NEJ / ၁၇ အောက်တိုဘာ ၂၀၁၀
ဗမာမင်းလက်ထက်မှစ၍ လူမှုရေးနှင့်နိုင်ငံရေးတွင် ထေရ၀ါဒဗုဒ္ဓဘာသာသည် အရေးကြီးသော အခန်းမှ ပါဝင်ခဲ့သည်။ ဤပုံစံသည် အင်္ဂလိပ်ကိုလိုနီဘ၀၌ နိဂုံးချုပ်သွားသည်။ ဗမာမင်းလက်ထက်တွင် သံဃာ့လောက၏ အကြီးအကဲသည် သာသနာပိုင်ဖြစ်၏။ သာသနာပိုင်ကို ဘုရင်က ခန့်အပ်သကဲ့သို့ ဖြုတ်ပစ်နိုင်သည်။ သာသနာပိုင်သည် ဘုရင်ဆောက်ပေးသော ရွှေကျောင်းတော်၌ သီတင်းသုံးပြီး ၀ါရင့်ဆရာတော်အဖွဲ့၏ အကူအညီဖြင့် သံဃာလောကကို ကြီးကြပ်ကွပ်ကဲသည်။ သာသနာပိုင်နှင့် ဆရာတော်အဖွဲ့အောက်တွင် ဂိုဏ်းချုပ်ဂိုင်းအုပ်ဂိုဏ်းထောက် စသည့် ရာထူးအဆင့် အမျိုးမျိုးရှိ၏။ သံဃာ့အဖွဲ့အစည်း၏ အဓိကအလုပ်သည် သံဃာ့ကျင့်ဝတ်စည်းကမ်းထိန်းသိမ်းရေးဖြစ်သည်။
ဝိနည်းဖောက်ဖျက်မှုနှင့် ကျောင်းပြဿနာ စသည့် အသေးအဖွဲကိစ္စကို ဂိုဏ်းထောက်နှင့် ဂိုဏ်းအုပ်က ဖြေရှင်းပေးပြီး အရေးကြီးသောပြဿနာကို ဂိုဏ်းချုပ်က ဖြေရှင်းသည်။ ဂိုဏ်းချုပ်၏ ဖြေရှင်းချက်ကို မကျေနပ်ပါက မြို့တော်၏ ကျောင်းထိုင်သော သာသနာပိုင်ထံ၌ အယူခံဝင်နိုင်၏။ ကျောင်းပိုင်ဆိုင်မှု၊ ရာဇ၀တ်မှု ကျူးလွန်မှု၊ သင်းခွဲထောင်ပြီး သီးခြားအယူဝါဒပို့ချမှု စသည့်ပြဿနာများကို ဂိုဏ်းချုပ်က ဖြေရှင်းရသည်။ စည်းကမ်းဖျက်သူကို သင်္ကန်းချွတ်ပြီး လူဝတ်လဲခိုင်းသည်။ ရာဇ၀တ်မှုကျူးလွန်သူကို လူဝတ်လဲစေပြီး အရပ်တရားရုံး၌ စစ်ဆေးစေသည်။
သို့သော်လည်း သာသနာပိုင်နှင့် လက်အောက်ခံ အမှုထမ်းသံဃာများသည် ၎င်းတို့၏စီရင်ချက်ကို ၎င်းတို့ဘာသာ အကောင်အထည်ဖော်နိုင်သော အခြေအနေမရှိသောကြောင့် ရှင်ဘုရင်ကို အားကိုးရ၏။ တနည်းဆိုရင် သာသနာပိုင်၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် အာဏာရှိသော ဘုရင်ကို အားကိုးရသည်။ သံဃာ့ကိစ္စဆောင်ရွက်ရန် ၀တ်မြေ၀န်နှင့် မဟာဒါန်ဝန်ကို ဘုရင်က ခန့်ထားသည်။ သာသနာ့မြေနဲ့ကျွန်ကို ထိန်းသိမ်းကြီးကြပ်ပြီး မြေခွန်ကောက်ယူသည့် တာဝန်ကို ၀တ်မြေ၀န်က ထမ်းဆောင်ရ၏။ မဟာဒါန်ဝန်သည် ရဟန်းဝတ်များ၏။ အသေးစိတ်စာရင်းကို နှစ်စဉ်စုဆောင်းပြီး သာသနာပိုင်ကို တင်ပြသည့်အတွက် သံဃာစိစစ်ရေးကဲ့သို့ ဖြစ်နေသည်။ သို့သော် ၀ိနည်းသိက္ခာပုဒ်ကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ သာသနာပိုင်သည် အမြင့်ဆုံးအာဏာပိုင်ဖြစ်၍ သာသာနာပိုင်က ဆုံးဖြတ်ထားသည့်အမှုကိစ္စများကို ဘုရင့်လွှတ်တော်နှင့် တရားရုံးများတွင် အယူခံဝင်ခွင့်မရှိပါ။
ဗမာဘုရင်စနစ်နှင်ဟိန္ဒူနှင့်ဗုဒ္ဓဘာသာဓလေ့ကကျားကန်ပေးထားသည်။ ဘုရင့်သြဇာအာဏာအစွမ်းထက်ရန် နန်းတွင်းအမှုထမ်း ဗြဟ္မဏအနွယ်ဝင် ပုဏ္ဏားက အခမ်းအနားလုပ်၍ ဂါထာမန္တန်ရွတ်ဖတ်သရစ္ဈာယ်မှုနှင့် ဗေဒင်ဟောမှုသည် ဟိန္ဒူဓလေ့ဖြစ်၏။ ဗုဒ္ဓံ ဓမ္မံ သံဃံ ဆိုသော ဘုရားတရားသံဃာကို ကိုးကွယ်ဆည်းကပ်ကာ သာသနာ့ဒါယကာအဖြစ် အုပ်ချုပ်မင်းလုပ်သည့်အတွက် ဗုဒ္ဓဘာသာဝင်တိုင်း တိုင်းသူပြည်သား၏ ထောက်ခံမှုကို ရယူခြင်းသည် ဗုဒ္ဓဘာသာဓလေ့ဖြစ်၏။ ဗုဒ္ဓံ ဓမ္မံ သံဃံကို ကာကွယ်စောင့်ရှောက်သောမင်းသည် တရားဝင်အုပ်ချုပ်ပိုင်ခွင့်ရှိသည်ဆိုသော သဘောဖြစ်၏။ ဗြဟ္မဏပုဏ္ဏား၏ နက္ခတ်ဗေဒင်နှင့် ဂါထာမန္တန်အတတ်ပညာကို ဗုဒ္ဓဘာသာဝင်ဆိုသူ ဗမာမင်းက အထင်ကြီးပုံရသည်။ (၁၈)ရာစု ဗမာမင်းဘိုးတော်ဘုရားလက်ထက်၌ ဗြဟ္မဏပုဏ္ဏားတရာကျော် နန်းတွင်း၌ ခန့်ထားကြောင်း သိရသည်။ စေတီပုထိုးနှင့် နတ်ကွန်းတည်ဆောက်ရာ၌ ဗမာမင်းနာမည်ရသည်။ ပြည်သူ့အကျိုးသယ်ပိုး၍ တိုင်းပြည်သာယာဝပြောအောင် လုပ်နိုင်သော ဗမာမင်း အလွန်နည်းပါး၏။
ဤသို့ အလွန်အရေးပါသော သံဃာ့အဖွဲ့အစည်းသည် အစိုးရမင်းကို မှီခိုနေရသဖြင့် နိုင်ငံရေးအခြေအနေ ပြောင်းသွားသည်နှင့် အခြေယိုင်သွားသည်။ ဗမာမင်းလက်ထက်၌ ဂိုဏ်းချုပ်ဂိုဏ်းအုပ်ကတဆင့် သံဃာ့လောကကို ထိန်းထားသည်ဟု ဆိုသော်လည်း ပြဿနာကို လက်တွေ့ဖြေရှင်းသူသည် သာသနာ့ဝန်ကို ထမ်းဆောင်ရန်အတွက် ခန့်အပ်ထားသော မင်းမှုထမ်းဖြစ်သည်။ မင်းမှုထမ်းက ကူညီမှသာ သာသနာပိုင်၏အမိန့်သည် ထိရောက်နိုင်သည်။ ဒီအစဉ်အလာနှင့် အလှူဒါယက လိုအပ်မှုကြောင့် သံဃာ့ဦးသျှောင် နာယကအဖွဲ့သည် အစိုးရအာဏာစက်ကို မှီခိုလာရခြင်းဖြစ်သည်။
အထက်မြန်မာပြည်ကို အင်္ဂလိပ်သိမ်းပိုက်ပြီး မကြာမီ အင်္ဂလိပ်ကို တော်လှန်သည့်အခါတွင် သံဃာများ ပါဝင်လာသည်။ ထိုကာလ၌ သာသနာပိုင်အဖွဲ့ကို အသိအမှတ်ပြု၍ အဖွဲ့၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရာ၌ ဗမာမင်းလက်ထက်အတိုင်း ကူညီထောက်ပံ့မည်ဆိုပါက အင်္ဂလိပ်အုပ်ချုပ်ရေးကို မြန်မာများလက်ခံရန် တရားဟောပေးမည်ဟု တောင်တော်သာသနာပိုင်က ကမ်းလှမ်းသည်။ သာသနာပိုင်ကို အသိအမှတ်ပြုရန် အင်္ဂလိပ်က သဘောတူသော်လည်း အကူအညီပေးရန် ငြင်းဆန်၏။
သာသနာပိုင်ရှိနေသော်လည်း ၀ိနည်းစည်းကမ်းလိုက်နာရန် ကြီးကြပ်ကွပ်ကဲသူ မရှိသောကြောင့် အမျိုးသားရေးလှုပ်ရှားမှုတွင် သံဃာများ ပါဝင်လာပြီး အင်္ဂလိပ်ဆန့်ကျင်ရေးလုပ်ကြ၏။ သို့သော်လည်း သာသနာပိုင်ကို ကူညီရန် အင်္ဂလိပ်ကိုလိုနီအစိုးရက ငြင်းဆန်နေတုန်းဖြစ်၏။ ၁၉၁၉ မန္တလေးအိမ်တော်ရာ ဘုရားပေါ်တွင် ဖိနပ်စီးသော အနောက်တိုင်းသားအချို့ကို ဘုန်းကြီးများ ၀ိုင်းရိုက်သည့်အခါကြမှ သံဃာကို ကြီးကြပ်ရန် အင်္ဂလိပ်စိတ်ဝင်စားလာ၏။ ၁၉၂၁ ၌ သာသနာပိုင်ကိုကူညီရန် မဟာဒါန်ဝန်ခန့်သည်။ အမျိုးသားရေး၌ ပါဝင်လှုပ်ရှားနေသော သံဃာ့သမဂ္ဂီအသင်းကို မ၀င်ကြဖို့ သာသနာပိုင်က ဆော်သြ၏။ သံဃာနိုင်ငံရေးလုပ်သည်ကို သာသနာပိုင်က မထောက်ခံပါ။ သို့သော် ၁၉၃၈ ၌ နောက်ဆုံးသာသနာပိုင် တောင်ခွင်ဆရာတော် ပျံလွန်ချိန်မှစ၍ သာသနာပိုင်ရာထူး နိဂုံးချုပ်သွားသည်။ ယခုခေတ်၌ အစိုးရသည် သာသနာပိုင်နေရာကို ရယူထားသည်။
ထိုင်းနိုင်ငံတွင်လည်း အယုဒ္ဓယခေတ်မှစ၍ ယနေ့အထိ နိုင်ငံတော်အစိုးရ၊ သံဃာနှင့်ဘုရင်ကို အဓိကမဏ္ဍိုင်(၃)ရပ်အဖြစ် သတ်မှတ်လာခဲ့သည်။ ဗုဒ္ဓဘာသာကို ဘုရင်က ကာကွယ်၍ ဘာသာရေးအခမ်းအနားများကို ကမကထ လုပ်ပေးသည်။ ၀န်ကြီးချုပ် ပီဘူးစွမ်ဂရမ် (၁၉၄၈-၁၉၅၇) လက်ထက်တွင် ဤမဏ္ဍိုင် (၃)ခုကို အစိုးရလမ်းစဉ်အဖြစ် သတ်မှတ်လိုက်ပြီး ဆိုင်းရမ်း(SIAM)ကို ထိုင်းနိုင်ငံ (Thailand) အဖြစ် အမည်သစ်ပေးလိုက်သည်။ အစိုးရပညာရေးစနစ်သည်လည်း ဤမဏ္ဍိုင် (၃) ရပ်အပေါ်တွင် အခြေခံ၍ သင်ကြားပို့ချသဖြင့် အစိုးရနှင့် ဘုရင်စနစ်ကို ကာကွယ်စောင့်ရှောက်ရာရောက်နေသည်။ သံဃာကိုလည်း အစိုးရနှင့် ဘုရင်က ချုပ်ကိုင်ခွင့်ရထားသည်။
၁၉၇၆အောက်တိုဘာ(၆)ရက်နေ့၌ဖြစ်ပွားသောသမ္မာဆတ်တက္ကသိုလ်လူသတ်ပွဲကို ကွန်မြူနစ်ဆန့်ကျင်ရေးနှင့် ဘာသာသာသနာ ကာကွယ်ရေးသဘောမျိုးအဖြစ် အစိုးရက အကြောင်းပြု၍ မိမိကျူးလွန်သော ရာဇ၀တ်မှုကို ဖုံးကွယ်ခဲ့သည်။ သမ္မာဆတ်တက္ကသိုလ်အပြင်ဘက်တွင် ကျောင်းသားအချို့ကို သတ်ဖြတ်၍ သစ်ပင်တွင် ကြိုးဆွဲထားမှု၊ ကျောင်းသူတဦးကို မုဒိမ်းကျင့်သတ်ဖြတ်မှု၊ ဒဏ်ရာရသူ(၃)ဦးကိုဓာတ်ဆီလောင်း၍မီးရှို့သတ်ဖြတ်မှုစသည့်ဖြစ်ရပ်များသည် ပြည်သူလူထုရှေ့မှောက်၌ ဖြစ်ပွားသော မှုခင်းများဖြစ်သည်။ အချို့ပရိသတ်သည် လက်ခုတ်လက်ဝါးတီး၍ အားပေးကြသည်။ သို့သော်လည်း ၁၉၇၃ မှ ၁၉၇၇ အထိဖြစ်ပွားသော အကြမ်းဖက်မှုသည် ဗုဒ္ဓဘာသာ ထိုင်းလူမျိုးများနှင့် မဆီလျော်သဖြင့် ထိုင်းအစိုးရက အသိအမှတ်မပြုဟု Australiaအမျိုးသားတက္ကသိုလ်မှ ပါမောက္ခ Dr. Helen James က ၂၀၀၉ ဒီဇင်ဘာက စာတမ်းရေးဖူးသည်။ အစိုးရသွေးထိုးပေးသည် အကြမ်းဖက်မှုများကို အရေးမယူနိုင်ခဲ့သည့်အတွက် အနီဂိုဏ်းနဲ့အ၀ါဂိုဏ်း ပြိုင်ဆိုင်အကြမ်းဖက်ခြင်း ဖြစ်ပုံရသည်ဟု ဆိုသည်။ ထို့ကြောင့် စစ်မှန်သော ဒီမိုကရေစီကို မြန်မာပြည်တွင် ရရှိရန် ခက်ခဲသကဲ့သို့ ထိုင်း၌လည်း ရရန်ခက်ခဲသည်ဟု Dr. Helen James မှတ်ချက်ချထားသည်။
၁၉၉၂ နိုဘယ်လ်ငြိမ်းချမ်းရေးဆုပေးရန် ရည်ရွယ်သည့် ပုဂ္ဂိုလ်များစာရင်း၌ ပါဝင်ခဲ့သော ထိုင်းပညာရှင် SulakSivaraksaကလည်းအစိုးရကိုဗဟိုပြုသောဘာသာရေးနှင့်စစ်မှန်သောဘာသာရေးကို ခွဲခြားသတ်မှတ်ထားသည်။ ထိပ်ပိုင်းမှ သံဃာများနှင့် အာဏာရလူတန်းစားပူးပေါင်း၍ အစိုးရလုပ်ရပ်မှန်ကန်ကြောင်း ပြသည်မှာ အစိုးရဗဟိုပြု ဗုဒ္ဓဘာသာဖြစ်သည်ဟု ဆို၏။ ကျေးလက်ဒေသ ရိုးရာအစဉ်အလာ တောရကျောင်းသည်သာ ဗုဒ္ဓ၀ါဒအစစ်အမှန်ကို ပို့ချနိုင်သည်ဟု ဆို၏။ အာဏာရလူတစု၏ အကျိုးစီးပွားကို ထောက်ခံသော ဘာသာရေးသည် ယင်းလူတစု၏ ဖိနှိပ်ရေးကိရိယာဖြစ်လာပေသည်။
ဗုဒ္ဓ၀ါဒသည် ဒီမိုကရေစီကျင့်စဉ်နှင့် ဆီလျော်ရုံသာမကဘဲ ဒီမိုကရေစီစနစ်ကို ထောက်ခံအားပေးသော အတွေးအခေါ် ရှိနေသည်ကို တွေ့ရသည်။ ဗုဒ္ဓ၀ါဒသည် မိမိကိုယ်မိမိ လွတ်မြောက်အောင် မိမိဘာသာ ကြိုးစားရသော ကျင့်စဉ်ဖြစ်သည်။ သြာဇာအာဏာရှိသူကို အားကိုးသော ကျင့်စဉ်မဟုတ်ပါ။ ထို့ကြောင့် အာဏာရှင်စနစ်သည် ဗုဒ္ဓဘာသာ၏ ဆန့်ကျင်ဘက်ဖြစ်၏။ ကွဲလွဲသော အယူအဆကို ဗုဒ္ဓ၀ါဒက လက်ခံသည်။ အပေးအယူလုပ်မှုနှင့် အပြန်အလှန် ညှိနှိုင်းမှုကို အဓိကထားသော မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးသည်။ ဆန့်ကျင်ဘက်အယူအဆနှင့် ဆန့်ကျင်ဘက် အကျိုးစီးပွားကို အပြန်အလှန်ညှိနှိုင်း၍ အပေးအယူလုပ်ခြင်းသည် ဒီမိုကရေစီ၏ အဓိကသဘောတရားပင်ဖြစ်သည်။
Geen opmerkingen:
Een reactie posten