မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 1 december 2010

အမျိုးသားရေးအောင်ပွဲပေါ်ထွန်းရန်ဒေါ်အောင်ဆန်းစုကြည်ပြော

ဧရာဝတီ Wednesday, 01 December 2010 18:34
.စစ်မှန်သော အမျိုးသားရေး အောင်ပွဲတခု ဖြစ်ပေါ်လာရေးအတွက် တပ်မတော်သားများ အပါအ၀င် တိုင်းရင်းသားပြည်သူ တရပ် လုံးက ညီညီညွတ်ညွတ်၊ သတ္တိရှိရှိဖြင့် နိုင်ငံရေးလုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျရောက်သော နှစ် ၉၀ ပြည့် အမျိုးသားနေ့ အခမ်းအနားတွင် ပြောဆိုလိုက်သည်။

                   ယနေ့ NLDရုံးချုပ်၌ကျင်းပသောနှစ်၉၀ပြည့်အမျိုးသားနေ့အခမ်းအနား(ဓာတ်ပုံ -ဧရာဝတီ)
ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးချုပ်၌ ကျင်းပသော အမျိုးသားနေ့ အခမ်းအနားတွင် ယင်းသို့ ပြောဆို ခြင်း ဖြစ်ကြောင်း အခမ်းအနား တက်ရောက်သူများက ပြောပြသည်။
အမျိုးသားရေးသည် တဦးတယောက်တည်း လုပ်ဆောင်၍မရဘဲ တနိုင်ငံလုံးရှိ ပြည်သူအားလုံးနှင့်သက်ဆိုင်ကြောင်း၊ တမျိုး သားလုံး လုံခြုံရေး၊ လွတ်လပ်ရေး၊ စိုးရိမ်ကြောင့်ကြမှု ကင်းဝေးစွာနေထိုင်နိုင်ရေး တို့အတွက် စည်းလုံးညီညွတ်မှု အရေးကြီး သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
အမျိုးသားနေ့နှင့်ပတ်သက်၍ NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးကလည်း အုပ်ချုပ်သူများအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဆန့်ကျင်၍ မရကြောင်း၊ ဖိနှိပ်မှုဖြင့် စနစ်တရပ်ကို ကန့်သတ်မရကြောင်းကို ပြသလိုက်သည့် အနေဖြင့် အမျိုးသားနေ့ ပေါ် ပေါက် လာကြောင်း အခမ်းအနား၌ ပြောသည်။
ထိုအရာများကို နမူနာယူ၍ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ရရှိရေးကို နိုင်ငံသားအားလုံးက စွမ်းစွမ်းတမံကြိုးပမ်းကြရန် လိုကြောင်းလည်း ဦးတင်ဦးက ဆိုသည်။
NLDပါတီ က ထုတ်ပြန်သော ကြေညာချက်၌လည်း ဒီမိုကရေစီလှုပ်ရှားမှုဖြင့် ဖမ်းဆီးထားသည့် ဆရာတော်၊ သံဃာတော်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရေး၊ ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် အထွေထွေအကျပ်အတည်း အခက်အခဲများ ဖြေရှင်းနိုင်ရန် အဆုံးအဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များပါဝင် ဆွေးနွေးရေးတို့ ပါဝင်သည်။
ထိုသို့ ဆွေးနွေး ရာ၌ တိုင်းရင်းသား လူမျိုးများအားလုံးမပါဝင်ဘဲ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော် တည် ဆောက် နိုင်မည် မဟုတ်၍ အမျိုးသားရင်ကြားစေ့ရေး အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ရေးသားထား သည်။
အမျိုးသားနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ နိုင်ငံရေးပါတီများသာမက နယ်မြို့များမှ NLDအဖွဲ့ဝင်များကလည်း ကျင်းပကြ ကြောင်း သိရသည်။
အမျိုးသားနေ့ဆိုတာ အမျိုးသားရင်ကြားစေ့ရေး အတွက်လဲ အရေးပါတဲ့အတွက်ရယ်၊ အမျိုးသားခေါင်းဆောင် ပြန်လွတ်လာ တာရယ်ကြောင့် ကျင်းပ တာပါ၊ လွတ်လပ်ရေးနေ့ကိုတော့ မလွတ်လပ်သေးဘူးလို့ ခံစားနေရလို့ ဘယ်တုန်းကမှ မကျင်းပ ခဲ့ သေးဘူး”ဟု မိတ္ထီလာ NLD အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေး က ပြောသည်။
သခင်ဟောင်းကြီး များကလည်း အမျိုးသားနေ့ အခမ်းအနားကျင်းပ၍ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေးအတွက် စည်းလုံးကြရန် ပြည်သူ တရပ်လုံးကို တိုက်တွန်းကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကပြောသည်။
“အမျိုးသား သင့်မြတ်ရေးအတွက် စစ်တပ်ခေါင်းဆောင်တွေက အတတ်နိုင်ဆုံး လုပ်ပေးဖို့လိုတယ်၊ ပြီးရင် ပြည်သူတွေက ရွေးချယ်ထားတဲ့ အရပ်သားတွေကို အာဏာလွှဲပေးပြီးတော့ စစ်တပ်က ကိုယ့်နေရာကိုယ် ပြန်သွားဖို့ လိုမယ်”ဟု သခင်ချန်ထွန်းက ဆက်ပြောသည်။
နိုင်ငံရေးသမားကြီးများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံရေး ပါတီများက အခမ်းအနားများ ကျင်းပခဲ့ကြသော်လည်း စစ်အစိုးရကမူ လုပ်ဆောင်ပေးခြင်းမရှိကြောင်း တွေ့ရသည်။
သခင်ချန်ထွန်းက“ဒီလို နေ့ထူးတွေကလည်း လူတွေကို စိတ်ဓာတ်တက်ကြွစေတယ်၊ အမျိုးသားရေးစိတ်ဓာတ်ပေါ် လာစေ တယ်၊ ဒါကြောင့်လည်းပဲ လွတ်လပ်ရေးဆိုတာ ရခဲ့ကြတာပဲ”ဟု ဆိုသည်။
“ဟိုတုန်းကဆိုရင် ဆရာတော် ဦးဥတ္တမကို ဖမ်းသွားတဲ့နေ့ကို ဦးဥတ္တမနေ့ ဆိုပြီး ပြုလုပ်ခဲ့ကြတယ်၊ ဒါပေမယ့် အခုအချိန်မှာ ဒါတွေကို ဖျောက်လိုက်ပြီ”ဟုလည်း ၎င်းက ဆက်ပြောသည်။
၁၉၈၈ ခုနှစ်က အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်လုံးကျွတ် တော်လှန်ရေးကြီးမတိုင်မီ အစောပိုင်း ကာလများက မြန်မာနိုင်ငံ၏ အရေးကြီးသော အထိမ်းအမှတ်နေ့များကို အတန်အသင့် ကြီးကျယ်စွာ ကျင်းပ ပေးခဲ့သေးသည်။ ယင်းနောက် ပိုင်းတွင်တော့ လက်ရှိစစ်အစိုးရက မြန်မာ့သမိုင်းကို တဖြည်းဖြည်း မှေးမှိန်စေရန် ပြုလုပ်လာရာ လူငယ်များအနေနှင့် ထိုနေ့ ရက်များကို တန်ဖိုးထားရကောင်းမှန်း မသိအောင်ပင် ဖြစ်ခဲ့ရသည်ဟုလည်း ဆိုသည်။
ထို့အပြင် အမျိုးသားနေ့နှင့် ပတ်သက်၍ ယနေ့ခေတ်အခြေအနေနှင့် ဆက်စပ်ရေးသားသည့် စာမူများကို စာပေ စိစစ်ရေးက ဖြတ်တောက်လေ့ ရှိကြောင်း သိရသည်။
စစ်အစိုးရ လက်ထက်၌ နေ့ထူးနေ့မြတ်ကို အရေးတယူ အထိမ်းအမှတ်ပွဲများ ကျင်းပခြင်းမပြုဘဲ မျက်ကွယ်ပြုနေခြင်းမှာ အမျိုးသားနေ့ စိတ်ဓာတ်များ ယနေ့ခေတ် ကျောင်းသား လူငယ်များထံ စီးဝင်ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်လိုသည့် စိတ် ဓာတ် များ အရှိန်မြင့်လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူတချို့က ပြောဆိုသည်။
၁၉၈၈ ခုနှစ် မတိုင်မီက ကျောင်းသင်္ခန်းစာများတွင် အမျိုးသားအောင်ပွဲနေ့အကြောင်း အသေးစိတ် ထည့်သွင်း သင်ကြားခဲ့ သည့် အပြင် အထိမ်းအမှတ် စာပေ၊ ပန်းချီ၊ ပိုစတာ ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ကျောင်းတွင်း ကျပန်း စကားပြောပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခြင်း၊ သမိုင်း ဆရာ ဆရာမများက အားတက် သရော သင်ကြားပေးခြင်းများ ပြုလုပ်ပေးခဲ့သောကြောင့် ထိုခေတ် ကျောင်းသားလူငယ်များ၏ စိတ်တွင်း၌ အမျိုးသား အောင်ပွဲနေ့နှင့် ပတ်သက်၍ ခိုင်ခိုင် မာမာ စွဲထင်နေခဲ့ကြရကြောင်း သိရသည်။
ယနေ့ခေတ်တွင် စားဝတ်နေရေးအတွက် ဦးစားပေး ရုန်းကန်နေရသော မိဘ၊ ဆရာတို့မှာ မိမိတို့၏ သားသမီးများ၊ တပည့်များ ကို မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်း အချိန်ပေးပြောဆိုရန် အလွန် အားနည်းလာသည်ကိုလည်း တွေ့ရသည်။
စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယနေ့ကျရောက်သော နှစ် ၉၀ ပြည့် အမျိုးသားနေ့ အတွက် ပြည်သူများသို့ ပေးပို့သော သ၀ဏ်လွှာ၌ လက်ရှိအစိုးရသည် လမ်းပြမြေပုံ ၇ ချက်တွင် ၅ ချက်အား အောင်မြင်စွာလုပ်ဆောင် ပြီးစီးနေပြီ ဖြစ် ကြောင်း၊ ကျန်ရှိနေသည့် အချက်နှစ်ချက်အား အကောင်အထည် ဖေါ်ပေးပြီးပါက နိုင်ငံတော် အာဏာကို ပြည်သူလူထုထံ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။

နေပြည်တော်တွင်၁၅သိန်းတန်GSMဖုန်းကို၅သိန်းဖြင့်ရောင်းမည်

နရီလင်းလက် Wednesday, 01 December 2010 18:53
.တနိုင်ငံလုံးတွင် အသုံးပြုနိုင်သည့် လက်ရှိ ငွေကျပ် ၁၅ သိန်း ပေးသွင်းရသော GSM မိုဘိုင်းဖုန်းများကို နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငွေကျပ် ၅ သိန်းဖြင့် ယခုလမှ စတင် ရောင်းချပေးသွားမည်ဟု သတင်းရရှိသည်။
တည်ဆောက်နေသည့် GSM ရေဒီယို စခန်းပေါင်း ၃၀ ကျော်အနက် ရေဒီယိုစခန်းတချို့ ပြီးစီးသွားခြင်းနှင့် ဈေးကွက် ၀ယ်လိုအားများနေသည့် ၅ သိန်းတန် CDMAနှင့်အပြိုင် ဈေးနှုန်း လျှော့ချလိုက်ခြင်းလည်း ဖြစ်နိုင်ကြောင်း နေပြည်တော် ဆက်သွယ်ရေးအသိုင်းအ၀န်းမှ သိရသည်။
နေပြည်တော် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဝန်ထမ်းတဦးက “အရင်တုန်းက ၁၅ သိန်းသွင်းမှ ရတဲ့ဖုန်းနဲ့ အခု ၅ သိန်းသွင်းပြီး ရမယ့်ဖုန်းက နံပါတ်ကလွဲပြီး အရည်အသွေး အကုန်အတူတူပါပဲ။ အာဏာပိုင်တွေဘက်က ဆက်သွယ် ရေးစနစ်တွေ ပိုကျယ်ပြန့်လာအောင် ဆိုပြီး ဒီနှစ်ထဲမှာ ၅ သိန်း တန် CDMAဖုန်းတွေကိုလျှောက်သလောက် ချပေးနေ သလို GSM ဖုန်းလိုင်းကို ၅ သိန်းနဲ့ ဈေးလျှော့ပေးလိုက်တဲ့ သဘောပါပဲ” ဟု ပြောသည်။
GSM ဖုန်း လျှောက်ထားလျှင် ကျပ် ၁၅ သိန်းနှင့်အတူ ဖုန်းခေါ်ဆိုခအတွက် ကြိုတင်ပေးငွေ ကျပ် ၅ သောင်းပါ ထပ်ဆောင်းပေးသွင်းခဲ့ကြရပြီး ဖုန်းခေါ်ဆိုခကို နေပြည်တော်အတွင်း ခေါ်ဆိုပါက တမိနစ်လျှင် ၅၀ ကျပ်၊ နယ်မြေကျော်ခေါ်ဆိုပါက တမိနစ် လျှင် ၆၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
GSM ဖုန်းအတွက် ပေးသွင်းငွေ ကျပ် ၁၅ သိန်း ၅ သောင်း ရှိသောကြောင့် ဖုန်းလျှောက်ထားသူ နည်းပါးကြောင်း၊ ဈေးနည်းသော်လည်း လိုင်းအကန့်အသတ်မရှိ ချထားပေးနေသည့် ၅ သိန်းတန် CDMA (450 Mhz, 800 Mhz) ဖုန်းလိုင်းများကို သုံးစွဲသူပိုမိုများကြောင်း သုံးစွဲသူများက ပြောသည်။
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇသည် ကျပ် ၅ သိန်းတန် CDMA တယ်လီဖုန်းလိုင်းစနစ်ကို စတင် မိတ်ဆက်ခဲ့သည်။ ယခုအခါ ၎င်းပိုင် ထူးကုမ္ပဏီ၏ လက်အောက်ခံ Central Marketing ကုမ္ပဏီက CDMA တယ်လီဖုန်း ဟန်းဆက်များ ထုတ်လုပ်ရောင်းချနေပြီး တခါသုံး တယ်လီဖုန်းကတ်များကိုလည်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိထားကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာတဦးက “မိုဘိုင်းဖုန်းဈေးကွက်မှာ ၅ သိန်းတန် CDMA ဖုန်းတွေက တော်တော်နေရာယူလာတော့ GSM ဖုန်းတွေ မပျောက်သွားအောင် ပြန်လုပ်တာရယ်၊ CDMA လို အကျိုးတူမဟုတ်ဘဲ ဆက်သွယ်ရေးက ကိုင်ထားတဲ့ ဖုန်းလိုင်းကို သုံးစွဲသူများအောင် လုပ်ချင်တာရယ်ကြောင့်လို့ ထင်ပါတယ်” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “နေပြည်တော်မှာလုပ်သွားတဲ့ ကျောက်မျက် အရောင်းပြပွဲမှာ ကျောက်စိမ်းအတွဲ ၆၀၀၀ ကျော် ရောင်းရခဲ့တယ်။ အာဏာပိုင်တွေက ဒီနှစ်က စပြီး နေပြည်တော်မှာ ကျောက်မျက်ရတနာပွဲကို ၃ လ ၁ ကြိမ် လုပ်သွားဖို့ရှိတယ်။ ဒီတော့ GSMဖုန်းတွေ သုံးလို့ရအောင် ထပ်ချပေးတာ” ဟု ပြောသည်။
ပြီးစီးသွားသည့် နေပြည်တော် ကျောက်မျက် အရောင်းပြပွဲကာလ မတိုင်မီ ပြပွဲလာရောက်ကြသည့် နိုင်ငံခြားသားများ GSMတယ်လီဖုန်းများကို နေပြည်တော်၌ အသုံးပြုခွင့်ရရန် စစ်အစိုးရက စီစဉ်ပေးခဲ့သည်။
GSM တယ်လီဖုန်းများကို ပြည်တွင်းလိုင်း ပိုမိုကောင်းမွန်စေရန်နှင့် ပြည်ပသို့ အလွယ်တကူ ဆက်သွယ်အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း၊ ထပ်မံကျင်းပသွားမည့် ကျောက်မျက်ရတနာ အရောင်းပြပွဲများတွင် ထိုင်း၊ တရုတ်၊ စင်ကာပူ နိုင်ငံများမှ ဖုန်းအ၀င်ခေါ်ဆိုမှုကို လွယ်ကူစေရန် ပြည်ပနှင့် ညှိနှိုင်းဆွေးနွေးနေသည့် အစီအစဉ်များလည်း ရှိကြောင်း သိရသည်။
ဆက်သွယ်ရေးညွှန်ကြားမှူး ဦးစီးဌာနမှ အရာရှိ တဦးက “နေပြည်တော်ကို အဓိကထားပြီး တခုခုဆို အရင်လုပ်နေတာ။ အရင်က ပြောလို့မရတဲ့ GSM ရော CDMA ရော နေပြည်တော်မှာ ရပြီ။ လာမယ့် ဇန်န၀ါရီ ၁ ရက်နေ့က စပြီး အာရှ ၃ နိုင်ငံ (ထိုင်း၊ တရုတ်၊ စင်ကာပူ)က ခေါ်တဲ့ အ၀င်ခေါ်ဆိုမှုတွေ အကုန်ရမယ်” ဟု ပြောသည်။
GSM နှင့် CDMA ဖုန်းလိုင်းသစ် ၄ သိန်းကျော် ထပ်မံချထားပေးနိုင်ရန်အတွက် ရေဒီယိုစခန်း ၂၀၀ ကျော်ကို ဆက်လက်တည်ဆောက်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
ယခုလက်ရှိတွင် GSM ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 Mhz ရေဒီယိုစခန်း ၁၅၁ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက်ရှိပြီး ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ထိ GSMဖုန်း ၄၉၄၃၀၀၊ CDMAမိုဘိုင်းဖုန်း ၅၄၅၆၅၀၊ CDMA 800တယ်လီဖုန်း ၁၅၀၀၀၀၊ CDMA(Fixed)တယ်လီဖုန်း ၂၀၀၃၈လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကြောင့်ဘဏ်ကငွေမချေး

ဧရာဝတီ Wednesday, 01 December 2010 15:22
.စစ်အစိုးရ၏ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် အင်းဝဘဏ်လီမိတက်က ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကြောင့် ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၏ မိသားစုကို ငွေထုတ်မချေးတော့ကြောင်း သတင်းရရှိသည်။
မကြာသေးမီ လပိုင်းအတွင်းက သခင်သိန်းဖေ၏ မိသားစုဝင်များသည် လုပ်ငန်းအတွက် ငွေချေးရန် နေအိမ်ပိုင်ဆိုင်မှု အထောက်အထားများ၊ မရမ်းကုန်းမြို့နယ်ရှိ ကြိုးထုတ်လုပ်သည့် စက်ရုံပိုင်ဆိုင်မှု အထောက်အထားများဖြင့် အင်းဝဘဏ်လီမီတက်တွင် ငွေကျပ်သိန်း ၂၀၀ ချေးငှားရန် တင်ပြခဲ့ကြောင်း၊ ဘဏ်မှ တာဝန်ရှိ စစ်အရာရှိများက နေအိမ်နှင့် စက်ရုံကို လာရောက်စစ်ဆေးရာ စက်ရုံရုံးခန်းအတွင်း ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို စစ်အရာရှိများက မြင်တွေ့သွားပြီး ချေးငွေ ယူမည်ဆိုပါက ဓာတ်ပုံကို ဖြုတ်ပေးရမည်ဟု ပြောဆိုခဲ့ကြောင်း သခင်သိန်းဖေနှင့် နီးစပ်သူ နိုင်ငံရေးသမားတဦးက ရှင်းပြသည်။
“ကျနော်က ၂၀၀၅ ခုနှစ် ထောင်ကလွတ်တော့ နေစရာမရှိလို့ သခင်သိန်းဖေအိမ်မှာ နေဖြစ်တော့ အိမ်ရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေကို သိနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ဖြုတ်မပေးလို့ ချေးငွေ သိန်း ၂၀၀ မရခဲ့ဘူး။ ရုံးခန်းက ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံက သိန်း ၂၀၀ တန်ဓာတ်ပုံ အလိုလိုနေရင်း ဖြစ်သွားတယ်” ဟု ၎င်းက ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကြောင့် သခင်သိန်းဖေ မိသားစု ချေးငွေ မရရှိခဲ့သည့် အကြောင်းကို သခင်သိန်းဖေ၏ နေအိမ်တွင် ယနေ့ ကျင်းပပြုလုပ်သော နှစ် ၉၀ မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် အဆိုပါ နိုင်ငံရေးသမားက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
သခင်သိန်းဖေ၏ မိသားစုဝင်များက ချေးငွေမရပါကလည်း ကိစ္စမရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ဖြုတ်ပေးမည်မဟုတ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။
သခင်သိန်းဖေအိမ်တွင် ကျင်းပပြုလုပ်သော အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးတင်ဦး၊ ဦးဝင်းတင်နှင့် ပါတီဝင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ သတင်းမီဒီယာများ၊ နိုင်ငံရေးသမားများ စုစုပေါင်း လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး အရပ်ဝတ် ရဲသတင်းပေးများ၊ ရဲများက အိမ်တွင်းသို့ ၀င်ရောက် ဓာတ်ပုံရိုက်ကူး မှတ်တမ်းတင်မှုများ ပြုလုပ်ခဲ့သည်။

ဗိုလ်ထိန်မောင်ကို စစ်အစိုးရ စတိုက်ပြီ

သန်းထိုက်ဦး Wednesday, 01 December 2010 16:55
.နအဖ စစ်အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်သော ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် KNU/KNLAငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး KNU/KNLA တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီး ခံရကြောင်း သိရသည်။
ဗိုလ်မှူးချုပ်ထိန်မောင်နှင့်နအဖဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ကိုငြိမ်းချမ်းရေးစယူစဉ်ကဤသို့တွေ့ရ(ဓာတ်ပုံ - thawthikho.blogspot.com)
အပစ်အခတ် ရပ်စဲထားသော ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်များကို ၃ နှစ်တာကာလ အတွင်း စစ်အစိုးရက ပထမဆုံး အကြိမ် ပြန်လည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် ထိန်မောင်သည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ KNU မှ ခွဲထွက်ခဲ့သည်။ ထို့နောက် မြန်မာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ၎င်း၏ အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။
အဆိုပါ တိုက်ပွဲသည် မြ၀တီမြို့နယ် ဖလူးကျေးရွာ အနီးတ၀ိုက်တွင် ကော့ကရိတ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ)၁၂ လက်အောက်ခံတပ် ခြေလျင်တပ်ရင်း (ခလရ)၂၃၀ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည်ဟု ငြိမ်းချမ်းရေး ကောင်စီမှ ပြောရေး ဆိုခွင့်ရှိသူ စောတီမိုသီ(Timothy)က ဧရာဝတီသို့ ပြောသည်။
“တပ်ရင်း ၂၃၀ ကနေပြီးတော့ ၀င်ပြီးတော့ တိုက်တယ်၊ ကျနော်တို့ စစ်သားတွေလည်း အေးအေး ဆေးဆေး ထိုင်နေတဲ့ အချိန်မှာ ပစ်တော့ စောတင်အောင်ဆိုတဲ့လူကို ထိသွားတယ်၊ အဲဒီမှာ ထိုင်နေတဲ့ ငြိမ်းချမ်းရေး ကောင်စီက တပ်ဖွဲ့ဝင် တွေကို သူတို့က ဖမ်းသွားတယ်”ဟု ၎င်းက ဆိုသည်။
အခင်း ဖြစ်ပွားမှုနှင့် ပတ်သက်၍ နှစ်ဘက် တာဝန်ရှိသူများကို အကြောင်းကြားထားကြောင်း သိရသည်။ ဖမ်းဆီးထားသည့် KNU/KNLAတပ်ဖွဲ့ဝင်များကို မြ၀တီမြို့ နယ်ရှိ စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ရုံးတွင် ထိန်းသိမ်းထားကြောင်း သိရ သည်။
စစ်အစိုးရက ကမ်းလှမ်းသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသောကြောင့် ငြိမ်းချမ်းရေး ကောင်စီကို ရန်သူအဖြစ် သဘောထားခြင်း ဖြစ်ကြောင်း စောတီမိုသီ က ဆက်လက် ပြောဆိုသည်။
ယနေ့ စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဆက် လက် ဖြစ်ပွားနေသောကြောင့် ဒေသခံရွာသား ၅၀ ကျော် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့နယ် အတွင်းသို့ ထပ်မံ ရောက် ရှိလာကြောင်း သိရှိရသည်။
ထွက်ပြေး ရောက်ရှိလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက ထိုင်း နယ်ခြားစောင့် စခန်းဝင်းအတွင်း စောင့်ရှောက်ထားပြီး ယခုအခါ စုစုပေါင်း လူဦးရေ ၆၅၀ ခန့် ရှိကြောင်း သိရသည်။
ကရင်အမျိုးသမီး အစည်းအရုံး(KWO) ပြောရေး ဆိုခွင့်ရှိသူ နော် ဘလူးမင်း နိုက်ဇန်က“ဒီနေ့ ဆိုရင် ၅၀ လောက် ထပ်များ လာတယ်၊ ဘာဖြစ်လို့ ထွက်ပြေးလာသလဲဆိုတော့ သေနတ်သံတွေလည်း ဆက်ကြားနေတယ်၊ နောက်ပြီးတော့ နအဖ တပ်သားတွေက ပေါ်တာ လိုက်ဆွဲနေလို့ ကြောက်ပြီးတော့ ထွက်ပြေးလာကြတာ”ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်း အစိုးရက မြန်မာနိုင်ငံ ဘက်ခြမ်းမှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို နယ်စပ် ဖြတ် ကျော်ခွင့် ပေးထားသော်လည်း တိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် မြန်မာနိုင်ငံ ဘက်သို့ ပြန်ခိုင်းလေ့ရှိသည်။
သို့သော် ယနေ့ ထိုင်းအာဏာပိုင်များက ထွက်ပြေးလာသော ဒုက္ခသည်များကို နေရပ်သို့ ပြန်ရန် ဖိအားပေးမှု တစုံတရာ မရှိ သေးကြောင်း သိရသည်။
နော်ဘလူးမင်းနိုက်ဇန်က“ထိုင်းအစိုးရက တိုက်ပွဲဖြစ်တယ်၊ သေနတ်သံကြားတယ်ဆိုတော့ မပြန်ခိုင်းဘူး သေချာတယ်၊ မကြားဘူးဆိုရင်တော့ ဒီနေ့ မကြားဘူး မနက်ဖြန် ပြန် အဲဒါတော့ သူတို့ အမြဲလုပ်နေကျပဲ”ဟု ၎င်းက ဆိုသည်။
ထို့အပြင် ထွက်ပြေးလာသော ကရင်ရွာသားများကို မဲဆောက်မြို့ရှိ အစိုးရမဟုတ်သော NGO အဖွဲ့အစည်းနှင့် လူ့အခွင့်အရေး လှုပ်ရှားနေသော အဖွဲ့အစည်းတချို့ ပူးပေါင်း၍ အစားအသောက်များကို ကူညီထောက်ပံ့ပေးထားကြောင်း သိရ သည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ်တချို့ကို DKBAတပ်ဖွဲ့ဝင်များ က ၀ိုင်းထားခဲ့ပြီး နောက်ပိုင်း ကရင်ပြည်နယ် အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ ခြင်း ဖြစ်သည်။
ဖလူးကျေးရွာကို နအဖ ခြေလျင်တပ်ရင်း (ခလရ)၃ရင်း၊ အမြောက်တပ်ရင်းနှင့် အဂျင်နီယာ တပ်ရင်း အပါအ၀င် တပ်ရင်း ၅ ရင်းခန့် ထိန်းချုပ်ထားကြောင်း သိရသည်။
“နအဖ စစ်တပ်ကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေကိုပဲ ဖြစ်ဖြစ်၊ အပစ်ရပ် အဖွဲ့တွေပဲ ဖြစ်ဖြစ် သေချာ ထိုင်ဆွေး နွေး ပြီး ညှိနှိုင်းဖို့လိုပါတယ်၊ ဒါမှမဟုတ်ရင်တော့ ပြည်တွင်းစစ်ဟာတော့ ဆက်ဖြစ်နေမှာပဲလို့ မြင်တယ်၊ ပြည်တွင်းစစ်ဆက်ဖြစ်နေ သရွေ့ ကာလပတ်လုံး ပြည်သူတွေကတော့ တချိန်လုံး ပြေးလွှာနေရမှာပဲ၊ ဘ၀တည်ငြိမ်မှုလည်း လုံးဝရှိမှာ မဟုတ်ဘူး”ဟု နော်ဘလူး မင်းနိုက် ဇန်က ပြောသည်။

ဗိုင်းရပ်စ်နှင့်အာဏာပိုင်ကိုတပြိုင်တည်းရင်ဆိုင်နေရသည့်HIVဝေဒနာရှင်များ

ခိုင်သွယ် Wednesday, 01 December 2010 17:36
.ကမ္ဘာအရပ်ရပ်ရှိ HIV/ AIDS ဝေဒနာရှင်များသည် ၎င်းတို့ ခန္ဓာကိုယ်ထဲရှိ ရောဂါပိုးများ၏ တိုက်ခိုက်မှုကို ကာကွယ် နေကြရသည်။ မြန်မာပြည်မှ ဝေဒနာရှင်များမှာမူ ရောဂါပိုးများ၏ တိုက်ခိုက်မှုကို ခုခံနေရသည်နှင့် တပြိုင်တည်းတွင် အာဏာပိုင်များ၏ နှောင့်ယှက်မှုကိုပါ ရင်ဆိုင်နေကြရသည်။
NLDလူမှုအထောက်အကုပြုအဖွဲ့ကစောင့်ရှောက်ထားသောဂေဟာမှHIVဝေဒနာရှင်တဦး(ဓာတ်ပုံREUTERS)
“အာဏာပိုင်တွေက အမြဲလိုလို အကြောင်းမရှိ အကြောင်းရှာ ခြိမ်းခြောက်နေတာပါ။ ဆူရင် ဆူပြန်ပြီ၊ ခြံစည်းရိုးမှာ အဝတ်လှန်းရင် လှန်းပြန်ပြီနဲ့ အမျိုးမျိုးကြုံနေရတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)လူမှုအထောက်အကူပြုအဖွဲ့ကအနယ်နယ်အရပ်ရပ်မှHIV/AIDSဝေဒနာရှင်များအား စောင့်ရှောက်ထားသည့် တောင်ဒဂုံဂေဟာတွင် နေထိုင်နေသည့် ဝေဒနာရှင် ကိုစူပါက ဧရာဝတီသို့ ပြောသည်။
ထိုဂေဟာသို့ နိုဝင်ဘာလ ၁၇ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ပြီး ဝေဒနာ ရှင်များအား ကြည့်ရှုအားပေးခဲ့ပြီး နောက်တနေ့တွင် စစ်အစိုးရ အာဏာပိုင်များက ဝေဒနာရှင် အများစုကို ဧည့်စာရင်း ဆက်မပေးတော့ဘဲ တချို့ကို ဆေးရုံသို့ ပြောင်းရွှေ့ခိုင်းခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ဂေဟာအတွင်းရှိ ဝေဒနာရှင် များမှာ စိတ်သောက ရောက်ခဲ့ရကြောင်း သိရသည်။
အကယ်၍သာ ဧည့်စာရင်းတိုင်ခွင့် မရခဲ့ပါက လမ်းဘေးတွင် သေရမည့် အနေအထား ရောက်တော့မည်ဟု တွေးရင်း စိတ်သောက ဖြစ်နေခဲ့ရကြောင်း အသက် ၂၇ နှစ်အရွယ် ဝေဒနာရှင် မသီတာအေး (အမည်ရင်း မဟုတ်)က ပြောပြသည်။၎င်းသည်NLDလူမှု အထောက်အကူပြု အဖွဲ့က စောင့်ရှောက်ထားသည့် တောင်ဒဂုံ ဂေဟာတွင် နေထိုင်လျက်ရှိသည်။
“ဒီမှာသာ မနေရတော့ဘူး ဆိုရင် ကျမမှာ သွားစရာနေရာ မရှိတော့ဘူး။ ဆွေမျိုး သားချင်းတွေနဲ့ မိသားစုဝင်တွေကလည်း ကျမမှာ ဒီရောဂါရှိတယ်ဆိုတာနဲ့ အလာမခံဘူး၊ မဆက်ဆံကြတော့ဘူး”ဟု မသီတာအေးက ဆိုသည်။
၎င်းသည် အိမ်ထောင်ပျက်၊ တခုလပ် တဦးဖြစ်ပြီး ထိုရောဂါပိုး ကူးစက်ခံခဲ့ရကြောင်း သိသိချင်း မိသားစုအတွင်းနှင့် ဆွေမျိုးများ အကြားတွင်ပါ ဒုက္ခ ရောက်ခဲ့ရကြောင်း၊ မိခင်ဖြစ်သူက ကြိုးစား ရှာဖွေ ကုသပေးခဲ့သဖြင့် နောက်ဆုံး မြောက်ဥက္ကလာပ ဆေးရုံတွင် တက်ရောက် ကုသခံခဲ့ရကြောင်း၊ ဆေးရုံတွင် ၁ လခန့်အထိ ဆေးကုသမှု ခံယူပြီးနောက် ဆေးရုံမှ ဆင်းခဲ့ရကြောင်း ဆက်ပြော သည်။
မသီတာအေးကို ဆေးရုံမှ ဆင်းခိုင်းလိုက်သောအခါ နေစရာနေရာမရှိ၊ လက်ခံမည့် အိမ်မရှိသည့်အတွက် မိခင်ကြီးကပင် NLDနှင့် ဆက်သွယ်ကာ မဖြူဖြူသင်းတို့ထံသို့ ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ အလုပ်မရှိ၊ ၀င်ငွေမရှိ၊ ထောက်ပံ့မည့်သူ မဲ့နေသော သူ့ကို မဖြူဖြူသင်းဦးဆောင်သည့် အဖွဲ့ကသာ တာဝန်ယူ ဆေးကုပေးသည့်အပြင် ကျွေးမွေးပြုစု ပေးထားကြောင်း သိရှိရသည်။
အဆိုပါဂေဟာတွင် နေထိုင်သည့် ဝေဒနာရှင်တဦးဖြစ်သူ ဒေးဒရဲ ဇာတိ မဝင်းဝင်းနိုင်က “ကျမတို့ ဘက်တွေမှာဆို ဒီရောဂါနဲ့ ပတ်သက်လို့ ပညာပေးတာတွေ မရှိသလောက်ဘဲ။ အဲဒီတော့ ခွဲခြားဆက်ဆံတာတွေ အရမ်းများတယ်။ ခွဲခြား ဆက်ဆံ ခံရပြီဆို စိတ်ဓာတ်ကျပြီး ရောဂါ ပိုဆိုးတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
NLDလူမှုအထောက်အကုပြုအဖွဲ့ကစောင့်ရှောက်ထားသောဂေဟာမှHIVဝေဒနာရှင်တဦး(ဓာတ်ပုံREUTERS)
မဖြူဖြူသင်း ဦးဆောင်သည့် ဂေဟာတွင် ဝေဒနာရှင်များကို ကြင်နာစွာဖြင့် မခွဲခြားဘဲ ဆက်ဆံ ပြုစုသောကြောင့် စိတ်ချမ်းသာစွာ အသက် ဆက်လက် ရှင်သန်ခွင့်ရသည်ဟုHIV/AIDS ဝေဒနာရှင်များက ဆိုသည်။
“ဒီမှာက ကျမတို့ကို ကြင်ကြင်နာနာနဲ့ ဆက်ဆံပြီး လက်ခံပေးတယ်။ ဒီမှာ မနေရရင် ဘယ်မှာ နေရမလဲ။ ဘယ်သူက လက်ခံထားမှာလဲ။ ဘယ်သူ ဆေးကုပေးမှာလဲ”ဟု အဆိုပါ ဂေဟာတွင် နေထိုင်သည့် ဝေဒနာရှင်တဦးက ပြောသည်။ သူက မောပန်းနေသောကြောင့် စကားကို တခွန်းချင်း အားယူပြောနေရသည်။
ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့သည် ကမ္ဘာ့ AIDS နေ့ဖြစ်ပြီး ဆောင်ပုဒ်မှာ “အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့၊ ခွဲခြားမှုကို ရှောင်ကြဉ်လို့၊ ကာကွယ်ကုသ စောင့်ရှောက်စို့”ဟူ၍ ဖြစ်သည်။ အဆိုပါဆောင်ပုဒ်ကို စစ်အစိုးရပိုင် သတင်းစာများထဲတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
သို့ရာတွင် မြန်မာပြည်မှ စစ်အာဏာပိုင်များ အနေနှင့် ဝေဒနာရှင်များကို ခွဲခြားဆက်ဆံရုံမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရရှိရန် ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်နေသဖြင့် ကမ္ဘာ့ AIDS နေ့ ဆောင်ပုဒ်ကို အကောင်အထည်ဖော်ရန် အလှမ်းဝေးလွန်း နေသေးကြောင်း တွေ့ရသည်။
အရှေ့တောင်အာရှနှင့် တောင်အာရှတခွင်တွင် HIV/AIDS ဝေဒနာရှင်ပေါင်း ၃.၅ သန်းရှိသည်ဟု ယခုနှစ် ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ဝေဒနာရှင်ပေါင်း ၂ သိန်း ၄ သောင်းကျော်ရှိသည့်အတွက် အဆိုပါ အရေအတွက်၏ ၇ ရာခိုင်နှုန်းခန့် ရှိကြောင်း တွေ့ရသည်။
ဝေဒနာခံစားနေရသည့် ကလေးငယ်များမှာ မြန်မာပြည်တွင် ၁ သောင်းဝန်းကျင်ခန့် ရှိနေသည်။ မြန်မာပြည်ရှိ လူနာ ၅ ဦးလျှင် ၁ ဦးသာ ဆေးကုသမှု ခံယူနေရပြီး ထို ၁ ဦးမှာလည်း အပြည့်အဝ ဆေးကုသမှု ခံယူရခြင်း မရှိဟု ကမ္ဘာ့ AIDS နေ့အတွက် ထုတ်ပြန်သည့် ကုလသမဂ္ဂ အစီအရင် ခံစာ၌ ပါရှိသည်။
မြန်မာပြည် အနယ်နယ် အရပ်ရပ်မှ ဝေဒနာရှင်များမှာ နေရပ် ဒေသများတွင် ဆေးဝါးကုသမှု မခံကြရ သောကြောင့် ရန်ကုန်မြို့အထိ တက်လာပြီး ကုသမှု ခံယူရကြောင်း သိရှိရသည်။
ထိုသို့ ဆေးကုသရန် လာသည့်အခါ တည်းခို နေထိုင်ရန်၊ အခြေအနေဆိုးပါက ရက်ရှည် ဆေးဝါးကုသမှုခံယူရင်း နေထိုင်ရန် နေရာ အထူးလိုအပ်ကြောင်း၊ အများစုမှာ ဆင်းရဲနွမ်းပါးသည့်အပြင် ရန်ကုန်တွင် ဆွေမျိုးသားချင်း မရှိခြင်း၊ တချို့မှာ ဆွေမျိုးများ ရှိသော်လည်း ဝေဒနာရှင်များကို ခွဲခြားဆက်ဆံခြင်းတို့ကြောင့် အခက်အခဲဖြစ်ကြရကြောင်း၊ ထိုသို့သော ဝေဒနာရှင်များအတွက် မဖြူဖြူသင်း ဦးဆောင်သည့် NLDလူမှု အထောက်အကူပြု အဖွဲ့က ကူညီဖြေရှင်းပေးနေခြင်း ဖြစ်သည်ဟု ဝေဒနာရှင်များက ပြောပြသည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး ဝေဒနာရှင်များကို လာရောက်ကြည့်ရှု အားပေးသည့် အတွက် ဝေဒနာရှင်များ ပိုမို အားတက်ခဲ့ရကြောင်း ဘိုကလေးမြို့မှ ဆေးခန်းလာပြသူ အသက် ၄၀ ၀န်းကျင်အရွယ်ကိုမောင်ဦး (အမည်ရင်းမဟုတ်) က ဆိုသည်။
“ကျနော်တို့ကို အန်တီလာကြည့်တော့ ပထမ အရမ်း ပျော်သွားတယ်။ အားရှိတာပေါ့။ ဒီလုပ်ငန်းပေါ်မှာ ပိုပြီးပြည့်စုံတော့မယ်လို့ ခံစားမိတယ်။ အန်တီက လိုအပ်တဲ့ အကူအညီတွေကို ၀ိုင်းဝန်း ကူညီသွားမယ်လို့ ပြောလိုက်တဲ့အချိန်မှာ ကျနော်တောင် ယောက်ျား တန်မဲ့ မျက်ရည် ကျမိတယ်။ ၀မ်းသာလို့ပါဗျာ။ မဟုတ်ရင် ကျနော်တို့ နယ်ကလူတွေ တော်တော် ဒုက္ခရောက် ကြတယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။
သူ့အနေဖြင့် ဘိုကလေးမြို့မှနေ၍ ၃ လ တခါ ဆေးလာယူရကြောင်း၊ ထိုဂေဟာသို့ ဆေးယူမည့်ရက် မတိုင်မီ ၁ ရက်၊ ၂ ရက်ခန့် ကြိုလာပြီး ဆေးခန်းလာ ပြကြောင်း၊ ဆေးခန်းလာပြပါက တခါတရံ ၃ ရက်ခန့်ဖြင့် ပြီးသော်လည်း တခါတရံတွင်မူ ၁၀ ရက် အထိပင် ကြာတတ်ကြောင်း၊ တည်းခိုနိုင်ရန် အတွက်လည်း မပြည့်စုံ ကြသည့်အတွက် နယ်မှ ဆေးခန်း လာပြသူများမှာ နေထိုင်စရာနှင့် စောင့်ရှောက်မှု ပိုမို လိုအပ်ကြောင်း၊ ထိုဂေဟာတွင် ရေ၊ မီး အပြည့်အစုံနှင့် အစားအသောက် ပေးသကဲ့သို့၊ လမ်းစရိတ် မရှိလျှင်လည်း အဖွဲ့က ထုတ်ပေးသေးကြောင်း၊ ထို့အပြင် လူနာစိတ်ဓာတ် မကျစေရန်လည်း အားပေး ဆက်ဆံသည့် အတွက် လူနာများ တနေ့တခြား တိုးလာကြောင်း သူက ရှင်းပြသည်။
“အခု အဆင်ပြေသွားလို့ တော်သေးတယ်။ ဧည့်စာရင်း မပေးဘူး ဆိုတုန်းကတော့ ကျနော် တော်တော်လေး စိုးရိမ်သွားတယ်။ ဒီလူနာတွေ ပြန်သွားရင် တော်တော် များများက ဒုက္ခရောက်မှာလေ။ ဒီမှာ လောလောဆယ် ဆေးကုနေတဲ့ အသည်းအသန် လူနာတွေလည်း ရှိတယ်။ ဆေးစမ်းနေတဲ့ လူနာတွေလည်းရှိတယ်။ အားလုံးပဲ ဒုက္ခရောက်ကုန်မှာ” ဟု ကိုမောင်ဦးကပြောသည်။
လက်ရှိ အခြေအနေအရ အဆိုပါ ဂေဟာတွင် နေထိုင်သူ ကလေးငယ် ၄ ဦး အပါအ၀င် စုစုပေါင်း အမျိုးသား၊ အမျိုးသမီး ၈၀ ခန့်ရှိပြီး ထိုအထဲတွင် ရန်ကုန်မြို့ပေါ်မှ ဝေဒနာရှင်များလည်း ပါဝင်သကဲ့သို့၊ နယ်မှ ဝေဒနာရှင်များလည်း ရှိနေကြောင်း သိရသည်။
ထို့အပြင် NLDအဖွဲ့ချုပ် ဗဟိုမှ ဝေဒနာရှင်များ နေထိုင် ဆေးကုရန်အတွက် တာဝန်ယူ စောင့်ရှောက်မှု ပေးထားသော နေရာ ၃ ခုရှိနေပြီး ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းရှိ နေရာ ၂ ခုတို့တွင်လည်း စုစုပေါင်း ဝေဒနာရှင် ၂၀ ခန့်အထိ ရှိနေကြောင်း၊ လက်ရှိ ဂေဟာများ၏ အနေအထားမှာ အာဏာပိုင်တို့က ဧည့်စာရင်း ဆက်လက် ပေးလိမ့်မည်ဟု ထင်မှတ်ကြောင်း မဖြူဖြူသင်းက ပြောပြသည်။
မဖြူဖြူသင်း ဦးဆောင် စောင့်ရှောက်နေသော အဆိုပါ ဂေဟာတွင် နေထိုင်သည့် ဝေဒနာရှင်များကို တပတ်တခါ ဧည့်စာရင်း တိုင်၍ နေထိုင်ခွင့်ကို အာဏာပိုင်များက ပြန်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
“သူတို့ စပြောကတည်းက ဧည့်စာရင်းကို လုံးဝ မပေးဘူးလို့ပြောတယ်။ အခုတော့ ပေးလိုက်ပြီ ဆိုကတည်းက ဆက်ပေး သွားလိမ့်မယ်လို့ ကျမ ထင်တယ်။ အရင်ကတည်းကလည်း တပတ်တခါ ပေးနေကြ ဆိုတော့ အခုလိုပဲ ဆက်ပေးသွားလိမ့်မယ်၊ အဆင်ပြေသွားလိမ့်မယ်လို့ မျှော်လင့်တယ်”ဟု မဖြူဖြူသင်းက ဆိုသည်။

ဝန်ကြီးဌာနများပေါင်းစည်း၍အရေအတွက်လျှော့ချရန်ပြင်ဆင်နေ

ဧရာဝတီ Wednesday, 01 December 2010 15:00
.စစ်အစိုးရက လုပ်ငန်းဆောင်ရွက်မှုတူညီသော အစိုးရ၀န်ကြီးဌာနများကို အချင်းချင်း ပေါင်းစည်းပြီး ၀န်ကြီးဌာန အရေအတွက်နှင့် ၀န်ကြီးရာထူး နေရာများ လျှော့ချမည်ဖြစ်ကြောင်း နေပြည်တော် အစိုးရဌာနများမှ သတင်းရရှိသည်။
ဝန်ကြီးချုပ်ဦးသိန်းစိန်ဦးဆောင်သောပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)က ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်း အနိုင်ရရှိထားခဲ့ရာ မကြာမီ လွှတ်တော်ခေါ်ယူပြီး သမ္မတနှင့် အစိုးရသစ် တင်မြှောက်မည်ဖြစ်ကြောင်း၊ ထိုသို့ အစိုးရသစ် ဖွဲ့စည်းရာတွင် လုပ်ဆောင်ချက်နှင့် ရည်မှန်းချက် တူသော ၀န်ကြီးဌာန များကို ပူးပေါင်းပြီး အစိုးရ ၀န်ကြီး ဌာနသစ်အဖြစ် ပြင်ဆင်ဖွဲ့စည်းကာ ၀န်ကြီးဌာန အရေအတွက် လျှော့ချ သွားရန် ရှိကြောင်း နေပြည်တော် အစိုးရ အရာရှိ တဦးက ပြောသည်။
     နေပြည်တော်ရှိအမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန။(ဓာတ်ပုံ-GreatMyanmar)
“အခု ၀န်ကြီးဌာန စုစုပေါင်း ၃၂ ခုရှိတယ်။ ၀န်ကြီးဌာန ၁၅ ခုလောက်ပဲ ကျန်တော့မယ်လို့ သိထားပါတယ်။ အခု အစည်း အဝေးတွေ တောက်လျှောက် လုပ်နေတယ်။ ၀န်ကြီးဌာန တွေကို ဘယ်လို ပေါင်းစည်းမလဲ ဆိုတာကအစ ကြုံတွေ့ရမယ့် အခြေအနေ အရပ်ရပ်ကို အသေးစိတ် ဆွေးနွေးနေတယ်”ဟု ၎င်းက ဆိုသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန လက်အောက်ရှိ စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာနသည် အစိုးရ၀န်ကြီးဌာနများ ပေါင်းစည်းရေးအတွက် တခြား အစိုးရ ၀န်ကြီးဌာနများနှင့်အတူ စည်းဝေးညှိနှိုင်းမှုများ ရှိနေပြီး မလိုအပ်သော ၀န်ကြီးဌာနများမှ ၀န်ထမ်းများကို စနစ်တကျ လျှော့ချနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက် ရှိသည်ဟု သိရှိရသည်။
“အစိုးရသစ်မှာ ၀န်ကြီးဌာနတွေကို ကျစ်ကျစ်လျစ်လျစ်နဲ့ ဖွဲ့စည်းသွားမယ်။ အုပ်ချုပ်ရေး ယန္တရားက ဗဟို ပြည်ထောင်စု အစိုးရကနေ ပြည်နယ်နဲ့ တိုင်း အစိုးရတွေကို ကွပ်ကဲအုပ်ချုပ်မှာဖြစ် တဲ့အတွက် ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက်ကို မလိုအပ်တာ ဖြုတ်၊ တူညီတာတွေပေါင်း ပုံစံနဲ့ ဖွဲ့စည်းသွားဖို့ လုပ်နေပြီ။ မနက်ပိုင်းက လုပ်တဲ့ အစည်းအဝေးတွေက ည သန်းခေါင်ယံ အချိန်အထိတောင် ကြာတယ်လို့ သိရတယ်”ဟုအမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန နှင့် နီးစပ်သူတဦးက ပြောသည်။
ဝန်ကြီးဌာန တခုတည်းအဖြစ် ပူးပေါင်းမည့် ဌာနများမှာ စက်မှု ၁ နှင့် စက်မှု ၂ ၀န်ကြီးဌာန၊ အမှတ် ၁ နှင့် အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနတို့ ပါဝင်ပြီး တခြားသော ၀န်ကြီးဌာန များလည်း ပူးပေါင်းပြင်ဆင် ဖွဲ့စည်းမည့်အထဲတွင် ပါဝင်သည်ဟု ၎င်းက ဆိုသည်။
ထို့အပြင် အစိုးရ ၀န်ကြီးဌာန အမည်များကိုလည်း ပြင်ဆင် ပြောင်းလဲသတ်မှတ်မည် ဖြစ်ရာ နိုင်ငံတော် သမ္မတ ရွေးကောက် တင်မြှောက် ပြီးချိန်တွင် သမ္မတက အစိုးရ၀န်ကြီးဌာန သစ်များနှင့် အမည်များကို တရားဝင် ပြင်ဆင် သတ်မှတ်ဖွဲ့စည်း ပေးမည်ဖြစ်ကြောင်း သိရသည်။
စစ်အစိုးရသည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ် ဖော်ဆောင်ပေးမည်ဟုဆိုကာ နိုဝင်ဘာ ၇ ရက်နေ့က ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲတွင် စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော ကြံ့ဖွံ့ပါတီက မဲမသမာမှုများဖြင့် အနိုင် ယူခဲ့ကြောင်း နိုင်ငံရေး ပါတီများနှင့် တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများက ပြောဆိုကြသည်။

ရေအားလျှပ်စစ်စီမံကိန်း၂ခုအေးရှားဝေါလ်နှင့်တရုတ်တို့တွဲလုပ်မည်

ဟိန်းသူ Wednesday, 01 December 2010 12:59
.ရွှေလီ (၂)နှင့် ဘီးလင်း ရေအားလျှပ်စစ် စီမံကိန်းများကို ပြည်တွင်းမှ အေးရှားဝေါလ် ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ ကုမ္ပဏီတခုတို့ ပူးပေါင်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။
                           တရုတ်-မြန်မာနယ်စပ်ရှိရွှေလီရေအားလျှပ်စစ်ဖြန့်ဝေရေးလိုင်းတခု။(ဓာတ်ပုံ-SHAN)
အေးရှားဝေါလ် ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ HuanengLancangRiverHydropowerCo.,Ltd.တို့ ပူးပေါင်းကာ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအတွက် ရွှေလီ (၂) စီမံကိန်းကို JV/B.O.T စနစ်နှင့် လုပ်ကိုင်ရန် သဘောတူစာချွန်လွှာနှင့် ဘီးလင်း စီမံကိန်းကို B.O.T စနစ်ဖြင့် လုပ်ကိုင်ရန် နားလည်မှု စာချွန်လွှာများကို နိုဝင်ဘာ ၂၅ ရက်နေ့က ရေးထိုးကြကြောင်း စစ်အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
“လက်ရှိအချိန်မှာနားလည်မှုစာချွန်လွှာပဲလက်မှတ်ထိုးထားတာရှိပါသေးတယ်။ဘယ်ရက်မှာ စာချုပ်ချုပ်ဖြစ်မယ် ဆိုတာကတော့ မပြောနိုင်သေးပါဘူး။ အထက်လူကြီးတွေ စီစဉ်ဆောင်ရွက်နေပါတယ်” ဟု အေးရှားဝေါလ်ကုမ္ပဏီမှ ရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်း တာဝန်ရှိသူတဦးက ဧရာဝတီသို့ပြောသည်။
စက်တပ်ဆင်အင်အား၅၂၀မဂ္ဂါဝပ်ရှိမည့်ရွှေလီ(၂)ရေအားလျှပ်စစ်စီမံကိန်းမှာ မိုးမိတ်မြို့အနီးတွင်တည်ရှိပြီး ရွှေလီ (၃) ရေအားလျှပ်စစ် စီမံကိန်းကိုလည်း အကောင်အထည် ဖော်နေကြောင်း သိရှိရသည်။
အကောင်အထည်ဖော်ပြီးသောရွှေလီ(၁)ရေအားလျှပ်စစ် စီမံကိန်းသည် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နှင့် ၁၇ မိုင်အကွာတွင် တည်ရှိကာ နှစ်စဉ်၄၀၃၃ဂဂ္ဂါဝပ်(Gwh)ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ယင်းစီမံကိန်း တခုတည်းအတွက် အမေရိကန် ဒေါ်လာ ၁၈၅ သန်း ကုန်ကျခဲ့သည်ဟု သိရသည်။
ရွှေလီအမှတ်(၁)ရေအားလျှပ်စစ် စတင်ဖွင့်လှစ်ချိန်က မြန်မာနိုင်ငံဘက်သို့ ဓာတ်အားထုတ်ပေးခြင်းမရှိခဲ့ဘဲ တရုတ်နိုင်ငံသို့ ဦးစွာ ဖြန့်ဖြူးပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ရွှေလီ(၁)မှဖြန့်ဝေသောလျှပ်စစ်မီးသည်မီးအားပြည့်သော်လည်းပုံမှန်မလာခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် လျှပ်စစ်မီးနှင့် အလုပ်လုပ်သူများ အနေဖြင့် လုပ်ငန်း မတွင်ကျယ်ကြောင်း ဒေသခံလုပ်ငန်းရှင်များက ဆိုသည်။
အေးရှားဝေါလ်ကုမ္ပဏီသည် ကချင်ပြည်နယ် ပူတာအိုမြို့၌ တည်ဆောက်နေသော ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်းကိုလည်း တရုတ်နိုင်ငံမှCPIYunnanInternatinalPowerInvestmentCo.,Ltd နှင့် ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည်။ ယင်းစီမံကိန်းမှာ မေခ၊ မလိခနှင့် ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းတွင် ပါဝင်ပြီး နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်ပေါင်း ၅၉၉ သန်း ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။
မေခ-မလိခ မြစ်ဆုံစီမံကိန်း၊ ဟတ်ကြီး၊ တာစန်း၊ ဘီလူးချောင်း စသည်ဖြင့် တခြားသော ရေအားလျှပ်စစ် စီမံကိန်းကြီးများတွင် ပုဂ္ဂလိက ကုမ္ပဏီများ ပါဝင်ဆောင်ရွက်မည့် အနေအထားရှိကြောင်းလည်း သတင်းရရှိသည်။
အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး အရှေ့တောင်အာရှတွင် အကြီးမားဆုံးဖြစ်လာမည့် သံလွင် ရေအားလျှပ်စစ် စီမံကိန်းကို အကောင်အထည်ဖော်ရန်လည်း စစ်အစိုးရသည် တရုတ်၊ ထိုင်းတို့နှင့် ပူးပေါင်းကာ တည်ဆောက်ရေး လေ့လာမှုပြုလုပ်ရေးအတွက် နိုဝင်ဘာလ ၁၀ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။
စစ်အစိုးရသည် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ပူးတွဲ၍ ရေအားလျှပ်စစ် စီမံကိန်း အများအပြား လုပ်ကိုင်နေခြင်းကြောင့် ကချင်နှင့် ကရင်ပြည်နယ်အတွင်း ဒေသခံများ ရွှေ့ပြောင်းရခြင်း၊ လူမှုနေထိုင်မှုဘ၀များ ထိခိုက်ခြင်း၊ ပတ်ဝန်းကျင် ဂေဟစနစ် ညီမျှမှုကို ထိခိုက်ခြင်းများ ဖြစ်ပေါ်စေကြောင်း နိုင်ငံတကာ ပတ်ဝန်းကျင်နှင့် လူအခွင့်အရေး ဆိုင်ရာ အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားသည်။
ယခုနှစ် ပထမ ၆ လအတွင်း တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံသည့်ပမာဏမှာ အမေရိကန် ဒေါ်လာ ၈ ဘီလီယံ ရှိကြောင်း စစ်အစိုးရ၏ တရားဝင် ကိန်းဂဏန်းများကို ကိုးကားသည့် ရိုက်တာသတင်းဌာန၏ အဆိုအရ သိရသည်။
ရန်ကုန်နှင့် မန္တလေးစသော မြို့ကြီးများတွင် ပြည်သူလူထုအသုံးပြုသော လျှပ်စစ်ဓာတ်အား သုံးစွဲခမှာ တယူနစ်လျှင်၂၅ကျပ်(လုပ်ငန်းရှင်များတစ်ယူနစ်၁၀၀ကျပ်)သာရှိသော်လည်း မီးမမှန်သည့်အတွက်ကြောင့် စီးပွားရေးလုပ်သော ပြည်သူများအနေဖြင့် မီးစက်ကိုသာ အားကိုးနေရသည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ၁၉၉၃ ခုနှစ်ကတည်းက စတင်ကာ လျှပ်စစ်မီးရရှိရေးအတွက် အစိုးရက တာဝန်မယူတော့သဖြင့် မြို့မိမြို့ဖများပါဝင်သော မီးလင်းရေးအဖွဲ့ ဖွဲ့စည်းကာ လုပ်ဆောင်နေပြီး ယခုအခါ တယူနစ်လျှင် ၆၀၀ ကျပ်နှုန်းအထိ ပြည်သူလူထုက ပေးနေရကြောင်းသိရသည်။