မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 29 juni 2011

ဗုံးခွဲမှုများအတွက်ရှမ်းအမည်နှင့်လူ၃ဦးကိုအစိုးရစွပ်စွဲ

ရန်ပိုင် Wednesday, 29 June 2011 14:37
.နေပြည်တော်၊မန္တလေး၊ပြင်ဦးလွင်တို့တွင်ဖြစ်ပွားခဲ့သည့်ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ရှမ်းအမည်နှင့်လူ ၃ဦးကိုထုတ်ဖော်ပြီး၎င်းတို့ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းယနေ့ထုတ်အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ဇွန်လ၂၄ရက်နေ့ကမန္တလေးဈေးချိုဟိုတယ်ရှေ့တွင်ကားဗုံးပေါက်ပြီးနောက်စစ်တပ်ကစစ်ဆေးနေစဉ် (ဓာတ်ပုံ-AP)
ဖောက်ခွဲမှုပြုလုပ်သူများမှာအသက်၂၅နှစ်အရွယ်ခန့်ရှိကြသည့်စိုင်းဆမ်၊စိုင်းအိုက်နှင့် စိုင်းကျော်မြင့်ဦးတို့ဖြစ်ပြီဗုံးများကိုဖောက်ခွဲရန်နေအိမ်များကြိုတင်ငှားရမ်းခြင်း၊လိုင်စင်မဲ့ကား ၀ယ်ယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သတင်းစာတွင် ရေးသားထားပြီး ၎င်းတို့ သုံးဦး၏ ပုံပန်းသဏ္ဍန်များကို ဖော်ပြကာ ဗုံးဖောက်ခွဲခဲ့သည့် တရားခံများ ဖြစ်သည်ဟု စွပ်စွဲရေးသားထားသည်။
မြန်မာနိုင်ငံရှေ့နေများကောင်စီဥက္ကဋ္ဌဦးသိန်းဦးက“တရားရုံးအမိန့်မချခင်တရားခံလို့တော့ဥပဒေမှာ သုံးခွင့်မရှိဘူး။ သံသယရှိ သူလို့ပဲ သုံးရမယ်” ဟု ဆိုသည်။
ယခု သတင်းစာတွင် သုံးနှုန်းထားသည့် တရားခံဆိုသည့် အသုံးအနှုန်းမှာ အဆိုပါ ၃ ဦး၏ မိသားစုများကို စော်ကားသကဲ့သို့ သက်ရောက်ကြောင်း ၎င်းကပြောသည်။
စွပ်စွဲခြင်းခံရသည့်စိုင်းအိုက်နှင့်စိုင်းဆမ်သည်ပြီးခဲ့သည့်ဧပြီလ၂၄ရက်နေ့ကတည်းကနေပြည်တော် ဇမ္ဗူသီရိမြို့နယ်သပြေကုန်းရပ်ကွက်ရှိဗုံးကွဲသည့်ဒေါ်သန်းမြင့်၏နေအိမ်ကို၆လစာပေး၍ ငှားရမ်းခဲ့သည့်အပြင်မေလ၅ရက်နေ့၌ပြင်ဦးလွင်ရှိဒေါ်စောစန္ဒာ၏အိမ်ကိုလည်း၆ လစာပေး ငှားရမ်းခဲ့သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။
မန္တလေးမြို့ဈေးချိုတော်ဟိုတယ်ရှေ့ဗုံးဖောက်ခွဲရာတွင်သုံးသည့်လိုင်စင်မဲ့ကားကိုငွေကျပ်သိန်း၆၀ဖြင့် ကားပွဲစားဟာရှင်နှင့်ကျော်ကျော်ထက်တို့ထံမှဝယ်ယူခဲ့ပြီးပြည်သူများထိခိုက်သေကျေစေရန် ရည်ရွယ်ချက်ဖြင့် ကားဗုံးဖောက်ခွဲခြင်းဖြစ်ကြောင်း၊တရားခံများ ဖမ်းဆီးရမိရေးအတွက် မင်္သကာသူများ တွေ့ရှိပါက အမြန်ဆက်သွယ် သတင်းပို့ ရန်လည်းရေးသားထားသည်။
ပြီးခဲ့သည့်ဇွန်လ၂၄ရက်နေ့ကနေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊မန္တလေးတိုင်းဒေသကြီးချမ်းအေးသာဇံနှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူသေဆုံးခြင်းမရှိပေ။
ယခုတလောမြန်မာနိုင်ငံတွင်ဗုံးများမကြာခဏပေါက်ကွဲနေရာမည်သည့်အဖွဲ့အစည်းကမှမိမိတို့ လက်ချက်ဖြစ်သည်ဟု ၀န်ခံပြောကြားခြင်းမရှိသော်လည်း အစိုးရကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲရေးသားသည်။
ပြီးခဲ့သည့်မေလနှင့်ဇွန်လကဖြစ်ပွားခဲ့သည့်ရန်ကုန်-မန္တလေးအမှတ်၃အဆန်အမြန်ရထားပေါ်၌ ဗုံးပေါက်ကွဲမှုနှင့် မြို့မဈေးတွင် ဗုံးပေါက်ကွဲမှုတွင်KNU၏ လက်ချက်ဖြစ်ကြောင်းအစိုးရသတင်းစာများတွင် ဖော်ပြခဲ့သော်လည်းပြီးခဲ့သည့်ရက်သတ္တပတ်ကကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင်ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများကိုမူ မည်သူပြုလုပ်သည်ဟု ဖော်ပြခြင်းမရှိပေ။
၂၀၀၅ ခုနှစ်မေလကရန်ကုန်မြို့ပုဇွန်တောင်မြို့နယ်ရှိကုန်သွယ်ရေးဗဟိုဌာန၊ဒဂုံစင်တာနှင့် ၈ မိုင်လမ်းဆုံရှိ Juntion8ကုန်တိုက်များတွင်ဖြစ်ပွားခဲ့သည့်ဗုံးဆက်တိုက်ပေါက်ကွဲမှုများတွင်လည်းတရားခံအား ယခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။

ဒေါ်စုနယ်ခရီးမထွက်ခင်သတိပေးခံရ

မဇ္ဈိမသတင်းဌာန ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၅၀ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကနယ်သို့ခရီးထွက်ရန်တလပင် မလိုတော့ချိန်၌အစိုးရကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တရားဝင်ရပ်တည်ရေးနှင့်ပတ်သက်ပြီးအသိပေးမှု လုပ်လိုက်သည်။
ဗုဒ္ဒဟူးနေ့ထုတ်အစိုးအာဘော်မြန်မာ့အလင်းသတင်းစာတွင်ပြည်ထဲရေးဝန်ကြီးဌာနကNLDဥက္ကဋ္ဌ ဦးအောင်ရွှေနှင့်အထွေထွေအတွင်းရေးမှူးချုပ်ဒေါ်အောင်ဆန်းစုကြည်တို့ကိုလိပ်မူ၍စာရေးသားပေးပို့ရာ၌ တရားဥပဒေနှင့်အညီလိုက်နာပါဟူ၍မှာကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကနယ်သို့ခရီးထွက်ရန်တလပင်မလိုတော့ချိန်၌အစိုးရကအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တရားဝင်ရပ်တည်ရေးနှင့်ပတ်သက်ပြီးအသိပေး(ဓါတ်ပုံမဇ္ဈိမ)
ဒေါ်အောင်ဆန်းစုကြည်နေအိမ်အထိန်းသိမ်းခံမှလွတ်မြောက်လာသောနိုဝင်ဘာ၂ဝ၁ဝပြည့်နှစ်နောက်ပိုင်း ပထမဆုံးဖြစ်လာမည့်ဇူလိုင်လ၂၂ရက်နေ့တွင်ရန်ကုန်မြို့ပြင်သို့ခရီးထွက်လိုသော ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်မတိုင်မီသတိပေးချက်ထွက်လာခြင်းလည်းဖြစ်သည်။ဒီခရီးစဉ်ကသူ၏ လွတ်လပ်မှုကိုစမ်းသပ်မည့်အရေးပါသောကိစ္စတခုလည်းဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာနကNLDသည်၂ဝ၁ဝပြည့်နှစ်ရွေးကောက်ပွဲဝင်ရန်မှတ်ပုံတင်ခြင်း မပြုသဖြင့်နိုင်ငံရေးပါတီ မဟုတ်တော့ကြောင်း ပြောဆိုထားသည်။
အစိုးရ၏သဘောထားကိုထင်ဟပ်စေသောစာတွင်NLDကဆက်လက်၍ပါတီရုံးခန်းများဖွင့်ခြင်းနှင့် ပါတီကိစ္စရပ်များ ဆောင်ရွက်ခြင်းကို အလေးပေး ဖော်ပြထားသည်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လိုက်နာမှုမရှိဘဲဌာနချုပ်ရုံး၊တိုင်းရုံး၊နယ်ရုံးများဆက်လက်ဖွင့်လှစ်ထားရှိခြင်း၊ အချို့ရုံးများတွင်ဆိုင်းဘုတ်များစိုက်ထူထားခြင်း၊အလံများလွှင့်ထူထားခြင်း၊ထို့အပြင်နိုင်ငံရေးပါတီအနေဖြင့် ကြေညာချက်များထုတ်ပြန်ခြင်း၊စာအုပ်စာစောင်များနှင့်ဗီဒီယိုခွေများထုတ်ဝေခြင်း၊နိုင်ငံခြား အဖွဲ့အစည်းများနှင့်တွေ့ဆုံခြင်း၊အစည်းအဝေးများနှင့်အခမ်းအနားများပြုလုပ်ခြင်းတို့အား ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း” ဟူ၍ သတင်းစာက ရေးသားထားသည်။
ယခုနှစ်အစောပိုင်းကပြောင်းလဲလိုက်ခဲ့သောပါလီမန်စနစ်ကိုNLD၏လှုပ်ရှားမှုများက ဆန့်ကျင်နေသည်ဟုလည်း အစိုးရက ထပ်မံ စောဒက တက်ထားပြန်သည်။
“ဒီမိုကရေစီ၏အနှစ်သာရကိုအမှန်တကယ်မြတ်နိုးစွာလက်ခံကျင့်သုံးလိုပါလျှင်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုထိခိုက်ပျက်ပြားစေနိုင်မည့်ရဟန်း၊ရှင်၊လူ၊ပြည်သူနှင့်ဝန်ထမ်းများအကြား စည်းလုံးညီညွတ်မှုကိုထိခိုက်ပျက်ပြားစေနိုင်မည့်အဆိုပါလုပ်ဆောင်ချက်များကိုဆက်လက်ဆောင်ရွက်ခြင်း မပြုရန် အကြောင်းကြားပါကြောင်း” ဟု ပါရှိသည်။
စစ်တပ်ကကြိုးကိုင်ထားသောပါလီမန်လုပ်ငန်းစဉ်မှာစည်းကမ်းပြည့်ဝသောဒီမိုကရေစီဖြစ်ထွန်းအောင် အဓိကကျသောခြေလှမ်းဟုအစိုးရကမြင်နေချိန်တွင်၂ဝ၁ဝရွေးကောက်ပွဲနှင့်၂ဝဝ၈အခြေခံဥပဒေ ဆန္ဒခံယူပွဲတို့မှာလွတ်လပ်ပြီးတရားမျှတခြင်းမရှိသောစစ်မှန်သည့်ရွေးကောက်ပွဲမဟုတ်ဟုဆိုကာပါလီမန် လုပ်ငန်းစဉ်ကို NLD က အသိအမှတ် မပြုဘဲ ထားသည်။
အစိုးရ၏ လမ်းပြမြေပုံအတိုင်း ပါဝင်ဆောင်ရွက်ခြင်း မပြုရန် ဆုံးဖြတ်ပြီးနောက် လူမှုရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန်NLDကဆုံးဖြတ်လိုက်သည်။သို့သော်လည်းလူမှုရေးကိစ္စရပ်များကို အသင်းအဖွဲ့လိုက်လုပ်ဆောင်လိုပါကလူမှုရေးအသင်းအဖွဲ့ဖွဲ့စည်းဆောင်ရွက်သင့်ပါကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနတွင် လိုင်စင်လျှောက်သင့်ကြောင်း အစိုးရက ပြောဆိုထားသည်။
၂ဝဝ၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး စည်းရုံးရေး ခရီးစဉ်အတွင်း အစိုးရ အထောက်အပံ့
ပေးထားသောလူမိုက်များကစစ်ကိုင်းတိုင်းဒီပဲယင်းတွင်တိုက်ခိုက်မှုပြုခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ပင်သီသီကလေးလွတ်မြောက်ခဲ့ကာလူပေါင်းများစွာသေကြေသို့မဟုတ် ဒဏ်ရာရရှိခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်လည်းထိန်းသိမ်းခံရပြီးနေအိမ်အကျယ်ချုပ်ကျသွားပြန်ကာ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး တပတ်အကြာတွင်မှ လွတ်မြောက်လာခဲ့သည်။





dinsdag 28 juni 2011

အကြမ်းဖက်အာဏာရယူခြင်းဒေါ်အောင်ဆန်းစုကြည်လက်မခံ

လင်းသန့် Tuesday, 28 June 2011 17:20
.အကြမ်းဖက်သည့်နည်းသုံး၍နိုင်ငံ့အာဏာကိုရယူခြင်းနှင့်အကြမ်းဖက်ပြီးအစိုးရအပြောင်းအလဲလုပ်ခြင်း အစဉ်အလာများကို ပြောင်းလဲရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားလိုက်သည်။
ယမန်နှစ်နိုဝင်ဘာလအတွင်းကနေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာပြီးနောက်ဒေါ်အောင်ဆန်းစုကြည် နှင့်လူငယ်များတွေ့ဆုံပွဲတခု(ဓာတ်ပုံ-burmacampaign.org.uk)
ရန်ကုန်မြို့ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးချုပ်တွင်ယနေ့ကျင်းပသည့်တိုင်းနှင့်ပြည်နယ် လူငယ်များနှင့် တွေ့ ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“ကျမအနေနဲ့တော့ဒီအကြမ်းဖက်မှုကိုကျမလက်မခံဘူးဆိုတာနိုင်ငံရေးသဘောတရားအရလက်မခံတာ။ကျမတို့ နိုင်ငံမှာနိုင်ငံရေးယဉ်ကျေးမှုပြောင်းဖို့လိုလို့။အကြမ်းဖက်တဲ့နည်းနဲ့အစိုးရအပြောင်းအလဲလုပ်တာ၊ အကြမ်းဖက်တဲ့နည်းနဲ့နိုင်ငံရဲ့အာဏာကိုလွှဲယူတာ။ဒီဟာတွေကအစဉ်အလာဖြစ်နေပြီ။ဒီနိုင်ငံမှာ။ဒီအစဉ် အလာကိုပြောင်းလဲရမယ်ဆိုတဲ့ခံယူချက်နဲ့ကျမအကြမ်းမဖက်တဲ့နည်း၊လမ်းကြောင်းကိုသွားတာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ လူငယ်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
ယမန်နေ့ကလန်ဒန်ရောက်လူငယ်တဦး၏“လူငယ်တွေဟာလက်နက်ကိုင်ပြီးဒီမိုကရေစီအတွက် တိုက်ချင်နေသည်”ဆိုသည့်စကားကိုလက်မခံကြောင်းဒေါ်အောင်ဆန်းစုကြည်ကတုံ့ပြန်ပြောကြားပုံကို ယနေ့ လူငယ်များနှင့်တွေ့ဆုံပွဲတွင် ထပ်လောင်း ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသို့ ကချင်ပြည်နယ်၊ချင်းပြည်နယ်၊မကွေးတိုင်း၊စစ်ကိုင်းတိုင်း၊မန္တလေးတိုင်းစသည်တိုမှ လူငယ်၁၀၀ကျော်တက်ရောက်တွေ့ဆုံဆွေးနွေးကြပြီးဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်လှုပ်ရှားမှုလမ်းကြောင်းနှင့်လူငယ်ဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဒု ဥက္ကဌ ဦးတင်ဦးကလည်းအဖွင့်မိန့်ခွန်းပြောကြားခဲ့ကြောင်းNLDပါတီပြောခွင့်ရပုဂ္ဂိုလ်ဦးအုန်းကြိုင်ကဧရာဝတီကို ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည်က“အကြမ်းဖက်တာအမြဲမှားသလားမေးတယ်။ဒီလိုလဲအမြဲမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့မှန်ကန်တဲ့ဘက်ကခုခံတိုက်ခိုက်တာမှာလဲလက်နက်ကိုင်ပြီးခုခံတိုက်ခိုက်ရင် အကြမ်းဖက်တာကအကြမ်းဖက်တာပဲ။ဘာအတွက်ပဲလုပ်လုပ်ပေါ့။အဲတော့တချို့ကတော့ပြောတယ်။ အကြမ်းဖက်တဲ့နည်းနဲ့မှရမယ်။အဲတော့ကျမကအမြဲပြောတယ်။ဒါကိုရေရှည်ကိုစဉ်းစားစေချင်တယ်။ အကြမ်းဖက်တဲ့နည်းနဲ့မြန်မြန်ရပြီးတော့နောက်ဆက်တွဲဒဏ်ရာတွေကိုဘယ်လောက်ကြာကြာ ပျောက်အောင်ကုသရဦးမှာလဲတကယ်အကြမ်းဖက်တဲ့နည်းနဲ့ခဏလေးလုပ်လိုက်လို့နောင် ဒုက္ခတွေရှင်းသွားတယ်ဆို တမျိုးပေါ့နော်”ဟုလည်း ဆက်လက် ပြောကြားသည်။
လူငယ်နှင့်လူကြီးအကြားကွာဟမှုဆိုင်ရာကိုလည်းဆွေးနွေးပြီးနေရာယူခြင်းနှင့်တာဝန်ယူခြင်းဆိုင်ရာများ၊ မိမိတို့၏အားနည်းချက်၊အားသာချက်များစသည်တို့ကိုမှန်ကန်စွာသိပြီးမှတိုင်းပြည်အကျိုးအတွက် အကျိုးရှိရှိ အသုံးချနိုင်မည် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုခဲ့သည်။
“ဒီမနက်က တိုင်းနှင့် ပြည်နယ်တွေထဲက ကချင်၊ ချင်းပြည်နယ်တွေနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့က NLD လူငယ်ရော၊NLDမဟုတ်တဲ့လူငယ်တွေရောအားလုံးတွေ့ဆုံဆွေးနွေးကြတယ်။မနက်ဖြန်တော့အောက် မြန်မာပြည်ကရန်ကုန်တိုင်း၊ပဲခူးတိုင်းစတဲ့တိုင်းနှင့်ပြည်နယ်တွေကလူငယ်တွေဆက်ပြီး တွေ့ဆုံဆွေးနွေးကြမယ်”ဟု ၄င်းက ဆက် လက်ရှင်းပြသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်ယမန်နှစ်ကနေအိမ်အကျယ်ချုပ်မှ ပြန်လည်လွှတ်မြောက်လာပြီးနောက်နိုင်ငံရေးတက်ကြွသည့်လူငယ်များ၊NLDလူငယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက် လုပ်ဆောင် လျက် ရှိသည်။

မန္တလေးတွင်တရုတ်ဆန့်ကျင်ရေးကြီးထွားလာ

ဟိန်းသူ Tuesday, 28 June 2011 19:12
.ယမန်နေ့ကဖြစ်ပွားသောမန္တလေးကျောက်ဝိုင်းရန်ပွဲကြောင့်တရုတ်နိုင်ငံသားစီးပွားရေးသမားတို့အပေါ် မကျေမနပ်မှု ပိုမို ကြီးထွားနေသည်ဟု ဒေသခံများက ပြောသည်။
ကျောက်ဝိုင်းသို့ယနေ့ ရောက်လာသောဒေသခံကုန်သည်များကအရောင်းအ၀ယ်စကားမပြောဖြစ်ကြဘဲ ယမန်နေ့ကဖြစ်ခဲ့သည့်ရန်ပွဲအကြောင်းသာပြောဆိုနေကြသည်ဟုမန္တလေးမှကျောက်ကုန်သည် ဦးအောင်ကျော်က ပြောသည်။
“တရုတ်တွေကိုမကျေလည်တာကတော့ကြာနေပြီ။မနေ့ကသူတို့လုပ်တဲ့ပုံစံကစော်ကားသလိုဖြစ်တာဆိုတော့ ပေါက်ကွဲကုန်ကြတာပဲ။ ဒီအတိုင်းသာဆက်သွားနေရင်ကျနော်တို့ ပြဿနာတွေ ထပ်ဖြစ်လာနိုင်တယ်”ဟု ဦးအောင်ကျော်က ပြောသည်။
ယမန်နေ့ကမန္တလေး၊မဟာအောင်မြေမြို့နယ်ရှိကျောက်ဝိုင်းတွင်အချင်းများရာမှတရုတ်နိုင်ငံသားကုန်သည် ၅ဦးကကိုမော်ကြီးဆိုသူမြန်မာကျောက်ကုန်သည်တဦးကိုဝိုင်းဝန်းထိုးနှက်တိုက်ခိုက်ခဲ့ကြောင်း၊ထိုရန်ပွဲကိုရဲ လုံခြုံရေး၁၀၀၀န်းကျင်သွားရောက်ထိန်းသိမ်းကာထို၆ဦးကို ဖမ်းဆီးသွားပြီး ကျောက်ဝိုင်း ပိတ်လိုက်ရသည်။ ကျောက်ဝိုင်းတခုလုံးလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ယနေ့ကျောက်ဝိုင်းပြန်ဖွင့်သော်လည်းအရောင်းအ၀ယ်အေးနေကြောင်း၊တရုတ်ပြည်မှကုန်သည်များ လာရောက်မှု မရှိသလောက် နည်းသွားကြောင်း သိရသည်။
အရောင်းအ၀ယ်ဖြစ်ရေးအတွက်လက်ကြီးသမားများဖြစ်သောတရုတ်ပြည်မှကုန်သည်များကို အားကိုးရကြောင်း၊သို့သော်လည်းဆက်ဆံရေးအဆင်မပြေကြောင်းအမည်မဖော်လိုသူ ကျောက်ပွဲစားတဦးက ရှင်းပြသည်။
“တရုတ်တွေကဈေးနှိမ်တာတို့၊နှိမ်ပြီးဆက်ဆံတာတို့တွေလုပ်နေတာတွေကိုမခံချင်တာ။ပစ္စည်းပေးရင်ရိုင်းရိုင်း စိုင်းစိုင်းပြန်ပစ်ပေးတာတွေလည်းရှိတယ်။ဒါကြောင့်သူတို့ကိုပဲအားကိုးနေရတဲ့ပုံစံမျိုးကိုမဖြစ်ချင်တာ”ဟု ထိုကျောက်ပွဲစားက ပြောသည်။
ယမန်နေ့ကရန်ပွဲနှင့်ပတ်သက်ပြီးအာဏာပိုင်တို့ကဥပဒေအတိုင်းထိထိရောက်ရောက် အရေးယူသင့်သည်ဟု မန္တလေးသား စာရေးဆရာ ကျော်ရင်မြင့်က ပြောသည်။
“ကိုယ်ထိလက်ရောက်လုပ်တယ်ဆိုတာဘယ်သူကဘယ်သူ့ကိုပဲလုပ်လုပ်မကောင်းပါဘူး။ကျုးလွန်တဲ့ပြစ်မှုကို အရေးယူဖို့လိုအပ်ပါတယ်။အရေးယူမခံရရင်ဆက်ပြီးကျူးလွန်နေမှာပါပဲ။စော်ကားလို့ရရင်ဆက်ပြီး စော်ကားနေမှာပါပဲ” ဟု ဆရာ ကျော်ရင်မြင့်က ဧရာဝတီကို ပြောသည်။
ဖမ်းဆီးထားသူများအား မည်သို့အရေးယူထားကြောင်း မဟာအောင်မြေ အမှတ် ၇၊ အမှတ် ၉ ရဲစခန်းတို့ကို ဆက်သွယ် စုံစမ်းရာ ပြန်လည် ဖြေကြားခြင်း မရှိပေ။
ထိုတရုတ်ကုန်သည်များ လွတ်မြောက်ရေး ဆောင်ရွက်နေသည်ဟု ဆိုသော မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံးကို ဆက်သွယ်သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။
မန္တလေး၊မဟာအောင်မြေကျောက်ဝိုင်းတွင်ယခင်ကအာရှနှင့်အနောက်နိုင်ငံတချို့မှကုန်သည်တို့ လာရောက်မှုများပြားသော်လည်းယခုတွင်မူတရုတ်နိုင်ငံမှကုန်သည်များသာတွေ့နေရသည်ဟု ကျောက်ကုန်သည်တို့က ပြောသည်။
ယခုအခါမန္တလေးကျောက်ဝိုင်းရန်ပွဲအကြောင်းသတင်းများ၊ဓာတ်ပုံများမှာလူမှုကွန်ရက်အင်တာနက် စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေသည်ကို တွေ့ရသည်။
ဧရာဝတီတွင်လည်းထိုရန်ပွဲသတင်းဖော်ပြခဲ့ရာစာဖတ်သူအများအပြားကတရုတ်ကုန်သည်တို့ကို မကျေနပ်ကြောင်း မှတ်ချက်ပေးထားကြသည်။
ထိုရန်ပွဲကြောင့်လူမျိုးရေးအဓိကရုဏ်း မဖြစ်သင့်ကြောင်းBoအမည်ရှိ စာဖတ်သူက မှတ်ချက်ပေးထားသည်။
“စီးပွားရေးသမားအချင်းချင်းဖြစ်တဲ့ပြဿနာဆိုတော့လူမျိုးရေးဘက်ကိုဦးတည်မသွားသင့်ပါဘူး။ လိုအပ်နေတာက တရုတ် ဆန့်ကျင်ရေး မဟုတ်ပါ” ဟု သူက ဆိုသည်။
ဗိုလ်ချုပ်ကြီးနေ၀င်းအုပ်ချုပ်သည့်၁၉၆၇ခုနှစ်ကရန်ကုန်နှင့် မြို့ကြီးတချို့တွင် တရုတ် - မြန်မာ အဓိကရုဏ်း ဖြစ်ပွားပြီး တရုတ်လူမျိုးပိုင် ကျောင်း၊ အဆောက်အအုံ အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
၁၉၈၈ခုနှစ်နောက်ပိုင်းတွင်တရုတ်နှင့်မြန်မာစစ်ရေး၊နိုင်ငံရေး၊စီးပွားရေးဆက်ဆံမှုတိုးမြင့်ခဲ့ပြီးပြည်မကြီးမှ တရုတ်လူမျိုးများ မြန်မာနိုင်ငံအတွင်း ၀င်ရောက်မှု များပြားလာခဲ့သည်။
လူဦးရေသန်း၆၀ခန့်ရှိသည့်မြန်မာနိုင်ငံတွင် တရုတ်နွယ်ဖွား ၂ သန်းခန့် နေထိုင်လျက်ရှိသည်ဟု သိရသည်။

အပစ်ရပ်အဖွဲ့များလက်နက်အပ်ရန်နောက်ဆုံးအချိန်သတ်မှတ်

ခင်ဦးသာ Tuesday, 28 June 2011 17:39
.မွန်ပြည်နယ်အတွင်းရှိအစိုးရနှင့်အပစ်အခတ်ရပ်စဲထားသောတပ်ဖွဲ့ဝင်များအားဇွန်လ၃၀ရက်နေ့ နောက်ဆုံးထားကာလက်နက်များကိုသက်ဆိုင်ရာရဲတပ်ဖွဲ့ထံလာရောက်အပ်နှံရမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။
                                                                    မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ(ဓာတ်ပုံ-NMSP)
အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏အမိန့်ဖြင့်ထုတ်ပြန်ကာမွန်ပြည်နယ်၏မြို့နယ်များ၌ယခုလဆန်းပိုင်းမှ စတင်၍လုပ်ဆောင်နေကြောင်း၊မုဒုံမြို့နယ်၊သံဖြူဇရပ်မြို့နယ်များ၏အစိုးရရုံးများ၌ဇွန်လ၂၆ရက်ခန့်မှစ၍ ကြေညာထားကြောင်းမုဒုံဒေသခံနှင့်မွန်ပြည်သစ်ပါတီ(NMSP)အဖွဲ့ဝင်ဟောင်းဖြစ်သူနိုင်မွန်ချမ်းက ပြောသည်။
“ထုတ်ပြန်ချက်မှာတော့ဘယ်အဖွဲ့ဆိုတာရည်ညွှန်းမထားဘူး။လက်နက်တွေမအပ်ရင်ဘယ်လိုအရေးယူမယ်ဆိုတာလည်း ရေးမထားဘူး”ဟု၎င်းကဆိုသည်။
ထိုသို့လုပ်ဆောင်လာခြင်းသည်တိုင်းရင်းသားဒေသများ၌ဖြစ်ပွားနေသောတိုက်ပွဲများအပေါ်အခြေခံကာ မွန်လက်နက်ကိုင်တပ်ဖွဲ့များကတိုက်ခိုက်လာမည်ကိုစိုးရိမ်၍လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း၊သို့သော် မွန်ပြည်သစ်ပါတီဝင်ဟောင်းများအနေဖြင့်လက်နက်ရှိသော်လည်းပြန်အပ်လိမ့်မည်ဟုမထင်ကြောင်း အမည်မဖော်လိုသူ မော်လမြိုင်မြို့ခံ မွန်နိုင်ငံရေး သမားတဦးက ဧရာဝတီ ကိုပြောသည်။
“တချို့ကိစ္စတွေကစွပ်စွဲသလိုမျိုးဖြစ်နေတယ်။လက်နက်ဆောင်ထားရင်လည်းဘယ်သူကငါ့မှာလက်နက်ရှိတယ် ပြောမှာလဲ။ စစ်ပွဲတွေ စတိုက်ရင်လည်းပဲ အစိုးရတပ်ကပဲ စတိုက်တာပါ” ဟု ၎င်းက ဆိုသည်။
မွန်ပြည်သစ်ပါတီ၏တပ်ဖွဲ့ဝင်ဟောင်းတို့သည်မြို့ပေါ်နှင့်ကျေးရွာတချို့၌နေထိုင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
မွန်ပြည်နယ်နှင့်ထိစပ်နေသောကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်ဒေသတ၀ိုက်၌ယခုလအတွင်း တိုက်ပွဲ၃ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းနှင့် ဆက်စပ်၍အတ္ထရံမြစ်ကြောင်း တလျှောက်ရှိ ကြာအင်းဆိပ်ကြီးမှမော်လမြိုင်သွားသည့်ရေလမ်းကြောင်းကိုKNU၏လက်အောက်ခံတပ်တချို့က ပိတ်ဆို့ထားကြောင်း ကြာအင်းဆိပ်ကြီး ဒေသခံ ကုန်သည်တဦးက ဆိုသည်။
“တိုက်ပွဲတွေဆက်တိုက်လိုဖြစ်နေတော့မြစ်ကြောင်းထဲကရေလမ်းကြောင်းတချို့ပိတ်ထားတာရက်၂၀ကျော်ပြီ။ ရေလမ်းက လုံးဝ သွားလို့မရ ဖြစ်နေတယ်” ဟု သူက ပြောသည်။
ကြာအင်းဆိပ်ကြီးဒေသတ၀ိုက်တွင်ကရင်အမျိုးသားအစည်းရုံး(KNU)လက်အောက်ခံတပ်မဟာ၆ အခြေစိုက် လှုပ်ရှားလျက်ရှိသည်။
KNUအတွင်းရေးမှူး၁ဗိုလ်မှူးဖဒိုစောလှငွေကမူသံလွင်မြစ်ကြောင်းတလျှောက်ရေလမ်းကြောင်းအားKNUက ပိတ်ဆို့ထားခြင်းသည် မဟုတ်မှန်ဟု ပြောသည်။
“KNUဌာနချုပ်နဲ့ဘာမှမပတ်သက်ပါဘူး။တကယ်ပိတ်ထားတယ် ဆိုရင်လည်း အဲဒီဒေသမှာ အခြေပြုထားတဲ့ တပ်တချို့က စစ်ရေးအရ ခဏ ပိတ်ထားတာလို့ပဲ ထင်တယ်” ဟု ၎င်းက ဆိုသည်။
ဘားအံ၊ ကော့ကရိတ်၊ မော်လမြိုင်၊ ကြာအင်းဆိပ်ကြီး ဒေသများ၌ KNU အနေဖြင့် လှုပ်ရှားမှု မရှိဟု ၎င်းက ဆက်ပြောသည်။
မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်နယ်စပ်ဒေသ၌ မကြာသေးခင်ကတိုက်ပွဲတချို့ဖြစ်ပြီးနောက်ပိုင်းအစိုးရ၏ တပ်မ၂၂လက်အောက်ခံဗျူဟာတခုသည်၎င်းဒေသအတွင်းစစ်ရေးအရ၀င်ရောက်လှုပ်ရှားနေကြောင်း သိရသည်။

လိုင်ဇာကိုတိုက်ဖို့အစီအစဉ်မရှိဟုဦးမထုနော်အဖွဲ့ပြောပြီ

ဖနိဒါ အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၇ မိနစ် .
ချင်းမိုင်(မဇ္စျိမ)။ ။ကချင်လွတ်မြောက်ရေးအဖွဲ့KIOဗဟိုဌာနချုပ်လိုင်ဇာမြို့ကိုတိုက်ခိုက်သိမ်းပိုက်ရန် အစီအစဉ်မရှိကြောင်းအစိုးရလိုလားသောပြည်သူ့စစ်တပ်ဖွဲ့တခုဖြစ်သည့်ကောင်းခါးပြည်သူ့စစ်အဖွဲ့ပြန်ကြားရေးအဖွဲ့ဝင် ကိုဒေါင်လွမ်းကယတိပြတ်ငြင်းဆိုလိုက်သည်။
“အစိုးရဘက်ကဘာတွေလုပ်နေလဲတော့မသိဘူး။ကျနော်တို့KDAပြည်သူ့စစ်အနေနဲ့ဒီစစ်ပွဲနဲ့ပတ်သက်လို့ ပစ်တာတွေနည်းနည်းမှမလုပ်ဘူး၊ဘာမှမပတ်သက်ဘူး၊စစ်ရေးပြင်ဆင်တာတွေလည်းမရှိဘူး။ကျနော်တို့က
ကောင်းခါးဒေသကာကွယ်ဖို့ပဲ။တခြားအဖွဲ့တွေနဲ့တွေ့တာလည်းမရှိဘူး”ဟုအဖွဲ့၏ပြန်ကြားရေးအဖွဲ့ဝင် ကိုဒေါင်လွမ်းက မဇ္ဈိမကို ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့KIOဗဟိုဌာနချုပ်လိုင်ဇာမြို့ကိုအစိုးရကတိုက်ခိုက်သိမ်းပိုက်ရန်အစီအစဉ် မရှိကြောင်းကောင်းခါးပြည်သူ့စစ်အဖွဲ့ပြန်ကြားရေးအဖွဲ့ဝင်ကိုဒေါင်လွမ်းပြော(ဓါတ်ပုံမဇ္ဈိမ)
KIOအခိုင်အမာတပ်စွဲထားသောတရုတ်နိုင်ငံနှင့်နယ်နမိတ်ချင်းထိစပ်နေသည့်လိုင်ဇာကိုတိုက်ခိုက်ရန် ပြင်ဆင်မှုတွင်KDAဟုလူသိများသောကောင်းခါးပြည်သူ့စစ်များပါဝင်သည်ဆိုသောသတင်းများ ထွက်ပေါ်လာခြင်းအပေါ် ပြန်လည်တုံ့ပြန်ခြင်းလည်း ဖြစ်သည်။
“ကျနော်တို့ဘက်ကပါဝင်တာတွေမရှိဘူး။အစိုးရဘက်ကလုပ်နေသလားဆိုတာတော့မသိနိုင်ဘူး။ကျနော်တို့ ကချင်အချင်းချင်းသွေးခွဲသလိုမျိုးဖြစ်လာတော့စိတ်မကောင်းဖြစ်နေတယ်။နဂိုကတည်းကနေတောင် ကွဲနေမှအခုလို ဖြစ်တော့ပိုပြီးသွေးခွဲသလိုဖြစ်လာတယ်” ဟုကိုဒေါင်လွမ်းကဆိုသည်။
အင်အား၁ဝဝဝနီးပါးရှိကောင်းခါးပြည်သူ့စစ်ဟုအမည်ပေးထားသောဦးမထုနော်ဦးဆောင်သည့်ယခင် ကချင်ကာကွယ်ရေးတပ်KDAအဖွဲ့မှာရှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်အတွင်းအခြေစိုက်သည်။ ယမန်နှစ်ကပြည်သူ့စစ်အသွင်ပြောင်းလဲခဲ့ပြီးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကွတ်ခိုင်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးကျော်သူက တိုက်ရိုက်ကွပ်ကဲထားသည်။
ဦးမထုနော်နှင့်အဖွဲ့သည်၁၉၉ဝပြည့်နှစ်တွင်းKIOမှခွဲထွက်သွားပြီး၁၉၉၁နှစ်ဆန်းပိုင်းတွင်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။
KIOကိုတိုက်နိုင်ရေးအတွက်တရုတ်နယ်ကိုဖြတ်သန်းခွင့်အတွက်တရုတ်အစိုးရက ခွင့်ပြုပြီးဖြစ်သည်ဆိုသော သတင်းများနှင့်ပတ်သက်၍ “ဒီလိုအင်အားကြီးတရုတ်နိုင်ငံကဒီလိုလက်နက်ကိုင်တပ်ဖွဲ့သေးသေးလေးကို တိုက်ခိုက်သိမ်းပိုက်ဖို့ခွင့်ပြုလိုက်တယ်ဆိုရင်တော့သူတို့နိုင်ငံလည်းသိက္ခာရှိမှာမဟုတ်ဘူး။ခွင့်ပြုမယ်လို့ မထင်ဘူး” ဟုKIOဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူးဦးလနန်ကမဇ္စျိမကိုပြောသည်။
ယူနန်ပြည်နယ်ရင်ချန်း၊ရွှေလီ၊မန်ရှီစသည့်ဒေသများတွင်အဓိကတရုတ်ပြည်မှကချင်လူမျိုးများသာ အများအားဖြင့် နေထိုင်နေသည်ဆိုသည့် အချက်ကိုလည်း စဉ်းစားသင့်သည်ဟု သူက ဆိုသည်။
သို့သော်လည်းKIOအနေဖြင့်စစ်ရေးပြင်ဆင်မှုများအမြဲအသင့်ရှိနေပြီး၊ဇွန်လ၉ရက်နေ့မှယနေ့ထိ၃ ပတ်ကျော်ကြာ တိုက်ပွဲငယ်များ ဖြစ်ပွားနေသည်။
တနင်္လာနေ့ညနေတွင်လည်းကားမိုင်းမြို့နယ်လွယ်ဆိုင်းကျေးရွာနှင့်မအူပင်ကြားမှ ဂျန်မိုင်တောင်ကုန်းပေါ်၌
အစိုးရတပ်ရင်း၂၉၇နှင့်KIOတပ်ရင်း၆တပ်ဖွဲ့အကြား တိုက်ပွဲများ ဆက်လက်ရှိနေသေးသည်ဟုဆိုသည်။





maandag 27 juni 2011

ဒေါ်စုပြောတဲ့လူငယ်နှင့်အိုင်တီ

Rebecca Henschke တနင်္လာနေ့၊ ဇွန်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၀၈ မိနစ် .
(ရန်ကုန်)AsiaCallingမှRebeccaHenschkeနှင့်KBR68Hအင်ဒိုနီးရှားရေဒီယိုသတင်းဌါန၏အပတ်စဉ် ရေဒီယိုအစီအစဉ်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့မကြာသေးခင်ကပြုလုပ်သောတွေ့ဆုံမေးမြန်းခန်းတွင် မြန်မာလူငယ်များအကြောင်း၊ဆက်သွယ်ရေးနှင့်အိုင်တီနည်းပညာပြောင်းလဲမှုကြီးကို သတိထားမိကြောင်းလည်း ဒေါ်စုက ထည့်သွင်းပြောဆိုသွားသည်။
မွေးနေ့မှာ ဘာတွေလုပ်နေပါသလဲ။
“ကျမမွေးနေ့မှာအတော်များများခဲ့ပါတယ်။လူငယ်ဂီတပြိုင်ပွဲနောက်ဆုံးနေ့ကိုကျင်းပခဲ့ပါတယ်။လူငယ်တွေဘဝမှာ လုပ်စရာအလုပ်တခုခုအမြဲရှိနေတယ်ဆိုတာသိစေဖို့နဲ့သူတို့ထူးချွန်တဲ့နေရာမှာ အောင်မြင်စေရေးအတွက်လေ့ကျင့်ဖို့အခွင့်အလမ်းပေးခဲ့တာဖြစ်ပါတယ်။အခုကြားနေရတဲ့ဂီတဟာ ဒီပြိုင်ပွဲက ဂီတပါပဲ၊ ခု အကြို ဗိုလ်လုပွဲ အဆင့်ရောက်နေပါပြီ”
ဒီပြိုင်ပွဲမှာလူငယ်တွေနိုင်ငံရေးလူ့အခွင့်အရေးတွေအကြောင်းသီဆိုပြိုင်ပွဲဝင်နိုင်ပါသလား။
“ခုအထိတော့ကျမကြားရတဲ့သီချင်းအများစုဟာဒီ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးတွေ အကြောင်းပါပဲ”

သူတို့ ဒီသီချင်းတွေကို လူထုကြားထဲမှာကော ဖျော်ဖြေမှာလား။
“ဟုတ်ပါတယ်၊ရုံးမှာဒီသီချင်းတွေကိုသူတို့သီဆိုယှဉ်ပြိုင်ခဲ့ပြီးပါပြီ။ကျမမွေးနေ့မှာအများရှေ့မှာပဲနောက်ဆုံး ဗိုလ်လုပွဲအနေနဲ့ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ကြည့်ချင်နားထောင်ချင်တဲ့သူအားလုံးဒီပြိုင်ပွဲကို လွတ်လွတ်လပ်လပ် လာရောက် ကြည့်ရှုနိုင်ပါတယ်”
ဂျကာတာကိုရောက်လာတဲ့လူငယ်တချို့နဲ့စကားပြောကြည့်တော့နိုင်ငံရေးကို စိတ်မဝင်စားတဲ့အကြောင်း၊စိတ်ဝင်စားမှုလျော့ကျလာတဲ့အကြောင်းတွေပြောကြပါတယ် ဒါကိုကောသိပါသလား။
“လူငယ်တချို့ကစိတ်မဝင်စားတာရှိမှာပါဒါပေမဲ့တကယ့်ကိုစိတ်ဝင်စားတဲ့သူတွေလဲရှိပါတယ်။ဒီတော့ဘယ်လို လူငယ်တွေနဲ့ရှင်စကားပြောခဲ့သလဲဆိုတာပေါ်မူတည်မှာပါ။အခွင့်ထူးခံအသိုင်းအဝိုင်းကတော့ ဒီမိုကရေစီကိုစိတ်မဝင်စားတာနိုင်ငံရေးကိုစိတ်မဝင်စားတာရှိပါတယ်။ဒီလိုပဲဘဝကိုခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့လူငယ်တွေကလဲသူတို့နိစ္စဓူဝအလုပ်ထက်ပိုပြီးဘာကိုမှမစဉ်းစားအားဘူး။ဒါပေမဲ့ အခုပိုပြီးတွေ့လာရတာက သူတို့ဘဝတွေကို မကျေမနပ်ဖြစ်နေတဲ့ လူငယ်တွေဟာ အပြောင်းအလဲဖြစ်ဖို့ သူတို့တခုခုလုပ်မှ ဖြစ်တော့မယ် ဆိုတာကို တဖြည်းဖြည်း သိလာနေကြပါပြီ”
ဒေါ်စုမွေးနေ့မှာလူငယ်တွေကိုနိုင်ငံရေးအကြောင်းသီချင်းဆိုခိုင်းတဲ့စိတ်ကူးကလဲကြီးမားတဲ့ အပြောင်းအလဲပဲလား။
“ကျမတို့လူငယ်တွေဟာဒီမိုကရေစီနဲ့နိုင်ငံရေးအကြောင်းကိုအမြဲပဲသီဆိုနေကြပါတယ်။ဖိနှိပ်မှုတွေ ဘယ်လိုပဲရှိရှိ၊ကန့်သတ်မှုတွေဘယ်လိုပဲရှိရှိကျမတို့လုပ်သင့်တယ်ထင်တဲ့အလုပ်တွေကိုလုပ်ဖို့ အမြဲကြိုးစားနေပါတယ်။အခုထူးခြားတာကဒီလုပ်ငန်းမှာလူငယ်တွေပိုပြီးပါဝင်လိုကြတာကို တွေ့ရပါတယ်”
ပိုများလာတယ်ဆိုတာသံဃာတော်တွေအုံကြွမှုကာလကထက်ပိုများလာတာပါလား။
“အဲဒီအချိန်ကကျမကနေအိမ်အကျယ်ချုပ်ကျနေဆဲမို့ဒီအကြောင်းမသိပါဘူး။ဒါပေမဲ့သေချာတာကကျမနောက်ဆုံး နေအိမ် အကျယ်ချုပ် ချခံရတဲ့ ၈ နှစ်ကထက် စာရင်တော့ ပိုများလာပါတယ်”
ခုလိုနေအိမ်အကျယ်ချုပ်ချခံရလို့အဆက်ပြတ်နေရာကနေပြန်လွတ်လာတဲ့အခါတခြားဘာထူးခြားတဲ့ အပြောင်းအလဲတွေ တွေ့ရပါသေးလဲ။
“ဆက်သွယ်ရေးမှာတိုးတက်မှုကြီးအိုင်တီတော်လှန်ရေးကြီးလဲမြန်မာပြည်ရောက်လာတာကိုတွေ့ရပါတယ်။ တခြားနိုင်ငံတွေနဲ့စာရင်ရှေ့တန်းရောက်၊မရောက်မပြောနိုင်ပေမယ့်ဒီဆက်သွယ်ရေးတော်လှန်ရေးကြီးက အတိုင်းအတာတခုအထိမြန်မာနိုင်ငံကိုရောက်လာခဲ့တာသေချာပါတယ်။ဒါကြောင့်ပဲလူငယ်တွေဟာ ကျမတို့ လုပ်နေတာတွေကို စိတ်ဝင်စားလာကြတယ် ကျမတို့လုပ်နေတာတွေကို အမီလိုက်လာနိုင်ကြတယ်”
မိန့်ခွန်းတွေအမှာစကားတွေကိုအပြင်ရောက်အောင်ဗွီဒီယိုလင့်တွေတခြားဒစ်ဂျစ်တယ်နည်းလမ်းတွေသုံးပြီး လုပ်လာနိုင်တာတွေ့ရပါတယ်။ဒေါ်စုလုပ်နေတဲ့အရေးကိစ္စတွေအတွက်စည်းရုံးလှုံ့ဆော်မှုတွေလုပ်ဖို့ မြန်မာနိုင်ငံအပြင်ထွက်ပြီးတခြားနိုင်ငံတွေဥပမာအားဖြင့်ထိုင်းတရုတ်နိုင်ငံတွေကိုထွက်ပြီး မလုပ်နိုင်ဘူးလား။
“နောက်လအတွင်းမြန်မာပြည်ထဲမှာကျမခရီးထွက်မှာပါ။ဒီ့မတိုင်ခင်ရန်ကုန်မြို့ အပြင်မထွက်နိုင်တာကတော့ဒီမှာလုပ်စရာတွေအများကြီးရှိနေလို့ပါ။ဒါပေမဲ့ရန်ကုန်မြို့အပြင်ထွက်နိုင်ဖို့ အချိန်ရလာအောင် ကြိုးစားခဲ့ပါတယ်။
နောက်လထဲမှာစထွက်မှာပါ။မြန်မာပြည်အပြင်ထွက်ဖို့ဆိုတာကတော့ကျမထင်ပါတယ်နည်းနည်း စောပါသေးတယ်။ကျမနိုင်ငံပြင်ပထွက်သွားခဲ့ရင်လက်ရှိအစိုးရကကျမကိုပြန်လာခွင့်ပေးမယ်လို့ မထင်နိုင်သေးပါဘူး”
ဒါပေမဲ့မြန်မာနိုင်ငံအတွင်းတော့လွတ်လွတ်လပ်လပ်အကန့်အသတ်မရှိသွားနိုင်တယ်မဟုတ်လား။
“ကန့်သတ်မှုတွေလုပ်မလား မလုပ်ဘူးလားဆိုတာလဲ ကျမမသိပါဘူး။ သူတို့ အပေါ်ပဲ လုံးဝမူတည်ပါတယ်။ ဒါပေမယ့် ကျမမှာ ကိုယ့်နိုင်ငံတွင်း လွတ်လွတ်လပ်လပ် ခရီးထွက်ခွင့်ရှိတယ်လို့တော့ ထင်ပါတယ်”
လွတ်လာပြီးကတည်းကဘယ်နေရာတွေမှာအအောင်မြင်ဆုံးလုပ်ဆောင်နိုင်ခဲ့တယ်လို့ထင်ပါသလဲ။
“ကျမထင်တာဒီမိုကရေစီကွန်ရက်တွေဖွဲ့တာမှာအရှိန်အဟုန်သိပ်ကောင်းခဲ့တာအတွက်တော့အားရတယ်။ လူငယ်တွေပညာရေးတွေလိုကိစ္စတွေနဲ့ပတ်သက်လို့တခြားနိုင်ငံတွေထိကွန်ရက်ကကျယ်ပြန့်သွားပြီ။ ကွန်ရက်ကစုံပါတယ်။ကျန်းမာရေး၊ပညာရေး၊ရှေ့နေကွန်ရက်အတော်စုံတယ်။ပညာရေးကတော့ အဓိကပေါ့”
ဘာတွေများလဲ နည်းနည်း ထပ်ရှင်းပြလို့ရမလား။
“ကျမတို့အခမဲ့ကျောင်းတွေဖွင့်ခဲ့ပါတယ်။ ဒီကျောင်းတွေကို မျှော်လင့်မထားတဲ့နှုန်းနဲ့ကို တိုးဖွင့်နိုင်ခဲ့ပါတယ်။ သိပ်ကိုမြန်ပါတယ်။ဒီနည်းဟာအတော်အလုပ်ဖြစ်တယ်။ပညာရေးကမြန်မာပြည်မှာအတော်ဈေးကြီးတယ်။ တိုင်းပြည်ကဆင်းရဲပေမယ့်ပညာရေးစရိတ်ကအတော်ကြီးတယ်။အစိုးရကပေးတဲ့ပညာရေးက အခမဲ့မဟုတ်ဘူး။မိဘတွေကကျောင်းမထားနိုင်တဲ့ကလေးတွေကိုအခမဲ့ပညာရေးပေးနိုင်အောင်ကျမတို့ လုပ်နေတယ်”
ဒီလိုလူမှုရေးကိစ္စတွေလုပ်နေရုံနဲ့ မြန်မာနိုင်ငံမှာဒီမိုကရေစီရသွားလိမ့်မယ်လို့ထင်ပါသလား။
“သူတို့ လုပ်ချင်တာကိုလုပ်မှဖြစ်မယ်ဆိုတာကိုလူထုနားလည်စေချင်တာပါပဲ။တခြားလူတွေအပေါ် မှီခိုနေလို့ မဖြစ်ဘူး။အမှီခိုကင်းတဲ့စိတ်ဓါတ်ကိုရစေချင်လို့မှီခိုချင်တဲ့စိတ်ကိုလျော့ပါးအောင်လို့တချိန်တည်းမှာ လုပ်တတ် ကိုင်တတ်အောင်လဲ လုပ်ပေးနေတာ”
ဒေါ်စုအပေါ်မှာလူပုဂ္ဂိုလ်အနေနဲ့ရော၊ထင်ရှားတဲ့သူတဦးအနေနဲ့ရောမြန်မာနိုင်ငံအပြောင်းအလဲအတွက် သိပ်မှီခိုလွန်းနေတယ်လို့ ထင်ပါသလား။
“ကွန်ရက်တွေဖွဲ့စည်းတာကိုက ထိုင်နေလို့မရဘူး၊ သူများကိုအားကိုးလို့မရဘူး၊ ကိုယ့်ဘာသာလုပ်မှရမယ် ဆိုတာကို လူတွေသိစေချင်လို့ပါပဲ”
ခုလောလောဆယ်အရှေ့အလယ်ပိုင်းဒေသမှာအပြောင်းအလဲတွေအများကြီး ဖြစ်နေတာကိုတွေ့နေရပါတယ်။ မြန်မာပြည်မှာကော ဒီသတင်းတွေ ဖော်ပြခွင့် ပြုပါသလား။
“အရှေ့အလယ်ပိုင်းက အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ ဆင်ဆာဖြတ်တာ နည်းနည်းပါးပါးတော့ ရှိမယ်လို့ ကျမထင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူတွေကတော့ ဒီသတင်းတွေကို သိနေတာပါပဲ။ တကယ်စိတ်ဝင်စားရင် သတင်းဆိုတာ ရေဒီယိုတို့ အင်တာနက်တို့ကနေ ရနေတာပါ”
ဒီသတင်းတွေက လူတွေကို တစုံတရာ လှုံ့ဆော်ပေးနိုင်တယ်လို့ ထင်ပါသလား။
“ကျမတို့မြန်မာနိုင်ငံမှာလဲဒီလိုတွေဖြစ်လာနိုင်မလားလို့စဉ်းစားကြတာတွေရှိပါတယ်။အခုအရှေ့အလယ်ပိုင်းမှာ
ဖြစ်နေတာတွေကမြန်မာနိုင်ငံမှာ၁၉၈၈ခုနှစ်နဲ့၂ဝဝ၇နှစ်ကဖြစ်ခဲ့တာတွေနဲ့ နှိုင်းယှဉ် ပြောဆိုလာတာတွေလဲ ရှိလာပါတယ်”
ဆွေးနွေးဝိုင်းတွေမှာသောတရှင်တွေအမေးများတာကမြန်မာပြည်ဒီမိုကရေစီရရှိရေးတိုက်ပွဲမှာ အပြင်ကလူတွေ ဘာလုပ်ပေးနိုင်မလဲ ဆိုတာပါ။
“ပထမဆုံးအချက်ကတော့ကျမတို့မြန်မာနိုင်ငံမှာဘာတွေဖြစ်နေတယ်ဆိုတာလူတွေသိနေဖို့လိုပါတယ်။ကျမတို့ စိတ်ပူတာ ပြီခဲ့တဲ့နှစ် နိုဝင်ဘာလက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေအပေါ်မှာ သိပ်ထင်ထားကြမှာကိုပါပဲ။
ရွေးကောက်ပွဲတွေလဲလုပ်ပြီးပြီအရပ်သားအစိုးရဆိုတာကြီးလဲပေါ်လာပြီ၊မြန်မာပြည်မှာနောက်ထပ် လုပ်စရာဘာမှမကျန်တော့ဘူးလို့လူတွေထင်မသွားကြဖို့ လိုပါတယ်။ လွန်ခဲ့တဲ့ရက်အနည်း ငယ်အတွင်းကပဲ ကချင်လွတ်လပ်ရေးအဖွဲ့နဲ့အစိုးရတပ်အကြားတိုက်ပွဲတွေပြန်ဖြစ်ခဲ့တာကိုသိလိမ့်မယ်ထင်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း၂ဝနီးပါးအပစ်အခတ်ရပ်ထားရာကနေခုလိုတိုက်ပွဲတွေ ပြန်ဖြစ်လာတယ်ဆိုတာ ဆုတ်ယုတ်တာကို ပြတာပဲ။ ဒါကြောင့် ငြိမ်းချမ်းရေး ဒီမိုကရေစီရေးတို့မှာ တိုးတက်မှုတွေရှိနေပြီလို့ အလွယ်တကူ ပြောလို့တော့မရဘူးလို့ ကျမထင်ပါတယ်”
တိုက်ပွဲတွေဖြစ်နေတာဟာတရုတ်ပြည်ကရေအားလျှပ်စစ်စီမံကိန်းတွေတည်ဆောက်နေတဲ့ မဟာဗျူဟာကျတဲ့နေရာတွေမှာဖြစ်နေတာဆိုတော့အဲဒီနေရာတွေမှာအခြေအနေတွေဘယ်လိုရှိတယ်လို့ သိထားပါသလဲ။
“ရေဒီယိုမှာကြားတာထက်တော့ကျမတို့ပိုမသိပါဘူး။နယ်စပ်ဒေသမှာဘာတွေဖြစ်နေတယ်ဆိုတာ ကချင်ခေါင်းဆောင်တွေပြောတာကြားပါတယ်။တရုတ်နိုင်ငံကကြားဝင်ဆောင်ရွက်ပေးစေလိုတယ်လို့ သူတို့ပြောတာလဲ ကြားပါတယ်”
တိုင်းရင်းသားအရပ်သားတွေထောင်ပေါင်းများစွာထိုင်းနဲ့တရုတ်နိုင်ငံကိုတိုက်ပွဲတွေဖြစ်လို့ ထွက်ပြေးနေရတယ်လို့လဲကြားပါတယ်။ထိုင်းနိင်ငံကလဲမြန်မာပြည်ကနောက်ထပ်ဒုက္ခသည်တွေ သူတို့ဆီ ရောက်လာတာကိုလက်မခံချင်တော့သလိုလဲရှိပါတယ်။တရုတ်ကလဲ ဒီဒုက္ခသည်တွေကို လွန်ခဲ့တဲ့ ၃ရက်က နယ်စပ်ဖြတ်ကျော်ခွင့်မပေးခဲ့ပါဘူး။မကြာခင်ကမ္ဘာ့ဒုက္ခသည်နေ့လဲရောက်ပါတော့မယ်။အိမ်နီးချင်းနိုင်ငံ တွေကိုဘာများပြောချင်ပါသလဲ။
“ပထမဆုံးပြောချင်တာကတော့ဒုက္ခသည်ဆိုတာဖြစ်ချင်လို့ဖြစ်ရတာမဟုတ်ပါဘူး။အခြေအနေအရ မလွှဲမရှောင်သာလို့ဒုက္ခသည်ဖြစ်လာရသူတွေပါ။သူတို့နိုင်ငံထဲနောက်ထပ်ဒုက္ခသည်တွေ ဝင်မလာစေချင်ရင်ပြည်တွင်းရေး ပြဿနာတွေကိုငြိမ်းငြိမ်းချမ်းချမ်းနဲ့ဖြေရှင်းနိုင်အောင်မြန်မာနိုင်ငံကို သူတို့ကူညီသင့်တယ်လို့ ကျမထင်ပါတယ်။ဒီလိုငြိမ်းငြိမ်းချမ်းချမ်းနဲ့ဖြေရှင်းဖို့ဆိုတာကျမတို့လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ လုံး ကြိုးစားခဲ့တဲ့ ကိစ္စပါပဲ”
မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေညီညွတ်ရင်အစိုးရပြုတ်ကျမယ်လို့ ထင်ပါသလား။
“ညီညွတ်ရေးဆိုတာအပတ်တကုတ်လုပ်ရတဲ့ဟာမျိုး၊အထူးသဖြင့်တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့နိုင်ငံမှာ အတော်အပတ်တကုတ် လုပ်မှရမယ်။ ညတွင်းချင်း ဒီလို ညီညွတ်သွားကြလိမ့်မယ်လို့တော့ ကျမ မထင်ဘူး။ တချိန်လုံးကြိုးစားရမယ့်အရာပဲ။အချင်းချင်းပစ်တာခတ်တာကတော့ညီညွတ်ရေးအတွက် အဖြေမဟုတ်ပါဘူး”
ဒါဆိုရင်ဒီအဖွဲ့အစည်းတွေကိုပိုပြီးငြိမ်းငြိမ်းချမ်းချမ်းချဉ်းကပ်လုပ်ဆောင်စေချင်တာပါလား။သူတို့ရဲ့ လက်နက်ကိုင် တိုက်ပွဲကိုကော ထောက်ခံပါသလား။
“တိုင်းရင်းသားလူနည်းစုတွေအပေါ်မှာပဲအကုန်လုံးမူတည်တယ်လို့ကျမမထင်ပါဘူး။အစိုးရပေါ်မှာပဲပိုတာဝန်ရှိတယ်လို့ ကျမထင်ပါတယ်။ တိုင်းပြည်မှာ အပစ်အခတ်ရပ်စဲထားမလား မထားဘူးလားဆိုတာ ဆုံးဖြတ်နိုင်ခွင့်ကလဲ သူတို့မှာဘဲ ရှိတာကိုး”
ငြိမ်းငြိမ်းချမ်းချမ်းပျော့ပျော့ပျောင်းပျောင်းချဉ်းကပ်လုပ်ဆောင်တာထက်စာရင်အစိုးရကိုစစ်ပုံစံပိုဆန်တဲ့ အုံကြွမှုမျိုး လုပ်ဖို့လိုတယ်လို့ကော ထင်ပါသလား။
“ငြိမ်းငြိမ်းချမ်းချမ်းပျော့ပျော့ပျောင်းပျောင်းဆိုတာလဲလမ်းမှန်တော့မဟုတ်ဘူး ထင်ပါတယ်။ ငြိမ်းချမ်းဖို့တော့ လိုတယ်ပျော့နေလို့တော့မဖြစ်ဘူး။ဂန္ဓီကြီးကပြောခဲ့တယ်။အကြမ်းမဖက်လမ်းကိုလိုက်ရတာ အကြမ်းဖက်လမ်းကိုလိုက်ရတာထက်သတ္တိပိုရှိဖို့လိုတယ်တဲ့။ဘာလို့လဲဆိုတော့ပိုကြိုးကြိုးစားစား ခက်ခက်ခဲခဲလုပ်ရမှာမို့တဲ့။ကျမတို့ငြိမ်းချမ်းတဲ့လမ်းကိုရွေးတာကျမတို့ပျော့တဲ့လမ်းကိုရွေးတယ်လို့တော့ မဆိုလိုပါဘူး”
မြန်မာနိုင်ငံကရေနက်ဆိပ်ကမ်းလိုစီးပွါးရေးစီမံကိန်းတွေမှာပါဝင်လုပ်ဆောင်နေကြတဲ့အိန္ဒိယနဲ့ ထိုင်းနိုင်ငံကသောတရှင်တွေအနေနဲ့ကကောသူတို့နိုင်ငံကလူထုအခြေပြု အဖွဲ့အစည်းတွေကမြန်မာနိုင်ငံမှာ သူတို့အစိုးရတွေက လုပ်နေတဲ့ စီးပွါးရေး လုပ်ငန်းတွေအပေါ် ဘယ်လိုဖိအားမျိုးတွေပေးနိုင်ပါသလဲ။
“ရေတိုအကျိုးစီးပွါးကိုကြည့်တာထက် ရေရှည်မှာဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တာဝန်သိသိ ကြည့်ကြဖို့ သူတို့အစိုးရတွေကို ဆွဲဆောင်သိမ်းသွင်းနိုင်ရင် ကောင်းပါတယ်။ နှစ်နိုင်ငံအကြား အရေးအကြီးဆုံး အချက်က အစိုးရနှစ်ရပ်ကြား ဘယ်လောက်သင့်မြတ်တယ်ဆိုတာ မဟုတ်ဘူး၊ ရေရှည်မှာ နှစ်နိုင်ငံပြည်သူတွေဘယ်လောက်သင့်မြတ်အဆင်ပြေတယ်ဆိုတာကပိုအရေးကြီးတယ်လို့ ကျမထင်တယ်။နှစ်နိုင်ငံပြည်သူတွေကြားကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့ဆိုတာသူတို့ဘယ်လောက် မျှမျှတတယှဉ်ပြိုင်လုပ်ကိုင်ခွင့်ရတယ်ဆိုတဲ့အပေါ်မူတည်တယ်ဆိုတာသူတို့အစိုးရတွေ သိအောင်လုပ်ပေးနိုင်ရင် ပိုကောင်းတယ်လို့ ကျမထင်ပါတယ်”
အခုလောလောဆယ်ဘယ်နေရာတွေမှာမျှမျှတတမရှိဘူးလို့ထင်ပါသလဲ။ဒီဖွံ့ဖြိုး တိုးတက်မှုတွေကမြန်မာပြည်သူတွေအတွက် ဘာမှ အကျိုးမရှိဘူးလား။
“ဒါတကယ့်ကို မမျှတတာပါ။ မြန်မာပြည်ထဲမှာရှိတဲ့ လူတချို့အတွက်တော့ အကျိုးရှိပါတယ်။ မြန်မာပြည်သူ အများစုကြီးအတွက် အကျိုးရှိတယ်လို့တော့ ကျမ မထင်ပါဘူး”
မွေးနေ့အတွက် ဆုတောင်းရမယ်ဆို ဘာဆုကိုတောင်းမလဲ။
“ရှင်းရှင်းလေးပါ၊ဒါကျမတို့အားလုံးကြာရှည်ကြာများအတူတူတောင်းနေကြတဲ့ဆုဖြစ်လိမ့်မယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေး အမြန်ဆုံးရပါစေလို့ပဲ ဆုတောင်းပါမယ်”
ဒါဖြစ်နိုင်လိမ့်မယ်လို့ကောထင်ပါသလား။ဒါတနေ့မှာတကယ်ဖြစ်လာလိမ့်မယ်လို့ကောထင်ပါသလား။
“သိပ်ကိုမျှော်လင့်ပါတယ်။ ကျမတို့လုပ်နိုင်တာနဲ့အမျှ ရမှာပါပဲ။ ကြိုးကြိုးစားစားလုပ်ရင် အောင်မြင်မှာပါ”
တချို့က မေးခိုင်းပါတယ်။ ဒေါ်စုကို ဘယ်အရာတွေက ရယ်မောစေပါသလဲတဲ့။
“ကျမကိုရယ်အောင်လုပ်နိုင်တာအများကြီးရှိပါတယ်။တခါတရံအစိုးရလုပ်နေတာတွေကလဲရယ်ရတာဘဲ။ တခါတရံ သူတို့လုပ်တာ သိပ်ကို ရယ်စရာကောင်းတယ် ဟာသတွေပဲ။ မငိုချင်ရင် ရယ်နေမှ ရမှာ”