မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 20 januari 2010

လျှပ်စစ်မီး ရရှိမှုအခြေအနေ ဆိုးရွား

မျိုးဝင်းဇော်/ ၂၀ ဇန်န၀ါရီ ၂ဝ၁ဝ

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့အတွင်း လျှပ်စစ်မီး ရရှိမှုအခြေအနေ ဆိုးရွားနေကြောင်း မြို့လယ်နေထိုင်သူများက ပြောပြကြသည်။
ရန်ကုန်မြို့မီးမလာသည်မှာ အဆန်းမဟုတ်သော်လည်း ယခုအခါ ပုံမှန်မီးမရရှိတော့ဘဲ (၁) ရက်လျှင် နာရီအနည်းငယ်သာ ရသည့်အတွက် ရန်ကုန်မြို့လယ်တွင် မီးစက်သံများဖြင့် ဆူညံနေကြောင်း မြို့ခံများက ပြောသည်။
ရန်ကုန်မြို့ (၃၇) လမ်းတွင်နေထိုင်သူတဦးက “အခု (၁ဝ) ရက်ကျော်ပြီ။ မီးအရမ်းပျက်တယ်။ အရင် အလှည့်ကျစနစ် အတိုင်းလည်း မဟုတ်တော့ဘူး။ ခုဆို (၁) ရက်ကို ညဘက်မှာပဲ (၆) နာရီ (၇) နာရီ လောက်ရတယ်။ နေ့ဘက်ကတော့ လာချိန်လည်း မလာဘူး၊ မလာချိန်လည်း မလာဘူး။ တခါတရံ လာချိန်မှာ ခဏလာပြီး ပြန်ပြန်ပျက်သွားတာမျိုး တရက်ကို (၁၀) ကြိမ်အထက် ဖြစ်နေတယ်” ဟု ပြောသည်။
ရန်ကုန်မြို့တွင်း စီးတီးတက္ကစီ မောင်းသူတဦးကလည်း နေ့ခင်းပိုင်းတွင် မြို့လယ် ဧရိယာတဝိုက် ဆူးလေ မီးပွိုင့်ကလွဲ၍ မီးပွိုင့်အားလုံး ပျက်နေတတ်၍ ကိုယ့်ဖာသာကိုယ် သတိကြီးစွာထားပြီးမောင်းနေရကာ ယာဉ်ထိန်းရဲက စနစ်တကျ ကြပ်မတ်ခြင်းမျိုး မရှိသဖြင့် ကားအချင်းချင်း မကြာခဏ ညိကြ၊ ချိတ်ကြသည်ကို မြင်ရကြောင်း ပြောသည်။
ထို့အပြင် မီးပျက်များသည့်အတွက် ဂက်စ်ဖြည့်သည့်ဆိုင် အားလုံး အသုံးမပြုနိုင်ဘဲ မီးစက်ရှိသည့် ဆိုင်အချို့တွင်သာ ဂက်စ် ထည့်ရသည့်အတွက် တန်းစီချိန် အနည်းဆုံး (၁) နာရီခန့် အချိန်ပိုပေးရကြောင်း ပြောသည်။
ရန်ကုန်မြို့မှ စီးပွားရေးသမားများက လျှပ်စစ်မီးပျက်မှုကို မည်သူမှ အရေးတယူမလုပ်ကြသော်လည်း မီးစက်အသုံးပြုချိန် များခြင်း၊ ဓာတ်ဆီ ဒီဇယ်ဆီဈေး မြင့်တက်ခြင်းတို့ကြောင့် ငွေကုန်ကြေးကျ များလာသဖြင့် ညည်းညူနေကြသည်။
ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ် မိုးရာသီ သြဂုတ်လမှ နိုဝင်ဘာလအထိသာ မီးမှန်မှန်ရရှိကာ ဒီဇင်ဘာမှစကာ အချိန်ပိုင်းနှင့်မီးပေးနေပြီး တနေ့လျှင် (၁၆) နာရီခန့် မီးလာရမည်ဖြစ်သော်လည်း နောက်ပိုင်း တနေ့ (၆) နာရီ (၇) နာရီခန့်သာ ရရှိပြီး ညဘက်တွင်ပင် မှန်မှန်မီးမလာသည့်အခြေအနေ ဖြစ်လာသည်။
ဂက်စ်မရသည့်အတွက် ဂက်စ်တာဘိုင်များ မလည်နိုင်ဖြစ်ပြီး မီးမပေးနိုင်ခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ် လျှပ်စစ်ဓာတ်အားပေးဌာနက ပြောသည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စက်တပ်ဆင်မှုပမာဏ တိုးတက်မလာခြင်း၊ ထုတ်လုပ်မှု တိုးတက်မလာခြင်း၊ ရန်ကုန်သို့ ဂက်စ်ပေးပို့မှု လုံလောက်မှုမရှိခြင်း၊ နေပြည်တော်တွင် လျှပ်စစ် အလွန်အကျွံ အသုံးပြုနေခြင်း စသည့်အချက်များကြောင့် ရန်ကုန်တွင် လျှပ်စစ်မီးရရှိမှု တနေ့တခြား ပိုဆိုးလာရခြင်းဖြစ်ကြောင်း ဗိုလ်တစ်ထောင်မြို့နယ်မှ လျှပ်စစ်ဝန်ထမ်းဟောင်းကြီး တဦးက ရှင်းပြသည်။
နအဖစစ်အစိုးရကမူ ယခုနှစ် ဒီဇင်ဘာတွင် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ တာဘိုင် (၄) လုံး စလည်မည်၊ ၂ဝ၁ဝ ရန်ကုန်တွင် (၂၄) နာရီ မီးလင်းစေရမည် စသဖြင့် ဝါဒဖြန့် ကြွေးကြော်လျက်ရှိသည်။

Geen opmerkingen: