မြတ်ခိုင်ဦး / ၁၅ အောက်တိုဘာ ၂၀၁၀
၂၀၁၀ ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့စွဲဖြင့် ထိုင်းအလုပ်သမားဝန်ကြီး ချလာမ်ချား စီအော်န် လက်မှတ်ရေးထိုးထားသော ပြန်တမ်းထုတ်ပြန်ချက်အရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများထံမှ “နိုင်ငံခြားသား ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေ”ဟုဆိုကာ ရန်ပုံငွေ ထပ်မံကောက်ခံဦးမည်ဟု သိရသည်။
၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့သော “နိုင်ငံခြားသား အလုပ်သမားဥပဒေ” ၏ အခန်း(၂)အပိုဒ်(၂၉မှ၄၀)အရအစိုးရပြန်တမ်းထုတ်ပြန်ရေးဌာနမှ ထုတ်ပြန်မှုကို အလုပ်သမားဝန်ကြီးက လက်မှတ်ရေးထိုးခြင်းဖြစ်သည်။
သို့အတွက် ရွှေ့ပြောင်း အလုပ်သမားများသည် မှတ်ပုံတင်ကြေး၊ ဆေးစစ်ခ၊ ကျန်းမာရေးဝန်ဆောင်ခ၊ ယခုပြုလုပ်နေသော ယာယီနိုင်ငံကူးလက်မှတ်ခ၊ ပြည်ဝင်ခွင့်ဗီဇာကြေး၊ အလုပ်လုပ်ခွင့်ပါမစ်ကြေးတို့အပြင် ယခုရန်ပုံငွေကိုလည်း ပေးဆောင်ရတော့မည်ဖြစ်သည်။
ထိုင်းနိုင်ငံအတွင်းဝင်ရောက်အလုပ်လုပ်ကိုင်နေသည့်မြန်မာနှင့်လာအို ရွှေ့ပြောင်းအလုပ်သမားများအတွက်ဘတ်ငွေ(၂,၄၀၀)နှင့်ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများအတွက်ဘတ်ငွေ(၂,၁၀၀)ပေးသွင်းရမည်ဖြစ်သည်။အဆိုပါငွေကို(၆) လအတွင်းညီတူညီမျှအပြီးသတ်ကောက်ခံမည်ဖြစ်သည်။သို့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် တလလျှင် ဘတ်ငွေ (၄၀၀) ပေးသွင်းရမည်ဖြစ်သည်။
လာမည့်ရက် (၉၀)အတွင်း အဆိုပါပြန်တမ်း အသက်ဝင်မည်ဖြစ်သဖြင့် လာမည့် ဒီဇင်ဘာလ (၂၉) ရက်နေ့မှ စတင်ကာ ထိုင်းနိုင်ငံ အလုပ်အကိုင်ခန့်ထားရေးဌာနမှ အဆိုပါလုပ်ငန်းစဉ်ကို ဆောင်ရွက်မည်ဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခြင်းကို ရပ်စဲပြီး မိမိနိုင်ငံသို့ ပြန်ချိန်တွင် ထိုရန်ပုံငွေကို ပြန်လည်ထုတ်ယူခွင့်ရှိမည်ဟု ဆိုထားသည်။
သို့သော် အဆိုပါရန်ပုံငွေ ပြန်လည်ထုတ်ပေးရေးအတွက် လုပ်ထုံးလုပ်နည်းပြန်တမ်းများမှာမူ တရားဝင် မထွက်သေးကြောင်း နိုင်ငံတကာအဖွဲ့အစည်းတခုမှ အရာရှိတဦးက ပြောသည်။
အဆိုပါပြန်တမ်းအရ ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်တခုမှတခုသို့ ပြောင်းခဲ့လျှင် အဆိုပါ ရန်ပုံငွေသွင်းရန် ကျန်ရှိသောငွေကြေးကို အလုပ်အသစ်မှနေ၍ ဆက်လက်ပေးသွင်းနိုင်မည်ဖြစ်ပြီး ထိုသို့ပေးသွင်းထားပြီးကြောင်း သက်သေခံစာရွက်စာတမ်းများကို ထုတ်ပေးမည်ဖြစ်သည်။
အဆိုပါ စာရွက်စာတမ်းများကို သေချာ သိမ်းဆည်းထားရန်၊ ပျောက်ဆုံးခဲ့လျှင် အလျင်အမြန် အကြောင်းကြားရန်လိုအပ်ကြောင်း၊သို့မှသာထပ်မံပေးသွင်းရခြင်းမျိုးမှ သက်သာကင်းလွတ်မည်ဖြစ်ကြောင်း အလုပ်သမားရေးလုပ်နေသူများက တိုက်တွန်းထားသည်။
Geen opmerkingen:
Een reactie posten