ယမထာ / ၂၁ အောက်တိုဘာ ၂၀၁၀
ဉာဏ်ကြီးရှင်တချို့ကတော့ ဒီလောကကြီးဟာ ဆန့်ကျင်ဘက်တရားတွေနဲ့ ဖွဲ့စည်းထားတဲ့ လောကကြီးလို့ ဆိုပါတယ်။
အပူနဲ့အအေး၊ အကြီးနဲ့အသေး၊ အနီးနဲ့အဝေး၊ အပေါ့နဲ့ အလေး၊ အမြန်နဲ့ အနှေး၊ အနိမ့်နဲ့အမြင့်၊ အကောင်းနဲ့အဆိုး၊ အတက်အကျ၊ ချမ်းသာဆင်းရဲ၊ အဖြောင့်နဲ့ အကောက်၊ အချိုနဲ့အခါး၊ မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်း၊ အသစ်နဲ့အဟောင်း၊ နုပျိုမှုနဲ့ အိုးမင်းရင့်ရော်မှု၊ ဖိနှိပ်မှုနဲ့ တော်လှန်မှု၊ အမှန်နဲ့အမှား၊ ဓမ္မနဲ့ အဓမ္မ။
“မှားတယ်” လို့ ပြောကြတဲ့ “အမှား” ကို “ကြက်ခြေခတ်” နဲ့ သင်္ကေတပြုပြီး “မှန်တယ်” လို့ ပြောကြတဲ့ “အမှန်” ကိုတော့ တစ်ဆယ်ချိုး အမြီးတန်းလေးဆွဲခြစ် (Â) သင်္ကေတပြုကြပါတယ်။
“အမှန်” လို့ခေါ်တဲ့ “တရား”ကို လူအများစုကြီးက နှစ်သက်လိုလားကြတယ်ဆိုတာ အားလုံးအသိ။ ဒီနိုင်ငံမှာ ကျုပ်က နံပါတ်တစ်ပဲ။ “အမှန်”ကို အနှစ်ခြိုက်အလိုလားဆုံး ပုဂ္ဂိုလ်ဟာလည်း ကျုပ်ပဲပေါ့။ ကျုပ်က “မှန်တာ” ကိုပဲ မြင်ချင်တွေ့ချင် ကြားချင်တဲ့လူ။ “အမှား” တွေကို ကျုပ်မုန်းတယ်။ မုန်းတယ်။ မုန်းတယ်။ “အမှား” တွေက ကျုပ်တို့ တစုလုံးကို မျက်ဖြူဆိုက်အောင် လုပ်ခဲ့ဖူးသေးတာပေါ့။ အဲဒီတုန်းက အခြေအနေကို ပြန်တွေးမိတိုင်း ကြက်သီးတွေ ထ ထသွားခဲ့တာ ခဏခဏ။
ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက ၉၀ ပြည့်နှစ်၊ မေလကို မှတ်မိနေကြပါသေးတယ်။ ကြက်ခြေခတ် အမှတ်အသား ထွင်းထားတဲ့ ရာဘာတံဆိပ်တုံးလေးတွေကို တယောက်ပြီးတယောက် ၀မ်းသာအားရယူပြီး ရှည်မျောမျောဆန္ဒမဲပြားတွေပေါ်မှာ တဒုန်းဒုန်းထုလိုက်ကြတာများ။ ဒီတုန်းက အဲဒီသင်္ကေတ ကြက်ခြေခတ်ကို လူတွေက “အမှန်” ရယ်လို့ အမှတ်မှားနေခဲ့ကြတာကလား။
လူတွေက တော်တော်ကို ဦးနှောက်နည်းခဲ့ကြတာ။ အဲဒီ “အမှား”တံဆိပ်တုံးကို စောစောက ထုနှိပ်ခွင့်ရအောင်ဆိုပြီး မိုးမလင်းခင်ကတည်းက တန်းစီစောင့်နေခဲ့ကြတဲ့ လူအုပ်က နေရာတိုင်းမှာ အုန်းအုန်းကျွက်ကျွက်။
ဒီလိုနဲ့ “အမှားတံဆိပ်တုံး”တွေ တဘုန်းဘုန်းထုပြီး ကျုပ်တို့ ရန်သူတော်တွေကို တနိုင်ငံလုံးက ၀ိုင်းထောက်ခံလိုက်ကြတာကြောင့် ကျုပ်တို့တတွေ “ဘုံပျောက်မယ့်ကိန်း၊ အ၀ီစိရောက်မယ့်ကိန်း ဆိုက်ခဲ့ရတာကို ပြန်တွေးမိရင် ချေးယိုချင်သလိုလို၊ ဆီးသွားချင်သလိုလို အခုထိဖြစ်တုန်း”
တကယ်တော့ ၉၀ ရွေးကောက်ပွဲဆိုတာ “အမှား” ကြက်ခြေခတ်တွေကို “အမှန်” လို့ အမှတ်မှားခဲ့ကြတဲ့ “သမိုင်းဝင်အမှားအကြီးကြီးတခု”ဆိုတာကျုပ်တို့တတွေကောင်းကောင်းသိသွားခဲ့၊ သင်ခန်းစာယူခဲ့ကြပါတယ်။
ကျုပ်ဆိုတဲ့ကောင်က “အမှား”ကို မုန်းပြီး “အမှန်”ကိုပဲ ကြိုက်တဲ့ကောင်။ ဒီတော့ “အမှား”ကို ဘယ်သရဖူဆောင်းပေးလိမ့်မလဲ။ ဒါကြောင့် “ကြက်ခြေခတ်မဲပြားတွေ သောင်းခြောက်ထောင်နဲ့ အမှားကြီးမှားခဲ့တဲ့ ၉၀ ရွေးကောက်ပွဲရလဒ်” အမှားကို “မမှန် မှန်အောင်” ညစ်ရပါတော့တယ်။ အဲသလို “အမှန်” ဆီရောက်အောင် လုပ်နေခဲ့ရတာ အနှစ်နှစ်ဆယ်လုံးလုံးပါပဲ။ အဖမ်းအဆီး၊ အနှိပ်အကွပ်၊ အလိမ်အကောက်၊ အောက်လမ်းနည်းပေါင်းစုံနဲ့ပေါ့။
ဒီလိုအမှန်တရားအတွက် နာမည်ပျက်ခဲ့၊ အဆဲအဆိုခံပြီး လုပ်ခဲ့ရတာကို ကျုပ်ကျေနပ်တယ်။ ဂုဏ်လည်းယူတယ်။ အရင်အနှစ်နှစ်ဆယ်တုန်းက “အမှား” ကို သင်ခန်းစာကောင်းကောင်းယူပြီး ၂၀၁၀၊ နိုဝင်ဘာလမှာ “အမှန်”(Â) တွေနဲ့ ရုပ်ပြောင်းရုပ်လွှဲလုပ်ပေးဖို့က ကျုပ်ပခုံးပေါ်ကို ရောက်နေတဲ့ “သမိုင်းပေးတာဝန်ကြီး” ပဲပေါ့။
ဒီတစ်ခါ အားလုံး မှန် (Â) စေရမယ်။ ကျုပ်ရဲ့ ငယ်မွေးခြံပေါက် ခြင်္သေ့စိမ်းစိမ်းတထောင်ကျော်လုံး “အမှန်” (Â) တွေနဲ့ ညားစေရမယ်။
“အမှန် (Â) ” အခြစ်ကလေးကို သေမလောက်ချစ်မြတ်နိုးကြရှာတဲ့ ကျုပ်ကောင်တွေဟာ လူထုဆီက “အမှန်” (Â) ရဖို့အတွက် လမ်းတွေခင်း၊ တံတားတွေပြင်၊ စာသင်ကျောင်းတွေဆောက်၊ ဟိုဟာဒီဟာတွေ အလကားပေးတန်ပေး၊ လှူတန်လှူ၊ ချော့ဟယ်၊ ချောက်ဟယ်၊ အကျပ်ကိုင်ဟယ်၊ ဖျားယောင်းသိမ်းသွင်ဟယ်၊ အနုနည်း၊ အကြမ်းနည်း၊ ကြမ်းချောနည်းပေါင်းစုံနဲ့ ကြိုးစားလိုက်ကြတာ ကျုပ်ခိုင်းတဲ့အတိုင်း ကွက်တိပါပဲ။
အင်း “အမှန် (Â)” တွေ ရာနှုန်းပြည့်ရမှ ကျုပ်ဖြစ်စေချင်တဲ့ အနာဂတ်နိုင်ငံတော်ကြီးက “မှန်” မှာကိုး။ ဒီတကြိမ်တော့ဖြင့် “ မှား’’ ကြက်ခြေခတ်တွေ ဘေးကင်းဝေးပြီး “အမှန် (Â)” တွေ တောင်ပုံရာပုံကြားမှာ ၀ိုင်းကြီးပတ်ပတ် ကကြခုန်ကြရတော့မကွလို့ အပိုင်တွက်နေ၊ တွေးနေတုန်း ကျုပ်ရဲ့နန်းတော်ရှေ့ကနေ အော်သံကြီးကြားလိုက်ရတယ်။
ဘွိုင်းကောက်… ဘွိုင်းကောက်… ဘွိုင်းကောက်…
ကျုပ်စိတ်က ချက်ချင်းသိလိုက်ပြီ။ ဒီအသံဟာ နတ်ကောင်းနတ်မြတ်တွေရဲ့အသံပဲ။ အမှန်တရားကို မီးမောင်းထိုးလိုက်တဲ့ အသံပဲ။ အတိတ်နိမိတ်ကောင်းတဲ့ ကရ၀ိက်ကြိုးကြာသံအစစ်ပဲ၊ ဟုတ်တယ်။ အဖျက်သမားတွေကို ဘွိုင်းကောက် လုပ်ပစ်ရမယ်။ ဒါကြောင့် နန်းတော်တံခါးဝကို ပြေးထွက်သွားပြီး အဆက်မပြတ် ကျုပ်ကြွေးကြော်လိုက်တယ်။
ဘွိုင်းကောက် ! ဘွိုင်းကောက်ဟေ့ ! ဘွိုင်းကောက် ! ဘွိုင်းကောက်!
ဘွိုင်းကောက် ဟေ့ ! – ’’
Geen opmerkingen:
Een reactie posten