မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 30 september 2011

မြစ်ဆုံစီမံကိန်းရပ်တံ့သည့်သတင်းဒေါ်အောင်ဆန်းစုကြည် ကြိုဆို

ဧရာဝတီ Friday, 30 September 2011 17:33
.မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကအစိုးရကိုယ်စားလှယ်ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့်ယနေ့ တွေ့ဆုံအပြီးတွင်ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းလိုက်ပြီဆိုသောသတင်းအား ကြိုဆိုကြောင်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်တို့ယနေ့တွေ့ဆုံဆွေးနွေးပွဲအပြီးတွေ့ရစဉ်(ဓာတ်ပုံ-ဧရာဝတီ)
“ပြည်သူတွေရဲ့စိုးရိမ်မှုတွေကိုထောက်ထားပြီးတော့ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းဖို့ သမ္မတက လွှတ်တော်ကိုသ၀ဏ်လွှာ ပေးပို့တယ်လို့ ကြားတယ်။ပြည်သူ့အသံနားထောင်တာကောင်းပါတယ်။ဒီဟာက အစိုးရတိုင်းလုပ်ရမယ့်အလုပ်ပါ။ပြည်သူ့အသံနားထောင်ရမယ်၊ပြည်သူရဲ့စိုးရိမ်မှုတွေကိုတကယ်ပဲ လေးလေးနက်နက် နားထောင်ပြီးတော့ ဖြေရှင်းပေးရမယ်။ ကျမအနေနဲ့ ကြိုဆိုပါတယ်” ဟု သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်တို့တတိယအကြိမ်မြောက်တွေ့ဆုံရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ၊ ဧရာဝတီ မြစ် ထိန်းသိမ်းရန် နှစ်ဦးနှစ်ဘက် ပူးပေါင်းမည့် အရေးကိစ္စ၊ ပြည်တွင်း တည်ငြိမ်းအေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး၊ဥပဒေဘောင်ပြင်ပတွင်ရောက်ရှိနေသော လက်နက်ကိုင်များဥပဒေဘောင်အတွင်းရောက်ရှိရေးနှင့်ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရေး စသည့်အချက် လေးချက်ကို အဓိက အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အကြောင်းအရာ များနှင့် စပ်လျဉ်းပြီး တွေ့ဆုံဆွေးနွေးပွဲများ ထပ်မံပြုလုပ်သွားရန် နှစ်ဦးနှစ်ဘက် သဘော တူညီထားကြောင်း ဦးအောင်ကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုရွေးကောက်ပွဲဝင်၊မ၀င်သိရှိလိုကြောင်းသတင်းထောက်တဦးကမေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်ကရွေးကောက်ပွဲများကို မူအရ မဆန့်ကျင်ပါကြောင်း၊ရွေးကောက်ပွဲ အခြေအနေနှင့် ပုံစံကို ကြည့်ပြီး ဆုံးဖြတ်မည် ဖြစ်ကြောင်း ဖြေကြားသည်၊
“ကျမတို့ကရွေးကောက်ပွဲကိုမူအရမဆန့်ကျင်ဘူး။ဒီမိုကရေစီစနစ်ရဲ့တစိတ်တပိုင်းအဖြစ်လက်ခံတယ်။ဒီလို ရွေးကောက်ပွဲဝင်ပုံဝင်နည်းအခြေအနေ၊အခင်းအကျင်းတွေကိုပဲကျမတို့ကြည့်မှာဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
ဝန်ကြီးဦးအောင်ကြည်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေဖြင့် ဥပဒေအရ မှတ်ပုံတင်ပြီးလျှင် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကတိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် အစိုးရနှင့် တတ်နိုင်သမျှ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ကတိပြု ပြောဆိုခဲ့သည်။





ဒေါ်စုတို့ဆွေးနွေးပွဲတွင်လွတ်ငြိမ်းချမ်းသာခွင့်နှင့်ငြိမ်းချမ်းရေးပါရှိ

မဇ္ဈိမသတင်းဌာန သောကြာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၄ မိနစ် .
ရန်ကုန်(မဇ္ဈိမ)။ ။လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနှင့်အစိုးရမှလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေး ဆောင်ရွက်နေသည့်ကိစ္စများကိုအတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်အစိုးရကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ သောကြာနေ့က ဆွေးနွေးခဲ့ကြသည်။
ဦးသိန်းစိန်အစိုးရတက်လာပြီးသည့်နောက်ပိုင်းတတိယအကြိမ်မြောက်ဆွေးနွေးမှုဖြစ်သောရန်ကုန်မြို့ စိမ်းလဲ့ကန်သာအစိုးရဧည့်ရိပ်သာတွင်၇၇မိနစ်ကြာတွေ့ဆုံဆွေးနွေးအပြီးနှစ်ဦးအတူတကွ သတင်းစာရှင်းလင်းပွဲလုပ်ရာတွင် ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။
ထို့အပြင်ဧရာဝတီမြစ်ကြောင်းထိန်းသိမ်းရေးကိုနှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့်ပြည်တွင်းတည်ငြိမ်
အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးတို့အတွက်လည်းဆွေးနွေးခဲ့သည်ဟုပါရှိသည်။နှစ်ဘက်ဆက်လက်၍ လည်း ဆွေးနွေးမှုပြုလုပ်သွားမည်ဟု ကြေညာသွားသည်။
ဆွေးနွေးမှုအပြီးသတင်းထောက်များ၏မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည့်ဖြေကြားနေသည်ကိုတွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)
မြစ်ဆုံဆည်စီမံကိန်းကိုသူ၏အစိုးရသက်တမ်းအတွင်းရပ်ဆိုင်းထားမည်ဆိုသောသမ္မတဦးသိန်းစိန်၏ လုပ်ရပ်ကို ကြိုဆိုကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
"ပြည်သူရဲ့အသံကိုနားထောင်တယ်ဆိုတာအင်မတန်မှကောင်းပါတယ်။ဒီဟာအစိုးရတိုင်းလုပ်ရမယ့် ကိစ္စပါ။
ပြည်သူရဲ့အသံကိုနားထောင်ရမယ်။ပြည်သူရဲ့စိုးရိမ်ကြောင့်ကြမှုတွေကိုတကယ်ပဲလေးလေးနက်နက် ထားပြီးတော့ဖြေရှင်းပေးရမယ်။အဲဒါကြောင့်မို့ကျမဒါကိုကြိုဆိုပါတယ်”ဟုသတင်းစာဆရာများကို ပြောသွားသည်။
ယနေ့အစောပိုင်းကနေပြည်တော်တွင်ပြုလုပ်နေသောလွှတ်တော်နှစ်ရပ်သို့သမ္မတဦးသိန်းစိန်က သဝဏ်လွှာတစောင်ပေးပို့ရာတွင်ပြည်သူအများ၏သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်ပျက်စီးမည့် စိုးရိမ်နေမှုရှိသည်ကိုထောက်ပြပြီးမြစ်ဆုံဆည်တည်ဆောက်ခြင်းကိုမပြုလုပ်စေဘဲရပ်ဆိုင်းထားမည်ဟု ပါရှိသည်။
တရုတ်နိုင်ငံနှင့်ချုပ်ဆိုထားသောစက်တပ်ဆင်အင်အားမဂ္ဂါဝပ်၆,ဝဝဝရှိ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းပေါ် မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံညှိနှိုင်းဆောင်ရွက်သွားမည်ဟုလည်း ပါရှိသည်။
သမ္မတ၏ဆုံးဖြတ်ချက်အပေါ်ကြိုဆိုမှုများလည်းအင်တာနက်တွင်တပါတည်းပေါ်ထွက်လာခဲ့သည်။ လွှတ်တော်အပြင်ဘက်အဓိကအတိုက်အခံဖြစ်နေသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပါတီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်တို့ကြားဖြတ်ရွေးကောက်ပွဲဝင်လိုမှုရှိ၊မရှိဆိုသောအမေးကို လူမှုဝန်ထမ်းဝန်ကြီးလည်း ဖြစ်သော ဦးအောင်ကြည်က အန်အယ်ဒီအနေဖြင့် နိုင်ငံရေးပါတီမှတ်ပုံတင်လျှင် အတူတကွ ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ဖြေကြားသည်။
၁၄နှစ်ကျော်နေအိမ်အကျယ်ချုပ်သို့မဟုတ်အချုပ်အနှောင်ဖြင့်နေခဲ့ရသောဒေါ်အောင်ဆန်းစုကြည်ကတော့ ပါတီထိပ်တန်းခေါင်းဆောင်များကို တင်ပြပြီးမှသာ အဖြေပေးနိုင်မည်ဟု ဖြေကြားသွားသည်။
"ကျမတို့ကရွေးကောက်ပွဲကိုမူအရဆန့်ကျင်တာမဟုတ်ပါဘူး။ရွေးကောက်ပွဲဆိုတာဒီမိုကရေစီစနစ်အတွက် တစိတ်တပိုင်းဖြစ်တယ်ဆိုတာ ကျမတို့ လက်ခံပြီးသားပါ။” ဟု ဆက်လက်ပြောဆိုသွားသည်။



နိုင်ငံရေးအကျဉ်းသားအဓိပ္ပါယ်သတ်မှတ်ချက်AAPPထုတ်ပြန်

ကိုပေါက် သောကြာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၇ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။မည်သည့် အကျဉ်းသားသည် ‘နိုင်ငံရေးအကျဉ်းသား’ ဖြစ်သည်ကို ပြည်ပအခြေစိုက်
နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)AAPP-Bကကြေညာချက် ထုတ်ပြန်၍သောကြာနေ့ကရှင်းလင်းဖွင့်ဆို လိုက်သည်။
အစိုးရနှင့်အတိုက်အခံများအကြားအဆက်မပြတ်အငြင်းပွားခဲ့ရသည့်‘နိုင်ငံရေးအကျဉ်းသား’ဆိုသည်မှာ “ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြခြင်းဖြင့်လည်းကောင်းလက်နက်ကိုင်လမ်းစဉ်ဖြင့်လည်းကောင်းနိုင်ငံရေးလှုပ်ရှား မှုများတွင်တက်ကြွစွာပါဝင်လှုပ်ရှားခြင်း၊(သို့)အားပေးထောက်ပံ့ကူညီခြင်း သို့မဟုတ် ထိုသို့ ပါဝင်သည်၊ ထောက်ပံ့ကူညီသည်ဟုစွပ်စွဲခံရခြင်းတို့ကြောင့်”ထောင်များ၊ရဲဘက်စခန်းများနှင့်စစ်ကြောရေး စခန်းတို့တွင်ချုပ်နှောင်ခံထားရသောမည်သူမဆို ပါဝင်သည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
“ဦးသိန်းစိန်အစိုးရကမြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာခုချိန်ထိဝန်မခံသေးပါဘူး။ဒါကြောင့် နိုင်ငံရေးအကျဉ်းသားရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပြန်ဖို့လိုတယ်။လောလောဆယ် ကျနော်တို့ရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုသူတို့သိအောင်ရယ်၊နိုင်ငံတကာကလည်းဒီလူတွေဟာ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်တယ်ဆိုတာ ပြောဆိုချင်လို့ ထုတ်ပြန်လိုက်တာပါ” ဟု AAPP-B တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က မဇ္ဈိမကို ပြောသည်။
လက်နက်ကိုင်လှုပ်ရှားမှုများနှင့် ဆက်စပ်နေ၍ ဖမ်းဆီးခံထားရသူများလည်းထည့်သွင်းထားရသည်မှာ မြန်မာနိုင်ငံ၏ ထူးခြားသောအခြေအနေအရ ဖြစ်ကြောင်း “ဒါက ပကတိရှိနေတဲ့ အနေအထား ဖြစ်ပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ကိစ္စပါ။အင်မတန်မှအရေးကြီးပါတယ်။ အစိုးရ အဆက်ဆက်နဲ့တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ကလက်နက်ကိုင်တိုက်ပွဲတွေထိပ်တိုက် ရင်ဆိုင်နေရတာတွေကိုပြေလည်အောင်ဆိုရင်ဒီလက်နက်ကိုင်အင်အားစုတွေထဲက အဖမ်းခံထားရသူတွေကို လွှတ်ပေးဖို့ဆိုတာလည်း စဉ်းစားရမှာဖြစ်ပါတယ်” ဟု ကိုဘိုကြည်က ပြောသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်နိုင်ငံတော်ကောင်စီက၁၉၈၀အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေညာ စဉ်က နိုင်ငံရေးပြစ်မှု ဆိုသည်များကို သတ်မှတ် ဖော်ပြခဲ့ဖူးသည်။
ယခုအချိန်တွင်နိုင်ငံရေးလှုပ်ရှားသူများအားသိက္ခာချရန်အတွက်အခြားရာဇဝတ်မှုများဖြင့်စွပ်စွဲဖမ်းဆီးလေ့ ရှိကြောင်းကိုဘိုကြည်က“အဲလိုနိုင်ငံရေးပြစ်မှုတွေနဲ့မချဘဲနဲ့တခြားရာဇဝတ်မှုတွေနဲ့ချနေတာတွေရှိတော့ တဦးချင်းရဲ့လှုပ်ရှားမှုအပေါ်မှာ ကြည့်ပြီးတော့ သတ်မှတ်ပါတယ်။ဥပမာဆိုရင်တလောက ဒီမိုကရေစီနေ့မှာ အဖမ်းခံရတဲ့သူဆိုရင်လုပ်တာကဒီမိုကရေစီဟောပြောပွဲလုပ်တာ။ဖမ်းတော့မူးယစ်ရမ်းကားမှုနဲ့ ရုံးတင်တယ်”ဟုစက်တင်္ဘာ၁၅ရက်နေ့ကအဖမ်းခံခဲ့ရသည့်ကိုနေလင်းဦး အမှုအား ကိုးကား ပြောသွားသည်။
AAPP-Bစုဆောင်းရရှိထားသည့်စာရင်းများအရ မြန်မာနိုင်ငံရှိ အကျဉ်းထောင်ပေါင်း ၄၂ ခုနှင့် ရဲဘက်စခန်း ၁၀၉ ခုတွင်နိုင်ငံရေးအကျဉ်းသားပေါင်း၁၉၉၈ယောက်ရှိပြီး အဆိုပါစာရင်းအား ပိုမိုတိကျနိုင်ရန် စီစစ်နေဆဲ ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်၏ပြောကြားချက်အပေါ်အခြေခံ၍နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာဖွယ်ရှိကြောင်းခန့်မှန်းပြောဆိုချက်များနှင့် ပတ်သက်၍ “အဲဒါကတော့ ဦးသိန်းစိန် အစိုးရရဲ့တကယ့်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်မှာလား/မဖော်ဆောင်ဘူးလား ဆိုတာမှာပဲ မူတည်ပါတယ်။ကျန်တဲ့သူတွေအပေါ်မှာမူမတည်ပါဘူး။နိုင်ငံရေးအကျဉ်းသားတွေဟာနိုင်ငံတော် တည်ငြိမ်ရေးကိုနှောက်ယှက်ဖျက်ဆီးမယ့်သူတွေမဟုတ်ဘူး။အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့တိုင်းပြည် တည်ငြိမ်ရေး၊ တိုးတက်ရေး အတွက်ကို ကူညီပံ့ပိုးမယ့်သူတွေပဲ ဖြစ်ပါတယ်” ဟု ကိုဘိုကြည်က ပြောသည်။
အဆိုပါ ကြေညာချက်တွင် ‘နိုင်ငံရေး အကျဉ်းသားများအားသိက္ခာချရာတွင်(သို့)နိုင်ငံရေး လှုပ်ရှားသူများကို
ဖမ်းဆီးထိန်းသိမ်းရာတွင်အသုံးများသည့်ဥပဒေများ’ဟူ၍ဥပဒေနှင့်ပုဒ်မပေါင်း ၃၀ကျော်ကိုလည်း စုဆောင်း
ဖော်ပြထားသည်။



မြစ်ဆုံစီမံကိန်း ဆိုင်းထားရန် သမ္မတ ဆုံးဖြတ်

ခင်ဦးသာ Friday, 30 September 2011 16:47 .
ဧရာဝတီမြစ်ဆုံတည်ဆောက်ရေးစီမံကိန်းအားလက်ရှိအစိုးရသက်တမ်းတွင်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ယနေ့ သ၀ဏ်လွှာပေးပို့ ပြောဆိုလိုက်သည်။
                              ၂၀၁၁သြဂုတ်လကနေပြည်တော်တွင်တွေ့ရသောသမ္မတဦးသိန်းစိန်(ဓာတ်ပုံ-AP)
မြစ်ဆုံစီမံကိန်းသည်ပြည်သူလူထု၏ဆန္ဒနှင့်လွှတ်တော်ကိုယ်စားလှယ်များ၏ဆန္ဒကိုသွေဖီနေသည်ဟု ဦးသိန်းစိန်က ဆိုသည်။
ဦးသိန်းစိန်၏ ပြောဆိုချက်အား မြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်နေကြသူများက ကြိုဆိုလိုက်သည်။
သမ္မတဦးသိန်းစိန်သည်ပြည်သူလူထု၏အသံကိုအလေးထားမည်ဟုပြောဆိုခဲ့သည့်အတိုင်း လုပ်ဆောင်ခြင်းဖြစ်သည့်အပြင်ဤဆုံးဖြတ်ချက်သည်ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးသိန်းစိန်တို့တွေ့ဆုံမှု၏ ရလဒ်တခုဟုလည်းယူဆနိုင်ကြောင်းဧရာဝတီရှင်သန်ရေးအဖွဲ့ကိုဦးဆောင်သူတဦးဖြစ်သောကိုမြတ်သူက ဧရာဝတီသတင်းဌာနကို ပြောသည်။
စီမံကိန်းကြောင့်သဘာဝပတ်ဝန်းကျင်ပျက်စီးကာဧရာဝတီမြစ်ကြီးတိမ်ကောပပျောက်သွားမည်ဟု ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ထောက်ပြ ကန့်ကွက်နေကြပြီးလူထုလှုပ်ရှားမှု တချို့ပင် ဖြစ်ပေါ်ခဲ့သည်။
ဒေါ်လာ၃ဒသမ၆ဘီလီယံကုန်ကျမည့်မြစ်ဆုံစီမံကိန်းအား၂၀၀၆ခုနှစ်တွင်စာချုပ် ချုပ်ဆိုခဲ့ပြီး တရုတ်နိုင်ငံက ဦးဆောင်တည်ဆောက်နေခြင်းဖြစ်သည်။စီမံကိန်းပြီးစီးပါကလျှပ်စစ်မဂ္ဂါဝပ်၆၀၀၀ပမာဏ ထုတ်လုပ်နိုင်မည်ဖြစ်ကာ ထိုအထဲမှ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် သဘောတူထားသည်။
ဒေသခံပြည်သူ၁၂၀၀၀၀န်းကျင်အထိပြောင်းရွှေ့ပေးရသည့်စီမံကိန်းများရပ်တန့်ရန်တောင်းဆိုခဲ့သည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ရာ ဒေသများတွင်ယခုနှစ်ဇွန်လအတွင်းမှ စတင်၍ တိုက်ပွဲများ အဆက်မပြတ်နေသည်။
သမ္မတဦးသိန်းစိန်၏ယနေ့ပြောဆိုချက်နှင့်ပတ်သက်၍ကချင်လက်နက်ကိုင်အဖွဲ့၏ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က“ရပ်ဆိုင်းထားမယ်ဆိုတာကိုကြိုဆိုပါတယ်၊ဒါပေမယ့်တနှစ်ရပ်တာလား၊ဘယ်လောက် ရပ်ဆိုင်းတာလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ၊ကျနော်တို့ကအပြီးအပိုင်ရပ်ဆိုင်းတာကိုပဲ လိုလားပါတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။
“အလွှာအသီးသီးကပြင်းပြင်းထန်ထန်ကန့်ကွက် ဖိအားပေးနေကြတဲ့အတွက် သမ္မတက အလျော့ပေးတာလဲ ဖြစ်နိုင်ပါတယ်” ဟု ဦးလနန်က ဆိုသည်။
မြစ်ဆုံဆည်စီမံကိန်းရပ်တန့်ရေးဆောင်ရွက်နေသည့်သူများကလည်း၎င်းတို့၏Facebook စာမျက်နှာများတွင်သမ္မတ၏ပြောဆိုချက်အားကြိုဆိုကြောင်းရေးသားထားကြရာထိုအထဲတွင် ကာတွန်းဆရာအော်ပီကျယ်၊ ကချင် ခေါင်းဆောင်ဟောင်း ဒေါက်တာ မနန်တူးဂျာ၊ စာရေးဆရာ မောင်ဝံသ စသည့် ပုဂ္ဂိုလ်များ ပါဝင်သည်။

မြန်မာဘောလုံးအဖွဲ့ချုပ်ကို FIFA အရေးယူ

ရန်ပိုင် Friday, 30 September 2011 18:24
.ကမ္ဘာ့ဖလားခြေစစ်ပွဲမြန်မာ-အိုမန်ပွဲစဉ်တွင်မြန်မာပရိသတ်တချို့၏ရမ်းကားမှုကြောင့်ပွဲဖျက်သိမ်းလိုက်ရ ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ကိုကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က အရေးယူလိုက်ပြီ ဖြစ်သည်။
မြန်မာပရိသတ်တချို့၏ပစ်ခတ်တိုက်ခိုက်မှုကိုကွင်းအတွင်းရှိအိုမန်အသင်းအရံကစားသမားများ တိမ်းရှောင်နေရပုံ (ဓာတ်ပုံ-ဧရာဝတီ)
ထိုဖြစ်ရပ်အတွက်FIFAကမြန်မာဘောလုံးအသင်းကိုရုရှားနိုင်ငံတွင်ပြုလုပ်မည့်၂၀၁၈ခုနှစ်ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်လိုက်ပြီးဒဏ်ငွေအဖြစ်ဆွစ်ဖရန့်၂၅၀၀၀ (ဒေါ်လာသုံးသောင်းခန့်)ချမှတ်ခဲ့သည့်အပြင်ကြားနာမှုအတွက်တရားစရိတ်ဆွစ်ဖရန့်၂၀၀၀ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း ယနေ့ထုတ် AFP သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည်ဇူလိုင်လအတွင်းက၂၀၁၄ကမ္ဘာဖလား ခြေစစ်ပွဲတွင် အိမ်ရှင် မြန်မာအသင်းက အိုမန်အသင်းအား ၂ ဂိုးပြတ်ရှုံးနိမ့်စဉ်မြန်မာပရိသတ်တချို့ကကွင်းအတွင်းခဲများ၊ရေဗူးများ၊သံချွန်များ၊ထီး၊ဖိနပ် အစရှိသည့်တို့နှင်ပစ်ပေါက်ခဲ့သည့်အတွက်ပွဲဖျက်သိမ်း ခဲ့ရသော အဖြစ်အပျက်နှင့် ပတ်သက်၍ FIFAက အရေးယူလိုက်ခြင်းဖြစ်သည်။
ထိုသို့ ပရိသတ်တချို့၏ ရမ်းကားမှုကြောင့် အိုမန်ဘောလုံးသမားများနှင့် နည်းပြတချို့ ထိခိုက် ဒဏ်ရာရကာ ပွဲကို ရပ်ဆိုင်းခဲ့ရပြီး FIFA မှ တာဝန်ရှိသူများက အိုမန်အသင်းအား အနိုင်ပေးခဲ့သည်။
အရေးယူမှုနှင့် ပတ်သက်၍ ဧရာဝတီမှ MFF သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

KIAနှင့်အစိုးရတိုက်ပွဲပိုမိုတိုးပွားလာ

သန်းထိုက်ဦး Friday, 30 September 2011 18:37
.အစိုးရတပ်နှင့်ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အကြားတိုက်ခိုက်မှုများရှမ်းနှင့်ကချင်ဒေသတွင်ပိုမို တိုးပွားလာကြောင်းKIAကပြောသည်။
တိုက်ပွဲများကကချင်ပြည်နယ်မိုးညှင်းမြို့ရှိငှက်ပျောတောကျေးရွာ၊မံစီမြို့အနီးအနားအထိ ဖြစ်ပွားလာနေကြောင်းကချင်လွတ်လပ်ရေးအဖွဲ့(KIO)တွဲဖက်အထွေထွေအတွင်းရေးမှူးဦးလနန်ကဧရာဝတီကို ပြောသည်။
ဇွန်လ၃၀ရက်နေ့တွင်သေဆုံးသွားသောစစ်ပြေးဒုက္ခသည်ကလေးတဦးကိုသဂြိုင်္လ်ရန်ဇူလိုင်၁ရက်နေ့က လိုင်ဇာဒေသတွင်ပြင်ဆင်နေသောမြင်ကွင်းတခု(ဓာတ်ပုံ-ဧရာဝတီ)
KIA၏အမှတ်၎တပ်မဟာလှုပ်ရှားခွင်ဖြစ်သည့်ရှမ်းပြည်နယ်၊မူဆယ်မြို့နယ်ရှိပန်ဆိုင်း၊တာမိုးညဲစသည့်ဒေသ များတွင်လည်းတိုက်ပွဲများဖြစ်ပွားနေကြောင်းဦးလနန်ကပြောသည်။
“တပ်မဟာ၎ဘက်မှာတော့တိုက်ပွဲဟာလုံးဝကျယ်ပြန့်သွားပြီးအစိုးရတပ်ဖွဲ့တွေရှိတဲ့နေရာတွေကိုကျနော်တို့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေကပြန်တိုက်နေကြတယ်” ဟုဦးလနန်ကဧရာဝတီကို ပြောသည်။
တပ်မဟာ၎ဒေသသည်စက်တင်ဘာလ ၂၃ ရက်နေ့မှစတင်၍ အပြင်းအထန်ထိုးစစ်ဆင်ခံရခြင်း ဖြစ်သည်။
ယမန်နေ့ကကချင်ပြည်နယ်လိုင်ဇာဒေသသို့ ဦးတည်လာသောအစိုးရတပ်တို့နှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ KIA ဒေသသီးသီးကို စစ်ရေးပြင်ဆင်မှု တိုးလာသည်ဟု ဆိုသည်။
“မြစ်ကြီးနားကနေပြီတော့ရွှေညောင်ပင်ဘက်ကိုသူတို့တပ်အင်အားဖြည့်တာရှိတယ်၊နောက်ပြီးတော့ မြစ်ကြီးနားကနေဧရာဝတီမြစ်လမ်းကြောင်းဆင်းပြီးတာလောကြီးဘက်က၀င်လာဖို့ရှိတယ်၊ဗန်းမော်မြို့ အနောက်ဘက်ခြမ်အဲဒီကနေလည်းတက်လာဖို့အစီအစဉ်ရှိတယ်၊ဒါကိုကြည့်ခြင်းအားဖြင့်သူတို့တပ် ဦးတည်လာတာကို စုလိုက်ရင် ကျနော်တို့ဘက်ကို ဖြစ်နေတယ်” ဟု ဦးလနန်က ရှင်းပြသည်။
KIA ဘက်ကလည်း ကြိုတင် ပြင်ဆင်ထားကြောင်း သူက ပြောသည်။
“လိုင်ဇာဒေသကိုဝင်လာမယ်ဆိုရင်ဒီဒေသတော့သူတို့အတွက်သတ်ကွင်းဖြစ်သွားပါလိမ့်မယ်၊သူတို့ သိမှာပါ။ ဒါကြောင့်မို့သူတို့ကအဝေးကနေလက်နက်ကြီးတွေကိုအားကိုးပြီးတော့ပစ်ကြမယ်လို့ထင်တယ်”ဟု ဦးလနန်က ဆိုသည်။
KIAကတိုက်ပွဲအခြေအနေများ၊၎င်းတို့၏သဘောထားများကိုသတင်းဌာနများသို့ပြောဆိုနေချိန်တွင်အစိုး ရက စစ်သတင်းကို အမှောင်ချထားသည်။
နှစ်ဖက် အကျအဆုံး စာရင်း၊ ထွက်ပြေးနေရသည့် ဒေသခံ အရေအတွက်တို့ကို မသိရှိရသေးပေ။

donderdag 29 september 2011

ပါတီမှတ်ပုံတင်ရေးထည့်သွင်းစဉ်းစားကြောင်းNLDပြော

ထွန်းထွန်း ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၃၅ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။အစိုးရအနေဖြင့်အပြောင်းအလဲများပြုလုပ်လာမည်ဆိုပါကပါတီတရားဝင်ရပ်တည်ရေး အတွက်မှတ်ပုံတင်သွားရန်ထည့်သွင်းစဉ်းစားထားကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပြောခွင့်ရ
ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
“အစိုးရရဲ့အပြောင်းအလဲကိုစောင့်နေပါတယ်။မှတ်ပုံတင်ရေး၊မတင်ရေးကကြိုတင်ဆုံးဖြတ်ချက်မရှိပါဘူး။ ကျနော်တို့အခြေအနေတခုပေါ်လာရင်တော့ဆုံးဖြတ်ဖို့အကြောင်းရှိပါတယ်။ဘယ်လိုအခြေအနေဆိုတာ
လောလောဆယ် ကျနော် မပြောနိုင်သေးပါဘူး” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
နိုဝင်ဘာရွေးကောက်ပွဲအပြီးလွှတ်တော်ရှိလာချိန်မှစ၍ ပါတီပြန်လည် မှတ်ပုံတင်ရေးနှင့် ပတ်သက်၍ ပါတီ
ခေါင်းဆောင်များအကြားဆွေးနွေးတိုင်ပင်မှုများရှိနေပြီးမည်သည့်ကိစ္စများပါဝင်သည်ကိုမူထုတ်ဖော် ပြောဆိုခြင်း မရှိပေ။
အစိုးရအနေဖြင့်အပြောင်းအလဲများပြုလုပ်လာမည်ဆိုပါကတရားဝင်ပါတီရပ်တည်ရေးအတွက် မှတ်ပုံတင်သွားရန်ထည့်သွင်းစဉ်းစားထားကြောင်းရှေ့နေကြီးဦးဉာဏ်ဝင်းပြော(မဇ္ဈိမ)
လက်ရှိ အစိုးရအနေဖြင့်ပြောင်းလဲမှုများပြုလုပ်နေပြီကိုလက်ခံထားကြောင်းနှင့်အရေးကြီးသည့် ပြုပြင်ပြောင်းလဲမှု များကိုမူ ဆောင်ရွက်ခြင်း မရှိသေးဟုNLDက ရှုမြင်ထားသည်။
“ဒါထူးခြားမှုပါပဲ။ဘာထူးခြားလဲဆိုတာကျနော်တို့မပြောနိုင်သေးပါဘူးဗျာ။ပြောနိုင်တဲ့အချိန် ပြောပေးပါမယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
NLDမှာ၁၉၉ဝရွေးကောက်ပွဲတွင်အမတ်နေရာ၈၂ရာခိုင်နှုန်းဖြင့်အနိုင်ရရှိခဲ့သော်လည်းအာဏာသိမ်းစစ်အ စိုးရမှလွှတ်တော်ခေါ်ယူခြင်း မရှိသည့်အပြင် ပါတီဝင်များအား ဖိနှိပ်ချုပ်ခြယ်မှုများ၊ ဖမ်းဆီးမှုများ ပြုလုပ်
ခဲ့သည်။
စစ်ဗိုလ်ချုပ်များစိတ်ကြိုက်ရေးဆွဲခဲ့သည်ဟုဆိုကြသည့်၂ဝဝ၈အခြေခံဥပဒေနှင့်၂ဝ၁ဝရွေးကောက်ပွဲ ဥပဒေများကိုမျှတမှုမရှိဟုဆိုကာNLDပါတီက၂ဝ၁ဝရွေးကောက်ပွဲဝင်ရန် ပါတီမှတ်ပုံတင်ခြင်းမပြုလုပ်ခဲ့ဘဲ တရားဝင် ပါတီဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သို့သော်NLDမှာပြန်လည်လျှောက်ထားခြင်းမရှိသည့်အတွက်တရားဝင်မှုပျက်ပြယ်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၄ ရက် နေ့တွင် ကြေညာခဲ့သည်။
ယင်းသို့ကြေညာအပြီးပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကဆက်လက်၍တရားဝင် ရပ်တည်ခွင့်ရှိကြောင်းအယူခံတင်သွင်းမှုများကိုယ်တိုင်လက်မှတ်ရေးထိုးကာတရားရုံးမှအဆင့်ဆင့် လျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။
“နိုင်ငံရေးဟာသူ့အချိန်အခါ၊အခြေအနေနဲ့လက်တွေ့ကျကျသုံးသပ်ဖို့လိုပါတယ်။ကျနော်တို့ မဆုံးဖြတ်ရသေး
ပါဘူး။ ကျနော်တို့ လက်တွေ့ကျကျ သုံးသပ်ပြီး ဆုံးဖြတ်သွားမှာပါ” ဟု ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဆိုသည်။
ယခုကဲ့သို့စဉ်းစားမှုနှင့်ပတ်သက်၍ပါတီထောက်ခံသူများအကြားသဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာနိုင်သော်လည်းပြည်သူ့အကျိုးအားလက်တွေ့ကျကျဆောင်ရွက်မည်ဖြစ်ကြောင်းနှင့်ပါတီ မှတ်ပုံတင် ဖြစ်ပါက အခြားသော ပါတီများနှင့်လည်း ပူးပေါင်း လုပ်ကိုင်သွားမည် ဖြစ်သည်။
မည်သည့်အချိန်တွင်ဆုံးဖြတ်ချက်ချနိုင်မည်ကိုမူမပြောဆိုနိုင်သေးသော်လည်း “ကျနော်တို့ကဆုံးဖြတ်ချက် ချပြီးရင် ချက်ချင်းလုပ်မှာပဲ” ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။
တိုက်ဆိုင်စွာပင် စက်တင်ဘာလ ၃ဝ ရက်နေ့ (သောကြာနေ့) တွင်လည်း ပါတီ အထွေထွေ အတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည်မှာ အစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
အစိုးရသစ်တက်လာပြီးတတိယကြိမ်မြောက်တွေ့ဆုံမှုကိုရန်ကုန်မြို့စိမ်းလဲ့ကန်သာဧည့်ဂေဟာတွင် နေ့လယ် ၁ နာရီ၌ ပြုလုပ်မည်ဖြစ်ကာ မည်သည့်ကိစ္စများ ဆွေးနွေးသွားမည်ကိုမူ မသိရသေးပေ။
“အရင်တွေ့ဆုံပွဲတွေရဲ့အဆက်ပဲဖြစ်ပါလိမ့်မယ်။ကျနော်တို့အမျိုးသားရင်ကြားစေ့ရေးအတွက်ခြေလှမ်းလှမ်း နိုင် မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။
သြဂုတ်လ ၁၂ ရက်နေ့ နောက်ဆုံးတွေ့ဆုံခဲ့ရာတွင်မူ “တိုင်းပြည်တည်ငြိမ်ရေးအတွက် အစိုးရနှင့် ပူးပေါင်း
ဆောင်ရွက်ရေး”၊ “ဒီမိုကရေစီထွန်းကားရေးနှင့် စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ဖွံ့ဖြိုးစေရန် အပြုသဘော ပူးပေါင်းရေး”များ ဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် “အပြန်အလှန်ကူညီသောပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရန်”နှင့် “တွေ့ဆုံမှုများ ဆက်လက်ပြုလုပ်သွားရန်”ကိစ္စများကိုပါ ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံမှုအပြီး ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေငြာချက်၌ ပါရှိသည်။
ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးအဖြစ်၂ဝဝ၇အောက်တိုဘာတွင်းက ခန့်အပ်ခဲ့ခြင်းဖြစ်ကာယနေ့ အချိန်အထိ ၁၁ ကြိမ်မြောက် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။