မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 1 maart 2010

ကလေးငယ်များကို လိမ်လည်ဖြားယောင်းပြီး စစ်သားစုဆောင်း

စိုးမိုး/ ၁ မတ် ၂ဝ၁ဝ
စစ်သားစုဆောင်းရေးတပ်မှ စစ်သားများအပါအ၀င် တပ်ကြပ်အဆင့်အထက်တို့က နယ်ဒေသသို့ဆင်းပြီး ကလေးများအား လိမ်လည်ကာ စစ်သားအဖြစ် စုဆောင်းနေကြောင်း ကလေးစစ်သားတဦးထံမှ သိရသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို) မှ ကလေးစစ်သားစုဆောင်းခံရမှု တိုင်ကြားချက်များကို လက်ခံဆောင်ရွက်ပေးနေသော်လည်း ဆင်းရဲချို့တဲ့သည့် ကလေးငယ်များကို စစ်တပ်က လစာဝင်ငွေ ကောင်းစွာရရှိပြီး မိသားစုကို ထောက်ပံ့နိုင်သည်ဟုဆိုကာ လိမ်လည်ဖြားယောင်းပြီး စစ်သားအဖြစ် စုဆောင်းနေကြောင်း သိရသည်။
“သားကျောင်းတက်နေတဲ့အချိန်မှာ မိဘတွေလည်း သိပ်အဆင်မပြေတာလည်း ပါတာပေါ့။ တပ်ထဲကို လိုက်သွားရင် အဆင်ပြေသွားမယ်ထင်လို့။ သူတို့ပြောတဲ့ပုံစံက အဆင်ပြေသွားမယ့် ပုံစံကြီးဗျ” ဟု စစ်သားစုဆောင်းရေးတပ်မှ အိုင်အယ်လ်အို အကူအညီဖြင့် လတ်တလော လွတ်မြောက်လာသည့် ကလေးစစ်သားက ပြောကြားသည်။
အဆိုပါ ကလေးစစ်သားဖြစ်သူမှာ ဧရာဝတီတိုင်း အမာမြို့မှ (၁၀) တန်း တက်နေဆဲ (၁၆) နှစ်အရွယ် ကျောင်းသားတဦးဖြစ်ပြီး ၎င်းအား အမှတ် (၆၀၅) ခြေမြန်တပ်ရင်းမှ တပ်ကြပ်ကြီးတဦးက လေ့ကျင့်ရေးတပ်တွင် နေထိုင်လေ့ကျင့်ပြီးနောက် စစ်သား၊ ထို့နောက် တပ်ကြပ်ကြီးအဆင့်အထိ လစာဝင်ငွေ ခံစားခွင့် တလလျှင် ကျပ် (၁) သိန်းခွဲခန့် ရရှိပြီး နေစရာ အိမ်ရာလည်း ရမည် ဖြစ်သဖြင့် မိသားစုကို ခေါ်ယူထားနိုင်မည်ဟုဆိုကာ သိမ်းသွင်းခေါ်ယူ စုဆောင်းခဲ့ခြင်းဖြစ်သည်။
“တပ်ထဲမှာ (၂) လကြာတာပေါ့။ ပထမတော့ ကျနော့်ကို ခေါ်သွားတဲ့ အမှတ် (၆၀၅) ခြေမြန်တပ်ရင်းမှာ (၁) လ နေရတယ်။ နောက်တော့ ရေနီ လေ့ကျင့်ရေးတပ်မှာ (၁) လ။ နောက် ရေဒီယိုမှာ ကျနော် ပျောက်ကြောင်း ပါလာပြီးတော့ တပ်က လေ့ကျင့်ရေး သိပ်မလုပ်ခိုင်းတော့ဘူး” ဟု အဆိုပါ ကလေးစစ်သားက ဆက်ပြောသည်။
နာဂစ်မုန်တိုင်း နောက်ပိုင်း မိဘမဲ့ဖြစ်သွားသော ကလေးငယ်များနှင့် မိသားစု ဆင်းရဲချို့တဲ့သော ကလေးငယ်များကို စစ်သားများက နယ်လှည့်ပြီး စစ်သားအဖြစ် စုဆောင်းလာခြင်းဖြစ်သည်။
“တပ်ထဲမှာ ကျနော့်လို လူငယ်တွေ ရှိနေပါသေးတယ်။ ကျနော် ရှိနေတုန်းတောင် ထွက်ပြေးတာတွေ ရှိနေတယ်။ အုပ်စုဖွဲ့ပြီး ထွက်ပြေးတာတွေ။ ကျနော် တပ်ထဲရှိနေတုန်းတောင် ကျနော့်လို ကလေးတွေ (၆) ယောက် တခါ ထွက်ပြေးတယ်။ ပြန်မိတယ်” ဟု လွတ်မြောက်လာသူ အဆိုပါကလေးစစ်သားက တပ်တွင်းအတွေ့အကြုံကို ပြောကြားသည်။
ကလေးစစ်သားအရေး ဆောင်ရွက်နေသူများ အကူအညီဖြင့် မိဘရှိသူများက စစ်သားစုဆောင်းရေး တပ်တွင်း ရောက်ရှိသွားသည့် ကလေးငယ်များကို အိုင်အယ်လ်အို အကူအညီဖြင့် ပြန်လည်ကယ်တင်နိုင်ခဲ့သည်။
မိဘမဲ့ဖြစ်နေသော ကလေးစစ်သားများနှင့် ဆင်းရဲနွမ်းပါး မိဘများ၏ ကလေးငယ်များကိုမူ စစ်တပ်မှ မကယ်တင်နိုင်သေးကြောင်း ကလေးစစ်သားအရေး ကူညီဆောင်ရွက်ပေးနေသော လမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က ပြောကြားသည်။





သိမ်ကြီးဈေး Dရုံ မီးလောင်

မျိုးသိဏ်း
တနင်္လာနေ့၊ မတ်လ ၀၁ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၈ မိနစ် .
ရန်ကုန် (မဇ္ဈိမ)။ ။ လသာမြို့နယ်ရှိ သိမ်ကြီးဈေး D ရုံတွင် မီးလောင်ကျွမ်းမှုတခု ယနေ့ညနေ ၆ နာရီ ၁၀ မိနစ်အချိန်က ဖြစ်ပွားခဲ့ပြီး လောင်ကျွမ်းချိန် မိနစ်လေးဆယ်ခန့်ရှိကြောင်း သိရသည်။
လသာမြို့နယ် ရွှေတိဂုံဘုရားလမ်းနှင့် ၂၄ လမ်းကြား အနော်ရထာလမ်းဘက်အခြမ်း သိမ်ကြီးဈေး D ရုံ၏ ပထမထပ်ရှိ စားသောက်ဆိုင်တန်းများမှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
အခင်းဖြစ်ပွားရာသို့ ရန်ကုန်တိုင်း ဗဟိုမီးသတ်တပ်ဖွဲ့နှင့် အခြားမြို့နယ်မီးသတ်တပ်ဖွဲ့များမှ စုစုပေါင်း မီးသတ်ယာဉ် (၉)စီး၊ ရေသယ်ယာဉ် (၄)စီး၊ ကွပ်ကဲမှုယာဉ်တစီးတို့ဖြင့် လာရောက်ငြိမ်းသတ်ခဲ့ရာ ည ၆ နာရီ ၅၀ မိနစ်အချိန်တွင် လုံးဝမီးငြိမ်းသွားခဲ့သည်။
မီးစတင်လောင်ကျွမ်းသည့် စားသောက်ဆိုင်မှာ "ဝမ်ဖု" တရုတ်စားသောက်ဆိုင်ဖြစ်ပြီး ဆိုင်တာဝန်ခံ အမည်မှာ ဦးလှမျိုး (ခ) ဦးဝန်ဆင်း ဖြစ်ကြောင်း သိရှိရသည်။
မီးလောင်မှုအား မီးဖိုမီးသုံးစွဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မီးလောင်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့မှ ဦးဆောင်အရာရှိက ဆိုသည်။ ဆုံးရှုံးနစ်နာမှု တန်ဖိုးကို ခန့်မှန်းပြောကြားရန်မူ ယင်းအရာရှိက ငြင်းဆိုသည်။
ဝိုင်းအုံကြည့်ရှုသူများမှာ အနော်ရထာ လမ်းမကြီး၊ ရွှေတိဂုံဘုရားလမ်း ဂုံးကျော်တံတား စသော နေရာများတွင် ပြည့်ကျပ်နေခဲ့သည်။
မီးသတ်တပ်ဖွဲ့မှ ယာဉ်အားလုံးမှာ အနော်ရထာ လမ်းမကြီးပေါ်တွင် နေရာယူပြီး ငြိမ်းသတ်ခဲ့ခြင်း ဖြစ်သည့်အပြင် ဝိုင်းအုံကြည့်ရှုနေသူ လူအများကြောင့် အနော်ရထာ လမ်းမကြီးအား မီးလောင်ကျွမ်းစဉ်မှ မီးငြိမ်းသတ်ပြီးသည်အထိ တနာရီနီးပါးမျှ ပိတ်ထားခဲ့ရသည်။

ဦးပိုင်ကတိဖျက်အပြီး ဆားဈေးထိုးကျ

ဖနိဒါ
တနင်္လာနေ့၊ မတ်လ ၀၁ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၇ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္မဏီက ဆားလုပ်ငန်းရှင်များထံမှ ဆားတန်ချိန် တသိန်း ဝယ်ယူမည့် အစီ အစဉ် ဖျက်လိုက်ပြီးနောက် ဆားဈေးများ တဟုန်ထိုး ကျဆင်းသွားသည်။
ကော့စတစ်စက်ရုံဆောက်လုပ်မည်ဖြစ်၍ ဆားများကို ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း စက်ရုံ မတည်ဆောက်ရသေးသဖြင့် အစီအစဉ် ဖျက်သိမ်းလိုက်ကြောင်း ယခင်လ ၇ ရက်နေ့က ဆားလုပ်ငန်းရှင်များကို တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်သော ဦးပိုင်မှ အကြီးအကဲများက နေပြည်တော်တွင် တွေ့ဆုံပြောကြားခဲ့သည်။
နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် ဆားထွက်ရှိရာ ဒေသတခုဖြစ်သော ဧရာဝတီတိုင်း လပွတ္တာမြို့တွင် ဆားကြမ်းဈေးသည် ယခင်လက ၁ ပိဿာ ၇ဝ ကျပ်ရှိနေရာမှ ယနေ့တွင် ၄ဝ ကျပ်ထိ ဈေးကျသွားသည်။
“လောလောဆယ်မဝယ်ဖြစ်သေးဘူးလို့ ပြောတယ်။ ကော့စတစ်စက်ရုံ ဆောက်ဖို့အတွက် ဆားလို မယ်။ ဒါပေမဲ့ စက်ရုံက မလုပ်သေးဘူး။ လုပ်တဲ့အချိန်မှာ ဝယ်မယ်ပေါ့လေ” ဟု နေပြည်တော် အစည်း ဝေးတက်ခဲ့သည့် ဧရာယတီတိုင်းမှ ဆားလုပ်ငန်းရှင်တဦးက မဇ္ဈိမကို ပြောသည်။
ယခုနှစ် ဇန်နဝါရီလက ဆားလုပ်ငန်းရှင်များကို ဦးပိုင်ကုမ္မဏီက ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့စဉ် ဧရာဝတီတိုင်းမှ ဆား တန်ချိန် ၈ သောင်းနှင့် ရခိုင်ပြည်နယ်မှ တန်ချိန် ၂ သောင်း ဝယ်မည်ဟု ပြောကြားခဲ့သည်။
“နေပြည်တော်မှာတွေ့ပြီးတော့ မဝယ်ဖြစ်တော့ဘူးလို့ ပြောရော ဆားဈေးတွေက တအားဆင်းသွား တယ်။ ဝယ်မယ်လို့ ပြောပြီးတော့မှ မဝယ်တော့ဘူးဖြစ်သွားတဲ့ အကျိုးသက်ရောက်မှုဖြစ်လာတယ်” ဟု အခြားဆားလုပ်ငန်းရှင်တဦးက ပြောသည်။
၂ဝဝ၈ ခု နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ဆားကွင်း ၂ သောင်းကျော် ပျက်စီးသွားခဲ့ သည်။ ထို့ကြောင့် ဆားလုပ်ငန်းရှင်များကို အစိုးရနှင့် ပုဂ္ဂလိကဘဏ်များဖြစ်သည့် ကမ္ဘောဇ၊ မြဝတီ၊ မွေးမြူရေး၊ စက်မှုလက်မှု စသည့် ဘဏ်များက ချေးငွေများကို ထုတ်ချေးပေးခဲ့ သည်။
ဆားလုပ်ငန်းရှင်များကို တဧကလျှင် ၃ သိန်းနှုန်းဖြင့် ထုတ်ချေးပေးခဲ့ရာ အများစုမှာ ယခုအချိန်အထိ အတိုးအရင်း အကြေပြန်မဆပ်ကြရပဲ ဆားဈေးကလည်း ကျနေသဖြင့် စိတ်ပူပန်နေကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ဆားကို ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တို့ တွင် အဓိက ထုတ်လုပ်သည်။
ယခင်နှစ်က မွန်ပြည်နယ်၊ ရန်ကုန်၊ ရခိုင်ရှိ အစိုးရဆားလုပ်ငန်းများမှ တန်ချိန် ၃၈ဝဝဝ ကျော်ထွက် ရှိပြီး ပုဂ္ဂလိက လုပ်ငန်းများမှ တန်ချိန် ၃ဝဝဝဝ ရှိကြောင်း လေ့လာသိရှိရသည်။

(ကိုဝိုင်းတည်းဖြတ်သည်)

ယာယီနိုင်ငံကူးလက်မှတ် အတွက် တလသက်တမ်းတိုး

ကျော်ခ
တနင်္လာနေ့၊ မတ်လ ၀၁ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၉ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းအစိုးရက မြန်မာ အလုပ်သမားများအတွက် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ပုံစံတင်ခွင့် ကာလကို တလထပ်တိုး ပေးလိုက်သည်။
ယခင်က ယာယီနိုင်ငံကူးလက်မှတ် ပုံစံဖြည့်တင်ရန် ထိုင်း-မြန်မာ နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ MOU အရ ယခုနှစ် ဖေဖေါ်ဝါရီ ၂၈ ရက်ကို နောက်ဆုံးအစား မတ်လ ၃၁ ရက်ထိ ထပ်မံ တိုးပေးလိုက် ခြင်းဖြစ်သည်။
“မတင်ရသေးတဲ့လူတွေအများကြီးရှိနေသေးတဲ့အတွက် ၃ လပိုင်း ၃၁ ရက် နေ့အထိကို ပတ်စပို့ ဖေါင်တင်ဖို့အတွက်ကို နောက်ထပ်တလ တိုးပေးတယ်။ မတင်ဘူးဆိုရင် သူတို့ (ထိုင်းတွင် နေခွင့်နှင့် အလုပ်လုပ်ခွင့်) ပြန်ရုတ်သိမ်းမယ်” ဟု ထုတ်ပြန်ချက်တွင် ပါဝင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများကို ကူညီနေသော ထိုင်းနိုင်ငံအခြေစိုက် MAP Foundation မှ တာဝန်ရှိသူ ကိုအေးက မဇ္ဈိမကို ပြောသည်။
နိုင်ငံသား စီစစ်ရေး ပုံစံများကို သက်ဆိုင်ရာ မြို့နယ်များရှိ အလုပ်သမား ရှာဖွေရေးရုံးများတွင် ရရှိနိုင် ကြောင်းသိရပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် လက်မှတ် သက်တမ်းတိုးရန်အတွက်လည်း ယခုလ ၂ ရက်နေ့အထိ သက်တမ်း ၂ ရက် ထပ်ဆောင်းပေးထားသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်ထားသူ မြန်မာနိုင်ငံသားပေါင်း ၁ သန်း ကျော်ရှိသော်လည်း ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် တင်ထားသူ ၃ သိန်း ခန့်သာရှိကြောင်း လေ့လာ သိရှိရသည်။
ယာယီနိုင်ငံကူးလက်မှတ်ကို ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက စတင် ပြုလုပ်ပေးခဲ့သော်လည်း အလုပ်သမား များက မြန်မာအာဏာပိုင်များကို အယုံကြည်ကင်းမဲ့ခြင်း၊ ခရီးဝေးခြင်း၊ ကုန်ကျစားရိတ်များခြင်းနှင့် လုပ်ငန်းအဆင့်ဆင့်ကို နားမလည်ခြင်း တို့ကြောင့် တုန့်ဆိုင်း ကြန့်ကြာနေခြင်းဖြစ်သည်။
ယခင်လ ၂၇ ရက်နေ့တွင် စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် ထိုင်းအလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် ဘန်ကောက်မြို့အနီးရှိ မဟာချိုင်ဒေသတွင် ယာယီ နိုင်ငံကူးလက်မှတ်ပြုလုပ်မှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
“သူမဟာချိုင်မှာ ပြောသွားတာကတော့ မဟာချိုင်တခုတည်းမှာတင် ၁ သိန်းခွဲကျော် မှတ်ပုံတင်ထားတာ ရှိတယ်ပေါ့လေ။ အဲဒီအထဲကမှ ဘာလို့ ၆ ထောင်လောက်ပဲ လုပ်ကြသေးလဲပေါ့” ဟု အဝေးရောက် ညွှန်ပေါင်းအစိုးရ NCGUB မှ ရွှေ့ပြောင်းအလုပ်သမားရေးရာဌာန တာဝန်ခံ ကိုသက်ခိုင်က ပြောသည်။
ထို့အပြင် ဗိုလ်ချုပ်မောင်ဦးက ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ပေးနေရာတွင် ဖမ်းဆီးခြင်း၊ အခွန်ကောက် ယူခြင်းတို့ မရှိကြောင်းလည်း အာမခံ ပြောကြားသွားသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၂ သန်းကျော် ရှိပြီး နေထိုင်ခွင့် လက် မှတ်မပြုလုပ်ပဲ နေထိုင်သူ ဦးရေမှ ၁ သန်းခွဲကျော်ရှိကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသော အဖွဲ့များက ခန့်မှန်းကြသည်။

(ကိုဝိုင်းတည်းဖြတ်သည်)

ထပ်ဆင်ရဲ့ ဓနငွေကြေး ဘာကြောင့် အသိမ်းခံရသလဲ

ကျော်လင်းဦး
တနင်္လာနေ့၊ မတ်လ ၀၁ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၇ မိနစ် .
ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးရာထူး လက်ကိုင်ထားသူတွေအတွက် သီးသန့်ထားရှိတဲ့ တရားရုံးကနေ ဝန်ကြီးချုပ်ဟောင်း မစ္စတာ ထပ်ဆင် ရှင်နဝတ် ဆီကနေ သိမ်းဆည်းထားတဲ့ ၇၆ ဘီလီယံဘတ်ကနေ ၄၆ ဘီလီယံဘတ်ကို သိမ်းယူဖို့ အမိန့်ချလိုက်ပါတယ်။ (တစ်ဘီလီယံ= သန်းပေါင်း ၁ ထောင်)
မစ္စတာ ထပ်ဆင် ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း အာဏာကို အလွဲသုံးစားလုပ်ပြီး သူ့ရဲ့ ရှင်းကော်ပိုရေးရှင်းကို ဓနဥစ္စာတွေ ပိုမို ကြွယ်ဝအောင် အားထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် သက်သေခိုင်လုံတဲ့အတွက် အဲဒီလို သိမ်းယူခဲ့တာပါ။
ဒီလို တရားရုံးက ဆုံးဖြတ်တာကို ထပ်ဆင်ကို ထောက်ခံတဲ့ ဖို့ထိုင်းပါတီ နဲ့ အင်္ကျီအနီဝတ် ဆန္ဒပြသမားတွေကတော့ မကျေနပ်ကြပါဘူး။ ဒီလိုဆုံးဖြတ်တာက သူတို့ခေါင်းဆောင်အပေါ် သက်သက်မဲ့ အကွက်ဆင်ပြီး သိက္ခာကျအောင် လုပ်တာလို့ မြင်ပါတယ်။ ဒါပေမဲ့လည်း တရားရုံးကတော့ စွဲဆိုထားတဲ့ အမှုပေါင်း ၁၀ ခုမှာ မစ္စတာထပ်ဆင်ဘက်က အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး သူပိုင်ငွေကြေးထဲက ဒီ ပမာဏကို သိမ်းယူလိုက်တာပါ။
သူ့အပေါ် စွဲဆိုထားတဲ့အမှုပေါင်း ၁၀ ခုထဲက ပထမတခုကတော့ သူ ဝန်ကြီးချုပ်အဖြစ် ရှိနေစဉ်ကာလအတွင်း TOT လို့ခေါ်တဲ့ နိုင်ငံပိုင် တယ်လီဖုန်းကုမ္မဏီကနေ ဝန်ကြီးချုပ်ပိုင် ရှင်းကော်ပိုရေးရှင်းရဲ့ လုပ်ငန်းဖြစ်တဲ့ AIS မိုဘိုင်းဖုန်းကုမ္ပဏီကို အငှားချထားရာမှာ ဖုန်းပြောခရဲ့ ၂၅ ရာခိုင်နှုန်းကို TOT ကို ပေးသွင်းနေရာကနေ ၂၀ ရာခိုင်နှုန်းကို လျှော့ချလိုက်ပါတယ်။ ဒီအတွက် နိုင်ငံပိုင် TOT အနေနဲ့ ၇၀.၂ ဘီလီယံဘတ် နစ်နာခဲ့ရပါတယ်။
နောက်ထပ် ပြစ်မှုတခုကတော့ ရှင်းကော်ပိုရေးရှင်းပိုင် ရှင်း ဂြိုဟ်တုလုပ်ငန်းနဲ့ ပို့ဆောင်ရေး ဝန်ကြီးဌာနတို့ အကြား ဂြိုဟ်တု အငှားချထားခြင်းနဲ့ ဆိုင်တဲ့ ကိစ္စပါပဲ။ အစိုးရနဲ့ သဘောတူညီချက်အရ ရှင်း ဂြိုဟ်တုလုပ်ငန်းက ရှင်း ဂြိုဟ်တု ၄ ဆိုတဲ့ ဂြိုဟ်တုတလုံး တိုးချဲ့လုပ်ကိုင်မယ်လို့ သဘောတူထားရာကနေ ရှင်း ဂြိုဟ်တု ၄ အစား IPSTER ဆိုတဲ့ ဆက်သွယ်ရေး ဂြိုဟ်တုကိုပဲ ပြောင်းလဲလုပ်ကိုင်ပါတယ်။
ဒီအတွက် ဆက်သွယ်ရေး ဂြိုဟ်တုအတွက် ပေးရမယ့် အဖိုးအခကို မပေးဆောင်တော့ဘဲ ရိုးရိုးဂြိုဟ်တုအတွက်သာ ပေးတဲ့အတွက် ပို့ဆောင်ရေး ဝန်ကြီးဌာနက ဘတ် ၂၀ ဘီလီယံ နစ်နာခဲ့ရပါတယ်။ ဒါ့အပြင် ရှင်း ဂြိုဟ်တုလုပ်ငန်းအတွက် ရှင်းကော်ပိုရေးကနေ ရင်းနှီးမြှပ်နှံဖို့ တာဝန်ရှိတဲ့ ၅၁ ရာခိုင်နှုန်းကိုလည်း ၄၀ ရာခိုင်နှုန်းအထိ ပြင်ဆင်လျှော့ချခဲ့ပါတယ်။
တတိယ ပြစ်မှုကတော့ နိုင်ငံပိုင် သွင်းကုန်ထုတ်ကုန် ဘဏ်ကနေ မြန်မာစစ်အစိုးရကို ငွေချေးရာမှာ မူလ သတ်မှတ်ထားတဲ့ ၃.၄ ဘီလီယံကနေ ၄ ဘီလီယံဘတ်တိုးမြှင့်ဖို့ ဝန်ကြီးချုပ် အမိန့်အာဏာကို အသုံးပြုခဲ့ပါတယ်။
အဲဒီ ချေးငွေတွေကနေ သူ့ရဲ့ ကိုယ်ပိုင် ရှင်း ဂြိုဟ်တုလုပ်ငန်းကနေ ဝန်ဆောင်မှုနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေ ဝယ်ယူဖို့ စီစဉ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီလို အာဏာအလွဲသုံးစားလုပ် ငွေချေးမှုကြောင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို ၁၂ နှစ်စာ ချေးငွေအတွက် အတိုးငွေ ပမာဏ ဘတ်သန်းပေါင်း ၆၇၀ သီးသန့်ဖယ်ထုတ်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။
ဒီလို နိုင်ငံပိုင် သွင်းကုန်ထုတ်ကုန်ဘဏ်ကနေ အာဏာအလွဲသုံးစားလုပ်ပြီး ငွေချေးမှုကြောင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒါမှမဟုတ် သွင်းကုန်ထုတ်ကုန်ဘဏ်ကနေ နောက်ထပ် တရားစွဲမှုတခု ထပ်တိုးလာဖို့ ရှိနေပါတယ်။
ဒါတွေအပြင် ထိုင်းနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အာဏာရလာတဲ့ နိုင်ငံရေးသမားတွေနဲ့ သူတို့ရဲ့ အိမ်ထောင်ဘက်တွေအနေနဲ့ ပိုင်ဆိုင်မှု ကြေညာရပါတယ်။ အဂတိလိုက်စားမှု ပပျောက်ရေး အမျိုးသား ကော်မရှင်ရဲ့ အချက်အလက်တွေအရ မစ္စတာ ထပ်ဆင်နဲ့ သူ့ရဲ့ဇနီး ပိုဂျမင်တို့ရဲ့ ၂၀၀၁ ခုနှစ်က တရားဝင် ပိုင်ဆိုင်မှုဟာ ဘတ် သန်းပေါင်း ၅၆၉ နဲ့ ဘတ် ၉.၉၆ ဘီလီယံ အသီးသီးဖြစ်ကြပါတယ်။ ၂၀၀၅ ခုနှစ် ရောက်တဲ့အခါ မစ္စတာ ထပ်ဆင်ရဲ့ ပိုင်ဆိုင်မှုက ဘတ်သန်းပေါင်း ၅၅၇ ထိ လျော့သွားပြီး၊ ဖိုခ်ျဂျမန်းကတော့ ၈.၈၄ ဘီလီယံအထိ ပဲရှိတယ်လို့ စာရင်းပြပါတယ်။
ဒါပေမဲ့ သူ့သားနဲ့ သမီးဖြစ်တဲ့ ဖန်းထောင်းထေ့နဲ့ ဖိန်းထောင်းထားတို့ရဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်ရှိတယ် မသိပါဘူး။ သူတို့ ၂ ဦးက အရွယ်ရောက်လာပြီဖြစ်လို့ သူတို့ရဲ့ ပိုင်ဆိုင်မှုကို ကြေညာစရာ မလိုတော့လို့ ဖြစ်ပါတယ်။ ဒါကြောင့် မစ္စတာ ထပ်ဆင်မိသားစုရဲ့ တရားဝင် ပိုင်ဆိုင်မှုကလည်း မခန့်မှန်းနိုင်ပါဘူး။ သူ့ရဲ့ သားနဲ့ သမီး ပိုင်ဆိုင်မှုတွေ အခု အစိုးရက သိမ်းယူထားတဲ့ ၇၆ ဘီလီယံဘတ်ရဲ့ အပြင်ဘက် သီးသန့်ဓနတွေလို့ ယူဆရပါတယ်။ ဒီလို ပိုင်ဆိုင်မှုတွေကို လိမ်ညာထွက်ဆိုမှုတွေကြောင့် နောက်ထပ် တရားစွဲဆိုမှု ၄ ခုထိ ရင်ဆိုင်ရဦးမှာပါ။
ဒါတွေအပြင် ဝန်ကြီးချုပ်အဖြစ်နဲ့ရှိစဉ်က မစ္စတာ ထပ်ဆင်ရဲ့ အာဏာအလွဲသုံးစားမှုတွေကို စုပေါင်းပြီး တရားစွဲဆိုမှု တခုနဲ့ မစ္စတာ သက်ဆက်ရဲ့ဇနီး ပိုဂျမင်ရဲ့ ရှယ်ရာအရောင်းအဝယ်၊ အပေးအယူတွေနဲ့ ပတ်သက်တဲ့ တရားစွဲဆိုမှု တခုကလည်း တရားရုံးမှာ အဆင်သင့် ရှိနေပါသေးတယ်။ ပြီးတော့ အာဏာရ နိုင်ငံရေးသမားတွေအနေနဲ့ အစိုးရက ကန်ထရိုက်ချပေးတဲ့ လုပ်ငန်းတွေမှာ ရှယ်ယာ ၅ ရာခိုင်နှုန်း ထက်မပိုတဲ့ ပိုင်ဆိုင်မှုပဲ ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်လည်း ရှိပါတယ်။ ဒီအချက်ကိုလည်း မစ္စတာ ထပ်ဆင် မိသားစုက ဖောက်ဖျက်တယ်လို့ ယူဆရပါတယ်။ ဒီအမှုတွေအားလုံး စုပေါင်းပြီး မစ္စတာ ထပ်ဆင်နဲ့ ပိုဂျမင်တို့ရဲ့ ပိုင်ဆိုင်မှုထဲက အာဏာရပြီးမှ ချမ်းသာလာတဲ့ ၄၆ ဘီလီယံကို သိမ်းယူဖို့ ဆုံးဖြတ်လိုက်တာပါ။
ဒါပေမဲ့လည်း မစ္စတာ ထပ်ဆင်ဘက်ကတော့ ဒီလိုချမ်းသာမှုက သူ့အနေနဲ့ ရိုးရိုးသားသား ချမ်းသာလာတဲ့ ဓနတွေသာဖြစ်ပြီး တခြား ကုမ္ပဏီတွေလို သူပိုင် ရှင်း ကော်ပိုရေးရှင်းရဲ့ ရှယ်ယာဈေးနှုန်းတွေ တက်လာလို့ ချမ်းသာလာတာလို့ ဆိုပါတယ်။
ဒါပေမဲ့လည်း သူဝန်ကြီးချုပ်ဘဝနဲ့ ရှိနေစဉ်အတွင်း အစိုးရရဲ့ ပေါ်လစီတွေမှာ သတင်းဆက်သွယ်ရေးကဏ္ဍကို ဦးစားပေးတဲ့ ပေါ်လစီတွေ ချမှတ်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ အထူးသဖြင့် ရှင်း ကော်ပိုရေးရှင်းရဲ့ လုပ်ငန်းတွေ အမြတ်အစွန်း ရစေဖို့အတွက် အစိုးရဝန်ကြီးဌာနတွေကနေ အလျှော့ပေးရတဲ့ ကန်ထရိုက်စာချုပ်တွေကို ချုပ်ဆိုစေခဲ့တာပါ။ ဒါကြောင့်လည်း ထပ်ဆင်မိသားစုအတွက် အကျိုးအမြတ်တွေ ရခဲ့ပါတယ်။
ထိုင်းနိုင်ငံရေးမှာ နိုင်ငံရေးသမားတွေ အာဏာအလွဲသုံးစားလုပ်ပြီး ချမ်းသာလာတာဟာ သိပ်ထူးခြားတဲ့ ဖြစ်ရပ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလို နိုင်ငံရေးသမားတွေ အာဏာကို အလွန်အကျွံသုံးလို့ အာဏာသိမ်းမှုအထိ ပေါ်ပေါက်လာခဲ့တဲ့ ဖြစ်ရပ်မျိုး အရင်တုန်းကလည်း ရှိခဲ့ဖူးပါတယ်။ ဝန်ကြီးချုပ် ချတ်ချိုင်း ချွန်ဟာဗွန် လက်ထက်မှာ အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှုတွေ ကြီးမားလွန်းလို့ စစ်တပ်ရဲ့ အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့ရဖူးပါတယ်။
အခုတခါ မစ္စတာ ထပ်ဆင် လက်ထက်မှာလည်း ဒီလို အဂတိလိုက်စားမှုတွေကြောင့် ၂၀၀၆ ခုနှစ်မှာ အာဏာသိမ်းမှုတွေ ပေါ်ပေါက်လာပြီး မစ္စတာ ထပ်ဆင်ကို တရားစွဲဆိုတဲ့ အဆင့်အထိ ရောက်ခဲ့တာပါ။
ဒီလို သူပိုင်ဆိုင်တဲ့ ငွေကြေးတွေကို သိမ်းယူဖို့ ဆုံးဖြတ်တဲ့အပြင် သူအာဏာရှိစဉ်က ဘဏ္ဍာရေးဝန်ကြီးဌာနပိုင် ဘန်ကောက်မြို့လည်က မြေကွက်တကွက်ကိုလည်း သူ့ရဲ့ဇနီးကို ရောင်းချမှုမှာ ဝန်ကြီးချုပ် အာဏာကို အလွဲသုံးစားလုပ်တယ်ဆိုတဲ့ ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခြင်း ခံထားရပါတယ်။ ဒါပေမဲ့ မစ္စတာ ထပ်ဆင်ကတော့ ဒီထောင်ဒဏ်တွေကို တိမ်းရှောင်ဖို့အတွက် နိုင်ငံခြားမှာ သွားရောက်နေထိုင်နေတာ ဖြစ်ပါတယ်။
မစ္စတာ ထပ်ဆင်ကို ကိုယ်ကျိုးရှာ နိုင်ငံရေးသမားမျိုးအဖြစ် ထိုင်းနိုင်ငံ တရားရေးစနစ်ကနေ အပြစ်ပေး အရေးယူလိုက်တာဟာ နိုင်ငံရေးစနစ်တရပ် ခိုင်မာဖို့အတွက် အရေးကြီးလှပါတယ်။ ကျင့်ဝတ်သိက္ခာနဲ့ မညီတဲ့ နိုင်ငံရေးသမားတိုင်းဟာ အာဏာရလာတာနဲ့ တပြိုင်ထဲ အာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာတတ်လေ့ ရှိပါတယ်။ ဒီလို နိုင်ငံရေးသမားမျိုးကို လူ့အဖွဲ့အစည်းက ဖယ်ထုတ်ဖို့ ခိုင်မာတဲ့ တရားရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေ လိုအပ်လှပါတယ်။ ဒါ့အပြင် ပြည်သူလူထုကလည်း ဒီလို နိုင်ငံရေးသမားမျိုးတွေကို စောင့်ကြည့်လေ့လာပြီး ဆန့်ကျင် ကန့်ကွက်ရမှာ ဖြစ်ပါတယ်။



(စာရေးသူ ကျော်လင်းဦးသည် ထိုင်းနိုင်ငံ ရမ်းခမ်းဟင် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ကို ရရှိခဲ့သူ ဖြစ်သည်။

ထက်ဝက်ကျော်ကျတဲ့ ကားဈေး ဆက်ကျနိုင်သေး

မျိုးသိဏ်း
တနင်္လာနေ့၊ မတ်လ ၀၁ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၃၃ မိနစ် .
ရန်ကုန် (မဇ္ဈိမ)။ ။ ကားဈေးနှုန်းများ လွန်ခဲ့သည့် ၄ လ ဝန်းကျင်အတွင်း ထက်ဝက်ကျော် ကျဆင်းသွားခဲ့သော်လည်း ကားဈေးကွက်အတွင်း ဝယ်လက်ရှားပါးကာ အရောင်းအဝယ် အေးနေဆဲဖြစ်သဖြင့် ဈေးနှုန်းများ ထပ်မံကျဆင်းနိုင်ဖွယ် ရှိသေးကြောင်း ရန်ကုန်ရှိ ကားလောက ကျွမ်းကျင်သူများက ဆိုသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလဆန်းမှ ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ ၄ လကာလအတွင်း ကားဈေးနှုန်းများမှာ ထက်ဝက်မှ သုံးပုံနှစ်ပုံခန့်အထိ ကျဆင်းသွားခဲ့ပြီး ၁၉၉၇ ခုနှစ်နှောင်းပိုင်း စံချိန်တင်ကျဆင်းမှုပင် ဖြစ်ကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားပွဲစားများနှင့် ကားဝယ်ရောင်းများက ပြောသည်။
"နှစ်ကုန်ပိုင်းက ခပ်ပါးပါးပဲကျတာ။ ၂ဝ၁ဝ နှစ်ဆန်းပိုင်းကျတော့ တောက်လျှောက်ကို ထိုးကျတော့တာပဲ။ ဆန်နီ ဆူပါစလွန်းတို့၊ ဖင်ကောက် (၁၉၉၂ ခုနှစ်ထုတ် မော်ဒယ်လ်နှင့်အထက် တိုယိုတာ ကိုရိုလာ ဗင်ကား) တို့၊ ဆူဇူကီး ဝက်ဂွန်တို့လို လိုင်းပေါ်က ကားတွေက ထက်ဝက်လောက် ဈေးကျတယ်။ ကျန်တဲ့ ကားတွေက သုံးပုံနှစ်ပုံလောက်အထိ ကျသွားတယ်။ အမြင့်ကားတွေ ဈေးကျတာ ပိုသိသာတယ်" ဟု ကားပွဲစားတဦးက ဆိုသည်။
ဝါရင့် ကားပွဲစားတဦးကလည်း "ကားဈေးတွေ ထောင်တက်သွားတဲ့ ၁၉၉၇ ခုနှစ်နောက်ပိုင်း ဒီလောက်ကျသွားတာ တခါမှ မရှိဘူး။ ကျလည်း နည်းနည်းချင်း ဈေးအိသွားတာပဲ ရှိတယ်။ အခုက တောက်လျှောက်ကို ထိုးဆင်းနေတာ။ ကားဈေးက ဒီနေ့ဝယ် နောက်နေ့ကျ ဖြစ်နေတယ်။ ဆက်ကျဦးမယ်လည်း ခန့်မှန်းနေကြတယ်။ ကားဈေးကို ခန့်မှန်းရခက်နေတော့ အရောင်းအဝယ် မလုပ်ရဲကြဘူး" ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာနှင့် အောက်တိုဘာလများတွင် ကျပ်သိန်း ၈ဝဝ မှ သိန်း ၁ဝဝဝ ဝန်းကျင်အကြားရှိ ၁၉၉၇ ခုနှစ် မော်ဒယ်လ် တိုယိုတာကိုရိုလာ ဗင် (ဖင်ကောက်) ကားများမှာ ယနေ့အချိန်တွင် ကျပ်သိန်း ၄၅ဝ မှ ၅ဝဝ အကြားသာ ရှိသည်အထိ ဈေးနှုန်းကျဆင်းလာခဲ့ပြီး အလားတူကာလက ကျပ်သိန်း ၄၅ဝ ခန့်ရှိခဲ့သော ဆူဇူကီး ဝက်ဂွန် (R+) ကားများမှာ ယနေ့အချိန်တွင် ကျပ်သိန်း ၂၅ဝ အောက်တွင်သာ အရောင်းအဝယ် ဖြစ်နေသည်။
ပြည်တွင်း စက်မှုဇုန်များမှ ထုတ်လုပ်သည့် အမှတ်တံဆိပ်စုံ ဂျစ်ကားများမှာ ယခင်က ကျပ်သိန်း ၇ဝ-၈ဝ မှ ကျပ်သိန်း ၁ဝဝ အထိ ဈေးရှိခဲ့သော်လည်း ယခုအခါတွင် ကျပ်သိန်း ၄ဝ ဝန်းကျင်သာ ဈေးနှုန်းရှိသော်လည်း အရောင်းအဝယ်မဖြစ်ဟု သိရသည်။ ပြည်တွင်း ကားထုတ်လုပ်ရေး လုပ်ငန်းများအနေဖြင့် ဂျစ်ကားထုတ်လုပ်မှု ယာယီရပ်ဆိုင်းထားပြီး အပေါ့စားကုန်တင်ယာဉ်ငယ်များသာ ထုတ်လုပ်မှုရှိသည်။
စစ်အစိုးရ ကားလေလံပွဲများ ဆက်တိုက်ကျင်းပနေခြင်းနှင့် လေလံပွဲများတွင် ကြမ်းခင်းဈေးနှင့် လေလံအောင်ဈေး နိမ့်ကျလာခြင်းက ကားဈေးနှုန်းကျဆင်းရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်ကြောင်း ကားဝယ်ရောင်းများနှင့် ပွဲစားများက ဆိုသည်။
"အစိုးရလေလံပွဲတွေက အပြင်လူတွေ အောင်တာနည်းပါတယ်။ အပြင်မှာ လူကြိုက်များတဲ့ကား၊ များများမြတ်နိုင်တဲ့ ကားတွေကို ကြိုပြီးလက်ဝါးရိုက်ထားတဲ့ သူတွေပဲ လေလံအောင်တာပါ။ ဒါပေမဲ့ လေလံကြမ်းခင်းဈေးနဲ့ လေလံအောင်ဈေးတွေက ကားဈေးကွက်ကို လာရိုက်တယ်။ လေလံပွဲတွေ ဆက်တိုက် လုပ်နေတာနဲ့ လေလံအောင်ဈေးတွေ နိမ့်နိမ့်သွားတာကြောင့်လည်း ကားဈေးတွေကျတာ ပါပါတယ်" ဟု ကားဝယ်ရောင်းတဦးက ပြောဆိုသည်။
ကားအမျိုးအစားတူ၊ မော်ဒယ်လ်တူ၊ အက္ခရာတူချင်း နောက်ဆုံး အရောင်းအဝယ်ဖြစ်သည့်ဈေးကို ပေါက်ဈေးအဖြစ် သတ်မှတ်သည့် ပြည်တွင်းကားဈေးကွက်တွင် ယခုကဲ့သို့ အရောင်းအဝယ်အေးနေခြင်းကြောင့် ဈေးနှုန်းများ ပိုမိုကျဆင်းနိုင်ဖွယ် အလားအလာရှိကြောင်း အများစုက ခန့်မှန်းနေကြသည်။
"အရင်က ဈေးကျရင် တကယ်စီးမယ့်သူရော၊ ဝယ်ရောင်းတွေက ကောက်တာရောနဲ့ အရောင်းအဝယ် ပြန်ဖြစ်တယ်။ အရောင်းအဝယ် ပြန်ဖြစ်တော့ ဈေးနည်းနည်း ပြန်မာလာတယ်။ ဒါ ပုံမှန်ပဲ။ အခုက ဈေးက ကျပြီးရင်း ကျဖြစ်နေတာလည်း အဝယ်မလိုက်ဘူး။ အရောင်းအဝယ် ဖြစ်တဲ့ဈေးကို ပေါက်ဈေး သတ်မှတ်တာဆိုတော့ အရောင်းအဝယ်မဖြစ်တော့ ဈေးက ဆက်ကျဦးမှာပဲ" ဟု ကားအရောင်းအဝယ် ကျွမ်းကျင်သူတဦးက ခန့်မှန်းသည်။
ကားဈေးနှုန်းများ ဆက်လက်၍ ကျဆင်းနေဆဲဖြစ်ခြင်းကြောင့် လုပ်ငန်းသုံးနှင့် အိမ်စီးရန် ကားဝယ်လိုသူများကလည်း ဝယ်ယူခြင်းမပြုဘဲ ဈေးကွက်အခြေအနေကို စောင့်ဆိုင်းနေကြသည်။
ကားဝယ်ရောင်းအများစုမှာလည်း ဈေးကွက်အတွင်းရှိ ကားများထက် လေလံအောင်ကားများကို အခွံချိန်း (လိုင်စင်မဲ့ကားများမှ အစိတ်အပိုင်းများဖြင့် လဲလှယ်ခြင်း) ထားသည့် ကားများကိုသာ ဝယ်ယူရန် ပိုမိုစိတ်ဝင်စားကြကြောင်း သိရသည်။
ဤသည်မှာ စစ်အစိုးရ လေလံပွဲများတွင် တိုက်ရိုက်လေလံဆွဲခြင်းနှင့် လေလံအောင်ထားသူများထံမှ တဆင့်ပြန်လည်ဝယ်ယူခြင်းဖြင့် ရရှိလာသော လေလံအောင် ကားများကို လိုင်စင်မဲ့ကားသစ်များ၏ အစိတ်အပိုင်းများနှင့် အစားထိုးလဲလှယ်ပြီးနောက် အသစ်အတိုင်း ဖြစ်သွားသည့် ကားများကိုသာ ဈေးကွက်အတွင်း ပိုမိုစိတ်ဝင်စားကြသောကြောင့် ဖြစ်သည်။
"လောလောဆယ် အရောင်းအဝယ် နည်းနည်းဖြစ်တာက လေလံအောင် အခွံချိန်းပြီးသား ကားတွေပဲ ခပ်ပါးပါး ဖြစ်တယ်။ ၂ဝဝဝ ခုနှစ်မော်ဒယ် တိုရိုတာ ကိုရိုလာဗင်ကို သိန်း ၃ဝဝ ကျော်လောက်နဲ့ လေလံဆွဲတယ်။ ပြီးတာနဲ့ ဝစ်သောက် (လိုင်စင်မဲ့ကား) တစီးဝယ် တစီးလုံး အသစ်ပြောင်းပြီး လိုင်စင်ဝင်လိုက်တယ်။ ကညန (ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန) မှာ လိုင်စင်ဝင်ပြီးတာနဲ့ အဲ့ဒီကားတွေက သိန်း ၆ဝဝ လောက် ဖြစ်သွားပြီ။ သူနဲ့ မော်ဒယ်လ်တူ အိမ်ကားတွေက သိန်း ၄၅ဝ နဲ့ ၅ဝဝ လောက်ပဲ ရှိပေမယ့် သူက တစီးလုံး အသစ်ဆိုတော့ ဝယ်လက်က ပိုကြိုက်တယ်" ဟု ကားဝယ်ရောင်းတဦးက လေလံကားများ ဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာပုံကို ရှင်းပြသည်။
"ကားဈေးဆက်တိုက်ကျနေတော့ ဝယ်မယ့်သူတွေက ထပ်ကျဦးမလား စောင့်နေကြတယ်။ အဲ့တော့ အရောင်းအဝယ် မဖြစ်တော့ဘူး။ လေလံတွေကလည်း ဆက်တိုက်ပစ်ဦးမယ့် အနေအထားရှိတယ်။ လားရှိုးတို့၊ တာချီလိတ်တို့မှာလည်း ဝစ်သောက်ကားတွေ ပြန်ဖမ်းတယ်။ ဖမ်းပြီးတာနဲ့ တန်းလေလံပစ်တယ်ဆိုတော့ လေလံပွဲတွေ ဆက်ရှိနေဦးမယ့်ပုံပဲ" ဟု ပွဲစားတဦးက သုံးသပ်သည်။
ရန်ကုန်မြို့၏ အဓိက ကားအရောင်းအဝယ် ဈေးကွက်ဖြစ်သည့် ဟံသဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ရောင်းလိုသည့် ကားများသာ များပြားနေသော်လည်း ဝယ်လက်မရှိဘဲ အရောင်းအဝယ်အေးနေသဖြင့် ကားဈေးကွက်ကို မှီခိုနေသည့် ကားပွဲစားများနှင့် ဝယ်ရောင်းများ တွက်ချေမကိုက် ဖြစ်နေသည်။
စီးပွားရေးကျွမ်းကျင်သူ ရန်ကုန်အခြေစိုက် ဂျာနယ်အယ်ဒီတာတဦးက "ကားဈေးကွက်က တကယ်ဖြစ်သင့်တဲ့ စီးပွားရေးဈေးကွက်တခု မဟုတ်ဘူး။ နိုင်ငံတကာမှာ ကားက ဝယ်ပြီးရင် ရှုံးမှာပဲ။ ကားတို့၊ ဖုန်းတို့ကို အစိုးရက မိုနိုပိုလီ (လက်ဝါးကြီးအုပ်) လုပ်ထားခဲ့လို့ ဒီလိုဈေးကွက်တွေ ဖြစ်လာတာ။ အခု အစိုးရက လက်ထဲမှာ ရှိသမျှ အကုန်ထုတ်ရောင်းနေတယ်။ နောက်ပြီး ကားပါမစ်ကန့်သတ်ချက်တွေ လျှော့ပေးပြီး သွင်းခွင့်ပေးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်။ အစိုးရက ကားဈေးကို အချိန်မရွေး ဖြုတ်ချလိုက်နိုင်တယ်။ မြန်မာပြည် ကားဈေးကွက်က သတိထားသင့်တဲ့ အနေအထားရောက်နေပြီ" ဟု သုံးသပ်ပြောကြားသည်။

ထိုင်း-မြန်မာ ကုန်သွယ်ရေးဇုံ အသစ် ဖွင့်လှစ်မည်

စိုင်းဇွမ်ဆိုင်း
တနင်္လာနေ့၊ မတ်လ ၀၁ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၈ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်း၊ မြန်မာ နယ်စပ်တခုဖြစ်သော မယ်ဟောင်ဆောင်ခရိုင်တွင် ကုန်သွယ်ရေး ဇုံအသစ်တခု ဖွင့်လှစ်မည် ဟု ချင်းမိုင်ကုန်သည်ကြီးများအသင်းမှ သိရသည်။
“အစိုးရအိမ်တော်မှာ ဝန်ကြီးများ အစည်းအဝေးတရပ် ကျင်းပခဲ့ပြီးတော့ ခွန်ရုံးနဲ့ ၈ဝ ကီလိုမီတာဝေးတဲ့ ဟွေတွန်နွန်း ဆိုတဲ့နေရာမှာ ကုန်သွယ်ရေးဇုန်အသစ်တခု တည်ဆောက်ဖို့ သဘောတူခဲ့ကြပါတယ်” ဟု ချင်းမိုင်ကုန်သည်ကြီးများအသင်း ဥက္ကဌ မစ္စတာ နာရောင် ခွန်ပရာဆတ် က မဇ္ဈိမသို့ ပြောသွားသည်။
ယင်း ကုန်သွယ်စခန်းသည် ကုန်းကြောင်း ကုန်သွယ်မှုအပြင် လေကြောင်းဖြင့်ပါ ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံကို ကုန်သွယ်မှုပေးမည်ဖြစ်သည်။ လေကြောင်းကုန်သွယ်မှုအတွက်ကိုမူ ဦးတေဇ၏ Air Bagan လေကြောင်းလိုင်းမှ ပူးပေါင်းပါဝင်မည်ဖြစ်သည်ဟု ဆိုသည်။
မစ္စတာ နာရောင် ခွန်ပရာဆတ်က “လေကြောင်း ကုန်သွယ်မှုကို ပထမဆုံး စတင်မှာဖြစ်ပြီးတော့ Air Bagan လေကြောင်းလိုင်းက ပူးပေါင်းပါဝင် ပါလိမ့်မယ်။ ကုန်းလမ်းအတွက်ကိုတော့ ဒီ ၂ဝ၁ဝ နှစ်ကုန် ပိုင်းမှာ ပျဉ်းမနားထိကို ကုန်စည်စီးဆင်းမှုအတွက် ကားလမ်း ဖောက်လုပ်ပါမယ်” ဟု ဆက်ပြောသည်။
အဆိုပါ ကားလမ်းသည် မယ်ဟောင်ဆောင်ခရိုင်မှတဆင့် လွိုင်ကော်၊ နေပြည်တော်၊ တောင်ကြီးနှင့် တောင်ငူ၊ ပြည်၊ သံတွဲ တို့ကို ဆက်သွယ် ဖောက်လုပ်ပေးမည်ဖြစ်သည်။
မြန်မာနှင့်ထိုင်းနိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးစခန်းများ ပိုမိုဖွင့်လှစ်ရန်၊ တရားမဝင် ကုန်သွယ်လမ်း ကြောင်းများ ပပျောက်စေရန်၊ နယ်စပ်ဒေသများ တည်ငြိမ်ရန်၊ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ပြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရန် ရည်ရွယ်ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
ကုန်သွယ်ရေးဇုံအသစ်တည်ဆောက်မည့် နေရာသည် မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP လှုပ်ရှားနေသော နယ်မြေတခုဖြစ်သည်။
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီမှ အတွင်းရေးမှုး ၁ ခူးဦးရယ်ကမူ ယခင်ကလည်း ကုန်သွယ်ရေးဇုန် တည်ဆောက် မည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ဖူးကြောင်း၊ သို့သော် တကြိမ်မျှ အကောင်အထည် မပေါ်ခဲ့ကြောင်း ပြောသွားသည်။
“ကုန်သွယ်ရေးလမ်းကြောင်း၊ သွားလာရေးလမ်းကြောင်းကလဲ အဲဒီလောက်ကြီး အဆင်ပြေတဲ့ နေရာမျိုး မဟုတ်ဘူးလေ။ ဒါပေမယ့် တနိုင်တပိုင် ရောင်းဝယ်တာမျိုးတွေတော့ ရှိတာပေါ့။ ကုန်သွယ်ရေးဇုန်ဆိုတဲ့ အဆင့်ရောက်ဖို့တော့ အများကြီးလိုဦးမှာပါ” ဟု သူက မဇ္ဈိမကို ပြောသည်။
သူကပင် ဆက်လက်၍ ယခုလိုမျိုး ကုန်သွယ်ရေးဇုန် တည်ဆောက်ခြင်းသည် ဒေသအတွင်းမှ လက်နက် ကိုင် အဖွဲ့များအား တနည်းတဖုံနှင့် ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်ဟု ဆက်လက် ပြောသွားသည်။
“ကျနော့်အမြင်ကတော့ အဲဒီမှာ ကုန်သွယ်ရေးဇုန်လုပ်တာဟာ လက်နက်ကိုင်အဖွဲ့တွေကို တနည်း တလမ်းနဲ့ ထိန်းချုပ်လိုက်တဲ့ သဘောပဲဗျ။ အဲဒါက ရာနှုန်းပြည့်မဟုတ်ရင်တောင်မှ ငါးဆယ်ရာခိုင်နှုန်းတော့ ပါဝင်ပါတယ်” ဟု ခူးဦးရယ်က ပြောသည်။
မြန်မာအရေး လေ့လာနေသူ အောင်သူငြိမ်းက မယ်ဟောင်ဆောင်ဒေသသည် ကုန်းတွင်းပိတ်ဒေသ တခုပုံစံ ဖြစ်နေသဖြင့် ကုန်သွယ်မှုတိုးမြှင့်ရန် ထိုင်းအစိုးရက ယခုလို စီစဉ်ခြင်းဖြစ်နိုင်သည်ဟု သူ၏ အမြင် ကို ပြောသွားသည်။
မယ်ဟောင်ဆောင်ဒေသမှတဆင့် မြန်မာနိုင်ငံသို့ တဆင့် အဝတ်အထည်၊ ဖိနပ်၊ ကော်ဖီဖျော်စက်များ တင်ပို့နေသော်လည်း တရားမဝင်လမ်းကြောင်းကို အသုံးများသဖြင့် သွင်းကုန်၊ ထုတ်ကုန် တန်ဖိုးများကို တွက်ချက်၍မရကြောင်း ချင်းမိုင်ကုန်သည်ကြီးများအသင်း ဥက္ကဌ ထံမှ သိရသည်။
သို့သော် ကုန်သွယ်ရေးဇုန်အသစ် တည်ဆောက်ပြီးပါက တရားဝင် နှစ်ဘက်ကုန်သွယ်မှု တန်ဘိုး ဘတ် သန်းတသောင်းကျော် ရရှိမယ်ဟု သူက ခန့်မှန်းသည်။

(ကိုဝိုင်းတည်းဖြတ်သည်)