မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 1 juli 2011

နယ်ခြားစောင့်အဟောင်း-အသစ်တိုက်ပွဲဖြစ်

ကိုဝိုင်း သောကြာနေ့၊ ဇူလိုင်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၇ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်ပြန်လည်ဖြစ်သွားသော နယ်ခြားစောင့်တပ်ဖွဲ့ဝင်ဟောင်းများနှင့်အစိုးရတပ်များပါဝင်ပူးပေါင်းထားသည့်လက်ကျန်နယ်ခြားစောင့် တပ်ဖွဲ့ဝင်များအကြားကရင်ပြည်နယ်လှိုင်းဘွဲနှင့်ဖိပွန်မြို့နယ်တို့တွင်တိုက်ပွဲများဖြစ်နေကြောင်းDKBA ဗျူဟာမှူး ဗိုလ်မှူးကျော်သက် က ပြောသည်။
တပ်ရင်းမှူးဗိုလ်မှူးစိုးနိုင်ဦးစီးသောနယ်ခြားစောင့်တပ်အမှတ်၁ဝ၁၁နှင့်အစိုးရတပ်မှတပ်မ၄၄၊၆၆၊၂၂တို့ ပူးပေါင်းတပ်ဖွဲ့များနှင့်တပ်ရင်းမှူးစောဘိဦးစီးသောDKBAများကြာသပတေးနေ့ညနေကကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲရှိ တခေါ့ဖိုးရွာအနီး၌ တနာရီကျော် တိုက်ပွဲဖြစ်သည်ဟု ဆိုသည်။
တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်ပြန်လည်ဖြစ်သွားသောနယ်ခြားစောင့် တပ်ဖွဲ့ဝင်ဟောင်းများ (ဓါတ်ပုံ မဇ္ဈိမ)
တိုက်ပွဲတွင်နယ်ခြားစောင့်တပ်ဘက်မှဗိုလ်မှူးစိုးနိုင်ကျဆုံးသည်ဟုသတင်းထွက်ပေါ်နေသော်လည်းDKBA နှင့် KNU က အတည်မပြုနိုင်သေးဟု ဆိုသည်။
ဇွန်လ၂၉ရက်ညကလည်းသံလွင်မြစ်အနောက်ဘက်ဖာပွန်မြို့နယ်ကမမောင်းရွာအနီး၌အစိုးရတပ်များနှင့်
ဖြစ်ပွားရာ အရပ်သားတဦး သေဆုံးသည်ဟု ဗိုလ်မှူးကျော်သက်က ပြောသည်။
“ သူပစ်ကိုယ်ပစ်လေဘယ်သူ့လက်နက်ထိတယ်ဆိုတာပြောလို့မရသေးဘူး” ဟု သူက ပြောသည်။
သောကြာနေ့တွင်တိုက်ပွဲများဆက်ဖြစ်သည်ဟုမကြားရသေးသော်လည်းနှစ်ဖက်တပ်စွဲထားပြီး တဖက်နှင့်တဖက် ခြေလျင်တနာရီအကွာ၌ ရင်ဆိုင်အနေအထားဖြင့် အသင့်ရှိနေကြသည်ဟု ဆိုသည်။
တိုက်ပွဲနေရာသည်သံလွင်အနောက်ခြမ်းသထုံ-ကမမောင်း-ဖာပွန်ကားလမ်း၊အရှေ့ခြမ်းဘားအံ-သခေါ့ဖိုး ကားလမ်းတို့နှင့် နီးပြီး KNLA၏ဘားအံခရိုင်တပ်မဟာ ၇၊ဖာပွန်ခရိုင်တပ်မဟာ၅၊သထုံခရိုင် တပ်မဟာ ၁ စသည့် တပ်မဟာ ၃ ခု ဆက်စပ်နယ်မြေ ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNUအတွင်းရေးမှူး ၁ ဗိုလ်မှူးလှငွေကပြောပြသည်။
KNLAတပ်မဟာ၅နယ်မြေအတွင်း၌အစိုးရနယ်မြေခံတပ်မ၁ဝ၁နှင့်အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းပေါင်း၁၁ရင်း၊တပ်မဟာ၇နယ်မြေအတွင်း၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် စကခ၁၂လက်အောက်ခံတပ်ရင်း ပေါင်း ၁၂ ရင်းခန့် လှုပ်ရှားနေကြောင်း ဗိုလ်မှူးစောလှငွေက ပြောသည်။



ကချင်ပြည်နယ်စစ်ရပ်ဆိုင်းရန်ပါတီ၂ခုပြောဆို

ထွန်းထွန်း သောကြာနေ့၊ ဇူလိုင်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၃ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ကချင်လွတ်မြောက်ရေးအဖွဲ့KIOနှင့်အစိုးရပ်တပ်များအကြားဖြစ်ပေါ်နေသည့်စစ်ပွဲများ ရပ်ဆိုင်းရန်အတွက် လွှတ်တော်တက်ပါတီနှစ်ခုက ပြောဆိုလိုက်သည်။
KIOနှင့်အစိုးရတပ်များအကြားဇွန်လ၉ရက်နေ့ကတိုက်ပွဲများစတင်ဖြစ်ပေါ်လာခဲ့ရာမှ၂၃ရက်အကြာ၌ အမျိုးသားဒီမိုကရေစီအင်အားစုပါတီNDFနှင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတစညတို့က ယခုကဲ့သို့ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အဓိကကတော့ပြဿနာတခုကိုရှင်းတဲ့နေရာမှာအခြေခံရင်းမြစ်ကိုမရှင်းဘဲနဲ့ပတ်ပတ်လည်ကလိုက်ရှင်းလို့ ရှိရင်ပြဿနာတခုကပြေလည်ဖို့အကြောင်းမရှိပါဘူး။အဲဒီတော့ကျနော်တို့ဖြစ်စေချင်တာကတော့ အမျိုးသား
ပြန်လည်ရင်ကြားစေ့ရေးကို ရောက်စေချင်တယ်ဆိုရင်တော့စစ်ပွဲတွေကိုရပ်လိုက်ပါ”ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။
တစညပြောခွင့်ရဦးဟန်ရွှေကလည်း“အပစ်အရပ်ရပ်စဲရေးဆိုတာကိုကျနော်တို့ကအများကြီး ကြိုဆိုပါတယ်။
ထောက်ခံပါတယ်။ဒါပေမဲ့အခုပြန်ဖြစ်သွားတဲ့အခါကျတော့အဓိကကတော့အဖွဲ့အစည်းဆိုတာထက် ပြည်သူတွေဒုက္ခရောက်ကြတယ်။ထိခိုက်နစ်နာကြတယ်။ဒီဟာကိုတော့မလိုလားပါဘူး။ဒီတော့ တတ်နိုင်သမျှ ပြေပြေလည်လည် ရှိဖို့ လိုတယ်” ဟု ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယနေ့ အထူးအစည်းအဝေးအား ကြာသပတေးနေ့တွင် ကျင်းပစဉ် ကြံ့ခိုင်ရေးပါတီထီးချိုင့်မြို့နယ်အမတ်ဦးစန်းမောင်က“ကချင်ပြည်နယ်အခြေစိုက်KIAအဖွဲ့၏ ကချင်ပြည်နယ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုများကိုတားမြစ်ခြင်း၊လုပ်ငန်းများ မအောင်မြင်အောင်နှောင့်ယှက်ခြင်း”တို့အပေါ်ကန့်ကွက်သည့်အဆိုတင်သွင်းခဲ့ကြောင်း သောကြာနေ့ထုတ် အစိုးရသတင်းစာ မြန်မာ့အလင်းတွင် ပါရှိလာခဲ့သည်။
KIAတပ်များကကချင်ပြည်နယ်မလိခမမြစ်အရှေ့ဘက်ကမ်းလာဆာရေအားလျှပ်စစ်စီမံကိန်းရှိတရုတ်လူမျိုး ဝန်ထမ်းများအားအနောက်ဘက်ကမ်းသို့၂ရက်အတွင်းပြောင်းရွှေ့ရန်နှင့်အရှေ့ဘက်ကမ်းတွင် စခန်းတိုးချဲ့နေမှုကိုအမြန်ရုပ်သိမ်းရန်မေလ၅ရက်နေ့ကခြိမ်းခြောက်ဟန့်တားမှုများ ပြုလုပ်ခဲ့ကြောင်း အစိုးရအာဘော်သတင်းစာတွင်စွပ်စွဲပြီးနောက်လွှတ်တော်တွင်း၌KIAအားကန့်ကွက်သည့်အဆို ပေါ်ထွက်ခဲ့ခြင်းလည်း ဖြစ်သည်။
ကချင်ပြည်နယ်တွင်းတိုက်ပွဲဖြစ်သည့်အပေါ်လတ်တလောဖြစ်ပွားနေသည့်တိုက်ပွဲများနှင့်ပတ်သက်ပြီး မည်သည့်လွှတ်တော်များအတွင်းမဆိုတဖက်ဖက်အားဆန့်ကျင်ကန့်ကွက်မှုများပြုလုပ်နေမည့်အစား စစ်ရပ်ဆိုင်းရေးကိုသာ အဓိကဦးတည်ကြစေလိုကြောင်း NDF နှင့် တစည က ရှုမြင်သည်။
“ဒီလိုတဖွဲ့တသင်း၊တဦးတယောက်ကနေပြောတဲ့စကားတခုတည်းနဲ့ကတော့လည်းသိပ်အရာမရောက်ပါဘူး။ အဓိကကဟိုမှာဖြစ်နေတဲ့ဟာကိုကျနော်တို့ကဒီကပြောနေရုံနဲ့လည်းဖြစ်နေတဲ့ဥစ္စာကလျော့သွားမှာ၊ တိုးလာမှာမဟုတ်ပါဘူး။ဖြစ်သင့်တာကတော့ဟိုဘက်ပဲစတိုက်တိုက်၊ဒီဘက်ကပဲစတိုက်တိုက် တိုက်တာကတော့ မလိုလားဘူး” ဟု ဦးခင်မောင်ဆွေက ဆိုသည်။
ဦးဟန်ရွှေကလည်း“သူလွန်တယ်၊ကိုယ်လွန်တယ်ဆိုတာထက်ဘုံရပ်တည်ချက်ပေါ်မှာလုပ်ကိုင်ဆောင်ရွက် သွားဖို့ဆိုတဲ့ဟာကိုပြောရမယ့်သဘောရှိတယ်။တိုင်းရင်းသားတွေကြားထဲမှာမကျေမလည်ဖြစ်ကြတဲ့ အခြေအနေအရပ်ရပ်တွေကိုအားလုံးကျေကျေလည်လည်ဖြစ်အောင်ဘုံရပ်တည်ချက်ဖြစ်တဲ့ အေးချမ်းသာယာရေး၊တည်ငြိမ်အေးချမ်းရေး၊နောက်တခါစည်းလုံးညီညွတ်ရေး၊ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ဘုံရပ်တည်ချက်တွေအပေါ်မှာ အခြေခံပြီး လုပ်ကြဖို့ကတော့ ကျနော်တို့ ရပ်တည်ချက်ပါပဲ” ဟု ဆိုသည်။
ဦးစန်းမောင်၏ကန့်ကွက်လွှာတွင်“ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား ဝန်ထမ်းများကိုခြိမ်းခြောက်ခြင်း၊ဟန့်တားနှောင့်ယှက်ခြင်း၊ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အရပ်သားများအားKIA မှ ဖမ်းဆီးခေါ်ဆောင်ခြင်း” များ ရှိသည်ဟု ဆိုထားသည်။
လမ်းပန်းဆက်သွယ်ရေးအတွက်အဓိကကျသည့်တံတား၂၅စင်းကိုဇွန်လ၁၄-၁၆ရက်အတွင်း ဖျက်ဆီးခဲ့သဖြင့်ဒေသဖွံ့ဖြိုးရေးအတွက်ထိခိုက်နစ်နာကြောင်းအစိုးရကစွပ်စွဲထားကာ၊ တာပိန် ရေအားလျှပ်စစ်စက်ရုံနှင့် တာဝါတိုင်များကို မိုင်းထောင်ဖောက်ခွဲခဲ့သည့်အတွက် တရုတ်နိုင်ငံသား ဝန်ထမ်း ၂၁၅ ဦး ပြန်သွားခဲ့ကြောင်းနှင့်ယင်းကြောင့်စက်ရုံပိတ်သိမ်းခဲ့ရပြီးနစ်နာမှုများ ရှိခဲ့ကြောင်း ဇွန် ၁၈ ရက်ထုတ် မြန်မာ့အလင်းစာ၌ဖော်ပြထားသေးသည်။
ဦးစန်းမောင်၏ကန့်ကွက်လွှာကိုချင်းတိုးတက်ရေးပါတီCPPဥက္ကဋ္ဌဖြစ်သူ စစ်ကိုင်းတိုင်း တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဦးနိုထန်ကပ်ကအစည်းအဝေးတွင်ထောက်ခံခဲ့သည်။မည်သို့သောကြောင့် ထောက်ခံရသည်ကိုအသေးစိတ်သိနိုင်ရန်ဆက်သွယ်ခဲ့သော်လည်းသူက“မအားသေး”ဟု ဆိုကာ ဖုန်းချသွားခဲ့သည်။
ဦးခင်မောင်ဆွေက“ဘယ်သူကပဲကန့်ကွက်ကန့်ကွက်၊ဘယ်သူကပဲထောက်ခံထောက်ခံဒီဟာက သိပ်အရေး မကြီးတော့ပါဘူး။အရေးကြီးတာကစစ်ကိုဘယ်လိုရပ်မလဲ။စစ်ကိုရပ်ပြီးတော့ကာပြဿနာတွေကို ဘယ်လိုဖြေရှင်းအောင် လုပ်မလဲဆိုတဲ့အထိ သွားနိုင်ဖို့သာလျှင် လိုလားပါတယ်” ဟု ပြောသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် အစိုးရတပ်များအကြား ဇွန် ၉ ရက်နေ့၌ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ဇွန် ၂၇ ရက်အထိ ဖြစ်ပွားခဲ့ရာမှ ယခုအခါ ငြိမ်သက်နေသည်။
“အစကောင်းမှအနှောင်းသေချာမယ်ဆိုတာရှိတယ်။လတ်တလောဆေးမီးတိုနဲ့မရဘူးဗျ။ ဖြစ်လာခဲ့တဲ့ဟာက သမိုင်းကြောင်းနဲ့ချီပြီးဖြစ်လာခဲ့တာ။ဒီတော့ တခုကောင်းဆေးမီးတိုနဲ့ မရဘူး။ အခြေခံအကြောင်းရင်းတွေကို ရှာပြီးတော့အဲဒီအကြောင်းရင်းတွေမဖြစ်ပေါ်စေနဲ့ပေါ့လေ။အဲဒါတွေကိုရှာဖွေပြီးတော့ တည်ဆောက်သွားမှရမယ်ထင်ပါတယ်။အချိန်ယူရမယ်။ချက်ချင်းကြီးလုပ်လို့မရဘူး”ဟု ဦးဟန်ရွှေက ဆိုသည်။
သူက ဆက်ပြီး “များသောအားဖြင့်ကတော့ ကိုယ့်အချင်းချင်းတည်ဖို့။ ပြည်ပ ပယောဂကို အခြေခံပြီးတော့၊
ဖြစ်လာကြတဲ့အပေါ်မှာ တတ်နိုင်သမျှ ကျနော်တို့က ပြည်ပ ပယောဂ မပါဘဲနဲ့ မိသားစုချင်း၊ တိုင်းရင်းသား အချင်းချင်း ရှင်းရင်တော့ရမယ်လို့ထင်တယ်”ဟု ပြောသည်။ ပြည်ပ ပယောဂဆိုသည်မှာ မည်သည့်နိုင်ငံကို ညွှန်းဆိုကြောင်းပြောဆိုခြင်း မပြုပါ။
ဦးဟန်ရွှေ ရှုမြင်သကဲ့သို့ပင် ဇွန် ၃ဝ ရက်တွင် အစိုးရဘက်မှ စေလွှတ်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် KIO အကြား စစ်ရပ်ရေး ဆွေးနွေးပွဲလုပ်ခဲ့ရာ ဤသည်မှာ ပဏာမတွေ့ဆုံမှုအဖြစ် KIOတွဲဘက်အတွင်းရေးမှူး ဦးလနန်က မဇ္ဈိမကို ကြာသပတေးနေ့တွင် ပြောဆိုခဲ့သည်။
“သူတို့ဘက်ကတဖက်သတ်အပစ်ရပ်ဆိုင်းထားတယ်ဆိုတာကို ခိုင်မာမှု သက်သေရှိရမယ်။ အဲဒီအချက်တွေ လုပ်ပေးနိုင်တယ်ဆိုရင် ကျနော်တို့ဘက်က ရှေ့တန်းတွေ ရုပ်သိမ်းဖို့ ညွှန်ကြားမှာပါ။ အဲဒီ ညွှန်ကြားမှုပြီးရင် သူတို့စစ်တပ်ဖြစ်ဖြစ်၊အစိုးရဖြစ်ဖြစ်နဲ့ကျနော်တို့က အပစ်အခတ် ရပ်ဆိုင်းရေးတခုကို လက်မှတ်ထိုးကြမယ်” ဟု သူက ဆိုသည်။
NDFကလည်းအစိုးရအနေဖြင့်တိုက်ပွဲများခေတ္တရပ်ဆိုင်းနေပြီဖြစ်သော်လည်းလက်တွေ့ကျသည့် စေ့စပ်ညှိနှိုင်းမှုနှင့်ကတိကဝတ်များကိုတရားဝင်အသိအမှတ်ပြုဖြစ်အောင်ပြုလုပ်ရန်လိုအပ်နေပြီး စစ်တိုက်နေခြင်းမှာ အဖြေမဟုတ်ဟု ဆိုသည်။
“ပင်လုံသဘောထားတွေကိုထင်ဟပ်ပြီးတော့ကာနှစ်ဖက်ကတိကဝတ်တွေကိုချမှတ်ပြီးတော့စာရွက်ပေါ်မှာ တိုင်းသိပြည်သိ၊ကမ္ဘာသိလက်မှတ်ထိုးပြီးတော့သဘောတူညီချက်တွေမရဘဲနဲ့တော့ဖြင့်ဒီကိစ္စတွေကို ဆက်တိုက်လို့မသင့်တော်ပါဘူး။တိုက်ခြင်းဟာလည်းအဖြေမဟုတ်ပါဘူး”ဟု ဦးခင်မောင်ဆွေက ပြောသည်။
ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်တွင်ယခုကိစ္စနှင့်ပတ်သက်၍၎င်းတို့ပါတီအနေဖြင့် တင်ပြသွားမည်ဟု ဆိုသည်။
KIOကလည်းတိုင်းရင်းသားများတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံသည့် ပင်လုံ သဘောတူညီချက် အတိုင်း ဆောင်ရွက်နိုင်ပါက လက်နက်ကိုပင် စွန့်လွှတ်သွားမည်ဟု ပြောဆိုခဲ့ဖူးသည်။





donderdag 30 juni 2011

ဒေါ်အောင်ဆန်းစုကြည်သားနှင့်အတူပုဂံသို့ဘုရားဖူးသွားမည်

လင်းသန့်Thursday,30 June 2011 17:20 .
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်မိသားစုခရီစဉ်အဖြစ်သားဖြစ်သူ ကိုထိန်လင်းနှင့်အတူမြန်မာနိုင်ငံအလယ်ပိုင်းမန္တလေးတိုင်းပုဂံဒေသသို့ဘုရားဖူး သွားရောက်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဇွန်လ၁၉ရက်နေ့ကရန်ကုန်လေဆိပ်သို့ရောက်ရှိလာသောသားငယ်ကိုထိန်လင်းနှင့်အတူတွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ-AP)
ယင်းခရီးစဉ်နှင့်ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးကိစ္စများတာဝန်ယူဆောင်ရွက်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီခေါင်းဆောင်တဦးဖြစ်သည်ဗိုလ်ကြီးဟောင်းဦးဝင်းထိန်ကို မေးမြန်းရာခရီးစဉ်မှန်ကန်ကြောင်းပြောဆိုအတည်ပြုသော်လည်းအသေးစိပ်ပြောဆိုရန်ငြင်းဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်သားဖြစ်သူကိုထိန်လင်းတို့သည်လာမည့်ဇူလိုင်လ၄ရက်နေ့တွင်ပုဂံဒေသသို့ လေယာဉ်ဖြင့်သွားရန်စီစဉ်ထားကြောင်းသိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းနေပြည်တော်အပါအ၀င်မန္တလေးမြို့နှင့်ပြင်ဦးလွင်မြို့များတွင်တချိန်တည်း ဗုံးပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပေါ်ခဲ့ရာဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအတွက်စိုးရိမ်မှုများ တိုးပွားစေခဲ့သည်။
ထို့အပြင်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်ယခုကဲ့သို့ရန်ကုန်ပြင်ပခရီးထွက်မည့်အပေါ်အစိုးရသတင်းစာ တစောင်တွင်လုံခြုံရေးနှင့်ပတ်သက်ပြီးသတိပေးထားသည့်စကားရပ်များဖော်ပြထားသည်။ထို့အပြင် ပြည်ထဲရေးဝန်ကြီးကလည်းအကြောင်းကြားစာပို့ထားသည်များကြောင့်ဒေါ်အောင်ဆန်းစုကြည်နှင့်NLD အတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။
ယမန်နေ့ထုတ်အစိုးရကြေးမုံသတင်းစာတွင်ဆောင်းပါးရှင်ပြည့်စုံအောင်၏“ရွေးချယ်ခွင့်က လက်ထဲမှာ”ဆောင်းပါးတွင်ဒေါ်အောင်ဆန်းစုကြည်မကြာခင်နယ်ခရီးထွက်မည်ဆိုသည့်အပေါ်“မည်သို့ ပင်ဆိုစေဒေါ်အောင်ဆန်းစုကြည်နယ်ထွက်လာလျှင်မြောက်မြားလှစွာသောယခင့်ယခင် သာဓကများနည်းတူရုတ်ရုတ်သဲသဲလှုပ်လှုပ်ရှားရှားတွေဖြစ်လာမှာကိုကျနော်တို့စိုးရိမ်မိသည်။ စိုးရိမ်လောက်စရာ အကြောင်းတွေလည်း အခိုင်အမာပင်ရှိနေသည်”ဟု ဖော်ပြထားသည်။
အစိုးရပြည်ထဲရေးဝန်ကြီးဌာန၏ဇွန်လ၂၈ရက်နေ့စွဲဖြင့်ဥက္ကဌဦးအောင်ရွှေနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ထံ ပေးပို့လာသောစာနှင့်ပတ်သက်ပြီး(NLD)အားအင်အားသုံးဖျက်သိမ်းလာမည်ကိုအထူးစိုးရိမ်သော်လည်း ရင်ဆိုင်ရမည် ဖြစ်ကြောင်း NLD ခေါင်းဆောင်တဦး ဖြစ်သည့် ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။
“သူတို့လုပ်ခဲ့ဖူးတဲ့ဟာတွေလည်းရှိတဲ့အခါကျတော့စိုးရိမ်တာပေါ့။သတင်းစာတို့ဘာတို့ကခြိမ်းခြောက်တယ်၊ပုတ်ခတ် တယ်ဆိုတာကကြုံနေကြဆိုတော့သိပ်မထူးလှဘူး။အခုဟာက၀န်ကြီးဌာနကိုယ်တိုင်လုပ်တာဆိုတော့ တော်တော်စိုးရိမ်ပူပန်တာပေါ့”ဟု ဦးဝင်းတင်ကပြောပြသည်။
ယခုကိစ္စသည်အချိန်ကိုက်လုပ်ခြင်းဖြစ်ကြောင်း၊ဒေါ်အောင်ဆန်းစုကြည် စီစဉ်ထားသည့်မကြာခင်သွားမည့် နယ်ခရီးစဉ်နှင့်လည်းတိုက်ဆိုင်နေကြောင်း၊ဒေါ်အောင်ဆန်းစုကြည်နှင့်NLDပါတီအပါအ၀င် ဒီမိုကရေစီအရေးထောက်ခံကြသူများ၊တက်ကြွလှုပ်ရှားသူများကိုပါခြိမ်းခြောက်မှုဖြစ်ကြောင်း၎င်းက ဆက်လက်ရှင်းပြသည်။
“ဒီဖြစ်ရပ်နောက်ကွယ်မှာအခုအစိုးရထဲမှာသဘောထားတင်းမာသူနဲ့ပျော့ပြောင်းသူတွေကြားမှာအားပြိုင်နေတယ်လို့ တထစ်ချသုံးသပ်တယ်။သူတို့ဘက်ကအဖြစ်နိုင်ဆုံးလုပ်နိုင်တာတွေကပါတီခေါင်းဆောင်တွေကိုဖမ်းမယ်။နေအိမ် အကျယ်ချုပ်ချမယ်။ထောင်ချမယ်။ပါတီရုံးတွေပိတ်ပြီးပစ္စည်းတွေသိမ်းမယ်။ဒါမျိုးတွေပဲသူတို့လုပ်နိုင်တာ။ပြင်ဆင်လည်း ဘာမှထူးတာမဟုတ်ဘူး”ဟုဦးဝင်းတင်က ဆိုသည်။
NLDသည်တရားဝင်ပါတီမဟုတ်ကြောင်းနှင့်NLDလက်ရှိလုပ်ဆောင်နေမှုများသည်တရားဥပဒေနှင့် ဆန့်ကျင်နေကြောင်းပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုဗိုလ်ချုပ်ကြီးကိုကို လက်မှတ်ရေးထိုးထားသောအကြောင်းကြားစာကိုအစိုးရအရာရှိတဦးကိုယ်တိုင် လာရောက်ပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်NLDပါတီအထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်လက်မှတ်ဖြင့်ဒုဗိုလ်ချုပ်ကြီးကိုကိုထံ လိပ်မူပြီးNLDသည် နိုင်ငံရေးပါတီ အဖြစ် တရားဝင်ရပ်တည် နေကြောင်းနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဆွေးနွေးလိုကြောင်းဇွန်လ၂၉ရက်နေ့စွဲဖြင့်အကြောင်းပြန်စာကိုသက်ဆိုင်ရာသို့NLDကလူကိုယ်တိုင် သွားရောက်ပေးပို့ခဲ့သည်။
“သို့ပါ၍အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတူညီသောလိုလားချက်များအပေါ်အခြေခံ၍ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံပြီးတရားဥပဒေစိုးမိုးရေးအတွက်ညှိနှိုင်းလိုပါသဖြင့်စီစဉ်ပေးပါရန် မေတ္တာရပ်ခံပါသည်”ဟု ပြည်ထဲရေး ၀န်ကြီးထံ ပေးပို့တုံ့ပြန်သော ယမန်နေ့ကစာတွင်ဖော်ပြထားသည်။
NLDအနေဖြင့်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအမှတ်-၄/၈၈အရ၁၉၈၈ခုနှစ်ကတရား င်မှတ်ပုံတင်ခဲ့ပြီးပြဌာန်းချက်များကိုလည်းချိုးဖောက်ခဲ့ခြင်းမရှိကြေင်း၊၂၀၁၀ပြည့်နှစ်မတ်လ၈ရက်နေ့ထုတ် ဥပဒေအမှန်-၂/၂၀၁၀အရလည်း ရက်ပေါင်း ၆၀အတွင်းကော်မရှင်သို့ ပြန်လည်လျှောက်ထားခြင်းမရှိသဖြင့် ဥပဒေအရပျက်ပြယ်ခြင်းမရှိကြောင်း၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပုဒ်မ-၄၄၆ အရလည်းNLDသည်တရားဝင်ခြင်းမှပယ်ဖျက်နိုင်သည့်အခွင့်အာဏာမရှိသည့်အတွက် တရားဝင်ပါတီအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ နေပြည်တော် တရားရုံးချုပ်၏ ပါတီအား ဖျက် သိမ်းလိုက်ခြင်းသည် တရားမ၀င်ကြောင်း NLD ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် NLD အနေနှင့် ထပ်မံ မှတ်ပုံတင်ရန်မလိုအပ်ကြောင်းလည်း ထောက်ပြထားသည်။

KIOနှင့်အစိုးရတပ်တွေ့ဆုံဆွေးနွေး

သန်းထိုက်ဦး Thursday, 30 June 2011 13:14
.အစိုးရတာဝန်ရှိသူများနှင့်ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ခေါင်းဆောင်တချို့အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ယနေ့တွေ့ဆုံဆွေးနွေးရာနေ့လယ်ပိုင်းတွင်ဆွေးနွေးပွဲပြီးဆုံးကြောင်းKIOကပြောသည်။
ယင်းဆွေးနွေးပွဲ၌အစိုးရဘက်မှကချင်ပြည်နယ်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသန်းအောင်ဦးဆောင်၍ ကချင်ပြည်နယ်အမျိုးသားလွှတ်တော်အမတ်ဦးခက်ထိန်နန်အပါအ၀င်၃ဦးလာရောက်ကြောင်း၊KIOက ဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ဂွမ်မော်ဦးဆောင်ပြီး၆ဦးတွေ့ဆုံကြောင်းသိရသည်။
ကချင်ပြည်နယ်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသန်းအောင်ဦးဆောင်သည့်အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် KIOကိုယ်စားလှယ်များယနေ့ကချင်ပြည်နယ်လဂျားယံတွင်တွေ့ဆုံဆွေးနွေးနေစဉ်(ဓာတ်ပုံ-ဧရာဝတီ)
အပစ်အခတ်ရပ်စဲရေးဆွေးနွေးရာ၌KIOဘက်ကတရားဝင်အထောက်အထေားခိုင်ခိုင်မာမာပြရန် တောင်းဆိုရာတွင်အစိုးရဘက်ကအထက်ကိုတင်ပြမည်ဟုပြန်လည်ပြောဆိုကြောင်းKIOပြောသည်။
အမှန်တကယ်အပစ်ရပ်ကြောင်းအစိုးရအဖွဲ့အစည်းကတာဝန်ရှိပုဂ္ဂိုလ်သို့မဟုတ်စစ်ဘက်ဆိုင်ရာ အရာရှိတဦးကအာမခံချက်ပေးရန်မကြာသေးခင်ကပင်KIOကပြောဆိုထားသည်။
ယခုဆွေးနွေးပွဲသည်ပဏာမဆွေးနွေးပွဲအဆင့်ဖြစ်သည်ဟုဗိုလ်မှူးချုပ်ဂွမ်မော်၏ပြောကြားချက်အရ သိရသည်။မည်သည့်နေ့ရက်၌ထပ်မံဆွေးနွေးမည်ကိုမသိရသေးဘဲအစိုးရဘက်က အကြောင်းပြန်မည်ဖြစ်သည်ဟုလည်း ဆိုသည်။
ကချင်ပြည်နယ်KIOထိန်းချုပ်ဒေသလဂျားယန်နှင့်အစိုးရတပ်နယ်မြေအကြားတွေ့ဆုံ၍ အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီးဆွေးနွေးခြင်းဖြစ်ကြောင်းKIOတွဲဖက်အတွင်းရေးမှူးဦးလနန်ကဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့်၁၇ရက်နေ့ကKIOကိုအပစ်အခတ်ရပ်စဲရေးပြုလုပ်ရန်အစိုးရကကချင်အတိုင်ပင်ခံကောင်စီ ကိုယ်စားလှယ်များမှတဆင့်ကမ်းလှမ်းခဲ့ပြီးနောက်ပိုင်းဒုတိယအကြိမ် ဖြစ်သည်။
အစိုးရကကချင်ပြည်နယ်မိုးမောက်မြို့နယ်အတွင်းရှိတာပိန်ရေအားလျှပ်စစ်စီမံကိန်းအနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်များအားလုံခြုံရေးအရစိတ်မချရဟုအကြောင်းပြကာထွက်ခွာရန် ပြောဆိုခဲ့ပြီးဇွန်၉ရက်နေ့ကစတင်၍တိုက်ပွဲများနေ့စဉ်နီးပါးဖြစ်ပွားခဲ့ကြသည်။ယင်းတိုက်ပွဲများကြောင့် ဒေသခံ ထောင်နှင့်ချီ၍ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရ သည်။
ယခင်စစ်အစိုးရနှင့်KIOသည်၁၉၉၄ခုနှစ်ကစတ၍အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့သည်။ယမန်နှစ် အောက်တိုဘာလအတွင်းကအစိုးရသတင်းစာများ၌KIAကို“သောင်းကျန်းသူ”ဟုပြန်လည်သုံးနှုန်းခဲ့ ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြယ်ခဲ့သည်။
ကချင်ပြည်နယ်ရောက်ဧရာဝတီသတင်းထောက်ဘကောင်းနှင့်ပူးတွဲရေးသားသည်။

ဗဟိုချုပ်ကိုင်မှု ပြန်ကျင့်သုံးပြီ

ခင်ဦးသာ Thursday, 30 June 2011 17:50 .
ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းကရန်ကုန်မြို့လမ်းဖွင့်ပွဲတခုတွင်မိန့်ခွန်းပြောနေသော အစိုးရသစ်ခေါင်းဆောင်ဝန်ကြီးချုပ်ဦးသိန်းစိန်ကိုတွေ့ရစဉ်(ဓာတ်ပုံ-အေပီ)

ပြည်နယ်၊တိုင်းအစိုးရအဖွဲ့၏လုပ်ပိုင်ခွင့်အာဏာများအားပြည်ထောင်စုအစိုးရ(ဗဟိုအစိုးရ)ကပြန်လည် ချုပ်ကိုင်တော့မည်ဖြစ်ကြောင်းပြည်နယ်၊တိုင်းဒေသကြီးများ၏လွှတ်တော်ကိုယ်စားလှယ်များထံမှသိရသည်။
သမ္မတဦးသိန်းစိန်ခေါင်းဆောင်သောအစိုးရသစ်အဖွဲ့တာဝန်ယူပြီးရက်၉၀ပြည့်မြောက်ချိန်တွင်ကျင်းပသော ပြည်နယ်၊တိုင်းလွှတ်တော်များ၏အထူးအစည်းအဝေးများအပြီး၎င်းအစီအစဉ်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
“ရန်ကုန်တိုင်းအစိုးရအဖွဲ့ဆိုရင်စီးပွားရေးဌာနကလွဲလို့ကျန်တဲ့ဌာနလုပ်ပိုင်ခွင့်တွေအကုန်လုံးကိုနေပြည်တော်က တိုက်ရိုက်လုပ်ဆောင်တော့မယ့်အနေအထားဖြစ်သွားပါပြီ”ဟုဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာညိုညိုသင်းကဧရာဝတီကို ပြောသည်။
ရန်ကုန်တိုင်းဝန်ကြီးဌာနများတွင်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာနမှအပကျန်ဝန်ကြီးဌာနများကိုဗဟိုမှ ချုပ်ကိုင်သည့်စနစ်ဖြင့်ဆောင်ရွက်သွားနိုင်သည်ဟုသူကဆိုသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှာရန်ကုန်တိုင်းတွင်ပထမပိုင်း၌ပါရှိခဲ့သော်လည်းယခုမပါရှိတော့ပေ။ ရန်ကုန်တိုင်းရှိဝန်ကြီးဌာန၉ခုမှာလုံခြုံရေးနှင့်နယ်စပ်ရေးရာ၊စည်ပင်သာယာရေး၊ဘဏ္ဍာအခွန်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊စီမံကိန်းနှင့်စီးပွားရေး၊လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်နှင့်စက်မှုလက်မှု၊လူမှုရေး ၀န်ကြီးဌာန၊သစ်တောနှင့်စွမ်းအင်ဝန်ကြီးဌာနတို့ဖြစ်သည်။
၂၀၀၈ဖွဲ့စည်းပုံအရပြည်နယ်၊တိုင်းအစိုးရအဖွဲ့များပေါ်ပေါက်လာပြီးနောက်လုပ်ပိုင်ခွင့်တချို့ရခဲ့သော်လည်း ထိရောက်သောလုပ်ဆောင်နိုင်မှုမရှိ၍ဗဟိုမှချုပ်ကိုင်သည့်စနစ်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းလွှတ်တော် ကိုယ်စားလှယ်တချို့ကဆိုသည်။
ဇွန်လ၂၉ရက်နေ့တွင်ကချင်ပြည်နယ်လွှတ်တော်ကျင်းပခဲ့ပြီးနောက်ကချင်ပြည်နယ်၏၀န်ကြီးဌာန အပြောင်းအလဲနှင့်ဝန်ကြီးအသစ်ခန့်အပ်ခြင်းကိုသမ္မတဦးသိန်းစိန်၏အမိန့်ဖြင့်ပြုလုပ်ခဲ့ကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာများ၌ ရေးသားထားသည်။
တခြားသောပြည်နယ်၊တိုင်းလွှတ်တော်အစည်းအဝေးများအားဇွန်၂၉၊၃၀ရက်များ၌ဆက်လက်ကျင်းပကာဝန်ကြီးဌာနအများအပြား၏အမည်များကိုပြောင်းလဲမှုလုပ်ဆောင်ခဲ့သည်။
“အရင်လိုပဲဝန်ကြီးဌာန၉ခုရှိပေမယ့်စစ်တပ်ကိုယ်စားလှယ်ကိုင်ထားတဲ့နယ်စပ်ရေးရာလိုဌာနပဲ မပြောင်းလဲတာပါ။အစည်းအဝေးက၇မိနစ်လောက်ပဲကြာပါတယ်”ဟုရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မြကျော်က ပြောသည်။
ဝန်ကြီးဌာနအပြောင်းအလဲလုပ်ခြင်းသည်အရာအားလုံးနီးပါးကိုဗဟိုမှပြန်လည်ချုပ်ကိုင်ထားလိုသည့် သဘောကြောင့်ဟုထင်မြင်ကြောင်း၊လက်ရှိတာဝန်ထမ်းဆောင်နေသောအစိုးရအဖွဲ့ဝန်ကြီးများ၏ လုပ်ဆောင်ချက်အားနည်းခြင်းရှိသကဲ့သို့လုပ်ဆောင်နိုင်မှုတချို့လည်းရှိကြောင်းကိုယ်စားလှယ်များက ဆိုသည်။
“ရန်ကုန်အစိုးရအဖွဲ့ထဲမှာတော့အပြောင်းအလဲတချို့တွေ့ရပါတယ်။ဥပမာ-စည်ပင်ဝန်ကြီးဆိုရင် အမှိုက်သိမ်းတာတွေ၊မြောင်းဖောက်တာတွေပိုလုပ်လာတယ်။မြို့တော်ခန်းမကြီးလည်းပြန်ပြီးတော့ ဆေးသုပ်ထားတာတွေ့ရတယ်” ဟုဒေါက်တာညိုညိုသင်းကပြောသည်။
ရန်ကုန်တိုင်း၌ပညာရေးဝန်ထမ်းတချို့၏လာဘ်ပေး၊လာဘ်ယူမှုကိစ္စတွင်လည်းအပြောင်းအလဲတချို့ ဖြစ်သွားသေးကြောင်း၎င်းကဆိုသည်။
ရခိုင်ပြည်နယ်၊မွန်ပြည်နယ်အစိုးရအဖွဲ့တို့၏လုပ်ဆောင်ချက်များသည်၃လပြည့်မြောက်သည့်တိုင် အပြောင်းအလဲမတွေ့ရသေးကြောင်းဒေသခံနိုင်ငံရေးခေါင်းဆောင်များ၏ပြောပြချက်အရသိရသည်။
“အရင်လူတွေလုပ်ခဲ့တာကိုဆက်ပြီးသွားနေတဲ့သဘောပါ။လက်ရှိဝန်ကြီးတွေကိုယ်တိုင်လုပ်လို့ ပြောင်းလဲလာတာဘာမှမတွေ့ရသေးဘူး။ဗဟိုကချုပ်ကိုင်ထားပြီးဖွဲ့စည်းပုံမှာလည်းပဲပြည်နယ်၊တိုင်း အစိုးရတွေရဲ့လုပ်ပိုင်ခွင့်တွေပေးမထားတော့သိပ်ပြီးတော့လုပ်ရဲကိုင်ရဲတဲ့သတ္တိတွေမရှိကြဘူး”ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ဥက္ကဋ္ဌဦးနိုင်ငွေသိန်းကဧရာဝတီကို ပြောသည်။
ပြည်နယ်၊တိုင်းအစိုးရများအနေဖြင့်ဗဟိုမှလမ်းညွှန်မှုပေးခြင်းကိုစောင့်နေရန်မလိုဘဲလုပ်ဆောင်စရာ ရှိသည်ကိုတာဝန်ယူမှုရှိရှိဖြင့်လုပ်ဆောင်သွားရန်တာဝန်အပြည့်ပေးအပ်သည်ဟုသမ္မတဦးသိန်းစိန်က ပြည်နယ်၊တိုင်း အစိုးရအဖွဲ့ဝင်များနှင့် ဧပြီလအတွင်းတွေ့ဆုံရာ၌ ပြောဆိုခဲ့သည်။
“အထက်ကအမိန့်ပေးစနစ်နဲ့သွားတာမျိုးမဟုတ်ဘဲ၊အောက်ခြေကတာဝန်ယူမှုရှိပြီးအောက်ကအပေါ်ကို လာတဲ့စနစ်နဲ့သွားကြဖို့၊ရဲရဲဝံ့ဝံ့တာဝန်ယူလုပ်ဆောင်ကြဖို့လိုတယ်”ဟုဦးသိန်းစိန်ကပြောဆိုခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေးခေါင်းဆောင်တချို့ကမူသမ္မတဦးသိန်းစိန်၏စကားသည်ဝါဒဖြန့်ရန်အတွက်အပြောသက်သက် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟုတုန့်ပြန်ပြောဆိုကြသည်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရပေါ်ပေါက်လာသောလက်ရှိအစိုးရကျင့်သုံးနေသည့်စနစ်သည်ဖက်ဒရယ် ပြည်ထောင်စုစနစ်မဟုတ်သည့်အတွက်ပြည်နယ်၊တိုင်းအစိုးရ၏လုပ်ပိုင်ခွင့်အားဗဟိုမှ ပြန်လည်ချုပ်ကိုင်ခြင်းမှာအထူးအဆန်းမဟုတ်ဟုပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP)၏ အတွင်းရေးမှူး ဦးအေးသာအောင်က ဆိုသည်။
သမ္မတဦးသိန်းစိန်သည်လက်ရှိအာဏာရပါတီဖြစ်သောပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)မှသမ္မတဖြစ်လာ၍ပြည်နယ်၊တိုင်းအစိုးရအဖွဲ့ကိုလည်း၎င်းစိတ်ကြိုက်ခန့်ထားခြင်းသာ ဖြစ်သည်ဟု ဦးအေးသာအောင်က ဆက်ပြောသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့၌၀န်ကြီးဌာန၉နေရာတွင်ကြံ့ဖွံ့ပါတီက၀န်ကြီးဌာန၈နေရာ ရရှိထားပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)က၁နေရာရရှိထားကြောင်း ဒေါက်တာညိုညိုသင်းက ဆိုသည်။

woensdag 29 juni 2011

တရားဝင်ပါတီဖြစ်ကြောင်းအန်အယ်ဒီတုံ့ပြန်

မျိုးသန့် ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၉ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တရားဝင် ရပ်တည်နေသော နိုင်ငံရေးပါတီ တခုဖြစ်ပြီး လွှတ်တော်အဆင့်ဆင့်နှင့်နိုင်ငံတော်အစိုးရကိုဆန့်ကျင်လိုခြင်းမရှိကြောင်းပြည်ထဲရေးဝန်ကြီးဌာနက ပါတီလုပ်ငန်းများလုပ်ဆောင်နေမှုနှင့်ပတ်သက်၍သတိပေးချက်ကို ဗုဒ္ဓဟူးနေ့တွင် ပြန်လည်တုံ့ပြန်လိုက်သည်။
ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဗိုလ်ချုပ်ကြီးကိုကိုသို့လိပ်မူ၍ဒေါ်အောင်ဆန်းစုကြည်လက်မှတ်ရေးထိုး ပေးပို့သောစာမိတ္တူကိုမဇ္ဈိမကလက်ခံရရှိထားရာအန်အယ်ဒီသည်ဥပဒေအရပျက်ပြယ်ခြင်းမရှိဟုပြန်လည် ငြင်းချက်ထုတ်မှု ပါရှိသည်။
၂ဝ၁ဝရွေးကောက်ပွဲဝင်ရန်မှတ်ပုံတင်ခြင်းမပြုသည့်အတွက်နိုင်ငံရေးပါတီအဖြစ်မှအလိုအလျောက် ပျက်ပြယ်သည် ဆိုသော အစိုးရ၏ စောဒကကို ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေ ကိုပင် ကိုးကား၍ ပြန်လည် ချေပလိုက်သည်။
“ပြည်ထောင်စုလွှတ်တော်သည်နိုင်ငံရေးပါတီများနှင့်စပ်လျဉ်းသည့်လိုအပ်သောဥပဒေများကို ပြဋ္ဌာန်းရမည်”ဟုဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၄ဝ၉ တွင်ပါရှိသောကြောင့် အဖွဲ့ချုပ်သည် ပျက်ပြယ်ခြင်းမရှိပါ ”ဟု အန်အယ်ဒီထိပ်တန်းခေါင်းဆောင်များအရေးပေါ် အစည်းအဝေးထိုင်ကာ ပေးပို့သော စာတွင်ပါရှိသည်။
“ဥပဒေတွေကပြောရရင်အများကြီးဗျအဲဒီတော့ခြုံပြီးတော့ပြောရရင် NLD ဟာ ပျက်မသွားဘူးလို့ ကျနော်တို့ ဥပဒေအရ အဲဒီလိုမြင်တယ်။ ဒါကြောင့် ကျနော်တို့ ဆိုင်းဘုတ်တွေ ချိတ်တာ၊ လှုပ်ရှားမှုတွေကလည်း NLD အနေနဲ့ပဲ လှုပ်ရှားနေတာပါ”ဟု အန်အယ်ဒီ ဗဟိုအလုပ်မှုဆောင် တဦး ဖြစ်သော ဦးဉာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။
ဇူလိုင်၂၂ရက်နေ့တွင်ပြုလုပ်မည့်ဒေါ်အောင်ဆန်းစုကြည်နယ်လှည့်ခရီးစဉ်မတိုင်မီ ပြည်ထဲရေးဝန်ကြီးဌာနကနိုင်ငံရေးပါတီအနေဖြင့် လှုပ်ရှားမှု မလုပ်ရန် အစိုးရအာဘော် သတင်းစာများမှ တဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
“ ဖွဲ့စည်းထားသော လွှတ်တော် အဆင့်ဆင့်နှင့် နိုင်ငံတော် အစိုးရကိုလည်း ဆန့်ကျင်လိုသည့် သဘောထား မဟုတ်ပါ။ တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေပါ ပြဋ္ဌာန်းချက်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အလေးထားလိုက်နာခြင်းသာ ဖြစ်ပါသည်”ဟု အန်အယ်ဒီ၏ပေးစာထဲတွင်ဖေါ်ပြထားပြီး ရွေးကောက်ပွဲ ကော်မရှင်ကပါတီအဖြစ်မှဖျက်သိမ်းခြင်းကိုတရားမဝင်ကြောင်းတရားရုံးချုပ်(ရန်ကုန်)သို့ လျှောက်ထားခဲ့မှုကို ရည်ညွှန်းထားသည်။
တရားဥပဒေစိုးမိုးရေးပိုမိုလုပ်ဆောင်နိုင်ရန်တွေ့ဆုံဆွေးနွေးမှုဖြစ်လာရေးစီစဉ်ပေးရန် ဒုတိယဗိုလ်ချုပ်ကြီးကိုကို ကိုမေတ္တာရပ်ခံကြောင်းလည်း ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
“တရားဥပဒေ စိုးမိုးရေး အတွက် သဘောထား ဖလှယ်လိုက်ရင် ဒါတွေက ပြေလည်နိုင်စရာတွေ ချည်းပဲလို့ ကျနော်တို့မြင်တယ် ဒါ့ကြောင့်ကျနော်တို့စာမှာ တွေ့ဆုံညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေးကိစ္စ ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဖို့ စီစဉ်ပေးပါလို့ မေတ္တာရပ်ခံတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။





ဂျပန်ကမြန်မာ့ဒီမိုကရေစီရေးဆက်ကူညီမည်

လင်းသန့် Wednesday, 29 June 2011 18:50
.မြန်မာ့ဒီမိုကရေစီတိုးတက်ဖြစ်ထွန်းရေးအတွက်ဂျပန်နိုင်ငံကဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံပါလီမန်ဆိုင်ရာဒုနိုင်ငံခြားရေးဝန်ကြီးမစ္စမခိကိုခိခုတနှင့်ကိုယ်စားလှယ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သို့ယနေ့လာရောက်တွေ့ဆုံစဉ် ပြောဆိုသည်။
ပါကစ္စတန်နိုင်ငံအစ္စလာမ်မာဘက်မြို့၌၂၀၁၀နိုဝင်ဘာအတွင်းကကျင်းပသောဖွံ့ဖြိုးရေးဖိုရမ်တွင် ပြောဆိုရှင်လင်းနေသည့်မစ္စမခိကိုခိခုတ(ဓာတ်ပုံ-uk.emb-japan.go.jp)
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်NLDခေါင်းဆောင်များနှင့်မစ္စမခိကိုခိခုတတို့သည်ရန်ကုန်မြို့ရှိNLD ရုံးချုပ်၌နေ့လယ်၁နာရီခန့်က၄၅မိနစ်ကျော်ကြာ တွေ့ဆုံခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့သီးခြားတွေ့တယ်။ကျနော်တို့NLDထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တွေ့တယ်”ဟု NLD လူငယ် ခေါင်းဆောင်တဦးဖြစ်သူ ကိုရာဇာ က ဧရာဝတီကို ပြောသည်။
ဂျပန် ဒု နိုင်ငံခြားဝန်ကြီး က ဒေါ်အောင်ဆန်းစုကြည်နှင့် NLDသို့ လာရောက်တွေ့ဆုံချိန်သည် ယနေ့ထုတ် အစိုးရသတင်းစာတွင်ပါရှိသည့်NLDလုပ်ဆောင်နေသောလုပ်ငန်းများကိုရပ်တန့်ရန် သတိပေးထားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဆောင်းပါးရှင်ပြည့်စုံအောင်၏“ရွေးချယ်ခွင့်က လက်ထဲမှာ”ဆောင်းပါးတွင်ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးထွက်မည်ဆိုသည့်အပေါ်“မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည်နယ်ထွက်လာလျှင်မြောက်မြားလှစွာသောယခင့်ယခင်သာဓကများနည်းတူ ရုတ်ရုတ်သဲသဲလှုပ်လှုပ်ရှားရှားတွေဖြစ်လာမှာကိုကျနော်တို့စိုးရိမ်မိသည်။စိုးရိမ်လောက်စရာ အကြောင်းတွေလည်း အခိုင်အမာပင်ရှိနေသည်”ဟု ဖော်ပြထားချိန်လည်းဖြစ်သည်။
“ဂျပန် ဒု ၀န်ကြီးနဲ့ အဖွဲ့ လာသွားပြီး ဘာတွေ ဆွေးနွေးတယ်ဆိုတာ သတင်းထောက်တွေကိုလည်း ဂျပန်ဝန်ကြီးက ဘာမှ မပြောသွားဘူး၊ ဒီနေ့က အောက်မြန်မာနိုင်ငံ လူငယ်တွေနဲ့ ဆွေးနွေးပွဲလည်း လုပ်နေတယ်။ နောက်လူငယ်ဆွေးနွေးပွဲမှာလည်းလူငယ်တယောက်ကပါတီဆက်လက်ရပ်တည်ရေး မေးတယ်။ ဒီနေ့ သတင်းစာထဲမှာ ပြည်ထဲရေး ၀န်ကြီးက စာပို့ထားတာကို အန်တီက စာပို့သူဆီကို ပြန်စာ အကြောင်းကြားဖို့ တာဝန်ရှိတယ်။ ဒီ မတိုင်ခင်မှာတော့ အသေးစိပ် မပြောလို သေးဘူးလို့ အန်တီက ပြန်ဖြေလိုက်တယ်”ဟု ကိုရာဇာ က ဆက်လက် ပြောပြသည်။
ယနေ့ညနေ၅နာရီတွင်ဂျပန်ဒုနိုင်ငံခြားရေးဝန်ကြီးသည်၂၀၁၀ပြည့်နှစ်ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတချို့မှ ကိုယ်စား လှယ်များနှင့် ရန်ကုန်ရှိ ဂျပန်သံရုံးတွင် တွေ့ဆုံကြမည်ဖြစ်သည်။
“ဆွေးနွေးဖြစ်မှာတွေ ကတော့ ဂျပန်နိုင်ငံအနေနဲ့ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အကောင်းဘက် ဖြစ်ပေါ်တိုးတက်မှုတွေဖြစ်ဖို့ဂျပန်ကအကူအညီပေးမှုဆိုင်တာတွေလည်းဆွေးနွေးဖြစ်ကြမယ်”ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ဧရာဝတီကိုပြောသည်။
ဂျပန်ပါလီမန်သို့သွားရောက်လေ့လာရန် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၁၀ ဦး၊NDFပါတီ၊တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)အပါအ၀င် တိုင်းရင်းသား ၅ ပါတီတို့မှအသက်၃၅ နှစ်အောက်နိုင်ငံရေးပါတီကိုယ်စားလှယ်၂ ဦးစီနှင့် စုစုပေါင်း ဂျပန်ပါလီမန်လေ့လာရေး ကိုယ်စားလှယ်အဖွဲ့ဝင်၂၀ တို့ကိစ္စလည်း ဆွေးနွေးသွားကြမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဂျပန်ဒုနိုင်ငံခြားရေးဝန်ကြီးမစ္စမခိကိုခိခုတသည်နေပြည်တော်တွင်ပြည်သူ့လွှတ်တော်ဒုဥက္ကဌ ဦးနန္ဒကျော်စွာ နှင့် လည်း ယမန်နေ့က တွေ့ဆုံခဲ့သေးသည်။
ထို့အပြင်နေပြည်တော်နယ်စပ်ရေးရာဝန်ကြီးဌာနတွင်ကျင်းပသောကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် သို့ ထောက်ပံ့ကူညီသည့်စားနပ်ရိက္ခာများလွှဲပြောင်းပွဲသို့လည်းမစ္စ မခိကို ခိခုတ တက်ရောက်ပြီး နယ်စပ်နှင့် မြန်မာ့ စက်မှု ဖွံ့ဖြိုး ရေး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးနှင့်လည်း တွေ့ဆုံခဲ့သည်။