တမျိုးသားလုံး စိတ်ကောင်းထားကြပါမှ စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်။
တမျိုးသားလုံး ညီညွတ်ကြပါမှ စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်။
တမျိုးသားလုံး စည်းကမ်းရှိပါမှ စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်။
တမျိုးသားလုံး ပညာတတ်ပါမှ စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်။
လူတိုင်းသိ
အထက်ပါသဘောတရားများကို လူတိုင်းသိကြပါသည်။ လောကအလယ်သို့ရောက်စ ကလေး ငယ်များမှအစ သေနယ်သို့ တဖက်နင်းနေကြရပြီဖြစ်သည့်လူကြီးမင်းတို့အဆုံး၊ ဤသဘောတရားကို သိကြပါသည်။ အလွှာပေါင်းစုံ၊ အတန်းစားပေါင်းစုံသည် အထက်ပါ ရိုးရှင်းသည့် သဘောသကန်ကို နားလည်ထားကြပါသည်။ မြန်မာတမျိုးသားလုံး ထိုသဘော တရားကို နားလည်သဘောပေါက်ကြပြီး လက်ခံအသိအမှတ်ပြုကြပါသည်။ အားတက်စရာ၊ အားကိုးစရာ အာဂဗမာများပါတကား။
လူတိုင်းပြော
ထိုကြောင့်လူတိုင်းထိုသဘောတရားကိုဖော်ထုတ်ကြဘို့ နှိုးဆော်နေကြသည်။ “ မြန်မာပြည်သူပြည်သားများ စိတ်ကောင်းထားကြပါ၊ညီညွတ်ကြပါ၊စည်းကမ်းရှိကြပါ၊ပညာရှာကြပါ၊”လမ်းဘေးဈေးသည်၊ ဥဋ္ဌ်ကြားမြက်ပေါက်မှအစနအဖစစ်အုပ်စု၊တော်လှန်ရေးသမားအလယ်ဘုရားလူကြီး၊ မဟာသံဃာ့နာယကအဆုံး ရွှေနှုတ်ဖျားတွင် အထက်ပါ ရွှေစကားများကို တွင်တွင်ကြယ်ကြယ် သုံးပြုနေလျှက်ရှိကြသည်။ ဝမ်းမြောက်စရာ၊ နှစ်သက် စရာ အာဂဗမာများပါတကား။
လူတိုင်းကျင့်
သို့သော်…
ဗမာ့ကလေးငယ်များ ငတက်ပြားကလေးများဖြစ်နေကြပြီး၊ ဗမာ့လူပျိုပေါက်များ ဆေးသမား၊ ဘိန်းသမားဖြစ်နေကြသည်။ သမီးပျိုများ ပြည့်တန်ဆာဖြစ်နေကြရပြီး၊ သားပျိုများ လောင်းကစားဒိုင်ကြီးများ ဖြစ်နေကြသည်။ စီးပွားရေးသမားများ စဉ်းလဲနေကြပြီး၊ နိုင်ငံရေး သမားများ ဖောက်ပြားနေကြသည်။ ဝန်းထမ်းများ လာဒ်ပေးလာဒ်ယူလုပ်နေကြပြီး၊ အစိုးရဆို သူများ ခြစားနေကြသည်။ ဂေါပကများ ခွက်ပုန်းသောက်နေကြပြီး၊ သံဃာတော်များ အဂတိ လိုက် နေကြသည်။ ဝမ်းနည်းစရာ၊ စိတ်ပျက်စရာ အာဂဗမာများပါတကား။
ပြောသလောက်မကျင့်
ဗမာတို့သည် စကားကြွယ်သလောက် ပျူပျူငှာငှာ၊ ချိုချိုသာသာ၊ တီတီတာတာ၊ ပလီပလာ အင်မတန်မှပင် ပြောဆိုကြပြီး ကြားရသူတိုင်း ဟဒယရွှင်ပြုံး စိတ်နှလုံးထုံးမွေ့ စရာပင်။ ကမ္ဘာ့အရေး၊ မြန်မာ့အရေး၊ သိပ္ပံအကြောင်း၊ နိဗ္ဗာန်အကြောင်းများကိုလည်း အာဘောင်အာရင်းသန်သန်ဖြင့် ကြီးကြီးကျယ်ကျယ် အဏ္ဏဝါလှိုင်းလုံးကြီးသဖွယ် အပင့် အမြှောက်၊ အလျှော့အတင်း၊ အကွေးအကောက်၊ အနိမ့်အမြင့်တို့ဖြင့် အားရိုက်ကြ၊ လေတိုက်ကြသည်မှာလည်း တဝုန်းဝုန်း၊ တရုန်းရုန်း။
တကယ့်ဖြစ်တည်မှုနှင့် အကျင့်ကြံ၊ အပြုအမူများကြတော့ နံ့သာဆီနှင့် အီး၊ ခွေးချီးနှင့် ထောပတ်ကွာသလို မိုးနှင့် မြေတမျှ ကွဲပြားခြားနားနေတော့သည်။ “ငါလုပ်သလို မလုပ်ကြနဲ့ ငါပြောသလိုလုပ်”ဆိုသည့် ဖောက်ပြန်သည့် စကားကို အသုံးချနေကြသည်မှာ မဟာ့မဟာ အမှား တခုပင်ဖြစ်လေတော့သည်။ နေ့အခါ အများရှေ့တွင် ဟန်ဆောင်ပြီး “အမေနဲ့ သား” ယဉ်ကျေးပြပြီး ညအခါ ကွယ်ရာတွင်ကျတော့ “မနှင့် မောင်” ရုတ်ချည်း ပြောင်းလွဲသွား ကြသည်မှာ ထွီဖွယ်စရိုက်၊ အာဂလူမိုက် အကျင့်ကြံများပါတကား။ ပါးစပ်ကဘုရားတပြီး လက်က ကားယားဖြစ်နေသည်နှင့် တူနေတော့သည်။
မနာလို ဝန်တိုမှု၊ အဂလိုက်မှုများ ပြည့်လျှမ်းနေကြပြီး ကျေးဇူးမသိတတ်၊ တာဝန် မယူတတ်၊ အမှားကို ဝန်မခံတတ်သည့် ဉာဉ်ဆိုးများလည်း အပြည့်အဝပင်။ ကြီးပွားမည် မကြံနှင့် ဘဝမေ့တော့သည်၊ ချီးမွမ်းမည်မကြံနှင့် ခြေဖျားထောက်တော့သည်။ မစားရလျှင် သဲနှင့်ပက်ချင်စိတ်၊ မင်းသားမလုပ်ရရင် ပတ်မကြီးထိုးဖောက်ချင်တဲ့စိတ်၊ ကိုယ့်ထက်သာ မနာလိုသည့်စိတ်တို့သည် တမျိုးသားလုံးစိတ်ထဲတွင် ကိန်းဝပ်နေကြသည်။ မတုသင့်သည့် အရာတို့တွင် လျှင်စွာတုပကြီးပြီး တုပကောင်းသည့်အရာများကြတော့ တွန့်ဆုတ်လျှင် ဆားပက်ခံသည့် တီကောင်များပမာ။
ကျင့်သလောက်မပြော
ဘုရားရဟန္တာ၊ သူတော်ကောင်းများမှာ “ငါရဟန္တာဖြစ်ပြီ၊ ဈန်ပျံကြွနိုင်သည်၊ ငါသာ ပညာတတ်၊ ငါသာ အမြတ်ဆုံး၊ ငါ့အား လာဒ်ပါတ်သကာ တို့ဖြင့် ပူဇော်ကြ၊ ”ဟု လူတကာရှေ့ မော်ကြွားခြင်းမရှိ၊ နောင်ကွယ်တွင်လည်း မော်ကြွားခြင်း မရှိပါ။ ဘုရားရဟန္တာ၊ သူတော် ကောင်းတို့သည် လူသူကင်းဝေး ဆိတ်ငြိမ်သည့် တောအုပ် များတွင် တရားဘာဝနာကို ပွားစည်းလျှက် အေးချမ်းစွာ နေလေ့ရှိပါသည်။ ပညာရှိ သူတော်ကောင်းတို့သည် မိမိနာမည်ကို ဖော်၍ ဝါကြွားခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းစွာနေ ကြသည်။ ကိုယ်ရည်အမျိုးမျိုးသွေးပြပြီး ကိုယ့်နာမည်ဖော်ကာ ရပ်တကာရွာအနှံ ကြွားဝါကြသူများမှာ မသူတော်များပင်ဖြစ်သည်။ သူတော်ကောင်းများမှာ ကျင့်သလောက် မပြောဘဲ ပညာရှိပီပီ နှုတ်ဆိတ်လျှက်ရှိကာ ပြောသလောက် မကျင့်ဘဲ ရပ်တကာအနှံ့ စပ်ရာစပ်ရာဖြန့်၍ မသူတော်များမှာ အပြစ်များကို တိုးပွားစေကြ၏။
ဝေလာဝေး
တိုင်းပြည်၏ အနာဂါတ်ကံကြမ္မာသည် တည်ငြိမ်အေးချမ်းလာဘို့ဝေးစွ၊ ထိုလူ၊ ထိုစိတ်၊ ထိုအကျင့်၊ ထိုအပြုအမူတို့များနှင့်တော့ အရွယ်လွန်ပြည့်တန်ဆာကဲ့သို့ အောက်ကျ၊ နောက် ကျ မျက်နှာမလှနှင့် ထမင်းမဝ၊ ခါးမလှဘဝသို့ရောက်ရှိဦးမည်ဖြစ်သည်။“ပျက်စဉ်ပြင်ခဏ”ဟုပါးစပ်တဖွဖွ ရွတ်ဆိုနေကြသော်လည်း ထိုအညဉ်ဆိုးများကို မည်သူမှမပြင်ကြ။ ပြင်ရန် မတိုက်တွန်းကြ၊ ကိုယ်ကိုယ်တိုင်လည်း မပြင်ကြ ထိုသို့မပြင်သမျှကာလပတ်လုံး ချေးအိုး၊ သေးအိုးကဲ့သို့ နံဟောင်ပုပ်သိုး ရွံရှာဖွယ်ဖြစ်မျိုးနှင့် မျက်နှာငယ်စွာ နေကြရဦးမည် ဖြစ်သည်။
မှန်တာပြောလျှင် ရွာပြင်မရောက်
သီလမလုံ အထုံအဖျင်းများ ပေါများလာကြသည်တပြိုင်နက် “မှန်တာပြောလျှင်၊ ရွာပြင်ရောက်/ ဖြောင့်လွန်းသည့်သစ်ပင်၊ တက်ရခက်”ဆိုသည့် စကားပုံမှာ လူတကာ၊ ရပ်တကာ၊ ဈေးတကာတို့တွင် ရေပန်းစားနေတော့သည်။ ထိုစကားပုံသည် မှားယွင်းစွာ ဖောက်ပြန်သူများ၏ လက်သုံးစကား ဂွင်ဆင် ထွင်လုံးများသာဖြစ်သည်။ ဘုရားရဟန္တာ၊ သူတော်ကောင်းတို့သည် အရိုးပင်ကြေကြေ၊ အသက်ပင်သေသေ ကိုယ်ကျင့်သီလအရာ၌ တစွန်းတစမှ ဖောက်ပြန်ကြရိုး ထုံးတမ်းမရှိပါ။ ရေစုန်သို့သာ အသာတကြည်မျှောလိုက်ကြပြီး အကုသိုလ်တရားတို့၌ ပျော်ပါးနေသူတို့သာ အကျိုးအကြောင်းမမြင်နိုင်ကြဘဲ ကတိမတည်၊ သစ္စာမမြဲ အကျင့်သီလ ဖောက်လွဲကြခြင်းဖြစ်သည်။ သတ္တဝါအားလုံးသာ သီလမြဲကာ မှန်အတိုင်း ပြောဆိုကြလျှင် ရွာပြင်လည်းမရောက်၊ လိုလားသလောက် အကျိုးဖြစ်ထွန်း မည်သာဖြစ်သည်။
ကိုယ်တိုင်ကျင့် ကိုယ်တိုင်ကြံ
မိမိကောင်းချင်လျှင်မိမိကိုယ်တိုင်ကျင့်ကြံရမည်၊မိမိလူမျိုးကိုကောင်းစေချင်လျှင် မိမိကိုယ်တိုင်ကျင့်ကြံရမည်၊ မိမိတိုင်းပြည်ကောင်းစေချင်လျှင် မိမိတိုင်ကိုယ်ကျင့်ကြံရမည်၊ မိမိနိုင်ငံကောင်းစေချင်လျှင် မိမိကိုယ်တိုင်ပင်ကျင့်ကြံရမည်သာ။ မိမိကိုယ်တိုင်က မကျင့်ကြံ၊ မလိုက်နာဘဲ အများသူငါကို လမ်းပြလို့မရ၊ ညွန်ပြလို့မရ၊ ဆုံးမလို့မရသလို အပြစ်တင်လို့ လည်းမရနိုင်ပါ။ မိမိကိုယ်တိုင်ကျင့်ကြံလိုက်နာပါမှ အများသူငါကို ကိုယ်လိုရာသွပ်သွင်း၍ ကောင်းခြင်းသို့ ရောက်စေနိုင်မည်ဖြစ်သည်။ ထိုကြောင့် စကားမများ လေပွားမနေဘဲ မိမိကိုယ်တိုင်ကပင် အများသူငါ စံထားလောက်စရာဖြစ်အောင် တရားလက်ကိုင်၊ သတိခိုင်မြဲ၊ စိတ်ဇွဲမလျှော့ကာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို ကောင်းရာသို့ ပို့ဆောင်ကြပါဟု တိုက်တွန်း အပ်ပါသည်။
အရှင်ဓမ္မ(ဒေလီ)
Geen opmerkingen:
Een reactie posten