မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label ခေတ်ပြိုင် မှ. Alle posts tonen
Posts tonen met het label ခေတ်ပြိုင် မှ. Alle posts tonen

dinsdag 14 juli 2009

ရွေးကောက်ပွဲမတိုင်မီ အကျဉ်းသားများကို လွှတ်ပေးမည်ဟု ကုလဆိုင်ရာ သံအမတ်ပြော



NEJ / ၁၄ ဇူလိုင် ၂၀၀၉


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ တောင်းဆိုချက်အရ မြန်မာစစ်အစိုးရက အကျဉ်းသားများကို လူသားချင်း စာနာထောက်ထားမှု အခြေခံကာ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စီစဉ်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက ပြောကြားသည်။

မစ္စတာဘန်ကီမွန်းက လုံခြုံရေးကောင်စီကို မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး ယမန်နေ့က အစီရင်ခံတင်ပြရာတွင် မြန်မာသံအမတ်ကြီး ဦးသန်းဆွေက ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်။ သို့သော် ဦးသန်းဆွေက အကျဉ်းသားမည်မျှကို မည်သည့်အချိန်တွင် လွှတ်ပေးမည်ဆိုသည်ကို ထုတ်ဖော်ပြောခြင်းမရှိသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ပါဝင်မည်၊ မပါဝင်မည် ဆိုသည်ကိုလည်း ပြောဆိုခြင်းမရှိခဲ့ဟု သိရသည်။

မြန်မာသံအမတ် ဦးသန်းဆွေ၏ပြောကြားချက်နှင့်ပတ်သက်၍ မစ္စတာဘန်ကီမွန်းက “ဒါဟာ အားတက်စရာဖြစ်ပေမယ့် မြန်မာနိုင်ငံခရီးစဉ်အတွင်း ကျနော် တင်ပြခဲ့တဲ့ကိစ္စတွေကို သူတို့ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာကို ဆက်လက် စောင့်ကြည့်ရပါမယ်။ ဒီလွတ်ငြိမ်းချမ်းသာခွင့်မှာ ဘယ်သူပါမယ်ဆိုတာ ကျနော်သေချာမသိပါဘူး” ဟု သတင်းထောက်များအား ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

ဇူလိုင် (၃-၄) ရက် မြန်မာနိုင်ငံခရီးစဉ်အတွင်း မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန် မြန်မာစစ်အစိုးရအား တောင်းဆိုခဲ့သည်။

မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ရောက်ရှိချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲခံ နေရကာ အင်းစိန်ထောင်အတွင်း ရုံးတင်စစ်ဆေးခံနေရချိန်ဖြစ်သည်။

ထို့အပြင် မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းခဲ့သည်ကိုလည်း မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေချိန်ဖြစ်သည့်အတွက်ဟု အကြောင်းပြကာ တွေ့ခွင့်မပေးခဲ့ပေ။

maandag 13 juli 2009

ကျိုက္ကဆံစေတီတော် ပန်းလည်တိုင် နုတ်မရ၍ ထီးတော်သစ်တင်ရန်အခက်အခဲဖြစ်

အောင်ထက် / ၁၃ ဇူလိုင် ၂၀၀၉


ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် ကျိုက္ကဆံ ဆံတော်ရှင် စေတီတော်၏ အလယ်ဗဟိုချက်တိုင် (ပန်းလည်တိုင်) အဟောင်းကို နုတ်မရဖြစ်နေခြင်းကြောင့် ထီးတော်အသစ်တင်လှူပူဇော်ရန် အခက်အခဲဖြစ်နေသည်။

၂၀၀၈ မေ (၃) ရက်က တိုက်ခတ်လိုက်သော နာဂစ်လေဘေးဒဏ်ကြောင့် ကျိုက္ကဆံစေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ထီးတော်တို့ ကွေးညွတ်သွားခဲ့သဖြင့် ထီးတော်အဟောင်းကို ကျိုက်ထီးဆောင်း ဆရာတော်ဘုရားကြီးနှင့်အဖွဲ့က အရင်းနေရာမှ ဖြတ်ချလိုက်ပြီးသည့်နောက် ငှက်ပျောဖူးအလယ်နေရာမှ ထည့်သွင်းမြှုပ်နှံထားသော ပန်းလည်တိုင် အဟောင်းကို ကိရိယာမျိုးစုံ သုံး၍ နုတ်ယူရန် ကြိုးစားနေသည်မှာ ယခုအခါ (၁၀) လမျှ ရှိနေပြီဖြစ်ကြောင်း သိရသည်။

စတီးထီးတော်အသစ်မှာ စေတီတော်အရှေ့ဘက် စောင်းတန်း၌ ပင့်ဆောင်ရောက်ရှိနေသည်မှာ (၄) လခန့် ရှိနေပြီဖြစ်သည်။

ဆံတော် (၇) ဆူ၊ ဓာတ်တော် (၁၀) ဆူ ကိန်းဝပ်စံပယ်တော်မူသော သမိုင်းဝင် ကျိုက္ကဆံ ဆံတော်ရှင်စေတီတော်ကို မဟာသက္ကရာဇ် ၁၁၁ ခုနှစ်တွင် စတင်တည်ထားကိုးကွယ်ခဲ့သည်။

ထို့နောက် မြန်မာမင်းအဆက်ဆက်က ပြုပြင်မွမ်းမံခဲ့ရင်း လွန်ခဲ့သောနှစ်ပေါင်း (၄၀) ကျော်က မဟာဆေးဝင်္ကပါ ဆရာတော်ဘုရားကြီးက (၆) ကြိမ်မြောက်အဖြစ် ထီးတော်တင်လှူပူဇော်ခဲ့သည်။

ထိုစဉ်က ထီးတော်မှာ ကြေးဖြင့် သွန်းခတ်ထားပြီး စေတီ၏ အလယ်ဗဟိုချက်တိုင် (ပန်းလည်တိုင်) ကို ထုထည်ကြီးမားသည့် သုံးမြှောင့်ဟင်ဂလန် သံချောင်းကို ထည့်သွင်းအသုံးပြုထားသည်ဟု မဟာဆေးဝင်္ကပါ ဆရာတော် ထီးတော်တင်စဉ်က အနီး၌အတူ ရှိနေခဲ့သည့် ဆရာတော်တပါးက မိန့်ကြားသည်။

“အဲဒီ သုံးမြှောင့်ဟင်ဂလန် ပန်းလည်တိုင်အဟောင်းကို ချွတ်ပြီး အသစ်တချောင်း ပြန်ထည့်ပြီး စတီးထီးတော်အသစ်ကို စွပ်ရမှာဖြစ်တယ်။ ဒါပေမယ့် တစုံတခု ထိခိုက်မှုကြောင့် အက်ကွဲကြောင်းအနည်းငယ် ရှိနေတဲ့ စေတီတော်ဟာ ပန်းလည်တိုင် ချွတ်ရင်း ဒလမြို့နယ်၊ ဓနုတ်ဘုရားလို လဲပြိုသွားမှာကို စိုးရိမ်နေရတယ်” ဟု ၎င်းဆရာတော်ကြီးက ဆက်လက်မိန့်သည်။

စေတီ၏ အလယ်ဗဟိုချက်တိုင်ဖြစ်သော ပန်းလည်တိုင်မှာ (၇) ပေခန့်ရှိမည်ဟု ယူဆ၍ ထီးတော်အရင်းမှ ဖြတ်ချလိုက် ခြင်းကြောင့် ကျန်အပိုင်းကို နုတ်ယူ၍ ခက်ခဲသွားရခြင်းဖြစ်ကြောင်း၊ ပန်းလည်တိုင်အဟောင်းသည် စေတီ၏ ဖိနပ်တော် အရင်းအထိ ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း ကျိုက္ကဆံစေတီတော်အနီးမှ ဆရာတော်တပါးက မိန့်သည်။

ထိုဆရာတော်က “ထီးတော်အရင်းနေရာက ဖြတ်ချလိုက်တာနဲ့ပတ်သက်ပြီး ကျိုက်ထီးဆောင်းဆရာတော် အဖွဲ့နဲ့ ကျိုက္ကဆံ စေတီတော်ဂေါပကအဖွဲ့တို့ အချင်းများခဲ့ကြတယ်။ အခု ကျိုက်ထီးဆောင်းထီးတော် တည်ဆောက်ရေးအဖွဲ့က အသစ်ပင့် ဆောင်လာတဲ့ စတီးထီးတော်ဟာ အရင် ကြေးထီးတော်လောက်တောင် ကြံ့ခိုင်မှုမရှိတာကို တွေ့ရတယ်” ဟု မိန့်ကြားသည်။

နာဂစ်လေဘေးသင့် ကျိုက္ကဆံ ဆံတော်ရှင် စေတီတော်ကြီးအား မြန်မာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ် တပို့တွဲလပြည့်နေ့၌ ထီးတော်အသစ် တင်လှူမည်ဟု ကြေညာခဲ့သော်လည်း စေတီထီးတော်တည်ဆောက်မှုမပြီးသေး၍ ပထမအကြိမ် တင်လှူပူဇော်ခြင်း မပြုနိုင်ဖြစ်ခဲ့သည်။

စတီးထီးတော်အသစ် ပင့်ဆောင်ရောက်ရှိပြီးနောက် ကဆုန်လပြည့် ဗုဒ္ဓနေ့၌ ထီးတော်တင်လှူနိုင်ရန် စီစဉ်ခဲ့သော်လည်း ပန်းလည်တိုင် ဟင်ဂလန်အဟောင်း နုတ်မရ၍ ထီးတော်အသစ်တင်လှူမည့် အစီအစဉ် ဒုတိယအကြိမ် ပျက်ခဲ့ရသည်။

ထီးတော်အသစ် တင်လှူမည့် အစီအစဉ် နှစ်ကြိမ်တိုင် ပျက်ခဲ့ရသည်မှာ ငှက်ပျောဖူးအလယ်ရှိ ပန်းလည်တိုင်အဟောင်း နုတ်မရ၍ဖြစ်ကြောင်း၊ ယနေ့အထိ နုတ်ယူရန် ကြိုးစားနေဆဲဖြစ်ကြောင်း၊ ၁၃၇၁ ခုနှစ် သီတင်းကျွတ်-တန်ဆောင်မုန်း လပြည့်ခန့်တွင် ထီးတော်အသစ်တင်လှူပူဇော်နိုင်မည်ဟု ခန့်မှန်းရကြောင်း ကျိုက္ကဆံစေတီတော် ဂေါပကအဖွဲ့ဝင်တဦးက အတည်ပြုပြောကြားသည်။

သမိုင်းဝင် ကျိုက္ကဆံ ဆံတော်ရှင်စေတီတော်မြတ်ကြီးသည် ပင်လယ်ရေမျက်နှာပြင်အထက် (၂၃၇.၇၅) ပေ၌ တည်ရှိပြီး မြေပြင်အထက် (၂၀၄.၄၁) ဉာဏ်တော်မြင့်ကာ ဖိနပ်တော်အ၀န်းမှာ (၃၈၅) ပေရှိသည်။

vrijdag 10 juli 2009

ဒုတိယမြောက် A(H1N1) တုပ်ကွေးဖြစ်ပွားသူ တွေ့ရှိကြောင်း

NEJ / ၁၀ ဇူလိုင် ၂၀၀၉


မြန်မာနိုင်ငံတွင် A(H1N1) ကမ္ဘာ့လူတုပ်ကွေးရောဂါဖြစ်ပွားသူ နောက်ထပ်တဦး ထပ်မံတွေ့ရှိကြောင်း စစ်အစိုးရပိုင် မီဒီယာများက တရားဝင်ကြေညာသည်။

အဆိုပါရောဂါတွေ့ရှိသူမှာအသက် (၂၀) အရွယ် အမျိုးသားဖြစ်ကြောင်းနှင့် ၎င်းသည် ဇူလိုင် (၆) ရက်နေ့က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ Thai Air Asia လေယာဉ်ခရီးစဉ်အမှတ် FD 3770 ဖြင့် ပြန်လာခဲ့ကြောင်း ယမန်နေ့ ညနေသတင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းသတင်းနှင့်ပတ်သက်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်သွယ်မေးမြန်းရာတွင် “ဖြစ်တယ်ဆိုတာ ဟုတ်ပါတယ်။ လေဆိပ်မှာတုန်းက တွေ့တာမဟုတ်ဘူး။ ဖြစ်စဉ်က အရင်က ဖြစ်တဲ့ လူနာလိုပဲ၊ အိမ်ကိုရောက်ပြီး နောက်ပိုင်းဖြစ်တာပါ။ လူနာနဲ့ပတ်သက်ပြီးတော့ ကျမတို့ ဘာမှပြောလို့ မရပါဘူး” ဟု လေဆိပ်ကျန်းမာရေး စစ်ဆေးရေးဌာနမှ ၀န်ထမ်းတဦးက ခေတ်ပြိုင်သို့ ပြောသည်။

အစိုးရပိုင်မီဒီယာများ၏ ဖော်ပြချက်တွင် အဆိုပါအမျိုးသားမှာ ဇူလိုင် (၇) ရက် မွန်းလွဲပိုင်းတွင် လည်ချောင်းနာကာ အဖျားအနည်းငယ်ရှိသဖြင့် ပြင်ပလူနာအဖြစ် ကုသမှုခံယူခဲ့ကြောင်း၊ ဇူလိုင်လ (၈) ရက်တွင် သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးနှင့်အဖွဲ့က နေအိမ်ကိုသွားရောက်ကြည့်ပြီး ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ယင်းဆေးရုံ၏ သီးသန့်လူနာခန်းတွင် ထားရှိကာ ပြည်သူ့ကျန်းမာရေးဌာနက စမ်းသပ်စစ်ဆေးချက်အရ New Influenza A(H1N1) ရောဂါရှိသည်ဟု အတည်ပြုခဲ့ကြောင်း သိရသည်။

ရောဂါတွေ့ရှိသောသူနှင့် အတူလေယာဉ်စီးလိုက်ပါလာသော ခရီးသည် (၁၀၄) ဦး၊ လေဆိပ်ရှိ ကျန်းမာရေးဝန်ထမ်းများ၊ လူနာနှင့်ထိတွေ့မှုရှိခဲ့သူများကို လိုက်လံရှာဖွေလျက် စောင့်ကြပ်ကြည့်ရှုနေကြောင်း အစိုးရ မီဒီယာများတွင် ဖော်ပြသည်။

ရန်ကုန်မြို့၊ နိုင်ငံခြားဆေးအရောင်းဆိုင်ကြီးတဆိုင်မှ တာဝန်ခံတဦးက “ဖြစ်စဉ်က အရင် အသက် (၁၃) နှစ်အရွယ် မိန်းကလေး ငယ် ရောဂါဖြစ်တာမျိုးပါပဲ၊ အိမ်ရောက်မှ သိတယ်။ လေဆိပ်မှာ အဲဒီရောဂါပိုးရှိမရှိ စစ်နေတဲ့ကိစ္စဟာ အပိုလိုဖြစ်နေပြီ။ ပြည်ပက ပြန်ရောက်တဲ့ သူတွေအနေနဲ့ လေဆိပ်မှာ စစ်ထားတာပဲလေ ဆိုပြီးတော့ ပေါ့မနေဖို့ လိုတယ်။ စက်မကောင်းတာဘဲလား၊ ဘယ်လိုကြောင့်လဲဆိုတာကို စဉ်းစားသင့်ပြီလို့ထင်တယ်” ဟု ပြောသည်။

ရန်ကုန်ရှိ ကျန်းမာရေးဦးစီးဌာနက A(H1N1) တုပ်ကွေးရောဂါကို ၎င်းတို့ကြေညာသည့်အတိုင်း သေသေချာချာစနစ်တကျ ရှာဖွေကုသမှုမရှိကြောင်း ရန်ကုန်မြို့ခံများအကြားတွင် ပြောဆိုနေကြသည်။

ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးဆရာဝန်တဦးက “ကျနော်သိသလောက်တော့ သူတို့ ကျန်းမာရေးစစ်ဆေးမှု လုပ်တယ်ဆိုတာက လေယာဉ်နဲ့ ပါလာတဲ့ခရီးသည် အချို့အိမ်ကို သွားတယ်။ ပြီးတော့ အဲဒီလူ အိမ်မှာရှိမရှိမေးတယ်။ ရှိရင်လည်း တွေ့တယ်။ နေကောင်းနေပါတယ်လို့ မှတ်ချက်ယူတယ်။ မတွေ့တဲ့ လူကျတော့ အပြင်ကို သွားနေပါတယ်။ နေမကောင်းတဲ့ အနေအထားမရှိပါ။ လန်းဆန်းနေပါတယ်လို့ မှတ်ချက်ယူတယ်။ ရန်ကုန်မှာကတော့ ဒါလောက်ပါပဲ။ လူတိုင်းဆီကိုလည်း မသွားဘူးဆိုတာ သတင်းစာဖတ်တဲ့သူတိုင်းက သိနေတယ်။ သတင်းစာကို လူတွေက အပိုတွေ၊ မဟုတ်တာတွေ ရေးတယ်လို့ပဲ မြင်ကြတာလေဗျာ” ဟု ပြောသည်။

ရန်ကုန်တွင် A(H1N1) တုပ်ကွေးစတင် ဖြစ်ပွားပြီးနောက်ပိုင်း နှာခေါင်းစီး (mask) များ ဈေးနှုန်းအလွန်မြင့်တက်ခဲ့ပြီး (၃) ရက်ခန့် သာ လူအများ နှာခေါင်းစီးတပ်ကြသည့် မြင်ကွင်းကို တွေ့မြင်ရပြီး ယင်းနောက်ပိုင်းတွင် အဆိုပါ နှာခေါင်းစီးများကို တပ်ဆင်သူ များ မရှိသလောက် ဖြစ်သွားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“ရန်ကုန်မှာ လူတွေက တနေကုန် ၀မ်းရေးအတွက်ပဲ ရုန်းရကန်ရနဲ့၊ mask တပ်တာကို လုပ်နေဖို့ အချိန်မရတာ ဖြစ်နိုင်တယ်။ နောက်ပြီး ဈေးမြင့်တာလည်း ဖြစ်နိုင်တယ်။ နောက်ပြီး ဒီလို mask တွေက စနစ်တကျမတပ်ရင်လည်း အကာအကွယ် မဖြစ်ဘူး ဆိုတာတွေကို လူတွေက သိကုန်ကြတော့ တော်တော်လေးပျောက်သွားတယ်။ အခု ဘွားကနဲ့ နောက်ထပ်တယောက်မှာ အဲ့ဒီရောဂါ တွေ့တယ်ဆိုတော့ ရောဂါပျံ့နှံ့နေတာကို သတိပြုမိလာကြလိမ့်မယ်နဲ့တူတယ်။ အနေအထားကို ကျနော်တို့လည်း စောင့်ကြည့်ရမှာပဲ” ဟု ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန် (၂၇) ရက် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာန၏ စမ်းသပ်ချက်အရ ရန်ကုန်မြို့၌ (၁၃) နှစ်အရွယ် အမျိုးသမီးငယ် တွင် A(H1N1) တုပ်ကွေး ဖြစ်ပွားသည်ကို အတည်ပြုကြောင်း စစ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် A(H1N1) တုပ်ကွေးရောဂါ ပထမဆုံး တွေ့ရှိခဲ့သော (၁၃) နှစ်အရွယ် အမျိုးသမီးငယ်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီဖြစ်သဖြင့် ဇူလိုင် (၈) ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ တွင် ဖော်ပြထားသည်။

မုဒုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကြောင့် ကျောင်းတက်သူဦးရေ ထက်ဝက်ခန့်လျှော့ကျ

NEJ / ၁၀ ဇူလိုင် ၂၀၀၉


မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် ကျောင်းသားအချို့ သေဆုံးခဲ့သောကြောင့် ယခုသီတင်းပတ်တွင် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းတက်ရောက်သူ ကျောင်းသားဦးရေ လျော့ကျသွားကြောင်း မြို့ခံများက ပြောသည်။

မုဒုံမြို့ အမှတ် (၂) အထက်တန်းကျောင်းမှ ကျောင်းဆရာတဦးက “ဇွန်လနောက်ဆုံးအပတ်မှာ အမှတ် (၁) ကျောင်းက ကျောင်းသားတွေ နှစ်ရက်ထဲမှာ (၄) ယောက်တောင် သေတဲ့အကြောင်း အခု သတင်းပျံ့နေတယ်။ လူတွေက ရိုးရိုးတုပ်ကွေးနဲ့မှ ဟုတ်ရဲ့လားပေါ့။ နှစ်ရက်တည်းနဲ့ (၄) ယောက်တောင် ဆုံးတာဆိုတော့လေ” ဟု ပြောသည်။

၎င်းက “ကျောင်းသားတွေ သေပြီးတဲ့နောက်မှ ဆရာဝန်တွေ ဟိုဝက်တုပ်ကွေးအန္တရာယ် ကာကွယ်ရေးအတွက်ဆိုပြီး ဒီမုဒုံကျောင်းကို ရောက်လာတယ်။ သွေးစစ်တာတို့၊ ဝက်တုပ်ကွေးနဲ့ ပတ်သက်တဲ့ ကြိုတင်ကာကွယ်ရေးတို့အတွက် ပညာပေး ပွဲတွေ လာလုပ်ကြတယ်။ ကျောင်းမှာ ဖြစ်နေတဲ့ သွေးလွန်တုပ်ကွေးနဲ့ ဟိုကျန်းမာရေးပညာပေးအဖွဲ့ ပြောတဲ့ ၀က်တုပ်ကွေးက တိုက်ဆိုင်သွားတော့၊ ဒါ သွေးလွန်တုပ်ကွေးလား၊ အအေးမိတာလား၊ ဝက်တုပ်ကွေးလား၊ လူတုပ်ကွေးလားဆိုတာ မခွဲတတ်ကြ တော့ဘူး။ အဲဒါကြောင့် ကျောင်းသားမိဘတွေက သူတို့ကလေးတွေကို ကျောင်းမလွှတ်ကြတော့ဘူး” ဟု ဆက်ရှင်းပြသည်။

ဇွန်လကုန်ပိုင်းမှစ၍ မော်လမြိုင်ဆေးရုံကြီး၌ တုပ်ကွေးရောဂါဖြစ်ပွားနေသည့်ကလေးငယ် အများအပြားရှိနေပြီး အများစုမှာ ကော့ကရိတ်၊ သံဖြူဇရပ်နှင့် မုဒုံမြို့နယ်တို့မှဖြစ်ကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း မုဒုံမြို့ ဘိုတဲရပ်မှ တုပ်ကွေးရောဂါဖြင့် သေဆုံးသွားသည့် (၆) တန်း ကျောင်းသားတဦး၏ အဒေါ်ဖြစ်သူက “မော်လမြိုင်ဆေးရုံက ပြောတာ ရိုးရိုးတုပ်ကွေးရောဂါနဲ့ပဲ ဆုံးတာတဲ့။ ဆေးရုံဆေးစစ်ချက်ကို လွန်ခဲ့တဲ့ (၂) ရက်ကမှ သွားယူလာတာ။ ဖြစ်တာအရမ်းမြန်တော့ ဘာမှ လုပ်လို့ မမီလိုက်ဘူး။ သူ့အတန်းအဖော်တယောက်လည်း ဆုံးသွားတယ်။ တရက်ပဲ ခြားတယ်။ မော်လမြိုင်ဆေးရုံမှာပဲ။ အများစုက ကလေးတွေပဲ ဖြစ်တယ်။ သူတို့အမှတ် (၁) ကျောင်းက ဆရာမတယောက်လည်း ဆုံးသွားတာကြားတယ်၊ မော်လမြိုင်ဆေးရုံမှာပဲ” ဟု ပြောသည်။

ယခုနှစ်တွင် မုဒုံမြို့နယ်၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူများ ယမန်နှစ်ကထက် များပြားပြီး သွေးလွန်တုပ်ကွေးကြောင့် ကျောင်းသားအချို့ သေဆုံးမှုများဖြစ်ပွားနေချိန်သည် မြန်မာနိုင်ငံ၌ A(H1N1) တုပ်ကွေးရောဂါစွဲကပ်သူတဦး တွေ့ရှိကြောင်း အစိုးရက တရားဝင်ကြေညာခဲ့ပြီးနောက်ပိုင်း ရောဂါကာကွယ်ရေး သတိပေးချက်များ အဆက်မပြတ်ထုတ်ပြန်နေချိန်ဖြစ်သည့် အတွက် မုဒုံမြို့တွင် ကျောင်းသားအချို့ A(H1N1) တုပ်ကွေးရောဂါဖြင့် သေဆုံးသွားသည်ဟူသော ကောလာဟလသတင်း များလည်း ထွက်ပေါ်နေသည်။

ထိုသို့သတင်းများထွက်ပေါ်နေသည့်အတွက် ကျောင်းသားမိဘများက စိုးရိမ်ကာ ကျောင်းသားများအား ကျောင်းသို့ စေလွှတ်ရန် ငြင်းဆန်နေခြင်းကြောင့် ယခုအခါ မုဒုံမြို့ အမှတ် (၁) နှင့် အမှတ် (၂) အ.ထ.က ကျောင်းများတွင် ကျောင်းသားဦးရေ (၅၀) ရာခိုင်နှုန်းခန့် လျော့ကျသွားကာ စာသင်ကြားရန် မဖြစ်နိုင်တော့ကြောင်း မုဒုံမြို့ အမှတ် (၂) အထက်တန်းကျောင်းမှ ကျောင်းဆရာက ပြောသည်။

မော်လမြိုင်မြို့ ဆေးရုံကြီးမှ အထူးကု ဆရာဝန်တဦးကမူ နယ်အရပ်ရပ်မှ တက်ရောက်ကုသနေသည့် ရာသီအလိုက် သာမာန်တုပ်ကွေးရောဂါ ဖြစ်ပွားသူများသာ ဆေးရုံကြီးတွင် ရှိကြောင်းနှင့် ၎င်းတို့ထဲမှ သွေးလွန်တုပ်ကွေးဖြစ်ပွားသူအချို့ သေဆုံးမှုများ ရှိသော်လည်း A(H1N1) ဗိုင်းရပ်စ် အမျိုးအစား တုပ်ကွေးရောဂါကြောင့် မဟုတ်ကြောင်း ခေတ်ပြိုင်သို့ ပြောသည်။ သို့သော် ယင်းသွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးသူ မည်မျှရှိသည်ကို မိမိအနေဖြင့် မသိရှိကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် A(H1N1) ဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူ အသက် (၁၃) နှစ်အရွယ် ကျောင်းသူသည် ရောဂါအခြေအနေ ကောင်းမွန်လာသောကြောင့် ဇူလိုင်လ (၈) ရက် ညနေပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း ယမန်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ပါရှိသည်။

ထို့အပြင် A(H1N1) ရောဂါ စောင့်ကြပ်ကြည့်ရှုရန် စာရင်းတွင် ပါဝင်သူ (၂၆၀) ကျော်ကိုလည်း စောင့်ကြည့်ရေးလုပ်ငန်းများ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဖော်ပြပါရှိသည်။

woensdag 8 juli 2009

ကရင်စစ်ပြေးဒုက္ခသည်များအား စခန်းပြောင်းရွှေ့ရန်စီစဉ်



NEJ / ၈ ဇူလိုင် ၂၀၀၉


လာမည့်သုံးရက်အတွင်း နောင်ဘိုးဘုန်းကြီးကျောင်းတွင် ယာယီခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၁,၃၅၅) ဦးသည် နောင်ဘိုးရွာတောင်ခြေသို့ ပြောင်းရွှေ့နေထိုင်ကြရမည်ဖြစ်သည်။

အဆိုပါနေရာသည် ထိုင်းအာဏာပိုင်များက သဘောတူခွင့်ပြုသည့် ဧက (၃၀) ခန့်စီရှိ မြေနေရာနှစ်ခုဖြစ်ပြီး ဒုက္ခသည်များကို နောင်ဘိုးကျေးရွာ ရွာသူကြီးနှင့် အစိုးရမဟုတ်သောအဖွဲ့များ၏အစီအစဉ်ဖြင့် ပြောင်းရွှေ့ပေးမည်ဖြစ်သည်။

နောင်ဘိုးဘုန်းကြီးကျောင်းမှ ဒုက္ခသည်များကို ကူညီမှုပေးနေသည့် လယ်ပေါ်ဟဲ ဒုက္ခသည်စခန်းဥက္ကဋ္ဌ စောတာဆူးညားက “အခြေအနေအရ ဟိုဘက်ပြန်ဖို့ မရဲသေးဘူး။ အခု နောင်ဘိုးတောင်ခြေမှာ ဧက (၃၀) မြေနေရာ (၂) ခုမှာ အားလုံးလာပြီး ပေါင်းနေဖို့ စီစဉ်နေတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယခင်က ထိုင်းအာဏာပိုင်များ၊ ယူအန်အိတ်ခ်ျစီအာ၊ တီဘီဘီစီ၊ ကေအာစီ၊ အိုင်အာစီနှင့် အခြား အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ သဘောတူထားသည့် ထီးနိုခို့နေရာကို ထိုင်းအာဏာပိုင်များက လုံခြုံရေးအကြောင်းပြချက်ဖြင့် ပယ်ဖျက်ခဲ့သည်။

ဒုက္ခသည်အရေးဆောင်ရွက်နေသည့် အင်ဂျီအိုတခုမှ ဝန်ထမ်းတဦးက “လုံခြုံရေးကိုအကြောင်းပြပြီးပြောတယ်။ ကျနော်ထင်တယ် ၊ ထိုင်းနယ်စပ်မှာ ဒုက္ခသည်စခန်းတခု ထပ်တိုးလာမှာကို စိုးရိမ်တာလည်း ဖြစ်နိုင်တယ်။ လက်ရှိဒုက္ခသည်တွေက တကယ်စစ်ပြေး ဒုက္ခသည်တွေပါ။ အခုလိုအခြေအနေမျိုးမှာ ကိုယ့်ရပ်ရွာပြန်ရင် အန္တရာယ်တွေနဲ့ ကြုံတွေ့ရမှာ ဖြစ်တယ်။ ဒါကြောင့် သူတို့အတွက် ကို စဉ်းစားစေချင်တယ်” ဟု ပြောသည်။

ဒုက္ခသည်တဦးဖြစ်သူ စောတကော်က “ပြန်လို့ရရင် ငါတို့ပြန်တာကြာပြီ။ အခုပြန်ရင် သေလမ်းကို ပြန်တာနဲ့အတူတူပဲ။ ဒါကြောင့် ဒီမှာလာခိုနေရတာပါ” ဟု ပြောသည်။

ကရင်ဒုက္ခသည်ကော်မတီဥက္ကဋ္ဌ စောရောဘတ်ထွေးက “အခုအခြေအနေအရဆိုရင် နောင်ဘိုး၊ အူးသူးထ၊ မဲ့စလေ၊
ဒီယာယီစခန်း (၃) ခုက စစ်ပြေးဒုက္ခသည် (၄,၀၀၀) လောက်ဟာ အခုယာယီစခန်းဖြစ်တဲ့ နောင်ဘိုးရွာတောင်ခြေနေရာမှာ အားလုံးသွားပြီး စုနေရမယ့်သဘောဖြစ်တယ်။ ဒီကိစ္စကို ကျနော်တို့ စီစဉ်ဆောင်ရွက်နေတုံးပဲ။ လာမယ့်အပတ်လောက်
ကျရင်တော့ အခြေအနေကို သိရမယ်” ဟု ပြောသည်။

ပြီးခဲ့သည့် တနင်္လာနေ့ကလည်း ဒုက္ခသည်များနှင့် ရွှေ့ပြောင်းကူးဝင်လာသူများဆိုင်ရာ အမေရိကန်ကော်မတီ US Committee for Refugees and Immigrants အဖွဲ့၏ ထိုင်းနိုင်ငံဆိုင်ရာသံတမန် မစ္စစိုဖန်းနီကျုံးကျင်ထနာကန်နှင့်အဖွဲ့သည် နောင်ဘိုး ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြသည့် ဒုက္ခသည်များနှင့် တွေ့ဆုံပြီး လူသုံးကုန်၊ စားသောက်ကုန်များ ပေးအပ်ခဲ့သည်။

၎င်းက ကရင်စစ်ပြေးဒုက္ခသည်များအား ရှေ့ဆက်အကူအညီများ ပေးသွားရန် အစီအစဉ်များ ရှိသည်ဟု ပြောကြားခဲ့သည်။

ယခင်လ (၂) ရက်နေ့မှ စတင်၍ နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို အလုံးအရင်းဖြင့် တလနီးပါးခန့် ထိုးစစ်ဆင်သည့် ဂယက်ကြောင့် လှိုင်းဘွဲ့နှင့် ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ရွာသား (၄,၀၀၀) ခန့်သည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်အတွင်း ထွက်ပြေးခိုလှုံနေကြသည်။

၎င်းတို့ကို ထိုင်းအာဏာပိုင်များက ထာ့ဆောင်ယန်းမြို့နယ်အတွင်းရှိ နောင်ဘိုး၊ အူးသူးထ၊ မဲ့စလေ စသည့် နေရာ (၃) ခုတွင် ယာယီလက်ခံစောင့်ရှောက်ထားပြီး နယ်မြေအေးချမ်းမှသာ နေရပ်ပြန်ပို့မည်ဖြစ်ပြီး အတင်းအဓမ္မပြန်ပို့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

zaterdag 4 juli 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအတွင်းရေးမှူးချုပ် တွေ့ခွင့်မရ



NEJ / ၄ ဇူလိုင် ၂၀၀၉



ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်တောင်းဆိုချက်ကို နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ငြင်းပယ်လိုက်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေချိန်တွင် တရားရေးဆိုင်ရာလုပ်ငန်းများကို အနှောင့်အယှက် မဖြစ်စေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကြောင်းပြသည်ဟု မစ္စတာဘန်ကီမွန်းက ပြောကြားသည်။

“ကျနော်အနေနဲ့ အင်မတန်စိတ်ပျက်မိပါတယ်” ဟုလည်း ဗိုလ်ချုပ်မှူးကြီးနှင့် ယနေ့ ထပ်မံတွေ့ဆုံအပြီးတွင် ၎င်းက သတင်းထောက်များကို ပြောကြားကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။

မစ္စတာဘန်ကီမွန်းသည် ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရောက်ချင်းပင် နေပြည်တော်သို့ သွားရောက်၍ နအဖစစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့လိုကြောင်း မေတ္တာရပ်ခံခဲ့ပြီး တွေ့ခွင့်ရမရ သိရှိရန် အဖြေကိုစောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံလိုကြောင်း တောင်းဆိုခဲ့ရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးနေသည်ဟုသာ ပြန်လည်ဖြေကြားခဲ့ကြောင်း မစ္စတာဘန်ကီမွန်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

“သူက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးနေတယ်လို့ ပြောတယ်။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်တယ်လို့ပြောတယ်” ဟု ၎င်းက ပြောသည်။

မစ္စတာဘန်ကီမွန်းကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရေးသည် ယခုခရီးစဉ်၏အဓိက အချက်တချက်ဖြစ်သည့် အတွက် ၎င်း မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမချင်း စောင့်ဆိုင်းနေမည်ဟု ပြောဆိုခဲ့သည်။

ယခုကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရားစီရင်ရေးအကြောင်းပြကာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးခြင်းသည် မြန်မာ့နိုင်ငံရေး ဖြေရှင်းရာတွင် လိုအပ်သည့် အစီအစဉ်များကို လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ဟု အန်အယ်လ်ဒီပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောသည်။

ထို့ပြင် “ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဘန်ကီမွန်းတွေ့တာ တရားစီရင်ရေးကို အနှောင့်အယှက်ဖြစ်မယ်ဆိုတဲ့ အကြောင်းပြချက်ကတော့ ကျနော်တို့ လုံးဝနားမလည်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ တရားစွဲတာကိုက နိုင်ငံရေးအရ စွဲထားတာပဲ။ ဒါတွေက လုပ်မယ်ဆိုလည်း အကုန်လုံးဖြစ်တယ်၊ မလုပ်ဘူးဆိုလည်း အကြောင်းပြချက် တွေပေါ့လေ” ဟု ၎င်းက ပြောသည်။

မစ္စတာဘန်ကီမွန်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံခဲ့ရာတွင် ဒီမိုကရေစီရေး တိုးတက်မှု အထောက်အကူဖြစ်စေမည့် အချက် (၅) ချက်ကိုလည်း တင်ပြခဲ့ကြောင်း သိရသည်။

ရှေ့နှစ်ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်ကို ပြန်လွှတ်ပေးရန်၊ အစိုးရနှင့်အတိုက်အခံတို့ တွေ့ဆုံကာ စစ်မှန်သည့် ဆွေးနွေးရေးကို အကောင်အထည်ဖော်ရန်နှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်မြောက်စေရန်တို့အတွက် တိုက်တွန်းတင်ပြခဲ့သည်ဟု သိရသည်။

၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတမှုရှိစေပါမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကတိပေးခဲ့ကြောင်းနှင့် မြန်မာအာဏာပိုင်များ အနေဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲကို လွတ်လပ်ပွင့်လင်းပြီး တရားမျှတမှုရှိစေရန် အလေးထား လုပ်ဆောင်လိမ့်မည်ဟု ယုံကြည်ကြောင်း မစ္စတာဘန်ကီမွန်းက သတင်းထောက်များကို ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသို့ လာရောက်သည့် ယခုခရီးစဉ်ကို မစ္စတာဘန်ကီမွန်းကိုယ်တိုင်က ခက်ခဲသည့်ခရီးစဉ်တခုအဖြစ် ကြိုတင်တွက်ဆထားကြောင်း ပြောဆိုခဲ့ပြီး နှစ်ပေါင်း (၄၇) နှစ်ကျော် စစ်အာဏာရှင်များက အုပ်ချုပ်လာခဲ့သည့် မြန်မာနိုင်ငံကို ယခုကဲ့သို့ တညအိပ် ခရီးတိုလေးအတွင်းတွင် အခြေခံကျသည့် ပြောင်းလဲမှုများကို သူ့အနေဖြင့် မျှော်လင့်မထားကြောင်းလည်း ပြောကြားခဲ့သည်။

ယခု ၎င်း၏ခရီးစဉ်အပေါ် မြန်မာစစ်အစိုးရက နိုင်ငံရေးအရ အသုံးချခံရမည်ကို စိုးရိမ်မိကြောင်း မစ္စတာဘန်ကီမွန်းက ထုတ်ဖော်ပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဇူလိုင် (၃) နှင့် (၄) ရက်ခရီးစဉ်အတွင်း နအဖ ထိပ်ပိုင်းစစ်ခေါင်းဆောင်များနှင့်တွေ့ဆုံကာ ၎င်း၏တောင်းဆိုချက်များကို တင်ပြခြင်းဖြစ်သည်။ မစ္စတာဘန်ကီမွန်းသည် ယနေ့ညနေတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဟုသိရသည်။

မစ္စတာဘန်ကီမွန်းသည် ယမန်နေ့ညနေပိုင်းတွင် အန်အယ်လ်ဒီပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် စသည့် တရားဝင် နိုင်ငံရေးပါတီ (၁၀) ခုနှင့် ငြိမ်းချမ်းရေးအဖွဲ့အချို့တို့မှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်းသိရသည်။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) အဖွဲ့ကြီးကမူ ကုလသမဂ္ဂအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်တောင်းဆိုထားသော်လည်း အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြန်လွှတ်ပေးခြင်းမျိုးသည် အောင်မြင်သည့်ရလဒ်မဟုတ်ဟု အဖွဲ့၏ညွှန်ကြားရေးမှူး Kenneth Roth က ပြောကြားသည်။

မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ ရောက်ရှိသည့် ဇူလိုင် (၃) ရက်နေ့သည် အင်းစိန်ထောင်အထူးတရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့်အမှုကို ဆက်လက် စစ်ဆေးသည့်နေ့နှင့် တိုက်ဆိုင်ခဲ့သည်။ ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကြားနာမှုကို ဇူလိုင် (၁၀) ရက်သို့ ထပ်မံပြောင်းရွှေ့လိုက်ကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ၎င်း၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင်တရားစွဲထားပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသည်။

woensdag 1 juli 2009

လမ်းပြင်ပေးမည်ပြောပြီး ကြံ့ဖွံ့ထဲဝင်ခိုင်း




NEJ / ၁ ဇူလိုင် ၂၀၀၉


ရန်ကုန်တိုင်းအတွင်းမှ မြို့နယ်အချို့တွင် လမ်းပြင်ပေးမည်ဟု ပြောပြီး အဆိုပါလမ်းတွင် နေထိုင်သူများကို ကြံ့ဖွံ့အဖွဲ့ထဲဝင်ရန် ဖိအားပေးနေကြောင်း သိရသည်။

မြို့တော်စည်ပင်မှ ပြင်ဆင်ပေးခြင်းမရှိသည့် ဆိုးဝါးနေသည့်လမ်းများကို ကြံ့ဖွံ့အဖွဲ့ဝင်များက ရပ်ကွက်လူကြီးများမှတဆင့် လမ်းပြင်ပေးမည်၊ ပြည်သူများက ငွေထည့်စရာမလိုကြောင်း၊ သို့သော် လမ်းတွင်းနေထိုင်သူများက ကြံ့ဖွံ့အဖွဲ့သို့ ၀င်ရမည်ဟု ပြောဆိုစည်းရုံးနေကြောင်း ကိုယ်တွေ့ကြုံသူများက ပြောသည်။

ရန်ကုန်တိုင်း တောင်ဒဂုံ (၇၁) ရပ်ကွက်တွင် နေထိုင်သူတဦးက “အဲဒါနဲ့ ရပ်ကွက်လူကြီးတွေက ဝင်ပါ့မယ် ကတိပေးလိုက်တယ်။ အဲဒီနောက် စည်ပင်ကလူတွေလာတယ်။ လမ်းကို တိုင်းထွာပြီး ကျောက်ခဲတွေ လာပုံသွားကြတယ်။ နောက် အင်္ကျီအဝါ ဝတ်ထားတဲ့ အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေလာပြီး အိမ်တိုင်းကို ကြံ့ဖွံ့အဖွဲ့ဝင် လျှောက်လွှာပုံစံတွေ လာပေးသွားတယ်။ ပုံစံတွေ ဖြည့်ပြီး ရပ်ကွက်ရုံးကို သွားပေးရတယ်။ နောက်တော့ ကြံ့ဖွံ့အဖွဲ့ဝင် ကတ်ပြားတွေ အိမ်တိုင်ရာရောက် လာဝေပေးသွားတယ်။ ဒါပေမယ့် ဒီနေ့ထက်ထိ လမ်းပြင်တာ မတွေ့ရသေးဘူး” ဟု ပြောသည်။

ငွေမထည့်ရဘဲ လမ်းပြင်ပေးမည်ဆိုခြင်းကြောင့် ရပ်ကွက်အတွင်းနေထိုင်သူအများစုက ကြံ့ဖွံ့အဖွဲ့ဝင်ရန် လျှောက်လွှာ ဖြည့်စွက်ကြကြောင်း သိရသည်။

အလားတူလုပ်ရပ်များကို ရန်ကုန်မြို့လယ်ခေါင်တွင်ပင် ယခုတလော လုပ်ကိုင်နေပြီး အင်းစိန်တောင်သူကုန်းရပ်ကွက်တွင်မူ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း ကိုယ်တိုင် ဦးစီးကြောင်း ဒေသခံများက ပြောသည်။

မင်္ဂလာဈေးအနီး နေထိုင်သူတဦးက “ကျနော်တို့လမ်းမှာက ငွေကြေးတတ်နိုင်တဲ့သူတွေက ကိုယ့်ငွေနဲ့ကိုယ် ကိုယ်ထူကိုယ်ထလမ်းခင်းဖို့ စည်ပင်သာယာရေးအဖွဲ့ကို တင်ပြတယ်။ ဒါပေမယ့် သူတို့က လမ်းထိပ်မှာ ပြည်ခိုင်ဖြိုးအဖွဲ့က ဦးစီးပြီး ပြုပြင်ပေးနေပါတယ်ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်မယ်၊ သူတို့က ဦးစီးမယ် ပြောလာတယ်။ ပထမတော့ လမ်းထဲက လူတွေက ကြံ့ဖွံ့လက်ထဲ ငွေအပ်လိုက်ရမှာမို့ မကျေနပ်ကြဘူး။ နောက်တော့ တခြားရွေးချယ်စရာလမ်းမရှိတော့ သဘောတူလိုက်ရတယ်။ ဘယ်သူကမှတော့ မကျေနပ်ဘူး” ဟု ပြောသည်။

လသာ၊ ကျောက်တံတား၊ ဗိုလ်တထောင်မြို့နယ်များ၌လည်း ကိုယ့်ငွေကိုယ်စိုက်ထုတ်ပြီး ရေပိုက်၊ ရေမြောင်း၊ ပလက်ဖောင်းပြုပြင်ခြင်း လုပ်ငန်းများကို ပြည်ခိုင်ဖြိုးမှ ဦးစီးပြီး ပြုလုပ်နေပါသည်ဆိုသည့် ဆိုင်းဘုတ်ချိတ်ဆွဲပြီး လုပ်နေကြကြောင်း မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “စည်ပင်က လုပ်မပေးလို့ ပြည်သူတွေ ငွေကုန်ကြေးကျခံပြီး ကိုယ့်အားကိုယ်ကိုး လမ်းပြင်ကြတာကိုတောင် ကြံ့ဖွံ့အဖွဲ့က ဦးဆောင်လုပ်ကိုင်နေတယ်ဆိုပြီး နိုင်ငံရေးအမြတ်ထုတ်နေတယ်။ ဒီလိုလုပ်နေတာဟာ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့အဖွဲ့က ကြိုတင်ပြင်ဆင်မှုတခုအနေနဲ့ လုပ်နေတာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

ကျောင်းသားများ နှာခေါင်းစည်းမတတ်ရန်


NEJ / ၁ ဇူလိုင် ၂၀၀၉



ကမ္ဘာ့လူတုပ်ကွေး ရောဂါကာကွယ်ရန်အတွက် ကျောင်းသားကျောင်းသူများအားလုံး အကာအကွယ် အဖြစ် နှာခေါင်းစည်း၊ ပါးစပ်စည်းများ တပ်ဆင်ကြသည် ကို ရန်ကုန်တိုင်းရုံးက မလိုလားကြောင်း ရန်ကုန်မြို့ခံများ က ပြောသည်။

ယင်းသို့ မလိုလားသည့်အတွက် ရန်ကုန်ရှိ နာမည်ကြီး စာသင်ကျောင်းများသို့ ဆက်သွယ်ကာ နှာခေါင်းစည်း၊ ပါးစပ်စည်းများ မတပ်ဆင်ရန် ကျောင်းအုပ်ကြီးများကို အကြောင်းကြားထားကြောင်း ရန်ကုန်တိုင်းရုံး ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။

“အကြောင်းကြားထားပါလျက်နဲ့ တပ်ခိုင်းတဲ့ ကျောင်းအုပ်ကြီးကို အရေးယူမယ်ဆိုတာမျိုးတော့ မထုတ်ပြန်သေးပါဘူး။ ဘာလို့  ဒီလိုလုပ်ရသလဲဆိုရင် လူတွေ အထိတ်တလန့် မဖြစ်စေချင်လို့ပါ” ဟု ၎င်းက ပြောသည်။

အလုံမြို့နယ်ရှိ ကျောင်းတကျောင်းမှ ပညာရေးဝန်ထမ်းတဦးကမူ နှာခေါင်းစည်းများ မတပ်ရဆိုသည့် ညွှန်ကြားချက်ကို ကျောင်းသားမိဘများအနေဖြင့် ၎င်းတို့သားသမီးများ တုပ်ကွေးအန္တရာယ်က ကင်းအောင် လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် လိုက်နာဆောင်ရွက်လိမ့်မည်မထင်ကြောင်း ပြောသည်။

ရန်ကုန်ရှိ နာမည်ကြီးကျောင်းများတွင် ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း၊ ပါးစပ်စည်းများကို ဇွန်လ (၂၈) ရက်နေ့ကပင် တပ်ဆင်သူကျောင်းသားအချို့ရှိခဲ့ရာမှ ယခုနောက်ပိုင်း ကျောင်းသားတိုင်းလိုလို တပ်ဆင်လာကြကြောင်း အ.ထ.က (၁) ဒဂုံမှ ဆရာမတဦးက ပြောသည်။

“ကျမတို့ကျောင်းမှာ အခု ကျောင်းအုပ်ကြီးက အဲဒါတွေကို မတပ်ခိုင်းတော့ဘူး။ တိုင်းရုံးရဲ့အမိန့်လို့ ပြောပါတယ်။ ကျောင်းသားတွေကို မတပ်ခိုင်းတော့ဘူး” ဟု ၎င်းက ပြောသည်။

ရန်ကုန်တွင် ကမ္ဘာ့လူတုပ်ကွေးရောဂါ စတင်ဖြစ်ပွားသည်ဟူသော သတင်းထုတ်ပြန်ကြေညာပြီးနောက် နှာခေါင်းစည်း၊ ပါးစပ်စည်းများ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းလည်း ရန်ကုန်မြို့ခံများက ပြောသည်။

“ဈေးတွေကလည်း အရင်က တခုကို (၅၀) ကျပ်၊ အခု (၅၀၀) ကျပ်တဲ့၊ အံ့တောင်သြပါတယ်။ ဒါတွေကို ဈေးမတက်ရအောင် ထိန်းချုပ်မှာကို မလုပ်ဘဲနဲ့ ရောဂါကာကွယ်တာတွေကိုကျတော့ လူတွေ ထိတ်လန့်ဖြစ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းသားတွေကို မတပ်ခိုင်းဘူးလို့ ပြောတာတော့ တရားလွန်တယ်” ဟု ကမာရွတ်မြို့နယ် ကျောင်းသားမိဘတဦးက ပြောသည်။

ကျောင်းသားမိဘများက ၎င်းတို့သားသမီးများအား ကျောင်းလွှတ်ရမည်ကိုပင် စိတ်မချဖြစ်နေကြကြောင်း သိရသည်။

“အခုလိုမျိုး နှာခေါင်းစည်းတွေ မတပ်ရဘူးဆိုတော့ ကျမက သမီးကို ကျောင်းမလွှတ်ချင်တော့ဘူး။ အိမ်ကကားနဲ့ သွားပို့သွားကြို လုပ်ရတာဖြစ်ပေမယ့် ကျောင်းမှာက ကလေးတွေ အများကြီးလေ၊ တယောက်ယောက်မှာများ အဲဒီ တုပ်ကွေးရောဂါရှိနေရင် ကူးမှာလေ” ဟု ပြောသည်။

“အမှန်မှာတော့ ဒီလိုမျိုး နှာခေါင်းစည်းတယ်ဆိုတာမျိုးက စနစ်တကျဆောင်ရွက်ရင် တော်တော်ထိရောက်မှု ရှိပါတယ်။ ကျောင်းတွေမှာတော့ တပ်ကို တပ်ထားသင့်တဲ့ ကိစ္စပါ။ ဒါကြောင့်လည်း တချို့ကျောင်းတွေမှာဆိုရင် ပိတ်ကို နှာခေါင်း၊ ပါးစပ်စည်းတွေ ချုပ်ပေးဖို့တောင် လုပ်နေကြပါပြီ။ ဒါတွေကို မတပ်ရဘူးလို့ အမိန့်ထုတ်တာကတော့ အလွန်ကို ရှက်စရာ ကောင်းတဲ့ ကိစ္စပါ။ ဒါကို လိုက်နာတဲ့ ပညာရေးဝန်ထမ်းတွေလည်း ရှိနိုင်ကောင်းပါတယ်။ သူတို့ရဲ့ မှားယွင်းမှုပေါ့လေ” ဟု ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောသည်။

dinsdag 30 juni 2009

လူရွှင်တော်ဇာဂနာကို ထောင်ဝင်စာတွေ့ခွင့်ရ


NEJ / ၃၀ ဇွန် ၂၀၀၉



သရုပ်ဆောင် ဒါရိုက်တာ မောင်သူရ ခေါ် လူရွှင်တော်ဇာဂနာကို ခယ်မဖြစ်သူ မငြိမ်းက မြစ်ကြီးနားထောင်တွင် ယမန်နေ့ နံနက်ပိုင်းတွင် ထောင်ဝင်စာ တွေ့ခွင့်ရခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ကိုသူရ ကျန်းကျန်းမာမာပဲတဲ့။ အသားဖြူလာပြီး ကိုယ်ရေစစ်သွားတာကိုတော့ သူက နေမထိ လေမထိ တိုက်ထဲမှာနေရလို့ လို့ပြောတယ်။ အစားအသောက်နဲ့ မိသားစုဓာတ်ပုံတွေကိုပါ ပေးခွင့်ရခဲ့တယ်” ဟု ပြောသည်။

ယခင်က ကိုသူရအား ထောင်ဝင်စာသွားတွေ့ရာတွင် မငြိမ်းသည် မိတ်ဆွေတဦးအိမ်တွင် တည်းခိုခဲ့သော်လည်း ယခုတခေါက်တွင် အာဏာပိုင်များ၏ နှောင့်ယှက်မှုကြောင့် တည်းခိုခန်းတွင် တည်းခိုနေရကြောင်း အဆိုပါ မိသားစုနှင့် နီးစပ်သူက ပြောသည်။

အသေးစိတ်မည်သို့ နှောင့်ယှက်သည်ကိုမူ မငြိမ်း ရန်ကုန် ပြန်မရောက် သေးသဖြင့် ထုတ်ဖော်ပြောဆိုရန် ၎င်းက ငြင်းဆိုသည်။

ပြီးခဲ့သည့်လအတွင်းကလည်း မြစ်ကြီးနားအကျဉ်းထောင်တွင် ကိုသူရသေဆုံးပြီဟူသည့် ကောလာဟလ သတင်းတခု ထွက်ပေါ်ခဲ့ပြီး မီဒီယာများကလည်း ၎င်းတို့အား မေးမြန်းကြသည့်အတွက် စိတ်ပူပန်ခဲ့ရကြောင်း၊ ယခုထောင်ဝင်စာရပြီး လူကိုယ်တိုင်တွေ့ရသောကြောင့် စိတ်အေးရပြီဖြစ်ကြောင်း ကိုသူရ၏ မိသားစုဝင်များက ပြောသည်။

သရုပ်ဆောင် ဒါရိုက်တာ မောင်သူရ ခေါ် လူရွှင်တော်ဇာဂနာသည် ၂၀၀၈ မေလ နာဂစ်မုန်တိုင်းတိုက်ခတ်အပြီး လေဘေးဒုက္ခသည်များကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများလုပ်ခြင်း၊ ကယ်ဆယ်ရေးကိစ္စများနှင့်ပတ်သက်ပြီး ပြင်ပမီဒီယာတွင် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ခြင်းတို့ကြောင့် စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခြင်းခံရကာ ယခုအခါတွင် မြစ်ကြီနားအကျဉ်းထောင်၌ ဆက်လက် ထိန်းသိမ်းခံနေရဆဲဖြစ်သည်။

donderdag 11 juni 2009

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ

NEJ / ၁၁ ဇွန် ၂၀၀၉


အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ်ထားရှိသည့် မူဝါဒကို ပြန်လည်စဉ်းစားရန် သဘောထားရှိကြောင်း အမေရိကန်အစိုးရ၏ အာရှဆိုင်ရာ ထိပ်တန်းသံတမန်တဦးက ပြောကြားသည်။

အရှေ့အာရှနှင့်ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနေရာတွင် သမ္မတအိုဘားမား၏ အဆိုတင်သွင်းခြင်းခံရသူ Kurt Campbell က ယမန်နေ့၌ ပြုလုပ်သည့် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ကြားနာပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ စဉ်စားနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရ၏ ပြင်းထန်သည့် ကိုင်တွယ်မှု များကြောင့် အမေရိကန်က မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရန် သဘောထားပြောင်းလဲ လုပ်ဆောင်နေမှုကို အဟန့်အတားဖြစ်စေသည်ဟုလည်း Kurt Campbell က ပြောကြားခဲ့ကြောင်း ၀ါရှင်တန်မှလာသည့် အေပီသတင်းတွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်လိုက်သည့် တရားခွင်မှ ထွက်ပေါ်သည့် အဖြေပေါ်မူတည်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒကို အမေရိကန်အစိုးရက အဓိကထား စဉ်းစားသွားလိမ့်မည်ဟုလည်း မစ္စတာ Campbell က ပြောကြားသည်။

မြန်မာစစ်အစိုးရက လူ့အခွင့်အရေးကို လေးစားလိုက်နာလာရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် ရည်ရွယ်၍ အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအပေါ် မူဝါဒအပြောင်းအလဲလုပ်ရန် အထူးအလေးထား စဉ်းစားနေသော်လည်း မြန်မာအစိုးရနှင့် ပိုမိုထိတွေ့ဆက်ဆံရေးသည် တားမြစ်ပိတ်ဆို့မှုများကို ဖယ်ရှားသည့် သဘောမဟုတ်ကြောင်း မစ္စတာ Campbell က အလေးထားပြောကြားခဲ့သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အာရှသို့ ခရီးထွက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက် ကလင်တန် က မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ထွန်းရေးနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် စစ်အစိုးရအပေါ် အမေရိကန်၏ ပိတ်ဆို့တားမြစ်မှုများအပါအ၀င် အိမ်နီးချင်းနိုင်ငံများ၏ အပြုသဘောဆောင်သည့် ဆက်ဆံရေးများ သည် ထိရောက်မှုမရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အကောင်းဘက်သို့ ရှေးရှုသည့် အပြောင်းအလဲ ဖြစ်ပေါ်စေရေးအတွက်လည်း ဒေသတွင်းနိုင်ငံများနှင့် ပူးတွဲဆောင်ရွက်သွားရန် အမေရိကန် အစိုးရက အစီအစဉ်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။