မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 4 januari 2010

ဖုန်းခေါ်ခများ အတက်ကြမ်း

  

Monday, 04 January 2010 14:32 ဧရာဝတီ
.နှစ်သစ်ကူးနေ့မှ စတင်ပြီး မိုဘိုင်းလ်ဖုန်း ခေါ်ခများ ၂ ဆ တက်သွား သောကြောင့် လုပ်ငန်းရှင်များနှင့် ရန်ကုန်မြို့ခံများ မကျေမနပ် ဖြစ်နေကြသည်။
ဖုန်းခေါ်ဆိုခများ မတန်တဆ တိုးမြှင့်ခြင်းသည် ဖုန်းအသုံးပြုသူများအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်စေသည်ဟု ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံမှ လုပ်ငန်းရှင်တဦးက ပြောသည်။
မိုဘိုင်းလ်ဖုန်းတလုံးအတွက် အစိုးရထံ ကျပ်ငွေ ၁၅ သိန်းခွဲ ပေးသွင်းထားရသဖြင့် အကုန်အကျ အလွန် များပြားပြီးဖြစ်သည်ဟု သူက ထောက်ပြသည်။
အများပြည်သူ၏ ၀င်ငွေ တိုးလာခြင်း မရှိသော်လည်း အာဏာပိုင်တို့ သတ်မှတ်သည့် အခွန်အခများသာ တိုးလျက်ရှိသည်ဟု ရန်ကုန်မြို့မှ ကျူရှင်ဆရာတဦးက ဆိုသည်။
“အစိုးရတရပ်အနေနဲ့ ပြည်သူကို လည်ပင်း ညှစ်သလိုဖြစ်နေပြီ” ဟု အဆိုပါ ကျူရှင်ဆရာက ပြောသည်။
GSM၊ WCDMA နှင့် ကမ်းရိုးတန်းဖုန်းများကဲ့သို့သော လူသုံးများသည့် မိုဘိုင်းလ်ဖုန်း အားလုံး၏ ခေါ်ဆိုခများမှာ ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ပြီး တမိနစ် ၅၀ ကျပ် ဖြစ်သွားသည်။ ယခင်နှုန်းထားမှာ မြို့တွင်း တမိနစ် ၂၅ ကျပ်၊ နယ်ဝေးမြို့ပြင် တမိနစ် ၃၅ ကျပ်ဖြစ်သည်။
ခြင်းဖုန်းဟု လူသိများသည့် CDMA ဖုန်း၊ အိမ်နှင့် ရုံးများတွင် တပ်ဆင်ထားကြသည့် ကြိုးဖုန်း တို့၏ ခေါ်ဆိုခများ တိုးမြှင့်ခြင်း မရှိပေ။
“မိုဘိုင်းလ်ဖုန်းတွေ အကုန်လုံး အထွက်ခေါ်ခ တမိနစ် ၅၀ ဖြစ်သွားပြီ။ ၀န်ကြီးများ အစည်းအဝေးမှာ အတည်ပြုပြီး တိုးတာ” ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ထမ်းတဦးက ဧရာဝတီကို ပြောသည်။
ခေါ်ဆိုခ အပြောင်းအလဲနှင့် ပတ်သက်ပြီး အစိုးရ မီဒီယာများတွင် ကြေညာခြင်း မရှိသေးပေ။
ခေါ်ခ ဈေးတက်ပြီးနောက် မိုဘိုင်းလ်ဖုန်း ခေါ်ဆိုမှု နည်းပါးသွားပြီး မိုဘိုင်းလ်ဖုန်း ငှားရမ်း၊ ရောင်းဝယ်သည့် ဈေးကွက်လည်း ကမောက်ကမ ဖြစ်သွားသည်။
“ဖုန်းငှားဈေးတွေလည်း ကျဖို့ရှိတယ်။ အရောင်းဈေးကွက်ကတော့ ပျက်သွားပြီ” ဟု တယ်လီဖုန်း ပွဲစားတဦးက ပြောသည်။
မိုဘိုင်းလ်ဖုန်းတလုံးလျှင် ၂ သိန်းမှ ၅ သိန်းအထိ ဈေးနှုန်းများကျဆင်းသွားသော်လည်း အရောင်းအ၀ယ် မရှိသလောက်နီးပါး ဖြစ်နေသည်ဟု သတင်းရရှိသည်။
ဘတ်ဂျက် လိုငွေပြမှုကို အစိုးရက ဖြေရှင်းနေသည့် နည်းလမ်းများမှာ မှားယွင်းနေသည်ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခ တဦးက ပြောသည်။
“တိုင်းပြည်စီးပွားရေး မကောင်းတဲ့အချိန်မှာ အခွန်အခတွေ ထပ်တိုးပြီး ငွေစက္ကူသစ် ရိုက်ထုတ်ရင် ပြည်သူတွေ အထိနာမယ်။ ဈေးတွေကြီးမယ်။ ပိုပြီး စားဝတ်နေရေး ကျပ်တည်းမယ်” ဟု သူက သုံးသပ်ပြသည်။
နိုင်ငံရေးပြဿနာများကို ဖြေရှင်းပြီးမှသာ တိုင်းပြည်စီးပွားရေး ကောင်းမွန်စေရန် လုပ်ဆောင်နိုင်မည်ဟု သူက ဆိုသည်။
နိုင်ငံတကာတွင် မိုဘိုင်းလ်ဖုန်းများကို ဈေးသက်သာစွာဖြင့် လူအများ အသုံးပြုနေကြသော်လည်း မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်းသည် ငွေကြေး တတ်နိုင်သူတို့၏ ဇိမ်ခံပစ္စည်းကဲ့သို့ ဖြစ်နေခြင်းမှာ လက်ခံဖွယ်ရာမရှိဟု နိုင်ငံတကာ ဗဟုသုတ ရှိသူ အများစုက အမြင်တူစွာ ပြောနေကြသည်။
“မဖွံ့ဖြိုးသေးတဲ့ လာအိုနိုင်ငံမှာတောင် မိုဘိုင်းလ်ဖုန်းကတ်တွေ ဈေးပေါပေါနဲ့လူတိုင်းကိုင်တဲ့ အထိ ဖြစ်လာပြီ။ မြန်မာနိုင်ငံမှာလည်း ဒီလို ဖြစ်သင့်နေပါပြီ” ဟု လာအိုနိုင်ငံသို့ ယခင်လက သွားရောက် သတင်းယူခဲ့သည့် ရန်ကုန်မှ သတင်းထောက်တဦးက ဆိုသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ် ငါးသိန်းတန် စီဒီအမ်အေဖုန်း အရေအတွက် တသိန်းခွဲ၊ ဂျီအက်စ်အမ်ဖုန်း အရေအတွက် ရှစ်သောင်း စုစုပေါင်း မိုဘိုင်းလ်ဖုန်း နှစ်သိန်းကျော် အသုံးပြုခွင့် ထပ်မံ ချထားပေးရန် စီစဉ်လျက်ရှိကြောင်း ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် သတင်းထုတ်ပြန်ထားသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ကြိုးဖုန်း အရေအတွက် ကိုးသိန်းကျော်၊ မိုဘိုင်းလ်ဖုန်းအရေအတွက် တသန်း ကျော်ရှိသည်ဟု ဆိုသည်။
၂ဝဝ၆ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၅ သန်းကျော် ရှိသည်။

ထူးနှင့် လုပ်ငန်းရှင်များကို ရေအားလျှပ်စစ် လုပ်ခွင့်ပေး

Monday, 04 January 2010 19:25 ရန်ပိုင်
.လျှပ်စစ်စွမ်းအင် ကဏ္ဍတွင် ပုဂ္ဂလိကနှင့် ဖက်စပ် လုပ်ကိုင်ခြင်းကို ပထမဆုံးအကြိမ် ခွင့်ပြုလိုက်ရာ စစ်အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီး ဦးတေဇ အပါအ၀င် ပြည်တွင်းပြည်ပ ကုမ္ပဏီများ ရရှိသွား သည်ဟု ကြာသပတေးနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

ထူးကုမ္ပဏီသည် အထက်ဆည်တော်ကြီး နှင့် ထာခ ရေအားလျှပ်စစ် စီမံကိန်း တို့ကို အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် စနစ်ဖြင့် ၇၅ နှစ် လုပ်ကိုင်ခွင့် ရရှိမည်ဟု ဆိုသည်။
ဆည်တော်ကြီး စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို ထူးကုမ္ပဏီက မန္တလေးမြို့သို့ ဖြန့်ဝေပြီး ဓာတ်အား သုံးစွဲခများကို ကောက်ခံမည်ဟု သတင်း ထွက်ပေါ်နေကြောင်း မန္တလေးမြို့ခံ တဦးက ဧရာဝတီကို ပြောသည်။
“ရွေးကောက်ပွဲ အတွက် မီး ပုံမှန်ပေးမယ်လို့ ပြောတာ နေမှာပါ” ဟု ၎င်းက ဆိုသည်။
မန္တလေးတွင် တရက်ခြား မီးပေးသည့် စနစ်ဖြင့် လျှပ်စစ်မီး ဖြန့်ဝေနေသည်ဟု ဆိုသော်လည်း သတ်မှတ်ထားသည့် အချိန်အတိုင်း လျှပ်စစ်မီး ရရှိခြင်း မရှိဟု ဆိုသည်။ မီးအား လွန်စွာ နည်းပါးသည်ဟုလည်း သိရသည်။ မီတာခမှာ ၁ ယူနစ် ကျပ် ၅၀ ကောက်ခံသည်ဟု အဆိုပါမြို့ခံက ပြောသည်။
ဆည်တော်ကြီး စီမံကိန်းသည် မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် တည်ရှိပြီး တနှစ်လျှင် ၃၁၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဟု သိရသည်။
တခြား ကုမ္ပဏီကြီးများဖြစ်သည့် ရွှေစွမ်းအင်ကုမ္ပဏီက သောက်ရေခပ် ၂၊ အနာဂတ်စွမ်းအား ကုမ္ပဏီက ဘီလူးချောင်း ၃၊ Delco ကုမ္ပဏီက အညာဖျား စသည့် ရေအားလျှပ်စစ်စီမံကိန်း တို့ကို ဆောင်ရွက်ခွင့် ရသွားသည်။
၁၉၈၈ ခုနှစ် မတိုင်မီက ရေအားလျှပ်စစ်စက်ရုံ ၂ ရုံ၊ သဘာဝဓာတ်ငွေ့ သုံး ဓာတ်အားပေးစက်ရုံ ၇ ရုံရှိပြီး စုစုပေါင်း ၅၂၉ ဒဿမ ၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ကြောင်း စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။ ၁၉၈၈ နောက်ပိုင်း တွင် ဆည်တော်ကြီး၊ ဘီလူးချောင်း၊ ဇော်ဂျီ၊ ဇောင်းတူ၊ သဖန်းဆိပ်၊ ပေါင်းလောင်း၊ မုန်း၊ ပသိ၊ ရဲနွယ်၊ ခပေါင်း နှင့် ကျိုင်းတောင်း စသည့် ရေအားလျှပ်စစ်စက်ရုံများ၊ ကျောက်မီးသွေးသုံး၊ ရေနွေးငွေ့သုံး၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများကြောင့် ၂၂၅၅ ဒဿမ ၉ မဂ္ဂါဝပ် ထုတ်နိုင်ခဲ့သည့်ဟု နှိုင်းယှဉ် ရေးသားထားသည်။
သို့သော် လူဦးရေ ၇ သန်း နီးပါး နေထိုင်သည့် ရန်ကုန်မြို့တော်တွင် လုပ်ငန်းရှင် အများစုမှာ ဒီဇယ်ဆီသုံး ကိုယ်ပိုင် မီးစက်များဖြင့် လုပ်ငန်း လည်ပတ်နေရကြောင်း လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်း ရှင်တဦးက ပြောသည်။
“စက်မှုဇုန်ကတော့ ညနေ ၅ နာရီက မနက် ၅ နာရီ အထိပဲ မီးရတယ်”ဟု ၎င်းက ဆိုသည်။
ရေအားလျှပ်စစ် စီမံကိန်းများသည့် ပြည်သူများ လျှပ်စစ်မီး အပြည်အ၀ အသုံးပြုစေရန် အတွက် မဟုတ်ဘဲ အိမ်နီးချင်း နိုင်ငံများသို့ လျှပ်စစ်ဓာတ်အား ရောင်းချ၍ နိုင်ငံခြားငွေ ရှာရန်သာ ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် သတင်းစာဆရာတဦးက သုံးသပ်သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “အမှန်တကယ် ဖွံဖြိုး သော နိုင်ငံဖြစ်လိုလျှင် စက်မှုနိုင်ငံဖြစ်အောင် ထူထောင်ရမည်”ဟု ပြောဆိုခဲ့သေးသည်။
ဆက်လက် တည်ဆောက်ရန် လျာထားထားသည့် ရေအားလျှပ်စစ် စီမံကိန်းများမှာ ရွှေလီ ၃၊ ဘောဂထ၊ ဘီးလင်း၊ဒယိုင်ချောင်း၊ သကျက်၊ တာပိန်၂၊ ရွှေလီ ၂၊ ရွှေစာရေး၊ တနသာင်္ရီ၊ လေးမြို့၊ မြစ်ဆုံ၊ ရီနန်၊ ခေါင်လံဖူး၊ ပီဇာ၊ ၀ူဆောက်၊ ချီဖွေ၊ လဇာ၊ ဟတ်ကြီး၊ ဘီးလင်း၊ စိုင်ဒင်၊ တာဆန်း၊ အထက်သံလွင်၊ အထက်ရဲရွာ၊ ဗူး၊ မြို့ကြီး၊ မြစ်သာ တို့ ဖြစ်သည်။
ယခုနှစ်တွင် ပြီးစီးတော့မည့် စီမံကိန်းများမှာ ရဲရွာ၊ ရွှေကျင်၊ ချီဖွေငယ်၊ ကွန်းချောင်း၊ ဖြူးချောင်း၊နန်ချို၊ တာပိန် ၁ ၊ အထက်ပေါင်းလောင်း၊ သောက်ရေခပ် ၂၊ ဘီလူချောင်း ၃ စီမံကိန်းတို့ ဖြစ်သည်။
သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများအတွက်လည်း ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ပိုက်လိုင်းများ သွယ်တန်း၍ ပို့ပေးမည်ဟု သိရသည်။

လစာတိုးမည့် သတင်းကြောင့် ရွှေဈေးတက်

Monday, 04 January 2010 15:19 ဧရာဝတီ
.အစိုးရ ၀န်ထမ်းများ လစာတိုးမြှင့်သည် ဆိုသည့် သတင်းကြောင့် မြန်မာငွေတန်ဖိုး အနည်းငယ် ကျဆင်းသွားပြီး ရွှေဈေး တက်သွားသည်ဟု ရန်ကုန်စီးပွားရေး သတင်းရပ်ကွက်မှ သိရသည်။

အခေါက်ရွှေ တကျပ်သားလျှင် နှစ်မကုန်ခင်က ကျပ် ၅၉၄၀၀၀ ရှိနေရာမှ ဇန်နဝါရီ ၃ ရက်နေ့တွင် ကျပ် ၅၉၈၅၀၀ အထိ ဈေးတက်သွားသည်။
“နှစ်သစ်ကူး ပိတ်ရက်တွေမှာ ရွှေအရောင်းအ၀ယ် မရှိဘဲနဲ့ ၀န်ထမ်း လစာတိုးတဲ့ သတင်းကြောင့် ရုတ်တရက် တက်သွားတာ” ဟု ရွှေလုပ်ငန်းရှင် အသင်းနှင့် နီးစပ်သည့် ရွှေဆိုင်ပိုင်ရှင်တဦးက ဆိုသည်။
အစိုးရ ၀န်ကြီး ဌာနများရှိ အောက်ခြေ အဆင့်မှ ညွှန်ချုပ် အဆင့်အထိ ၀န်ထမ်းများကို ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက် နေ့မှ စတင်၍ လစာငွေ ကျပ် ၂၀၀၀၀ စီ တိုးမြှင့် ခံစားစေမည် ဖြစ်ကြောင်း ဝန်ထမ်း အသိုင်း အဝန်းက ပြောသည်။
အစိုးရက လစာတိုးမြှင့်သည့် သတင်းကို တရားဝင်မထုတ်ပြန်သော်လည်း ထိုသတင်းမှာ ပြည်သူများ အကြားပျံ့နှံ့နေပြီး ကုန်ဈေးနှုန်းများ မြင့်တက်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။
အမေရိကန် ၁ ဒေါ်လာလျှင် ဒီဇင်ဘာ ၃၁ ရက်က ၁၀၀၀ ကျပ် ဈေးရှိရာမှ လစာ တိုးမြှင့်မည့် သတင်း ထွက်ပေါ်အပြီး ဇန်န၀ါရီလ ၃ ရက်တွင် ၁ ဒေါ်လာ ၁၀၁၄ ကျပ်အထိ ဈေးအနည်းငယ် တက်လာသည်။
“ပိတ်ရက်တွေ ခံနေတော့ ဒေါ်လာဈေးက တအားကြီးတော့ တက်မသွားသေးဘူး။ ဈေးကွက်တွေ ပြန်ဖွင့်ရင် ဒေါ်လာဈေး တက်နိုင်တယ်” ဟု တရားမ၀င် နိုင်ငံခြားငွေလဲဒိုင်တဦးက ပြောသည်။
လစာတိုးမြှင့်ခြင်းသည် ၀န်ထမ်းများအတွက် အဆင်ပြေကောင်း ပြေနိုင်သော်လည်း ငွေကြေး ဖောင်းပွနိုင်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးပညာရှင် တဦးက သုံးသပ်သည်။
“အစိုးရက ငွေထပ်ရိုက်ထုတ်ပြီး ၀န်ထမ်းတွေ လစာတိုးပေးတာဆိုရင် ငွေကြေးဖောင်းပွမှု ဖြစ်ပြီး ကုန်ဈေးနှုန်းတွေ တက်လာမယ်။ တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် ၀န်ထမ်းတွေရော၊ ပြည်သူတွေရော စားဝတ်နေရေး ကျပ်တည်းနိုင်တယ်” ဟု အဆိုပါ ပညာရှင် က ပြောသည်။
၂၀၁၀ ပြည့်နှစ်ဆန်းသို့ ကူးပြောင်းချိန်တွင် အစိုးရ၀န်ထမ်းများအား လစာ တိုးမြှင့် ပေးခြင်းသည် ရွေးကောက်ပွဲ အချိန်၌ အစိုးရ ကျောထောက်နောက်ခံ ပါတီများကို မဲပေးရန် စည်းရုံးသည့် လုပ်ရပ်ဖြစ်ကြောင်း နေပြည်တော် ဝန်ထမ်းများအကြား ပြောဆိုနေ ကြသည်။
ဝန်ထမ်းလစာ တိုးမြှင့်ခြင်းနှင့်အတူ စစ်တပ် အတွင်းတွင်လည်း အောက်ခြေရဲဘော်မှ ဗိုလ်မှူးကြီးအဆင့်ထိ စစ်ဗိုလ်၊ စစ်သားများကို လစာတိုးမြှင့်သည်ဟု သိရှိရသည်။ သို့သော်မည်မျှပမာဏ တိုးမြှင့်သည်ကို မသိရသေးကြောင်း ရန်ကုန်မြို့ ဒဂုံမြို့နယ် အတွင်းရှိ အင်ဂျင်နီယာတပ်ရင်းမှ စစ်ဗိုလ်တဦးကပြောသည်။
အစိုးရ၀န်ထမ်းများအား ပေါကြွယ်စရိတ် ပေးသည်ဟူသည့် ခေါင်းစဉ်ဖြင့် လစာတိုးမြှင့် ပေးခဲ့သောကြောင့် ဗေဒင် သဘောတရား များလည်း ပါဝင်နိုင်ကြောင်း ဝေဖန်ပြောဆို နေကြသည်။
“ရှားပါးစရိတ် လစာနှစ်သောင်း တိုးပေးမယ်ဆိုတာ ၀န်ထမ်းလောကကြားမှာ ပျံ့နေခဲ့တာ နှစ်အတော်ကြာပြီ။ တကယ် လစာတိုးတော့ ရှားပါးစရိတ်လို့ မသုံးဘဲ ပေါကြွယ်စရိတ်လို့ နာမည်တပ်ပြီး တိုးပေးတယ်” ဟု အကောက်ခွန် အရာရှိတဦးက ပြောသည်။
၂၀၀၆ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ၀န်ထမ်းများ လစာတိုးမြှင့်ခဲ့ပြီး အနိမ့်ဆုံး ၀န်ထမ်းလစာဖြစ်သော ကျပ် ၃၀၀၀ – ၃၅၀၀ ကျပ်ကို ၁၅၀၀၀ -၂၀၀၀၀ အထိလည်းကောင်း၊ ပြန်တမ်းဝင် အရာရှိများ၏ လစာကို အနိမ့်ဆုံး ၈၀၀၀၀ မှစပြီး ၂၀၀၀၀၀ အထိတိုးမြှင့်ခဲ့သည်။ ထိုကာလက စစ်ဗိုလ်၊ စစ်သားများ၏ လစာကိုလည်း ဝန်ထမ်းများထက် အဆများစွာ တိုးပေးခဲ့ သည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရအဆက်ဆက်က ၀န်ထမ်းလစာများ တိုးမြှင့်ခဲ့ရာ ၁၉၄၈ ခုနှစ်တွင်တကြိမ်၊ ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တကြိမ်၊ ၁၉၈၉ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင်တကြိမ်၊ ၁၉၉၃ ခုနှစ် ဧပြီလ ၁ ရက် နေ့တွင်တကြိမ်၊ ၂၀၀၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့တွင်တကြိမ်၊ ၂၀၀၆ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင်တကြိမ် တိုးမြှင့်ပေးခဲ့ပြီး ယခု အကြိမ်နှင့်ပါဆိုလျှင် စုစုပေါင်း ၇ ကြိမ် ရှိပြီဖြစ်သည်။

ရွေးကောက်ပွဲအတွက် စီစဉ်နေပြီဟု ဗိုလ်ချုပ်မှူးကြီးပြော

    

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ဓာတ်ပုံ - Getty Images)


Monday, 04 January 2010 18:46 သန်းထိုက်ဦး
.၂၀၁၀ ရွေးကောက်ပွဲကို ယခုနှစ်တွင် ကျင်းပရန် စီစဉ်လျက် ရှိကြောင်း ယနေ့ ထုတ်ပြန်သည့် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။ သို့သော်လည်း ကျင်းပမည့် အချိန်၊ အစီအစဉ် တို့ကို ထည့်သွင်း ဖော်ပြခြင်း မရှိပေ။

“ယခုနှစ်တွင် ရွေးကောက်ပွဲများကို စနစ်တကျ ကျင်းပရေး အတွက် စီမံ ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက မှန်ကန်စွာ ဆုံးဖြတ် ဆောင်ရွက်ကြရမည်” ဟု ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ရေးသားထားသည်။
စစ်အစိုးရသည် လွန်ခဲ့သည့် အနှစ် ၂ဝကလည်း အထွေထွေ ရွေးကောက်ပွဲတခုကို ကမကထပြု ကျင်းပပေးခဲ့သည်။ သို့သော်လည်း ရွေးကောက်ခံရသူများကို အာဏာလွဲအပ်ကာ လွှတ်တော် ခေါ်ယူပေးခြင်း မရှိပေ။ ရွေးချယ်ခံရသည့် ကိုယ်စားလှယ် အများအပြား အကျဉ်းချခြင်း၊ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခြင်း၊ ပါတီမှ နှုတ်ထွက်ရန် ဖိအားပေးခြင်း တို့နှင့် ရင်ဆိုင်ခဲ့ရသည်။
NLD သည် စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်ပြီး ဖိအားများနှင့် ရင်ဆိုင်နေရသည်။ ၀င်ရောက် ယှဉ်ပြိုင်ခြင်းမပြုပါက ပါတီ ဖျက်သိမ်းခံရဖွယ်ရှိသည်ဟု အများက ခန့်မှန်းကြသည်။
၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ဥပဒေတွင် ပါတီ တခုသည် မဲဆန္ဒနယ်မြေ အနည်းဆုံး ၃နေရာတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုပါက ဖျက်သိမ်းခံရမည်ဟု ပြဌာန်းထားသည်။
ယခုနှစ်တွင် ပြုလုပ်မည်ဟု ဆိုသည့် ရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်လိုသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင် ဖွဲ့စည်းခွင့်၊ စည်းရုံး ဟောပြောခွင့် တို့နှင့် ပတ်သက်ပြီး ယနေ့ ထွက်ပေါ်လာသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင်ဖော်ပြထားခြင်း မရှိပေ။
ဗြိတိသျှ ကိုလိုနီ လက်အောက်မှ လွတ်မြောက်သည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှ စတင်၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို မြန်မာနိုင်ငံတွင် နှစ်စဉ် ကျင်းပလေ့ရှိသည်။
ယနေ့တွင်လည်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တချို့ကို ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီအရေး လှုပ်ရှားသူများက ပြုလုပ်ကြသည်။
ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ကျင်းပသည့် အခမ်းအနားတွင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အပါဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အာဏာပိုင်တို့ကို တောင်းဆိုကြောင်း ဖော်ပြထားသည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုံးကြိုင်က ဧရာဝတီသို့ ပြောသည်။
NLD ရုံးများ ပြန်လည် ဖွင့်ခွင့်ရရေး၊ ဖျက်သိမ်းခံထားရသည့် တိုင်းရင်းသား နိုင်ငံရေး ပါတီများ ပြန်လည် မှတ်ပုံတင် ခွင့်ရရေး တို့ကို တောင်းဆိုကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်ဟု သူက ပြောပြသည်။
ဝါရင့် နိုင်ငံရေးသမားကြီးများကလည်း ရန်ကုန်တွင် လွတ်လပ်ရေးအခမ်းအနားတခု ပြုလုပ်ခဲ့သည်။
မြန်မာ နိုင်ငံတွင် အထွေထွေ အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် တမျိုးသားလုံးက ၀ိုင်းဝန်း ပူးပေါင်း အဖြေရှာမှသာ ပြေလည် နိုင်မည်ဖြစ်ကြောင်း သခင်သိန်းဖေက အခမ်းအနားတွင် ပြောကြားလိုက်သည်။
“တခုတည်းသော နည်းလမ်းဖြစ်တဲ့ အမျိုးသား သွေးစည်း ညီညွတ်ရေး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို မဖြစ်မနေ တည်ဆောက်ဖို့ပဲ ဖြစ်တယ်”ဟု လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သူ သခင်သိန်းဖေက ဆိုသည်။

ဦးအောင်ဆန်းဦး မျက်နှာကို ပစ်မှတ်ထား၍ မြားပစ်ပြိုင်ပွဲ ကျင်းပ

  

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲဝင်မည့် ကလေးများ (ဓာတ်ပုံ - ဧရာဝတီ)
 Monday, 04 January 2010 18:19 ဘစောတင်
.၆၂ နှစ်မြောက် လွတ်လပ်ရေး အောင်ပွဲနေ့ အခမ်းအနားများကို ပြည်တွင်း ပြည်ပတွင် ကျင်းပလျက်ရှိရာ ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား သားသမီးများ တက်ရောက် ပညာသင်ကြား နေသည့် S.A.W အထက်တန်းကျောင်းတွင် “အောင်ဆန်းဦးကို သင်ခန်းစာပေးခြင်း” အမည်ရှိ မြားပစ်ပြိုင်ပွဲ ကျင်းပကြောင်း သိရသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ပြည်သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်လျက် ရှိသော်လည်း ၎င်း၏ အစ်ကိုကြီးဖြစ်သူ ဦးအောင်ဆန်းဦးမှာမူ လူထုခေါင်းဆောင်ကို နှမအဖြစ် စာနာ ထောက်ထားခြင်း မရှိဘဲ နှောင့်ယှက် တိုက်ခိုက်လျက် ရှိသောကြောင့် အဆိုပါပွဲ ကျင်းပခြင်း ဖြစ်ကြောင်း S.A.W အထက်တန်း ကျောင်းမှ ဆရာသီဟမောင်မောင်က ပြောသည်။
“ဦးအောင်ဆန်းဦးဟာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ သားဖြစ်ပေမယ့် ပြည်သူ လူထုကို ဖိနှိပ်ချုပ်ချုပ်ချယ်တဲ့ စစ်အုပ်စုနဲ့ ပေါင်းပြီး သူ့နှမ အရင်းဖြစ်တဲ့ လူထု ခေါင်းဆောင်ကို နေရေး ထိုင်ရေး ခက်ခဲအောင် လုပ်တယ်။ လူထု ခေါင်းဆောင်ဟာ ဒီမိုကရေစီရဲ့ သင်္ကေတ ဖြစ်တယ်။ သူနေတဲ့ အိမ်ဟာ ၁၉၈၈ နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ကိစ္စများစွာမှာ ပါဝင်ခဲ့တဲ့ သမိုင်းဝင်အိမ်ကြီးဖြစ်တယ်။ ဒါကို မစဉ်း စားမဆင်ခြင်ဘဲ လုပ်တဲ့ သူ့ လုပ်ရပ်ဟာ အင်မတန် အသိဉာဏ်မဲ့တဲ့ အလုပ်ဖြစ်တယ်။ ဒါကို ကလေးတွေသိအောင် အခုလို မြားပစ်ပြိုင်ပွဲ ကျင်းပပေးတာပါ” ဟုဆိုသည်။
ယခုပြိုင်ပွဲသည် ဦးအောင်ဆန်းဦး၏ လုပ်ရပ်များကို ဆန့် ကျင်ခြင်း၊ ရှုတ်ချခြင်း သဘောကို ပေါ်လွင်ထင်ရှားစေရန် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆရာသီဟမောင်မောင်က ဆိုသည်။ အင်းဆက် ပိုးမွှားကောင်များ၏ ကိုယ်ခန္ဓာပ်ါတွင် ဦးအောင်ဆန်းဦး၏ မျက်နှာကို တပ်ဆင်ပေးလိုက်သောအခါ ကလေးများအနေနှင့် မြားဖြင့် ပစ်ပေါက်ချင်စိတ် ပိုမိုဖြစ်ပေါ်လာခဲ့သည်ဟု သူက ဆက်ပြောသည်။
ထိုကဲ့သို့ အင်းဆက်ပိုးမွှား ခန္ဓာကိုယ်ပေါ်တွင် ဦးအောင်ဆန်းဦး၏ မျက်နှာ တပ်ဆင်ခြင်းကို ပန်းချီ၊ ဒီဇိုင်းဆရာလည်း ဖြစ်သူ ကျောင်းဆရာသီဟမောင်မောင် ကိုယ်တိုင် ပြုလုပ်ခြင်း ဖြစ်သည်။
ယနေ့ ပြုလုပ်သော လွတ်လပ်ရေးအောင်ပွဲနေ့ အခမ်းအနားတွင် အထက်တန်းပြဆရာ ဦးဇော်ငြိမ်းလတ်က လွတ်လပ်ရေးနေ့ အကြောင်းကို ဟောပြောပြီး ဆရာသီဟမောင်မောင်က “အောင်ဆန်းဦးကိုသင်ခန်းစာပေးခြင်း” မြားပစ်ပြိုင်ပွဲ အကြောင်းကို ရှင်းပြခဲ့သည်။
အသက် ၁၃ နှစ်အရွယ် သတ္တမတန်းကျောင်းသား မောင်ဝင်းသက်ပိုင်ဦးက “ဦးအောင်ဆန်းဦးက ကိုယ့်အိမ်ကို ထောင်အဖြစ် လုပ်ပြီးနေနေရတဲ့ ညီမကို ဒုက္ခပေးနေတယ်။ သားတို့က သူ့ မျက်နှာတည့်တည့်ကို မှန်အောင်ကိုပစ်မယ်” ဟု ပြောသည်။
“လွတ်လပ်ရေးကိုရဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ ကြိုးစားခဲ့ကြတယ်။ အခုတော့ စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေကြရတယ်။ ဦးအောင်ဆန်းဦးအနေနဲ့ ဒီမိုကရေစီတိုက်ပွဲမှာ ၀င်ပါခြင်းမပါခြင်းက သူ့ အခွင့်အရေးပဲ၊ ဘာမှ ပြောစရာမရှိပါဘူး။ ဒါပေမယ့် ဒီမိုကရေစီအရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ လူထုခေါင်းဆောင်ကို တိုက်ခိုက်တာရယ်၊ နောက်ပြီး ပြည်သူကို ဖိနှိပ်တဲ့ နအဖ နဲ့ပူးပေါင်းတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဇော်ငြိမ်းလတ်က ဆိုသည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းသူ ကျောင်းသား ၂၀၀ ကျော်တက်ရောက်ခဲ့ပြီး “အောင်ဆန်းဦးကို သင်္ခန်းစာပေးခြင်း” မြားပစ်ပြိုင်ပွဲတွင် ပျော်ရွှင်စွာ ပါဝင်ကစားခဲ့ကြသည်ဟု သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ သားဖြစ်သူ ဦးအောင်ဆန်းဦးသည် ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်း မရှိပေ။ ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ် ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး တရားရုံးမှတဆင့် တောင်းဆိုခဲ့သည်။
နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည်၏ ဗိသုကာပညာရှင်များက မွမ်းမံ ပြင်ဆင်လျက်ရှိရာ ဦးအောင်ဆန်းဦးက ကန့်ကွက်သဖြင့် ပြီးခဲ့သည့်လက ပြင်ဆင်မှုလုပ်ငန်းများ ရပ်ဆိုင်းသွားသည်။
ဦးအောင်ဆန်းဦး၏ လုပ်ရပ်များသည် ဒေါ်အောင်ဆန်းစုကြည်ကို ထိခိုက်စေသောကြောင့် စစ်အစိုးရ အလိုကျ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ယူဆမှုများလည်း ထွက်ပေါ်နေသည်။ ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး သတင်းဌာနများက ဆက်သွယ်မေးမြန်းသော်လည်း ဦးအောင်ဆန်းဦးက ပြန်လည် ဖြေကြားခြင်း မရှိပေ။

zondag 3 januari 2010

တယ်လီဖုန်း ခေါ်ဆိုခ တိုးမြှင့် ကောက်ခံမည်

ဆလိုင်းဟံသာစန်း

ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၃၁ ရက် ၂၀၀၉ ခုနှစ် ၂၃ နာရီ ၄၅ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ တယ်လီဖုန်း ခေါ်ဆိုခကို လာမည့်နှစ်ဆန်း ၁ ရက်နေ့မှ စတင်ကာ တနိုင်ငံလုံးတွင် တိုးမြှင့် ကောက်ခံသွားမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ယနေ့ ပြောသည်။
လက်ရှိ ဈေးနှုန်းသည် ကြိုးဖုန်းဆိုလျှင် မြို့တွင်း တမိနစ်ခေါ်ဆိုမှာ ၁၅ ကျပ်၊ နယ်ဝေးဆိုပါက တမိနစ်လျှင် ၂၅ ကျပ်နှင့် မိုဘိုင်းဖုန်းမှာ (မြို့တွင်း တမိနစ်) ၂၅ ကျပ်၊ နယ်ဝေး ၃၅ ကျပ်ဟု သတ်မှတ်ထားရာမှ အဆိုပါ ဖုန်းနှစ်မျိုးလုံး မြို့တွင်း (သို့မဟုတ်) နယ်ဝေး မည်သည့်နေရာသို့ ခေါ်ဆိုသည်ဖြစ်စေ တမိနစ်လျှင် ကျပ် ၅၀ သို့ တိုးမြှင့် ကောက်ခံသွားမည်ဟု ပြောဆိုခြင်းဖြစ်သည်။
“ဖုန်းခတွေ တိုးမြှင့် ကောက်ခံသွားမယ် ဆိုတာ ဟုတ်ပါတယ်။ မြို့တွင်း၊ နယ်ဝေး ဘယ်ကိုခေါ်ခေါ် တမိနစ်ကို ၅၀ (ကျပ်) ပါ။ ဒါနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေး လုပ်ငန်းက ၁ ရက်၊ ၂ ရက်အတွင်း အားလုံးသိအောင် ထုတ်ပြန်ပေးသွားမှာပါ” ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (ငွေစာရင်း) ဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
ပြည်တွင်း ဖုန်းခေါ်ဆိုခများကို ယခုလို တိုးမြှင့် လိုက်သော်လည်း ပြည်ပသို့ ခေါ်ဆိုခများကိုမူ ပြောင်းလဲခြင်း မရှိဘဲ သက်ဆိုင်ရာ နိုင်ငံအလိုက် မူလသတ်မှတ်နှုန်းများအတိုင်း ဆက်လက်ထားရှိသွားမည်။
“အခုတောင် ဖုန်းဘီလ် (ကျသင့်ငွေ) က တလကို သောင်းဂဏန်း ရှိနေတာ။ တမိနစ် ၅၀ (ကျပ်) ဆိုရင်တော့ ပြဿနာပဲဗျာ။ ဘယ်တတ်နိုင်မလဲ၊ ဖုန်းကို လျှော့ပြောရတော့မှာပေါ့” ဟု ကျောက်တံတားမြို့နယ်မှ လက်ကိုင်ဖုန်း သုံးစွဲသူ တဦးက ပြောသည်။
ဖုန်းခေါ်ဆိုခများကို ယခုလို တိုးမြှင့်လိုက်သဖြင့် လမ်းဘေး ဖုန်းဆိုင်များတွင်ပါ ခေါ်ဆိုခနှုန်းများ ပိုမို မြင့်တက်လာဖွယ်ရှိကြောင်း ပဲခူးမြို့ခံတဦးက ပြောသည်။
“မြို့တွင်း တမိနစ် ၁၅ ကျပ်၊ နယ်ဝေး ၂၅ ကျပ်ဆိုတာက ရုံးမှာသွင်းရတဲ့ ဈေးနှုန်းပါ။ တကယ်က လမ်းဘေးဆိုင်တွေမှာ မြို့တွင်း ၅၀ (ကျပ်) ၊ နယ်ဝေး ၁၀၀ (ကျပ်)။ ဒီပုံဆိုရင်တော့ မြို့တွင်း ၁၀၀ (ကျပ်)၊ နယ်ဝေး ၁၅၀၊ ၂၀၀ တွေ ဖြစ်ကုန်တော့မှာပေါ့” ဟု ပြောသည်။
သူက ဆက်ပြီး “တကယ်ဆို အစိုးရက ပြည်သူတွေကို ငဲ့သင့်ပါတယ်။ ဒီလို ချက်ချင်းကြီး တက်သွားတာတော့ မကောင်းဘူးဗျာ။ အားလုံးက စီးပွားရေးတွေ ကြပ်တည်းနေကြတဲ့အချိန်မှာ ထပ်ဖိသလို ဖြစ်နေပြီ” ဟု ပြောသည်။
၂၀၀၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်း ကြိုးဖုန်းများ ပြည်တွင်းခေါ်ဆိုခကို တမိနစ်လျှင် ၃ ကျပ်မှ ၁၅ ကျပ်သို့ တိုးမြှင့်ခဲ့သေးသည်။
မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ကြိုးဖုန်းမှာ အလုံးရေ ၄ သိန်းခန့်ရှိကြောင်း ၂၀၀၆ ခုနှစ် အောက်တိုဘာတွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်က နေပြည်တော်၌ ကျင်းပသော အစည်းအဝေး တခုတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။
မဇ္ဈိမ၏ သုတေသန မှတ်တမ်းတခုအရ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၂၀၀၈ ခုနှစ်တွင် တယ်လီဖုန်း တပ်ဆင်မှုမှာ အလုံးရေ တသန်းနီးပါးအထိ ရှိလာကြောင်း သိရသည်။ လက်ရှိ အမျိုးအစားစုံ မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်မှာမူ ၅ သိန်းနီးပါး ရှိသည်။
၂၀၀၇ ခုနှစ်တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ UNIAP အဆိုအရ မြန်မာနိုင်ငံရှိ လူဦးရေမှာ ၅၇ ဒဿမ ၅ သန်းရှိကြောင်းနှင့် ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်နေ ပြည်သူများဖြစ်ကြောင်း သိရသည်။

zaterdag 2 januari 2010

သမတ အိုဘားမား၏ နိုဘယ်လဲ ဆုလက်ခံမိန့်ခွန်း

  

သမတအိုဘားမားသည် လွန်ခဲ့သော ကြာသပတေးနေ့က နိုဘဲလ်ငြိမ်းချမ်းရေးဆုကို လက်ခံရယူခဲ့ရာ စစ်မက်ရေးရာ၊အကြမ်းမဖက်ရေးကန့်သတ်ချက်များနှင့် ပတ်သက်၍ များစွာထည့်သွင်းပြောကြားသွားသည်။သို့ရာတွင် ၄င်းသည် အတိတ်က ငြိမ်းချမ်းရေးဆောင်ရွက်သူများကို ချီးကျူးစကားပြောဆိုသည့်အပြင် ကမ္ဘာကြီးအနေဖြင့် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နိုင်သော၊လုပ်ဆောင်သင့်သော ကိစ္စရပ်များကိုလည်း ဆွေးနွေးတင်ပြခဲ့သည်။

အိုဘားမား၏ ဆုလက်ခံမိန့်ခွန်းကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။
ကြွရောက်ချီးမြှင့်အပ်ပါသော လေးစားအပ်သည့် နိုင်ငံတော်အကြီးအကဲများ၊ခေါင်းဆောင်ကြီးများ၊နော်ဝေနိုင်ငံ နိုဘဲလ်ဆုကော်မတီဝင်များ၊အမေရိကန်နိုင်ငံသားများနှင့် ကမ္ဘာသူ၊ကမ္ဘာသားအပေါင်းတို့ခင်ဗျား၊
ကျွန်တော်ဟာ ဒီဆုကို ချီးမြှင့်ခံရတဲ့အတွက် အထူးတလည် ကျေးဇူးတင်ရှိပါကြောင်း ဂါရ၀တရားရှေ့ ထား၍ ပြောကြားလိုပါတယ်။ဒီဆုဟာ ကျွန်တော်တို့ အမြင့်ဆုံးမှန်းကြတဲ့ ဆုတစ်ဆုဖြစ်ပါတယ်။ကျွန်တော်တို့ကမ္ဘာကြီးရဲ့ ရက်စက်မှု၊ခက်ခဲမှုတွေ အားလုံးအတွက် ပေးအပ်တဲ့ဆုပါ။ကျွန်တော်တို့ဟာ ကံကြမ္မာရဲ့ အကျဉ်းသားများသက်သက်သာ မဟုတ်ကြပါဘူး။ကျွန်တော်တို့ ပါဝင်လှုပ်ရှားကြဖို့လိုပါတယ်။ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေက သမိုင်းကို တရားမျှတမှု ရှိရာကို ကွေးညွတ်ပြောင်းလဲသွားစေပါလိမ့်မယ်။
လူကြီးမင်းတို့ အနေနဲ့ ဒီဆုကို ချီးမြှင့်ပေးဖို့ရာ ရက်ရောစွာဆုံးဖြတ်ချက်ချခဲ့တာကို ကျွန်တော်ဂုဏ်ယူဝမ်းမြောက်လို့မဆုံးပါဘူး။ဒါပေမယ့် ကျွန်တော့်အတွက် ဒါဟာ အစပဲရှိပါသေးတယ်။ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ကျွန်တော်လုပ်ဆောင်သွား ရမယ့် အဆုံးသတ် မဟုတ်သေးပါဘူး။သမိုင်းခေတ်ကာလတလျောက် ကျေးဇူးတရားကြီးမားခဲ့တဲ့ ရှဝစ်ဇာနဲ့ကင်းတို့လို မာရှယ်နဲ့မန်ဒဲလားတို့လို ပုဂ္ဂိုလ်ကြီးတွေနဲ့ နှိုင်းစာကြည့်မယ်ဆိုရင် ကျွန်တော်က သိမ်နုပ်လှပါတယ်။ပြီးတော့လည်းပဲ ကမ္ဘာနဲ့အ၀န်းမှာ တရားမျှတမှုအတွက် အကျဉ်းကျခံ၊ရိုက်နှက်ခံရသူတွေ၊လူမှုဒုက္ခတွေကို ပြေပျောက်စေဖို့အတွက် လူသားရေးရာ အဖွဲ့ အစည်းအသီးသီးမှာ ဆောင်ရွက်နေကြသူတွေလည်း ရှိနေကြပါတယ်။ ရာဂဏန်းမျှလောက်ပဲရှိတဲ့ ဝေဖန်ထောက်ပြသူတွေရဲ့ နောက်ကွယ်မှာ ရဲဝံ့၊တိတ်ဆိတ်စွာ လုပ်ဆောင်နေကြတဲ့ သန်းပေါင်းများစွာသော လူမသိ၊သူမသိပုဂ္ဂိုလ်တွေလည်းရှိနေကြပါတယ်။သူတို့တစ်တွေကိုလည်း ရှာဖွေကြပါဦးလို့ စောဒကမတက်လိုပေမယ့် သူတို့ အားလုံးဟာ ကျွန်တော့်ထက်များစွာသာလွန်ပြီး ဂုဏ်ပြုထိုက်သူတွေဖြစ်တယ်လို့ ပြောကြားလိုပါတယ်။
သို့သော်လည်း ကျွန်တော်ဟာ စစ်ကြီးနှစ်စစ်ရဲ့ အလယ်မှာ တည်ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အကြီးအကဲဖြစ်နေတဲ့အတွက် ဒီကိစ္စဟာ ဒီဆုကို ကျွန်တော်လက်ခံရရှိတဲ့ဖြစ်ရပ်အတွက် အလွန်လေးနက်တဲ့အရာဖြစ်နေပါတယ်။စစ်ကြီးတစ်ခု ကတော့ ပြီးဆုံးနေပါပြီ။နောက်စစ်ကြီးတစ်ခုကတော့ အမေရိကအနေနဲ့ရှာဖွေတဲ့ အားပြိုင်မှုမဟုတ်ပါဘူး။နော်ဝေနိုင်ငံအပါအ၀င် အခြားသော နိုင်ငံပေါင်း ၄၃နိုင်ငံနဲ့အတူ ကျွန်တော်တို့ကိုယ်တိုင်ကာကွယ်ဖို့ နိုင်ငံအားလုံးကို ထပ်မံ တိုက် ခိုက်ခံရခြင်းမရှိစေဖို့ ကြိုးပမ်းဆောင်ရွက်နေကြရခြင်းသာ ဖြစ်ပါတယ်။
မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ဟာ စစ်ဖြစ်နေကြဆဲပါပဲ။ကျွန်တော်ဟာ ဝေးလံတဲ့နိုင်ငံတစ်နိုင်ငံမှာ စစ်ပွဲအတွက်ရောက်ရှိနေတဲ့ ငယ်ရွယ်တဲ့အမေရိကန်တွေကို ပြန်လည်ရုပ်သိမ်းဖို့ရာ တာဝန်ရှိပါတယ်။သူတို့ထဲက တချို့ က သတ်ဖြတ် သူတွေဖြစ်ကြတယ်။တချို့ ကတော့ သတ်ဖြတ်ခံရသူတွေ ဖြစ်နေကြပါတယ်။ဒါကြောင့် စစ်နဲ့ငြိမ်းချမ်းရေး ပတ်သက်ဆက်နွယ်မှုကြောင့် ထွက်ပေါ်လာတဲ့ အဖြေရခက်တဲ့ မေးခွန်းတွေပြည့်နှက်နေတဲ့ကြားမှာ သူတို့ကို အစားထိုးပြီးစေ လွှတ်နေရတဲ့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှု၊ လက်နက်ကိုင် ဖြေရှင်းနေရတဲ့ အဲသည်လို အကြပ်အတည်းတွေကြားထဲကနေ ကျွန်တော် အခုလိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
အဲဒီမေးခွန်းတွေဟာ အသစ်တွေတော့ မဟုတ်ကြပါဘူး။စစ်ဆိုတဲ့ အရာဟာ ဘယ်လိုပုံစံနဲ့ပဲဖြစ်ခဲ့ဖြစ်ခဲ့ ပထမစတဲ့လူနဲ့ဆိုင်ပါတယ်။သမိုင်းဦးအစမှာ စစ်နဲ့ ပတ်သက်တဲ့ အတွေးအမြင်ကို မေးခွန်းမထုတ်ခဲ့ကြပါဘူး။မိုးခေါင်ရေရှားတာလို၊ ရောဂါဘေးဆိုက်ရောက်တာလို ရိုးရှင်းလှပါတယ်။လူသားမျိုးနွယ်စုတွေ၊ ယဉ်ကျေးမှုတွေ အင်အားပြိုင်ကြတဲ့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။
အချိန်တွေကြာညောင်းလာတာနဲ့အမျှ အုပ်စုတွေအတွင်းမှာ အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဖို့အတွက် တရားဥပဒေတွေ ရှာကြံလာကြပါတယ်။တွေးခေါ်ရှင်ကြီးတွေ၊ဘုန်းတော်ကြီးတွေ၊နိုင်ငံရေးသုခမိန်တွေဟာ စစ်ရဲ့ ဖျက်ဆီးမှု အင်အားကို တားမြစ်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။အချို့သော ကြိုတင်အခြေအနေတွေနဲ့ ထိန်းညှိပြီး တရားမျှတမှုရှိရင် တရားသောစစ်လို့တောင် ရှုမြင်သတ်မှတ်လာခဲ့ကြပါတယ်။မိမိကိုယ်မိမိကာကွယ်ဖို့လား၊မတတ်သာတောတဲ့အဆုံးမှာ ဖြစ်ပွားလာတာလား၊အင်အားသုံးတာ အချိုးမျှတသလား၊ပြီးတော့ ဖြစ်နိုင်သလောက်လုပ်ကြရာမှာ အရပ်သားတွေ အကြမ်းဖက်မှုဘေးက ကင်းဝေးကြစေသလား၊အဲဒါတွေ ကြည့်ကြရပါတယ်။
သမိုင်းမှာကြုံတွေ့ရဖန်များတာက အဲဒီတရားသောစစ်ဆိုတာက မရှိသလောက် ရှားပါတယ်။လူသားတစ်ဦးနဲ့တစ်ဦး ဘယ်လိုနည်းလမ်းသစ်တွေနဲ့ သတ်ဖြတ်ကြမလဲဆိုတာကို တွေးတဲ့ဖြစ်စဉ်သဘောဟာ အတောမသတ်နိုင်အောင်ပါပဲ။မတူညီတဲ့ဘုရားကို ကိုးကွယ်ကြသူတွေအကြားမှာ သနားညှာတာမှုလည်း ကင်းမဲ့လာကြပါတယ်။စစ်တပ်အချင်းချင်းတိုက်ခိုက်ကြတဲ့ စစ်ပွဲတွေကနေ နိုင်ငံအချင်းချင်း တိုက်ခိုက်တဲ့ စစ်ပွဲတွေဖြစ်လာစေခဲ့တယ်။တိုက်ခိုက်ကြသူနဲ့အရပ်သားတွေကြားမှာေ၀၀ါးစွာ ခွဲခြားနိုင်ခြင်းလည်း မရှိကြတော့ပါဘူး။နှစ်ပေါင်း ၃၀အတွင်းမှာ ဒီလိုလူပေါင်းမျာစွာသေကြေပျက်စီးစေတဲ့ဖြစ်ရပ်တွေဟာ ဒီ အမေ ရိကတိုက်ကြီးရဲ့နှစ်ဆမျှရှိခဲ့ပါတယ်။နာဇီဂျာမနီနဲ့ဝင်ရိုးတန်းနိုင်ငံတွေရှုံးနိမ့်ခဲ့ရတာ အကြောင်းတစ်ခုကြောင့်ပဲလို့ ပြေရခက်နေစဉ်မှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ စစ်သားတွေ၊အရပ်သား တွေရဲ့အရေအတွက်ဟာ များလွန်းခဲ့ပါတယ်။
ဒီလိုဖျက်ဆီးမှုကြီးကနေနိုးထလာတော့ နျူကလီယားခေတ်ကြီးကို ရောက်ရှိလို့လာပြန်ပါတယ်။နောက် ကမ္ဘာစစ်ကြီးမဖြစ်ဖို့ အရေးအတွက် နိုင်သူ၊ရှုံးသူအတူတူပဲ ဟန့်တားဖို့ကိစ္စတွေ လိုအပ်လာတယ်။ နိုင်ငံပေါင်းချုပ်အသင်းကြီးကို အမေရိကန်ဆီးနိတ်လွှတ်တော်ကကန့်ကွက်ပြီး ရာစုနှစ်လေးပုံတစ်ပုံအကြာမှာတော့ ၀ုဒ်ရိုးဝီလ်ဆင်ဟာ ဒီဆုကိုရရှိခဲ့ပါတယ်။အမေရိကန်အနေနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ အဆောက်အအုံတည်ဆောက်ရာမှာ ကမ္ဘာကိုဦးဆောင်ခဲ့တယ်။စစ်ဖြစ်ကြတာတွေကို ကွပ်ကဲအုပ်ချုပ်မယ့်လုပ်ငန်းစဉ်တွေ၊လူ့အခွင့်အရေးတွေကိုကာကွယ်ပေးမယ့်စာချုပ်တွေ၊အန္တရာယ်အကြီးမားဆုံး လက်နက်တွေကိုကန့်သတ်ဖို့၊လူအစုအပြုံလိုက်သတ်ဖြတ်မှုကို တားဆီးဖို့ မာရှယ်စီမံကိန်းနဲ့ကုလသမဂ္ဂ ပေါ်ပေါက်လာပါတယ်။
ဒီကြိုးပမ်းချက်တွေဟာ နည်းလမ်းပေါင်းများစွာနဲ့ အောင်မြင်ခဲ့တယ်။ဟုတ်ပါတယ်။ကြောက်မက်ဖွယ်စစ်ပွဲတွေ ဖြစ်ပွားခဲ့တယ်။သတ်ဖြတ်မှုတွေကျူးလွန်ကြတယ်။ဒါပေမယ့် တတိယကမ္ဘာစစ်တော့ မဖြစ်ခဲ့ပါဘူး။ စစ်အေးတိုက်ပွဲဟာ တံတိုင်းကြီးတစ်ခုကို လူထုအားနဲ့လှဲဖြိုပြီး အဆုံးသတ်သွားတယ်။စီးပွားရေးဟာ ကမ္ဘာတစ်ဝန်းလုံးကို ဖြန့်ကျက်လာတယ်။လူပေါင်းဘီလျံနဲ့ချီပြီး ဆင်းရဲခြင်းဘေးက ကင်းဝေးခဲ့တယ်။ လွတ်လပ်ရေး၊ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်၊တန်းတူညီမျှမှု စံညွှန်းတွေနဲ့ဥပဒေစိုးမိုးမှုဟာ တိုးတက်ထွန်းကားလာခဲ့တယ်။ကျွန်တော်တို့ဟာ အတိတ်မျိုးဆက်ရဲ့ လုံ့လ၊ဥဿဟတွေကို အမွေဆက်ခံခွင့် ရခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုနည်းလမ်းတကျ ဖြစ်ခဲ့တာ ဂုဏ်ယူမိပါတယ်။
ရာစုသစ်ထဲကို ဆယ်စုနှစ်တစ်ခု ကျော်လွန်ရောက်ရှိလာပြီးတဲ့နောက် ဒီအဆောက်အအုံကြီးဟာ ခြောက်လှန့်မှုအသစ်တွေအောက်မှာ ပိကျလို့နေပြီဖြစ်ပါတယ်။ကမ္ဘာကြီးဟာ နျူကလီးယားမဟာအင်အားကြီး နှစ်နိုင်ငံအကြား စစ်ဖြစ်မှာကို ကြောက်စရာမလိုတော့ပါဘူး။ဒါပေမယ့် နျူကလီးယားပြန့်ပွားမှုတိုးလာရာကနေ ဘေးသင့်မယ့် အရေးက စိတ်မအေးဖွယ်ဖြစ်နေပါတယ်။အကြမ်းဖက်မှုရှိနေခဲ့တာ ကြာညောင်းလှပါပြီ။ ဒါပေမယ့် ခေတ်ပေါ်နည်းပညာကြောင့် ဘာမဟုတ်တဲ့ လူတွေက အပြစ်မဲ့သူတွေကို ကြောက်စရာကောင်းလောက်အောင် အမြောက်အမြား သတ်ဖြတ်နေတာတွေ့ရပါတယ်။
ဒါ့အပြင် နိုင်ငံအချင်းချင်းဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေကနေ နိုင်ငံတွေအတွင်းမှာဖြစ်ပွားတဲ့စစ်ပွဲတွေ ပိုမိုတိုးပွားလို့လာပါတယ်။တိုင်းရင်းသားလက်နက်ကိုင်တိုက်ခိုက်မှုတွေ၊လူမျိုးစုအငြင်းပွားမှုတွေ၊ခွဲထွက်ရေး လှုပ်ရှားမှုတွေ၊လက်နက်ကိုင်သောင်းကျန်းမှုတွေ၊အသိအမှတ်ပြုမခံရတဲ့နိုင်ငံတွေ ပေါ်ပေါက်လာရာက လူထုဟာ မပြီးဆုံးနိုင်တဲ့ ရှုတ်ထွေးမှုကြားမှာ ပိတ်မိလာပါတော့တယ်။
ယနေ့ခေတ်စစ်ပွဲတွေမှာ စစ်သားတွေထက် အရပ်သားလူထုသေဆုံးကြရတယ်။နောင်အနာဂတ် အငြင်းပွားမှုမျိုးစေ့တွေကို ကြဲချစိုက်ပျိုးကြတယ်။စီးပွားတွေလည်းပျက်တယ်။မြို့ ပြလူနေမှုအဖွဲ့ အစည်းတွေ ယိမ်းယိုင် ပျက်စီးသွားတယ်။ဒုက္ခသည်တွေ ထုနဲ့ဒေး ပေါများလာတယ်။ကလေးတွေလည်း စိတ်အမာရွတ် ထင်ကျန်ရစ်ခဲ့ရတယ်။
ဒီစစ်မက်ပြဿနာတွေရဲ့ အဖြေကို ဖွင့်ဆိုပြသဖို့ရာ ဒီနေ့ကျွန်တော့်မှာ ဘာမှပါမလာပါဘူး။ကျွန်တော်သိတာကတော့ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ ဆယ်စုနှစ်တွေကြာသည်အထိ ရဲဝံ့စွာလုပ်ဆောင်ခဲ့ကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေမှာ တူညီသော အမြင်နဲ့ကြိုးပမ်းလုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်။ပြီးတော့ ကျွန်တော်တို့ဟာ တရားသောစစ်နဲ့ပတ်သက်တဲ့အတွေးအမြင်တွေ၊တရားသောငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အယူအဆတွေ အကြောင်း နည်းလမ်းသစ်တွေနဲ့ တွေးခေါ်မြော်မြင်ဖို့ လိုအပ်လာပါလိမ့်မယ်။
ကျွန်တော်တို့ရဲ့ ဘ၀အသက်တာတွေမှာ အကြမ်းဖက်အငြင်းပွားမှုကို ချုပ်ငြိမ်းစေမှာ မဟုတ်ဘူးဆိုတဲ့ လက်ခံရခက်တဲ့ အရှိတရားကို အသိအမှတ်ပြုခြင်းနဲ့ပဲ ကျွန်တော်တို့ စကြရမှာဖြစ်ပါတယ်။နိုင်ငံတွေအနေနဲ့ တစ်နိုင်ငံချင်းစီပဲဖြစ်စေ၊အစုအဖွဲ့ လိုက်ပဲဖြစ်စေ လိုအပ်ချက်အရရော၊ကိုယ်ကျင့်တရားအရပါ တရားမျှတစွာနဲ့ အင်အားသုံးတဲ့နည်းလမ်းကိုရှာတွေ့ လာနိုင်မယ့် အချိန်ကာလတွေ ရောက်ရှိလို့လာမှာပါ။
ကျွန်တော်ဘာလို့ဒါကိုတွေးမိသလဲဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဒီလိုအခမ်အနားမှာ မာတင်လူသာကင်းပြောခဲ့ဖူးလို့ပါ။“အကြမ်းဖက်ခြင်းဟာ တည်မြဲတဲ့ငြိမ်းချမ်းရေးကို ဘယ်တော့မှ ဆောင်ကြဉ်း မလာပါဘူး။ဘယ်လူမှုပြဿနာကိုမှ ဖြေရှင်းမပေးနိုင်ဘူး။ပိုပြီးရှုတ်ထွေးတဲ့အရာအသစ်တွေကိုပဲ ဖန်တီးပေးပါတယ်။´´ဒေါက်တာကင်းရဲ့ ဘ၀တာလုပ်ဆောင်မှုကို ဆက်ခံသူတစ်ဦးအဖြစ် ဒီနေရာမှာရပ်ပြီးပြောရ မယ်ဆိုရင် ကျွန်တော်ဟာ အကြမ်းမဖက်ခြင်းဆိုတဲ့ အဟိံသက၀ါဒကို အရှင်လတ်လတ်ကြီး သက်သေခံနေသူဖြစ်ပါတယ်။ကျွန်တော်သိတယ်။ဂန္ဒီနဲ့ကင်းတို့ရဲ့ ယုံကြည်ချက်နဲ့ဘ၀တွေထဲမှာ ဘာမှ ပျော့ညံ့တာ မရှိဘူး။ဘာမှ ရပ်တန့်တာမရှိဘူး။ဘာမှ အယုံလွယ်လွန်းတာမရှိဘူး။
ဒါပေမယ့် ကိုယ့်တိုင်းပြည်ကို ခုခံကာကွယ်ဖို့ ကျမ်းကျိန်သစ္စာဆိုထားတဲ့ နိုင်ငံခေါင်းဆောင်တစ်ဦးအနေနဲ့ ကျွန်တော်ဟာ သူတို့ရဲ့ စံနမူနာတွေသက်သက်ကိုပဲ လိုက်နာလို့မရပါဘူး။ဒီကမ္ဘာကြီးကို အရှိအတိုင်း ရင်ဆိုင်တယ်။ပြီးတော့ အမေရိကန်လူထုကို ခြောက်လှန့်နေတာတွေ ကြုံတွေ့ ရတဲ့အခါ ကျွန်တော်ဟာ ဒီအတိုင်းရပ်ကြည့်နေလို့မရပါဘူး။အမှားမလုပ်မိစေဖို့အတွက်ပါ။မိစ္ဆာဟာ ဒီကမ္ဘာလောကထဲမှာ ရှိကိုရှိနေ ပါတယ်။အကြမ်းမဖက်ရေးလှုပ်ရှားမှုက ဟစ်တလာရဲ့ တပ်တွေကို ဟန့်တားခြင်းမပြုနိုင်ခဲ့ပါဘူး။အယ်လ်ကေးဒါးခေါင်းဆောင်တွေ လက်နက်ချစေဖို့ ဘယ်ဆွေးနွေးညှိနှိုင်းမှုတွေကမှ မစွမ်းဆောင်နိုင်ကြပါဘူး။ အင်အားသုံးဖို့ တစ်ခါတစ်ရံလိုအပ်တယ်လို့ပြောဖို့ဆိုတာ လိုရာဆွဲယူခြင်းတော့ မဟုတ်ပါဘူး။သမိုင်းက သက်သေခံနေပါတယ်။လူမှာ ပြီးပြည့်စုံမှုမရှိခြင်းတွေနဲ့ပါ။အကြောင်းပြချက်မှာလည်း ကန့်သတ်မှုတွေနဲ့ပါ။ အင်အားသုံးဖို့ တစ်ခါတစ်ရံလိုအပ်တယ်လို့ပြောဖို့ဆိုတာ လိုရာဆွဲယူခြင်းမဟုတ်ပါဘူး။သမိုင်းက သက်သေခံနေပါတယ်။
ဒီအချက်ကို ကျွန်တော်ဘာလို့ တင်သွင်းရသလဲဆိုရင် ဒီကနေ့နိုင်ငံများစွာမှာ စစ်ရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီး တော်တော်လေး စိတ်စနိုးစနောင့်ဖြစ်နေကြလို့ပါ။ဘယ်အကြောင်းကြောင့်လဲဆိုတာ အရေးတော့ မကြီးပါဘူး။တစ်ခါတစ်ရံမှာ အမေရိကကို ကမ္ဘာရဲ့ တစ်ကိုယ်တော်စစ်အင်အားကြီးနိုင်ငံအဖြစ် ထင်ဟပ်ပြီး သံသယ၀င်တာမျိုးနဲ့ ဆက်နွယ်နေပါတယ်။
ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးအနေနဲ့ မှတ်သားထားရမှာကတော့ ဒုတိယကမ္ဘာစစ်ကြီးအပြီး ကမ္ဘာကိုငြိမ်သက်စေခဲ့တာ နိုင်ငံတကာအဖွဲ့ အစည်းတွေသက်သက်က လုပ်ပေးခဲ့တာမဟုတ်ပါဘူး။စာချုပ်တွေ၊ကြေညာချက် တွေသက်သက်နဲ့ ပြီးခဲ့တာ မဟုတ်ပါဘူး။ကျွန်တော်တို့ ဘာအမှားတွေပဲ လုပ်ခဲ့ပါစေ၊ထင်ရှားတဲ့အချက်က ဒီလိုရှိပါတယ်။ကျွန်တော်တို့နိုင်ငံသားတွေရဲ့ သွေးတွေ၊ကျွန်တော်တို့လက်နက်တွေရဲ့ အင်အားနဲ့ပဲ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို စော်င့ရှောက်ဖို့ ဆယ်စုနှစ်ခြောက်စုကျော် ကူညီခဲ့တယ်ဆိုတာကို ပါပဲ။
ကျွန်တော်တို့ရဲ့ အမျိုးသား၊အမျိုးသမီးတပ်ဖွဲ့ ၀င်တွေရဲ့ တာဝန်ထမ်းဆောင်မှု၊အနစ်နာခံမှုတွေကြောင့် ဂျာမနီကနေ ကိုရီးယားအထိ ငြိမ်းချမ်းရေးနဲ့ ဓနဥစ္စာ တိုးပွားကြွယ်ဝစေခဲ့ပါတယ်။ဘော်လ်ကန်လိုဒေသတွေမှာ ဒီမိုကရေစီ ရရှိစေခဲ့ပါတယ်။ဒီလိုကြီးလေးတဲ့ဝန်ကိုထမ်းတာဟာ ကျွန်တော်တို့ ဆန္ဒကို ဖြည့်စွမ်းဖို့ မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ အသိစိတ်ဓာတ်နဲ့ လုပ်ဆောင်ခဲ့တာပါ။ကျွန်တော်တို့ သား၊မြေးတွေရဲ့ ပိုမိုကောင်းမွန် တဲ့ အနာဂတ်ကို ရှာဖွေကြတာပါ။တခြားနိုင်ငံတွေက သား၊မြေးတွေ လွတ်လပ်စွာ၊ကြွယ်ဝစွာ နေထိုင်ခွင့်ရရင် သူတို့ဘ၀တွေလည်း ပိုပြီးကောင်းမယ်ဆိုတာကို ယုံကြည်လို့ပါပဲ။
စစ်မက်ရဲ့ လက်နက်ကရိယာတွေဟာ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ အရေးပါတယ်လို့ ဒါကြောင့်ပြောတာဖြစ်ပါတယ်။ပြီးတော့ ဒီသဘောတရားဟာ တစ်ခုအပေါ်တစ်ခုတည်မှီဖြစ်ပေါ်ရပါတယ်။ဘယ်ရွေ့ ဘယ်မျှ တရားမျှတတယ်ဆိုတာ အရေးမကြီးပါဘူး။စစ်မက်ဆိုတာကတော့ လူသားအတွက် အငိုနဲ့ဇာတ်သိမ်းစေမှာ အမှန်ပါပဲ။စစ်သားရဲ့ သတ္တိနဲ့ အနစ်နာခံမှုဟာ တိုင်းပြည်အတွက်၊လက်နက်ကိုင်ရဲဘော်ရဲဘက် တွေအတွက်၊တာဝန်အတွက် စတေးခဲ့တာဖြစ်လို့ ဂုဏ်သရေအပေါင်းခညောင်းနေပါတယ်။ဒါပေမယ့် စစ်မက်ဆိုတာကတော့ ဘယ်တော့မှ ကျက်သရေမရှိပါဘူး။ကျွန်တော်တို့ဟာ ကျက်သရေအတွက် ဘယ်တော့မှ စစ်ခရာသံပေးမှာမဟုတ်ပါဘူး။
ဒါကြောင့် ကျွန်တော်တို့ရဲ့စိန်ခေါ်မှုအစိတ်အပိုင်းဟာ စေ့စပ်မရနိုင်ဘူးလို့ထင်ရတဲ့ အရှိတရားနှစ်ရပ်ကို စေ့စပ်ပေးရေးဖြစ်ပါတယ်။စစ်ဟာ တစ်ခါတစ်ရံမှာ လိုအပ်တယ်ဆိုတဲ့သဘောတရားနဲ့ စစ်ဆိုတာ လူသား ခံစားချက်တွေကို ဖော်ထုတ်ပြသတဲ့ အဆင့်သတ်မှတ်ချက် တစ်နေရာမှာရှိတယ်ဆိုတဲ့သဘောတရားပါပဲ။ချက်ကျလက်ကျပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့အားထုတ်မှုကို ဟိုးလွန်လေပြီးသော တစ်ချိန်တုန်းက သမ္မတကင်နေဒီဆော်သြခဲ့တဲ့ဆီ ဦးတည်ရပါလိမ့်မယ်။“ပိုမိုလက်တွေ့ကျတဲ့၊ပိုမိုပြီးရနိုင်ဖွယ်ရှိတဲ့ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ အာရုံစိုက်ကြပါစို့။အဲဒီငြိမ်းချမ်းရေးဟာ လူ့သဘာဝအလျောက် ရုတ်တရက်တော်လှန်ပြောင်းလဲပစ်ခြင်းအပေါ်မှာ အခြေပြုခြင်းမရှိဘဲ လူ့အဖွဲ့အစည်းတွေထဲက ဆင့်ကဲဖြစ်ပေါ်ပြောင်းလဲမှုအပေါ်မှာ အခြေပြုမှာဖြစ်ပါတယ် “လို့ သူပြောခဲ့ပါတယ်။
ဒီဆင့်ကဲဖြစ်စဉ်က ဘာနဲ့ အလားသဏ္ဍာန်တူဖွယ်ရှိပါသလဲ။ဒီလက်တွေ့ကျတဲ့အဆင့်တွေဆိုတာ ဘာဖြစ်နိုင်ပါသလဲ။
စပြီးပြောရရင် နိုင်ငံအားလုံးဟာ အရွယ်အစားကြီးငယ်မဟူ အင်အားသုံးတဲ့ကိစ္စကို ကွပ်ကဲမယ့် စံသတ်မှတ်ချက်တွေနဲ့ပတ်သက်ပြီး တညီတညွတ်တည်းရှိနေရပါမယ်။ကျွန်တော်ဟာ တခြားဘယ်နိုင်ငံက ခေါင်းဆောင်နဲ့ဖြစ်ဖြစ် အတူတူပါပဲ။ကိုယ့်နိုင်ငံကိုကာကွယ်ဖို့လိုအပ်လာရင် ကိုယ့်သဘောနဲ့ကိုယ်လုပ်ပိုင်ခွင့်ရှိပါတယ်။ဒါပေမယ့် အဲဒီစံတွေနဲ့ညီညွတ်သူတွေကို အားပေးကူညီရပါတယ်။မညီညွတ်သူတွေ ကိုတော့ ချန်လှပ်ထားလိုက်ရပါတယ်။
စက်တင်ဘာ၁၁ရက်တိုက်ခိုက်မှုတွေအပြီးမှာတော့ ကမ္ဘာဟာ အမေရိကကို ၀န်းရံလာပြီး အာဖဂန်နစ္စတန်မှာ ကျွန်တော်တို့ ကြိုးပမ်းနေကြတာတွေကို ဆက်လက်အားပေးထောက်ခံလာကြတယ်။ အဓိပ္ပာယ်မရှိတဲ့ အဲဒီတိတိုက်ခိုက်မှုတွေရဲ့ကြောက်စရာကောင်းပုံနဲ့ မိမိကိုယ်မိမိခုခံကာကွယ်ခြင်းရဲ့သဘောတရားကို သိမြင်လာကြလို့ပါ။အလားတူပဲ ဆက်ဒမ်ဟူစိန် ကူဝိတ်ကို ၀င်တိုက်တော့ သူနဲ့ထိပ်တိုက်တွေ့ဖို့ လိုအပ်လာပြီဆိုတာ ကမ္ဘာကြီးက အသိအမှတ်ပြုခဲ့ရတယ်။အဲဒီမှာ ရန်ကိုရန်ချင်း ဘယ်လိုတုံ့နှင်းတယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြသခဲ့ရပါတယ်။
ဒါ့အပြင် တခြားနိုင်ငံတွေလျှောက်လှမ်းနေတဲ့လမ်းကြောင်းစနစ်ကို အမေရိကအနေနဲ့ ငြင်းဆန်တယ်ဆိုတာမျိုး လုပ်လို့မရပါဘူး။ဘာလို့လဲဆိုတော့ ကျွန်တော်တို့လုပ်တဲ့ကစ္စဟာ ဘောင်ဝင်သလို ဖြစ်သွားပြီး တရားမျှတမှု ဘယ်လောက်ရှိတယ်ဆိုတာနောက်ထား နောင်ကြားဝင်ဆောင်ရွက်မှု တရားဝင်ဖြစ်ရေးကို ထိခိုက်စေနိုင်ပါတယ်။
စစ်ရေးအရအရေးယူဆောင်ရွက်မှုရဲ့ရည်ရွယ်ချက်ဟာ မိမိကိုယ်မိမိခုခံခြင်းရဲ့ တစ်ဖက်စွန်းကိုရောက်ရှိသွားပြီဆိုတဲ့အခါ ဒါမှမဟုတ် တစ်နိုင်ငံက တခြားကျူးကျော်ရန်စတဲ့နိုင်ငံကို ခုခံတဲ့အခါ ဒါဟာ အရေးပါလာပါတယ်။ပိုပိုပြီးတော့ခက်ခဲတဲ့ပြဿနာတွေကို ကျွန်တော်တို့အားလုံး ထိပ်တိုက်ရင်ဆိုင်ကြရတယ်။နိုင်ငံတစ်နိုင်ငံရဲ့အစိုးရက ကိုယ့်ပြည်သူကို ကိုယ်ပြန်သတ်ဖြတ်နေတဲ့ကိစ္စ၊ပြည်တွင်းအကြမ်းဖက်မှု၊ဒုက္ခတွေက တစ်ဒေသလုံးကို ပြန့်နှံ့နေတာ တားဆီးရမယ်ဆိုတဲ့ကိစ္စလို ပြဿနာမျိုးတွေပါပဲ။
ဘော်လကန်ဒေသမှာ ဖြစ်ပျက်ခဲ့တာမျိုး၊စစ်ဒဏ်ကြောင့်နစ်နာခဲ့ရတဲ့ တခြားနေရာတွေမှာကြုံခဲ့တာမျိုးတာတွေမှာ အင်အားသုံးတဲ့ကိစ္စဟာ တရားမျှတတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။အရေးယူဆောင်ရွက်မှုမပြုခဲ့ရင် ကျွန်တော်တို့ရဲ့ကိုယ်ကျင့်သိက္ခာကို ထိပါးစေမှာဖြစ်ပြီး နောက်ကျပြီးတော့မှ ကြားဝင်ခဲ့ရင် အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ပေါက်မှ ရတော့မယ့်ကိန်း ဆိုက်နိုင်လို့ဖြစ်ပါတယ်။ဒါကြောင့် သက်ဆိုင်ရာ နိုင်ငံအားလုံးက ရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်ချမှတ်ပြီးတော့ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ရာ တပ်ဖွဲ့တွေ ပေါင်းစည်းပါဝင်ရပါလိမ့်မယ်။
ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအတွက် ချမှတ်ထားတဲ့ အမေရိကရဲ့သန္နိဌာန်ဟာ ဘယ်တော့မှ ယိမ်းယိုင်သွားမှာမဟုတ်ပါဘူး။ဒါပေမယ့် ခြောက်လှန့်မှုတွေပိုမိုရောထွေး၊လုပ်ဆောင်မှုတွေလည်း ပိုမိုရှုတ်ထွေးလာတဲ့ ကမ္ဘာလောကတစ်ခုထဲမှာ အမေရိကဟာ တစ်ကိုယ်တော်လုပ်နေလို့မရပါဘူး။အာဖဂန်နစ္စတန်မှာ သက်သေထူခဲ့တယ်။လူတွေငတ်မွတ်ပြီး ဒုက္ခကြုံနေတဲ့ကြားမှာ အကြမ်းဖက်မှု၊ပင်လယ်ဓားပြမှုတွေနဲ့ ရောထွေးခဲ့တဲ့ ဆိုမာလီလို တိုင်းပြည်ပျက်နေတဲ့နိုင်ငံတွေမှာလည်း သက်သေထူခဲ့တယ်။နောင်လာမယ့်နှစ်တွေအတွင်း မငြိမ်မသက်ရှိနေမယ့်ဒေသတွေမှာလည်း သက်သေထူနေဦးမှာဖြစ်လို့ စိတ်မကောင်း ဖြစ်မိပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့စစ်သားတွေ ပြီးတော့ တခြားမိတ်ဖက်တွေနဲ့မဟာမိတ်နိုင်ငံတွေဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ သူတို့ရဲ့စွမ်းဆောင်ရည်နဲ့ သတ္တိကိုထုတ်ဖော်ပြီး သာဓကပြခဲ့တယ်။ ဒါပေမယ့် နိုင်ငံများစွာမှာ လုပ်ဆောင်ပေးသူတွေရဲ့အားထုတ်မှုနဲ့လူထုအများစုအကြားမှာ ဆက်သွယ်မှုပြတ်တောက်နေကြတယ်။စစ်မက်ဟာ ဘာကြောင့် လူကြိုက်မများတာလဲဆိုတာကို ကျွန်တော်သဘော ပေါက်ပါတယ်။ဒါပေမယ့် ဒါကိုလည်း ကျွန်တော်သိတယ်။ဘာလဲဆိုတော့ ငြိမ်းချမ်းရေးကို လိုလားသင့်တယ်ဆိုတဲ့ယုံကြည်ချက်ဟာ ငြိမ်းချမ်းရေးပိုင်ဆိုင်ရရှိဖို့အတွက် လုံလောက်မှုမရှိသေးဘူးဆိုတဲ့ အချက်ပါပဲ။ ငြိမ်းချမ်းရေးအတွက် တာဝန်ယူမှု လိုအပ်တယ်။ငြိမ်းချမ်းရေးအတွက် စွန့်လွှတ်အနစ်နာခံမှု လိုအပ်တယ်။ဒါကြောင့် နေတိုးအဖွဲ့ဟာ မဖြစ်မနေဆက်လုပ်နေတာပါ။ဒါကြောင့် ကျွန်တော်တို့ဟာ ကုလသမဂ္ဂနဲ့ ဒေသဆိုင်ရာငြိမ်းချမ်းရေးထိန်းသိမ်းမှုတွေအတွက် နိုင်ငံအနည်းငယ်နဲ့ပဲ ကွက်ချန်ပြီးလုပ်လို့မရတဲ့အတွက် အင်အားကို ဖြည့်တင်းပေးသွားကြရမှာဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေး ထိန်းသိမ်းပြီး အိမ်ပြန်လာကြသူတွေ၊အော်စလို၊ရောမ၊အော့တ၀ါ၊ဆစ်ဒနီ၊ဒါကာနဲ့ ကီဂါလီမှာ သင်တန်းသွားတက်ကြသူတွေကို ဂုဏ်ပြုကြရတာပါ။စစ်မက်ဖန်တီးသူတွေအဖြစ် ဂုဏ်ပြုတာမဟုတ်ပါဘူးငြိမ်းချမ်းရေးအကျိုးဆောင်သူတွေအဖြစ် ဂုဏ်ပြုတာဖြစ်ပါတယ်။
အင်အားသုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီး နောက်ဆုံးအချက်တစ်ချက် ရှိပါသေးတယ်။ကျွန်တော်တို့ဟာ မတတ်သာလို့ စစ်ထွက်ဖို့ဆုံးဖြတ်ချက်တွေ ကြိတ်မှိတ်ပြီးချရတဲ့အခါမှာတောင်မှ အဲဒီစစ်ကို ဘယ်လိုတိုက်ရမယ် ဆိုတာ ရှင်းလင်းအောင် စဉ်းစားရပါတယ်။နိုဘဲလ်ဆုကော်မတီအနေနဲ့ ကြက်ခြေနီအဖွဲ့ကြီးတည်ထောင်သူ၊ဂျီနီဗာသဘောတူညီချက်များပေါ်ပေါက်အောင် စေ့ဆော်ခဲ့သူ ဟင်နရီဒူးနန့်ကို ပထမဆုံးငြိမ်းချမ်းရေး နိုဘဲလ်ဆုချီးမြှင့်ခဲ့စဉ်အခါတုန်းက သက်သေထူခဲ့တဲ့ကိစ္စကို အသိအမှတ်ပြုပြီးသား ဖြစ်ပါတယ်။
အင်အားသုံးဖို့လိုအပ်တဲ့နေရာမှာ ကျွန်တော်တို့ဟာ လုပ်ဆောင်ရမယ့်စည်းမျဉ်းအချို့နဲ့ပတ်သက်ပြီး ကျွန်တော်တို့ကိုယ်တိုင်ပါဝင်တဲ့အခါမှာ ကိုယ်ကျင့်တရားစည်းဘောင်သတ်မှတ်ပြီး ဗျူဟာချမှတ်ရပါတယ်။ပြီးတော့ စည်းလွတ်ဘောင်လွတ်တန်ပြန်မှုကို တ၀ဲလည်လည်နဲ့ ထိပ်တိုက်ရင်ဆိုင်ရပြီဆိုရင်တောင်မှ အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်မက်သဘောအရ ခုခံရမယ့်စံကိုပဲ ချမှတ်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့နဲ့ယှဉ်ပြိုင်တိုက်ခိုက်ကြသူတွေနဲ့ အဲဒီနေရာမှာ ကွာခြားကြပါတယ်။ဒါဟာ ကျွန်တော်တို့အင်အားရဲ့ ရင်းမြစ်ပါ။ဒါကြောင့် ညှင်းပမ်းနှိပ်စက်မှုကို ကျွန်တော်တားမြစ်ခဲ့ပါတယ်။ ဒါကြောင့် ဂူယန်တာနာမိုပင်လယ်အော်က အကျဉ်းထောင်ကို ပိတ်ပစ်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ပြီးတော့ ဒါကြောင့်ပဲ ဂျီနီဗာသဘောတူညီချက်တွေကို လိုက်နာစေဖို့ အမေရိကမှာ တာဝန်ရှိကြောင်း ထပ်လောင်း အတည်ပြုခဲ့ပါတယ်။ခုခံကာကွယ်ဖို့တိုက်ခိုက်ရင်းနဲ့ ကျွန်တော်တို့ဖက်က ဆုံးရှုံးကြတာ သာဓကများလှပါပြီ။လွယ်လွယ်ကူကူနဲ့ဖြစ်ခဲ့တာမဟုတ်ဘဲ ခဲခဲယဉ်းယဉ်းဖြစ်ခဲ့ရတာမို့ ကျွန်တော်တို့ အဲဒါတွေအတွက် ဂုဏ်ယူမိပါတယ်။
စစ်မက်အတွက်ရင်းဖို့ ကျွန်တော်တို့ရွေးချယ်ခဲ့တာဖြစ်လို့ ကျွန်တော်တို့ရဲ့စိတ်နှလုံးတွေ နုံးချိခဲ့ရတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ကျွန်တော်ပြောခဲ့ပါပြီ။ဒါပေမယ့် အဲဒီလိုပူဆွေးဖွယ်ရွေးချယ်မှုတွေကို ရှောင်ရှားဖို့ ကြိုးစားခဲ့ပုံအကြောင်း ပြောချင်ပါသေးတယ်။တရားမျှတပြီး တည်တံ့တဲ့ ငြိမ်းချမ်းရေးတစ်ခုကို တည်ဆောက်နိုင်တဲ့ နည်းလမ်းသုံးသွယ်ရှိတဲ့ အကြောင်းပါပဲ။
ပထမဆုံးအနေနဲ့ စည်းမျဉ်းဥပဒေတွေ ချိုးဖောက်တဲ့ နိုင်ငံတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ အမူအကျင့်ပြောင်းလဲဖို့ ခဲယဉ်းတဲ့အကြမ်းဖက်မှုကို ရင်ဆိုင်ရာမှာ အခြားသောနည်းလမ်းတွေကို တိုးမြှင့်ပြီးအသုံးပြုရမှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ တည်တံတဲ့ငြိမ်းချမ်းရေးကို လိုလားရင် နိုင်ငံတကာအသိုက်အ၀န်းရဲ့ စကားတွေလိုအပ်လာပါတယ်။စည်းမျဉ်းချိုးဖောက်တဲ့ အစိုးရတွေကို တေးမှတ်ထားရမယ်။ပိတ်ဆို့မှုတွေပြုလုပ်ပြီး တိကျမှန်ကန်စွာ အရေးယူရမယ်။လူထုထောက်ခံမှုမရတော့တဲ့အခါ ဖိအားတွေတိုးပြီး ခံစားလာစေရမယ်။တစ်ကမ္ဘာလုံးညီမှသာလျှင် အဲဒီဖိအားတွေက ထိရောက်မှာဖြစ်ပါတယ်။
လတ်တလောပြစရာနမူနာကတော့ နျူကလီးယားလက်နက်တွေပြန့်ပွားမှုကို တားဆီးဖို့နဲ့ နျူကလီးယားလက်နက်မဲ့ကမ္ဘာကြီးဖြစ်လာစေဖို့ ကြိုးပမ်းမှုပါပဲ။လွန်ခဲ့တဲ့ရာစုအလယ်မှာ နိုင်ငံတွေဟာ စာချုပ်တစ်ရပ်ချုပ် ဆိုဖို့ သဘောတူညီခဲ့ပြီး ဘယ်သူတွေအတွက်စာချုပ်ချုပ်ခဲ့သလဲဆိုတာ ထင်ရှားစေခဲ့ပါတယ်။အားလုံးဟာ ငြိမ်းချမ်းသောနျူကလီးယားအင်အားကိုတပ်ဆင်ထားမယ်။နျူကလီးယားလက်နက်မရှိသူတွေကရှိအောင် မလုပ်ကြတော့ဘူး။နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်တဲ့နိုင်ငံတွေက လက်နက်ဖျက်သိမ်းရေးအတွက်ရှေ့ ရှုဆောင်ရွက်ကြမယ် စသည်ဖြင့်ပေါ့။ဒီစာချုပ်ကို ကျွန်တော်စွဲကိုင်ထားရမှာဖြစ်ပါတယ်။ဒါဟာ ကျွန်တော့် နိုင်ငံခြားရေးမူဝါဒရဲ့ ဗဟိုပြုချက်ပါပဲ။ပြီးတော့ အမေရိကန်နဲ့ရုရှားနျူကလီးယားလက်နက်တွေကို လျှော့ချပစ်ဖို့ ရုရှားသမ္မတ ဒီမီထရီမက်ဒ်ဗေဒက်နဲ့ ပူပေါင်းဆောင်ရွက်နေပါတယ်။
ဒါပေမယ့် အီရန်၊မြောက်ကိုရီးယား အစရှိတဲ့နိုင်ငံတွေဟာ ဒီစနစ်ကိုရမ်းရမ်းကားကား မလုပ်မိစေဖို့ရာ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။နိုင်ငံတကာတရားဥပဒေကို လေးစားလိုက်နာဖို့ ကတိက၀တ်ပြု ထားကြသူတွေက အဲဒီဥပဒေတွေကို ထိပါးတဲ့သူတွေရှိလာတဲ့အခါ မျက်ကွယ်ပြုထားလို့ မရပါဘူး။မိမိတို့လုံခြုံရေးအတွက်အလေးထားသူတွေအနေနဲ့ အရှေ့ အလယ်ပိုင်နဲ့အရှေ့ အာရှက လက်နက်ယှဉ်ပြိုင်မှု အန္တရာယ်ကို လစ်လျူရှုလို့ မရပါဘူး။ငြိမ်းချမ်းရေးရှာဖွေသူတွေဟာ နျူကလီးယားစစ်ဖြစ်စေဖို့ လက်နက်တပ်ဆင်လာတဲ့အခါမှာ အသာတကြည်ရပ်ကြည့်နေလို့ မရပါဘူး။
ကိုယ့်ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်ခြင်းအားဖြင့် နိုင်ငံတကာဥပဒေကိုချိုးဖောက်နေကြသူတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒီသဘောအတိုင်းပါပဲ။ဒါဖောမှာ သတ်ဖြတ်မှုတွေဖြစ်တယ်။ကွန်ဂိုမှာ စနစ်တကျ ကျူး လွန်တဲ့ မုဒိန်းမှုတွေဖြစ်တယ်။မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေဖြစ်တယ်။အဲဒါတွေအတွက် အဖြေတော့ ရှိလာရမှာဖြစ်ပါတယ်။ကျွန်တောတို့ပိုပြီးပူးကပ်ထားလေလေ လက်နက်ကိုင်ကြားဝင်မှုနဲ့ ဖိနှိပ်ချုပ်ခြယ်ဖို့ ပူးပေါင်း ကြံစည်ကြခြင်းရဲ့ အကြားမှာ ရွေးချယ်ရမယ့်အရာကို ရင်ဆိုင်တွေ့ ရမှု နည်းလေလေဖြစ်လာမှာပါ။
ဒုတိယအချက်အနေနဲ့ ကျွန်တော်တို့ရှာဖွေတဲ့ငြိမ်းချမ်းရေးရဲ့ သဘာဝအကြောင်း ပြေလိုပါတယ်။ငြိမ်းချမ်းရေးဆိုတာ အပြင်ပန်းအငြင်းပွားမှုမရှိယုံသက်သက်မဟုတ်ပါဘူး။လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ အခွင့် အရေးတွေ၊ဂုဏ်သိက္ခာတွေရရှိမှသာလျှင် တရားမျှတတဲ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှာဖြစ်ပြီး အမှန်တကယ်ရေရှည်တည်တံ့နိုင်မှာဖြစ်ပါတယ်။
ဒီအတွေးအမြင်က ဒုတိယကမ္ဘာစစ်အပြီးမှာ ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးများကျေညာချက်မူကြမ်းရေးသူတွေကို တွန်းအားပေးခဲ့တာဖြစ်တယ်။ကပ်ဆိုးကြီးကနိုးထလာတော့ လူ့အခွင့်အရေးတွေကို စောင့် ရှောက်ခြင်းမရှိရင် ငြိမ်းချမ်းရေးဟာ အနှစ်မဲ့အချည်းအနှီးဖြစ်လိမ့်မယ်ဆိုတာ သူတို့သတိပြုမိခဲ့ကြပါတယ်။အဲဒါတောင်မှ ဒီစကားလုံးတွေဟာ မကြာခဏ လစ်လျူရှုခြင်းခံရပါတယ်။နိုင်ငံတစ်ချို့ မှာ လူ့အခွင့်အရေး တွေကိုပေးဖို့ ပျက်ကွက်နေကြဆဲပါ။ဒါတွေဟာ အနောက်တိုင်းသဘောတရားတွေဖြစ်တယ်။ကိုယ့်ယဉ်ကျေးမှုနဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေတယ်။နိုင်ငံဖွံ့ဖြိုးမှုအဆင့်တွေကို ကျော်ဖြတ်နေဆဲဖြစ်တယ် စသည်ဖြင့် ဆင်ခြေဆင်လက်တွေပေးပြီး ပိတ်ပင်ထားတယ်။ပြီးတော့ အမေရိကမှာ သူတို့ကိုယ်သူတို့ အစစ်အမှန်ဝါဒီ၊စံပြ၀ါဒီတွေလို့ သတ်မှတ်ကြသူတွေအကြား တင်းမာမှုဖြစ်ပွားနေခဲ့တာ ကြာပါပြီ။ စိတ်ဝင် စားမှုတွေကို လျှော့ချပစ်မလား၊ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ စံသတ်မှတ်ချက်တန်ဖိုးတွေကို အမြဲမပြတ်သွတ်သွင်းပေးနေမလား။အဲဒီနှစ်ခုထဲက တစ်ခုကို ပြတ်ပြတ်သားသားရွေးသင့်တယ်လို့ သူတို့က ပြောကြ တယ်။
ကျွန်တော်ကတော့ ဘာကိုမှ မရွေးပါဘူး။တိုင်းသူပြည်သားတွေ လွတ်လပ်စွာပြောဆိုခွင့်မရကြဘူး။မိမိနှစ်သက်ရာ ယုံကြည်ကိုးကွယ်ခွင့်မရကြဘူး ကိုယ့်ခေါင်းဆောင်တွေကို ရွေးချယ်ခွင့်မရကြဘူး၊ အကြောက် တရားကင်းစွာ စုဝေးခွင့်မရကြဘူးဆိုရင် ငြိမ်းချမ်းရေးဟာ တည်တံ့မှာမဟုတ်ဘူးလို့ ကျွန်တော်ယုံ ကြည်ပါတယ်။ရေငုံနှုတ်ပိတ်ခံစားမှုတွေဟာ နာကျည်းမှုတွေဖြစ်လာတတ်ပါတယ်။လူမျိုးရေး၊ဘာသာရေးဖိနှိပ်ချုပ်ခြယ်မှုတွေဟာလည်း အကြမ်းဖက်မှုတွေဖြစ်လာနိုင်ပါတယ်။ပြီးတော့ ကျွန်တော်တို့အနေနဲ့ ဆန့်ကျင်ဖက်က မှန်တတ်တယ်လို့လည်း သိထားပါတယ်။ဥရောပဟာဆိုရင် လွတ်လပ်သွားပြီဆိုမှ နောက်ဆုံးမှာ ငြိမ်းချမ်းရေးကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။အမေရိကဟာ ဒီမိုကရေစီကိုဆန့်ကျင်ပြီး ဘယ်တုန်းကမှ စစ်မတိုက်ခဲ့ပါဘူး။ကျွန်တော်တို့ရဲ့ အနီးဆုံးမိတ်ဆွေတွေဟာ ကိုယ့်တိုင်းသူပြည်သားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အစိုးရတွေဖြစ်ပါတယ်။ခေါင်းမာလွန်းတယ်လို့ပဲ ဆိုဆို၊အမေရိကရဲ့ စိတ်ဝင်စားမှုတွေနဲ့မပတ်သက်ဘူး၊ ကမ္ဘာ့စိတ်ဝင်စားမှုတွေနဲ့လည်း မဆိုင်ဘူးပဲပြောပြော ကိစ္စမရှိပါဘူး။လူ့အလိုဆန္ဒတွေကို ငြင်းပယ်ခြင်းရှိ၊မရှိ ဆိုတာကိုပဲ ကြည့်ကြရမှာဖြစ်ပါတယ်။
နိုင်ငံအသီးသီးရဲ့ ထူးခြားတဲ့ယဉ်ကျေးမှုနဲ့အစဉ်အလာတွေကို ကျွန်တော်တို့လေးစားတဲ့အလျောက် အမေရိကဟာ ကမ္ဘာလုံးဆိုင်ရာ အဲဒီအလိုဆန္ဒတွေအတွက် အမြဲဆော်သြနေမှာပါ။အောင်ဆန်းစုကြည်လို ပြုပြင်ရေးသမားတွေရဲ့ တိတ်ဆိတ်သော ဂုဏ်သရေ၊အရိုက်အနှက်ခံပြီးမဲတွေကိုလွှင့်ပစ်ခဲ့တဲ့ ဇင်ဘာဘွေနိုင်ငံသားတွေရဲ့ သတ္တိ၊အီရန်နိုင်ငံရဲ့ လမ်းတွေပေါ်မှာ ငြိမ်သက်စွာချီတက်ခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့လူထုကြီး အစရှိတာတွေကို ကျွန်တော်တို့ သည်းခံပြီး ကြည့်နေကြရဦးမှာ ဖြစ်တယ်။အဲဒီအစိုးရတွေဟာ တခြားဘယ်နိုင်ငံတွေရဲ့ အင်အားကိုမှ မကြောက်ကြပါဘူး။ကိုယ့်တိုင်းသူပြည်သားတွေရဲ့ အလိုဆန္ဒတွေကို ကြောက်ရွံ့ နေကြတယ်ဆိုတဲ့သဘောပါပဲ။သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေမှာ မျှော်လင့်ချက်ရှိတယ်။သမိုင်းက သူတို့ဖက်က သက်သေခံလိမ့်မယ် စသည်ဖြင့်ထင်ရှားစေဖို့အတွက် လွတ်လပ်တဲ့လူထုတွေ၊လွတ်လပ်တဲ့နိုင်ငံတွေမှာ တာဝန်ရှိပါတယ်။
လူ့အခွင့်အရေးတွေမြှင့်တင်တယ်ဆိုတာ တိုက်တွန်းတာတစ်ခုတည်းနဲ့တော့ မဖြစ်နိုင်ပါဘူး။အဲဒီလိုပဲ ပြောလိုက်ပါရစေ။တစ်ခါတစ်ရံမှာ သံတမန်နည်းလမ်းနဲ့ ခပ်နာနာခပ်ဆတ်ဆတ် မြှင့်တင်ရပါတယ်။ဖိနှိပ် ချုပ်ခြယ်တဲ့အစိုးရတွေနဲ့ပတ်သက်ရတဲ့အခါမှာ ခက်ထန်မှုကြုံရပြီး ကျေနပ်ဖွယ်ကောင်းမှုကင်းမဲ့သွားတတ်တယ်။ကျယ်ပြန့်ထိရောက်မှုမရှိတဲ့ပိတ်ဆို့အရေးယူမှုတွေ၊ဆွေးနွေးမှုမရှိတဲ့ ပြစ်တင်ရှုတ်ချတာတွေဟာ ဒုံရင်းအခြေအနေကို ဒုံရင်းမှာပဲ လိမ်ဖယ်ဖယ်ဖြစ်နေပါစေလိမ့်မယ်။တံခါးဖွင့်ဖို့ရွေးချယ်မှုမရှိဘူးဆိုရင် ဘယ် ဖိနှိပ်ချုပ်ခြယ်တဲ့အစိုးရမှ လမ်းသစ်ဖောက်နိုင်မှာ မဟုတ်ပါဘူး။
ယဉ်ကျေးမှုတော်လှန်ရေးရဲ့ ခြောက်ခြားမှုအလင်းထဲမှာ နစ်ဆင်နဲ့မော်တို့ရဲ့ အစည်းအဝေးဟာ ဆင်ခြေပေးလို့မရသလိုဖြစ်ခဲ့တယ်။ပြီးတော့ သေချာတာက နိုင်ငံသားသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲက ကယ်တင်ပြီး ပွင့်လင်းတဲ့လူ့အဖွဲ့ အစည်းတွေနဲ့ အဆက်အသွယ်ရဖို့ လမ်းစကို တရုတ်နိုင်ငံအတွက်ဖောက်လုပ်ရာမှာ အထောက်အကူရစေခဲ့ပါတယ်။ပုပ်ရဟန်းမင်းကြီးဂျွန်ပေါလ်ရဲ့ ပိုလန်နိုင်ငံနဲ့ စေ့စပ် ဆွေးနွေးမှုဟာ ကက်သိုလစ်သာသနာအတွက်သာမက လိခ်ျဝဲလ်ဆာတို့လို လေဘာခေါင်းဆောင်တွေအတွက်ပါ အခွင့်အလန်းတွေ ပွင့်စေခဲတယ်။ရိုနယ်လ်ရေဂင်ရဲ့ လက်နက်ထိန်းချုပ်ရေးကြိုးပမ်းမှုတွေနဲ့ ပဲရက်စထွိုက်ကာဝါဒနဲ့ပေါင်းစည်းမှုဟာ ဆိုဗီယက်ယူနီယံနဲ့ဆက်ဆံရေးကို တိုးတက်စေရုံမျှမက အရှေ့ ဥရောပတလျောက်က သဘောထားကွဲလွဲသူတွေကိုလည်း အင်အားဖြစ်စေခဲ့ပါတယ်။ရိုးရှင်းတဲ့ ပုံသေနည်းတော့ ဒီမှာမရှိပါဘူး။ဘာပဲဖြစ်ဖြစ် သီးခြားဖြစ်တည်မှုနဲ့စေ့စပ်မှု၊ဖိအားနဲ့ထကြွမှုတွေ ချိန်ခွင်လျှာညီမျှစေဖို့၊လူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာအချိန်နဲ့အမျှတိုးတက်လာစေဖို့ ကျွန်တော်တို့ တတ်နိုင် သလောက် ကြိုးစားကြရမှာဖြစ်ပါတယ်။
တတိယအနေနဲ့ပြောရရင် တရားမျှတတဲ့ငြိမ်းချမ်းရေးမှာ မြို့ပြနဲ့ နိုင်ငံရေးအခွင့်အရေးတွေ ပါဝင်နေကြ ပါတယ်။စီးပွားရေး၊လုံခြုံမှုနဲ့ အခွင့်အလန်းလည်းပါဝင်ပါတယ်။စစ်မှန်တဲ့ငြိမ်းချမ်းရေး အတွက်ဆိုတာ ကြောက်ရွံ့ခြင်းက ကင်းလွတ်ရုံသက်သက်မဟုတ်ပါဘူး။ချို့တဲ့မှုကလည်း ကင်းလွတ်ဖို့လိုပါတယ်။
အကြွင်းမဲ့မှန်ကန်တာကတော့ ဖွံ့ဖြိုးမှုဟာ လုံခြုံမှုမရှိဘဲ အခြေတည်အမြစ်တွယ်ခဲပါတယ်။အလားတူပဲ လုံခြုံရေးဆိုတာ လူသားတွေမှာ လုံလောက်တဲ့အစားအစာ၊သန့်ရှင်းတဲ့ရေ၊သူတို့ရှင်သန်ဖို့လိုအပ်တဲ့ဆေးဝါး မရှိဘဲ ဖြစ်တည်နိုင်ခြင်းမရှိပါဘူး။ကလေးသူငယ်တွေ တူတူတန်တန်ပညာသင်ယူခွင့်မရှိတဲ့နေရာ၊ မိသားစုအတွက်ထောက်ပံ့နိုင်တဲ့အလုပ်မရှိတဲ့နေရာတွေမှာလည်း ဖြစ်တည်နိုင်မှာမဟုတ်ပါဘူး။ မျှော်လင့်ချက်မရှိခြင်းဟာလည်း လူ့အဖွဲ့အစည်းတစ်ရပ်ကို ဆွဲထုတ်ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် လယ်သမားတွေကိုကူညီခြင်းက သူတို့ရဲ့လူထုကို ကျွေးမွေးရာရောက်ပါတယ်။ကလေးသူငယ်တွေ ကို ပညာသင်ကြားပေးဖို့ လူနာတွေကိုပြုစုစောင့်ရှောက်ပေးဖို့ နိုင်ငံတွေကိုကူညီတာဟာ လှူဒါန်းတာ သက် သက်ထက်ပိုကောင်းပါတယ်။ပြီးတော့ ဒါကြောင့်ပဲ ကမာကြီးအနေနဲ့ ရာသီဥတုပြောင်းလဲမှုကို ထိပ်တိုက် ရင်ဆိုင်ရာမှာလည်း ပေါင်းစည်းကြဖို့လိုပါတယ်။သိပံပိုင်းဆိုင်ရာအငြင်းပွားမှုက မပြောပလောက် ပါဘူး။ ကျွန်တော်တို့ ဘာမှမလုပ်ဘူးဆိုရင် မိုးခေါင်ရေရှားမှု၊ငတ်မွတ်ခေါင်းပါးမှုနဲ့ လူအစုအပြုံလိုက် ပြောင်းရွှေ့မှု တွေ ဖြစ်ပေါ်လာနိုင်တဲ့အပြင် ဆယ်စုနှစ်တွေနဲ့ချီပြီး ပိုမိုရှုတ်ထွေး လာစေနိုင်ပါတယ်။ မြန်မြန်သွက်သွက် ဖိအားပေးလုပ်ဆောင်ကြဖို့အတွက် သိပံပညာရှင်တွေနဲ့အရေးဆိုလှုပ်ရှားသူတွေတင်မကဘဲ ကျွန်တော်တို့ နိုင်ငံမှာ စစ်ဖက်ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့ရဲ့ လုံခြုံရေးကို ထိန်းညှိဖို့ လိုအပ်တယ်ဆိုတာ သဘောပေါက်နားလည်ကြသူတွေကလည်း ဒါကိုထောက်ပြလာကြပါတယ်။
နိုင်ငံတွေကြားကသဘောတူညီချက်တွေ၊ခိုင်မာစွာဆုံးဖြတ်လုပ်ဆောင်မှုတွေ၊လူ့အခွင့်အရေးတွေကို ထောက်ခံခြင်း၊ဖွံ့ဖြိုးမှုအတွက် ရင်းနှီးမြှုပ်နှံခြင်း၊ အဲဒါတွေအားလုံးဟာ သမ္မတကင်နေဒီပြောခဲ့တဲ့ အဆင့် ဆင့်ပြောင်းလဲမှုဖြစ်စဉ်ကြီးဖြစ်ထွန်းဖို့ မရှိမဖြစ်တဲ့ ပေါင်းစပ်ပါဝင်မှုတွေဖြစ်ပါတယ်။ဒီရွေ့ဒီမျှတည်ရှိနေတဲ့ အင်အား၊ဆန္ဒ အစရှိတာတွေလောက်နဲ့တော့ဖြစ်နိုင်မယ်လို့ ကျွန်တော်မယုံကြည်ပါဘူး။ ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရားစိတ်ကူးစိတ်သန်းကို ရှေ့ဆက်ချဲ့ထွင်ကြရပါဦးမယ်။ကျွန်တော်တို့အားလုံး မလျှော့စတမ်း မျှဝေလုပ်ဆောင်သွားကြရမှာပါ။
ကမ္ဘာကြီးဟာ ပိုမိုသေးငယ်လာတာနဲ့အမျှ ကျွန်တော်တို့လူသားတွေအချင်းချင်း ဘယ်လောက်တူညီကြသလဲ ဆိုတာ သတိပြုမိဖို့ ပိုပြီးလွယ်ကူလာပါလမ့်မယ်။အခြေခံအားဖြင့်တူညီတဲ့အရာတွေကို ကျွန်တော်တို့ အလိုရှိ ကြတာ နားလည်လာကြလိမ့်မယ်။ကျွန်တော်တို့ကိုယ်တိုင်နဲ့ကျွန်တော်တို့ရဲ့ မိသားစုတွေအတွက် ပျော်ရွှင်မှု၊ပြည့်စုံမှုအတိုင်းအတာတွေပြည့်မီဖို့ ကျွန်တော်တို့အားလုံးမျှော်လင့်နိုင်တဲ့ အခွင့်အရေးရလာကြ ပါလိမ့်မယ်။
ပြီးတော့လည်းပဲ ကမ္ဘာလုံးဆိုင်ရာပေါင်းစည်းခြင်းသဘော၊ခေတ်မီခြင်းကို ယဉ်ကျေးမှုအရအဆင့်ခွဲခြင်း သဘောတွေ မရှိကြတော့ဘူးဆိုရင် လူတွေဟာ သူတို့ရဲ့လူမျိုး၊မျိုးနွယ်စု ပြီးတော့ စွမ်းအားအကြီးဆုံးဖြစ်နိုင် တာက သူတို့ရဲ့ဘာသာတရား အစရှိတဲ့ သူတို့အထူးတလည်အမှတ်အသားပြုတာတွေအပေါ် ခုံမင်မြတ်နိုးမှု နဲ့ ပတ်သက်ပြီး စိုးရွံ့စရာမလိုတော့မှာကို အံ့သြခြင်းအလျဉ်းမရှိဘဲ တွေ့ ကြုံလာရပါလိမ့်မယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ ခေတ်နောက်ပြန်ဆွဲသလိုမျိုးတောင် ခံစားရပါတယ်။အရှေ့အလယ်ပိုင်းဒေသမှာ တွေ့ ရတယ်။အာရပ်နဲ့ဂျူးလူမျိုးတွေကြားမှာ တင်းမာမှုက ပိုပြီးကြီးမားလာသလိုပါပဲ။ မျိုးနွယ်စုလမ်းကြောင်းတွေ သွေဖည်သွားတဲ့နိုင်ငံများမှာလည်း တွေ့ ရပြန်ပါတယ်။
အန္တရာယ်အကြီးဆုံးကတော့ အပြစ်ကင်းမဲ့သူတွေကို ဘာသာရေးခုတုံးလုပ်ပြီး သတ်ဖြတ်ကြတဲ့ကိစပါပဲ။ ကြီးမြတ်တဲ့အစ္စလာမ်ဘာသာတရားကိုခုတုံးလုပ်ကြသူတွေပါ။အာဖဂန်နစ္စတန်ကနေ ကျွန်တော့်နိုင်ငံကို တိုက်ခိုက်ခဲ့ကြတယ်။အဲဒီအစွန်းရောက်တွေဟာ ဘုရားသခင်ရဲ့ နာမတော်ကိုခုတုံးလုပ်ပြီး သတ်ဖြတ်ကြ သူတွေထဲမှာ ပထမဆုံးတော့မဟုတ်ကြပါဘူး။ဘာသာရေးစစ်ပွဲတွေရဲ့ ရက်စက်မှုတွေကို များပြားစွာ မှတ်တမ်းတင်ခဲ့ကြပြီးပါပြီ။ဒါပေမယ့် ဘယ်ဘာသာရေးစစ်ပွဲမှ တရားမျှတတဲ့စစ်ပွဲမဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ကို အမှတ်ထင်ထင်ရှိစေပါတယ်။ခင်ဗျားတို့အနေနဲ့ ဘုရားအလိုတော်ကျဖို့အတွက်လုပ်ဆောင် တာဖြစ်တယ်လို့ အမှန်တကယ်ယုံကြည်တယ်ဆိုရင် ဘာမှ တွန့်ဆုတ်မနေနဲ့လေ။ကိုယ်ဝန်ဆောင်မိခင်ကို လည်း ချမ်းသာမပေးနဲ့။ဆေးကုပေးသူကိုလည်း ချန်မထားနဲ့။သူ့ဘာသာတရားနဲ့ပတ်သက်တာလည်း အလွတ်မပေးနဲ့ပေါ့။ဒီလိုဘာသာရေးကိုပဲကွက်ပြီးမြင်တဲ့အမြင်ဟာ ငြိမ်းချမ်းရေးသဘောနဲ့မဆိုင်ပါဘူး။ ယုံကြည်မှုနဲ့ပဲဆိုင်ပါတယ်။ဘာသာတရားကြီးတိုင်းရဲ့ရင်ထဲအသည်းထဲမှာ စွဲထင်နေတာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့က သူတစ်ပါးကိုထိပါးရင် သူတို့ဖက်ကလည်း တုံ့ပြန်မယ်ဆိုတဲ့ အချက်ပါပဲ။
ဒီလိုမေတ္တာရောင်ပြန်သဘောက လူ့သဘာဝရဲ့ အမာခံအားပြိုင်မှုကို အမြဲဖြစ်ပေါ်နေစေခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကျရှုံးနိုင်ပါတယ်။ကျွန်တော်တို့ဟာ အမှားတွေကို ပြုလုပ်ကြတယ်။ပြီးတော့ မာန် မာန၊အင်အား တစ်ခါတစ်ရံမှာ မိစ္ဆာတွေရဲ့ ဖြားယောင်းမှုအထွေထွေကို မရှုမလှခံကြရတယ်။အကောင်းဆုံးကို ရည်မှန်းထားတာတွေရှိတာတောင် တစ်ခါတစ်ရံမှာ ကျွန်တော်တို့ရှေ့မှောက်ကအမှားတွေကို မှန်အောင်ပြုလုပ်ရာမှာ အရှုံးပေးနေကြရတယ်။
ဒါပေမယ့် လူသားရဲ့အခြေအနေဟာ ပြီးပြည့်စုံလာနိုင်သေးတယ်လို့ ယုံကြည်ဖို့ရာ လူ့သဘာဝဟာ ကျွန်တော်တို့အတွက် ပြီးပြည့်စုံတယ်လို့ ယူဆလို့မရပါဘူး။ပိုမိုကောင်းမွန်တဲ့နေရာတစ်နေရာကို ဖန်တီး ပြုလုပ်နိုင်တဲ့ စံသတ်မှတ်ချက်တွေကို ရောက်ရှိစေဖို့ ကျွန်တော်တို့ဟာ စံပြုထိုက်တဲ့ ကမ္ဘာ လောကမှာ နေထိုင်ရှင်သန်ကြရမယ်လို့လည်း ယူဆလို့မရပါဘူး။ဂန္ဒီနဲ့ကင်းတို့လို ပုဂ္ဂိုလ်တွေကျင့်သုံး ခဲ့ကြတဲ့ အကြမ်းမဖက်ရေးဝါဒဟာ အခြေအနေတိုင်းမှာ လက်တွေ့မကျနိုင်ပါဘူးမေတ္တာတရားအကြောင်း သူတို့ဟောကြားခဲ့တာမှန်ပါတယ်။သူတို့ဟာ လူသားဖွံ့ဖြိုးတိုးတက်မှုကို ယုံကြည်ခဲ့ကြတယ်။ ကျွန်တော်တို့ ရဲ့ လမ်းပြကြယ်တော့ အစဉ်ထာဝရဖြစ်နေမှာပါပဲ။
ဒါကြောင့် ကျွန်တော်တို့ရသင့်တဲ့ကမ္ဘာကြီးဆီသို့သာ အရောက်လှမ်းသွားကြပါစို့။ကျွန်တော်တို့အသက် ၀ိညာဉ် တစ်ခုစီတိုင်းထဲမှာ မွှေနှောက်နေတဲ့ မြင့်မြတ်စင်ကြယ်မှုကို တောက်ပနေစေကြပါစို့။
ကျွန်တော်တို့ရဲ့ ရှေ့ မှာရှိခဲ့တဲ့မျိုးဆက်တွေလိုပဲ အဲဒီအနာဂတ်ကို ကျွန်တော်တို့ ငြင်းဆန်ရပါလိမ့်မယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဒီအခမ်းအနားမှာ ဒေါက်တာကင်းပြောခဲ့ဖူးပါတယ်။``သမိုင်းရဲ့ မရှင်းလင်း မှုတွေကို နောက်ဆုံးတုံ့ပြန်ရာမှာ မျှော်လင့်ချက်မဲ့မှုကို လက်ခံဖို့ ကျွန်တော်ငြင်းဆိုပါတယ်။သူ့ကို အမြဲတစေထိပ်တိုက်ရင်ဆိုင်နေတဲ့ ထာဝရခက်ခဲမှုကို ကိုယ်ကျင့်တရားစံအရ မရောက်ရှိနိုင်စေတဲ့ လူရဲ့ လက်ရှိသဘာဝအရှိတရားကို လက်ခံဖို့ကျွန်တော်ငြင်းဆိုပါတယ်။´´လို့ ပြောခဲ့တာပါ။ဒါကြောင့် ကျွန်တော်တို့ရသင့်တဲ့ကမ္ဘာကြီးဆီသို့သာ အရောက်လှမ်းသွားကြပါစို့။ကျွန်တော်တို့ အသက်ဝိညာဉ် တစ်ခုစီတိုင်းထဲမှာ မွှေနှောက်နေတဲ့ မြင့်မြတ်စင်ကြယ်မှုကို တောက်ပနေစေကြပါစို့။ယနေ့ခေတ် အခုလိုဒီနေရာမှာရော နေရာတချို့ မှာပါ စစ်သားတစ်ယောက်ဟာ သူ့ကို သေနတ်တပ်ဆင်ပေးထားတာ တွေ့ရတယ်။ငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့ သူဟာ မားမားမတ်မတ်ရပ်လို့နေပါတယ်။ယနေ့ ဒီကမ္ဘာကြီးမှာရှိတဲ့ နေရာတချို့ မှာ လူငယ်ဆန္ဒပြသူတစ်ယောက်ဟာ သူ့အစိုးရက ညှင်းပမ်းနှိပ်စက်မှာကို စောင့်မျှော်နေရတယ်။ဒါပေမယ့် သူ့မှာဆက်ပြီးချီတက်ဖို့ သတ္တိရှိနေတယ်။ဒီကနေ့ နေရာတချို့ မှာ မိခင်တစ်ယောက်ဟာ ညှာတာမှုကင်းမဲ့တဲ့ဆင်းရဲမွဲတေမှုကိုရင်ဆိုင်ပြီး ရင်သွေးဖြစ်သူကို သင်ကြားပေးဖို့ အချိန်ယူနေရတယ်။ရက်စက်တဲ့ ကမ္ဘာကြီးထဲမှာ စိတ်ကူးအိပ်မက်တွေအတွက် တစ်နေရာရှိနေသေးတယ်လို့ ယုံကြည်သူလည်း ရှိတယ်။
သူတို့ကိုစံနမူနာပြအဖြစ် ကျွန်တော်တို့နေထိုင်သွားကြပါစို့။ဖိနှိပ်ချုပ်ခြယ်မှုက ကျွန်တော်တို့နဲ့အတူ အမြဲတမ်းရှိနေဦးမှာဖြစ်ပေမယ့် ကျွန်တော်တို့ဟာ တရားမျှတမှုအတွက် ကြိုးစားနေကြရမှာဖြစ်ပါတယ်။ ယိုယွင်းခြစားမှုကို မချေဖျက်နိုင်ဘူးဆိုတာ ၀န်ခံကြရမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ဟာ ဂုဏ်သိက္ခာအတွက် ကြိုးစားနေကြရမှာပါပဲ။စစ်ဖြစ်လာမှာကို ကျွန်တော်တို့နားလည်နိုင်ကြပေမယ့် ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ကြိုးစားနေကြရပါလိမ့်မယ်။ဒါကို ကျွန်တော်တို့ လုပ်နိုင်ကြပါတယ်။ဒါဟာ လူသားဖွံ့ဖြိုးတိုးတက်မှုပုံဝတ္ထုအတွက်ဖြစ်ပါတယ်။ဒါဟာ တစ်ကမ္ဘာလုံးရဲ့ မျှော်လင့်မှုပါ။ပြီးတော့ ဒီလိုစိန်ခေါ်မှုကာလထဲမှာ ဒါဟာကမ္ဘာမြေပေါ်မှာ ကျွန်တော်တို့ လုပ်ရမယ့် အလုပ်ပဲဖြစ်ရပါလိမ့်မယ်။