မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 2 december 2009

အာဇာနည်မျိုး သေရိုးမရှိ

  


ရဲဘော်ဖိုးသံချောင်း   ( အမှတ်တရဆောင်းပါး )

၂ ဒီဇင်ဘာ ၂၀၀၉
ကျနော်က ဦးတင်မောင်ဝင်းကို မတွေ့ဖူး။ ဒါပေမယ့် သူ့နာမည်ကိုတော့ အစောကြီးကတည်းက ကြားဖူးခဲ့ပါတယ်။ ကိုကိုးကျွန်းကိုရောက်ကာစ ညတွေမှာ ရေနံဆီမီးအိမ်လေးတွေသာရှိတာမို့ အစည်းအဝေး တိုးတိုးကြိတ်ကြိတ်လုပ်ချင်လုပ်၊ မဟုတ်ရင် လေကန်ကြပါတယ်။ အဲဒီအခါမှာ အနယ်နယ်အရပ်ရပ်၊ ထောင်တကာကလာတဲ့လူတွေမို့ ကိုယ့်ထောင်အတွေ့အကြုံတွေထဲက ပြောစမှတ်လေးတွေကို ပြောကြပါတယ်။ အဲဒီလိုအခါမှာ အင်းစိန်ထောင် နံပါတ် (၅) အဆောင်က ရဲဘော်တွေဆီက စိတ်ဝင်စားစရာတွေ အများကြီးကြားရတတ်ပါတယ်။ အဲဒီအဆောင်ကို ကျောင်းသားဆောင်လို့လည်း ခေါ်ကြပါတယ်။ ကျောင်းသားဆောင်လို့ ခေါ်ပေမယ့် ကျောင်းသားတွေက အပေါ်ထပ်၊ ဝန်ကြီးတွေ၊ အတွင်းဝန်တွေ၊ နာမည်ကြီးပုဂ္ဂိုလ်တွေက အောက်ထပ်ဆိုသလို နေရတာဖြစ်ပါတယ်။
သူတို့ဆီကတဆင့် ဦးတင်မောင်ဝင်းတို့ အဖမ်းခံရတဲ့အခါ သူ့ဖခင်ဦးဝင်းရှိရာ
(၅) ဆောင်ကို ညကြီးမင်းကြီးပို့လာပုံ စတာတွေ ကြားဖူးရပါတယ်။ အဖေ့ကိုဖမ်းပြီးနောက် သားကိုထပ်ဖမ်းထည့်လိုက်တဲ့ကိစ္စမို့ ကျန်နိုင်ငံရေးသမား တွေက စာနာစွာနဲ့ စိတ်ဝင် တစား၊ စောင့်ကြည့်ကြပုံတွေ ကြားသိရခဲ့ပါတယ်။ နောက်ကျန်တာတွေကတော့ ဦးတင်မောင်ဝင်းကိုယ်တိုင် သူ့ရဲ့ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ ရေးထားတာမှာ ဖတ်ဖူးကြပြီးသားမို့ အထူးမရေးလိုတော့ပါ။ ဒါပေမယ့် ထူးထူးခြားခြား ထောက်ပြချင်တဲ့အချက် ရှိပါတယ်။ အဲဒါကတော့ ဦးတင်မောင်ဝင်းတို့ဟာ (ဆိုလိုတာမိသားစုတစုလုံး) ရှစ်လေးလုံး အင်အားစုတွေ ထိုင်း-ဗမာနယ်စပ်ကို ရောက်လာတယ်လို့ ကြားရတဲ့အခါမှာ သူတို့အဖို့ အခြေကျနေပြီဖြစ်တဲ့ အမေရိကန်နိုင်ငံကနေ ဖောင်ဖျက်ပြီး ဒီအင်အားစုတွေနဲ့ လက်တွဲလုပ်ဖို့ ထိုင်း-ဗမာနယ်စပ်ကို ပြောင်းလာကြတာဖြစ်ပါတယ်။ ဒီနေ့နယ်စပ်မှာ ဖြစ်ပျက်နေတာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဒါဟာ ဘယ်လို စွန့်လွှတ်မှုမျိုးဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်ပါတယ်။
နောက်တချက်က အဲဒီလို နောက်မှရောက်လာတဲ့ ကျောင်းသားတွေအပါ အတိုက်အခံအင်အားစုတွေနဲ့ မူလဒီဒေသမှာ ရှိနေတဲ့ တိုင်းရင်းသားအင်အားစုတွေအကြား နားလည်မှုရအောင်၊ အထူးသဖြင့် တိုင်းရင်းသားအင်အားစုတွေက သူတို့ကို လက်ခံလာအောင် လုပ်ရာမှာ ဦးတင်မောင်ဝင်းဟာ အဓိကလှုပ်ရှားခဲ့သူတဦးလို့ ကြားရ၊ နားလည်ရပါတယ်။ သူလိုပုဂ္ဂိုလ်တွေရဲ့ လုပ်ဆောင်မှုကြောင့်သာ ထိုင်း-ဗမာနယ်စပ်မှာ နဝတ-နအဖဆန့်ကျင်ရေးလှုပ်ရှားမှုတွေ အရင်ထက်ပိုများပြား၊ ကြီးထွားလာတာ ဖြစ်ပါတယ်။
နောက်တချက်ကတော့ ကျနော့်အမြင်မှာ ဒါကပိုအရေးကြီးတယ်လို့ ထင်ပါတယ်။ အဲဒါကတော့ သူဟာ နောက်ဆုံးထွက်သက် အထိ မူပေါ်မှာကြံ့ကြံ့ခိုင် ရပ်တည်သွားတယ်ဆိုတဲ့အချက်ပါပဲ။ သူ့တသက်မှာ စစ်အာဏာရှင်တွေကို အလျှော့ပေးလိုစိတ်၊ အသိအမှတ်ပြုလိုတဲ့ဆန္ဒသဘောထား တစက္ကန့်၊ တစက်ကမှ မဖော်ပြခဲ့ပါဘူး။
တကယ်ကို အာဇာနည်ပီသသူပါ။
ဒီနေရာမှာ အာဇာနည်ဆိုတာနဲ့ ပတ်သက်လို့ နည်းနည်း ဖြတ်ပြောချင်ပါတယ်။ ဗမာဝေါဟာရ သက်သက်သဘောဆိုရင်တော့ အာဇာနည်ဆိုတာ သေလွန်သူတွေကိုမှ ခေါ်ဝေါ်တာမဟုတ်ပါ။ အသက်ရှင်နေထိုင်သူများကိုလည်း ဒီဂုဏ်ပုဒ်နဲ့ထိုက်တန်ရင် ခေါ်လို့ရပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်မှာကျတော့ အာဇာနည်ဆိုတာ ပြည်သူလူထုအတွက် ကိုယ့်အသက်ကို စွန့်လွှတ်သွားသူတွေ ဆိုတဲ့ အဓိပ္ပာယ်နဲ့ပဲ အများက လက်ခံသုံးစွဲနေကြပါတယ်။
မှန်ပါတယ်။ အာဇာနည်တိုင်းကို တယောက်မကျန် ဂုဏ်ပြုရပါမယ်။ တိုက်ပွဲမှာကျဆုံးသူဖြစ်စေ၊ ထောင်ထဲမှာကျဆုံးသူဖြစ်စေ၊ ဆေးရုံမှာ ကိုယ့်အိမ်မှာ ကျဆုံးသူဖြစ်စေ၊ ပြည်သူလူထုအတွက် ပြည်သူလူထုရဲ့ ရန်သူကို ဆန့်ကျင်ရင်း ကျဆုံး (ကွယ်လွန်) သူတွေကို အာဇာနည်လို့ သတ်မှတ်ရမယ်လို့ပဲ ကျနော်ယုံကြည်ပါတယ်။ အခြေအနေပေးရင်ပေးသလို သူတို့ကို ထိုက်တန်စွာ ဂုဏ်ပြုရပါမယ်။ တနေ့မှာ သူတို့အတွက် အာဇာနည်ဗိမာန်ကြီး တည်ဆောက်ရမှာဖြစ်ပေမယ့် ဒီနေ့မှာလည်း တတ်နိုင်တဲ့နည်းနဲ့ ဂုဏ်ပြုရပါမယ်။
တခါက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ရှမ်းပြည်အလယ်ပိုင်း ပြောက်ကျားအခြေခံဒေသမှာ သတ်မှတ်ချက်တခုလုပ်ထားပါတယ်။ အဲဒါကတော့ ကျဆုံးသွားတဲ့ ရဲဘော်ကို မြှုပ်ထားတဲ့နေရာအနား ဖြတ်သွားတိုင်း ရဲဘော်တွေဟာ ကျောက်ခဲတလုံး တင်ခဲ့ရမယ်ဆိုတာပါပဲ။ ဒီလိုနဲ့ အဲဒီလိုနေရာတွေမှာ ကျောက်တိုင်လိုလို၊ ကျောက်ပုံလိုလို အထိမ်းအမှတ်လေးတွေ ဖြစ်တည်လာခဲ့ပါတယ်။
ကိုကိုးကျွန်းမှာလည်း ကျဆုံးသွားတဲ့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့အခမ်းအနား၊ အထိမ်းအမှတ်ကျောက်တိုင် စတာတွေကို အင်မတန်မှ လေးလေးနက်နက်နဲ့ ခမ်းခမ်းနားနားလုပ်ပါတယ်။ ရဲဘော်တယောက် ကျဆုံးတယ်ဆိုရင်ပဲ ချက်ချင်း အင်တာနေရှင်နယ် သီချင်းဆို၊ နောက်မှာ သီးသန့်ဂုဏ်ပြုအခမ်းအနားလုပ်၊ သူ့ပုံတူရေးဆွဲ၊ သူ့ဂုဏ်ပြုသီချင်း ရေးစပ်သီဆိုပါတယ်။ နောက်ဆုံးမှာ အာဇာနည် (၈) ဦးစလုံးအတွက် သီးသန့်ကျောက်တိုင်စိုက်ထူပြီး ဂုဏ်ပြုအခမ်းအနား လုပ်ပါတယ်။ မဟာမိတ်အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားလို့ တက်ရောက်လာကြပါတယ်။ အာဇာနည် (၈) ယောက် အထိမ်းအမှတ် (၈) ပေနဲ့ (၈) လက်မအမြင့်၊ (၈) မြှောင့်ပုံ၊ ထိပ်မှာကြယ်နီကြီးနဲ့ ကျောက်တိုင်ဆောက်ဖို့အတွက် လိုအပ်တဲ့ ဘိလပ်မြေ၊ ထုံး၊ အုတ် စတာတွေကို အာဏာပိုင်တွေဆီမှာ တိုက်ပွဲရဲ့အောင်ပွဲ အရှိန်နဲ့ လေမာမာနဲ့ တောင်းဆိုခဲ့ကြပါတယ်။ နောက် ကိုကိုးကျွန်းကနေ ပြန်ပို့တဲ့နေ့ မနက်အစောကြီး၊ မိုးမလင်းမီမှာ သူတို့ကိုမြှုပ်နှံတဲ့နေရာကို အားလုံးသွားပြီး တည်ကြည်လေးနက်စွာ အလေးပြုခဲ့ကြပါတယ်။
ဒီနေရာမှာ ထောက်ပြစရာ ပြဿနာတခုရှိနေပါတယ်။ အဲဒါက ပြည်တွင်းပြည်ပက တချို့လူတွေဟာ လက်နက်ချတွေ၊ သစ္စာ ဖောက်တွေကိုလည်း သူတို့သေဆုံးတဲ့အခါမှာ သူရဲကောင်းအာဇာနည်တွေနဲ့ တတန်းတည်းထား ဂုဏ်ပြုနေကြတာဖြစ်ပါတယ်။ အထူးသဖြင့် အဲဒီလက်နက်ချ၊ ဒါမှမဟုတ် သစ္စာဖောက်ဟာ စာပေအနုပညာကြောင့်ဖြစ်စေ၊ တခုခုကြောင့် နာမည်ရတဲ့လူ ဖြစ်နေရင် ကိုယ့်မိတ်ဆွေ၊ တနည်းအားဖြင့် ငါဟာသူ့မိတ်ဆွေလို့ လက်မထောင်ပြီး ဂုဏ်ပြုစာတွေ ရေးဖွဲ့တာ တွေ့ရပါတယ်။ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ စိတ်လည်းပျက်ရပါတယ်။ တော်လှန်ရေးသမားတွေရဲ့ စည်းတွေစံတွေ ပျောက်ကုန်တာ ဖြစ်ပါတယ်။ တော်လှန်ရေးသမားတယောက်အဖို့ လက်နက်ချတယ်ဆိုတာ သာမန်ကိစ္စလေးတခု၊ လူတွေ မလွှဲမရှောင်သာ လုပ်ရတဲ့ကိစ္စလေးတခုလို့ ယူဆနေကြဟန်တူပါတယ်။ ငါသာသူ့နေရာမှာဆိုရင် ဆိုတဲ့စဉ်းစားနည်းမျိုး စဉ်းစားလိုက်ရဲ့လား မသိပါဘူး။ လက်နက်ချလောကနဲ့ တော်လှန်ရေးသမားလောကအကြား သောင်ရင်းမြစ်ကလေးတခု၊ စည်းကြောင်းလေးတခု ခြားနေတာမဟုတ်ပါဘူး။ ကမ္ဘာကြီး ခြားနေတာဖြစ်ပါတယ်။
ရှင်းရှင်းပြောရရင် အဲဒီလို ဂုဏ်ပြုစာတွေကို အတိုက်အခံတွေရဲ့ ဝက်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေ၊ စာစောင်တွေမှာ တွေ့ဖူးထားတဲ့အတွက် အခုလို ဦးတင်မောင်ဝင်းကို ချီးကျူးဂုဏ်ပြုနေရာမှာ အဲဒါတွေနဲ့ ရောထွေးသွားမှာ တကယ်ပဲ စိုးရိမ်မိပါတယ်။ ဒါပေမယ့် ဘာပဲပြောပြော “ပူဇာစ ပူဇနေယျာနံ” ဆိုတဲ့ ပူဇော်ထိုက်သူကို ပူဇော်ထိုက်၏ ဆိုတဲ့ စကားလိုပဲ ကျနော်ကလည်း ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုလိုတာနဲ့ ဒီစာကို ရေးလိုက်တာ ဖြစ်ပါတယ်။
အာဇာနည်များ ကမ္ဘာတိုင်အောင် ဥဒါန်းတွင်ရမည်။

ပြည်သူ့စစ်ဖွဲ့ရန် လက်ခံထားသည့် ရာမညတပ်ဖွဲ့ခေါင်းဆောင် စစ်အစိုးရတပ်တွင် အကျယ်ချုပ်ချထားခံရ

ဝီရ / ၂ ဒီဇင်ဘာ ၂၀၀၉

ဌာနေပြည်သူ့စစ်ဖွဲ့စည်းရန် သဘာတူထားသည့် ရာမည မွန်တပ်ဖွဲ့၏ ခေါင်းဆောင်ကို မွန်ပြည်နယ် တောင်ပိုင်း၊ ရေးမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၉) ၌ အကျယ်ချုပ်ထားရှိကြောင်း စုံစမ်းသိရှိရသည်။
ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ရှောင်ကို စကခ (၁၉) အတွင်းရှိ အရာရှိတန်းလျားတွင် မိသားစုနှင့်အတူ ထားရှိခြင်းဖြစ်ပြီး ပြင်ပဧည့်သည်နှင့်တွေ့နိုင်ရန် စစ်တပ်တာဝန်ရှိသူတို့ထံ ခွင့်တောင်းရကြောင်း၊ တပ်အပြင်ဘက်သို့ ထွက်ခွင့်မရှိကြောင်း နိုင်ရှောင်နှင့် သွားရောက်တွေ့ဆုံခဲ့သူတဦးက ပြောသည်။
၎င်းက “အပြင်ထွက်ခွင့် မပေးတာတော့ (၂) လနီးပါးရှိပြီ။ ဘယ်သူနဲ့ တွေ့ချင်လဲဆိုတာ စစ်တပ်က သက်ဆိုင်ရာကို သူ သွားပြောရတယ်။ စစ်တပ် တာဝန်ရှိသူကိုယ်တိုင် အဲဒီဧည့်သည်ကို သွားခေါ်လာပြီး တွေ့ခွင့် အများဆုံး (၁) နာရီပေးတယ်။ တပ်စခန်းအပြင်ကိုတောင် ထွက်ခွင့်မပေးတော့ နိုင်ရှောင်က အတော်လေး စိတ်ဓာတ်ကျနေတယ်။ သူနဲ့အတူ သူ့မိန်းမနဲ့ တပည့်တယောက်ပဲ ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
အသက် (၇၀) ကျော်နေပြီဖြစ်သည့် နိုင်ရှောင်သည် ရာမညတပ်ဖွဲ့ကို ဖွဲ့စည်းပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာ လလယ်ပိုင်းတွင် ၎င်း၏လက်အောက်ခံ တပည့်အချို့နှင့် နအဖစစ်အစိုးရထံ လက်နက်ချခဲ့သည်။
နိုင်ရှောင်နှင့်တွေ့ခဲ့သူက “သွားတွေ့ဖို့ တပ်ကလာခေါ်တဲ့အခါမှာ နိုင်ရှောင်နဲ့ ဘယ်တုန်းက စတွေ့ဖြစ်လဲ၊ ဘယ်လိုပတ်သတ်ခဲ့ဖူးသလဲ ဆိုတာကအစ နအဖစစ်တပ်တွေက အရင်မေးမြန်းနေတော့ နောက်ပိုင်း အခေါ်ခံရတဲ့လူတွေက မသွားချင်ကြတော့ဘူး။ မသိဘူး၊ မပတ်သက်ခဲ့ဖူးဘူးလို့ပြောပြီး အတွေ့မခံကြတာလည်း ရှိတယ်။ ဒါက စကခ (၁၉) က ဗိုလ်မှူးချုပ် ချိုထွန်းအောင်ရဲ့ အမိန့်ပေါ့” ဟု ပြောသည်။
ပြည်သူ့စစ် ဖွဲ့စည်းရာတွင် တပ်တည်နေရာ ရွေးချယ်ခွင့်နှင့် မိမိတပ်ဖွဲ့ဖြင့်သာ ဖွဲ့စည်းလိုကြောင်း အောက်တိုဘာလအတွင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ် တာဝန်ရှိသူတို့နှင့် တွေ့ဆုံခဲ့ချိန်၌ နိုင်ရှောင်က တောင်းဆိုပြီးနောက်ပိုင်း ၎င်း၏ သွားလာလှုပ်ရှားခွင့်ကို တားမြစ်လိုက်ပြီး ယခုကဲ့သို့ တပ်တွင်းတွင် အကျယ်ချုပ်ချလိုက်ခြင်းဖြစ်သည်။
မွန်ပြည်သစ် ဗဟိုကော်မတီဝင်တဦးက “အခြားမွန်ခွဲထွက်အဖွဲ့ နိုင်အောင်နိုင်တို့အဖွဲ့ကလည်း နိုင်ရှောင်ကို တွေ့ဖို့ စကခ (၁၉) ကို တောင်းခံတာ နှစ်ခါစလုံး ပေးမတွေ့ဘူးလို့ ကျနော်တို့ကြားရတယ်။ ဒီအဖွဲ့တွေ အချင်းချင်းပေါင်းပြီး ပြည်သူ့စစ်ဖွဲ့ဖို့ကိုလည်း နအဖက ခွင့်မပြုတဲ့သဘောမှာ ရှိတယ်။ မွန်အမျိုးသား လက်နက်ကိုင်အဖွဲ့အစည်းငယ်တွေ ပေါင်းသွားမှာကိုလည်း နအဖက ကြောက်နေပုံရတယ်။ ဒါကြောင့် နိုင်ရှောင်ကို အပြင်မထွက်ခိုင်းတာ” ဟု ပြောသည်။
နိုင်ရှောင်သည် မွန်ပြည်သစ်ပါတီ၏ တပ်မှူးတာဝန်မှ အနားယူခဲ့သူတဦးဖြစ်ပြီး ရာမညတပ်ဖွဲ့ ဖွဲ့စည်းပြီးနောက် စစ်အစိုးရထံ လက်နက်ချလိုက်သည့်အပေါ် မွန်အမျိုးသားတို့ စည်းလုံးညီညွတ်ရေးကို ဖြိုခွဲရာရောက်သဖြင့် ပါတီနှင့်လာရောက်ပူးပေါင်းရန် မွန်ပြည်သစ်က ကြေညာချက်ထုတ်၍ ဖိတ်ခေါ်ခဲ့ဖူးသည်။

မိုးညှင်းခရိုင် စပါးအထွက်နှုန်းလျော့နိုင်

  

ခိုင်လင်း/ ၂ ဒီဇင်ဘာ ၂၀၀၉

ကချင်ပြည်နယ်၏ စပါးအဓိကထွက်ရာ မိုးညှင်းခရိုင်အတွင်း စပါးပင်များ မသန်မစွမ်းဖြစ်ကာ ယခုနှစ်တွင် စပါးအထွက်နှုန်း လျော့ကျနိုင်သည်ဟု ဒေသခံတောင်သူများက ပြောသည်။
ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် အချိန်နှောင်းမှ စိုက်ပျိုးခဲ့ရ၍ အပင်များ မသန်မစွမ်းဖြစ်ကာ လယ်ခင်းအတော်များများ စပါးအထွက်နှုန်းလျော့နေသည်ဟု မိုးညှင်းမြို့နယ်မှ တောင်သူတဦးက ပြောသည်။
၎င်းက “အရင်နှစ်တွေဆို ဝါဆို၊ ဝါခေါင် စိုက်ပြီးနေပြီ။ ဒီနှစ်က တော်သလင်းလကွယ်၊ သီတင်းကျွတ်လောက်မှ စိုက်ခဲ့ရတယ်။ တခါမှ အဲလို မကြုံဘူး။ အဲဒီတော့ အပင်က မသန်၊ အနှံကလည်း ကျိုးတိုးကျဲတဲ၊ အခုက နွားစာပဲ ရမယ့်ပုံပေါ်နေပြီ။ လယ်အတော်များများ အဲဒီလို ဖြစ်နေတာ။ တဧက အနည်းဆုံး ပျမ်းမျှ တင်းလေးငါးဆယ် ထွက်နေတာ။ ဒီနှစ်တော့ တဆယ်ကျော် နှစ်ဆယ်လောက် ထွက်နိုင်မယ်၊ ရိတ်တဲ့ဟာ ရိတ်နေပြီ” ဟု ပြောသည်။
ယခုနှစ်တွင် မြန်မာပြည်အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသတို့၌ မိုးခေါင်ခဲ့ရာ မိုးညှင်းခရိုင်တွင်လည်း အလားတူ ကြုံခဲ့ရပြီး စိုက်ပျိုးရေ မရရှိသဖြင့် အချိန်နှောင်းမှ စိုက်ပျိုးခဲ့ရသည်။
မိုးညှင်းမြို့နယ်သည် ၂ဝဝဝ ပြည့်နှစ်မတိုင်မီ ကာလများက နှစ်စဉ် မိုးစပါးတင်း (၁၅) သိန်း ပိုလျံစွာ ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ယခုအခါ စစ်တပ်က စပါးများ ဝယ်ယူနေ၍ စပါးထွက်ရှိမှုအခြေအနေ မသိရှိရသော်လည်း လယ်ယာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းမှုမှာ မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေသဖြင့် လယ်စိုက်ပျိုးမှု လျော့နည်းလာ၍ ယခင်ကလောက် ပိုလျှံစပါး ရှိတော့မည် မထင်ကြောင်း ဒေသခံတောင်သူများက ပြောသည်။
တောင်သူမိသားစုအတွင်းမှ လူငယ်အများစုမှာ တောင်သူအလုပ်တွင် စိတ်ဝင်စားမှုမရှိတော့ဘဲ ရွှေတွင်း၊ ကျောက်စိမ်းတွင်းတို့တွင် သွားရောက်လုပ်ကိုင်နေသူ ပိုများလာနေသည်ဟု မိုးညှင်းမြို့ခံ တောင်သူတဦးက ပြောသည်။
၎င်းက “အခု လူငယ်၊ လူလတ်ပိုင်းတွေက လယ်ထဲဆင်းဖို့ စိတ်မဝင်စားကြတော့ဘူး။ သူများ ဆိုင်ကယ်စီး ကိုယ်လည်း စီးချင်ကြတော့ ငွေရမယ့် ကျောက်တို့၊ ရွှေတို့ဘက်မှာ အလုပ်သမား ဝင်လုပ်နေကြတယ်။ လယ်လုပ်လို့ကတော့ ထမင်းနပ် မှန်အောင်တောင် မလွယ်ဘူး။ လယ်လုပ်ပြီး ထမင်းငတ်မယ့်ပုံ ပေါ်နေပြီ။ နောက်ပိုင်း လယ်လုပ်မယ့်သူတွေ ရှားသွားနိုင်တယ်” ဟု ပြောသည်။
ကချင်ပြည်နယ်ကို မြန်မာနိုင်ငံ၏ စတုတ္တ စပါးကျီဖြစ်ရမည်ဟု နအဖစစ်အစိုးရက ကြွေးကြော်ထားသော်လည်း ဒေသခံတောင်သူအများစုမှာ လယ်ယာလုပ်ငန်းအပေါ် စိတ်ပျက်လာနေကြသည်။

နာဂစ်မုန်တိုင်းဒဏ်သင့်သူများ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးဆဲ

         

မေကျော် / ၂ ဒီဇင်ဘာ ၂၀၀၉

နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးကာလ (၁) နှစ်ခွဲ ရှိခဲ့ပြီဖြစ်သော်လည်း ဒေသခံများ သက်မွေးဝမ်းကျောင်း အလုပ်အကိုင် ရှားပါးနေဆဲဖြစ်ကြောင်း လပွတ္တာ၊ ဖျာပုံနှင့် ဘိုကလေမြို့အခြေစိုက် အန်ဂျီအိုဝန်ထမ်းများက ပြောကြားသည်။
ပြန်လည်ထူထောင်ရေးကာလအတွင်း စစ်အစိုးရအစီအစဉ်ဖြင့် လုပ်ဆောင်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ဒေသခံများအတွက် အလုပ်အကိုင်နေရာ မရရှိဘဲ ကုလသမဂ္ဂအဖွဲ့အစည်းက လုပ်ကိုင်နေသည့် အစားအစာအတွက် အလုပ်အကိုင်အစီအစဉ်မှာလည်း ယခုလကုန်တွင် ရပ်နားတော့မည်ဖြစ်သည်။ အန်ဂျီအိုအများစု ဖော်ဆောင်နေသော သက်မွေးဝမ်းကျောင်း အလုပ်အကိုင် အစီအစဉ်များမှာလည်း မုန်တိုင်းဒဏ်သင့် လူဦးရေ (၂) သန်းအတွက် လွှမ်းခြုံနိုင်ခြင်းမရှိ ဖြစ်နေသည်။
“အခု စီးပွားရေး လုပ်ငန်းရှင်တွေ ဆောက်နေတဲ့ အိမ်ရာတွေ၊ မုန်တိုင်းကာ အဆောက်အအုံတွေ ရှိပါတယ်။ ဒီလုပ်ငန်းခွင်တွေကလည်း သူ့လူနဲ့သူ ပြည့်နေတယ်။ ဒေသခံတွေကို အလုပ်မပေးနိုင်ဘူး။ အန်ဂျီအိုအများစု ထောက်ပံ့ပေးတာက လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်း။ လယ်အလုပ်က အခု အဆင်မပြေဘူး။ ရေလုပ်ငန်းရောက်တော့ ငါးဖမ်းတဲ့သူကများ ငါးကရှား” ဟု ဖျာပုံ အခြေစိုက် အန်ဂျီအိုဝန်ထမ်းတဦးက ပြောကြားသည်။
မုန်တိုင်းဒဏ်သင့်မိသားစုများ အဓိကအားထားရာ စားနပ်ရိက္ခာ ထောက်ပံ့ပေးနေသည့် ကုလစားနပ်ရိက္ခာအစီအစဉ် (WFP) က ယခုလကုန်တွင် ထောက်ပံ့မှု ရပ်ဆိုင်းတော့မည်ဟု သိရသည်။
“ဒီလူတွေအတွက်က ရင်လေးစရာပါ။ WFP အပါအ၀င်ပေါ့ဗျာ၊ အန်ဂျီအိုအတော်များများ ပြန်ထွက်တော့မယ်။ အခုထိ သူတို့မှာ မယ်မယ်ရရ ဘာမှမရှိသေးဘူး။ လပွတ္တာဆိုရင် နေစရာ အိမ်မရှိတဲ့သူတွေ၊ မိဘမဲ့တွေ အများကြီး ရှိနေသေးတယ်” ဟု လပွတ္တာအခြေစိုက် အန်ဂျီအိုဝန်ထမ်းက ပြောသည်။
ဒေသခံလုပ်ငန်းရှင်များအနေဖြင့် ယခုကဲ့သို့ အလုပ်လက်မဲ့ဖြစ်နေသော မုန်တိုင်းဒဏ်သင့် မိသားစုများကို စားနပ်ရိက္ခာ ထောက်ပံ့ပေးခြင်းကြောင့် လူထုမှာ အလုပ်မလုပ်ဘဲ အချောင်ခိုလာကြောင်း၊ ထို့အပြင် နာဂစ်မုန်တိုင်းအပြီး စစ်အစိုးရက မုန်တိုင်းဒဏ်သင့်သူများကို ထောက်ပံ့ရာမှ လူထု အကျင့်စာရိတ္တ ပျက်ပြားမည် စိုးရိမ်ကြောင်း နိုင်ငံပိုင် သတင်းစာများမှ သတိပေးခဲ့သည်။
နာဂစ်လေဘေးဒုက္ခသည်များကို လှူမည့်သူများအား စစ်အစိုးရ ကော်မတီကတဆင့် လှူဒါန်းကြရန်၊ ပြည်သူများ စာရိတ္တပျက်မည်စိုး၍ အမျိုးသားရေးအသိနှင့် လှူဒါန်းကြရန် နအဖသတင်းစာများက ကြေညာခဲ့ခြင်းဖြစ်သည်။
သို့သော် နာဂစ်ဒဏ်သင့်ဒေသများတွင် လုပ်ကိုင်နေသော အန်ဂျီအိုဝန်ထမ်းများက ယင်းအကြောင်းပြချက်မှာ ကြောင်းကျိုးဆီလျော်မှု မရှိသော အဓိပ္ပာယ်မဲ့ စွပ်စွဲပြောဆိုချက်ဖြစ်သည်ဟု ပြောကြားကြသည်။
နာဂစ်မဖြစ်မီက မြစ်ဝကျွန်းပေါ်ဒေသ၏ လူဦးရေ (၃၀) ရာခိုင်နှုန်းမှာ မြေမဲ့ယာမဲ့များဖြစ်ပြီး ကြုံရာကျပန်းလုပ်ကိုင် စားသောက်သူများ ဖြစ်ကြကြောင်း၊ နာဂစ်ဒဏ်သင့်ပြီး နောက်ပိုင်းတွင်မူ အလုပ်လက်မဲ့ဦးရေ များပြားလာသည့်အပြင် ပျက်စီးသွားသည့် မိရိုးဖလာ စီးပွားရေးလုပ်ငန်းများကြောင့် ထောက်ပံ့မှုများ မရှိမဖြစ် လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
ဘိုကလေးအခြေစိုက် အန်ဂျီအိုဝန်ထမ်းတဦးက “နာဂစ် မဖြစ်ခင်ကတည်းက ဧရာဝတီတိုင်း လူဦးရေ (၃၀) ရာခိုင်နှုန်းဟာ မြေမဲ့ယာမဲ့ အခြေအနေမဲ့။ ဒီမိသားစုက ကလေးတွေ ကျောင်းမထားနိုင်ဘူး။ တချို့ရွာတွေ ကျောင်းမရှိဘူး။ ကုန်ကုန်ပြောမယ်။ နိုင်ငံကျော် အနုပညာရှင် မောစ့်ရဲ့ ရွာမှာ အခုထိ ကလေးတွေ ကျောင်းမနေနိုင်သေးဘူး။ ကျောင်းမရှိလို့။ လူထု အကျင့်စာရိတ္တက စာသင်ကျောင်းတွေမှာ စပြီး မွေးမြူပေးရမှာ” ဟု ပြောသည်။

ဒုက္ခသည်များ စခန်းအပြင်ထွက် အလုပ်လုပ်လိုကြ

  

ရဲရင့် / ၂ ဒီဇင်ဘာ ၂၀၀၉

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်များကို ထိုင်းအစိုးရအနေဖြင့် အလုပ်လုပ်ကိုင်ခွင့်ပြုရန် ဥရောပသမဂ္ဂ(အီးယူ)၏ တိုက်တွန်းမှုကို မြန်မာဒုက္ခသည်များနှင့် ဒုက္ခသည်အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ကြိုဆိုခဲ့ကြသည်။
မယ်လစခန်းမှ စောကညောဖိုးက “ဒုက္ခသည်တွေ နှစ်ပေါင်းများစွာ လိုလားနေတဲ့ အခွင့်အရေးတခုဖြစ်တယ်။ ပေးတာယူ ကျွေးတာစား ထားရာနေဘ၀နဲ့ အကျယ်ချုပ်လို ဒုက္ခသည်စခန်းထဲမှာ နေလာတာ (၁၅) နှစ်ရှိတော့မယ်။ လူ့ဘ၀ဆိုတာက ဒါထက်ပိုပါတယ်။ ဒီကိစ္စ အကောင်အထည် ပေါ်လာမယ်ဆိုရင်တော့ ကျနော်တို့ကို တာဝန်ယူနေတဲ့ လူတွေအတွက်လည်း ၀န်ထုပ်ဝန်ပိုးတွေ နည်းသွားမယ်” ဟု ပြောသည်။
အီးယူအဖွဲ့၏ လော၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံဆိုင်ရာ သံအရာရှိကြီး မစ္စတာဒေးဗစ်လစ်မင်းက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းအစိုးရကို တိုက်တွန်းပြောကြားခြင်းဖြစ်ပြီး ဒုက္ခသည်များ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန်၊ ထိုင်းလူ့အဖွဲ့အစည်းအတွင်း ၀င်ဆံ့နိုင်ရန် ကူညီလုပ်ဆောင်ပေးသင့်သည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၂၃) ရက်တွင် အီးယူသံအရာရှိကြီး ဒေးဗစ်လစ်မင်း ဦးဆောင်သည့် ဥရောပသမဂ္ဂအဖွဲ့ဝင် (၁၄) နိုင်ငံမှ သံတမန်များသည် မယ်လဒုက္ခသည်စခန်း၏ အနေအထားများကို သွားရောက်လေ့လာခဲ့ကြပြီးနောက် အဆိုပါတိုက်တွန်းချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
စခန်းအုပ်ချုပ်ရေးတာဝန်ရှိသူတဦးက “ကျနော်တို့သိရတာက ဒီကိစ္စကို ထိုင်းအစိုးရဘက်က လောလောဆယ်တော့ ဖြစ်ဖို့ မလွယ်သေးဘူး။ အစိုးရမူဝါဒပြောင်းရမယ့် သဘောရှိတယ်။ ဖြစ်တယ်ဆိုတာတောင်မှ လာမယ့် (၅) နှစ်လောက်မှ ဖြစ်နိုင်မယ်လို့ ကြားတယ်” ဟု ပြောသည်။
လက်ရှိထိုင်းအစိုးရ၏ မူဝါဒအရ ဒုက္ခသည်များကို စခန်းအပြင်ထွက်၍ အလုပ်လုပ်ကိုင်ခွင့်မရှိဟု ကန့်သတ်ထားသည်။
ဒုက္ခသည်များကို အကူအညီပေးနေသည့်အဖွဲ့တခုမှ တာဝန်ခံတဦးက “ထိုင်းအစိုးရအနေနဲ့ ခွင့်ပြုသင့်ပါတယ်။ အဲလိုခွင့်ပြုခြင်းအားဖြင့် ရေရှည်မှာ ဒုက္ခသည်ပြဿနာတွေ နည်းပါးမှာဖြစ်ပြီး ဒီလူတွေ အလှူရှင်တွေရဲ့နှာခေါင်းနဲ့ အသက်ရှူစရာ မလိုတော့ဘူး” ဟု ပြောသည်။
ဒုက္ခသည်များအား တလလျှင် (၅) နှစ်အထက် တဦးလျှင် ဆန် (၁၅) ကီလို၊ ဆီ (၁) ကီလို၊ ပဲ (၁) ကီလိုနှင့် ငါးပိ၊ ငရုပ်သီး၊ ဆား၊ အာဟာရမှုန့်များ ပေးဝေပြီး တနှစ်တကြိမ်နှုန်းဖြင့် စောင်၊ ခြင်ထောင်၊ အနွေးထည်များပေးပြီး (၂) နှစ်တခါ ပုဆိုးတထည်နှင့် ထဘီတထည်စီပေးသည်။ (၅) နှစ်အောက် ကလေးငယ်များကိုမူ ရိက္ခာတ၀က်နှုန်းသာပေးသည်ဟု မယ်လစခန်းမှ ရိက္ခာမှူးတဦးက ပြောသည်။
မြန်မာဒုက္ခသည်များကို စားနပ်ရိက္ခာ ထောက်ပံ့ပေးသည့် ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း Thailand Burma Border Consortium (TBBC) အဖွဲ့က ယခုနှစ်ကုန်ပိုင်းတွင် ဒုက္ခသည်များနှင့် သက်ဆိုင်သည့် လေ့လာစူးစမ်းမှုတရပ်ကို မယ်လဒုက္ခသည်စခန်းတွင် (၂) ပတ်ကြာပြုလုပ်ခဲ့သည်။
အဆိုပါ လေ့လာစူးစမ်းမှုအရ ဒုက္ခသည် (၅) သောင်းခွဲခန့်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် မိသားစု (၅) ဦး ရပ်တည်နိုင်ရန်အတွက် တလလျှင် ထိုင်းဘတ်ငွေ (၂,၂၅၀) လိုအပ်သည်ဟု သိရသည်။
ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာဒုက္ခသည်စခန်း (၉) ခုရှိပြီး ဒုက္ခသည် (၁၄၀,၀၀၀) ခန့်နေထိုင်ကာ ၎င်းတို့အတွက် အဓိကအကူအညီပေးသည့်အဖွဲ့မှာ ဥရောပသမဂ္ဂဖြစ်သည်။

dinsdag 1 december 2009

ကမ္ဘာ့ ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ တွင် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံရ

    

(ဓာတ်ပုံ - ဧရာဝတီ)
Tuesday, 01 December 2009 17:47 ကိုထွေး
.အမေရိကန် ပြည်ထောင်စု Foreign Policy မဂ္ဂဇင်းက အမှောင်ထုတွင်းမှ မျှော်လင်ချက်များကို ရှင်သန်စေသော သင်္ကေတ အမှတ်အသား အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ ထိပ်တန်း တွေးခေါ်ရှင် (၁၀၀) စာရင်းတွင် ရွေးချယ်လိုက်ကြောင်း သိရသည်။

၁၉၉၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ အကြောက်တရားသည် ခွဲထုတ်၍မရသော နေ့စဉ်ဘ၀၏ အစိတ်အပိုင်းတခု (Fear is an integral parts of everyday existence) ဟူသော မိန့်ခွန်းနှင့် စိတ်ပိုင်းဆိုင်ရာ တော်လှန်ရေး ( revolution of the spirt) ဟူသော အယူအဆ များကိုလည်း ယင်းဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ဖော်ပြထားသည်။
ဒေါ်အောင်ဆန်း စုကြည်သည် ဗုဒ္ဓ၏ ငြိမ်းချမ်းရေး အခြေခံနှင့် မဟတ္တမ ဂန္ဒီ၏ အကြမ်းမဖက်ရေးမူတို့ ဖြင့် စိတ်ပိုင်းဆိုင်ရာ တွန်းအားကို ရယူခဲ့ကာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အရေးကြီးသော အပြောင်းအလဲ ကာလတွင် နိုင်ငံတကာက ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ပြန်လည် ရုပ်သိမ်းရေးအတွက် စစ်အစိုးရကို အကူအညီပေးခဲ့ကြောင်း ရေးသားထားသည်။
၁၉၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ လက်တွဲ လုပ်ကိုင်ခဲ့ဖူးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ခေါင်းဆောင် ဦးဝင်းတင် က “ ဒေါ်အောင်ဆန်းစုကြည်ကို နီးနီးကပ်ကပ် ဆက်ဆံဖူးတဲ့ ကျနော့် အနေနဲ့ တော့ ဂုဏ်ယူတယ်၊ ၀မ်းသာတယ် ပေါ့ဗျာ၊ ကျေနပ် တယ်၊ နှစ်ထောင်း အားရရှိတယ်၊ သူကျင့်သုံးနေတဲ့ သဘော တရား သူ့ရဲ့ဒဿန နိုင်ငံရေး အယူအဆ၊ စိတ်နေ စိတ်ထားတွေကို နိုင်ငံရေး သမားလုပ်ဖော်ကိုင်ဖက် အချင်းချင်းကို သာမက ကျောင်းသား လူငယ်များကိုလည်း ပုံမှန်ပြောပြနိုင်တယ်၊ သူပြောပြတာ တွေကို ကိုယ်တိုင် ကျင့်သုံးတယ်ဗျ၊ ပြီးတော့ သူ့ရဲ့ စွဲမြဲတဲ့ ညီညွတ်တဲ့ အယူအဆတွေ ကျင့်ဝတ်တွေရှိတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရာတွင် အဓိက တွေ့ရသည်မှာ ဉာဏ်ပညာက အမြဲ ဦးဆောင် နေကြောင်း၊ ရဲစွမ်းသတ္တိ၊ လုပ်ရဲကိုင်ရဲသည့် စိတ်ဓာတ်နှင့် ပတ်သက်၍ ဓနုဖြူ ဖြစ်ရပ်က သက်သေခံလျက် ရှိကြောင်း၊ ရန်ကုန်ဆေးရုံကြီး၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဒီမိုကရေစီ လိုချင်လျှင် စည်းကမ်းရှိကြပါဟု ပြောဆိုခဲ့ခြင်းဖြင့် စည်းကမ်းနှင့် တာဝန်သိမှုကို အလေးထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အတွေး အခေါ်နှင့် ပတ်သက်၍ အနှစ်ချုပ်ရာတွင် မီးလျှံထဲက ကြာကဲ့သို့ အမြဲ အသစ် ပြန်လည် ပျိုးထောင်နိုင်သည့် သဘောတရားများကလည်း ဒေါ်အောင်ဆန်း စုကြည်၏ အကျင့် စရိုက် အတွေးအခေါ် အယူအဆများတွင် လွမ်းမိုးမှုရှိကြောင်း၊ မေတ္တာတရားသည် အမြဲသူ၏ ရင်တွင်းရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်းက“ဒေါ်အောင်ဆန်းစုကြည်က မှောင်မိုက်နေတဲ့ မြန်မာပြည်သူတွေအတွက် အခြားသော အာဇာနည်တွေလိုပဲ တောက်ပတဲ့ကြယ်တလုံးပါ၊ တိုင်းပြည်အကျိုးအတွက် ဘယ်လို လူပုဂ္ဂိုလ်၊ ပါတီနဲ့မဆို ပူးပေါင်း ဆောင်ရွက်နိုင်တယ်၊ သူက အကြမ်း မဖက်ရေးကို စွဲစွဲမြဲမြဲ ယုံကြည်ပြီးတော့ ပြဿနာတိုင်းကို နှုးညံသိမ်မွေ့စွာ ရင်ဆိုင်မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး၊ သူပြောဖူးတယ် ကျမတို့အားလုံး မကောင်းမှုတွေကို လုပ်တာ ရှက်ကြောက်ကြဖို့ ပြီးတော့ သူက မတရားမှုကို ဘယ်တော့မှ သီးခံမှာမဟုတ်သလို တန်ဖိုးရှိတဲ့စကားလုံးတွေနဲ့ တုံ့ပြန်တတ်ပါတယ်၊ ကျနော်တို့ရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာကို မြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံး စံနမှုနာ ဖြစ်ပါတယ်” ဟု ပြောသည်။
၁၉၇၀တွင် စတင်ထူထောင်ခဲ့သည့် Foreign Policy မဂ္ဂဇင်းသည် အမေရိကန်ပြည်ထောင်စုတွင် ထင်ရှား သြဇာရှိသော မဂ္ဂဇင်း တစောင်ဖြစ်သည်။
ယခုထုတ်ပြန်ခဲ့သည့် ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမေရိကန် လက်ရှိသမ္မတ ဘားရက် အိုဘားမား၊ သမ္မတဟောင်း ဘီလ် ကလင်တန် ဇနီးမောင်နှံ၊ အမေရိကန်- ဒုသမ္မဟောင်း ဒစ်ချေနေ၊ မိုက်ခရိုဆော့ဖ် ကုမ္ပဏီပိုင်ရှင် ဘီလ်ဂိတ်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၊ ချက်သမ္မတနိုင်ငံ သမ္မတဟောင်း နိုဗယ် ဆုရှင် စာရေးဆရာ ဗားကလက် ဟာဗယ် တို့လည်း ရွေးချယ်ခံရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဆာ့ခါရော့ဆု(Sakharov prize) (၁၉၉၀)၊ နိုဗဲလ်ငြိမ်းချမ်းရေးဆု (Nobel peace Prize) (၁၉၉၁)၊ ဆိုင်မွန်ဘိုလီဗာဆု (Simon Bolivar Prize)ု(၁၉၉၂)၊ Prix Litteraire des Droits de I' Homme (၁၉၉၂)၊ (Liberal International Prize for Freedom)(၁၉၉၅)၊ (Jawaharlal Nehru Award for International Understanding) ဂျဝါဟာလာနေရူးဆု (၁၉၉၅)၊ မာတင်လူသာကင်းဆု (၂၀၀၉) များ အပါအ၀င် နိုင်ငံတကာ ဆုပေါင်းများစွာ ချီးမြှင့်ခြင်း ခံခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။
အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။
ထိုစီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့က လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးချုပ်တွင် ထပ်မံ အယူခံဝင်ရန် ပြင်ဆင်နေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၄ နှစ်ကျော်ပြီ ဖြစ် သည်။

စီးပွားရေး နိုဗဲလ်ဆုရှင်တဦး မြန်မာနိုင်ငံသို့ သွားရောက် အကြံပေးမည်

  


စီးပွားရေး နိုဗဲလ်ဆုရှင် မစ္စတာ ဂျိုးဇက် စတစ်ဂ်လစ်ဇ် (Joseph Stiglitz) (ဓာတ်ပုံ - AP)

Tuesday, 01 December 2009 19:24 ရန်ပိုင်
.ကမ္ဘာ့ဘဏ်မှ စီးပွားရေး နိုဗဲလ်ဆုရှင် မစ္စတာ ဂျိုးဇက် စတစ်ဂ်လစ်ဇ်သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် သွားရောက်မည်ဟု ကုလသမဂ္ဂ အရာရှိတဦးက ပြောလိုက်သည်။

“ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေးနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် သူက စီးပွားရေးဆိုင်ရာ အတွေးအခေါ်တွေကို မျှဝေပေးမှာ ဖြစ်ပါတယ်”ဟု ဘန်ကောက် အခြေစိုက် ကုလသမဂ္ဂ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (ESCAP) အကြီးအကဲ မစ္စ နိုလန်ဟေဇာ (Noeleen Heyzer)က ဆိုသည်။
စီးပွားရေးပညာရှင် စတစ်ဂ်လစ်သည် တတိယကမ္ဘာနိုင်ငံများကို ကိုယ်စားပြုသူတဦးအဖြစ် လူသိများသည့်အတွက် ကိုယ့်အား ကိုယ်ကိုးသော နိုင်ငံ အစိုးရများနှင့် သင့်လျော်သည်ဟု ယူဆကြောင်း စင်္ကာပူနိုင်ငံ အခြေစိုက် စီးပွားရေးပညာရှင်တဦးက ဧရာဝတီသို့ ပြောသည်။
“ကျေးလက် ဖွံ့ဖြိုးရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ တောင်သူတွေကို အမတော်ကြေး ပေးရေးတွေကို ဆွေးနွေးလိမ့်မယ် ထင်တယ်” ဟု အမည်မဖော်လိုသူ အဆိုပါ ပညာရှင်က ဆိုသည်။
စီးပွားရေးပညာရှင် စတစ်ဂ်လစ်ဇ်သည် ကမ္ဘာ့ဘဏ်၏ ဒုတိယ ဥက္ကဋ္ဌ တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သို့သော်လည်း ကမ္ဘာ့ဘဏ်၏ မူဝါဒတချို့ကို ဆန်ကျင်သူတဦး အဖြစ် နိုင်ငံတကာ စီးပွားရေးလောကတွင် လူသိများသည်။
မကြာသေးမီက ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ESCAP ညီလာခံသို့ လယ်ယာစိုက်ပျိုးရေး ၀န်ကြီး ဗိုလ်ချုပ်ဌေးဦး တက်ရောက်ခဲ့ရာ ESCAP အရာရှိများနှင့် ဗိုလ်ချုပ်ဌေးဦးတို့ တွေ့ဆုံပြီး နောက်ပိုင်းတွင် မစ္စတာ စတစ်ဂ်လစ်ဇ်၏ ခရီးစဉ် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းမှုနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ် နှင့် နိုင်ငံတကာ၏ အကြံပေးမှုများ၊ ပညာရှင်တဦးချင်း လာရောက်၍ အကြံပေးမှုများက ကောင်းမွန်သော်လည်း ပြည်တွင်းမှ ပြုပြင် ပြောင်းလဲလိုသော စိတ်ဓာတ်မျိုး ရှိရန် လိုအပ်သည်ဟု ရန်ကုန်မှ စီးပွားရေးပညာရှင် တဦးဖြစ်သူ ခင်မောင်ညို (ဘောဂဗေဒ)က ဆိုသည်။
“စီးပွားရေးနဲ့ ပတ်သက်လို့ အကြံပေးတာ ပိုဖြစ်နိုင်မယ်၊ ဒါပေမယ့် သိပ် ထူးထူးခြားခြား ပြောင်းမယ် မထင်ပါဘူး” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံတွင် အရောင်းအ၀ယ်များ နှေးကွေးနေကြောင်း၊ နိုင်ငံ၏ စီးပွားရေးကျဆင်းမှု နှင့် ဆင်းရဲမွဲတေမှုများကို တိုက်ဖျက်လိုလျှင် စီးပွားရေးစနစ် တခုလုံး ပြုပြင် ပြောင်းလဲပစ်ရမည် ဖြစ်ကြောင်း၊ ထိုအပြောင်းအလဲသည် နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့် သက်ဆိုင်ကြောင်း သူက ဆက်လက် ပြောပြသည်။
စီးပွားရေး ကျဆင်းမှုမှာ နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူမှုများနှင့် မသက်ဆိုင်ကြောင်း၊ ကုန်သွယ်မှု မချောမွေ့ခြင်း ဆိုသည့် အကြောင်းအရာများသည် မိမိတို့နိုင်ငံအတွင်းက ပြုပြင်မှသာ ရမည် ဖြစ်ကြောင်း သူက ရှင်းပြသည်။
စစ်အစိုးရသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်ပြီး စိတ်ဝင်စားမှု နည်းပါးသည်ဟု စင်္ကာပူအခြေစိုက် စီးပွားရေးပညာရှင်က ထောက်ပြ ဝေဖန်သည်။
စီးပွားရေး ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးမှုများမှာ ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက်တွင်သာ အနည်းအကျဉ်း ရှိခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ်တွင် ဂျပန် စီးပွားရေး ပညာရှင် တဦးက မြန်မာ တနိုင်ငံလုံး အတိုင်းအတာဖြင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အတွက် ကွင်းဆင်း လေ့လာ၍ စစ်အစိုးရထံ အစီရင်ခံစာ တစောင် ရေးသား ပေးပို့ခဲ့ကြောင်း၊ သို့သော်လည်း စစ်အစိုးရက ပြုပြင်ပြောင်းလဲမှုဆိုသည့် စကားရပ်ကို မနှစ်သက်သောကြောင့် လက်မခံခဲ့ဟု သူက ရှင်းပြသည်။
သြစတြေးလျနိုင်ငံ မက်ကွိုင်ယားတက္ကသိုလ်မှ မြန်မာ့စီးပွားရေးကို စောင့်ကြည့် လေ့လာနေသည့် စီးပွားရေးပညာရှင် မစ္စတာရှောင်တာနဲ ( Sean Turnell)ကလည်း မစ္စတာ စတစ်ဂ်လစ်ဇ်၏ မြန်မာပြည်ခရီးစဉ်နှင့် ပတ်သက်ပြီး မျှော်လင့်ချက် နည်းပါးသည်ဟု ဆိုသည်။
မစ္စတာ စတစ်ဂ်လစ်ဇ်သည် ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး အတွက် ငွေထုတ်ချေးသည့် စနစ်ကို အကောင် အထည် ဖော်ဆောင်ရတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူ ဖြစ်ပြီး ၎င်း၏ စီးပွားရေး ဆိုင်ရာ ကျွမ်းကျင်မှုကို သံသယဖြစ်စရာ မရှိကြောင်း၊ သွားရောက် ဆွေးနွေးခြင်းကိုလည်း ကြိုဆိုကြောင်း၊ သို့သော်လည်း နိုင်ငံတကာက ပေးသည့် အကြံဉာဏ်ကောင်းများကို လက်မခံသည့် စစ်အစိုးရက ၎င်း၏အကြံပေးမှုများကို လက်ခံမည်ဟု မယူဆကြောင်း သူက သုံးသပ်သည်။