မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 14 oktober 2010

နိုး (NO)

ယမထာ / ၁၄ အောက်တိုဘာ ၂၀၁၀
“ဒို့ အလုပ်လုပ်မယ့်အချိန်မှာ တရွာလုံး တယောက်မှ မနိုးအောင် ကြိုတင် စီစဉ်ထားဖို့လိုတယ်”
ဗိုလ်မြေခွေးနဲ့ လက်ရင်းတပည့်တွေ ညှိနှိုင်းနေကြပါတယ်။ သိပ်မကြာတော့တဲ့ကာလမှာ ဧရာမရွာကြီးတရွာကို သူတို့အဖွဲ့က စီးနင်းတိုက်ခိုက်ကြတော့မှာပါ။ အဲဒီပွဲမှာ အမှားခံလို့ မဖြစ်ပါဘူး။ အပိုင်ချည်ပြီးတုပ်ပြီး လုပ်ဖို့လိုတယ်လေ။
ခေတ်က သတင်းခေတ်မို့ သူတို့ ဓားပြတသိုက် စီးနင်းတိုက်ခိုက်ကြမယ့်ကိစ္စကို ရပ်တကာ ရွာတကာက အမျိုးမျိုး ဝေဖန်ပြောဆိုနေကြပါတယ်။
“ဥပဒေနဲ့အညီ ရွာလုံးကျွတ် စီးနင်းတိုက်မယ်ဆိုတာ မဖြစ်နိုင်ဘူး”
“ဗိုလ်မြေခွေးကတော့ တရားမျှတပြီး လွတ်လပ်တဲ့ ဓားပြမှုကြီး ဖြစ်စေရမယ်လို့ ပြောနေတာပဲ။
“ဘယ်လိုဖြစ်တာလဲ၊ ဒီရွာကြီးက သူတို့ထင်တိုင်းလုပ်သမျှ ခါးစည်းခံနေရတဲ့ ရွာကြီးဥစ္စာ၊ အခုတခါ ထပ်ပြီး စီးနင်းတိုက်ခိုက်ဦးမယ်ဆိုတော့…”
အမျိုးမျိုး ဝေဖန်ပြောဆိုနေကြတာပါပဲ။ အရပ်တကာက အသံတွေပါ။
“အဘ…ကျနော်တို့ စီးနင်းတိုက်ခိုက်ချိန်မှာ တရွာလုံးနိုးနေတော့ကော ဘာဖြစ်လဲ၊ နိုးတဲ့လူအားလုံးကို အပြတ်ရှင်းပစ်လိုက်ရင်ပြီးရော”
“ခေါင်းသုံးစမ်းပါ သူရ၀ံပုလွေရယ်၊ သွေးထွက်သံယိုမဖြစ်အောင် လုပ်ရမယ်ကွ၊ ဘေးရွာတွေရဲ့ အကဲ့ရဲ့လွတ်အောင် လုပ်ရမယ်ကွ၊ “ရော်ဘင်ဟု”တို့ “သူခိုးကြီး ငတက်ပြား” တို့လို ဂုဏ်သိက္ခာအပြည့်ရှိတဲ့ “ခေတ်သစ်ဓားပြ” တွေရယ်လို့ ရာဇ၀င်မှာ စာတင်သွားအောင် လုပ်ဖို့လိုတယ်ဟေ့”
ဒီလိုနဲ့ ဗိုလ်မြေခွေးရဲ့ လမ်းညွှန်မှာကြားချက်နဲ့အညီ အစီအစဉ်တွေဆွဲကြ၊ ပြုကြ၊ လုပ်ကြကိုင်ကြပါတော့တယ်။ ကွင်းပိုင်ကြီးကို မြှောက်တာ၊ ရွာတော်ရှင်ကို ပူဇော်တာ၊ တရုတ်ဘိုးတော်ကို ပသတာ၊ ကုလားနတ်မင်းကို ဗလိနတ်စာကျွေးတာ…စသဖြင့်။
ဒါ့အပြင် သေချာသထက် သေချာအောင် ဆယ်အိမ်ခေါင်း၊ ကာလသားခေါင်းတွေနဲ့ပေါင်းပြီး အိပ်ဆေး (မနိုးဆေး) ခတ်ထားတဲ့ အာဟာရမျိုးစုံကို ရွာလုံးကျွတ် အလကား ဝေပါတော့တယ်။
“ဒီ အာဟာရတွေက ခင်ဗျားတို့ကို ဆင်ကြီးတကောင်လောက် ခွန်အားတိုးအောင် လုပ်ပေးမှာ” ဆိုပါလား။
အာဟာရတွေက အမျိုးမျိုးပါပဲ။ ဓာတ်မြေသြဇာအာဟာရတဲ့၊ တယ်လီဖုန်းအာဟာရတဲ့၊ မှတ်ပုံတင်အာဟာရတဲ့၊ စိုက်ပျိုးစရိတ် အာဟာရတဲ့၊ ကြက်ဝက်အာဟာရတဲ့၊ ဆေးဝါးအာဟာရတဲ့၊ ချေးငွေအာဟာရတဲ့၊ လမ်းခင်းအာဟာရတို့၊ တံတားပြင် အာဟာရတို့လည်း ပါသေးတယ်။
“ဒီ အာဟာရတွေကို ဆေးပတ်လည်အောင်မှီဝဲကြပါ။ နောက်ဆုံးသုံးဆောင်ရမှာကတော့ နိုဝင်ဘာ (၇) ရက်နေ့ မနက် အရုဏ်တက်နော်၊ မမေ့ကြနဲ့ သေသေချာချာ ရေးမှတ်ထားကြ”
အစီအမံတွေကဖြင့် အပြတ်ပီပါတယ်။ ဒီ အာဟာရတွေတန်ခိုးကြောင့် သူတို့စီးနင်း တိုက်ခိုက်မယ့် နိုဝင်ဘာလ (၇) ရက်နေ့မှာ တရွာလုံး မနိုး (NO) ကြဘူးလို့ ကိန်းသေတွက်ပြီး ပျော်နေကြချိန်မှာ ဓားပြဆိုရင် သေမလောက် မုန်းတီးရွံရှာတဲ့ ရွာခံလူငယ်တစုဟာ တအိမ်တက် တအိမ်ဆင်း အလုပ်များနေကြပါတယ်။
“မေ့မေ့လျော့လျော့ အိပ်ပျော်မနေကြနဲ့ဗျို့၊ နိုးနိုးကြားကြားရှိကြပါ။ ကြက်အိပ်ကြက်နိုး ဖြစ်ဖို့ အရေးကြီးတဲ့ အချိန်ခင်ဗျ။ မျက်လုံးကျယ်ကျယ်ဖွင့်ထားကြ။ နိုးကြ… NO…ကြ၊ NO…ကြ၊ မ NO လို့ကတော့ တရွာလုံး တသက်လုံး ကျွန်ဖြစ်ကုန်မယ်”
“NO လှုပ်ရှားမှု” က သွက်သထက် သွက်လာသလို ပိုပြီးတော့ ကျယ်ပြန့်လာပါတော့တယ်။ စာရွက်တွေ ကြဲကြတာ၊ ပိုစတာကြီး ငယ်တွေ ကပ်ကြတာ။ အဲဒီပိုစတာတွေ၊ စာရွက်တွေမှာ ရေးတာကတော့…
“NO…ကြ၊ NO…ကြ၊ အားလုံး NO…ကြ၊ NO…ခြင်းဖြင့် ဂုဏ်ယူပါ။ မ NO ရင် ဒူးနဲ့မျက်ရည် သုတ်ရလိမ့်မယ်။ NO…ကြ၊ NO…ကြ”
ကျေးရွာလူငယ်မှန်သမျှ တက်ကြွနေကြပါတယ်။
ရွာရဲ့ ဒိုးပတ်ဝိုင်းအဆိုကျော် “မျိုးကြီး” က သူ့ကိုယ်သူ့ “NO ကြီး” လို့ အမည်သစ် ပြောင်းလိုက်ပါပြီ။
ရွာရဲ့အရပ်ပြဇာတ်မင်းသားကျော် “လွင်မိုး”ကလည်း အားကျမခံ “လွင် NO”လို့ နာမည်သစ်ယူလိုက်ပြန်ပါတယ်။
အရပ်လူရွှင်တော် “မိုးဒီ” ကလည်း “NO…ပြီ” တဲ့ဗျ။
ရွာကွမ်းတောင်ကိုင် “ချစ်စနိုးဦး”တယောက်ကဖြင့် အစကတည်းက “NO”ထားတာပါနော်လို့ပြောပြီး ခေါင်းလေးတမော့မော့နဲ့”
ဒီသတင်းတွေကြားပြီး ဗိုလ်မြေခွေးတယောက် တရှူးရှူး တရှဲရှဲနဲ့ နှာမှုတ်ရင်း ရွာထိပ်ကနေ ကုန်းအော်လိုက်ပါတော့တယ်။
“မင်းတို့တရွာလုံး NO ချင် NO၊ မ NO ချင်နေ၊ ငါတို့က နိုဝင်ဘာ (၇) ရက်မှာ အပြက်စီးနင်း တိုက်ခိုက်လုယက် ပြမယ်ဟေ့”

Geen opmerkingen: