မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label Forwarded mail တခုမှ. Alle posts tonen
Posts tonen met het label Forwarded mail တခုမှ. Alle posts tonen

zaterdag 20 november 2010

အချောင်သမား ၊ အခွင့်ရေးသမား အာချောင်အောင်နိုင်ဦးနှင့် မီဒီယာ

နိုဝင်ဘာလ ၁၇ ရက် ၂၀၁၀ နေ့ ဘီဘီစီ ကထုတ်လွှင့်သွားသော သတင်းဖလှယ်အစီအစဉ်မှာ အောင်နိုင်ဦး ဆွေးနွေးတာကိုကြားရတဲ့အခါ ဆက်နားထောင်နိုင်စွမ်းမရှိတော့ဘဲနားခါးခြင်း ၊ ဒေါသဖြစ်ခြင်း ၊သီးခံနိုင်စွမ်းမရှိတော့ခြင်းကြောင့် ဒီစာကိုရေးလိုက်တာဖြစ်ပါတယ်။
BBC , VOA, DVB ,RFA နှင့် မီဒီယာများခင်ဗျား
အောင်နိုင်ဦး လို ဘာအရည်အချင်းမှမရှိ ၊ အချောင်သမား ၊ ဘာကောင်မှမဟုတ်တဲ့ အခွင့်အရေးသမား တယောက်ကို နိုင်ငံရေးကျွမ်းကျင်ပညာရှင်ဟု ပြောလိုပြော ။
လူ ၅ ယောက် ဘဲရှိတဲ့ ဗဟု အဖွဲ့ ညွန်ကြားရေးမှူး ဟုရာထူးတွေတပ်ပြီး မီဒီယာများမှအကြိမ်ကြိမ် အင်တာဗျူး ပြီးတင်ပေးနေတာကိုတော့ ခင်ဗျားတို့မှာလုပ်ပိုင်ခွင့် ရှိတယ်ဆိုတာမှန်ပေမဲ့
နားထောင်ရတဲ့ပရိသတ်မှာအလွန်စိတ်အနှောက်အယှက် ဖြစ်ရတဲ့အပြင်ပရိသတ်တွေကိုစော်ကားနေတယ်ဟုယူဆပါသောကြောင့် မလုပ်သင့်မလုပ်ထိုက်သောအလုပ်၊မဖြစ်သင့်မဖြစ်ထိုက်သော ကိစ္စကို ခင်ဗျားတို့အကြိမ်ကြိမ်လုပ်နေကြတယ်လို့ ကျနော်ပွင့်ပွင့်လင်းလင်းဝေဖန်ထောက်ပြလိုက်ပါတယ်။
ကျနော်မီဒီယာများကိုမေးပါရစေ
(၁)အောင်နိုင်ဦးကိုအင်တာဗျူးလို့တိုင်းပြည်အတွက်ဘာအကျိုး ရလဒ်ရလို့ အကြိမ်ကြိမ်လုပ်နေကြတာလဲ ?
(၂)အောင်နိုင်ဦးဆွေးနွေမှုတွေဟာတိုင်းပြည်အတွက်ရော၊နားထောင်တဲ့ပရိသတ်အတွက်ပါဘာအကျိုး အမြတ် ၊ဘာဗဟုသုတ ရလို့ အကြိမ်ကြိမ်လုပ်နေကြတာလဲ ?
(၃)အောင်နိုင်ဦးဟာဒီမိုကရေစီတော်လှန်ရေးမှာဘယ်လောက်ရင်းနှီးဖြတ်သန်းခဲ့လို့အရေးတကြီးပု ဂ္ဂိုလ်တ  ယောက်လိုသဘောထားပြီးတင်ပေးနေရတာလဲ ?
(၄)အောင်နိုင်ဦးဟာဘယ်လောက်များအချိန်ယူပြီးလေ့လာခဲ့လို့မြန်မာ့အရေးကျွမ်းကျင်ပညာရှင် ဟုအသိအမှတ်ပြု နေကြတာလဲ ၊ ခင်ဗျားတို့ သူ့အကြောင်းကို ဘယ်လောက်သိကြလို့ လဲ ?
အခုလဲကြည့်ပါ ဒေါ်စုလွတ်မြောက်လာလို့ပြည်တွင်း/ပြည်ပ မကျန် တိုင်းပြည်မှာ အပြောင်းအလဲတခုကို ဖန်တီးနိုင်တဲ့ တဦးတည်းသော အမျိုးသား ခေါင်းဆောင်တယောက်ပေါ်ထွန်းလာတာကိုဝမ်းသာဂုဏ်ပြုကြ ၊ ကြိုဆိုထောက်ခံကြ နဲ့ ပွက်ပွက်ညံနေတဲ့ အချိန်မှာ စစ်အာဏာရှင်ကို ဘယ်တော့မှဝေဖန်ထောက်ပြမှုမရှိဘဲ ဘာအမှားမှမရှိတဲ့ ခေါင်းဆောင်ဒေါ်စု ကိုပြင်းပြင်းထန်ထန်ဝေဖန် အပြစ်ပုံချ၊ ဆရာလုပ်နေတာတွေကိုဘီဘီစီ က အချိန်ကုန်ခံပြီး ထုတ်လွှင့်နေတာကို ဘာအကြောင်းကြောင့် ဒီလိုလုပ်နေကြသလဲ ဆိုတာ ကျနော်လုံးဝနားမလည်နိုင်ပါ ၊ ဘီဘီစီဂုဏ်သိက္ခာလဲ ကျဆင်းတယ်လို့ ကျနော်ထင်ပါတယ် ။ကျနော်တောင်သူပြောနေတာတွေကိုနားထောင်နိုင်စွမ်းမရှိတော့လို့ ပိတ်လိုက်ရတဲ့အဆင့်ရောက်သွားပါတယ် ကျနော့်လိုပရိသတ် ဘယ်လောက်ရှိမယ်ဆိုတာ ကိုဘီဘီစီခန့်မှန်းစေချင်ပါတယ် ။ ဘီဘီစီအတွက်ဘာအကျိုးမှမရှိတဲ့အပြင် အများကြီးနစ်နာစေပါတယ် ။
ဒီလိုဆိုယင် ခင်ဗျားတို့မီဒီယာကို အောင်နိုင်ဦးဆိုသူဟာ ဘယ်လိုအကောင်လဲ ၊ ဘာလုပ်ခဲ့သလဲ ၊ ဘာလုပ်နေသလဲ ဆိုတာကို သိအောင် တချို့ ကိုထုတ်ပြလိုက်ပါတယ်။
ဘာကောင်လဲ
အောင်နိုင်ဦးဆိုတာ အချောင်သမား ၊ အခွင့်ရေးသမား ၊ စိတ်ဓါတ် အလွန်ညံ့ဖျင်းပြီး အောက်တန်းကျသော၊ လက်တွေ့မကျသော အာချောင်နေသူတယောက်သာဖြစ်တယ်တိုင်းပြည်အတွက်ဘယ်တုန်းကမှ အရင်းအနှီးပြုခဲ့သူမဟုတ်ပါ။အချောင်နေ၊အချောင်စား၊တိုင်းပြည်နိုင်ငံရေးကို ဘမ်းပြပြီးလုပ်စားနေသူတယာက်သာဖြစ်ပါတယ်။
ဘာလုပ်ခဲ့သလဲ
အောင်နိုင်ဦးဟာ ၈၈ အရးတော်ပုံမှာ ဘာလှုပ်ရှားမှုမှပါခဲ့သူမဟုတ်ပါ။နယ်စပ်ABSDFမှာ ကျနော် ဗဟိုအတွင်းရေးမှူးဖြစ်တဲ့အချိန်မှာသူဟာသစ်ဘောဘိုးစခန်းအတွင်းရေးမှူးပါ ။ ဘာမှထိထိရောက်ရာက်လုပ်ခဲ့တာမရှိတဲ့အပြင်ABဗဟိုကိုကန့်လန့်တိုက်ပြီး တောက်လျှောက် ဆန့်ကျင်ခဲ့သူပါ ။
လက်နက်ကိုင်တော်လှန်ရေးထဲမှာ ရှိနေခဲ့ပေမဲ့ တော်လှန်ရေးအတွက်ဘာမှမလုပ်ခဲ့ဘဲ အမြဲတမ်းအချောင်နေအချောင်စားဖြင့်သာနေခဲ့သူပါ ။ သူဟာ အေဘီကနေထွက်ပြီး ထိုင်းနိုင်ငံထဲမှာတိုင်းပြည်ကိုပြပြီး အချောင်လုပ်စားနေတဲ့အချိန်မှာအေဘီရဲ့အဖွဲ့ဝင်ဖြစ်ခဲ့သော်လဲ လက်နက်ကိုင်တော်လှန်ရေးကိုသူမယုံကြည်ကြောင်း ၊ အေဘီအဖွဲ့က လူသတ်နေပါတယ် ဆိုပြီးထုတ်ပြန်ကြေငြာပြီး မိမိအကျိုးအတွက်မိခင် အဖွဲ့အစည်းအေဘီကို အသုံးချ၍ ဂုဏ်သိက္ခာညှိုးနွမ်းအောင်လုပ်ဆောင်ခဲ့သူဖြစ်တယ် ။ဘာရပ်တည်ချက်မှခိုင်ခိုင်မာမာမရှိဘဲ မိမိအကျိုးအတွက်အဆင်ပြေရာကိုသာ ဦးစားပေးလုပ်ဆောင်နေသူသာဖြစ်တယ်။
ယခုဘာလုပ်နေသလဲ
အောင်နိုင်ဦးဟာ ဇော်ဦး ဦးဆောင်တဲ့ ဗဟု အဖွဲ့မှာပါဝင်နေတဲ့သူဖြစ်တယ် ။ဗဟုအဖွဲ့ဆိုတာ ပြည်တွင်းကိုဝင်ပြီး NGO ဖွဲ့၍ လုပ်စားဖို့ ကျိုးစားနေတဲ့အဖွဲ့ဖြစ်တယ် ။
ဇော်ဦးကိုယ်တိုင်ပြည်တွင်းကိုအကြိမ်ပေါင်းများစွာဝင်ရောက်နေသူဖြစ်တယ်။ ဗဟုအဖွဲ့ကို ဒီမိုကရေစီအင်အားစုများက ဟိုဖက်သာယင်ဟိုဖက်လိုက် ဒီဖက်သာယင်ဒီဖက်လိုက် ဟိုပေါင်ရိုက် ဒီပေါင်ရိုက်လုပ်နေကြလို့ဗဟု အဖွဲ့ကို လအု အဖွဲ့ ဟုပြောင်းလဲခေါ်နေကြတာကိုကောကြားမိကြရဲ့လား ။
အောင်နိုင်ဦး မိန်းမ ရှိုနာဟာNGOတခုရဲ့ ဒါရိုက်တာဖြစ်ပြီးပြည်တွင်းကိုအကြိမ်ပေါင်းများစွာဝင်ထွက်နေသူဖြစ်တယ် စစ်အစိုးရနဲ့ပေါင်းပြီးစီပွားလုပ်နေသူဖြစ်တယ်။
အောင်နိုင်ဦးဟာ ပဲခူး ဘက်က သက္ကလ နယ်သားဖြစ်တယ် သူတို့မိသားစု ဟာ ၈၈ မတိုင်ခင်ကဆင်းရဲနွမ်းပါးခဲ့သူတွေဖြစ်တယ် ယခုအချိန်သူမိသားစုဟာ ရန်ကုန် ပဲခူး ကားလမ်းပေါ်မှာ သိန်းထောင်ချီတန်တဲ့ အိမ်ခြံနဲ့နေနေကြပြီ ဖြစ်တယ်။ ယခု သက္ကလ နယ်တခုလုံးက ပြောနေကြတာက တိုင်းပြည် ပြောင်းလားမပြောင်းလားတော့ မသိဘူး အောင်နိုင်ဦးတို့မိသားစုကတော့ ဘ၀ပြောင်းသွားကြပြီဟုပြောနေကြကြောင်းကိုသူအကြောင်းကိုတိတိကျကျသိတဲ့ သူနှင့်တနယ်တည်းသားတယောက်ကကျနော်ကိုပြော၍ သိခဲ့ရပါတယ် ။ဒါကြောင့်အောင်နိုင်ဦးဟာ သူကိုယ်ကျိုးအတွက် စီးပွားရေးပိတ်ဆို့မှုကို ကန့်ကွက်နေတာ ဖြစ်တယ် ။ စစ်အစိုးရဖက်ကရပ်ပြီး ဒီမိုကရေစီအင်အားစုများနှင့် အမျိုးသားခေါင်းဆောင် ဒေါ်စုကို တိုက်ခိုက်နေတာဖြစ်တယ် ။

မြန်မာ့အရေး ကျွမ်းကျင်ပညာရှင်ဟု အောင်နိုင်ဦးကိုပြောဆိုနေကြသော မီဒီယာများခင်ဗျား
မြန်မာ့အရေးကျွမ်းကျင်ပညာရှင် ဆိုတဲ့ တာဝန် ဟာ လေးလေးနက်နက်စဉ်းစားကြည့်ယင် အင်မတန်ကြီးကျယ်မြင့်မြတ်တဲ့ သုတေသီကိုမှပေးတဲ့အမည်နာမ ဖြစ်ပါတယ် ၊ ဥပမာ သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းလို ပုဂ္ဂိုလ်မျိုကိုဆိုလိုခြင်းပါ ။
အောင်နိုင်ဦးလိုအကောင်ကို ဒီတာဝန်ကိုအသိအမှတ်ပြု ခေါ်နေကြတဲ့ မီဒီယာများကို ကျနော်တခုလောက်ထောက်ပြချင်ပါတယ်
ခင်ဗျားတို့ခေါ်နေတဲ့ မြန်မာ့အရေးကျွမ်းကျင်ပညာရှင်ဆိုတဲ့ အောင်နိုင်ဦးကိုတချက်လောက်မေးကြည့်ပေးပါ
ကျွမ်းကျင်ပညာရှင်ဟုဆိုရလောက်အောင်ဘယ်တုန်းက ဘယ်လောက်ကြာကြာတပြည်လုံးအရေးကိုလေ့လာထားသလဲ ဖြေပေးပါ ။
ဘယ်လိုကြီးကျယ်မြင့်မြတ်တန်ဘိုးရှိသော စာအုပ်မျိုးကိုဖတ်ထားဖူးသလဲ ။ ဖြေပါ
ဥပမာ = ခေတ်ဟောင်းရာဇ၀င်ထဲက
(၁)ဦးကုလားရာဇ၀င်ကြီး(၂)ရာဇဓမ္မသင်္ဂံဟကျမ်း(၃)ရာဇဓိရာဇ်အရေးတော်ပုံကျမ်း(၄)သတင်းစာဆရာကြီးဦးသိမ်းမောင်ရေးတဲ့မြန်မာ့သူရဲကောင်းများစာအုပ် တွေကို ဖတ်ဘူးသလားလို့တော့မမေးတော့ဘူး
ကြားဘူးသလားလို့သူကိုမေးကြည့်လိုက်ပါ။ခေတ်သစ်ရာဇ၀င်ထဲက ကျမ်းစာအုပ်ကြီးတွေကိုဖတ်ဘို့ကိုမပြောနဲ့ ကိုင်ကြည့်ဖူးသလားလို့မေးကြည့်လိုက်ပါ။ မတန်မရာ အနူလက်နဲ့ရွှေခွက်ကိုင်သလိုဖြစ်နေပြီ မီဒီယာများ
တန်ဖိုးရှိတဲ့အမည်နာမကို တန်ဖိုးမဲ့အောင် လက်လွတ်စလွယ်မလုပ်ကြပါနဲ့ အရုပ်ဆိုးလွန်းပါတယ် ။
တချို့ကလဲ အောင်နိုင်ဦးကို ဟားဗတ် တက္ကသိုလ်ဆင်း ပညာရှင်ကြီး ဟု သမုတ်နေကြပြန်တယ် ၊ ဒီမယ် ကျနော်ရှင်းပြမယ် ဟားဗတ်တက္ကသိုလ်က မြန်မာပြည်ဒီမိုကရေစီတော်လှန်သူများကိုလေးစားသောအားဖြင့်
ဒီမိုကရေစီဘက်တော်သားများကိုအထူးအစီစဉ်တရပ်အနေဖြင့်ခေါ်ယူပြီး ပညာကို ၈ လသင်ယူစေပြီး မဟာဝိဇ္ဇာဘွဲ့ကို သမရိုးကျမဟုတ်ဘဲ ဒီမိုကရေစီကိုဂုဏ်ပြုပေးခဲ့တာဖြစ်တယ် မဟာဝိဇ္ဇာဘွဲ့အစစ်မဟုတ်ပါ
တကယ်အစစ်မဟာဝိဇ္ဇာဘွဲ့ဆိုရင် အနည်းဆုံး ၂ နှစ်မှ ၃နှစ်အထိသင်ရပြီး စာတမ်းပြုစုတင် ပြီးအောင်မှသာ ဘွဲ့အစစ်ကိုရတာပါ သူတို့တွေဒါမျိုးတခုမှမလုပ်ခဲ့ရပါ ဒီမိုကရေစီတော်လှန်ရေးရဲ့အကျိုးကျေးဇူးကြောင့်
အလွယ်တကူသာသာလေးရသွားကြတာသာဖြစ်တယ် ၊ ဇော်ဦး ၊ အောင်သူငြိမ်း ၊၀င်းမင်း တို့လည်းဒီအတိုင်းဘဲရသွားကြတာပါ ၊သူတို့တွေဟာဘာပညာရှင်မှမဟုတ်ပါ ။.ယခုသူတို့တွေဟာ ဒီမိုကရေစီကျေးဇူးကြောင့်ကောင်းစားခဲ့ကြတာကိုမေ့နေကြပြီးမိမိကိုယ်ကျိုးအတွက်ဒီမိုကရေစီအင်အားစုများကိုကျေဇူးကန်းနေကြပြီဖြစ်တယ်ဟားဗတ်ပညာရှင်ကြီးဟုဆိုသောပုဂ္ဂိုလ်များခင်ဗျား
၁၉၆၃ ခုနှစ် Harvarduniversitypress ကထုတ်ဝေတဲ့ Willian C.Johnstone ရေးတဲ့ Burma'sForeign Policyဆိုတဲ့စာအုပ်ကိုဖတ်ဘူးကြပါသလားလို့သာမေးလိုက်ပါရစေ။ အရှက်တရားနဲနဲထားကြပါလို့ပြောလိုက်ပါရစေ ။

နိဂုံး
အောင်နိုင်ဦးဆိုသောပုဂ္ဂိုလ်ကိုကျနော်အနေဖြင့်ပုဂ္ဂိုလ်ရေးအရလဲလက်မခံပါ ၊ ရပ်တည်ချက်အရလဲလက်မခံပါ ၊ အကျင့်စာရိတ္တအရလဲလက်မခံပါ ။ယခုလုပ်ရပ်တွေကိုလဲလက်မခံပါ ။
နောက်နောင်ကိုပြည်တွင်းပြည်ပတကမ္ဘာလုံးလေးစားကြသောကျုပ်တို့ရဲ့အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တခြားခေါင်းဆောင်များကိုဆရာလုပ်ခြင်း ၊ကျိုးကြောင်းခိုင်လု့မှုမရှိဘဲနဲ့ပြစ်တင်ဝေဖန်မှုများပြုလုပ်လာခဲ့လျှင်ကျုပ်အပါအ၀င်ဒီမိုကရေစီအင်အားစုများမှပြင်းပြင်းထန်ထန်တုန့်ပြန်သွားမည်ဖြစ်ကြောင်းအသိပေးလိုက်တယ် ။ မင်းလိုဘာအဖြစ်မှမရှိတဲ့အကောင်က မတန်မရာလူထုခေါင်းဆောင်ကိုဝေဖန်နိုင်ဖို့ဆိုတာအဝေးကြီးဘဲ မင်းလိုအကောင်လောက်က ငါတယောက်ထဲကို ဘဲနိုင်အောင်ဖြတ်ကြည့်လိုက်ပါအုံး ။ မယုံဘူလို့ထင်ရင်စမ်းကြည့်လိုက်လေ ။
အမျိုးသားခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့်ခေါင်းဆောင်ကြီးများကို အစဉ်ရိုသေလေးစားလျှက်
သန်းဝင်း
( ၈၈ မျိုးဆက်ကျောင်းသား )

zondag 31 oktober 2010

မမှန်တာပြော မဟုတ်တာလုပ်နေကြသည့် အာဂဗမာများ

တမျိုးသားလုံး စိတ်ကောင်းထားကြပါမှ စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်။
တမျိုးသားလုံး ညီညွတ်ကြပါမှ စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်။
တမျိုးသားလုံး စည်းကမ်းရှိပါမှ စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်။
တမျိုးသားလုံး ပညာတတ်ပါမှ စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်။
                                                လူတိုင်းသိ
အထက်ပါသဘောတရားများကို လူတိုင်းသိကြပါသည်။ လောကအလယ်သို့ရောက်စ ကလေး ငယ်များမှအစ သေနယ်သို့ တဖက်နင်းနေကြရပြီဖြစ်သည့်လူကြီးမင်းတို့အဆုံး၊ ဤသဘောတရားကို သိကြပါသည်။ အလွှာပေါင်းစုံ၊ အတန်းစားပေါင်းစုံသည် အထက်ပါ ရိုးရှင်းသည့် သဘောသကန်ကို နားလည်ထားကြပါသည်။ မြန်မာတမျိုးသားလုံး ထိုသဘော တရားကို နားလည်သဘောပေါက်ကြပြီး လက်ခံအသိအမှတ်ပြုကြပါသည်။ အားတက်စရာ၊ အားကိုးစရာ အာဂဗမာများပါတကား။
                                                 လူတိုင်းပြော
ထိုကြောင့်လူတိုင်းထိုသဘောတရားကိုဖော်ထုတ်ကြဘို့ နှိုးဆော်နေကြသည်။ “ မြန်မာပြည်သူပြည်သားများ စိတ်ကောင်းထားကြပါ၊ညီညွတ်ကြပါ၊စည်းကမ်းရှိကြပါ၊ပညာရှာကြပါ၊”လမ်းဘေးဈေးသည်၊ ဥဋ္ဌ်ကြားမြက်ပေါက်မှအစနအဖစစ်အုပ်စု၊တော်လှန်ရေးသမားအလယ်ဘုရားလူကြီး၊ မဟာသံဃာ့နာယကအဆုံး ရွှေနှုတ်ဖျားတွင် အထက်ပါ ရွှေစကားများကို တွင်တွင်ကြယ်ကြယ် သုံးပြုနေလျှက်ရှိကြသည်။ ဝမ်းမြောက်စရာ၊ နှစ်သက် စရာ အာဂဗမာများပါတကား။
                                                  လူတိုင်းကျင့်
                                                              သို့သော်…
ဗမာ့ကလေးငယ်များ ငတက်ပြားကလေးများဖြစ်နေကြပြီး၊ ဗမာ့လူပျိုပေါက်များ ဆေးသမား၊ ဘိန်းသမားဖြစ်နေကြသည်။ သမီးပျိုများ ပြည့်တန်ဆာဖြစ်နေကြရပြီး၊ သားပျိုများ လောင်းကစားဒိုင်ကြီးများ ဖြစ်နေကြသည်။ စီးပွားရေးသမားများ စဉ်းလဲနေကြပြီး၊ နိုင်ငံရေး သမားများ ဖောက်ပြားနေကြသည်။ ဝန်းထမ်းများ လာဒ်ပေးလာဒ်ယူလုပ်နေကြပြီး၊ အစိုးရဆို သူများ ခြစားနေကြသည်။ ဂေါပကများ ခွက်ပုန်းသောက်နေကြပြီး၊ သံဃာတော်များ အဂတိ လိုက် နေကြသည်။ ဝမ်းနည်းစရာ၊ စိတ်ပျက်စရာ အာဂဗမာများပါတကား။
                                              ပြောသလောက်မကျင့်
ဗမာတို့သည် စကားကြွယ်သလောက် ပျူပျူငှာငှာ၊ ချိုချိုသာသာ၊ တီတီတာတာ၊ ပလီပလာ အင်မတန်မှပင် ပြောဆိုကြပြီး ကြားရသူတိုင်း ဟဒယရွှင်ပြုံး စိတ်နှလုံးထုံးမွေ့ စရာပင်။ ကမ္ဘာ့အရေး၊ မြန်မာ့အရေး၊ သိပ္ပံအကြောင်း၊ နိဗ္ဗာန်အကြောင်းများကိုလည်း အာဘောင်အာရင်းသန်သန်ဖြင့် ကြီးကြီးကျယ်ကျယ် အဏ္ဏဝါလှိုင်းလုံးကြီးသဖွယ် အပင့် အမြှောက်၊ အလျှော့အတင်း၊ အကွေးအကောက်၊ အနိမ့်အမြင့်တို့ဖြင့် အားရိုက်ကြ၊ လေတိုက်ကြသည်မှာလည်း တဝုန်းဝုန်း၊ တရုန်းရုန်း။
တကယ့်ဖြစ်တည်မှုနှင့် အကျင့်ကြံ၊ အပြုအမူများကြတော့ နံ့သာဆီနှင့် အီး၊ ခွေးချီးနှင့် ထောပတ်ကွာသလို မိုးနှင့် မြေတမျှ ကွဲပြားခြားနားနေတော့သည်။ “ငါလုပ်သလို မလုပ်ကြနဲ့ ငါပြောသလိုလုပ်”ဆိုသည့် ဖောက်ပြန်သည့် စကားကို အသုံးချနေကြသည်မှာ မဟာ့မဟာ အမှား တခုပင်ဖြစ်လေတော့သည်။ နေ့အခါ အများရှေ့တွင် ဟန်ဆောင်ပြီး “အမေနဲ့ သား” ယဉ်ကျေးပြပြီး ညအခါ ကွယ်ရာတွင်ကျတော့ “မနှင့် မောင်” ရုတ်ချည်း ပြောင်းလွဲသွား ကြသည်မှာ ထွီဖွယ်စရိုက်၊ အာဂလူမိုက် အကျင့်ကြံများပါတကား။ ပါးစပ်ကဘုရားတပြီး လက်က ကားယားဖြစ်နေသည်နှင့် တူနေတော့သည်။
မနာလို ဝန်တိုမှု၊ အဂလိုက်မှုများ ပြည့်လျှမ်းနေကြပြီး ကျေးဇူးမသိတတ်၊ တာဝန် မယူတတ်၊ အမှားကို ဝန်မခံတတ်သည့် ဉာဉ်ဆိုးများလည်း အပြည့်အဝပင်။ ကြီးပွားမည် မကြံနှင့် ဘဝမေ့တော့သည်၊ ချီးမွမ်းမည်မကြံနှင့် ခြေဖျားထောက်တော့သည်။ မစားရလျှင် သဲနှင့်ပက်ချင်စိတ်၊ မင်းသားမလုပ်ရရင် ပတ်မကြီးထိုးဖောက်ချင်တဲ့စိတ်၊ ကိုယ့်ထက်သာ မနာလိုသည့်စိတ်တို့သည် တမျိုးသားလုံးစိတ်ထဲတွင် ကိန်းဝပ်နေကြသည်။ မတုသင့်သည့် အရာတို့တွင် လျှင်စွာတုပကြီးပြီး တုပကောင်းသည့်အရာများကြတော့ တွန့်ဆုတ်လျှင် ဆားပက်ခံသည့် တီကောင်များပမာ။
                                          ကျင့်သလောက်မပြော
ဘုရားရဟန္တာ၊ သူတော်ကောင်းများမှာ “ငါရဟန္တာဖြစ်ပြီ၊ ဈန်ပျံကြွနိုင်သည်၊ ငါသာ ပညာတတ်၊ ငါသာ အမြတ်ဆုံး၊ ငါ့အား လာဒ်ပါတ်သကာ တို့ဖြင့် ပူဇော်ကြ၊ ”ဟု လူတကာရှေ့ မော်ကြွားခြင်းမရှိ၊ နောင်ကွယ်တွင်လည်း မော်ကြွားခြင်း မရှိပါ။ ဘုရားရဟန္တာ၊ သူတော် ကောင်းတို့သည် လူသူကင်းဝေး ဆိတ်ငြိမ်သည့် တောအုပ် များတွင် တရားဘာဝနာကို ပွားစည်းလျှက် အေးချမ်းစွာ နေလေ့ရှိပါသည်။ ပညာရှိ သူတော်ကောင်းတို့သည် မိမိနာမည်ကို ဖော်၍ ဝါကြွားခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းစွာနေ ကြသည်။ ကိုယ်ရည်အမျိုးမျိုးသွေးပြပြီး ကိုယ့်နာမည်ဖော်ကာ ရပ်တကာရွာအနှံ ကြွားဝါကြသူများမှာ မသူတော်များပင်ဖြစ်သည်။ သူတော်ကောင်းများမှာ ကျင့်သလောက် မပြောဘဲ ပညာရှိပီပီ နှုတ်ဆိတ်လျှက်ရှိကာ ပြောသလောက် မကျင့်ဘဲ ရပ်တကာအနှံ့ စပ်ရာစပ်ရာဖြန့်၍ မသူတော်များမှာ အပြစ်များကို တိုးပွားစေကြ၏။
                                                ဝေလာဝေး
တိုင်းပြည်၏ အနာဂါတ်ကံကြမ္မာသည် တည်ငြိမ်အေးချမ်းလာဘို့ဝေးစွ၊ ထိုလူ၊ ထိုစိတ်၊ ထိုအကျင့်၊ ထိုအပြုအမူတို့များနှင့်တော့ အရွယ်လွန်ပြည့်တန်ဆာကဲ့သို့ အောက်ကျ၊ နောက် ကျ မျက်နှာမလှနှင့် ထမင်းမဝ၊ ခါးမလှဘဝသို့ရောက်ရှိဦးမည်ဖြစ်သည်။“ပျက်စဉ်ပြင်ခဏ”ဟုပါးစပ်တဖွဖွ ရွတ်ဆိုနေကြသော်လည်း ထိုအညဉ်ဆိုးများကို မည်သူမှမပြင်ကြ။ ပြင်ရန် မတိုက်တွန်းကြ၊ ကိုယ်ကိုယ်တိုင်လည်း မပြင်ကြ ထိုသို့မပြင်သမျှကာလပတ်လုံး ချေးအိုး၊ သေးအိုးကဲ့သို့ နံဟောင်ပုပ်သိုး ရွံရှာဖွယ်ဖြစ်မျိုးနှင့် မျက်နှာငယ်စွာ နေကြရဦးမည် ဖြစ်သည်။
                                      မှန်တာပြောလျှင် ရွာပြင်မရောက်
သီလမလုံ အထုံအဖျင်းများ ပေါများလာကြသည်တပြိုင်နက် “မှန်တာပြောလျှင်၊ ရွာပြင်ရောက်/ ဖြောင့်လွန်းသည့်သစ်ပင်၊ တက်ရခက်”ဆိုသည့် စကားပုံမှာ လူတကာ၊ ရပ်တကာ၊ ဈေးတကာတို့တွင် ရေပန်းစားနေတော့သည်။ ထိုစကားပုံသည် မှားယွင်းစွာ ဖောက်ပြန်သူများ၏ လက်သုံးစကား ဂွင်ဆင် ထွင်လုံးများသာဖြစ်သည်။ ဘုရားရဟန္တာ၊ သူတော်ကောင်းတို့သည် အရိုးပင်ကြေကြေ၊ အသက်ပင်သေသေ ကိုယ်ကျင့်သီလအရာ၌ တစွန်းတစမှ ဖောက်ပြန်ကြရိုး ထုံးတမ်းမရှိပါ။ ရေစုန်သို့သာ အသာတကြည်မျှောလိုက်ကြပြီး အကုသိုလ်တရားတို့၌ ပျော်ပါးနေသူတို့သာ အကျိုးအကြောင်းမမြင်နိုင်ကြဘဲ ကတိမတည်၊ သစ္စာမမြဲ အကျင့်သီလ ဖောက်လွဲကြခြင်းဖြစ်သည်။ သတ္တဝါအားလုံးသာ သီလမြဲကာ မှန်အတိုင်း ပြောဆိုကြလျှင် ရွာပြင်လည်းမရောက်၊ လိုလားသလောက် အကျိုးဖြစ်ထွန်း မည်သာဖြစ်သည်။
                                     ကိုယ်တိုင်ကျင့် ကိုယ်တိုင်ကြံ
မိမိကောင်းချင်လျှင်မိမိကိုယ်တိုင်ကျင့်ကြံရမည်၊မိမိလူမျိုးကိုကောင်းစေချင်လျှင် မိမိကိုယ်တိုင်ကျင့်ကြံရမည်၊ မိမိတိုင်းပြည်ကောင်းစေချင်လျှင် မိမိတိုင်ကိုယ်ကျင့်ကြံရမည်၊ မိမိနိုင်ငံကောင်းစေချင်လျှင် မိမိကိုယ်တိုင်ပင်ကျင့်ကြံရမည်သာ။ မိမိကိုယ်တိုင်က မကျင့်ကြံ၊ မလိုက်နာဘဲ အများသူငါကို လမ်းပြလို့မရ၊ ညွန်ပြလို့မရ၊ ဆုံးမလို့မရသလို အပြစ်တင်လို့ လည်းမရနိုင်ပါ။ မိမိကိုယ်တိုင်ကျင့်ကြံလိုက်နာပါမှ အများသူငါကို ကိုယ်လိုရာသွပ်သွင်း၍ ကောင်းခြင်းသို့ ရောက်စေနိုင်မည်ဖြစ်သည်။ ထိုကြောင့် စကားမများ လေပွားမနေဘဲ မိမိကိုယ်တိုင်ကပင် အများသူငါ စံထားလောက်စရာဖြစ်အောင် တရားလက်ကိုင်၊ သတိခိုင်မြဲ၊ စိတ်ဇွဲမလျှော့ကာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို ကောင်းရာသို့ ပို့ဆောင်ကြပါဟု တိုက်တွန်း အပ်ပါသည်။
                                                                   အရှင်ဓမ္မ(ဒေလီ)

donderdag 21 oktober 2010

[ဘ၀ တက္ကသိုလ်] ခေါင်းဆောင်အပေါ်ဘယ်လို သစ္စာရှိမလဲ (မေအိခင်- လယ်ဝေး)

စစ်အုပ်စုက သူ့ ရဲ့ RoodMapအတိုင်း ရွေးကောက်ပွဲ ဆိုတဲ့ အဆင့်ကို ရောက်လာပြီ သူတို့ လုပ်ခဲ့တဲ့ညောင်နှစ်ပင်ရဲ့ အဖြေ ကို ၂၀၀၈ နာဂစ် မှာ အကောင်အထည်ဖေါ်လိုက်ပြီ ကဲ ကျမတို့  ဘာဆက်လုပ်မလဲ ? အမျိုးသားဒီမိုကရေစီအဖွဲ ချုပ် ဘာလုပ်မလဲ ?
နိုင်ငံတကာ အသိုင်းအ၀န်းနဲ့ တော်လှန်ရေး အင်အားစုရဲ့ စိတ်အ၀င်စားဆုံးအခြေအနေ ပြီးတော့ မြန်မာပြည်သူလူထုထဲက မျက်စိနားဖွင့်ထားနိုင်တဲ့ ပြည်သူတချို့ ရဲ့ အာရုံစိုက်မှု အဲဒါတွေ က
အဖွဲ့ ချုပ် ကြီးပေါ်မှာ စုပြုံကျနေပြီ။ကျမတို့ ကလည်း အဖွဲ့ ချုပ်သာ ရွေးကောက်ပွဲ ကို မှတ်ပုံတင်ခဲ့ရင်
၂၀၀၈ အခြေခံဥပဒေကိုသာသွားပတ်သတ်ရင် ကျမ တို့ ကိုယ်တိုင် အဖွဲ့ ချုပ် ကို ကန့် ကွက်ချုံ့ ချမယ်ပေါ့ ယုံကြည်ထားတဲ့ အချက်တခု က ဦးဝင်းတင် ပဲ သူ့ ကို ကျမတို့ အားကိုးအားထား ပိုကြီးမားလာတယ် သူက တိုက်စစ်မှုးနေရာ မှာရှိ တယ။် ဘဘဦးဝင်းတင်ရယ်လို့  ယုံကြည်ခဲ့တာ သူထောင်က ထွက်တဲ့ အချိန်မှပါ ။ ကျမနဲ့ ဘဘရင်းနှီးမှုတခါမှမရှိခဲ့ပါဘူး၁၉၈၉တုန်းကဘဘတို့ ကိုစစ်ခုံရုံးထုတ်ချိန် ကျမ ကပြန်လွတ်လာချိန် နဲ့ တိုက်ဆိုင်တော့ဘဘတို့ ခုံရုံးတင်စစ်နေတာ ကျမတို့ သွားကြည့်ကြရပါတယ်။ ကိုစိုးသိန်း (စစ်ကိုနိုင်) မသူဇာတို့ နဲ့  အမှုတွဲပြီးစစ်နေတာပေါ့ အဲဒီ့ မှာ ထောင်ရဲ့ စစ်ခုံရုံးမှာ သာမြင်ဖူးပြီး ခု ချိန် ထိ ဓါတ်ပုံ တွေ မှာသာကြည့်ခွင့်ရတာပါဒါပေမဲ့နေ့ တဓူဝအမြဲထိတွေ့ ဆက်ဆံခဲ့တဲ့စီအီးစီတွေကို(ဦးတင်ဦး၊ဦးကြည်မောင်မှလွဲ၍) ကျမ ဘာ့ကြောင့် အားကိုးအားထားမှု မရှိခဲ့တာလဲ မေးရင် တခါမှ မမျော်လင့်ခဲ့ဖူးလို့ ပါ။ သူတို့ က စွမ်းဆောင်ရည် ညံ့သူတွေမဟုတ်မှန်းသိပါတယ် သိပေမဲ့ တကယ်တိုက်စစ်မှူးနေရာ စစ်သူကြီးနေရာ မှာ ဒီပုဂ္ဂိုလ်တွေ မစွမ်းသာဖူးလို့ နားလည်ခဲ့လို့ ပါပဲ ။
ဒါကတော့ ဘဘဦးဝင်းတင်ဆိုတဲ့ပုဂိုလ်အပေါ် ပုဂိုလ်စွဲ မရှိခဲ့ပဲ ယုံကြည်အားထားကြောင်း တင်ပြမှုပါ ။၏
အဖွဲ့ ချုပ် က ၂၀၀၈ အခြေခံဥပဒေ တရားမမျှတတာ ရွေးကောက်ပွဲ ကို ထပ် မှတ်ပုံတင်စရာမလိုတာကို ပြောင်ပြောင်တင်းတင်း ဦးဝင်းတင် က စပြောနေပါပြီ ဒေါ်အောင်ဆန်းစုကြည် ဘယ်သူ့ ဘယ်ဝါ့ ကိုမှမညွန်ကြားပါဘူး ဦးဝင်းတင်က သူလုပ်ရမဲ့ သမိုင်း သူလုပ်သင့်တဲ့ အမှန်တရားကိုဘယ်သူ့ ညွှန်ကြားချက်မှ မပါပဲ ရဲရဲပြောနေတဲ့အခါ ဦးဝင်းတင် က ဒေါ်အောင်ဆန်းစုကြည်မဟုတ်တဲ့ အတွက် အသံတစ်သံတည်းထွက်မလာခဲ့ပါဘူး ။ ပြည်ပကတော့ အော်တာပေါ့ ရဲရဲတောက် တွေ အပမ်းကြီးတဲ့ စွန့် စားရမှူမျိုးမှမဟုတ်ပဲ ။ဒေါ်အောင်ဆန်းစုကြည်ဟာစကားတွေကိုပါးပါးနပ်နပ်နဲ့ သူ့ အမြင်နဲ့ ယုံကြည်ချက်တွေ လက်ဆင့်ကမ်းရင်းကနေ ဘူးသီး တစ်လုံးကို အမျိုးသမီးအဖွဲ့  ကို ပေးလိုက်ပါတယ် ။
အယူအဆမျိုးစုံ နဲ့  အငြင်းပွါးနေရတဲ့ NLD တွေ လည်း သဘောပေါက်သွားတယ် ရွေးကောက်ပွဲ မှတ်ပုံတင်ဖို့ ပြင်ဆင်နေတဲ့ ဦးအောင်ရွှေလည်း ပါးစပ်ပိတ်သွားတယ် ။မတ်လ(၂၉)ရက် နေ့ NLDရဲ့ အဆုံးအဖြတ် ဟာ NLDပါတီဝင်ဖြစ်ခဲ့ရတဲ့ တလျောက် မှာဂုဏ်သိက္ခါ အရှိဆုံး နဲ့  အခြားတော်လှန်ရေး အင်အားစုကြားမျက်နှာ မငယ်ရဆုံး နေ့  တနေ့ အဖြစ် ကိုယ်ကိုယ်တိုင် ကြည်နူးကြေနပ် ခဲ့ရတယ် ။
NLD မှတ်ပုံမတင်ဘူး ရွေးကောက်ပွဲ မ၀င်ဘူး ဆို တဲ့ သဘောထားတစ်ရပ်ရဲ့နောက်ဆက်တွဲ မှာ ကျမ တို့ ဘာလုပ်ကြမလဲ ပြည်ပ က လူတွေ ဘာလုပ်နိုင်ခဲ့လို့ လဲ နိုင်ငံတာကာ က ချုံ့ ချ ကြောင်း ၀မ်းနည်းကြောင်း သတိပေးလိုက်ကြောင်း တရားမျှတ ဖို့ တိုက်တွန်း ကြောင်း ဆိုတာ တွေ အတွက် ပေးခဲ့ လိုက်ရတဲ့ အချိန်တွေ အဲဒီအချိန်တွေ နဲ့ အတူ ပျက်ဆီးသွားကြတဲ့ စိတ်ဓါတ်တွေ စာရိတ္တ ၀ါရိတ္တ တွေ ကိုယ်ကိုယ်တိုင် (၆)နှစ်လုံးလုံးလေ့လာခွင့်ရခဲ့တဲ့ ပြည်ပနိုင်ငံရေးဟာ အပြောင်းအလဲ တစ်ရပ် ကို မဖန် တီးနိုင်ဘူးလို့  လုံးဝဥဿုံ ယုံကြည်လာခဲ့ပါတယ် ။ နည်းနာ ပံ့ပိုးနိုင်မှု အထောက်အပံ့ ပံ့ပို့ နိုင်မှု ရှိ ခဲ့ပေမဲ့  လက်တွေ့ မှာ အခွန်အကောက် ပေးနေတဲ့ အဆင့်လောက်သာ မြင်ရပါတယ် ။ ဒီတော့ ကျမတို့ လုပ်ရမှာဘာလဲ ?
ကျမတို့ ရည်ရွယ်ချက်တွေ ဘယ်လို သယ်ဆောင်နိုင်မလဲ ကျမတို့ ခေါင်းဆောင်မျော်လင့်တဲ့ ပြည်သူတွေလွတ်မြောက်ရေး ပန်းတိုင်ဘယ်မှာလဲ မေတ္တာတရားကြီးမားတဲ့ ခေါင်းဆောင်အပေါ်ဘယ်လို သစ္စာရှိကြမလဲ ဒီတော့ ပန်းတိုင်ကို သယ်ဆောင်နိုင်မဲ့သူဟာ့ ကျမတို့  ဟုတ်ခွင့် မရခဲ့ ဘူး လေ့လာစူးစမ်းမှုအားနည်းစွာပဲပြည်ပကိုထွက်လာခဲ့မိတယ် ။ဘယ်သူတွေ ဘာလုပ်နေတယ် ဘာလုပ်သင့်တယ် ဘယ်နေရာကဖြင့် ဟာကွက် ဘာဖြစ်နေလဲ ဆိုတာ ကို တော့ ဘောလုံးပွဲ ကို ကောင်းကောင်း ကြည့်တက် နားလည် သူတစ်ယောက် ကိုယ်တိုင်ဘောလုံးကန်ဖူးသူတစ်ယောက်အနေနဲ့ ထင်သာမြင်သာ ကို ရှိလာတယ် ။ဒီတော့ ဘာလုပ်သင့် တယ် ဘာလုပ်ရမယ် ဆို တာပြတ်ပြတ်သားသား အကြံပြုတိုက်တွန်းခဲ့တယ် ။ကျမလုပ်နိုင်တာ ဒါပဲ ဒါ ကို ရှင်းရှင်းလေးဝန်ခံတယ် ဒီအကြံပြုမှုဟာ ပြည်သူ့ အစိုးရဖွဲ့ ဖို့ ပဲ ပြည်သူ့ အစိုးရဆိုတာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီတွေ NLD အပါအ၀င် CRPP ခေါင်းဆောင်များ ပါဝင်တဲ့ လူထုအစိုးရ ဒီအစိုးရသာလျှင် တိုင်းပြည်ကို ပြောင်းလဲနိုင်မယ် ။ဖမ်းဆီးရင် လူထုအားအပြည်ပြည်ဆိုင်ရာ ဖိအားကို သယ်ဆောင်နိုင်မယ် ။သူတို့ မှလွဲ၍ မည်သူမဆို ပါလီမန်ပဲ ပြောပြော အစိုးရပဲ ဆိုဆို ဘာဆိုဘာမှထူးခြားပြောင်းလဲ မှာ မဟုတ်ပဲ ငွေနဲ့ အာဏာ ပေါ်မှာသာလုံးလည်ချာလည်လိုက်နေမဲ့ မဟာဗျူဟာမြောက်အဓွန့် ရှည်တော်လှန်ရေးလမ်းစဉ်ပဲ ဖြစ်ပါလိမ့်မယ်။ဒါ့ကြောင့် ကျမလုပ်နိုင်တာ က ကျမ တိုက်တွန်းတယ် အကြံပေးတယ် လမ်မှန်ကမ်းမှန်ထောက်ပြတယ်။ကျမတို့ ကိုယ်တိုင်လည်း ကလေးဘ၀ထဲ က ပါတီ ရဲ့ ညီလာခံခေါ်ရေး ကိစ္စမှာအချုတ်ထဲဝင်သွားရတယ် ၀င်သင့်ရင် မည်သူမဆို ပြည်သူအတွက် ထပ် ထပ် ရင်းရပါမယ် ။ ကျမက အပြင်မှာနေပြီး အာတယ် လို့ ပြောကောင်းပြောမယ် သေချာတာ က ကျမ အမတ်လုပ်မှာ ကျမသမ္မတလုပ်မှာမဟုတ်ဘူး ကျမတို့ က မန်းဒိတ်ပေးထားတဲ့ အဲဒီ့ ကိုးဆယ် အနိုင်ရပုဂိုလ်တွေသာလျှင် တိုင်းပြည်ကိုအုပ်ချုပ်ရမှာမို့ တိုက်တွန်းနေတာပါတိုက်တွန်းခြင်း တိုက်တွန်းမှပြုလုပ်တဲ့ကောင်းမှုမကောင်မှုဆိုတဲ့ သသင်္ခါရိက တရား ဆိုတာ လည်း ဘုရားဟော မှာ ရှိနေ လေတော့ ဖြစ်ကောင်းဖြစ်ရဲ့ ပေါ့ ။စေတနာ ဇောတွေ နဲ့  ကျမတို့ အလုပ်လုပ်ခဲ့ပါတယ် ။
ကိုယ်တိုင်လည်းနက်ဖန်ထောင်ထဲဝင်ရမှာသိသိနဲ့ လုပ်သင့်တယ် လုပ်ရမယ် မြင်သမျှ တစ်ကြိမ်မကရင်ဆိုင် လုပ်ကိုင်ခဲ့ပါတယ် ။အန္တယယ်ကြီးတာ ကို တိုက်တွန်းရကောင်းလား ဆိုပြီး ဒေါမနဿပွါးနေသူတွေ ကိုလည်း နားလည် နိုင်ပါတယ်သူတို့ တွေ လည်းစေတနာ ဇော တွေ ဖြစ်ကောင်းရဲ့ပေါ့ လေ ။
ခုတော့ ရက်ကနီးကပ်လာလေ စိုးထိပ်မှုတွေ က ကျမတို့ မှာ ပို ပို လာလေပါပဲ ။မြန်မာပြည်ရဲ့တော်လှန်ရေးသမိုင်းတစ်လျောက် ပြန်ဆန်းစစ်ရင် လွယ်လွယ် နဲ့ ရခဲ့ တာ ဘာကို ဘာမှမရှိခဲ့ပါဘူး ။ ဒီထက်ဆိုးတာက နဂိုကရည်ရွယ်ချက်ကောင်းကောင်းနဲ့ တော်လှန်ရေးမှာပါဝင်ရင်း အရူးအမဲသားစားမိသလို မောင်ကျန် တတို့ ဖြစ်ရင်းမက ဖြစ်လာတဲ့ ပရယ်ပိုဇယ် ကိုလိုက်စားသွား
သူတွေ ရဲ့သမိုင်းကွေးခဲ့ရတာတွေ ပေးဆပ်ခဲ့မှုတွေ ရှိခဲ့ရင်တောင်သူတို့ ရဲ့ကျိုးပျက်သွားတဲ့ သိက္ခါတွေအတွက် က နှမျောစရာ အမှန်ပါပဲ ။ ဒီမှာ ကျမ စာရေးရင်တခုသတိရသွားတယ် ထောင်ထဲ ကအသုံးအနှုန်းလေးပါ သိက္ခါ ကိုရိက္ခါနဲ့ လဲကြသူတွေ တဲ့  ဒါကို ခုချိန်မှာ ထင်သာမြင်သာတွေ့ လာတော့တယ် ဒီတော့ ကျမ တို့ တော်လှန်ရေးအတွက် ခလုပ်ကသင်း တစ်ရပ် လို့  ကျမယုံကြည်လာတယ် ရီပို့ တွေ ဓါတ်ပုံအထောင်အထားတွေ တောင်းဆိုနေတဲ့ ဒိုနာ တွေ ကိုလည်း လွန်ခဲ့တဲ့ သုံးနှစ်ထဲ က ကျမ မြင်ပြင်းကပ်လာတယ် ဖိုက်တာ တွေ လို့  ကျမတို့ ခေါ်တဲ့ ရဲရင့်တဲ့ လူငယ်လေးတွေ ကလည်း ဖိုက်တာ အစား ရီပိုတာ တွေ ဖြစ်လို့ နေပါလားပဲ ဒါကို ကျမတို့ လက်ပိုက်ကြည့် လို့ မရတော့ဘူး စစ်အုပ်စု ရဲ့စနစ်တကျ ဖျက်ဆီးခဲ့လို့  စိတ်ဓါတ်တွေ ချွတ်ခြုံကျနေတဲ့ မျိုးဆက်ထဲ က ရှားရှားပါးပါး ထွက်ပေါ်လာခဲ့တဲ့ သူရဲကောင်း အညတြ လေး တွေ ရဲ့ နဂိုမူလ ပိုင်ဆိုင်ခဲ့တဲ့ ဖြူစင်တဲ့ သတ္တိ ရိုးသားတဲ့ ရဲရင့်မှုတွေ ကို ကျမတို့ ပြန် အရယူကြရမယ် ဒါမှ လူငယ်ကို သိတ်အားကိုးအားထားရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ကျမတို့ ရဲ့ ခေါင်းဆောင် လူထု ခေါင်းဆောင် အပေါ်ကို သစ္စာရှိ ရာ သူ့ ယုံကြည်ချက် နဲ့ ကိုယ်ယုံကြည်ချက်ကို စောင့်ရှောက်ရာရောက်မယ် ။
ခုကြားနေရတဲ့ အခြေအနေဆိုးမှာ စစ်အုပ်စုကလည်း အဓမ္မ တရားဝင်အစိုးရဖြစ်အောင်လုပ်မယ် တချို့ တချို့ ကလည်း ဒီမိုကရေစီအင်အားစု ရဲ့ သဘောထားပါဆိုပြီး အစိုးရ လုပ်တမ်း ကစားကြဦးမယ် ထိခိုက်နစ်နာ တာက ဘ၀တွေ အချိန်တွေ ရင်ထဲ က ခံစားချက် ပြင်းပြင်းတွေ နဲ့ ရင်းနှီးပေးဆပ်နေရတဲ့ ကျမတို့ တတွေ ပဲ ကျမတို့ တတွေ ဆိုတာ တကယ့်ကို ယုံကြည်ချက် နဲ့ ဒီမိုကရေစီ ပန်းတိုင်ကိုလျောက်နေတဲ့ သူတွေ အားလုံးကိုဆိုလိုတာပါ ။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ကို ကျမပြောလိုက်ပါတယ် ဒီမိုကရေစီအင်အားစု လို့ တော့ အလွယ်မသုံးကြပါနဲ့ လို့  ကျမတို့ အဲဒီထဲ မပါဘူးနော်လို့ ကျမပြောတာရှင်းပါလိမ့်မယ်။ကျမတို့ ခေါင်းဆောင်က ကျမတို့ ကို ခိုင်ကြည်တဲ့ စိတ်ဓါတ်တွေ ရှိအောင် သူ့ စကားသံတွေ သူ့ အလုပ်တွေ နဲ့ မွေးမြူခဲ့တာ ပြည်သူလူထုအတွက် ပါ ။ ဘယ်သို့ သော လူတစ်စုအတွက်မှမဟုတ်ပါဘူး ။ ပြည်သူကို ကိုယ်စားမပြုတဲ့ မည်သည့် အုပ်စုကို မဆို တိုင်းပြည်အုပ်ချုပ်ရေးမှာ လက်သင့်ခံမှာမဟုတ်ပါဘူး ကျမတို့ အသက်တွေ ဘ၀တွေ က ၈၈ ထဲ က သေဆုံးမယ်ဆို သေဆုံးပြီးသားမို့  ခုနေရင်းရလည်း ရဲရဲပါပဲ ။ ရလဒ်ကောင်းနဲ့  လက်တွေ့ ကျတဲ့ တိုက်ပွဲတွေ အတွက် ဒီတစ်ဘ၀ကတော့ ပေးဆပ်ပြီးသားပါ ဒေါ်အောင်ဆန်းစုကြည်ပေးဆပ် နေတဲ့ ပေးဆပ်မှု ရဲ့ခြေဖျားလေး တော့ မှီချင်တယ် ။ပြီးတော့ ခေါင်းဆောင် သွားနေတဲ့ လမ်း ကြောင်း အပေါ်မှာ သစ္စာစောင့်သိရမယ် ဘယ်လို စောင့်သိရမလဲ ဆိုတော့ သူ့ ရဲ့ယုံကြည်ချက်အပေါ်သူသစ္စာရှိနေသလို ကျမတို့ နဂိုမူလ တာ စထွက်ခဲ့တဲ့ ယုံကြည်ချက်အပေါ်ကျမတို့  သစ္စာရှိကြရင်ဖြင့် ခေါင်းဆောင်အပေါ်သစ္စာရှိနေ တာပဲဖြစ်လို့  ပါတီလူငယ် တွေ မျိုးဆက်သစ်လူငယ်တွေ မှန်ကန်တဲ့ လမ်းကြောင်း ကို ပဲလျောက်ပါ မှားတာမြင်ရင် ပြောရဲတဲ့ ကန့် ကွက် ရဲတဲ့သတ္တိ ကိုမွေးပါ ဒီနေရာမှာ လူကြီးတွေ ကိုတော့ သိတ်မပြောလို ပါ ယောင်ကြီးလျှင်ငိုက် လူကြီးလျှင် မိုက် ဆို သလို မိုက်ဇာတ်ခင်းနေတာတွေ ဒုနဲ့ ဒေး တွေ့ နေရလို့ ပါ ကျမယုံကြည်တာကတော့ မှန်တာ ကို လုပ်ရဲ မှားတာ ကို ကန် ကွက်ဆန့် ကျင်ရဲ သူများလာသမျှ အောင်ပွဲရမှာ အသေအချာ လို ကျမယုံကြည်ပါတယ် ။ ကဲ သစ္စာတရားကို လက်ကိုင်ထားပြီးရဲရင့်လိုက်ကြစို့ 

                                                              မေအိခင်(လယ်ဝေး)

woensdag 13 oktober 2010

လေးဆယ့်ရှစ်နှစ် မြန်မာသမိုင်းကို ခြုံကြည့်ခြင်း-

ဦးဖိုးသာအောင် ၀1-Oct 2010
တိုင်းပြည်တပြည်မှာ စစ်အာဏာရှင် စံနစ်နဲ့ အုပ်ချုပ် နေရတယ်ဆိုရင် အဲဒီတိုင်းပြည်သည် ငြိမ်းချမ်း သာယာနေလို့  မဖြစ်ဘူး။
ပြီးတော့ပြည်တွင်းစစ် မရှိဘူး ပြည်တွင်းမှာ အုံကြွဆူပူမှုတွေလည်း မရှိဘူး၊ ပြည်ပအန္တရာယ် လည်း မရှိဘူး ဆိုရင် အဲ့ဒီတိုင်းပြည်မှာ စစ်အုပ်ချုပ်ရေးတို့ စစ်အာဏာရှင်စနစ်တို့  ဆိုတာလည်း မရှိနိုင် တော့ဘူး။
မျက်မှောက်ခေတ် ကမ္ဘာနိုင်ငံရေး အခြေအနေက လက်ဝဲလက်ယာ မရှိသလောက် ဖြစ်သွားတဲ့ ခေတ်မျိုးပါ။
အင်အားလွန်နိုင်ငံကြီးတွေက ဟိုတုန်းကလို သူတို့ လိုလားတဲ့ အစိုးရမျိုးဖြစ်အောင် ပြည်တွင်းစစ် ဖန်တီးတဲ့ လုပ်ငန်းမျိုး တိုင်းရင်းသား အချင်းချင်း ရန်တိုက်သွေးခွဲတဲ့ ခေတ်မျိုးလည်း မဟုတ်တော့ပါ၊
ဒီလိုခေတ်မျိုးမှာ မြန်မာပြည်သည် ဘာကြောင့် စစ်အစိုးရ အဆက်ဆက် တည်မြဲနေရတာပါလဲ။
အခုလဲ စစ်အုပ်စုကြီးစိုးတဲ့ အစိုးရသစ် တရပ်က ဆက်ပြီးအုပ်ချုပ်မယ့် ကိန်းပါပဲ၊ ဒါ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။
လက်ရှိ န.အ.ဖ စစ်အစိုးရကပြောလိမ့်မယ် မြန်မာပြည်သည်မငြိမ်းချမ်းသေးဘူး လက်နက်ကိုင် သူပုန်သူကန် တွေရှိနေတယ်။
လက်ဝဲ ဗ.က.ပ လည်း ဝင်မွှေ နေသေးတယ်။
အခုနေ အရပ်သား အစိုးရ စစ်စစ်လက်ထဲကို အာဏလွှဲ သွားလိုက်ရင် သူတို့ထိန်းနှိုင်မှာမဟုတ်ဘူး တိုင်းပြည်ပြိုကွဲပျက်ဆီးသွားနှိုင်တယ် အချို့ နိုင်ငံကြီးတွေကလည်း အမြဲပဲ သွေးထိုးပေးနေကြတယ်ပေါ့။
ဒါကြောင့်ဒီမိုကရေစီဆိုတာ ဝုန်းကနဲ ဒိုင်းကနဲဖြစ်လာမှာမဟုတ်ဘူး။
တိုင်းပြည်နဲ့  စစ်တပ်သည် အင်အားကောင်းမှ ဒီမိုကရေစီဆိုတာကို တဖြည်းဖြည်း တည်ဆောက်ယူရမယ်ဆိုတာမျိုးပါ။
အခုခေတ် အတိုက်အခံဆိုသူအချင်းချင်း တွေညီညွှတ်မှု့ မရှိသေးတာတွေ့ နှိုင်တယ် စသည်ဖြင့် ထောက်ပြ ပြောဆိုမှာ ပါပဲ။
စစ်အစိုးရက မြန်မာပြည်သည်ငြိမ်းချမ်းနေပြီး ဘယ်နိုင်ငံခြားကမှဝင်ရောက် စွက်ဖက်စရာ မလိုပါလို့ ပြောတဲ့အခါ ပြောမယ် ပြည်တွင်းမှာ သွေးခွဲမှု့ တွေရှိနေတယ်။
ဆူပူသောင်းကျန်းသူတွေ လည်းရှိနေတယ်၊ အချိန်မရွေး ပေါက်ကွဲနိုင်တယ်လို့ ပဲပြောတဲ့အခါပြောမှာပဲ ပြောချင်ရာပြောပြီးလုပ် ချင်ရာလုပ်နေမှာပါ။
အဓိကက သူတို့ အာဏာ ဆွေစဉ်မျိုးဆက် တည်မြဲရေးပါပဲ။
အတိုက်အခံတွေဘက်ကကော တိုင်းပြည်ကိုဘယ်လိုသုံးသပ်ကြမလဲ၊
တိုင်းပြည်သည်တကယ် ငြိမ်းချမ်း နေပြီလား၊ ပြည်တွင်းစစ်ကော တကယ်ရှိနေတာလား၊ နိုင်ငံခြား ပယောဂ ရောရှိနေတာလား၊ မှန်မှန်ကန်ကန် ဘယ်လို သုံးသပ်ကြမလဲ၊
အခုဟာက မြန်မာပြည်သည် ပြည်တွင်းစစ်ရှိနေလို့  သောင်းကျန်းသူတွေ ရှိနေလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့  စစ်တပ်၏ အခန်းကဏ္ဍသည် ကြီးမား နေရအုံးမယ် ဆိုတာမျိုး ဖြစ်နေတယ် စစ်အစိုးရရဲ့  နေ့စဉ် ဝါဒဖြန့်နေတဲ့ ပြည်သူ့သဘော ထားတို့၊ ဒို့ တာဝန်အရေး သုံးပါးတို့ကို ကြည့်ရင် သိနိုင်ပါတယ်။
ဒီလိုဝါဒဖြန့်  ကြွေးကြော်သံတွေ သုံးပြီး နိုင်ငံတကာနဲ့  ပြည်တွင်းကို လှည့်ဖျားနေတာ မဟုတ်လား။
မြန်မာပြည်မှာပြည်တွင်းစစ်တကယ်ရှိသေးရဲ့ လား ရှိသေးတယ်သို့ မဟုတ်မရှိတော့ပါဘူးလို့ ပြောပြီး နှစ်ဘက်စလုံး နိုင်ငံရေးကစားကြတယ်၊
ကစားရင်းကစားရင်းနဲ့  ဘယ်ဘက်က အမြတ်ထွက်ပြီး ဘယ်ဘက်က ရှုံးနေသလဲဆိုတာ ပြန်လည် သုံးသပ်ကြရမယ်၊
ခေတ်က ကမ္ဘာပြားတဲ့ခေတ်ပါ၊
မြန်မာပြည်သည် ကျဉ်းကျဉ်းလေး ဖြစ်သွားပြီ။ အရှေရိုးမ၊ အနောက်ရိုးမ၊ အလယ်ရိုးမဆိုတာ အပျင်းပြေ အလည်သွားရမယ့် တောစခန်းလေးတွေ ဖြစ်နေပြီ။ စစ်တွေ နဲ့  တာချီလိတ်၊ ပူတာအို နဲ့ မြိတ် ဆိုတာ တခုန်တလှမ်းဆိုတဲ့ ခေတ်မျိုးပါ။
၁၉၄၉/၅၀ ခုနှစ်တွေကလို ရိုင်ဖယ်-တိုင်မကွယ်နဲ့ ဆိုတဲ့သူပုန် သူကန်တွေလို ခိုနိုင်တဲ့ အခြေရှိကြသေး လို့လား။
ယနေ့ ခေတ်သည် ကမ္ဘာမည်သည့်နေရာမှာမဆို တစ်မိုင်စတုရန်း ဧရိယာကို အင်တာနက်မှာကြည့်နိုင် နေပြီဆိုတာ သဘောပေါက်ရ ပါမယ်။
ပြောချင်တာက ဆယ်သိန်းအင်အား ရှိတဲ့တပ်နဲ့ အဆင့်မြင့် နည်းပညာတွေသုံးနိုင်တဲ့ အစိုးရကို ဘယ်လိုပြန်ပြီး နိုင်အောင် တိုက်ကြမှာလဲ၊ စိတ်ဓါတ် တခုထဲနဲ့ မရဘူး။
ဦးနှောက်မရှိရင် အရူးဖြစ်လိမ့်မယ်။
ဒါပေမယ့် စစ်အစိုးရက ဘယ်သူကိုမှ အမြစ်ပြတ် မချေမှုန်းဘူး၊ သူအသုံးချချင်တဲ့ အချိန်မှာ အသုံးချဖို့  ခပ်ညံညံ ခပ်ပျော့ပျာ့ ပြိုင်ဘက်ဆိုတာ မွေးထား စမြဲဖြစ်တယ်၊
ဒိုတော့ စစ်အစိုးရက ပြစားဖို့ အသုံးချခံပြိုင်ဘက်အဖြစ် ဖြစ်မှန်းမသိဖြစ်နေရင်တော့ အဲ့ဒီက ပြည်သူတွေနာပြီသာမှတ်ပါ။
မြန်မာပြည်မှာအစိုးရ အဆက်ဆက် ပေါ်ဘူးသလို လက်နက်ကိုင်သူပုန်အဆက်ဆက်လည်း ရှိနေတာပါပဲ။
လက်ရှိအစိုးရအခြေအနေကဘယ်လိုလဲ၊ လက်ရှိသူပုန်တွေရဲ့  အခြေအနေကဘယ်လိုလဲ၊
ဗ. က . ပ တွေ တချိန်လုံး ပြောခဲ့သလိုအစိုးရသည် ချောက်ထဲကျရန် လက်တလုံးသာ ကျန်တော့သည်။
ပြည်သူ့ အောင်ပွဲသည် လက်တကမ်းမှာ ရှိသည်-ဆိုတာ ဟုတ်ပါသလား၊
ဒီစကားကတော့ အူတက်စရာပါ၊ ကျန်တဲ့သူပုန်အဖွဲ့ အမျိုးမျိုးနဲ့  နောက်ပေါက်ကျောင်သားသူပုန်အဖွဲ့ ဆိုတာတွေကရော အောင်ပွဲသည် လက်တကမ်းအလိုမှာပဲလား။
လက်ယာအုပ်စု ဘက်ကပေးတဲ့ ပရီပိုဇယ်နဲ့  ဆိုင်းပုဒ်မပြုတ်ရေးလောက် ရပ်တည်နိုင်တဲ့ သူပုန်အဖွဲ့ လောက်ဆိုရင် လည်း စစ်အစိုးရ ကပြစားလို့ ကောင်းနေတာပေါ့၊
ဒီနေ့ခေတ် သူပုန်တွေပြန်လည် သုံးသပ်သင့်တယ်။
၁၉၄၉/၅၀ မှ၁၉၆၂ ခုနှစ်လောက်အထိသူပုန်တွေကိုအမှတ်ရနေတယ်၊ ဗ. က. ပ ဆိုရင် မြရာပင်တောမှာ ဗဟိုရုံးစိုက်တယ်၊
ပေါင်းတည်နဲ့ နတ္တလင်းမြို့ တို့ ရဲ့ အရှေဘက်ရိုးမမှာရှိတယ်၊ ဌါနခွဲတွေ အများကြီးပါအားလုံး မြန်မာပြည်ထဲမှာ ချည်းပဲ၊
ဒီလိုပဲ တိုင်းရင်းသားသူပုန်တွေလည်း သူ့ ပြည်နယ်ထဲမှာပဲသူတို့ တော်လှန်ရေး ခြေခံရုံးတွေ စခန်းတွေရှိကြတယ်၊
သူ့ ပြည်သူရဲ့ ပံ့ပိုးမှု့ နဲ့ ပဲသူတို့ ရပ်တည်ကြတယ်။
ယနေ့ သူပုန်အခြေစိုက် ဗဟိုတွေက ကိုယ်ပြည်ထဲမှာကိုယ်ရှိကြသေးရဲ့ လား။
နယ်စပ်ခိုပြီးသူများ တိုင်းပြည်ထဲမှာ အခြေစိုက်နေရတာလဲရှိတယ်၊
အရေးကြုံရင် သူများနိုင်ငံထဲမှာခိုလှုံ့ ပုန်းအောင်းနေရတာလည်း အသိအမြင်ပါပဲ၊
ပြည်သူပံ့ပိုးမှု့ ကိုရော ကြည်ကြည် ဖြူဖြူရကြ သေးရဲ့ လား၊
သခင်သန်းထွန်း တို့ ခေတ်က ဗဟိုလူကြီးတွေနဲ့  အောက်ခြေက တပ်သားတွေ တသားတည်း ရှိသေးတယ်၊
အခုခေတ်မှာ ဗဟိုလူကြီးတွေက သူများနိုင်ငံ ထဲမှာ တိုက်နဲ့ ကားနဲ့  အရက်ကောင်း သောက်နေတယ်။
သားသမီးတွေကိုနိုင်ခြားပို့ တယ်၊ စာသင်ပေးတယ်၊
အောက်ခြေက ရဲဘော်တွေစားစရာမရှိငှက်ဖျားနဲ့  သေတယ်၊ နောက်ပေါ်သူပုန်လိုလို အတိုက်အခံလိုလို ပရီပိုဇယ် စားအဖွဲ့ တွေက ခေါင်းဆောင်တွေမှာ တိုက်နဲ့  ကားနဲ့  တိုက်နဲ့  နိုင်ငံခြားကိုလည်း ပရီပိုဇယ် ရရေးအစည်းအဝေးတွေ သွားတက်ကြတယ်၊
ငယ်သားတွေမှာ စားစရာမရှိ၊ ငယ်သားအများစုက ဒုက္ခသည် အဖြစ်ခံယူပြီး နိုင်ငံခြားကို ရောက်ကြတယ်။
အချို့ သူပုန်အဖွဲ့ ဆိုလျှင် စင်ပြိုင်အစိုးရအဖွဲ့ ဆိုပြီးနိုင်ငံခြားမှာပဲနေကြတယ်၊ အင်ဂျီအိုနဲ့ နိုင်ငံခြားအစိုးရ တခုခုက ထောက်ပံ့တာခံယူပြီး စစ်အစိုးရကို ပြန်ပြီး တိုက်တယ် ပြောနေကြတယ်၊
ဘာတွေအောင်မြင်မှု့ ရှိနေပြီလဲလို့  မေးတော့ ဒီဗွီဘီ အသံလွှင့်ရုံ ထောင်နိုင်တယ်လို့ ပြောတယ်၊ အခြားလည်းဘာမှ ပြောသွားမှု့ မရှိပါဘူး။
ကဲ- မျက်မှောက်ခေတ်စစ်အစိုးရနဲ့  မျက်မှောက်ခေတ် ပြည်တွင်းပြည်ပသူပုန်တို့သည် လိုက်လဲ လိုက်ဖက် ကြပါတော့တယ်၊
ဒီပုံစံအတိုင်းဆိုရင် အင်ဒိုနီးရှားလို စစ်တပ်ကတဆင့်ပြီး တဆင့်ပေးမယ့် ဒီမိုကရေစီမျိုးကိုပဲ စောင့်ပြီး ယူရတော့မယ်လို့ ပညာရှင်အချို့ ကဆိုကြတယ်။
ဒါဆိုရင် စစ်အာဏာရှင်ခေတ် မြန်မာ့သမိုင်းမှာ ဘာတွေများထူးခြား တိုးတက်ခဲ့ကြသလဲ၊ ပထမဆုံး စစ်အာဏာရှင် ဗိုလ်နေဝင်းခေတ်မှာ ဗ.က.ပ အပါအဝင် ပြည်တွင်း သူပုန်တွေရှိခဲ့တယ်၊ ဗိုလ်နေဝင်း အစိုးရကတော့ ပြုတ်ကျမသွားပါ။
သူပုန်များသာ လုံးပါးပါးခဲ့ကြရတယ်၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ ခေတ်မှာလည်းစစ်အစိုးရသည် ပိုပြီးအားကောင်း မောင်းသန်ဖြစ်လာတယ်၊
သူပုန် သူကန်တွေသည် အကွဲကွဲ အပြဲပြဲနှင့် အိမ်နီးချင်း အားကိုးနဲ့ ဆူမတ်ပြီး ရပ်နေကြရတယ်၊
ဟော အခု စစ်တပ်ဦးစီး အရပ်သားအမည်ခံ အစိုးရမျိုးလည်း ဖြစ်လာတော့မယ်၊
ပြည်တွင်းပြည်ပ သူပုန်အမည်ခံနှင့်အတိုက်အခံတို့ ဘယ်အခြေအနေကို ဆိုက်ကြအုံးမလဲ။
နယ်စပ်တို့ နယ်ခြားတို့ ဆိုတာသူပုန်အဖွဲ့အတွက် မရေရာဘူးဆိုတာ ဦးနု၏ ပြည်ချစ်တပ်ကြီး ကြက်ပျောက်-ငှက်ပျောက် ဖြစ်ခဲ့တာကို သင်္ခန်းစာ ယူသင့် ပါတယ်။
နိဂုံးချုပ်ရရင် စစ်အာဏာရှင်ကြီးတွေသည် ကမ္ဘာနိုင်ငံရေးရေစီးကြောင်းပြောင်းလဲမှု့ ကိုနားလည်ပြီးသူတို့  အာဏာ တည်တံ့ရေးနှင့် သူတို့ စိတ်ချရတဲ့အချိန်မှာ အရပ်သား အစိုးရတရပ် ပေါ်ထွန်းလာရေးအတွက် သူတို့  ခြေလှမ်းအတိုင်း မှန်မှန်လျှောက်လှမ်း နေတာသာဖြစ်သည်ဟု သုံးသပ်လျှင် မှားပါ့မလား။
ဒါဆိုရင်မြန်မာပြည်မှာသူပုန်နဲ့  အတိုက်အခံတို့ ရဲ့ အခန်းကဏကဘယ်မှာလဲ။
အတိုက်အခံ အဆက်ဆက်ရဲ့ ထိရောက်တဲ့ အောင်မြင်မှု ဆိုတာမျိုး မရှိခဲ့လျှင် စစ်အာဏာရှင်တို့ အနေနဲ့  ခပ်ညံ့ညံ့ပြိုင်ဘက်များကိုမွေးပြီးသူ့ အောင်မြင်မှု ပန်းတိုင်ကို လှမ်းကိုင်သွားသည့် သမိုင်းသာ ဖြစ်နေ ပါသည်ဟုဆိုလျှင် လွဲပါ့မလား။
၁၉၆၂ ခုနှစ်မှ ၂၀၁၀ခုနှစ်အထိမြန်မာ့သမိုင်းကို ခြုံကြည့်မိ တဲ့အတွက် အမြင်လေး တခုပါပဲ …………..
ဦးဖိုးသာအောင်
ဒီမိုကရေစီ အကျိုးတရားများ အမြန်ခံစား ရရှိကြပါစေ။

ဒီမိုကရေစီ ရမည့်ရက် ဘယ်သူ့ လက်ထဲမှာ--

ဖိုးသောကြာ- 12,Oct 2110
မြန်မာ့ နိုင်ငံရေးဟာ မဝေးတောသည့် ရက်ပိုင်းမှာ အချိုးအကွေ့  တစ်ခု ဖြစ်ဖို့ သေချာသလောက် ရှိနေပါပြီ။
အဲသလို ဖြစ်ဖို့ နအဖ စစ်တပ်က စနစ်တကျ စီစဉ် ဆောင်ရွက်တာမို့ သူတို့ ရည်ရွယ်ချက် ရောက်နိုင်-မရောက်နိုင် ဆိုတာကတော့ နိုဝင်ဘာ ၇-ရက် အလွန်မှာ တိတိကျ ကျ သိရမှာ ဖြစ်ပါတယ်။
နအဖ ဘက်က တသွေး တသံ တမိန့် နဲ့ တိတိကျကျ စီမံချက်ချ ဆောင်ရွက် နိုင်ပေမယ့် အတိုက် အခံတွေကတော့ လွတ်လပ်ရေး ရပြီးစအချိန်က စပြီး အမျိုမျိုး အဖုံဖုံ ကွဲလာလိုက်တာ ၁၉၈၈ အရေးတော်ပုံ တိုက်ပွဲ အမြင့်ဆုံးကာလမှာတောင် ဘာမှ ဖြစ်မလာခဲ့ ပါဘူး။
ပြီးတော့ ရွေးကောက်ပွဲ နိုင်ပြီးစ ၁၉၉၀ မှာလည်း ဘာမှ ဖြစ်လာအောင် မလုပ်နိုင်ခဲ့ကြပါဘူး။
ဒါပေမယ့် လူထု ရှိသရွေ့  တိုက်ပွဲ ရှိနေရမယ်လို့ ခံယူထားသူတွေကတော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ဆိုပြီး ကြိမ်းဝါး အော်ဟစ်လို့ ထင်ရင်မြင်ရာ ကောင်းနိုးရာရာတွေ လေလှိုင်းမှာ ထုတ်လွှင့်ပြောဆို နေကြပါတယ်။
လက်တွေ့ နဲ့ လက်ရှိ အခြေအနေ ကို စပ်ဟပ်ပြီး ဘသာဝကျကျ မပေါင်း စပ်နိုင်သေးသရွေ့ တော့ မြန်မာ့ ဒီမိုကရစီ အရေးက ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေမှာ မြင်နေမိပါသေးတယ်။
လက်တွေ့ နဲ့ လက်ရှိ ဆိုတာနဲ့ ပတ်သပ်ပြီး တလောက ကိုယ်တွေ့  အဖြစ်အဖြစ်အပျက်လေးကို ဒီနေရာ ဒီအချိန်မှာ ပြောပြချင်ပါတယ်။
တလောက မိတ်ဆွေ တစ်ဦးအိမ် အလည်သွားတော့ သူ့ အိမ်မှာ သူက နိုင်ငံခြားသား တစ်ဦးနဲ့ စကားပြောနေတာ နဲ့ ကြုံပါတယ်။
ကျွန်ုပ် ရောက်သွားချိန်မှာ သူတို့ စကား ၀ိုင်းကို အရှိန်မပျက်စေဘဲ ဆက်ပြောဖို့ နဲ့ နားထောင်ခွင့် ရှိမရှိ မေးတော့ နိုင်ငံခြားသားက ရပါတယ်၊
ခင်ဗျားတို့ မြန်မာနိုင်ငံ အကြောင်းဆွေးနွေးနေတာ ၊ လိုအပ်ရင်လဲ ၀င်ဆွေးနွေးပါ။ ပိုပြည့်စုံတာပေါ့ လို့ ဖိတ်ခေါ်ပါတယ်။
နိုင်ငံခြားသား မိတ်ဆွေက`“ကျွန်တော် နားမလည်တာက ခင်ဗျားတို့ နိုင်ငံက တရုတ်နဲ့ နယ်နိမိတ် မိုင်းပေါင်း အတော်ရှည်ရှည် ဆက်စပ်နေတယ်။
ရင်းနှီးစွာ ဆက်ဆံ ခဲ့တာလဲ ကြာပြီ။ အခု ဆိုရင် တရုတ်က စီးပွါးရေးတွေ အရမ်း တိုးတက် နေလို့ အမေရိကန် ကိုတောင် ငွေ ပြန်ချေးပေးနေ ရတယ်။
စစ်ရေးမှာ ဆိုရင်လဲ အရမ်းကို တိုးချဲ့ လာနိုင်တာ တွေ့ ရတယ်။ လက်ရှိ စစ်အစိုးရနဲ့ လဲ စီးပွါးရေး၊ စစ်ရေး ပူးပေါင်း လုပ်ကိုင်နေတယ်။ ဒီလို အခြေအနေမှာ တရုတ်က ကူညီမှ မြန်မာ့ ဒီမိုကရေစီ ရှေ့တိုး လာနိုင်မယ်၊ လမ်းပွင့် လာနိုင်မယ် လက်ခံချင်တဲ့ ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ အသံတွေ ကြားနေရပါတယ်။
ဒါပေမယ့် အတိုက်အခံ နိုင်ငံရေးသမား အချို့က တရုတ်ကို အယုံအကြည် နည်းချင် နေကြတာလဲ။
တရုတ်က အိမ်နီးချင်း ဆိုတော့ ကူညီစရာ ရှိရင် လွယ်လွယ်ကူကူ ကူညီနိုင်မယ့်ဥစ္စာ”သူ့ စကားကို ကျွန်ုပ် အတော် စိတ်ဝင်စားသွားပါတယ်။ ကျွန်ုပ် မိတ်ဆွေကဆီက-ဘာ-စကားသံ ထွက်မလဲ မျှော်လင့်နေချိန်မှာ။--မြန်မာ နိုင်ငံရေးဟာ လွတ်လပ်ရေး ကြိုးပမ်းတဲ့ ၁၉၄၀ ကစပြီး လက်ဝဲကွန်မြူနစ် နိုင်ငံရေး စိတ်ဓါတ်နဲ့ အခြေ တည်ခဲ့ပါတယ်။
အခုလည်း နိုငံရေး နယ်ပယ်ထဲက လူငယ်တွေက လက်ဝဲ ၀ါဒကို နှစ်သက် ယုံကြည်နေတာ အတော် ရှိနေပါသေးတယ်။
တချိန်က မော်စီတုန်းရှိစဉ်က တရုတ် ကွန်မြူနစ်ပါတီက ဗမာပြည် ကွန်မြူနစ် ပါတီကို နိုင်ငံရေး၊ စစ်ရေး၊ လက်နက်၊ ရိက္ခာ ကူညီ ခဲ့ပါတယ်။
လူကြီးမင်း ပြောတဲ့ စောစောက စကား ထဲကလို တရုတ်ဟာ အိမ်နီးချင်း နိုင်ငံ ဖြစ်လို့ မြန်မာ နိုင်ငံရေးသမား လက်ဝဲအယူဝါဒ ရှိသူတို့ ပူးပေါင်း ဆက်ဆံ ခဲ့ကြပါတယ်။
အဲဒါ သမိုင်း ဖြစ်စဉ်ထဲက ငြင်းမရတဲ့ အမှန်တရား ပါ။
ဒါပေမယ့် ပြောင်းလဲခြင်း နိယာမ အရ တန့် ရှောင်ဖိန် လက်ထက်မှာ အဲဒီ စနစ် ပြောင်းလဲ သွားခဲ့ပါပြီ။
သူ နိုင်ငံ စီးပွါးရေး တိုးတက်လာတော့ သူ့ ထုတ်ကုန်တွေ မြန်မာ ပြည် ပို့ချင်လာတယ်။ ပြီးတော့ မြန်မာ့ ကုန် ကြမ်းတွေ သူ လိုချင်လာတယ်။ ဒီတော့ နယ်စပ်တွခါး ဖွင့်ဖို့ လက်ရှိတည်ဆဲ အစိုးရနဲ့ ဆက်ဆံမှ ဖြစ်မယ်ဆိုတာ သူ သိလာတယ်။ နောက်ပြီးတော့ စီးပွါးရေး တံခါး ဖွင့်ချိန်မှာ ချောမော ဖို့ဆိုရင် တရုတ် မြန်မာ နယ်စပ်က သူပုန် သူကန်တွေ ရှိနေရင် ၊ ပြီးတော့ တည်ဆဲ အစိုးရကို ဆန့် ကျင်နေတဲ့ သူတွေကို အားပေးရင်၊ ပေါင်း သင်း ဆက်ဆံနေရင် ရှေ့ ဆက် သူ့ အတွက် ဘာ ဆက်ဖြစ်မလဲ။
သူ့ အတွက် အဆင်ပြေမပြေ- သူ တွက်မှာပေါ့။
ဒီအဆင့် အထိ ရိုးရိုး သာမန် လူတောင် ကြည့်တတ်ရင် မြင်ပါတယ်။
ဒီတော့ အတိုက်အခံမြန်မာ့ နိုင်ငံရေး သမားတွေက တရုတ် ကို အားကိုးပြီး ဒီမိုကရေစီ ထူထောင်ရင် ရနိုင်မရနိုင် မြင်နိုင်မယ် ထင်ပါတယ်။
ဒီအချိန်မှာ ကျွန်ုပ် မိတ်ဆွေရဲ့  ခြေပ ရှင်းလင်းချက်ကို နိုင်ငံခြားသားက သိပ်လက်ခံချင်ဟန် မပြသေးပါဘူး။
မိတ်ဆွေက ကျွန်တော် တစ်ခု မေးချင်ပါတယ်။ မိတ်ဆွေ ဖြေပေးစေချင်ပါတယ် ဆိုပြီး မေးခွန်း အချို့ စပါတော့တယ်။
မိတ်ဆွေတို့ နော်ဝေ နိုင်ငံကို ဒုတိယ ကမ္ဘာ စစ်အတွင်းမှာ ဂျာမဏီက ၀င်သိမ်း တာ ခံရတယ်နော်။
ဂျာမဏီ ဖက်ဆစ် လက်ချက်ကြောင့် နော်ဝေ နိုင်ငံရေးသမား လူငယ်တွေ များစွာ အသတ်ခံခဲ့ရတယ် မဟုတ်လား။
နောက်တော့ ဂျာမဏီတွေကို ရုရှားတွေက တိုက်ထုတ်ရင်း နော်ဝေ နိုင်ငံထဲ အထိ ၀င်တိုက်ပေးတယ်။
နော်ဝေတွေ လွတ်လပ်ရး ပြန်ရတယ်၊ ဒီသမိုင်းကြောင်းအရ နော်ဝေတွေဟာ ရုရှားတွေကို ကျေးဇူးတင်ထိုက်တယ်။ ဒီကျေးဇူးရှင်တွေနဲ့ နိုင်ငံရေး အရ အမြဲ လက်တွဲ လုပ်ဆောင်သင့်တယ်လို့ တွေးရင် ယေဘူယျ အားဖြင့် အမှန်လို့ မြင်စရာ အကြောင်း ရှိပါတယ်။ မဟုတ် ဖူးလား။
ဒီတော့ နိုင်ငံခြားသားက ခေါင်းငြိမ့် ပါတယ်။
“ဒါပေမယ့်လက်ရှိမှာတော့နော်ဝေတွေကနေတိုးထဲ ၀င်တယ်။ အမေရိကန် နဲ့ ပူးတွဲပြီး အလုပ်လုပ်ကြတယ်။
ကျေးဇူးရှိတဲ့ နိုင်ငံ၊ ကပ်လျှက်နီးနေတဲ့ ရုရှား နိုင်ငံ နဲ့ ဘာလို့ တိုင်းပြည် ပူးပေါင်း မထူထောင် ရသလဲ ”
ဒီတော့ နော် ဝေ နိုင်ငံသား ပြုံးတယ်။ ပြီေးတာ့ မြန်မာနဲ့ နော်ဝေနဲ့က မတူဘူးလေ။ ခြားနားမှုတွေ အများကြီး ရှိသေးတယ် လို့ပဲ ပြောပါတယ်။
ဆိုလိုချင်တာက လက်တွေ့ နဲ့ လက်ရှိ အခြေအနေ ကို သဘာဝကျစွာ လုပ်ဆောင်တဲ့ နိုင်ငံတွေဟာ ရှေ့ တန်း ရောက်ကုန် ကြီးပါး တိုးတက်ကြတာ ကမ္ဘာ့ ဇာတ်ခုံမှာ အများကြီး ရှိနေပါပြီ။
ကျွန်ုပ်တို့ မြန်မာ့ နိုင်ငံရေးသမားများ ညံ့သူများ မဟုတ်ကြသည်မှာ သေချာပါ၏။
သို့သော် ပညာရှိ သတိ ဖြစ်ခဲ ဖြစ်ကြသည်လား။
အတ္တ၀ါဒ အစွဲအလမ်း ကြီးကြသည်လား။
ထိုအချက်များကြောင့် မိုးရွာ တုန်းကလည်း ရေရအောင် မခံနိုင်ကြသည် မြင်ခဲ့ ရပြီးပါပြီ။
လသာတုန်း ညများမှာလည်း ရန်သူကို ဆဲဆို၊ အပုတ်ချ နေခြင်းများဖြင့် ပန်းတိုင် လှမ်းကိုင် နိုင်ခဲ့ကြည်မှာ လက်တွ့  မြင်ခဲ့ရပြီးပါပြီ။
မြန်မာ့ နိုင်ငံရေးသည် ပြည်သူ့  လက်ထဲတွင် ရှိသည်ဟု ပြာဆိုနေကြငြားလည်း အမှန်တွင်မူ စစ်ဗိုလ်ချုပ် အချို့နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးသမား လက်တဆုပ် စာ၏ လက်တွင်းတွင် တိုင်းပြည်ကံ ကြမ္မာရှိနေပါသည်။
ယခင် လွတ်လပ်ရေး ရပြီး စ နိုင်ငံရေးသမား၊ လက်ရှိ နိုင်ငံရေးသမား၊ ထိုလက်တဆုပ်စာ လူတစုတို့ အတ္တမာနများ အဆင်မပြေ ဖြစ်ကြသဖြင့် တိုင်းပြည် ဒုက္ခတွင်းက မတက် နိုင်ခဲ့သည်မှာ သေချာပါသည်။
ထိုသူတို့ လိမ်မာ ပါးနပ်လေလေ ၊ နိုင်ငံရေး အရည် အချင်း ပြည့်လေလေ မြန်မာ ပြည် ဒီမိုကရေစီ ရမည့် ရက် နီးလေလေ ဟု တင်ပြ လိုက်ရပါသည်။
ဖိုးသောကြာ

zondag 8 augustus 2010

လက်ရှိချန်ပီယံ ၀င်မကန်တဲ့ပွဲ

ခြံအမှတ်(၅၄)မှာ
ထူးတွေ
အထပ်ထပ်နဲ့
မှတ်တိုင်တွေ
(၆၅)တိုင် ရေးထိုးခဲ့ပြီ
သေတဲ့အထိ
မျက်နှာမငယ်စေရဘူး အမေ။
အမေရေ...
တောခွေးအတွေ ၀ိုင်းဟောင်ကြတယ်
ဒါပေမယ့်
"၀ုတ်...၀ုတ်" လို့ မမြည်ဘူး
"ရွေးကောက်ပွဲ...ရွေးကောက်ပွဲ" လို့
မြည်တယ်။
၂၀၁၀ ထန်းလျက်ခဲ ချကျွေးတော့
မြိန်ရည်ရှက်ရည်ရှိလိုက်ကြပုံများ
မော်ဒန်ဆရာလေးတချို့တောင်
သက်တော်ရှည်အမတ်ဖြစ်မယ့်ခေတ်
ကိုယ့်ကိုကိုယ်
အရန်ခုံမှာ ထိုင်နေရမှန်း မသိကြရှာဘူး။
ဖွတ်စိမ်းတွေက
တောင်ရှည်ဝတ်
ခေါင်းပေါင်းစကို
ညာ ချလို့...
လမ်းတွေဖောက်ကြသတဲ့
အရေခြုံ ကလိန်တွေစုံတော့
ဖွတ် မိချောင်းဖြစ်၊ မြစ် မချမ်းသာသပေါ့
အမေရယ်။
တကယ်တော့
သူတို့က ခံစစ်တံတိုင်းကြီးတွေပေါ့
စည်းရိုးအထပ်ထပ်နဲ့
ဂိုးသွင်းမခံရအောင် ပိတ်ဆို့မယ်။
ဒီကြားထဲ
သန်းသန်း ချိုချို နေရည် ဆိုတဲ့
သုံးဦးစပ်
ငါးပိရည်ကြို ညွန့်ပေါင်းအသင်းက
နေမညိုသေးဘဲ
လေတွေ ပြိုပြနေကြပြန်ရဲ့
သူတို့က
ဘယ်တောင်ပံတိုက်စစ်ကို တာဝန်ယူမယ်တဲ့။
ဒီမိုကရေစီ
တွင်တွင်ပြောပြီး
ရွှေဝါဆပ်ပြာနဲ့ ဧည့်မထဆန်
မှန်မှန်ထုတ်တတ်တဲ့
ကြောင်သူတော် ဘောသူခိုးတွေက ရှိသေး
သူတို့က
ညာဝင်းမှာဆော့မယ်။
အမေရေ ...
ကျနော် သိပြီဗျ
ဒေါင်းယောင်ဆောင်ခဲ့တဲ့
အန်ဒီအက်ဖ်တောကျီးကန်းတွေ
တသက်လုံး
ဂိုးမသွင့်းနိုင်ခဲ့တဲ့ ရလဒ်ဟောင်းတွေနဲ့
လူကျွံဘောအဖမ်းခံကြဦးမယ်။
ရှမ်းအိုးစည်တီးပြီး
မနောကွင်းမှာ
ဒုံးယိမ်းကကြမယ့်
ဒီမိုကရေစီဘက်တော်သား
အဖြည့်ခံ ဘောသမားလေးတွေပေါ့
သူတို့က
၂၀၁၀ ဘောလုံးလေး ဘေးထွက်သွားရင်
ပါမစ်အမျိုးမျိုးနဲ့
ဝိုင်းကောက်ပေးကြမယ်။
၈၈ ကျောင်းတော်သား မျက်နှာဖုံးများက
လက်သီးလက်မောင်းတန်းလို့
ကွင်းလယ်ဗိုလ်ချုပ်လုပ်ဖို့
မှန်းကြပြန်ရော။
အဆုံးသတ် တိုက်စစ်မှုးကတော့
လီယွန်နယ်လ်သိန်းစိန် ...တဲ့
ဘယ်သူတွေ
ဘယ်လိုတားတား
နောက်ဆုံးတော့
အကောင်းဆုံး
ကလိမ်ခြုံ ပလေယာဆု
အကောင်းဆုံး
ရှေ့တန်းလူသတ်သမားဆု
အကောင်းဆုံး
ဒီမိုကလိမ်စီ ဖန်တီးရှင်ဆု
ရှိသမျှ
သိမ်းကျုံးယူဦးမှာ
မြင်ယောင်သေး။
အမေရေ ...
အာဂျင်တီးနားနဲ့ ကမ္ဘောဒီးယားပွဲကို
အိပ်ရေးပျက်ခံ
ထကြည့်တဲ့အထိတော့
သားတို့ မရူးနှမ်းသေးပါဘူး။
သားတို့ ရင်ဘတ်ထဲမှာ
အမေသာ ချန်ပီယံ
သားတို့ ကစားကွင်းနဲ့ စစ်တလင်းထဲမှာ
အမေသာ ချန်ပီယံ
မတန်တဲ့ပွဲ
ဝင်မကန်တဲ့ အမေ့အတွက်
သားတို့
ဂုဏ်ယူတယ်။ ။

woensdag 7 april 2010

သင်္ကြန်စာ

ဧပြီလ(၁)ရက်နေ့နေ့စွဲ့ဖြင့်နအဖစစ်အစိုးရအတွက်အထူးအစီအစဉ်သင်္ကြန်စာကို ထုတ်ဝေလိုက်ပါပြီ..၁၃၇၂ ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၅ - ရက်၊ ခရစ်နှစ်၊ ၂၀၁၀ခု၊
ဧပြီလ ၁၄ ရက်၊ဗုဒ္ဓဟူး နေ့၊ မြန်မာစံတော်ချိန် နံနက်၊ စက် ၃ နာရီ ၁၅ မိနစ် ၃၆စက္ကန့် …..။
“ဗမာပြည်”အမည်ရှိသောဗြဟ္မာမင်းဦးခေါင်းကို ကိုင်ထားသည့် သောကြာသားသည်အစိမ်းရောင် အဝတ်ကို ဝတ်ဆင်လျှက်အင်္ဂါသမီးထံလွှဲအပ်ရမည့်အစား“ပေးဘူး၊ပေးဘူး”ဟု အတင်း ကာရော ငြင်းဆန်ကာ ဆက်လက်ကိုင်ဆောင်ထားဦးမည်ဖြစ်သောကြောင့် မိုးတွင်းတွင် မိုးရွာလတ္တံ့၊ မိုးတဖြိုက်နှစ်ဖြိုက်ရွာရုံမျှဖြင့် ရန်ကုန်တွင် ရေကြီးအံ့၊ ထီပေါက်သူများ ပိုက်ဆံဝင်လတ္တံ့၊ လျှပ်စစ် မီးကြောင့်ဖြစ်သော ဓာတ်လိုက်ခြင်း အန္တရာယ်ကင်းဝေးလတ္တံ့၊ကိုရီးယားကား လူကြိုက်များလတ္တံ့၊အင်တာနက်ဆက်သွယ်ရေးနှေးအံ့၊ တိုင်းသူပြည်သားများမှာဆန်အစားဆန်ကွဲကို စားရသောကြောင့်အစာကြေလွယ်အံ့၊ ညဘက်မီးမှန်မှန် ပျက်သောကြောင့် စောစော အိပ်ရာဝင်ရ လတ္တံ့၊ခြင်အစရှိသော အတောင်ပါသော သတ္တဝါများ ပေါများသောကြောင့်ခြင်ထောင်မရှိသူများ ဂေါ်ဇီလာဖြင့် အိပ်ရအံ့။ သင်္ကြန်အခါရှောင်ကျဉ်ရန်အမှုများကား နိုင်ငံရေးတံဆိပ်များပါသည့်တီရှပ်ဝတ်ဆင်ခြင်းဖြစ်ပေသည်။ ဤကား စစ်အစိုးရအလိုတည်း။
သင်္ကန်အကျအလိုမူကား ကြောင်းလျားစုံစေ့သင်္ကြန်နေ့၌အင်းလျားလမ်းတွင်မဏ္ဍပ်ဝင်က၊ကညာနှမမြင်သမျှမှာ လှချင်တိုင်းလှ၊ ဗိုက်ပေါ်ခါးပေါ်ပေါ်ချင်သလို ပေါ်၍ တွေ့မရှောင်ငမ်း ကြမ်းရမ်းဂီတ ဖွင့်ကုန်ကြရင်းမျောက်လိုကကာ သောက်ထုတ်သေရက် ဤတချက်ကိုလူ့ပြည်လူ့ခွင်လူကိုစင်ထားမြင့်မိုရ် ဖျားဝယ် သိကြားသော်မှ ခွက်ပုန်းချရ၏ သို့သော်မြန်ပြေ (ပြည်)ဆန်းသည့်မြေ၌ အရက်စတုဒီသာပေးနေ ပါ၍ သိကြားထက် ထူးသည့် ကုသိုလ်တည်း။စတုဒီသာ ကုန်သွားပါက စပွန်ဆာရှာ၍သောက်ပါလေ။
တနင်္ဂနွေသားသမီး (အေး)သည်-အနေအထိုင်မတတ်ပါက ရာထူးကျကိန်းရှိပြီးကံဆိုးပါက ရာထူးမှ ဖယ်ရှားခံရကိန်းရှိသည်။ယတြာအနေဖြင့်သောကြာသား၏အနားမှတဖဝါးမှမခွာဘဲ ဝတ်ကြီးဝတ်ငယ် ပြုစုကာ..ကြာသပတေးနာမ်နှင့်ဆိုင်သောကိစ္စများဆောင်ရွက်ပါလေ(ဥပမာ-ဖားခြင်း၊ပေါင်းခြင်း၊ ပေါတောတောနေကာရူးချင်ယောင်ဆောင်ခြင်း)
တနင်္လာ သားသမီး (ကြိုင်)သည်-သောကြာသားသမီးကို ညွှန်ကြားနိုင်သောအရည်အချင်းရှိပေသည်။ သူများမသထာရေစာများစားနေသောကြောင့်ထမင်းစားလျှင်မကြာခဏနင်ကိန်းရှိသည်။ယတြာမှာ အုန်းသီးတလုံးကိုအခွံမနွှာဘဲအာမထိလျှာမထိမြိုပါ။အညံ့များအားလုံးကင်းစင်မည်။
အင်္ဂါသားသမီး(စု)သည်-အရူးတသိုက်၏ ချုပ်နှောင်ထားခြင်းခံရကိန်းရှိသည်။ ရူးနေသူများ ဖြစ်သောကြောင့် လွှတ်ပေးပြီးလျှင် လည်းပြန်ဖမ်းကောင်း ဖမ်းနိုင်သည်။ ကြာသပတေးနာမ်ဖြင့် စသော နိုင်ငံရပ်ခြားမှအကူအညီ ရချင်ရနိုင်သော်လည်း သောကြားသား အဖျက်ရှိသည်။ ယတြာမှာ“လုပ်ချင်တာသာလုပ်ကြတော့ဟေ့”ဟုသုံးကြိမ်အော်၍ ဘာမှမလုပ်ဘဲငုတ်တုတ်ထိုင်စောင့်ပါလေ။
ဗုဒ္ဓဟူးသားသမီး (ရွှေ)သည်-စိတ်မမှန်သော အထက်လူကြီးက မကြာခဏဟိန်းဟောက်ကာ မကြာခဏ ဆုလာဘ်ချပေးသောကြောင့်မကြာခဏကြောင်တောင်တောင်ဖြစ်တတ်သည်။သားဖြစ်သူ တနင်္ဂနွေ သား၏ စီးပွားရေးလုပ်ငန်းမှာ အထက်လူကြီး၏မိုးလေဝသအခြေအနေပေါ်တွင်သော် လည်းကောင်း အင်္ဂါနာမ်တခုပေါ်တွင်လည်းကောင်းမူတည်နေသည်။ယတြာမှာကုန်း၍“ဆန်ရှင်မြန်မြန်ရုပ်မှပါပဲ” ဟုလိပ်ခေါင်း မထွက်မချင်း အော်ပါ။
ကြာသပတေးသားသမီး (မင်း)သည်-အရူးများ၏ နှိပ်စက်ခြင်းမှမကင်းလွတ်နိုင်သေးပေ။ အညံ့ကာလ ဖြစ်နေသည်။ယတြာမှာအနောက်အရပ်ကိုမျှော်ရင်း “သောကြာသားနင်သေမှအေးမဟဲ့”ဟု သုံးကြိမ် အော်ပါ။
သောကြာသားသမီး(သန်း၊သိန်း)သည်-ဘုရင်ရူးရူးနေသောကြောင့် ပလ္လင်ပေါ်မှဒလိန့်ကောက်ကွေး ကျကိန်း ရှိသည်။ပေါင်းလျှင်၃ရသောနှစ်၌ ထူးထူးခြားခြားမဟုတ်တရုတ်လုပ်လိမ့်မည်။ လူအများ ပို့သသော မေတ္တာကြောင့် ကျန်းမာရေးအထူးကောင်းနေသေး သော်လည်း မကြာခင် ငေါက်ခနဲ သေကိန်းရှိသည်။ ယတြာမှာတနင်္လာသမီး၏ ထဘီစကိုဆွဲ၍ ဆူးကြီးကြီး ဒူးရင်းသီတလုံးကို ပုံစံမပျက်မြိုပါ။
စနေသားသမီး (တေ)သည် -ပွဲလန့်တုန်းဖျာခင်းတတ်သော အရည်အချင်းကြောင့်ကြီးပွားကိန်းရှိသည်။ ကြာသပတေးနာမ်နှင့်ဆိုင်သော အလုပ်များ(ဥပမာ-ဖားခြင်း)အထူးကျွမ်းကျင်ပြီးအင်္ဂါနာမ် (ဆန်ရှင်)ကြောင့် လတ်တလောဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ဗုဒ္ဓဟူးနာမ် အကြိုးပေးမည် (ဥပမာ-ပိုင်ဆိုင်သော လေယာဉ်တစီးစီးရပ်နေရင်းခါးမှထက်ပိုင်းပြတ်ကြိုးသွားခြင်း)ယတြာမှာ“အနောက်က ဆန်ရှင်ရင်အောက်ကသစ်ခိုး ထုတ်မယ်”ဟူ၍ သက်တမ်းရင့် ကျွန်းပင်ကြီး တပင်ကိုဖက်ရင်းလည်ချောင်းကွဲသည်ထိ အော်ပါ။
သင်္ကြန်အတာ တက်အံ့သောအခါကား..အမူးလွန်၍ အန်ဖတ်ဆို့သေကြသူများ၊ ရေနစ်၊ရန်ဖြစ် ယာဉ်မတော် တဆဖြစ်၍ မာလက ဈာန်ကြွကြသူများ၊ ဆေးရုံရောက်သူများ၊အကဲ လွန်သောကြောင့် ဗိုက်ထွက် ကြသူများ စာရင်း ထွက်ပေါ်ချိန်တည်း။
အတာဆန်းထူး နှစ်ဟောင်းကျူး၍ တန်ခူးလည်သည် နှစ်အမည်ကား ဇေယျနှစ်တည်း ..နှစ်ကို ၁ နှင့် ၃ ရှိထားပြီးဖြစ်သော ဖဲသမား စောင့်၏၊ လ ကို မီးပျက်သည့်ညတိုင်းစောင့်၏၊ ရက်ကို နှလုံးထီသမား စောင့်၏၊ မြေကိုမြေပိုင်ရှင်စောင့်၏၊ ရေကို ရေစည်လှည်းတွန်းသူ စောင့်၏၊ မိုးကို တနွေလုံးရေမချိုးရ သူများစောင့်၏၊ လူတို့၏အဓိပတိကား အရူး၊ ငှက်တို့၏ အဓိပတိကားလင်းတ၊ ငါးတို့၏ အဓိပတိကား ငါးရွှေ၊ အပင်တို့၏ အဓိပတိကား ကြက်ဆူပင်။
နက္ခတ် ၃ လုံး ငုတ်၏၊ ၄ လုံးပေါ်၏ ၃ နှင့် ၄ ကို တနှစ်လုံးမွေးထိုးကမနှေးအမြန် မွဲကိန်းမြင်၏။ မိုးရွာလျှင် ရေရအံ့၊ ခြင်ပေါအံ့၊ မြောင်းပုပ်နံ့ နံအံ့၊ ဝဲပေါက်အံ့၊ လူတို့ အနာအဖျား များသည့်အခါအစိုးရမင်းများ၏ စေတနာကြောင့် ကိုယ့်ပိုက်ဆံနှင့်ကိုယ် ဆေးကုရအံ့၊ မကုနိုင်သူများ သေအံ့၊ ပြည်ရွာ မီးလောင်လျှင် မီးသတ်တွင်ရေမရှိသောကြောင့်ပြာဖြစ်အံ့၊ မြန်မာ့ လောင်းကစား ကမ္ဘာကိုလွှမ်းအံ့၊ ဂျီအက်စ်အမ်ဖုန်းများဆက်သွယ်ရေးခက်ခဲအံ့၊ထိုနှစ်ဖွားသော သားကား ကံဆိုးသောကြောင့်မြန်မာပြည်တွင်လူဖြစ်အံ့။

vrijdag 26 maart 2010

“ ခွေးကောက်ပွဲ ”


၂၀၁၀ တဲ့။
လူမဆန်တဲ့ကောင်တွေကြီးစိုးပြုလုပ်မယ့်ပွဲ
ဘာလုပ်ရမှာလဲ။
ခွေးဋီကာ ချဲ့ထွင်မနေနဲ့။
မင်းတို့လုပ်ရပ်တွေ လူဆန်လားမဆန်လား
ပြည်သူသိရုံမက တကမ္ဘာလုံးအသိ။
ခွေးပလ္လင်ပေါ်မှာ ခွေးလိုစားပြီး
ခွေးစကားပြောနေတာကို
ခွေးသူတောင်းစားတွေက ခွေးလိုနားထောင်လို့
ခွေးလိုပြုကျင့်မယ့်
၂၀၁၀ ရွေးကောက်ပွဲကို
ခွေးတွေက အပိုင်ကြံပြီး
ခွေးဇာတ်ခင်းဖို့
လူစိတ်အပြည့်နဲ့ပြည်သူတွေက
လုံးလုံးမထောက်ခံဘူး ခွေးကောင်။
ရွေးကောက်ပွဲမဟုတ်ဘူး။
အဲ့တာ ...
ခွေးကောက်ပွဲ။
ခွေးတွေ မဲလိမ်မယ့်ခွေးကောက်ပွဲ။
ခွေးတွေ မဲခိုးမယ့်ခွေးကောက်ပွဲ။

( ယုန်နှင့်အတူပြေး၍ ခွေးနှင့်အတူလိုက်မည့်သူများသို့ )

ရေးသားသူ။ Ni၀ိုင်

donderdag 28 januari 2010

ဘုရားရိုက်မည့် နွားငမိုက်များသို့ …


   
အမှန်အကန်
အဖန်ဖန် သစ္စာရှိကြဖို့
သံဃံ သရဏံ ဂစ္ဆာမိကြပါတော့
အနှစ်ဗလာ အခါခါ မိုက်ကြဆဲဟာမို့
ပလာတာ မကြိုက်တဲ့
နွားငမိုက်တွေမှာတော့
ဘုရားရိုက်တာသာ ခံကြပေရော့လို့
မလျော့မပို
အသော့ ဆိုလိုက်ပါရဲ့။ ။
  ဇာဂနာ