မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 18 oktober 2010

လမ်းခင်းမှုများ တ၀က်တပျက်ဖြင့် ရပ်နားထားရန် မြို့တော်ဝန် ညွှန်ကြား

NEJ / ၁၈ အောက်တိုဘာ ၂၀၁၀
ရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ခင်းပေးနေသော လမ်းများကို အပြီးသတ်မခင်းဘဲ တ၀က်တပျက်ဖြင့် ရပ်နားထားမည်ဟု သိရသည်။
ကြံ့ဖွံ့ပါတီအနေဖြင့် ရွေးကောက်ပွဲကာလတွင် အမတ်အရေအတွက် မည်မျှရမည်ကို ခန့်မှန်းရန်ခက်နေသည့်အတွက် မြို့တော်ဝန်က ယင်းသို့ ရပ်ဆိုင်းခိုင်းထားခြင်းဖြစ်ကြောင်း ရန်ကုန်စည်ပင်သာယာမှ လမ်းအင်ဂျင်နီယာတဦးက ပြောသည်။
၎င်းက “ကြံ့ခိုင်ဖွံ့ဖြိုးအတွက် ရန်ကုန်စည်ပင်က လုပ်ပေးရတာလေ။ လက်ရှိမှာ မြို့တော်ဝန်ကလည်း အမတ်လောင်းဖြစ်နေတော့ ရန်ကုန်အနေနဲ့ ပြည်သူတွေသဘောထားကို ယုံကြည်မှုမရှိတဲ့အတွက် လမ်းတွေအပြီးသတ်မခင်းဖို့ လုပ်ထားတာ။ ဒါက မြို့တော်ဝန်ရဲ့ ညွှန်ကြားချက်ပဲ” ဟု ပြောသည်။
ကြံ့ဖွံ့ပါတီမှ ရန်ကုန်မြို့နယ်များရှိ ရပ်ကွက်များအတွင်း လမ်းခင်းပြခြင်းဖြင့် ရွေးကောက်ပွဲအတွက် ပြည်သူများအား မဲဆွယ်လျက်ရှိရာတွင် ပါတီဝင်အင်အား အရေအတွက်ကို ကြည့်ကာ လမ်းခင်းပေးခြင်းဖြစ်ပြီး ပါတီဝင်အရေအတွက် မရသောလမ်းများကို ခင်းပေးခြင်းမရှိကြောင်း ထိုအင်ဂျင်နီယာက ပြောသည်။
ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် တောင်ဥက္ကလာပမြို့နယ်တွင် ကြံ့ဖွံ့ပါတီမှ ၀င်ရောက်အရွေးခံမည်ဖြစ်ပြီး မဲဆွယ်မှုပြုရာတွင် ၎င်းနှင့်ကြံ့ဖွံ့ပါတီကို မဲပေးမှသာ လမ်းခင်းပေးကြောင်း မြို့ခံများထံမှ သိရသည်။
တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းတွင် နေထိုင်သူ ပြည်သူတဦးက “အခုမြို့တော်ဝန်က ကျနော်တို့မြို့နယ်မှာ ပြိုင်မှာလေ။ ကြော်ငြာတွေတောင် ကပ်ထားပြီးပြီ။ အဲဒါ ကျနော်တို့လမ်းကို ပြင်ဖို့ မြို့နယ်က မြို့တော်ဝန်ကို ပြောကြတော့ ပါတီဝင် ဘယ်လောက်ပေးနိုင်မလဲဆိုတာ အရင်မေးတယ်ပေါ့ဗျာ။ ပါတီဝင်တွေက သူ့ကိုပဲ မဲပေးရမယ်ဆိုတာ ပြောပြီးသား၊ ပြည်သူတွေက ပါတီမ၀င်ချင်ဘူးဆိုတော့ လမ်းမခင်းတော့ဘူး။ အခုတော့ လမ်းပေါ်က အပေါက်တွေကို စည်ပင်က ဖာထေးပေးနေတာလောက်ပဲရှိတယ်။ ကျနော်တို့ လမ်းမှာက လိုင်းကားတွေပြေးတော့ အပေါက်တွေများပြီး ပိုပျက်တာပေါ့” ဟု ပြောသည်။
အချို့မြို့နယ်များတွင် လမ်းတချို့ကို ကွန်ကရစ်လမ်းခင်းပေးနေသော်လည်း တ၀က်သာ ခင်းထားသေးကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ဆိပ်ကမ်းသာလမ်းတွင်နေထိုင်သူတဦးက “ကျနော်တို့ ကျောက်တံတားမြို့နယ်မှာ ဆိပ်ကမ်းသာလမ်း အထက်ဘလောက်ကို ကွန်ကရစ်ခင်းတယ်၊ အခုတ၀က်ပြီးပြီ၊ နောက်တ၀က်ကတော့ ဘယ်တော့လဲမေးတာ မသေချာသေးဘူးတဲ့” ဟု ပြောသည်။
တ၀က်ခင်းလမ်းများတွင် မော်တော်ယာဉ်အသွားအလာ အခက်အခဲရှိသောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေပြီး “ကျနော်တို့ ဆိပ်ကမ်းသာလမ်းကတော့ အဆိုးဆုံးပဲဗျာ၊ နေ့လယ်ကစပြီးတော့ ဈေးက တမျိုးဆိုတော့ ပိုဆိုးတယ်၊ ဈေးသည်တွေကလည်း ဟိုဘက်ဒီဘက် ရောင်းလိုက်၊ လမ်းကလည်း တ၀က်ပဲပြီးသေးတော့ တော်တော်လေးကို ဆိုးနေတယ်”ဟုလည်း ၎င်းကပြောသည်။
ရန်ကုန်စည်ပင်မှ ၀န်ထမ်းများမှာလည်း စည်ပင်အလုပ်ကို မလုပ်နိုင်တော့ဘဲ ကြံ့ဖွံ့အလုပ်ကိုသာ လုပ်နေရသည့်အတွက် မြို့တော်ဝန်ကို စိတ်ပျက်နေကြကြောင်း သိရသည်။
စည်ပင်မှ အင်ဂျင်နီယာတဦးက “မဲဆွယ်ဖို့သွားတာကိုလည်း လိုက်ရတယ်ဗျာ၊ လမ်းခင်းနေရင် စည်ပင်ယူနီဖောင်းနဲ့၊ စည်းရုံးရေးဆင်းတာကိုလိုက်ရင် ကြံ့ဖွံ့ယူနီဖောင်းနဲ့၊ အ၀တ်တွေကို နေရာအလိုက် ပြောင်းပြီးတော့ လုပ်နေရတာ ကြာတော့ စိတ်ပျက်မိတာအမှန်ပဲ” ဟု ပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း (၄၅)မြို့နယ်ရှိပြီး ယင်းမြို့နယ်များအနက် လွန်ခဲ့သော နှစ်လခန့်က မြို့တော်စည်ပင်မှ ခင်းပေးခဲ့သည့်လမ်းများသည် အဆုံးတိုင် ပြီးစီးမှုမရှိသေးသည်က များကြောင်း သိရသည်။
“ကျမတို့ ပုဇွန်တောင်၊ ရေကျော်လမ်းမကြီးက လမ်းကိုလည်း ကွန်ကရစ်ခင်းနေတာ တ၀က်ပဲပြီးသေးတယ်။ ဘယ်လိုလဲတော့မသိဘူး၊ အဲဒီလမ်းကလည်း ဒေါက်တာတင်ထွန်းဦးက ပုဇွန်တောင်မှာ ကြံ့ဖွံ့ပါတီက ၀င်ပြိုင်မယ်ဆိုပြီး အသံတွေ ထွက်လာတဲ့နောက်ပိုင်းမှ ခင်းတာ၊ အခုတော့စည်းရုံးရေးတွေ ဆင်းနေတာတွေ့တယ်၊ လမ်းကတော့မပြီးသေးဘူး”ဟု ပုစွန်တောင်ဈေးတွင် ဈေးရောင်းသည့် အမျိုးသမီးကြီးတဦးက ပြောသည်။

Geen opmerkingen: