မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 2 maart 2010

ကေအိုင်အိုက စစ်ရေးအသင့်ပြင်

ဖနိဒါ
အင်္ဂါနေ့၊ မတ်လ ၀၂ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၀၈ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေး ဖိအားပေးခြင်းခံနေရသော ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အနေဖြင့် စစ်ရေးအတွက်လည်း ပြင်ဆင်ထားကြောင်း စုံစမ်းသိရှိရသည်။
ရွေးကောက်ပွဲမတိုင်မီ တပ်မတော်လက်အောက်သို့သွတ်သွင်းမည့် အစီအစဉ်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အကြောင်းပြန်ရင် အပစ်ခတ်ရပ်ကချင်အဖွဲ့ကြီးသို့ စစ်အစိုးရ၏ ညှိနှိုင်းရေးသမား စစ်ဘက်ရေးရာလုံခြုံရေး အကြီးအကဲ ဒု ဗိုလ်ချုပ်ကြီးရဲမြင့်က သတ်မှတ်ထားခဲ့သော်လည်း ကေအိုင်အိုက တုံ့ပြန်မှုမပြုဘဲ ရှိနေသည်။
နအဖ အား မည်သို့တုန့်ပြန် ဖြေကြားမည်ကို ဆုံးဖြတ်နိုင်ရန် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ယမန်နေ့မှ စ၍ ဗဟိုအလုပ်အမှုဆောင်အပါအဝင် စုစုပေါင်း ၃ဝ ဦးဖြင့် အစည်းအဝေး ကျင်းပနေသည်။
“ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအဖွဲ့တွေ ဆွေးနွေးတဲ့ အစည်းအဝေး ပေါ့နော်။ အစိုးရကို ဘယ်လို အဖြေပေးမယ်ဆိုတာ ဆွေးနွေးကြတယ်” ဟု KIO ဗဟိုကော်မတီဝင် တဦးက ပြောသည်။
နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ကြိုးစားနေသလို တဖက်ကလည်း အဆိုးဆုံးအခြေအနေကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားကြသည်။
“ကျနော်တို့က လုံခြုံရေးက အဆင်သင့်ပဲ။ အနောက်ဘက်ဆိုရင် ဟူးကောင်းဒေသ၊ အိန္ဒိယနယ်စပ် ထိ။ အရှေ့ဘက် တရုတ်နယ်စပ်ထိ။ မြောက်ဘက် တိဘက်ထိ၊ တောင်ဘက်ဆိုရင် ကချင်ပြည်နဲ့ မြန်မာပြည် နယ်စပ်ထိပဲ” ဟု အမည်မဖော်လိုသူ ကေအိုင်အို၏ တပ်ဖြစ်သော ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့က ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်၊ မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့နှင့် KIO တို့အကြား နယ်ခြားစောင့်တပ်ကိစ္စဆွေးနွေးရန် မြစ်ကြီးနားတွင် ၁၁ ကြိမ်မြောက် တွေ့ဆုံခဲ့သည်။
နယ်ခြားစောင့်တပ်အစား ကချင်ဒေသလုံခြုံရေးတပ် KRGF အဖြစ် ဖွဲ့လိုကြောင်း၊ အခြားဌာနဆိုင်ရာ များလည်း ပူးပေါင်းလိုကြောင်း KOI က တင်ပြထားသည်။ ထို့အပြင် နအဖ အနေဖြင့် ၁၉၄၇ ခု ပင်လုံ စာချုပ်ပါ “တိုင်းရင်းသား တန်းတူအခွင့်အရေး” အချက်ကို လက်ခံလျှင် လက်နက်စွန့်မည်ဟုပင် ထုတ်ဖော်ထားသည်။
နယ်ခြားစောင့်တပ်အရေး စစ်အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးရန် KIO အတွင်း ဒု-ဥက္ကဋ္ဌ ဂေါင်ရီ ဇော်ဆိုင်း ဦးဆောင်ကာ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဗိုလ်မှူးကြီး ဆွမ်းလွတ် ဂွမ်မော်၊ ဗိုလ်မှူးကြီး လဖိုင်လှ၊ ဗိုလ်ကြီး ဂျီနောင်နီ စသည့် ၅ ဦးကော်မတီတခုဖွဲ့စည်းထားသည်။
၁၉ ၉ ၄ ခုနှစ်တွင် ချုပ်ဆိုခဲ့သော အပစ်ခတ်ရပ်စဲမှု သဘောတူညီမှုအပြီး ကေအိုင်အေနှင့် ၎င်းတို့နှင့်ပတ်သက်သော လူမှုအဖွဲ့အစည်းများကို မြန်မာပြည်မြောက်ဖျားပိုင်းဒေသအများကို ထိန်းချုပ်ခွင့် စစ်အစိုးရက ခွင့်ပြုခဲ့သည်။
ဒေသတွင်းရှိ ကျောက်စိမ်းတွင်းများ၊ ရွှေတွင်းများ၊ သစ်လုပ်ငန်းများမှ အခွန်အခများရရှိခဲ့သလို ဒေသခံများအတွက် လျှပ်စစ်မီးပေးဝေခြင်း၊ လမ်းဖောက်၊ စာသင်ကျောင်းများဆောက်လုပ်ခြင်း၊ ဆေးပေးခန်းများ ဖွင့်လှစ်ပေးခြင်း ကချင်အဖွဲ့က ပြန်လည်လုပ်ပေးခဲ့သည်။
အခုအချိန်မှာတော့ စစ်သားစုဆောင်းခြင်း၊ စစ်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းများကိုလည်း တဖက်က ပြုလုပ်ပြင်ဆင်နေရသည်။
အပစ်ရပ်လက်နက်ကိုင်အဖွဲ့များအား နယ်ခြားစောင့်တပ်အသွင်သို့ ပြောင်းနိုင်ရန် စစ်အစိုးရက ကြိုးစားနေသည်မှာ ၁ဝ လကြာသော်လည်း KIO ၊ UWSA၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S၊ မွန်ပြည်သစ်ပါတီ NMSP နှင့် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ ခေါ် မိုင်းလားအဖွဲ့ တို့က ယခုထိ ငြင်းဆိုနေဆဲ ဖြစ်သည်။

(ကိုဝိုင်း တည်းဖြတ်သည်)

ဟန်ထိုင်း သိုးမွှေးစက်ရုံက အလုပ်သမားတိုက်ပွဲ

သီဟဟိန်း
အင်္ဂါနေ့၊ မတ်လ ၀၂ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၅၂ မိနစ် .
မဲဆောက်ကနေ အရှေ့တောင်ဘက်ကို စက်ဘီးနဲ့ နာရီဝက်ကျော် တနာရီနီးပါးလောက် နင်းလိုက်ရင် မယ်ကု ဆိုတဲ့ ရွာကြီးကို ရောက်ပါပြီ။ အဲဒီရွာကြီးနားမှာလည်း သိုးမွှေးစက်ရုံတွေ ရှိပါတယ်။ ဟန်ထိုင်း၊ ထိုင်းစန်း၊ အေစီအာ၊ အက်စ်အာ စတဲ့ ရုံတွေပါ။ ကျနော် အခုတင်ပြမှာကတော့ ဟန်ထိုင်း (Hang Thai Knitting) သိုးမွှေးစက်ရုံအကြောင်းပါ။
စက်ရုံရဲ့ လိပ်စာက အမှတ် ၆ဝ၈၊ ၇ ရပ်ကွက် မယ်ကုရွာ ဖြစ်ပါတယ်။ စက်ရုံစဖွင့်တာ ၁၉၉၆ ခုနှစ်ကတည်းကပါ။ စဖွင့်တဲ့အချိန်တုန်းကတော့ အလုပ်သမား ၃ဝဝဝ ကျော်ရှိပါတယ်။ လက်ရှိမှာတော့ အလုပ်သမား ၁၅ဝဝ လောက်ပဲ ရှိပါတော့တယ်။ မိန်းကလေးက များပါတယ်။ ယောက်ျားလေး ၂ဝဝ ကျော်လောက် ပဲရှိပါတယ်။ လက်ရှိသူဋ္ဌေးကို အလုပ်သမားတွေက အဘင် လို့ ခေါ်ပါတယ်။ အရင်တုန်းက သူ့အဖေရဲ့ စက်ရုံကို သူက ဆက်လက်လုပ်ကိုင်တာပါ။ နိုင်ငံခြားသား တရုတ်လူမျိုးတဦးပါ။
စက်ရုံကကြီးတော့ အခြားစက်ရုံတွေထက် အလုပ်ဌာနတွေလည်း ပိုများပါတယ်။ လျှော်စက်၊ မီးပူတိုက်တာတွေအပြင် မော်တာနဲ့ တံဆိပ်ကပ်ပြီး ပါကင်ထုပ်တာတွေလည်း ပါ,ပါတယ်။ စက်ရုံမန်နေဂျာက ထိုင်းလူမျိုးဖြစ်ပြီး မြန်မာလူမျိုး လူမှုရေးမန်နေဂျာ၊ အဆောင်မှူး၊ ဆရာဆရာမတွေ ခန့်ထားပါတယ်။ သူတို့ကိုတော့ သူဋ္ဌေးက အခွင့်အရေး အပြည့်အဝ ပေးထားပါတယ်။ တိုက်ခန်းနဲ့ နေရတဲ့အပြင် အဝတ်လျှော်စက်တို့၊ ကာရာအိုကေတို့ကိုပါ ထားပေးပါတယ်။
ဒါ့အပြင် အလုပ်သမားတွေအပေါ် မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံခွင့်တွေ ပေးထားပါတယ်။ အလုပ်သမားတွေနဲ့ ခွဲခြားဆက်ဆံတဲ့ သဘောပေါ့။ အလုပ်သမားတွေကိုတော့ အရှည်ပေ ၃ဝ ၊ အကျယ် ၁၂ ပေလောက်ရှိတဲ့ အခန်းထဲမှာ လူ ၂ဝ လောက် ထားပါတယ်။ နှစ်ထပ်လုပ်ပေးထားပါတယ်။ အောက်ထပ်က လူငုတ်တုပ်ထိုင်ရင် လွတ်ရုံလောက်လေးပါ။ အိမ်ထောင်သည်တွေအတွက် ၈ ပေ၊ ၁ဝ ပေ ပတ်လည်လောက်ရှိတဲ့ အခန်း ကာပေးထားပါတယ်။
အခြားစက်ရုံတွေလိုပဲ ထမင်း တနေ့ကို ၃ ကြိမ်ပေးပါတယ်။ ဟင်းက ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပေါ့။ တပတ်မှာ တနင်္ဂနွေ တရက်ပဲ ည ၁ဝ နာရီကျော်မှ ဟင်းချက်ခွင့် ပေးထားပါတယ်။ မီးသွေးတို့၊ ထင်းမီးတို့ သုံးခွင့် မရှိပါဘူး။ လူ ၁၅ဝဝ အတွက် ပလပ်ပေါက် ၂၄ ခု ထားပေးပါတယ်။ အဲဒီမှာ အလှည့်ကျချက်ရပါတယ်။ ကျန်တဲ့ ရက်တွေ ချက်ခွင့်မရှိပါဘူး။
စက်ရုံရဲ့ အလုပ်ချိန်ကတော့ မနက် ၈ နာရီကနေ ည ၉ နာရီအထိပါ။ (နေ့လည် ၁၂ နာရီနဲ့ ညနေ ၅ နာရီ ထမင်းစားလွှတ်)။ အလုပ်အရေးကြီးရင် ကြီးသလို ၂ ညအိပ် ၃ ရက် လုပ်ရတာတာတွေလည်း ရှိပါတယ်။ အချိန်ပို လုပ်အားခ မရပါဘူး။ အဲလို ပင်ပင်ပန်းပန်း လုပ်ရပေမယ့်လည်း နောက်နေ့တွေ ပုံမှန်အတိုင်း အလုပ်ဆင်းရပါတယ်။ စက်ရုံထဲမှာ သူ့ဌာနနဲ့သူ လိုင်းဆရာတွေက အလုပ်ဆင်းတဲ့သူတွေ စာရင်းကောက်ပေးရပါတယ်။ လစာထုတ်ရက်က လစဉ် ၁ဝ ရက်နေ့ပါ။ ဒါဇင်ပိတ်တာက ၂၅ ရက်နေ့။ ရက်ပေါင်ကြေး ၁၅ ရက် ယူထားပါတယ်။ စက်ရုံအလုပ်သမားတိုင်း စက်ရုံယူနီဖောင်း ဝတ်ရပါတယ်။ စက်ရုံက နှစ်စုံထုတ်ပေးပါတယ်။ တစုံ ကိုယ့်ဟာကိုယ် ဝယ်ရပါတယ်။ အလုပ်သမားတွေက ယူနီဖောင်း အဝါရောင်၊ ဆရာ/ဆရာမတွေက အပြာရောင်ဖြစ်ပြီး QC (Quality Control) တွေက မိုးပြာရောင် ဝတ်ရပါတယ်။
လစဉ် လစာထုတ်ပြီး နောက်တနေ့တရက်ပဲ ပိတ်ပေးပါတယ်။ တနင်္ဂနွေနေ့တွေကိုတော့ အလုပ်ဆင်းရပါတယ်။ ဒါပေမဲ့ ယူနီဖောင်းဝတ်စရာ မလိုပါဘူး။ လွတ်လပ်ခွင့် ပေးထားပါတယ်။ မန်နေဂျာနဲ့ ခွင့်တိုင်ပြီး အပြင်သွားလို့လည်း ရပါတယ်။ တနင်္ဂနွေနေ့ကို အလုပ်မခိုင်းဘူးဆိုတဲ့ သဘောမျိုးပေါက်အောင် လုပ်ထားတာပါ။ မဆင်းလို့လည်း မရပါဘူး။ လိုင်းဆရာတွေ စာရင်းကောက်တဲ့အချိန်မှာ မရှိတဲ့ရက်များရင် အလုပ်ပြုတ်ပါတယ်။ ပါကင်ထုပ်၊ ချည်ရစ်၊ ဘွိုင်လာမီးထိုး စတဲ့ နေရာတွေမှာ အလုပ်သမားတွေကို နေ့စားခိုင်းပါတယ်။ ဘွိုင်လာကတော့ မီးပူတိုက်ဖို့အတွက် ရေနွေးငွေ့ရအောင် လုပ်တာပါ။ တချို့စက်ရုံတွေမှာ ဂက်စ်နဲ့ သုံးပါတယ်။
နေ့စားအလုပ်သမားတွေကို မနက် ၈ နာရီကနေ ည ၉ နာရီအထိကို တနေ့ ဘတ် ၆ဝ ကနေ ၈ဝ ထိ ပေးထားပါတယ်။ တခြား အလုပ်သမားတွေက ဒါဇင်စားပါ။ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ရပါတယ်။ အလုပ်ကောင်းတဲ့လတွေ (အထက်မှာ ပြောခဲ့သလို ၂ ညအိပ် ၃ ရက် လုပ်ရတဲ့ လတွေ) မှာ အလုပ်ကျွမ်းကျင်တဲ့ သူတွေကတော့ ၅ ထောင်၊ ၆ ထောင်လောက် ထိရကြပေမယ့် ၂ဝဝဝ၊ ၃ဝဝဝ လောက်ရတဲ့သူတွေလည်းရှိပါတယ်။ အခြားစက်ရုံများနည်းတူ အလုပ်မရှိတဲ့လတွေ လည်း ရှိပါတယ်။ အလုပ်သမားလက်မှတ်မရှိတဲ့သူတွေကို ရဲကြေးဆိုပီး တလ ၂ဝဝ ဖြတ်ပါတယ်။ လက်မှတ်ရှိတဲ့သူ တွေကိုတော့ တလ ၄ဝဝ ဘတ်ဖိုးကျေတဲ့အထိ ဖြတ်ပါတယ်။
လက်ရှိသူဋ္ဌေးရဲ့ အဖေ လက်ထက်ကတည်းက အလုပ်လုပ်လာတဲ့ သူတဦးကဆို ''ကျနော်တို့ အလုပ်စဝင်တာ ၁၉၉၆ ကပါ။ မြန်မာပြည်က တက်လာကာစဆိုတော့ စက်ဆွဲမတတ်သေးပါဘူး။ အဲဒီအချိန်မှာ မတတ်သေးတဲ့အတွက် သူဋ္ဌေးက တနေ့ကို ဘတ် ၅ဝ ပေးထားပါတယ်။ ဟင်းဖိုးလည်း ၁ဝ ဘတ် ပေးပါသေးတယ်။ အဲဒီလို ၃ လလောက် ပေးထားပါတယ်။ အလုပ်ချိန်ကတော့ မနက် ၈ နာရီကနေ ည ၁၁ နာရီအထိပါ။ စနေဆို ည ၉ နာရီအထိ။ တနင်္ဂနွေဆို ညနေ ၅ နာရီအထိ ပုံမှန်ဆင်းရတယ်'' လို့ ပြောပါတယ်။
''အလုပ်သမားလက်မှတ်လည်း လုပ်စရာမလိုတော့ သူ့အတွက် ကုန်စရာမလိုဘူး။ စဝင်တုန်းက လူ ၅ဝဝ လောက်ပဲ ရှိပါတယ်။ ရုံကလည်း သေးသေးလေးပါ။ အဲဒီတုန်းက ဒါဇင်ဈေး ကောင်းတော့ အသင်တောင်မှ တလကို ဘတ် ၄ဝဝဝ လောက် ရတယ်။ ကျနော်တို့ဆို လင်မယားနှစ်ယောက်လုပ်တာ ဒီမှာလည်း စားချင်တိုင်းစား၊ သုံးချင်တိုင်း သုံးပြီးတဲ့အပြင် မြန်မာပြည်ကိုလည်း မြန်မာငွေ ၃ဝဝဝဝ (သုံးသောင်း) လောက် ပို့နိုင်သေးတယ်။ အဲလို ပို့ပြီးတာတောင် တလကို ရွှေငါးမူးသားလောက် စုမိတယ်။ အဲဒီအချိန်မှာ ရွှေတကျပ်သားကို ဘတ် ၄ဝဝဝ ကျော်လောက်ပဲ ရှိတယ်။ ကျနော်တို့ရုံက ဖွင့်စဆိုတော့ အလုပ်လည်းကောင်း၊ ဒါဇင်ဈေးလည်း ကောင်းတော့ စက်ရုံမှာ အလုပ်ဝင်ချင်တဲ့သူတွေ တန်းစီနေတာပဲ။ စက်ရုံဝမှာ ထိုင်ကိုစောင့်နေကြတာ။ နောက်ပိုင်းမှာ လုပ်ခတွေကလည်း နည်းလာတယ်။ ဟင်းဖိုးကလည်း ဟိုတုန်းက ဟင်းတထုပ်ကို ၃ ဘတ်ပဲ ပေးရတယ်။ အခု ၅ ဘတ်၊ ၆ ဘတ်။ အလုပ်သမားလက်မှတ်အတွက်လည်း ကုန်သေးတယ်ဆိုတော့ တလကို ၁၅ဝဝ လောက်ရဖို့အတွက် မနည်းစုရတယ်။ အလုပ်မရှိရင်တော့ သွားပြီပေါ့" ဟု ၁၃ နှစ်လောက် လုပ်ခဲ့တဲ့ သူက ဆိုပါတယ်။
အလုပ်သမားတွေလည်း ကျေနပ်တာရှိသလို၊ မကျေနပ်တာတွေလည်း ရှိကြပါတယ်။ ၂ဝဝ၈ ခုနှစ် ၁၁ လပိုင်းမှာတော့ သူဋ္ဌေးက အလုပ်သမားတွေကို ဖောင်ဖြည့်ခိုင်းပါတယ်။ အဲဒီဖောင်ကလည်း အလုပ်သမားအသစ်ငှားတဲ့ စာချုပ်ပါ။ နှစ်တွေ ဘယ်လောက်ကြာကြာလုပ်ခဲ့တဲ့ အလုပ်သမားပဲဖြစ်ဖြစ် စာချုပ်အသစ် ချုပ်ခိုင်းပါတယ်။ အဲဒီစာချုပ်အရ အလုပ်သမားတွေကို ၁၁၉ ရက် အစမ်းခန့်တာဖြစ်ပြီး သူဋ္ဌေးက မကြိုက်ရင် အလုပ်ဖြုတ်မှာပါ။ အဲဒီမှာ အလုပ်သမားတွေက မခံနိုင်တော့ပါဘူး။ အဲဒီစာချုပ်မှာ တခြားမတရားတာတွေလည်း ပါပါတယ်။ အလုပ်သမားတွေ လက်မှတ် မထိုးကြပါဘူး။
အဲဒီလိုနဲ့ အလုပ်လုပ်လာခဲ့ကြတာ စက်ရုံလိုင်းဆရာတွေရဲ့ ညစ်ပတ်မှုနဲ့ အလုပ်သမား ၂၉ ယောက်ကို အလုပ်ဖြုတ်ဖို့ လုပ်ပါတယ်။ အဲဒီ ၂၉ ယောက်က အလုပ်သမားရေးတွေလုပ်လို့၊ အလုပ်သမားတွေကို လက်မှတ် မထိုးဖို့ စည်းရုံးလို့ ဆိုပြီး လုပ်တာပါ။ သူတို့ကို ရုံးခန်းထဲခေါ်ပြီး မြဝတီကတဆင့် နေပြည်တော်အထိပါ ပို့မယ်လို့ ပြောတာပါ။ အဲဒီအချိန်မှာ စက်ရုံမှာရှိတဲ့ အလုပ်သမားအကုန်လုံးက မကျေနပ်လို့ဝိုင်းပြီး ဆန္ဒပြကြတာပါ။ တရုံလုံး ပါလာတဲ့အတွက် သူဋ္ဌေးက အလျှော့ပေးလိုက်ရပါတယ်။ အဲဒီအလုပ်သမား ၂၉ ယောက်ကို ရုံးခန်းထဲမှာ တနေကုန် ခေါ်ထားပါတယ်။
အဲဒီအခြေနေတွေကို မြင်တွေ့ခဲ့ရတဲ့ အလုပ်သမတဦးကတော့ ''အဲဒီ ၂၉ ယောက်မှာ ဘာအပြစ်မှ မရှိပါဘူး။ သူတို့ တမင် အလုပ်ဖြုတ်ချင်လို့ လုပ်တာပါ။ ရုံးခန်းထဲမှာ ခေါ်ထားပြီး ထမင်းလည်း မကျွေးဘူး။ အဲဒါကို အလုပ်သမားတွေက မခံနိုင်လို့ဝိုင်းပြီး ဆန္ဒပြကြတာပါ။ မဲဆောက်မှာရှိတဲ့ ဌာနပေါင်းစုံ လာပါတယ်။ ရဲတွေကော အချုပ်ကားတွေပါ ပါ,ပါတယ်။ မိန်းကလေးတွေက အချုပ်ကားနားမှာ ပိတ်ပြီး ရပ်နေကြပါတယ်။ အဲဒီ ၂၉ ယောက်ကို ဖမ်းရင် မိန်းကလေးတွေ အားလုံးလည်း အချုပ်ကားပေါ် တက်ကြဖို့ပါ။ အဲဒီလို ရုတ်ရုတ်သဲသဲ ဖြစ်နေတုန်း ကျမတို့အထဲက ထိုင်းစကားတတ်တဲ့ သူတယောက်ကို ထိုင်းစစ်သားက မေးတယ်။ မေးတော့ သူက စာချုပ်အသစ် ချုပ်တာကို အလုပ်သမားတွေ လက်မှတ်မထိုးကြလို့ အခုလို ဖြစ်တာပါလို့ ပြန်ရှင်းပြတော့… အဲဒီစစ်သားက သူတို့ အဲဒီအကြောင်းကို မသိကြောင်း၊ သူတို့က စက်ရုံမှာ အလုပ်သမားတွေ သောင်းကျန်းနေတယ်ဆိုလို့ လာရတာပါ။ သူတို့ရောက်လာချိန်မှာ အဲလိုမဟုတ်ဘဲ သူဋ္ဌေး ညစ်ပတ်တာကို သိသွားတော့ မင်းတို့ စက်ရုံရဲ့ ပစ္စည်းတွေကို ဘာတခုမှ မဖျက်ဆီးပါနဲ့၊ ကျန်တဲ့ အခွင့်အရေးတွေ မင်းတို့ အေးအေးဆေးဆေး တောင်းဆိုကြပါဆိုပြီး ပြန်သွားတယ်။ သူဋ္ဌေးလည်း အလျှော့ပေးလိုက်ရတယ်" ဆိုပြီး ပြောပြပါတယ်။ အဲဒီအလုပ်သမား ၂၉ ယောက်စလုံးဟာ ဘတ် (အလုပ်သမား လက်မှတ်) ကိုင်ဆောင်ထားသူတွေ ဖြစ်ပါတယ်။
သူဋ္ဌေးလည်း သူလုပ်ချင်တာ မလုပ်လိုက်ရတော့ ဘယ်ကျေနပ်မလဲ။ အလုပ်သမားတွေလည်း ပုံမှန် အလုပ်ပြန်ဆင်းကြပါတယ်။ သူဋ္ဌေးကတော့ သူ့ရဲ့စာချုပ်မှာ အလုပ်သမားတွေ လက်မှတ်ထိုးအောင် အကြံထုတ်နေတာပေါ့။ အချို့အလုပ်သမားတွေကို ဆရာ/ဆရာမတွေကတဆင့် စည်းရုံးသိမ်းသွင်းတဲ့ အတွက် အရင်လောက် လူမညီတော့ပါဘူး။ တချို့လည်း အလုပ်ပြုတ်မှာ ကြောက်ကြပါတယ်။ အဲဒီလို အားနည်းနေချိန်မှာ သူဋ္ဌေးက စာချုပ်အသစ်ကို လက်မှတ်မထိုးတဲ့သူတွေ အပြင်မှာနေပါ၊ နေ့စားခအဖြစ် ထိုင်းနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း တရက်ကို ၁၅၁ ဘတ်ပေးမယ်၊ ကိုယ့်ဟာကိုယ် နေရမယ်၊ စာချုပ်ကို လက်မှတ်ထိုးမယ့် သူတွေကတော့ အရင်အတိုင်း နေခွင့်ပြုတယ်ဆိုပြီး ပြောလာပါတယ်။ အဲဒီမှာ လက်မှတ်မထိုးတဲ့ အလုပ်သမား ၂၉ဝ ကျော်လောက် အပြင်ရောက်သွားပါတယ်။ ဘတ်မရှိတဲ့ သူတွေကိုတော့ သူဋ္ဌေးက မောင်းထုတ်လိုက်ပါတယ်။ အဲဒီနေ့ ညနေ ၅ နာရီကျော်လောက်မှာ ဘတ်မရှိတဲ့ အလုပ်သမားတွေ ပြန်သွားရပါတယ်။
အပြင်ထွက်တဲ့ ၂၉ဝ ကျော်ထဲကလည်း ၁ဝ ယောက်လောက်က မြန်မာပြည် ပြန်သွားပါသေးတယ်။ ၂၇-၁- ၂ဝဝ၉ ရက်နေ့ကစပြီး ကျန်တဲ့သူတွေ အပြင်မှာ ကိုယ့်အစီအစဉ်နဲ့နေပြီး အလုပ်တက်ရပါတယ်။ အလုပ်တက်ရင် ကားခ အသွားအပြန် ၁ဝ ဘတ် ပေးရပါတယ်။ သူဋ္ဌေးကလည်း ညစ်ပတ်တာပေါ့။ စနေ၊ တနင်္ဂနွေဆို အပြင်က အလုပ်ဆင်းတဲ့ သူတွေကို အလုပ်ပိတ်တယ်။ လုပ်အားခတွေ ပိုပေးရမှာ စိုးတဲ့အတွက်ပါ။ အလုပ်မရှိတဲ့ရက်က များပါတယ်။ အလုပ်မရှိတဲ့ရက်ဆို အလုပ်သမား ဥပဒေအတိုင်း တနေ့ကို တနေ့တာ လုပ်အားခရဲ့ ၇၅ ရာခိုင်နှုန်း ၁၁၃ ဘတ် ပေးပါတယ်။ အဲဒီနှုန်းကလည်း ၂ဝဝ၈ မှာ ပြန်ပြင်ထားတဲ့ ဥပဒေပါ။ အရင်ကဆို တနေ့တာ လုပ်အားခရဲ့ တဝက်ပဲရပါတယ်။ သိပ်ကြာကြာ အလုပ်မဆင်းလိုက်ကြရပါဘူး။ ၂၄-၂-၂ဝဝ၉ ရက်နေ့မှာ အဲဒီအလုပ်သမား ၂၉ဝ လောက်ကို အလုပ်ဖြုတ်လိုက်တော့တာပါပဲ။ အလုပ်ဖြုတ်ကြောင်းကို အလုပ်သမတဦးက ခုလိုပြောပြပါတယ်။ ''ကျမတို့ အပြင်ကနေ အလုပ်ဆင်းနေတဲ့လူတွေကို အလုပ်ဖြုတ်လိုက်ကြောင်း စက်ရုံမှာ စာကပ်ထားပါတယ်။ တိုင်ချင်တဲ့နေရာ တိုင်နိုင်တယ်လို့လည်း ပြောတယ်။"
အဲဒါနဲ့ အပြင်မှာနေတဲ့ အလုပ်သမား ၂၉ဝ ကျော်ဟာ B.L.S.O (Burma Labor Solidarity Organization) ရဲ့ အကူအညီနဲ့ ဆဝါဒီကန်ရုံးမှာ တိုင်ချက်ဖွင့်နိုင်ခဲ့ပါတယ်။ B.L.S.O ကလည်း ဒီအမှုနဲ့ပတ်သက်ပြီး ၂၅-၂-၂ဝဝ၉ နေ့မှာ ထုတ်ပြန်ကြေညာချက် ထုတ်ပါတယ်။ အဲဒီ ကြေညာချက်တစိတ်တပိုင်းမှာ… "ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်ရှိ အကြီးဆုံး စက်ရုံတခုဖြစ်သည့် ဟန်ထိုင်းသိုးမွှေးစက်ရုံ (HANG THAI KNITTING INDUSTRIAL Co., LTD.) မှ အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် တိုက်ပွဲဝင်နေကြသည့် အလုပ်သမား ၂၉၃ ယောက်ကို အကြောင်းမရှိ ဥပဒေမဲ့စွာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အလုပ်မှ ထုတ်ပစ်ခဲ့ပါသည်။ ဟန်ထိုင်းစက်ရုံမှ ကြေညာချက်တွင် ပါရှိသည့် စီးပွားရေးပြဿနာ၊ အော်ဒါပျက်ကွက်၍ ကုန်ထုတ်လုပ်ရာတွင် အခက်အခဲရှိခြင်း၊ အလုပ်သမားများ အလုပ်လုပ်ရာတွင် အရည်အသွေး မပြည့်ဝခြင်း စသည့် အကြောင်းရင်းများသည် မခိုင်လုံသော၊ တရားဥပဒေမဲ့သော အကြောင်းရင်းများသာ ဖြစ်သည်။ အဓိက အကြောင်းအရင်းမှာ အလုပ်သမားအများစုသည် နှစ်ရှည်လများ စက်ရုံ၏ ဖိနှိပ်အုပ်ချုပ်မှု၊ အလုပ်သမား အခွင့်အရေး အပြည့်အဝ မရရှိခြင်း၊ လုပ်အားခနည်းခြင်း၊ OT ကြေး မရရှိခြင်း၊ အားလပ်ရက် မရှိခြင်း၊ တနေ့တာ အလုပ်ချိန်များပြားခြင်း စသည့် အကြောင်းအရင်းများကြောင့် အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြသော အလုပ်သမားများသာလျှင် ဖြစ်သည်" လို့ ပါရှိပါတယ်။
၃၊ ၄ လလောက် အကြာမှာတော့ ဆဒါဒီကန်ရုံးက အမိန့်ကျလာပါတယ်။ ဆဝါဒီကန်ရုံးရဲ့ အမိန့်ကို အလုပ်သမားတဦး ပြန်ပြောပြတာက ''သူဋ္ဌေးက အလုပ်သမားတွေကို သက်ညှာတဲ့အနေနဲ့ အလုပ်ခိုင်းထားတယ်။ နေ့စားခလည်း ပေးထားလို့ လျှော်ကြေးပေးစရာမလို" လို့ ရေးထားတဲ့အကြောင်း ပြောပြပါတယ်။ ဒါနဲ့ တိုက်ပွဲဝင် အလုပ်သမားတွေ အကုန်လုံး မကျေနပ်ကြလို့ L.L.C. (Labor Law Clinic) မှာ ဆက်ပြီး တိုင်ချက်ဖွင့်ကြပါတယ်။
ခုချိန်မှာတော့ ဟန်ထိုင်းစက်ရုံဟာ အထက်က ဆန္ဒပြပွဲမှာ မပါဝင်ဘဲ ဆက်လက်လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်သမားတွေကို လျှော်ကြေးမပေးဘဲ စက်ရုံပိတ်လိုက်ကြောင်းနဲ့ ၁ဝ-၂-၂ဝ၁ဝ နောက်ဆုံးထားပြီး စက်ရုံကနေ ထွက်ခွာပေးဖို့ ဖိအားပေးနေကြောင်း သိရပါတယ်။ စက်ရုံပိတ်လိုက်ပုံနဲ့ ပတ်သက်လို့ အဲဒီစက်ရုံမှာ လုပ်ခဲ့ဖူးတဲ့ အလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ ကိုဝဏ္ဏက ''သူဋ္ဌေးရဲ့ လူယုံဖြစ်တဲ့ မသင်းသင်းစိုးက ဒီစက်ရုံသူဋ္ဌေးက အခြားစက်ရုံသူဋ္ဌေးကို လွှဲလိုက်ပြီးဖြစ်လို့ ၂ဝ၁ဝ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ကစပြီး အလုပ်သမား အားလုံး စက်ရုံက ထွက်ခွာပေးရမယ်လို့ အလုပ်သမားအားလုံးကို ကြေညာတယ်.." လို့ ပြောပြပါတယ်။
ထိုင်းနိုင်ငံမှာတင်မကဘဲ၊ နိုင်ငံတကာမှာ ရောက်နေကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအပြင် ကိုယ့်နိုင်ငံ၊ ကိုယ့်အစိုးရနဲ့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ အလုပ်လုပ်နေရတဲ့သူတွေ ကိုယ်တိုင်တောင်မှ အလုပ်သမား အခွင့်အရေးတွေ အပြည့်အဝမရ၊ လုပ်ခလစာတွေ အရမ်းနည်းတဲ့အတွက် အခုရက်ပိုင်းအတွင်းမှာ ဆန္ဒပြမှုတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်နေတာတွေကို အင်တာနက် သတင်းတွေကတဆင့် သိရှိရတဲ့အခါ ကျနော်တို့လို အလုပ်သမား လူတန်းစားတွေအတွက် အခွင့်အရေးဆိုတာ ကိုယ်ကိုယ်တိုင် တိုက်ယူရမယ့် အရာပါလားလို့ တွေးနေမိပါတော့တယ်။

တောင်သူလယ်သမားများ တိုးတက်မှုမရှိဟု ရခိုင်ဒီမိုပါတီပြော

စိုင်းဇွမ်ဆိုင်း
အင်္ဂါနေ့၊ မတ်လ ၀၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၄၃ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ ခေါင်းဆောင်က မြန်မာနိုင်ငံတွင် တောင်သူလယ်သမားများဘဝ တိုးတက် မြင့်မားလာပြီ ဆိုခြင်းကို အတိုက်အခံ နိုင်ငံရေးပါတီ ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပယ်ချ လိုက်သည်။
ယနေ့ကျရောက်သည့် တောင်သူလယ်သမားနေ့အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သဝဏ်လွှာတွင် ရေလှောင်တမံများ၊ ရေထိန်းတံခါးများ၊ မြစ်ရေတင်စီမံကိန်းများ တည်ဆောက်ပေးခဲ့ သဖြင့် စိုက်ပျိုးရေးဖွံ့ဖြိုးလာပြီး လယ်သမားများဘဝ မြင့်မားလာစေကြောင်း ဖော်ပြခဲ့မှုအပေါ် တုန့်ပြန် လိုက်ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံဆိုတာ ဆန်တင်ပို့တဲ့ ထိပ်တန်းနိုင်ငံ ဖြစ်ခဲ့တယ်။ ခုချိန်မှာတော့ အရည်အသွေးရော ထုတ် လုပ်မှုမှာပါ ကျဆင်းနေတာ။ တခြားနိုင်ငံက လယ်သမားတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက လယ်သမားတွေက တိုးတက်နေကြပါတယ်လို့ မဖြစ်နိုင်ပါဘူး” ဟု ပါတီ အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။
ယနေ့ထုတ်မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြခဲ့သော သဝဏ်လွှာအတွင်း၌ တောင်သူလယ်သမားထု ကြီးကို “ဂုဏ်ပြုသောအားဖြင့်” မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားများနေ့ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု ပါရှိသည်။
ဦးအေးသာအောင်ကမူ ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် တော်လှန်ရေးကောင်စီက ဆိုရှယ်လစ်စနစ်ကို ကြွေးကြော်ပြီး အလုပ်သမား၊ လယ်သမားကို အခြေခံမည်ဟု ကြေညာခဲ့သဖြင့် လယ်သမားများ၏ ထောက်ခံမှုရစေရန် ရည်ရွယ်၍ ၎င်းတို့အာဏာသိမ်းသည့် မတ်လ ၂ ရက်နေ့ကို သတ်မှတ်ခဲ့ခြင်းသာ ဖြစ်သည်ဟုဆိုသည်။
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှ တောင်သူလယ်သမားများကို ကိုယ်စားပြုထားသော “စာခြောက်ရုပ်” အဖွဲ့ ကလည်း အမတော်ကြေးချေးငွေ တိုးမြှင့်ထုတ်ပေးရေး၊ လယ်ယာမြေများကို လွတ်လပ်စွာ ရောင်းချခွင့်၊ ပေါင်နှံခွင့်များရရှိရန် ဥပဒေများ ပြဌာန်းပေးရေး စသည့်တောင်းဆိုချက်များ အပါအဝင် လယ်သမားများ၏ နစ်နာချက်များကို စစ်အစိုးရထံ ယနေ့ ရေးသားပေးပို့ခဲ့ကြောင်း ယင်းအဖွဲ့ကို ဦးဆောင်သူများက ဆိုသည်။
လူ ၁ဝဝ ခန့်ဖြင့် ခရမ်းမြို့တွင် တောင်သူလယ်သမားနေ့ကျင်းပခဲ့သည့် စာခြောက်ရုပ်အဖွဲ့သည် ခရမ်းမြို့ နယ်အတွင်းမှ စစ်တပ်အာဏာပိုင်များက လယ်ယာများကို မတရားသိမ်းယူသဖြင့် ဒုက္ခရောက်ရသည့် လယ်သမားများအား ကူညီပေးရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။
စာခြောက်ရုပ်အဖွဲ့ခေါင်းဆောင် အထက်တန်းရှေ့နေ ဦးသန်းဆွေ (ခရမ်း) က “၂ဝဝ၆ - ဝ၇ မှာ သုံးခွမြို့ နယ် ကတုတ်ကျေးရွာ၊ လယ်ဧက ၁၁၅.၆၄ ဧကကို စစ်တပ်ကနေ သိမ်းသွားတယ်။ လယ်သမားတွေက အကူအညီတောင်းတယ်။ အဲဒီကနေ စာခြောက်ရုပ်အင်အားစု ဆိုတာပေါ်လာတာပဲ” ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏ သဝဏ်လွှာအတွင်း၌ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခုနှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း၊ လယ်သမားများသည် “အေးချမ်းသာယာပြီး ဖွံဖြိုးတိုးတက် သော နိုင်ငံတော်ကို ဆက်လက်ဖော်ဆောင်မည့် ကိုယ်စားလှယ်များကို ရွေးချယ်ပေးကြရမည်” ဟု ထည့်သွင်းထားသည်။
“ပြည်ပကျောထောက်နောက်ခံဖြင့်” နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေမည့်သူများကို ဖယ်ရှားရမည် ဟုလည်း ပါဝင်သည်။
ဦးအေးမြင့်ကမူ ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိစေရန် တနိုင်ငံလုံး လူဦးရေ၏ ၇ဝ ရာနှုန်းဖြစ်သော တောင်သူလယ်သမားနှင့် အလုပ်သမား စသည့် အောက်ခြေလူတန်းစားများအား စားဝတ်နေရေး အခက်အခဲများ စစ်အစိုးရက ဖန်တီးပေးထားသည်ဟု ဆိုသည်။
ယနေ့ထုတ် နအဖ အာဘော်သတင်းစာတွင် ၁၉၈၈ ခုတွင် နိုင်ငံတဝန်း စိုက်ပျိုးဧက ၁၉.၉ သန်းရှိရာမှ ၂ဝဝ၈-ဝ၉ တွင် ၂၉.၃၂ သန်းအထိတိုးတက်လာကြောင်း၊ ၁၉၈၈ တွင် စပါး တင်းပေါင်း ၆၃၁ သန်း ထုတ်နိုင်ရာမှ ၂ဝဝ၈-ဝ၉ ခုတွင် ၁၅၆၁ သန်းအထိ တိုးတက်ထုတ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ဆည်မြောင်းတာတမံများနှင့် မြစ်ရေတင်စီမံကိန်းများကြောင့် စိုက်ပျိုးဧကပေါင်း ၃.၆ သန်းကျော်အတွက် ရေပေးဝေနိုင်ခဲ့သည်ဟုလည်း ဆိုသည်။

(ကိုဝိုင်းတည်းဖြတ်သည်)

maandag 1 maart 2010

အလှမ်းဝေးနေသော ဒီမိုကရေစီပြုပြင်ရေး

NEJ/ ၁ မတ် ၂၀၁၀
မျက်မှောက်ခေတ် ကမ္ဘာ့သမိုင်းရေစီးကြောင်းသည် ဒီမိုကရေစီနှင့် တရားသောဥပဒေ စိုးမိုးရေးကို ဦးတည်နေသည်။ မြန်မာပြည်သူပြည်သားများကလည်း ဒီမိုကရေစီနှင့် တရားသောဥပဒေကိုပင် လိုချင်ကြသည်။ သို့သော်လည်း ပြည်သူ့အကျိုး မသယ်ပိုးသော ဒီမိုကရေစီစနစ်လည်း ရှိနိုင်ပါသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတွင် တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်အချင်းချင်း အပေးအယူလုပ်ပြီး ပြည်သူ့သာယာဝပြောရေးကို လျစ်လျူရှုသည့်စနစ်ကိုလည်း ဒီမိုကရေစီဟုပင်ခေါ်၏။ ဤနိုင်ငံရေးစနစ်၌ ရွေးကောက်ပွဲတွင် ပြည်သူ့အခန်းကဏ္ဍ နိဂုံးချုပ်သွားပေသည်။
၁၉၉၀ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဟု သတ်မှတ်ကြသည်။ ပြည်သူ့အခန်းကဏ္ဍသည် ရွေးကောက်ပွဲ၌ နိဂုံးချုပ်သွားသည်။ ပြည်သူ့ကိုယ်စားလှယ်ကို စစ်အစိုးရက ထောင်သွင်းအကျဉ်းချပြီး နှစ်ရှည်လများ နှိပ်စက်ညှဉ်းပန်း၏။ နောက်ဆုံးတွင် ၁၉၉၀ ရွေးကောက်ပွဲကို လုံးဝလျစ်လျူရှုလိုက်ပေတော့သည်။ ယခုနှစ် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်ခေါင်းဆောင် ဗိုလ်သန်းရွှေ မကြာမီက ကြေညာလိုက်သည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအချင်းချင်း ယှဉ်ပြိုင်အရွေးခံသည်ကို ဒီမိုကရေစီဟု ဗိုလ်သန်းရွှေက ယူဆပြီး ပြောဆိုလိုက်ခြင်းဖြစ်ပုံရသည်။
ပြည်သူ့ဘ၀ သာယာဝပြောရေးကို ဗိုလ်သန်းရွှေ မစဉ်းစားပါ။ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရသော နိုင်ငံရေးပါတီများနှင့် စစ်ဗိုလ်များ အပေးအယူလုပ်၍ အစိုးရဖွဲ့သည်ကို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဟု ဗိုလ်သန်းရွှေက အမည်ပေးထားသည်။ အရပ်သားစစ်ဗိုလ်အစိုးရ မပေါ်ပေါက်မီ နိုင်ငံပိုင်ပစ္စည်းတွေကို စစ်အုပ်စုအသိုင်းအ၀ိုင်းအား လက်သိပ်ထိုးပေးနေသည်။ စစ်ဗိုလ်နှင့်အရပ်သားပူးတွဲ၍ ကိုယ်ကျိုးရှာသော ‘ရပ်ဗိုလ်’ စီးပွားရေးစနစ်တွင် ကုဋေကြွယ်သူဌေးအချို့ ပေါ်ထွက်လာ၏။ တိုင်းပြည်၏ ဓနဥစ္စာကို လူတစုက လက်ဝါးကြီးအုပ်၍ ထင်သလို သုံးဖြုန်းနေသည်မှာ ဒီမိုကရေစီမဟုတ်ပါ။
နိုင်ငံသူနိုင်ငံသားကို လုပ်ပိုင်ခွင့်ပေးခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်၏။ ဤသို့ဖြစ်လာရန်အတွက် ရွေးကောက်ပွဲ ကျင်းပရုံနှင့် မပြီးသေးပါ။ ဥပဒေပြု၍ လုပ်ပိုင်ခွင့်ပြဋ္ဌာန်းရုံနှင့်လည်း မပြီးသေးပါ။ ပြဋ္ဌာန်းထားသောဥပဒေကို လက်တွေ့ကျင့်သုံးရန် လိုပါသည်။ ပြည်သူ့လုပ်ပိုင်ခွင့်ကို အစိုးရက လေးစားရမည်ဖြစ်ပေသည်။ ပြည်သူလူထု လွတ်လပ်စွာ စုဝေးနိုင်ရန်၊ ဆက်သွယ်နိုင်ရန်၊ သွားလာနိုင်ရန် လုပ်ပေးရပါလိမ့်မည်။ သို့မှသာ ဒီမိုကရေစီအခြေခံဖြစ်သော အရပ်သား အဖွဲ့အစည်း (Civil Society) ပြန်လည်ရှင်သန်ရေးကို အထောက်အကူပြုနိုင်ပေမည်။ အနာဂတ်နိုင်ငံရေးစနစ်အကြောင်း အပြန်အလှန် ဆွေးနွေးလာစေရန် ပြည်သူလူထုကို အားပေးအားမြှောက်လုပ်ရပါလိမ့်မည်။
လူတစုအကျိုးသယ်ပိုးသော ဒီမိုကရေစီစနစ်နှင့် အများအကျိုးဆောင်သော ဒီမိုကရေစီစနစ်သည် ကွဲပြားခြားနားလှပါသည်။ တရားမျှတသော ဥပဒေကို မကျင့်သုံးဘဲ အဂတိလိုက်စားမှုများနေပါက အများအကျိုးဆောင် ဒီမိုကရေစီကို မကျင့်သုံးနိုင်ပါ။ ပြည်သူ့ဆန္ဒကို ဂရုမစိုက်သော နိုင်ငံရေးသမားတစုကြီးစိုးသည့် ဒီမိုကရေစီ အတုအယောင်ဆောင်များလည်း ရှိပါသည်။ အာဏာရှင်ကြီးစိုးသောနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှု ပိုမိုများပြား၏။ တရုတ်အမှုထမ်းလောက၌ လာဘ်ပေးလာဘ်ယူ များလွန်းသဖြင့် ကွန်မြူနစ် ပါတီဝင်လိုက်နာရမည့် ကိုယ်ကျင့်တရား (၅၄) ချက်ကို ပြဋ္ဌာန်းထားရသည်။ ဤသို့မဟုတ်ပါက ကွန်မြူနစ်သူခိုးအစိုးရဟူ၍ အမည်တွင်မှာသေချာသည်။ တရုတ်အရာထမ်းများနှင့် မိသားစုဝင်များသည် လက်ဆောင်ပဏ္ဏာ လက်ခံခွင့်နှင့် အခွင့်ထူးခံခွင့် မရှိတော့ဟုဆိုသည်။ သို့သော်လည်း တပြည်လုံးတွင် ဖြစ်ပွားနေသော အာဏာအလွဲသုံးစားမှုကို ချက်ချင်းရပ်ဆိုင်းအောင် မလုပ်နိုင်သေးပါ။
ဗမာစစ်ဗိုလ်များ၏ အဂတိလိုက်စားမှုသည် စစ်တပ်၏ နိုင်ငံရေးဓလေ့ဖြစ်သည်။ လက်နက်ကိုင်များ စုဝေးသော အဖွဲ့အစည်းတွင် တဦးနှင့်တဦး ယုံကြည်မှသာလျှင် စိတ်အေးလက်အေး အလုပ်လုပ်နိုင်မည်ဖြစ်၏။ ဤအချက်ကြောင့် ဗမာစစ်မှုထမ်းလောကတွင် ဆရာတပည့်ဆက်ဆံရေးကို အဓိကထားကြ၏။ ဆရာကောင်းစားလျှင် တပည့်ချမ်းသာသည်။ ဆရာခင်ညွန့် အဖမ်းခံရသည်နှင့် တပည့်အားလုံး ထောင်ထဲရောက်ကုန်လေ၏။ စစ်တပ်၏ ဆရာတပည့်စနစ်၌ အရပ်သား မပါဝင်ပါ။ စစ်တပ်၏ ဆရာတပည့် စနစ်သည် အရပ်သားအစိုးရဖွဲ့သည့်အခါတွင်လည်း ဆက်လက်တည်ရှိနေဦးမည်ဖြစ်သည်။ မဆလခေတ်ကိုကြည့်လျှင် ဤအချက်ကို အထင်အရှားတွေ့နိုင်ပေသည်။ စစ်ဗိုလ်ကိုတပည့်ခံ၍ နိုင်ငံရေးလုပ်မည့် အရပ်သားများ ဤအချက်ကို ကောင်းစွာသတိပြုသင့်သည်။
မဆလဆိုရှယ်လစ်ခေတ်ကလည်း စစ်အစိုးရကို အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းခဲ့၏။ သို့သော်လည်း စစ်ဗိုလ်လူထွက် အစိုးရဖြစ်သဖြင့် အမိန့်နာခံသောအဆင့်ကို မကျော်နိုင်ခဲ့ပါ။ အခြေခံလွတ်လပ်မှုနှင့် စာနယ်ဇင်းလွတ်လပ်မှုကို မြန်မာပြည်သူပြည်သားများ နားလည်သည်။ မဆလအစိုးရသည် သူတီထွင်ထားသော နိုင်ငံရေးအယူအဆကို ပြည်သူလူထု လက်ခံအောင် အတင်းအကျပ်လုပ်သည်။ တိုင်းသူပြည်သားက လက်မခံသဖြင့် ၈၈ ဒီမိုကရေစီအရေးတော်ပုံ ပေါ်လာခြင်းဖြစ်၏။ န၀တ၊ နအဖအစိုးရကလည်း တိုင်းသူပြည်သားကို ပုံသွင်းပြီး ချုပ်ကိုင်ဖို့ ကြိုးစားပြန်၏။ သို့သော်လည်း စစ်အစိုးရအမြင်ကို ပြည်သူလူထုအများစုက လက်မခံပါ။
ပြည်သူတွင် စွမ်းဆောင်နိုင်မှုရှိလာပြီး မိမိဆန္ဒကိုမိမိ တန်ဖိုးထားတတ်မှသာ ဒီမိုကရေစီကို ပြုစုပျိုးထောင်နိုင်မည်ဖြစ်သည်။ လူတစုက စီစဉ်ပေးရုံနှင့် ဒီမိုကရေစီ ကျင့်သုံးနိုင်မည်မဟုတ်ပါ။ ပြည်သူလူထုက မိမိဆန္ဒကိုဖော်ပြ၍ ဒီမိုကရေစီ တောင်းဆိုသည်ကို အာဏာရအုပ်စုအနေဖြင့် လိုက်လျောရုံကလွဲပြီး အခြားနည်းလမ်းမရှိတော့သော အခြေအနေသို့ ရောက်ရှိလာအောင် ကြိုးပမ်းကြရပါသည်။ ဒီမိုကရေစီကို ထောက်ခံပြောဆို၍ ကွဲလွဲသောအယူအဆကို လက်မခံနိုင်ခြင်းသည် ဒီမိုကရေစီကို ဆန့်ကျင်ရာရောက်ပေသည်။
လူ့အဖွဲ့အစည်းတွင် ဒီမိုကရေစီဓလေ့ ရှိ မရှိ သိလိုပါက မိမိဆန္ဒကိုမိမိ တန်ဖိုးထားမထားဆိုသည်ကို လေ့လာရပါလိမ့်မည်။ မိမိဆန္ဒတန်ဖိုးထားမှုနှင့် ဒီမိုကရေစီစနစ်တို့ ဆက်သွယ်နေသည့် အထောက်အထား တွေ့ရသည်။ မိမိဆန္ဒကို တန်ဖိုးထားတတ်မှ ဒီမိုကရေစီရှိနိုင်ပါသည်။ ဒီမိုကရေစီရှိမှ မိမိဆန္ဒကို တန်ဖိုးထားနိုင်သည်မဟုတ်ပါ။ အာဏာရှင်ကြီးစိုးခဲ့သော အရှေ့ဂျာမဏီနှင့် ချက်နိုင်ငံတွင် မိမိဆန္ဒတန်ဖိုးထားမှု အဆင့်မြင့်မားသည့်အတွက် အခွင့်သာသည်နှင့် ဒီမိုကရေစီ အသွင်ပြောင်းသွားနိုင်ခြင်း ဖြစ်သည်။
ပြည်သူ့ဦးတည်ချက်နှင့် အတွေးအခေါ်အယူအဆသည် ဒီမိုကရေစီတိုက်ပွဲ၌ အရေးကြီးသောအခန်းမှ ပါဝင်ခဲ့သည့် သမိုင်းအထောက်အထားများ ရှိပါသည်။ မိမိဆန္ဒတန်ဖိုးထားမှု များလာသောကြောင့် အာဏာရှင်စနစ် အခြေယိုင်သွား သော်လည်း စစ်တပ်နှင့် ရဲအဖွဲ့ကိုအသုံးပြု၍ ဒီမိုကရေစီအင်အားစုကို ဖိနှိပ်သည့် အစိုးရများ ရှိနေပါသေးသည်။ မိမိဆန္ဒကို တန်ဖိုးထား၍ လွတ်လပ်မှုကို လိုချင်သောကြောင့် ဒီမိုကရေစီ တိုက်ပွဲဝင်နေကြသူလည်း အများကြီးရှိပါသည်။ မိမိဆန္ဒ ထုတ်ဖော်မှုကို တန်ဖိုးထားသော လူငယ်ဦးရေ များလာသောအခါ အုပ်ချုပ်သူလူတန်းစား စိတ်ပြောင်း၍ ဖိနှိပ်မှု ရပ်ဆိုင်းသွားသည်လည်း ရှိ၏။
လူ့အဖွဲ့အစည်း ခေတ်မီလာသောအခါ၌ ဒီမိုကရေစီပြုစုပျိုးထောင်ချင်သော စိတ်ဓာတ်နှင့် စွမ်းရည်လည်း ရှိလာနိုင်ပါသည်။ သို့သော်လည်း စီးပွားရေးတခုတည်း တိုးတက်နေ၍ ဒီမိုကရေစီမရနိုင်သည်ကို စင်ကာပူက သက်သေပြနေပါသည်။ မိမိနှင့် လက်တွဲလုပ်ကိုင်မည့် အတိုက်အခံကို စစ်အစိုးရက မည်ကဲ့သို့ သဘောထား၍ မည်ကဲ့သို့ နေရာပေးသည်ကို သုံးသပ်ပါကလည်း အစိုးရ၏ ပြောစကားတွင် လေးနက်မှု ရှိမရှိ ခန့်မှန်းနိုင်သည်။ လက်ရှိအခြေအနေသည် အရပ်သားအတိုက်အခံကို လူရာမသွင်းသေးသော အခြေအနေဖြစ်၏။
ဒီမိုကရေစီနှင့်ပတ်သက်၍ အမြင်ချင်းမတူသောကြောင့် ဒီမိုကရေစီအဓိပ္ပာယ်ကို အမြင်ချင်းဖလှယ်ဖို့ လိုပါသည်။ ဒီမိုကရေစီ ပြုပြင်ရေးတွင် အရေးကြီးသောကိစ္စ (၄) ရပ်ကို အရင်ဆုံးလုပ်ရပါလိမ့်မည်။ ပြည်တွင်းစစ်နိဂုံးချုပ်ရန်၊ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ရန်၊ တရားသောဥပဒေစိုးမိုးရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲကို တပြည်လုံးသိနိုင်အောင် လုပ်ပေးရပါလိမ့်မည်။ အလွတ်ဆွေးနွေးရင်း ထွက်ပေါ်လာသော အယူအဆနှင့် အကြံပြုချက်များကို နိုင်ငံရေးဆွေးနွေးပွဲများတွင် တင်ပြနိုင်ပါသည်။ ဤနည်းဖြင့် မိမိတို့ နေထိုင်မည့် နိုင်ငံရေးလူ့ဘောင်တည်ဆောက်ရာတွင် ပြည်သူလူထုကိုယ်တိုင်ပါဝင်နိုင်သည်။ အာဏာဖြင့် အပေါ်စီးယူ၍ မိမိအယူအဆကို အများလက်ခံအောင် အတင်းအကျပ်လုပ်ခြင်းသည် ဒီမိုကရေစီမဟုတ်ပါ။





နအဖ ငြင်းပယ်ထားသည့် တောင်းဆိုချက်များ ထပ်မံတင်ပြ၍

ပေါက်ပေါက်/ ၁ မတ် ၂ဝ၁ဝ
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့က ၎င်းတို့၏တောင်းဆိုချက် (၉) ချက်ကို နအဖက ပယ်ချနေသည့်ကြားကပင် လိုက်လျောပေးရန် ယမန်နေ့က ထပ်မံတောင်းဆိုလိုက်သည်။
နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် အကြောင်းပြန်ရန် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ယမန်နေ့၌ ဝတပ်ဖွဲ့က ယင်းသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို မူအားဖြင့် လက်ခံကြောင်း၊ သို့သော် ဒေသငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားအတွက် ယမန်နှစ်၊ နိုဝင်ဘာ (၁၄) ရက်က တန့်ယန်းမြို့တွင် တင်ပြထားသည့် တောင်းဆိုချက် (၉) ချက်ကို လိုက်လျောပေးပါက နယ်ခြားစောင့်တပ်ကို လက်ခံသွားမည်ဖြစ်ကြောင်း ဝတပ်ဖွဲ့က အကြောင်းပြန်ခဲ့သည်ဟု ဝခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ နိုဝင်ဘာ တန့်ယန်းမှာ တောင်းဆိုထားတဲ့ (၉) ချက်ကိုပဲ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထပ်ပြီးတောင်းဆိုရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အတိုင်း နေပြည်တော်ကို တင်လိုက်တယ်၊ ဟိုကတော့ ဘာမှမပြောဘူး။ ဘာဖြစ်လာမလဲ စောင့်ကြည့်ရမှာပေါ့” ဟု ပြောသည်။
မိုင်းပေါက်နှင့် မိုင်းဖြန်အား မိုင်းပေါက်မြို့နယ်အဖြစ် သတ်မှတ်ကာ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးအတွင်း (၆) မြို့နယ် အစား (၇) မြို့နယ်အဖြစ် ဖွဲ့စည်းသွားရေး၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဝတပ်ဖွဲ့များအခြေစိုက်ရာ ဝမ်ဟုန်စစ်ဒေသအား ဝအုပ်ချုပ်ခွင့်ရဒေသ ဖွဲ့စည်းရေး၊ ဝမ်ဟုန်နှင့် ပန်ဆန်းဟူ၍ စစ်ဒေသခွဲ (၂) ခု သတ်မှတ်ကာ စစ်ဒေသမှူးနှင့် စစ်ဦးစီးမှူးကို ဝတပ်ဖွဲ့က တာဝန်ယူရေး၊ ဒု-စစ်ဒေသမှူးနှင့် ဒု-စစ်ဦးစီးမှူးဟူ၍ (၂) ဦးစီ ထားရှိမည်ဖြစ်ပြီး (၁) ဦးစီကို နအဖဘက်က တာဝန်ယူရေး၊ တပ်ရင်းအဆင့်တွင် ဝတပ်ဖွဲ့ဝင်များဖြင့်သာ ဖွဲ့စည်းရေးဟူ၍ တောင်းဆိုထားသည်။
ထို့အပြင် ကျန်းမာရေး၊ သင်တန်းနှင့် ထောက်ပံ့ရေးကိစ္စအား နအဖဘက်က တာဝန်ယူရေး၊ နယ်ခြားစောင့်တပ်ဖွဲ့တွင် မပါဝင်တော့သည့် တပ်ဖွဲ့ဝင်များအား ပင်စင်လစာ (၅) နှစ်စာအတွက် တလုံးတခဲတည်း ပေးရေး၊ မိဘမဲ့ကလေးများနှင့် စစ်ပွဲများကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသည့် ဒုက္ခိတများအား နအဖဘက်က ကူညီထောက်ပံ့ရေး၊ အသွင်ကူးပြောင်းပြီး နောက်ပိုင်း တရားဥပဒေချိုးဖောက်ခြင်း မရှိတော့လျှင် ယခင်က ဥပဒေချိုးဖောက်ခဲ့သူများနှင့် မည်သည့်အဖွဲ့တွင် ပါဝင်ခဲ့သူများကိုမဆို လွတ်ငြိမ်းချမ်းသာခွင့်နှင့် ၎င်းတို့၏အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံမှုအာမခံချက်ပေးရန် စသည့်အချက်များကို ထည့်သွင်းတောင်းဆိုထားသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝတပ်ဖွဲ့၏ နယ်မြေများတောင်းဆိုမှုမှာ မဖြစ်နိုင်တော့ကြောင်း ယမန်နှစ် နိုဝင်ဘာနှင့် ယခုနှစ် ဖေဖော်ဝါရီတွင် တွေ့ဆုံစဉ်၌ နအဖဘက်က ပြောဆိုထားခဲ့သည်ဟု အဆိုပါ ဝခေါင်းဆောင်များနှင့် နီးစပ်သူက ပြောသည်။
၎င်းက “၂ဝဝ၈ ဖွဲ့စည်းပုံကို မြန်မာတပြည်လုံးက တခဲနက်ထောက်ခံထားပြီးသားပေါ့။ ဖွဲ့စည်းပုံကို ပြန်ပြင်လို့ မရတော့ဘူး ဆိုတဲ့အချက်နဲ့ ပယ်ချထားပြီးသား။ အဲဒါကို ထပ်တောင်းတယ်ဆိုတော့ ဝအနေနဲ့ နယ်ခြားစောင့်တပ်လုပ်ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုတာ ပြန်ပြောလိုက်တဲ့သဘောပဲ” ဟု ပြောသည်။
ဝတပ်ဖွဲ့ခေါင်းဆောင် ပေါက်ယူချန်အား တွေ့ဆုံဆွေးနွေးလိုကြောင်း နအဖဘက်က အကြိမ်ကြိမ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ရာမှ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၆) ရက်တွင် ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့၌ ပေါက်ယူချန်း ဦးဆောင်သည့် ဝကိုယ်စားလှယ်အဖွဲ့နှင့် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့ဆုံစဉ် ဝ၏တောင်းဆိုမှုကို နအဖဘက်က ငြင်းပယ်ပြီးနောက် ယခုကဲ့သို့ ပြန်လည်တုံ့ပြန်လိုက်ခြင်းဖြစ်သည်။





ဗိုလ်ချုပ်အောင်ဆန်း စာအုပ် ပြန်ကြားရေးဝန်ကြီး ဆုချီးမြှင့်

NEJ/ ၁ မတ် ၂ဝ၁ဝ
ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ယနေ့ကျင်းပသော သုတစွယ်စုံစာပေ ဆုပေးပွဲအခမ်းအနားတွင် “မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း” စာအုပ်ကိုရေးသည့် တက္ကသိုလ်စိန်တင်အား ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း ကိုယ်တိုင် ချီးမြှင့်ပေးသည်ဟု သိရသည်။
ယင်းစာအုပ်ကို သုတစွယ်စုံစာပေဆုပေးရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် Swesone Media Group၊ သုတစွယ်စုံစာအုပ်တိုက်က ချီးမြှင့်ခြင်းဖြစ်သည်။
“ကျနော့်အနေနဲ့ သုံးသပ်ပြောရရင် ဒီလိုသုတစွယ်စုံ စာပေဆုပေးပွဲမှာ ဒီစာအုပ်ကို ၀န်ကြီးကိုယ်တိုင်ချီးမြှင့်တာက သုတစွယ်စုံ စာပေဆုကို ပေးတဲ့ ဒေါက်တာတင်ထွန်းဦးနဲ့ ၀န်ကြီးက ခင်မင်လို့လည်း ဖြစ်နိုင်တယ်။ နောက်တခုကတော့ တကယ့်ကို အပြောင်းအလဲတခုလို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ အရင်က ဒီဗိုလ်ချုပ်စာအုပ်ကို ထုတ်ဝေခွင့် ရထားပေမယ့် ဂျာနယ်စာမျက်နှာပေါ်တွေမှာ သိပ်ပြီးတော့ အရေးပေးခံရတာမျိုး မရှိဘူး။ အခု သုတစွယ်စုံစာပေဆု ပေးတဲ့ထိ လုပ်လာတယ် ဆိုတာတော့ အတော့်ကို ပြောင်းလဲမှုတခုလို့ မြင်တယ်ဗျ” ဟု အခန်းအနားတက်ရောက်ခဲ့သော ပြည်တွင်းသတင်းအယ်ဒီတာ တဦးက သုံးသပ်သည်။
အခမ်းအနားတွင် ဒေါက်တာတင်ထွန်းဦးက ဗိုလ်ချုပ်အောင်ဆန်းစာအုပ်နှင့်ပတ်သက်၍ တက္ကသိုလ်စိန်တင် စုဆောင်းရေးသား တင်ပြထားသည်ကို စနစ်တကျရှင်းပြရာတွင် ၎င်းအနေဖြင့် အဆိုပါစာအုပ်ကို ကြိုက်နှစ်သက်ကြောင်းနှင့် ဗိုလ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုများကို ရေးသားထားသည်မှာ လေးနက်သည့်အတွက် ရွေးချယ်ပေးခြင်းဖြစ်ကြောင်း ပြောသည်ဟု အခမ်းအနားတက်သူတဦးက ပြောပြသည်။
သုတစွယ်စုံစာပေဆုသည် ပဉ္စမမြောက်ဖြစ်ပြီး ယခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သောစာအုပ် ပါဝင်လာသည်မှာ ထူးခြားချက်ဖြစ်ကြောင်း ပြည်တွင်းစာနယ်ဇင်းသမားများက ပြောသည်။
ယခုနှစ် သုတစွယ်စုံစာပေဆုများမှာ သုတစွယ်စုံဝိဇ္ဇာဘာသာရပ်ဆုကို တက္ကသိုလ်စိန်တင်က မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း စာအုပ်ဖြင့်လည်းကောင်း၊ စာပဒေသာဘာသာရပ်ဆုကို ကိုကို(စက်မှုတက္ကသိုလ်) က အွန်စောတို့ဌာနေ ကိုယ်တွေ့ ကိုရီးယားခရီးသွားဆောင်းပါးများ စာအုပ်ဖြင့်လည်းကောင်း၊ လူမှုစီးပွားဘာသာရပ်ဆုကို ဒေါက်တာချစ်က လူမှုဆက်ဆံရေးဆိုင်ရာ ကမ္ဘာ့ထုံးတမ်းစဉ်လာများ စာအုပ်ဖြင့်လည်းကောင်း၊ ဘာသာပြန်ဘာသာရပ်ဆုကို ကြည်မင်းက ဦးဆောင်စွန့်စား စီးပွားတည်ဆောက်ခြင်း စာအုပ်ဖြင့်လည်းကောင်း၊ ရည်ညွှန်းစာပေဘာသာရပ်ဆုကို ကျော်ဝင်းက စာအုပ်များဖြင့် နှစ်ပေါင်းများစွာ စာအုပ်ဖြင့်လည်းကောင်း၊ လူငယ်စာပေဘာသာရပ်ဆုကို ပါမောက္ခ ဒေါက်တာတင်စိုးက ဘာလဲဟဲ့ဒေါက်တာဘွဲ့ စာအုပ်ဖြင့်လည်းကောင်း၊ နိုင်ငံတကာရေးရာဘာသာရပ်ဆုကို ရဲထွဋ်က သမိုင်းစာမျက်နှာပေါ်က အင်ပါယာနိုင်ငံများနှင့် နီယိုကွန်တိုနေ၀င်ချိန် စာအုပ်ဖြင့်လည်းကောင်း၊ အသုံးချသိပ္ပံဘာသာရပ်ဆုကို ဒေါက်တာစိုးလွင်က လူနာဖြစ်သွားသော ဆရာဝန်နှင့် ဆေးလောကဇာတ်ခုံပေါ်က အတွေ့အကြုံများ စာအုပ်တို့ဖြင့်အသီးသီးရရှိခဲ့ကြကြောင်း၊ သုတစွယ်စုံတသက်တာစာပေဆုကို စာရေးဆရာ ချစ်စံဝင်းက ရရှိသွားကြောင်း သိရသည်။





ရန်ကုန်မြို့လယ်ခေါင်တွင် လောင်းကစားရုံဖွင့်

မျိုးဝင်းဇော်/ ၁ မတ် ၂ဝ၁ဝ
ရန်ကုန်မြို့၏ မြို့လယ်ခေါင် အချက်အခြာကျသည့် ယခင် လဟာပြင်ဈေး မြေနေရာတွင် City Center အမည်ရှိ လောင်းကစားရုံ၊ နိုက်ကလပ်နှင့် ကာရာအိုကေခန်းမ ဖွင့်လှစ်ထားကြောင်း သိရသည်။
ကိုယ်တိုင် သွားရောက်ခဲ့သူတဦးက “စီးတီးစင်တာ အပေါ်ဆုံးထပ်မှာ လောင်းကစားရုံ ဖွင့်ထားတယ်။ သူက လူငယ်တွေ ဆော့တဲ့ ဂိမ်းစက်တွေနဲ့ လောင်းကစားစက်တွေ တွဲပြီး ဖွင့်ထားတာ။ အဓိက အကြွေစေ့နဲ့ထည့်ပြီး လောင်းကစားလုပ်လို့ရတဲ့ စက်တွေမှာ လူပိုစည်တယ်။ တချို့ (၁) ရက်တည်း ငွေသောင်းနဲ့ချီ ရှုံးတာတွေတောင် တွေ့ရတယ်” ဟု ပြောသည်။
၎င်း၏ ပြောပြချက်အရ (၃၆) ကောင် ဂျင်ဝိုင်းဆန်ဆန် တိရစ္ဆာန် အရုပ်လေးများကို လောင်းကြေးထပ်သည့် လောင်းကစားကို ကစားသူများကြောင်း သိရသည်။
၎င်းက “ကစားချင်တဲ့သူဟာ ပထမ အကြွေစေ့တွေကို အရင်လဲရတယ်။ ကျပ် (၁,ဝဝဝ) ကို အကြွေစေ့ (၁ဝ) စေ့ရတယ်။ ထိုးတဲ့သူတွေက တယောက်ကို တကြိမ်မှာ အကြွေစေ့ (၃ဝ-၄ဝ) ထိုးတယ်။ သူက ကိုယ်ထိုးထားတာ ပေါက်ရင် (၄-၅-၆) ဆ ကနေ အဆ (၂ဝ) အထိ စက်ကနေ အလျော်အစား လုပ်သွားပေးတယ်။ ရှုံးတယ်ဆို ကောင်တာမှာ အကြွေစေ့သွားဝယ်၊ ပြန်မယ်ဆိုရင် အကြွေစေ့တွေနဲ့ ငွေစက္ကူကို ပြန်လဲပေးတယ်။ တချို့ အကြွေစေ့ ရာနဲ့ချီ ကိုင်ပြီး လောင်းကစားလုပ်နေကြတာ တွေ့ရတယ်” ဟု ရှင်းပြသည်။
အဆိုပါ စီးတီးစင်တာသည် (၃) ထပ် အဆောက်အဦကြီးဖြစ်ပြီး မြေညီထပ်တွင် စတိုးဆိုင်နှင့် ဖက်ရှင်ဆိုင်များကို ဟန်ပြသဘော ဖွင့်လှစ်ထားကာ ပထမထပ်၌ Generation-X အမည်ရ နိုက်ကလပ်ဖွင့်ထားပြီး အပေါ်ဆုံးထပ်တွင်မူ လောင်းကစားရုံ ဖွင့်လှစ်ထားသည်။
လောင်းကစားရုံ အဝင်ဝတွင် ကျောင်းသူကျောင်းသားများ ကျောင်းချိန်အတွင်း ကျောင်းဝတ်စုံ ဝတ်ပြီး မဝင်ရ ဆိုသည့် စာတန်း ရေးထိုးထားသော်လည်း ကျောင်းသူကျောင်းသားများ ဝင်ထွက်နေကြကြောင်း မျက်မြင်များက ပြောသည်။
အဆိုပါ လောင်းကစားရုံ ဖွင့်လှစ်လုပ်ကိုင်သူများက ၎င်းတို့၏ ကုမ္ပဏီအမည်ကို ထုတ်ဖော်ကြေညာခြင်း မပြုသော်လည်း မန်နေဂျင်းဒါရိုက်တာမှာ ဒေါက်တာသိန်းမြင့်ဖြစ်ကြောင်း သိရသည်။
နအဖစစ်အစိုးရသည် စီးပွားရေးအရ အချက်အခြာကျသည့် မြေနေရာ အဆောက်အဦတို့ကို ၎င်းတို့နှင့် နီးစပ်သူများအား စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့် ပေးနေခဲ့ရာမှ ယခု စီးပွားရေးသမားများ မျက်စိအလွန်ကျသည့် မြို့လယ်ခေါင် လေဟာပြင်ဈေး မြေနေရာကို လောင်းကစားရုံနှင့် နိုက်ကလပ် ဖွင့်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
လောင်းကစားရုံတွင် ယခင်က မန်နေဂျာ လုပ်ခဲ့ဖူးပြီး ထောင်တနှစ်ကျခဲ့ဖူးသူတဦးက ယခု စီးတီးစင်တာတွင် လောင်းကစား လုပ်နေသည့် စက်များသည် စက်သစ်များ မဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာနက ဖမ်းဆီးသိမ်းယူထားသည့်စက်များ ဖြစ်သည်ဟု ကြားသိရကြောင်း ပြောသည်။