မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 22 juli 2011

စစ်လက်နက်မကူရန်အိန္ဒိယကိုတောင်းဆို

ထွန်းထွန်း သောကြာနေ့၊ ဇူလိုင်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၆ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။မြန်မာအစိုးရသစ်က ကချင်နှင့်တိုင်းပြည်အရှေ့ပိုင်းတိုင်းရင်းသားဒေသများ၌ထိုးစစ် ဆင်နေသဖြင့်အိန္ဒိယအစိုးရအနေနှင့်စစ်လက်နက်မကူညီရန်အိန္ဒိယရှိလူမှုအဖွဲ့အစည်းများနှင့် မြန်မာ့အရေး လှုပ်ရှားသူများက တောင်းဆိုလိုက်သည်။
မြို့တော်နယူးဒေလီရှိဂျန်တားမန်တားအရပ်၌သောကြာနေ့ နေ့လယ်ပိုင်းတွင်ဆန္ဒပြတောင်းဆိုရာအိန္ဒိယ လူမှုအဖွဲ့အစည်း၄၆ဖွဲ့၊တသီးပုဂ္ဂလ၄၉ဦးနှင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု၂၄ဖွဲ့အပါအဝင်လူဦးရေ၁ဝဝကျော် ပါဝင်ခဲ့သည်။
                                   နယူးဒေလီဂျန်တားမန်တားအရပ်တွင်ကန့်ကွက်ဆန္ဒပြနေသူများ(ဓါတ်ပုံBCD)
“အိန္ဒိယအစိုးရအနေနဲ့မြန်မာနိုင်ငံကိုစစ်လက်နက်ထောက်ပံ့တာကို ကျမတို့ မလိုချင်ဘူး။ဘာ့လို့လဲဆိုတော့
ဒါကအပြစ်မဲ့တဲ့သူတွေကိုသတ်နေတာ။ဒါကြောင့်မလိုချင်တာ။ဒါကလည်းကျမတို့အိန္ဒိယအစိုးရကိုပေးချင် တဲ့သတင်းစကားပါပဲ”ဟုဆန္ဒပြပွဲကိုဦးဆောင်စီစဉ်ခဲ့သည့်BurmaCentre(Delhi)မှဆက်သွယ် ညှိနှိုင်းရေးမှူး မစ္စစ် Alana Golmei က မဇ္ဈိမကို ပြောသည်။
အိန္ဒိယအစိုးရက စစ်လက်နက် ထောက်ပံ့ခြင်းနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းသည် မြန်မာတိုင်းရင်းသား
ဒေသများတွင် စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် အားပေးအားမြှောက် ဖြစ်နေသည်ကို မလိုလားကြောင်း စုပေါင်းကြေညာချက်တွင် ရေးသားထားသည်။
ထို့အပြင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊သတင်းထောက်များနှင့်ပြည်သူများအပေါ်လူ့အခွင့်အရေး ချိုးဖောက် မှုနှင့် ထိုးစစ်ဆင်မှုများ ပြုလုပ်နေသည်ဟုလည်း ဆိုသည်။
“သူတို့(အိန္ဒိယ)အမျိုးသားအကျိုးစီးပွားကာကွယ်ရေးနဲ့ရရှိရေးအတွက်အုပ်ချုပ်နေတဲ့သူတွေနဲ့ဆက်ပြီးတော့ လိုချင်တာတွေပေး၊ဝယ်ချင်တာတွေရောင်းမယ့်အနေအထား။နောက်တခါဆိုးတာကတော့နိုင်ငံတကာ စင်မြင့်မှာမြန်မာအုပ်ချုပ်သူများအလွန်လိုချင်နေတဲ့နိုင်ငံရေးအရကာကွယ်မှု၊သံတမန်ရေးအရ ကာကွယ်မှု တွေကိုအိန္ဒိယအစိုးရကတောက်လျှောက်လုပ်လာတော့ဒါလည်းပဲဆက်လုပ်နေမယ်လို့ကျနော်က ထင်တယ်”ဟုNCGUB ညွန့်ပေါင်းအစိုးရ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက မဇ္ဈိမကို ပြောဆိုသည်။
အိန္ဒိယဘက်မှစစ်လက်နက်များတင်ဆောင်ထားသည့်မြန်မာစစ်ကား၅၂စီးဇူလိုင်၇ရက်တွင် မြန်မာပြည်တွင်းဝင်ရောက်ခဲ့သည့်အပေါ်ယနေ့ဆန္ဒပြပွဲကကန့်ကွက်ခဲ့သေးသည်။မဏိပူရပြည်နယ် မိုးရေးမြို့မှ စစ်ကိုင်းတိုင်း တမူးမြို့မှတဆင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ကျမတို့အနေနဲ့အိန္ဒိယဘက်ကနေမြန်မာဘက်ကိုစစ်ကား၅၂စီးပို့ခဲ့တယ်ဆိုတာကိုပဲသိရတယ်။ အသေးစိတ် မသိရသေးဘူး။ကျမတို့ဒီသတင်းတွေကိုနယ်စပ်မှာရှိတဲ့သတင်းအေဂျင်စီတွေကနေရတာပါ။ အခုကိစ္စကတော့ ကျမတို့ ဆန္ဒပြတဲ့ထဲမှာပါတဲ့ ကိစ္စရပ်တခုပါ။ ဒါက အိန္ဒိယက မြန်မာနိုင်ငံကို စစ်လက်နက် ထောက်ပံ့နေတဲ့အထဲက အစိတ်အပိုင်းတခုပါ” ဟု မစ္စစ် Alana Golmei က ပြောသည်။
အဆိုပါ စစ်ကား ၅၂ စီးကိစ္စနှင့် ပတ်သက်၍ မဇ္ဈိမကလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

                              နယူးဒေလီ ဂျန်တားမန်တား အရပ်တွင် ကန့်ကွက်ဆန္ဒပြနေသူများ (ဓါတ်ပုံ BCD)
“အိန္ဒိယကဒီလိုအချိန်မျိုးမှာပေါ့လေ။လက်နက်ပစ္စည်းတွေ မြန်မာပြည်ပို့တယ်ဆိုတဲ့ သတင်းက မှန်ခဲ့လို့ရှိရင်
တော့ဒီဟာဟာမဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ အချိန်ရွေးမှုလည်း အင်မတန်မှ လွဲမှားတယ်။ ဘာကြောင့်လဲဆို
တော့ သိတဲ့အတိုင်း မြန်မာပြည်မှာ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေက အနည်းဆုံး ပြည်နယ် ၃ ခုမှာတောင် ဖြစ်နေတဲ့ အချိန်မှာ လက်နက်တွေ ပေးတယ်ဆိုတော့ ဒါဟာ မှားယွင်းတဲ့ အချိန်ရွေးချယ်မှု” ဟု ဒေါက်တာတင့်ဆွေက ဆိုသည်။
အိန္ဒိယအနေဖြင့်၎င်းတို့အကျိုးစီးပွားအတွက်လက်နက်နှင့်ချဉ်းကပ်ခြင်းမှာမှားယွင်းကြောင်းနှင့် ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနှင့်အကြမ်းမဖက်မှုကိုင်စွဲခဲ့ခြင်း၊ဗုဒ္ဓဘာသာ ထွန်းကားရာ ဒေသဖြစ်သည့်အတွက် နဂိုရှိရင်းစွဲ အရည်အချင်းများနှင့်သာ ချဉ်းကပ်သင့်သည်ဟု သူက ဆက်ပြောသည်။
“လက်နက်ရောင်းတာကတော့ဘယ်နေရာရောင်းရောင်းရတယ်။ခုနပြောတဲ့အကြမ်းဖက်မှုနဲ့ဘာသာရေး အဆုံးအမတွေကို တခြားနိုင်ငံတွေ လုပ်မရဘူး။ ဆိုလိုချင်တာက အိန္ဒိယဟာသူ့ရဲ့ကိုယ်ပိုင်အရည်အသွေး
တွေကိုသုံးပြီးတော့ နိုင်ငံတကာဆက်ဆံရေး၊သူ့အကျိုးစီးပွား ဖြည့်ဆည်းအောင် လုပ်သင့်တယ်လို့ ယူဆပါ
တယ်” ဟု သူက ဆိုသည်။
မြန်မာ့မြေပေါ်တွင်အခြေချလှုပ်ရှားနေသည့်အိန္ဒိယအရှေ့မြောက်ပြည်နယ်ခွဲထွက်ရေးသူပုန်များအား နှိမ်နင်းရန်အတွက်အိန္ဒိယအစိုးရကမြန်မာစစ်အစိုးရကိုလက်နက်များဈေးပေါပေါနှင့်ယခင်က ထုတ်ရောင်းခဲ့စဉ် ကလည်းမြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက ကန့်ကွက်ခဲ့ကြသေးသည်။ သို့သော် ၂ဝဝ၈ ခုနှစ်မတ်လထဲတွင်အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးပရာနတ်ဘ်မူကာဂျီးက၎င်းတို့အစိုးရအနေဖြင့် မြန်မာနိုင်ငံကိုလက်နက်ထောက်ပံ့ခဲ့သည်မှာမဟုတ်မှန်ကြောင်းအမေရိကန်ဝါရှင်မြို့တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ငြင်းဆိုခဲ့သည်။
ဆွီဒင်နိုင်ငံStockholmအပြည်ပြည်ဆိုင်ရာဌာန-SIPRI မှသုတေသနပညာရှင် SiemonWezeman
အဆိုအရ၂ဝဝ၆အောက်တိုဘာလထဲတွင်၇၅နှင့်၁ဝ၅မီလီမီတာသေနတ်များတင်ပို့ခဲ့ပြီး T-55 တင့်ကားများ၊ သံချပ်ကာကားများ၊ မော်တော်ကားများနှင့် ရဟတ်ယာဉ်များလည်း ပို့ဆောင်ခဲ့ကြောင်း ဝီကီလိခ်ကြေးနန်း များတွင်ဖော်ပြပါရှိသော်လည်း သီးခြား အတည်ပြုချက် မရရှိသေးပေ။
ယင်းအပြင်၂ဝ၁ဝနှစ်ကုန်ပိုင်းက အိန္ဒိယ-မြန်မာ သဘောတူညီချက်တွင် ရိုင်ဖယ်သေနတ်များ၊ သံချပ်ကာ
ကားများနှင့်ကင်းလှည့်လေယာဉ်များထောက်ပံ့ရန်လက်မှတ်ရေးထိုးခဲ့ကြေင်းမစ္စတာWezemanက ဝီကီလိခ်တွင် ပြောကြားထားသည်။
ယနေ့ဆန္ဒပြပွဲအပြီးတွင်အိန္ဒိယအဖွဲ့များနှင့်မြန်မာ့အရေး လှုပ်ရှားသူများက လက်မှတ်ရေးထိုး ကန့်ကွက်လွှာ ၂ စောင်အား ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းထံ ပေးပို့ခဲ့ကြသည်။





ကျပ်သိန်းပေါင်းတသိန်းရန်ကုန်မှာကြံ့ဖွံ့ထုတ်ချေး

မဇ္ဈိမသတင်းဌာန သောကြာနေ့၊ ဇူလိုင်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၈ မိနစ် .
မဇ္ဈိမသတင်းဌာန။ ။ချေးငွေယူလျှင်ပါတီဝင်ရသည့်ကျပ်သိန်းပေါင်းတသိန်းအားရန်ကုန်တိုင်းအတွင်း ထုတ်ချေးခဲ့ကြောင်းအာဏာရကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တိုင်းတာဝန်ခံဦးအောင်သိန်းလင်းက ပြောသည်။
ကြာသပတေးမနက်၁ဝနာရီတွင်ရန်ကုန်တိုင်းကြံ့ဖွံ့ရုံးချုပ်၌ကျင်းပသော၎င်းတို့ပါတီနှင့်အခြား၅ပါတီမှ လူငယ်များဂျပန်သွားရောက်ခဲ့သည့်ခရီးစဉ်အကြောင်းရှင်းလင်းသည့်အခမ်းအနား၌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

                                  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရန်ကုန်တိုင်းတာဝန်ခံဦးအောင်သိန်းလင်း(ဓာတ်ပုံ-မဇ္ဈိမ)
အတိုးနှုန်း၂ကျပ်ယူသည့်အသေးစားချေးငွေသိန်းပေါင်း၇သောင်းနှင့်လယ်သမားများကိုစိုက်ပျိုးစရိတ် ချေးငွေသိန်းပေါင်း၃သောင်းထုတ်ချေးခဲ့ကာ၊ရရှိလာမည့်အတိုးများကိုလူထုကျန်းမာရေးအတွက် ဆောင်ရွက်မည်ဟုဦးအောင်သိန်းလင်းကပြောသည်။သူသည်လက်ရှိတောင်ဥက္ကလာပပြည်သူ့လွှတ်တော် အမတ်ဖြစ်ပြီး၊ရန်ကုန်မြို့တော်ဝန်ဟောင်းလည်းဖြစ်သည်။
ရွှေပြည်သာမြို့နယ်မှကြံ့ဖွံ့ပါတီစည်းရုံးရေးမှူးတဦးက‘‘မြို့နယ်ကိုဒီလောက်ငွေချေးပေးနေတာ၊ ပါတီကိုလည်းသိတတ်ရမှာပေါ့၊ပြည်သူနဲ့အပြန်အလှန်ပေါ့ဆိုတာမျိုးပြည်သူကိုပြောပြတယ်။ပြီးတော့ သူတို့ကို ငွေချေးတယ်။ လူတွေကလည်း ပါတီ ဝင်ကြတယ်။ ငွေချေးလို့လေ’’ ဟု ဆိုသည်။
မြောက်ဥက္ကလာပ မြို့ခံတဦးကလည်း ‘‘ကျမတို့ကို တယောက်ကို၃သောင်း ချေးတယ်။ ကျမတို့အဖွဲ့မှာ
ခေါင်းဆောင်တယောက် ပါတယ်။ ငွေချေးတာ အပေါင်တော့ မပေးရဘူး။ ဒါပေမဲ့ ပါတီတော့ ဝင်ရတယ်’’ ဟု ပြောသည်။
ဦးအောင်သိန်းလင်းကရန်ကုန်၌(ဖြိုးစေတနာ)အခမဲ့ဆေးခန်း၃၅ခုဖွင့်လှစ်ခဲ့သလိုသမိုင်းလမ်းဆုံတွင်၆ ထပ်ဆေးရုံဖွင့်ကာအခမဲ့မျက်စိခွဲစိတ်ပေးနေပြီး၊အင်းစိန်GTI၌အခမဲ့ကျောက်ကပ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ ကြောင်းနှင့်မကြာမီတွင်အခမဲ့သားဖွားဆေးရုံ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။

donderdag 21 juli 2011

ဇာတ်လမ်းကခုမှစတာဆိုသောဦးထူးထူးဟန်

ကိုပေါက် ကြာသပတေးနေ့၊ ဇူလိုင်လ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၇ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။၁၉၈၈လူထုအုံကြွမှုအတွင်းအစိုးရဆန့်ကျင်ဆန္ဒပြသူ၂၄ဦးအားကိုယ်တိုင်ပစ်သတ်ခဲ့ပြီး ၁ဝဝကျော်သတ်ဖြတ်ရာ၌ပါဝင်ခဲ့သည်ဟုဦးထူးထူးဟန်၏ဝန်ခံဖြောင့်ချက်များကိုကိုးကား၍ သြစတြေးလျနိုင်ငံAAPသတင်းဌာနတွင်ဇူလိုင်လ၁၈ ရက်နေ့ကတည်းက စတင်ဖော်ပြပါရှိခဲ့ပြီး ten NEWS, SBS ရုပ်မြင်သံကြား သတင်းများတွင်လည်း ထုတ်လွှင့်ပြသခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံးICCသို့တက်ရောက်ရန်ရည်ရွယ်ချက်ဖြင့်မိမိကိုယ်ကို မြန်မာစစ်ရာဇဝတ်ကောင်အဖြစ်ထုတ်ဖော်ပြောဆိုလိုက်သည့်အတွက်အတိုက်အခံ ဒီမိုကရေစီအင်အားစုများအကြားသံသယဖြစ်သူများရှိနေကြသလိုမြန်မာအစိုးရကိုသာအကျိုး ဖြစ်ထွန်းစေမှာလား ဆိုသော မေးခွန်းများ ထုတ်လာကြသည်။
ထို့ကြောင့် သြစတြေးလျနိုင်ငံတွင်၁၅နှစ်ကြာနေထိုင်လာခဲ့သည့် ဦးထူးထူးဟန်အား၎င်း၏ဖြတ်သန်းမှုနှင့် ဤသို့လုပ်ရခြင်း၏အကြောင်းရင်း၊ရည်ရွယ်ချက်များသိရှိနိုင်ရန်မဇ္ဈိမသတင်းထောက်ကိုပေါက်က ဆက်သွယ် မေးမြန်းထားသည်။

မိမိကိုယ်ကိုမြန်မာစစ်ရာဇဝတ်ကောင်အဖြစ်ထုတ်ဖော်ပြောဆိုလိုက်သည့်ဦးထူးထူးဟန်(Photo:: http://1.bp.blogspot.com)
AustralianAssociatedPress–AAPသတင်းရေးသားချက်အရကိုထူးထူးဟန်က၈၈အရေးအခင်း ကာလတုန်းကဆန္ဒပြသူတွေကိုလုပ်ကြံသတ်ဖြတ်ခဲ့တဲ့အထဲမှာပါဝင်ခဲ့တယ်၊၂၄ယောက်ကို ကိုယ်တိုင်သတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။
‘‘ဟုတ်ပါတယ်ခင်ဗျ။၂၄ယောက်မကဘူးထင်တယ်၊၂၄ယောက်ကျော်တယ်။မှတ်မိတဲ့လူပေါ့။ကျနော်နာမည် သိတဲ့လူ၊မြို့နယ်သိတဲ့လူ။တကယ်တမ်းသတ်ခဲ့တာတော့၂၄ယောက်ထက်မကဘူးပေါ့နော်။သာကေတ ဟိုဘက် တံတားထိပ်၊ဒီဘက်တံတားထိပ်မှာကျနော်တို့တပ်မ၇၇နှစ်ခုရှိတယ်။ ဒီဘက်မှာကျနော်တို့က MI-6 လျှို့ဝှက်ရုံးထားထားတာလေ။အဲဒီမှာကျနော်ကိုယ်တိုင်ပစ်သတ်တယ်။ပစ်သတ်ပြီးတော့ ကျနော့်ရဲဘော်တွေကပဲအလောင်းတွေကိုမီးရှို့ပြီးတော့ငမိုးရိပ်ချောင်းထဲပစ်ချတယ်။ အလောင်းဖျောက်တာပေါ့ဗျာ”
အဲဒီလူတွေရဲ့စာရင်းရှိသေးတယ်ဆိုတော့အဲဒီစာရင်းကိုထုတ်ပြန်ဖို့ရှိလားခင်ဗျာ့။
‘‘ကျနော်ကထုတ်ပြန်ထားပါတယ်။AAPမှာပေးထားပါတယ်။အွန်လိုင်းကနေကော်ပီးယူလိုက်လို့ရပါတယ်။ ကျနော်သတ်ထားတဲ့လူတွေရဲ့ မြို့နယ်တွေ၊ နာမည်တွေနဲ့ အသက်ဘယ်လောက် ရှိတယ်ဆိုတာတွေလည်း ပါတယ်။ နာမည်တွေကတော့ဗမာလိုပဲကျနော်ရေးပေးထားပါတယ်။ခင်ဗျားပြန်ကြည့်လို့ရတာပေါ့။ သာကေတတို့ ဘာတို့၊ ကြို့ပင်ကောက်တို့ အကုန်ပါတယ်’’
အဲဒီလူတွေကများသောအားဖြင့်ကျောင်းသားလူငယ်တွေပဲလား။
‘‘လူငယ်တွေပေါ့ဗျာ၊ကျောင်းသားတွေပေါ့။ပြီးတော့နောက်ကနေမာစတာမိုင်းလုပ်တဲ့ သူတွေပေါ့ဗျာ။ အဲဒီလို လူမျိုးတွေပါတယ်။ကွန်မြူနစ်ဘက်ကနေဝင်လာပြီးတော့ကျောင်းသားတွေကိုမြှောက်ပေးတဲ့လူတွေလည်း ပါတယ်။အစုံပေါ့ဗျာနော်။ကျနော်ပြောတာ၂ဝကျော်ထဲမဟုတ်ဘူးဗျ။၁ဝဝကျော်တယ်ဗျ။ကျနော် အမိန့်ပေးပြီးလို့ကျနော့်အမိန့်နဲ့သေသွားရတဲ့သူတွေလည်းအများကြီးပဲ။ကျနော်ကယ်လိုက်တဲ့ သူတွေလည်း အများကြီး ရှိတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့သူတို့တွေကကျနော့်ရပ်ကွက်ထဲက သူတွေ ဖြစ်နေတယ်။ သူတို့စာရင်းတွေကိုကြည့်လိုက်တဲ့အချိန်မှာကိုယ်နဲ့လမ်းအတူတူ၊ကျောင်းတက်ခဲ့တဲ့သူတွေ၊ ကိုယ့်မိတ်ဆွေရဲ့သားသမီးတွေ၊သူတို့မိဘတွေကိုကျနော်သိတော့တချို့လူတွေကျတော့ လွှတ်ပေးတယ်လေ။တချို့ကျတော့ကျနော်သတ်ပစ်တယ်။ တချို့ကိုကျတော့ ကျနော်ကိုယ်တိုင် မသတ်ဘူး။ ကျနော် အမိန့် ပေးလိုက်တာပေါ့။ ကျနော်က ကျောင်းသားတွေ ထဲမှာလည်း ခေါင်းဆောင်လုပ်နေတာကိုး။ ကိုမိုးသီးတို့နဲ့ အတူတူလုပ်နေတာကိုး။ ၈၈ တုန်းကMI-6ကနေကျနော်ကတာဝန်ယူတယ်။ ပြီးတော့ အဲဒီကနေတဆင့် ကျောင်းသား သမဂ္ဂတွေကနေ သတင်းတွေကို ကျနော်က MI-6 ကို ပေးတယ်ပေါ့နော်’’
ကိုယ်ကိုယ်တိုင်သတ်တော့ ဘယ်လိုသတ်လဲ။
‘‘9mmနဲ့ပေါ့။အဲဒီခေတ်ကအရာရှိတွေကိုပေးထားတာကတော့9mm၂ခုရှိတယ်။အတိုရှိတယ်၊အရှည် ရှိတယ်။၉မမအတိုပေါ့။အဲဒီဟာနဲ့ပဲကျနော်ကပစ်သတ်တာ။ သူတို့ကို မျက်နှာဖုံးစွပ်ထားတော့ နောက်ကနေ ပစ်တာ၊သေမှန်းတောင်မသိဘူး။နောက်ကနေ ပစ်တာဆိုတော့နာကျင်မှုမရှိဘူးပေါ့ဗျာ။သူတို့ခေါင်းကို သေနတ်နဲ့လည်း မထောက်ဘူး။ အဝေးကနေ ပစ်တာ။ အဲဒီနေရာမှာ ပွဲချင်းပြီးပါပဲ”
အဝေးကနေ ပစ်တယ်ဆိုတာက ဘယ်လိုလဲ။
‘‘သူတို့နောက်ကနေပစ်တာလေ။သူတို့ခေါင်းကိုသေနတ်ကြီးနဲ့ထိလိုက်တေ့လိုက်မယ်ဆိုရင်သူတို့ခံစား ရမယ်။တပေအကွာလောက်ကနေပစ်တာပေါ့။ ၆ လက်မအကွာ၊တပေအကွာလောက်ကနေပစ်တာပေါ့။ သူတို့ကို မခံစားရအောင်ပေါ့နော်’’
ဘယ်သူက အမိန့်ပေးလို့လဲ။
‘‘ကျနော့်ကိုအမိန့်ပေးတာကတော့..အင်း..ဒါကကျနော့်အကြောင်းကိုပြောပြတာလေ။အခုကျနော်တို့ ဘက်မှာလည်းကျနော်အပါအဝင်၉ဦး ရှိတယ်။ကျနော်တို့MI6က လူတွေ ဒုက္ခသည်အနေနဲ့ ရောက်လာတာ။ အဲလိုမျိုးဆိုတော့ကျနော်ကသူများတွေကိစ္စမပြောချင်တော့ဘူး။ကျနော့်အရာရှိတွေ၊ကျနော့် တပည့်တွေအကြောင်းမပြောချင်တော့ဘူး။ကျနော့်အကြောင်းပဲ ပြောချင်တယ်။ အမိန့်ဆိုတာက အထက်က လာတာပဲ။အဲဒီအချိန်ကကျနော်အလုပ်နှစ်ခုလုပ်နေရတဲ့အတွက်အရမ်းပင်ပန်းတယ်။တနေ့ကို၎ နာရီလောက်ပဲ အိပ်ရတယ်၊၃နာရီလောက်ပဲအိပ်ရတယ်။ဦးနှောက်မှန်မှန်ကန်ကန်နဲ့ဆုံးဖြတ်ချက် မရဘူး။အဲဒီအချိန်မှာအရမ်းရှုတ်ထွေးနေတဲ့အချိန်။ ကျောင်းသားသမဂ္ဂမှာလည်း ကျနော်က အထွေထွေ အတွင်းရေးမှူး’’
ဘယ်ကျောင်းသား သမဂ္ဂလဲခင်ဗျာ့။
‘‘အဲဒီတုန်းကကျနော်က၉တန်းနှစ်ဆိုတော့ အခြေခံ ကျောင်းသားသမဂ္ဂ ရဲတေဇတို့ ဘာတို့နဲ့ အတူတူပေါ့”
၉ တန်းဆိုတော့ ဘယ်အထကလဲ ခင်ဗျာ့။
‘‘ကျနော်က၉တန်းတော့မဟုတ်ဘူးပေါ့။၉တန်းကျောင်းသားအနေနဲ့ ဒီကျောင်းသားထုထဲကို ဝင်လာတာပေါ့။ ၈၈ မှာ။ ကျနော်ကိုယ်ကျနော် ၉ တန်းကျောင်းသားပါ ဆိုပြီးတော့’’
အဲဒီတုန်းက အသက်ဘယ်လောက်ရှိပြီလဲ။
‘‘အဲဒီတုန်းက ကျနော်က ၂၂ လောက် ရှိပြီဗျာ့။ ၆၇ မှာ မွေးတာ’’
တောင်ဥက္ကလာပ၉တန်းကျောင်းသားအနေနဲ့ဆိုတော့ တောင်ဥက္ကလာပ ကျောင်းသားလေးတွေက ဘယ်လိုလုပ် ယုံကြည်နိုင်မလဲ။
‘‘တောင်ဥက္ကလာပဆိုတာကဒီလိုဗျာ့။ကျနော်ကအသက်လိမ်ထားတော့ကျနော်၁၈နှစ်ပေါ့။DSAမှာ ခုနှစ်တောင်မမှတ်မိတော့ဘူး။ကျနော်က၆၇မှာမွေးတာ၁၈နှစ်ဆိုတော့ခင်ဗျားဟာခင်ဗျား ပေါင်းကြည့်တော့။ ကျနော်က သိပ်မမှတ်မိတော့ဘူး။ ကြာခဲ့ပြီ။ နှစ် ၂ဝ ကျော်ခဲ့ပြီ’’
‘‘ကျနော့်ဆီမှာတယောက်ရှိတယ်။Queenslandမှာ၊နောက်Westernမှာ တယောက်ရှိတယ်။ နောက်ပြီးတော့ မဲလ်ဘုန်းမှာ၎ယောက်ရှိတယ်။ဆစ်ဒနီမှာ၂ယောက်ရှိတယ်။ကျနော်အပါအဝင်၉ယောက်ပေါ့နော်။ ဒီမှာရှိတယ်။ကျနော်တို့အားလုံးကကျောင်းသားဘက်ကနေလာတာတွေ။တချို့ကျတော့လည်း ထိုင်းနိုင်ငံမှာ နာမည်ကြီး သတင်းစာကျနော်တောင်မေ့နေပြီး..အဲဒီသတင်းစာမှာ လုပ်လာခဲ့တာ။လူကြီးပိုင်းတွေမှာ ကျနော့်ရဲ့ တပ်ကြပ်ကြီးတယောက် ပါတယ်။ ကျနော် နာမည် မသုံးချင်တော့ဘူး’’
DSA မှာ ဘယ်နှနှစ်လောက် တက်ခဲ့ရလဲ။
‘‘၂နှစ်။ကျနော်တို့က၈လရယ်၊နောက်၆လကျတော့MIကိုရောက်တော့၆လ သင်တန်း ထပ်ပေးတယ်ဆိုတော့ အားလုံးပေါင်း ၃နှစ်ကျော်ပေါ့နော်။ကျနော် MI6ကိုရောက်တဲ့အချိန်မှာ ၈၇ နှစ်ကုန် ဖြစ်နေပြီ။ ၈၈ အစမှာ
ကျနော်ကMIမှာအရာရှိပေါက် ဖြစ်သွားပြီလေ။ ၈၈ဖြစ်တော့ ကျနော်က အရာရှိအနေနဲ့ တာဝန်ယူရပြီ ၂ ပွင့်ဖြစ်သွားပြီင်္။ အဲဒီတော့ ၈၈ မှာ ရဲက အားနည်းတော့MI6တို့၊ MI5တို့၊ MI9တို့၊ MI 7 တို့ကို သုံးတယ်လေ။ ၄ ခုရှိတယ်။ ရန်ကုန်မှာသုံးတာ။ နယ်တွေမှာကျတော့ MI11တို့ဘာတို့ ဖြစ်ကုန်တယ်။ ရန်ကုန်မှာ သုံးတာက MI 5,6 မနော်ဟရီ၊ ရေကြည်အိုင်ကျတော့ MI 7,9 တို့ ဖြစ်ကုန်ပြီ’’
DSA မှာ ဘယ်ကျောင်းလဲ၊ တက်ခဲ့ရတာ။
‘‘အဲဒါကျတော့ကျနော်ပြောလို့မဖြစ်ဘူးနော်။ဘာကြောင့်လဲဆိုတော့ကျနော့်မှာဒီမှာရဲဘော်တွေတချို့မိဘ တွေကဗမာပြည်မှာရှိနေတယ်။သင်တန်းကနံပတ်စဉ်တွေပြောချလိုက်ရင်အကုန်လုံးရှုပ်ကုန်မှာစိုးလို့ ပြောပိုင်ခွင့် မရှိဘူးနော်။ စိတ်တော့မရှိပါနဲ့’’
နှစ်ပေါင်း ၂ဝ ကျော်ကြာမှ ဘာကြောင့် ဖော်ထုတ်ရတာလဲ။
‘‘ကျနော်ကတောက်လျှောက်လုပ်လာခဲ့တာ။ထိုင်းမှာလည်းရောက်တော့လည်းတော်တော်များများကျနော့်ကို သိပါတယ်။ထိုင်းမှာဆိုရင်လည်းကျနော်ကအထွေထွေအတွင်းအရေးမှူးလုပ်ခဲ့တယ်။အဲဒီမှာစပြီးကျနော်နဲ့ စစ်အစိုးရနဲ့စပြီးပြဿနာတက်တယ်။တက်တယ်ဆိုတာကကျနော့်ကိုဘတ်ဂျက်ဖြတ်တယ်။ ထိုင်းရောက်ခါစကကျနော်ကကော်ဆန်းတို့ဘာတို့မှာဘိလပ်မြေတွေသယ်ပြီးတော့အလုပ်တွေ ဝင်လုပ်ရတယ်။ MI6တယောက်အနေနဲ့ဘတ်ဂျက်မပေးဘူး။ဘာကြောင့်လဲဆိုတော့ ပြည်တွင်းရေးက ဘာညာ၊ သံအမတ်တွေတောင် လခမရဘူး ဘာညာပေါ့။ ကျနော် ခေါင်းဆောင်ဖြစ်လာတဲ့ အချိန်ကျတော့ ကျနော့်ကို ဒေါ်လာ၂၀၀၀၀ထည့်ပေးတယ်။ ထည့်ပေးပြီးတော့ ကျနော့်ကို အလုပ်ခိုင်းဖို့ လုပ်တယ်။ ကျနော်က အဲဒီ ၂၀၀၀၀ စလုံးကို တပတ်အတွင်းမှာသုံးပစ်လိုက်တယ်။ ပြီးတော့ သူတို့ကို ဖုန်းဆက်ပြီး ပြောလိုက်တယ်။ သူတို့က “ဘယ်မှာလဲ”ဆိုတော့ “ငါ ..ပတ်ပုန်းမှာ ချနေတယ်”လို့ ပြောလိုက်တယ်ဗျာ ပြီးရော။ အဲဒီလိုမျိုး ပြဿနာလေးတွေ ရှိတယ်။ အဲဒီလိုနဲ့ တဖြည်းဖြည်းနဲ့ ကျနော့်ကို သုံးလို့ မရတော့မှန်း သိလာတယ်။ မရမှန်းသိလာတော့ ကျနော့်ကို ခြိမ်းခြောက်တယ်။ “122 နဲ့ မင်းကို ဆွဲတော့မယ်၊ နိုင်ငံတော် ပုန်ကန်မှုနဲ့ မင်းကို ဆွဲမယ်၊ မင်းကို သေဒဏ်ချနိုင်တယ်” အဲလိုမျိုး ခြိမ်းခြောက်လာတော့ ကျနော်က **** ** လို့ ပြောပြလိုက်တယ်။”
‘‘ကျနော်ကထောင်လည်း ကျခဲ့ဖူးတာကိုး။ ထောင်ထဲမှာကတည်းက ကျနော်က တဖြည်းဖြည်း စိတ်ဓာတ်က
ပြောင်းလာပြီ။တကယ့်ဖြစ်ရပ်မှန် တိုက်ပွဲဝင်နေတဲ့ ကျောင်းသားလူငယ်တွေနဲ့ကိုယ်ကရင်ဆိုင်ပြီးတော့ သွားခဲ့တော့အရေးအခင်းတခုထဲတင်မဟုတ်ဘူး။တချို့ကျောင်းသားတွေကျတော့တကယ့်ကို ကိုယ်ကျိုးစွန့်ကြတာ။အဲဒီလိုတွေမြင်လာတဲ့အချိန်မှာကိုယ်ချင်းစာလာတယ်။ထောင်ထဲမှာ၃ နှစ်ကျော်နေခဲ့တော့ထောင်ထဲမှာလည်းကျနော်ကနိုင်ငံရေးတွေဘာတွေလေ့လာခဲ့တယ်လေ’’ ထောင်ထဲမှာကတည်းက စိတ်ကပြောင်းလာတဲ့ သဘောပေါ့။”
‘‘ပြောင်းလာတယ်ဗျာ။မလုပ်ချင်တော့ဘူး။ထောင်ကထွက်လာပြီးတော့ကျနော်တောင်းဆိုတယ်။ကျနော့်ကို ရပ်ဆိုင်းပေးဖို့။ ဘာကြောင့်လဲဆိုတော့ကျနော်ကထောင်ထဲမှာအရိုက်ခံရတာကိုး။ကျနော်MI6မှာ လုပ်နေတာကိုထောင်ကအရာရှိတွေကိုပေးမသိဘူး။ပေးမသိတော့ ကျနော့်ကို ကျောင်းသားပဲ ထင်တာပေါ့။
ကျောင်းသားဆန္ဒပြတဲ့အထဲကျနော်လည်းပါတော့ပိတ်ရိုက်ခံရတာပေါ့။ ကျနော့်ကိုVIPသဘောမျိုး မထားထားဘူး။ ထောင်ကထွက်လာတော့ ကျနော်က အရမ်းနစ်နာတော့ နစ်နာကြေး တောင်းလို့ ရတာပေါ့ဗျာ။ ထွက်လို့တောင် မရဘူး’’
ဒီလိုဖော်ထုတ်လိုက်တော့ခိုင်လုံတဲ့၊ခိုင်မာတဲ့သက်သေခံအထောက်အထား အနေနဲ့ရော ဘာတွေရှိထားလဲ။
‘‘ကျနော့်မှာ ဒီမှာ ၉ ယောက် ရှိတယ်။ သူတို့က လောလောဆယ်တော့ နာမည်မပြောပါနဲ့တဲ့’’
သူတို့အားလုံးက ဘယ်မှာနေကြတာလဲ။
‘‘ကျနော့်ဆီမှာတယောက်ရှိတယ်။Queenslandမှာ၊နောက်Westernမှာ တယောက်ရှိတယ်။ နောက်ပြီးတော့ မဲလ်ဘုန်းမှာ၎ယောက် ရှိတယ်။ဆစ်ဒနီမှာ၂ယောက်ရှိတယ်။ကျနော်အပါအဝင်၉ယောက်ပေါ့နော်။ ဒီမှာရှိတယ်။ကျနော်တို့အားလုံးက ကျောင်းသားဘက်ကနေ လာတာတွေ။ တချို့ကျတော့လည်း ထိုင်းနိုင်ငံမှာနာမည်ကြီးသတင်းစာကျနော်တောင်မေ့နေပြီး..အဲဒီသတင်းစာမှာ လုပ်လာခဲ့တာ။ လူကြီးပိုင်းတွေမှာ ကျနော့်ရဲ့ တပ်ကြပ်ကြီးတယောက် ပါတယ်။ ကျနော် နာမည် မသုံးချင်တော့ဘူး’’
ဒီ ၉ ယောက်ထဲမှာကော တခြားရာထူးအဆင့်တွေ ပါလား။
‘‘မပါဘူးခင်ဗျာ့။ကျနော်အကြီးဆုံးပဲ။သူတို့ကိုကျနော်မေးကြည့်တယ်။ကျနော်သွားမယ်၊သတင်းထောက် တွေနဲ့ စကားပြောတော့မယ် ဆိုပြီးတော့’’
သူတို့ကကော အဲဒါကို သဘောတူလားခင်ဗျာ့။
‘‘မတူဘူး၊မတူဘူး။သူတို့ကစီးပွားရေးအရ အရမ်းအောင်မြင်နေကြပြီ၊ အိမ်တွေ၊ ကားတွေနဲ့။ အခု ၂ ယောက် ဖုန်းဆက်လာတယ်။ဒီနေ့မှဖုန်းဆက်လာတယ်။သူတို့က ကျနော်နဲ့ တွဲလုပ်ချင်တယ်ပေါ့။ တယောက်ကတော့ မူးယစ်ဆေးဝါး စွဲနေပြီး၊စိတ်ဓာတ်ကျတယ်ပေါ့။သူလည်းလုပ်ခဲ့တာတွေ၊ ဒီမတရား လုပ်ခဲ့တဲ့ဟာတွေ၊ ကျနော့်လိုပေါ့။ စိတ်ကျရောဂါ ဖြစ်တယ်ပေါ့’’
အဲလိုလုပ်လိုက်တော့သြစတြေးလျအစိုးရအနေနဲ့အရေးယူမှု၊ရှိမယ်ဆိုတာကိုကော ကြိုတင်သိလား။
‘‘ဥပဒေတွေဘာတွေ ကျနော် နားမလည်ဘူးလေ။ ကျနော်က မစဉ်းစားဘူး။ ကျနော့်မှာလည်း ဒီမှာ မိန်းမနဲ့ ကလေးနဲ့။ ကလေး ၃ ယောက် ရနေပြီလေ။ ဒီမှာ ရတာ။ မိန်းမကိုလည်း ဒီမှာတွေ့တာ။ လာတုန်းကတော့ တယောက်ထဲလာတာ။ကျနော့်မှာကလေးငယ်ငယ်ရှိတယ်။နောက်တခုပြန်စဉ်းစားတာက ကျနော်တယောက်ထဲ ကျနော့်မိန်းမနဲ့ အခု စကားမပြောဘာမပြောစိတ်ဆိုးတာပေါ့။ ကျနော့်မိန်းမကိုလည်း ကျနော် ဒီအတွင်းရေးကို မပြောပြခင် ကျောင်းသားခေါင်းဆောင်အနေနဲ့ ကျနော်က ပြောပြခဲ့တာ’
အခုတော့ကော သြစတြေးလျ ရဲဌာနက အရေးယူမှု တစုံတရာ ရှိနေပြီလား။
‘‘အခု ဘာအရေးယူမှုမှ မရှိသေးဘူးခင်ဗျာ့။ သူတို့ စောင့်ကြည့်နေတယ်ပေါ့’’
စောင့်ကြည့်နေတယ်ဆိုတာ ဘယ်လိုလုပ်သိသလဲ။
‘‘ကျနော့်ဖုန်းလိုင်းတွေဘာတွေကို အကုန်လုံး သူတို့ နားထောင်နေတယ်။ အဲဒီလောက်ကိုတော့ သိတာပေါ့။ ကျနော်လည်းထောက်လှမ်းရေးကလာတာပဲ။ သူတို့ မပိုင်သေးတော့ ကျနော့်ကို ဖမ်းလို့ မရသေးဘူးဆိုတာ။ ကျနော်ဝန်ခံထားတာပဲ။ဝန်ခံထားပေမယ့်ဒီနိုင်ငံရဲ့ဥပဒေက မတူဘူးဗျ။ ဝန်ခံတိုင်းလည်း အရေးယူလို့ရတာ မဟုတ်ဘူး။ သူတို့က ထင်ချင်ထင်မယ်။ လိမ်ပြောတာလား။ ကျနော်က အရင်က နာမည်ကြီးတာကိုး”
လော်ဘီလိုက်လုပ်တာတွေလည်း ကြားရပါတယ်ခင်ဗျာ့။
‘‘ဒီသြစတြေးလျမှာ။ကမ်ပိန်းတွေ၊စီးပွားရေးပိတ်ဆို့မှုတွေကကျနော့်လက်ထက်မှာဖြစ်ခဲ့တာ။၂ဝဝ၃မှာ တနိုင်ငံလုံးကို ခြေကျင်းကြီး ခတ်ပြီးတော့ တနိုင်ငံလုံးကို လျှောက်ခဲ့တာ၊ လူပေါင်း တသိန်းကျော်။ အဲဒါကို Documentaryတောင်ရိုက်ထားတယ်။ အဲဒီတော့မှ နောက်မှ အမေရိကတို့ ဘာတို့ စပြီး အော်တာ။ ထိုင်းတို့
အော်တယ်။စီးပွားရေးပိတ်ဆို့မှုဖြစ်တယ်ပေါ့ဗျာ။KevinRuddရောအကုန်လုံးက စိတ်မကောင်းဖြစ်တာပေါ့ဗျာ။ မယုံကြဘူးပေါ့’’
“သုံးရက်တော့ကြာပြီ အခု ရဲက မဖမ်းသေးဘူးဆိုတော့ တခုတော့ရှိတာပေါ့ဗျာ အခုမှ ဇာတ်လမ်းက စတာနော်။ ကျနော့်မှာလည်း အကြံတခု ရှိတယ်ဗျ။ ခင်ဗျားတို့ နောက်မှ ပြောလို့ရမယ်။ ဇာတ်လမ်းက အခုမှစတာ။ မီဒီယာရဖို့အတွက် နည်းလမ်းတွေအများကြီးရှိတယ်ဗျာ့။ မီဒီယာဆိုတာကလဲ ပိုက်ဆံရဖို့အတွက် အလုပ်လုပ်ကြတာ။ ခင်ဗျားက ထူးထူးဆန်းဆန်း လုပ်ပြရင် မီဒီယာက ခင်ဗျားဆီ ရောက်လာမှာပဲ”
Kevin Rudd က စိတ်မကောင်း ဖြစ်တယ်ဆိုတာကကော ဘယ်လိုလုပ် သိသလဲ။
‘‘ဒီနေ့ပြောသွားတယ်လေ။တီဗီချန်နယ်ထဲမှာပြောသွားတယ်။ကျနော့်ကိစ္စကိုသူလေးလေးနက်နက်စုံစမ်းမယ်
ပေါ့နော်။ ကျနော်နဲ့ သူနဲ့ တွေ့တဲ့ ပုံတွေကိုပါ ထည့်ရိုက်ထားတယ်။ ဒုဝန်ကြီးချုပ်က ဘာပြောလဲဆိုရင်တော့
ကျနော့်ကို ICCပို့ဖို့အတွက်လုပ်တယ်။ဥပဒေကမရှိပြန်ဘူး။ ကျနော်က ဒီ ၂ဝဝ၂ နောက်ပိုင်း ကျူးလွန်ခဲ့တာ
ဖြစ်တဲ့အတွက်၂ဝဝ၂ မှာဥပဒေသစ် လုပ်ထားတယ်။ကျနော်က၈၈နောက်ပိုင်းမှာဖြစ်ခဲ့တဲ့အတွက် အကျုံး မဝင်ဘူးဖြစ်နေတယ်။ ဒါပေမယ့်ကျနော်ကလူတွေကိုသတ်ခဲ့ပေမယ့် ညှင်းဆဲနှိပ်စက်ပြီးသတ်ခဲ့တာ မဟုတ်ဘူး။
မြန်မြန်ဆန်ဆန်နဲ့ သေသွားအောင် မခံစားရအောင် သတ်ခဲ့တာဆိုတော့ပေါ့။ ကျနော့်ကိုICCပဲ ပို့ပို့၊ ဘယ်ပဲပို့ပို့၊သေဒဏ်ဘဲပေးပေး၊ဗမာပြည်ပဲပြန်ပို့ပို့ကျနော့်အနေနဲ့ကရယ်ဒီဖြစ်နေပြီ။ ကျနော်လုပ်ခဲ့တဲ့အတွက် ခံရမှာဆိုတာ သိတယ်။ အဲဒီအတွက်လည်း ကြိုတင် ပြင်ဆင်ထားပြီးသွားပြီ။
ဒီလိုပြောကြခဲ့တာက ဘယ်လို ရည်ရွယ်ချက်နဲ့ အခုလိုမျိုးထုတ်ဖော်ပြောကြားရတာပါလဲ။
“အား….ကျနော့်မိဘရယ်၊ကျနော့်မိန်းမရယ်တဦးတည်းမျက်ရည်ကျနေတာမဟုတ်ဘူး။ဗမာပြည်မှာ ရှိတဲ့မြောက်များစွာသောမိဘတွေ မျက်ရည်ကျနေတာ။ သားသမီးတွေ ပျောက်ဆုံးတယ်။ ထောင်တွေထဲမှာ ရှိသလိုလို၊နယ်စပ်တွေမှာ ရှိသလိုလို။ အဲဒီတော့ ကျနော့်အနေနဲ့ ကျနော်သတ်ခဲ့တဲ့ အတွက် ဒါတွေဟာ အိမ်ပြန်မရောက်လာနိုင်တဲ့ကျောင်းသားတွေဖြစ်တယ်ဆိုတာကို ပြောချင်တယ်။ ဘီင်္ဘီစီကနေ လွှင့်ခဲ့တယ်။ ကျနော်တောင်းပန်တယ်။ကျနော့်မှာအပြစ်ရှိတယ်။လူတွေကိုလည်းလွှတ်ပေးနိုင်ရဲ့သားနဲ့ကျနော် မလွှတ်ပေးခဲ့ဘူး။ အဲဒီအချိန်တုန်းက ကျနော်ကိုယ်တိုင်လည်း အရမ်းငယ်တယ်။ အရမ်း စိတ်လှုပ်ရှားတယ်။ အလုပ်နှစ်ခုကို လုပ်နေရချိန်ဆိုတော့”
အလုပ်နှစ်ခုဆိုတာက ဘာကို ဆိုလိုတာလဲ။
“အကသမှာလည်းကိုမိုးသီးဇွန်တို့နဲ့အတူလုပ်နေတာလေ။ကိုမိုးသီးဆိုရင်ကျနော့်ကိုကောင်းကောင်းသိ ပါတယ်။ကျနော့်ကိုမသိတဲ့လူမရှိဘူးနော်အရေးအခင်းမှာ။အိုးဝေအောင်တို့၊ရဲတေဇတို့ဘာတို့ အခုအမေရိကမှာ ရှိပါတယ် ဒီကောင်တွေ။ ကျနော်နဲ့ အတူလုပ်ခဲ့တဲ့ ကောင်တွေ”
အခုလိုလုပ်လိုက်တဲ့အတွက်ကိုယ်မျှော်မှန်းထားသလို ဖြစ်လာတယ်လို့ပြောနိုင်မလားခင်ဗျာ့။ အခုဆိုရင် သုံးရက် ကြာပြီဆိုတော့။
“သုံးရက်တော့ကြာပြီအခုရဲကမဖမ်းသေးဘူးဆိုတော့တခုတော့ရှိတာပေါ့ဗျာအခုမှဇာတ်လမ်းက စတာနော်။ ကျနော့်မှာလည်း အကြံတခု ရှိတယ်ဗျ။ ခင်ဗျားတို့ နောက်မှ ပြောလို့ရမယ်။ ဇာတ်လမ်းက အခုမှစတာ။ Just begin. Not finished yet. People think this is going to be finished, you know. ကျနော် ထောင်ထဲ ရောက်သွားတာနဲ့ ကျနော့်ကို အပြစ်ပေးလိုက်တာနဲ့ မပြီးဘူးဗျ။ ဇာတ်လမ်းက အခုမှစတာ ကျနော် အဲတာကို ပြောလို့မရဘူး။ ကျနော်လုပ်ရတာလည်း အကြောင်းတော့ရှိတယ်ဗျာ။ အဲဒီအကြောင်းကို ပြောပြပိုင်ခွင့်မရှိဘူး”
အကို့ ရည်ရွယ်ချက်က ဘာလဲခင်ဗျာ့။
“ကျနော့်ရည်ရွယ်ချက်က ICC ကို ရောက်ချင်တယ်။ ICC နဲ့ တန်းတူ စကားပြောချင်တယ်။ ဒါ ကျနော့် ရည်ရွယ်ချက်”
ဘာကြောင့် အဲဒီလို ပြောချင်တာလဲ ခင်ဗျာ့။ ဘာတွေ ပြောချင်တာလဲ ခင်ဗျာ့။
“ အဲဒီအချိန်ကျမှ ကြည့်ဗျာ။ အဲဒီအချိန်ကျရင် ကမ္ဘာ့မီဒီယာကို ကျနော် ရထားပြီ။ ကမ္ဘာတခုလုံးက မီဒီယာ
ရောက်လာပြီဆိုတော့ကမ္ဘာ့မီဒီယာရဲ့အားနဲ့ကမ္ဘာမှာရှိတဲ့သမ္မတတွေ၊နိုင်ငံတွေမှာရှိတဲ့ အကြီးအကဲတွေအားလုံးကျနော့်အကြောင်းကိုသူတို့ကြည့်မယ်လေ။ကြည့်တဲ့အချိန်မှာ ကျနော်ပြောချင်တာကို ပြောလို့ရပြီလေ”
ဒီမြန်မာစစ်အစိုးရအနေနဲ့၁၉၈၈ကတည်းကစပြီးတော့ကျူုးလွန်လာခဲ့တဲ့အမှုတွေနဲ့ ပတ်သတ်ပြီးတော့CoIလုပ်နေကြတာ ရှိပါတယ် ခင်ဗျာ့။ အကို့အနေနဲ့ တိုင်ပင်ညှိနှိုင်းမှုတွေရှိလား ခင်ဗျာ့။
“ကျနော် တယောက်ထဲ လုပ်တာကို။ ဘယ်သူမှ မတိုင်ပင်ပါဘူး”
ဘာ့ကြောင့် မတိုင်ပင်ခဲ့တာလဲ။
“နိုင်ငံတိုင်းမှာကကျောင်းသားအတော်များများအတွေးအခေါ်တွေ နောက်ဆုတ် ကုန်ကြတယ်။ စစ်အစိုးရကို
နှစ်ပေါင်းနှစ်ဆယ်ကျော်အော်လာတယ်။ဘာမှမပြောင်းလဲဘူး၊သံရုံးတွေမှာသွားအော်ဆန္ဒတွေပြ အခမ်းအနားတွေ လုပ်။ အချိန်တွေကုန်။ အလုပ်တွေပျက်၊ ငွေတွေကုန်ပြီးတော့ မီဒီယာမှာမပါ ဘာမှမပါ။ ဆုံးရှုံးမှုတွေဒီမှာတွေ့ရတယ်။အဲဒီလိုတိုက်လို့မရတော့ဘူးဆိုတာကျနော်က ပြချင်တာ။ လက်နက်ကိုင်တာကို ပြောတာမဟုတ်ဘူးနော်။ဒီပြင်နည်းနဲ့တိုက်လို့ရတယ်။မီဒီယာရဖို့အတွက် နည်းလမ်းတွေအများကြီးရှိတယ်ဗျာ့။ မီဒီယာဆိုတာကလဲ ပိုက်ဆံရဖို့အတွက် အလုပ်လုပ်ကြတာ။ ခင်ဗျားက ထူးထူးဆန်းဆန်း လုပ်ပြရင် မီဒီယာက ခင်ဗျားဆီ ရောက်လာမှာပဲ”
အခုလုပ်တာ ဒီရည်ရွယ်ချက်နဲ့လား ခင်ဗျာ့။
“ကျနော်ကသူတို့အဖွဲ့ကိုတောင်မသိဘူးဖြစ်နေတယ်။ကျနော်ကတယောက်ထဲအမြဲပြေးနေတာ။ကျနော့် ဟာတွေကိုတချို့က လိုက်မမီဘူးဗျ။ ကျနော်က ဒီမှာရှိတဲ့ နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေကို တန်းတူပြောနိုင်တဲ့ အဆင့်ရှိတယ်။ ဗမာတွေနဲ့ ပြောရတဲ့အချိန်မှာ အရမ်း အဟောင်းကြီးတွေ ဖြစ်နေတယ်။ ဗျူရိုကရက်တွေ များတယ်ဗျာ။ စုံစမ်းစစ်ဆေးရေးတွေ။ ကျနော်တို့မှာ အချိန် အဲလောက်မရှိတော့ဘူးဗျ”
“ဒါကပြောလို့မရဘူး။ဇာတ်လမ်းပြီးမှကြည့်ဆိုတာအဲဒါပဲ။ကျနော့်ရဲ့ဦးတည်ချက်ကICCရောက်ရင်အောင်မြင် တယ်ပေါ့။ ဒီကြားထဲမှာကျနော့်ကိုနားမလည်တဲ့လူတွေကပြဿနာရှာတယ်။ဗမာအဖွဲ့အစည်းတွေက ဖုန်းတွေဆက်တယ်။နောက်ထိုင်းနိုင်ငံမှာရှိတဲ့ အကျဉ်းသားလွှတ်မြောက်ရေးအဖွဲ့တို့ဘာတို့က ကန့်ကွက်တယ်။ သူတို့က ကျနော့်ကို မယုံဘူး။ အရေးယူဖို့ အစိုးရက မယုံဘူး။ ဒီလူဟာ အပြစ်ရှိခဲ့တဲ့လူတ ယောက်ဖြစ်ချင်မှဖြစ်မယ် ငါတို့ကို လာလိမ်နေတာလားမသိဘူး။ နောက်တချက်ကလဲ အရမ်းအကြီးကြီးတွေ လုပ်ခဲ့တာတွေ ရှိခဲ့တာကိုး။ ကျနော့် မှာက အမကိုလည်း ထောင်ချတယ်။ အမေကိုလည်း ထောင်ချတယ်။ ကျနော်ကိုယ်တိုင်လည်းထောင်ကျခဲ့တယ်။ ပေးဆပ်ခဲ့တာလည်း ရှိတယ်။ သိပ်ပြောလို့ မကောင်းဘူးနော်။ အဲဒါလောက်ကို မြင်စေချင်တယ်။ ကျနော့်ပန်းတိုင်လေးကိုsupportလုပ်ပေးပါ။ အဲဒီကိုရောက်သွားရင် အကောင်ကြီးတွေနဲ့ စကားပြောတော့မယ်။ ဗမာပြည်ကို စီးပွားရေးပိတ်ဆို့မှုတွေလုပ်ပြီးတော့ ဘာမှ အက်ရှင် မပါပဲနဲ့ အချိန်တွေဖြုန်းနေတာ”
CoIကိစ္စလုပ်နေသူတချို့ကကိုထူးထူးဟန်အခုလိုလုပ်လိုက်ခြင်းဟာသူတို့လုပ်ငန်းတွေကို အနှောက် အယှက်ဖြစ်စေနိုင်တယ်လို့ ထင်မြင်ချက်တွေရှိနေပါတယ်။ ဒါကို ဘယ်လိုဖြေရှင်းချင်ပါသလဲ။
“ကျနော်ကသူတို့အဖွဲ့ကိုတောင်မသိဘူးဖြစ်နေတယ်။ကျနော်ကတယောက်ထဲအမြဲပြေးနေတာ။ကျနော့်ဟာတွေ ကိုတချို့ကလိုက်မမီဘူးဗျ။ကျနော်ကဒီမှာရှိတဲ့ နိုင်ငံရေးသမားတွေ၊ခေါင်းဆောင်တွေကို တန်းတူပြောနိုင်တဲ့ အဆင့်ရှိတယ်။ ဗမာတွေနဲ့ ပြောရတဲ့အချိန်မှာ အရမ်း အဟောင်းကြီးတွေ ဖြစ်နေတယ်။ ဗျူရိုကရက်တွေ များတယ်ဗျာ။ စုံစမ်းစစ်ဆေးရေးတွေ။ ကျနော်တို့မှာ အချိန် အဲလောက်မရှိတော့ဘူးဗျ”
အခု ဘရစ်ဘန်းမြို့မှာ ဘာအလုပ် လုပ်ကိုင်နေပါသလဲ။
“ကျနော်က ပန်းချီဆရာပါ။ ဆုတွေရတယ်။ မနှစ်က တသောင်းဆု ရတယ်လေ”
ပန်းချီဆွဲပြီး ရပ်တည်တာလား။
“ရောင်းရတဲ့ပန်းချီတော့မဟုတ်ဘူး။ကျနော့်ပန်းချီကားတွေကဈေးအရမ်းကြီးတယ်။တော်ရုံတန်ရုံလူ မဝယ်နိုင်ဘူး။ ကျနော့်ဟာ ကျနော် ဆွဲတယ်။ စိတ်ပြေလက်ပျောက် လုပ်တယ်။
မရောင်းရဘူးဆိုတော့ စားဝတ်နေရေးကို ဘယ်လိုဖြေရှင်းလဲ။
“ဆုတွေကတော့ရတယ်ဗျာ။ကျနော့်နံရံမှာဆုတွေကတော့ ပြည့်နေတာပဲ။ ၁၅ဝဝ၊ ၆ဝဝဝ၊ ၁ဝဝဝဝ အဲလိုမျိုး ရထားတာ”
ဒီမှာ ၁၅ နှစ် ကြာပြီဆိုတော့ အရင်တုန်းကရော ဘာတွေလုပ်ခဲ့လဲ။
“ရောက်ခါစကတော့စာမတတ်တော့ဂရေးဟွန်းမှာအလုပ် ဝင်လုပ်တယ်။ စာတတ်တော့ ပန်းချီဆွဲတယ်ပေါ့။ အလုပ်တွေ တော်တော်များများ လုပ်ပါတယ်။ နိုင်ငံရေးလုပ်တယ်။KevinRuddဗမာပြည်သွားဖို့လည်း ကျနော် လုပ်ပေးလိုက်တာပဲ။ ကျနော်ဒီမှာ လော်ဘီလုပ်ထားတာ အများကြီးပဲ။ သတင်းစာတွေထဲမှာ ဗမာပြည်မသွားရင် မင်းငါ့ကို လိမ်တာပဲဆိုတဲ့အထိ ကျနော်က ပြောထားတယ်။ အတိုက်အခံဖြစ်နေတုန်းက မင်းနဲ့ငါနဲ့တွေ့တုန်းက မင်းငါ့ကို ဗမာပြည်သွားမယ်ဆိုပြီး ကတိပေးခဲ့တယ်။ မင်း ဝန်ကြီးဖြစ်လာတဲ့ အချိန်မှာ မသွားဘူးလို့ သတင်းစာမှာ ထုတ်တော့ သိပ်မကြာဘူး။ သူ သွားရတယ်။ တချို့တွေက မသိဘူး။ ကျနော်က အစိုးရက လူတွေနဲ့ တိုက်ရိုက် လုပ်နေတာ။ ခုကိစ္စလည်း လူတော်တော်များများက လိုက်မီမှာမဟုတ်ဘူး။ ဒါကြောင့် ကျနော် တောင်းပန်တယ်။ ပွဲပြီးတဲ့အထိ ကြည့်ပါ။ ခုတော့ လူယုတ်မာ၊ သစ္စာဖောက်ပေါ့။ လူသတ်သမားပေါ့”
မြန်မာပြည်အရေးကိစ္စကိုICCရောက်ရေးလုပ်တယ်ဆိုတော့တကယ်ပဲရောက်သွားနိုင်တယ် ထင်လို့လားခင်ဗျ။
“အခု ပြဿနာ အဲဒါ တက်သွားတာပေါ့။ ကြားထဲက နားမလည်တဲ့အဖွဲ့တွေက ကျနော့်ကို ကန့်ကွက်တယ်။ အဲတော့ အစိုးရက မဖမ်းရဲဘူးပေါ့။ ဖမ်းလို့ ICC ရောက်သွားရင် ကျနော် အောင်မြင်ပြီ”
မြန်မာပြည်အရေး ICC ရောက်ရေးကိစ္စ ကြိုးပမ်းနေကြတဲ့ အင်အားစုတွေ ရှိပါတယ်။
“ရှိတယ်ဆိုရင်ကျနော် အရမ်းစကားပြောချင်တယ်။ ဖြတ်လမ်းက ကျနော်က တက်တဲ့သဘော ဖြစ်နေတယ်။ သူတို့က လုပ်ထုံးလုပ်နည်းကြီးနဲ့ တက်တယ်ဆိုတော့ မရဘူး။ ဒုက္ခသည်တယောက်ကို ဘန်ကီမွန်းအနေနဲ့ စကားမပြောဘူး။ သူတို့ကို တွေ့ချင်တယ်ဆိုရင် ဖြတ်လမ်းက တက်ဖို့လိုတယ်”
“မမေးနဲ့တော့ဗျာ။အဲလောက်ဆိုခင်ဗျားသဘောပေါက်ပြီ။အားလုံးကကျောင်းသားတွေပါပဲ။ကျနော်အလုပ် လုပ်နေတယ်။ကျနော့်ပန်းတိုင်ကိုသွားမယ်။ ဒီလိုမျိုးဖြစ်သွားတယ်၊လူသတ်ခဲ့တယ်ဘာညာ ဆိုတာကလည်း ကျနော့်ရဲ့စတိုရီပေါ့။ဒါပေမယ့်စတိုရီဆိုတာကစတိုရီပဲဖြစ်တယ်။ထရူးစတိုရီကသပ်သပ်။စတိုရီက သပ်သပ်”
ခုနက ၉ ယောက်က သြစတြေးလျမှာပဲ နေတာဆိုတော့ တခြားနိုင်ငံတွေမှာရော ရှိသေးလားဗျ။
“မမေးနဲ့တော့ဗျာ။အဲလောက်ဆိုခင်ဗျားသဘောပေါက်ပြီ။အားလုံးကကျောင်းသားတွေပါပဲ။ကျနော် အလုပ်လုပ်နေတယ်။ကျနော့်ပန်းတိုင်ကိုသွားမယ်။ဒီလိုမျိုးဖြစ်သွားတယ်၊လူသတ်ခဲ့တယ်ဘာညာ ဆိုတာကလည်းကျနော့်ရဲ့စတိုရီပေါ့။ ဒါပေမယ့် စတိုရီဆိုတာက စတိုရီပဲဖြစ်တယ်။ ထရူးစတိုရီက သပ်သပ်။ စတိုရီက သပ်သပ်”
ကိုထူးထူးဟန် သြစတြေးလျမှာ နေထိုင်စဉ် ဆေးကုသမှု ခံယူခဲ့ရဖူးတယ်လို့သိရပါတယ်။
“ကျနော်ကထောင်တွေထဲမှာရက်ရက်စက်စက် နှိပ်စက်၊ အရိုက်ခံထားရတာကိုး။ သာယာဝတီထောင်ထဲမှာ ကျနော် မရောက်ဖူးတဲ့တိုက်ခန်း မရှိဘူး။ သြစတြေးလျရောက်မှ စိတ်ကျရောဂါရတယ်။ အပြင်းအထန်တော့ မဟုတ်ဘူး။တခါတလေအိပ်ဆေးလေးဘာလေး သောက်တယ်။ နှစ်သိမ့်ဆွေးနွေး ပညာပေးမှု Counselling တွေသွားတွေ့တယ်။ကျနော်ဖြစ်ခဲ့တဲ့အမှတ်သညာmemoryတွေရှိခဲ့တာကိုး။ ကျနော်ဖြတ်သန်းခဲ့တဲ့လိုင်းတွေက အရမ်းမြင့်မားတော့ ဒီအမှတ်သညာတွေကို ပျောက်သွားစေချင်တယ်”
အခု ဆက်လက်ကုသမှု ခံယူနေဆဲပဲလား။
“ခုထက်ထိပေါ့။ဒါပေမယ့်အခုကmentallyfitဖြစ်နေပြီလေ။ ဒါကြောင့် ဒါတွေ လုပ်နိုင်တာပေါ့။ ဦးနှောက်ပိုင်း ဆိုင်ရာ ကောင်းလို့ ပန်းချီတွေ ဆွဲတယ်၊ ဆုတွေ ရတယ်။ အရူးတယောက်ကို ဆုမပေးဘူးဗျ။ အရူးတော့ မဟုတ်ဘူးဗျာ။ စိတ်ကျရောဂါတော့ ရှိတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ဆေးကုသမှု ခံယူနေရတယ်။ ဒီနိုင်ငံက ပရီမီယာတွေတောင် ရှိတာ။ သူတို့ ထုတ်ပြောတယ်လေ။ စိတ်ကျရောဂါနဲ့ ရူးတာနဲ့ မတူဘူးဗျ။ ရူးတာက လုံးဝရူးသွားတာ။ ပတ်ဝန်းကျင်မှာ အဟောင်းကြီးတွေ ဖြစ်နေကြတယ်။ ကျနော့်တိုင်းပြည်အတွက် အရမ်းစိုးရိမ်တယ်”
နောက်ထပ် ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲခင်ဗျ။
“သူတို့ဖမ်းတာကို စောင့်နေတယ်။ ခုထက်ထိ လာမဖမ်းသေးဘူး။ ဖမ်းရင် ဥပဒေပညာရှင်နဲ့ သွားမယ်။ ICC ပို့ချင်လည်းပို့။ ဥပဒေမရှိဘူးဆိုရင်လည်း သူတို့သဘောပဲလေ။ မီဒီယာက ပြဿနာရှာမှာပေါ့။ ဒီနိုင်ငံမှာ ဒီလောက် လူတွေသတ်လာတဲ့ သူတယောက်ကို လက်ခံထားလားဆိုတာ ကမ္ဘာကြီးမှာရှိတဲ့ မီဒီယာမှာ အကုန်လုံးပါသွားပြီ။ ပွဲပြီးတဲ့အထိ ကြည့်ပါလို့ အားလုံးကို ကျနော်ပြောပရစေ”







woensdag 20 juli 2011

KIAဌာနချုပ်တွင်စစ်ရေးပြင်ဆင်

သန်းထိုက်ဦး Wednesday, 20 July 2011 18:50
.ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ဌာနချုပ်လိုင်ဇာဒေသကိုအစိုးတပ်များကရက်ပိုင်းအတွင်းဝင် ရောက်တိုက်ခိုက်မည်ဆိုသည့်သတင်းထွက်ပေါ်နေသောကြောင့်မြို့လုံခြုံရေးပို၍တိုးမြင့်ထားသည်ဟု သိရသည်။
                                                 လိုင်ဇာနှင့်တရုတ်နိုင်ငံနယ်စပ်ဂိတ်(ဓာတ်ပုံ - ဧရာဝတီ)
“ဗျူဟာအရ၀င်တိုက်မယ်လို့ကြားတယ်၊ဒါပေမယ့်ကျနော်တို့လည်းစစ်ရေးပြင်ဆင်ထားတယ်” ဟု လိုင်ဇာမြို့ အုပ်ချုပ်ရေးမှူး ဦးနော်အောင်က ဧရာဝတီကို ပြောသည်။
လိုင်ဇာကို လာမည့် ၃ ရက်အတွင်းအစိုးရတပ်များဝင်တိုက်မည်ဟုသတင်းထွက်နေကြောင်း KIAတပ် မဟာ ၄ တာ ၀န်ခံ ဗိုလ်မှူးကြီး ဇော်ရောက ရှင်းပြသည်။
ဤအတောအတွင်းကချင်ဒေသတွင်စစ်အင်အားတိုးချဲ့နေသည့်အစိုးရတပ်အတွက်စစ်ကူများစစ်သင်္ဘော သုံးစီးဖြင့် ဗန်းမော်မြို့သို့ ရောက်လာသည်ဟု ဗိုလ်မှူးကြီး ဇော်ရောက ဆိုသည်။
လိုင်ဇာရောက်စစ်ပြေးဒုက္ခသည်တချို့ကိုလုံခြုံမှုရှိသောနေရာများသို့ ယမန်နေ့က ပြောင်းရွှေ့လိုက်ကြောင်း အမည်မဖော်လိုသူ KIA တပ်မှူး တဦးက ပြောသည်။
လိုင်ဇာသည် တရုတ်မြန်မာနယ်စပ်တွင် တည်ရှိပြီးKIAအတွက် စီးပွားရေး အချက်အချာကျသည့် မြို့ ဖြစ်သည်။ အနီးတ၀ိုက်တွင် KIAတပ်စခန်းများရှိပြီး၊မြို့ထဲတွင်KIAစစ်သည်များသွားလာနေသည်ကို တွေ့ရသည်ဟု ထိုဒေသသို့ မကြာသေးမီက ရောက်ခဲ့သည့် ဧရာဝတီ သတင်းထောက်က ရှင်းပြသည်။
ကချင်တိုင်းရင်းသား အများစု နေထိုင်ပြီး KIAအုပ်ချုပ်သော လိုင်ဇာတွင် စစ်ပွဲဖြစ်ပွားပါက ဘေးလွတ်ရာသို့ မည်သို့ မည်ပုံ တိမ်းရှောင် နေထိုင်ရမည်ကို လေ့ကျင့်ထားပြီး ဖြစ်သည်ဟု ဆိုသည်။
ယမန်နေ့က ကချင်အမျိုးသမီး အစည်းအရုံး ထိုင်းနိုင်ငံအဖွဲ့၏ ထုတ်ပြန်သည့် ကြေညာချက်တွင် လိုင်ဇာမြို့၊ မိုးမောက်မြို့ စသည့် ဒေသများတွင် စစ်ပြေး ဒုက္ခသည် ၁၆၀၀၀ ခန့် ရှိနေပြီး အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ဖော်ပြထား သည်။
ဒုက္ခသည်များကိုKIAအပါအ၀င် ဒေသခံ ဘုရားကျောင်းတချို့၊ အဖွဲ့အစည်း တချို့တို့က ကူညီနေသော် လည်း လုံလောက်မှု မရှိဟု ဆိုသည်။
စစ်ဖြစ်ပွားရာ ဒေသရှိအရပ်သားအများအပြားလည်းKIAနှင့် အဆက်အသွယ် ရှိသည့်ဟု စွပ်စွဲခံရပြီး ဖမ်းဆီး နှိပ်စက်မှုများနှင့် ကြုံနေရကြောင်း ထုတ်ပြန်ချက်တွင် ရေးထားသည်။
စနေနေ့ကKIAနှင့်အစိုးရတပ်များအကြားဖြစ်ပွားခဲ့သောတိုက်ပွဲများအပြီးတွင်အစိုးရတပ်ဘက်မှ ဗိုလ်ကြီးတဦး အပါ အ၀င် တချို့ တပ်သားတချို့ကို ဖမ်းဆီးခဲ့သည်ဟု KIA တပ်မှူးတချို့က ပြောသည်။
ယင်းတိုက်ပွဲတွင်KIAတပ်ဖွဲ့ဝင်များကအစိုးရဘက်မှလက်နက်တချို့တို့ကိုလည်းသိမ်းဆည်းရမိပြီး အစိုးရစစ်သည် ၂၈ ဦးခန့် ကျဆုံးသွားကြောင်း သိရသည်။
အစိုးရ တာဝန်ရှိသူများနှင့် KIO ခေါင်းဆောင် တချို့ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ဇွန်လ ၃၀ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို နောက်ပိုင်း အပြန်အလှန် စာရေးသား ဆက်သွယ်မှု တချို့ ရှိသော်လည်း သဘောတူညီမှု တစုံတရာ မရသေးပေ။
၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့်KIAသည်၁၉၉၄တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။
အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIAထိန်းချုပ်သည့် ဒေသများတွင် ပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော်လည်းငြိမ်းချမ်းရေးသဘောတူညီချက်ကို၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပြီးခဲ့သည့်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

ဦးခင်ညွန့် ပြန်လွတ်တော့မည်လော

လင်းသန့် Wednesday, 20 July 2011 17:27
.စနေနေ့တွင်နေအိမ်အကျယ်ချုပ်သက်တမ်း၆နှစ်ပြည့်တော့မည့် စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ အမှုအား အစိုးရသစ်က မည်သို့ ဆက်လက် ကိုင်တွယ်မည်ကို နိုင်ငံရေးလေ့လာသူများက စိတ်ဝင်စားနေကြသည်။

စစ်ထောက်လှမ်းရေးအဖွဲ့အကြီးအကဲအဖြစ်နှစ်ပေါင်းများစွာတန်ခိုးထက်ခဲ့သည့်ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်(ဓာတ်ပုံ-AP)
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ယခင် စစ်အစိုးရက နိုင်ငံတော်အာဏာ အလွဲသုံးစားမှု၊ အဂတိလိုက်စားမှု တို့ဖြင့် ထောင်ဒဏ် ၄၄ နှစ် ဆိုင်းငံ့ပြစ်ဒဏ်ချခဲ့ပြီးနောက် နေအိမ်အကျယ်ချုပ် ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။
“ဆိုင်းငံ့ပြစ်ဒဏ်ဆိုတာက အပြင်မှာထားလည်း ရတယ်။ ပုဒ်မ ၁၀ (ခ) သဘောအရ ပြည်ထဲရေး ဗဟိုအဖွဲ့ ကနေ ၆ လ တကြိမ် သက်တမ်းတိုးလို့ရတယ် ဆိုတာ ရှိတယ်။ ဗိုလ်ချုပ်ခင်ညွန့်ကိုတော့ အစိုးရက သူတို့ လွှတ်ပေးချင်ရင် ပုဒ်မ ၄၀၁ အရလည်း လွှတ်ပေးနိုင်တယ်”ဟု ရန်ကုန်မြို့မှ ရှေ့နေကြီး ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့်လကဗိုလ်မှူးကြီးဟောင်းစန်းပွင့်၊ဒုဗိုလ်မှူးကြီးဟောင်းသက်တင်စိန်အပါအ၀င်နှစ်ရှည် ထောင်ဒဏ်ကျခံနေကြသောစစ်ထောက်လှမ်းရေးအရာရှိဟောင်းတချို့ကို ဦးသိန်းစိန်အစိုးရသစ်က ပြန်လွှတ်ပေးခဲ့သည်။ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်၏လက်ရုံးများဖြစ်သောထိုပုဂ္ဂိုလ်တို့သည် တိုင်းရင်းသားအဖွဲ့များနှင့် ညှိနှိုင်းရာတွင် အတွေ့အကြုံများသည်ဟု သိရသည်။
၎င်းတို့ လွတ်မြောက်လာခြင်းသည် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် နေအိမ် အကျယ်ချုပ် ၆ နှစ် ပြည့်သဖြင့် သူ့အား ပြန်လွှတ် ပေးတော့မည်လော ဆိုသည့် သုံးသပ်ချက်များ ထွက်ပေါ်နေချိန်နှင့် တိုက်ဆိုင်နေသည်။
ဝါရင့်နိုင်ငံရေးသမားကြီးသခင်ချန်ထွန်းကလည်း“ဗိုလ်ခင်ညွှန့်ကိုအာဏာဘာမှမရှိတော့အောင် သူ့လက်ရင်းတွေကို အကုန် ရှင်းပြီးသားဆိုတော့ ဘာမှ အန္တရာယ်မရှိတော့ဘူးလို့ အခု ဦးသိန်းစိန်အစိုးရက သတ်မှတ်ပြီး ပြန်လွှတ်ပေးကောင်း ပေးနိုင်တယ်” ဟု ဧရာဝတီကို ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအရေးကို အစိုးရက ကိုင်တွယ်ရာတွင် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အား တာဝန်ပေးမည်မဟုတ်ဘဲ အကြံပြုချက် တောင်းဆိုမှုသာ ရှိနိုင်သည်ဟု သခင်ချန်ထွန်းက သုံးသပ်သည်။
ဗိုလ်ချုပ်ကြီးခင်ညွန့် တာဝန်မှ ဖယ်ရှားခံလိုက်ရပြီး နောက်ပိုင်းတွင် အာဏာပိုင်တို့သည် နိုင်ငံတကာတွင် လည်းကောင်း၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်ဆံရာတွင်လည်းကောင်း တင်းမာမှုများ ပေါ်ပေါက်ခဲ့သည်။
၂၀၀၉ ခုနှစ်ကစစ်ဆင်ရေး အထူးအဖွဲ့ အမှတ် ၅ ၏ တပ်မှူး ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေက နေအိမ်အကျယ်ချုပ် ကျနေသော သူ့ကို သွားရောက် တွေ့ဆုံခဲ့သည်ဟုလည်း သိရသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကသူနှင့်ဇနီးသည်တို့ကိုနေအိမ်မှအင်းစိန်ထောင်သို့ပို့ဆောင်ပုံကို ရိုက်ကူးထားသည်ဟု ယူဆရသည့် မှတ်တမ်းဗွီဒီယို အင်တာနက်တွင် ထွက်ပေါ်လာစဉ်ကလည်း စိတ်ဝင်စားသူ များပြားခဲ့သည်။
သူ၏ စစ်ထောက်လှမ်းရေးအဖွဲ့ကို အစားထိုးရန် အာဏာပိုင်တို့က စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ကို တည်ထောင်ထားသည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် စရဖ အကြီးအကဲအဖြစ် ဗိုလ်မှူးချုပ်စိုးရှိန် တာဝန်ယူပြီးနောက် စစ်ထောက်လှမ်းရေး အရာရှိဟောင်းတချို့ လွတ်မြောက်လာခြင်း၊ ဦးခင်ညွန့်၏ အကျယ်ချုပ် ကာလ ၆နှစ်ပြည့်မြောက်ခြင်း တို့ကို လေ့လာသူများက စိတ်ဝင်စားနေကြသည်။
၂၀၀၄ ခုနှစ်တွင်ယခင်အစိုးရဗိုလ်ချုပ်ကြီးတို့ကဦးခင်ညွန့်ကို အာဏာမှဖယ်ရှားလိုက်သော်လည်း ယခုအခါ သက်ညှာစွာစဉ်းစားပေးမှုများရှိကောင်းရှိနိုင်သည်ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ တပ်မတော်အရာရှိဟောင်း ဦးဝင်းထိန်က ပြောသည်။
“ကျနော်တို့ ခံရသလို သူလည်း အခု ခံနေရတာပဲ။ ပုဂ္ဂိုလ်အရ ကရုဏာသက်မိပါတယ်။ ဒါပေမယ့် သူတို့ အချင်းချင်းက အထာတွေ ရှိမှာပဲ” ဟု ဦးဝင်းထိန်းက ဧရာဝတီကို ပြောသည်။
အာဏာအလွဲသုံးစားပြုခဲ့သောနာမည်ကျော်စစ်ထောက်လှမ်းရေးတပ်ဖွဲ့၏အရာရှိများကို ဦးသိန်းစိန်အစိုးရကလွှတ်ပေးမည်ဆိုပါကတရားမျှတမည်မဟုတ်ဟုရန်ကုန်မှ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တဦးက ဆိုသည်။
“နိုင်ငံအတွက် ကောင်းအောင် လုပ်ပြီး ထောင်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပထမ ဦးစားပေး လွှတ်ပေးသင့်တာ” ဟု သူက ပြောသည်။

အစိုးရတပ်မှ ၇ ဦး KIO မိထားဆို

ဖနိဒါ ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၀ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၄ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။မြန်မာအစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့KIOတို့အကြား၂ရက်ကြာတိုက်ပွဲတွင် အစိုးရတပ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံတပ်ရင်း၂၁ မှဗိုလ်ကြီးတဦးနှင့်တပ်သားများ အပါအဝင် ၇ ဦးကို လက်နက်ပစ္စည်းများနှင့်အတူ KIO က လိုင်ဇာဗဟိုဌာနချုပ်တွင် ဖမ်းဆီးထားသည်။
KIOတပ်ရင်း၁၈၊၂၃တို့နှင့်ပမခလက်အောက်ခလရ၂၁တို့မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်ဝိုင်းမော် မြို့နယ်ခယာကျေးရွာတွင်ယခုဇူလိုင်လ ၁၆၊ ၁၇ ရက် နှစ်ရက်ကြာတိုက်ပွဲတွင် မြန်မာအစိုးရ တပ်သား ၁ဝ ဦးကျော် ကျဆုံးသည့်အပြင် စစ်သုံ့ပန်းများကို ဖမ်းဆီးရမိခဲ့သည်။
ဗိုလ်ကြီးတဦးနှင့်တပ်သားများအပါအဝင်၇ဦးကိုလက်နက်ပစ္စည်းများနှင့်အတူKIOက လိုင်ဇာဗဟိုဌာနချုပ်တွင် ဖမ်းဆီးထား (Photo:: Citizen Journalist)
ဖမ်းဆီးထားသောစစ်သုံ့ပန်းများမှာဗိုလ်ကြီးထွန်းထွန်းမင်း၊ဗိုလ်ဇော်ရဲထွန်း၊တပ်ကြပ်ကြီးတင်ထွန်း၊တပ်ကြပ် သိန်းနိုင်ဦး၊ဒုတပ်ကြပ်နိုင်လင်းထွန်း၊တပ်သားမျိုးမင်းစိုး၊တပ်သားနေနိုင်တို့ ၇ ဦးဖြစ်ပြီး ၂ ဦး ဒဏ်ရာရသဖြင့်
ဆေးကုသမှု ခံယူနေသည်ဟု တွဲဘက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။
“ခရာကျေးရွာတိုက်ပွဲကနေဖမ်းဆီးထားတဲ့လူတွေဘဲ။အစိုးရတပ်တွေကသေနတ်တွေပစ်ထားပြီးတော့ ထွက်ပြေးသွားတယ်။ကျတာက၁ဝယောက်ကျော်တော့ရှိမယ်။သူတို့ဆန္ဒအတိုင်း ပြန်ခိုင်းမယ်။ကျနော်တို့က
နိုင်ငံတကာ စည်းမျဉ်းအတိုင်း လိုက်နာကျင့်သုံးမှာပါ။ တခြားဘာမှ မလုပ်ဘူး”ဟု သူကမဇ္စျိမကို ပြောသည်။
ဒု-တပ်ကြပ်နိုင်လင်းထွန်းနှင့်တပ်ကြပ်ကြီးတင်ထွန်းတို့ဒဏ်ရာရသဖြင့်လိုင်ဇာဆေးရုံတွင် ဆေးကုသပေးနေပြီးသူတို့ကိုKIA၏သုံ့ပန်းစည်းမျဉ်းစည်းကမ်းများနှင့်အညီစစ်ဆေးမေးမြန်း၍ သူတို့ဆန္ဒအတိုင်း ပြန်လွှတ်ပေးမည်ဟု ဆိုသည်။
၆ဝမမပြောင်းရှည်၂လက်၊ကျည် ၅ လုံး၊ MG42 Machin၂လက်၊ ကျည် ၃ တွဲ၊ MA4 လောင်ချာတွဲ ၁ လက် ကျည်ပေါင်း ၇ဝဝ၊ MA3 ၃ လက်၊ MA1 ၅ လက်၊ MA2 ၁ လက်၊ RPG ဗုံးသီး ၉ လုံး၊ ၉ မမ ပစ္စတို ၄ လက်၊ ကျည် ၆၄ တောင့်၊ နင်းမိုင်း ၉ လုံး၊ လက်ပစ်မိုင်း ၇ လုံး၊ ၇၉ မမ ဗုံးသီး ၇ လုံး၊ ၇.၆၂ ကျည်ဆံ ၅၆၉ တောင့်တို့ကို သိမ်းဆည်းထားသည်ဟု KIO က ပြောသည်။
ယင်းတိုက်ပွဲတွင် မြန်မာအစိုးရဘက်မှ စစ်ကြောင်းမှူး ဗိုလ်ကြီး အောင်ခိုင်ဝင်း အပါအဝင် အနည်းဆုံး ၁ဝ ဦးကျော် သေဆုံးမည်ဟုKIOက ပြောသည်။အလားတူ မန်စီမြို့နယ် ကောင်လွန်ကျေးရွာအနီးတွင် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နှင့် မြန်မာ အစိုးရတပ် ခမရ ၃၄၈ တို့အကြား ယခုလ ၁၈၊ ၁၉ ရက်များတွင် နှစ်ရက်ကြာ တိုက်ပွဲတွင် အစိုးရဘက်မှ စစ်ကြောင်း ၁ မှူး ဗိုလ်ကြီး သိန်းဇော်ထွေးနှင့် တပ်သား ၃ ဦး သေဆုံးခဲ့သည်ဟု ဦးလနန်က ပြောသည်။
“မနေ့ကထိဖြစ်တဲ့တိုက်ပွဲမှာခမရစစ်ကြောင်း၁ မှူး ဗိုလ်ကြီးနဲ့ တပ်သား ၃ ဦးကျပြီ။ ဒီနေ့ ဆက်ဖြစ်အုန်းမယ်။ ဒါပေမဲ့ သတင်းတော့ မရောက်လာသေးဘူး။၁၈ ရက်နေ့မှာ ကျနော်တို့ တပ်ရင်း ၁၂ က တပ်သားတဦး ကျသွားတယ်” ဟု ဦလနန်က ပြောသည်။
ခမရ ၃၄၈တပ်ရင်းတွင်ခလရတပ်ရင်း ၇၄ တပ်ဖွဲ့များအင်အားထပ်ဖြည့်၍ တိုက်ခိုက်နေသည်ဟု ဆိုသည်။အစိုးရနှင့်KIOအကြားတိုက်ပွဲဖြစ်ပွားမှု၁လကျော်ကြာချိန်အထိ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ၏အကူအညီမရသေးသလိုအစိုးရမဟုတ်သောအဖွဲ့အစည်းများကိုလည်း စစ်ပြေးဒုက္ခသည်များကို မကူညီရန် မြန်မာအစိုးရကပြောဆိုမှုများရှိသဖြင့် မည်သည့် NGOအဖွဲ့အစည်းမှ ကူညီပေးခြင်း မရှိသေးပေ။
                    ဖမ်းဆီးရမိထားသောလက်နက်ပစ္စည်းများကိုတွေ့ရစဉ်(Photo::CitizenJournalist)
ထို့ကြောင့် လက်ရှိ စစ်ပြေးဒုက္ခသည်များမှ ကလေးငယ်များ အတွက် အဓိကအားဖြင့် ကျန်းမာရေးနှင့် အာဟာရဖြည့်ပေးရန် အတွက် အစားအသောက်နှင့် ဆေးဝါး အရေးတကြီး လိုအပ်နေသည်ဟု ဦးလနန်က ပြောသည်။
“ပထမဆုံး ဦးစားပေးက အာဟာရ ဖြည့်ဖို့ ဆေးဝါး လိုအပ်တယ်။ ဆေးဝါးဆိုတဲ့ထဲမှာ ကာကွယ်ဆေးကအစ ကလေးတွေအတွက် အာဟာရ ဖြည့်ဖို့ လိုအပ်နေတယ်။ ကလေးတွေ အာဟာရ ပြတ်လာရင် ကြာရင် ဖျားနာလာမယ်။ ဒါကြောင့် ဖြည့်စွက် အာဟာရ လိုအပ်နေတယ်။ ဆေးဝါးပစ္စည်း ၊ နောက်ပြီးတော့ ကလေးတွေအတွက် ပညာသင်ကြားဖို့ စာရေးကိရိယာတွေ လိုအပ်တယ်” ဟု ပြောသည်။
အလားတူတိုက်ပွဲကြောင့်အိုးအိမ်နှင့် တောင်ယာ၊ လယ်များကို စွန့်ခွာ၍ ထွက်ပြေးလာသော ဒုက္ခသည် ၁၆,ဝဝဝ အတွက် ပြည်တွင်း၊ ပြည်ပအကူအညီများမရသေးသဖြင့် အရေးပေါ် ဆန်၊ မိုးကာနှင့် ဆေးဝါး စသည့် အကူအညီများလိုအပ်နေသည်ဟုယမန်နေ့အင်္ဂါနေ့ကထိုင်းအခြေစိုက် ကချင်အမျိုးသမီးများအဖွဲ့ချုပ်-KWAT က ထုတ်ပြန်ခဲ့သည်။
“အခု အခက်အခဲအစုံဘဲ။ မိုးတွင်းဆိုတော့ သဲဆောက်ဖို့၊ ရွက်ဖျင်တွေ၊ စားသောက်ဖို့ ဆန်တွေလည်း လိုအပ်နေတယ်။ ရှိတဲ့ဟာတွေလည်း စားလို့ကုန်တော့မယ်။ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဘာသာရေး အဖွဲ့အစည်းတွေကတော့ တတ်နိုင်သလောက် အကူအညီပေးနေတာဘဲ။ ဒါပေမဲ့ မလုံလောက်ဘူး”ဟု KWAT ပြောရေးဆိုခွင့်ရှိသူဒေါ်ချယ်လီဆိုင်းက မဇ္စျိမကို ပြောသည်။





ICCအမြန်ရောက်လိုသူအငြင်းပွားဖွယ်ရာဦးထူးထူးဟန်

ကိုပေါက် ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၀ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၅၈ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးICCသို့တက်ရောက်ရန်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို မြန်မာစစ်ရာဇ၀တ်ကောင်အဖြစ် ထုတ်ဖော်ဝန်ခံခဲ့ကြောင်း သြစတြေးလျ နိုင်ငံသားဖြစ်နေပြီး မိမိကိုယ်ကို စစ်ထောက်လှမ်းရေး ဗိုလ်ဟောင်းဟု ဆိုထားသူ ဦးထူးထူးဟန်က မဇ္ဈိမကို ပြောသည်။
၁၉၈၈လူထုအုံကြွမှုအတွင်းအစိုးရဆန့်ကျင်ဆန္ဒပြသူ၂၄ဦးအားကိုယ်တိုင်ပစ်သတ်ခဲ့ပြီး၁၀၀ကျော် သတ်ဖြတ်ရာ၌ပါဝင်ခဲ့သည်ဟု ဦးထူးထူးဟန်၏ ၀န်ခံဖြောင့်ချက်များကို ကိုးကား၍ သြစတြေးလျနိုင်ငံ AAP သတင်းဌာနတွင် ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက ဖော်ပြပါရှိခဲ့ပြီး ဖြစ်သည်။
“အဓိကကICCကိုရောက်ချင်တယ်။ICCကိုတန်းတူစကားပြောချင်တယ်။ဒါကျနော့်ရည်ရွယ်ချက်။ အဲဒီအချိန်မှာကမ္ဘာ့မီဒီယာကိုကျနော်ကရထားပြီ။အဲဒီကမ္ဘာ့မီဒီယာရဲ့အားနဲ့နိုင်ငံတကာမှာရှိတဲ့ သမ္မတတွေ၊ အကြီးအကဲတွေအကုန်လုံးကကျနော့်ရဲ့အကြောင်းကိုကြည့်မယ်လေ။အဲဒီမှာကျနော်ပြောချင်တာ ပြောလို့ရတယ်လေ” ဟု ဘရစ္စဘိန်း မြို့နေ ဦးထူးထူးဟန်က ပြောသည်။
သို့သော်သူ၏လုပ်ရပ်အပေါ် အတိုက်အခံများအတွင်း သံသယဖြစ်သူများရှိနေကြသလို မြန်မာအစိုးရကိုသာ အကျိုးဖြစ်ထွန်းစေမှာလားဆိုသော မေးခွန်းထုတ်လာကြသည်။
“မြန်မာပြည်မှာလူ့အခွင့်အရေးချိုးဖောက်မှုတွေကတကယ်ရှိနေတာ။အခုလိုမျိုး ဇာတ်လမ်းတွေ ထွင်ပြောလို့ ဒါတွေဟာ မဟုတ်ခဲ့ဘူးလို့ တနေ့ သိတဲ့အချိန်မှာ တကယ်ဖြစ်ရပ်တွေအပေါ် ဖုံးကွယ်သွားပြီး စစ်အစိုးရကို အထောက်အကူ သွားဖြစ်နိုင်တယ်”ဟုကနေဒါ မြန်မာ့မိတ်ဆွေများအဖွဲ့-CFBမှ အမှုဆောင်ဒါရိုက်တာ ဦးတင်မောင်ထူးက မဇ္ဈိကို ပြောသည်။
၁၉၆၇ခုဖွားဦးထူးထူးဟန်၏ အဆိုအရ၎င်းမှာစစ်ထောက်လှန်းရေး MI-6တွင်ဗိုလ်အဖြစ် တာဝန်ထမ်းနေစဉ် ၈၈ အရေးအခင်းကာလအတွင်းတောင်ဥက္ကလာအခြေခံပညာအထက်တန်းကျောင်းသားများသမဂ္ဂ (အကသ) အတွင်းရေးမှူးအဖြစ် သူလျှိုလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဦးထူးထူးဟန်နှင့်အတူ ဘန်ကောက်နှင့် သြစတြေးလျတွင် အကသ လှုပ်ရှားမှုများ အတူတွဲလုပ်ခဲ့ဖူးသူ ကိုဇေယျာဦးက “ကျနော် အကဲခတ်မိသလောက်ကတော့ သူ့စကားက အမျိုးမျိုးပြောနေတော့ မယုံရဘူး။ နိုင်ငံရေးမှာလည်း ဟီးရိုးဖြစ်ချင်တာတွေ အများကြီးပဲ။ဟုတ်တာရော၊ မဟုတ်တာရော ပါးစပ်က ပြောနေတာ။သူနာမည်ကြီးရင်ကောင်းတာဖြစ်ဖြစ်၊မကောင်းတာဖြစ်ဖြစ်လုပ်မှာပါပဲ”ဟု မဇ္ဈိမကို ပြောသည်။ အကသ လှုပ်ရှားမှုဆိုသည်မှာ ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများအား ထောက်ပံ့ငွေ လှူဒါန်းခြင်း ဖြစ်သည်။
ဦးထူးထူးဟန်ကမြန်မာနိုင်ငံအရေးICCရောက်ရေးကိစ္စကိုမည်သူနှင့်မျှ မတိုင်ပင်ဘဲ ၎င်းတဦးတည်းဆန္ဒဖြင့် လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
“ကျနော်တယောက်ထဲလုပ်တာ။မီဒီယာရဖို့နည်းကအများကြီးရှိတယ်ဗျ။ခင်ဗျားကထူးထူးဆန်းဆန်းလုပ်ပြရင် မီဒီယာကခင်ဗျားဆီရောက်လာမှာ။ကျနော်ကဖြတ်လမ်းကတက်တဲ့သဘောဖြစ်နေတယ်။သူတို့က လုပ်ထုံးလုပ်နည်းကြီးနဲ့ တက်တယ်ဆိုရင် မရဘူး။ ဒေါ်အောင်ဆန်းစုကြည် ရှိတုန်းလေးကို ရတဲ့နည်းနဲ့ တိုက်ကြပါ” ဟု ပြောသည်။
ဤသို့ တိုင်ပင်ဆွေးနွေးမှုမရှိဘဲ တကိုယ်တော်လှုပ်ရှားမှုကြောင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင် - CoI ဖွဲ့စည်းရေး ကဲမ်ပိန်းလှုပ်ရှားမှုကြီးအား ထိခိုက်စေနိုင်ကြောင်း ဦးတင်မောင်ထူးက ပြောသည်။
“အများကြီးထိခိုက်မှုရှိနိုင်တာပေါ့။ကျနော်တို့ပြောခဲ့တဲ့ ဟာတွေက ဘာမှ လိမ်ညာပြောဆိုခဲ့တာ မဟုတ်ဘူး။ သူ ထ,လုပ်လိုက်တော့မှကျနော်တို့ပြောတဲ့အရာတွေက မှန်ပေမယ့် အမှားတွေ ဖြစ်သွားနိုင်တဲ့ အချက်ပေါ့။ ကျနော်တို့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်တယ်။ လှုပ်ရှားမှုကို အများကြီး ထိခိုက်နိုင်တယ်” ဟု ဆိုသည်။
ဦးထူးထူးဟန်အနေဖြင့် ယခုကဲ့သို့ လူသတ်ခဲ့ကြောင်း ပြောဆိုထားသော်လည်း သြစတြေးလျ ရဲဌာနများက တစုံတရာ စစ်ဆေးမေးမြန်းခြင်း မရှိသေးပေ။
“အခုဘာအရေးယူမှုမှမရှိသေးဘူး။ဒီမှာက၀န်ခံတိုင်းလည်းအရေးယူလို့ရတာမဟုတ်ဘူး။လိမ်ပြောနေတာ လားလို့ ထင်ချင်ထင်မယ်။ ကျနော်ကအရမ်းနာမည်ကြီးတာကိုး။စောင့်ကြည့်နေတယ်။ ကျနော့်ဖုန်းလိုင်းတွေ နားထောင်နေတယ်။ သိတာပေါ့။ ကျနော်လည်း ထောက်လှမ်းရေးက လာတာပဲ” ဟု သူက ဆိုသည်။
ဤလုပ်ရပ်ကြောင့် သြစတြေးလျသို့ မြန်မာနိုင်ငံသားများ လာရောက်အခြေချရေးအပေါ် သက်ရောက်မှုများ ရှိစေနိုင်ကြောင်းဘရစ္စဘိန်းတမြို့ထဲနေကိုတင်ကိုက“ကျနော်ထင်တယ်။နောက်ပိုင်းဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်။ နောက်ပိုင်းလာတဲ့ လူတွေကို စိစစ်မှုတွေ ပိုလုပ်လာမယ်။အရေအတွက် လျှော့ချတာတွေ ဖြစ်လာနိုင်တယ်။သူလီဆယ်ပြီးပြောတယ်ဆိုရင်လည်းသြစတြေးလျအစိုးရကဥပဒေအရ အရေးယူပါလိမ့်မယ်” ဟု ပြောသည်။
ထို့အပြင်ဦးထူးထူးဟန်၏စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေမှာလည်းအစောင့်ရှောက်ခံ အနေအထားဖြင့် ဆေးပင်စင်ရရှိထားကြောင်း တမြို့ထဲနေ သူ၏ မိတ်ဆွေများက ပြောသည်။
ဤကိစ္စနှင့်ပတ်သက်၍ဦးထူးထူးဟန်ကိုယ်တိုင်ကလည်း“ကျနော်ကထောင်တွေထဲမှာလည်း ရက်ရက်စက်စက် အရိုက်ခံခဲ့ရဖူးတယ်။ သာယာဝတီထောင်မှာ ကျနော်မရောက်ဖူးတဲ့ တိုက်ခန်း မရှိပါဘူး။ သြစတြေးလျမှာလည်း စိတ်ကျရောဂါနဲ့ အိပ်ဆေးလေးဘာလေး သောက်ရတယ်။ ကောင်းဆဲလင်းတွေနဲ့ သွားတွေ့တယ်။အခုထက်ထိပေါ့။အရူးတော့မဟုတ်ဘူးဗျာ။စိတ်ကျတာတော့ရှိတယ်”ဟု ရှင်းလင်းပြောဆိုသွားသည်။
မဇ္ဈိမနှင့် ဦးထူးထူးဟန် ဆက်သွယ်မေးမြန်းချက် အပြည့်အစုံအား သီးခြားဖော်ပြသွားမည်ဖြစ်သည်။