ဦးအောင်ခင်
၉ စက်တင်ဘာ ၂၀၀၉
မြန်မာပြည်မှာ ဒီမိုကရေစီစနစ်တည်ဆောက်ချင်တဲ့ အရပ်သားအဖွဲ့အစည်းတွေနဲ့ စစ်အစိုးရတို့ စေ့စပ်ဆွေးနွေးတဲ့အဆင့်ကို မရောက်နိုင်သေးဘဲ လိပ်ခဲတည်းလည်းဖြစ်နေရတဲ့ အခြေခံအကြောင်းတခုက အရပ်သားရဲ့ သမိုင်းအမြင်နဲ့ စစ်သားရဲ့ သမိုင်းအမြင် ကွဲပြားခြားနားနေလို့ပါပဲ။ စစ်တပ်တိုင်းမှာ သီးခြားအသွင်လက္ခဏာရှိတယ်။ အရပ်သားနဲ့စစ်သားဟာ သမိုင်းအမြင်ချင်း မတူတာများပါတယ်။ စစ်ဗိုလ်ရဲ့ အတွေးအခေါ်ဟာ စစ်တပ်ရဲ့သမိုင်းအမြင်က လွှမ်းမိုးလေ့ရှိတယ်။
အရပ်သားဟာ သူတွေ့ရှိတဲ့ အချက်အလက်ပေါ်မှာမူတည်ပြီး သမိုင်းရေးတယ်။ မိမိတွေ့ရှိတဲ့ အချက်အလက်ကိုလိုက်ပြီး သုံးသပ်မှုနဲ့ အဓိပ္ပာယ်ဖော်မှုလည်း ပြောင်းသွားရပါတယ်။ ကိုယ်ဖြစ်ချင်တာကို ရေးလို့မရဘူး။ ကိုယ်ထင်တာကိုမရေးဘဲ တွေ့တဲ့အတိုင်းရေးတာကို သတ္တိရှိတယ်လို့ ပြောတာပါပဲ။ ဗမာစစ်တပ်က သမိုင်းရေးသလို လိုချင်တာတွေထည့်ပြီး မလိုချင်တာ ကို ဖယ်ထုတ်လို့မရပါဘူး။ လူသတ်တာကို ကယ်တင်တာလို့ ရေးလို့မရပါဘူး။ အနောက်တိုင်းမှာ နာမည်ကြီးတဲ့ စစ်သမိုင်းဆရာတွေဟာ အရပ်သားတွေပါ။ ဗမာပြည်မှာတော့ စစ်ဗိုလ်ကသာ စစ်သမိုင်းကို ရေးခွင့်ရှိသလို ဖြစ်နေတယ်။
စစ်တပ်ကိုအယုံတင်သွင်းရာမှာ သမိုင်းကို ၀ါဒဖြန့်ပစ္စည်းအဖြစ် အသုံးပြုပြီး ပုံကြီးချဲ့လေ့ရှိတယ်။ ဒီလိုပြောပါများလာတော့ စစ်ခေါင်းဆောင်တွေကိုယ်တိုင် ဂျပိုးကိုလိပ်လို့ ယုံကြည်လာတာပါပဲ။ ဒါကို စိတ်ပညာမှာ auto-suggestion လို့ခေါ်တယ်။ ၂၀ ရာစုအစောပိုင်းမှာ ပြင်သစ်စိတ်ပညာရှင်တဦး Emile Coue 1857-1926 တွေ့တဲ့နည်းပါ။ မိမိကိုယ်မိမိ ကယ်တင်ရှင်လို့ အနှစ် (၅၀) နီးပါး ၀ါဒဖြန့်လာတဲ့ စစ်ခေါင်းဆောင်တွေဟာ သူတို့ဝါဒဖြန့်တာကို သူတို့ကိုယ်တိုင် ပြန်ယုံနေတဲ့အတွက် နေရာတကာ စစ်ဗိုလ်က ဦးဆောင်ခွင့်ရှိကြောင်း ဥပဒေပြုတာဖြစ်တယ်။
ဥပမာ အမေရိကန်နဲ့ အင်္ဂလိပ် စစ်အင်အားကြီးမားလို့ ဂျပန်စစ်ရှုံးရတာ တကမ္ဘာလုံး သိတယ်။ ဂျပန့်လက်အောက်ခံ ဗမာစစ်တပ်က ဂျပန်ကိုတော်လှန်ပြီး အင်္ဂလိပ်နဲ့ အမေရိကန်ဘက်က ကူတိုက်ပေးတယ်။ ဗမာစစ်တပ် မကူလည်း အင်္ဂလိပ်/အမေရိကန်က နိုင်မှာပါပဲ။ ဗမာစစ်တပ်က တော်လှန်လို့ ဂျပန်စစ်ရှုံးတာမဟုတ်ဘူး။ ဂျပန်ကို တော်လှန်တဲ့အတွက် ဗမာစစ်တပ်သာ အမြတ်ထွက်သွားတယ်။ ဂျပန်နဲ့လက်တွဲပြီး အင်္ဂလိပ်၊ အမေရိကန်တပ်ကို သွားတိုက်မယ်ဆိုရင် ဗမာစစ်တပ်ဟာ အိန္ဒိယလွတ်လပ်ရေးတပ်ဖွဲ့လို အင်္ဂလိပ်စစ်တပ်ရဲ့ ကူလီဘ၀ကို ရောက်သွားမှာ သေချာတယ်။
ဒီအဖြစ်အမှန်ကိုမထုတ်ဖော်ဘဲ တပ်မတော်ကတော်လှန်လို့သာ ဂျပန်စစ်ရှုံးသလိုလို တပြည်လုံးကို ၀ါဒဖြန့်ထားတာ စစ်တပ်ရဲ့ သမိုင်းအမြင်ပါပဲ။ ဗမာစစ်တပ်တိုက်ယူလို့ လွတ်လပ်ရေးရတာလို့ စစ်ဗိုလ်တွေယူဆထားတာဟာ မှားယွင်းတဲ့သမိုင်းအမြင်ပါ။ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ ဖက်ဆစ်တော်လှန်ရေးဟာ အခန်းကဏ္ဍလေးတခုသာဖြစ်တယ်။ စစ်ပြီးခေတ် လွတ်လပ်ရေးကြိုးပမ်းမှုဟာ နှလုံးရည်တိုက်ပွဲသာဖြစ်တယ်။ အဲဒီအချိန်မှာ ဗမာစစ်တပ်ဟာ အင်္ဂလိပ်စစ်တပ်ရဲ့ လက်အောက်ခံ ဖြစ်နေလို့ လွတ်လပ်ရေးလှုပ်ရှားမှုမှာ တိုက်ရိုက်မပါဝင်နိုင်ခဲ့ဘူး။
ခေတ်ပညာတတ် စစ်ဗိုလ်ဆရာဝန် စာရေးဆရာ ဒေါက်တာမောင်မောင်ညို လိုဟာမျိုးကတောင် ဂျပန်တော်လှန်ရေးကို အကြီးအကျယ် အောက်မေ့နေတယ်။ ၁၉၇၃ ခုနှစ်က တိုကျိုမှာ ကျနော် သမိုင်းသုတေသနလုပ်နေတုန်း ဒေါက်တာမောင်မောင်ညိုနဲ့ ခဏဆုံမိတော့ ဂျပန်တော်လှန်ရေးအကြောင်း ဘာတွေရေးထားသလဲလို့ သူကမေးတယ်။ ဂျပန်တော်လှန်ရေးကို အလေးအနက်ထားသူ သိပ်မရှိကြောင်း ပြောပြတော့ ဒေါက်တာမောင်မောင်ညို အတော်မကျေမနပ် ဖြစ်သွားတယ်။ ဂျပန်တော်လှန်ရေးကို မှေးမှိန်သေးသိမ်အောင် ကျနော်က တမင်ပြောတဲ့ပုံစံနဲ့ သူ့ခရီးသွားမှတ်တမ်းမှာ ၁၉၇၇ က ရေးထားတယ်။ စစ်ဗိုလ်ဆရာဝန် ဒေါက်တာမောင်မောင်ညိုလည်း စစ်တပ်ဝါဒဖြန့်တာကို ယုံကြည်သူပါပဲ။
အခုတော့ ဂျပန်ကို ဗမာစစ်တပ်က တွန်းလှန်လိုက်တယ်ဆိုတဲ့ စိတ်ကူးယဉ်ချက်ကို အများယုံကြည်လာအောင် ပုံကြီးချဲ့ဝါဒဖြန့်ပြီး နိုင်ငံရေးအာဏာကို လက်ဝါးကြီးအုပ်ထားတယ်။ ဂျပန်ကို တိုက်ထုတ်သူဟာ ဗမာစစ်တပ်ဖြစ်ကြောင်း ပုံကြီးချဲ့တာကိုနားထောင်ပြီး လူငယ်တွေ ကြီးပြင်းလာရတယ်။ ဗမာစစ်တပ်ရဲ့ ပုံကြီးချဲ့ဇာတ်လမ်းအရ အင်္ဂလိပ်စစ်တပ်၊ အမေရိကန်စစ်တပ်၊ တရုတ်၊ ကရင်၊ ကချင်၊ ချင်း၊ နာဂနဲ့ မြန်မာအရပ်သားတွေကတော့ ဂျပန်တော်လှန်ရေးမှာ မပါသလို ဖြစ်နေတယ်။
တကယ်တော့ ဂျပန်တော်လှန်ရေးကို ပထမဆုံး စတင်ဆင်နွှဲသူဟာ ကရင်နဲ့ ချင်းအမျိုးသားတွေပါ။ ကရင်တိုင်းရင်းသားတွေနဲ့ အတူ ပထမဆုံးသော ဂျပန်ဆန့်ကျင်ရေးတိုက်ပွဲ ဦးဆောင်ဆင်နွှဲခဲ့သူ ဗြိတိသျှဗိုလ်မှူး Hugh Paul Seagrim ဖြစ်တယ်။ ကရင်ပြောက်ကျားအဖွဲ့က ဂျပန်စစ်တပ်ကို ပထမဆုံးတော်လှန်တာဖြစ်တယ်။
၁၉၄၂ ခုနှစ် ဆောင်းဦးရာသီမှာ ကလေးမြို့ကို ဂျပန်သိမ်းပိုက်ထားတုန်း ကင်းလှည့်တဲ့ ဂျပန်စစ်သားကို ဇိုပြည်သူ့စစ်က ဖြောင်ပစ်တဲ့အတွက် အဲဒီအချိန်ကတည်းက ချင်းတော်လှန်ရေးစတယ်လို့ ဆိုနိုင်ပါတယ်။ ကလေးမြို့အနီးမှာ ဂျပန်တပ်ဖွဲ့တဖွဲ့ အနားယူနေစဉ် ၁၉၄၂ ခုနှစ် ဒီဇင်ဘာ (၂၃) ရက်နေ့မှာ ဇိုပြည်သူ့စစ်က လျှပ်တပြက်ဝင်တိုက်လို့ ဂျပန် (၁၂) ဦး ကျသွားတယ်။ ဒီတိုက်ပွဲသတင်းကို ဒီဇင်ဘာ (၂၆) ရက်နေ့မှာ ဘီဘီစီအင်္ဂလိပ်ပိုင်းက ကြေညာတယ်။ ဒါဟာ အရပ်သားရေးတဲ့ သမိုင်းပါ။ စစ်တပ်ကို ကယ်တင်ရှင်လို့ ပြည်သူလူထုက မယူဆပါဘူး။
စစ်ခေါင်းဆောင်ကို သစ္စာရှိတဲ့စစ်တပ်ဟာ အဲဒီစစ်ခေါင်းဆောင်အလွဲသုံးစားလုပ်တာကို ခံရတယ်။ ဗိုလ်နေ၀င်းနဲ့ ဗိုလ်သန်းရွှေဟာ သာဓကတွေပဲ။ ဒီကနေ့ စစ်ဗိုလ်တွေလက်ခံတဲ့ နိုင်ငံရေးအယူအဆကို နောက်တနေ့မှာ စစ်ဗိုလ်တွေ မေ့သွားနိုင်တယ်။ ၁၉၆၂ ကစပြီး ဗမာစစ်တပ်တခုလုံးက ယုံကြည်ပါတယ်လို့ ကြွေးကြော်ခဲ့တဲ့ ဆိုရှယ်လစ်ဝါဒကို ၁၉၈၈ ရောက်တော့ ယုံကြည်တဲ့စစ်ဗိုလ် တယောက်မှမရှိတော့ဘူး။ ဒါဟာ ဗမာစစ်ဗိုလ်တွေရဲ့ ခံယူချက်လား။
အပြင်လူက မြန်မာပြည်ကို နားလည်ဖို့လိုအပ်သလို မြန်မာတွေကလည်း မိမိကိုယ်မိမိ အကဲဖြတ်ဖို့လိုအပ်ကြောင်း အမေရိကန်သမိုင်းဆရာကြီး ဂွန်ကေဒီ ၁၉၅၇ ခုနှစ်က ပြောဖူးတယ်။ ဗမာစစ်အစိုးရက အနှစ် (၅၀) နီးပါး ကိုယ်ရည်သွေး ၀ါဒဖြန့်ခဲ့တာကြောင့် မြန်မာ့သမိုင်းဖြစ်ရပ်မှန်ကို သိနိုင်ဖို့ မလွယ်ပါဘူး။ အဖြစ်မှန်ကိုမသိရင် တဘက်နဲ့တဘက် နားလည်ဖို့နဲ့ ပြဿဖြေရှင်းဖို့ ခက်ခဲနိုင်တယ်။
ဥပမာ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ဟာ တိုင်းရင်းသားလူမျိုးတွေကို စိတ်ဝမ်းကွဲပြားအောင်လုပ်ပြီး မြန်မာပြည်ကို သွေးစုပ်ခြယ်လှယ် တယ်ဆိုတာနဲ့ ဖက်ဆစ်တော်လှန်ရေးဆင်နွှဲလို့ လွတ်လပ်ရေးရတာဆိုတဲ့ ၀ါဒဖြန့်ချက်တွေကို ယုံကြည်လေလေ တိုင်းရင်းသားပြဿနာ ဖြေရှင်းရတာ ခက်လေလေပါပဲ။ မြန်မာ့ပြဿနာဟာ တိုင်းရင်းသားအရေးမှာ အခြေခံတယ်လို့ဆိုတယ်။ ဗမာလူမျိုး ရောက်မလာမီကတည်းက မြန်မာပြည်မှာ တိုင်းရင်းသားအမျိုးမျိုးရှိနေတယ်။ တိုင်းရင်းသားတွေဟာ ဗမာမင်းကို သစ္စာခံလိုက်၊ တရုတ်လက်အောက်ရောက်သွားလိုက်၊ ထိုင်းကိုသစ္စာခံလိုက်နဲ့ နောက်ဆုံး အင်္ဂလိပ်လက်ထက်ရောက်တော့မှ သူတို့ဘ၀ဟာ လုံခြုံသွားတဲ့သဘောပါပဲ။ ရှေးကတည်းက ဗမာမင်းနဲ့ တိုင်းရင်းသားတွေ အကွဲကွဲအပြဲပြဲဖြစ်လာတာကို အင်္ဂလိပ်က လိုသလို အသုံးချသွားတာပါပဲ။
ဖက်ဆစ်ဂျပန်စစ်ဗိုလ်ကလည်း သူ့ကိုယ်သူကိုယ် ကယ်တင်ရှင်လို့ ယူဆတာပဲ၊ ၁၉၄၅ မှာ ဂျပန်လက်နက်ချပြီး စစ်တပ်တခုလုံး ဖျက်သိမ်းလိုက်တော့မှ ကယ်တင်ရှင်ဝါဒ နိဂုံးချုပ်သွားတယ်။ စစ်ပြီးခေတ်ဂျပန်မှာ နှစ်ပေါင်းအတော်ကြာ စစ်တပ်မရှိဘူး။ အမေရိကန်စစ်တပ်နဲ့ ဂျပန်အရပ်သားအစိုးရက ပူးတွဲအုပ်ချုပ်ပါတယ်။ စစ်ဗိုလ်တွေကြောင့် တိုင်းပြည်ပျက်စီးခဲ့ရတဲ့အဖြေစ်ကို နာကြည်းခဲ့တဲ့ ဂျပန်နိုင်ငံမှာ စစ်မှုထမ်းအလုပ်ကို ဂုဏ်ယူစရာလို့ မယူဆကြတော့ဘူး။ စစ်ရှုံးလို့ရရှိလိုက်တဲ့ အကျိုးအမြတ်ကတော့ ဂျပန်ပြည်မှာ စစ်ဝါဒကွယ်ပျောက်ပြီး ဒီမိုကရေစီစနစ် ထွန်းကားလာတာပါပဲ။
Posts tonen met het label ခေတ်ပြိုင် မှ. Alle posts tonen
Posts tonen met het label ခေတ်ပြိုင် မှ. Alle posts tonen
woensdag 9 september 2009
donderdag 9 juli 2009
မြန်မာ့ဆက်သွယ်ရေး ကြေးနန်းရိုက်စနစ်သစ် သုံးမည်
NEJ / ၉ ဇူလိုင် ၂၀၀၉
မြန်မာ့ဆက်သွယ်ရေး ကြေးနန်းရုံးများတွင် e- Telegram ခေါ် အင်တာနက်သုံးပြီး ကြေးနန်းပို့နိုင်သည့်စနစ် စတင်ကျင့်သုံး တော့မည်ဖြစ်သည်။
ယခု ကျင့်သုံးမည့် e- Telegram စာပို့စနစ်သည် အီးမေးလ်၊ ပရင့်အောက်၊ လူစာပို့ စနစ်ဖြစ်ကြောင်း ကမ်းနားလမ်း စာတိုက်ကြီးရုံးမှ အကြီးတန်းအရာရှိတဦးက ပြောသည်။
၎င်းက “မြို့နယ်အသီးသီးမှာ ဖွင့်ထားတဲ့ ကြေးနန်းရုံးတွေရှိရာ စာတိုက်စခန်းတွေအနက် အင်တာနက် တပ်ဆင်ထားပြီးသား ရုံးတွေက တရုံးနဲ့တရုံး အီးမေးလ် အပြန်အလှန်ပို့မယ်။ လက်ခံမယ်။ အဲဒီ အီးမေးလ်တွေကို ပရင့်အောက်ထုတ်ပြီး ပို့လိုတဲ့ လိပ်စာရှင်တွေဆီ စာရွက်နဲ့ စာပို့သမားက သွားပို့ပေးလိမ့်မယ်။ နဂို ကြေးနန်းရိုက်နေရတဲ့ နေရာမှာ အင်တာနက်လိုင်းရတဲ့ စာတိုက်တွေက ကြေးနန်းရိုက်တာအစား အီးမေးလ်ကို ပြောင်းသုံးလိုက်တာပါပဲ” ဟု ပြောသည်။
ယခု e- Telegram စနစ်တွင် ကိုယ့်ဘာသာကိုယ် အင်တာနက်အီးမေးလ် အသုံးပြုနိုင်သူများအနေဖြင့် ကြေးနန်းရုံး သွားစရာမလိုဘဲ မြန်မာ့ဆက်သွယ်ရေးက ထုတ်ရောင်းသည့် Pre-paid Card Account ကတ်ကိုသုံးပြီး www.etelegram.net.mm ဝက်ဘ်ဆိုက်သို့ဝင်ကာ user name နှင့် password ဖြည့်ပြီး ကိုယ်ပို့ချင်သည့် လိပ်စာကို ကိုယ်ရေးချင်သည့် စာရိုက်ထည့်ပေးပို့နိုင်ကြောင်းလည်း သိရသည်။
ထိုသို့ပေးပို့လိုက်သည့် မေးလ်သည် သက်ဆိုင်ရာ မြို့နယ် စာတိုက်ကြေးနန်းရုံးသို့ ရောက်သွားပြီး ပရင့်အောက်ထုတ်ကာ လိပ်စာရှင်ထံ စာပို့သမားက စာရွက်နှင့် ပို့ပေးမည့် စနစ်ဖြစ်သည်။
သို့သော် မြန်မာတနိုင်ငံလုံး ကြေးနန်းရုံးပေါင်း (၇ဝဝ) ကျော်ရှိသည့်အနက် ကွန်ပျူတာအင်တာနက် သုံး၍ရသည့် ရုံး (၇ဝ) ခန့် တွင်သာ ယခုစနစ် အသုံးပြုနိုင်မည်ဖြစ်သောကြောင့် မူလ ကြေးနန်းရုံးရှိရာ ဒေသ (၁ဝ) ရာခိုင်နှုန်းခန့်တွင်သာ e- Telegram စနစ်ကို အသုံးပြုနိုင်မည်ဟု သိရသည်။
ယခုလောလောဆယ်တွင်မူ မြန်မာနိုင်ငံမှ စာတိုက်များတွင် ရှိနေသည့် ရိုးရိုးစာပို့စနစ်၊ မှတ်ပုံတင် စာပို့စနစ်၊ ချောပို့စနစ်၊ အမြန်ချောပို့စနစ်တို့သည် ပျက်စီးသကဲ့သို့ဖြစ်နေပြီး ပေးပို့သည့် စာများ၊ စာအုပ်စာစောင်များ၊ ပစ္စည်းများသည် ရောက်ချင်ရာ ရောက်ကာ ပျောက်ဆုံးမှုများလည်းရှိနေကာ မည်သည့်နေရာကိုမှ တိုင်တန်း၍ မရကြောင်း၊ နိုင်ငံခြားမှ ပို့သည့်စာအုပ်နှင့် ပစ္စည်းများလည်း အပျောက်အဆုံးများသဖြင့် မြန်မာ့ဆက်သွယ်ရေးကို အသုံးပြုသူ တနေ့တခြားနည်းပါးလာနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
တယ်လီဖုန်း ဆက်သွယ်ရေးမှာလည်း မြို့များတွင်သာ တည်ဆောက်ပေးထားခြင်းကြောင့် ကျေးလက်နေပြည်သူ သန်းပေါင်းများ စွာအတွက် အခက်အခဲများ ရှိနေသေးကြောင်း ဖုန်းသုံးစွဲသူများထံမှ သိရသည်။
ယခု e- Telegram စာပို့စနစ်သည် အီးမေးလ်၊ ပရင့်အောက်၊ လူစာပို့ စနစ်ဖြစ်သော်လည်း ဝန်ဆောင်ခများကိုမူ ယခင် ကြေးနန်းပုံစံ မြန်မာစာတလုံး (၁၅) ပြား၊ အင်္ဂလိပ်စာတလုံး ပြား (၃ဝ) နှင့် ကြေးနန်းခ ကျပ် (၃ဝဝ) စသဖြင့် စာလုံးရေအလိုက် သတ်မှတ်ထားကြောင်း ရန်ကုန်စာတိုက်ကြီးရုံးမှ အရာရှိတဦးက ပြောသည်။

Labels:
ခေတ်ပြိုင် မှ
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် အပြင်ထွက်ခွင့်ရ

မင်းနိုင်သူ / ၉ ဇူလိုင် ၂၀၀၉
တပ်မတော်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် မကြာမီရက်ပိုင်းက အပြင်ထွက်ခွင့်ရသည်ကို တွေ့ခဲ့ရကြောင်း ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ဇူလိုင် (၅) ရက်နေ့တွင် ကွယ်လွန်ခဲ့သော ဗိုလ်မှူးချုပ်တင့်ဆွေ (ငြိမ်း) စက်မှု (၁) ၀န်ကြီးဟောင်း၏ဇနီး ဒေါ်ခင်စန်း၏ ဈာပနသို့ လာရောက် နာရေးမေးမြန်းခဲ့စဉ် အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
၎င်းက “ဦးတေဇတို့၊ ဇေကမ္ဘာဦးခင်ရွှေတို့လို စီးပွားရေးသမားကြီးတွေလည်း လာမေးကြတယ်လေ။ ဦးခင်ညွန့်ရောက်လာတော့ အားလုံးအပြင်ထွက်ပေးကြရတယ်။ ဒါပေမယ့် ဦးခင်ညွန့်နဲ့ သူ့ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေတို့ကို မြင်လိုက်ရပါတယ်။ ဗိုလ်မှူးချုပ်တင့်ဆွေက ဦးခင်ညွန့်ရဲ့ ဆရာဖြစ်ခဲ့တာကိုး။ ဒါကြောင့် နာရေးလာမေးကြတာ” ဟု ပြောသည်။
ဗိုလ်မှူးချုပ်တင့်ဆွေ(ငြိမ်း)၏ ဇနီး ဒေါ်ခင်စန်း အသက် (၈၆) နှစ်သည် ဇူလိုင် (၅) ရက်တွင် ကွယ်လွန်ခဲ့ရာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် ဇနီးတို့က ဇူလိုင် (၇) ရက် ညပိုင်း (၈) နာရီမှ (၁၀) နာရီအထိ လာရောက် နာရေးမေးမြန်းသွားခဲ့ကြခြင်း ဖြစ်သည်။
“နှစ်နာရီလောက်ကြာတယ်လေ။ ဦးခင်ညွန့်ကတော့ အရင်အတိုင်းပဲ။ ကျန်းမာရေးလည်းကောင်းတယ်တဲ့။ သူ့ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေကတော့ ခြေထောက်တဖက်သိပ်မကောင်းဘူး။ ထိုင်ရထရတာမလွယ်ဘူးလို့ ပြောသွားတယ်တဲ့” ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ပြောသည်။
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်သွားရောက်ခဲ့သော နာရေးခရီးစဉ်အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ စီစဉ်ပေးခြင်းဖြစ်ကာ နာရေးအိမ်ပတ်ဝန်းကျင်တွင် လုံခြုံရေးအပြည့်အ၀ ယူသွားခဲ့ကြောင်း သိရသည်။
တပ်မတော်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်သည် ၂၀၀၄ ခုနှစ်တွင် ရာထူးမှ အနားပေးခံခဲ့ရ သည့်အပြင် နေအိမ်အကျယ်ချုပ်အချခံခဲ့ရပြီး ၎င်း၏ ထောက်လှမ်းရေးတပ်ဖွဲ့တခုလုံးကို ဖျက်သိမ်းခံခဲ့ရသည်။
Labels:
ခေတ်ပြိုင် မှ
woensdag 8 juli 2009
တပ်တွင်းက နေရာယူမူ ပြဿနာနဲ့ ဆက်ဆံရေး အခက်အခဲများ

ဗိုလ်ထက်မင်း
၉ ဇူလိုင် ၂၀၀၉
ဗိုလ်သန်းရွှေအနေနဲ့ စစ်တပ်အရာရှိတွေကို နေရာခွဲဝေချထားမယ့်အပိုင်းမှာ တော်တော်လေး ခေါင်းစားနေသလို မထင်မှတ်တဲ့ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ကိုယ့်ရူးကိုယ်ပတ်မယ့် သဘောမျိုးကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပဖို့ အချိန်နီးကပ်လာလေလေ မထူးဇာတ်ခင်းဖို့ နေမြင့်လေ အရူးရင့်လေလေ ဖြစ်နေပါတယ်။ တပ်မတော်ဟာ ပြည်သူ့အကျိုးအ တွက် ရပ်တည်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုအပ်ကြောင်းနဲ့ ကျစ်လျစ်ခိုင်မာ နိုင်ငံတကာက လေးစားတဲ့ ဂုဏ်သိက္ခာရှိရှိ တပ်မတော် ဖြစ်စေလိုကြောင်း တပ်တွင်းက လက်ရှိတာဝန်ထမ်းဆောင်နေသော အရာရှိကြီးတချို့ မှလည်း နားလည် သဘောပေါက်နေပါတယ်။
န၀တနဲ့ နအဖခေတ်မှာ စစ်တပ်အင်အားကို တိုးချဲ့ ဖို့ အရာရှိအများအပြားကို မွေးထုတ်ခဲ့ပါတယ်။ ဒါကြောင့် ယနေ့ခေတ် အချိန်မှာ ဗျူဟာမှူးဆိုတဲ့ ဗိုလ်မှူးကြီးအဆင့်မှာ ယခင်ကလို ရာထူးတက်လမ်း မလွယ်ကူတော့ဘဲ တပ်မတော်ရဲ့ ထိပ်ပိုင်းရာထူး များဖြစ်တဲ့ တပ်မမှူး၊ တိုင်းမှူးရာထူးတွေကို တက်နိုင်ဖို့အတွက် အမြောက်အမြားရှိနေတဲ့ ဗျူဟာမှူးများအကြားက ခက်ခက်ခဲခဲ ထိုးဖောက်ထွက်ရတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။
ဒီလိုမှ မထိုးဖောက်နိုင်ရင် ဗျူဟာမှူးတွေဟာ ဦးဆောင်ညွှန်ကြားရေးမှူးဆိုတဲ့ နှစ်သိမ့်ဆုကို ရရင်ရ၊ ဒါမှမဟုတ် ဒကစမှူး၊ တိုင်းဦးစီး ဗိုလ်မှူးကြီး၊ ဒု-တိုင်းမှူးဆိုတဲ့ ချောင်ထိုးထားတဲ့ နေရာများကိုသာ ရောက်သွားတတ်ပါတယ်။ အခုအချိန်မှာ ဗျူဟာမှူး အဆင့်တောင် အဲဒီလို မရေရာ မသေချာမှုကို ရင်ဆိုင်နေရတဲ့ လမ်းဆုံလမ်းခွနေရာကြီးဖြစ်နေပါတယ်။ ဒါ့အပြင် တပ်မမှူးနဲ့ တိုင်းမှူးတွေက လုပ်ပိုင်ခွင့်အားလုံးကို ချုပ်ကိုင်ထားတာမို့ ဗျူဟာမှူးတွေဟာ တပ်ရင်းမှူးလောက်တောင် မစိုပြည်လှဘဲ ယောင်လည်လည် ဖြစ်နေရတာမျိုးနဲ့လည်း ရင်ဆိုင်နေရပါတယ်။
ရှေ့တန်းစစ်ဆင်ရေးထွက်တဲ့ အချိန်ကြမှသာ တပ်ရင်းတပ်ဖွဲ့များက ဗျူဟာမှူးနဲ့အဖွဲ့ကို ကြောက်ရွံ့ကာ “ဖား” ကြရလို့ လုပ်ပိုင်ခွင့် အာဏာအသင့်အတင့် ရှိပါတော့တယ်။ တခါ ဗျူဟာမှူးတွေဟာ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေကို စစ်ဆေးရတဲ့အခါကျမှသာ ဝမ်းဗိုက် စိုပြည်ရတဲ့ အခြေအနေမျိုးလည်း ရောက်နေပြီ ဖြစ်ပါတယ်။ ရှေ့တန်းစစ်ဆင်ရေး မရှိတော့ရင် ဗျူဟာမှူးဘ၀က အငှားတရားခံ ရောက်မှန်းမသိ ရောက်နေပါတယ်။ အမှုစစ်ဆေးခိုင်းတာမျိုးနဲ့ တပ်မမှူး၊ တိုင်းမှူး အစည်းအဝေးသွားရင် ခေတ္တ တပ်ကိုင်ရတာမျိုးတွေကို ဗျူဟာမှူးက သတိထားလုပ်ကိုင်နေရတာကြောင့် ဖြစ်ပါတယ်။
တချို့ ဗျူဟာမှူးတွေဟာ တပ်ရင်းတွေကို စစ်ဆေးတဲ့အခါကျရင် ထုတ်ပြန်ထားတဲ့အမိန့်နဲ့ ညွှန်ကြားချက်၊ စီမံချက်များဟာ လက်တွေ့မှာ လိုက်လုပ်နိုင်စွမ်း မရှိမှန်းကို မိမိကိုယ်တိုင် တပ်ရင်းမှူးဘဝမှာ ကြုံတွေ့ခဲ့ရမှန်း သိလျက်နဲ့ ဇွတ်အတင်း ဖိနှိပ်တာမျိုးလည်း ရှိနေလို့ တပ်ရင်းမှူးတွေနဲ့ ပဋိပက္ခဖြစ်နေတာကို လည်း တွေ့ရပါတယ်။
ဒေသကွပ်ကဲမှု စစ်ဆင်ရေးဌာနချုပ် ဆိုတဲ့ ဒကစ ဆိုတာကတော့ ရှေ့တန်း နယ်အစွန်အဖျားပြည်မနဲ့ အလှမ်းဝေးတာမို့ စီမံခန့်ခွဲမှုအာဏာ၊ တရားစီရင်မှုအာဏာ၊ ရိက္ခာထုတ်ပေးမှုအာဏာ စသဖြင့် အတော်အတင့်ရထားတဲ့ ဌာနဖြစ်ပါတယ်။ ဒါပေမယ့် စစ်ဦးစီးပိုင်းဆိုင်ရာကိုတော့ တိုင်းမှူးထံ တင်ပြရပါသေးတယ်။ ဒကစမှူးဟာ တပ်မမှူးနဲ့ စကခမှူးတို့ထက် အနည်းငယ်နိမ့်ပြီး ၎င်းမှ တိုင်းမှူးဖြစ်တဲ့ ထုံးစံမရှိတာကို တွေ့ရပြီး ဒကစမှူး ဖြစ်ရင်တောင် ၀မ်းမသာနိုင်တဲ့ အနေအထားကို ရောက်နေပါတယ်။
တဖန် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ဆိုတဲ့ စကခ ဆိုတာကတော့ နိုင်ငံတကာ ကန့်ကွက်မှာ စိုးရိမ်လို့ တပ်မအသွင်ပြောင်း ထားတဲ့ အဖွဲ့တခုသာ ဖြစ်ပါတယ်။ တပ်မများနဲ့ စကခများဟာ ကကကြည်း (စစ်ဆင်ရေး) ရဲ့  တိုက်ရိုက်ကွပ်ကဲစီမံထားတဲ့ တပ်များဖြစ်လို့ စစ်ဆင်ရေးခွင် ပုံသေမရှိဘဲ ရန်သူအင်အားပေါ် မူတည်ပြီး လိုအပ်သလို စစ်ကစားနိုင်ဖို့ စီစဉ်ထားခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ တပ်မမှူးများနှင့် စကခမှူးတွေဟာ တိုင်းမှူးများနှင့် ဆက်ဆံရေး သဟဇာတ မဖြစ်တာကိုလည်း တွေ့ရပါတယ်။ ၁၉၈၈ ခုနှစ်က မဲသဝေါစခန်း ကျသွားတဲ့အချိန်မှာ တိုက်နေရတဲ့ တပ်မ (၆၆) တပ်မမှူးနှင့် ဒု-တပ်မမှူးတွေဟာ ရတခ တိုင်းမှူးရဲ့ မသိကျိုးကျွံပြုမှုကြောင့် အခက်အခဲတွေကြားမှာ ရုန်းကန်နေရတာကို စစ်ရုံးမှ မှန်ကန်စွာ မသုံးသပ်နိုင်တာကြောင့် သူတို့ဟာ ရာထူးမှ ဖယ်ရှားခြင်း ခံလိုက်ရပါတယ်။ ဒု-တပ်မမှူးကိုယ်တိုင် ရှေ့တန်းမှာ သူ့ရဲ့  ပခုံးပေါ်က အပွင့်များကို ဆွဲဖြုတ်ပြီး ပစ်တင်ကာ ထွက်သွားတဲ့အထိ တင်းမာမှု ပြဿနာ ဖြစ်ပွားခဲ့ပါတယ်။
အလားတူ နဝတ တက်လာပြီးနောက် ရန်ကုန်မြို့ လုံခြုံရေးဝင်နေတဲ့ တပ်မ (၂၂) ဟာ ကကကြည်းသို့ တိုက်ရိုက်ခွင့်တောင်းပြီး ၎င်းတပ်များကို လိုအပ်သလို ရွှေ့ပြောင်းခဲ့မှုအပေါ် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက မသိလိုက်လို့ တိုင်းမှူးနှင့် တပ်မမှူးတို့ ပဋိပက္ခဖြစ်ပွားခဲ့ရပါတယ်။ တိုင်းမှူးတွေဟာ ကကကြည်းနဲ့ တပ်မမှူးများ မသိလိုက်ရဘဲ နောက်တန်းမှာ ပြန်လည်စုဖွဲ့ အနားယူနေတဲ့ တပ်မလက်အောက်ခံ တပ်ရင်းများကို တိုင်းဧရိယာအတွင်းရှိ ရန်သူများအား တိုင်းလက်အောက်ခံတပ်များနဲ့ နိုင်အောင်မတိုက်နိုင်တိုင်း ဗိုလ်ကျကာ အတင်းဆွဲသုံးတာကိုလည်း တွေ့ရပါတယ်။
အဲဒီအခါမှာ တပ်ရင်းမှူးတွေဟာ တိုင်းမှူးက Promotion ရာထူးတိုးမြင့်ခွင့် ကိုင်ထားတဲ့အာဏာကို ကြောက်ရွံ့လို့ စိတ်မပါ့တပါနဲ့ တပ်မမှူးကို သတင်းမပို့တော့ဘဲ လုပ်ပေးလိုက်ရတာမျိုး ရှိခဲ့ပါတယ်။ အဲဒီလိုလုပ်ခဲ့ရလို့ တပ်မမှူးနှင့် တိုင်းမှူး ပဋိပက္ခဖြစ်တာ လည်း တွေ့ရပါတယ်။ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကကကြည်း မသိဘဲ တိုင်းမှူးတွေခိုင်းတိုင်း တပ်ရင်းမှူးတွေ လိုက်မလုပ်ဖို့ ပြောလာတဲ့အထိ တင်းမာမူကို ထိန်းခဲ့ရပါတယ်။
တပ်မမှူးတွေလည်း ယခင် မဆလခေတ်က တိုင်းမှူးဖြစ်လာမယ်လို့ ကြိမ်းသေမှန်းလို့ ရပေမယ့် ယနေ့ နအဖခေတ်မှာတော့ မသေချာတော့ဘဲ ဒု-ဝန်ကြီးရာထူးနဲ့သာ အဆင်မသင့်ရင် ချောင်ထိုးခံရတတ်ပါတယ်။ တိုးချဲ့လာတဲ့ တပ်မအရေအတွက် ဟာလည်း များပြားလာတာမို့ တပ်မမှူးအချင်းချင်း ပြိုင်ဆိုင်နေကြသလို ဒု-ချုပ်နဲ့တပ်ချုပ်ထံ ၎င်းတို့ရဲ့ ဇနီးသည်များကို မကြာခဏ စေလွှတ်ကာ လူကြီးသိအောင် “ဖား” နေရတာ အမောတကော ဖြစ်နေကြရပါတယ်။
တိုင်းမှူးတွေနဲ့ ဆက်ဆံရေးပြဿနာ နောက်တခုမှာ ဝန်ကြီးဌာနများနဲ့ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ မူဝါဒ စီမံကိန်းများနဲ့ တွက်ချက်ပြီး တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ ဦးစီးမှူးအရာရှိများကို ညွှန်ကြားကာ အကောင်အထည်ဖော်နေပေမယ့် တိုင်းမှူးတွေရဲ့ ဝင်ရောက်စွက်ဖက်မူကို မကြာခဏ ကြုံတွေ့နေရပါတယ်။ တိုင်းမှူးတွေဟာ ဝန်ကြီးဌာနတွေရဲ့ စီမံကိန်း ဖွံ့ဖြိုးတိုးတက်မူ ဆောင်ရွက်ရတာမျိုးနဲ့ ပညာရှင်တွေရဲ့ နည်းပညာတွေကို လုံးဝနားမလည်ဘဲ ဝင်ရောက် စီမံကွပ်ကဲနေတာမို့ တိုင်းနဲ့ ပြည်နယ်က ဝန်ထမ်းများစွာ စိတ်ညစ်ကာ အလုပ်ကထွက်တဲ့အထိ ဖြစ်ကြရပါတယ်။
တိုင်းမှူးတွေ လက်သုံးစကားတခုက “မင်းတို့ ဝန်ကြီးတွေဟာ ဌာနဆိုင်ရာ အကြီးအကဲသာ ဖြစ်တယ်၊ တိုင်းမှူးဖြစ်တဲ့ငါဟာ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းဖြစ်လို့ ငါဆုံးဖြတ်တာကို ဦးစားပေးရမယ်” လို့ ငေါက်ငမ်းခဲ့ပါတယ်။ တိုင်းမှူးတွေဟာ သူတို့ရဲ့သတင်းတွေကို TV နဲ့ သတင်းစာတွေမှာ ပါချင်ကြတာမို့ ဝန်ကြီးဌာနလက်အောက်ခံ စက်ရုံ၊ တံတား၊ ဆည်ဖွင့်ပွဲတွေမှာ ဖိတ်စာကို သူတို့ထံ ဂရုတစိုက် သွားရောက် ဖိတ်ကြားရပါတယ်။ ဖိတ်စာပေးဖို့ ပျက်ကွက်ခဲ့လို့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟာ စက်ရုံမှူးတဦးကို ဖိအားပေး ဆူပူခဲ့တာ သိရပါတယ်။ တိုင်းမှူးတွေဟာ အမှန်တော့ သတင်းလာရင် ဖွင့်ကြည့်နေတဲ့ တပ်ချုပ်နဲ့ ဒု-ချုပ်တွေကို သူတို့အလုပ်တွေ ကြိုးစားလုပ်နေဟန် အမှတ်ယူတဲ့သဘော ပြချင်တာပဲ ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးဖွဲ့မှူးဆိုတဲ့ ကစထမှူးတွေကတမှောင့်၊ ဝန်ကြီးဌာနတွေက အကောင်အထည်ဖော် ရတဲ့ စီမံကိန်းတွေ လမ်း၊ တံတား၊ စက်ရုံ၊ ဆည်တွေကို နအဖရုံးက စစ်ခိုင်းလို့စစ်ရာမှာ ဌာနဆိုင်ရာတွေကတော့ သူတို့တွေလာ ရင် “သတ်မှတ်ရက်ထက် ဆောလျင်စွာပြီးစီးဖို့၊ အရည်အသွေး ကောင်းမွန်ဖို့ဆိုတဲ့” “အပ်” ကြောင်းထပ်တဲ့ စကားလုံးတွေသာ ပြောနေလို့ စိတ်ညစ်နေရကြောင်း သိရပါတယ်။ လိုအပ်တာ ဖြည့်ဆည်းပေးဖို့ထက် ပြဿနာရှာဖို့၊ နားမလည်တာကို နားလည် လေဟန် ဆရာပဲ လုပ်တတ်တာမို့ ဌာနဆိုင်ရာတွေအနေနဲ့ စိတ်ညစ်ရတာ ဖြစ်ပါတယ်။ တခါတရံ တိုင်းမှူးရဲ့ အမှတ်ယူမယ့် စစ်ဆေးဖို့ လျာထားတဲ့ စီမံကိန်းလုပ်ကွက်တွေကို ကစထမှူးတွေက အမှတ်ယူကာ ဝင်ရောက် စွက်ဖက်စစ်ဆေးနေတာမို့ ကစထမှူးနဲ့ တိုင်းမှူးတချို့ဟာ မကျေလည်မှုတွေ ဖြစ်နေပါတယ်။
မှားယွင်းတဲ့ မူဝါဒတွေကြောင့် နိုင်ငံတော်မှာ ယိုယွင်းပျက်စီးနေတဲ့ သဘောသဘာဝကို နားလည်မှုရှိရှိ လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲဖို့ ထိပ်ပိုင်း စစ်အာဏာရှင်များက မကြိုးစားကြဘဲ အမိန့်နဲ့အာဏာကိုချည်း တဖက်သတ်သုံးစွဲနေလို့ လက်တွေ့ မှာ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်က တိုးတက်မှု သုံည အမှတ်မှာသာ ရှိပါကြောင်းနဲ့ တပ်တွင်းစည်းလုံးညီညွတ်မှုဟာ ၂၀၁၀ နောက်ပိုင်းမှာ အာဏာခွဲဝေမှု ပြဿနာနဲ့အတူ ပိုမိုဆိုးဝါးလာဖို့သာ ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Labels:
ခေတ်ပြိုင် မှ
ရန်ကုန်မြို့ မင်္ဂလာဈေးမှ ပြည့်တန်ဆာဈေးကွက်
အောင်ထက် / ၈ ဇူလိုင် ၂၀၀၉
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေးအောက်ဘက်ရှိ ပြည့်တန်ဆာဈေးကွက်သည် တစထက်တစ ပိုမိုကြီးမားလာနေပြီး ပြည့်တန်ဆာလုပ်သူများ ပိုမိုများပြားလျက်ရှိသည်။
မင်္ဂလာဈေးဝင်းအတွင်းရှိ မင်္ဂလာဈေးသစ်အဆောက်အအုံ၌ ရွှေမြို့တော် အအေးခန်းဧည့်ရိပ်သာနှင့် ကာရာအိုကေများ၊ ဂျေဂျေ နိုက်ကလပ်နှင့် လပ်ကီးအနှိပ်ခန်းမကြီးတို့ကို တခမ်းတနား ဖွင့်လှစ်ထားရှိသည်။
ဈေးဝင်းအတွင်းမှ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ကွမ်းယာဆိုင် အစရှိသည့်နေရာများတွင်လည်း ပြည့်တန်ဆာ မိန်းကလေးများဖြင့် ပြည့်နှက်နေပြီး ပျော်ပါးလိုသူများက ၎င်းတို့အား ပျော်ပါးကြေး ကျပ် (၁) သောင်းခွဲနှင့် (၂) သောင်းကြား ပေးကာ တည်းခိုခန်းများသို့ ခေါ်ယူပျော်ပါးကြကြောင်း ပြည့်တန်ဆာထိန်း လူငယ်တဦးက ပြောသည်။
၎င်းက “အဲလိုဆိုင်တွေမှာ ထိုင်နေကြတဲ့ အမျိုးသမီးတွေက (၁၀၀) လောက်ရှိတယ်၊ ပြည့်တန်ဆာထိန်း (ခေါင်း) က အယောက် (၃၀) လောက်ရှိတယ်။ လာခေါ်တဲ့ဧည့်သည်များရင် များသလို ဈေးသည်တွေရော သူတို့ကိုလိုက်ပို့ပေးရတဲ့ အငှားယာဉ်သမားတွေရော အရမ်းအလုပ်ဖြစ်ကြတယ်” ဟု ပြောသည်။
တိုင်းရဲ၊ တာဝန်ကျ စခန်းရဲ၊ သတင်းတပ်ဖွဲ့၊ ဒုစရိုက်နှိမ်နင်းရေးအပါအ၀င် လုံခြုံရေးအဖွဲ့အစည်းများအား ပြည့်တန်ဆာထိန်းများ က သူ့အုပ်စုနှင့်သူ အလှည့်ကျ ညစဉ် လိုင်းကြေးပေးဆောင်ကြရကြောင်း၊ တည လိုင်းကြေးစုစုပေါင်း (၁) သိန်းခန့်ရှိကြောင်း ၎င်းက ပြောသည်။
နာဂစ်အပြီး ဧရာဝတီတိုင်းမှ လာရောက်လုပ်ကိုင်ကြသည့် အမျိုးသမီးများ၊ ၂၀၀၉ ခု နှစ်ဦးပိုင်း ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် ပိတ်သိမ်းလိုက်ရသောစက်ရုံ၊ အလုပ်ရုံများမှ ရောက်လာကြသည့် အမျိုးသမီးများကြောင့် မင်္ဂလာဈေး အောက်ဘက် ပြည့်တန်ဆာဈေးကွက်မှာ ယခင်ထက် နှစ်ဆခန့်များလာကြောင်း အဆိုပါ ပြည့်တန်ဆာထိန်းလူငယ်က ပြောသည်။
မင်္ဂလာတောင်ညွန့်ရပ်ကွက်အတွင်း နေထိုင်သူတဦးက “ညနေ (၆) နာရီကျော် (၇) နာရီဆိုရင် မောင်နဲ့နှမ၊ သားနဲ့အမိ လမ်းတောင် ဖြတ်မလျှောက်ရဲလောက်အောင် အရှက်နည်းတဲ့ မြင်ကွင်းတွေ တွေ့နေရတယ်” ဟု ပြောသည်။
နေ့လယ်ဘက်ရောင်းချသော အထည်ဆိုင်ရှင်တဦးကမူ နေ့လုံခြုံရေး၊ ညလုံခြုံရေးများ ရှိနေသည့်ကြားမှ ဈေးတာဝန်ခံရုံးအနီး၌ ယခုကဲ့သို့ ပြည့်တန်ဆာဈေးကွက် ကြီးမားနေခြင်းဖြစ်သည်ဟု ပြောသည်။
၎င်းက “ရန်ကုန်မြို့ရဲ့ တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေတဲ့ ဒီလိုဈေးကွက်ကို နှိမ်နင်းနိုင်မယ့် အာဏာပိုင်အဖွဲ့အစည်း မရှိတာဟာ တရားရေးအားနည်းတဲ့ ပြရုပ်တခုပဲ” ဟု ဝေဖန်သည်။
အဆိုပါ မင်္ဂလာဈေးအောက်ဘက်မှ ပြည့်တန်ဆာဈေးကွက်နှင့် ကမ်းနားလမ်း (ယခင် ၆ ထပ်ရုံး) အောက်ဘက်ရှိ ပြည်တွင်းသုံးငွေချင်း ဖလှယ်သည့် ဈေးကွက်တို့မှာ ရန်ကုန်မြို့၏ထင်ရှားသည့် တရားမ၀င် မှောင်ခိုဈေးကွက်တို့ဖြစ်သည်။

dinsdag 7 juli 2009
ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံနေ့ ကျင်းပ

NEJ / ၇ ဇူလိုင် ၂၀၀၉
စစ်အာဏာရှင်စနစ်တည်ရှိသရွေ့ ကျောင်းသားစိတ်ဓာတ် မည်သည့်အခါမှ ကွယ်ပျောက်သွားမည်မဟုတ်ကြောင်း ယနေ့ ကျရောက်သည့် (၄၇) နှစ်မြောက် ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံနေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ်က ပြောကြားသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ကျင်းပသည့် (၄၇) နှစ်မြောက် ဆဲဗင်းဂျူလိုင် အခမ်းအနားတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) မှ တာဝန်ခံ ကိုမင်းနိုင်က စစ်အာဏာရှင်စနစ်နှင့် တဆက်တည်း ပေါ်ပေါက်လာသည့် ကျောင်းသားလှုပ်ရှားမှုကို ရည်စူးပြောကြားခြင်းဖြစ်သည်။
၎င်းက “၁၉၆၂ ခု ဇူလိုင်လ (၇) ရက်နေ့မှာဖြစ်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို အဲဒီတုန်းကတက်လာတဲ့ စစ်အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကျောင်းသားတွေကို ကျောင်းပရဝဏ်ထဲမှာပဲ သေနတ်နဲ့ပစ်ခတ်ပြီးတော့ နှိမ်နင်းခဲ့တဲ့အတွက် ကျောင်းသားအသက်ပေါင်းများစွာ ကျဆုံးခဲ့ရပြီးနောက် ပေါ်ပေါက်လာတဲ့ ကျောင်းသားလှုပ်ရှားမှုဖြစ်တယ်” ဟု ပြောသည်။
ကျောင်းသားစိတ်ဓာတ်၊ သမဂ္ဂစိတ်ဓာတ်ကို ကျောင်းသားအဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်သွားရန် လိုအပ်ကြောင်း သိရှိနိုင်ရန်အတွက် အခမ်းအနားဖြစ်မြောက်ရေးကော်မတီက ယခုကဲ့သို့ နှစ်စဉ်အခမ်းအနားများ ကျင်းပခြင်းဖြစ်သည်ဟုလည်း ကိုမင်းနိုင်က ပြောသည်။
စစ်အာဏာရှင်စနစ်သည် ပြည်သူလူထုနှင့် ကျောင်းသားထုအတွက် သင့်တော်သည့်စနစ် မဟုတ်သည့်အတွက် စစ်အာဏာရှင် များ၏ မတရားဖိနှိပ် အုပ်စိုးမှုများကို ကျောင်းသားထုက စတင်ပြီး ရဲရဲဝံ့ဝံ့ သွေးမြေအကျခံကာ ဆန့်ကျင်ခဲ့ခြင်းဖြစ်သည်။
ယနေ့ကျင်းပသည့် (၄၇) နှစ်မြောက် ဆဲဗင်းဇူလိုင် အခမ်းအနားတွင် ၁၉၇၄ ဦးသန့်အရေးတော်ပုံတွင် ပါဝင်ခဲ့သည့် ကျောင်းသားဟောင်းများနှင့် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံတွင် လှုပ်ရှားခဲ့ကြသည့် ကျောင်းသားဟောင်းများက ကျောင်းသားလှုပ်ရှားမှုသမိုင်းများနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေ့အကြုံများကို မျိုးဆက်သစ်ကျောင်းသားလူငယ်များ သိရှိစေရန် ဟောပြောခဲ့ကြသည်။
အခမ်းအနားတက်ရောက်လာသူ SAW အထက်တန်းကျောင်းမှ (၉) တန်းကျောင်းသား မောင်ဝင်းက “အရင်ကတော့ မြန်မာကျောင်းသားလှုပ်ရှားမှုသမိုင်းဆိုတာကို သဘောလောက်ပဲ နားလည်ခဲ့တယ်။ ဒီနေ့ပွဲမှာ ဟောပြောခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေရဲ့ ပြန်လည်ပြောပြချက်တွေကို နားထောင်ပြီး စစ်အာဏာရှင်စနစ်ကို ကျောင်းသားတွေ ဘာကြောင့်ဆန့်ကျင်ရသလဲဆိုတာ သေသေချာချာ သိခဲ့ရပါတယ်။ ကျနော်တို့ခေတ်ကျရင်လည်း တာဝန်ကျေအောင် ကြိုးစားသွားမယ်” ဟု ပြောသည်။
၁၉၆၂ ခု၊ ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံသည် မြန်မာနိုင်ငံ၌ စစ်တပ်အာဏာသိမ်းပြီး (၄) လအကြာတွင် စစ်အာဏာရှင်စနစ်ကို ဥပဒေအတွင်းမှ အစောဆုံးဆန့်ကျင်ခဲ့သည့် ကျောင်းသူကျောင်းသားများ ပထမဆုံးသွေးမြေကျခဲ့ရသော ကျောင်းသားလှုပ်ရှားမှုဖြစ်သည်။
အဆိုပါအရေးတော်ပုံတွင် ကျောင်းသူကျောင်းသား (၁၀၀) ကျော် သေနတ်ဖြင့် ပစ်သတ်ခံရသဖြင့် ကျဆုံးခဲ့ကြရပြီး လွတ်လပ်ရေး ကြိုးပမ်းမှုကာလတလျှောက် သမိုင်းဝင်သမဂ္ဂအဆောက်အအုံကို ဗိုလ်နေဝင်း ဦးဆောင်သည့် အာဏာသိမ်း စစ်အုပ်စုက မိုင်းခွဲ၍ ဖြိုချဖျက်ဆီးခဲ့သည်။
Labels:
ခေတ်ပြိုင် မှ
Abonneren op:
Posts (Atom)