေါင်း အယောက် (၂ဝ) လောက်ရှိတယ်။ သူတို့ကို ဘယ်လို အရေးယူမလဲဆိုတာ မသိရဘူး။ နောက်ရက်တွေမှာတော့ စာမေးပွဲ ဆက်ပြီးပေးဖြေတာတော့ တွေ့ရတယ်” ဟု ပြောသည်။
မန္တလေး ရတနာပုံတက္ကသိုလ်တွင် ပထဝီဘာသာအဓိကဖြင့် တတိယနှစ် ဖြေဆိုနေသူ ကျောင်းသားတဦးကလည်း ၎င်းတို့ စာမေးပွဲခန်းမှာလည်း အများစုသည် စာကူးပြီး ဖြေဆိုကြကြောင်း၊ စာကူးရန်အတွက် အဖြေရေးထားသည့် မိုက္ကရိုခေါ် သေးငယ်သည့် စက္ကူလေးများ၊ ခေါက်၍ရသော ဘာဂျာများ၊ စတစ်ကာများ စသဖြင့် တွေ့ရကြောင်း၊ စာမေးပွဲအခန်းစောင့် ဆရာ၊ ဆရာမ အများစုက မမြင်ချင်ဟန်ဆောင်ပေးကြပြီး အချို့ဆရာမများမှာမူ စာမေးပွဲဖြေချိန် (၁) နာရီလောက် ရှိလာချိန်တွင် “ဟေ့ တော်ကြတော့၊ အောင်မှတ်တော့ ရလောက်ပြီ၊ တော်ကြတော့ သိမ်းကြတော့” ဟု သတိပေးတတ်ကြောင်း၊ စာကူးသူများကိုမူ ခုံနံပါတ်မှတ်ခြင်း၊ အရေးယူခြင်းမရှိကြောင်း ပြောသည်။
စာမေးပွဲဖြေသည့် ကျောင်းသားဦးရေမှာ ပထမဆုံးနေ့တွင်သာ အများဆုံးဖြစ်ပြီး နောက်ရက်တို့တွင် တဖြည်းဖြည်း နည်းသွားကြောင်း၊ အကြောင်းမှာ အဆိုပါကျောင်းသားများသည် စာမေးပွဲတွင် ဖြေရမည့် စာနည်းနည်းကိုပင် မကျက်နိုင်သူများ၊ ရှေ့ပိုင်းရက်တို့တွင် မဖြေနိုင်သူများ ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်မှ စာဖြေကျောင်းသူက ပြောသည်။
စာမေးပွဲဖြေသည့် ကျောင်းသူကျောင်းသားများကို ပုံမှန်အားဖြင့် စာမေးပွဲခန်းထဲ မဝင်ခင် စစ်ဆေးရကြောင်း၊ စာမေးပွဲခန်းထဲတွင် စာကူးနေသည်ကို မြင်တွေ့ရပါက ခုံနံပါတ် မှတ်ထားပြီး အထက်သို့ တင်ပြရန် ညွှန်ကြားချက်ရှိကြောင်း၊ အထောက်အထားနှင့် တွေ့ပါက စာမေးပွဲကို ကျရှုံးပေးမည့်အပြင် နောက်ထပ် (၂) နှစ် (၃) နှစ် စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်နိုင်ကြောင်း ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ နည်းပြ ဆရာမတဦးက ပြောသည်။
သို့သော် ကျောင်းသားကျောင်းသူများ စာကူးသည်ကို တိတိကျကျ အရေးမယူခြင်းမှာ ဆူပူမှုမဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်း လုပ်ရန်ဆိုသည့် ညွှန်ကြားချက်ကြောင့် ဖြစ်သည့်အပြင် ဆရာများက ကျောင်းသားများ နစ်နာမည်ကိုစိုးရိမ်သောကြောင့် အရေးမယူခြင်းဖြစ်ကြောင်း ထိုဆရာမက ရှင်းပြသည်။
စီးပွားရေးတက္ကသိုလ် ပါမောက္ခဟောင်းတဦးကမူ “အဝေးသင် တက္ကသိုလ်ဆိုပေမယ့် ဘာကိုမှ ကြပ်ကြပ်မတ်မတ် စာသင်ပြတာ၊ ကျောင်းသားတွေနဲ့ ဆက်သွယ်တာ မရှိဘူး။ တနှစ် (၂) ကြိမ်လောက် စာစဉ်တွေကို လက်ရေးနဲ့ကူးတင်ရုံပဲ၊ နောက်စာမေးပွဲနီးမှ အနီးကပ်ဆိုပြီး (၁၀) ရက်ဖွင့်တယ်၊ ကျောင်းသားတွေက မသွားသူများတယ်။ ဒီတော့ စာလုံးဝ သင်မထားတဲ့၊ မတတ်တဲ့ ကလေးတွေ စာမေးပွဲဝင် ဖြေရတာမျိုး ဖြစ်နေလို့ ကူးချတဲ့ ပြဿနာ ပေါ်လာရတာ။ တဖက်ကလည်း စာမေးပွဲအခန်းစောင့်တွေက ကြပ်ကြပ်မတ်မတ်မလုပ်ကြဘူး။ လုပ်ရင်လည်း စာမေးပွဲဖြေတဲ့ ကလေး (၁ဝ) ရာခိုင်နှုန်းလောက်တောင် ဖြေနိုင်တော့မယ် မထင်ဘူး။ နောက်ဆုံး ပြဿနာအရင်းခံဟာ ပညာရေး စနစ်သာဖြစ်တယ်” ဟု ဝေဖန်ထောက်ပြသည်။
ယခုကဲ့သို့ စာမေးပွဲခန်းအတွင်း စာကူးသည်ကို အခန်းစောင့် ဆရာများက လျစ်လျူရှုပေးရန် ဆိုပြီး ယခင်က ကျောင်းသားတယောက် ကျပ် (၂ဝဝ) မှ (၃ဝဝ) နှုန်း နေ့စဉ် ကောက်ခံထည့်ဝင်ရခြင်း ရှိခဲ့သော်လည်း ယခုစာမေးပွဲတွင်မူ မရှိတော့ကြောင်း သိရသည်။
အဝေးသင်တက္ကသိုလ် စာမေးပွဲများကို နိုဝင်ဘာ (၃) ရက်နေ့အထိ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဆုံး ပြိုင်ကားမောင်းကွင်း ဖွင့်လှစ်

မျိုးချစ်သူ / ၂ နိုဝင်ဘာ ၂၀၀၉

မြန်မာနိုင်ငံ၏ ပထမဆုံးသော ပြိုင်ကားမောင်းကွင်းတွင် လာမည့် ၂၀၁၀ ပြည့်နှစ် မတ်လမှစတင်၍ အသက် (၆) နှစ်နှင့် အထက် ကလေးများကို ပြိုင်ကားမောင်းသင်ခွင့်ပေးမည်ဟု အဆိုပါယာဉ်မောင်းကွင်းအား ဖွင့်လှစ်သည့် ရွှေပုံ့ပုံ့ကုမ္ပဏီအကြီးအကဲက ပြောသည်။
၎င်းက “ကျနော်တို့အနေနဲ့ လအလိုက် ပွဲတွေကိုပါ လုပ်သွားမှာဖြစ်တယ်။ ပြီးတော့ နိုင်ငံခြားက အားကစားသမားတွေကို ခေါ်ပြီးတော့ ပြည်တွင်းကလူငယ် ပြိုင်ကားမောင်း အားကစားသမားတွေနဲ့ တွေ့ပေးမယ်၊ ယှဉ်ပြိုင်ပေးမယ်” ဟုပြောသည်။
ယနေ့နံနက်တွင် ဖွင့်လှစ်သည့် အဆိုပါယာဉ်မောင်းပြိုင်ကွင်း Galaxy Racing Karts Ground စုစုပေါင်းအကျယ်မှာ (၆.၅) ဧကရှိပြီး ဂျပန်ကားအစီးရေ (၁၆) စီးဖြင့် စတင်လေ့ကျင့်နိုင်ပြီဖြစ်ကြောင်း၊ နေ့စဉ် နံနက် (၇) နာရီ မှ ည (၁၀) နာရီထိ ဖွင့်လှစ်မည်ဖြစ်ကာ ၀င်ကြေးများကို နေ့ဆိုင်း ညဆိုင်း သတ်မှတ်ထားပြီး နိုင်ငံခြားသားများအား အမေရိကန်ဒေါ်လာဖြင့် ကောက်ခံမည်ဟု သိရသည်။
ကွင်းဖွင့်ပွဲသို့ အားကစားဝန်ကြီး ကိုယ်တိုင်တက်ရောက်ခဲ့ကာ ပြိုင်ကားအစီးရေ (၆၀) စီးထိ တိုးမြှင့်ထားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရွှေပုံ့ပုံ့ကုမ္ပဏီအကြီးအကဲက အဓိကရည်ရွယ်ချက်မှာ ဖျော်ဖြေရေးနှင့် ပြိုင်ကားအားကစား ဖြစ်ထွန်းလာစေရေးအတွက် ဖြစ်ကြောင်း ပြောကြားသည်။
၎င်းက “ယာဉ်မောင်းလိုင်စင်ရှိသူတွေအပြင် ယာဉ်မောင်းလိုင်စင်မရှိသူတွေလည်း လာပြီးလေ့ကျင့်နိုင်တယ်။ အသက်ကတော့ (၆) နှစ်နဲ့ အထက် (၁၈) နှစ်ထိပေါ့။ အဲဒီကလေးတွေကို ကျနော်တို့က ဂျပန်နဲ့ထိုင်းတို့က နည်းပြတွေနဲ့သင်ကြားပေးမှာဖြစ် တယ်” ဟု ပြောသည်။
အဆိုပါပြိုင်ကား မောင်းကွင်းသည် ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာ လမ်းမပေါ်တွင်ရှိပြီး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် Gold ဟိုတယ်အနီးတွင်ရှိကာ အဆိုပါဟိုတယ်သည် အထက်တန်းလွှာ လူကြီးမင်းများက ညငှက်များဖြင့် ပျော် မြူးရာနေရာတခုအဖြစ် ထင်ရှားကြောင်း နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “ဘာပဲဖြစ်ဖြစ် အစိုးရက လူတွေကို အပျော်အပါးနဲ့ ဆွဲဆောင်နေတာတော့ သေချာတယ်ဗျ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ပြီးရင် ပြီးရော၊ ဘယ်သူပဲ အုပ်ချုပ်ပါစေဆိုတဲ့ စိတ်တွေ ၀င်လာဖို့ကိုပဲ လိုလားနေတာလေ။ သေသေချာချာ သိရင် သူတို့ရဲ့ ဥပဒေကို လက်မခံသူတွေ များလာမှာစိုးတာကိုး။ ပိုက်ဆံရှိတဲ့ လုပ်ငန်းရှင်တွေကို အစိုးရက စည်းရုံးနေတာ၊ ဘောလုံးနဲ့ စည်းရုံးတာလည်း ဒီအတွက်ပဲ။ ခုလည်း ကားပြိုင်ကွင်း လုပ်တယ်တဲ။ ဗမာပြည်မှာ တခါမှ မလုပ်ဖူးတာတွေကို လုပ် နေတာ။ ဒါကိုပဲ တိုးတက်တယ်လို့ သူတို့က ဖုံးဖိပြီး ကာဗာလုပ်နေတာလေ” ဟု ပြောသည်။
“၀ိုင်ဖိုင်စနစ်နဲ့ အင်တာနက်သုံးခွင့် ပေးမယ်လို့လည်း ပြောတယ်ဗျ။ ဘာပဲဖြစ်ဖြစ် ပြိုင်ကားအားကစားထက် ဖျော်ဖြေရေးကိုပဲ ဦးစားပေးသွားမယ့် နေရာတခုတော့ သေချာပေါက် ဖြစ်လာမှာပဲလို့ မြင်တယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါ ယာဉ်မောင်းသင်ကွင်းကို အားကစားဝန်ကြီးဌာနအောက်တွင် ထားရှိမည်ဟု စုံစမ်းသိရှိရသည်။

ရုပ်ရှင်သရုပ်ဆောင် ကျော်သူ မွေးနေ့တွင် ပန်းချီနှင့်ဓာတ်ပုံများ ပြသ

  

မင်းနိုင်သူ / ၂ နိုဝင်ဘာ ၂၀၀၉
နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်နှင့် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူ၏ အသက် (၅၀) ပြည့် ရွှေရတုမွေးနေ့ပွဲကို သူ၏ နေအိမ်၌ ယနေ့ကျင်းပရာ သူဖန်တီးထားသော ပန်းချီကားနှင့် ဓာတ်ပုံများကိုလည်း ပြသခဲ့ကြောင်း မွေးနေ့ပွဲတက်ရောက်ခဲ့ သူများက ပြောသည်။
“လွတ်ငြိမ်းခွင့်ဆိုတဲ့ ပန်းချီကားလေးကို တော်တော်သဘောကျတယ်။ အကျဉ်းထောင်တခုကို အပေါ်စီးက မြင်ရသလို ဆွဲထားတာ။ အထဲမှာ ချိုးဖြူငှက်လေး ပျံနေတယ်။ ဒါပေမယ့် အဲဒီပန်းချီးကားရှေ့မှာ သံတံခါးကြီး ကာဆီးထားတယ်။ အဲလိုလေး ဖန်တီးထားတယ်။ အပြင်မှာ ပြမယ်ဆိုရင် ဆင်ဆာမလွတ်နိုင်တာတွေ ပါတာပေါ့။ သူက သူ့မွေးနေ့မှာ သူဖန်တီးထားတာလေးတွေကို ချပြသွားတာ” ဟု ထိုပွဲသို့ တက်ရောက်ခဲ့သည့် မဂ္ဂဇင်းသရုပ်ဖော် ပန်းချီဆရာတဦးက ပြောသည်။
ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူကလည်း “ကျနော်က ရုပ်ရှင်လောကထဲ မ၀င်ခင်ကတည်းက ပန်းချီဆွဲပါတယ်။ နောက်ရုပ်ရှင်လောကထဲ ရောက်ပြီး ပန်းချီမဆွဲဖြစ်တော့ဘူး။ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးမှာ ကျနော့်ကို အနုပညာလုပ်ခွင့် ပိတ်လိုက်တော့ ကျနော် ခံစားရသမျှကို ပန်းချီ၊ ဓာတ်ပုံတွေနဲ့ အနုပညာအဖြစ် ပြန်ဖန်တီးလိုက်တာပါပဲ” ဟု ပြောသည်။
ယခု မွေးနေ့ပွဲတွင်ပြသခဲ့သော ပန်းချီနှင့်ဓာတ်ပုံများအား ပရိသတ်များကို ပြသလိုသော်လည်း ရုပ်ရှင်ရိုက်ခွင့်ကိုပင် အကန့်အသတ်မရှိ အပိတ်ပင်ခံထားရသော သူ့အနေဖြင့် ပြသခွင့်ရနိုင်လိမ့်မည်မဟုတ်ဟုလည်း ဦးကျော်သူက ပြောသည်။
မွေးနေ့ပွဲ ဖိတ်စာတွင် အချိန်ပေးနိုင်သလောက် သမိုင်းကိုတူးဖော်ကြရအောင်ဟု ရေးသားထားသကဲ့သို့ ဓာတ်ပုံအများစုမှာ နာဂစ်အခြေအနေဓာတ်ပုံများဖြစ်ကြောင်း မွေးနေ့ပွဲတက်ရောက်ခဲ့သူများက ပြောသည်။
“ဟုတ်ပါတယ်။ နာဂစ်ကူညီရေးသွားတုန်းက ကျနော်ရိုက်ကူးခဲ့တဲ့ပုံတွေ ပါပါတယ်။ ပန်းချီကတော့ ငြိမ်းချမ်းရေးနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို အာရုံပြုပြီး ဆွဲထားတာတွေပါ။ ကျနော် modern တို့ realism တို့ မသိပါဘူး။ ကျနော်စိတ်ထဲ ရှိတာကိုပဲ ဆွဲတာပါ” ဟု ဦးကျော်သူက ရှင်းပြသည်။
မွေးနေ့ပွဲသို့ တက်ရောက်ခဲ့သည့် စာနယ်ဇင်းဆရာတဦးက ကျော်သူ၏ အနုပညာဖန်တီးချက်များမှာ စစ်အစိုးရအုပ်ချုပ်နေသရွေ့ အများပြည်သူသို့ ပြသခွင့်ရနိုင်မည် မထင်ကြောင်းနှင့် ဖန်တီးထားချက်များမှာ ကြည့်ရသူရင်ကို ထိမှန်သည်ဟု ပြောသည်။
ရုပ်ရှင်သရုပ်ဆောင်ကျော်သူ၏ ရွှေရတုမွေးနေ့ပွဲသို့ သံတမန်တချို့ပါဝင်သည့် ဧည့်ပရိသတ် (၂၀၀) ကျော်တက်ရောက်ပြီး ကျော်သူ ဖန်တီးထားသည့် ခရိုင်းလစ်ပန်းချီကား (၂၃) ကားနှင့် ဓာတ်ပုံ (၃၀) ကျော်ကို ကြည့်ရှုခံစားခဲ့ကြကြောင်း သိရသည်။

zondag 1 november 2009

မြန်မာ-အမေရိကန် အဆင့်မြင့်ဆွေးနွေးပွဲ

NEJ / ၂ နိုဝင်ဘာ ၂၀၀၉

နအဖအစိုးရသည် ဒီမိုကရေစီလိုလားသူများကို ဖိနှိပ်ညှဉ်းပန်းနေဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်တွင် အကျယ်ချုပ်ကျခံနေရပြီး ကျန်ဒီမိုကရေစီသမားများ ထောင်ဒဏ်ကျခံနေကြရသည်။ ထိုင်း-မြန်မာနယ်စပ်ဒေသ၌ ဗမာစစ်တပ်ထိုးစစ်ဆင်မှုကြောင့် ဌာနေတိုင်းရင်းသားများ အိမ်နီးချင်းနိုင်ငံတွင် ၀င်ရောက်ခိုလှုံနေရသည်။ နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် လုပ်ရိုးလုပ်စဉ် ဖိနှိပ်ညှဉ်းပန်းသည့်အလုပ်ကို ဆက်လက်လုပ်ကိုင်နေသော်လည်း အမေရိကန်နှင့် ဆက်ဆံရေးအခြေအနေ ပြောင်းလဲလာမည့် အလားအလာကို ကမ္ဘာ့သတင်းမီဒီယာများက မီးမောင်းထိုးပြသဖြင့် မပြောင်းလဲသော မြန်မာ့အခြေအနေသည် ပြောင်းလဲရန် တာစူနေသကဲ့သို့ ထင်ယောင်ထင်မှားဖြစ်လာလေ၏။
အပြောင်းအလဲလုပ်ရန် စိတ်မကူးသော်လည်း အမေရိကန်ကဲ့သို့သော အင်အားအကြီးဆုံးအစိုးရနှင့် ဆွေးနွေးလိုသည်ဟု ဗမာစစ်အစိုးရက ကမ်းလှမ်းလာသဖြင့် အမေရိကန်အစိုးရကလည်း တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပေသည်။ ဆွေးနွေးလိုသူများနှင့် တွေ့ဆုံမည်ဟု သမ္မတ အိုဘားမား ကြေညာထားသည်ကို နအဖက အခွင့်ကောင်းယူလိုက်ဟန်တူသည်။ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာပြီး ဒီမိုကရေစီပြုပြင်ရေးလုပ်ရန် အလားအလာရှိလာနိုင်သည်ဟု အမေရိကန်ဘက်က မြင်ပုံရသည်။
ဤကိစ္စတွင် နအဖ မဟာဗျူဟာသည် မြောက်ကိုရီးယားကို ပုံတူကူးချသကဲ့သို့ ဖြစ်နေ၏။ ကင်ဂျုံအီးအစိုးရသည် အဏုမြူလက်နက်ဖျက်သိမ်းရေးကိစ္စကို ဆွေးနွေးနေစဉ် အဏုမြူလက်နက်ထုတ်လုပ်ပြီး စမ်းသပ်ဖောက်ခွဲ၏။ သို့သော်လည်း အမေရိကန်နဲ့ ရေရှည်ဆွေးနွေးပွဲကျင်းပနိုင်ပါက မြောက်ကိုရီးယားကို အဏုမြူလက်နက်ပိုင်ရှင်အဖြစ် တဖြည်းဖြည်း အသိအမှတ်ပြုရာ ရောက်သည်ဟု ကင်ဂျုံအီးက တွက်လေ၏။ တနည်းဆိုရသော မပြောင်းလဲနိုင်သော မင်းဆိုးမင်းညစ်နှင့် ရေရှည်ဆက်ဆံခြင်းသည် အသိအမှတ်ပြုသည့်သဘော ဖြစ်သွားနိုင်သည်။
နအဖစစ်အစိုးရသည်လည်း အမေရိကန်နှင့် ရေရှည်ဆွေးနွေးပွဲ ပြုလုပ်နိုင်ပါက နအဖအခြေခံဥပဒေနှင့် နအဖရွေးကောက်ပွဲကို အမေရိကန်က အသိအမှတ်ပြုသကဲ့သို့ ဖြစ်သွားနိုင်သည်ဟု တွက်ထားပုံရသည်။ အိုဘားမားအစိုးရ၏ တွေ့ဆုံဆွေးနွေးရေး မူဝါဒကို အမြတ်ထုတ်ရန် နအဖခေါင်းဆောင်က ကြံစည်ခြင်းပင်ဖြစ်သည်။ တရုတ်က ကြားပွဲစားလုပ်ပေးသဖြင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Eric John (ယခုထိုင်းနိုင်ငံ အမေရိကန်သံအမတ်) သည် ၂၀၀၇ ဇွန်လ၌ ဘေဂျင်းတွင် နအဖ၀န်ကြီးအချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ သို့သော်လည်း လအနည်းငယ်ကြာသောအခါ ဘုန်းကြီးနှင့်ပြည်သူဆန္ဒပြသည်ကို နအဖက အကြမ်းဖက်နှိမ်နင်းပြလိုက်၏။ ၂၀၀၈ မေလ နာဂစ်မုန်တိုင်းဒဏ်ခံရသူ လေဘေးဒုက္ခသည်များကို ကယ်ဆယ်ရန် အမေရိကန်က ကမ်းလှမ်းသည်ကို နအဖအစိုးရက ပယ်ချ၏။
နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးပြီး ဖိနှိပ်ညှဉ်းပန်းမှုကို ရပ်ဆိုင်းလိုက်ပါက အမေရိကန်နှင့် ဆက်ဆံရေး အဆင်ပြေနိုင်သည်။ ကမ္ဘာက လက်ခံနိုင်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန် စိတ်မကူးဘဲ အမေရိကန်နှင့် ဆွေးနွေးလိုသည့် နအဖအစိုးရရည်ရွယ်ချက်သည် သံသယဖြစ်စရာဖြစ်နေသည်။ ဇူလိုင်လကုန်ပိုင်းမှ အောက်တိုဘာနှောင်းပိုင်းအထိ ဖြစ်ရပ်များကို သုံးသပ်ကြည့်ရပေမည်။ ဇူလိုင်လ (၂၂) ရက် ဖူးခက်တွင် ကျင်းပသော အာဆီယံဒေသဆိုင်ရာအစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းပြီး ဖိနှိပ်ညှဉ်းပန်းနေသည့်အတွက် နအဖ၀န်ကြီးကို အပြင်းအထန်ဝေဖန်ရှုတ်ချ၏။ ရှေ့မျက်နှာနောက်ထားပြီး အစည်းအဝေးတက်နေရသော ၀န်ကြီးသည် ဤဖြစ်ရပ်မျိုး ရိုးနေပါပြီ။ ဦးအုံးဂျော်၊ ဦးဝင်းအောင်၊ ဦးဉာဏ်ဝင်း စသည့် ပုဂ္ဂိုလ်များသည် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သူများမဟုတ်ဘဲ နအဖခေါင်းဆောင်များ ခိုင်းသည့်အတိုင်းသာ လုပ်နေရခြင်းဖြစ်၏။ နအဖနိုင်ငံခြားရေးဝန်ကြီး၏ တာဝန်များထဲတွင် အဆဲခံနိုင်ရည်ရှိရန်လည်း ပါဝင်သည်။
အမေရိကန်တွင် အပြောင်းအလဲလုပ်ရန် သမ္မတ အိုဘားမားကိုရွေးကောက်တင်မြှောက်လိုက်ခြင်းဖြစ်သည်။ သို့သော်လည်း အိုဘားမားအစိုးရသည် ပြည်တွင်းရေးတွင် ပြုပြင်ပြောင်းလဲနိုင်သလို နိုင်ငံခြားရေးရာတွင် မလုပ်နိုင်ပါ။ အကြောင်းမှာမူ ကမ္ဘာ့အခြေအနေသည် ယခင်းအတိုင်း ဆက်လက်တည်ရှိနေ၍ပင်ဖြစ်သည်။ အထူးသဖြင့် နအဖကဲ့သို့ နာမည်ပျက်နေသော အစိုးရမျိုးနှင့်ဆက်ဆံရာ၌ သမ္မတဟောင်း Bush ၏လမ်းစဉ်ကို ဆက်လက်ကျင့်သုံးနေရ၏။ ထို့ကြောင့် ဇူလိုင်လ (၂၈) ရက်နေ့၌ ဒဏ်ခတ်အရေးယူမှုကို နောက်ထပ်သက်တမ်း တနှစ်တိုးလိုက်ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်သက်တမ်း တနှစ်ခွဲ ထပ်တိုးသောအခါတွင်လည်း နအဖအစိုးရ ဝေဖန်ရှုတ်ချခံရပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ထိန်းသိမ်းပြီး ရွေးကောက်ပွဲမ၀င်နိုင်အောင် လုပ်ထားသည့်အတွက် နအဖအုပ်စုကို ဒီမိုကရေစီနိုင်ငံများက ၀ိုင်းဝန်းဝေဖန်ရှုတ်ချနေချိန် သြဂုတ်လ (၁၆) ရက်နေ့၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အမေရိကန်အထက်ဆီးနိတ်လွှတ်တော်အမတ် James Webb ကို လက်ခံတွေ့ဆုံကာ ဒေါ်စုအိမ်ဝန်းထဲ ခိုးဝင်သူ အမေရိကန်ဓာတ်ကြောင် John Yettaw ကို လွှတ်ပေးလိုက်၏။ သြဂုတ်လ (၂၈) ရက်နေတွင် အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် (၃) ဦး အန်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင်များနှင့် ရန်ကုန်၌ တွေ့ဆုံ၍ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးအခြေအနေကို ဆွေးနွေးသည်။
တနေ့တည်း (သြဂုတ် ၂၈ ရက်) မှာပင် နအဖစစ်တပ်၏ ထိုးစစ်ကြောင့် ကိုးကန့်တရုတ် (၃) သောင်းကျော် ယူနန်ပြည်နယ်တွင် ၀င်ရောက်ခိုလှုံနေရကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါသည်။ နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ကိုးကန့်ပြဿနာကို နအဖအစိုးရက မှန်ကန်စွာကိုင်တွယ်လိမ့်မည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ်က ဘေဂျင်း၌ ထုတ်ဖော်ပြောဆိုလိုက်သည်။ အမေရိကန်နှင့် ဆွေးနွေးရန် ဟန်ပြင်သောအဆင့်တွင် ကိုးကန့်နယ်က တရုတ်ပစ္စည်းကို တိုက်ခိုက်သိမ်းပိုက်လိုက်သည့်အတွက် တရုတ်နှင့်အိုးစားကွဲတော့မည့်ပုံစံမျိုး ရေးသားသူများပင် ရှိလာပါသည်။ စက်တင်ဘာ (၁) ရက်နေ့တွင် ကိုးကန့်ဒေသ ထိုးစစ်ကို ရပ်ဆိုင်းရန် အမေရိကန်က တိုက်တွန်း၏။
စက်တင်ဘာ (၂၃) ရက်နေ့တွင် ဒဏ်ခတ်အရေးယူထားသည့် နအဖအစိုးရနှင့် ဆွေးနွေးမည်ဟု အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးက ကြေညာပါသည်။ အနောက်တိုင်း၏ ဒဏ်ခတ်အရေးယူမှုကို ရုပ်သိမ်းစေရန်အတွက် နအဖအစိုးရနှင့် လက်တွဲလုပ်ကိုင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေကတဆင့် စက်တင်ဘာ (၂၆) ရက်နေ့၌ ကြေညာသည်။ စက်တင်ဘာ (၂၈) ရက်နေ့၌ James Webb နှင့် နအဖ၀န်ကြီးချုပ် နယူးယောက်မြို့ ကုလသမဂ္ဂတွင် တွေ့ဆုံသည်။ တနေ့တည်းမှာပင် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt M. Campbell က နအဖခေါင်းဆောင်များနှင့် တိုက်ရိုက်ဆွေးနွေးမည်ဟု ကြေညာပြီး စက်တင်ဘာ (၂၉) ရက်နေ့၌ နအဖ၀န်ကြီး ဦးသောင်းနှင့် နယူယောက်တွင် တွေ့ဆုံဆွေးနွေးသည်။ ဦးသောင်းသည် ဗိုလ်ချုပ်မှူးကြီး၏ ညာလက်ရုံးဟု လူသိများ၏။
အောက်တိုဘာ (၃) ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်တို့ (၁) နာရီနီးပါး တွေ့ဆုံဆွေးနွေးသည်။ အောက်တိုဘာ (၇) ရက်နေ့မှာ နောက်တကြိမ်တွေ့ဆုံပြီး စီးပွားရေးဒဏ်ခတ်မှု ရုပ်သိမ်းရေးကိစ္စကို ဆွေးနွေးကြောင်း သိရသည်။ အောက်တိုဘာ (၉) ရက်နေ့တွင် အမေရိကန်၊ အင်္ဂလန်နှင့် သြစတြေးလျမှ သံတမန် (၃) ဦးနှင့် တွေ့ဆုံပါသည်။ အောက်တိုဘာ (၁၄) ရက်နေ့တွင် အီးယူ (ခေါ်) ဥရောပနိုင်ငံများသမဂ္ဂမှ သံတမန် (၂၀) နှင့် အန်အယ်လ်ဒီခေါင်းဆောင်များ တွေ့ဆုံကြသည်။ အီးယူဥရောပအဖွဲ့က ယူရို (၃၅) သန်း ရိက္ခာရန်ပုံငွေ ထောက်ပံ့သည်။
နိုဝင်ဘာ ပထမပတ်တွင် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt M. Campbell နှင့် အာဆီယံဆိုင်ရာ အမေရိကန်သံအမတ် Scot Merciel တို့ မြန်မာပြည်သွားပါလိမ့်မည်။ မြန်မာပြည်တွင် ပြောင်းလဲမှုမရှိသေးပါ။ နအဖ ရည်ရွယ်ချက်သည် ဒဏ်ခတ်အရေးယူမှုကို နိဂုံးချုပ်စေရန်သာ ဆွေးနွေးခြင်းဖြစ်သဖြင့် သတိကြီးစွာ အသေးစိတ်စောင့်ကြည့်ရန် လိုအပ်ပါသည်။

donderdag 15 oktober 2009

အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်များနှင့် ဥရောပသံတမန်အဖွဲ့တွေ့ဆုံ

NEJ/ ၁၅ အောက်တိုဘာ ၂၀၀၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင် (၆) ဦးနှင့် ဥရောပသမဂ္ဂ (အီးယူ) မှ ကိုယ်စားလှယ် (၂၀) ခန့်ပါဝင်သည့် ဥရောပသံတမန်အဖွဲ့တို့ ယမန်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ အန်အယ်လ်ဒီရုံးချုပ်၌ တွေ့ဆုံခဲ့ကြသည်။
အီးယူကိုယ်စားပြု ဥရောပသံတမန်အဖွဲ့တွင် ထိုင်းနိုင်ငံအခြေစိုက် ဆွီဒင်၊ နော်ဝေး၊ စပိန် စသည့်သံရုံးများနှင့် ပြည်တွင်းအခြေစိုက် ဂျာမဏီ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ စသည့်သံရုံးများမှ သံအမတ်များနှင့် သံအရာရှိတို့ပါဝင်ပြီး အန်အယ်လ်ဒီမှ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးခင်မောင်ဆွေနှင့် ဦးဝင်းတင်တို့ပါဝင်ကာ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်တဦးဖြစ်သည့် ဦးသန်းထွန်းက “အဓိကကတော့ လက်ရှိဗမာပြည် အခြေအနေရော၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဆန်ရှင်နဲ့ပတ်သက်ပြီး သူလေ့လာနေတာတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုလျှော့နိုင်မလဲ၊ ဘာလဲဆိုတာကို အန်ကယ်တို့ ဘယ်လိုသိသလဲလို့ မေးတာပါ” ဟု ပြောသည်။
ဥရောပ သံတမန်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရေးအတွက် အန်အယ်လ်ဒီနှင့် နအဖစစ်အစိုးရ အဆင်ပြေစေရန် လိုလားသည့်အကြောင်း ပြောကြားခဲ့ပြီး အန်အယ်လ်ဒီဘက်မှ ဆန်ရှင်ကိစ္စ တွေ့ဆုံဆွေးနွေးမှုမှတဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်သွားစေရန် လိုလားကြောင်း တင်ပြခဲ့သည်ဟု ဦးသန်းထွန်းက ပြောသည်။
၎င်းက “ဆန်ရှင်နဲ့ပတ်သက်လို့ကတော့ အန်အယ်လ်ဒီက လုပ်ထားတဲ့ ဆန်ရှင်မဟုတ်ဘူးလေ။ အခု အမေရိကန် ပေါ်လစီ ပြောင်းတာနဲ့ပတ်သက်လို့ အမေရိကန်ကလည်း ဆန်ရှင်က ဒီတိုင်းထားမယ်၊ ဆက်ဆံရေးကို ပိုမိုတိုးချဲ့ပြီးတော့ ဆောင်ရွက်မယ်ဆိုတဲ့ အတိုင်းပေါ့လေ။ သူတို့ဆက်ဆံရေးကောင်းလို့ တိုးတက်လာတာနဲ့အမျှ ဆန်ရှင်ကလည်း သူ့ဖာသာလျှော့သွားမယ်လို့ အန်ကယ်တို့ အဲလိုယူဆတယ်” ဟု ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍မူ အန်အယ်လ်ဒီအနေဖြင့် ရွှေဂုံတိုင်ကြေညာချက်တွင် တောင်းဆိုထားသည့်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု ပြောဆိုခဲ့ကြောင်း ဦးသန်းထွန်းက ပြောသည်။
ရွှေဂုံတိုင်ကြေညာစာတန်းတွင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေးနှင့် နိုင်ငံတကာကွပ်ကဲမှုရှိသည့် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးရေးတို့ကို တောင်းဆိုထားပြီး ယင်းအချက်များကို လိုက်လျောပါက အန်အယ်လ်ဒီအနေဖြင့် ရွေးကောက်ပွဲဝင်ရန် စဉ်းစားမည်ဟု တင်ပြထားသည်။
ယခုကဲ့သို့ အီးယူသံတမန်များက တွေ့ဆုံမေးမြန်းလာမှုနှင့်ပတ်သက်၍ ဦးသန်းထွန်းက “အီးယူအနေနဲ့ကတော့ အစိုးရကရော၊ အန်အယ်လ်ဒီဘက်ကရော လျှော့စေချင်တယ်ဆိုတဲ့ သဘောမျိုးပါပဲ။ နှစ်ဖက်ကြေလည်အောင် ဖြစ်စေချင်တယ်ဆိုတဲ့ သဘောမျိုးရှိပုံရတယ်” ဟု ပြောသည်။
အီးယူသံတမန်များနှင့် တွေ့ဆုံရာတွင်ပါဝင်သူ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်တဦးဖြစ်သည့် ဦးဝင်းတင်ကလည်း ရွှေဂုံတိုင်ကြေညာချက်ပါ အချက် (၃) ချက်နှင့်ပတ်သက်၍ “ကျနော်သုံးတဲ့စကားကတော့ ဒီ (၃) ချက် မရရင် ကျနော်တို့က ရွေးကောက်ပွဲ မ၀င်ဘူးလို့ပြောတယ်ပေါ့ဗျာ။ ကျနော့်အပြောပေါ့” ဟု ပြန်လည်ရှင်းပြသည်။
၎င်းကဆက်လက်ပြီး “နောက်တခုက အခုလို တောင်းဆိုနေတဲ့ကိစ္စတွေပေါ့ဗျာ။ အခြေခံဥပဒေပြင်ဖို့တို့ ဆိုတာဟာ power sharing လုပ်ဖို့လားဆိုတာတွေ သူတို့က မေးတယ်။ ကျနော်တို့က ဘယ်လိုပြောသလဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ထောက်ထားသောအားဖြင့်ဆိုရင် power sharing ဆိုတာ လုံးဝမရှိဘူး။ ဒါ့အပြင် အခုတောင်းဆိုနေတဲ့ဟာက power sharing ကိစ္စမဟုတ်ဘူး။ ကျနော်တို့တောင်းဆိုနေတာ ဒီမိုကရေစီပြောင်းလဲရေးကိစ္စတွေကို အထောက်အကူဖြစ်စေမယ့် သို့မဟုတ်လည်း ဒီမိုကရေစီနဲ့ဆန့်ကျင်နေတဲ့ အခြေခံဥပဒေအထဲမှာ ပါဝင်တဲ့အချက်တွေကို ပြင်ဆင်ပြောင်းလဲဖို့ကိုသာ တောင်းဆိုနေတာလို့ ကျနော်တို့ဖြေတာပေါ့ဗျာ” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ထို့အပြင် အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် ပေါ်လစီသစ်ပြောင်းလဲမှုတွင် sanction ချမှတ်မှုနှင့်အတူ တိုက်ရိုက်စကားပြောဆို ဆွေးနွေးမှုများ လုပ်သွားမည်ဆိုရာတွင် စစ်အစိုးရနှင့် ဆက်ဆံရေးလုပ်သကဲ့သို့ အတိုက်အခံ အင်အားစုများနှင့်လည်း ဆက်ဆံပြောဆိုမှုများလုပ်ရန် လိုအပ်သကဲ့သို့ စစ်အစိုးရနှင့် အတိုက်အခံအင်အားစုများကြား ဆက်ဆံမှုများ လုပ်နိုင်ရန်အတွက်လည်း ဥရောပသံတမန်များအနေဖြင့် ၀ိုင်းဝန်းတိုက်တွန်း ဖိအားပေးကြရန် ပြောကြားခဲ့သည်ဟုလည်း ဦးဝင်းတင်က ပြောသည်။

အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို အမှုစွဲတင်

 

မင်းနိုင်သူ / ၁၅ အောက်တိုဘာ ၂၀၀၉

ဘန်ကောက်မြန်မာသံရုံး၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို နအဖစစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့က အင်းစိန်ထောင်တရားရုံးတွင် အမှုစွဲတင်လိုက်ပြီဖြစ်သည်။
ကိုညီညီအောင်အတွက် အမှုလိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ ဦးဉာဏ်ဝင်းက “ဒီနေ့ အမှုကို ရုံးတင်လိုက်ပါပြီ။ သူ့ကို စွဲဆိုထားတာက လိမ်လည်မှုပုဒ်မ (၄၂၀) နဲ့ စာရွက်စာတမ်းအတု အသုံးပြုမှု ပုဒ်မ (၄၆၈) တွေနဲ့ စွဲထားတာပါ။ သတင်းစာမှာ သူတို့ရေးထားတဲ့ဟာတွေနဲ့ အခုတင်တာနဲ့တော့ ဘာမှမဆိုင်ပါဘူး။ အခုတင်တဲ့အမှုနဲ့ ပတ်သက်ပြီးတော့လည်း ကိုညီညီအောင်က ဒီစာရွက်စာတမ်းတွေကို သူမသိဘူးတဲ့။ တခါမှလည်း မသုံးဖူးဘူးတဲ့။ သူလည်းမလုပ်ဘူးတဲ့။ အဲလိုပြောပါတယ်” ဟု ပြောသည်။
အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားသူ ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင်သည် ၂၀၀၉ ခုနှစ် စက်တင်ဘာ (၃) ရက်တွင် ဘန်ကောက်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လာစဉ် လေယာဉ်ကွင်း၌ ဖမ်းဆီးခံခဲ့ရသည်။
မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ဆိုသည်ကို အတိအကျ ဖော်ပြခြင်းမရှိသော်လည်း ကိုညီညီအောင်သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာမှ ၂၀၀၉ ခုနှစ် စက်တင်ဘာအတွင်း (၈) ကြိမ်အထိ မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံကာ သတင်းဖလှယ်ခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ဖောက်ခွဲဖျက်ဆီးရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်း တာဝန်မကင်းဟု စက်တင်ဘာ (၂၄) ရက်ထုတ် စစ်အစိုးရသတင်းစာများတွင် ရေးသားဖော်ပြခဲ့သည်။
ကိုညီညီအောင်အပေါ် စွဲဆိုထားသည့် စွဲချက်ကို မင်္ဂလာဒုံမြို့နယ်တရားရုံးက လက်ခံကြားနာခြင်း ဖြစ်သော်လည်း တရားခွင်ကိုမူ အင်းစိန်ထောင်အထူးတရားရုံးအတွင်းသာ ပြုလုပ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့က ကိုညီညီအောင်၏ အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
“ဒီနေ့ အမှုစွဲတင်တာပဲ ရှိပါသေးတယ်။ သက်သေတွေဘာတွေ စစ်တာမရှိသေးပါဘူး။ နောက်ရုံးချိန်းကို (၂၃) ရက်နေ့ ပေးလိုက်ပါတယ်” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
ကိုညီညီအောင်သည် ၁၉၈၈ အရေးအခင်းတွင် တက်ကြွစွာပါဝင်ခဲ့သောကြောင့် စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရဖူးသော နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်ကာ မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းတင်သည် ၂၀၀၇ ခုနှစ် စက်တင်ဘာသံဃာ့အရေး အခင်းအပြီးတွင် ထောင်ဒဏ် (၅) နှစ်ချမှတ်ခံထားရပြီး ၀မ်းကွဲညီမ မသက်သက်အောင်မှာ နှစ်ရှည်ထောင်ဒဏ် (၆၅) နှစ် ချခံထားရသည်။

maandag 12 oktober 2009

မြန်မာနိုင်ငံထဲက တရုတ်ပြည်နယ်


ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)

၁၂ အောက်တိုဘာ ၂၀၀၉
ကိုးကန့်ဒေသကို ဗမာစစ်တပ်က၀င်စီးပြီး လုယက်တဲ့အတွက် တရုတ်လုပ်ငန်းရှင်တွေ နစ်နာဆုံးရှုံးရတဲ့ကိစ္စမှာ လျော်ကြေးဒေါ်လာသန်း (၄၀) ကျော်ပေးဖို့ ယူနန်ဘက်က တောင်းထားကြောင်း သိရတယ်။ တကယ်တော့ ကိုးကန့်နဲ့‘၀’ဒေသကို မြန်မာနိုင်ငံထဲက တရုတ်ပြည်နယ်လို့ခေါ်နိုင်တယ်။ ကိုးကန့်အဖွဲ့နဲ့ ဗမာစစ်အစိုးရ ပထမဆုံးအပစ်အခတ် ရပ်စဲနိုင်အောင် ကြားဝင်ဆောင်ရွက်ပေးသူ ဘိန်းမှောင်ခိုဟောင်း လော်စစ်ဟန်ဟာ ကိုးကန့်တရုတ်ပါ။ ကိုးကန့်နယ်မှာ လွတ်လွတ်လပ်လပ် စီးပွားရေးလုပ်ခွင့်ရတာဟာ အပစ်အခတ်ရပ်စဲရတဲ့အကြောင်းတခုဖြစ်တယ်။ ဒါပေမယ့် စာချုပ်စာတမ်းရေးထားတာမဟုတ်ဘဲ နုတ်ကတိလောက်နဲ့ နားလည်မှုယူထားတာဖြစ်လို့ တရုတ်ပိုင်ပစ္စည်းသိမ်းတာ အငြင်းပွားစရာဖြစ်နေတယ်။
မြန်မာပြည်ထဲ ယူနန်တရုတ်ဝင်နေတာ နှစ်ပေါင်းထောင်ချီနေပါပြီ။ ယူနန်နဲ့ အထက်မြန်မာပြည်ဆက်နေတာမို့ ယူနန်မှာ အပြောင်းအလဲဖြစ်တိုင်း မြန်မာပြည်အထိ ဂယက်ရိုက်လာတတ်တယ်။ လွန်ခဲ့တဲ့ အနှစ် (၂,၀၀၀) ကျော် ယူနန်မှာကြီးစိုးတဲ့ နန်ကျောင်က ၀င်တိုက်တဲ့အတွက် ပျူနိုင်ငံပျက်စီးရတယ်လို့ ရှေးဟောင်းသမိုင်းဆရာတွေက ဆိုပါတယ်။ တရုတ်ပြည်မှာ မွန်ဂိုအာဏာရပြီး ယူနန်အထိ အာဏာစက် ချဲ့လာတဲ့အခါ မြန်မာနဲ့ထိတွေ့ပြီး (၁၃) ရာစုနှောင်းပိုင်းမှာ မွန်ဂိုဝင်တိုက်တဲ့အတွက် နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ပုဂံပြည်ပျက်စီးရတယ်။ အဲဒီနောက် ရှမ်းမျိုးနွယ်တည်ထောင်တဲ့ အင်းဝနန်းဆက်အနှစ်တရာကျော်မှာ ယူနန်-မြန်မာကုန်သွယ်ရေး စတင်တယ်လို့ သမိုင်းဆရာတွေက ဆိုတယ်။
(၁၇) ရာစုမှာ တရုတ် ‘မင်’ မင်းဆက်ကို မန်းချူးချင်က ဖြုတ်ချတဲ့အခါ နောက်ဆုံး ‘မင်’ မင်းဆက်ဖြစ်သူ ‘ယုံလီ’ မင်း မြန်မာပြည်ထဲ ၀င်ရောက်ခိုလှုံတယ်။ အဲဒီအခါမှာ ‘မင်’ မင်းဆက်ကို လိုလားတဲ့ မြန်မာပြည်ရောက်တရုတ်တွေ စခန်းထကြတဲ့အတွက် တိုင်းရေးပြည်ရာ အလွန်ရှုပ်ထွေးလာတယ်တဲ့။ နောက်ဆုံး တရုတ်စစ်တပ်ကြီး အင်းဝမြို့အထိ ချီတက်လာလို့ ‘ယုံလီ’ မင်းကို အပ်နှင်းလိုက်ရတယ်။ ဒါပေမယ့် တရုတ်တပ်ကြီးအပြန်မှာ လွတ်ငြိမ်းချမ်းသာခွင့်ရသွားတဲ့ ယုံလီမင်းရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဟာ ကိုးကန့်ဒေသမှာ အခြေစိုက်နေထိုင်တဲ့အတွက် ကိုးကန့်တရုတ်ပေါ်ပေါက်လာတာလို့ အဆိုရှိတယ်။ (၁၇) ရာစုနှောင်းပိုင်းကစပြီး ကိုးကန့်တရုတ်ရယ်လို့ ပေါ်ထွက်လာတာဖြစ်လို့ ပြည်နယ်လေးလိုဖြစ်နေတာ ကြာလှပါပြီ။ ကိုးကန့်တရုတ်ကို တောင်ပေါ်တရုတ်လို့ ယူနန်မှာ လူသိများတယ်လို့ ‘တာကာနို’ က ဆိုပါတယ်။ ပထမဆုံး ၀တိုင်းရင်းသားနဲ့ လက်ရည်တပြင်တည်း နေထိုင်စားသောက်တဲ့ နိုင်ငံခြားသားဟာ ဂျပန်အမျိုးသား ဟီဒဲယုကိ-တာကာနို ဖြစ်ပါတယ်။
(၁၄) ရာစုလောက်ကတည်းက မြန်မာ့ကျောက်စိမ်းကို ယူနန်တရုတ်က မျက်စိကျခဲ့တာပါ။ (၁၈) ရာစုနှောင်းပိုင်း ဆင်ဖြူရှင်မင်းလက်ထက် (၁၇၆၃-၁၇၇၆) တရုတ်-မြန်မာနယ်ခြားစစ်ပွဲ ပြီးဆုံးသွားတာဟာ ယူနန်-မြန်မာကုန်သွယ်ရေး တိုးပွားစေတဲ့ အကြောင်းရင်းဖြစ်တယ်။ (၁၉) ရာစုမှာ အမရပူရအခြေစိုက် ယူနန်တရုတ်က ၀ါဂွမ်းနဲ့ကျောက်မျက်ကို ယူနန်ကို တင်ပို့ပြီး ပိုးချည်ရွှေငွေနဲ့ သတ္တုအိုးခွက်ကို ယူနန်က တင်သွင်းပါတယ်။ သေဆုံးသူ တရုတ်ကုန်သည် (၆,၀၀၀) ကျော်ရဲ့ အမည်စာရင်းကို အမရပူရတရုတ်ဘုံကျောင်းမှာ တွေ့ရတယ်လို့ ကိုလိုနီခေတ်အစီရင်ခံစာတခုမှာ ရေးထားတယ်။ မိုးကောင်းကို ဗဟိုပြုပြီး ကုန်သွယ်ရာမှာ ကချင်လူမျိုးကို ကျောက်တွင်းပိုင်အဖြစ် သတ်မှတ်တာကို ဗမာမင်းက မကန့်ကွက်ပါဘူး။
လားပေါ်မှာကုန်တင်ပြီး သယ်ယူပို့ဆောင်တဲ့လုပ်ငန်းကို ယူနန်သားတွေ ကျွမ်းကျင်ကြတယ်။ ကုန်းကြောင်းခရီးကြမ်းမှာ လားတန်းနဲ့လိုက်ပါတဲ့ ယူနန်သားကို ‘လားတရုတ်’ လို့ အညာမှာခေါ်တယ်။ ယူနန်-မြန်မာ-လာအိုနဲ့ ထိုင်းနိုင်ငံအကြား ရာစုနှစ်အတော်ကြာ လားတန်းနဲ့ ကုန်သွယ်တုန်း ယူနန်ကို မပြန်တဲ့ တရုတ်လည်းရှိတယ်။ (၁၉) ရာစုမှာ ပန်းသေးတရုတ်မွတ်စလင်ရဲ့ ယူနန်သူပုန် အရေးနိမ့်တဲ့အခါမှာလည်း ပန်းသေးတရုတ်အများအပြား ရှမ်းပြည်မှာ ၀င်ရောက်ခိုလှုံပြီး အရင်ရောက်တဲ့ ကိုးကန့်တရုတ်နဲ့ ရောကုန်တာရှိသလို ထိုင်းနိုင်ငံမြောက်ပိုင်းအထိ ဆင်းသွားသူတွေလည်း ရှိတယ်။
ယူနန်က ဘိန်းစိုက်တဲ့ဓလေ့ကို ကိုးကန့်က အမွေဆက်ခံတာပါ။ အရှေ့အိန္ဒိယ အင်္ဂလိပ်ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံ ဘင်္ဂလားပြည်နယ်မှာ စိုက်သမျှဘိန်းကို လက်ဝါးကြီးအုပ်ဝယ်ယူပြီး တရုတ်ပြည်ကို တင်ပို့တယ်။ တပြည်လုံးဘိန်းစားဖြစ်ကုန်မှာ စိုးလို့ တရုတ်အစိုးရက ဘိန်းတင်သွင်းခွင့် ပိတ်လိုက်တော့ (၁၉) ရာစုမှာ ပထမဘိန်းစစ် ဖြစ်ပွားတယ်။ တရုတ်ကစစ်ရှုံးတော့ ဘိန်းရောင်းဝယ်မှု တိုးပွားလာတယ်။ တရုတ်ပြည်မှာပါ ဘိန်းစိုက်ပျိုးလာတာမို့ ဘုရင်စနစ်ကိုဖျက်သိမ်းပြီး သမ္မနိုင်ငံထူထောင်တဲ့ ၁၉၁၁ ခုနှစ်မှာ တရုတ်ပြည်ဟာ ဘိန်းတန်ချိန် (၂၂,၀၀၀) ကျော် ထုတ်လုပ်နေပါပြီ။
ယူနန်ပြည်နယ်က ဘိန်းစိုက်တဲ့ဓလေ့ဟာ အိမ်နီးချင်းဒေသတွေအထိ ပျံ့နှံ့လာတာမို့ မြန်မာနယ်စပ် ကိုးကန့်နဲ့ဝဒေသမှာ (၁၉) ရာစုနှောင်းပိုင်းကတည်းက အကြီးအကျယ် ဘိန်းစိုက်ပျိုးခဲ့တယ်။ စာရေးဆရာရွှေရိုးအမည်ခံ James George Scott အဲဒီဒေသကို ခရီးထွက်စဉ်က ဘိန်းခင်းတွေများလွန်းလို့ ရက်အတော်ကြာခရီးသွားတာတောင် ဘိန်းခင်းတွေက မဆုံးသေးဘူးလို့ ရေးထားတယ်။ ၁၉၃၀ ခုနှစ်မှာ ကူမင်တန်တရုတ်အစိုးရက တရုတ်ပြည်မှာ ဘိန်းစိုက်ပျိုးမှု ပိတ်ပင်လိုက်တဲအခါမှာ တရုတ်ကုန်သည်တွေဟာ ကိုးကန့်နဲ့ဝဒေသက ထွက်တဲ့ဘိန်းကို အားကိုးလာရပါတယ်။
အင်္ဂလိပ်ကိုလိုနီအစိုးရဟာ သံလွင်မြစ်အရှေ့ဘက်ဒေသမှာသာ ဘိန်းစိုက်ခွင့်ပြုပြီး ပုံမှန်ဝယ်ယူလေ့ရှိပေမယ့် သံလွင်မြစ်အနောက်ဘက်ဒေသမှာတော့ ဘိန်းစိုက်ခွင့်မပြုပါ။ ကချင်ပြည်နယ်မှာလည်း အနည်းအကျဉ်းစိုက်ပျိုးခွင့်ပြုပါတယ်။ အထက်မြန်မာပြည်က ဂျပန်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ငွေကြေးထောက်ပံ့တဲ့အနေနဲ့ ဘိန်းကို မဟာမိတ်ဘက်ကသုံးတယ်။ ၁၉၄၈ ခုနှစ်မှာ မြန်မာပြည်လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်စတင်ဖြစ်ပွားတော့ တရုတ်ပြည်မှာ ပြည်တွင်းစစ် ပြီးဆုံးသွားပါပြီ။ စစ်ရှုံးတဲ့ တရုတ်ကူမင်တန်တပ်အချို့ ရှမ်းပြည်အရှေ့ပိုင်းဒေသမှာ ၀င်ရောက်ခြေကုပ်ယူပြီး တရုတ်ကွန်မြူနစ်ကို ပြန်တိုက်ဖို့ ကြိုးစားတဲ့လှုပ်ရှားမှုနဲ့ နောက်ပိုင်းပေါ်ပေါက်တဲ့ ရှမ်းလက်နက်ကိုင်လှုပ်ရှားမှုတွေမှာ ဘိန်းလုပ်ငန်းဟာ အဓိက အရေးပါလာပါတယ်။
တရုတ်ကွန်မြူနစ်ကိုတိုက်မယ့် ကူမင်တန်တရုတ်တပ်ကြီးကို ရှမ်းပြည်နယ်မှာ ပြန်လည်ဖွဲ့စည်းပါတယ်။ လက်နက်ခဲယမ်းကို ထိုင်ဝမ်က တိုက်ရိုက်ပို့ပေးပြီး ကုန်ကျစရိတ်ကိုတော့ ဘိန်းလုပ်ငန်းက ရတဲ့ငွေနဲ့ ထောက်ပံ့ပါတယ်။ ကူမင်တန်တပ်တွေဟာ ၁၉၆၁ ခုနှစ်လောက်အထိ ရှမ်းပြည်နယ်မှာ လှုပ်ရှားသွားတာမို့ ဘိန်းလုပ်ငန်းကို အုတ်မြစ်ချနိုင်ခဲ့တယ်။ ကွန်မြူနစ် တရုတ်ပြည်မှာ ဘိန်းစိုက်ပျိုးဖို့ ခက်ခဲလေလေ ရှမ်းပြည်က ဘိန်းလုပ်ငန်းလည်း ကြီးထွားလေလေဖြစ်လာတယ်။
တရုတ်ကွန်မြူနစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ယူနန်နယ်သားအများအပြား မြန်မာပြည်ထဲ ၀င်ရောက်ခိုလှုံပြန်ပါတယ်။ ဒီအထဲမှာ မွတ်စလင်တရုတ်နဲ့ မွတ်စလင်မဟုတ်တဲ့ KMT တရုတ်ဆိုပြီး နှစ်မျိုးရှိတယ်။ ကူမင်တန်တရုတ်တပ်က အကြွင်းအကျန်တွေကို KMT တရုတ်လို့ ခေါ်တာပါပဲ။ KMT တပ် ထိုင်ဝမ်နိုင်ငံကို ရွှေ့ပြောင်းတော့လည်း လိုက်သွားသူက နည်းနည်း၊ ထိုင်း-မြန်မာနယ်စပ်မှာ အခြေချသူများက များပါတယ်။ ဘိန်းဖြူနဲ့ ကျောက်မျက်မှောင်ခိုလုပ်ငန်းမှာ စီးပွားရှာကြသူတွေပါပဲ။
ဒီနေရာမှာ ယူနန်တရုတ်လို့ပြောပေမယ့် ကိုးကန့်တရုတ်၊ ‘၀’တရုတ်၊ KMT တရုတ်၊ ပန်းသေးတရုတ် စတဲ့ တရုတ်အားလုံး အကျုံးဝင်တယ်။ လောစစ်ဟန်၊ လောစစ်မင်း၊ ဖုန်ကြားရှင်၊ ဖုန်ကြားဖူး၊ ပေါက်ယူချမ်း၊ လင်မင်းရှန်၊ ခွန်ဆာ (ခေါ်) ချန်ရှီဖူး၊ ဝေဆူကိုင်စတဲ့ ဘိန်းမှောင်ခိုတွေဟာ တရားဝင်စီးပွားရှာခွင့်ရလာတယ်။ ငွေရင်းရှိတဲ့တရုတ်ဟာ သူတို့နဲ့ဆက်ပြီး စီးပွားရေးလုပ်ကြတယ်။ မဆလဆိုရှယ်လစ်ခေတ်မှာလည်း တရုတ်စီးပွားရေးသမားတွေပဲ ချမ်းသာကြတယ်။ မြန်မာက ဆိုရှယ်လစ်သင်တန်းတက်နေချိန်မှာ တရုတ်က မဆလစစ်ဗိုလ်ကိုလာဘ်ထိုးပြီး စီးပွားရေးလုပ်နေတော့ ချမ်းသာတာပေါ့။ ဗမာစစ်ဗိုလ်ကိုလာဘ်ထိုးပြီး စီးပွားရေးလုပ်တာ တရုတ်ထုံးစံဖြစ်နေပြီ။ ဗမာစစ်တပ်ကို ဆက်ကြေးမှန်မှန်ပေးနေရင် တရုတ်ပြည်နယ်ဟာ ကြီးပွားချမ်းသာဖို့သာ ရှိပါတယ်။ ငြိမ်းချမ်းတဲ့အခြေအနေမှာ တရုတ်ပြည်နယ်တွေဟာ အကြီးအကျယ်ချမ်းသာမယ့် အလားအလာရှိပါတယ်။

မြန်မာပြည်တောင်ပိုင်းသို့ မူးယစ်ဆေးဝါး ပျံ့နှံ့မှု ပိုမိုများပြားလာ

ဝီရ / ၁၂ အောက်တိုဘာ ၂၀၀၉

ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ တောင်ဘက်ပိုင်း မြို့ကြီးများနှင့် နယ်စပ်ဒေသတို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု သိသာစွာ ကျယ်ပြန့်လာကြောင်း စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ခံ လူငယ်တဦးက “အခု မူးယစ်ဆေးဝါးတွေ ဖြန့်နေတာ ဗြောင်ကျကျပဲ။ Shopping Center တချို့က စားသောက်ဆိုင်တန်းတွေမှာ တနေ့လုံးထိုင်ပြီး ရောင်းဝယ်နေတာတောင် ရှိလာတယ်။ ဥပမာ ယုဇနပလာဆာဆိုရင် စားသောက်ဆိုင်တန်း ရှိတယ်လေ။ ရာဘလို့ခေါ်တဲ့ စိတ်ကြွဆေးရယ်၊ ချောင်းဆိုးပျောက်ဆေးရည်လို ပျစ်ပျစ်လေး ဖျော်ထားတဲ့ ဆေးရည် သူတို့အခေါ် ‘ငါး’ ရယ် ဂေါ်ပုလင်းထဲ ထည့်ရောင်းတာ။ အကုန်ရတယ်။ စိတ်ကြွဆေးဆိုရင် ဘာအရောင်လိုချင်လဲ အကုန်ရတယ်” ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအများအပြား အခြေချသည့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သည် ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရာတွင် အဓိက လမ်းကြောင်းတရပ်အဖြစ် ပြန်လည်အသုံးပြုလာကြကြောင်း သိရသည်။
မွန်ပြည်သစ်မှ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ အရာရှိတဦးက “ထိုင်းနယ်စပ်ဂိတ်မှာ အရေအတွက် ထောင်ချီတဲ့ မြင်းဆေးတွေ ဒီလပိုင်းထဲမှ (၅) ခါတောင် ဖမ်းမိထားတယ်။ ဒါ ထိုင်းအာဏာပိုင်တို့က သတိပေးတာ။ ဘုရားသုံးဆူမြို့ပေါ်မှာလည်း မူးယစ်ဆေးဝါးတွေ ရောင်းဝယ်တာ၊ သုံးစွဲတာ အခု သိသိသာသာ ပိုများလာတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တဝန်းမှာလည်း မနှစ်ကထက်စာရင် မူးယစ်ဆေးဝါး သုံးစွဲတာ ပိုမိုလာတယ်လို့ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တုန်းက သက်ဆိုင်ရာထိုင်းနဲ့မြန်မာ အာဏာပိုင်တွေကို ကျနော်တို့ အစီရင်ခံထားတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
မွန်ပြည်နယ်ဘက်သို့ အများဆုံး ရောက်ရှိလာသည့် မူးယစ်ဆေးဝါးများသည် ပဲခူးတိုင်းအထက်ပိုင်းနှင့် နယ်စပ်ဒေသများမှ သယ်ဆောင်လာခြင်းဖြစ်ပြီး လောင်းကစားဝိုင်းများနှင့် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေးလုပ်ငန်းများတွင်ပါ သုံးစွဲမှု ကျယ်ပြန့်လာကြောင်းနှင့် ယခုအခါ လူငယ်များသာမက အိမ်ထောင်သည်ယောက်ျားများလည်း သုံးစွဲလာကြသည်ကို တွေ့ရှိရကြောင်း မွန်ပြည်သစ်၏ အစီရင်ခံစာတွင် ရေးသားထားပြီး ထိုကဲ့သို့ဖြန့်ဖြူးရာတွင် အပစ်ရပ်တိုင်းရင်းသား အဖွဲ့အစည်းမှ အဖွဲ့ဝင်အဖြစ် အမည်ခံထားသူ လူငယ်အများစုက တာဝန်ယူကြခြင်းဖြစ်ကြောင်း ပါရှိသည်။
သို့သော် ရာဘဆေးပြားများ၏ ဈေးနှုန်းသည် မွန်ပြည်နယ်အတွင်းပိုင်းဒေသများတွင် (၆,၀၀၀) ကျပ်ဝန်းကျင်အထိ ပေးဆောင်နေရ၍ သုံးစွဲသူအများစုမှာ ထိုဆေးပြားဖြင့် ဖော်စပ်ထားသည့် ဆေးရည်များကို အများဆုံးအသုံးပြုကြကြောင်း မွန်ပြည်သစ်အရာရှိက ပြောသည်။
ထိုင်းအာဏာပိုင်တို့၏အဆိုအရ ထိုင်း-မြန်မာ မြောက်ပိုင်းနယ်စပ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုသည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်အစောပိုင်းက ဘိန်းဖြူ (၅၇) ကီလိုဂရမ်သာ ဖမ်းဆီးရမိခဲ့ရာမှ ၂၀၀၈ ခုနှစ် အောက်တိုဘာမှ ယခုနှစ် သြဂုတ်အထိ ဘိန်းဖြူ (၁,၂၇၀) ကီလိုဂရမ်အထိ ဖမ်းဆီးရမိခဲ့ကြောင်း၊ ယခုနှစ်အတွင်း ဖမ်းဆီးရရှိမှု ပမာဏမှာ အဆ (၂၀) ကျော် များပြားလာကြောင်း သိရသည်။
“အခုဆိုရင် နယ်စပ်က မူးယစ်ဆေးဝါး ဝယ်တဲ့သူတချို့ဟာ ပိုက်ဆံနဲ့ အရောင်းအဝယ် လုပ်နေရာကနေ ဘဏ်စနစ်ကတဆင့် ပြောင်းသုံးလာကြတယ်” ဟု ထိုင်းနိုင်ငံ မြောက်ပိုင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့မှ ဒါရိုက်တာ နိုင်ဖွန်ထစ် အမ်ပရာပိုင်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ရှင်းပြခဲ့သည်။
တချိန်တည်းမှာပင် ထိုင်း-မြန်မာ နယ်စပ်များတွင် ရောင်းဝယ်နေသည့် မူးယစ်ဆေးဝါး ဈေးနှုန်းမှာ သိသိသာသာ ကျဆင်းလာကြောင်း သိရသည်။
Ice ခေါ် မူးယစ်ဆေးသည် ယခင်က (၁) ကီလို ဘတ် (၁) သန်းမှ ယခုအခါ (၈) သိန်းဝန်းကျင်နှင့် ရာဘဆေးပြားများအနက် အကောင်းဆုံးအဆင့်ဖြစ်သည့် Tiger ပါးခိုက်ဟုခေါ်သော (၅၀) ဘတ်တန် ဆေးတပြားကို ယခု ဘတ် (၄၀-၄၂) ခန့်သာ ဈေးရှိကြောင်း ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့တာဝန်ခံ ဦးခွန်ဆိုင်းက ပြောသည်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတို့အား နအဖစစ်အစိုးရက ထိထိရောက်ရောက် မနှိမ်နင်းသည့်အကြောင်းမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် လက်မခံသည့်အပစ်ရပ်အဖွဲ့တို့အား လိုအပ်သည့်အချိန်တွင် မူးယစ်ဆေးဝါးအမှုဖြင့် အကြောင်းပြကာ စစ်ရေးအရ ဖိအားပေးနိုင်ရန်ဖြစ်ကြောင်း လေ့လာအကဲခတ်သူများက ယူဆကြသည်။
“ဒေသတရပ်ရပ်မှာ စစ်ရေးလှုပ်ရှားမှု များလာလေလေ၊ ရှုပ်ထွေးလာလေလေ၊ ဒီမူးယစ်ဆေးဝါးက များလာလေလေပဲ။ ဒါက စစ်အစိုးရ ကျင့်သုံးနေတဲ့ သဘောတရားတရပ်ပဲဖြစ်တယ်။ ဒီစစ်ပွားမဖြစ်တဲ့ ဒေသတွေမှာဆိုရင် နအဖအာဏာပိုင်တွေရဲ့ သားသမီးတွေ၊ လက်အောက်ငယ်သားတွေ၊ ဆွေမျိုးတွေကပဲ အများစု ဖြန့်ဖြူးတယ်” ဟု ဦးခွန်ဆိုင်းက ပြောသည်။

ပင်စင်ယူမည့် အန်ဒီအေကေ တပ်ဖွဲ့ဝင်များအား အလှူငွေဖြင့် အိမ်ဆောက်ပေးမည်

ခိုင်လင်း / ၁၂ အောက်တိုဘာ ၂၀၀၉

နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် လက်ခံထားသည့် ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် (အန်ဒီအေကေ) မှ ပင်စင်ယူမည့်သူများအတွက် အိမ်ယာမြေ ချပေးရန်ရှိနေပြီး လိုအပ်သည့် ငွေကြေးရန်ပုံငွေကို ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ပယက) က ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူငွေ ကောက်ခံနေသည်။
ယခုလ (၆) ရက်နေ့က အင်ဂျန်းယန်၊ မိုးမောက်၊ တနိုင်း စသည့်မြို့နယ်တို့အတွင်း ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင် (၅ဝ) ခန့်ကို ကချင်ပြည်နယ် ပယက က ရုံးသို့ဆင့်ခေါ်ပြီး အန်ဒီအေကေ မှ အသက်အရွယ်အရ တပ်မှ အနားယူ ပင်စင်ပေးခံရမည့်သူများအတွက် အိမ်များဆောက်လုပ်ရန် အလှူငွေကောက်ခံခဲ့သည်ဟု အစည်းဝေးတက်ရောက်ခဲ့သူတဦးက ပြောသည်။
၎င်းက “အိမ်တလုံးကို (၂၅) သိန်းဝန်းကျင်တန်ဖိုးရှိတဲ့ အိမ်တွေ ဆောက်ပေးမှာ။ သွပ်မိုး၊ ပျဉ်ကာ အိမ်မျိုးပေါ့။ မြစ်ကြီးနား နည်းပညာတက္ကသိုလ်နားမှာ အိမ်အလုံး (၅ဝ) နေရာချမယ်။ ဖားကန့်မှာ အလုံး (၅ဝ)၊ ဗန်းမော်မှာ (၅ဝ)၊ ရွှေကူမှာ အလုံး (၃ဝ)၊ အဲဒီအတွက် ရွှေတူးနေတဲ့သူတွေခေါ်ပြီး အလှူခံတာ။ အနည်းဆုံး (၁၀) သိန်း ထည့်ပေးမှလည်း နောက်ထပ်ရွှေလုပ်ကွက် သက်တမ်းတိုးပေးမှာဆိုပြီး ပြောနေတာ။ အဲလိုဆိုတော့ တချို့က သိန်း (၁၀၀) ထည့်တယ်၊ (၅၀) ထည့်တယ်၊ တချို့က အိမ်တလုံးစာ သိန်းအစိတ်ထည့်ကြတယ်” ဟု ပြောသည်။
ဖားကန့်ဒေသတွင်လည်း ကျောက်လုပ်ငန်း၊ ရွှေလုပ်ငန်းရှင်များထံမှ အလှူငွေများကောက်ခံပြီး နေအိမ်များ ဆောက်လုပ်ပေး မည်ဖြစ်သလို အခြားနေရာတွင်လည်း သစ်လုပ်ငန်း၊ ရွှေလုပ်ငန်းရှင်များနှင့် နယ်စပ်ကုန်သည်များထံက အလားတူ ငွေကောက်ခံသွားမည်ဟု အဆိုပါ ရွှေလုပ်ငန်းရှင်က ပြောသည်။
၎င်းက “ပယကအတွင်းရေးမှူးပြောတာက အခုက မြစ်ကြီးနားဘက်ကဟာကို ဒီဘက်က လုပ်ငန်းရှင်တွေက တာဝန်ယူ၊ ဖားကန့်က ဥစ္စာကို ဖားကန့်မှာရှိတဲ့ ကျောက်လောပန်းတွေ၊ ရွှေလုပ်တဲ့သူတွေက တာဝန်ယူကြမှာပေါ့။ လုပ်ငန်းလုပ်ကွက်တွေကိုလည်း တိုးချဲ့ချပေးမှာပေါ့။ အလှူငွေထည့်တဲ့သူတွေအတွက် ဦးစားပေးမယ်ပေါ့” ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ အန်ဒီအေကေအဖွဲ့မှ တာဝန်ရှိသူများကို ဖုန်းဆက်သွယ်၍ မရရှိပါ။
အန်ဒီအေကေအဖွဲ့အနေဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူးနှင့် အန်ဒီအေကေအဖွဲ့တို့၏ သဘော တူညီမှုရရှိထားသည့်အတိုင်း နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ဆောင်ရွက်နေဆဲဖြစ်ပြီး အသက်အရွယ်ကြီးသူများအား တပ်ကနေအနားယူခွင့်ပေးခဲ့ကြောင်း အမည်မဖော်လိုသည့် အန်ဒီအေကေ အရာရှိတဦးက ပြောသည်။
၎င်းက “ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းလည်း အသက်(၆ဝ) ကျော်နေပြီလေ။ လူကြီးတွေကျတော့ နိုင်ငံရေးပါတီထဲကို သွားကြရမှာ။ အခုလုပ်မယ့်ဟာက အသက် (၅ဝ) ရဲ့ အထက်ကို တပ်ထဲမှာ ပါခွင့်မရှိတော့ဘူး။ တချို့ကျတော့ ဌာနဆိုင်ရာတွေမှာ အလုပ် ပေးမယ်လို့တော့ ကြားရတယ်။ မလုပ်နိုင်တော့တဲ့ အသက်ကြီးသူတွေကို အနားပေးမယ်၊ အနားပေးမှာ ဘယ်နှယောက်ဆိုတာ ကျနော်တို့လည်း တိတိကျကျ မသိသေးဘူး” ဟု ပြောသည်။
အန်ဒီအေကေအဖွဲ့သည် ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး နအဖနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့ကာ နအဖတောင်းဆိုထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းဖွဲ့စည်းရေးကို ယခုနှစ် ဇွန်လအတွင်း လက်ခံသဘောတူခဲ့သည်။

vrijdag 25 september 2009

အစိုးရနှင့်အတိုက်အခံ နှစ်ဖက်စလုံးကို တိုက်ရိုက်ဆွေးနွေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 NEJ / ၂၅ စက်တင်ဘာ ၂၀၀၉

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ကို ကြိုဆိုသော်လည်း အစိုးရနှင့်အတိုက်အခံနှစ်ဖက်စလုံးကို တိုက်ရိုက်ဆွေးနွေးသင့်ကြောင်း ပြောကြားလိုက်သည်။
   “နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က direct engagement လုပ်ဖို့ရယ် sanction ကိုလည်း ဆက်လက်ဆောင်ရွက်မယ်ဆိုတာ ပြောတယ်။ အဲဒါကို ကျနော်တို့ပြောကြတော့ ဒေါ်အောင်ဆန်းစုကြည်က direct engagement က ကောင်းတာပေါ့တဲ့။ အရင်ကတည်းကလည်း သူလည်းကြုံကြိုက်တဲ့အခါတိုင်း ပြောနေတာပဲတဲ့။ direct engagement လုပ်တဲ့နေရာမှာတော့ အစိုးရနဲ့ချည်းပဲမဟုတ်ဘဲ အတိုက်အခံတွေ၊ ဒီမိုကရေစီရေးသမားတွေနဲ့ပါ လုပ်ရင်ပိုပြီးတော့ အကျိုးရှိမယ်လို့ သူအဲလိုပြောပါတယ်” ဟု ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် အန်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီးဦးဉာဏ်ဝင်းက ပြောသည်။
   ဦးဉာဏ်ဝင်းနှင့်ရှေ့နေများသည် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကိစ္စ ဆွေးနွေးရန်အတွက် ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခွင့်ရခဲ့ရာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။



အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်အစိုးရအပေါ် ပြစ်ဒဏ်ခတ်အရေးယူမှု (sanction) ကို ဆက်လက်ထားရှိမည် ဖြစ်သော်လည်း မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှု (direct engagement) လုပ်ဆောင်သွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာ (၂၃) ရက်တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်၌ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဦးဆောင်ပြုလုပ်သည့် မြန်မာ့အရေးမိတ်ဆွေနိုင်ငံများ အစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က ပြောကြားခဲ့သည်။
   အမေရိကန်သမ္မတ အိုဘားမားသည် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် နိုင်ငံခြားရေးမူဝါဒကို ပြန်လည်သုံးသပ်နေပြီး ပြောင်းလဲလာမည့် မူဝါဒအသစ်နှင့်ပတ်သက်၍ မစ္စစ်ကလင်တန်က ယင်းသို့ ထုတ်ဖော်ပြောဆို ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
   ယမန်နေ့ နေ့လယ်ပိုင်းတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးသို့ မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးမှ တာဝန်ရှိသူ အရာရှိ (၂) ဦးလာရောက်ပြီး အမေရိကန်အစိုးရက မူဝါဒအသစ်နှင့်ပတ်သက်၍ ပြောဆိုခဲ့ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောကြားသည်။
   ၎င်းက “သူတို့ပြောတာတော့ အမေရိကန်နိုင်ငံခြားရေးဝါဒရဲ့ ရှေ့ပြေးပေါ့ဗျာ။ ပါတဲ့အချက်တွေကတော့ sanction ကတော့ ဆက်ရှိနေမယ်ပေါ့။ တဖက်ကလည်း တပ်မတော်အစိုးရနဲ့ engagement ပေါ့၊ ပိုမိုနီးကပ်တဲ့ ထိတွေ့ဆက်ဆံမှုတွေကိုလုပ်သွားမယ်ပေါ့ဗျာ။ တချိန်တည်းမှာပဲ ဆန်ရှင်ကို တဖြည်းဖြည်းချင်း ဖျက်သိမ်းသွားမယ့်ဟာမျိုးကိုလည်း သူတို့ သဘောထားရှိတဲ့ သဘောပေါ့လေ။ ဒါဟာလည်း တဖက်က အစိုးရဘက်ကနေပြီးတော့ ကောင်းမွန်တဲ့ ပျော့ပျောင်းတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ၊ နောက်ပြီးတော့ ဖမ်းထားတဲ့အကျဉ်းသားတွေ အစရှိသဖြင့်ပေါ့။ ဘက်ပေါင်းစုံကနေပြီးတော့ ပျော့ပျောင်းတဲ့အနေအထားမျိုးတွေ ပြသလာမယ်၊ ဆက်ဆံမှုတွေမှာ တိုးတက်ကောင်းမွန်တဲ့သဘောထားတွေ ရှိလာမယ်ဆိုရင်တော့ သူတို့ဘက်က တဖြည်းဖြည်းချင်းဆုတ်သွားမယ်ဆိုတဲ့သဘောမျိုး ဆိုလိုတာဖြစ်တယ်” ဟု ရှင်းပြသည်။
  ထိုသို့အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးရေးမူဝါဒအသစ်နှင့်ပတ်သက်၍ ဦးခင်မောင်ဆွေက ၎င်းအနေဖြင့် ကြိုဆိုသော်လည်း သတိဖြင့်ဂရုတစိုက်ကြိုရမည်ဖြစ်သည်ဟု ခေတ်ပြိုင်သို့ပြောသည်။
   ၎င်းက “ကျနော်အနေနဲ့ အလွတ်သဘောပြောရရင်တော့ ဒါကို ဂရုတစိုက်ကြိုဆိုရမှာပေါ့ဗျာ။ အရှေ့တောင်အာရှအသင်းမှာ လည်းပဲ အပြုသဘောဆောင်တဲ့ ဆက်ဆံမှုတွေ တိုးမြှင့်ဆောင်ရွက်မယ်ဆိုပြီးတော့ ဆယ်စုနှစ် တစုကျော်လောက် လုပ်လာခဲ့ပေမယ်လို့ တကယ်တမ်းကျ အကျိုးသက်ရောက်မှု မရှိခဲ့ဘူး။ ဒါပေမယ့် အခုပုံစံကတော့ အာဆီယံပုံစံနဲ့ဆို နည်းနည်းကွာခြားတယ်လို့ ယူဆဖွယ်ရာရှိတာပေါ့လေ။ သူက အပေးအယူသဘောထားအထိ ရောက်သွားမယ်ဆိုတဲ့ အနေမျိုးရှိတဲ့အခါကျတော့ တဖက်သတ်ရပ်ပြီး အပြုသဘောကြည့်ဆက်ဆံနေတဲ့ သဘောမျိုး မဟုတ်ဘူး။ လုပ်ငန်းအနေနဲ့ ပါတဲ့ကိစ္စမျိုးကို ဆောင်ရွက်သွားဖို့၊ ဥပမာအားဖြင့် ဖြစ်နေတဲ့နိုင်ငံရေးပြဿနာ အကျပ်အတည်းတွေ၊ စီးပွားရေးအခက်အခဲ တွေကို ပူးပေါင်းဆောင်ရွက်ပြီးတော့ အဖြေရှာရေး၊ ဒေါ်အောင်ဆန်းကြည်နဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေ အပါအ၀င်ကို တွေ့ဆုံဆွေးနွေးပြီးတော့ နိုင်ငံရေးအဖြေရှာတဲ့အနေအထားမျိုးကို ရောက်အောင်သွားဖို့လိုတယ်လို့တော့ ကျနော်တို့ကတော့ ပြောလိုက်တာပဲလေ” ဟု ပြောသည်။
ရှေ့နေကြီး ဦးဉာဏ်ဝင်းကလည်း အကောင်းဘက်သို့ ရှေးရှုသည်ဟုမြင်ကြောင်း ပြောဆိုသည်။
၎င်းက “ကျနော်တို့က ဘာမှမတွေ့မဆုံ စကားမပြောရင် ဘာမှမတိုးတက်ဘူးလေ။ တွေ့ဆုံစကားပြောမှသာ တိုးတက်မှာ။ ဒီလို direct engagement ဟာ ကောင်းပါတယ်လို့ ကျနော်တို့သဘောထားပါတယ်” ဟု ပြောသည်။

 အန်အယ်လ်ဒီအနေဖြင့် ကြေညာချက်ထုတ်ပြန်ရန်ရှိသော်လည်း မြန်မာနိုင်ငံအပေါ်သက်ရောက်သည့် နိုင်ငံခြားရေးပေါ်လစီ အတိအကျထွက်ပြီးမှ ထုတ်ပြန်မည်လားဆိုသည်ကို ယနေ့ဆုံးဖြတ်ချက်အပေါ် မူတည်သည်ဟုလည်း ဦးခင်မောင်ဆွေက ပြောသည်။