မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 25 februari 2010

မြန်မာအသင်း အာရှဖလားဝင်ခွင့် ဆုံးရှုံး

ဆလိုင်း ဟံသာစန်း
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၆ မိနစ် .
နယူးဒေလီ (မဇ္ဈိမ) ။ ။ AFC Challenge Cup – 2010 အကြိုဗိုလ်လုပွဲစဉ်တွင် မြောက်ကိုရီးယား အသင်းကို ယမန်နေ့က ဂိုးပြတ် ရှုံးနိမ့်ခဲ့သဖြင့် မြန်မာအသင်း၏ ၂ဝ၁၁ ခုနှစ် အာရှဖလားဝင်ခွင့် အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။
ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းသည် ၂ဝ၁၁ ခုနှစ်တွင် ကာတာနိုင်ငံ၌ ကျင်းပမည့် အာရှဖလား ဘောလုံး ပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သော်လည်း သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ မြောက်ကိုရီးယား အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ၅ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
“မြောက်ကိုရီးယားက ကမ္ဘာ့ဖလားတောင် ခြေစစ်ပွဲအောင်ထားတဲ့ နိုင်ငံဆိုတော့ ဘောလုံး အဆင့်အတန်းချင်းက သိပ်ကွာပါတယ်။ ကိုယ့်ထက် သမ္ဘာရော၊ ကစားအားရော ပိုကောင်းတဲ့ အသင်းကို ရှုံးရတဲ့အတွက် အရမ်းတော့ ဝမ်းမနည်းမိပါဘူး။ အုပ်စုတက်ပြီး ဆီမီး (အကြိုဗိုလ်လုပွဲ) ရောက်တာကိုပဲ ကျေနပ်ရမှာပါပဲ” ဟု ဂိုးလ် အားကစားဂျာနယ် အယ်ဒီတာ ဦးကိုကိုကြီးက မဇ္ဈိမကို ပြောသည်။
သီရိလင်္ကာ ကိုလံဘိုမြို့ရှိ ဆူဂါသာဒါဆာ (Sugathadasa) ကွင်း၌ မြောက်ကိုရီးယားက မြန်မာဘက်သို့ ပထမပိုင်း ၆ မိနစ်၊ ၁၂ မိနစ်နှင့် ၁၃ မိနစ်တို့တွင် ၃ ဂိုး၊ ဒုတိယပိုင်း ၇၃ မိနစ်နှင့် ၈၅ မိနစ်တွင် ၂ ဂိုး သွင်းယူခဲ့သည်။ ဂိုးများကို ချိုးချိုလ်မန်းက ၂ ဂိုး၊ ချိုမြောင်ဟို၊ ပတ်ဆောင်ချိုနှင့် ကင်ဆောင်ယောင်တို့က ၁ ဂိုးစီ သွင်းယူခဲ့ကြသည်။
“ဖလားတော့ ရစေချင်တာပေါ့။ ရှုံးသွားတော့လည်း ဘာတတ်နိုင်မလဲ။ ဒါပေမဲ့ အရှက်ပြေ ချေပဂိုးလေး ၁ ဂိုးလောက်တော့ ရသင့်တယ် ထင်တယ်ဗျာ” ဟု ရန်ကုန်မြို့ရှိ မြန်မာ ဘောလုံးပရိသတ်တဦးက ပြောသည်။
၂ဝဝ၉ ခုနှစ်အတွင်း မြန်မာနေရှင်နယ်လိဂ် ပေါ်ပေါက်လာသော်လည်း ကလပ်အသင်းများသည် နိုင်ငံ့လက်ရွေးစင် အသင်းကို အထောက်အကူ မပြုနိုင်သေးကြောင်း ဝါရင့် အားကစား ကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) က ဆိုသည်။
“ခုခေတ်က ပါဝါ (ခွန်အား) ရော၊ အမြန်နှုန်းရော သုံးပြီး ကစားရတဲ့ခေတ်။ သူများနိုင်ငံက ကစားသမားတွေက ဘောလုံးသမားပုံ ပေါက်တယ်။ ဒီက ကလေးတွေက မိနစ် ၇ဝ ကျော်ရင် မဆော့နိုင်တော့ဘူး။ ကစားအား ကျပြီ” ဟု သူက ပြောသည်။
AFC Challenge Cup - 2010 ကို ကိုလံဘိုတွင် ယခုလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပနေပြီး မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် အုပ်စု - က တွင် အိမ်ရှင် သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ခ်ျ၊ တာဂျကစ္စတန် နိုင်ငံတို့နှင့် တအုပ်စုတည်း ကျရောက်ခဲ့သည်။
အုပ်စုအဆင့် ပွဲစဉ်များတွင် အိမ်ရှင် သီရိလင်္ကာကို ၄ ဂိုး ဂိုးမရှိ၊ ဘင်္ဂလားဒေ့ခ်ျကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ တာဂျစ်ကစ္စတန်ကို ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကာ အုပ်စု ဒုတိယဖြင့် အကြိုဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။
“ဒီပြိုင်ပွဲမှာ ထူးခြားတာတခု တွေ့ရတာကတော့ အရင်တုန်းက ပွဲတွေလို ရန်ဖြစ်တာတို့၊ အနီကဒ်နဲ့ အထုတ်ခံရတာတို့ မတွေ့ရဘူး။ အရှုံးကို လက်ခံတတ်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်မှုတော့ တွေ့လာရတယ်” ဟု ခင်မောင်ထွေး (ပျဉ်းမနား) က ပြောသည်။
မြန်မာလက်ရွေးစင် အသင်းသည် ယခုလ ၂၇ ရက်နေ့ နေ့လည် ၃ နာရီခွဲ (သီရိလင်္ကာစံတော်ချိန်) တွင် ဆူဂါသာဒါဆာ (Sugathadasa) ကွင်း၌ အုပ်စုပွဲစဉ်တွင် ရှုံးနိမ့်ထားသည့် တာဂျစ်ကစ္စတန် လက်ရွေးစင် အသင်းနှင့် တတိယနေရာလုပွဲ ယှဉ်ပြိုင်ကစားရမည်။
ထိုပွဲစဉ်အပြီးတွင် မြောက်ကိုရီးယားအသင်းနှင့် အကြိုဗိုလ်လုပွဲ ပထမပွဲစဉ်တွင် တာဂျစ်ကစ္စတန်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် တာမင်နစ္စတန်အသင်းတို့ ဗိုလ်လုပွဲ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာအသင်းသည် အာရှဖလား ဘောလုံးပြိုင်ပွဲသို့ ၁၉၆၈ ခုနှစ်တွင် တကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ယင်းနှစ်တွင် ဒုတိယဆု ရရှိခဲ့သည်။
မြန်မာအသင်း၏ နည်းပြချုပ်မှာ ဦးတင်မြင့်အောင်ဖြစ်ပြီး လက်ထောက်နည်းပြများမှာ ဦးမျိုးလှိုင်ဝင်းနှင့် ဦးစိုးမိုး၊ ဂိုးနည်းပြမှာ ဦးအောင်ကျော်ကျော်ဖြစ်ကာ အသင်းခေါင်းဆောင်မှာ မျိုးမင်းထွန်း ဖြစ်သည်။
ယခုလ ၃ ရက်နေ့တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အဆင့် ရပ်တည်ချက်၌ မြန်မာအသင်းသည် အဆင့် ၁၄၁ တွင် ရပ်တည်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ ဘောလုံးအဆင့်အတန်းကို အမီလိုက်ရန်နှင့် လက်ရွေးစင် အသင်း အောင်မြင်ရန် ထွားကျိုင်းကာ အရပ်အမောင်းကောင်းမွန်သည့် ခန္ဓာကိုယ် ဖွံ့ဖြိုးဆဲ လူငယ်များကို ဘောလုံးအကယ်ဒမီကျောင်းများတွင် စနစ်တကျ ကျွေးမွေးပြုစုပျိုးထောင်ရန် လိုအပ်ကြောင်း အားကစား ကလောင်ရှင်က ဆိုသည်။
“၃ နှစ်လောက် အားလုံးဝိုင်းပြီး လူငယ်သွေးသစ် မွေးမြူတာကို တွန်းလုပ်လိုက်ရင် မြန်မာအသင်း ရလဒ်တွေ ပြန်တက်လာမယ်လို့ ကျနော် ယုံတယ်။ ဒါကတော့ ကလပ်ပိုင်ရှင် သူဋ္ဌေးတွေရဲ့ ကလပ်အသင်းတွေနဲ့ ဘောလုံး အကယ်ဒမီတွေကိုပဲ အားကိုးရမှာပဲ” ဟု သူက ပြောသည်။

ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၀ ဦးကို အန်အယ်ဒီ CEC အတည်ပြု

ဖနိဒါ
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၂ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ပါတီဗဟိုဦးစီးအဖွဲ့ (CC) အဖွဲ့ဝင် ဦးရေ ၁ဝဝ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ CEC က ယနေ့ အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ပြည်နယ်နှင့် တိုင်းများမှ ရွေးချယ်ပေးပို့သည့် ဗဟိုဦးစီးအဖွဲ့ဝင် လျာထားစာရင်းများကို CEC အဖွဲ့က ပါတီစည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီသူများ ဖြစ်စေရန် ယခုလ ၂၂ ရက်နေ့မှ စတင်၍ စိစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။
သို့သော် အဆိုပါ CC အဖွဲ့ဝင် အမည်စာရင်းများကို ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေထံသို့ မနက်ဖြန်တွင် ပို့ပေးပြီး အတည်ပြုချက် ရယူပြီးနောက် လာမည့်လ ပထမပတ်တွင် အပြီးသတ်စာရင်း ထုတ်ပြန်နိုင်မည်ဟု အဖွဲ့ချုပ် ဗဟိုသတင်းနှင့် ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးခင်မောင်ဆွေက ဆိုသည်။
“ဒီနေ့ အပြီးသတ်သဘောမျိုးတော့ ရွေးပြီးသွားပြီ။ စုစုပေါင်း ၁ဝဝ ကိုတော့ အတည်ပြုလိုက်ပြီ။ ဥက္ကဋ္ဌ သဘောထား ရယူရဦးမယ်။ CEC အနေနဲ့ကတော့ အတည်ပြုလိုက်ပြီ” ဟု CEC အဖွဲ့ဝင်လည်းဖြစ်သူ ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။
ဗဟိုဦးစီးအဖွဲ့ဝင် လျာထားစာရင်းများကို ယခုလ ၁၆-၁၇ ရက်နေ့တွင် ဗဟိုသို့ တင်ပြခဲ့ကြသည်။
အဖွဲ့ချုပ်ကို CEC အဖွဲ့ဝင် ၂ဝ ဦး၊ ဗဟိုဦးစီးအဖွဲ့ဝင် CC ကို ၁ဝဝ ဦးမှ ၁၂ဝ သာ ထားရှိမည်ဟု သတ်မှတ်ခဲ့ပြီး၊ ဗဟိုဦးစီးအဖွဲ့ လျာထားဦးရေမှာ ၁ဝဝ ကျော် ရှိခဲ့သည်။
ပါတီ ပိုမိုကျစ်လစ် တောင့်တင်းရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ထိရောက်စွာ လုပ်ဆောင်နိုင်ရန် “ဗဟိုဦးစီးအဖွဲ့” ကို ဖွဲ့စည်းခြင်း ဖြစ်သည်ဟု အန်အယ်ဒီ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
အဖွဲ့ချုပ်အပေါ် သစ္စာရှိသူ၊ အရည်အချင်းရှိသူ၊ အဖွဲ့ချုပ်နှင့် မကင်းမကွာ တာဝန်ထမ်းဆောင်နေသူ၊ မူဝါဒများအတိုင်း ရပ်တည်နေသူ၊ အဖွဲ့ချုပ် စည်းကမ်းအရ အရေးယူခံနေရသူ မဖြစ်စေရ စသည့် မူအတိုင်း စိစစ်ရွေးချယ်ကြောင်းလည်း ပါတီတာဝန်ရှိသူများက ပြောကြသည်။
၁၉၉ဝ ခုနှစ်အတွင်း စတင်ဖွဲ့စည်းစဉ်က CC အဖွဲ့ဝင် ဦးရေ ၈ဝ ရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင် အများအပြားကို အာဏာပိုင်များက ဖမ်းဆီးခဲ့သဖြင့် ယနေ့တိုင်ထိ ပါတီလုပ်ငန်းများ ဖော်ဆောင်ရာတွင် ကြံ့ကြာမှုများ ဖြစ်ခဲ့ကြောင်း သိရသည်။
(ကိုဝိုင်း တည်းဖြတ်သည်။)

ဆရာကြီး အီကြာကွေး၏ စာအုပ်များ လှူဒါန်း

မင်းသက်
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၂ မိနစ် .
ရန်ကုန် (မဇ္ဈိမ)။ ။ ကွယ်လွန်သူ စာရေးဆရာကြီး အီကြာကွေး စုဆောင်းကျန်ရှိခဲ့သော စာအုပ်ပေါင်း ၂ဝဝဝ ကျော်ကို စာအုပ်လှူဒါန်းရေး ကော်မတီက နာရေးကူညီမှုအသင်း (ရန်ကုန်) ဖွင့်လှစ်ထားသည့် သုခအလင်း စာကြည့်တိုက်သို့ ယနေ့ လှူဒါန်းလိုက်သည်။
ဘာသာရေးကျမ်း၊ ဗုဒ္ဓဝင်ကျမ်းများ၊ မဂ္ဂဇင်းများ၊ ရသစာအုပ်များ အပါအဝင် နှစ်ရှည်လများ စုဆောင်းခဲ့သည့် စာအုပ် ၂ဝဝဝ ကျော်ကို စာအုပ်လှူဒါန်းရေး ကော်မတီမှ စာရေးဆရာများဖြစ်သည့် မောင်ပေါ်ထွန်း၊ အဏ္ဏဝါစိုးမိုးနှင့် ဆရာကြီး အီကြာကွေး၏ တပည့် ၂ ဦးက လာရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
''စာအုပ်တွေကတော့ အမျိုးအစားအစုံပါပဲ။ သူကိုယ်တိုင်ရေးတဲ့ စာအုပ်တွေတော့ လှူဖို့စာရင်း မလုပ်ရသေးဘူး'' ဟု ဆရာအဏ္ဏဝါစိုးမိုးက အခမ်းအနားတွင် ပြောကြားခဲ့သည်။
သူက ဆက်ပြီး ''ဆရာအီကြာကွေး ကွယ်လွန်သွားကတည်းက သူ့မှာကျန်ခဲ့တဲ့ စာအုပ်တွေကို လှူဒါန်းဖို့ ကော်မတီတခု ဖွဲ့ခဲ့တာဖြစ်တယ်။ အဲဒီမှာ ဆရာမောင်ပေါ်ထွန်းပါတယ်၊ ကျနော် ပါတယ်၊ ပြီးတော့
သောကြာစာစောင် အယ်ဒီတာပါတယ်၊ ဆရာအီကြာကွေး တပည့် ၂ ယောက် ပါတယ်။ စာကြည့်တိုက်တွေကို လှူမလို့ ရည်ရွယ်ထားတယ်။ အခုတော့ သုခအလင်း ဖွင့်လိုက်တော့ အဆင်ပြေသွားတာပေါ့'' ဟု ပြောသည်။
စာအုပ်လှူဒါန်းပွဲတွင် နာရေးကူညီမှုအသင်းက အခမ်းအနားဖြင့် လက်ခံရယူရာတွင် အသင်း နာယက စာရေးဆရာမကြီး ကလျာ (ဝိဇ္ဇာ၊ သိပ္ပံ) က ကျေးဇူးတင်စကား ပြောကြားကာ၊ အသင်း ဥက္ကဋ္ဌ ရုပ်ရှင်မင်းသား ကျော်သူက ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့သည်။
ဆရာကြီးအီကြာကွေးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး၊ သူနေထိုင်ခဲ့သည့် နေအိမ်ကို မွေးရပ်မြေဖြစ်သော ဧရာဝတီတိုင်း ဓနုဖြူမြို့ရှိ ကျိုက္ကလွန်ဗွန်း စေတီတော် ဝေယျာဝိစ္စအတွက် လှူဒါန်းခဲ့သည်။
သုခအလင်း စာကြည့်တိုက်ကို နာရေးကူညီမှုအသင်း (ရန်ကုန်) က ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အသင်းရုံးအပေါ်ထပ်တွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကျရောက်သည့် ယခုလ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

မောင်တော ကျေးရွာများတွင် အလှည့်ကျ ကင်းစောင့်

ငြိမ်းချမ်း
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၅၄ မိနစ် .
ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း နတ်မြစ်ကမ်းတလျှောက်မှ ကျေးရွာများတွင် ဓားပြများရန်ကို ကာကွယ်ရန်အတွက် ယခုလ ၂ဝ ရက်နေ့မှစ၍ ရွာသားများကိုယ်တိုင် အလှည့်ကျ ကင်းစောင့်နေရကြောင်း သိရသည်။
တအိမ်လျှင် လူတဦးစီဖြင့် ၅ ဦးပါ ကင်းအဖွဲ့များသည် ညနေ ၆ နာရီမှ နံနက် ၆ နာရီထိ တာဝန်ယူရကာ ၂ ရက်ဆက်တိုက် ကင်းစောင့်ရပြီး မင်္သကာဖွယ် တွေ့ရှိပါက ရွာသားများကို တပ်လှန့်ပေးရခြင်း ဖြစ်သည်။
“ဘယ်သူကမှ တာဝန်ပေးလာတာတော့ မဟုတ်ဘူး။ အလုပ်အကိုင်က အဆင်မပြေရတဲ့ကြားထဲ ဓားပြတွေက သောင်းကျန်းတော့ သူတို့ဒဏ်ကို မခံနိုင်တော့ဘူး။ နစက ကိုလည်း အားကိုးလို့ မရဘူး။ ဓားပြတိုက်တယ်ဟေ့ ဆိုရင် သေနတ်ကို မိုးပေါ်ထောင်ပစ်တာနဲ့၊ အရက်မူးပြီး အိပ်နေတာနဲ့၊ နစက ဗိုလ်ကြီးဆီက ပစ်မိန့်မရလို့ ဆိုတာနဲ့ပဲ ဓားပြတွေကို မဖမ်းလိုက်နိုင်ဘူး” ဟု မောင်တောမြို့နယ် ပြူးမကျေးရွာမှ ယာအိမ်မှူး ကိုအောင်သန်းက မဇ္ဈိမကို ပြောသည်။
ဧည့်စာရင်းစစ်ကဲ့သို့ အယောင်ဆောင်လာသူများသည် ရွာသားများထံမှ ဓားပြတိုက်ခြင်းသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှ စတင်ခဲ့ပြီး ယခုနှစ်ဆန်းတွင် ပိုမိုများပြားလာကြောင်း ဒေသခံများက ဆိုသည်။
ဒေသအခြေစိုက် နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေးတပ် (နစက) များက ဓားပြရန်ကို တာဝန်ယူဖြေရှင်း မပေးရာမှ ပိုမိုအတင့်ရဲလာခြင်းဖြစ်ကြောင်း မောင်တောမြို့နယ် ငခူရကျေးရွာသား ကိုမောင်ခင်ဝင်းက ပြောသည်။
ယခုလ ၁၅ ရက်နေ့ နံနက် ၁ နာရီခွဲခန့်တွင် မောင်တောမြို့ အမှတ် ၅ ရပ်ကွက် ရယက ဥက္ကဋ္ဌ ၊ နစက နယ်မြေ ၇ မြင်းလွတ်ရွာရှိ ဦးမာမတ်တော်ယုနှင့် ဇီးပြင်ချောင်းရွာရှိ ဆိုကီကာနိုအာလာမ် နေအိမ်တို့ ဓားပြတိုက်ခံရကြောင်း ရခိုင်သတင်းဌာန နိရိဉ္စာရာ သတင်းစာမျက်နှာတွင် ယခုလ ၂ဝ ရက်နေ့က ဖော်ပြခဲ့သည်။
မောင်တောမြို့နယ်ရှိ ကင်းစောင့်နေသော ကျေးရွာများတွင် နတ်မြစ်ကမ်းဘေးတလျှောက် ကပ်ပကောင်း၊ ငခူရ၊ ရွက်ညိုတောင်၊ စံပယ်ရင်း၊ သင်္ဘောလဟ၊ ရန်အောင်ပြင်၊ ကြိမ်းချောင်း၊ တမန်းသာ၊ မင်းကြီးရွာ၊ တောင်ပြို၊ လိပ်ရကုန်နှင့် ပြူးမကျေးရွာတို့လည်း ပါဝင်သည်။
ဓားပြတိုက်မှုများသည် ဘူးသီးတောင်မြို့နယ်၌ပါ ယခုတလော ဖြစ်ပွားနေပြီး မြို့နယ်တွင်းရှိ ငန်းချောင်းရွာတွင် ယခုလ ၂ဝ ရက်နေ့၊ တောင်ဘဇာရွာတွင် ၂၁ ရက်နေ့၊ အလယ်သံကျော်ရွာတွင် ၂၂ ရက်နေ့နှင့် မြင်လွတ်ရွာတွင် ၂၃ ရက်နေ့က ဧည့်စာရင်းစစ်များ အယောင်ဆောင်ကာ ဓားပြတိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။
ဓားပြများနှင့်ပတ်သက်၍ မောင်တောရဲစခန်းမှ ရဲဝန်ထမ်းတဦးက “ကျနော်တို့လည်း လက်လှမ်းမှီသလောက် စုံစမ်းပါတယ်။ ခက်နေတာ ဓားပြတွေက ဒီဘက်မှာနေတဲ့ လူတွေ မဟုတ်ဘူး။ ညကျရင် နတ်မြစ်ကနေ ခိုးဝင်လာတယ်။ တိုက်ပြီးရင် တဖက်နိုင်ငံကို ပြန်ပြေးသွားတယ်။ ဆိုတော့ ဒီပြဿနာက နှစ်နိုင်ငံနယ်စပ် အာဏာပိုင်တွေ ဖြေရှင်းမှရမယ့် ကိစ္စလို့ ထင်ပါတယ်” ဟု ပြောသည်။
နတ်မြစ်ကို ဖြတ်ကာ နှစ်နိုင်ငံအကြား သွားလာနေသူများပါ ဓားပြတိုက်ခံရပြီး၊ ဘင်္ဂလားဒေ့ခ်ျ နယ်ခြားစောင့် တပ် BDR က လိုက်လံဖမ်းဆီးသည့်အခါ မြန်မာဘက်ရှိ ချောင်းကြိုချောင်းကြားများအတွင်း ဝင်ပြေးသဖြင့် လက်ရဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံ နယ်စပ်မြို့နယ် တက္ကနာအတွင်းရှိ မြစ်နားရွာတွင် တာဝန်ကျသည့် BDR တပ်သားတဦးက ပြောသည်။

နယ်ခြားစောင့်တပ်အရေး ဝ’ ခေါင်းဆောင်နှင့် စရဖ တွေ့ဆုံ

ဖနိဒါ
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၄၅ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စဆွေးနွေးရန် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဥက္ကဋ္ဌ ပေါက်ယူချန်းတို့ ယနေ့ တွေ့ဆုံမည်ဖြစ်ကြောင်း ဝ’ အရာရှိတဦးထံမှ သိရသည်။
စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်၊ အရှေ့မြောက်တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်တို့၏ တွေ့ဆုံရန် ကမ်းလှမ်းမှုကို ကျန်းမာရေး အကြောင်းပြချက်ဖြင့် ဝ’ တပ်ဖွဲ့ ဥက္ကဋ္ဌက ၃ ကြိမ် ငြင်းဆိုခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း တန်ယန်းမြို့တွင် ယခုတွေ့ဆုံမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
“ဒီနေ့ တွေ့ကြမယ်။ နာရီအတိအကျတော့ မသိသေးဘူး။ တန်ယန်းကို မနေ့က သွားလိုက်ကြပါပြီ။ ဒါပေမဲ့ သူတို့ပြောနေတဲ့ နယ်ခြားစောင့်တပ်က ဘာအကျိုးရှိမယ်လို့ မတွေ့သေးဘူး” ဟု UWSP ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA မှ ဗိုလ်မှူးတဦးက မဇ္ဈိမကို ပြောသည်။
ဝ’ တပ်ဖွဲ့အနေဖြင့် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးပုံစံကိုလက်မခံပဲ တပ်ရင်းကို အခြေခံသည့် ဝမ်ဟုန်နှင့် ပန်ခမ်း စစ်ဒေသခွဲ ၂ ခုဖွဲ့ရန် အပါအဝင် ယခင်က တင်ပြခဲ့သော အချက် ၉ ချက်ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ဝ’ ဗိုလ်မှူးက ပြောသည်။
နအဖ ဘက်က လိုလားသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံတွင် တပ်ရင်းတရင်းအတွက် တပ်သားဦးရေ ၃၂၆ ဦးသာ ထားရှိစေလိုပြီး ထိုအထဲတွင် မြန်မာစစ်တပ်မှ အရာရှိ ၃ဝ ကို ထည့်သွင်းမည်ဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့အဖွဲ့သည် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ ခေါ် မိုင်းလားအဖွဲ့ (အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ - NDAA) နှင့် ယနေ့ ညနေပိုင်း၌ ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ဆက်လက်တွေ့ဆုံကြမည်ဟုလည်း ဆိုသည်။
တရုတ်-မြန်မာနယ်စပ်မှ မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇော်ကလည်း ဝ’ ကိုယ်စားလှယ်အဖွဲ့တွင် ဥက္ကဋ္ဌ ပေါက်ယူချန်း အပါအဝင် ၇ ဦးခန့်ဖြစ်ပြီး၊ မိုင်းလားအဖွဲ့မှာမူ ဒုဥက္ကဌ ဦးစံပေ့နှင့် ဦးစံလူတို့ ဖြစ်ကြောင်း ပြောသည်။
လက်ရှိ UWSA ဝ ၌ တိုက်ခိုက်ရေးအင်အား ၃ သောင်းခန့်ရှိပြီး မိုင်းလားအဖွဲ့ စစ်အင်အားသည် ၃ ထောင် ဝန်းကျင်ရှိသည်ဟု လေ့လာသူများက ခန့်မှန်းကြသည်။
ပြီးခဲ့သည့်နှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်၍ စစ်အစိုးရက အပစ်ရပ်တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ကမ်းလှမ်းခဲ့ပြီး ယခင်နှစ် ဒီဇင်ဘာလကို နောက်ဆုံးထား ဆုံးဖြတ်ရန် ဝ’ တပ်ဖွဲ့ကို သတ်မှတ်ပေးခဲ့သည်။
UWSA သည် ဗမာပြည် ကွန်မြူနစ်ပါတီ - ဗကပ မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်၍ ထိုနှစ်အတွင်း စစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

ဦးတင်ဦးနှင့် လက်တွေ့ပြဿနာ

ရန်ငြိမ်းအောင် (လူငယ်)
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၄ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၃၀ မိနစ် .
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး ပြန်လည်လွတ်မြောက်လာပြီး အဖွဲ့ချုပ်၏ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်နေပါပြီ။ လူငယ်များက ဘဘဦးတင်ဦးဟု ခေါ်ကြသော NLD ဒုဥက္ကဋ္ဌ လွတ်မြောက်လာသည့် သတင်းသည် ကိုမင်းကိုနိုင်တို့၊ ဘဘဦးဝင်းတင်တို့ လွတ်စဉ်များကလောက် ဂယက် သိပ်မထလှပါ။ မီဒီယာများကလည်း ယခင်ကိစ္စများတုန်းကလောက် အသားမပေးလှပါ။ ကိုမင်းကိုနိုင်တို့ လွတ်လာကြစဉ်က၊ အမျိုးသားညီလာခံဆိုတာကြီးက ကျင်းပနေဆဲဖြစ်ပြီး၊ အခြေခံဥပဒသစ်အတွက် အခြေခံမူများ ဆိုတာတွေကို မချရသေးပါ။ ထို့ကြောင့် နိုင်ငံရေးရေစီးကြောင်းကို တစုံတရာ ပြောင်းပစ်နိုင်စရာ လမ်းတွေ၊ မျှော်လင့်ချက်တွေ ရှိသေးသည်ဆိုပါစို့။ ထို့ကြောင့် ‘၈၈ မျိုးဆက်’ ကျောင်းသားများအပေါ် အားကိုးမျှော်လင့်ပြီး လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ရပါသည်။
ဘဘဦးဝင်းတင် လွတ်လာချိန်တွင်တော့ ၂ဝဝ၈ အခြေခံဥပဒေဆိုတာကို အတင်းပြဋ္ဌာန်းပြီးနေပြီ။ ၂ဝ၁ဝ ရွေးကောက်ပွဲဆိုတာကိုလည်း ကြေညာပြီးနေပြီ။ သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်နေဆဲဖြစ်သဖြင့်၊ စစ်အစိုးရ၏ ခြေလှမ်းတွေကို ဟန့်တားရန် အချိန်တွေ ရှိသေးသည်ဟု ထင်ကြပြီး၊ ဘာတွေများ ဖြစ်လာမလဲဟု စိတ်ဝင်စားခဲ့ကြပါသည်။ ဘဘဦးဝင်းတင်ကလည်း၊ လွတ်လာကတည်းက ယနေ့အထိ အရှိန်အဟုန်မပျက်ဘဲ ရုန်းကန်လှုပ်ရှားရင်း၊ ပြောသင့်သည် ထင်သမျှကို ဘာမှ မငဲ့ကွက်ဘဲ ပြောဆိုနေဆဲဖြစ်ပါသည်။ စစ်အစိုးရကလည်း သူတို့စိုးရိမ်သလို ဆူပူအုံကြွမှုတွေ ဖြစ်မလာလေတော့ ပြောပစေဟုများ ပစ်ထားသလား မသိပါ။
ဘဘဦးတင်ဦးသည်လည်း၊ ဘဘဦးဝင်းတင်လိုပင် ခံယူချက်ကို မြဲမြံစွာ ကိုင်ထားပြီး မိမိအယူအဆကို ရိုးရိုးရှင်းရှင်းနှင့် ပွင့်လင်းစွာ ဖော်ထုတ်ပြောဆိုလေ့ရှိသူ ဖြစ်ပါသည်။ ၈၈ အရေးတော်ပုံကို ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တတန်းတည်း ခေါင်းဆောင်ခဲ့သူ၊ ၁၉၉၅ မှ ၂ဝဝ၃ ခုနှစ်အထိ ၈ နှစ်တိုင်တိုင် အဖွဲ့ချုပ်လူထုနှင့် လက်ပွန်းတတီး တသားတည်းနေခဲ့ပြီး လူငယ်ထု၏ ချစ်ခင်ကြည်ညို ခံရသူဖြစ်ပါသည်။ သို့သော် ယနေ့ မျက်မှောက်နိုင်ငံရေးဖြစ်စဉ်ကို ပြောင်းပစ်နိုင်လိမ့်မည်ဟု မျှော်လင့်၍တော့ မဖြစ်နိုင်ပါ။ မည်သို့ဆိုစေ ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင်၊ အဖွဲ့ချုပ်အပေါ်တွင် သြဇာအရှိဆုံး၊ အဖွဲ့ဝင်ထု၏ ယုံကြည်အားထား အကြည်ညိုဆုံး ခေါင်းဆောင်တဦးဖြစ်သော၊ ဘဘဦးတင်ဦး၏ တိုက်ရိုက်ခေါင်းဆောင်မှုကို ပြန်လည်ရရှိခြင်းသည်၊ အဖွဲ့ချုပ်အတွက် တအားပင် ဖြစ်ပါသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ညက လွတ်လာပြီး၊ ၁၅ ရက်နေ့ ရုံးစတက်သည်နှင့် ဘဘဦးတင်ဦး အရင်ဆုံး စတင်ကိုင်တွယ်ရသည့် ပြဿနာမှာ၊ ဗဟိုကော်မတီ ပြန်လည်ဖွဲ့စည်းရန် လူစာရင်း လျာထားခြင်း ကိစ္စပင်။ ထိုနေ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင်ရော၊ ၁၆ ရက်နှင့် ၁၇ ရက်နေ့၌ တိုင်း/ပြည်နယ် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင်ပါ၊ ဘဘဦးတင်ဦး၏ ဆွေးနွေးချင့်ချိန် ဆုံးဖြတ်ချက်ချမှုများသည်၊ အကျဉ်းကျရာမှ လွတ်လာသည်နှင့်မတူဘဲ၊ အဖွဲ့ချုပ်၏ ဖြစ်စဉ်ဖြစ်ရပ်များနှင့်၊ အဆက်မပြတ် တထပ်တည်း ရှိနေသည်ဟု ကြားသိရသဖြင့် အားရှိစရာပင် ဖြစ်ပါသည်။ သို့သော် ဗဟိုကော်မတီအတွက် လူရွေးခြင်း ဆိုသည်မှာ အရေးတကြီးကိစ္စ ဖြစ်သော်လည်း၊ အရေးကြီးဆုံး ကိစ္စတရပ်တော့ မဟုတ်ပါချေ။
ရွှေဂုံတိုင် ကြေညာစာတမ်းကို ကိုင်ဆွဲလျက်၊ ၂ဝ၁ဝ ရွေးကောက်ပွဲကိစ္စကို စဉ်းစားရန် အချိန်မကျသေးပါဟု ဆိုနေသော်လည်း၊ အဆုံးအဖြတ်ပေးရမည့် အချိန်က မဝေးတော့ပါ။ ထို့ကြောင့် အဖွဲ့ချုပ် အဖွဲ့ဝင်ထုထဲတွင် ဤရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ အမျိုးမျိုးဝေဖန်သုံးသပ်လျက်၊ အမြင်အမျိုးမျိုး ရှိနေကြသည်မှာ၊ ပိတ်ပင်တားစီး၍ မရနိုင်သလို၊ ဆန်းသည့်ကိစ္စလည်း မဟုတ်ပါ။ အခုတလောတွင် ကျယ်နေသည့် ဝေါဟာရကိုသုံး၍ ပြောရလျှင် ရီရယ်လစ် (Realist) များနှင့် အိုင်ဒီယယ်လစ် (Idealist) များ သဘောထားကွဲနေကြသည် ဆိုပါစို့။ မြန်မာလို ရိုးရိုးပဲ ဆိုရလျှင် လက်တွေ့ကျကျ စဉ်းစားသူများနှင့် မူဝါဒကို အထိမခံဟူသော ခံစားချက်နှင့် စဉ်းစားသူများဟု ကွဲပြားနေပါသည်။ ကဗျာဆန်ဆန် ပြောရလျှင်တော့ ဦးနှောက်နှင့် နှလုံးသား လွန်ဆွဲနေခြင်းပါ။
ဤသို့သော ဒိုင်ယာလက်တစ်သည်၊ သဘာဝလောကကြီးနှင့် လူ့လောကတခုလုံးတွင် ရှိနေသည်သာ ဖြစ်၍၊ အဖွဲ့ချုပ်အထဲတွင် ၎င်းအဖွဲ့ဝင်တဦးချင်း၏ အကြံအစည် စိတ်ကူးထဲတွင် ပါရှိနေပါသည်။ လူတယောက်ထဲတွင်ပင် ဒီနေ့၊ ဒီအခြေအနေ၌ လက်တွေ့ကျကျ စဉ်းစားသော Realist ဖြစ်နေသော်လည်း နောက်တနေ့ နောက်အခြေအနေတွင် ခံယူချက်ကို တစက်မှအထိမခံဟူသော ခံစားချက်နှင့် စဉ်းစားသော Idealist ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် အဖွဲ့ချုပ်အတွင်း ဖြစ်ပေါ်နေသော ဝိရောဓိများသည်၊ ချေဖျက်၍မရသော၊ သို့မဟုတ် ပျက်စီးမှုကို ဦးတည်သော ကွဲပြားချက်များ မဟုတ်ပါ။ ပြေလည်အောင်ညှိနိုင်သော ဝိရောဓိများသာ ဖြစ်ပါသည်။
သို့သော် ဘဘဦးတင်ဦးကပင်၊ ပဋိပက္ခအသွင်ဆောင်သော ဝိရောဓိတခုသည် ရှိနေကြောင်းကို ယခုလ ၂ဝ ရက်နေ့တွင် ဖော်ထုတ်သွားခဲ့ပါသည်။ ဝါရင့်နိုင်ငံရေးသမားကြီးများနှင့် တိုင်းရင်းသားပါတီများ စုပေါင်း၍ ပြုလုပ်သော ဂုဏ်ပြုပွဲတွင်၊ ပြန်လည်ကျေးဇူးတင်စကား ပြောရာ၌် ဒီပဲယင်းကိစ္စအပြီး အမျိုးသားညီလာခံ ပြန်မခေါ်မီ အခြေအနေများနှင့် ပတ်သက်၍ ယခင်အဖွဲ့ချုပ်ခေါင်းဆောင် မည်သူကမှ မဖော်ထုတ်ခဲ့သည်များကို ဘဘက သူ့ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်းပင် ပြောခဲ့ပါသည်။ အဓိက အချက်မှာ ထိုစဉ်က ဆွေးနွေးပွဲများ ဖြစ်ခဲ့သည်၊ ထိုဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်က ဒီဲပဲယင်းကိစ္စကို ခွင့်လွှတ်ကြောင်း နအဖ ဘက်ကို ပြောထားပြီးပြီ၊ ညီလာခံသို့ NLD ပြန်တက်ရန် နှစ်ဖက်သဘောတူပြီးပြီ၊ ထိုစဉ်က ပြည်ထဲရေးဝန်ကြီး အပါအဝင် တဖက်ကိုယ်စားလှယ်များ၏ အဆိုအရ၊ ထိုစဉ်က ဝန်ကြီးချုပ်ကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီးပြီ။ တရက်အလိုကျမှ တပ်ချုပ်က အားလုံးကို ဖျက်ပစ်လိုက်သည်ဟူ၍ ဖြစ်ပါသည်။
ဤတွင် NLD က ထည့်သွင်းစဉ်းစားရမည့် ကွယ်ဝှက်နေသော ပြဿနာတခုကို အဖွဲ့ဝင်များ ရှင်းရှင်းကြီး မြင်လာရပါပြီ။ အဖွဲ့ချုပ်က တွေ့ဆုံဆွေးနွေးခြင်းကို အခြေခံမူအဖြစ် ရွှေဂုံတိုင် ကြေညာစာတမ်းအထိ မြဲမြံစွာ ကိုင်ထားဆဲဖြစ်သည်။ သို့သော် တဖက်က အဆုံးအဖြတ်ပေးနိုင်သော ပုဂ္ဂိုလ်သည် တွေ့ဆုံဆွေးနွေးရန် စိတ်မဝင်စားရုံမျှမက၊ တွေ့ဆုံဆွေးနွေးရေးရလဒ်ကို ဖျက်ပစ်ပြီး ဝန်ကြီးချုပ်ကို ဖြုတ်ပစ်ဖို့ ဝန်မလေးပါ။ ဤပဋိပက္ခကို မည်သို့ ဖြေရှင်းမည်နည်း။
ဘဘဦးဝင်းတင် ထောင်ထဲက ထွက်လာကတည်းက ပြောနေခဲ့သလိုပင်၊ ဤကိစ္စကို ပြေလည်ရန်မှာ၊ လက်တွေ့ကျကျ လက်နက်ချအရှုံးပေး ဒူးထောက်ခြင်းနှင့် အဖွဲ့ချုပ်အပျက်ခံပြီး မူဝါဒကို စွဲကိုင်ထားခြင်း နှစ်ခုကိုသာ ရွေးရန်ရှိသည်။ ဤကိစ္စသည် နှလုံးသားနှင့် ဦးနှောက် ဝိရောဓိထက်မြင့်သော အဖွဲ့ချုပ်၏ ဖြစ်တည်မှု ပြဿနာပင် ဖြစ်နေပါသည်။
ဘဘဦးတင်ဦးသည် တပ်ချုပ်ဘဝမှ ထောင်အကြိမ်ကြိမ် ကျခဲ့ပြီးသော ဥပဒေပညာရှင် နိုင်ငံရေးသမား ဘဝသို့ ရောက်လာခဲ့သူ ဖြစ်ပါသည်။ သူ့ဘဝတလျှောက်တွင် လက်တွေ့ကျကျ၊ ဆင်ခြင်တုံတရားကို ရှေ့တန်းတင်၍ စဉ်းစားဝေဖန်ဆုံးဖြတ်ခဲ့သည်မှာလည်း များလှပါပြီ။ ထို့အတူ ခံယူချက်ကို ကိုင်ဆွဲ၍ နိုင်ငံနှင့် ပြည်သူတို့အတွက် ခံစားကာ၊ ရုန်းကန်လှုပ်ရှားခဲ့၍ အကျဉ်းကျခံရသော ကာလများမှာလည်း စုစုပေါင်း ဆယ်စုနှစ် နှစ်စုနီးပါး ရှိနေပါပြီ။
မကြာမီတွင် မလွဲမသွေ လုပ်ကြရတော့မည်ဖြစ်သော၊ အဖွဲ့ချုပ်၏ လက်တွေ့လမ်းစဉ် ချမှတ်ခြင်း လုပ်ငန်းစဉ်တွင် ဘဘ၏ ကျယ်ပြန့်သော အတွေ့အကြုံများ၊ ခိုင်မြဲသော ခံယူချက်၊ သန့်ရှင်းသော သီလ၊ မြင့်မြတ်သော ကိုယ့်ကျင့်သိက္ခာတို့အပြင် အစဉ်အလာကြီးသော ခေါင်းဆောင်မှု စွမ်းရည်တို့က ကြီးမားသော အထောက်အပံ့ ဖြစ်ပါစေဟု ရိုးသားစွာ ဆုတောင်းလိုက်ပါသည်။

ရန်ကုန် ဝဋ်လည်ခြင်း

မင်းအောင်နိုင်
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၄ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၂၃ မိနစ် .
ဝဋ်ဆိုသည် လည်တတ်၏။ မကြုံဖူးတုန်းကတော့ မယုံ။ ခုတော့ဖြင့် ကိုယ်တွေ့ကြုံသောအခါ ယုံရလေပြီ။ ကိုယ်တိုင်ကြုံတွေ့ ဝဋ်လည်ခံနေရသည်က ရန်ကုန်လူထု ဖြစ်လေသည်။ ၂ဝဝ၅ ခုနှစ် မတိုင်ခင်က အထိ ရန်ကုန်သားတို့ အခြားမြို့သား နယ်ကလူများအပေါ် မော်ကြွားခဲ့လေသမျှ ခုတော့ ဝဋ်ပြန်ခံနေရလေပြီ။
ရွှေမြို့တော်ကြီးသားဟု သွေးနားထင် ရောက်ကာ နယ်က တောသားများအပေါ် အထင်အမြင်သေးခဲ့သမျှ ဗိုလ်ဂျုတ်ကြီးလုပ်လိုက်မှ ခံရချက်နာကြလေပြီ။ ဗိုလ်ဂျူတ်ကြီးဟူသည်ကား တိုင်းပြည်ဘဏ္ဍာတော်များကို ရိတ်ရာတွင် နာမည်ကျော်သူ သက်ကြားအိုပင် ဖြစ်တော့သည်။ သူ၏ အစွမ်းကား ရန်ကုန်သားတို့ ဝဋ်လည်အောင် လုပ်နိုင်စွမ်း ရှိ၏။ ယခုပင်ကြည့် နေပြည်တော်ဟု အမည်သညာတွင်လေသော မြို့တော်သစ်ကြီး ပေါ်ထွန်းလာသည်မှ စတင်ကာ မြို့ရန်ကုန်သည် ဇနပုဒ်လုံးလုံး ဖြစ်ချေပြီ။ မီးမလာ၊ ရေမရ နိမ့်ကျလာသည့် လူမှုဘဝများက နေပြည်တော် ပျဉ်းမနားသားတို့၏ ဘဝများထက် နောက်ဆုံးသို့ ရောက်သွားရသကဲ့သို့ ဖြစ်ပေသည်။
တချိန်က မြို့ရန်ကုန်သို့ နယ်မှလူများ ရောက်လာပါက အံ့ချီးဘနန်း ရင်သပ်ရှုမော အထင်ကြီးခဲ့ရလေသမျှ ခုများတော့ နေပြည်တော်ကြီးက အဆတရာမက သာသွားလေပြီ။ ဝန်ကြီးဌာနများ မြို့ရန်ကုန်ကို ကျောခိုင်းနှုတ်ဆက် ထွက်သွားသည့်နောက် ဟိုတချိန်က ရွှေမြို့တော်ကြီးသည် တနေ့ထက်တနေ့ အဆင့်နိမ့်ကျလာခဲ့သည်မှာ ရန်ကုန်သူ၊ ရန်ကုန်သားတို့ ခံရချက်နာလှပေ၏။
လွန်ခဲ့ပြီးလေသော နှစ်များက အခြေအနေ မဆိုးလှသည့် လျှပ်စစ်မီးသည် ဌာနဆိုင်ရာများ သုံးစွဲမှုလျော့ကျသွားသည်တောင်မှ ကောင်းမလာဘဲ၊ ဆိုးသထက် ဆိုးလာသည်မှာ နားမလည်နိုင် ဖြစ်ကြရသည်။ သည်ရက်ပိုင်းအခြေအနေက အဆိုးဆုံးဖြစ်နေသည်။ ပို၍လည်း ဆိုးလာဦးမည်ဟု သိရပြန်သည်။ ဂက်စ်လိုင်းပေါက်သည်လည်း မကြား။ မိမိတို့ စစ်အစိုးရလက်ထက်တွင် ငြိမ်းချမ်းသာယာ ဝပြောလှပါပြီဆိုသည့် အကြားက သောင်းကျန်းသူဟု အမည်သညာ တပ်ခံရသူများကလည်း ဓာတ်အားတိုင်နားတောင် လာနိုင်ဟန် မတူသည့် အခြေအနေ ဖြစ်ပါလျက် ကိုယ်ရွှေလျှပ်စစ်မီးက မလာ။ လာပြန်ရင်လည်း ခဏ။ ဖြစ်ဟယ်၊ ပျက်ဟယ်၊ ပျက်ဟယ်နှင့် သံဝေဂတရားကို ထိုင်ရာမထ ရှုတတ်လျှင် ရအောင် စွမ်းသည်။
ဟိုတုန်းက မန္တလာသားတို့ကို “ချမ်းအေးပူအိုက်၊ ဖုန်ထူခြင်ကိုက်မြို့” ဟု ရန်ကုန်သားတို့ နှိမ့်ချပြောခဲ့လေသမျှ ခု ဝဋ်ပြန်လည်ခံနေရပြီ။ ရန်ကုန်သည်လည်း မီးနေသည် ရွှေပေါင်းဖို့ အဆင်သင့်လုပ်ထားပေးသလို ဖြစ်နေပြီ။ လမ်းများလည်း ဇရာထောင်း၊ “ပျက်မပြင် စည်ပင်ခင်ဗျ” ဟု ပြောရမလို မြို့တော်ဝန်ကြီးလည်း ဘယ်ဆီမှန်း မသိသော ရွေးကောက်ပွဲအတွက်သာ လုံးပမ်းနေတော့ဟန် ရှိသည်။ ရေသည်ပြဇာတ်ထဲမှ မိန်းမ၏ ထမီလို အပေါက်ဗရပွပေါ်က ကားများ ဖြတ်မောင်းလေသော ဖုန်တထောင်းထောင်း ထနေသော ရန်ကုန်လမ်းမများကား သန်းထွန်းလေး၏ မွေးဌာနီကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်မိပေတော့သည်။
ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ဆိုသည်ကြီးကလည်း အခွန်ကောက်ရာတွင် ဘတ်စ်ကားပေါ်က ခါးပိုက်နှိုက်လက်လို မြန်လှသော်လည်း ပြန်လည်ဆောင်ရွက်ပေးရန် ရှိသည်များကျတော့ ကျောက်ရုပ်ကို အဖေခေါ်ရမည့်နှယ် မတုန်မလှုပ် အိနြေ္ဒရလှသည်။
ရန်ကုန်က ရသမျှအခွန်အခတို့က ရန်ကုန်မြို့အတွက် ပြန်မသုံးရဘဲ ဗိုလ်ဂျုတ်ကြီး နန်းတည်လေရာ နေပူတော်မြို့ ခန့်သထက်ခန့်ငြား၊ ထည်သထက်ထည်ဝါစေရေး ပံ့ပိုးပေးရသည်ဟု ကြားသိရပေ၏။
“ကိုယ်ထူကိုယ်ထ” ဆိုသော အသုံးကို မည်သည့်ပညာရှိ ထွင်သွားသည် မသိသော်လည်း ရန်ကုန်သားတို့ကတော့ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ယဉ်ပါးကာနေသည်မှာ ကြာကြာချေပြီ။ မီးမလာ ရေမရလျှင်လည်း ကိုယ့်ဘာသာကြံဆ၊ ရေမရလည်း ကိုယ့်ဘာသာကြံဆ၊ လမ်းပျက်လျှင်လည်း ကိုယ့်ဘာသာကြံဆဖြင့် စခန်းသွားနေကြရသည်မှာ ကြာမြင့်လှပေပြီ။
လျှပ်စစ်မီးပျက်ချိန် များလာ၍ မီးစက်ကြီးများ အပြိုင်အဆိုင် နှိုးကြရပုံများကဖြင့် အီရတ်စစ်ပွဲထဲ ရောက်နေသလို အာဖဂန်မှာ တာလီဘန်နှင့် သူနိုင်ကိုယ်နိုင် ကြဲနေသလိုပင် ဆူပွက်လှ၏။ နားများပင် လေးလာသည်ဟု မိမိကိုယ်တိုင် ခံစားမိ၏။ လေထုညစ်ညမ်းမှုကတော့ ဘယ်လိုတိုင်းထွာရမှန်းပင် မသိသောကြောင့် ရန်ကုန်သားတို့ စိတ်မပူလှ။ အက်ဆစ်မိုး ရွာသွန်းရင်ဖြင့် ဇော်ဝင်းထွဋ် နိမိတ်ဖတ်သည်ဟူ၍ အာဏာပိုင်တို့က လမ်းလွှဲချဦးမည့်ဟန် ကြိုမြင်ရလေသည်။
အက်ဆစ်မိုး လာမလာ မသေချာသော်လည်း ရန်ကုန်သားများအကြား အဆုတ်နာကတော့ တိုးပွားလာနေသည်ကြောင့် 3D Fund လည်း အပြေးအလွှား ဝင်ရောက်လာရသည်ကတော့ သေချာလှသည်။
ရန်ကုန် ဘဝပျက်နေသော်လည်း နေပူတော်မြို့မှာကတော့ မနာလိုစရာ ကောင်းလောက်အောင် အလျှံတညီးညီးနှင့် ငရဲမီးများအလား ဝင်းဝင်းပပ၊ ထိန်ထိန်ပြောင်နေသည်။ ဗိုလ်ဂျူတ်ကြီး သေလွန်သော သွားရာလမ်းအတွက် ကြိုတင်ပြင်ဆင်ပြီး လျှပ်စစ်မီးနှင့် အပူချိန်ခံနိုင်အောင် ကျင့်ကြံအားထုတ်နေဟန်ရှိသည်။
မြို့တော်ဟောင်း ရန်ကုန်တွင် တချိန်က ချမ်းသာခဲ့သမျှကိုလည်း ရွှေမြို့တော်သစ် နေပြည်တော်သို့ ပုံပေးလိုက်ရသဖြင့် ရန်ကုန်မြို့မှာ အခွံဗလာချည်းသာ ကျန်ပေတော့သည်။ မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်၊ အမျိုးသားယဉ်ကျေးမှု ပြတိုက်များမှ ပစ္စည်းအဖုံဖုံနှင့် နေပြည်တော် တိရစ္ဆာန်ရုံတို့အတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က အကောင်မျိုးစုံတို့အပြင် ရွှေ့ပြောင်းနိုင်သမျှ နေပြည်တော်သို့ သယ်မသွားကြလေသည်။ ရန်ကုန်မြို့မှ ရှေးဟောင်း အမွေအနှစ်လက်ရာ အဆောက်အအုံဟောင်းများကိုလည်း ထိန်းသိမ်းထားရမည်ကို လက်ညှိုးထိုး ရောင်းစားပစ်လေသည်မှာ မည်သူတွေ သပိတ်ဝင်အိတ်ဝင် ရသွားလေသည် မသိပေ။
ဗိုလ်ဂျုတ်ကြီးသည် မြို့တော်ဟောင်း ရန်ကုန်အပေါ် မည်သည့်အတွက်ကြောင့် အငြှိုးကြီးစွာ နှိပ်ကွပ်နေသည် မပြောတတ်တော့ပေ။ သူစိတ်ဆိုးရလေသည်ဟု ယူဆရလေသော အချက်မှာ ရန်ကုန်မြို့သားတို့က အာဏာရှင် စစ်အစိုးရ ဆင်းပေးရေး ဆန္ဒ ၄-၅ ခါလောက် ပြဖူးသည်သာ ရှိပါသည်။ ရန်ကုန်မြို့ကို စုတ်သထက် စုတ်၊ နိမ့်ကျသထက် နိမ့်ကျအောင် လုပ်ကာ နေပြည်တော် ရွှေမြို့တော်ကို ပြောင်းနေချင်စိတ် ပေါက်အောင်များ စနစ်တကျ အကွက်ချစီမံနေသည်လား မပြောတတ်တော့ပေ။ နေပြည်တော် ဒေသဖွံ့ဖြိုးရေး ဗိုလ်ဂျူတ်ကြီး မားကတ်တင်း ဆင်းပုံကတော့ ပြောပြရင် အောချလောက်ပါသည်။ လမ်းနာမည် နှစ်ခု ဆက်တိုက်ကို မှန်မှန်ကန်ကန် ရွတ်ရခက်လောက်လေသော ပဝေသနီဗာရာဏသီခေတ်က အမည်နာမများဖြင့် မြို့ကွက်သစ်များ ထပ်မံဖော်ထုတ်ကာ မြို့တော်သစ် နေပြည်တော်ကို ဝန်းရံစေပြန်သည်။
ရွှေမြို့တော်သစ် နေပြည်တော်ကြီး စည်သထက် စည်ကား၊ ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးလာအောင် ဘက်ပေါင်းစုံက မြှင့်တင်ပေးကြရသည့် လုပ်ငန်းရှင်များဘဝကလည်း အရှုံးတော့ ရှိနိုင်မည် မဟုတ်ပါ။ နေပြည်တော် ရေပန်းဥယျာဉ်၊ နေပြည်တော် တိရစ္ဆာန်ရုံ၊ နေပြည်တော် အပန်းဖြေ စခန်းသာယာ၊ ရွှေတိဂုံပုံတူ စေတီတော်ကြီးနှင့် မကြာခင်ကမှ ဖွင့်ပြီးလေသော တိုင်းနှင့် ပြည်နယ်အနှံ့ရှိ အထင်ကရ နေရာအထိမ်းအမှတ် ပြကွက်များဖြင့် နေပြည်တော် Land Mark အပန်းဖြေဥယျာဉ်ကြီးတို့က ရန်ကုန်သားတို့အတွက် အလှမ်းဝေးသွားပေပြီ။
ရန်ကုန်သူ၊ ရန်ကုန်သားတို့ကို ယနေ့အချိန်တွင် “နယ်က လူတွေ” ဟု ကြပ်ပြေးနေပူတော်သားတို့က နှိမ့်ချခေါ်ဝေါ်နေလေပြီ။ သူတို့၏ နေပြည်တော် ရွှေမြို့တော်ကြီးမှာ ကမ္ဘာ့အလယ်တွင် မကောင်းသတင်းများနှင့် ပိုနာမည်ကျော်လေသော မြန်မာပြည်ကြီး၏ မြို့တော်ကြီး ဖြစ်လေသောကြောင့်ပင်။
နေပြည်တော်တွင် ခေတ်မီနိုင်ငံတကာ လေဆိပ်ကြီးလည်း ဆောက်နေပြန်ရာ ပြီးစီးပြီဆိုလျှင်ဖြင့် နိုင်ငံခြားခရီးသွားမည့်သူများ အဆိုပါလေဆိပ်ကနေများ ထွက်ရလေမည်လား မပြောတတ်။ မှန်းရခက်သော ဗိုလ်ဂျူတ်ကြီး၏ စိတ်က ထင်ရာမြင်ရာ စွတ်လုပ်တတ်၍ ဖြစ်မလာဘူး မပြောနိုင်။ နေပြည်တော်ထိ တူးမြောင်းဖောက်ကာ နိုင်ငံတကာ ဆိပ်ကမ်းတခုတော့ မတည်ဆောက်လောက်ဟုတော့ တွေးထင်မိပါသည်။ နေပျော်၊ သေပျော်စရာ ကောင်းလောက်အောင်တော့ နေပြည်တော်ကြီးကို ဖန်တီးတည်ဆောက်နေသည်မှာ မြင်သာလှပေ၏။ ရန်ကုန်မှာ မွေး၊ ရန်ကုန်မှာ လူဖြစ်ခဲ့သမျှ သူတွေမှာတော့ ခုအခါ လူဖြစ်ရှုံးသော ဘဝနှင့် ရင်ဆိုင်နေကြရပေပြီ။
တချိန်က မော်ကြွားခဲ့လေသမျှ ရန်ကုန်သားတို့ ခံစားနေရလေပြီ။ ဝဋ်ဆိုသည် လည်တတ်၏။