မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 16 december 2009

သရော်စာဆရာ အီကြာကွေးကွယ်လွန်

တက်လူ/ ၁၆ ဒီဇင်ဘာ ၂၀၀၉

သောကြာစာစောင်တွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော စာရေးဆရာဂုရုကြီး အီကြာကွေး အသက် (၇၂) နှစ်သည် ယမန်နေ့ ညနေက ရန်ကုန်ဆေးရုံကြီးတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ကြောင်း မိသားစုဝင်တဦးက ပြောသည်။
စာစတင်ရေးသားစဉ်ကစ၍ စာပေလုပ်ငန်းများတွင်သာ တစိုက်မတ်မတ် အခြေချလုပ်ကိုင်ခဲ့ပြီး စာရေးခြင်းသက်သက်ဖြင့် ဘ၀ရပ်တည်ခဲ့ကာ အိမ်ထောင်မပြုဘဲ လူပျိုကြီးဘ၀ဖြင့် နေထိုင်ခဲ့သူဖြစ်သည်။
၎င်းနေထိုင်သော တောင်ဥက္ကလာပ (၁၂ ) ရပ်ကွက်ရှိ နေအိမ်နှင့်ခြံဝင်းကို ကြိုတင်လှူဒါန်း ထားပြီးဖြစ်ကြောင်း စာပေအသိုင်းအ၀ိုင်းနှင့် နီးစပ်သူများက ပြောသည်။ မည်သည့်အဖွဲ့သို့  လှူထားသည်ကိုမူ ပြောဆိုနိုင်သူ မရှိသေးပေ။
ဆရာကြီး အီကြာကွေး ကွယ်လွန်ခြင်းအပေါ် ကာတွန်းဆရာအော်ပီကျယ်က “သရော်စာတွေ ရေးသားမှု အားအကောင်းဆုံး စာရေးဆရာကြီးတယောက် ဖြစ်တဲ့အတွက် စာပေလောကအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုတခုပါပဲ” ဟု ပြောသည်။
၁၉၆၉ ခုနှစ်တွင် တောင်ဥက္ကလာပမြို့နယ် ကဗျာကလာပ်စည်း၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ပစ္စက္ခ ကဗျာများနှင့် ပဲ့တင်သံကဗျာများ စုပေါင်းကဗျာစာအုပ် (၂) အုပ် ထုတ်ခဲ့ကာ ၁၉၅၇ ခုနှစ်ကစ၍ အမည်ပွားခဲ့သော အီကြာကွေး ကလောင်အမည်ဖြင့် နောင်တစ်ခါ မေးရင် ဖြေလိုက်မယ်ဝတ္ထုတိုကို ရုရှဘာသာသို့ ပြန်ဆိုခြင်းခံခဲ့ရပြီးနောက် အီကြာကွေးအမည်ဖြင့် လုံးချင်း အုပ် (၂ဝ) ရေးသားခဲ့သည်။
ဆရာကြီးသည် (ဓနုဖြူ) ကျော်ထွန်း အမည်ဖြင့် ကဗျာ (၁,၂ဝဝ) ကျော်၊ ဝတ္ထုတို (၈ဝ) ကျော်၊ မဂ္ဂဇင်း ဝတ္ထုရှည် (၃) ပုဒ်နှင့် ပီမိုးနင်း၏ ဝတ္ထုတို အတတ်ပညာ စာပေကျမ်း တကျမ်းကို ပြုစုခဲ့ကြောင်း၊ လက်သင်စ ကဗျာရှင်များအတွက် လမ်းညွှန်နည်းပြ မဂ္ဂဇင်းတွင် ကဗျာ့ ပွဲခင်းသာ ကဏ္ဍကို နှစ်ပေါင်း သုံးဆယ်ကျော် လစဉ်မပျက် တာဝန်ယူ ရေးသားခဲ့ကြောင်း၊ သောကြာ စာစောင်တွင်လည်း ကဗျာ့ ပွဲခင်းသာ ကဏ္ဍကို ဆက်လက်ရေးသားခဲ့ရာ (၃) နှစ် သက်တမ်း ရှိပြီဖြစ်ကြောင်းသိရသည်။
ဆရာကြီးသည် (ဓနုဖြူ) ကျော်ထွန်း အမည်ဖြင့် ရေးသားခဲ့သော ခွပ်လိုက်ကြစို့သူငယ်ချင်း ကဏ္ဍအကြောင်းများနှင့် လက်ရှိရေးသားနေသော သက်ရှိထင်ရှားရေးဖော်များ စသောဆောင်းပါးများဖြင့် ဘ၀တူစာပေလောကသား အချို့အကြောင်း တစေ့တစောင်းပုံဖော်ခဲ့သူဖြစ်ကာ ဓန၊ မြန်မာ့ဓန မဂ္ဂဇင်းများတွင် ရယ်စရာတွေးစရာအဖြစ် ၀တ္ထုဆိုရမည့်စာများ ပင်တိုင်ရေးသားခဲ့သည်ဟု စာရေးဆရာ အီကြာကွေး ခေါ် (ဓနုဖြူ) ကျော်ထွန်း၏ အတ္ထုပ္ပတ္တိ အကျဉ်းကိုကိုးကား၍သိရှိရသည်။
ဆရာကြီးကို ၁၉၃၈ ခုနှစ်တွင် ဓနုဖြူမြို့ မင်းပိုင်ရပ်၌ အဖ ဦးမောင်နှစ်၊ အမိ ဒေါ်ညွန့်မေတို့က မွေးဖွားခဲ့ကာ မွေးချင်းမောင်နှမ မရှိသော တဦးတည်းသားဖြစ်သည်။ အမည်ရင်းမှာ ကိုကျော်ထွန်း ဖြစ်၍ မူလ ကလောင်အမည် (ဓနုဖြူ) ကျော်ထွန်းဖြစ်ပြီး ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလတွင် စာပေများကို စတင်ရေးသားခဲ့ရာ စာရေးသက် အနှစ် (၅၀) ကျော်ရှိခဲ့သူ ဖြစ်သည်။
ဆရာကြီး၏ အသုဘ ဈာပနကို ဒီဇင်ဘာ (၁၇) ရက်နေ့  ညနေ (၂) နာရီတွင် ရေဝေးသုသာန်တွင် မီးသင်္ဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။

Geen opmerkingen: