မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 28 september 2010

Cyber Attack တရုတ် လက်ချက်လား

ဧရာဝတီ Tuesday, September 28, 2010
.ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနများ၏ ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရမှုသည် တရုတ်နိုင်ငံမှ IP (ကွန်ပျူတာ ကိုယ်ပိုင် နံပါတ်) လိပ်စာများဖြင့် အများဆုံး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဧရာဝတီ သတင်းဌာန၏ ဝက်ဘ်ဆိုက်များကို တရုတ်နိုင်ငံမှ တဆင့် အများဆုံး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်နှင့် သြစတြေးလျ နိုင်ငံ တို့မှ IP လိပ်စာများလည်း ပါဝင်သည်ဟု မန်နေဂျာဖြစ်သူ ကိုဝင်းသူက ပြောသည်။
“၂၀၀၈ ခုနှစ် စက်တင်ဘာ လထဲမှာတုန်းက ပမာဏ 1 Gb နဲ့ အတိုက်ခံရတယ်၊ အခုတကြိမ်က 4 Gb ဆိုတော့ အရင်ထက် ၄ ဆ ပိုပြင်းတယ်”ဟု ဧရာဝတီ သတင်းဌာန၏ မန်နေဂျာက ပြောဆိုသည်။
မြန်မာသတင်းဌာနများဖြစ်သော ဧရာဝတီ၊ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)နှင့် မဇ္ဈိမ သတင်းဌာန များ၏ ဝက်ဘ်ဆိုက် များကို တနင်္လာနေ့ နံနက်ပိုင်း ၁၂ နာရီခွဲခန့်ကတည်းက DDoS (DistributedDenial ofService) နည်းစနစ်ဖြင့် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကာ ၂၀၀၈ ခုနှစ်အတွင်း ပထမအကြိမ် တိုက်ခိုက်ခြင်းထက် ပိုမိုပြင်းထန်ကြောင်း သတင်းဌာနများက ပြော ဆိုသည်။
DDoS တိုက်ခိုက်ခြင်းသည် ပစ်မှတ်တခုတည်းကို မြောက်မြားစွာသော ကြားခံစနစ်များ အသုံးပြုကာ တိုက်ခိုက်ခြင်းဟု လည်းကောင်း၊ ဝက်ဘ်ဆိုက်၏ ခံနိုင်စွမ်းရည်ထက် ကျော်လွန်သော ဝင်ရောက်သူများ ဖန်တီးလိုက်သောကြောင့် တခါး ကျဉ်းကျဉ်းတွင် လူများ စုပြုံတိုးသကဲ့သို့ ဖြစ်သွားကာ မည်သူမှ ဝင်ရောက်၍ မရတော့ခြင်းဖြစ်ကြောင်း သတင်းဌာန များက ဥပမာပေး ပြောဆိုသည်။
ဧရာဝတီ သတင်းဌာန၏ အယ်ဒီတာဖြစ်သူ ကိုအောင်ဇော်က ယခုတိုက်ခိုက်မှုသည် နိုင်ငံရေးအရတွန်းအားပေးခြင်း ဖြစ်နိုင်ကြောင်း၊ ၎င်းတို့အနေဖြင့် သေချာစွာ ပြင်ဆင်ထားရန်လိုကြောင်း၊ ထို့အတွက် စွမ်းအားများ၊ အရင်းအမြစ်များလည်း ထပ်မံ လိုအပ်ဦးမည် ဖြစ်ကြောင်း ပြောဆိုသည်။
“အစိုးရရဲ့ နည်းပညာတွေက ပိုပြီးတော့မှ အဆင့်မြင့်လာတယ်၊ အဲဒါကြောင့် ကျနော်တို့ရဲ့ လုံခြုံရေး အစီအစဉ်တွေကို အသေအချာ စီစဉ်ထားရပါလိမ့်မယ်”ဟု ကိုအောင်ဇော်ကပြောသည်။
မဇ္ဈိမ သတင်းဌာနကိုလည်း ပမာဏ 6Gb ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တရုတ်၊ ရုရှား၊ အမေရိကန် နှင့် တူရကီ နိုင်ငံတို့၏ IP လိပ်စာများဖြင့် တိုက်ခိုက်ခဲ့သည်ဟု အယ်ဒီတာဖြစ်သူ ကိုစိန်ဝင်းက ပြောသည်။
“တိုက်ခိုက်တဲ့သူတွေက ဝက်ဘ်ဆိုက်ကို အကြိမ်ပေါင်း သန်းနဲ့ချီတဲ့ ဝင်ရောက်မှုတွေ လုပ်လိုက်တယ်၊ အဲဒီအချိန်မှာ ကျနော်တို့ ဝက်ဘ်ဆိုက်ကြီး လေးပြီး ကျသွားတော့တာပဲ”ဟု ကိုစိန်ဝင်းက ဆိုသည်။
အလားတူ တိုက်ခိုက်မှုမျိုး ခံခဲ့ရသည့် DVBသတင်းဌာနကိုမူ ရုရှား၊ ဂျော်ဂျီယာ၊ အစ္စရေး၊ ကာဇက်စတန်၊ ယူကရိန်း နှင့် ဗီယက်နမ်နိုင်ငံတို့၏ IPလိပ်စာများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဌာနခွဲ တာဝန်ခံ ကိုတိုးဇော်လတ်က ပြောသည်။
“အခုတကြိမ် တိုက်တာက လာမယ့်ရွေးကောက်ပွဲမှာ တိုက်ဖို့အတွက် စမ်းသပ်နေတဲ့သဘောပဲဗျ၊ ဘယ်လောက် အထိ သူတို့ဘက်က တိုက်နိုင်လဲ၊ ကျနော်တို့ဘက်က ဘယ်လောက် တောင့်ခံနိုင်လဲဆိုတာ စမ်းတဲ့သဘောပဲ”ဟု ကိုတိုးဇော်လတ် က ဆိုသည်။
ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု စစ်အစိုးရက ကြေညာထားပြီး နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို နိုင်ငံအတွင်း ဝင်ခွင့်ပိတ်ပင်ထားသည်။
၂၀၀၈ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး၏ ပထမ နှစ်ပတ်လည်ကာလတွင်လည်း မြန်မာသတင်းဌာနများကို ယခုကဲ့သို့ တိုက်ခိုက်ခြင်းမျိုးများ ရှိခဲ့ကြောင်း ယခုအကြိမ်တိုက်ခိုက်မှုသည်လည်း ရွှေဝါရောင်တော်လှန်ရေး သုံးနှစ်မြောက် ကာလ အဖြစ် တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု လေ့လာသူများက ပြောဆိုကြသည်။

အကအဖွဲ့များ ဈေးကွက် ကျယ်ပြန့်လာ

နရီလင်းလက် Tuesday, September 28, 2010
.ကုန်ပစ္စည်း မိတ်ဆက်ပွဲ၊ ဖက်ရှင်ရှိုးနှင့် တေးသီချင်း ဗီစီဒီ ရိုက်ကူးသည့် နေရာများတွင် အကအဖွဲ့များ ထည့်သွင်း အသုံးပြုလာ သောကြောင့် ဈေးကွက် တခုအဖြစ် ကျယ်ပြန့် လာကြောင်း သိရသည်။
                                     ခေမီကိုနဲ့ အကအဖွဲ့ ကုန်ပစ္စည်း မိတ်ဆက်ပွဲတပွဲတွင် ကပြ ဖျော်ဖြေနေစဉ်
“ကိုယ့်ကုန် ပစ္စည်း အောင်မြင်ဖို့၊ လူသိဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Dancer တွေကို သုံးလာကြတယ်။ အဖွဲ့အနေနဲ့ အကမျိုးစုံ ကနိုင်အောင် လေ့ကျင့် ထားတယ်။ ဘယ်လို ကုန်ပစ္စည်း ကြော်ငြာတာပဲ ဖြစ်ဖြစ်၊ ဗီစီဒီမှာ ဆိုရင်လည်း ဟစ်ပ်ဟော့ပ် ဆိုရင်တမျိုး၊ ပေါ့ပ် ဆိုရင် တမျိုး သူနဲ့ လိုက်ဖက်တဲ့ အကမျိုးဖြစ်အောင် ကရတယ်” ဟု ယူရေနီယံ အက အဖွဲ့မှ ခိုင်လေးက ပြောသည်။
အက အဖွဲ့များအနေနှင့် ယင်းကဲ့သို့ လိုက်ဖက်သော ဖျော်ဖြေမှုများ အပြင် ကြည့်ရှုသူများ အမြင်ဆန်းရန် ကကွက်များ ပြောင်းလဲ ကာ ကုန်ပစ္စည်းအပေါ် ပရိသတ် အာရုံစိုက်စေရန် ပြုလုပ်ကြကြောင်းလည်း သူက ဆိုသည်။
၁၉၉၈ ခုနှစ်မှ စတင်ကာ အက အဖွဲ့များ မြန်မာနိုင်ငံတွင် ပေါ်ထွန်းခဲ့ပြီး ၂၀၀၉ ခုနှစ်မှ စတင်ကာ ဈေးကွက် တခုအနေနှင့် အကအဖွဲ့များအား အသုံးပြုလာကြကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် UraniumDancerGroup၊ ခေမီကို၊ KFamily၊JadeDragonDancer၊Life& Dancer Group စသည့် နာမည်ကြီး အကအဖွဲ့ ၁၀ ဖွဲ့ခန့် ရှိပြီး အပျော်တမ်း အကအဖွဲ့ ၃၀ ခန့်ရှိသည်ဟု သိရသည်။
“ကိုယ်တိုင်လည်းအကကိုစိတ်ဝင်စားတဲ့အပြင်ကိုယ့်အခွေဗီစီဒီရိုက်တော့လည်း အကအဖွဲ့တွေခေါ်ရိုက်တယ်။ နည်းနည်း လည်း ဆန်းသွားအောင်။ ဒီလိုရိုက်တဲ့အတွက် ကိုယ့် သီချင်းကို ကြည့်ရတာ ပိုမြူးသွားစေသလို ပရိသတ် စိတ်ဝင်စားမှု ပိုရမယ်လို့လည်း ထင်တယ်”ဟု အမျိုးသား လူငယ်အဆိုတော် တဦးက ပြောသည်။
၎င်းအဆိုတော်က “ကိုယ်ပေးချင်တဲ့ ရသကိုလည်း သူတို့ အကတွေကနေတဆင့် သရုပ်ဖော် ပြသွားနိုင်တယ်။ အခု နောက်ပိုင်း ထွက်လာတဲ့ အခွေတွေတော်တော်များများမှာ ဒီလို အကအဖွဲ့တွေ သုံးလာတယ်။ ခေတ်စားနေလို့ လုပ်တာ လည်းပါတယ်။ ရိုက်နေကျ မင်းသားမင်းသမီးနဲ့ သရုပ်ဆောင်ပြတာထက် ပိုကောင်းသွားတယ် ” ဟု ဆိုသည်။
ယခင်က ကုန်ပစ္စည်းမိတ်ဆက်ကြော်ငြာပွဲများပြုလုပ်ရာတွင် အဆိုတော်များဖိတ်ခေါ်၍ ဖျော်ဖြေမှု အနေနှင့်ထည့် သွင်းခဲ့ သော်လည်း ယခု အကအဖွဲ့ များအား ပွဲဖျော်ဖြေရာတွင် ထည့်သွင်းကြောင်း ဆေးကုမ္ပဏီ မှ တာဝန်ရှိသူတဦးက ပြောသည်။
နာမည်ကြီးအလှကုန်ပစ္စည်းများတင်သွင်းနေသည် ကုမ္ပဏီတခုမှ Brandမန်နေဂျာတဦးကလည်း “ ကုန်ပစ္စည်းမိတ်ဆက်ပွဲ တွေ လုပ်တဲ့နေရာမှာ ပုံစံတွေပြောင်းလာတယ်။ မော်ဒယ်လ်တွေကို ကုန်ပစ္စည်းကိုင်ပြီး သရုပ်ပြခိုင်းတာ အပြင် အကအဖွဲ့တဖွဲ့ ဖွဲ့ကို ဖျော်ဖြေရေးအနေနဲ့ သုံးလာတယ်။ အကြောင်းအရာတခုကို ဆက်တိုက်ပြောနေရင် ပျင်းမယ် ဒီတော့ မပျင်းအောင် ကြားဖြတ်အနေနဲ့ ထည့်တဲ့ သဘောမျိုး ”ဟု သူက ပြောသည်။
အက အဖွဲ့များအနေနှင့် ဖျော်ဖြေရာတွင် HipHop၊Jazz၊Latin၊GroundDance၊CharCharDance၊ BroadwayDance စသည့် အကအမျိုးအစားများကို ကပြကြကြောင်း သိရသည်။
“တချို့ပွဲတွေမှာဖျော်ဖြေရေးမဟုတ်ဘဲသူတို့ပြချင်တဲ့အရာတခုကိုအကအဖွဲ့ရဲ့ သရုပ်ဖော်မှုသုံးပြီးပြလိုက်တာပဲ။ ဗီစီဒီမှာ ဆိုရင်တော့ သီချင်းနဲ့ လိုက်ဖက်အောင် ကိုယ့်ကကွက်တွေထဲက ပြန်ရွေးရတော့ ကရတာ လွတ်လပ်မှု သိပ်မရှိဘူး။ ရှိုးပွဲတွေ ဆိုရင်တော့ လွတ်လွတ်လပ်လပ်ကလို့ရတော့ ရှိုးပွဲတွေကို ပိုအားသန်တယ်။ နိုင်ငံခြားသူတွေ ကတဲ့အတိုင်း တူအောင် လိုက်ကလို့ရတယ်”ဟု အကအဖွဲ့ထောင်ထားသူ ခေမီကိုက ပြောသည်။
သူကဆက်လက်၍ “ပွဲတခုမှာ အစကနေ အဆုံးအထိ အနည်းဆုံးအကအမျိုးအစား ၄ ခု လောက် ထည့်ပြီး မရိုးအောင်ကဖြစ် တယ်။ နိုင်ငံခြားက အကအဖွဲ့တွေကျတော့ Jazzက တဲ့ လူဆို သီးသန့်ရှိတယ်။ မြန်မာပြည်မှာကတော့ ဈေးကွက် ကျဉ်းတော့ တလိုင်းတည်း သွားလို့မရဘူး။ အကမျိုးစုံ ကတတ်အောင်၊ ဘယ် အဆိုတော်ပဲ ငှားငှား သူတို့နဲ့ လိုက်ဖက်တဲ့ အကမျိုး ဖြစ်အောင် တတ်ထားရမယ်” ဟု ပြောသည်။
တေးသီချင်း ၁၂ ပုဒ် ခန့် ပါဝင်သည့် ဗီစီဒီ တချပ် ရိုက်ကူးရာတွင် ၅ ပုဒ် ခန့်၌ အကအဖွဲ့၏ သရုပ်ပြမှုကို ထည့်အသုံးပြု ကြောင်း၊ တချို့ သီချင်းများတွင် သီဆိုသူ ကိုယ်တိုင်ကပြသည့် ပုံစံမျိုး ရိုက်ကူးလာကြောင်း လူငယ်ဒါရိုက်တာ တဦးက ပြောသည်။
“ကကွက်တွေကို သုံးပြီး သရုပ်ဖော်ပြတာကို ရိုက်လာကြတယ်။ ကကွက်တွေက ပရိသတ်ကို ပိုဆွဲဆောင်နိုင်တယ် ဆိုတာ သိလာတာကြောင့်လည်းပါတယ်” ဟု သူကဆိုသည်။
အက အဖွဲ့များ ခေတ်စားလာသည့် အပြင် အကသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားလာသကဲ့သို့ လူငယ်ပရိသတ်များ ကြားတွင်သာမက ကျန်းမာရေးလေ့ကျင့်ခန်း အနေနှင့်ပါ အကကို စိတ်ဝင်စားမှု များပြားလာသောကြောင့် DancerGroupများ ပိုမို ပေါ်ထွန်း လာပြီး ဈေးကွက် ကျယ်ပြန့်လာခြင်း ဖြစ်သည်ဟု အဆိုပါ ဒါရိုက်တာက ပြောသည်။

DVB နိုဗဲလ်ဆု အမည်စာရင်း တင်သွင်းခံရ

စိုင်းဇွမ်ဆိုင်း Tuesday, September 28, 2010
.ပြည်ပအခြေစိုက် မြန်မာ သတင်းဌာန တခုဖြစ်သော ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)သည် ၂၀၁၀ နိုဗဲလ် ငြိမ်းချမ်းရေး ဆုအတွက် အမည်စာရင်း တင်သွင်းခံရကြောင်း သိရှိရသည်။
DVBသတင်းဌာနထိုင်းနိုင်ငံဌာနခွဲတာဝန်ခံဖြစ်သူဦးတိုးဇော်လတ်ကယခုကဲ့သို့ အမည်စာရင်းတင်သွင်းခံရခြင်းသည် မြန်မာ့နိုင်ငံရေး၊ မြန်မာနိုင်ငံမှ သတင်းလွတ်လပ်ခွင့်၊ မြန်မာ့ မီဒီယာအခန်းကဏ္ဍတို့အပေါ် ကမ္ဘာက အာရုံစိုက်လာခြင်း တမျိုး ဖြစ်သည်ဟု ဧရာဝတီသို့ပြောသည်။
“ဗမာပြည်ထဲမှာ အရိုက်နှက်ခံ၊ ထောင်ကျခံပြီးတော့ ပြည်တွင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို အန္တရာယ်ကြားထဲက သတင်းပို့နေတဲ့ သတင်းထောက်တွေကို အသိအမှတ်ပြု ခံရတာပါ။ ဆု ရတာ၊ မရတာက တပိုင်းပါ။ ဒါပေမယ့် အခုလိုမျိုး အသိအမှတ်ပြု ခံရတယ်ဆိုတော့ ဝမ်းလည်းသာပါတယ်၊ ဂုဏ်လည်းယူပါတယ်” ဟု ဦးတိုးဇော်လတ်က ဆိုသည်။
နိုဗဲလ်ဆုအတွက် နောက်ထပ် အမည်စာရင်းတင်သွင်းခံရသော အဖွဲ့အစည်း တခုဖြစ်သည့် Peace ResearchInstituteOslo(PRIO) ၏ ဒါရိုက်တာဖြစ်သူ မစ္စတာ ဟာ့ပ်ဗီကင်က DVB သတင်းဌာနသည် သတင်းလွတ်လပ်ခွင့်မရှိသော မြန်မာနိုင်ငံမှ သတင်းများကို လွတ်လပ်စွာ ထုတ်လွှင့်ပေးနေသည့် သတင်းဌာနတခု ဖြစ်သည်ဟု ပြောဆိုကြောင်း သိရှိရသည်။
PRIOသည်အာဖဂန်နစ္စတန်နိုင်ငံမှအမျိုးသမီးများ၏ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် လှုပ်ရှားခဲ့သောကြောင့် ယခုကဲ့သို့ အမည်စာရင်း တင်သွင်းခံရခြင်း ဖြစ်သည်ဟု ၎င်း ဒါရိုက်တာက နော်ဝေအခြေစိုက် သတင်းစာများသို့ ပြောဆိုထားကြောင်း ViewsandNewsfromNorway သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည်လည်း ၁၉၉၁ ခုနှစ်တွင် နိုဗဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပြီး နောက်ဆုံးအကြိမ်အဖြစ် ၂၀၀၉ ခုနှစ်တွင် ဆုချီးမြှင့်ခံရသူမှာ လက်ရှိ အမေရိကန်သမ္မတ ဘားရက် အိုဘားမား ဖြစ်သည်။
၂၀၁၀ နိုဗဲလ်ငြိမ်းချမ်းရေးဆု အတွက် အမည်စာရင်းတင်သွင်းခြင်းခံရသူ ၂၃၇ ဦးရှိပြီး ၎င်းတို့တွင် အဖွဲ့အစည်း ၃၈ ခု ပါဝင်ကြောင်း၊ ယခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းမှုသည် ယခင်နှစ်များနှင့် ယှဉ်လျှင် အရေအတွက် အမြင့်ဆုံး ဖြစ်ကြောင်း နော်ဝေနိုင်ငံ အခြေစိုက် နိုဗဲလ် ကော်မတီမှ ဒါရိုက်တာဖြစ်သူ မစ္စတာ ဂီယာ လန်ဒီစတက်က ကြေညာထားသည်။
ယခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေးဆုများအတွက် အမည်စာရင်းတင်သွင်းခံရသူများတွင် ဇင်ဘာဘွေနိုင်ငံမှ ဒီမိုကရေစီအရေး လှုပ်ရှားသူ မော်ဂင် ချန်ဂရိုင်း၊ တရုတ်နိုင်ငံမှ လူ့အခွင့်အရေး လှုပ်ရှားသူ လျူရှောင်ဘို၊ ဗီယက်နမ်နိုင်ငံမှ ဘုန်းတော်ကြီး သစ်ခ်ကွမ်ဒိုး တို့ပါဝင်ကြောင်းလည်း သိရသည်။
၁၈၃၃ ခုနှစ်တွင် ဖွားမြင်ခဲ့သူ ဆွီဒင်နိုင်ငံသား အဲဖရက် နိုဗဲလ် သည် ဒိုင်းနမိုက်၊ မြေမြုပ်မိုင်း တို့ကို ထုတ်လုပ်ကာ ချမ်းသာ ကြွယ်ဝလာသူဖြစ်ပြီး စစ်အာဏာရှင်စနစ်နှင့် စစ်ပွဲများကိုဆန့်ကျင်သူများ၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်သူများတို့ကို ထောက်ပံ့ချီးမြှင့်ရန် စီစဉ်ခဲ့သည်။
အဲဖရက် နိုဗဲလ်သည် ငြိမ်းချမ်းရေး၊စာပေ၊ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ၊ သက်ရှိသဘာဝနှင့် သက်ဆိုင်သော ဇီဝကမ္မဗေဒ (Physiology)စသည့် နယ်ပယ်များ၌ ကျွမ်းကျင်သူများကို ဆုချီးမြှင့်မည့် အစီအစဉ်များပါဝင်သော သေတမ်းစာ တစောင်ကို ၁၈၉၅ ခု၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အပြီးသတ် ရေးသားခဲ့သည်။
နိုဗဲလ်ငြိမ်းချမ်းရေးဆုကို ၁၉၀၁ ခုနှစ်မှ စတင်ကာ နှစ်စဉ်မပျက် ချီးမြှင့်ခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် နိုဗဲလ်ဆု ချီးမြှင့်ခံရသူ များမှာ ကြက်ခြေနီ အဖွဲ့ကို စတင်တည်ထောင်သူ ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်နှင့် ပထမဆုံး ပြင်သစ်ငြိမ်းချမ်းရေး လူမှုအသိုင်းအဝန်း (FirstFrenchPeaceSociety)ကို တည်ထောင်သူ ဖရက်ဒရစ် ပက်စီ တို့ဖြစ်ကြသည်။
DVBသတင်းဌာနမှသတင်းထောက်များအဓိကလှုပ်ရှားခဲ့ကြသည့်၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအကြောင်း ရိုက်ကူးထားသည့် BurmaVJအမည်ရ ရုပ်သံမှတ်တမ်းသည်လည်း ယမန်နှစ် အော်စကာဆုပေးပွဲတွင် ဆန်ခါတင် အဆင့်အထိ ရောက်ရှိခဲ့သည်။

အရှင်ပညာစာရအမှု မနက်ဖြန်စီရင်ချက်ချမည်

မင်းနိုင်သူ Tuesday, September 28, 2010
.ပုဒ်မ ၇ ခုဖြင့် ဒေသခံရဲက အမှုစွဲတင်ထားသော စစ်တွေမြို့ရှိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်မှ ဆရာတော် အရှင်ပညာစာရကို မနက်ဖြန်တွင် တရားရုံးက စီရင်ချက်ချရန် ရုံးချိန်းပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်တည်ငြိမ်ရေးကိုထိပါးနှောင့်ယှက်မှုအပါအဝင်ပုဒ်မ၇ခုနှင့်တရားစွဲခံထားရသည့်အရှင်ပညာစာရ နှင့်ကလေးငယ်များ(ဓာတ်ပုံ - Freedom Burma)
ထိုအမှုကို စောင့်ကြည့် နေသော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ အတွင်းရေးမှူး ကိုခိုင်ပြည်စိုးက “မနေ့က အထိ တောက်လျှောက် ရုံးထုတ် စစ်ဆေး လာပြီး မနက်ဖြန်မှာ စီရင်ချက် ချတော့မယ်လို့ ရုံးချိန်းပေး လိုက်ပါတယ်။ ကျနော်တို့ မြို့ခံတွေ ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကိစ္စဟာ အစိုးရ တရားရုံးက ကိုင်တွယ်ခွင့် မရှိဘဲ သံဃာ့ အရေးကို သံဃာ့ အဖွဲ့အစည်း တွေကပဲ ဆောင်ရွက်ခွင့် ရှိတယ်လို့ မြင်ကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အရှင်ပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့တွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးခဲ့ပြီး စစ်တွေအမှတ် ၁ ရဲစခန်းတွင် လူဝတ်လဲပေးကာ ချုပ်နှောင်ခဲ့သည်။
ထို့နောက် စစ်တွေအမှတ် ၁ ရဲစခန်းမှူး ရဲအုပ်မြို့ဆွေက တရားလိုပြုလုပ်၍ ပုဒ်မ ၄၂၀ လိမ်လည်မှု၊ ပုဒ်မ ၂၉၅ (က) ဘာသာသာသနာ ညှိုးနွမ်းစေမှု၊ ပုဒ်မ ၄၀၆ ယုံကြည်အပ်နှံထားသည့် ပစ္စည်းကို အလွဲသုံးစားမှု၊ ပုဒ်မ ၅၀၅ နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု၊ ပုဒ်မ ၂၉၂ သာသနာ့နယ်မြေကို အခကြေးငွေဖြင့် ငှားရမ်းအသုံးပြုမှု၊ နိုင်ငံခြားငွေ လဲလှယ်ရေး အက်ဥပဒေ ပုဒ်မ ၂၄ (၁)၊ စည်ပင်သာယာ အက်ဥပဒေ ပုဒ်မ ၆၁ (ဂ) စသည့် ပုဒ်မ တို့ဖြင့် စွဲချက်တင်ကာ စစ်တွေ တရားရုံးသို့ တင်ခဲ့ခြင်းဖြစ်သည်။
“မနေ့ကတရားရုံးမှာရှေ့နေဒေါ်အေးနုစိန်ကတရားခံကိုအနားမပေးဘဲနေ့စဉ်ရက်ဆက် ရုံးတင်စစ်ဆေးနေတာဟာ ဥပဒေနဲ့ လျော်ညီပါရဲ့လား၊ ဒီလို စစ်ဆေးနေတာဟာ ရခိုင်တပြည်နယ်လုံးမှာ ဒီအမှုတခုပဲ ရှိနေလို့လား၊ တရားပြိုင်ရှေ့နေ တဦးအနေနဲ့ အသေးစိတ် စုံစမ်းမေးမြန်းပိုင်ခွင့်မရှိဘူးလား၊ တရားပြိုင်ပြ သက်သေတွေကို လိုအပ်တာထက် ပိုမိုစစ်ဆေးတာဟာ ဥပဒေနဲ့ ညီရဲ့လား စတဲ့ အချက် ၄ ချက်ကို တရားရုံးကို မေးမြန်းခဲ့ပြီး ရုံးပြောင်း စစ်ဆေးပေးဖို့ တောင်းဆိုတာကို တရားသူကြီးမက ဒါဟာ ရုံးတော်ကို မထီမဲ့မြင်ပြုတာဆိုပြီး အချေအတင်ဖြစ်ခဲ့ရပါသေးတယ်”ဟု အရှင်ပညာစာရ၏ ရှေ့နေ ဒေါ်အေးနုစိန်နှင့် နီးစပ်သူက ပြောသည်။
တရားပြိုင်ရှေ့နေ ဒေါ်အေးနုစိန် ခရီးထွက်ခိုက် လွှဲအပ်ခဲ့သော အမျိုးသမီးရှေ့နေ ၂ ဦးကိုလည်း စစ်တွေတရားရုံးက စက်တင်ဘာ ၂၂ ရက်တွင် ရှေ့နေပါဝါများ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
“ဆရာတော်ကို မာတုဂါမနဲ့ ဖောက်ပြားတယ်ဆိုပြီး စွပ်စွဲတယ်။ အခု သူတို့ စွပ်စွဲတဲ့ မာတုဂါမကိုယ်တိုင်က သူနဲ့ မကျူးလွန် ပါဘူးဆိုပြီး တရားရုံးမှာ ထွက်ဆိုထားတယ်။ တကယ်ဆို ဒီအမှုတွေဟာ သံဃာ့အဖွဲ့အစည်းကသာ ၀ိနည်းနဲ့ အညီ စစ်မေးပြီး လိုအပ်သလို ရွက်ဆောင်ခွင့်ရှိတာ။ အခုဟာကတော့ အစိုးရက သက်သက်မဲ့ ဆရာတော်ကို ထောင်ချဖို့ ကြံစည်နေတာပါ။ ဒါကြောင့် ဦးပဉ္ဇင်းတို့ စာသင်သားတွေက ဒီအမှုကို ရုပ်သိမ်းပေးဖို့နဲ့ ဆရာတော်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုသွားမှာပါ”ဟု စစ်တွေမြို့မှ သံဃာတော်တပါးက မိန့်သည်။
ရခိုင်ပြည်နယ်မှ ကျောင်းထိုင်ဆရာတော် ၁၄ ပါးကလည်း အရှင်ပညာစာရအမှုကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ်တိုင်းမှူးထံ ယခုလ ၇ ရက်က လက်မှတ်ရေးထိုး စာပေးပို့ထားခဲ့သော်လည်း အကြောင်း ပြန်ကြားခြင်းမရှိခဲ့ကြောင်း သိရသည်။
အရှင်ပညာစာရသည် စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်တွင် မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်ကို ၁၉၉၀ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး မိဘမဲ့ ကလေးများကို လက်ခံ စောင့်ရှောက်ထားကာ ရခိုင်ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို ရှာဖွေစုဆောင်း လေ့ရှိသည့် သမိုင်းသုတေသီတဦးဖြစ်ခြင်းကြောင့် နိုင်ငံခြားသားများနှင့် ထိတွေ့ဆက်ဆံမှုများရှိခဲ့ရာ အာဏာပိုင်များက သဘောမတွေ့သဖြင့် အမှုရှာဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ဒေသခံတဦးက ပြောသည်။
ယမန်နေ့ကလည်း မွန်သံဃာတပါးကို အင်းစိန်ထောင်အထူးတရားရုံး၌ ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခဲ့သည်။
မြန်မာနိုင်ငံတ၀န်းရှိ ထောင်များထဲတွင် သံဃာတော် ၂၅၇ ပါးနှင့် သီလရှင် ၆ ပါးကို နအဖ စစ်အစိုးရက ထိန်းသိမ်း ထားဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းတွင် ဖော်ပြထားသည်။

မယ်လ ဒုက္ခသည်စခန်းတွင် ၀က်တုပ်ကွေး ကူးစက်သူ ၂ ဦးတွေ့

သန်းထိုက်ဦး Tuesday, September 28, 2010
.ထိုင်း-မြန်မာနယ်စပ်မယ်လဒုက္ခသည်စခန်းတွင်(H1N1) ၀က်တုပ်ကွေး ရောဂါပိုး ကူးစက်ခံသူ ကလေးငယ်၂ဦးကို စက်တင်ဘာလ ၁၇ ရက်နေ့က စမ်းသပ် တွေ့ရှိခဲ့ကြောင်း ဒုက္ခသည် စခန်းရှိ ဆေးရုံတာဝန်ခံ စောနေဆဲက ဧရာဝတီသို့ ပြောသည်။
H1N1 ရောဂါပိုး ကူးစက်ခံရသူသည် အသက် ၃ လသား တဦးနှင့် ၁ နှစ် ၄ လ အရွယ်ရှိ ကလေးငယ် ၂ ဦးတို့ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ရောဂါဖြစ်ပွားသူ ကလေးငယ်များသည် ဆေးရုံသို့ ရောက်ရှိလာချိန်တွင် ချောင်းဆိုး၊ ရင်ကြပ်၊ အဆုပ်ရောဂါ စသည့် လက္ခဏာ များကို တွေ့ရှိခဲ့သောကြောင့် ကလေးငယ်များ၏ နှာရည်တချို့ကို ယခုလ ၁၄ ရက်နေ့က မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်၍ စမ်းသပ်ပြီးနောက်ပိုင်း ရောဂါကို အတည်ပြုချက် ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခုအခါ သက်ဆိုင်ရာ ကျန်းမာရေး ဌာနများနှင့် စခန်းတာဝန် ရှိသူများက ရောဂါ မပြန့်ပွားရေးအတွက် ရက်ကွက်များတွင် ကာကွယ်ရမည့် နည်းလမ်းများကို ပညာပေးရေး သင်တန်းများ ပေးထားကြောင်း၊ ထို့အပြင် ရောဂါ ကူးစက်ခံရသည့် ကလေး ငယ် ၂ ဦးသည် ကျန်းမာရေး ကောင်းမွန်၍ နေအိမ်သို့ ပြန်ရောက် နေ ပြီ ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့်နှစ် သြဂုတ်လတွင်လည်း မယ်လ ဒုက္ခသည် စခန်းတွင် H1N1 ရောဂါ ကူးစက်ခံရသူများ ၂၆ ဦးအထိ ရှိခဲ့ပြီး ယခု ဒုတိယ အကြိမ်ထပ်မံ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း စောနေဆဲက ပြောသည်။
မယ်လ ဒုက္ခသည် စခန်းရှိ ဆေးရုံ တာဝန်ခံများက ပြင်သစ် အခြေစိုက် နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း တခုဖြစ် သော AideMedicalInternational(AMI)နှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပူးတွဲ လုပ်ဆောင်နေကြောင်း သိရသည်။
မယ်လ ဒုက္ခသည်စခန်းတွင် လူဦးရေ ၄၀၀၀၀ ခန့် နေထိုင်လျက်ရှိပြီး ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် ဒုက္ခသည် စခန်း ၉ ခု ရှိသည်။ ထို ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များသည် ၁၉၈၃ မှ စတင်၍ မြန်မာ စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်မှု ကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြသူများ ဖြစ်သည်။
ထိုင်းနိုင်ငံ၌ လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သောH1N1၀က်တုတ်ကွေး ရောဂါ ပြန်လည်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ယခုလဆန်းပိုင်းတွင် ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားကြောင်း စက်တင်ဘာ ၆ ရက်နေ့ ထုတ် The Nation သတင်းတွင် ဖော်ပြထားသည်။
လွတ်ဘူရီ နှင့်နွန်ထပ်ဘူရီခရိုင်၂ ခုတွင်H1N1၀က်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၂ ဦး သြဂုတ်လကုန်ပိုင်းက သေဆုံး ပြီးနောက် ထိုင်း ကျန်းမာရေး ၀န်ကြီးဌာနက ယင်းသို့ သတိပေးချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်း ရောဂါ လက္ခဏာ တွေ့ရှိရသူ ၂၆၀ ခန့်ရှိပြီး ယခုနှစ်အတွင်း ရောဂါ ကူးစက်ခံရသူ ၈၄၄၂ ဦးရှိ ကြောင်းနှင့် ရောဂါကြောင့် လူ ၅၇ ဦး သေဆုံးမှုရှိကြောင်းလည်း TheNation သတင်းတွင် ပါရှိသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့မှ ၂၈ ရက် အတွင်း ဘန်ကောက်၊ နွန်ထပ်ဘူရီ၊ လွတ်ဘူရီ၊ ပထုန် ဌာနီ၊ အယုဒ္ဒယ အပါအ၀င် ခရိုင်ပေါင်း ၂၀ တွင် ရောဂါဖြစ်ပွားမှုများ ရှိခဲ့ကြောင်း သိရသည်။
ထိုင်း နိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင်လည်း ရောဂါပိုး ကူးစက်မှုများကို ဆက်လက်တွေ့ရှိရကြောင်း ထိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကူးစက် ရောဂါ တိုက်ဖျက်ရေးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ မနစ် ထီရထန်ထီကနွန် ကို ကိုးကား၍ TheNationသတင်းက ဖော်ပြသည်။
ထိုင်း ကျန်းမာရေး ၀န်ကြီးဌာနက ယခုနှစ်ဆန်းမှ စတင်၍ အများပြည်သူကို H1N1၀က်တုပ်ကွေး ရောဂါ ကာကွယ် ဆေးများ ထိုးပေးမှုပြုလုပ်နေကြောင်း သတင်းများအရ သိရှိရသည်။
ယင်း ၀က်တုပ်ကွေး ကူးစက်ရောဂါသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလအတွင်းက မက္ကဆီကို နိုင်ငံတွင် စတင် ဖြစ်ပွားခဲ့ပြီး ကမ္ဘာတ၀န်းသို့ ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

ဆည်တော်လေးဆည် ရေလျှံ၊ အနီးတ၀ိုက် ရွာများ ရေလွှမ်း

ရန်ပိုင် Tuesday, September 28, 2010
.မန္တလေးတိုင်းပုသိမ်ကြီးမြို့နယ်ရှိဆည်တော်လေးဆည်ရေလျှံမှုကြောင့် အနီးတ၀ိုက် ရွာများတွင် ရေလွှမ်းမှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ နံနက် ၅ နာရီခန့်တွင် ယင်းဆည်မှ ရေများ ရုတ်တရက်ကျဆင်းလာကြောင်း၊ နားတောင်းကျ ချောင်း ဘေးရှိ ရွာများ နှင့် ရေမြုပ်သွားပြီး မန္တလေး- မေမြို့ ကားလမ်းလည်း ရေကျော်သွားကြောင်း မန္တလေးအခြေစိုက် သတင်းသမားတဦးက ဧရာဝတီသို့ ပြောသည်။
“တောင်ပေါ်မှာ မိုးကတော်တော်ကြီးတော့ ရုတ်တရက် ဆည်ရေလည်း မနိုင်တော့ဘူး၊ ရေက ဒလဟော ဆင်းလာတာ”ဟု ၎င်းက ဆိုသည်။
ဆည်၏ အထက်ပိုင်း ဒေသများတွင် မိုးများပြီး ရုတ်တရက် ရေများကျဆင်းလာသည့် အတွက် ဆည်မြောင်းဦးစီးဌာနနှင့် သက်ဆိုင် ရာ အာဏာပိုင်များကလည်း သတိပေးနိုင်ခြင်း မရှိကြောင်း၊ ဆည်တော်လေးရွာ၊ ကျောက်မီးရွာ စသည့် ကျေးရွာအတော်များများ ရေမြုပ်သွားကြောင်း အဆိုပါ သတင်းသမားက ပြောသည်။
ထိုသို့ ရေကြီးမှုတွင် လူနှစ်ဦး သေဆုံးသွားပြီး လယ်မြေဧက အတော်များများလည်း ပျက်စီးသွားကြောင်း သိရသည်။
ညနေ ၃ နာရီခန့်တွင် ရေပြန်ကျသွားပြီး နာမှုကူညီရေး အသင်းသားများ၊ မီးသတ်များ၊ လုံထိန်းများက ကူညီမှုများပေးကြောင်း မန္တလေးမှ စာရေး ဆရာညီပုလေး ကလည်း ပြောသည်။
ယခုရက်ပိုင်း တောင်ပေါ်ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနေသည့် အတွက် ဒုဋ္ဌ၀တီမြစ်ကို ပိတ်၍ ဆောက်ထားသည့် ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ရေလှောင်တမံတွင်လည်း ရေများပြားလာနေကြောင်း၊ ယင်းပိုလျှံနေသည့် ရေများကို ဖွင့်ထုတ်တော့ မည်ဖြစ်ကြောင်း အတည်မပြုနိုင်သည့် သတင်းများလည်း ထွက်ပေါ်နေသည်။
ဆည်တော်လေး ဆည်မှာ အနီးတ၀ိုက်ရှိ လယ်ဧက သုံးထောင်ကျော်ကို ရေးပေးဝေရန်အတွက် အင်္ဂလိပ် အစိုးရ လက်ထက် ကတည်းက တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားတပ်များ စစ်ရေးပူးပေါင်းရန် ဆွေးနွေး

သန်းထိုက်ဦး Tuesday, September 28, 2010
.စစ်အစိုးရကိုတိုက်ခိုက်ဆဲလက်နက်ကိုင်အဖွဲ့များနှင့်အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် စစ်ရေး စွမ်းရည် မြှင့်တင်ရန်နှင့် နအဖ စစ်တပ်မှ တိုက်ခိုက်လာပါက အချင်းချင်း ကူညီရန် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
                                                          NPP စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူး (ဓာတ်ပုံ - The Nation)
ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲထားသော ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N)၊ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသား တပ်ဦး (CNF)နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)တို့ ပါဝင်ကြောင်း သိရသည်။
စက်တင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ၃ ရက်ကြာ ကျင်းပသော အဆိုပါ အစည်းအဝေးကို တိုင်းရင်းသား လူမျိုးများ ကောင်စီ (ENC)က ဦးဆောင် ကျင်းပ ပေးကြောင်း သိရှိရပြီး ဧရာဝတီက ဆက်သွယ် မေးမြန်းရန် ကြိုးစား သော်လည်း မရခဲ့ချေ။
“KNU နဲ့ MNSP တို့ စစ်အစိုးရတပ်က တိုက်လာရင် ပူးပေါင်း ကူညီဖို့ သဘောတူညီချက် ရခဲ့ပါတယ်” ဟု အမည် မဖော်လိုသူတဦးက ဧရာဝတီသို့ ပြောသည်။
အစည်းအဝေးသို့ MNSP မှ ပါတီဥက္ကဋ္ဌ နိုင်ထောမွန်၊ စစ်ဘက်ဆိုင်ရာခေါင်းဆောင် နိုင်ဇေယျ အပါအဝင် ၄ ဦး တက်ရောက် ကြောင်း သိရသည်။
ထိုင်းနိုင်ငံ အခြေစိုက် TheNation သတင်းစာနှင့် အင်တာဗျူးတွင် KNPP မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ယခုအခါတွင် ၎င်းတို့အနေဖြင့် စစ်ရေး၊ နိုင်ငံရေး ကိစ္စရပ်များကို အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ် အတွင်းတွင်လည်း SSAတာဝန်ရှိသူများနှင့် ၃ ကြိမ်ခန့် ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံခဲ့ကြောင်း၊ KNU နှင့်လည်း ပူးပေါင်းဖလှယ်ရေး ကော်မတီအဖွဲ့တခု ရှိကြောင်း ဖော်ပြထားသည်။
“အတူတကွ ပူးပေါင်းဆောင်ရွက် တိုက်ခိုက်ဖို့ကလွဲပြီး တခြားနည်းလမ်းဘာမှ မရှိဘူးလို့ ကျနော်ထင်တယ်။ အဖွဲ့တွေ အားလုံးမှာ ဘုံရန်သူ တခုပဲရှိတယ်လို့တော့ သိသင့်တယ်” ဟုလည်း ၎င်းက ဆက်ပြောသည်။
အလားတူ အစည်းအဝေးတခုကို ပြီးခဲ့သည့် မေလက ချင်းမိုင်တွင် ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးတွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား အတူတကွ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယခု အစည်းအဝေးသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့ အစည်းများကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ကူးပြောင်းရေးအတွက် ဖိအားပေးသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
စက်တင်ဘာလ အစောပိုင်းတွင်လည်း KIO ခေါင်းဆောင်များသည် တရုတ်နိုင်ငံဘက်သို့ သွားရောက်ပြီး အကယ်၍ KIO ၏ စစ်ရေးတောင်ပံဖြစ်သော ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် နအဖတပ်တို့ တိုက်ပွဲ ဖြစ်ပွားပါက တရုတ်အနေဖြင့် ကချင်ဒုက္ခသည်များကို လက်ခံပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း KIO နှင့် နီးစပ်သူများထံမှ သိရသည်။
KIO ထိန်းချုပ် နယ်မြေများတွင် နေထိုင်သော မိသားစုဝင်များကိုလည်း တိုက်ပွဲများ ဖြစ်ပွားလာပါက KIO စစ်သားများကို ကူညီရန် စည်းရုံးမှုများ ပြုလုပ်ထားကြောင်း၊ မြန်မာစစ်သားများကိုလည်း KIO ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်ခြင်း မပြုရန် သတိပေးထားကြောင်း၊ ဒေသခံလူထုကိုလည်း ၎င်းတို့အိမ်သို့ မြန်မာ မိတ်ဆွေ သူငယ်ချင်းများ အလည်အပတ် ခေါ်ဆောင်ခြင်းကို တားမြစ်ထားကြောင်း သိရှိရသည်။
ပြီးခဲ့သော တပတ်ကလည်း KIOထိန်းချုပ်ထားသည့် ကချင်ပြည်နယ် မြစ်ကြီးနား၊ လိုင်ဇာဌာနချုပ် နယ်မြေအတွင်းသို့ ပျံသန်း ဝင်ရောက်လာသော နအဖ အစိုးရ၏ ရဟတ်ယာဉ်တစင်းကို KIOတပ်ဖွဲ့ဝင်များက သတိပေးပစ်ခတ်ခဲ့သည်။
မြန်မာ စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တချို့ကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ကူး ပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ KIO အပါအ၀င် SSA-N နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)အဖွဲ့များက လက်မခံသဖြင့် စစ်ရေးအရ တင်းမာနေကြောင်း သိရသည်။