မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 30 september 2011

မြန်မာဘောလုံးအဖွဲ့ချုပ်ကို FIFA အရေးယူ

ရန်ပိုင် Friday, 30 September 2011 18:24
.ကမ္ဘာ့ဖလားခြေစစ်ပွဲမြန်မာ-အိုမန်ပွဲစဉ်တွင်မြန်မာပရိသတ်တချို့၏ရမ်းကားမှုကြောင့်ပွဲဖျက်သိမ်းလိုက်ရ ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ကိုကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က အရေးယူလိုက်ပြီ ဖြစ်သည်။
မြန်မာပရိသတ်တချို့၏ပစ်ခတ်တိုက်ခိုက်မှုကိုကွင်းအတွင်းရှိအိုမန်အသင်းအရံကစားသမားများ တိမ်းရှောင်နေရပုံ (ဓာတ်ပုံ-ဧရာဝတီ)
ထိုဖြစ်ရပ်အတွက်FIFAကမြန်မာဘောလုံးအသင်းကိုရုရှားနိုင်ငံတွင်ပြုလုပ်မည့်၂၀၁၈ခုနှစ်ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်လိုက်ပြီးဒဏ်ငွေအဖြစ်ဆွစ်ဖရန့်၂၅၀၀၀ (ဒေါ်လာသုံးသောင်းခန့်)ချမှတ်ခဲ့သည့်အပြင်ကြားနာမှုအတွက်တရားစရိတ်ဆွစ်ဖရန့်၂၀၀၀ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း ယနေ့ထုတ် AFP သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည်ဇူလိုင်လအတွင်းက၂၀၁၄ကမ္ဘာဖလား ခြေစစ်ပွဲတွင် အိမ်ရှင် မြန်မာအသင်းက အိုမန်အသင်းအား ၂ ဂိုးပြတ်ရှုံးနိမ့်စဉ်မြန်မာပရိသတ်တချို့ကကွင်းအတွင်းခဲများ၊ရေဗူးများ၊သံချွန်များ၊ထီး၊ဖိနပ် အစရှိသည့်တို့နှင်ပစ်ပေါက်ခဲ့သည့်အတွက်ပွဲဖျက်သိမ်း ခဲ့ရသော အဖြစ်အပျက်နှင့် ပတ်သက်၍ FIFAက အရေးယူလိုက်ခြင်းဖြစ်သည်။
ထိုသို့ ပရိသတ်တချို့၏ ရမ်းကားမှုကြောင့် အိုမန်ဘောလုံးသမားများနှင့် နည်းပြတချို့ ထိခိုက် ဒဏ်ရာရကာ ပွဲကို ရပ်ဆိုင်းခဲ့ရပြီး FIFA မှ တာဝန်ရှိသူများက အိုမန်အသင်းအား အနိုင်ပေးခဲ့သည်။
အရေးယူမှုနှင့် ပတ်သက်၍ ဧရာဝတီမှ MFF သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

KIAနှင့်အစိုးရတိုက်ပွဲပိုမိုတိုးပွားလာ

သန်းထိုက်ဦး Friday, 30 September 2011 18:37
.အစိုးရတပ်နှင့်ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အကြားတိုက်ခိုက်မှုများရှမ်းနှင့်ကချင်ဒေသတွင်ပိုမို တိုးပွားလာကြောင်းKIAကပြောသည်။
တိုက်ပွဲများကကချင်ပြည်နယ်မိုးညှင်းမြို့ရှိငှက်ပျောတောကျေးရွာ၊မံစီမြို့အနီးအနားအထိ ဖြစ်ပွားလာနေကြောင်းကချင်လွတ်လပ်ရေးအဖွဲ့(KIO)တွဲဖက်အထွေထွေအတွင်းရေးမှူးဦးလနန်ကဧရာဝတီကို ပြောသည်။
ဇွန်လ၃၀ရက်နေ့တွင်သေဆုံးသွားသောစစ်ပြေးဒုက္ခသည်ကလေးတဦးကိုသဂြိုင်္လ်ရန်ဇူလိုင်၁ရက်နေ့က လိုင်ဇာဒေသတွင်ပြင်ဆင်နေသောမြင်ကွင်းတခု(ဓာတ်ပုံ-ဧရာဝတီ)
KIA၏အမှတ်၎တပ်မဟာလှုပ်ရှားခွင်ဖြစ်သည့်ရှမ်းပြည်နယ်၊မူဆယ်မြို့နယ်ရှိပန်ဆိုင်း၊တာမိုးညဲစသည့်ဒေသ များတွင်လည်းတိုက်ပွဲများဖြစ်ပွားနေကြောင်းဦးလနန်ကပြောသည်။
“တပ်မဟာ၎ဘက်မှာတော့တိုက်ပွဲဟာလုံးဝကျယ်ပြန့်သွားပြီးအစိုးရတပ်ဖွဲ့တွေရှိတဲ့နေရာတွေကိုကျနော်တို့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေကပြန်တိုက်နေကြတယ်” ဟုဦးလနန်ကဧရာဝတီကို ပြောသည်။
တပ်မဟာ၎ဒေသသည်စက်တင်ဘာလ ၂၃ ရက်နေ့မှစတင်၍ အပြင်းအထန်ထိုးစစ်ဆင်ခံရခြင်း ဖြစ်သည်။
ယမန်နေ့ကကချင်ပြည်နယ်လိုင်ဇာဒေသသို့ ဦးတည်လာသောအစိုးရတပ်တို့နှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ KIA ဒေသသီးသီးကို စစ်ရေးပြင်ဆင်မှု တိုးလာသည်ဟု ဆိုသည်။
“မြစ်ကြီးနားကနေပြီတော့ရွှေညောင်ပင်ဘက်ကိုသူတို့တပ်အင်အားဖြည့်တာရှိတယ်၊နောက်ပြီးတော့ မြစ်ကြီးနားကနေဧရာဝတီမြစ်လမ်းကြောင်းဆင်းပြီးတာလောကြီးဘက်က၀င်လာဖို့ရှိတယ်၊ဗန်းမော်မြို့ အနောက်ဘက်ခြမ်အဲဒီကနေလည်းတက်လာဖို့အစီအစဉ်ရှိတယ်၊ဒါကိုကြည့်ခြင်းအားဖြင့်သူတို့တပ် ဦးတည်လာတာကို စုလိုက်ရင် ကျနော်တို့ဘက်ကို ဖြစ်နေတယ်” ဟု ဦးလနန်က ရှင်းပြသည်။
KIA ဘက်ကလည်း ကြိုတင် ပြင်ဆင်ထားကြောင်း သူက ပြောသည်။
“လိုင်ဇာဒေသကိုဝင်လာမယ်ဆိုရင်ဒီဒေသတော့သူတို့အတွက်သတ်ကွင်းဖြစ်သွားပါလိမ့်မယ်၊သူတို့ သိမှာပါ။ ဒါကြောင့်မို့သူတို့ကအဝေးကနေလက်နက်ကြီးတွေကိုအားကိုးပြီးတော့ပစ်ကြမယ်လို့ထင်တယ်”ဟု ဦးလနန်က ဆိုသည်။
KIAကတိုက်ပွဲအခြေအနေများ၊၎င်းတို့၏သဘောထားများကိုသတင်းဌာနများသို့ပြောဆိုနေချိန်တွင်အစိုး ရက စစ်သတင်းကို အမှောင်ချထားသည်။
နှစ်ဖက် အကျအဆုံး စာရင်း၊ ထွက်ပြေးနေရသည့် ဒေသခံ အရေအတွက်တို့ကို မသိရှိရသေးပေ။

donderdag 29 september 2011

ပါတီမှတ်ပုံတင်ရေးထည့်သွင်းစဉ်းစားကြောင်းNLDပြော

ထွန်းထွန်း ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၃၅ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။အစိုးရအနေဖြင့်အပြောင်းအလဲများပြုလုပ်လာမည်ဆိုပါကပါတီတရားဝင်ရပ်တည်ရေး အတွက်မှတ်ပုံတင်သွားရန်ထည့်သွင်းစဉ်းစားထားကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပြောခွင့်ရ
ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
“အစိုးရရဲ့အပြောင်းအလဲကိုစောင့်နေပါတယ်။မှတ်ပုံတင်ရေး၊မတင်ရေးကကြိုတင်ဆုံးဖြတ်ချက်မရှိပါဘူး။ ကျနော်တို့အခြေအနေတခုပေါ်လာရင်တော့ဆုံးဖြတ်ဖို့အကြောင်းရှိပါတယ်။ဘယ်လိုအခြေအနေဆိုတာ
လောလောဆယ် ကျနော် မပြောနိုင်သေးပါဘူး” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
နိုဝင်ဘာရွေးကောက်ပွဲအပြီးလွှတ်တော်ရှိလာချိန်မှစ၍ ပါတီပြန်လည် မှတ်ပုံတင်ရေးနှင့် ပတ်သက်၍ ပါတီ
ခေါင်းဆောင်များအကြားဆွေးနွေးတိုင်ပင်မှုများရှိနေပြီးမည်သည့်ကိစ္စများပါဝင်သည်ကိုမူထုတ်ဖော် ပြောဆိုခြင်း မရှိပေ။
အစိုးရအနေဖြင့်အပြောင်းအလဲများပြုလုပ်လာမည်ဆိုပါကတရားဝင်ပါတီရပ်တည်ရေးအတွက် မှတ်ပုံတင်သွားရန်ထည့်သွင်းစဉ်းစားထားကြောင်းရှေ့နေကြီးဦးဉာဏ်ဝင်းပြော(မဇ္ဈိမ)
လက်ရှိ အစိုးရအနေဖြင့်ပြောင်းလဲမှုများပြုလုပ်နေပြီကိုလက်ခံထားကြောင်းနှင့်အရေးကြီးသည့် ပြုပြင်ပြောင်းလဲမှု များကိုမူ ဆောင်ရွက်ခြင်း မရှိသေးဟုNLDက ရှုမြင်ထားသည်။
“ဒါထူးခြားမှုပါပဲ။ဘာထူးခြားလဲဆိုတာကျနော်တို့မပြောနိုင်သေးပါဘူးဗျာ။ပြောနိုင်တဲ့အချိန် ပြောပေးပါမယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
NLDမှာ၁၉၉ဝရွေးကောက်ပွဲတွင်အမတ်နေရာ၈၂ရာခိုင်နှုန်းဖြင့်အနိုင်ရရှိခဲ့သော်လည်းအာဏာသိမ်းစစ်အ စိုးရမှလွှတ်တော်ခေါ်ယူခြင်း မရှိသည့်အပြင် ပါတီဝင်များအား ဖိနှိပ်ချုပ်ခြယ်မှုများ၊ ဖမ်းဆီးမှုများ ပြုလုပ်
ခဲ့သည်။
စစ်ဗိုလ်ချုပ်များစိတ်ကြိုက်ရေးဆွဲခဲ့သည်ဟုဆိုကြသည့်၂ဝဝ၈အခြေခံဥပဒေနှင့်၂ဝ၁ဝရွေးကောက်ပွဲ ဥပဒေများကိုမျှတမှုမရှိဟုဆိုကာNLDပါတီက၂ဝ၁ဝရွေးကောက်ပွဲဝင်ရန် ပါတီမှတ်ပုံတင်ခြင်းမပြုလုပ်ခဲ့ဘဲ တရားဝင် ပါတီဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သို့သော်NLDမှာပြန်လည်လျှောက်ထားခြင်းမရှိသည့်အတွက်တရားဝင်မှုပျက်ပြယ်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၄ ရက် နေ့တွင် ကြေညာခဲ့သည်။
ယင်းသို့ကြေညာအပြီးပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကဆက်လက်၍တရားဝင် ရပ်တည်ခွင့်ရှိကြောင်းအယူခံတင်သွင်းမှုများကိုယ်တိုင်လက်မှတ်ရေးထိုးကာတရားရုံးမှအဆင့်ဆင့် လျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။
“နိုင်ငံရေးဟာသူ့အချိန်အခါ၊အခြေအနေနဲ့လက်တွေ့ကျကျသုံးသပ်ဖို့လိုပါတယ်။ကျနော်တို့ မဆုံးဖြတ်ရသေး
ပါဘူး။ ကျနော်တို့ လက်တွေ့ကျကျ သုံးသပ်ပြီး ဆုံးဖြတ်သွားမှာပါ” ဟု ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဆိုသည်။
ယခုကဲ့သို့စဉ်းစားမှုနှင့်ပတ်သက်၍ပါတီထောက်ခံသူများအကြားသဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာနိုင်သော်လည်းပြည်သူ့အကျိုးအားလက်တွေ့ကျကျဆောင်ရွက်မည်ဖြစ်ကြောင်းနှင့်ပါတီ မှတ်ပုံတင် ဖြစ်ပါက အခြားသော ပါတီများနှင့်လည်း ပူးပေါင်း လုပ်ကိုင်သွားမည် ဖြစ်သည်။
မည်သည့်အချိန်တွင်ဆုံးဖြတ်ချက်ချနိုင်မည်ကိုမူမပြောဆိုနိုင်သေးသော်လည်း “ကျနော်တို့ကဆုံးဖြတ်ချက် ချပြီးရင် ချက်ချင်းလုပ်မှာပဲ” ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။
တိုက်ဆိုင်စွာပင် စက်တင်ဘာလ ၃ဝ ရက်နေ့ (သောကြာနေ့) တွင်လည်း ပါတီ အထွေထွေ အတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည်မှာ အစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
အစိုးရသစ်တက်လာပြီးတတိယကြိမ်မြောက်တွေ့ဆုံမှုကိုရန်ကုန်မြို့စိမ်းလဲ့ကန်သာဧည့်ဂေဟာတွင် နေ့လယ် ၁ နာရီ၌ ပြုလုပ်မည်ဖြစ်ကာ မည်သည့်ကိစ္စများ ဆွေးနွေးသွားမည်ကိုမူ မသိရသေးပေ။
“အရင်တွေ့ဆုံပွဲတွေရဲ့အဆက်ပဲဖြစ်ပါလိမ့်မယ်။ကျနော်တို့အမျိုးသားရင်ကြားစေ့ရေးအတွက်ခြေလှမ်းလှမ်း နိုင် မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။
သြဂုတ်လ ၁၂ ရက်နေ့ နောက်ဆုံးတွေ့ဆုံခဲ့ရာတွင်မူ “တိုင်းပြည်တည်ငြိမ်ရေးအတွက် အစိုးရနှင့် ပူးပေါင်း
ဆောင်ရွက်ရေး”၊ “ဒီမိုကရေစီထွန်းကားရေးနှင့် စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ဖွံ့ဖြိုးစေရန် အပြုသဘော ပူးပေါင်းရေး”များ ဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် “အပြန်အလှန်ကူညီသောပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရန်”နှင့် “တွေ့ဆုံမှုများ ဆက်လက်ပြုလုပ်သွားရန်”ကိစ္စများကိုပါ ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံမှုအပြီး ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေငြာချက်၌ ပါရှိသည်။
ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးအဖြစ်၂ဝဝ၇အောက်တိုဘာတွင်းက ခန့်အပ်ခဲ့ခြင်းဖြစ်ကာယနေ့ အချိန်အထိ ၁၁ ကြိမ်မြောက် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။





လက်နက်မှောင်ခိုမဟုတ် ဟု ဦးတေဇပြောပြီ

ရန်ပိုင် Thursday, 29 September 2011 18:50
.လက်နက်မှောင်ခိုရောင်းဝယ်မှုကြောင့်ချမ်းသာလာခြင်းမဟုတ်ကြောင်းမြန်မာပြည်၏အချမ်းသာဆုံး စီးပွား ရေးလုပ်ငန်းရှင်ဦးတေဇကအမေရိကန်နိုင်ငံနယူးယောက်အခြေစိုက်FORBESASIAမဂ္ဂဇင်းနှင့် တွေဆုံမေး မြန်းခန်းတွင်ပြောဆိုလိုက်သည်။

                    မြန်မာပြည်၏အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်ဦးတေဇ(ဓာတ်ပုံ-FORBESASIAမဂ္ဂဇင်း)
လက်ရှိစင်ကာပူနိုင်ငံတွင်နေထိုင်နေသည့် ဦးတေဇကForbesမဂ္ဂဇင်း သတင်းထောက် SimonMontlake ကိုကြယ်ငါးပွင့်အဆင့်ရှိမရီနာဘေးလ်ဟိုတယ်တွင်လက်ခံတွေဆုံကာ အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ် သည်။
အဆိုပါ တွေ့ဆုံခန်းတွင် ဦးတေဇကအနောက်နိုင်ငံအစိုးရများပြောဆိုနေသကဲ့သို့လက်နက်ကုန်သည် တဦး မဟုတ်ကြောင်း၊ လူအများက၎င်းကိုဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သားမက်အဖြစ်ပြောဆိုနေမှုသည်လည်းကော လာဟလများသာဖြစ်၍ မမှန်ကန်ကြောင်း ငြင်းဆိုသွားသည်။
“လက်နက်ကုန်သည်မဟုတ်ဘူး။ဟယ်လီကော့ပတာတမျိုးပဲစစ်တပ်ကိုရောင်းတာ။ ကျည်ဆန်တွေ သေနတ် တွေဘယ်တော့မှ အရောင်း အ၀ယ်မလုပ်ဘူး။ ဗိုလ်ချုပ်မှူးကြီး သားမက်လည်း မဟုတ်ခဲ့ဘူး” ဟု ဦးတေဇက အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။
ယခင်စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက် ရှမ်းကြီးမြင့်ဆွေဟု လူသိများသည့် ဒု ဗိုလ်မှူး ကြီးမြင့်ဆွေ၏ ဒုတိယ သားဖြစ်သည်။
ဒဿမတန်းအောင်မြင်ပြီးနောက် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သော်လည်း တတိယနှစ်တွင် ပြည်ခရိုင် ကြို့ပင်ကောက်မြို့ ထူး ဆန်စက်ပိုင်ရှင် ဒေါ်ထူး၏ သမီး ဒေါ်သီတာမြင့်နှင့် လက်ထပ်ခဲ့သည်အတွက်စစ်တ က္ကသိုလ်မှထွက်ခဲ့ရသည်။
ဦးတေဇသည် ကျောင်းမှ ထွက်ပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ကာ စီးပွားရေးလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ၎င်းလည်းပါဝင် ဆန္ဒပြခဲ့ကြောင်း အဆိုပါ မဂ္ဂဇင်း တွင် ဖော်ပြထားသည်။
“၈၈ ဆိုတာ ကျနော်တို့ မျိုးဆက်လေ။ အဲဒီတုန်းက လမ်းပေါ်ထွက်ဆန္ဒပြခဲ့တာပေါ့” ဟု သူက ဆိုသည်။
၁၉၈၉ခုနှစ်မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်အချ မခံရမီက သွားရောက်ခဲ့သည့် နယ်ခရီးစဉ်များတွင် ၎င်းပိုင် မော်တော်ကားကို ပေးအပ် အသုံးပြုစေခဲ့ကြောင်းလည်း ဦးတေဇက ပြောသည်။
၁၉၉၄-၉၅ ခုနှစ်ခန့်တွင် ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက်၌ ထူးကုမ္ပဏီကို တည်ထောင်ကာ ထိုင်း- မြန်မာ နယ်စပ် မြိတ်- ထားဝယ် ဒေသ၌ သစ်ကွက်များကို လေလံဆွဲ၍ သစ်ထုတ်လုပ်ရေးလုပ်ငန်း စတင် လုပ်ဆောင်ခဲ့သည်။
၂၀၀၇ ခုနှစ်တွင်မူ သစ်ထုတ်လုပ်ခြင်း လုပ်ငန်းကို ရပ်ဆိုင်းခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှု များပြားလာသည့်အတွက် ထိန်းသိမ်းရန် လိုအပ်လာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယခုအခါ ဦးတေဇသည်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်များတွင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
စင်ကာပူနိုင်ငံတွင်သာအနေများသည့်ဦးတေဇသည်ထူးကုမ္ပဏီကိုတဦးတည်းပိုင်အဖြစ်မှ ကုမ္ပဏီအရာရှိ ကြီးများကိုပါရှယ်ယာပိုင်ဆိုင်စေသည့်ကော်ပိုရေးရှင်း သဘော ဖွဲ့စည်းကာ လုပ်ငန်းများကို စိတ်ချရသည့် ၀န်ထမ်းများဖြင့် လွှဲအပ်ထားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနားယူပြီးနောက်ပိုင်းကာလသမ္မတဦးသိန်းစိန်လက်ထက်တွင် ဦးတေဇတဦးတည်း ကိုလုပ်ပိုင်ခွင့်များချထားပေးခြင်းမရှိတော့ဘဲ၊တခြားသောစီးပွားရေးလုပ်ငန်းရှင်ကြီးများဖြစ်သည့် အေးရှားဝေါလ်ကုမ္ပဏီပိုင်ရှင်ဦးထွန်းမြင့်နိုင်၊မက်စ်မြန်မာဦးဇော်ဇော်၊ဦးအောင်ကိုဝင်း၊ဒေါက်တာကိုကိုကြီး၊ ဒဂုံအုပ်စုမှ ဦးဝင်းအောင် စသည့်လုပ်ငန်းရှင်များကိုပါ လုပ်ငန်းများ ခွဲဝေလုပ်ကိုင်ခွင့်ပြုထားသည်။
“ကျနော်တို့က စီးပွားရေးမှာ တရားသဖြင့် ပြိုင်ဆိုင်ရတာကို သဘောကျတယ်။ အဲဒီလိုမျိုးပဲ ပြိုင်ချင်တယ်” ဟု ဦးတေဇက သတင်းထောက်ကို ဆက်လက်ပြောဆိုသည်။
Forbesမဂ္ဂဇင်းသတင်းထောက်ကထူးကုမ္ပဏီ၏ တနှစ်ဝင်ငွေ၊အကျိုးအမြတ်၊ရှယ်ယာအများဆုံး ပိုင်ဆိုင် သည့် ဥက္ကဋ္ဌတဦး၏တနှစ်ဝင်ငွေစသည့် အသေးစိတ်မေးမြန်းချက်များကိုမူဦးတေဇကဖြေဆိုရန် ငြင်းဆန် ခဲ့သည်။
ထိုကြောင့်မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းကြီးအများစုသည်ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့်ပတ်သက်၍ ထုတ်ပြန် ကြေညာခြင်း မရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ မည်မျှ ချမ်းသာကြွယ်သည်ကိုလည်း ထုတ်ဖော် ပြောဆိုလေ့မရှိကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ကောက်ချက်ချ ရေးသားထားသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက ရန်ကုန်မြို့၌အီတလီသတင်းထောက်တဦးနှင့်တွေဆုံမေးမြန်းခန်းတွင်မူ ၎င်းပိုင် ဆိုင်သည့် ထူး ကုမ္ပဏီသည်တနှစ်လျှင်အမေရိကန်ဒေါ်လာသန်း ၅၀၀ခန့်ဝင်ငွေရှိသည်ဟုပြောဆိုခဲ့ဖူး သည်။
မကြာသေးမီကWallStreetဂျာနယ်၏အင်တာနက်စာမျက်နှာတွင်လည်း အရှေ့တောင်အာရှရှိ အချမ်းသာ ဆုံး ပုဂ္ဂိုလ် ၃၀ ဦး၌ ဦးတေဇသည် အဆင့် ၁၂ တွင်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော် ပြီးခဲ့သည့် မေလအတွင်း ပြည်ပမှ စားအုန်းဆီ တင်သွင်းဖြန့်ဖြူးခွင့်နှင့် ပတ်သက်၍ ဦးတေဇ တဦးတည်းသာ တင်သွင်းခွင့် ပေးထားသည်ကို အစိုးရက ရုတ်သိမ်းခဲ့သည့်နောက်ပိုင်း ဦးတေဇ၏ ဥစ္စာဓန ကြွယ်ဝ ချမ်းသာမှုသည် တဖြည်းဖြည်း ကျဆင်း လာကြောင်း၊ ထိုအတွက် ၎င်းပိုင်ဆိုင်သည့် ဟိုတယ်များကို ရောင်းချနေကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။
လက်ရှိ ဦးတေဇပိုင်ထူးကုမ္ပဏီ၌၀န်ထမ်းပေါင်း၎သောင်းဖြင့် လည်ပတ်နေပြီး ဦးတေဇသည် ၀န်ထမ်းများ၏ အကျိုးခံစားခွင့်ကိုအပြည့်အ၀ပေးထားကြောင်း၊ပထမဆုံး မြန်မာအမျိုးသမီးလေယာဉ်မောင်း တဦးအပါအ၀င် ရာနှင့်ချီသည့်ဝန်ထမ်းကောင်းများကိုနိုင်ငံခြားပညာတော်သင်အပါအ၀င်ခရီးစဉ်များကိုလည်း စီစဉ်ပေး သည့်အတွက် ၀န်ထမ်းများ အကြား နာမည်ကောင်း ရရှိနေကြောင်း သိရသည်။
မူရင်းအင်တာဗျူးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
http://www.bur.irrawaddy.org/index.php/news/7452-2011-09-29-11-54-20

ရန်ကုန်ရေဘေးကြောင့်မြွေပူရာကင်းမှောင့်

ခိုင်သွယ် Thursday, 29 September 2011 17:24
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ယမန်နေ့ကရန်ကုန်မြို့တွင်းမြို့နယ်အများစုတွင်ရေကြီးရေလျှံခဲ့ပြီးနေအိမ် များအတွင်းရေနှင့်အတူအဆိပ်ရှိသတ္တဝါများမျောပါလာသောကြောင့်လူအများသတိထားနေရကြောင်း ဒေသခံများထံမှ သိရသည်။

ရန်ကုန်တာမွေအဝိုင်းလေးတွင်ယမန်နေ့ကရေကြီးနေသည့်မြင်ကွင်း(ဓာတ်ပုံ-ဧရာဝတီ)
ရန်ကုန်မြို့ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊လှိုင်သာယာမြို့နယ်၊ရွှေပြည်သာမြို့နယ်၊မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊သာကေတမြို့နယ်၊မြောက်ဥက္ကလာပမြို့နယ်နှင့်တောင်ဥက္ကာလာပမြို့နယ်များရှိ လူနေရပ်ကွက်တချို့တွင်ရေကြီးရေလျှံခဲ့ပြီးကျောင်းတချို့ပိတ်လိုက်ရကြောင်း၊နေအိမ်များထဲသို့ ရေနှင့်အတူမြွေများ၊ကင်းများစသည့်အဆိပ်ရှိသတ္တ၀ါများဝင်လာသောကြောင့်နေအိမ်ထဲများထဲတွင် သဲအိတ်များခင်းပြီးသတိဖြင့်သွားလာနေထိုင်နေရကြောင်း အရှေ့ဒဂုံမြို့နယ်ရပ်ကွက် ၁၀၈ တွင် နေထိုင်သူ ဦးဖုန်းမြင့်က ပြောသည်။
“ဘေးအိမ်က အဘွားနဲ့ ကလေးတွေကို ကုတင်ပေါ်မှာပဲ တနေကုန် ထိုင်ခိုင်းထားရတယ်။ မီးဖိုဆောင်ရော၊ အိပ်ခန်းတွေထဲပါ ရေ၀င်တော့ လူတွေ နေစရာမရှိဘူး။ ဆိုးတာက ရေနဲ့အတူ မြွှေတို့ ကင်းတို့ပါလာတာပဲ” ဟု သူက ဆိုသည်။
ဒဂုံမြို့သစ်တောင်ပိုင်း၁၉ရပ်ကွက်၊အမှတ်၅၀၂ နံ့သာမြိုင်လမ်းတွင်နေထိုင်သောမီးသတ်တပ်ဖွဲ့ဝင် မောင်ဝေယံဇော်ဆိုသူမှာရေမြောင်းများအားရှင်းလင်းရင်း ရေစီးဖြင့်မျောပါသွားခဲ့ကြောင်း၊၎င်းကို ဒဂုံမြို့သစ်တောင်ပိုင်း ၂၆ ရပ်ကွက်တွင်နေထိုင်သူအသက်၁၇ နှစ်အရွယ် အရန်မီးသတ်တပ်ဖွဲ့ဝင် တဦးက ကယ်တင်လိုက်သောကြောင့် အသက်အန္တရာယ်မှ လွတ်ကင်းခဲ့ကြောင်း ကြားသိရသည်။
“မိုးရွာပြီးရေလျှံတော့ကျနော်တို့အရန်မီးသတ်တပ်ဖွဲ့ဝင်တွေကရေမြောင်းတွေထဲကအမှိုက်တွေကိုလိုက် ဆယ်ပေးရင်းမြောင်းထဲကျသွားတာပါ။ကယ်ဆယ်တဲ့သူရှိလို့အသက်မသေဆုံးရတာ”ဟုတာဝန်ခံ မီးသတ်ရဲဘော်က ဆိုသည်။
မိုးစရွာသည်နှင့်ဒဂုံမြို့သစ်မြောက်ပိုင်း၊တောင်ပိုင်းနှင့်အရှေ့ဒဂုံမြို့နယ်အတွင်းရှိလူနေရပ်ကွက်များ၊ လမ်းများအားလုံးနီးပါးမှာရေမြုပ်ပြီး နေအိမ်များအတွင်းသို့ ရေ၀င်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ဒဂုံမြို့သစ်မြောက်ပိုင်း၊ဒဂုံမြို့သစ်အရှေ့ပိုင်း စသည့်ဒေသများသည် ငမိုးရိပ်ချောင်းနှင့် နီးသော်လည်း ရေထုတ်မြောင်းများပိတ်နေသောကြောင့် ရေစီးဆင်းနိုင်ခြင်းမရှိဘဲ လူနေရပ်ကွက်များအတွင်းသို့ ရေများ ၀င်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ ရေထုတ်မြောင်းတွေ ပိတ်ပြီး မိုးရွာတဲ့အချိန် ရေတွေက လမ်းတွေမှာလျှံတက်လာတာ။ အိမ်ဝန်းတွေထဲ ရေတွေဝပ်ပြီး ခြင်တွေကလည်း ပေါတော့ ကလေးတွေလည်း ခဏခဏ ဖျားကြတယ်” ဟု ဒေသခံ တဦးဖြစ်သူ ကိုသားထွေးက ပြောပြသည်။
ရန်ကုန်မြို့လယ်တွင်လည်းမိုးရွာသွန်းချိန်အနည်းငယ်ကြာမြင့်ရုံဖြင့်လမ်းများရေလျှံခြင်း၊ နေအိမ်များအတွင်း ရေ၀င်ခြင်း ဖြစ်ပေါ်နေသောကြောင့် အစိုးရအနေဖြင့် ဖြေရှင်းပေးရန် လူအများက မျှော်လင့်နေကြသည်ဟု သူက ဆိုသည်။
“မနေ့ကမိုးရွာတော့ရေတွေကဒူးခေါင်းလောက်အထိဝင်လာတယ်။တနေကုန်ပဲရေတွေ တက်တက်လာတာ။ ရေတွေ ခပ်ထုတ်နေရတော့ ရုံးမတက်နိုင်ဘဲ ခွင့်ယူလိုက်ရတယ်” ဟု ကိုသားထွေးက ဆက်ပြောသည်။
တချို့အိမ်များမှာလမ်းများ၊ရေမြောင်းများထက်အမြင့်တွင်ဆောက်လုပ်ထားကြသော်လည်း မိုးရွာသည့်အခါ မိုးရေများမှာရေမြောင်းများနှင့် အပြည့်ဖြစ်လာပြီး လမ်းများမှတဆင့် နေအိမ်ထဲအထိ စီးဝင်လာသည်ကို တွေ့မြင်ရသည်။
“လမ်းပေါ်မှာ ရေတွေကဒူးလောက်ရောက်ပြီဆိုရင်ကျနော်တို့အိမ်ထဲရေ၀င်ပြီ”ဟု ကိုသားထွေးက ဆိုသည်။
၎င်းအိမ်ရှေ့တွင် ရေမြောင်းရှိနေသောကြောင့် ရေမြုပ်သည့်အချိန်တွင်ရေမြောင်းနေရာကို မှတ်သားကာ သတိဖြင့် သွားလာနေရကြောင်း၊ မိုးရွာသည့်အခါ ရေမြောင်းတွင်းသို့ မကြာခဏ ပြုတ်ကျကြသူများ ရှိကြောင်း သူကပြောပြသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာအနေဖြင့် ရေထုတ်မြောင်းများအား ပြန်လည်ပြင်ဆင်ခြင်း၊ အမှိုက်များ ရှင်းလင်း ဖယ်ရှားခြင်းတို့ကို မိုးတွင်းမတိုင်မီ ကတည်းက ပြုလုပ်ပေးထားသင့်သည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုနေကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်ထပ်တွေ့ကြမည်

ကိုထွေး Thursday, 29 September 2011 16:21 .
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ကိုယ်စားလှယ် အလုပ်သမားရေးရရာနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဦးအောင်ကြည်တို့သောကြာနေ့ နေ့လယ်ပိုင်းတွင် တွေ့ဆုံကြမည် ဖြစ်သည်။
ရွှေဝါရောင်လှုပ်ရှားမှုအပြီး၂၀၀၈ဇန်နဝါရီလအတွင်းဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - Getty Images)
ရန်ကုန်မြို့ရှိစိမ်းလဲ့ကန်သာနိုင်ငံတော်ဧည့်ဂေဟာ၌တတိယအကြိမ်တွေ့ဆုံဆွေးမည်ဟုအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောသည်။
ဆွေးနွေးမည့်အကြောင်းအရာကိုမသိရသေးသော်လည်းယခင်ကဆွေးနွေးသည့်ကိစ္စရပ်များကို ဆက်လက် ဆွေးနွေး နိုင်ကြောင်း သူက ခန့်မှန်းပြောဆိုသည်။
သို့သော်လည်းလေ့လာသူများကနိုင်ငံရေးအကျဉ်းသားကိစ္စ၊ပါတီမှတ်ပုံတင်ရေးကိစ္စများ ဆွေးနွေးနိုင်ကြောင်း သုံးသပ်ကြသည်။
ယမန်နှစ်နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာပြီးနောက်ဒေါ်အောင်ဆန်းစုကြည်သည် ဦးအောင်ကြည်နှင့် ၂ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပူးတွဲ ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
၎င်းတို့ ဆွေးနွေးပွဲရလဒ် တိုးတက်မှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးသည်။
တချိန်တည်းတွင် ယခု သီတင်းပတ်အတွင်း ကျင်းပသည့် ကုလသမဂ္ဂ ညီလာခံတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏ မောင်လွင်ကလည်း အကျဉ်းသားများကို မကြာမီ လွှတ်ပေးရန် ရှိသည်ဟု ပြောကြားခဲ့သည်။
ယင်းအတွက်နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များကလွတ်မြောက်ရန်မျှော်လင့်လျက်ရှိပြီး၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၊လူရွှင်တော်ကိုဇာဂနာတို့အားလွှတ်ပေးလိုက်ပြီဆိုသော ကောလာဟလများ ပျံ့နှံနေသည်။
“မနေ့ကတည်းကအဲဒီသတင်းတွေကပျံ့နေတာ။အဲဒါနဲ့မြစ်ကြီးနားအကျဉ်းထောင်ကိုဖုန်းဆက်တော့ ဟိုမှာရှိနေတုန်းပဲလို့ ပြောတယ်” ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မထွေးထွေးက ဧရာဝတီသို့ ပြောသည်။

ဇာဂနာထောင်ထဲမှာပင်ရှိနေသေး

မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၅ မိနစ် .
ရန်ကုန်(မဇ္ဈိမ)။ ။နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်ကနယူးယောက်မြို့တွင်ကျင်းပနေသည့်၆၆ကြိမ် မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတွင်မကြာခင်အကျဉ်းသားများလွတ်ပေးရန်ရှိသည်ဟုပြောကြားခဲ့
နောက်နိုင်ငံရေးအကျဉ်းသားများလည်းလွတ်လာဖွယ်ရှိသည်ဟုနိုင်ငံရေးပါတီများကလည်း မျှော်လင့်နေကြသည်။
လူပြောများနေသောကောလဟတခုကတော့ကိုသူရခေါ်ဇာဂနာသည်လည်းလွတ်လာပြီဆိုခြင်း ဖြစ်သည်။
နာဂစ်မုန်တိုင်းတိုက်ပြီးနောက်ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ရင်းထောင်ဒဏ်၃၅နှစ် ကျခံနေရသူမြစ်ကြီးနားထောင်ကြိုးတိုက်တွင်ရှိနေသောဇာဂနာ၏ခယ်မမငြိမ်းခေါ်မစန္ဒာနှင့်မဇ္ဈိမ သတင်းထောက်ကမေးမြန်း ခဲ့သည်ကို တင်ပြလိုက်ပါသည်။
-------------------------------------------------------------------------------------------------------------------------------------
ကိုဇာဂနာသာလွတ်မယ်ဆိုရင်မိသားစုအနေနဲ့ဘယ်လိုဝမ်းသာခံစားမှုမျိုးရမလဲအမ။
“အမတို့အနေနဲ့မိသားစုအနေနဲ့တော့လွတ်တယ်ဆိုရင်ပျော်ရမှာပါဒါပေမယ့်အခုသတင်းကပျံ့နေတာ နေ့တိုင်းလည်းဖုန်းတွေဖြေနေရတာပေါ့နော်။မြစ်ကြီးထောင်ကိုမေးပြီးပြီကိုသူရကထောင်မှာပဲ ရှိနေပါတယ်တဲ့။အမကတော့ကိုသူရကို၂၀၀၈ကဖမ်းကတည်းကပဲ၂၀၀၉ကစပြီးတော့စက်တင်ဘာကို ရောက်တိုင်း လွတ်လာပြီဆိုတဲ့သတင်းထွက်နေတာအခုဆိုရင်၃နှစ်ရှိနေပြီဆိုတော့ဒီစက်တင်ဘာမှ ထွက်တဲ့ သတင်းအပေါ်တော့ဘာမှမဖြစ်တော့ဘူး။ဒါပေမယ့်ကိုသူရကိုလွတ်စေချင်တယ်။မျှော်လည်း မျှော်လင့်ပါတယ်”
မိသားစုဝင်တယောက်အနေနဲ့ကိုဇာဂနာလွတ်လာပြီးနောက်ပိုင်းမှာနိုင်ငံရေးဆက်လုပ်စေချင်လား။ ဒါမှမဟုတ်အမတ်အရွေးခံစေချင်လား။
“ကိုသူရကနိုင်ငံရေးကိုဆက်လုပ်မယ်လို့အမတို့ကိုပြောဖူးတယ်။အဲဒီတော့သူကနိုင်ငံရေးကိုဆက်လုပ်မယ် လို့ပဲယူဆရတာပေါ့။”
ပါတီတခုခုကိုကော ဝင်စေချင်တာမျိုး ရှိလား။
“ကိုသူရကအရင်ကပဲပါတီနိုင်ငံရေးကိုမကြိုက်ဘူး။အဲဒီအတွက်ပါတီတခုခုမှာသူဝင်မှာမဟုတ်ဘူး။အခုအဖမ်း ခံရတာကိုကလည်းလူမှုရေးလုပ်ရင်းအဖမ်းခံရတာလေသူကလူမှုရေးကိုတောက်လျှောက်လုပ်မယ့် သဘောရှိပါတယ်။”
တကယ်လို့နောက်ထပ်ထောင်ကျတဲ့အဖြစ်မျိုးရှိခဲ့မယ် ဆိုရင် မိသားစုအနေနဲ့ ရင်ဆိုင်နိုင်ပါ့မလား။
“နောက်ထပ်ထောင်ကျတာမျိုးကိုတော့မလိုချင်တော့ဘူးပေါ့။ဒါပေမယ့်တကယ်တမ်းရင်ဆိုင်ရပြီ ဆိုရင်လည်း အမတို့ မိသားစုအနေနဲ့ ကြံ့ကြံ့ခံနိုင်စွမ်း ရှိပါတယ်။ မဖြစ်တော့ မဖြစ်စေချင်တော့ဘူးပေါ့။”
အခုထောင်ကျနေလို့ ဘာတွေထိခိုက်နစ်နာမှုတွေ ဘာတွေဖြစ်ခဲ့လဲ။
“ထိခိုက်နစ်နာမှုဆိုတော့ဒါကကိုယ်တယောက်တည်းမဟုတ်ဘူး။အကျဉ်းကျခံရတဲ့နိုင်ငံရေးအကျဉ်းသား မိသားစုတိုင်းသောကတွေဒုက္ခတွေရှိမှာပဲဒါကိုနစ်နာတယ်လို့လည်းပြောလို့မရဘူးပေါ့။နစ်နာတယ်လို့ မသုံးရက်ဘူး နိုင်ငံရေး အကျဉ်းသား မိသားစုတိုင်း အတွက်ပါ”
ကိုသူရလွတ်လာတယ်ဆိုရင်သူ့မိသားစုတွေရှိတဲ့ပြည်ပနိုင်ငံကိုသွားလို့ရနိုင်မယ့်အနေအထား ရှိလား။
“အရင်ကအစိုးရလက်ထက်ကတော့ နိုင်ငံကူးလက်မှတ် မရခဲ့ဘူး။ တကယ်လို့သာ လွတ်လာရင်တော့လည်း
ကိုသူရမှာဇနီး၊သား၊သမီးတွေကပြည်ပမှာဆိုတော့အလည်သွားရင်လည်းသွားနိုင်အောင် နိုင်ငံကူးလက်မှတ် လုပ်ကြည့်ရမှာပေါ့။ ရမယ်၊ မရဘူးတော့ မသိဘူးပေါ့နော်။”
အခု မြစ်ကြီးနားထောင်က ကိုဇာဂနာရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။
“အရင်ကအင်းစိန်အကျဉ်းထောင်မှာဆိုရင်မိသားစုနဲ့တွေ့ရင်ဆန်ခါ(ဇကာ)အပေါက်လောက်ပဲရှိတဲ့ သံဇကာ အပေါက်လေးတွေကနေလက်ထိပ်လေးတွေထိရတာမျိုးရှိခဲ့တာရယ်။ကိုသူရကိုမိသားစုနဲ့ပေးတွေ့ဖို့ ခေါ်လာရင်အိတ်နက်ကြီးကိုခေါင်းမှာစွပ်ပြီးတော့ခေါ်လာတာတွေကိုအမရဲ့အမဖြစ်တဲ့ကိုသူရဇနီးက ပြောခဲ့ဖူးတယ်။အခုတော့မြစ်ကြီးနားထောင်မှာကိုသူရနေရတာကြိုးတိုက်လို့ခေါ်တဲ့နေရာမှာ ကြိုးပေးပြီးသတ်မယ့် သူတွေကို ထားတဲ့နေရာမှာ ထားတယ်လို့ သိရပါတယ်။ နေကောင်းပါတယ်။ ခုနကပဲ မြစ်ကြီးနားထောင်နဲ့ အဆက်အသွယ်ရ တယ်။ ထောင်ထဲမှာပဲ ကိုသူရ ရှိနေပါတယ်တဲ့။ အရင်က အစားအစာတွေ ပို့တာနဲ့ စာရင်တော့ အဆင်ပြေတယ်ပဲပြောရမှာပါ။ အရင်က အစားအစာ။ ပစ္စည်းတွေကို လအလိုက်နဲ့ကန့်သက်ပြီးတော့ပို့ရတာမျိုးရှိခဲ့တယ်လေ။အခုတော့များများပို့လို့ရတာပေါ့နော် ဥပမာ တလကိုကော်ဖီမစ် အထုပ် ၃ဝ ပဲ ပို့ ရတာမျိုး ရှိခဲ့တာကနေ အခုကျတော့ အများကြီးပေါ့ အမတို့ကတော့ အရင်ထက်ပို့ပေးတယ်ပေါ့။ အဲဒါမျိုးလေးတွေတော့ ရှိတယ်။