ဧရာဝတီ Tuesday, 23 November 2010 13:50 အင်တာဗျူး
.မဖြူဖြူသင်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှု အထောက်အကူပြု အဖွဲ့ဝင်တဦး ဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ် ဝန်းကျင်မှ စ၍ HIV/AIDS ဝေဒနာရှင်များကို စောင့်ရှောက် ခဲ့သူဖြစ်သည်။ ယခုအခါ ၎င်းစောင့်ရှောက်ထားသော ဝေဒနာရှင်၈၀ကျော်တို့မှာ ရန်ကုန်မြို့ တောင်ဒဂုံရှိ အိမ်တအိမ်တွင် နေထိုင်လျက်ရှိသည်။လွန်ခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့က အဆိုပါ လူနာများထံသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးခဲ့ပြီး နောက်တနေ့တွင် အာဏာ ပိုင်များက လူနာ ၅၀ ကျော်ကို သာကေတရှိ ဆေးရုံတရုံသို့ပြောင်းရွှေ့ရန်ဖိအားပေးပြောဆိုခဲ့ပြီးထိုလူနာများအတွက်ဧည့်စာရင်း တိုင်ခွင့်မပေးတော့ကြောင်း သိရသည်။
မေး။ ။ မဖြူဖြူသင်းတို့ စောင့်ရှောက်ထားတဲ့HIVလူနာတွေကိုဖိအားပေးပြောင်းရွှေ့ခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေ ထပ်ထူးခြားပါသေးလဲ။
ဖြေ။ ။ မထူးခြားသေးဘူး။ မထူးခြားဘူး ဆိုတာက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ လူနာတွေက ဧည့်စာရင်း တိုင်ပြီး နေပိုင်ခွင့်ရှိတယ်။ ဒါ နိုင်ငံသား အခွင့်အရေးဖြစ်တယ်။ ဒါက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လက်မှတ် ရေးထိုးထားတဲ့ နိုင်ငံသား အခွင့်အရေးပဲ။ အဲဒီတော့ နေပိုင်ခွင့်ဆိုတာ ရှိပြီးသား ဖြစ်တယ်။ အဲဒါကို ကျမတို့ လူနာ တဦးက ရပ်ကွက်ရုံးကို စာရေးပြီး သွားတင်ထားတယ်။ ဒါပေမယ့် လက်မခံဘူးလို့ ပြောတယ်။ ဘာကြောင့်လဲ ဆိုတော့ နိုဝင်ဘာ ၂၅ ရက်နေ့အထိ နောက်ဆုံးပိတ် သတ်မှတ်ထားတဲ့ အတွက် ၂၅ မှာ ဘာဖြစ်မယ်ဆိုတာ သိပြီးမှ သူတို့ ဆုံးဖြတ်မယ်တဲ့။
မေး။ ။ အဲဒါဆို ၂၅ ရက်နေ့ အပြီးရွှေ့ရမှာလား။
ဖြေ။ ။ ရွှေ့တော့ မရွှေ့ပေးဘူး။ ဒါပေမယ့် ခြိမ်းခြောက်ထားတယ်။ ၂၅ ရက်နေ့ နောက်ပိုင်းဆိုရင် ဖမ်းဆီး အရေးယူ ခံရနိုင်တယ် ဆိုပြီး ပြောတယ်။
မေး။ ။ လူနာတွေကို ပြောင်းရွှေ့ဖို့ ဘယ်လို လာပြောတာလဲ။
ဖြေ။ ။ ဆေးရုံမှာ နေဖို့ ထိုင်ဖို့ လူနာတွေအတွက် အကုန်စီစဉ် ပေးထားတယ်ပေါ့၊ အစိုးရပိုင်းက စီစဉ်ထားတာ ရှိတယ်ဆိုပြီး ပြောတာ။ အဲဒီ သာကေတက ဆေးရုံ တရုံလုံးမှာ လူနာ ၆ ယောက်ပဲ ရှိတယ်လို့ ပြောသံကြားတယ်။ ဒါပေမယ့် သူတို့က ခြိမ်းခြောက်ပြီးတော့ ဆေးရုံကို ရွှေ့ကို ရွှေ့ရမယ်ဆိုပြီး ပြောတာပေါ့နော်။ ဒီမှာလည်း ဆက်နေဖို့ မပေးတော့ဘူးလို့ ပြောတယ်။ ဒါပေမယ့် လူနာတွေက မသွားချင်ကြဘူး။ လူနာတွေက ဒီမှာပဲ နေချင်ကြတယ်။ ဒါကလည်း သူတို့ နေချင်တဲ့နေရာမှာ နေပိုင်ခွင့် ရှိပြီးသားလေ။ လောလောဆယ်မှာတော့ အကုန်လုံး ပြောင်းဖို့ အစီအစဉ်တော့ မရှိသေးဘူးပေါ့နော်။
နောက်တခါ ရပ်ကွက်ထဲမှာ ဒီလိုမထားသင့်ဘူး၊ ဒါဟာ ကူးစက် ရောဂါဖြစ်တယ်ဆိုပြီး ရပ်ကွက်ထဲက လူတွေကိုလည်း လက်မှတ်လိုက်ထိုးခိုင်းတယ်။ ဒါပေမယ့် ရပ်ကွက်ထဲက ပြည်သူလူထုက မနာခံဘူး၊ လက်မှတ် မထိုးပေးကြဘူး။
မေး။ ။ ပြောင်းရွှေ့ရမယ့် ဆေးရုံအခြေအနေကို သွားကြည့်တော့ကော ဘယ်လိုတွေ့ရလဲ။
ဖြေ။ ။ အဲဒီမှာ လူနာကတော့ ၆ ယောက်ပဲ ရှိတာပေါ့နော်။ လူနာတွေကို အသားပေးမယ် ပြောတယ်။ တနေ့စာ ဘယ်လောက်ပေါ့။ ကိုယ့်ဟာကိုယ် ချက်ပြုတ်စား ပေါ့နော်။ ရေတွေဘာတွေတော့ ဝယ်သောက်ရတယ်။ တကယ်က ပေးတဲ့ အသားကလည်း သိပ်မရှိပါဘူး။ စေတနာ အမှန်နဲ့ လူနာကို ကူညီချင်တာမဟုတ်ဘဲနဲ့ မဖြစ်နိုင်ဘူးလေ။ အဲဒါတွေ သိတဲ့ အခါကျတော့ လူနာတွေ တော်တော်များများက မသွားချင်ကြတာ။ သူတို့ မသွားနိုင်ဘူးပဲ ပြောကြတယ်။
မေး။ ။ အခုလိုမျိုး လာပြောင်းရွှေ့ခိုင်းတာ၊ ရပ်ကွက်က လူတွေကို လက်မှတ်ထိုးခိုင်းတာ ဘယ်တုန်းကလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည် လူနာတွေကို လာကြည့်တာက ၁၇ ရက်နေ့က၊ သူတို့ ဒီစာကို ထုတ်တာက ၁၈ ရက်နေ့၊ ၁၉ ရက်နေ့ကျတော့ ရပ်ကွက်ထဲမှာ လက်မှတ် လာထိုးခိုင်းတယ်။
မေး။ ။ အရင်တုန်းကကော အခုလို လူနာတွေကို နှောင့်ယှက်တာတို့၊ ရွှေ့ခိုင်းတာတို့၊ လာပြီး ကြည့်ရှုတာမျိုး ရှိခဲ့လား၊ ကူးစက်ရောဂါ ပြန့်ပွား နိုင်တယ်လို့ လာပြောတာမျိုးကော ရှိပါသလား။
ဖြေ။ ။ အရင်တုန်းကလည်း လုပ်ခဲ့တာရှိတယ်။ အဲဒါဘာလဲဆိုတော့ အိမ်ငှား နေခဲ့တာဆိုတော့ အိမ်ရှင်ကို ဒီလူနာတွေ ဒီအတိုင်းထားရင် ဖမ်းမယ် ဆီးမယ် ဆိုတာမျိုးပေါ့။ အဲဒီလို လုပ်တဲ့ အခါကျတော့ အိမ်ရှင်တွေ ထွက်ပြေး ရတာမျိုး ကြုံဖူးတယ်။ အိမ်ရှင်က ဒီ လူနာတွေကို ထားချင်တယ်။
အဲဒီလိုအိမ်ရှင်ကိုဒုက္ခပေးတာမျိုးရှိလာတော့ကျမတို့ပဲပြောင်းရွှေ့ပေးလိုက်ရတယ်။တချို့ နေရာမှာဆိုလည်း အိမ်ရှင်နဲ့ စာချုပ်၆လချုပ်တယ်ဆိုရင်၃လ၊၄လလောက်နေပြီးပြီဆိုရင်အတင်းဖိအားပေးပြီး ပြောင်းရွှေ့ခိုင်းတယ်။အိမ်ရှင်ကတော့ဘယ်ပြောင်းစေချင်မလဲ။ သူတို့ကစေတနာရှိတယ်လေ။ ထားချင်တယ်။ဒါပေမယ့်အတင်းဖိအားပေးတဲ့အခါမှာကျတော့သူတို့ဘက်ကလာပြီး တောင်းတောင်းပန်ပန်နဲ့ သူတို့က မပြောင်းစေချင်ပါဘူး၊ ဒါပေမယ့် ဒီလိုဒီလို ဖြစ်လို့ပါဆိုပြီး လာပြောကြရတယ်လေ။ အဲဒီလိုမျိုးဆိုတော့လည်း ကျမတို့က အိမ်ရှင်ကို ဒုက္ခမရောက်စေချင်ဘူးပေါ့။ အိမ်ရှင် ဒုက္ခရောက်မှာမို့ ပြောင်းပေး လိုက်ရတာမျိုးတွေ ရှိတယ်။ နောက်တခါ လူနာတွေကို အတင်းကို ဆေးရုံပေါ် တင်လိုက်တာမျိုး လုပ်တယ်။ သက်ဆိုင်ရာက ခေါ်တင်ခိုင်းတယ် ဘာညာဆိုပြီး ဆွဲတင်သွားတာပဲ။ အဲဒီလိုမျိုး ခဏ ခဏ ကြုံဖူးတယ်။
အခု အိမ်ကတော့ ငှားတာ မဟုတ်ဘူး။ ကိုယ်ပိုင် အိမ်ဖြစ်နေတယ်။ ဒီတော့ အိမ်ရှင်ကိုလည်း ပြဿနာ ရှာလို့မရတော့ လူနာတွေကို ခြိမ်းခြောက်တာပေါ့။ လူနာတွေကတော့ ခြိမ်းခြောက်ပေမယ့်လည်း ဒီမှာပဲ နေမယ်ဆိုတာမျိုးပဲ ပြောနေတာပေါ့။
မေး။ ။ အဲဒီလို လူနာတွေကို ဆေးရုံ တက်ခိုင်းတဲ့ အခါမှာ လူနာတွေအတွက်ကော ပိုပြီး အဆင်ပြေလား။ ဆေး ရရှိမှု အခြေအနေက အစပေါ့။
ဖြေ။ ။ အဲဒါပြောစရာရှိတယ်။ စက်တင်ဘာတော်လှန်ရေး ဖြစ်တော့ ကျမ မရှိဘူး။ သံဃာတွေ ဖမ်းဟယ် ဆီးဟယ် လုပ်ကြရော။ အဲဒီအချိန် ဘုန်းကြီးကျောင်းတွေမှာ လူနာတွေရှိနေတယ်။ အဲဒီက အမျိုးသား တယောက် အမျိုးသမီး တယောက်ကို ဆေးရုံ တင်လိုက်တယ်။ ဆေးရုံရောက်တော့ တာဝန်မယူနိုင် ပါဘူး ဆိုပြီးတော့ ချက်ချင်းပဲ ညတွင်းချင်း ကားစီစဉ်ပြီး သူတို့ရွာကို ပြန်ပို့လိုက်တယ်။ ရွာလည်း ပြန်ရောက်ရော သိပ်မကြာခင် သေဆုံးသွားကြတယ်။ အဲဒီလိုမျိုးတွေ ရှိခဲ့ဖူးတယ်။ လူနာတွေ အနေအထားက ပြန်လာလို့လည်း မလွယ်ဘူး။ တော်တော်လေး ကျန်းမာရေး အခြေအနေက ဆိုးနေတော့ ပြန်မလာ နိုင်တော့ဘူးပေါ့။ သူတို့ဆီ ရောက်သွားရင်တော့ အဆင်ပြေသွားတယ်ဆိုတာ မကြုံဖူးဘူး။ အဆင်ပြေ သွားတာတွေ မရှိဘူး။
မေး။ ။ အဲဒီလို အဖြစ်အပျက်တွေကို လူနာတွေက သေသေချာချာ သိလား။
ဖြေ။ ။ သိတယ်။ လူနာတွေ တော်တော်များများ ကတော့ အကုန်လုံး အပ်ကအစ ဝယ်ရတာလေ။ အားလုံး သူတို့ဆီမှာ ဘာမှ အလကား ရတာမရှိဘူး။ အဲဒီတော့ အခု လူနာတွေက သူတို့ကို အကုန်လုံးက အဲဒီလိုမျိုးကြီး ကူညီပေးမယ်၊ ဘာလုပ်ပေးမယ် ဆိုတဲ့ဟာမျိုးကို လုံးဝ မယုံကြည်ကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ကိုယ်တိုင်က ဒါမျိုးတွေကို ကြုံခဲ့ပြီးပြီလေ။ လူနာတော်တော်များများက ဆေးရုံက ဆင်းခဲ့ကြတဲ့ သူတွေချည်းပဲ။ သူတို့ကိုယ်တိုင်က ဒီလိုအတွေ့အကြုံ မျိုးတွေ ရှိတဲ့ အခါကျတော့ သူတို့ဘယ်လိုပဲ ကောင်းအောင် လုပ်ပေးမယ်ပြောပြော သူတို့မယုံကြည်ကြဘူး။ ကျမ အနေနဲ့ကလည်း သူတို့ကို ပြောပါတယ်။ အဆင်ပြေမယ်ဆိုရင် သွားပေါ့။ ဒါပေမယ့် ကျမကလည်း အဆင်မပြေမယ့် နေရာမျိုးကို သိပ်ပြီး မထိုးထည့် ချင်ဘူး။ လူနာတွေ ဒုက္ခရောက်တာမျိုး တွေကိုတော့ မဖြစ်စေချင်ဘူး။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကလည်း ဘယ်သူမှ မသွားချင်ဘူး။ သူတို့ကလည်း တော်တော်လေး သိနေကြတယ်။
မေး။ ။ လူနာတွေက အဲဒီလို အစိုးရရဲ့ ဆေးရုံကို မသွားချင်တဲ့ အကြောင်းရင်းက မယုံကြည်တာ တခုပဲလား၊ တခြား အကြောင်းတွေ ဘာရှိသေးလဲ။
ဖြေ။ ။ အဲဒါတော့ အကြောင်းစုံ ရှိတာပေါ့နော်။ လူနာတွေက ကျမတို့တွေထားတဲ့ ပုံစံကတော့ သီးသန့်ကြီး မဟုတ်ဘူးပေါ့။ ဟိုသပ်သပ်၊ ဒီသပ်သပ် မဟုတ်ဘူးပေါ့နော်။ အားလုံးက တစုတဝေးတည်း၊ အကုန်လုံးက တကယ့်ကို ညီအစ်ကို မောင်နှမလို နေကြတာ။ အဲဒီလို နေကြတဲ့ အခါကျတော့ သူတို့က အဲဒီအပေါ်မှာ နှစ်သက်တယ်နဲ့ တူပါတယ်။ ခံစားရတယ်နဲ့ တူပါတယ်။ ကျမတို့ ကိုယ်တိုင်ကိုက လူနာတွေနဲ့ နေတဲ့အခါမှာ တကယ့်ကို ပွင့်ပွင့်လင်းလင်းနဲ့ ပြောစရာရှိရင် ပြောတာပဲ။ ပြောရမယ် ဆိုရင်တော့ သူတို့ မိသားစု ကိစ္စကအစ၊ သူတို့ ခံစားချက်ကအစ နားထောင် ပေးတယ်။ တတ်နိုင်သလောက် ဝိုင်းဖြေရှင်းပေးတယ်။ ကိုယ်လုပ်ပေးနိုင်တာ လေးတွေပေါ့နော်။ သူတို့ ကိုယ်တိုင်က ယုံလည်း ယုံကြည်တယ်။ အဲဒါတွေလည်း ပါတာပေါ့။
ဒီမှာတွေ့ရတာတော့လူနာတွေရဲ့အခက်အခဲတွေတော်တော်များများ၊စီးပွားရေး အခြေအနေတွေဘာတွေကအစ သူတို့ ရင်ဖွင့်ကြတယ်။စီးပွားရေးမဆင်မပြေဘဲနဲ့ လာတဲ့လူ များတယ်လေ။ အဲဒီလိုမျိုးတွေကို ကျမတို့ အကုန် နားထောင်ပေး ရတာကိုး။
မေး။ ။ မဖြူဖြူသင်းတို့ဆီမှာ လူနာက ဘယ်နှယောက် ရှိနေပြီလဲ။
ဖြေ။ ။ အားလုံး ၁၀၀ ကျော်တယ်။ နေရေးထိုင်ရေးကတော့ သိပ် အဆင်တော့ မပြေဘူး။ ဒါပေမယ့် ဖြစ်တာတော့ ဖြစ်ပါတယ်။
မေး။ ။ အခုလိုမျိုး လူနာတွေကို ရုတ်တရက် လာရွှေ့ခိုင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မဖြူဖြူသင်း အနေနဲ့ ဘယ်လို ထင်လဲ။ ဘာကြောင့်မို့လို့ အခုလို လာရွှေ့ခိုင်းတယ်လို့ ထင်လဲ။
ဖြေ။ ။ ဘာကြောင့် အခုလို ရုတ်တရက် လာရွှေ့ခိုင်းတာလဲ ဆိုတော့ တိုက်ဆိုင်မှုတခုလို့ပဲ ဆိုရမှာပေါ့။ ကျမတို့က ဒီလိုကိစ္စမျိုးတွေ မကြာခဏ ကြုံတွေနေရတာပဲလေ။ ဒါပေမယ့် အခုနေရာကျတော့ တမျိုးပေါ့နော်။ အခု ကတော့ ဒေါ်အောင်ဆန်းစုကြည်က ၁၇ ရက်နေ့ကလာတယ်။ ၁၈ ရက်နေ့မှာ သူတို့စာထုတ်တယ်။ ကျမ မြင်တာကတော့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက သူတို့လုပ်ပိုင်ခွင့်ရှိတယ်၊ သူတို့လုပ်နိုင်တယ်ဆိုပြီး အာဏာကို အလွဲသုံးစား လုပ်တယ်လို့ မြင်တာပေါ့။
ကျမရဲ့ အမြင်ကတော့ ပြည်သူလူထုအပေါ်မှာ ဘာပဲပြောပြော ဖိအားပေးစရာ မလိုဘူးပေါ့နော်။ အဓိကက သူတို့မှာ ဒီရောဂါရှိတော့ ပိုပြီးအားငယ်တာပေါ့။ အားငယ်နေတဲ့ လူတွေကို ကူညီဖို့လိုပါတယ်။ ပူးပေါင်း ဆောင်ရွက်ဖို့လိုပါတယ်။ကျမအနေနဲ့NGOsနဲ့ပဲဖြစ်ဖြစ်အစိုးရပိုင်းနဲ့ပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ အဲဒီလို ပူးပေါင်း ဆောင်ရွက်တဲ့ နေရာမှာလည်း စေတနာ မှန်ဖို့လိုပါတယ်။ အခုဟာက ကျမမြင်တာတော့ စေတနာလုံးဝ မမှန်ဘူး။ နောက်တခုက ကျတော့ ဒီလူနာကို ကူညီရမယ် နှစ်သိမ့်ရမယ် အားပေးရမယ် ဆိုတာထက် သူတို့က ခြိမ်းခြောက်မှုနဲ့ သူတို့က အာဏာရှင်၊ ငါတို့ လုပ်ချင်တာ လုပ်လို့ရတယ် ဆိုတဲ့ ပုံစံမျိုးပေါ့။ အဲဒါကတော့ အာဏာရှင် ဆန်ဆန် လုပ်တယ်ဆိုတဲ့ သဘောတွေ့ရတယ်။
မေး။ ။ အဲဒီတော့ ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ကော သိပြီးပါပြီလား။ သူက ဘယ်လို ထင်မြင်ချက်တွေ ပေးသေးလဲ။
ဖြေ။ ။ သိတယ်၊ အကုန်သိပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျမတို့က တရားဥပဒေအရ ရင်ဆိုင်ဖို့ အားလုံး စီစဉ် ပြီးသားပါ။
အန်တီကတော့ လူနာတွေ အတွက်ကို တော်တော် စိတ်မကောင်းဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ လူနာတွေအတွက် အများကြီး မျှော်လင့်ထားတယ်။ အများကြီး လုပ်ပေးမယ်ဆိုတဲ့ အစီအစဉ်ရှိတယ်။ လူနာတွေရဲ့နေရေးထိုင်ရေးကိစ္စကအစသူအများကြီးကြိုးစားပေးပါ့မယ်ဆိုတာကိုလူနာတွေကို ပြောခဲ့တယ်လေ။ဆေးဝါးတွေရရှိဖို့တတ်နိုင်သလောက် သူ့အနေနဲ့အစစအရာရာကြိုးစားသွားမယ်လို့လည်း ပြောခဲ့တယ်။ အဲဒီလိုမျိုး သူက ကြိုးစားမယ်ဆိုပြီး အင်အား တက်ကြွပြီး ပြောထားတဲ့ အချိန်မှာမှ လူနာတွေကို နှင်ထုတ်လိုက်တယ် ဆိုတော့ သူ တော်တော်လေး စိတ်မကောင်း ဖြစ်တာပေါ့။
အန်တီ့ကိုတွေ့တော့ လူနာတွေအားလုံးကလည်း အရမ်းကို တက်ကြွနေကြတာ ပေါ့နော်။ အကုန်လုံး ဝမ်းသာတာပေါ့။ အန်တီ့ကို သူတို့က မျှော်လင့်နေကြတယ်။ လူနာတွေ အနေနဲ့ အများကြီး မျှော်လင့်ကြတယ်။ အားလည်း ကိုးကြတယ်။
မေး။ ။ တကယ်လို့ သူတို့ဘက်က မရွှေ့မနေရ အတင်းအကျပ် ရွှေ့ခိုင်းရင် မဖြူဖြူသင်းတို့ဘက်က ဘာလုပ်လို့ရမလဲ။
ဖြေ။ ။ ကျမတို့ဘက်က ဘာလုပ်မလဲဆိုတော့ အစစအရာရာ ပြင်ဆင်ထားတယ်လေ။ ဥပဒေကြောင်း အရ ပြင်ဆင် ထားတယ်။ အတင်းအကျပ် လုပ်လာမယ်ဆိုရင် ကျမ လူနာတွေကို လုံးဝ အထိအခိုက် ခံမှာမဟုတ်ဘူး။ သူတို့အနေနဲ့ လူနာတွေ အပေါ်မှာ အဓမ္မလုပ်ရင် ကျမ လုံးဝ လက်မခံဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ဒီလို မတရားလုပ်ခဲ့တာတွေ တလျှောက်လုံး ကျမ ကြုံခဲ့ရပြီးပြီ။ ကြုံခဲ့တဲ့တလျှောက်လုံး ကျမတို့တွေက လူနာရှင် ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြီး လူနာတွေ ထိခိုက်မှု မရှိအောင် ကျမတို့ ကြိုးစားခဲ့တယ်။ အခု ဒီတခေါက်လည်း လူနာတွေကို တခုခုလုပ်မယ်ဆိုရင် ကျမလူနာတွေကို အထိအခိုက် လုံးဝမခံပါဘူး။ သူတို့ဘက်ကနေ ရပ်တည်သွားမှာပါ။
လူနာတွေရဲ့ သဘောထားအတိုင်းပဲ ဖြစ်ရမှာပါ။ အခုကလည်း သူတို့သဘောာထား သိနေပြီ။ သူတို့ကလည်း ပြတ်ပြတ် သားသားပဲ။ မရွှေ့နိုင်ဘူးပဲ ပြောနေကြတယ်။ ။
Geen opmerkingen:
Een reactie posten