မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 29 december 2009

မြန်မာ့ဆိုင်းဝိုင်းတွင် အနောက်တိုင်းတူရိယာများ မသုံးရဟုဆို

    

Tuesday, 29 December 2009 18:40 သဲသဲ
.အလှူ၊ မင်္ဂလာ အခမ်းအနားများတွင် ငှားရမ်း အသုံးပြုလေ့ရှိသော မြန်မာ့ ဆိုင်းဝိုင်းများတွင် ကီးဘုတ်အပါအ၀င် အနောက်တိုင်း တူရိယာ ပစ္စည်းများ ထည့်သွင်း တီးမှုတ်ခြင်း မပြုရန် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) က ထုတ်ပြန် လိုက်ကြောင်း သိရသည်။

“ဆိုင်းပညာ ရှင်ကြီးတွေက ယဉ်ကျေးမှု ၀န်ကြီးဌာနကို တိုင်လို့ အဲဒီကတဆင့် ညွှန်ကြားချက် ထုတ်ပြန် လိုက်တာပါ” ဟု သဘင် ပညာရှင်များ အစည်းအရုံးမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
ဒီဇင်ဘာ ၁၀ ရက်နေ့က စတင်သည့် အဆိုပါ ထုတ်ပြန် ချက်ထဲတွင် ညွှန်ကြားချက် ၅ ချက် ပါဝင်ကြောင်း သိရသည်။
ညွှန်ကြားချက် များထဲ၌ မြန်မာ့ရိုးရာ ဆိုင်းအဖွဲ့များ အနေနှင့် မြန်မာ ဆိုင်းသမားစဉ် အတိုင်း တီးခတ်ရန်၊ မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကြီးများနှင့် အနောက်တိုင်း တူရိယာများ ဖြစ်သော အော်ဂင်၊ ကီးဘုတ်၊ ဒရမ်ဆက်၊ ဂစ်တာ၊ အနောက်တိုင်း လေမှုတ် တူရိယာများ၊ မြန်မာ့ရိုးရာနှင့် မကိုက်ညီသော တူရိယာများနှင့် တွဲဖက်အသုံးပြု တီးမှုတ်ဖျော်ဖြေခြင်း မပြုရန်၊ မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကြီးများနှင့် တွဲဖက်သီဆိုသော အဆိုတော်များသည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော ဟီရိသြတ္တပ္ပတရား ကင်းမဲ့သည့် လျှပ်ပေါ်လော်လီသော သရုပ်ပျက် ၀တ်စားဆင်ယင် ခြင်းများ မပြုလုပ်ရန်၊ ဆိုင်းအဆိုတော်များသည် ဆိုင်းဝိုင်းကြီးရှေ့တွင် သီဆို ဖျော်ဖြေခြင်း မပြုရန်၊ ဆိုင်းဖျော်ဖြေမှု၌ လျှပ်စစ်မီး ဆလိုက်များနှင့် အသံချဲ့စက်များကို တွဲဖက်အသုံးပြုနိုင်ပြီး မြန်မာ့ရိုးရာ ဆိုင်းဖျော်ဖြေ တင်ဆက်ပွဲများ၌ ဆိုင်းဝိုင်းကြီးကို စင်မြင့်ပေါ်တင်၍ ဇာတ်ခုံ ပြင်ဆင်မွမ်းမံခြင်း ပြုလုပ်နိုင်သည် ဟူ၍ ပါဝင်သည်။
မြန်မာနိုင်ငံရှိ နယ်ပရိသတ်အများစုမှာ ဆိုင်းဝိုင်းဖျော်ဖြေတင်ဆက်မှုတွင် ခေတ်ပေါ်တေးသီချင်းများကိုထည့်သွင်း တီးမှုတ် သီဆို ပေးရန် တောင်းဆိုကြသောကြောင့် လက်ရှိဆိုင်းအဖွဲ့များမှာ ထိုကဲ့သို့ဖျော်ဖြေမှုကို ထည့်သွင်းလာကြခြင်းဖြစ်ကြောင်း သိရသည်။
“နယ်ကလူတွေကျတော့ မြို့ကြီးတွေလို စတိတ်ရှိုးတွေ ဘာတွေမရှိတော့ ဒီလို ဆိုင်းဝိုင်းနဲ့ဖျော်ဖြေတဲ့ အခါမှာပဲ သူတို့ကြိုက်တဲ့ ခေတ်ပေါ် သီချင်းတွေကို ဖျော်ဖြေစေချင်ကြတယ်” ဟု နိုင်ငံတော်အဆင့် မြန်မာ့ဆိုင်း ရွှေတံဆိပ် ၁၉ ဆုရှင် သီရိမောင်မောင်က ဧရာဝတီကိုပြောသည်။
ထို့အပြင် နယ်များသို့ လိုက်လံဖျော်ဖြေနေရသည့် ဆိုင်းဝိုင်းအဖွဲ့ငယ်များအနေဖြင့် ဖျော်ဖြေတင်ဆက်မှုအပိုင်းတွင် အခက် အခဲများ ရှိလာနိုင်ကြောင်း ၎င်းကဆက်ပြောသည်။
ယနေ့ခေတ် ပြည်သူများအနေဖြင့် မြန်မာ့ဆိုင်းပညာရပ်နှင့် ပတ်သက်၍ စိတ်ပါဝင်စားမှု အားနည်းနေချိန်တွင် ယခုကဲ့သို့ ထုတ်ပြန် လိုက်ခြင်းကြောင့် ဆိုင်းအဖွဲ့များ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကိုပါ ထိခိုက်လာနိုင်ဖွယ်ရှိကြောင်း မန္တလေးမှ ယဉ်ကျေးမှု သုတေသန စာတမ်းများကို ပြုစုနေသည့် ဒေါက်တာ ခင်မောင်ကြည်က ပြောသည်။
“လူ့သဘာဝကိုက အသစ်ကိုကြိုက်ကြတယ်၊ အဟောင်းတွေကို လက်မခံချင်ကြဘူး။ အခုတောင် မြန်မာ့ဆိုင်းဝိုင်းတွေကို ငှားတဲ့ သူတော်တော် နည်းလာပြီ။ ဒီလို ကန့်သတ်ချက်တွေပါ ထုတ်လိုက်တော့ ပိုဆိုးတာပေါ့” ဟု ၎င်းကသုံးသပ်သည်။
မြန်မာ့တူရိယာ ပစ္စည်းများကြားတွင် နိုင်ငံခြား တူရိယာပစ္စည်းများ ရောစပ်၍ ကောင်းမွန်စွာ အသုံးချမည်ဆိုလျှင် အသုံးချ သင့်ကြောင်း၊ ထိုကဲ့သို့ အသုံးပြုမှုမှာ အနုပညာတရပ်မဖြစ်ဘဲ ဖျက်ဆီးသည့် သဘောမျိုးဆိုလျှင် မလုပ်သင့်ကြောင်း တေးရေးဆရာ မြင့်မိုးအောင်က ၎င်း၏အမြင်ကိုပြောသည်။
နန်းတော်ရှေ့ဆရာတင်၏ မြေးဖြစ်သူ ဇာတ်မင်းသားနန်းဝင်းကလည်း “မြန်မာ့ဂီတနဲ့ ကမ္ဘာ့ဂီတကို ရောစပ်လို့ရပါတယ်။ ဒါပေမယ့် သိပ် လွန်ကဲသွားပြီး ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှု ပျောက်သွားမယ်ဆိုရင်တော့ မကောင်းဘူးပေါ့။ မလွန်ကဲဘူး ဆိုရင်တော့ ဘယ်ဂီတမဆို ဆက်နွှယ်နေတဲ့အတွက် ပြဿနာမရှိပါဘူး” ဟု ဆိုသည်။
မြန်မာ့ရိုးရာ ဂီတသံစဉ်များနှင့် အနောက်တိုင်း သံစဉ်များကို ရောစပ်၍ ပြန်လည်ဆန်းသစ် ထုတ်လုပ်လျက်ရှိသည့် ဟစ်ပ်ဟော့ပ် အဆိုတော် သားစိုးကလည်း ယခုကဲ့သို့ အနောက်တိုင်း တူရိယာမျာဖြင့် တွဲဖက်သုံးစွဲခွင့်မပေးလျှင် အနောက်တိုင်း ပစ္စည်းများ ဖြစ်သည့် အသံချဲ့စက်ကဲ့သို့သော လျှပ်စစ်ပစ္စည်းများ ထည့်သွင်းသုံးစွဲခြင်းကိုပါ ပိတ်ပင်သင့်သည်ဟု ပြောသည်။
“ရိုးရာ ထိန်းသိမ်းချင်တယ် ဆိုရင်တော့ စပီကာတွေပါ မသုံးသင့်ဘူးလို့ အကြံပြုချင်တယ်။ ဒီလို ခေတ်နောက်ပြန်ဆွဲနေတဲ့ အယူအဆတွေကို ထုတ်ပြန်တယ်ဆိုတော့ ကျနော်တို့တိုင်းပြည်က ၁၈ ရာစုကို နှစ်သက်လို့ဖြစ်ပါလိမ့်မယ်” ဟု သူက ဆက်ပြောသည်။
မြန်မာ့ဆိုင်းဝိုင်း ဖျော်ဖြေမှုများတွင် အနောက်တိုင်း ဂီတသံစဉ်များကို တွဲဖက် သီဆို တီးမှုတ် ဖျော်ဖြေလာသည်မှာ ၂၀၀၄ ခုနှစ် နောက်ပိုင်းမှ စတင်ဖြစ်နိုင်ကြောင်း ဆိုင်းပညာရှင် သီရိမောင်မောင်က ပြောသည်။

ပထမဆုံး ပြိုင်ပွဲဝင် ပြိုင်ကားများ အရည်အသွေးညံ့

    

မြန်မာ့ပထမဆုံး ပြိုင်ကား မောင်းပြိုင်ပွဲကွင်း မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)


Tuesday, 29 December 2009 16:12 ဟိန်းဇော်
.မြန်မာနိုင်ငံ၏ ပထမဦးဆုံး ပြိုင်ကား မောင်းပြိုင်ပွဲတွင် အသုံးပြုသည့် ပြိုင်ကားများ၏ စက်အရည်အသွေး ညံ့ဖျင်းမှုကြောင့် အရည်အချင်းရှိ ပြိုင်ပွဲဝင်များ ဆုနှင့် လွဲချော်ခဲ့ရသည်ဟု ပြိုင်ကား ကျွမ်းကျင်သူတို့က သုံးသပ် ကြသည်။

အဆိုပါ Galaxy ပြိုင်ကားမောင်း ပြိုင်ပွဲကို ဒီဇင်ဘာ ၂၇ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး အသုံးပြုသည့် ကားအစီးရေ ၂၀ အနက် ၅ စီးခန့်သာ စက်စွမ်းအား ကောင်းမွန်ကြောင်း သိရသည်။
ပြိုင်ကား တချို့မှာ ယှဉ်ပြိုင်နေသော လမ်းကြောင်းပေါ်တွင် စက်ရပ်တန့်သွားခြင်း၊ တစီးနှင့် တစီး အမြန်နှုန်း မတူညီခြင်း စသော လိုအပ်ချက်များကြောင့် အရည်အချင်းရှိ ပြိုင်ပွဲဝင်များ နစ်နာခဲ့ရသည်ဟု ထိုင်းနိုင်ငံတွင် ပြိုင်ကားကွင်း ၂ ကွင်း တည်ထောင်ထားသူ မစ္စတာ ဂါနာကပြောသည်။
“ပြေးလမ်းပေါ်မှာ အရှိန်ကောင်းကောင်းနဲ့ ပြိုင်ကားကို နိုင်နိုင်နင်းနင်း ထိန်းပြီးမောင်းနိုင်ကြတယ်။ ဒါပေမယ့် မောင်းနေရင်း ကားတွေက အရှိန်သေသွားတော့ တကယ်မောင်းနိုင်တဲ့ လူတွေ အပယ်ခံရတဲ့ စာရင်း ၀င်သွားကြတယ်” ဟု ၎င်းကဆိုသည်။
ယင်းပြိုင်ကားမောင်းပြိုင်ပွဲတွင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲမတိုင်မီ နေ့စဉ်လေ့ကျင့်မှု ပုံမှန်ပြုလုပ်ထားသော အဆိုပါပြိုင်ပွဲဝင်များ အားလုံးနီးပါး အရည်အချင်းရှိကာ ပြိုင်ကားများကို ကျွမ်းကျင်နိုင်နင်းစွာ မောင်းနှင်နိုင်ကြောင်း ပြိုင်ပွဲစီစဉ်သူ တဦးကပြောသည်။
“တာစထွက်ကတည်းက အရှိန်ကောင်းကောင်းနဲ့ မောင်းနိုင်နေတာဗျာ၊ နှစ်ပတ်လောက် ပတ်မောင်းပြီးတော့ မကြာဘူး၊ ကားက ဒီအတိုင်းစက်သေပြီး ထိုးရပ်သွားတယ်။ ဒိုင်ကိုလည်း ပြောလို့မရဘဲ ပြိုင်ပွဲကနေ ထွက်လိုက်ရတယ်” ဟု ပထမအသုတ်တွင် အပယ်ခံခဲ့ရသော ပြိုင်ပွဲဝင် အမျိုးသား တဦးကဆိုသည်။
ယခုပြိုင်ပွဲသည် ပထမအကြိမ်ဖြစ်သောကြောင့် လိုအပ်ချက်များစွာရှိသေးကြောင်း၊ သို့သော်လည်း တတ်နိုင်သမျှ လိုအပ်ချက် နည်းစေရန် စီစဉ်ထားကြောင်း Galaxy Racing Karts Groupမှ နည်းပြ ဦးအောင်နိုင်ဦးက ပြောသည်။
တဦးတည်းသော အမျိုးသမီး ပြိုင်ပွဲဝင်ဖြစ်သူ မအိအိချောက “အရှိန်ကို မထိန်းနိုင်ကြတာလည်း ပါမယ်။ မောင်းနေရင်း ကားတော်တော်များများ လည်လည်သွားတယ်။ တချို့ကားတွေဆို စက်ရပ်သွားတယ်” ဟု ပြောသည်။
အဆိုပါကားမောင်းပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် Myanmar Championship ပြိုင်ပွဲ အကြိုအဖြစ် ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲများကို လာမည့် နှစ်အတွင်း ဖေဖော်ဝါရီ ၁၄ရက်၊ ဧပြီ ၁၈ရက်၊ ဇွန် ၂၀ရက်၊ သြဂုတ် ၂၂ ရက်၊ အောက်တိုဘာ ၂၄ ရက်နှင့် ဒီဇင်ဘာ ၁၉ရက် စုစုပေါင်း ၆ ကြိမ်ကျင်းပရန် သတ်မှတ်ထားကြောင်း ပြိုင်ကားကွင်းပိုင်ရှင် ဦးတင်မြင့်အောင်က ပြောသည်။
ပြိုင်ကားမောင်းပြိုင်ပွဲတွင် ပထမဆု ကျပ် ၁၀ သိန်းကို ကိုကောင်းမြတ်မိုး၊ ဒုတိယဆု ကျပ် ၅ သိန်းကို ကိုအေးမင်းဝင်းနှင့် တတိယဆု ကျပ် ၃ သိန်းကို ကိုအောင်နိုင်ဦးက ရရှိခဲ့သည်။
ညနေပိုင်း ဆုချီးမြင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် တက်ရောက်လာသည်ကို တွေ့ရသည်။
Galaxy ပြိုင်ကားမောင်းကွင်းကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ကွင်းအရှည် မီတာ ၁၂၅၀ ကျော် ရှည်လျားကာ ဧရိယာ ၆.၅ ဧကကျယ်ဝန်းပြီး 2 stroke ၁၅ စီး၊ 4 stroke ၅ စီးတို့ဖြင့် စတင် ဖွင့်လှစ်ခဲ့သည်။

ကိုညီညီအောင်ကို ပုဒ်မ ထပ်တိုးပြန်

Tuesday, 29 December 2009 19:21 အေးလဲ့
.မင်္ဂလာဒုံ လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည့် အမေရိကန် နိုင်ငံသား ခံယူထားသူ ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်ကို ပုဒ်မတခု ထပ်တိုး စွဲဆိုလိုက်ကြောင်း ၎င်း၏ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့ပြုလုပ်သည့် ကိုညီညီအောင်အတွက် အင်းစိန်ထောင်တွင်း တရားရုံး ရုံးချိန်းကို အမေရိကန်သံရုံးမှ တာဝန်ရှိသူများနှင့် အကျိုးဆောင် ရှေ့နေ ၂ ဦး တို့ ၁၅ မိနစ်ကြာ တက်ရောက် ကြားနာခွင့် ရခဲ့ကြောင်း သိရသည်။ နောက်တကြိမ် တရားရုံးချိန်းကို လာမည့် ဇန်နဝါရီလ ၁ ရက်၊ သောကြာ နေ့သို့ ပြန်လည် ချိန်းဆိုလိုက်သည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
ကိုညီညီအောင်ကို ယခု ထပ်မံစွဲဆိုသည့် အမှုသည် ရဲအရေးမပိုင်သော အမှု ဖြစ်သည့်အတွက် ဗိုလ်တထောင်မြို့နယ် မှတ်ပုံတင်ရုံးက မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆ (၃) ဖြင့် တရားရုံးသို့ ဦးတိုက် လျှောက်ထားသည်ဟု ၎င်းကဆိုသည်။
ရှေ့နေ ဦးကြည်ဝင်းကလည်း “အရင်က စွဲဆိုထားပြီး ဖြစ်တဲ့ အမှု နှစ်မှုကို စွဲချက် တင်သင့်၊ မတင်သင့် လျှောက်လဲချက် စာနဲ့ ရေးတင်ရတယ်” ဟု ပြောသည်။
ကိုညီညီအောင်နှင့်ပတ်သက်၍ ရှေ့နေ ဦးဉာဏ်ဝင်းက “သူ့ကို ကြည့်ရတာ ကျန်းမာရေးက အရင်တပတ်ကထက်စာရင် အများကြီး ကောင်းပါတယ်၊ သူ့အမှုအကြောင်းနဲ့ ပတ်သက်ပြီး ကျနော်တို့ စကားပြောဖြစ်ပါတယ်” ဟု ဆိုသည်။
စစ်အစိုးရက ကိုညီညီညီအောင်ကို နိုင်ငံသား မှတ်ပုံတင် အတုပြုလုပ်သုံးစွဲမှုဆိုင်ရာ ပုဒ်မဖြစ်သော စာရွက်စာတမ်း လိမ်လည် အတုပြုလုပ်သည့်ပုဒ်မ (၄၂၀)၊ စာရွက်စာတမ်း အတုကို အသုံးပြုသည့် ပုဒ်မ (၄၆၈) နှင့် နိုင်ငံခြားငွေ စည်းကမ်းသတ်မှတ်ချက် ဖောက်ဖျက်မှုဆိုင်ရာ နိုင်ငံခြားငွေ တရားမဝင်လက်ဝယ် ထားရှိသည့် ပုဒ်မ (၂၄/၁) တို့ဖြင့် တရားစွဲဆိုထားခဲ့သည်။
ယမန်နေ့က ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးမှ ဒု ကောင်စစ်ဝန်အပါအဝင် တာဝန်ရှိသူတို့ ထောင်ဝင်စာတွေ့ခွင့်ရကြောင်း ကိုညီညီအောင်၏ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ပြောသည်။
သို့သော် အမေရိကန်သံရုံးမှ တာဝန်ရှိသူတဦးကမူ ယမန်နေ့က ထောင်ဝင်စာတွေ့ခွင့်ရခြင်းနှင့် ပတ်သက်ပြီး တစုံတရာမှ ပြောဆိုခြင်း မရှိပေ။
ဒီဇင်ဘာ ၁၈ ရက်နေ့က အမေရိကန်သံရုံးမှ တာဝန်ရှိသူများနှင့် ကိုညီညီအောင်တို့ ခေတ္တခဏတွေ့ဆုံခဲ့ရာ ၎င်း၏ အစာအငတ်ခံဆန္ဒပြမှု ပြီးဆုံးပြီဖြစ်ကြာင်းကို အတည်ပြုပြောဆိုခဲ့သည်ဟု သိရသည်။
ကိုညီညီအောင်သည် ဒီဇင်ဘာလ အစောပိုင်းတွင် အကျဉ်းထောင်ဝန်ထမ်းများက အကျဉ်းသားများအပေါ် ဆက်ဆံရေး မတရားမှုကို မကျေနပ်သည့်အတွက် အစာငတ်ခံဆန္ဒပြခဲ့ကြောင်း၊ ထို့ကဲ့သို့ ဆန္ဒပြခဲ့သောကြောင့် အာဏာပိုင်များက စစ်ခွေးတိုက် ထဲသို့ ပြောင်းရွှေ့ တိုက်ပိတ်လိုက်ကြောင်း ဒေါ်ခင်ခင်ဆွေက ပြောသည်။ ထိုအတောအတွင်း သူ၏ ကျန်းမာရေးမကောင်းဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။
အင်းစိန်ထောင် ဝန်ထမ်းတဦးက ဒေါ်ခင်ခင်ဆွေအား တပတ်လျှင် တကြိမ် ထောင်ဝင်စာ တွေ့ခွင့် ပေးနေရာမှ နှစ်ပတ်လျှင် တကြိမ်သာ ပေးတွေ့တော့မည် ဖြစ်ကြောင်း ဖုန်းဆက်အကြောင်းကြားသည် ဟု ပြောသည်။ အလားတူ အမေရိကန်သံရုံးမှ တာဝန်ရှိသူများကိုလည်း နှစ်ပတ်လျှင် တကြိမ်သာ ထောင်ဝင်စာ တွေ့ခွင့်ပေးသည်ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် ဘန်ကောက်မှ ရန်ကုန်မြို့သို့ သွားရောက်ခဲ့စဉ် မင်္ဂလာဒုံလေဆိပ်၌ ကိုညီညီအောင်ကို ဖမ်းဆီးခဲ့သည်။ သူ အဖမ်းခံရပြီး ၃ ပတ်အကြာ ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ချိန်နှင့် တိုက်ဆိုင်နေရာ ထိုပေါက်ကွဲမှုများအတွက် တာဝန်ရှိသည်ဟုလည်း အစိုးရ သတင်းစာထဲတွင် စွပ်စွဲထားသည်။
ကိုညီညီအောင်သည် ၂၀၀၅ မှ ၂၀၀၉ အတွင်း လူမှုရေးဗီဇာ (Social Visa) ဖြင့် မြန်မာနိုင်ငံသို့ (၈) ကြိမ် ပြန်ခဲ့ကြောင်း သတင်းစာတွင် ရေးထားသည်။
ကိုညီညီအောင်၏ မိခင်အပါအဝင် မိသားစုဝင် ၅ ဦးသည် နိုင်ငံရေးလှုပ်ရှားမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရက ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၇၃ ဦးရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ သိရသည်။

maandag 28 december 2009

နယ်ခြားစောင့်တပ်ရင်းအနီး နအဖစစ်တပ် လာရောက်တပ်စွဲ

ပေါက်ပေါက်/ ၂၈ ဒီဇင်ဘာ ၂၀၀၉


နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်သည့် ကချင်အထူးဒေသ (၁)၊ ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) နယ်မြေအတွင်းရှိ နယ်ခြားစောင့်တပ်ရင်းအနီးတွင် မကြာသေးမီ ရက်ပိုင်းကစ၍ နအဖက တပ်စခန်းအသစ်တခု ဆောက်လုပ်ကာ တပ်စွဲနေသည်။
အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ အိမ်မဲမြို့ အခြေစိုက် ခလရ (၆၃) က တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီးကုန်သွယ်ရေးစခန်းအနီး စင်ကျိုင်တွင် ဖွင့်လှစ်ထားသည့် အမှတ် (၁ဝဝ၃) တပ်ရင်းအနီးတွင် အဆောက်အဦ တန်းလျားအသစ်များ ဆောက်ကာ တပ်ချထားသည်ဟု ကန်ပိုက်တီးမှ ပြန်လာသူ မြစ်ကြီးနားဒေသခံတဦးက ပြောသည်။
၎င်းက “ဆဒုံးနဲ့ ကန်ပိုက်တီးအကြားမှာ၊ နယ်ခြားစောင့်တပ်လုပ်ထားတဲ့ အမှတ် (၁ဝဝ၃) နဲ့ မလှမ်းမကမ်းမှာ တပ်တည်နေတယ်။ အဆောက်အဦတွေ ဆောက်ပြီးတဲ့ဟာလည်း ပြီးနေပြီ။ အချို့လည်း ဆောက်နေတုန်းပဲ။ မိသားစုတွေတော့ ပါလာတာ မတွေ့ သေးဘူး။ ဧရာဝတီတိုင်းက တပ်ပေါ့။ မပခ တပ်ကတော့ လုပိနားမှာ ရှိတယ်။ အမှတ် (၁ဝဝ၂) ရှိတဲ့ဘက်မှာ။ အဲဒါကတော့ အရင်ကတည်းက တပ်စခန်းထိုင်နေတာ” ဟု ပြောသည်။
ကချင်ပြည်နယ်အတွင်း အခြေစိုက်ထားသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံတပ်များ၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) နှင့် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံတပ်များကို မထားဘဲ အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ကို လာရောက်အခြေစိုက် တပ်စွဲစေခြင်းမှာ ထူးခြားကြောင်းနှင့် အဆိုပါဒေသတွင်းမှ တပ်ပြန်ဆုတ်ရန်မရှိဘဲ တိုးပြီးချထားရန်သာ ရှိနိုင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။
၎င်းက “နယ်ခြားစောင့်တပ်ဆိုတာ တချိန်ချိန်မှာ ဖျက်မှာပဲ။ ယုံကြည်ရတဲ့သူတွေကို သူ့တပ်ထဲကို ဆွဲသွင်းမယ်။ ဒါကြောင့်မို့ ယုံကြည်ရတဲ့ သူတို့တပ်ကို လာထားတာပဲ။ ကိုးကန့်ကျတော့ ဗမာတပ်ရင်း (၇ ၊ ၈) ရင်း ရှိတယ်။ နယ်ခြားစောင့်တပ်တွေနဲ့ ဒေသကို ခြေနိုင်လက်နိုင်ဖြစ်အောင် သူ့ရဲ့ အဓိကတပ်တွေကို လာပို့ထားတာပဲ။ အိမ်မဲဆိုတာ အဝေးကြီးလေ။ မပခမှာလည်း တပ်အများကြီးပဲ၊ စကခ (၃) တို့၊ စကခ (၂၁) တို့ရှိတယ်။ တနိုင်းက ဒကစ တပ်ရှိတယ်။ အဲဒီရင်းတွေက လာထားလို့ ရရက်သားနဲ့ နတခအောက်က တပ်ကို ဆွဲထုတ်လာထားတာက ရေရှည်အနေနဲ့ ဒီဒေသကို ချုပ်ကိုင်နိုင်အောင် လာထားတာပဲ။ နောက်ထပ်လည်း လာနိုင်သေးတယ်” ဟု ပြောသည်။
ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) တပ်ဖွဲ့ ခေါင်းဆောင်များဖြစ်ခဲ့သည့် ဦးဆခုံတိန့်ယိန်းနှင့် ဦးလယောက်ဇယ်လွန်း တို့သည် ၁၉၇ဝ ခုနှစ်ဝန်းကျင်က ကချင်ပြည်လွတ်လပ်ရေးအဖွဲ့မှ လူအင်အား (၂ဝဝ) ခန့်ဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သို့ ကူးပြောင်းလာခဲ့သည်။
ဗကပ၏ (၁ဝ၁) စစ်ဒေသအဖြစ် သတ်မှတ်ဖွဲ့စည်းပေးခဲ့ရာမှ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗကပမှ ခွဲထွက်ကာ (NDA-K) တပ်ဖွဲ့ထူထောင်ပြီး နအဖနှင့် အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့ကာ နိုဝင်ဘာ (၈) ရက်တွင် နယ်ခြားစောင့်တပ်ရင်း (၃) ရင်းဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

အထူးဒေသ (၁) ပိုင် ကုမ္ပဏီအားလုံး ရပ်ဆိုင်းခံရ

    

လင်းနိုင်ဦး / ၂၈ ဒီဇင်ဘာ ၂၀၀၉

ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်း ဒါရိုက်တာအဖြစ် ပါဝင်သည့် စီးပွားရေးကုမ္ပဏီအားလုံး နာမည်ပျက်စာရင်း အသွင်းခံရကာ လုပ်ငန်း အားလုံး ရပ်ဆိုင်းထားရကြောင်း ကုမ္ပဏီအရာရှိတဦးက ပြောသည်။
၎င်းက “ကျနော်တို့ဒေသပိုင် ဗန်းမော်က သစ်ထုတ်လုပ်ရေး ကုမ္ပဏီတခု အခွန်မသွင်းလို့ နာမည်ပျက်စာရင်းအသွင်းခံရတယ်။ အဲဒီကုမ္ပဏီမှာ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌက ဦးဆခုံတိန့်ယိန်း ဖြစ်တယ်။ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး ခေါင်းဆောင်ပြီး ဝန်ကြီးတွေ ပါဝင်တဲ့ ကုန်သွယ်ရေးမူဝါဒ ကောင်စီက ဦးဆခုံတိန့်ယိန်း နာမည်ပေါက်တဲ့ ကုမ္ပဏီအားလုံးကိုပါ နာမည်ပျက်စာရင်းထဲ ထည့်လိုက်တယ်။ စုစုပေါင်း မြန်မာတပြည်လုံး ကုမ္ပဏီ (၃၆) ခုနာမည်ပျက်စာရင်းသွင်းတာမှာ ဦးဆခုံတိန့်ယိန်းပိုင် ကုမ္ပဏီ (၈) ခု ပါဝင်ပြီး လုပ်ငန်းတွေ အားလုံးရပ်ဆိုင်းကုန်တယ်” ဟု ပြောသည်။
အဆိုပါ ကုမ္ပဏီ (၈) ခုထဲတွင် ဗန်းမော်သစ်ထုတ်လုပ်ရေး ကုမ္ပဏီအပြင် ဖားကန့်ကျောက်စိမ်း တူးဖော်ရေး၊ မိုးကုတ် ကျောက်မျက် တူးဖော်ရေး၊ မြစ်ကြီးနား ရွှေတူးဖော်ရေးနှင့် အထူးဒေသ (၁) အတွင်း ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။
၎င်းတို့၏ လုပ်ငန်းအားလုံး ရပ်ဆိုင်းထားရသော်လည်း သက်ဆိုင်ရာ ဌာနအသီးသီးနှင့် ဆက်သွယ်လုပ်ကိုင်ခြင်း၊ နေပြည်တော် အထိ သွားရောက် ဖြေရှင်းခြင်းများ လုပ်ကိုင်နေပြီး မကြာမီ ကုမ္ပဏီလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့်ရနိုင်မည်ဟု မျှော်လင့်ကြောင်း အဆိုပါ ကုမ္ပဏီအရာရှိက ပြောသည်။
ယခုကုမ္ပဏီများကို ပိတ်ပင်သည့်ကိစ္စမှာ နိုင်ငံရေးကိစ္စ ပါဝင်နိုင်ကြောင်း၊ ယခင် အန်ဒီအေ တပ်ဖွဲ့တွင် အဆင့်မြင့်တာဝန် ယူခဲ့ဖူးပြီး ၂ဝဝ၅ ခုနှစ်အကုန် အဖွဲ့အစည်းမှ ထွက်ခဲ့သူတဦးက ပြောသည်။
၎င်းက “ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ဝန်ကြီးတွေဟာ ဦးဆခုံတိန့်ယိန်းဆိုတာကို မသိဘဲ ကုမ္ပဏီတွေကို နာမည်ပျက် စာရင်းသွင်းပြီး ဖျက်သိမ်းခိုင်းတာ မဖြစ်နိုင်ဘူး။ လောလောဆယ် ဦးဆခုံတိန့်ယိန်း ဆောင်ရွက်နေတဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စ စစ်တပ်အလိုကျ အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်အောင် ဖိအားပေးတာမျိုးလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။
အန်ဒီအေ (ကချင်) အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းသည် ၁၉၈၉ ဒီဇင်ဘာ ငြိမ်းချမ်းရေး ရယူပြီးစဉ်မှစ၍ ဒေသတွင်း သစ်ထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။
နောက်ပိုင်း စစ်အစိုးရက အထူးအခွင့်အရေးများ ပေးလာသည့်အတွက် ဖားကန့်ကျောက်စိမ်းတူးဖော်ရေး၊ ခန္တီးကျောက်စိမ်း တူးဖော်ရေး၊ မိုးကုတ်ကျောက်မျက် တူးဖော်ရေး၊ ဗန်းမော်သစ်ထုတ်လုပ်ရေး၊ မြစ်ကြီးနား ရွှေတူးဖော်ရေး၊ အထူးဒေသ (၁) အတွင်း ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း စသည့်လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး ကုမ္ပဏီအားလုံးကိုလည်း ၎င်း၏ နာမည်နှင့် ဒါရိုက်တာ အဖွဲ့ဝင်နေရာတို့တွင် ဇနီးနှင့် သားများ၏နာမည်ဖြင့် မှတ်ပုံတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ်အတွင်း အန်ဒီအေ (ကချင်) တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် စစ်အစိုးရက ညွှန်ကြားရာတွင် ဦးဆခုံတိန့်ယိန်းအနေဖြင့် ဒေသတွင်းနှင့် မြို့ပေါ်ရှိ ၎င်းပိုင် ကိုယ်ကျိုးစီးပွားများ ဆုံးရှုံးမည်ကို စိုးရိမ်ပူပန်ပြီး လိုက်လျောရခြင်း ဖြစ်ကြောင်း အန်ဒီအေ တပ်မှူး၊ တပ်သားဟောင်းများက ဝေဖန်ပြောဆိုနေကြသည်။

ထိုင်းနိုင်ငံတွင် မြန်မာအပါအ၀င် တောင်းစားသူများကို အရေးယူမည်

  

ရဲရင့် / ၂၈ ဒီဇင်ဘာ ၂၀၀၉

ထိုင်းနိုင်ငံအတွင်း လိုက်လံတောင်းစားနေသူများနှင့် ဂိုဏ်းအဖွဲ့များကို ထိုင်းအစိုးရက ပြင်းထန်စွာ ဖမ်းဆီးအရေးယူတော့မည့် ဥပဒေ ပြဋ္ဌာန်း လိုက်သောကြောင့် ထိုင်းနိုင်ငံအတွင်း တောင်းစားနေသည့် မြန်မာများပါ အရေးယူခံရတော့မည်ဖြစ်သည်။
ယခုလ (၂၃) ရက်တွင် ပြုလုပ်သည့် ထိုင်းအစိုးရ ၀န်ကြီးများ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းတနိုင်ငံလုံးရှိ တောင်းစားသူများကို လိုက်လံဖမ်းဆီးကာ ရိုးရိုးသားသား တောင်းစားသူများကို ပြန်လည်ပြုစုပျိုးထောင်ရေးဌာနများသို့ ပို့ဆောင်မည်ဖြစ်ပြီး တောင်းစားရန် စေခိုင်းသည့် ဂိုဏ်းအဖွဲ့များကို ထောင်ဒဏ် (၇) နှစ်နှင့် ဒဏ်ငွေ ဘတ် (၆) သောင်း ပြစ်ဒဏ် ချမှတ်မည်ဖြစ်သည်။
ဘန်ကောက်အပါအ၀င် မဲဆောက်၊ ရနောင်း၊ မယ်ဆိုင် စသည့်ဒေသများတွင် လိုက်လံတောင်းစားသူ မြန်မာကလေးငယ် (၄,၀၀၀) ခန့်ရှိသည်ဟု မြန်မာကလေးငယ်များကို သုတေသနပြုနေသည့် အဖွဲ့တဖွဲ့၏စစ်တမ်းကို ကိုးကားပြီး ဝေါဗွီရှင်း အဖွဲ့ ၀န်ထမ်းတဦးက ပြောသည်။
မဲဆောက်မြို့တွင် တောင်းစားသူ မြန်မာနိုင်ငံသားများ ကလေးလူကြီး (၁၀၀) ခန့်ရှိပြီး ထက်ဝက်ခန့်မှာ မြ၀တီမှတဆင့် ဆွေမျိုးသားချင်းများနှင့် လာရောက်သူများဖြစ်ပြီး ကျန်တ၀က်ခန့်မှာ ဂိုဏ်းများ၏ စေခိုင်းခြင်းခံရသူများ ဖြစ်သည်။
အသက် (၇၅) နှစ်ခန့်ရှိ မျက်မမြင်ဖခင်ဖြစ်သူအား မဲဆောက်ဈေးတွင် တောင်းရမ်းရန် လာပို့သည့်သမီးဖြစ်သူက “ကျမတို့က တကယ်ဒုက္ခရောက်လို့ပါ။ ရတာတွေကို အဖေ့အတွက်ပဲ သုံးတာပါ။ ရန်ကုန်အထိ ခေါ်ပြီးပါပြီ။ ဘိုးဘွားရိပ်သာဆိုတာက သူ့အဆက်နဲ့သူခေါ်တာပါ။ တကယ်ဆင်းရဲ နွမ်းပါးတဲ့လူဆိုရင် လက်မခံပါဘူး၊ ကျမ ကိုယ်တွေ့ပါ” ဟု ပြောသည်။
ထိုင်းနိုင်ငံအတွင်း တောင်းစားသူ ကလေးငယ်တဦးက “ကျနော့်အမေက သထုံကနေ အလုပ်လုပ်ဖို့ မဲဆောက်ကို ပို့လိုက်တာပါ။ အမေက အလုပ်ရှင်ဆီက ဘတ်ငွေ (၈) ထောင် ယူထားတယ်။ အလုပ် (၆) လ လုပ်ပေးရမယ်ဆိုပြီး ဈေးထဲမှာ တနေ့ ဘတ် (၁၀၀) ရအောင် လိုက်တောင်းရတယ်၊ မရရင်အိမ်မပြန်ရဘူး၊ ထမင်းလည်းမကျွေးဘူး၊ အရိုက်ခံရတာလည်းရှိတယ်၊ အကြွေးကျေရင် ကျနော့်ကို ဘန်ကောက်ပို့မယ်လို့ပြောတယ်။ အခု (၆) လပြည့်တော့မယ်” ဟု ပြောသည်။
မဲဆောက်မြို့တွင် တာဝန်ကျသည့် မြူနီစပါယ် ရဲဝန်ထမ်းတဦက “သူတောင်းစား (ခေါထံ) တွေကို အရင်က စီမံချက်နဲ့ဖမ်းပြီး ပြန်ပို့တာတွေရှိတယ်၊ အလုပ်မဖြစ်ဘူး ပြန်လာကြတာပဲ။ အရေပြားရောဂါသည်တွေ ပါတော့ ရပ်ကွက်က ရုံးကိုတိုင်တာတွေ ရှိတယ်။ အခုအစိုးရက တရားဝင်ဥပဒေထုတ်ပြီး ဖမ်းဖို့ရှိတော့ ဒီနေ့ဆို ဈေးထဲမှာ အတော်နည်းသွားပြီး သူတောင်းစားတွေက သတင်းကို ကိုယ့်ထက်တောင် အရင်သိတယ်” ဟု ပြောသည်။
ယခင်ကကဲ့သို့ ဖမ်းဆီးရမိသည့် သူတောင်းစား ကလေးငယ်များကို မြန်မာနိုင်ငံဘက်သို့ ပြန်ပို့တော့မည်မဟုတ်ဘဲ ကလေးသူငယ် များဆိုင်ရာ ပြုစုပျိုးထောင်ရေးဌာနများသို့ ပို့ဆောင်သွားမည့် အစီအစဉ်များလည်း ချမှတ်ထားသည်ဟု သိရသည်။

စစ်အစိုးရက (၂) နှစ်သက်တမ်း ငွေတိုက်စာချုပ်များ ထပ်တိုးရောင်းချမည်

စိုးမိုး/ ၂၈ ဒီဇင်ဘာ ၂၀၀၉

စစ်အစိုးရက ငွေစက္ကူသစ် (၅) ထောင်တန်များ ထုတ်လုပ်ပြီးနောက်ပိုင်း ငွေတိုက်စာချုပ်များ တိုးမြှင့်ရောင်းချရန် ယနေ့ ကြေညာလိုက်သည်။
လာမည့်နှစ်သစ် ၂၀၁၀ ဇန်န၀ါရီ (၁) ရက်နေ့မှစပြီး ငွေကျပ် (၁) သောင်းမှ (၁၀) သန်းအထိ (၂) နှစ်သက်တမ်း ငွေချေးစာချုပ် များကို စစ်အစိုးရက ထပ်တိုးရောင်းချမည်ဖြစ်သည်။ ယင်းမှာ ယခု (၅) ထောင်တန် ငွေစက္ကူသစ်များ ထုတ်ပြီးနောက်ပိုင်း ပြည်သူထံမှ ငွေချေးသည့်သဘောဖြင့် ငွေတိုက်စာချုပ်များ ရောင်းချရန် ကြေညာလိုက်ခြင်းဖြစ်သည်။
“အမှန်ကတော့ သူက ပြည်သူလူထုဆီက ငွေချေးတဲ့သဘော။ ဒီတော့ ထပ်ထုတ်တယ်ဆိုတော့ ပြည်သူလူထုဆီက ငွေထပ်ချေးတဲ့ သဘောပေါ့” ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညိုက ပြောသည်။
ပုံမှန်အားဖြင့် အစိုးရတရပ်အနေဖြင့် ငွေလိုအပ်ချိန်၊ အခြားရင်းနှီးမြှုပ်နှံမှုများ မလုပ်ကိုင်လိုသောအချိန်၊ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်လိုချိန်တို့တွင် ပြည်သူသို့ နိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေလက်မှတ်ရောင်းချမှုများ လုပ်ဆောင်လေ့ရှိရာ ဆယ်စုနှစ် တခုအတွင်း စစ်အစိုးရက ငွေတိုက်စာချုပ် အသစ်တမျိုး ထုတ်ပြီးရောင်းချရန် ယနေ့ ကြေညာလိုက်ခြင်းဖြစ်သည်။
“ငွေဈေးကွက်အတွင်း အပြောင်းအလဲ သိပ်မရှိဘူးလို့တော့ ယူဆတယ်။ နောက်တခုက လူတွေလက်ထဲကငွေကို အစိုးရလက်ထဲ ပြန်ရောက်အောင် လုပ်တယ်ဆိုတာ ငွေဖောင်းပွမှုနှုန်း လျော့အောင် လုပ်တာလည်း ဖြစ်တယ်” ဟု ဦးခင်မောင်ညိုက သုံးသပ်သည်။
ငွေတိုက်စာချုပ်ကြောင့် မြန်မာ့ငွေကြေးဈေးကွက်အတွင်း ထူးခြားသည့် အပြောင်းအလဲ ဖြစ်ပေါ်မလာနိုင်ကြောင်း မြန်မာ့ စီးပွားရေးပညာရှင် အသိုင်းအ၀ိုင်းက သုံးသပ်သည်။
“ငွေချေးစာချုပ်ကတော့ ဘဏ်တွေက Risk (စွန့်စားရ) နည်းတော့ သီးသန့်ငွေကြေးဆိုပြီး ၀ယ်ထားတာမျိုးရှိတယ်။ ပြည်သူ လူထုအတွင်းမှာတော့ သိပ်ပြောသံ ဆိုသံ မကြားရပါဘူး။ ထူးထူးခြားခြား အပြောင်းအလဲ မရှိနိုင်ဘူးလို့တော့ သုံးသပ်ပါတယ်” ဟု ဦးခင်မောင်ညိုက ပြောသည်။
စစ်အစိုးရက ယခင် (၃) နှစ်နှင့် (၅) နှစ် သက်တမ်းရှိ ငွေတိုက်စာချုပ်များအပြင် လာမည့်နှစ်သစ် ၂၀၁၀ တွင် (၂) နှစ် သက်တမ်းရှိ ငွေတိုက်စာချုပ်များ ထပ်တိုးရောင်းချမည်ဆိုသော်လည်း အတိုးနှုန်း နည်းပါးသည့်အတွက် ပြည်သူလူထုက စိတ်ဝင်စားမှုမရှိကြကြောင်း သိရသည်။