ပယ်ရီ ဆန်တနာချုပ် (Perry Santanachote)
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၄ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ နာဂစ် ဆိုင်ကလုံးမုန်တိုင်း၊ ကြွက်ဘေး၊ မိုးဆက်တိုက် ခေါင်ခြင်းတို့ကြောင့် မြန်မာ့စပါး အထွက်ဆုတ်နေရာမှ ဘူးလေးရာ ဖရုံဆင့်လိုက်သလိုပင် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြီး ကမ္ဘာကြီး ပူနွေးလာမှု၏ ဒဏ်ကိုလည်း လယ်သမားများ ခံရဦးမည်ဟု တနင်္လာနေ့က ထုတ်ပြန်လိုက်သော သုတေသန စာတမ်းတစောင်က ဆိုထားသည်။
ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အာရှနိုင်ငံ အချို့တွင် လွန်ခဲ့သည့် ၂၅ နှစ်အတွင်း စပါး အထွက် ၁ဝ% မှ ၂ဝ% အထိ ကျဆင်းသွားခဲ့
နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြောင့် ၂ဝဝ၈ ခုနှစ်တွင် စပါးအထွက် ၄ဝ%လျော့ကျသွားခဲ့သည် ဟု ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့ (FAO) က ဆိုထားသည်။
သို့သော် အမေရိကန်ထုတ် သုတေသနဂျာနယ်ဖြစ်သော အမျိုးသား သိပ္ပံအဖွဲ့စာစဉ် (Proceedings of the National Academy of Sciences ) ကလည်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် အာရှနိုင်ငံအချို့တွင် လွန်ခဲ့သည့် ၂၅ နှစ်အတွင်း စပါးအထွက် ၁ဝ%မှ ၂ဝ%အထိ ကျဆင်းသွားခဲ့သည်ဟု ရေးသား တင်ပြထားသည်။
(photo: IRRI) နိုင်ငံတကာ ဆန်စပါး သုတေသနဌာန (IRRI) ၏ အဓိကသိပ္ပံပညာရှင် ဒေါက်တာ ရိုလန်ဘုရက်ခ်ျ (Dr. Roland Buresh)
ကမ္ဘာ့အပူချိန် အနည်းငယ်မျှ တက်လာလျှင်ပင် ကမ္ဘာ့ဆင်းရဲသားသန်းပေါင်းများစွာ အဓိက စားနပ်ရိက္ခာအဖြစ် မှီခိုအားထားနေရသော ဆန်စပါး စိုက်ပျိုးရာ ဒေသတွင်း စပါးအထွက် လျော့ကျသွားနိုင်သည်ဟု အဆိုပါ သုတေသန စာတမ်းက သတိပေး ရေးသားထားသည်။
ဆန်ဒီယေဂိုမြို့ ကာလီဖိုနီးယားတက္ကသိုလ်စီးပွါးရေးပညာရှင် ဂျဲရော့ဝဲလ်ရှ် (JerrodWelch) ဦးဆောင်သည့် သုတေသနအဖွဲ့၏ တွေ့ရှိချက်များအရ ညအပူချိန် မြင့်တက်လာမှုကြောင့် စပါးပင်များ အနေဖြင့် အသက်ရှူရာတွင် စွမ်းအင် ပိုမိုသုံးစွဲရသဖြင့် နေ့အချိန် အလင်းရောင်ဖြင့် အစာချက်လုပ်ခြင်း ပြုလုပ်ရန် လိုအပ်သည့် စွမ်းအင် မလုံမလောက် ဖြစ်ရသည်ဟု ဆိုသည်။
ဤလေ့လာသုတေသနပြုမှုကို မြန်မာနိုင်ငံတွင် ပြုလုပ်ခြင်း မရှိခဲ့သော်လည်း သက်ရောက်မှု ပုံစံချင်းတူသည့် ရာသီဥတုရှိသော ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နိုင်ငံတို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်း၏ ၉ဝ%ကျော်ကို ထုတ်လုပ်ပေးနေသော အာရှတိုက်ရှိ အဓိက ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရာ ဒေသကြီး ၆ ခုရှိ ဆည်ရေသောက် စပါးစိုက်ခင်း ၂၂၇ ခုကို ၆ နှစ်ကြာ သုတေသနပြုအပြီး ယခုသုတေသန စာတန်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
`ညအပူချိန် ပြောင်းလဲလာမှုနဲ့ အနီးအပါးနိုင်ငံတွေက စပါးအထွက်နှုန်းကို ထိခိုက်စေမှုတွေဟာ ဗမာပြည်နဲ့လဲ အကျုံးဝင်ပါတယ်။ ရာသီဥတုချင်းက မနီးယိုးစွဲတူပါတယ်´ ဟု ဖိလစ်ပိုင်နိုင်ငံရှိ နိုင်ငံတကာ ဆန်စပါး သုတေသနဌာန (IRRI) ၏ အဓိက သိပ္ပံပညာရှင် ဒေါက်တာ ရိုလန်ဘုရက်ခ်ျ (Dr. Roland Buresh) က ပြောသည်။
နိုင်ငံတကာ အစိုးရများ၏ ရာသီဥတု ပြောင်းလဲမှု စုံစမ်းလေ့လာရေးအဖွဲ့ စတုတ္ထအကြိမ်မြောက် အစီရင်ခံစာ ၂ဝဝ၇ ခုနှစ် အလုပ်အဖွဲ့အမှတ် (၂)(သက်ရောက်မှုများ၊ အကျိုးဆက် အပြောင်းအလဲ၊ ထိခိုက်နစ်နာမှု) ၏ အဆိုအရ အပူချိန် ၃ ဒီဂရီစင်တီဂရိတ် ထက်ပို၍ မြင့်တက်လာလျှင်ပင် ဒေသအားလုံးရှိ သီးနှံအားလုံး စိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်စေနိုင်သည်ဟု ဆိုသည်။
ညအပူချိန် မြင့်တက်မှုကြောင့် စပါးစိုက်ပျိုးထုတ်လုပ်မှုပေါ် သက်ရောက်မှုကို IRRI သုတေသနဌာနကြီးမှ ဒေါက်တာ ဖုန်ရှောက်ပင် (Dr. Peng Shaobing) က ကနဦး လေ့လာမှုများ ပြုလုပ်ခဲ့ပြီး သူ၏ သုတေသန အစီရင်ခံစာကို ၂ဝဝ၄ ခုနှစ်က ထုတ်ပြန်ခဲ့သည်။ နွေရာသီတွင် အပူချိန် ၁ ဒီဂရီစင်တီဂရိတ် မြင့်တက်တိုင်း စပါးအထွက် ၁ဝ% ကျဆင်းသည်ဟု ဖုန် နှင့်အဖွဲ့၏ သုတေသနစာတန်းတွင် တွေ့ရှိထားသည်။
ဤသို့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုက အရေးပါသော်လည်း မြန်မာနိုင်ငံတွင် စပါးအထွက်ကို ပိုမို ထိခိုက်စေသည့် အခြားအကြောင်းများလည်း ရှိသေးသည်ဟု ဘူးရှက်ရှ်က ပြောသည်။ အကြောင်းမှာ မြန်မာနိုင်ငံရှိ စပါးစိုက်ခင်းများသည် အခြားအာရှနိုင်ငံများကဲ့သို့ ဆည်ရေသောက်လယ်များ မဟုတ်ဘဲ မိုးကောင်းလယ်များ ဖြစ်နေခြင်းကြောင့်ဟု ဆိုသည်။
`မြန်မာနိုင်ငံမှာ စပါးအထွက်ကို ထိခိုက်စေနိုင်တဲ့ အဓိကအကြောင်းတွေက မိုးနဲ့ သွင်းအားစုဘဲ ဖြစ်တယ်´ ဟု သူက ပြောသည်။
သွင်းအားစုဆိုသည်မှာ မြေသြဇာ၊ အခြားဓါတုပစ္စည်းများနှင့် လယ်လုပ်ရာတွင် အသုံးပြုသော ထွန်ထယ် လယ်လုပ်ကိရိယာ စက်ပစ္စည်းများကို ဆိုလိုခြင်း ဖြစ်သည်။
အဆိုပါ သွင်းအားစုများ ဝယ်ယူရန် လယ်သမားများ မကြာခဏ ငွေကြေးမလုံမလောက် ဖြစ်ကြသည်။ ကုလသမဂ္ဂ၊ အာဆီယံ နှင့် မြန်မာစစ်အစိုးရတို့ ပါဝင်ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့၏ နာဂစ်လွန် ပုံမှန်လေ့လာသုံးသပ်မှု သုံးကြိမ်မြောက် အစီရင်ခံစာအရ လယ်ယာသုံး သွင်းအားစုများရရှိမှုမှာ အကန့်အသတ်နှင့်ပင် ရှိနေဆဲဖြစ်ပြီး နာဂစ်မတိုင်မီက ထက်စာလျှင် စပါးအထွက် လျော့ကျသွားခဲ့သည်ဟု ပြောသည်။
လွန်ခဲ့သောလအထိ အပူချိန်သိသိသာ မြင့်တက်လာမှုကို သူသတိမထားမိပါဟု ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ စပါးစိုက် လယ်သမားတဦးက ပြောသည်။
`ဇူလိုင်ကတော့ သိပ်ပူလို့ ပျိုးမကြဲသေးဘဲ စောင့်နေရတယ်´ ဟု သူက ပြောသည်။
လွန်ခဲ့သော နှစ်များအတွင်း စပါးအထွက် ကြီးကြီးမားမား ကျဆင်းခဲ့သည်ဟုလည်း သူ သတိမထားမိကြောင်း ပြောသည်။ သို့သော် နာဂစ် နောက်ပိုင်း မိုးခေါင်လာခြင်းလို အကြောင်းများကြောင့်မူ သူ့လယ်တွင် အခက်အခဲ ကြုံခဲ့သည်။
ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တယက)က ရခိုင်နှင့် တနင်္သာရီတို့ကို ဆန်စပါးမတင်ပို့ရဟု အကြောင်းတစုံတရာမပြဘဲ ပိတ်ပင်တားမြစ်လိုက်ကြောင်း မဇ္ဈိမ သတင်းဌာနက လွန်ခဲ့သောအပတ်က ဖော်ပြခဲ့သည်။ မြစ်ဝကျွန်းပေါ်ရှိ စပါးစိုက်လယ်သမား အများအပြားမှာလည်း ပိုမို အလုပ်ဖြစ်နိုင်မည့် အခြား အလုပ်များကိုရှာဖွေရင်း စပါးစိုက်ခင်းများကို စွန့်ခွာသွားနေကြသည်။
Geen opmerkingen:
Een reactie posten