မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label ခေတ်ပြိုင် ဂျာနယ် မှ. Alle posts tonen
Posts tonen met het label ခေတ်ပြိုင် ဂျာနယ် မှ. Alle posts tonen

dinsdag 7 juli 2009

ရွှေဂုံတိုင်ကြေညာစာတမ်းကို နအဖ ကျောခိုင်းခြင်းဖြစ်ဟု သတင်းစာဆရာကြီး ဦးဝင်းတင်ပြောကြား




မင်းနိုင်သူ / ၇ ဇူလိုင် ၂၀၀၉


အန်အယ်လ်ဒီက ထုတ်ပြန်ထားသော ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်အလက် အားလုံးကို နအဖစစ်အစိုးရက ကျောခိုင်းထားကြောင်း မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်အတွင်း သိသာစေပြီဖြစ်သည်ဟု အန်အယ်လ်ဒီပါတီဝင် ၀ါရင့်သတင်းစာ ဆရာကြီး ဦးဝင်းတင်က ပြောသည်။

အန်အယ်လ်ဒီပါတီက ဧပြီလအတွင်း ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင်ကြေညာချက်တွင် အဖွဲ့ချုပ်ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့်အချက်များကို ပြင်ဆင်ပေးရေးနှင့် အားလုံးပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာ၏ စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုရေး စသည့်အချက်များကို တောင်းဆိုထားသည်။

ဦးဝင်းတင်က “အခု မစ္စတာဘန်ကီမွန်း လာပြီးတောင်းဆိုတာတွေကလည်း အန်အယ်လ်ဒီရဲ့ တောင်းဆိုချက်တွေနဲ့ အခြေခံမူအားဖြင့် အတူတူပဲ။ ဒါ့ကြောင့် သူ့ခရီးစဉ်အတွင်းမှာ အစိုးရဘက်က အားရကျေနပ်လောက်ဖွယ်ကောင်းတဲ့ လိုက်လျောမှုတွေ မရှိဘူးဆိုတော့ အန်အယ်လ်ဒီက တောင်းဆိုထားတဲ့ ရွှေဂုံတိုင်ကြေညာချက်ကလည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူးဗျ။ ဘာမှမျှော်လင့်နိုင်တဲ့ အခြေအနေမှာမရှိဘူး” ဟု ပြောသည်။

သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် မူဝါဒသစ်များ ပြောင်းလဲချမှတ်ရေးမှာလည်း ပါတီဖွဲ့စည်းခွင့်ဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေများ ပေါ်ထွက်လာပြီးမှသာ ဖြစ်နိုင်လိမ့်မည်ဟု ဦးဝင်းတင်က ပြောသည်။

“အန်အယ်လ်ဒီပါတီထဲမှာလည်း သဘောထားအနုအရင့် ကွဲပြားတာလေးတွေတော့ ရှိတာပေါ့လေ။ အဲဒါတွေကို ညှိနှိုင်းပြီးတော့ လုပ်ဆောင်ကြရမှာပေါ့။ ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုတင်စစ်ဆေးပြီဆိုကတည်းက နအဖအစိုးရက ရွှေဂုံတိုင်ကြေညာချက်ပါ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ရိုက်ချိုးလိုက်ပြီလို့ ကျနော်ပြောခဲ့တယ်” ဟု ၎င်းက ပြောသည်။

မစ္စတာဘန်ကီမွန်းအနေဖြင့် ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် အများယုံကြည်လက်ခံနိုင်သည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးတို့ အတွက် အဓိကတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု ခရီးစဉ်မစတင်မီကပင် ပြောကြားခဲ့သည်။

ထိုကိစ္စများတင်ပြဆွေးနွေးရန် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရာတွင် မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် (၂) ကြိမ်တိုင်တိုင် တောင်းဆိုသည်ကို ပယ်ချခံခဲ့ရသည်။ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်း လုံလောက်သည့်အချိန်မရရှိဘဲ အဓိကပါတီကြီးဖြစ်သည့် အန်အယ်လ်ဒီနှင့် မိနစ် (၂၀) ခန့်သာ တွေ့ဆုံခွင့်ရခဲ့သည်ဟု သိရသည်။

ယင်းအခြေအနေများနှင့်ပတ်သက်၍ ဦးဝင်းတင်က “မစ္စတာဂမ်ဘာရီလာစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးနိုင်ဘူးဆိုပြီး ကြိုပြောထားပြီးသားလို့ သတင်းစာမှာရေးတယ်ဗျ။ ဆိုတော့ မစ္စတာဘန်ကီမွန်းအနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုတင်စစ်ဆေးနေတဲ့နောက်ပိုင်းမှာ နိုင်ငံတကာဖိအားတွေ ပိုများလာတဲ့အတွက်ကြောင့်သာ မလာမဖြစ်လာခဲ့ရတာလို့ ကျနော်ထင်တယ်” ဟု ဦးဝင်းတင်က ပြောသည်။

မစ္စတာဘန်ကီမွန်း၏ အများကယုံကြည်လက်ခံနိုင်သည့် ရွေးကောက်ပွဲဖြစ်ရေးနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂက အကူအညီ ပေးလိုပါသည်ဆိုသော ကမ်းလှမ်းချက်ကိုလည်း ဗိုလ်ချုပ်မှူးကြီးက တစုံတရာတုံ့ပြန်ခဲ့ခြင်းမရှိပေ။

၂၀၁၀ ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရေးရှိရမည်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသော်လည်း ဗိုလ်ချုပ်မှူးကြီးပြောသော အားလုံးပါဝင်ခွင့်ရှိရေးနှင့် မစ္စတာဘန်ကီမွန်းပြောသော အားလုံးပါဝင်ခွင့်ရရှိရေးသည် စံသတ်မှတ်နှုန်းများ တူမည်မဟုတ် ကြောင်း ဦးဝင်းတင်က ပြောသည်။

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာကိုက သာမန်အရပ်သားများအတွက် ကန့်သတ်ထားတာတွေက အများကြီးရှိနေတယ်။ တခြား လက်မခံနိုင်တဲ့အချက်တွေလည်း အများကြီးပေါ့။ ဒါပေမယ့် အမြင်သာဆုံးပြောရရင် ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်မျိုးကို ရွေးကောက်ပွဲဝင်လို့မရအောင် လုပ်ထားတာမျိုးတွေ ရှိတယ်။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ အရေးကြီးတယ်လို့ ပြောနေတာ” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

မစ္စတာဘန်ကီမွန်း၏ ဒုတိယရည်မှန်းချက်ဖြစ်သည့် အမျိုးသားရင်ကြားစေ့ရေးအတွက် အန်အယ်လ်ဒီဘက်က တွေ့ဆုံဆွေးနွေး ရေးလမ်းကြောင်း အစဉ်အမြဲဖွင့်ထားသော်လည်း နအဖစစ်အစိုးရက တက်လာခြင်းမရှိဟု ဦးဝင်းတင်က ပြောသည်။

၎င်းက “ဒီတွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းဆိုတာ ၁၉၈၈ ခုနှစ် အောက်တိုဘာလကတည်းက ဒေါ်စုကိုယ်တိုင် လက်မှတ်ထိုးပြီး တင်ခဲ့တဲ့ လမ်းကြောင်း။ ဒီလမ်းကြောင်းဟာ အခုထိရှိနေသေးတယ်” ဟု ပြောကြားသည်။