ဒီမနက် လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်သို့ ရွှေဂျိုးအရောက်တွင် ကိုလေအိုးတယောက် ၀က်ဆိုးအော်သံနှင့် ဆီးမကြိုအားဘဲ လက်ထဲရှိ အလကားရသည့် ဂျာနယ်နှင့် တဖျပ်ဖျပ် ယပ်ခတ်နေသည်ကို တွေ့ရသည်။ မိုးလေးက တစိမ့်စိမ့် ရွာစွေနေပါလျက် ကိုလေအိုးတယောက် အဘယ်ကလိုကြောင့် ဤသို့ မရပ်မနား တရစပ်တအား ယပ်ခတ်နေရပါလိမ့်ဟု ရွှေဂျိုး စေ့ငုကြည့်မိတော့သည်။
ရွှေဂျိုး ။ ။ ဗျို့ ကိုလေအိုး၊ ဒီနေ့ တေးတကြော်ကြော် ဟစ်မအော်အားဘဲ ဘယ်လိုဖြစ်လို့ ယပ်ချည်းပဲ ခတ်နေရတာလဲဗျ။ အတွင်းပူလား အပြင်ပူလား ဘယ်လိုအပူကြောင့်လဲ၊ ကြည့်ရတာ စိတ်မချမ်းသာလိုက်တာဗျာ။ ရွှေဂျိုးတို့များ အိမ်သူသက်ထားဆီမှာ အချစ်မီးလှုံခဲ့တာတောင် မလုံလောက်လို့ အနွေးထည် ၀တ်ထားရသေး ဟဲ ဟဲ၊ ကိုလေအိုးက ဘယ်လိုကြောင့် တဖျပ်ဖျပ် ဖြစ်နေရတာလဲ လင်းတော်မူစမ်းပါဦးဗျ။
လေအိုး ။ ။ နန်းဆု ပျောက်လို့ ကိုရွှေဂျိုးရေ၊ နန်းဆု ပျောက်နေလို့။ အဲဒါကြောင့် စိတ်ပူပြီး ချွေးပြန်နေတာ။ (ပြောရင်း အရှိန်နှုန်းမြှင့်ကာ ပိုခတ်ပြနေ)။
ရွှေဂျိုး ။ ။ ဟာ ကိုလေအိုးက အိမ်မှာ အင်တာနက်ရှိပြီး ရွှေဂျိုးလောက်တောင် သတင်းတွေ အပ်ပဒိတ်မဖြစ်ဘဲကိုး။ ကိုလေအိုးက နန်းဆုရတီစိုး ပျောက်တာပဲ သိတာ၊ ပြန်ရောက်တာ မသိသေးဘူးမဟုတ်လား။ ရွှေဂျိုးကို မနေ့ညကပဲ အိမ်ဘေးက အလှပဂေး ညီမငေးက ပရင့်အောက်ထုတ်ပြီး လာပြသွားပြီးပြီ။ ကဲ ကဲ လက်အညောင်းခံမနေပါနဲ့တော့၊ စိတ်အေးအေးထား၊ ဟုတ်ပလား ကိုလေအိုး။
လေအိုး ။ ။ ဟား ဟား ဟား ကိုရွှေဂျိုးကို စ,တာပါဗျာ။ လေအိုးလား မသိဘဲနေမှာ။ နန်းဆု ပျောက်တယ်ဆိုကတည်းက လေအိုးမှာ စားလို့မ၀င် နှစ်ပြည်ချက်လည်း မလောက်၊ အိပ်လို့မပျော် ဆင်အော်လို့လည်း မနိုး ဖြစ်နေတာဗျ။ နေ့နေ့ ညည နန်းဆုသတင်းပဲ နားစွင့်နေရတာအမော။ ညက “နန်းဆု ပြန်ရောက်ပြီ” ဆိုတဲ့ ၀က်ဘ်ဆိုက်သတင်း ဖတ်လိုက်ရမှပဲ အလုံးကြီးကျတော့တာ။ ရတက်မအေးဖြစ်နေရတဲ့ လေအိုးကို အခုလို ဘရိတ်ကင်းနယူးစ်နဲ့ ရင်အေးအောင် လုပ်ပေးတဲ့ မောင်မင်းကြီးသား ၀က်ဘ်ဆိုက်ဆရာတွေကို ကျေးဇူးတင်လှပါသဗျာ။ သူများထက် တစက္ကန့်၊ တမိနစ် နောက်ကျပြီးမှသိရရင် လေအိုး ပိုခံစားနေရမယ်ဗျ။ ‘၀မ်းဆိုက်ဒက် လပ်ဗ် အစ်(စ်)ပိန်းဖူးလ်’လို့ ဆိုတယ်မဟုတ်လား ကိုရွှေဂျိုးရဲ့ ဟဲ ဟဲ။
ရွှေဂျိုး ။ ။ တံတွေးစင်လိုက်တာ ကိုလေအိုးရာ၊ နန်းဆုရတီစိုးနဲ့ကျမှ ဘာဖြစ်လို့ ဒီလောက် ဘိုလိုမှုတ်နေရတာလဲ ကိုလေအိုးရဲ့၊ ဗမာလိုပြောလည်း ရွှေဂျိုး နားလည်ပါတယ်ဗျာ။ ဗမာလို ပြောစမ်းပါ တကတည်းမှပဲ။
လေအိုး ။ ။ ဟဲ ဟဲ စိတ်ပူလွန်းအားကြီးလို့ ဘိုလိုမှုတ်လိုက်မိတာ ခွင့်လွှတ်ပါ ကိုရွှေဂျိုးရာ။ နောက် ဗမာလိုပဲ မှုတ် (အဲ …) ပြောပါတော့မယ်။ ဒီလိုလေ ကိုရွှေဂျိုးရဲ့ “တဖက်သတ်အချစ်ဟာ ဆိုးပါသည် … အသက်မက ချစ်တာ ခက်လှသည်” လို့ အဆိုတော် ကိုရာဇာဝင်းတင့်ကြီး ဟဲထားတယ်မဟုတ်လား။ အဲဒါကြောင့် “၀မ်းဆိုက်ဒက် လပ်ဗ် အစ်(စ်) ပိန်းဖူးလ်” လို့ မှုတ်မိတာပါဗျာ ဟား ဟား ဟား ဟား (ပြောရင်း ပါးစပ်ကို လက်နှင့်အုပ်ကာ လေအိုး ရယ်ပါလေ)။
ရွှေဂျိုး ။ ။အင်း…ကိုလေအိုးစိတ်ပူသလို ၀က်ဘ်ဆိုက်သတင်းဆရာတွေလည်း တော်တော်စိုးရိမ်ပူပန်ကြပုံပဲ။ သတင်းခေါင်းစည်းမှာတောင် ကိုလေအိုးလိုပဲ အဖြစ်သည်း (အဲ …)အဖျားဆွတ်ပြီး ခေါ်ဝေါ်သုံးနှုန်းထားတယ်မဟုတ်လား။ ဘာတဲ့ “နန်းဆု ပြန်ရောက်ပြီ” ဆိုလား ဟဲ ဟဲ။
လေအိုး ။ ။ အော် မလှောင်ပါနဲ့ ကိုရွှေဂျိုးရာ၊ ဒါမျိုးက ခံစားဖူးမှ သိတာဗျ။ ၀က်ဘ်ဆိုက်ဆရာတွေလည်း လေအိုးလိုပဲ ခံစားနေရလို့ ခဲရာခက်ဆစ် သတင်းလိုက်ပြီး အခုလို တကူးတက တင်ဆက်ပေးတာနေမှာပေါ့။ လေအိုး ကိုယ်ချင်းစာတယ်၊ သူတို့လည်း စိတ်ပူရှာမှာပေါ့။ တဖက်သတ်အချစ်က တကယ်ဆိုးတယ်ဗျ၊ ဒါတွေ ကိုရွှေဂျိုး နားမလည်ပါဘူးဗျာ။ နောက်ဆို နန်းဆုလေးကို စိတ်ကောက်အောင်မလုပ်ဖို့ သူ့အမေဆီ မေတ္တာရပ်ခံစာ ရေးပို့မှဖြစ်တော့မယ်။ မဟုတ်ရင် မောင်ရစ်တို့၊ မောင်စိန်ဝင်းကလေးတို့လို အယ်ဒီတာမင်းလေးတွေကလည်း စိတ်ပိုပူအောင် ရေးတတ်၊ သားတတ်၊ တင်ဆက်တတ်ပါဘိသနဲ့ နောက်တခါဆို လေအိုး အသက်ပါ ထွက်လိမ့်မယ် တကယ် တကယ် (ပြောရင်း လက်နှင့်အုပ်ကာ အသံမထွက်ဘဲ ရယ်ပြန်လေ)။
ရွှေဂျိုး ။ ။ အသက်တော့ မထွက်လိုက်ပါနဲ့ဦး ကိုလေအိုးရယ်၊ တိုင်းရေးပြည်ရေး ဒီလောက် ဟဲဗီးဖြစ်နေချိန်မှာ နန်းဆုရတီစိုးအတွက်နဲ့ ကိုလေအိုး အသက်ထွက်လို့ ဘယ်ဖြစ်ဦးမလဲ။ မြန်မာပြည်သူတွေကို တရားဝင် စစ်ကျွန်ဇာတ်သွင်းမယ့် ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲကို တိုက်ဖျက်ဖို့ ကိုလေအိုးလို တော်လှန်ရေးအံတို (အဲလေ) ဘိုးအေတွေမှာ တာဝန်ရှိသေးတယ်မဟုတ်လား။ မသေချင်စမ်းပါနဲ့ဦးဗျာ။
လေအိုး ။ ။ ဟဲ ဟဲ အခုတော့ လေအိုးလည်း မသေချင်တော့ပါဘူးဗျာ။ နန်းဆုလေး အိမ်ပြန်ရောက်ပြီဆိုမှတော့ သေစရာလိုသေးလား ကိုရွှေဂျိုးရဲ့။ ညကျရင် ရွေးကောက်ပွဲကို တိုက်ဖျက်ဖို့ စလုပ်ရမယ်။ နန်းဆုဆီ မဲသွားမပေးဖို့ အီးမေးလ်ပို့ရမယ်။ နောက်ပြီး နန်းဆုလေးနောက်မှာ နန်းဆုကို အားပေးနေတဲ့ ပြည်သူတွေ အများကြီးရှိတာဆိုတော့ စတိတ်ရှိုးမှာ ရွေးကောက်ပွဲတိုက်ဖျက်ရေး သီချင်းတပုဒ်လောက် နန်းဆုကို ဒိုင်လျှိုလေး ဆိုခိုင်းလိုက်မယ်။ “ကျမကို ချစ်ရင် မနမ်းပါနဲ့ …ကျမကို ချစ်ရင် မနမ်းပါနဲ့”ဆိုတဲ့သီချင်း ကိုရွှေဂျိုး ကြားဖူးတယ်မဟုတ်လား၊ အဲဒီအလိုက်လေးနဲ့ လေအိုး ဆိုခိုင်းလိုက်မယ်။ “ကျမကို ချစ်ရင် မပေးပါနဲ့ … ကျမကို ချစ်ရင် မပေးပါနဲ့” လို့ နန်းဆုလေး ဟဲလိုက်ရင် ပြည်သူတွေက ဓာတ်ပေါက်မယ်မဟုတ်လား၊ တခါတည်း ပြတ်ရောပေါ့။
ရွှေဂျိုး ။ ။ ဟာ အကြံပိုင်လှချည်လား ကိုလေအိုးရာ၊ ဒီတခါတော့ ကိုလေအိုးကို တကယ်လေးစားသွားပြီဗျာ။ တကယ်လေးစားသွားပြီ။ ဆက်လုပ်ဗျာ ဆက်လုပ် ဂွတ်တယ်။
ထို့နောက် လေအိုးတယောက် ရွှေဂျိုးအနားသို့ကပ်ကာ တိုးတိုးညင်သာ ဆက်ပြောလေသည်။
လေအိုး ။ ။ ဒါပေမယ့် ကိုရွှေဂျိုးရေ့၊ ဒီသတင်းကို မောင်ရစ်တို့၊ မောင်စိန်ဝင်းလေးတို့တော့ မကြားစေနဲ့ဦးနော့။ တော်ကြာ နန်းဆုလေးအကြောင်းပဲဟေ့ဆိုပြီး ၀မ်းသာအားရ သတင်းရေးလိုက်မှဖြင့် အကုန်ရှုပ်ကုန်လိမ့်မယ်။ လ၀ နော့ လ၀ လ၀။ နအဖ သိလို့မဖြစ်ဘူး။ တော်ကြာ နန်းဆုလေးကို စတိတ်ရှိုးမဆိုခင် ဖမ်းထည့်လိုက်မှဖြင့် ဒီတခါဆို လေအိုး တကယ်ထွက်ရလိမ့်မယ် အသက် အသက်၊ ကြားတယ်နော် ကိုရွှေဂျိုး။
ရွှေဂျိုး ။ ။ အိုကေပါဗျာ၊ ဒူးမှာသာ ဒူးစမ်းပါ၊ အကြံပိုင်သော မောင်ခွေး (အဲလေ …) ကိုလေအိုးရာ။
ထို့နောက် “ကျမကို ချစ်ရင် မပေးပါနဲ့ … ကျမကို ချစ်ရင် မပေးပါနဲ့” ဟု ဆိုင်းမဆင့် ဗုံမဆင့် အော်ဟစ်ကာ လေအိုး ထွက်ခွာသွားသကဲ့သို့ ဆက်ပြီး အောင့်မထားနိုင်တော့သည့် စလီဘရစ်တီ ရွှေဂျိုးလည်း ဆိုင်ထဲတွင် သိကျွမ်းသူ နည်းပါးခိုက် ဆိုင်နောက်သို့ အလစ်အငိုက် ထွက်ခွာခဲ့လေတော့သည်တကား။ ။
Geen opmerkingen:
Een reactie posten