မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label မဇ္စိုမ. Alle posts tonen
Posts tonen met het label မဇ္စိုမ. Alle posts tonen

maandag 4 juli 2011

ဦးသိန်းညွှန့်အဖွဲ့အမျိုးသားဒီမိုကရေစီပါတီသစ်အမည်ဖြင့်မှတ်ပုံတင်

မျိုးသန့် တနင်္လာနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၀၉ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှခွဲထွက်သွားသောပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွှန့်ဦးဆောင်သည့်သင်္ကန်းကျွန်းလွှတ်တော်ကိုယ်စားလှယ်များအုပ်စုသည် အမျိုးသားဒီမိုကရေစီပါတီသစ်အမည်ဖြင့်ပါတီမှတ်ပုံတင်ခွင့်ကိုနေပြည်တော်ရွေးကောက်ပွဲ ကောက်မရှင်တွင်တနင်္လာနေ့ကလျောက်ထားလိုက်ပြီ ဖြစ်သည်။
ပါတီခေါင်းဆောင်များအဖြစ်လောလောဆယ်တွင်ဦးသိန်းညွန့်မှဥက္ကဋ္ဌ၊လသာမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကြည်မြင့်မှအတွင်းရေးမှူး၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်မှပြန်ကြားရေးတာဝန်များ ယူထားကြောင်းဦးဖုန်းမြင့်အောင်ကမဇ္ဈိမကိုပြောသည်။
ပါတီကိုလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့်ဦးသိန်းညွှန့်၊ဦးကြည်မြင့်၊ဦးဖုန်းမြင့်အောင်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့်ဦးကျော်၊ဒေါ်စန်းစန်းမြင့်တို့အပါအဝင်ဟစ်ဟော့အဆိုတော်ရသ တို့အပြင်ပါတီဝင်၂ဝဦးတို့ဖြင့်အမာခံဖွဲ့စည်းထားသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှခွဲထွက်ကြသည့်အထက်ပါလွှတ်တော်ကိုယ်စားလှယ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတသီးပုဂ္ဂလကိုယ်စားလှယ်များအဖြစ်သတ်မှတ်ပေးထားပြီး ဖြစ်ကြောင်းလည်း ဦးဖုန်းမြင်အောင်က မဇ္ဈိမကို ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှခွဲထွက်ကာဦးသိန်းညွှန့်၊ဦးခင်မောင်ဆွေ၊ဒေါက်တာသန်းငြိမ်းတို့မှအမျိုးသား ဒီမိုကရေစီအင်အားစုပါတီကိုထူထောင်ပြီး၂ဝ၁ဝရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီကိုထူထောင်သူများတွင်တဦးအပါအဝင်ဖြစ်သည့်ဦးသိန်းညွှန့်ကို ပါတီတွင်းဘဏ္ဍာရေးကိစ္စများကိုမီဒီယာများသို့တာဝန်မဲ့ပြောဆိုသည့်စွပ်စွဲချက်ဖြင့်ပါတီမှထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။
ယခုတဖန်ဦးသိန်းညွှန့်ဦးဆောင်ကာအမျိုးသားဒီမိုကရေစီပါတီသစ်အမည်ဖြင့်ပါတီတခုထပ်မံဖွဲ့စည်းရန် ကျိုးပမ်းခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီပါတီသစ်တွင်ပါတီဝင်အင်အားအနေဖြင့်သင်္ကန်းကျွန်းမြို့နယ်အတွင်းမှပါတီဝင်၁,ဝဝဝ ကျော်ရရှိထားပြီဟုလည်းဦးဖုန်းမြင့်အောင်ကမဇ္ဈိမကိုပြောသည်။



woensdag 11 augustus 2010

ဥက္ကဋ္ဌကို ရာထူးမှ ထုတ်သည်ဆိုသော ဂျာနယ်သတင်းကြောင့် ကရင်ပါတီတွင်း အငြင်းပွား

ခိုင်စု
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၁ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၀၅ မိနစ် .
နယူးဒေလီ (မဇ္ဈိမ) ။ ။ ပါတီဥက္ကဋ္ဌကို ရာထူးမှ ထုတ်ပယ်ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းအတွင်း အငြင်းပွားမှု ပေါ်ပေါက်နေကြောင်း သိရသည်။
ယနေ့ထုတ် 7 Day News ဂျာနယ် အတွဲ ၉ ၊ အမှတ် ၂၁ တွင် ’’ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် ဥက္ကဋ္ဌကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရာထူးမှ ထုတ်ပယ်’’ ဆိုသည့် ခေါင်းစဉ်ပါ သတင်းနှင့်ပတ်သက်၍ ပါတီဒုဥက္ကဋ္ဌနှင့် အခြားခေါင်းဆောင်ပိုင်းအကြား အငြင်းပွားမှု ပေါ်ပေါက်ခြင်း ဖြစ်သည်။
“ဥက္ကဋ္ဌ ဦးစောမောင်ချောကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ဆုံးဖြတ်ထားတာ မရှိပါဘူး” ဟု ပါတီအတွင်းရေးမှူး မန်းသိန်းဝင်းရွှေက မဇ္ဈိမကို ပြောသည်။
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် စည်းရုံးရေးမှူး ဒေါ်နှင်းဖြူကလည်း ’’ဦးစောမောင်ချောကို ပါတီက ထုတ်ပယ်တာ မဟုတ်ဘူး’’ ဟု ပြောဆိုသည်။
7 Day News ဂျာနယ်တွင် ဇူလိုင်လ ၂ ရက်နေ့ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပစဉ်ကတည်းက ဦးစောမောင်ချောအား ပါတီမှ ထုတ်ပယ်ခဲ့ကြောင်းနှင့် ၎င်းကိုယ်တိုင်လည်း ဇူလိုင်လ ၃ ရက်နေ့တွင် ပါတီဥက္ကဋ္ဌ (ယာယီ) ရာထူးနှင့် ပါတီအလုပ်မှ နုတ်ထွက်ခွင့်ပြုပါရန် တင်ပြထားကြောင်း ဖော်ပြထားသည်။
ထို့ပြင် ယင်းကိစ္စအား ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားကာ ယခုလ ၇ ရက်နေ့တွင် ပါတီရုံးချုပ်၌ ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၈ ဦး၏ ဆုံးဖြတ်ချက်အရ ဦးစောမောင်ချောအား ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ပါတီဥက္ကဋ္ဌသစ် ဦးစောသန်းအောင်က ပြောဆိုသည်ဟု ပါရှိသည်။
“အဲဒီပါတီက ထုတ်ပြန်ချက် ရှိပါတယ်။ ဒုဥက္ကဋ္ဌ လက်မှတ်ထိုးထားတာပါ။ ဒီလ ၇ ရက်နေ့ထုတ် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ပါတီကြေညာချက်မှာ ဥက္ကဋ္ဌသစ်အနေနဲ့ လက်မှတ်ထိုးထားတာပါ” ဟု 7 Day News မှ အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။
မန်းသိန်းဝင်းရွှေက ’’ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးက ဆုံးဖြတ်တာ မဟုတ်ဘူး။ တဦးတယောက်ထဲက ဆုံးဖြတ်တာက လုပ်ထုံးလုပ်နည်း မဟုတ်ပါဘူး။ ပြန်ပြီး ပြင်ဆင်ဖို့လဲ 7 Day ကို ပြောမယ်။ ဒီနေ့လုပ်တဲ့ ပါတီမိသားစုစည်းဝေးပွဲမှာ ဒုဥက္ကဋ္ဌ ဦးစောသန်းအောင်ကို စည်းဝေးဆုံးဖြတ်ချက် မရှိဘဲ ဘာလို့ ဒီလိုပြောရတာလဲလို့ ပြောကြတယ်။ ကျနော်တို့ လက်မှတ်ထိုးထားတဲ့ ကိစ္စ မဟုတ်တဲ့အတွက် အတည်မပြုနိုင်ဘူးလို့ ပြောတယ်။ သူကတော့ သူ့ရင်ထဲ ရှိတာကို လုပ်တာလို့ပဲ ပြောတယ်’’ ဟု ပြောသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အများစုမှာ နယ်မြို့များတွင် နေထိုင်ကြပြီး ဂျာနယ်တွင် သတင်းပါရှိမှသာ ဥက္ကဋ္ဌဖြစ်သူ ထုတ်ပယ်ခံရကြောင်း သိရှိကြသည်။ ယခုလို သတင်းထုတ်ပြန်ခြင်းမှာ ပါတီတွင်း မပြေလည်မှုများကြောင့် ဖြစ်နိုင်ကြောင်း ပါတီဝင်အချို့က ဆိုသည်။
’’ကျနော်လည်း ဂျာနယ်မှာ ပါလာမှသာ သိရတာပါ။ ဒုဥက္ကဋ္ဌက အသက်ကလည်း ကြီးပြီဆိုတော့ ကယောင်ကတမ်း ပြောလိုက်တာပါ” ဟု စောမောင်ချောက မဇ္ဈိမကို ပြောသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးပြုလုပ်ကာ ယခုကိစ္စနှင့်ပတ်သက်၍ ကြေညာချက် ထုတ်မည်ဟု သိရသည်။
ပါတီ ဒုဥက္ကဋ္ဌ စောသန်းအောင်ကိုမူ ယခုကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း မရခဲ့ပါ။
လတ်တလောတွင် ပါတီဗဟိုအလုပ်အမှုဆောင်များမှာ ပါတီဝင်အင်အား တထောင်စာရင်းကို ကော်မရှင်သို့ တင်ပြနိုင်ရေးသာ အဓိကထား ဆောင်ရွက်နေကြကာ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေအရ ယခုလ ၂၁ ရက်နေ့တွင် ယင်းစာရင်းကို တင်ပြရမည့် ရက်ပေါင်း ၉ဝ ပြည့်မည်ဟု အတွင်းရေးမှူး မန်းသိန်းဝင်းရွှေက ပြောသည်။
သူက “ဒီလ ၂၁ ရက်နေ့မှာ ပါတီဝင်အင်အား မတင်နိုင်ရင် ပါတီ ပျက်ပြယ်သွားမယ်လေ။ အဲဒါကြောင့် ဒီကိစ္စကို အဓိကထား ဆောင်ရွက်နေတယ်။ အင်အား တထောင်ကျော် ရပါပြီ။ သူတို့ လက်မှတ်တွေထိုးဖို့ ကျန်နေလို့ မတင်ဖြစ်သေးတာပါ” ဟု ဆိုသည်။
ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်သည် ၁၉၉ဝ ပြည့် ရွေးကောက်ပွဲ လက်ကျန် ပါတီဟောင်း ၁ဝ ပါတီမှ ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ထားသည့် ၅ ပါတီအနက် တပါတီဖြစ်သည်။ ကော်မရှင်က မေလ ၂၁ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၁၁) ဖြင့် ခွင့်ပြုထားပြီး ဖြစ်သည်။

ထိုင်းစွမ်းအင် ကုမ္ပဏီ ပိုင်ဆိုင်မှု ရှယ်ယာတချို့ ပြန်လည်ရောင်းချမည်

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၁ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၅၈ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းအစိုးရပိုင် အဓိက စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ PTT လက်အောက်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်ရေး PTTEP သည် မြန်မာနိုင်ငံအတွင်း၌ သဘာဝဓာတ်ငွေ့ တူးဖော်ရန် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုအပြီး တရက်အကြာတွင် ၄င်းတို့၏ စွန့်စား၍ ရင်းနှီးမြှုပ်နှံထားမှုများကို လျှော့ချသည့် အနေဖြင့် မြန်မာနိုင်ငံအတွင်း ပိုင်ဆိုင်မှု တချို့တဝက်ကို ခွဲဝေ ရောင်းချမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်ရေး PTTEPမှ မြန်မာနိုင်ငံအတွင်း ၄င်းတို့ ပိုင်ဆိုင်သည့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး စီမံကိန်း လုပ်ငန်း ၅ ခုမှ အစုရှယ်ယာများကို ခွဲဝေ ရောင်းချသွားမည် ဖြစ်ကြောင်း ဘန်ကောက်မြို့တွင် အင်္ဂါနေ့က ကြေညာခဲ့ခြင်း ဖြစ်သည်။
PTTEP မှ ရင်းနှီးမြှုပ်နှံထားသော သဘာဝဓာတ်ငွေ့ လုပ်ကွက်များမှာ မာတာဘန် ပင်လယ်ကွေ့ရှိ M3၊ M4၊ M7၊ M9 နှင့် M11 လုပ်ကွက်များ ဖြစ်ကြသည်။ ယခုလောလောဆယ်တွင် PTTEP သည် ထိုလုပ်ကွက် ငါးခုလုံး၏ အဓိက အစုရှယ်ယာ ပိုင်ဆိုင်သူ ဖြစ်နေသည်။
PTTEP သည် ၄င်းပိုင်ဆိုင်သော အစုရှယ်ယာ အချို့ကို ရောင်းချပြီးလျှင်လည်း လုပ်ကွက်များအား အဓိက လုပ်ကိုင်သူ အနေအထားကို ဆက်လက် ထိန်းသိမ်းထားမည်ဟု ဆိုသည်။
“ကျနော်တို့ အနေနဲ့ တခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကို အစုရှယ်ယာ တချို့ ပြန်လည်ရောင်းချမှာ ဖြစ်ပေမယ့် စီမံခန့်ခွဲခွင့် ရရေးအတွက် သဘာဝ ဓာတ်ငွေ့ လုပ်ကွက် ငါးခုလုံးမှာ ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုဟာ ၅ဝ ရာခိုင်နှုန်းအထက်မှာ ဆက်လက်ရှိနေမှာပါ” ဟု PTTEP ၏ အမှုဆောင် အရာရှိချုပ် Anon Sirisaengtaksin က ပြောကြားခဲ့သည်။
ထိုကြေညာချက်သည် ဇူလိုင်လ ၃၁ ရက်နေ့က PTTEP အနေဖြင့် မြန်မာနိုင်ငံ အတွင်း၌ သဘာဝဓာတ်ငွေ့ တူးဖော်ရန် နေပြည်တော်၌ စာချုပ်ချုပ်ဆို အပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုကဲ့သို့ အကျိုးတူ စာချုပ် ချုပ်ဆိုခဲ့ကြသည့်သတင်း ထွက်ပေါ်လာအပြီးတွင် ယခုကဲ့သို့ စွမ်းအင်ရောင်းချရမှုများမှ အကျိုးအမြတ်များသည် မြန်မာစစ်အစိုးရအား အာဏာကို ဆက်လက်ဆွဲကိုင်ထားစေရန် အထောက်အပံ့ ဖြစ်စေသည်ဟု လူအခွင့်အရေးအဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေးအဖွဲ့ ERI ၏ “တိုတယ်လ်၊ ရှက်ဗရွန်နှင့် PTTEP ကုမ္ပဏီများက စစ်အစိုးရ ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဘဏ္ဍာရေး လျှို့ဝှက်မှု၊ နျူကလီးယား ပြန့်ပွားမှုတို့ကို အထောက်အကူပြုနေပုံ”ဟူသည့် အစီရင်ခံစာထဲတွင် စစ်အစိုးရသည် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ရရှိသော အမြတ်အစွန်းများကို စင်္ကာပူနိုင်ငံရှိ ဘဏ်များတွင် လျှို့ဝှက်ဘဏ် အကောင့်များ ဖွင့်၍ ဝှက်ထားခဲ့ကာ နိုင်ငံ၏ ကျန်းမာရေးနှင့် ပညာရေး ဘတ်ဂျတ်များ အတွက် အသုံးမပြုခဲ့ဟု ဖော်ပြထားသည်။
သို့ရာတွင် PTTEPမှ မြန်မာနိုင်ငံတွင်း၌ ၄င်းပိုင်ဆိုင်သည့် အစုရှယ်ယာ တချို့တဝက်ကို ရောင်းချမည့် ကြေညာချက်သည် လူ့အခွင့်အရေး အဖွဲ့များ၏ ဝေဖန်ပြောဆိုမှုကြောင့် ဆုံးဖြတ်ခဲ့ခြင်း ဟုတ်မဟုတ်မှာမူ မသေချာပေ။
ထိုင်းကုမ္ပဏီ PTTEP ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် နောက်ထပ် နိုင်ငံတခုမှာ ဗီယက်နမ်နိုင်ငံ ဖြစ်လိမ့်မည်ဟု မျှော်လင့်ရပေသည်။ BP ကုမ္ပဏီသည် မကြာသေးခင်က မက္ကဆီကို ပင်လယ်ကွေ့တွင် ရေနံပန်းထွက်မှုနှင့် ပတ်သတ်၍ ဆုံးရှုံးမှုများကို ပေးချေရန်အတွက် ဗီယက်နမ်နိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ပိုင်ဆိုင်မှုများကို ရောင်းချမည်ဟု ကြေညာခဲ့ရာ ထိုင်းကုမ္ပဏီ PTTEP မှ လေလံဆွဲရန် စဉ်းစားနေသည်။
PTTEP ၏ အမှုဆောင် အရာရှိချုပ် Anon Sirisaengtaksin က ပြောကြားရာတွင် PTTEP ၏ စွမ်းအင် ရောင်းချမှု ပမာဏသည် တရှိန်ထိုး တက်လာသော ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် ၂ဝ၁ဝ ခုနှစ်အတွက် နဂို မျှော်လင့်ထားသည့် ပမာဏထက် သုံးရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းအထိ ပိုမို ရောင်းချရန် လိုအပ်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း ပြောဆိုခဲ့သည်။



ရာသီဥတု ပူနွေးလာမှုကြောင့် အာရှစပါး အထွက်ထိခိုက်နိုင်

ပယ်ရီ ဆန်တနာချုပ် (Perry Santanachote)
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၄ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ နာဂစ် ဆိုင်ကလုံးမုန်တိုင်း၊ ကြွက်ဘေး၊ မိုးဆက်တိုက် ခေါင်ခြင်းတို့ကြောင့် မြန်မာ့စပါး အထွက်ဆုတ်နေရာမှ ဘူးလေးရာ ဖရုံဆင့်လိုက်သလိုပင် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြီး ကမ္ဘာကြီး ပူနွေးလာမှု၏ ဒဏ်ကိုလည်း လယ်သမားများ ခံရဦးမည်ဟု တနင်္လာနေ့က ထုတ်ပြန်လိုက်သော သုတေသန စာတမ်းတစောင်က ဆိုထားသည်။
ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အာရှနိုင်ငံ အချို့တွင် လွန်ခဲ့သည့် ၂၅ နှစ်အတွင်း စပါး အထွက် ၁ဝ% မှ ၂ဝ% အထိ ကျဆင်းသွားခဲ့
နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြောင့် ၂ဝဝ၈ ခုနှစ်တွင် စပါးအထွက် ၄ဝ%လျော့ကျသွားခဲ့သည် ဟု ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့ (FAO) က ဆိုထားသည်။
သို့သော် အမေရိကန်ထုတ် သုတေသနဂျာနယ်ဖြစ်သော အမျိုးသား သိပ္ပံအဖွဲ့စာစဉ် (Proceedings of the National Academy of Sciences ) ကလည်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် အာရှနိုင်ငံအချို့တွင် လွန်ခဲ့သည့် ၂၅ နှစ်အတွင်း စပါးအထွက် ၁ဝ%မှ ၂ဝ%အထိ ကျဆင်းသွားခဲ့သည်ဟု ရေးသား တင်ပြထားသည်။
(photo: IRRI) နိုင်ငံတကာ ဆန်စပါး သုတေသနဌာန (IRRI) ၏ အဓိကသိပ္ပံပညာရှင် ဒေါက်တာ ရိုလန်ဘုရက်ခ်ျ (Dr. Roland Buresh)
ကမ္ဘာ့အပူချိန် အနည်းငယ်မျှ တက်လာလျှင်ပင် ကမ္ဘာ့ဆင်းရဲသားသန်းပေါင်းများစွာ အဓိက စားနပ်ရိက္ခာအဖြစ် မှီခိုအားထားနေရသော ဆန်စပါး စိုက်ပျိုးရာ ဒေသတွင်း စပါးအထွက် လျော့ကျသွားနိုင်သည်ဟု အဆိုပါ သုတေသန စာတမ်းက သတိပေး ရေးသားထားသည်။
ဆန်ဒီယေဂိုမြို့ ကာလီဖိုနီးယားတက္ကသိုလ်စီးပွါးရေးပညာရှင် ဂျဲရော့ဝဲလ်ရှ် (JerrodWelch) ဦးဆောင်သည့် သုတေသနအဖွဲ့၏ တွေ့ရှိချက်များအရ ညအပူချိန် မြင့်တက်လာမှုကြောင့် စပါးပင်များ အနေဖြင့် အသက်ရှူရာတွင် စွမ်းအင် ပိုမိုသုံးစွဲရသဖြင့် နေ့အချိန် အလင်းရောင်ဖြင့် အစာချက်လုပ်ခြင်း ပြုလုပ်ရန် လိုအပ်သည့် စွမ်းအင် မလုံမလောက် ဖြစ်ရသည်ဟု ဆိုသည်။
ဤလေ့လာသုတေသနပြုမှုကို မြန်မာနိုင်ငံတွင် ပြုလုပ်ခြင်း မရှိခဲ့သော်လည်း သက်ရောက်မှု ပုံစံချင်းတူသည့် ရာသီဥတုရှိသော ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နိုင်ငံတို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်း၏ ၉ဝ%ကျော်ကို ထုတ်လုပ်ပေးနေသော အာရှတိုက်ရှိ အဓိက ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရာ ဒေသကြီး ၆ ခုရှိ ဆည်ရေသောက် စပါးစိုက်ခင်း ၂၂၇ ခုကို ၆ နှစ်ကြာ သုတေသနပြုအပြီး ယခုသုတေသန စာတန်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
`ညအပူချိန် ပြောင်းလဲလာမှုနဲ့ အနီးအပါးနိုင်ငံတွေက စပါးအထွက်နှုန်းကို ထိခိုက်စေမှုတွေဟာ ဗမာပြည်နဲ့လဲ အကျုံးဝင်ပါတယ်။ ရာသီဥတုချင်းက မနီးယိုးစွဲတူပါတယ်´ ဟု ဖိလစ်ပိုင်နိုင်ငံရှိ နိုင်ငံတကာ ဆန်စပါး သုတေသနဌာန (IRRI) ၏ အဓိက သိပ္ပံပညာရှင် ဒေါက်တာ ရိုလန်ဘုရက်ခ်ျ (Dr. Roland Buresh) က ပြောသည်။
နိုင်ငံတကာ အစိုးရများ၏ ရာသီဥတု ပြောင်းလဲမှု စုံစမ်းလေ့လာရေးအဖွဲ့ စတုတ္ထအကြိမ်မြောက် အစီရင်ခံစာ ၂ဝဝ၇ ခုနှစ် အလုပ်အဖွဲ့အမှတ် (၂)(သက်ရောက်မှုများ၊ အကျိုးဆက် အပြောင်းအလဲ၊ ထိခိုက်နစ်နာမှု) ၏ အဆိုအရ အပူချိန် ၃ ဒီဂရီစင်တီဂရိတ် ထက်ပို၍ မြင့်တက်လာလျှင်ပင် ဒေသအားလုံးရှိ သီးနှံအားလုံး စိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်စေနိုင်သည်ဟု ဆိုသည်။
ညအပူချိန် မြင့်တက်မှုကြောင့် စပါးစိုက်ပျိုးထုတ်လုပ်မှုပေါ် သက်ရောက်မှုကို IRRI သုတေသနဌာနကြီးမှ ဒေါက်တာ ဖုန်ရှောက်ပင် (Dr. Peng Shaobing) က ကနဦး လေ့လာမှုများ ပြုလုပ်ခဲ့ပြီး သူ၏ သုတေသန အစီရင်ခံစာကို ၂ဝဝ၄ ခုနှစ်က ထုတ်ပြန်ခဲ့သည်။ နွေရာသီတွင် အပူချိန် ၁ ဒီဂရီစင်တီဂရိတ် မြင့်တက်တိုင်း စပါးအထွက် ၁ဝ% ကျဆင်းသည်ဟု ဖုန် နှင့်အဖွဲ့၏ သုတေသနစာတန်းတွင် တွေ့ရှိထားသည်။
ဤသို့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုက အရေးပါသော်လည်း မြန်မာနိုင်ငံတွင် စပါးအထွက်ကို ပိုမို ထိခိုက်စေသည့် အခြားအကြောင်းများလည်း ရှိသေးသည်ဟု ဘူးရှက်ရှ်က ပြောသည်။ အကြောင်းမှာ မြန်မာနိုင်ငံရှိ စပါးစိုက်ခင်းများသည် အခြားအာရှနိုင်ငံများကဲ့သို့ ဆည်ရေသောက်လယ်များ မဟုတ်ဘဲ မိုးကောင်းလယ်များ ဖြစ်နေခြင်းကြောင့်ဟု ဆိုသည်။
`မြန်မာနိုင်ငံမှာ စပါးအထွက်ကို ထိခိုက်စေနိုင်တဲ့ အဓိကအကြောင်းတွေက မိုးနဲ့ သွင်းအားစုဘဲ ဖြစ်တယ်´ ဟု သူက ပြောသည်။
သွင်းအားစုဆိုသည်မှာ မြေသြဇာ၊ အခြားဓါတုပစ္စည်းများနှင့် လယ်လုပ်ရာတွင် အသုံးပြုသော ထွန်ထယ် လယ်လုပ်ကိရိယာ စက်ပစ္စည်းများကို ဆိုလိုခြင်း ဖြစ်သည်။
အဆိုပါ သွင်းအားစုများ ဝယ်ယူရန် လယ်သမားများ မကြာခဏ ငွေကြေးမလုံမလောက် ဖြစ်ကြသည်။ ကုလသမဂ္ဂ၊ အာဆီယံ နှင့် မြန်မာစစ်အစိုးရတို့ ပါဝင်ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့၏ နာဂစ်လွန် ပုံမှန်လေ့လာသုံးသပ်မှု သုံးကြိမ်မြောက် အစီရင်ခံစာအရ လယ်ယာသုံး သွင်းအားစုများရရှိမှုမှာ အကန့်အသတ်နှင့်ပင် ရှိနေဆဲဖြစ်ပြီး နာဂစ်မတိုင်မီက ထက်စာလျှင် စပါးအထွက် လျော့ကျသွားခဲ့သည်ဟု ပြောသည်။
လွန်ခဲ့သောလအထိ အပူချိန်သိသိသာ မြင့်တက်လာမှုကို သူသတိမထားမိပါဟု ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ စပါးစိုက် လယ်သမားတဦးက ပြောသည်။
`ဇူလိုင်ကတော့ သိပ်ပူလို့ ပျိုးမကြဲသေးဘဲ စောင့်နေရတယ်´ ဟု သူက ပြောသည်။
လွန်ခဲ့သော နှစ်များအတွင်း စပါးအထွက် ကြီးကြီးမားမား ကျဆင်းခဲ့သည်ဟုလည်း သူ သတိမထားမိကြောင်း ပြောသည်။ သို့သော် နာဂစ် နောက်ပိုင်း မိုးခေါင်လာခြင်းလို အကြောင်းများကြောင့်မူ သူ့လယ်တွင် အခက်အခဲ ကြုံခဲ့သည်။
ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တယက)က ရခိုင်နှင့် တနင်္သာရီတို့ကို ဆန်စပါးမတင်ပို့ရဟု အကြောင်းတစုံတရာမပြဘဲ ပိတ်ပင်တားမြစ်လိုက်ကြောင်း မဇ္ဈိမ သတင်းဌာနက လွန်ခဲ့သောအပတ်က ဖော်ပြခဲ့သည်။ မြစ်ဝကျွန်းပေါ်ရှိ စပါးစိုက်လယ်သမား အများအပြားမှာလည်း ပိုမို အလုပ်ဖြစ်နိုင်မည့် အခြား အလုပ်များကိုရှာဖွေရင်း စပါးစိုက်ခင်းများကို စွန့်ခွာသွားနေကြသည်။

မွန်ပြည်သစ် ခေါင်းဆောင်ဟောင်း ဗိုလ်မှူးချုပ် အောင်နိုင် ကွယ်လွန်

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၅၁ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်ဟောင်း ဗိုလ်မှူးချုပ် အောင်နိုင်သည် ယမန်နေ့ညနေက မော်လမြိုင် ဆေးရုံ၌ သွေးတိုး ဆီးချိုရောဂါတို့ဖြင့် ကွယ်လွန်သွားပြီ ဖြစ်သည်။
                                                                           ဗိုလ်မှူးချုပ် အောင်နိုင် (ပုံ - Kaowao)
အသက် ၇၁ နှစ်အရွယ် ဗိုလ်မှူးချုပ် အောင်နိုင်သည် မော်လမြိုင်ဆေးရုံတွင် ယမန်နေ့ ညနေပိုင်း ၅ နာရီ မိနစ် ၄ဝ တွင် ကွယ်လွန်သည်။
ရုပ်အလောင်းကို မြိုင်သာယာရပ်ကွက်ရှိ သူ၏ မွန်အမျိုးသား ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ရုံး၌ ထားရှိကြောင်း သိရသည်။
ဗိုလ်မှူးချုပ်အောင်နိုင်သည် မွန်ပြည်သစ်ပါတီတွင် နှစ်ပေါင်း ၄၅ နှစ်ခန့်ကြာ ထမ်းဆောင်ခဲ့ရာမှ ၂ဝဝ၇ နိုဝင်ဘာတွင် ဆေးပင်စင်ဖြင့် နှုတ်ထွက်ခဲ့သည်။ ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ ပန်းလှိုင် ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူခဲ့သည်။ ထို့နောက် စစ်အစိုးရနှင့် ပူးပေါင်းသွားသည်။
မွန်ပြည်သစ် ပါတီဝင်ဟောင်း အနည်းငယ်ဖြင့် ၂ဝဝ၈ ခုနှစ်တွင် နအဖစစ်တပ်၏ ကွပ်ကဲမှုအောက်၌ မွန်အမျိုးသား ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်းပြီး ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် အခြေချခဲ့သည်။
ဦးအောင်နိုင်သည် မြန်မာစစ်တပ်မှ တပ်ကြပ်အဆင့်ဖြင့် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ)သို့ ဝင်ရောက် ခိုလှုံသွားပြီး ထိုမှတဆင့် ၁၉၆၂ တွင် မွန်ပြည်သစ်သို့ ဝင်ရောက်ခဲ့သည်။
စစ်ရေးထူးချွန်သူဟု လူသိများပြီး တင်ပါးနှင့် ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာ နှစ်ကြိမ် ထိမှန်ခဲ့ဖူးသည်။
၂ဝဝ၅ ခုနှစ် မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင် ဆဌမအကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဗိုလ်မှူးချုပ် အောင်နိုင်သည် စစ်ရေးရာကော်မတီ အတွင်းရေးမှူး တာဝန်နှင့် စစ်ဦးစီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သည်။
သူ့ကို မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်ကျေးရွာတွင် မွေးဖွားခဲ့သည်ဟု ကောင်းဝါ မွန်သတင်းဌာနမှ အယ်ဒီတာ မင်းစိုင်းနွန်ဒေါက ပြောသည်။


ရန်ကုန်တွင် ထိုင်းပစ္စည်းများ ပြတ်လပ် ဈေးထိုးတက်

ဆလိုင်းထွန်း
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၉ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ တလကျော်ပိတ်ပင်မှု နောက်ဆက်တွဲအဖြစ် ရန်ကုန်တွင် ထိုင်းနိုင်ငံထုတ် လျှပ်စစ်ပစ္စည်းများ လက်ကျန်မရှိသလောက်ဖြစ်ကာ ဈေးနှုန်းများ မြင့်တက်နေသည်။
ပြီးခဲ့သည့်လ ၉ ရက်မှစ၍ မြန်မာဘက်က နယ်စပ်ဂိတ် ၂ဝ ခန့် ပိတ်ပစ်ခဲ့အပြီး ထိုင်းနိုင်ငံထုတ် တီဗီ၊ ရေခဲသတ္တာ၊ လေအေးစက်နှင့် အဝတ်လျှော်စက်များ အဝင်ရပ်ဆိုင်းကုန်ရာ ကျပ်တသိန်းကျော်တန် ပစ္စည်းများမှာ ၁ သောင်းမှ ၃ သောင်းအထိ ဈေးနှုန်းမြင့်တက်သွားသည်။
             နယ်စပ်တံတား ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံအတွင်း ထိုင်းပစ္စည်းများ ရှားပါးကာ ဈေးတက်
“ဈေးတက်တာ တလလောက်ရှိပြီ။ ပစ္စည်းလည်း အရင်ကထက်စာရင် သိသိသာသာ ပြတ်လာတယ်။ လိုချင်တဲ့ ပစ္စည်း မရဘူး ဖြစ်နေတယ်။ အရင်ကထက် ၃ သောင်းလောက် တင်ရောင်းတယ်”ဟု ဘားလမ်းရှိ ထိုင်း MC လျှပ်စစ်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
ပန်းဆိုးတန်း အလယ်ဘလောက်ရှိ Kyawလျှပ်စစ်ပစ္စည်းဆိုင်မှ တာဝန်ရှိသူတဦးက “အရင်တုန်းက ပြတ်ရင်လည်း တပတ်၊ ၁ဝ ရက်ပဲ ပြတ်တာ။ အခုက အတော်ကြာပြီ။ ဈေးကိုတော့ ထောင်တက် မရောင်းဘူး။ တသောင်းလောက်ပဲ တက်တယ်။ တချို့ဆိုင်တော့ များတယ်လို့ သိရတယ်။ ပစ္စည်းရှားတာ၊ ပြတ်တာ၊ အဝင်နည်းလာရင် ဈေးတက်တာ သဘာဝပါ” ဟု ပြောသည်။
ဆက်လက်၍ ဂိတ်ပိတ်ထားပါက ဈေးနှုန်းများ ယခုထက်မက မြင့်တက်လာနိုင်ပြီး ပစ္စည်းများပါ ပြတ်လပ်သွားမည် ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ပစ္စည်းဆိုင်များ အဆိုအရ သိရသည်။
ယခင်က ပုံမှန်ဈေးနှုန်းအဖြစ် LGတီဗီ (၂၁ လက်မ ကာလာ)တလုံး ကျပ် ၁ သိန်း ၃ သောင်းကျော်၊ Samsung (၂၁ လက်မ) ၁ သိန်း ၄ သောင်းဝန်းကျင်နှင့် ရေခဲသတ္တာများဖြစ်သည့် solar ၊ Panasonic ၊ Mitsubishi ၊ Samsung တို့ဈေးမှာ ၁ သိန်း ၇ သောင်းမှ ၄ သိန်းအထိ ဖြစ်သည်။ လေအေးစက်မှာ အမျိုးစားအလိုက် ကျပ် ၂ သိန်းမှ ၈ သိန်းအထိ ရှိခဲ့ပြီး အဝတ်လျှော်စက်မှာ ၁ သိန်း ၇ သောင်းမှ ၃ သိန်းအထိ ရှိကြသည်။
အချက်အချာကျသည့် ပန်းဆိုးတန်း၊ ဗိုလ်အောင်ကျော်နှင့် ဘားလမ်းတွင် လျှပ်စစ်ပစ္စည်းဆိုင်ပေါင်း ၁ဝဝ ခန့် ရှိသည်။
လျှပ်စစ်ပစ္စည်းကဲ့သို့ပင် ထိုင်းနိုင်ငံမှ တင်သွင်းသည့် စားသောက်ကုန်များလည်း ဈေးနှုန်း ၂ ဆခန့် တက်နေကြောင်း စားသုံးသူများက ဆိုသည်။
အချိုရည်ဗူးများဖြစ်သည့် cool ဈေးနှုန်း ကျပ် ၁ဝဝ မှ ၃ဝဝ ၊ coca cola နှင့် sprite ကျပ်၃ဝဝ မှ ၈ဝဝ ကျော်၊ အချိုမှုန့် ၅ဝဝ တန်မှာ ၁၅ဝဝ၊ ကွာစေ့၊ ဘီစကစ်၊ ကိတ်မုန့်၊ ကော်ဖီမစ်ဈေးနှုန်း ၄ဝဝ - ၅ဝဝ တန်မှ ကျပ်တထောင်ဈေးအထိ ခုန်တက်ကုန်သည်။ ကြော်လှော်ချက်ပြုတ်နိုင်သည့် readymade စားသောက်ဖွယ်ရာ အထုပ်များ ကျပ် ၇ဝဝ - ၈ဝဝ ခန့်မှ ၂ဝဝဝ ခန့်အထိ ဈေးတက်နေသည်။
ထို့အပြင် ထိုင်းနိုင်ငံထုတ် ဆောက်လုပ်ရေးနှင့် အိမ်သုံးပစ္စည်းအရောင်းဆိုင်များလည်း ပစ္စည်း ပြတ်လပ်လာပြီး ဈေးနှုန်း တဆခန့် တက်သွားသည်။
“လမ်းပိတ်တော့ ဘိလပ်မြေ၊ သွပ်၊ သံ၊ သံစကာ စတဲ့ ပစ္စည်းတွေ ပို့တဲ့သူ မရှိသလောက်ပဲ။ အခုလည်း အထဲမှာ ပြတ်နေတယ်။ ရှိတဲ့ပစ္စည်းက တဆလောက် တက်တယ်။ ဥပမာ -၅ ထောင်တန်ကို တသောင်းလောက်ထိ တက်တယ်” ဟု မဲဆောက်မြို့ရှိ ဆောက်လုပ်ရေးနှင့် အိမ်သုံးပစ္စည်း ကုန်သည် တဦးက မဇ္ဈိမကို ပြောသည်။
တာမွေမြို့ရှိ Julep အလှကုန်ပစ္စည်း လက်ကားဆိုင်မှ စာရေးမတဦးကလည်း “ထိုင်းဘက်က မဝင်တော့ ကုမ္ပဏီက ပစ္စည်းပြတ်နေတယ်။ ရှိတဲ့ ပစ္စည်းတွေက ဆိုင်တွေကို မျှပေးနေရတယ်။ ဈေးနှုန်းက နဂိုဖွင့်ထားတဲ့ ဈေးတက်လို့ မရဘူး။ ဈေးနှုန်းတော့ တက်မရောင်းဘူး။ ပစ္စည်းတွေကို ထိန်းထားတယ်။ ပစ္စည်းကို လုံလုံလောက် မပေးနိုင်တော့ ဖောက်သည်တွေနဲ့ အဆင်ပြေအောင် စကားပြောနေရတယ်” ဟု ပြောသည်။
နယ်စပ်ဂိတ်များ တရားဝင် ပိတ်ထားခဲ့သော်လည်း ကုန်သည်အချို့က ညပိုင်းတွင် ဂိတ်သေးများမှတဆင့် အစောင့်စစ်တပ်များကို ငွေပေးကာ တပိုင်တနိုင်နည်းဖြင့် မြန်မာပြည်တွင်းသို့ ထိုင်းပစ္စည်း တင်သွင်းမှုများ ရှိနေကြောင်း သိရသည်။
နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ်ပေါ်တွင် ထိုင်းဘက်က ကမ်းပါးကာ နံရံတည်ဆောက်သည်ကို ကန့်ကွက်သည့်အနေဖြင့် မြန်မာဘက်က မဲဆောက်-မြဝတီ တံတား အပါအဝင် နယ်စပ်ဖြတ် ဂိတ်ပေါင်း ၂ဝ ခန့်ကို ပိတ်ထားခြင်း ဖြစ်သည်။