မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 4 juli 2011

ရွေးကောက်ပွဲရှုံးထိုင်းဝန်ကြီးချုပ်အပြုသဘောအတိုက်အခံအဖြစ်ရပ်တည်မည်ဆို

ကိုဝိုင်း တနင်္လာနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၀ နာရီ ၄၆ မိနစ် .
ဘန်ကောက်(မဇ္ဈိမ)။ ။ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌမစ္စတာအဖိဆစ်ဝေ့ခ်ျချာချီဝကရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်းဝန်ခံပြီးအပြုသဘောဆောင်သည့်အတိုက်အခံအဖြစ်ရပ်တည်သွားမည်ဟုပါတီဌာနချုပ် တနင်္ဂနွေနေ့ည သတင်းစာရှင်းပွဲတွင် ပြောသည်။
အောက်လွှတ်တော်နေရာ၅ဝဝအတွက်မဲပေးကြရာ၉၆ရာခိုင်နှုန်းရေတွက်ပြီးချိန်တွင်အဓိကယှဉ်ပြိုင်ဖက် ဖူးရာ့ထိုင်းပါတီခေါင်းဆောင်မစ္စစ်ယင်လတ်ခ်ရှင်နာဝပ်ထရာက၁ဝ၂မဲအသာဖြင့်အနိုင်ရနေသည်။မစ္စ ယင်လတ်ခ်က၂၆၂နေရာ၊ဒီမိုကရက်တစ်က၁၆ဝဖြစ်သည်။
ဖူ့ရ်ထိုင်းပါတီအနေဖြင့်မစ္စတာသက်ဆင်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးထိုင်းနိုင်ငံသို့ပြန်လာရန်မည်သည့် ကြိုးစားမှုကို မဆို ဆန့်ကျင်သွားမည်ဟုလည်း လက်ရှိဝန်ကြီးချုပ် အဘီဆစ်က ပြောသည်။
ရွေးကောက်ပွဲရှုံးနိမ့်ကြောင်းဝန်ခံပြီးနောက်အပြုသဘောဆောင်သောအတိုက်အခံအဖြစ် ရပ်တည်သွားမှာဖြစ်ကြောင်းဝန်ကြီးချုပ်ကပြောသည်။ဓာတ်ပုံ-မဇ္ဈိမ
“အစိုးရအသစ်ကိုဦးဆောင်ခွင့်ရသွားတဲ့ဖူ့ရ်ထိုင်းပါတီအတွက်ကျနော်ဂုဏ်ယူပါတယ်။ဒါပေမယ့်လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ကိစ္စကိုတော့ဆန့်ကျင်သွားမှာပါ”ဟုသတင်းထောက်များကို ပြောကြားသွားသည်။
နိုင်ငံရေးလူသစ်တန်းအသက်၄၃နှစ်အရွယ်မစ္စစ်ယင်လတ်ခ်ကအမေရိကန်KentuckyStateUniversityမှ နိုင်ငံရေးဘွဲ့များရထားသူဖြစ်ပြီးသက်ဆင်အားလွတ်ငြိမ်းခွင့်ပေးရန်ကြိုးစားမည်ဟု၂ဝ၁၁မေလအတွင်းကပြောခဲ့ဖူးသည်။ သို့သော်လည်း နောက်တလအကြာတွင် ငြင်းဆိုပြန်သည်။
ဖု့ရ်ထိုင်းကအစိုးရဖွဲ့နိုင်ရေးအတွက်အမတ်နေရာ၂ဝကျော်ရထားသည့်ချတ်ထိုင်းပထနာပါတီနှင့် ဆွေးနွေးပြီးပြီဟုဆိုသည်။ဘွန်ကျိုင်းထိုင်းပါတီ၃၅နေရာ၊ချတ်ထိုင်းပါထနာ၂၁၊ချတ်ထိုင်းပထနာဖီပဒင်းပါတီ ၁ဝ နေရာရရှိထားကြသည်။
၂ဝဝ၆ခုတွင်စစ်တပ်ကအာဏာသိမ်းပြီးနောက်သက်ဆင်ကိုလုပ်ပိုင်ခွင့်အလွဲသုံးစားမှုဖြင့်ထောင်ဒဏ်၂နှစ် ချသော်လည်းပြည်ပသို့တိမ်းရှောင်သွားပြီးလက်ရှိတွင်ဒူဘိုင်းတွင်နေထိုင်လျက်ရှိသည်။၂ဝ၁ဝခု၌ သူပိုင် ဘတ်ငွေသန်း၇,၆ဝဝ မှ သန်း ၄,၆ဝဝကို ရာဇဝတ်မှုဆိုင်ရာ ဗဟိုတရားရုံးက ထိန်းချုပ်ထားလိုက်သည်။
ဖု့ရ်ထိုင်းပါတီ၏အဓိကကြွေးကြော်သံမှာ“သက်ဆင်ရဲ့အတွေးအမြင်ကိုဖု့ရ်ထိုင်းကအကောင်အထည် ဖော်မယ်” ဟုဖြစ်သည်။
တနင်္ဂနွေနေ့ရွေးကောက်ပွဲတွင်မဲပေးခွင့်ရှိသူ၄၇သန်းခန့်မှသန်း၃၁သန်းနီးပါးမဲလာပေးပြီး မဲပေးသူအားလုံး၏၆၅.၉၉ရာခိုင်နှုန်းဖြစ်ကြောင်းရွေးကောက်ပွဲကော်မရှင်ကပြောသည်။ရွေးကောက်ပွဲ၌ လူတဦးကို မဲနှစ်မဲပေးရပြီး ပါတီ အခြေခံအမတ်နှင့် မဲဆန္ဒနယ် အခြေခံအမတ်တို့ အတွက် ဖြစ်သည်။
ပါတီစာရင်းတွင်အမတ်ရွေးရာပယ်မဲ ၁.၇သန်းရှိပြီး မဲဆန္ဒနယ်အခြေခံအမတ်ပယ်မဲ၁.၃သန်း ရှိကြောင်း ကော်မရှင်က ပြောသည်။
အာရှရွေးကောက်ပွဲကွန်ယက်ANFREL၊ဥရောပသမဂ္ဂ၊မလေးရှား၊ဂျာမနီတို့အပါအဝင်နိုင်ငံတကာ လေ့လာသူ ၆ဝ ခန့် စောင့်ကြည့်ခဲ့ကြသည်။
                   မဲပေးအပြီးသတင်းထောက်များကိုပြောကြားနေသောဝန်ကြီးချုပ်အဖိဆစ်(ဓါတ်ပုံ မဇ္ဈိမ)...
သက်ဆင်ကိုထောက်ခံသူများနှင့်ဒီမိုကရက်တစ်ကိုထောက်ခံသူများအကြားအကွဲအပြဲများကြားမှ ရွေးကောက်ပွဲကျင်းပခဲ့ခြင်းဖြစ်သည်။ယခင်နှစ်ကမြို့တော်ဘန်ကောက်၌ရှပ်နီဝတ်များက ဆန္ဒပြပြီး သပိတ်စခန်း ဖွင့်လှစ်ခဲ့သည်ကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းရာ လူ ၉ဝ ကျော် သေဆုံးခဲ့သည်။
ငွေဖောင်းပွမှု၎.၂ရာခိုင်နှုန်းရှိပြီးစီးပွားတန့်ကာကုန်ဈေးနှုန်းများမြင့်မှုနှင့်ကြုံနေရသည့် ထိုင်းပြည်သူများအားဒီမိုကရက်တစ်ပါတီကတရုတ်နိုင်ငံတောင်ပိုင်းမှထိုင်းနိုင်ငံကိုဖြတ်၍ မလေးရှားနယ်စပ်အထိရထားလမ်းဆက်သွယ်မည်ဟုဆိုသည်။လွတ်လပ်သည့်ကုန်သွယ်ရေး ထူထောင်မည်ဟုလည်း ကတိပေးသည်။
ဖု့ရ်ထိုင်းပါတီကမူအခြေခံလူတန်းစားလူများစုလယ်သမားများကိုမျိုးစေ့၊မြေသြဇာ၊စိုက်ပျိုးရေးသုံး ကိရိယာများ ဝယ်နိုင်ရန် အကြွေးဝယ်ကဒ်များ ထုတ်ပေးမည်ဟု ဆိုသည်။သက်ဆင်လက်ထက်ရွာတရွာ ဘတ်တသန်း စီမံကိန်းတွင် ဘတ်တသန်း အပိုထပ်ဖြည့်မည်ဟုလည်း ပြောသည်။
တက္ကသိုလ်တိုင်းကိုအရင်းအနှီးချပေးမည်ဖြစ်ပြီးကလေးတိုင်းကွန်ပြူတာတလုံးစီရစေမည်ဟု ကတိပြုထားသည်။
သို့သော်ပညာရေးစနစ်ပြုပြင်ရေး၊နိုင်ငံခြားသားခရီးသည်များတိုးလာရေး၊နိုင်ငံတကာသို့ထိုးဖောက် ရင်းနှီးမြှုတ်နှံရေး မူဝါဒများ ပြောကြားမှု နည်းပါးကြောင်း လေ့လာသူများက ဝေဖန်ကြသည်။
ရွေးကောက်ပွဲအပြီး ဒီမိုကရက်တစ်များ ရှုံးလျှင် စစ်တပ်က အာဏာသိမ်းမည် ဆိုသည့် သတင်းများကို ကြည်းတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးပရာယုချန်-အိုချPrayuthChan-ochaကဇူလိုင်၁ ရက်နေ့ တွင် “ စစ်တပ်က တိုင်းပြည်ကို ဒီမိုကရက်တစ်လမ်းပေါ်ရောက်အောင်ဝိုင်းလုပ်မှာပါ။ စစ်တပ်ကို နိုင်ငံရေးထဲ ဆွဲမသွင်းကြပါနဲ့ ”ဟု ငြင်းဆို လိုက်သည်။
ရွေးကောက်ပွဲ အတွက် ရဲလုံခြုံရေး တပ်သား ၁၉၅,ဝဝဝဦး ချထားခဲ့သည်။ ရွေးကောက်ပွဲ မတိုင်မီ လုံခြုံရေး စီမံချက်အတွင်းသေနတ်စုံ၁,ဝဝဝကျော်၊ဖောက်ခွဲရေးပစ္စည်းများဖမ်းမိခဲ့ကြောင်းရဲချုပ်ရဲဗိုလ်ချုပ်ကြီး ဝစ်ချင်းဖို့ဖိုစရီး WicheanPotephosree က ပြောသည်။
အသစ်တက်လာမည့်အစိုးရအနေဖြင့်ကမ္ဘောဒီးယားနှင့်နယ်စပ်ပြဿနာ၊စီးပွားရေး ဦးမော့လာရေး၊ ဆင်းရဲမှု တိုက်ဖျက်ရေးပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးတို့ကိုဦးစားပေးလုပ်ဆောင်သင့်သည်ဟုနိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
ဒီမိုကရက်တစ်ပါတီဌာနချုပ်သတင်းစာရှင်းပွဲ၌ဗြိတိန်နိုင်ငံအောက်စ်ဖို့တက္ကသိုလ်ကျောင်းဆင်း အဘီဆစ်က
ရွေးကောက်ပွဲရှုံးနိမ့်ကြောင်းကြေညာအပြီးတွင်ဝမ်းနည်းငိုကြွေးသူဒီမိုကရက်ပါတီဝင်များကို တွေ့ရသော်လည်းအနိုင်ရသူဖူးရာ့ထိုင်းပါတီဝင်များနှင့်ရှပ်နီဝတ်များမှာမူမီးရှုးမီးပန်းများဖောက်၍ ပျော်ရွှင်အော်ဟစ်နေကြသည်ကို ထိုင်းရုပ်သံများမှ ထုတ်လွှင့်သွားသည်။



စစ်သုံ့ပန် ဗိုလ်ကြီးသက်နိုင်နဲ့ DVB အင်တာဗျုး

zaterdag 2 juli 2011

ရှမ်းပြည်ရှိစစ်တပ်အတွက်သိမ်းမြေများလျော်ကြေးပေး

ဟိန်းသူ Saturday, 02 July 2011 12:26
.ရှမ်းပြည်တောင်ပိုင်းခိုလမ်မြို့နယ်ခွဲတွင်စစ်တပ်အတွက်မြေဧကရာချီသိမ်းခဲ့သည့်ကိစ္စကိုသက်ဆိုင်ရာက ပြန်လည်ဖြေရှင်းပေးသည့်အတွက်မြေသိမ်းခံဒေသခံများနှင့်ပြေလည်မှုရရှိသွားပြီဖြစ်သည်။
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ဆောက်ရန်အတွက်မြေဧက၁၀၀ကျော်အသိမ်းခံခဲ့ရသည့် ခိုလမ်ဒေသမြေပုံ(ဓာတ်ပုံ-သျှမ်းသံတော်ဆင့်)
“ရွာသားတွေကိုပိုက်ဆံနဲ့မြေကွက်အစားပြန်ပေးတယ်။အပြည့်အ၀ပေးတာတော့မဟုတ်ဘူး။ဒါပေမယ့် ရွာသားတွေကတော့ကျေနပ်တယ်လို့ပြောပါတယ်”ဟုအဆိုပါအမှုအားလိုက်လံဆောင်ရွက်ပေးနေသူ စိုင်းသူရိန်ဦးက ပြောသည်။
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ဆောက်ရန်အတွက်တောင်ကြီးနှင့်ကျိုင်းတုံဒေသအကြား ခိုလမ်မြို့နယ်ခွဲရှိမြေဧက၁၀၀ကျော်ကိုမြေပိုင်ရှင်၄၀ခန့်ထံမှပြီးခဲ့သည့်ဧပြီလကသိမ်းခဲ့ခြင်းဖြစ်သည်။
ထိုအထဲမှလက်မှတ်ထိုးပေးလိုက်သူများရှိသော်လည်းမကျေနပ်သည့်ရွာသား၇ဦးကရှမ်းပြည်နယ် ၀န်ကြီးချုပ်ထံတိုင်တန်းခဲ့ကြသည်။
တိုင်တန်းသည့်ရွာသား၇ဦးအပါအ၀င်လက်မှတ်မထိုးပေးသောမြေပိုင်ရှင်များကိုသိမ်းယူထားသည့်မြေ၏ ထက်ဝက်အတွက်အခြားနေရာမှမြေအစားပြန်ပေးကြောင်း၊ကျန်သိမ်းယူမြေအတွက်တဧကလျှင်ကျပ် တသိန်းခွဲနှုန်းဖြင့်လျော်ကြေးပေးကြောင်းသိရသည်။
ခိုလမ်မြို့နယ်အုပ်ချုပ်ရေးမှူးကမြေစာရင်းဦးစီးဌာနနှင့်ညှိနှိုင်းကာမြေကွက်များကိုပြန်လည် နေရာချထားပေးခဲ့ ခြင်းဖြစ်သည်။
“မြို့ထဲမှာတော့မဟုတ်ဘူး။အဓိကကတော့ခြံလုပ်ငန်းပြန်လုပ်လို့ရတဲ့နေရာမျိုးပြန်ရတဲ့အတွက်ကျေနပ်လိုက်တာပါ”ဟု ခိုလမ်ရွာသားတဦးကပြောသည်။
မြေသိမ်းစဉ်ကလက်မှတ်ထိုးပေးလိုက်သောမြေပိုင်ရှင်၁၃ဦးထဲမှတချို့မှာသိမ်းယူခံမြေတဧကအတွက် ကျပ် တသိန်းခွဲလျော်ကြေးငွေရရှိသော်လည်းတချို့မှာလျော်ကြေးငွေမရရှိဘဲပေ၄၀x၆၀မြေကွက်များသာ အစားထိုး ရရှိကြောင်း၊ ထိုသို့သိမ်းယူထားသည့်မြေများထဲတွင်ကျပ်သိန်း၅၀၀ကျော်ပေါက်ဈေးရှိသည့် လိမ္မော်ခြံများလည်း ပါဝင်သည်ဟု သိရသည်။
လက်မှတ်ထိုးပြီးသူများကိုအခြားသူများနည်းတူလျော်ကြေးထပ်ပေးခြင်းမရှိကြောင်း၊ယခုအချိန်ထိ အပြီးသတ်လျော်ကြေးမရသေးသူအနည်းငယ်ကျန်သေးကြောင်းလိုက်လံဆောင်ရွက်ပေးနေသူ စိုင်းသူရိန်ဦးက ပြောသည်။

vrijdag 1 juli 2011

မြန်မာ့ဒီမိုကရေစီလူ့အဖွဲ့အစည်းရောက်တော့မည်ဟုဒေါ်အောင်ဆန်းစုကြည်ပြော

ခင်ဦးသာ Friday, 01 July 2011 17:41
.မြန်မာပြည်သူလူထုတရပ်လုံးဒီမိုကရေစီလူ့အဖွဲ့အစည်းဆီသို့မကြာမီရောက်ရှိတော့မည် ဟုမျှာ်လင့်ကြောင်းမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ကျင်းပသည့်အခမ်းအနားတခု၌ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်(ဓာတ်ပုံ-ဧရာဝတီ)
ဥရောပနိုင်ငံတနိုင်ငံဖြစ်သောလစ်သူယေးနီးယား(Lithuania)နိုင်ငံ၌ဇွန်လ၃၀ရက်နေ့ကကျင်းပခဲ့သော ဒီမိုကရေစီလူထုအခြေပြုအဖွဲ့များ(CommunityofDemocracies)၀န်ကြီးအဆင့်အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယို မိန့်ခွန်းပြောရာ၌ ထိုသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
လစ်သူယေးနီးယားနိုင်ငံသည်လည်းဒီမိုကရေစီရရှိရေးအတွက်မြန်မာနိုင်ငံကဲ့သို့ကြိုးပမ်းခဲ့ပြီး ဒီမိုကရေစီနိုင်ငံဖြစ်ခဲ့ကြောင်း၊ယခုအစည်းအဝေးအားဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်နေချိန်သည် မိမိနေအိမ်အကျယ်ချုပ်မှလွတ်လာချိန်နှင့် တိုက်ဆိုင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
နိုင်ငံတကာ၌ကျင်းပနေသောအစည်းအဝေးများ၊နှီးနှောဖလှယ်ပွဲများ၊လွှတ်တော်များသို့ဗီဒီယိုမိန့်ခွန်းများ ပေးပို့ရာတွင်“မြန်မာနိုင်ငံရဲ့မပြီးဆုံးသေးတဲ့ဒီမိုကရေစီတိုက်ပွဲကိုဝိုင်းဝန်းကူညီကြပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က အစဉ် တိုက်တွန်းသည်ကို တွေ့ရသည်။
ဒီမိုကရေစီအရေး လုပ်ဆောင်နေသည့်အတွက် လူထုအခြေပြု အဖွဲ့ကြီးအား ထောက်ခံကြောင်းနှင့် တန်ဖိုးထား ကျေးဇူးတင်ပါကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။
ထိုအစည်းအဝေးသို့ မြန်မာနိုင်ငံအပါအ၀င်အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊အိန္ဒိယစသည့်နိုင်ငံများမှလူထုအခြေပြုအဖွဲ့များတက်ရောက်၍မိမိတို့နိုင်ငံ၏လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ၊ နိုင်ငံရေး အခြေအနေများ ကိုဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ဆွေးနွေးခဲ့သော ပြည်ပအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်၏ဥက္ကဋ္ဌဒေါ်ခင်ဥမ္မာကလည်းကချင်ပြည်နယ်အတွင်းဒေသတချို့၌မြန်မာအစိုးရစစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်နေမှုနှင့် ကချင်အမျိုးသမီး ၁၈ဦးအားမုဒိန်းကျင့်စော်ကားမှုကိစ္စကို ကမ္ဘာ့ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့၍အရေးယူမှုလုပ်ဆောင်ရန်အစည်းအဝေးတွင်တောင်းဆိုခဲ့သည်ဟု ဆိုသည်။
“အဓိကဆွေးနွေးခဲ့တာတော့မြန်မာနိုင်ငံမှာရွေးကောက်ပွဲအပြီးနိုင်ငံရေးအခြေအနေတွေပိုဆိုးလာတာရယ်၊ ကချင်ဒေသမှာ အမျိုးသမီးတွေကို စစ်တပ်ကမုဒိန်းကျင့်၊ သတ်ဖြတ်နေတာတွေ၊ထိုးစစ်ဆင်နေတဲ့ကိစ္စတွေ ရယ်ပါ” ဟုဒေါ်ခင်ဥမ္မာ က ဧရာဝတီကို ပြောသည်။
ယခုလဆန်းပိုင်း၌ကချင်ပြည်နယ်အတွင်းတိုက်ပွဲများပြင်းထန်ခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း အမျိုးသမီး၁၈ဦးမုဒိန်းကျင့်ခံရကာ၎ ဦး အသတ်ခံခဲ့ရကြောင်း၊ ထိုလုပ်ရပ်အား အစိုးရ၏ ခြေမြန်တပ်ရင်း အမှတ်၄၃၇၊ခြေလျင်တပ်ရင်းအမှတ်၂၃၇၊၁၄၁၊၁၄၂၊၁၃၉ တို့မှစစ်သားများကကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ကချင်အမျိုးသမီးအစည်းအရုံးကချင် - ထိုင်းနိုင်ငံ(KWAT)က ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
လစ်သူယေးနီးယန်းနိုင်ငံတွင်ကျင်းပသည့်အစည်းအဝေးသို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့်ဒီမိုကရေစီဖွံ့ဖြိုးပြီးနိုင်ငံများ၊ဖွံ့ဖြိုးဆဲနိုင်ငံများမှနိုင်ငံခြားရေးဝန်ကြီးများ၊၀န်ကြီးများ တက်ရောက်ခဲ့ကြသည်။
မစ္စဟီလာရီကလင်တန်သည်မြန်မာနိုင်ငံနှင့်ပတ်သက်၍အစည်းအဝေး၌သီးသန့်ထင်မြင်ပြောဆိုခြင်း မရှိခဲ့သော်လည်းမြန်မာနိုင်ငံ၏လက်ရှိအခြေအနေများကိုအလေးထားမှတ်တမ်းတင်ယူသွားကြောင်း ဒေါ်ခင်ဥမ္မာက ဆိုသည်။
ဟီလာရီကလင်တန်သည်နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူပြီးနောက်မြန်မာအစိုးရနှင့်တိုက်ရိုက်ဆံမှု လုပ်ဆောင်ခြင်းနှင့်အတူစီးပွားရေးပိတ်ဆို့ကန့်သတ်မှုများကိုပါတဘက်မှလုပ်ဆောင်သွားမည်ဟု အမေရိကန် အစိုးရ၏ မူဝါဒကို ပြောဆိုထားခဲ့သည်။
ဒီမိုကရေစီလူထုအခြေပြုအဖွဲ့သည်သက်တမ်း၁၁နှစ်ဝန်းကျင်ရှိပြီးဒီမိုကရေနိုင်ငံများ စုပေါင်းဖွဲ့စည်းထားကာ ဒီမိုကရေစီ ထွန်းကားရေး၊ ရရှိပြီး ဒီမိုကရေစီစနစ်အား ပိုမိုခိုင်မြဲလာရေးအတွက် ဆောင်ရွက်နေသော အဖွဲ့ကြီးတခု ဖြစ်သည်။

ဒေါ်စုပုဂံခရီးစဉ်လေးရက်ကြာမည်

ဖနိဒါ သောကြာနေ့၊ ဇူလိုင်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၀၃ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ဒေါ်အောင်ဆန်းစုကြည်သည်လာမည့်တနင်္လာနေ့တွင်ပုဂံသို့ဘုရားဖူးသွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်NLDဗဟိုအလုပ်မှုဆောင်ဦးဟံသာမြင့်ကအတည်ပြုပြောကြားလိုက်ပြီး လေးရက်ကြာမြင့်မည်ဟု ဆိုသည်။
“၄ရက်နေ့တနင်္လာနေ့ကိုပုဂံကိုသွားပါ့မယ်။လေကြောင်းလိုင်းနဲ့သွားပါ့မယ်။ဘယ်လေကြောင်းလိုင်းနဲ့ဆိုတာ မသိပါဘူး။သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စသွားတာဖြစ်တဲ့အတွက်ကြောင့်ကျနော်တို့အနေနဲ့ရုံးကို ခွင့်တိုင်ထားတာကိုပဲ သိပါတယ်။ ကျန်တာ အဖွဲ့ချုပ်က မသိပါဘူး” ဟု ဦးဟံသာမြင့်က မဇ္စျိမကို ပြောသည်။
ပုဂံသို့လေးရက်ကြာဘုရားဖူးသွားမည်ဟုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်NLDဗဟိုအလုပ်မှုဆောင် ဦးဟံသာမြင့်ကပြောကြား(Photo :: NLD)
၂ဝ၁ဝနိုဝင်ဘာ၁၃ရက်တွင်နေအိမ်အထိန်းသိမ်းခံမှပြန်လွတ်ပြီးနောက်ပထမဆုံးရန်ကုန်ပြင်ပခရီးစဉ် ဖြစ်ကာ၊မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏လုံခြုံရေးအတွက်အနည်းဆုံးလူငယ်၁ဝဦးလိုက်ပါသွားမည်ဟု NLDခေါင်းဆောင်များကပြောသည်။ခရီးစဉ် အသေးစိတ်ကို ပြောဆိုရန် ငြင်းဆန်ထားပြီး၊ပုဂံမြို့တွင်NLD ပါတီဝင်များနှင့် တွေ့ဆုံရန် မရှိဟု ဆိုသည်။
“ပုဂံမှာဘုရားဖူးသတ်သတ်သွားတဲ့ခရီးစဉ်မှာရက်က အားလုံးဆိုရင် ၄ ရက်လောက်ကြာမယ် ထင်ပါတယ်။ သောကြာနေ့ထိ ခွင့်ယူထား ပါတယ်”ဟု ဦးဟံသာမြင့်က ပြောသည်။
ရန်ကုန်မှ ညောင်ဦးမြို့သို့ လေယာဉ်ဖြင့်သွားရောက်ရမှာ ဖြစ်ပြီး၊ညောင်ဦးမှ ပုဂံသို့ ကားလမ်းပေါက်သည်။ ပုဂ္ဂလိကလေကြောင်းလိုင်းအားလုံးပင်ရန်ကုန်မှညောင်ဦးသို့ပြေးဆွဲနေကြပြီးမနက်အစောပိုင်း တွင် မင်္ဂလာဒုံလေဆိပ်မှ ထွက်ခွါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်NLD၏နိုင်ငံရေးလုပ်ငန်းများမလုပ်ဆောင်ရန်ပြည်ထဲရေးဝန်ကြီးဌာနက အချိန်ကိုက်သတိပေးထားမှုနှင့်မြို့ကြီးများတွင်ဗုံးပေါက်ကွဲမှုများမကြာသေးခင်ကဖြစ်ပွားခဲ့သဖြင့် ယခုခရီးစဉ်လုံခြုံရေးအတွက်အတိုက်အခံနိုင်ငံရေးအသိုင်းအဝိုင်းတွင်စိုးရိမ်တကြီးဆွေးနွေးစရာတခု ဖြစ်နေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် ပတ်သက်၍ တာဝန်ယူထားကြောင်း NLD ရုံးအဖွဲ့ဝင် ဦးဝင်းထိန်က
ပြောသည်။
ပထမမြန်မာနိုင်ငံတော်၏မြို့တော်ဖြစ်ခဲ့သောလက်ရှိမန္တလေးတိုင်းပုဂံမြို့ရှိအဆောက်အအုံ အများအပြားမှာ၁၁ရာစုနှင့်၁၃ရာစုနှစ်အတွင်း တည်ဆောက်ထားခဲ့ပြီးဗုဒ္ဓဘာသာဝင်များ၏ ရှေးဟောင်း စေတီပုထိုး အများအပြား တည်ရှိရာ မြို့ဖြစ်သည်။
ထိုစဉ်တွင် အိန္ဒိယ မီဒီယာအချို့က မကြာသေးခင်က ရေးသားခဲ့သော အကြောင်းအရာ တခုဖြစ်သည့်
ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်အချုပ်မှမလွှတ်ပေးခင်“နိုင်ငံခြား အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း မပြုရန်” မြန်မာစစ်အစိုးရနှင့် ကြိုတင် သဘောတူညီခဲ့သည် ဆိုသော ကိစ္စကို မဇ္ဈိမက မေးမြန်းရာ သဘောတူညီမှု မယူထားကြောင်း ဦးဝင်းထိန်က ပြောသည်။
“မရှိပါဘူးခင်ဗျ၊ အပတ်တိုင်းလို၊ နေ့တိုင်းလို တွေ့နေတာပဲ။ အဲဒါဆို မှားတာပေါ့။ မဟုတ်ပါဘူး” ဟု သူက ပြောသည်။

နယ်ခြားစောင့်အဟောင်း-အသစ်တိုက်ပွဲဖြစ်

ကိုဝိုင်း သောကြာနေ့၊ ဇူလိုင်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၇ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်ပြန်လည်ဖြစ်သွားသော နယ်ခြားစောင့်တပ်ဖွဲ့ဝင်ဟောင်းများနှင့်အစိုးရတပ်များပါဝင်ပူးပေါင်းထားသည့်လက်ကျန်နယ်ခြားစောင့် တပ်ဖွဲ့ဝင်များအကြားကရင်ပြည်နယ်လှိုင်းဘွဲနှင့်ဖိပွန်မြို့နယ်တို့တွင်တိုက်ပွဲများဖြစ်နေကြောင်းDKBA ဗျူဟာမှူး ဗိုလ်မှူးကျော်သက် က ပြောသည်။
တပ်ရင်းမှူးဗိုလ်မှူးစိုးနိုင်ဦးစီးသောနယ်ခြားစောင့်တပ်အမှတ်၁ဝ၁၁နှင့်အစိုးရတပ်မှတပ်မ၄၄၊၆၆၊၂၂တို့ ပူးပေါင်းတပ်ဖွဲ့များနှင့်တပ်ရင်းမှူးစောဘိဦးစီးသောDKBAများကြာသပတေးနေ့ညနေကကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲရှိ တခေါ့ဖိုးရွာအနီး၌ တနာရီကျော် တိုက်ပွဲဖြစ်သည်ဟု ဆိုသည်။
တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်ပြန်လည်ဖြစ်သွားသောနယ်ခြားစောင့် တပ်ဖွဲ့ဝင်ဟောင်းများ (ဓါတ်ပုံ မဇ္ဈိမ)
တိုက်ပွဲတွင်နယ်ခြားစောင့်တပ်ဘက်မှဗိုလ်မှူးစိုးနိုင်ကျဆုံးသည်ဟုသတင်းထွက်ပေါ်နေသော်လည်းDKBA နှင့် KNU က အတည်မပြုနိုင်သေးဟု ဆိုသည်။
ဇွန်လ၂၉ရက်ညကလည်းသံလွင်မြစ်အနောက်ဘက်ဖာပွန်မြို့နယ်ကမမောင်းရွာအနီး၌အစိုးရတပ်များနှင့်
ဖြစ်ပွားရာ အရပ်သားတဦး သေဆုံးသည်ဟု ဗိုလ်မှူးကျော်သက်က ပြောသည်။
“ သူပစ်ကိုယ်ပစ်လေဘယ်သူ့လက်နက်ထိတယ်ဆိုတာပြောလို့မရသေးဘူး” ဟု သူက ပြောသည်။
သောကြာနေ့တွင်တိုက်ပွဲများဆက်ဖြစ်သည်ဟုမကြားရသေးသော်လည်းနှစ်ဖက်တပ်စွဲထားပြီး တဖက်နှင့်တဖက် ခြေလျင်တနာရီအကွာ၌ ရင်ဆိုင်အနေအထားဖြင့် အသင့်ရှိနေကြသည်ဟု ဆိုသည်။
တိုက်ပွဲနေရာသည်သံလွင်အနောက်ခြမ်းသထုံ-ကမမောင်း-ဖာပွန်ကားလမ်း၊အရှေ့ခြမ်းဘားအံ-သခေါ့ဖိုး ကားလမ်းတို့နှင့် နီးပြီး KNLA၏ဘားအံခရိုင်တပ်မဟာ ၇၊ဖာပွန်ခရိုင်တပ်မဟာ၅၊သထုံခရိုင် တပ်မဟာ ၁ စသည့် တပ်မဟာ ၃ ခု ဆက်စပ်နယ်မြေ ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNUအတွင်းရေးမှူး ၁ ဗိုလ်မှူးလှငွေကပြောပြသည်။
KNLAတပ်မဟာ၅နယ်မြေအတွင်း၌အစိုးရနယ်မြေခံတပ်မ၁ဝ၁နှင့်အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းပေါင်း၁၁ရင်း၊တပ်မဟာ၇နယ်မြေအတွင်း၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် စကခ၁၂လက်အောက်ခံတပ်ရင်း ပေါင်း ၁၂ ရင်းခန့် လှုပ်ရှားနေကြောင်း ဗိုလ်မှူးစောလှငွေက ပြောသည်။



ကချင်ပြည်နယ်စစ်ရပ်ဆိုင်းရန်ပါတီ၂ခုပြောဆို

ထွန်းထွန်း သောကြာနေ့၊ ဇူလိုင်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၃ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ကချင်လွတ်မြောက်ရေးအဖွဲ့KIOနှင့်အစိုးရပ်တပ်များအကြားဖြစ်ပေါ်နေသည့်စစ်ပွဲများ ရပ်ဆိုင်းရန်အတွက် လွှတ်တော်တက်ပါတီနှစ်ခုက ပြောဆိုလိုက်သည်။
KIOနှင့်အစိုးရတပ်များအကြားဇွန်လ၉ရက်နေ့ကတိုက်ပွဲများစတင်ဖြစ်ပေါ်လာခဲ့ရာမှ၂၃ရက်အကြာ၌ အမျိုးသားဒီမိုကရေစီအင်အားစုပါတီNDFနှင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတစညတို့က ယခုကဲ့သို့ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အဓိကကတော့ပြဿနာတခုကိုရှင်းတဲ့နေရာမှာအခြေခံရင်းမြစ်ကိုမရှင်းဘဲနဲ့ပတ်ပတ်လည်ကလိုက်ရှင်းလို့ ရှိရင်ပြဿနာတခုကပြေလည်ဖို့အကြောင်းမရှိပါဘူး။အဲဒီတော့ကျနော်တို့ဖြစ်စေချင်တာကတော့ အမျိုးသား
ပြန်လည်ရင်ကြားစေ့ရေးကို ရောက်စေချင်တယ်ဆိုရင်တော့စစ်ပွဲတွေကိုရပ်လိုက်ပါ”ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။
တစညပြောခွင့်ရဦးဟန်ရွှေကလည်း“အပစ်အရပ်ရပ်စဲရေးဆိုတာကိုကျနော်တို့ကအများကြီး ကြိုဆိုပါတယ်။
ထောက်ခံပါတယ်။ဒါပေမဲ့အခုပြန်ဖြစ်သွားတဲ့အခါကျတော့အဓိကကတော့အဖွဲ့အစည်းဆိုတာထက် ပြည်သူတွေဒုက္ခရောက်ကြတယ်။ထိခိုက်နစ်နာကြတယ်။ဒီဟာကိုတော့မလိုလားပါဘူး။ဒီတော့ တတ်နိုင်သမျှ ပြေပြေလည်လည် ရှိဖို့ လိုတယ်” ဟု ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယနေ့ အထူးအစည်းအဝေးအား ကြာသပတေးနေ့တွင် ကျင်းပစဉ် ကြံ့ခိုင်ရေးပါတီထီးချိုင့်မြို့နယ်အမတ်ဦးစန်းမောင်က“ကချင်ပြည်နယ်အခြေစိုက်KIAအဖွဲ့၏ ကချင်ပြည်နယ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုများကိုတားမြစ်ခြင်း၊လုပ်ငန်းများ မအောင်မြင်အောင်နှောင့်ယှက်ခြင်း”တို့အပေါ်ကန့်ကွက်သည့်အဆိုတင်သွင်းခဲ့ကြောင်း သောကြာနေ့ထုတ် အစိုးရသတင်းစာ မြန်မာ့အလင်းတွင် ပါရှိလာခဲ့သည်။
KIAတပ်များကကချင်ပြည်နယ်မလိခမမြစ်အရှေ့ဘက်ကမ်းလာဆာရေအားလျှပ်စစ်စီမံကိန်းရှိတရုတ်လူမျိုး ဝန်ထမ်းများအားအနောက်ဘက်ကမ်းသို့၂ရက်အတွင်းပြောင်းရွှေ့ရန်နှင့်အရှေ့ဘက်ကမ်းတွင် စခန်းတိုးချဲ့နေမှုကိုအမြန်ရုပ်သိမ်းရန်မေလ၅ရက်နေ့ကခြိမ်းခြောက်ဟန့်တားမှုများ ပြုလုပ်ခဲ့ကြောင်း အစိုးရအာဘော်သတင်းစာတွင်စွပ်စွဲပြီးနောက်လွှတ်တော်တွင်း၌KIAအားကန့်ကွက်သည့်အဆို ပေါ်ထွက်ခဲ့ခြင်းလည်း ဖြစ်သည်။
ကချင်ပြည်နယ်တွင်းတိုက်ပွဲဖြစ်သည့်အပေါ်လတ်တလောဖြစ်ပွားနေသည့်တိုက်ပွဲများနှင့်ပတ်သက်ပြီး မည်သည့်လွှတ်တော်များအတွင်းမဆိုတဖက်ဖက်အားဆန့်ကျင်ကန့်ကွက်မှုများပြုလုပ်နေမည့်အစား စစ်ရပ်ဆိုင်းရေးကိုသာ အဓိကဦးတည်ကြစေလိုကြောင်း NDF နှင့် တစည က ရှုမြင်သည်။
“ဒီလိုတဖွဲ့တသင်း၊တဦးတယောက်ကနေပြောတဲ့စကားတခုတည်းနဲ့ကတော့လည်းသိပ်အရာမရောက်ပါဘူး။ အဓိကကဟိုမှာဖြစ်နေတဲ့ဟာကိုကျနော်တို့ကဒီကပြောနေရုံနဲ့လည်းဖြစ်နေတဲ့ဥစ္စာကလျော့သွားမှာ၊ တိုးလာမှာမဟုတ်ပါဘူး။ဖြစ်သင့်တာကတော့ဟိုဘက်ပဲစတိုက်တိုက်၊ဒီဘက်ကပဲစတိုက်တိုက် တိုက်တာကတော့ မလိုလားဘူး” ဟု ဦးခင်မောင်ဆွေက ဆိုသည်။
ဦးဟန်ရွှေကလည်း“သူလွန်တယ်၊ကိုယ်လွန်တယ်ဆိုတာထက်ဘုံရပ်တည်ချက်ပေါ်မှာလုပ်ကိုင်ဆောင်ရွက် သွားဖို့ဆိုတဲ့ဟာကိုပြောရမယ့်သဘောရှိတယ်။တိုင်းရင်းသားတွေကြားထဲမှာမကျေမလည်ဖြစ်ကြတဲ့ အခြေအနေအရပ်ရပ်တွေကိုအားလုံးကျေကျေလည်လည်ဖြစ်အောင်ဘုံရပ်တည်ချက်ဖြစ်တဲ့ အေးချမ်းသာယာရေး၊တည်ငြိမ်အေးချမ်းရေး၊နောက်တခါစည်းလုံးညီညွတ်ရေး၊ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ဘုံရပ်တည်ချက်တွေအပေါ်မှာ အခြေခံပြီး လုပ်ကြဖို့ကတော့ ကျနော်တို့ ရပ်တည်ချက်ပါပဲ” ဟု ဆိုသည်။
ဦးစန်းမောင်၏ကန့်ကွက်လွှာတွင်“ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား ဝန်ထမ်းများကိုခြိမ်းခြောက်ခြင်း၊ဟန့်တားနှောင့်ယှက်ခြင်း၊ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အရပ်သားများအားKIA မှ ဖမ်းဆီးခေါ်ဆောင်ခြင်း” များ ရှိသည်ဟု ဆိုထားသည်။
လမ်းပန်းဆက်သွယ်ရေးအတွက်အဓိကကျသည့်တံတား၂၅စင်းကိုဇွန်လ၁၄-၁၆ရက်အတွင်း ဖျက်ဆီးခဲ့သဖြင့်ဒေသဖွံ့ဖြိုးရေးအတွက်ထိခိုက်နစ်နာကြောင်းအစိုးရကစွပ်စွဲထားကာ၊ တာပိန် ရေအားလျှပ်စစ်စက်ရုံနှင့် တာဝါတိုင်များကို မိုင်းထောင်ဖောက်ခွဲခဲ့သည့်အတွက် တရုတ်နိုင်ငံသား ဝန်ထမ်း ၂၁၅ ဦး ပြန်သွားခဲ့ကြောင်းနှင့်ယင်းကြောင့်စက်ရုံပိတ်သိမ်းခဲ့ရပြီးနစ်နာမှုများ ရှိခဲ့ကြောင်း ဇွန် ၁၈ ရက်ထုတ် မြန်မာ့အလင်းစာ၌ဖော်ပြထားသေးသည်။
ဦးစန်းမောင်၏ကန့်ကွက်လွှာကိုချင်းတိုးတက်ရေးပါတီCPPဥက္ကဋ္ဌဖြစ်သူ စစ်ကိုင်းတိုင်း တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဦးနိုထန်ကပ်ကအစည်းအဝေးတွင်ထောက်ခံခဲ့သည်။မည်သို့သောကြောင့် ထောက်ခံရသည်ကိုအသေးစိတ်သိနိုင်ရန်ဆက်သွယ်ခဲ့သော်လည်းသူက“မအားသေး”ဟု ဆိုကာ ဖုန်းချသွားခဲ့သည်။
ဦးခင်မောင်ဆွေက“ဘယ်သူကပဲကန့်ကွက်ကန့်ကွက်၊ဘယ်သူကပဲထောက်ခံထောက်ခံဒီဟာက သိပ်အရေး မကြီးတော့ပါဘူး။အရေးကြီးတာကစစ်ကိုဘယ်လိုရပ်မလဲ။စစ်ကိုရပ်ပြီးတော့ကာပြဿနာတွေကို ဘယ်လိုဖြေရှင်းအောင် လုပ်မလဲဆိုတဲ့အထိ သွားနိုင်ဖို့သာလျှင် လိုလားပါတယ်” ဟု ပြောသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် အစိုးရတပ်များအကြား ဇွန် ၉ ရက်နေ့၌ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ဇွန် ၂၇ ရက်အထိ ဖြစ်ပွားခဲ့ရာမှ ယခုအခါ ငြိမ်သက်နေသည်။
“အစကောင်းမှအနှောင်းသေချာမယ်ဆိုတာရှိတယ်။လတ်တလောဆေးမီးတိုနဲ့မရဘူးဗျ။ ဖြစ်လာခဲ့တဲ့ဟာက သမိုင်းကြောင်းနဲ့ချီပြီးဖြစ်လာခဲ့တာ။ဒီတော့ တခုကောင်းဆေးမီးတိုနဲ့ မရဘူး။ အခြေခံအကြောင်းရင်းတွေကို ရှာပြီးတော့အဲဒီအကြောင်းရင်းတွေမဖြစ်ပေါ်စေနဲ့ပေါ့လေ။အဲဒါတွေကိုရှာဖွေပြီးတော့ တည်ဆောက်သွားမှရမယ်ထင်ပါတယ်။အချိန်ယူရမယ်။ချက်ချင်းကြီးလုပ်လို့မရဘူး”ဟု ဦးဟန်ရွှေက ဆိုသည်။
သူက ဆက်ပြီး “များသောအားဖြင့်ကတော့ ကိုယ့်အချင်းချင်းတည်ဖို့။ ပြည်ပ ပယောဂကို အခြေခံပြီးတော့၊
ဖြစ်လာကြတဲ့အပေါ်မှာ တတ်နိုင်သမျှ ကျနော်တို့က ပြည်ပ ပယောဂ မပါဘဲနဲ့ မိသားစုချင်း၊ တိုင်းရင်းသား အချင်းချင်း ရှင်းရင်တော့ရမယ်လို့ထင်တယ်”ဟု ပြောသည်။ ပြည်ပ ပယောဂဆိုသည်မှာ မည်သည့်နိုင်ငံကို ညွှန်းဆိုကြောင်းပြောဆိုခြင်း မပြုပါ။
ဦးဟန်ရွှေ ရှုမြင်သကဲ့သို့ပင် ဇွန် ၃ဝ ရက်တွင် အစိုးရဘက်မှ စေလွှတ်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် KIO အကြား စစ်ရပ်ရေး ဆွေးနွေးပွဲလုပ်ခဲ့ရာ ဤသည်မှာ ပဏာမတွေ့ဆုံမှုအဖြစ် KIOတွဲဘက်အတွင်းရေးမှူး ဦးလနန်က မဇ္ဈိမကို ကြာသပတေးနေ့တွင် ပြောဆိုခဲ့သည်။
“သူတို့ဘက်ကတဖက်သတ်အပစ်ရပ်ဆိုင်းထားတယ်ဆိုတာကို ခိုင်မာမှု သက်သေရှိရမယ်။ အဲဒီအချက်တွေ လုပ်ပေးနိုင်တယ်ဆိုရင် ကျနော်တို့ဘက်က ရှေ့တန်းတွေ ရုပ်သိမ်းဖို့ ညွှန်ကြားမှာပါ။ အဲဒီ ညွှန်ကြားမှုပြီးရင် သူတို့စစ်တပ်ဖြစ်ဖြစ်၊အစိုးရဖြစ်ဖြစ်နဲ့ကျနော်တို့က အပစ်အခတ် ရပ်ဆိုင်းရေးတခုကို လက်မှတ်ထိုးကြမယ်” ဟု သူက ဆိုသည်။
NDFကလည်းအစိုးရအနေဖြင့်တိုက်ပွဲများခေတ္တရပ်ဆိုင်းနေပြီဖြစ်သော်လည်းလက်တွေ့ကျသည့် စေ့စပ်ညှိနှိုင်းမှုနှင့်ကတိကဝတ်များကိုတရားဝင်အသိအမှတ်ပြုဖြစ်အောင်ပြုလုပ်ရန်လိုအပ်နေပြီး စစ်တိုက်နေခြင်းမှာ အဖြေမဟုတ်ဟု ဆိုသည်။
“ပင်လုံသဘောထားတွေကိုထင်ဟပ်ပြီးတော့ကာနှစ်ဖက်ကတိကဝတ်တွေကိုချမှတ်ပြီးတော့စာရွက်ပေါ်မှာ တိုင်းသိပြည်သိ၊ကမ္ဘာသိလက်မှတ်ထိုးပြီးတော့သဘောတူညီချက်တွေမရဘဲနဲ့တော့ဖြင့်ဒီကိစ္စတွေကို ဆက်တိုက်လို့မသင့်တော်ပါဘူး။တိုက်ခြင်းဟာလည်းအဖြေမဟုတ်ပါဘူး”ဟု ဦးခင်မောင်ဆွေက ပြောသည်။
ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်တွင်ယခုကိစ္စနှင့်ပတ်သက်၍၎င်းတို့ပါတီအနေဖြင့် တင်ပြသွားမည်ဟု ဆိုသည်။
KIOကလည်းတိုင်းရင်းသားများတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံသည့် ပင်လုံ သဘောတူညီချက် အတိုင်း ဆောင်ရွက်နိုင်ပါက လက်နက်ကိုပင် စွန့်လွှတ်သွားမည်ဟု ပြောဆိုခဲ့ဖူးသည်။