အောင်ထက်
၂၉ ဇူလိုင် ၂၀၀၉
“လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍများ မြှင့်တင်ဆောင်ရွက်ရေး၊ ပြည်ထောင်စုကြီး၏ နယ်မြေတခုနှင့်တခု နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တပြေးညီ ဖွံ့ဖြိုးတိုးတက်ရေး၊ သက်ဆိုင်ရာ၊ နည်းပညာဘာသာရပ်အလိုက် သင်ယူမှုအခွင့်အလမ်း ပိုမိုရရှိစေရေး၊ မိမိတို့ကိုယ်ပိုင်စွမ်းအားနှင့် ပြည်တွင်းအားကို စုစည်းကာ ပညာရေးကို မဏ္ဍိုင်ပြုပြီး အနာဂတ် နိုင်ငံတော်သစ်ကို တည်ဆောက်သွားနိုင်ရေး” ဟူသော ပညာခေတ်၏ စိန်ခေါ်မှုအခြေအနေများကို ယနေ့ပြည်တွင်း ထုတ် နိုင်ငံပိုင်သတင်းစာများ၌ ခမ်းနားဝင့်ထည်သော စကားလုံးကြီးများဖြင့် ဖော်ပြနေသည်ကို တွေ့နေကြရသည်။
အဆိုပါအနေအထားသည် မြန်မာ့နိုင်ငံရေးသမိုင်းစဉ်၏ ဖြစ်ပျက်ပြောင်းလဲမှုကို မကြုံဖူးသည့် လူငယ်တို့အတွက် အထူးအဆန်း ဖြစ်နေပေလိမ့်မည်။ သို့သော် အာဏာရှင်စနစ် (Dictatorship) ၏ သရုပ်သကန်ကို သိမီသူတို့ကမူ ဤသို့ ကြီးကျယ်ခမ်းနားသည့် စကားလုံးများကို တွေ့မြင်ဖတ်ရှုရပေါင်းများ၍ ရိုးအီနေကြပေပြီ။
အာဏာရှင်စနစ် (Dictatorship) ဟူသည် အတိုက်အခံမီဒီယာကို ဖိနှိပ်ကန့်သတ်ထားမည်။ ကိုယ်ပိုင်မီဒီယာကို အစွမ်းကုန်မြှင့်တင်မည်။ ကိုယ်ပိုင်မီဒီယာကို အားပြုပြီး စကားလုံးအား အထုအထည်နှင့် ပြည်သူကို စနစ်တကျ အကွက်ချကာ လိမ်လည်မည်။ သို့လောသို့လောဖြစ်အောင် စကားလုံးမှိုင်းများကို ပြည်သူ့နားသို့ အတင်းသွတ်သွင်းမည်။ ဒါသည်ပင် Dictatoship (အာဏာရှင်စနစ်) ၏ လမ်းကြောင်းဖြစ်သည်။
တချိန်သောကာလက ဂျာမဏီမှ နာဇီများသည်လည်း ထိုသို့ပင် အသက်ဝင်ခဲ့သည်။ အီတလီ ဖက်ဆစ်အာဏာရှင် မူဆိုလိုနီနှင့် စပိန်မှ ဖရန်ကိုတို့သည်လည်း တိုင်းပြည်ကို သို့နှယ် ဓားမိုး၍ အုပ်ချုပ်ခဲ့သည်။ သို့သော် အဆိုပါပုဂ္ဂိုလ်တို့သည် သမိုင်းတွင် ပြည်သူတို့၏ အသွေးအသားတွေကို ဓားစာခံလုပ် အရင်းအနှီးပြုကာ သူတို့ယုံကြည်သောစနစ်ကို ပုံဖော်ထုဆစ်ရင်း နောက်ဆုံး သမိုင်းတရားခံတွေအဖြစ်နှင့် နိဂုံးမလှ ဖြစ်ခဲ့ကြရလေသည်။
“ပြည်နယ်နှင့်တိုင်းအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်လျက်ရှိသည့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအထူးဒေသကြီး (၂၄) ခု၊ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကိုလည်း အမျိုးသားပညာရည်မြင့်မားရေးစီမံကိန်းနှင့်အတူ တဆက်တစပ်တည်း သိမြင်ဖို့လိုအပ်ကြောင်း” ၂၀၀၉၊ ဇွန်လ (၂၉) ရက်က ကျင်းပသော အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၆၈) ဖွင့်ပွဲတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၀န်ကြီး ဦးသောင်းမှ လမ်းညွှန်မှာကြားသွားခဲ့ပေသည်။
မစားရ၀ခမန်း အဆိုပါလမ်းညွှန်ချက်အပေါ် ဆိုရေးရှိလာ၍ ဆိုရပါလိမ့်မည်။ ကျနော်သည် ရန်ကုန်မြို့နှင့် မိုင် (၁၀၀) သာသာ ဝေးကွာသော မြေလတ်မြို့ ကြို့ပင်ကောက်၏ (၈) မိုင်ခန့်အကွာ ကျေးလက်တခု၌ မွေးဖွားခဲ့သည်။ ကျနော်၏ ၀မ်းကွဲသားချင်းတို့သည် ကျေးရွာမူလတန်းကျောင်း၌ (၄) တန်းအထိ ပညာဆည်းပူးကြရသည်။ ထိုခေတ်က (၄) တန်းအောင်သော် အများစု လယ်ထဲရောက်ကုန်သည်။ စီးပွားရေးပြေလည်သူတချို့၏ သားသမီးများက ရွာနှင့် (၄-၅) မိုင်မျှဝေးသော ကျွန်းကုန်းကြီး အလယ်တန်းကျောင်းသို့ သွားတက်၍ ပညာဆက်လက်ဆည်းပူးကြရသည်။
ရွာသာယာ၊ ရွာသစ်၊ ရှားပင်ထ၊ ကျွန်းကုန်းလေး၊ အုန်းနှဲ၊ ကျောတန်း ကျေးရွာများမှ ကျောင်းသားငယ်များသည် ရွှံ့တော၊ ဗွက်တောများကို ဖြတ်ကာ ကျောင်းတက်ခဲ့ရသည်။ နွေအခါ မသိသာသော်ငြား မိုးအခါ လွန်စွာ ဒုက္ခရောက်ကြရသည်။ လယ်ကွင်းတွေကို ဖြတ်ကာ လာကြရသည့်မို့ ကျောင်းရောက်သော် ရွှံ့အလိမ်းလိမ်းကို ဖုတ်ဖက်ခါ ရေဆေးကြရသည်။ ထိုသို့ကျောင်းတက်ခဲ့ကြရသည့် လယ်သမားသားသမီးတို့အား ဆရာတို့ကလည်း စာနာနားလည်ခဲ့ကြသည်။ စေတနာထား သင်ကြားပေးကြသည့်အတွက် အချို့ကျောင်းသားများ ထူးချွန်ပေါက်မြောက်ကာ လူရာဝင်ခဲ့ကြသည်။ (ယခင်) စက်မှု(၁) ဒု-၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဝင်း၊ မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဘဖေတို့သည် ကျွန်းကုန်းကြီး အလယ်တန်းကျောင်းထွက်များ ဖြစ်သည်။
ကျနော့်ဇာတိ ရှားပင်ထကျေးရွာတွင် မူလတန်းကျောင်းသာရှိခဲ့ပါသည်။ ထိုမှ အနှစ် (၄၀) ခန့်ကျော်ဖြတ်ပြီးနောက် ယခု မူလွန်ကျောင်းဖြစ်နေပြီဟု ကြားရသည်။ သို့သော် ထိုတွဲဖက်-မူလွန်ကို ရွာ၏ ဒေသခန့်ဆရာနှင့် သင်ကြားပြီး အတန်းတင် အဖြေလွှာများကို အုပ်စုပိုင် ကျွန်းကုန်းကြီး အလယ်တန်းကျောင်းသို့ပို့ကာ အစစ်ဆေးခံရသောစနစ်ဖြင့် စခန်းသွားနေရသည်။
တွဲဖက်မူလွန်ကျောင်းတို့၏ သဘောသဘာဝကို အကျဉ်းမျှ ရှင်းပြပါမည်။ စတုတ္ထတန်းအောင်မြင်ပြီးသူ မူလွန်ကျောင်းသားတို့သည် ဒိုင်နယ် (တိုက်နယ်) အတွင်းရှိ အလယ်တန်းကျောင်းများ၌ ပဉ္စမတန်း တက်ကြရပေမည်။ ငွေကြေးပြည့်စုံသူအချို့က အဆိုပါ အလယ်တန်းကျောင်းရှိရာ ဒိုင်နယ်အတွင်း သားချင်းများအိမ်၌ သားသမီးကို နေစေကာ ပညာသင်စေသည်။ ခရီးလမ်းဝေးကွာမှု၊ လမ်းပန်းမသာမှုနှင့် မပြေလည်သော စီးပွားရေးအခြေခံများကြောင့် ကျေးလက်ပြည်သူအများစုမှာ ၎င်းတို့၏ သားသမီးများကို ဒိုင်နယ်ကျောင်းများသို့ မစေလွှတ်နိုင်ခဲ့။ အဆိုပါ အခြေအနေအပေါ်မူတည်၍ ကျေးရွာကျောင်းကော်မတီမှ တွဲဖက်ကျောင်းအဖြစ် စီစဉ်ဖန်တီးပေးရသည်။
ကျောင်းသားတဦး တနှစ်လျှင် (၂၀,၀၀၀၊ ၃၀,၀၀၀၊ ၄၀,၀၀၀) ကျပ် အတန်းအလိုက် ကောက်ခံသည်။ အများစု တကြိမ်တည်း ငွေမချေနိုင်ကြ။ (၄-၅) ကြိမ် ခွဲသွင်းကြရသည်။ ထိုကောက်ခံငွေနှင့် ချိန်ဆကာ ကျောင်းကော်မတီမှ ဒေသခန့် ဆရာငှားရသည်။ ကျောင်းသားဦးရေအလိုက် ဆရာ (၂) ဦး၊ (၃) ဦးက ဘာသာစုံသင်ပေးရသည်။ ကျောင်းကော်မတီမှ ဆရာတို့အား လစဉ် လစာငွေ ရှင်းပေးသည်။
အဆိုပါ တွဲဖက်ကျောင်းများသည် ဇွန်လကျောင်းအပ်လက်ခံပြီဆိုကတည်းက နီးစပ်ရာ ဒိုင်နယ်အတွင်းရှိ အလယ်တန်း၊ အထက်တန်း (အစိုးရအသိအမှတ်ပြု) ကျောင်းများသို့ သွားရောက်ချိတ်ဆက်ကြရသည်။ တွဲရသည်ဟုလည်း ခေါ်သည်။
တွဲဖက်ကျောင်းသားများ၏ လပတ်စာမေးပွဲအဖြေလွှာများကို ဒေသခန့်ဆရာတို့က စစ်ဆေးပေးရသည်။ အတန်းတင် အဖြေလွှာကိုမူ အတွဲခံမည့် ကျောင်းသို့ပို့ကာ အစစ်ခံရသည်။ ထိုကျောင်းမှ အအောင်-အရှုံးသတ်မှတ်ကာ နိုင်ငံတော်၏ ပညာရေးမူဘောင်နှင့်အညီ တရားဝင်စေသည်။ တွဲဖက်ကျောင်းလေးများအား တွဲခွင့်ပြုရေး သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး (TEO) နှင့် အစိုးရခန့်ကျောင်းအုပ်ကြီးသို့ တွဲဖက်ကျောင်းကော်မတီမှ ငွေလမ်းခင်းကြရသည်။
အကယ်၍ တွဲဖက်ကျောင်းအား ဒိုင်နယ်ကျောင်းတို့မှ အတွဲမခံပါက ဘုန်းတော်ကြီးသင် ပညာသင်ကြားရေး (ဘက) ကျောင်း များသို့ အဖြေလွှာများပို့ကာ အတန်းတင်စာမေးပွဲကို တရားဝင်ဖြစ်အောင် အစစ်ခံရသည်။ သို့သော် တွဲဖက်ကျောင်းအဆင့်မှ မကျော်လွန်နိုင်သေးသည့် အခြေအနေများ သိန်း-သန်းချီ ရှိနေသည့်အတွက် နိုင်ငံတော်၏ ပညာရေးပန်းတိုင်သို့ ရောက်ရှိအောင် အဘယ်ပုံ ချီတက်ရမည်ဆိုသည်မှာ ခေါင်းခဲစရာပြဿနာတခုဖြစ်သည်။ တနည်းအားဖြင့် တွဲဖက်မူလွန်ဟူသည် ကျေးလက်နေလူတန်းစားများ၏ ပညာရေးသရုပ်မှန်ကို မီးမောင်းထိုးပြနေသာ ပြယုဂ်တခုဖြစ်သည်။
ကျနော်သည် သတင်းသမားတဦးအဖြစ် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရင်း မြန်မာပြည်၏ နယ်မြေအနှံ့သို့ အရောက်အပေါက် များခဲ့သည်။ နာဂစ်မတိုင်မီကတည်းက ရောက်ဖြစ်ခဲ့သည့် လပွတ္တာမြို့၊ ငခုံးမရွာ၊ ရေကျော်ကြီး၊ ကန်ကြီးထောင့်ရွာတို့မှ မူလွန်ကျောင်းသားတို့သည် သပြုကုန်းအလယ်တန်းကျောင်း၌ မူလွန်-တွဲနေရသည်ကို တွေ့ရသည်။ နှာခေါင်းပေါက်ကျေးရွာ၊ ကန်ပဲ့ကျေးရွာတို့သည် ခုံညင်းတန်းကျောင်း၌ တွဲကြရသည်။ ဒေးဒရဲမြို့၊ ရွှေဘိုစုကျေးရွာ၊ ကွမ်းသီးပင်စု အပါအ၀င် ကျေးရွာ (၆) ရွာမှ ကျောင်းသားတို့သည် သက္ကာယ်ချောင်းကျောင်း၌ တွဲကြရသည်။
ယခင်က တချက်တကောင် ချစ်လေးမောင်တို့၊ ကေအန်ယူ ဗိုလ်စိုးစိုးတို့၏ နယ်မြေဖြစ်သော တောင်ပို့ကြီးရွာ၊ လျှော်ချောင်း၊ သခွပ်ကုန်း၊ စစ္စလီထုံး၊ ၀ါးရုံးဒေါင့်ကျေးရွာများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ရုံးဒေါင့်အထက်တန်းကျောင်းသို့ တွဲကြရသည်။ လေးမျက်နှာမြို့၊ ညောင်ပင်ဝဲ၊ ကတက်ကုန်း၊ တူးရိုး၊ ၀ါးရုံစု၊ ဗောဓိရွာတို့သည် ကွမ်းခြံကုန်းရွာကျောင်း၌ တွဲကြရသည်။ ထားဝယ်မှိုင်းကြီး၊ ထားဝယ်မှိုင်းလေး၊ သပြေချောင်း၊ ဘုံလုံချောင်း၊ ကဒတ်ကြီးဝိုင်း၊ ပလီချောင်းကျေးရွာတို့သည် ကျိုက်လတ်မြို့၊ ခမုံရွာအလယ်တန်းကျောင်း၌ တွဲကြရသည်။
အဆိုပါ ကျေးလက်ဒေသတို့သည် ရန်ကုန်မြို့နှင့် မိုင်ထောင်ချီဝေးကွာသည့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောအရပ်၌ ရှိနေကြသည် မဟုတ်ပါ။ ရှမ်းပြည်နယ် ဟိုပုန်း၊ လွိုင်လင် မဟုတ်ပါ။ မြစ်ကြီးနား အစွန်အဖျား ဖားကန့်၊ ၀ိုင်းမော် မဟုတ်ပါ။ လားရှိုးမြို့အနီး ကွမ်းလုံ၊ မူဆယ် မဟုတ်ကြပါ။ ကလေးနယ် တမူး၊ ဖလမ်း၊ ဂန့်ဂေါနယ်မြေတို့ မဟုတ်ကြပါ။ ရန်ကုန်မြို့မှ မိုင် (၁၀၀) မရှိတတ်သည့် ဧရာဝတီတိုင်း ကျေးလက်ဒေသတို့သာ ဖြစ်ပါသည်။ လွန်လွန်ကျူးကျူးဆိုရသော် ရန်ကုန်မြို့မှ အော်ခေါ်လျှင်ပင် ကြားနိုင်လောက်သည့် အရပ်ဒေသများ ဖြစ်ပါသည်။
အခြေခံပညာမူလတန်းအောင်၍မှ အလယ်တန်းအဆင့်တက်ရန် ရုပ်ဝတ္ထုစာသင်ကျောင်းမရှိသည့် ဒိုင်နယ်ကျောင်းများသို့ သွားရောက်တွဲနေကြရသည့် အဆိုပါ ကျောင်းသားငယ်တို့၏ ပညာရေးပန်းတိုင်သည် မည်မျှရေရာမှုရှိပါမည်နည်း။ ပညာခေတ်၏ အလားအလာကောင်းများကို လိုအပ်သလို ကိုင်တွယ်ဖြေရှင်းရန် မည်သည့်အရာတွေက တွန်းအားပေးနိုင်ပါမည်နည်း။ မြန်မာနိုင်ငံ၏ လူတန်းစားအများဆုံးနှင့် အဓိက နိုင်ငံခြားဝင်ငွေရှာပေးနေသော ကျေးလက်နေပြည်သူတို့သည် အခြေခံအဆောက်အအုံကောင်းများ၊ လူ့စွမ်းအားအရင်းအမြစ်များ မဟုတ်ပြီလော။ ထိုအခြေခံကောင်းများကို တိုင်းပြည်အကျိုးရှေးရှုသည့်လုပ်ငန်းများ၌ အပြုသဘော အသုံးမချနိုင်၍သာ လယ်သမားသားသမီးအများစု နင်းပြားဘ၀က မကျော်လွန်နိုင်ခြင်း ဖြစ်ပေသည်။ သို့ဖြင့် ကျွဲ နွားကျောင်း၊ လယ်ထဲဆင်းနှင့် အိုင်ပက်ငါးဖမ်း ဖြစ်ကုန်ကြတော့သည်။
ဤသို့ဆိုလျှင် “ကျောင်းနေရွယ်ကလေးငယ်များ ကျောင်းနေရေး၊ ကျောင်းနေကလေးများ၊ အတန်းပညာကုန်ဆုံးအောင် သင်ယူရေး၊ မိဘ-ဆရာနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ရေး” ဟု လေသံလွှင့်နေသော အမျိုးသားပညာရေးကော်မတီဥက္ကဋ္ဌ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ ၂၀၀၉၊ ဇွန် (၂၅) ဘိုကလေးမြို့ ကျေးလက်ပြည်သူတို့အား လမ်းညွှန်ချက်သည်လည်းကောင်း၊ “မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသာ လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးနိုင်သည့် ပညာရေးစနစ်တခု ဖြစ်ထွန်းလာစေရေး” ဟူသည့် နှစ် (၃၀) စီမံကိန်းတို့သည် ရေပေါ်အရုပ်ရေးသကဲ့သို့ အရာထင်လာမည် မဟုတ်သည့်အတွက် ပြန်လည်သုံးသပ်သင့်ပြီဖြစ်သည်။
နာဂစ်အလွန် တနှစ်သာသာ၌ ကျနော်သည် ဘိုကလေးမြို့၊ အနောက်တောင်ထောင့်၊ ရေမိုင် (၂၀) ကျော်ရှိ ထော်ပိုင်-ရွှေပြည်အေးကျေးရွာသို့ ရောက်ဖြစ်ခဲ့သည်။ စက်ဆန်း (ယခင် စက်စု-စက်ဆန်း) ဒိုင်နယ်တွင် ကျေးရွာ (၃၆) ရွာ ပါဝင်ပြီး စက်ဆန်းက (၁၆) ရွာ၊ ရွှေပြည်အေးက ရွာ (၂၀) အုပ်ချုပ်သည်။ ထော်ပိုင်-ရွှေပြည်အေးကျေးရွာသည် အိမ်ခြေ (၂၉၀)၊ အိမ်ထောင်စု (၃၀၄) စုရှိပြီး ကရင်-ဗမာ စုပေါင်းနေထိုင်ကြသည်။ နာဂစ်လေဘေး၌ (၄၇) ဦး သေဆုံးပြီး UNDP မှ ဆောက်လုပ်လှူဒါန်းသော မူလတန်းကျောင်းမှာ အနည်းငယ်သာ ပျက်စီးခဲ့သည်။ အဆိုပါကျောင်း၌ ယခုနှစ် မူလတန်း ကျောင်းသား (၂၈၀) ဦးနှင့် မူလွန် (၅၂) ဦး ပညာသင်ကြားလျက်ရှိသည်။ အစိုးရခန့် ဆရာ (၃) ဦးနှင့် ဒေသခန့်ဆရာ (၂) ဦးရှိသည်။
၎င်းကျေးရွာရှိ မူလွန်ကျောင်းသားများ၏ အဖြေလွှာများ စစ်ဆေးပေးရန် စက်ဆန်းအထက်တန်းကျောင်းသို့ သွားတွဲရာ ကျောင်းအုပ်ဆရာမကြီး ရောက်မလာသေး၍ အတွဲမခံဟု တာဝန်ခံဆရာက အကြောင်းပြန်သည်။ အဆိုပါ ကျောင်းအုပ်ဆရာမကြီးသည် သစ်တောဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင် (သို့မဟုတ်) တိုင်းမှူး- ၀န်ကြီးတဦးဦး၏ PSO နှင့် ဆွေမျိုးဟု သတင်းထွက်ပေါ်နေသည်။ ပြောင်းရွှေ့မိန့် (Order) ကျပြီးသည်မှာ (၃) လခန့်ရှိနေပြီး ယခုထိ လာရောက်တာဝန်ထမ်းဆောင်ခြင်း မပြုသေးကြောင်း သိရသည်။ ထို့အတွက် ထော်ပိုင်-ရွှေပြည်အေး တွဲဖက်ကျောင်းကော်မတီမှ ကလေးများ ပညာသင်ကြားရေး နောက်မကျစေရန် အဆီကြီးရွာ ဘုန်းတော်ကြီးသင်ပညာရေး (ဘက) ကျောင်းသို့ တွဲထားရန် လိုရမည်ရ စီစဉ်နေရကြောင်း သိရသည်။
အဆိုပါ ထော်ပိုင်-ရွှေပြည်အေးကျေးရွာ၌ မူလွန်ကျောင်းချပေးရန် ၀န်ကြီးချုပ်မှ ဒေသအာဏာပိုင်တို့အား ယခုနှစ် ဖေဖော်ဝါရီလက ညွှန်ကြားခဲ့သော်လည်း ဇွန်လကျောင်းဖွင့်ချိန်အထိ အကောင်အထည်မပေါ်ခဲ့ဘဲ တွဲဖက် (ဒေသအခေါ်) သူခိုးကျောင်းအဖြစ်သာ ရှိနေခဲ့သည်။ တရားဝင် မူလွန်ကျောင်းဖြစ်ရေး ဘိုကလေးမြို့နယ် ပညာရေးမှူးရုံးသို့ သွားရောက်စုံစမ်းသော် ခရိုင်အဆင့်၊ တိုင်းအဆင့် ဆက်လက်တင်ပြရဦးမည်ဖြစ်သည့်အတွက် ကျေးရွာမှ ငွေ (၂) သိန်းခန့် ကုန်ကျသွားသည်ဟု သိရသည်။
ဤမျှ ပညာရးကို နုံ့နဲ့စွာယူသင်နေကြရသည့် ထော်ပိုင်-ရွှေပြည်အေးကျေးရွာသည် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ကာကွယ်ရေးမှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေ၊ သစ်တောဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်၊ စီးပွားကူးသန်းဝန်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်းတို့ မကြာခဏ ကွင်းဆင်းစစ်ဆေးနေသည့် နာဂစ်လေဘေးသင့်၊ စီမံကိန်း အဆင့်ဝင် ဘိုကလေးမြို့၊ စက်ဆန်း ဒိုင်နယ်နှင့် ကုန်းလမ်းခရီး (၇) မိုင်ခန့်သာ ဝေးကွာပါသည်။ စစ်အာဏာရှင်တို့အနေဖြင့် ဒေသပထ၀ီအနေအထားအရ မဟာဗျူဟာမကျ၍ ထော်ပိုင်-ရွှေပြည်အေး ဒေသဖွံ့ဖြိုးမှုကို ချန်လှပ်ခဲ့သည်ဆိုလျှင်တော့ မပြောတတ်ပြီ။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၌ နာဂစ်လေဘေး အလူးအလဲခံရပြီး အသေအပျောက် အများဆုံးကျေးရွာ (၂) ရွာရှိသည်။ ကျွန်းသာယာ-ကြိမ်ချောင်းကြီးနှင့် ပျဉ်ဘိုးကြီးကျေးရွာတို့ဖြစ်သည်။ တရားဝင်စာရင်းဇယားများအရ ပျဉ်ဘိုးကြီး ဒိုင်နယ်တွင် (၇၇၂) ဦး သေဆုံးပြီး ပျဉ်ဘိုးကြီး ကျေးရွာတခုတည်း (၃၅၃) ဦး သေဆုံးသည်။
ပျဉ်ဘိုးကြီး ကျေးရွာအုပ်စုတွင် ပျဉ်ဘိုးကြီး၊ ပျဉ်ဘိုးလေး၊ ကပ်ဗလာချောင်း၊ ၀က်ခေါင်းကျ၊ ဓမ္မသုခကျေးရွာတို့ ပါဝင်သည်။ နာဂစ်ဒဏ်ကြောင့် ပျဉ်ဘိုးကြီးအုပ်စုတွင်း၌ မူလတန်းစာသင်ကျောင်း (၄) ကျောင်းစလုံး ပျက်စီးခဲ့ရာ ကပ်ဗလာချောင်း မူလတန်းကျောင်းဆောင်သစ်တခုသာ ယခုနှစ် စာသင်ချိန်အမီ ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည်။ ကျန် (၃) ကျောင်းမှာ သင့်သလို ယာယီတည်ဆောက်ထားရပြီး ကျောင်းသားတို့ စာသင်နေကြရသည်။ အဆိုပါ ယာယီကျောင်းဆောင်၌ မူလတန်း (၁၂၀) ဦးနှင့် မူလွန် (၃၅) ဦးရှိသည်။ မူလွန်ကျောင်းသားတို့အတွက် ကျောင်းကော်မတီမှ ကုန်းလမ်း (၁) မိုင်ခွဲခန့် ဝေးကွာ သော စက်ဆန်းအထကနှင့် သွားတွဲရာ ကျောင်းမှ လက်မခံဟု ယခုရက်ပိုင်းသတင်းရရှိသည်။ ထို့အတွက် ကျောင်းကော်မတီမှ မျက်နှာငယ်စွာနှင့် ဂရမ်း အလကကျောင်းနှင့် စာမေးပွဲမတိုင်မီ တွဲရန် စီစဉ်နေရသည်ဟု သိရသည်။
မြန်မာကရုဏာ ဖောင်ဒေးရှင်း၊ I Love Myanmar, UNDP, UNICEF, Diamond Mercury စသည့် ဒေသတွင်း လူမှုအဖွဲ့အစည်းတို့၏ ထိရောက်မှုမရှိသော ထောက်ပံ့ရေးနည်းလမ်းများ၊ နအဖ၏ မုန်တိုင်းသင့် ဒေသများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ နေအိမ်တည်ဆောက်မှုနှင့် Cyclone Shelters များ၊ လမ်းတံတားများ တည်ဆောက်ပြီးစီးမှု စသည့် ၀ါဒဖြန့်ချိရေး စကားလုံးတို့သည် ဒေသခံပြည်သူတို့၏ လက်တွေ့ပကတိအခြေအနေနှင့် လွန်စွာကွာဟနေပေသည်။
အထက်အကြောင်းခြင်းရာတို့ကို ခြုံငုံသုံးသပ်ရသော် ကျေးလက်နေပြည်သူများထဲမှ လတ်တလော ဘ၀အခြေအနေ၊ အခြေခံကောင်းသူတို့၏ အနာဂတ်ပညာရေးပန်းတိုင်သည် ရေရာသေချာမှုရှိပါရဲ့လား။ မူလတန်းအောင်ပြီး၍ မူလွန်တက်ရောက်ရန်အတွက် ရုပ်ဝတ္ထုအခြေခံကောင်းတွေ ပြည့်စုံပါပြီးလား။ တွဲဖက်(သူခိုး)ကျောင်းသားများအဖြစ် သိမ်ငယ်စွာ ရပ်တည်နေရသော ကျောင်းသားငယ်တို့၏ စိတ်ပိုင်းဆိုင်ရာကို မည်သို့ ဖေးမကူတွဲကြပါမည်နည်း။ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ကို ပင် ကျောင်းသားတိုင်းအား ရောင်းချမပေးနိုင်သည့် ယနေ့ခေတ်ပညာရေး၏ ဆုတ်ယုတ်မှု အခြေအနေအရပ်ရပ်အပေါ် အာဏာရှင်တို့အနေဖြင့် ပြန်လည်ဆန်းစစ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။
dinsdag 28 juli 2009
မယ်လဒုက္ခသည်စခန်းတွင် သွေးလွန်တုပ်ကွေး ဖြစ်သူများပြား

NEJ / ၂၈ ဇူလိုင် ၂၀၀၉
မယ်လဒုက္ခသည်စခန်းအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာ ဖြစ်နေသူများဟု သံသယရှိသူ (၁၀၀) ခန့်ကို စခန်းဆေးရုံတွင် ကုသမူပေးနေကြောင်း စခန်းဒု-ဥက္ကဋ္ဌက ပြောသည်။
စခန်းဒု-ဥက္ကဋ္ဌ စောထွန်းထွန်းက “ဒီလထဲမှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့လူ (၅) ဦးကို မဲဆောက်ဆေးရုံကြီးပို့ရတယ်။ စခန်းဆေးရုံမှာတော့ သံသယရှိတဲ့အဆင့် လူ (၁၀၀) လောက်ရှိတယ်။ ဒါကြောင့် မနေ့က စခန်းတာဝန်ရှိသူတွေ စည်းဝေးထိုင်ပြီး ရောဂါထိန်းချုပ်ရေးနဲ့ ပညာပေးရေးကိစ္စတွေ တိုးမြှင့်လုပ်ဆောင်ဖို့ စီစဉ်ကြတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ယခု စခန်းဆေးရုံတွင် ရောဂါပြင်းထန်သူ လူနာ (၁၀) ဦးရှိပြီး ကျန်လူနာများမှာ အတွင်းလူနာနှင့် အပြင်လူနာများဖြစ်ကြကြောင်း၊ လောလောဆယ် ဆေးစစ်ချက်များအရ လူနာများတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသည်ကိုသာ တွေ့ရှိရပြီး A(H1N1) တုပ်ကွေးဖြစ်ပွားမှု မရှိကြောင်း မယ်လစခန်းဆေးရုံတာဝန်ခံဆရာ စောနေဆဲက ပြောသည်။
၎င်းက “ကိုယ်ပူကိုက်ခဲညောင်းညာပြီး နှာခေါင်းနဲ့ပါးစပ်က သွေးထွက်တဲ့လူနာတွေကို အထူးသတိထားရတယ်။ တုပ်ကွေး အမျိုးအစားကိုသိဖို့ လူနာတွေကို ဆေးစစ်ပါတယ်” ဟု ပြောသည်။
ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ရောဂါဖြစ်သူ၏ အိမ်ပတ်ဝန်းကျင်တွင် ထပ်မံကူးစက်မဖြစ်ပွားရန် လိုအပ်သည့် ကာကွယ်မူများ ရပ်ကွက်အလိုက် လိုက်လံဆောင်ရွက်မူများ ပြုလုပ်ပေးနေသည်ဟုလည်း သိရသည်။
ရပ်ကွက်မှူးတဦးဖြစ်သူ ကိုရွှေက “ဒီရောဂါမဖြစ်ဖို့ ဒုက္ခသည်တွေလည်း ကျန်းမာရေးအသိနဲ့ ကာကွယ်မူတွေလုပ်ဖို့ လိုတယ်။ စခန်းမှာပေးတဲ့ ဆေးခြင်ထောင်တွေကို မသုံးဘဲ ရောင်းစားကြတယ်။ ပြီးရင် ခြင်ထောင်မပါဘဲ အိပ်တော့ ခြင်ကိုက်ခံရပြီး သွေးလွန်တုပ်ကွေးဖြစ်ကြတာ” ဟု ပြောသည်။
ယခင်နှစ်များက ရောဂါဖြစ်ပွားသူဦးရေမှာ ဆယ်ဂဏန်းအောက်သာ ရှိခဲ့ပြီး ယခုနှစ်ဖြစ်ပွားမှုနှုန်းမှာ အများဆုံးဖြစ်သည်ဟု စခန်းဆေးရုံတာဝန်ခံက ပြောသည်။
မဲဆောက်မြို့၏မြောက်ဘက် (၆၅) ကီလိုမီိတာ အကွာတွင်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် မြန်မာဒုက္ခသည် (၅) သောင်းခန့် နေထိုင်လျက်ရှိသည်။
Labels:
ခေတ်ပြိုင် မှ
ငွေစက္ကူအဟောင်းများ လဲပေးတော့မည်

Tuesday, 28 July 2009 19:05 သန်းထိုက်ဦး
မြန်မာနိုင်ငံတွင် လက်ရှိ သုံးစွဲနေသော ဟောင်းနွမ်းနေသည့် ငွေစက္ကူများကို ဗဟိုဘဏ်များက လဲလှယ်ပေး တော့မည်ဟု မြန်မာနိုင်ငံတော် ဗဟို ဘဏ်လုပ်ငန်းဌာနခွဲမှ တာဝန်ရှိသူ တဦးက ပြောကြားလိုက်သည်။
ဟောင်းနွမ်းနေသည့် ငွေစက္ကူများကို အသုံးပြုနိုင်ရန် တိပ်ဖြင့်ကပ်နေစဉ် (ဓာတ်ပုံ - လျှပ်တပြက်ဂျာနယ်)
ပြည်သူလူထု၏ လက်တွင်း၌ ဟောင်းနွမ်းနေသော ငွေစက္ကူ အများအပြားရှိနေသည်ဟူသည့် သတင်းများကြောင့် ယခုကဲ့သို့ လဲလှယ်ပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်လုပ်ငန်းဌာနခွဲမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။
ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌လည်း မြန်မာ့ စီးပွားရေး ဘဏ်များတွင် သက်မှတ်ချက်နှင့် ပြည့်စုံသော ငွေစက္ကူအဟောင်းများ လာရောက်လဲလှယ်နိုင်ကြောင်း ဖော်ပြထားသည်။
ရန်ကုန်မြို့မှ ကုမ္ပဏီဝန်ထမ်းတဦးက “ပိုက်ဆံတွေက အရောင်အဆင်းမရှိလောက်အောင် စုတ်ပါတယ်၊ ခုနောက်ပိုင်း ဘယ်သူကမှ အထွန့်မတက်ဘူး။ ကိုယ့်ပေးလည်း ယူတယ်၊ ကိုယ်ကပေးလည်း သူက ယူတယ်” ဟု ပြောသည်။ယခုကဲ့သို့ ငွေစက္ကူအသစ်များနှင့် လဲလှယ်ပေးလျှင် အဆင်ပြေကြောင်း သူက ဆက်ပြောသည်။
“ကိုင်ရတာ နည်းနည်းသန့်သွားတာပေါ့။ ဘောင်းဘီထဲ ထိုးထည့်လို့လည်းရတယ်” ဟု ၎င်းက ဆိုသည်။
သက်မှတ်ချက်နှင့် ကိုက်ညီသော ငွေစက္ကူများကို လဲလှယ်ပေးမည်ဟု ဆိုထားသော်လည်း သတင်းစာထဲ၌ ကိုက်ညီရမည့် အချက်များကို ဖော်ပြထားခြင်း မရှိပေ။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၏ သတင်းထုတ်ပြန်ချက်အရ သြဂုတ်လ ၃ ရက်နေ့မှ စတင်၍ ငွေစက္ကူ ၁၀ ကျပ်တန်မှ ၂၀၀ တန်အထိကို တန်ဖိုးတူချင်း အဟောင်း နှင့် အသစ် လဲလှယ် ပေးရန် စီစဉ်ထားကြောင်း သိရသည်။
လူတဦးလျှင် ငွေစက္ကူ အရွက် ၃၀ သာ လဲလှယ်ပေးမည် ဖြစ်ကြောင်းနှင့် တနင်္လာနေ့နှင့် သောကြာ ၂ ရက်သာ လက်ခံလဲလှယ်ပေးမည် ဖြစ်ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူက ပြောသည်။
မြန်မာနိုင်ငံတွင် ကျပ်ငွေ ၅၀ တန်နှင့် ၁၀၀ တန်များ ရှားပါးလျက်ရှိသည်။
ထိုကဲ့သို့ ငွေစက္ကူ အကြွေများ ရှားပါးနေသောကြောင့် ဈေးဆိုင်ငယ်များ၊ လက်ဖက်ရည်ဆိုင်များတွင် ငွေစက္ကူ အကြွေအစား ကော်ဖီမစ်ထုပ်၊ ဖယောင်းတိုင်၊ ဘောပင်၊ သကြားလုံး စသည်တို့ကို ပြန်အမ်းနေရကြောင်း၊ ထိုသို့ အမ်းလိုက်သည့် ပစ္စည်းများဖြင့် ၎င်းဆိုင်တွင် တန်ဖိုးနှင့် ညီမျှသည့်ပစ္စည်း ပြန်လည်လဲလှယ်ဝယ်ယူနိုင်ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
“ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ငွေစက္ကူ အကြွေတောင် တော်တော်ရှားပါးနေတာ။ တချို့ဆိုင်တွေဆို ကိုယ့်ဘာသာ တုံကင်သဘောမျိုး ၁၀၀၊ ၅၀ ဆိုပြီး စက္ကူလေးတွေပေါ်ရေးထားပြီး ဆိုင်ရှင်က လက်မှတ်ထိုးပေး၊ ပြန်အမ်းလိုက်ရင် အဲဒီစက္ကူလေးတွေနဲ့ အဲဒီဆိုင်မှာ ပြန်ဝယ်လို့ရတယ်” ဟု ရန်ကုန်သားတဦးက ပြောသည်။
ဗဟိုဘဏ် တာဝန်ရှိသူ၏ အဆိုအရ ယခင်ကတည်းက မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ၊ မီးသတ် တပ်ဖွဲ့ အစရှိသည့် ဌာနများကို ဗဟိုဘဏ်က ငွေအကြွေများ လဲလှယ်ပေးလျက်ရှိပြီး ယခုအခါ နယ်ဒေသများတွင်လည်း အထူးအစီအစဉ်နှင့် လဲလှယ်ပေး နေသည်ဟု သိရသည်။
“ကျနော်တို့ အမြဲတမ်းပဲ လဲပေးနေတာ၊ မထသ တို့ မီးသတ်ဌာနတို့ကို တပတ် ကျပ်သိန်း ၁၀၀ ဖိုးလောက် အကြွေတွေလဲပေး နေရတယ်။ သူတို့က တထောင်တန် တွေလာပေး ကျနော်တို့က အကြွေတွေ ပြန်ပေးတယ်။ တခြားမြို့နယ်တွေတိုင်းကို ရောက်အောင် လုပ်ပေးတဲ့သဘောပဲ” ဟု ဗဟိုဘဏ် တာဝန်ရှိသူက ပြောပြသည်။
အစိုးရ ဘဏ်များက ငွေစက္ကူ အစုတ်၊ အဟောင်းများ အပါအဝင် ခြကိုက်ထားသည့် ငွေစက္ကူများ၊ တိပ်ကပ်၊ မီးလောင် ထားသော ငွေများကို ယခင်ကတည်းက လဲလှယ်ပေးလျက်ရှိကြောင်းလည်း သူက ဆိုသည်။
မြန်မာပြည်သူများ လက်ဝယ်၌ လှည့်လည်သုံးစွဲနေသော ဟောင်းနွမ်း ငွေစက္ကူများကို သတ်မှတ်ချက်များ နှင့် ပြည်စုံသော ငွေစက္ကူများဖြစ်ပါက ရန်ကုန်မြို့ အမှတ် ၁၉၈/၁၉၉ ဗိုလ်ဆွန်ပက်လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ မြန်မာ နိုင်ငံတော် ဗဟို ဘဏ်လုပ်ငန်းဌာနခွဲ ငွေစက္ကူလဲလှယ်ရေး ကောင်တာနှင့် မြန်မာ့ စီးပွားရေးဘဏ် ဘဏ်ခွဲအသီးသီးတွင် လက်ခံလဲလှယ် ပေးလျက်ရှိကြောင်း ၎င်းသတင်းစာ၌ ရေးသားထားသည်။
Labels:
ဧရာဝတီ မှ
ဗိုလ်ချုပ်မှူးကြီး၏သားက လုပ်ငန်းကြီးတခုကို သိမ်းပိုက်
Tuesday, 28 July 2009 19:18 ရန်ပိုင်
ရန်ကုန်မြို့ ဗားကရာ ဆိပ်ကမ်းရှိ သစ်အတင်အချ လုပ်ကိုင်နေသော ပုဂ္ဂလိက လုပ်ငန်း တခုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏သား ဦးကြိုင်ဆန်းရွှေက လုယူခဲ့ကြောင်း သိရသည်။
ထိုလုပ်ငန်းသည် နိုင်ငံခြားတင်ပို့မည့် သစ်လုံးများကို ဝန်ချီစက်ကြီးများဖြင့် အတင် အချ ပြုလုပ်ပေး နေသော လုပ်ငန်း ဖြစ်ကြောင်း၊ သောကြာနေ့ (ဇူလိုင်လ ၂၄ ၇က်နေ့)က လုပ်ငန်း ပိုင်ရှင်များ ဖြစ်သည့် ဦးရဲထွန်းနိုင်နှင့် အခြား အစု ရှယ်ယာဝင် ၄ ဦးတို့သည် ထိုလုပ်ငန်းမှ အပြီးတိုင် နှုတ်ထွက်ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီမှာ အမည် ပေးထားခြင်း မရှိပေ။
“ဗားကရာမှာ သစ်လုံးသယ်တဲ့ ကရိန်းတွေ ရှိတယ်၊ မြန်မာပြည်မှ သုံးခုပဲ ရှိတယ် အကြီးဆုံးတွေပေါ့၊ ရင်းနှီး မြှုပ်နှံမှုလည်း များတယ်၊ တလကို အမြတ်ငွေ သိန်း၂ဝဝ (ဒေါ်လာ ၁၉ဝဝဝ ကျော်) လောက် ဝင်တယ်၊ လုပ်ငန်းက ခိုင်တော့ ဦးကြိုင်ဆန်းရွှေက မျက်စိကျတာ” ဟု အဆိုပါ လုပ်ငန်းအုပ်စု နင့် နီးစပ်သူ တဦးက ပြောကြားသည်။
ယင်းလုပ်ငန်း၏ အကျိုးအမြတ်ကို မျက်စိကျနေသော ဦးကြိုင်ဆန်းရွှေက အလှည့်ကျ လုပ်ကိုင်ရန် လွန်ခဲ့သော တလခန့်က စတင် ကမ်းလှမ်းခဲ့ကြောင်း၊ ဦးရဲထွန်းနိုင် တို့က လက်မခံသောကြောင့် လုပ်ငန်း တခုလုံးကို လုယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဗားကရာ ဆိပ်ကမ်းရှိ ၎င်းတို့၏ ရုံးသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရရှိပေ။
အဆိုပါလုပ်ငန်းသည် အငြိမ်းစား စစ်အရာရှိများ စုပေါင်း၍ လုပ်ကိုင်ထားသည့် လုပ်ငန်း ဖြစ်သည်။ ဦးရဲထွန်းနိုင်သည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနသို့ ပြောင်းရွှေ့ခဲ့သည့် အငြိမ်းစား ဗိုလ်ကြီး တဦး ဖြစ်သည်။
ယခုအခါ လုပ်ငန်းရှင် ဦးရဲထွန်းနိုင် အပါအဝင် အစုရှယ်ယာဝင် ငါးဦးသည် ၎င်းတို့ပိုင် လုပ်ငန်းသုံး ပစ္စည်းများကို ထုခွဲ ရောင်းချရန် စီစဉ် နေပြီး အလုပ်သမား ၅ဝ ခန့် ကိုလည်း လျော်ကြေး အဖြစ် မြန်မာငွေ ကျပ်၂သောင်းခွဲစီ ပေးလျော်ခဲ့ရကြောင်း အဆိုပါ လုပ်ငန်းအုပ်စု နှင့် နီးစပ်သူများက ဧရာဝတီကို ပြောပြသည်။
ဦးကြိုင်ဆန်းရွှေသည် စစ်အစိုးရ ချုပ်ကိုင်ထားသော စီးပွားရေးလောကမှ ဦးတေဇ၊ ဦးဇော်ဇော်၊ ဗိုလ်ချုပ်ကြီး ရွှေမန်း၏ သား ဦးအောင်သက်မန်း တို့ကဲသို့ နာမည်ကြီး စီးပွားရေး သမား မဟုတ်ပေ။ သို့သော်လည်း ကုမ္ပဏီများတွင် အစုရှယ်ယာ အဖြစ် ငွေကြေး ထည့်ဝင်ခြင်း မရှိဘဲ အကျိုး အမြတ် ရယူသူဟုလည်း ရန်ကုန်မှ စီးပွားရေး လုပ်ငန်းရှင် တချို့က ပြောသည်။
ရန်ကုန်မြို့ ဗားကရာ ဆိပ်ကမ်းရှိ သစ်အတင်အချ လုပ်ကိုင်နေသော ပုဂ္ဂလိက လုပ်ငန်း တခုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏သား ဦးကြိုင်ဆန်းရွှေက လုယူခဲ့ကြောင်း သိရသည်။
ထိုလုပ်ငန်းသည် နိုင်ငံခြားတင်ပို့မည့် သစ်လုံးများကို ဝန်ချီစက်ကြီးများဖြင့် အတင် အချ ပြုလုပ်ပေး နေသော လုပ်ငန်း ဖြစ်ကြောင်း၊ သောကြာနေ့ (ဇူလိုင်လ ၂၄ ၇က်နေ့)က လုပ်ငန်း ပိုင်ရှင်များ ဖြစ်သည့် ဦးရဲထွန်းနိုင်နှင့် အခြား အစု ရှယ်ယာဝင် ၄ ဦးတို့သည် ထိုလုပ်ငန်းမှ အပြီးတိုင် နှုတ်ထွက်ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီမှာ အမည် ပေးထားခြင်း မရှိပေ။
“ဗားကရာမှာ သစ်လုံးသယ်တဲ့ ကရိန်းတွေ ရှိတယ်၊ မြန်မာပြည်မှ သုံးခုပဲ ရှိတယ် အကြီးဆုံးတွေပေါ့၊ ရင်းနှီး မြှုပ်နှံမှုလည်း များတယ်၊ တလကို အမြတ်ငွေ သိန်း၂ဝဝ (ဒေါ်လာ ၁၉ဝဝဝ ကျော်) လောက် ဝင်တယ်၊ လုပ်ငန်းက ခိုင်တော့ ဦးကြိုင်ဆန်းရွှေက မျက်စိကျတာ” ဟု အဆိုပါ လုပ်ငန်းအုပ်စု နင့် နီးစပ်သူ တဦးက ပြောကြားသည်။
ယင်းလုပ်ငန်း၏ အကျိုးအမြတ်ကို မျက်စိကျနေသော ဦးကြိုင်ဆန်းရွှေက အလှည့်ကျ လုပ်ကိုင်ရန် လွန်ခဲ့သော တလခန့်က စတင် ကမ်းလှမ်းခဲ့ကြောင်း၊ ဦးရဲထွန်းနိုင် တို့က လက်မခံသောကြောင့် လုပ်ငန်း တခုလုံးကို လုယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဗားကရာ ဆိပ်ကမ်းရှိ ၎င်းတို့၏ ရုံးသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရရှိပေ။
အဆိုပါလုပ်ငန်းသည် အငြိမ်းစား စစ်အရာရှိများ စုပေါင်း၍ လုပ်ကိုင်ထားသည့် လုပ်ငန်း ဖြစ်သည်။ ဦးရဲထွန်းနိုင်သည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနသို့ ပြောင်းရွှေ့ခဲ့သည့် အငြိမ်းစား ဗိုလ်ကြီး တဦး ဖြစ်သည်။
ယခုအခါ လုပ်ငန်းရှင် ဦးရဲထွန်းနိုင် အပါအဝင် အစုရှယ်ယာဝင် ငါးဦးသည် ၎င်းတို့ပိုင် လုပ်ငန်းသုံး ပစ္စည်းများကို ထုခွဲ ရောင်းချရန် စီစဉ် နေပြီး အလုပ်သမား ၅ဝ ခန့် ကိုလည်း လျော်ကြေး အဖြစ် မြန်မာငွေ ကျပ်၂သောင်းခွဲစီ ပေးလျော်ခဲ့ရကြောင်း အဆိုပါ လုပ်ငန်းအုပ်စု နှင့် နီးစပ်သူများက ဧရာဝတီကို ပြောပြသည်။
ဦးကြိုင်ဆန်းရွှေသည် စစ်အစိုးရ ချုပ်ကိုင်ထားသော စီးပွားရေးလောကမှ ဦးတေဇ၊ ဦးဇော်ဇော်၊ ဗိုလ်ချုပ်ကြီး ရွှေမန်း၏ သား ဦးအောင်သက်မန်း တို့ကဲသို့ နာမည်ကြီး စီးပွားရေး သမား မဟုတ်ပေ။ သို့သော်လည်း ကုမ္ပဏီများတွင် အစုရှယ်ယာ အဖြစ် ငွေကြေး ထည့်ဝင်ခြင်း မရှိဘဲ အကျိုး အမြတ် ရယူသူဟုလည်း ရန်ကုန်မှ စီးပွားရေး လုပ်ငန်းရှင် တချို့က ပြောသည်။
Labels:
ဧရာဝတီ မှ
ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချတော့မည်

မင်းနိုင်သူ / ၂၈ ဇူလိုင် ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုစစ်ဆေး နေသော အင်းစိန်အထူးတရားရုံး ယနေ့တရားခွင်၌ တရားသူကြီးများက လာမည့်သောကြာနေ့တွင် စီရင်ချက်ချမည်ဟု ရုံးချိန်းပေးလိုက်ပြီဖြစ်သည်။
“ဒီနေ့တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်ပါတဲ့အမှုက နှစ်ဘက်ရှေ့နေတွေရဲ့ အပြီးသတ်လျှောက်လဲချက် (၁၂) နာရီလောက်မှာ ပြီးစီးသွားပါပြီ။ တရားရုံးက ဇူလိုင် (၃၁) ရက်နေ့မှာ စီရင်ချက်ချမယ်လို့ ရုံးချိန်းပေးလိုက်ပါပြီ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းတင်ပြခဲ့သော ထပ်တိုးသက်သေအတွက် နှစ်ဘက်ရှေ့နေများက ယနေ့ထပ်မံ လျှောက်လဲချက် ပေးခဲ့ကြရာ တရားရုံးက ထပ်တိုးသက်သေမလိုအပ်ဟုဆိုကာ ပယ်ချလိုက်ကြောင်း သိရသည်။
“အဲဒီထပ်တိုးသက်သေနဲ့ ပတ်သက်ပြီးတော့ နှစ်ဘက်ရှေ့နေတွေ အကျဉ်းချုပ် လျှောက်လဲချက်ပေးခဲ့ကြပါတယ်။ တရားရုံးက ဒီသက်သေဟာ အစိုးရအဖွဲ့က အဆုံးအဖြတ်ပြုပြီးသား ကိစ္စဖြစ်နေတယ်။ အတည်ဖြစ်နေတယ်။ ဒါကြောင့် မလိုအပ်ဘူးဆိုပြီး ကျနော်တို့ လျှောက်ထားတာကို ပယ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ (၁၀/က)၊ (၁၀/ခ) နဲ့ ထိန်းသိမ်းခဲ့တဲ့ အမိန့်တွေဟာ အစိုးရအဖွဲ့က လုပ်တာ။ အစိုးရအဖွဲ့က လုပ်ထားတဲ့အပေါ်မှာ အယူခံလည်း ပယ်ထားပြီးသားဖြစ်တော့ ဒါဟာ အတည်ဖြစ်နေပါတယ်လို့ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ရှင်းလင်းပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းခဲ့မှုအခြေအနေနှင့် ယခုစွဲဆိုထားချက် အပ်စပ်မှုရှိမရှိ တရားရုံးက ဆုံးဖြတ်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေကြီး ဦးကြည်ဝင်းက မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြောဆိုချက်ကို ကိုးကား၍ ယမန်နေ့ တရားခွင်တွင် တင်ပြခဲ့သည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းမဟုတ်ဘဲ သူ့အသက်အန္တရာယ် စိုးရိမ်ရ၍ ထိန်းသိမ်းထားခြင်းသာဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအလုပ်ကော်မတီသို့ ထုတ်ဖော်ပြောဆိုခဲ့မှုကို ဦးကြည်ဝင်းက တင်ပြခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို သက်သေအဖြစ် တင်သွင်းလိုကြောင်း ယမန်နေ့က လျှောက်ထားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ထပ်တိုးသက်သေ လျှောက်ထားချက်ကို ပယ်ချလိုက်သည့်အတွက် ရှေ့နေဦးဉာဏ်ဝင်းက “အစိုးရအဖွဲ့က အဲလိုလုပ်တာကိုက ဥပဒေနဲ့မညီဘူး။ ဥပဒေအရ မလုပ်နိုင်ဘူး။ သူတို့က အဲဒါကို ရှောင်နေတာပါ” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဦးဉာဏ်ဝင်းက တင်ပြခဲ့သော ဇူလိုင် (၂၃) ရက်ထုတ် သတင်းစာများ၏ ဆောင်းပါးပါ ရေးသားချက်များသည် တရားဥပဒေကို မထီမဲ့မြင်ပြုရာရောက်သဖြင့် လိုအပ်သလို စိစစ်ဆောင်ရွက်ပေးပါရန် လျှောက်ထား ချက်ကိုလည်း ယနေ့တရားခွင်တွင် တရားသူကြီးများက တစုံတရာတုံ့ပြန်ခဲ့ခြင်းမရှိဟု သိရသည်။
နအဖစစ်အစိုးရ၏ သတင်းစာများ၌ ဇူလိုင် (၂၃) ရက်တွင် လူသစ်ဆိုသော ကလောင်အမည်ဖြင့် ရေးသားထားသည့် ပြည်သူ့ဆန္ဒကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသူများ ၀ိုင်းဝန်းဖယ်ရှား ဟူသည့် ဆောင်းပါးတွင် “အလားတူပင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း နိုင်ငံရေးအကျဉ်းသား မဟုတ်ပါဘူး။ တည်ဆဲဥပဒေတရပ်ကို ဖောက်ဖျက်ကျူးလွန်လို့ သက်ဆိုင်ရာတရားရုံးက တရားစွဲဆိုမှုနဲ့ တရားရင်ဆိုင်နေရသူသာ ဖြစ်ပါတယ်” ဟု ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအနေဖြင့် အပြီးသတ်လျှောက်လဲချက်ကို ရနိုင်သမျှသော အချိန်ကာလအတွင်း တရားရုံးသို့ အချက်အလက်ခိုင်ခိုင်မာမာဖြင့် အကောင်းဆုံးတင်ပြခဲ့ကြောင်း၊ ဥပဒေအမြင်အရ ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
ယနေ့တရားခွင်သို့ ဂျပန်နှင့်အမေရိကန် အပါအ၀င် သံရုံး (၅) ခုခန့်မှ သံတမန်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
တရားသူကြီး ဦးသောင်းညွန့်နှင့် ဦးညီညီစိုးတို့က အမှုကို ကြားနာစစ်ဆေးနေပြီး လာမည့် ဇူလိုင် (၃၁) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စီရင်ချက်အမိန့် ချမှတ်မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်တို့အား တရားစွဲဆိုမှုတွင် နအဖစစ်အစိုးရဘက်က တရားလိုပြသက်သေ (၂၃) ဦး တင်သွင်းကာ (၁၅) ဦး ထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၂) ဦးကိုသာ တင်သွင်းခွင့်ရသည်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ယခုအမှုဖြင့် တရားစီရင်ခြင်းခံရပါက ထောင်ဒဏ် (၅) နှစ်အထိ ကျခံရဖွယ်ရှိသည်။
Labels:
ခေတ်ပြိုင် မှ
မန္တလေးမြို့အတွင်း စစ်တပ်များ နေရာယူထား
မင်းနိုင်သူ / ၂၈ ဇူလိုင် ၂၀၀၉
မန္တလေးမြို့အတွင်းရှိ ရယကရုံးတို့တွင် စစ်တပ်များ တပ်စွဲနေရာယူထားကြကြောင်း မန္တလေးမြို့ခံများက ပြောသည်။
“မန္တလေး (၄) မြို့နယ်ဖြစ်တဲ့ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ အောင်မြေသာဇံ၊ ချမ်းမြသာစည် အဲဒီမြို့နယ်တွေထဲ ဇူလိုင် (၂၆) ရက် ညပိုင်းမှာ တပ်ကားတွေနဲ့ စစ်သားတွေ လာချသွားတာ။ ရယကရုံးတခုမှာ အယောက် (၃၀) လောက်ဆိုတော့ တပ်ခွဲတခုစာလောက် ချထားတာပေါ့ဗျာ။ အဲဒီ ရယကရုံးတွေထဲမှာတင် နေထိုင်ချက်ပြုတ်စားသောက်နေကြတာ” ဟု မြို့ခံတဦးက ပြောသည်။
ယခုကဲ့သို့ မန္တလေးမြို့ပေါ်တွင် တပ်စွဲနေရာယူထားခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခဲ့ပါက လူထုအုံကြွမှု ပေါ်ပေါက်လာနိုင်သဖြင့် လက်ဦးမှုရယူ နှိမ်နင်းနိုင်ရန်ဖြစ်သည်ဟု မန္တလေးမြို့ခံများက ယူဆနေကြသည်။
မန္တလေးမြို့ခံ စာနယ်ဇင်းသမားတဦးက “ဒါက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချကိုချမယ်လို့ ပြလိုက်တဲ့သဘောပဲဗျ။ ကျနော်တို့ မြို့ခံတွေက အဲလိုပဲ ယူဆတယ်။ ထောင်ချလိုက်လို့ လူထုက မခံမရပ်နိုင်ဖြစ်ပြီး အုံကြွမှု ဖြစ်လာရင် နှိမ်နင်းဖို့နဲ့ နောက်အခုလို တပ်ကြိုချ အင်အားပြပြီး လူထုကို ခြိမ်းခြောက်ထားတာ ဖြစ်တယ်” ဟု သုံးသပ်ပြောဆိုသည်။
မန္တလေးမြို့သည် သံဃာဦးရေအများဆုံးရှိသည့် မြို့ဖြစ်နေခြင်းကြောင့်လည်း ဒေသအာဏာပိုင်များက ပိုမိုစောင့်ကြည့်နေပြီး ဘုန်းကြီးကျောင်းတိုက်များအတွင်း လူအ၀င်အထွက်ကိုလည်း စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း မြို့ခံစာနယ်ဇင်းဆရာက ပြောသည်။
မန္တလေးမြို့တွင်း တပ်လုံခြုံရေးများ ရယူထားသကဲ့သို့ မန္တလေးတိုင်း အန်အယ်လ်ဒီအဖွဲ့ဝင်များကိုလည်း သတင်းတပ်ဖွဲ့မှ စောင့်ကြည့်မှုများ ပိုမိုပြုလုပ်နေသည်ဟု မန္တလေးတိုင်း အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် အပြီးသတ်လျှောက်လဲချက် ပေးရသော ဇူလိုင် (၂၄) ရက်မှစ၍ မန္တလေးတိုင်း အန်အယ်လ်ဒီအဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်အတွက် မဟာမြတ်မုနိဘုရားသို့ သွားရောက် ၀တ်ပြုဆုတောင်းခဲ့ကြရာ အာဏာပိုင်များ၏ နှောင့်ယှက်မှုများဖြင့် ကြုံတွေ့ခဲ့ကြရသည်။
ထိုနေ့က မဟာမြတ်မုနိဘုရားမှအပြန် မန္တလေး အရှေ့တောင်မြို့နယ် အန်အယ်လ်ဒီလူငယ် ကိုတိုးကြီးကို ကြံ့ဖွံ့အသင်းဝင်များက ဆိုင်ကယ်ရပ်နားထားရာနေရာတွင် ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြသည်။
“ဒီနေ့အထိ လိုက်နှောင့်ယှက်နေတာပဲ။ အရင်ရက်တွေက အနှောင့်အယှက်ခံရလို့ ဒီနေ့တော့ မဟာမြတ်မုနိဘုရားကြီးဆီကို ပါတီဝင်နှစ်ယောက်လောက်ပဲ ယောင်ပြအဖြစ် သွားရောက်ခဲ့တယ်။ ကျန်တဲ့လူတွေက ရွှေသာလျောင်းဘုရားကိုသွားပြီး ၀တ်ပြုဆုတောင်းခဲ့ကြတယ်။ ဒါပေမယ့် အဲဒီမှာလည်း သတင်းတပ်ဖွဲ့ကလူတွေ လိုက်ကြည့်နေတာပါပဲ” ဟု မန္တလေးတိုင်း အန်အယ်လ်ဒီလူငယ်တဦးက ပြောသည်။
မန္တလေးမြို့အတွင်းရှိ ရယကရုံးတို့တွင် စစ်တပ်များ တပ်စွဲနေရာယူထားကြကြောင်း မန္တလေးမြို့ခံများက ပြောသည်။
“မန္တလေး (၄) မြို့နယ်ဖြစ်တဲ့ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ အောင်မြေသာဇံ၊ ချမ်းမြသာစည် အဲဒီမြို့နယ်တွေထဲ ဇူလိုင် (၂၆) ရက် ညပိုင်းမှာ တပ်ကားတွေနဲ့ စစ်သားတွေ လာချသွားတာ။ ရယကရုံးတခုမှာ အယောက် (၃၀) လောက်ဆိုတော့ တပ်ခွဲတခုစာလောက် ချထားတာပေါ့ဗျာ။ အဲဒီ ရယကရုံးတွေထဲမှာတင် နေထိုင်ချက်ပြုတ်စားသောက်နေကြတာ” ဟု မြို့ခံတဦးက ပြောသည်။
ယခုကဲ့သို့ မန္တလေးမြို့ပေါ်တွင် တပ်စွဲနေရာယူထားခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခဲ့ပါက လူထုအုံကြွမှု ပေါ်ပေါက်လာနိုင်သဖြင့် လက်ဦးမှုရယူ နှိမ်နင်းနိုင်ရန်ဖြစ်သည်ဟု မန္တလေးမြို့ခံများက ယူဆနေကြသည်။
မန္တလေးမြို့ခံ စာနယ်ဇင်းသမားတဦးက “ဒါက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချကိုချမယ်လို့ ပြလိုက်တဲ့သဘောပဲဗျ။ ကျနော်တို့ မြို့ခံတွေက အဲလိုပဲ ယူဆတယ်။ ထောင်ချလိုက်လို့ လူထုက မခံမရပ်နိုင်ဖြစ်ပြီး အုံကြွမှု ဖြစ်လာရင် နှိမ်နင်းဖို့နဲ့ နောက်အခုလို တပ်ကြိုချ အင်အားပြပြီး လူထုကို ခြိမ်းခြောက်ထားတာ ဖြစ်တယ်” ဟု သုံးသပ်ပြောဆိုသည်။
မန္တလေးမြို့သည် သံဃာဦးရေအများဆုံးရှိသည့် မြို့ဖြစ်နေခြင်းကြောင့်လည်း ဒေသအာဏာပိုင်များက ပိုမိုစောင့်ကြည့်နေပြီး ဘုန်းကြီးကျောင်းတိုက်များအတွင်း လူအ၀င်အထွက်ကိုလည်း စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း မြို့ခံစာနယ်ဇင်းဆရာက ပြောသည်။
မန္တလေးမြို့တွင်း တပ်လုံခြုံရေးများ ရယူထားသကဲ့သို့ မန္တလေးတိုင်း အန်အယ်လ်ဒီအဖွဲ့ဝင်များကိုလည်း သတင်းတပ်ဖွဲ့မှ စောင့်ကြည့်မှုများ ပိုမိုပြုလုပ်နေသည်ဟု မန္တလေးတိုင်း အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် အပြီးသတ်လျှောက်လဲချက် ပေးရသော ဇူလိုင် (၂၄) ရက်မှစ၍ မန္တလေးတိုင်း အန်အယ်လ်ဒီအဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်အတွက် မဟာမြတ်မုနိဘုရားသို့ သွားရောက် ၀တ်ပြုဆုတောင်းခဲ့ကြရာ အာဏာပိုင်များ၏ နှောင့်ယှက်မှုများဖြင့် ကြုံတွေ့ခဲ့ကြရသည်။
ထိုနေ့က မဟာမြတ်မုနိဘုရားမှအပြန် မန္တလေး အရှေ့တောင်မြို့နယ် အန်အယ်လ်ဒီလူငယ် ကိုတိုးကြီးကို ကြံ့ဖွံ့အသင်းဝင်များက ဆိုင်ကယ်ရပ်နားထားရာနေရာတွင် ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြသည်။
“ဒီနေ့အထိ လိုက်နှောင့်ယှက်နေတာပဲ။ အရင်ရက်တွေက အနှောင့်အယှက်ခံရလို့ ဒီနေ့တော့ မဟာမြတ်မုနိဘုရားကြီးဆီကို ပါတီဝင်နှစ်ယောက်လောက်ပဲ ယောင်ပြအဖြစ် သွားရောက်ခဲ့တယ်။ ကျန်တဲ့လူတွေက ရွှေသာလျောင်းဘုရားကိုသွားပြီး ၀တ်ပြုဆုတောင်းခဲ့ကြတယ်။ ဒါပေမယ့် အဲဒီမှာလည်း သတင်းတပ်ဖွဲ့ကလူတွေ လိုက်ကြည့်နေတာပါပဲ” ဟု မန္တလေးတိုင်း အန်အယ်လ်ဒီလူငယ်တဦးက ပြောသည်။
Labels:
ခေတ်ပြိုင် မှ
ဥစ္စာဓန မက်မောသူများ

အညတြတော်လှန်ရေးသမားတဦး
၂၈ ဇူလိုင် ၂၀၀၉
ဥစ္စာဓန မက်မောသူများလို့ ဆိုလိုက်တော့ ဥစ္စာဓန မမက်မောတဲ့လူ ဘယ်မှာရှိလို့လဲလို့ မေးစရာရှိပါတယ်။ မက်မောတယ်လို့ ဆိုရာမှာ ဥစ္စာဓနကိုရယူဖို့ လမ်းစရှိသူတွေ တနည်းအားဖြင့် ရယူနိုင်ဖို့ အနေအထားရှိသူတွေကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။ ဘယ်သူ့ကိုမဆို ကုန်ကုန်ပြောရရင် ကုန်းကောက်စရာ ဘာတခုမှမရှိလောက်အောင် ဆင်းရဲနုံချာရှာလွန်းသူတွေကိုတောင် “ဥစ္စာဓနတွေ မလိုချင်ဘူးလား” လို့ ပေါ့ပေါ့တန်တန်လေးမေးရင် “လိုချင်တာပေါ့” လို့ ပြန်ဖြေရုံမက မေးသူကိုပါ “ဒီလို အရည်မရ အဖတ်မရတဲ့ မေးခွန်းကို ဘာဖြစ်လို့ လေကုန်ခံပြီး မေးနေသေးလဲ” လို့ အပြစ်တင်တဲ့အကြည့်နဲ့ပါ ပြန်ကြည့်လိုက်ပါဦးမယ်။ ဒါ့ကြောင့် ဥစ္စာဓန မက်မောတယ်ဆိုတာ အဲဒီလို ဘ၀နင်းပြား ဖြစ်နေရှာရသူတွေနဲ့ မဆိုင်ဘူးလို့ ကျနော်ဆိုလိုပါတယ်။
မိဘလက်ထက်က လက်ငုတ်လက်ရင်း စီးပွားရေးလုပ်ငန်း သို့မဟုတ် အရင်းအနှီး တစုံတရာ သို့မဟုတ် စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်လို့ အကြားအမြင် အတွေ့အကြုံ၊ အဆက်အသွယ် အသိုင်းအ၀ိုင်း တစုံတရာရှိသူတွေ အစရှိတဲ့ အနေအထားမျိုးကို ရရှိပိုင်ဆိုင်ထားသူတွေကလည်း ဥစ္စာဓနကို ‘မက်မောအား’ ရှိကြပါတယ်။ ဒီဆောင်းပါးမှာ သူတို့တတွေ ဥစ္စာဓန မက်မောတဲ့ အကြောင်းကိုလည်း ဆွေးနွေးစရာမရှိပါ။
နောက်တမျိုးဖြစ်တဲ့ ဗိုလ်သန်းရွှေတို့လို အတုလံအတုမရှိတဲ့ အာဏာ (ကိုယ့်တိုင်းပြည် ကိုယ့်ရွာ၊ ကိုယ့်ဌာနေမှာပါ) ပိုင်စိုးထား သူတွေအဖို့တော့ ‘ဥစ္စာဓနမက်မောအား’ အရှိဆုံးဖြစ်ပါတယ်။ သိတော်မူကြတဲ့ အတိုင်းပါပဲ၊ မက်မောလွန်းအားကြီးလို့ ရာဇဣနြေ္ဒတောင်မဆည်နိုင်ကြဘဲ ရလေလိုလေ အိုတစ္ဆေ ဖြစ်နေကြတာတွေ။ ‘ရွှေလက်တို့ ဘုရင်ကြီး’ လို သူတို့လက်နဲ့တို့ရာ ရွှေဖြစ်နေကြတာတွေကတော့ ပြောမဆုံးပေါင် တောသုံးထောင် ထပ်နေပါပြီ။ မီဒီယာမှာ မကြားချင်၊ မဖတ်ချင်အဆုံးပါ။
ကျနော်ဆွေးနွေးတင်ပြချင်တာက ‘သန်း ၄၀ (ခုတော့ သန်း ၅၀၊ ၆၀ လောက်ရှိနေပြီလို့ ထင်ပါတယ်) ပြည်သူတွေအတွက်’ တို့၊ ‘(---) လူမျိုးအတွက်လို့’ ဆိုတဲ့ စကားမျိုးတွေ တွင်တွင်ပြောပြီး ဥစ္စာဓန မက်မောတဲ့ လူတွေရဲ့ ထုတ်ဖော်ကြေညာထားတဲ့ စေတနာဆိုတာနဲ့ သူတို့လုပ်ရပ်တွေရဲ့ အကျိုးသက်ရောက်မှုတွေအကြောင်းပဲ ဖြစ်ပါတယ်။
ဗမာပြည်ရဲ့ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ လူမျိုးရေးအခြေခံတဲ့ အဖွဲ့အစည်းတွေက အများစုဖြစ်ပါတယ်။ အဲဒီ လူမျိုးရေးအဖွဲ့အစည်းတွေမှာ အများအားဖြင့် မိမိတို့လူမျိုးထဲမှာ လူတန်းစားတွေ တည်ရှိနေတယ်ဆိုတာကို အသိအမှတ် မပြုကြပါဘူး။ ဒီတော့ အဖွဲ့အစည်း တည်ထောင်ဖွဲ့စည်းရာမှာ မိမိတို့အဖွဲ့အစည်းဟာ ဘယ်လူတန်းစားရဲ့ အဖွဲ့အစည်း သို့မဟုတ် ပါတီလဲဆိုတာကို သတ်မှတ်ထားခြင်း မရှိကြပါဘူး။ တချို့အဖွဲ့အစည်းတွေကျတော့ အမျိုးသားရေး ကြွေးကြော်ပေမယ့် လူတန်းစားတည်ရှိမှုကို အသိအမှတ်ပြုပြီး မိမိအဖွဲ့အစည်းဟာ ဘယ်လူတန်းစားကို အခြေခံတယ်၊ ဘယ်လူတန်းစားရဲ့ အဖွဲ့အစည်းဖြစ်တယ် ဆိုတာကို သတ်မှတ်ဖော်ပြပါတယ်။ သာဓကအားဖြင့်ဆိုရင် တချိန်တုန်းက ရှိခဲ့ဖူးတဲ့ KNUP ပါတီ။
တကယ်တော့ (ဘုံစနစ်ကျင့်သုံးနေတဲ့ ရှေးဟောင်းလူ့အဖွဲ့အစည်းအဆင့် လူ့အဖွဲ့အစည်းတွေကလွဲရင်) လူ့အဖွဲ့အစည်းမှာ လူတန်းစားတွေ တည်ရှိနေတယ်ဆိုတာ ကို အသိအမှတ်ပြုကြတာချည်းပါပဲ။ လူတန်းစားတွေတည်ရှိနေတဲ့ လူ့အဖွဲ့အစည်းမှာ လူမှုအခြင်းအရာတွေမှန်သမျှဟာ လူတန်းစားနဲ့ ကင်းလွတ်တာရယ်လို့ ဘာတခုမှ မရှိပါဘူး။ ယဉ်ကျေးမှုမှာတောင်မှ အခွင့်ထူးခံလူတန်းစားရဲ့ ယဉ်ကျေးမှု (elite culture) နဲ့ အများပြည်သူ့ယဉ်ကျေးမှု (popular culture) ရယ်လို့ ကွဲပြားခြားနားပါတယ်။ အကျိုးစီးပွားချင်း အပြန်အလှန် ပဋိပက္ခတွေဖြစ်နေပြီး အကျိုးစီးပွားချင်း လုနေ သို့မဟုတ် ထိန်းညှိနေရတဲ့ နိုင်ငံရေးနယ်ပယ်မှာ လူတန်းစားတည်ရှိမှုကို အသိအမှတ်မပြုတာဟာ ပကတိအဖြစ်မှန်ကို မမြင်တာ သို့မဟုတ် တမင်ငြင်းကွယ်တာသာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတရပ်ဟာ မိမိဘယ်လူတန်းစားရဲ့ ပါတီလဲဆိုတာကို အသိအမှတ်ပြုရမှန်း မသိ သို့မဟုတ် အသိအမှတ်မပြုပေမယ့် အဲဒီပါတီဟာ လူတန်းစားတရပ်ရပ်ရဲ့ ပါတီဖြစ်နေတယ် ဆိုတာကတော့ သေချာပါတယ်။
ဒါနဲ့ပတ်သက်လို့ ဆွေးနွေးရာမှာ လက်နက်ကိုင်အဖွဲ့အစည်းတခုထဲက ပညာတတ်လူငယ်တယောက်က “ကျနော်တို့ပါတီက ဘယ်လူတန်းစားရဲ့ ပါတီလဲဆိုတာ သတ်မှတ်ထားတာ မရှိဘူးဆိုတော့ ဧကန္တ ဓနရှင်ပေါက်စလူတန်းစားပါတီလား၊ “ဓနရှင် လူတန်းစားပါတီလား တခုခုတော့ တခုခုပဲဗျ” လို့ ပြောခဲ့ဖူးပါတယ်။
ဗမာပြည်တော်လှန်ရေးဖြစ်စဉ်ထဲမှာ ကြည့်လိုက်ရင် အဲဒီလို အဖွဲ့အစည်းတွေထဲမှာ ကိုယ်ပိုင်စီးပွားရေး လုပ်ခွင့်ဟာ ထုတ်ပြန်ကြေညာပြီး ပြဋ္ဌာန်းပေးစရာတောင်မလိုတဲ့ သန္ဓေပါ အခွင့်အရေး ဖြစ်နေတာကို တွေ့ရပါတယ်။ နောက်လိုက် ငယ်သားကနေ ခေါင်းဆောင်ထိပ်သီးပိုင်းအဆင့်အထိ စီးပွားရေးလုပ်ပါတယ်။ ဥစ္စာဓန ပိုင်ဆိုင်ခွင့်ရှိပါတယ်။ “ကိုယ့်စားဝတ်နေရေးအတွက် လုပ်ရတာပေါ့” လို့ ထိပ်တန်းခေါင်းဆောင်အဆင့်ရှိသူတယောက်က ပြောပါတယ်။
ဒါဆိုရင် အဖွဲ့အစည်းက ရဲဘော်တဦးချင်းရဲ့ စားဝတ်နေရေးအတွက် မထောက်ပံ့ဘူးလားလို့ မေးစရာရှိပါတယ်။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို ထောက်ပံ့ပါတယ်။ ဒါကို ‘ကိုယ့်စားဝတ်နေရေးအတွက်’ လို့ နားလည်ထားပုံမရပါဘူး။ အတိအကျပြောရရင် ‘တောမခိုခင်တုန်းက ရှိခဲ့ဖူးတဲ့ စားဝတ်နေရေး အဆင့်အတန်းမျိုး သို့မဟုတ် သည့်ထက်မကတဲ့ စားဝတ်နေရေး အဆင့်အတန်းမျိုး ရရှိရေးအတွက်’ လို့ အဓိပ္ပာယ်ရပါတယ်။
ကျောင်းသားလူငယ်ဘ၀ကတည်းက တောခိုလာခဲ့ပြီး ခု ထိပ်တန်းခေါင်းဆောင်တယောက် ဖြစ်နေသူတဦးက သူ့မှာပိုင်ဆိုင်ထားတဲ့ သားသားနားနား အိမ်တလုံးရယ်၊ သိန်းရာပေါင်းများစွာ ကာလတန်ဖိုးရှိတဲ့ စီးပွားရေးပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ “တော်လှန်ရေးထဲရောက်လာတုန်းက လက်ချည်း ဗလာသက်သက်ပဲဗျ။ ဒါတွေက နောက်မှ ဖြစ်လာတဲ့ ဟာတွေပါ” လို့ ရိုးရိုးသားသား ပြောပါတယ်။ (သူဒီလိုပြောတော့ ဥပဒေဘောင်ထဲက နိုင်ငံရေးခေါင်းဆောင်တဦးရဲ့ သိန်းတထောင်ကျော်တန် ဆိုင်ခန်းတခန်း စစ်အစိုးရရဲ့ အသိမ်းခံရကြောင်း သတင်းကို သွားသတိရမိပါသေးတော့တယ်။)
မိမိလူမျိုးအတွက် လုပ်နေပါတယ်လို့ ပြောရင်း မိမိလူမျိုးရဲ့ အများတကာ အများစုကြီးမှာတော့ ကဗျာဆရာတယောက် ရေးခဲ့သလို ‘တွေ့ရာအနုပ်၊ ဟောင်းညစ်ပုပ်တဲ့၊ ရုပ်ပုံလွှာထဲ’ ဒုံရင်း ဒုံရင်းပဲ ဖြစ်နေကြရှာတာကို လူချမ်းသာ ‘တော်လှန်ရေးသမား’ ပုဂ္ဂိုလ်ကြီးတွေ မမြင်လေရော့သလား၊ ဒါမှမဟုတ် ‘ဒို့ကောင်းစားတာ ဒို့လူမျိုး ကောင်းစားတာနဲ့ အတူတူပဲပေါ့။ ဒို့လူမျိုးတွေ ဂုဏ်ယူစရာပေါ့လို့ လူမျိုးရေးအမြင်နဲ့ ရိုးသားစွာ မြင်နေရော့သလားမသိပါ။
လူမျိုးရေးအမြင်လောက်ပဲရှိတာ၊ လူမျိုးတမျိုးထဲမှာ လူတန်းစားတွေ ရှိနေခြင်း၊ အဲဒီလူတန်းစားတွေရဲ့ အပြန်အလှန် ဆက်ဆံရေး၊ လူတန်းစားတရပ်ချင်းရဲ့ (တော်လှန်ရေးမှာ ပါဝင်နိုင်တဲ့) အခန်းကဏ္ဍတွေကို အသိအမှတ်မပြုတာ သို့မဟုတ် အသိအမှတ်မပြုနိင်တာတွေကြောင့် လူမျိုးရေးအမြင်လောက်သာရှိတဲ့ အဖွဲ့အစည်းတွေဟာ ကိုယ်ကျိုးစီးပွားရှာရင်း နိဂုံးချုပ်သွားခဲ့ကြတာကို သမိုင်းမှာ အထင်အရှားတွေ့ရပါတယ်။ သာဓကအနေနဲ့ ပြောရရင် မြန်မာ့သမိုင်းမှာ (၁၉၂၀) ခုနှစ် ပတ်ဝန်းကျင်လောက်က ပေါ်ထွက်လာခဲ့တဲ့ ၀ံသာနုအသင်းချုပ်ကြီးရဲ့ ခေါင်းဆောင်အများစုဟာ ငါးထောင်စား အမတ်ရာထူးနဲ့ ကျဆုံးသွားခဲ့ကြပါတယ်။ တရုတ်ပြည်တော်လှန်ရေးသမိုင်းမှာ အမျိုးသားရေးဝါဒီသက်သက်သာဖြစ်ခဲ့တဲ့ ချန်ကေရှိတ်ဟာ အဲဒီခေတ်က တရုတ်ပြည်ရဲ့ အချမ်းသားဆုံးပုဂ္ဂိုလ် (၄) ဦးထဲက တဦးအပါအ၀င်ဖြစ်သွားပြီး နောက်ဆုံးမှာ ကျဆုံးသွားခဲ့ ပါတယ်။
ဗမာပြည် စစ်အာဏာရှင်အစိုးရ အဆက်ဆက်မှာ အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူတွေမှန်သမျှ (ယူဂျီလှုပ်ရှားသူတွေပဲဖြစ်ဖြစ်၊ တရားဝင်ပါတီတွေထဲက လှုပ်ရှားသူတွေပဲဖြစ်ဖြစ်) အများသိကြတဲ့အတိုင်း၊ ကိုယ့်ထမင်းကိုယ်စားပြီး နိုင်ငံရေးလုပ်ကြရပါတယ်။ သူတို့ကိုလည်း (ပြောမယ်ဆိုရင်) နိုင်ငံရေးလုပ်ရင်း ကိုယ့်စီးပွားရေး ကိုယ်လုပ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် သူတို့တတွေဟာ နိုင်ငံရေးလုပ်နေသရွေ့တော့ မချမ်းသာနိုင်ကြပါဘူး။ အတိုက်အခံတွေကို အငြှိုးတကြီးနဲ့ ဥပဒေလက်လွတ် ဖိနှိပ်နေတဲ့ စစ်အစိုးရအောက်မှာ ချမ်းသာလာဖို့ နေနေသာသာ မူလက ချမ်းသာခဲ့ကြသူတွေတောင် စီးပွားပျက်သွားကြတာကို တွေ့ရပါတယ်။ သူတို့စီးပွားရေးတွေကို ပံ့ပိုးပေးမယ့် သို့မဟုတ် ကာကွယ်စောင့်ရှောက်ပေးမယ့် အာဏာလက်ကိုင်မရှိတဲ့အပြင် နဂါးတို့မျက်စောင်းလို အကြောင်းသုံးပါးမရွေးတဲ့ စစ်အာဏာရဲ့ သံဖနောင့်အောက်မှာ နင်းသမျှ ကြေကြရပါတယ်။
တောတွင်းလက်နက်ကိုင်အင်အားစုတွေထဲက ခေါင်းဆောင်လုပ်သူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ အာဏာနဲ့ဖက်ထား တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ မိမိကိုယ်တိုင်ပဲလုပ်လုပ်၊ မိမိရဲ့သားမယားတွေကဘဲလုပ်လုပ် အနည်းဆုံးတော့ အာဏာရဲ့ ကာကွယ်စောင့်ရှောက်ပေးမှုရှိနေပါတယ်။ မြေယာတွေဆိုရင် အလကားတောင် ရနိုင်တဲ့အပြင် ဘယ်သူမှ မျက်စောင်းတောင် ထိုးရဲကြတာမဟုတ်ပါဘူး။ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့အစည်းအချို့ရဲ့ အချို့သော ခေါင်းဆောင်များဆိုရင် စစ်အစိုးရနဲ့ နားလည်မှုယူပြီး မိမိအမျိုးသားပြည်သူတွေရဲ့ မြေယာတွေကိုတောင် ကိုယ်ကျိုးအတွက် သိမ်းယူတဲ့ သတင်းတွေ ကြားနေရပါတယ်။ (ဥစ္စာဓန မက်မောလိုက်ပုံများ ကိုယ်ကြွေးကြော်ခဲ့တဲ့ လူမျိုးရေးဆိုတာကိုတောင် ဖွတ်မေ့ ပတတ်မေ့ မေ့နေတဲ့အထိပါပဲ)။
သည့်ထက် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာကတော့ စစ်အစိုးရက သူ့ရဲ့အာဏာစက်ကို အပစ်အခတ်ရပ်စဲရေး နယ်မြေတွေထဲ အထိ တိုးချဲ့လာပြီး မိမိပြည်သူတွေအပေါ် ထင်သလို ရမ်းကားနေပါလျက်နဲ့ လက်ပိုက်ကြည့်နေတာပဲ ဖြစ်ပါတယ်။ အရင်းစစ်လိုက်ရင် ဥစ္စာဓန မက်မောမှုတွေကြောင့်ပဲဖြစ်ပါတယ်။ ‘ငြိမ်းချမ်းရေးထိန်းသိမ်းတဲ့အနေနဲ့ သည်းခံနေရတယ်’ လို့ အကြောင်းပြပါတယ်။ ဒါဆိုရင် ငြိမ်းချမ်းရေးက ပြည်သူအတွက်လား၊ ပြည်သူက ‘ငြိမ်းချမ်းရေး’ အတွက် လည်စင်းခံပေးနေရ မှာလားလို့ ပြန်မေးရပါလိမ့်မယ်။
အပစ်အခတ်ရပ်စဲရေး အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်က ပြည်သူလူထုအတွက် အကာအကွယ်မပေးနိုင်တာကို လူသိရှင်ကြား ၀န်ခံတာ တွေ့ရပါတယ်။ အခု ကာကွယ်မပေးနိုင်ရင်လည်း နောင် ကာကွယ်ပေးနိုင်ဖို့ ဘာတွေလုပ်နေပါသလဲလို့ ကြည့်လိုက် တော့ ကိုယ့်စီးပွားရေးကိုယ် လုပ်နေတာကလွဲလို့ ဘာတခုမှမတွေ့ရတာ အမှန်ပါ။ “လူကြီးတွေ တယောက်နဲ့တယောက် ဆုံတဲ့အခါဗျာ၊ နိုင်ငံရေးအကြောင်းမပြောကြဘဲ သူတို့စီးပွားရေးအကြောင်းပဲ သူတို့ပြောကြတယ်ဗျာ” လို့ ခေါင်းဆောင်တွေကို ကားနဲ့ မောင်းပို့ပေးရတဲ့ ကားဆရာတယောက်က စိတ်ပျက်လက်ပျက်နဲ့ ပြောပြတာကို ကျနော်အမှတ်ရမိပါတယ်။
လွန်ခဲ့တဲ့ (၁၅) နှစ်ကျော်လောက်က နယ်မြေတခုမှာ ဘုရင်ကြီးတပါးလို မင်းမူနေတဲ့ နယ်မြတပ်မှူးတယောက်နဲ့ ကျနော် ဆုံဖြစ်ခဲ့ပါတယ်။ သူဟာ ဘုရင်ကြီးတပါးလို လူအများ သူ့ကို မော်မကြည့်ရဲလောက်အောင် အာဏာစက် စူးရှလှကြောင်းကို သူကိုယ်တိုင်လည်း သိပါတယ်။ သူက စီးပွားရေးလုပ်ငန်းတွေ လုပ်ပါတယ်။ သိတော်မူကြတဲ့အတိုင်းပါပဲ။ တချက်လွှတ် အာဏာရှိသူ စီးပွားရေးလုပ်ရင် အရင်းအနှီးငွေကြေး စိုက်ထုတ်စရာတောင် မလိုပါဘူး။ အမြတ်ကလည်း သေချာပါတယ်။ ဒီတော့သူဟာ ဗမာပြည်သူပုန်ထဲမှာ အချမ်းသာဆုံးသူပုန်တွေထဲက တယောက်ဖြစ်ပါကြောင်း ထိုင်းဗိုလ်ချုပ်တဦးရဲ့ (ချီးမွမ်းတာလား၊ ကဲ့ရဲ့တာလားတော့ ကျနော် မဝေခွဲတတ်ပါ) အသိအမှတ်ပြု ပြောကြားတာကို ခံရသူတဦးလည်း ဖြစ်ပါတယ်။ အဲဒီတပ်မှူးကပဲ ပြောပြလို့ သိရတာပါ။ သူနဲ့ပတ်သက်လို့ ရန်သူ့တပ်ထဲက စစ်ဗိုလ်တယောက်ကတော့ “ဒီကောင် သိပ်မကြာပါဘူး၊ ဒို့ဆီ ရောက်လာမှာပါ” လို့ ပြောပါတယ်တဲ့။ (အဲဒီရန်သူ့တပ်ကနေ တော်လှန်ရေးထဲကို ကူးပြောင်းလာတဲ့ စစ်သားတယောက်က ပြောပြလို့ သိရတာပါ။) အဲဒီမှန်သော သစ္စာစကားနဲ့ လျော်ညီစွာပဲ အဲဒီတပ်မှူးဟာ မကြာခင်ကာလမှာ သစ္စာဖောက် လက်နက်ချသွားခဲ့ပါတယ်။
မကြာသေးခင် နှစ်များအတွင်းကပဲ အဖွဲ့အစည်းတခုထဲက အလတ်တန်း ခေါင်းဆောင်အဆင့်ရှိသူတဦးက သူ့ကိုယ်သူ မလုံတာကြောင့်ဘဲလားတော့ မသိပါ။ “ကျနော်တော့ဗျာ၊ ကိုယ့်စားဝတ်နေရေးအတွက် လုပ်ငန်းတခုလုပ်ထားတယ်” လို့ နိုင်ငံရေးအကြောင်းပြောရင်း ကျနော့်ကို ပြောပြပါတယ်။ စားဝတ်နေရေးအတွက်ဆိုတာ ဘယ်အဆင့်အတန်းလောက်ရှိတဲ့ စားဝတ်နေရေးလဲလို့ မေးစရာရှိပါတယ်။ အသက်တချောင်း ရှင်သန်ရုံ စားဝတ်နေရေးလား၊ တောသူဌေးတယောက်ရဲ့ အဆင့်အတန်းရှိတဲ့ စားဝတ်နေရေးလား။ သူ့ဇနီးကလည်း ပြည်တွင်းနဲ့ နယ်စပ်ဒေသမှာ ကုန်ကူးနေတာပါ။ ဒီလောက်နဲ့ အားမရသေးလို့ သူဌေးဖြစ်လုပ်နေတယ်လို့ပဲ ကျနော်နားလည်လိုက်ပါတယ်။ တဆက်တည်းမှာပဲ ကျနော်ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ (ဟိတောပဒေသပုံပြင်ထဲကလား၊ ရာမာခရစ်ရှနာ ပုံပြင်ထဲကလား မမှတ်မိတော့ပါ) ပုံပြင်တပုဒ်ကို ပြေးသတိရမိပါတယ်။ ပုံပြင်ရဲ့ လိုရင်းအချက်ကတော့ …
ရှေးရှေးတုန်းက ရသေ့ကြီးတပါးက တောထဲမှာ အရည၀ါသီ တောမှီသတင်းသုံးဖို့ တောထွက်လာရာမှာ တပည့်တယောက်က သူလည်းအတူလိုက်ပြီး တရားအားထုတ်လိုပါတယ်တဲ့။ ရသေ့ကြီးက အဲဒီပုဂ္ဂိုလ်ကို စမ်းသပ်တဲ့အနေနဲ့ ရွာနဲ့ မနီးမဝေးတောစပ် မှာ အစမ်းသဘောနဲ့ တရားအားထုတ်ဖို့ နေရစ်ခဲ့ပြီး နှစ်ဘယ်၍ ဘယ်မျှကြာပြီးမှ တောနက်ထဲကို လိုက်ခဲ့ဖို့ မိန့်ခြွေခဲ့ပါတယ်တဲ့။ ဒါနဲ့ပဲ အဲဒီရသေ့သစ်ဟာ ဆရာရသေ့ကြီးရဲ့ စကားအတိုင်း တောစပ်မှာ တရားအားထုတ်နေရစ်ခဲ့ပါတယ်တဲ့။ နေ့တိုင်းရေချိုးပြီး ချုံပေါ်တင်လှန်းထားတဲ့ သင်းပိုင်ဟာ ကြွက်ကိုက်ခံရပါတယ်တဲ့။ ကြွက်ရန်ကို ကာကွယ်ဖို့အတွက် ရွာထဲမှာ ကြောင်တကောင် အလှူခံပါတယ်။ ကြောင်တကောင်ရတော့ ကြောင်အတွက် နွားနို့အလှူခံရပြန်ပါရော။ နွားနို့ နေ့တိုင်းအလှူခံရတော့ ရွားသားတွေက သူ့အတွက် နွားမတကောင် လှူရပြန်ပါတယ်။ ဒီတော့ နွားမအတွက် မြက်လိုလာပြန်ရော။ ရွာသားတွေကလည်း နွားအတွက် မြက်ခင်းလုပ်ပေးရပြန်ပါတယ်။ နောက်တခါ နွားတွေ ပေါက်ပွားလာပြန်တော့လည်း နွားတွေကို စောင့်ရှောက်ထိန်းကျောင်းဖို့ လူတယောက် လိုလာပြန်ပါတယ်။ ဒါနဲ့ သူ့အတွက် မိန်းမတယောက် ရှာပေးရပြန်ပါတယ်တဲ့။ ဆရာရသေ့ကြီးက အစမ်းသဘော သတ်မှတ်ထားတဲ့ နှစ်ရောက်လို့ တောစပ်ကို ထွက်လာပြီး ကြည့်လိုက်တဲ့အခါ မူလနေရာမှာ အိမ်ရာ၊ လယ်မြေ၊ ကျွဲနွားတိရစ္ဆာန်၊ ကလေးသူငယ်တွေနဲ့အတူ သူ့တပည့်ကို လူဝတ်ကြောင်အဖြစ်နဲ့ ပြန်တွေ့လိုက်ရပါတော့ တယ်တဲ့။ ပုံပြင်ရဲ့လိုရင်းကတော့ ဒါပါပဲ။
တော်လှန်ရေးထဲက ဥစ္စာဓနမက်မောတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်တဲ့အခါ သူတို့တတွေ မူလက ပြောခဲ့တဲ့၊ သန်း (၄၀) ပြည်သူအတွက်တို့၊ မိမိအမျိုးသားလွတ်မြောက်ရေးတို့၊ ဘာပြည်၊ ညာပြည်ရရှိရေးတို့ ဆိုတာတွေနဲ့ ပတ်သက်လို့ “အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါရစေလား’ လို့ ဆိုနေပုံရပါတယ်။
တကယ်အရင်းစစ်ကြည့်လိုက်ရင် တော်လှန်ရေးသမားနဲ့ တောပုန်းဓားပြရဲ့ကြားမှာ ခြားထားတဲ့ စည်းကတော့ တော်လှန်ရေးအသိရယ်၊ အဲဒီတော်လှန်ရေးအသိက လမ်းညွှန်ပြထားတဲ့ တော်လှန်ရေးလုပ်ဆောင်ချက်ပါပဲ။ အများပြည်သူတွေ အဖိနှိပ်ခံဘ၀က လွတ်မြောက်ရေးပါပဲ။ ဖိနှိပ်သူဆိုတာ ဘယ်လူမျိုးကပဲ ဖိနှိပ်ဖိနှိပ်၊ မိမိအမျိုးသားချင်းပဲ ဖိနှိပ်ဖိနှိပ် အတူတူပါပဲ။ လူမျိုးတမျိုးရဲ့ ဖိနှိပ်မှုကို မိမိလူမျိုးထဲက လူတန်းစားတစားရဲ့ ဖိနှိပ်မှုနဲ့ အစားထိုးတာကို တော်လှန်ရေးလို့ မခေါ်နိုင်ပါဘူး။ တချိန်တည်းမှာပဲ မိမိအမျိုးသားကို မိမိကိုယ်တိုင်က ဖိနှိပ်နေပြီး တခြားလူမျိုးရဲ့ ဖိနှိပ်မှုကိုသာ လက်ညှိုးထိုးပြနေရုံနဲ့ မိမိပြည်သူက မိမိကို ထောက်ခံမှာမဟုတ်တာကတော့ သေချာပါတယ်။
လက်ရှိ မြင်နေရတဲ့အတိုင်းပါပဲ။ ရန်သူက သူ့နည်းသူ့ဟန်နဲ့ သူ့အင်အားကို ကြီးထွားအောင် လုပ်နိုင်ခဲ့ပေမယ့် မိမိမှာတော့ မိမိအင်အားကြီးထွားအောင် မလုပ်နိုင်ခဲ့ဘူးဆိုတာ အခု လယ်ပြင်မှာ ဆင်သွားသလို မြင်နေရတယ် မဟုတ်ပါလား။ မိမိဘာတွေလုပ်နေမိသလဲ၊ မိမိရဲ့ လုပ်ရပ်တွေကကော မိမိအကျိုးစီးပွားအတွက်လား မိမိပြည်သူအတွက်လား ဆိုတာကို ပြန်သုံးသပ်မှသာ တော်လှန်ရေးလမ်းကြောင်းမှန်ပေါ် ရောက်မှာပါ။ တော်လှန်ရေးလုပ်နေပါတယ်လို့ပြောပြီး ဥစ္စာဓန မက်မောသူတွေကို တော်လှန်ရေးသမားလို့ ခေါ်နိုင်မှာတဲ့လား။
တောတွင်းတော်လှန်ရေးသမားတွေဆိုတာ လက်နက်ကိုင်ပြီး မိမိနယ်မြေက ပြည်သူတွေကို အုပ်ချုပ်နေကြရသူတွေပါ။ ကျနော် တွေ့ဖူးကြုံဖူးခဲ့တဲ့ အတွေ့အကြုံတွေအရဆိုရင် တောတွင်းလက်နက်ကိုင် တယောက်ဟာ တော်လှန်ရေးဆိုတာဘာလဲ ဆိုတာကို နက်နက်နဲနဲ နားမလည်ရင် (ဆိုလိုတာက တော်လှန်ရေးဆိုတာ ရန်သူဘက်လှည့်ပြီး သေနတ်ပစ်ဖောက်တာ လောက်ပဲ ဆိုတာလောက်သာ နားလည်ထားခြင်းပါပဲ) သို့မဟုတ် နားလည်အောင် ပညာမပေးရင် သို့မဟုတ် အများပြည်သူအပေါ် လက်နက်အားကိုးနဲ့ အနိုင်မကျင့်နိုင်အောင် တင်းကျပ်တဲ့ စည်းကမ်းနဲ့ဖြစ်စေ၊ ဖန်တီးထားတဲ့ အခြေအနေတရပ် (ဆိုလိုတာက ပြည်သူကို အာဏာအပ်နှင်းထားတဲ့ စစ်မှန်တဲ့ ပြည်သူ့အုပ်ချုပ်ရေး) နဲ့ဖြစ်စေ ထိန်းချုပ် ချွန်းအုပ်မထားရင် အဲဒီလက်နက်ကိုင်ကို တောပုန်းဓားပြတယောက်လို့သာ ဆိုနိုင်ကြောင်းပါ။
Labels:
ခေတ်ပြိုင် မှ
Abonneren op:
Posts (Atom)