မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 1 november 2010

“ ခက်တယ် ”

မမျှတတဲ့အတ္တတွေကို
ကိုယ်ပိုင်အသိနဲ့ပြန်မျိုချနေရပေမယ့်
အတ္တကြီးလွန်းသူတွေအတွက်ကတော့
သူတို့ရဲ့ကိုယ်ပိုင်အတ္တတွေကို
ပြန်မျိုချနိုင်ဖို့အတွက် ခက်တယ် --- ။
အခက်အခဲတချို့ကိုဝါးမျိုခဲ့ရလို့
တည်ငြိမ်တဲ့သွေးသစ်နဲ့
ဆင်ခြင်မှုပဲ့ကိုင်ဦးနှောက်တွေရှိခဲ့ပေမယ့်
စိတ်ထဲရှိတာတွေနဲ့
အပြင်ဖက်ကလက်တွေ့ဘ၀တွေကကွာခြားနေတော့
စိတ်သွားတိုင်းကိုယ်မပါ
ထင်သလိုမဖြစ်ရတော့ ခက်တယ် --- ။

သယံဇာဝပေါကြွယ်ဝ
ဥတုသုံးလီနဲ့ ယဉ်ကျေးမှုထွန်းကားတဲ့မြန်မာပြည်ကို
မိစ္ဆာစစ်ဘီလူးတွေမင်းမူနေတော့
အခွင့်အရေးများစွာဆုံးရှုံး
တိုင်းပြည်ကလည်းဆင်ရဲ့တွင်းထဲထိုးကျ
တချို့လူတွေဆို “ အူမမတောင့်ကြတော့လို့
သီလတောင်မစောင့်နိုင် ” ကြတော့ ခက်တယ် --- ။

      ဇာနည်မောင်

မြို့တော်ဝန် ဓမ္မာရုံဆောက် မဲဆွယ်

ဧရာဝတီ Monday, 01 November 2010 18:12
.ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် ရန်ကုန် မြို့တော်ဝန် ဦးအောင်သိန်းလင်းက ဗုဒ္ဓဘာသာ ဆွမ်းလောင်း ဓမ္မာရုံဟောင်းများကို အသစ် ဆောက်လုပ် ပေးပြီး မဲဆွယ်စည်းရုံးမှု အရှိန်မြှင့်နေကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တော်ခန်းမတွင်အလံဟောင်းချ၊အလံသစ်တင်အခမ်းအနားသို့မြို့တော်ဝန်ဦးအောင်သိန်းလင်း တက်ရောက်စဉ်။ (ဓာတ်ပုံ - ဧရာဝတီ)
မြို့တော်ဝန် ဦးအောင်သိန်းလင်းက ၂၀၀၃ ခုနှစ်ကတည်းက ဆောက်လုပ်ခွင့် ရပ်ဆိုင်းထားခဲ့သည့် တောင်ဥက္ကလာပမြို့နယ် ၇ ရပ် ကွက် သီရိဇေယျာလမ်းရှိ ဆောက်လက်စ အစ္စလမ် ဗလီဝတ်ပြုကျောင်းကို စက်တင်ဘာ ၂၄ ရက်နေ့တွင် ပြန်လည် ဆောက်လုပ် ခွင့် ပေးခဲ့သောကြောင့် ဗုဒ္ဓဘာ သာဝင်များက မကျေမနပ်ဖြစ်ခဲ့မှု ပပျောက်စေရန် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဆွမ်းလောင်း ဓမ္မာရုံအားလုံးကို အဆောက်အအုံသစ်များအဖြစ် လိုက်လံဆောက်လုပ်ပေးလျက်ရှိသည်ဟု သိရှိရသည်။
“ဆွမ်းလောင်းအသင်း ဓမ္မာရုံတွေကို အောင်သိန်းလင်းအမိန့်နဲ့ လိုက်ပြီးအသစ်ဆောက် ပေးတယ်၊ ဆွမ်းလောင်းဓမ္မာရုံတွေ အများ စု က သွပ်မိုး၊ ပျဉ်ထောင်လေးတွေပါ။ အခုအဲဒါတွေကို အုတ်ညှပ် တိုက်ပုံစံ အဆောက်အအုံ လေးတွေဖြစ်အောင် ဆောက်ပေးနေ တယ်”ဟု တောင်ဥက္ကလာ ဒေသခံ တဦးက ပြောသည်။
ဦးအောင်သိန်းလင်းသည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်မည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေသည့်အတွက် မဲဆွယ်လှုပ်ရှားမှုများကို အရှိန် အဟုန်မြှင့်လျက်ရှိပြီး လမ်းခင်းပေးခဲ့သော ရပ်ကွက်များရှိ ကြံ့ဖွံ့ပါတီဝင်များထံမှ ကြိုတင်မဲ ကောက်ခံမှုများရှိလာကြောင်းလည်း သိရှိသည်။
“မဲဆွယ်လှုပ်ရှားတဲ့ ကားတွေကို ငါးစီးအထိ ထပ်တိုးတယ်။ ကြိုတင်မဲတွေလည်း စကောက်နေပြီ။ မြို့တော်ဝန်က ရယက တွေကို ငွေကြေးထောက်ပံ့ပြီး ရွေးကောက်ပွဲနိုင်အောင် လုပ်နေတယ်”ဟု တောင်ဥက္ကလာပ ဒေသခံတဦးက ဆိုသည်။
ဦးအောင်သိန်းလင်း အပါအ၀င် ကြံ့ဖွံ့ပါတီ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း မိတ်ဆက် ကြော်ငြာဆိုင်းဘုတ်ကြီးများကိုလည်း လမ်းဆုံ လမ်းခွများတွင် ချထားသည်ကို တွေ့ရသည်။
ပြည်တွင်းသတင်းထောက်တဦးက ဦးအောင်သိန်းလင်း၏ ကိုယ်ရေးအကျဉ်းနှင့် ဓာတ်ပုံပါ ကြော်ငြာဆိုင်းဘုတ်ကြီးများသည် ရန်ကုန်မြို့တွင် အကြီးဆုံးသော ကြော်ငြာ ဆိုင်းဘုတ်ကြီးများဖြစ်သည်ဟု ပြောဆိုသည်။
မြို့တော်ဝန်သည် ဘာသာရေးအသုံးချပြီး စည်းရုံးမဲဆွယ်မှု ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲဥပဒေကိုလည်း မကြာခဏ ချိုးဖောက် လျက်ရှိသည်ဟု ပြည်တွင်းနိုင်ငံရေးသမား တဦးက ပြောသည်။
“ဗလီဆောက်ခွင့်ပေးပြီး မဲဆွယ်တယ်။ ခုလည်း ဆွမ်းလောင်း ဓမ္မာရုံဆောက်ပြီး မဲဆွယ်တယ်။ နိုင်ငံ့ပိုက်ဆံနဲ့ လမ်းခင်းပြီးမဲဆွယ်တယ်။ နိုင်ငံ့ပိုက်ဆံနဲ့ ငွေချေးတယ်။ ရယက တွေကိုငွေပေးပြီး မဲမရရအောင် စည်းရုံးခိုင်းတယ်။ ရွေးကောက်ပွဲဥပဒေကို ပုံစံအမျိုးမျိုးနဲ့ ချိုးဖောက်နေတယ်”ဟု ၎င်းက ဆိုသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆(င)နှင့် ပုဒ်မ ၁၂(က၊ ၄)တွင် ဘာသာရေးကို အသုံးချ မဲဆွယ်စည်းရုံးခြင်းမပြုရန် ပြဋ္ဌာန်းထားပြီး ချိုးဖောက်လျှင် ပါတီ ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဘဲ ဖျက်သိမ်းခံရမည်ဟု ဖော်ပြထားသည်။
တောင်ဥက္ကလာပ ဒေသခံ တချို့ကမူ ဦးအောင်သိန်းလင်းကို မဲပေးမည်မဟုတ် ကြောင်း၊ ၄င်းတို့ စိတ်ကြိုက်ဖြစ်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းလည်း မရှိကြောင်း ပြောဆိုသည်။
“ဘယ်ပါတီက မှ လောက်လောက်လားလား လူထုအတွက် အလုပ်မလုပ်နိုင်ဘူး။ ၀င်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ် လောင်း တွေ ကလည်း စွဲမက်လောက်စရာ ဘာမှမပြောနိုင်ဘူး။ ရွေးဖို့ လူမရှိဘူး”ဟု တောင်ဥက္ကလာပ ၁၃ ရပ်ကွက်နေ ဒေသခံ တဦး က ပြောသည်။
တောင်ဥက္ကလာပမြို့နယ်၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ကြံ့ဖွံ့ပါတီမှ ဦးအောင်သိန်းလင်း၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)မှ ဒေါ်တင်တင်မြ၊ အမျိုးသားဒီမိုကရေစီအင် အားစုမှ ဒေါ်ကမ်းခန့်ဒိမ်း၊ တသီး ပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းမြင့်ထွဋ်တို့ ၀င် အရွေးချယ်ခံမည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ ကျင်းပရန် ၆ ရက်သာ လိုတော့သည်။



ရွေးကောက်ပွဲအတွက် လုံခြုံရေးပိုတင်းကျပ်

နရီလင်းလက် Monday, 01 November 2010 19:08
.ရွေးကောက်ပွဲ ကျင်းပမည့်ရက် နီးကပ်လာပြီ ဖြစ်သောကြောင့် ရန်ကုန်မြို့တွင်း လုံခြုံရေးကို ယနေ့မှ စတင်၍ ပိုမိုတင်းကျပ် ထားသည်ဟု ရန်ကုန် ဒေသခံများထံမှ သိရသည်။
လူထုလှုပ်ရှားမှု ဖြစ်ပွားလာပါက အချိန်မီ ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လုံခြုံရေးတင်းကျပ်မှုများကို ရန်ကုန်မြို့တွင်းနှင့် မြို့စွန်ဟူ၍ အပိုင်း ၂ ပိုင်း ခွဲကာ စတင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတဦးက ပြောသည်။
                                      NLD ၏ မဲမပေးဘဲ နေနိုင်ခွင့်ရှိသည့် စာတန်းပါ တီရှပ် ဝတ်ဆင်ထားသူများ
၎င်းက ဆက်လက်၍ “ပြီးခဲ့တဲ့လကတည်းက တချို့ မြို့နယ်တွေမှာ မဲမပေးဘဲ နေခွင့်ရှိတယ်ဆိုတဲ့
စာသားပါတဲ့ အင်္ကျီဝတ်ပြီး လမ်းလျှောက်တာတို့၊ နောက်တော့ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ စာရွက်ဝေတာတွေကို မြို့နယ်တော်တော်များများမှာ လုပ်ခဲ့တယ်။ ဒီလို ဆန့်ကျင်တဲ့ ကိစ္စတွေက ရွေးကောက်ပွဲနီးလေ အရှိန်မြင့်လာလေ ဖြစ်လာမှာဆိုတော့ နေရာပေါင်းစုံမှာ လုံခြုံရေး ချထားတယ်။ ဆန့်ကျင်ရေး လုပ်မယ့်သူဆိုလည်း ဟန့်သွားအောင်ပေါ့” ဟု ဆိုသည်။
ဆူးလေ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ လသာ၊ လှည်းတန်း စသည့် ရန်ကုန်မြို့တွင်း နေရာများတွင် ရဲတပ်ဖွဲ့၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာစသည့် မြို့စွန်နေရာများတွင် တပ်မ ၇၇ နှင့် တပ်မ ၆၆ တို့အား လုံခြုံရေး တာဝန် ပေးထားသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်ဘက်ဆိုင်ရာ အရာရှိတဦး ကပြောသည်။
လုံခြုံရေးတာဝန်ယူထားသည့် တပ်မ ၇၇ နှင့် တပ်မ ၆၆ သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ငြိမ်းချမ်းစွာ ဆန္ဒပြ ခဲ့သော သံဃာတော်များအား အကြမ်းဖက်ဖြိုခွင်းခဲ့သည့် တပ်မများလည်းဖြစ်သည်။
အဆိုပါ လုံခြုံရေးတိုးမြှင့်မှုများ ဆောင်ရွက်နိုင်ရန် သြဂုတ်လမှ စတင်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အင်အားဖြည့်တင်းမှုများကို ပြုလုပ်ခဲ့သည်ဟု အဆိုပါ စစ်ဘက်ဆိုင်ရာ အရာရှိကြီးက ပြောသည်။
“ရွှေဝါရောင်တော်လှန်ရေးကို ဖြိုခွင်းပြီးနောက်ပိုင်း နိုင်ငံတကာ ဝေဖန်မှုတွေ တော်တော်များ များရှိခဲ့တော့ အခု နောက်ပိုင်းမှာ စစ်တပ်သုံးတာကို လျှော့ချပြီး ရဲတပ်ဖွဲ့ကို တာဝန်ပိုပေးလာတယ်။ စစ်ဘက်က တချို့ လူတွေကိုလည်း ရဲတပ်ဖွဲ့ထဲ ပြောင်းပြီး တာဝန်ပေးတယ်။ ရဲ အင်အားဖြည့်တာပေါ့” ဟု ၎င်းက ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ အဖြစ် ကူးပြောင်းမည်ဖြစ်သောကြောင့် လုံခြုံရေး ကိစ္စရပ်များတွင် တပ်မတော်၏ အခန်းကဏ္ဍကို လုံးဝလျှော့ချသွားရန် ကာကွယ်ရေးဝန်ကြီးဌာန ထိပ်ပိုင်း အာဏာပိုင်များက မှာကြားထားကြောင်းလည်း သူက ပြောသည်။
ထင်ရှားသော ဆန္ဒပြပွဲများဖြစ်သည့် ၈၈၈၈ အရေးတော်ပုံနှင့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတို့တွင် စစ်တပ်ကသာ တာဝန်ယူဖြိုခွင်းခဲ့သည်။



ကြံ့ဖွံ့ကိုအမှုဖွင့်သော်လည်း ရဲလက်မခံ

ဧရာဝတီ Monday, 01 November 2010 18:02
.သန်လျင်မြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ဆန္ဒမဲလက်မှတ် အတုပြုလုပ်သဖြင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးကြည်က ရဲစခန်းတွင် အမှုဖွင့်ရန် ကြိုးစားခဲ့ရာ ရဲစခန်းက လက်မခံဘဲ ငြင်းပယ်ခဲ့ကြောင်း သတင်းရရှိသည်။
ကြံ့ဖွံ့ပါတီ မဲဆွယ်စည်းရုံးရေး လက်ကမ်းကြော်ငြာများကို ရန်ကုန်မြို့တွင်း၌ အောက်တိုဘာ ၃၁ ရက်က လိုက်လံ ဖြန့်ဝေနေသည့် ကြံ့ဖွံ့ပါတီဝင်များ (ဓာတ်ပုံ-AP)
သန်လျင်မြို့နယ် ကြံ့ဖွံ့ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလွင်ဦးသည် ဦးစိုးကြည်၏ အမည်နှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ အမှတ်အသား ဒေါင်းတံဆိပ်ကို ဆန္ဒမဲလက်မှတ် အတုပေါ်တွင် အလွဲသုံးစားပြုလုပ် ဖော်ပြခဲ့သည်ဟု ဦးစိုးကြည်နှင့် နီးစပ်သည့် အသိုင်းအဝန်းက ပြောသည်။
ထို့ကြောင့် ဦးစိုးကြည်က ဦးလွင်ဦးကို စာရွက် စာတမ်း အတုပြုလုပ်မှုဖြင့် အောက်တိုဘာလ ၁၄ ရက်နေ့က သန်လျင်ရဲစခန်း၌ သွားရောက် အမှုဖွင့် တိုင်ကြားခဲ့ရာ ရဲစခန်းက အဆိုပါအမှုသည် နိုင်ငံရေးမှုဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်နှင့်သာ သက်ဆိုင်သည်ဟု ပြန်လည်ပြောဆိုခဲ့၍ အမှုဖွင့်ခွင့် မပေးခဲ့ကြောင်း သိရသည်။
ကြံ့ဖွံ့ပါတီကဝေငှသည့် ဆန္ဒမဲလက်မှတ် စာရွက် ပုံစံတူများပေါ်တွင် သန်လျင်မြို့နယ် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ ပါတီ အပါအ၀င် တခြားသော ပါတီများ၏ အမည်၊ တံဆိပ်၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်များကို ဖော်ပြထားကြောင်း၊ ကြံ့ဖွံ့ပါတီကိုယ်စားလှယ်လောင်း အမည်ဘေးတွင် အမှန် ခြစ်ပြထားပြီး တခြားပါတီများ၏ ဘေးတွင် လုံးဝ အမှန်မခြစ်ကြရန် ပြောဆိုစည်းရုံးကြောင်း သန်လျင်မြို့ခံများက ပြောသည်။
“စာရွက်စာတမ်း အတုပြုလုပ်မှု ဆိုပြီး ပုဒ်မ ၄၆၈ နဲ့ အမှုဖွင့်ဖို့ လုပ်ပေမယ့် ရဲစခန်းက လက်မခံဘူး” ဟု သန်လျင်မြို့ခံတဦးက ဆိုသည်။
ထိုသို့ ရဲစခန်းက လက်မခံခဲ့ခြင်းကြောင့် အောက်တိုဘာလ ၁၈ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ
ဦးသိန်းစိုးနှင့် ရန်ကုန်တောင်ပိုင်းခရိုင် ကော်မရှင်ဥက္ကဋ္ဌ ဦးမြတ်စိုးတို့ထံ တိုင်ကြားခဲ့သော်လည်း တစုံတရာ အကြောင်း မပြန်ခဲ့ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ဆိုသည်။
လက်ရှိတွင် ကြံ့ဖွံ့ပါတီသည် ကြိုတင်မဲ စုဆောင်းမှုများ လုပ်ဆောင်နေသည်ကို သက်သေအထောက်အထား များနှင့်တကွ ရရှိထားသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တရားဝင် တိုင်ကြားထားသည်ဟုလည်း ဦးသုဝေက ပြောသည်။
နိုင်ငံရေးသမားတဦးကမူ ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲဥပဒေများကို ချိုးဖောက်နေသော်လည်း နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများမှာ ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားရုံသာမက တရားစွဲဆိုသင့်သည်ဟု ဝေဖန်သည်။
“ကြံ့ဖွံ့ပါတီကို ဖျက်သိမ်းပေးဖို့၊ တရားစွဲဖို့ နိုင်ငံရေးပါတီတွေက မကြိုးစားကြဘူး၊ ပြောလည်း မပြောဘူး။ လွှတ်တော် ကိုယ်စားလှယ်လောင်း တွေကလည်း ရွေးကောက်ပွဲ ကော်မရှင်ကိုပဲ တိုင်တယ်။ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာက
အစိုးရသဘောကျ လုပ်ပေးတဲ့ သူတွေနဲ့ဖွဲ့ထားတာ။ ဥပဒေအရ တရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲသင့်တယ်” ဟု ၎င်းက ဆိုသည်။
သန်လျင်မြို့နယ်တွင် ကြံ့ဖွံ့ပါတီက လွှတ်တော်အမတ်လောင်း ၄ ဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ဒေါက်တာမြင့်ကြည်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးလွင်ဦး၊တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ်လောင်း အဖြစ် မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌဟောင်း ဦးအောင်သန်းဦး၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် ၂ ကိုယ်စားလှယ်လောင်း အဖြစ် ဦးကျော်မင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဟု သိရသည်။

ရွေးကောက်ပွဲအကြို အင်တာနက်လိုင်း ထိန်းချုပ်

ဧရာဝတီ Monday, 01 November 2010 19:34
.မြန်မာနိုင်ငံတွင် လတ်တလော အင်တာနက် ဆက်သွယ်မှုများ လုံးဝနီးပါး ပြတ်တောက်ရခြင်းမှာ ရွေးကောက်ပွဲကာလ၌ ပြည်ပသို့ သတင်းစီးဆင်းမှု မရှိစေရန် စစ်အစိုးရက ကြိုတင် ထိန်းချုပ် လိုက်ခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းကဲ့သို့ထိန်းချုပ်မှုကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက ပြုလုပ်ခြင်းဖြစ်သည်ဟုလည်း ဝန်ကြီးဌာန နှင့် နီးစပ်သူက ပြောသည်။
“၄၅mbpsနှုန်းရှိတဲ့SEA-ME-We-3ရေအောက်ကေဘယ်လ်အပြင်၁၅mbpsနှုန်းရှိတဲ့ ဂြိုဟ်တုဆက်သွယ်မှုတွေနဲ့ ချိတ်ဆက် ထားတဲ့ စစ်ဘက်၊ အစိုးရဘက်ဆိုင်ရာဌာနတွေမှာတော့ အင်တာနက်လိုင်း က ဘာမှမဖြစ်ဘူး။ အင်တာနက် အသုံးပြုရ တဲ့ လုပ်ငန်းတွေ၊ အင်တာနက် ကဖေးတွေမှာတော့ ဒီတလောအတွင်း ပြည်ပကို သတင်းပေါက်ကြားမှာစိုးလို့ အစိုးရက အင်တာနက်နှုန်းတွေကို လျှော့ချပစ်တာ”ဟု အဆိုပါ ဝန်ကြီးဌာနနှင့် နီးစပ်သူက ဧရာဝတီသို့ ပြောသည်။
စာနယ်ဇင်းသမားများ နှင့် နိုင်ငံတကာစောင့်ကြည့်လေ့လာသူများကလည်း ပြီးခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်တွင် ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲကာလတွင် အင်တာနက်၊ တယ်လီဖုန်း ဆက်သွယ်မှုများ ပြတ်တောက်မည်ကို စိုးရိမ်နေကြ သည်။
စစ်အစိုးရသည် ရွေးကောက် ပွဲကာလတွင် အင်တာနက်ချိတ်ဆက်မှုကို ထိန်းချုပ်မည်၊ ယခုအကြိမ် အင်တာနက်လိုင်းများ နှေးကွေးခြင်း၊ ပြတ်တောက်ခြင်းတို့မှာလည်း စစ်အစိုးရက ထိန်းချုပ်ထားခြင်းဖြစ်သည်ဟု နယ်စည်းမခြား သတင်းထောက် များ အဖွဲ့ (RSF) နှင့် မြန်မာ့သတင်းသမဂ္ဂ (BMA) တို့က ပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်တွင် ပါရှိသည်။
ယင်းကိစ္စကို စစ်အစိုးရထိန်းချုပ်ထားသည့် ရတနာပုံတယ်လီပို့က ပြည်တွင်း အင်တာနက်လိုင်းများကို ပြည်ပမှ DDoS စနစ်ဖြင့် တိုက်ခိုက်သဖြင့် အင်တာနက်လိုင်းများ ပြတ်တောက်ရခြင်းဖြစ်သည်ဟု ရတနာပုံ ဝက်ဘ်ဆိုဒ် တွင် ဖော်ပြထားသည်။
ကွန်ပျူတာပညာရှင်များက DDoSစနစ်ဖြင့် တိုက်ခိုက်ခြင်းသည် ဝက်ဘ်ဆိုဒ်များကိုသာ တိုက်ခိုက်နိုင်ပြီး အင်တာနက် ဆာဗာကို တိုက်ခိုက်၍ မရကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံတွင်း အင်တာနက် ဆက်သွယ်မှုများကို ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန နှင့် ရတနာပုံ တယ်လီပို့ တို့မှ ဝန်ဆောင်မှု ပေးနေပြီး စစ်ဘက်နှင့် အစိုးရဘက်ဆိုင်ရာဌာနများအတွက်ကို ဝန်ကြီးဌာနမှ လည်းကောင်း သာမန် အရပ်သားများအသုံးပြုရန်အတွက် ရတနာပုံ တယ်လီပို့ မှ လည်းကောင်း တာဝန်ယူရသည်။
လာမည့် ရွေးကောက်ပွဲကာလတွင် ပြည်တွင်းအခြေစိုက် သတင်းထောက်များအနေဖြင့် ပြည်ပသို့ သတင်း အချက်အလက် များ၊ ဓာတ်ပုံများကို အင်တာနက်မှတဆင့် ပို့ရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလအတွင်း စစ်အစိုးရက အင်တာနက်လိုင်းများ ထိန်းချုပ်ခြင်း၊ အင်တာနက် ကဖေးများကို ပိတ်ခိုင်းခြင်း တို့ပြုလုပ်ခဲ့ဖူးသည်။
ယနေ့ထုတ် အေပီ သတင်းတွင် အင်တာနက်ကို အဓိကအသုံးပြုရသည့် ဟိုတယ်များ၊ ခရီးသွားအေဂျင်စီများက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမှစပြီး အင်တာနက်လိုင်းများ နှေးကွေးခြင်း၊ ပြတ်တောက်ခြင်းများကို ပြောဆိုခဲ့သည်ဟု ဖော်ပြထား သည်။
၎င်းတို့ကလည်း အင်တာနက်လိုင်းများပြတ်တောက်ခြင်းသည် ရက်သတ္တပတ်ခန့် ကြာမြင့်ဦးမည်ဖြစ်ကြောင်း ခရီးသွားများ ကို ပြောဆိုသည်ဟုလည်း ဖော်ပြထားသည်။
တချို့နေရာများကလည်း ယနေ့မှစ၍ တယ်လီဖုန်းလိုင်းများပါ ခက်ခဲလာသည်ဟု ပြောဆိုကြသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲကျင်းပမည့် နေ့တွင် မဲရုံပရဝုဏ် အတွင်း သတင်းယူခြင်း၊ ဓာတ်ပုံရိုက်ခြင်းများကို တားမြစ်သည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။
RSF မှ ထုတ်ပြန်သည့် အစီရင်ခံစာများအရ ဥရောပတိုက်မှ သတင်းထောက်တချို့သည် မြန်မာနိုင်ငံသို့ သွားရန် ခရီးသွား ဗီဇာ လျှောက်ထားရာတွင် ငြင်းပယ်ခံရကြောင်း၊ စစ်အစိုးရက ဂူဂဲလ် အသုံးပြုကာ လျှောက်ထားသူများ၏ အလုပ်အကိုင်၊ အထောက် အထားကို ရှာဖွေခဲ့ရာ သတင်းထောက်အဖြစ် တွေ့ရှိခဲ့သဖြင့် ဗီဇာထုတ်မပေးခြင်းဖြစ်သည်ဟု ပြင်သစ် သတင်းထောက်တဦးက ပြောဆိုသည်။
RSFအစီရင်ခံစာတွင်သတင်းထောက်များအနေဖြင့်မြန်မာနိုင်ငံသို့သွားရာတွင် ဂျာနယ်လစ် ဗီဇာဖြင့်သွားရန် မလွယ်ကူ ကြောင်း ခရီးသွား ဗီဇာဖြင့်သာ သွားရောက်နိုင်ကြောင်း ဖော်ပြထားသည်။
၂၀၁၀ ခုနှစ်အတွင်း RSFမှထုတ်ပြန်ခဲ့သည့် အင်တာနက်၏ ရန်သူများ EnemiesoftheInternet အမည်ရသည့် အစီရင်ခံစာ၌ မြန်မာနိုင်ငံသည် အဆိုးဆုံး ၁၀ နိုင်ငံတွင် ပါဝင်သည်ဟု ဖော်ပြထားသည်။
သန်းထိုက်ဦး Monday, 01 November 2010 17:27
.ဘန်ကောက်-ရန်ကုန် ပျံသန်းနေသည့်ThaiAirwaysInternational (TG) လေကြောင်းမှ ခရီးသည် ၁၈၃ ဦး လိုက်ပါလာသော လေယာဉ်တစီးသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြေးလမ်းချော်မှု ယနေ့ နံနက်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။
၂၀၀၇ခုနှစ်အတွင်းကအသစ်ပြုပြင်မွမ်းမံထားသည့်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်(ဓာတ်ပုံ-wikipedia)
“လေယာဉ်က ခရီးသည်တွေကို လေဆိပ်ထဲကို သွားပို့မယ့် အချိန် အကွေ့တနေရာမှာ လေယာဉ်က ပြေးလမ်းချော်ပြီးတော့ ပြေးလမ်း ဘေးမှာ ရှိတဲ့ မြက်ခင်းပေါ်ကို ကျသွားတယ်”ဟု ဘန်ကောက်မြို့ရှိ Thai AirWaysလေကြောင်းမှ ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။ ခရီးသည်များ ထိခိုက်ဒဏ်ရာ မရရှိကြောင်းလည်း သိရသည်။
ယနေ့ ထိုင်း စံတော်ချိန် ၈နာရီ ၁၅ မိနစ် ရန်ကုန်သို့ ထွက်ခွာသွားသည့် ၎င်း ထိုင်းလေကြောင်းလိုင်းမှာ ခရီးသည်တင် AirBusA300လေယာဉ် အမျိုးအစားဖြစ်သည်။
ထိုင်း လေကြောင်းလိုင်းသည် ရန်ကုန် လေဆိပ်သို့ ဆင်းသက်ခဲ့ပြီးနောက် ပြေးလမ်းပေါ်တွင်ပင် မတော်တဆ ဖြစ်ပွားခဲ့ကြောင်း Thai Air Ways လေကြောင်းမှ ၀န်ထမ်းက ဆိုသည်။
ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သောကြောင့် ခရီးများ လေယာဉ်ပေါ်မှ ခက်ခဲစွာ ဆင်းခဲ့ရပြီး လေယာဉ်ကိုလည်း ပြေးလမ်းပေါ် ရောက် ရန် ပြန်လည် ဆွဲတင်ခဲ့ရကြောင်း သိရသည်။

ပဲခူးတိုင်းတွင် ရွေးကောက်ပွဲဆန့်ကျင်စာများ ဖြန့်

ရန်ပိုင် Monday, 01 November 2010 18:07
.ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် မဲမပေးရေးစာတန်းပါ ပို့စတာများကပ်ပြီး ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့နှင့် တခြားသော မြို့ပေါင်း ၁၀ မြို့ခန့်၌ တပြိုင်တည်း ပြုလုပ်ကြောင်း သတင်းရရှိသည်။
စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် လာမည့် ရွေးကောက်ပွဲကို ပြည်သူများအနေဖြင့် မဲမပေးရန်အတွက် ရွေးကောက်ပွဲ ဆန့် ကျင်သည့် ပို့စတာများကပ်၍ လှုပ်ရှားမှုပြုလုပ်ရခြင်းဖြစ်သည်ဟု ဦးဆောင်ပြုလုပ်ခဲ့သည့် အဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။
“မဲမပေးတာကလည်း ပြည်သူ့အခွင့်အရေးလေ၊ ဒါကြောင့် ပြည်သူတွေ မိမိတို့ အခွင့်အရေးကိုသိဖို့ လှုံ့ဆော်ရတာပါ”ဟု ၎င်းကဆို သည်။
ယင်းလှုပ်ရှားမှုကို ကျောင်းသားများ ဦးဆောင်သည့် ဘွိုင်းကောက် -၂၀၁၀ (Boycott-2010)အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပြည်မြို့ တွင်ပင် စာရွက်ပေါင်း ၂၀၀၀ ကျော် ကပ်ခဲ့သည်ဟု ယင်း အဖွဲ့ ကပြောသည်။
ထို ပို့စတာများတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ နဖူးစည်းတွင် ရွေးကောက်ပွဲကို မဲမပေးခြင်းဖြင့် ဆန့်ကျင်သပိတ်မှောက်ကြ ဆိုသည့်စာတန်း၊ မဲမပေးခြင်းသည်လည်း ဥပဒေအရ အခွင့်အရေးဆိုသည့် စာတန်းနှင့် စစ်ကျွန်ပြုမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြ ဆိုသည့် စာတန်းသုံးမျိုးကို ပြည်မြို့နှင့် တခြားမြို့များ၏ လူစည်ကားရာ အချက်အချာကြသည့် နေရာ အနှံ့တွင် ကပ်ခဲ့ခြင်းဖြစ်သည်။
ယင်းလှုပ်ရှားမှုနှင့် ပတ်သက်၍ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို အဖွဲ့ဝင် တဦးတယောက်မှ မခံရကြောင်း အဆိုပါ အဖွဲ့ဝင်က ဆက်ပြောသည်။
ပြည်- ရန်ကုန် ကားလမ်းတလျှောက်ရှိ ပြည်၊ ရွှေတောင်၊ ပေါင်းတည်၊ နတ္တလင်း ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ လက်ပံတန်း၊ သာယာဝတီ- သုံးဆယ်၊ သဲကုန်း၊ ပုတီးကုန်း၊ ဆင်မြီးဆွဲ၊ ပေါင်းတလည်၊ ပန်းတောင်း၊ ဥသျှစ်ပင်မြို့များနှင့် မကွေးတိုင်းအတွင်းရှိ အောင်လံ၊ ကမ္မမြို့နယ်များတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ကြခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်မြို့ခံတဦးကလည်း“ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ စာတန်းတွေ တမြို့လုံးနေရာအနှံ့ အများကြီး ကပ်ထားတယ်၊ ဓာတ်တိုင် အမြင့် ပေါ်မှာ ကပ်ထားတဲ့ဟာတွေကို ရဲတွေက ယူနီဖောင်းနဲ့ တက်ခွာနေရတော့ လူတွေက ပိုအာရုံစိုက်ခံ ရတာပေါ့”ဟု ဆိုသည်။
ထို စာရွက်များကို ရဲများက နံနက် ၇ နာရီခန့်တွင် လိုက်လံခွာယူနေကြောင်း၊ ဓာတ်တိုင်၊ ကြော်ငြာ ဆိုင်းဘုတ်၊ ဖုန်းရုံ၊ ဘုရားနံရံနှင့် လူအများမြင်သာသည့် အမြင့်နေရာများတွင် ကပ်ထားသည်ဟု အဆိုပါ ပြည်မြို့ခံက ဆက်လက်ပြောသည်။
ပြည်မြို့ရှိ ဈေးကြီး၊ လမ်းမတော်၊ လမ်းရှည်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ရွှေဘုန်းပွင့်ဘုရား၊ မြို့သစ် အဝေးပြေး ကားဂိတ်၊ ဘုရားကြီး ဘုရား၊ တာဂွ၊ တီတွဒ် ကျေးရွာအထိ အဆိုပါ စာရွက်များကို ကပ်ထားကြောင်း သိရသည်။
သာယာဝတီမြို့နှင့် သုံးဆယ်မြို့ရှိ အချက်အချာကြသည့် ဗိုလ်စိန်မှန်တံတား၊ သာယာဝတီဈေးကြီး၊ ဗလီရှေ့၊ ကားဂိတ်တို့တွင် သာယာဝတီမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ရုံးရှေ့တွင်လည်း ပြုလုပ်ခဲ့သည်ဟု သာယာဝတီမြို့ခံ တဦးကလည်း ပြောသည်။
လာမည့် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲကို တနိုင်ငံလုံးအနှံ့ ဆန့်ကျင်သည့် လှုပ်ရှားမှုများကို လူငယ်များက တီရှပ်များ ၀တ် ၍လည်းကောင်း၊ စာရွက်စာတမ်းများ ဖြန့်ဝေခြင်းဖြင့်လည်းကောင်း ပြုလုပ်နေရာ ယခုကဲ့သို့ မြို့ပေါင်း အမြောက်အမြားတွင် တပြိုင်နက်တည်း ပြုလုပ်ခြင်းသည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။